ယမင်း(မြစ်မခ)
6 Jul, 2012
မြန်မာနိုင်ငံမှ ဒုတိယအဆင့်အရေးပါသောပြည်ပပို့ကုန်ဈေးကွက်ဝင်ငါးမြစ်ချင်း ငါးမျိုးမြှင့်တင်ခြင်းလုပ်ငန်းအား ရန်ကုန်တိုင်းဒေသကြီး လှော်ကားငါးလုပ်ငန်းစခန်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း လှော်ကားငါးလုပ်ငန်း စခန်းက အတည်ပြုပြောကြားသည်။
မြန်မာနိုင်ငံတွင် ငါးမွေးဧက(၂)သိန်းကျော်ရှိပြီး ငါးမြစ်ချင်းငါးမွေးဧကမှာ (၇၆.၆)% ရှိကြောင်း၊ ပြည်ပဈေးကွက် တွင်လည်း ဒုတိယ အဆင့်အရေးပါသော ပို့ကုန်ဖြစ်ကြောင်း၊ အင်းများတွင်လည်း မွေးမြူထုတ်လုပ်မှု အများဆုံး ဖြစ်ပြီး ပြည်ပဈေးကွက်တွင် ဒုတိယ အဆင့် ရှိကြောင်း သိရသည်။
ငါးမြစ်ချင်းငါးမျိုးဗီဇမြှင့်တင်ခြင်းလုပ်ငန်းအား လှော်ကားငါးလုပ်ငန်းစခန်းတွင်၂၀၀၉ခုနှစ်မှ စတင်၍ လုပ်ကိုင် ခဲ့ရာ၂၀၁၀ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် လည်းကောင်း၊ ယခု၂၀၁၂ခုနှစ်မှ ၂၀၁၃ခုနှစ်အတွင်း ဖောက်၍ရ သော F1 Generatoin အား ၂၀၁၅ ခုနှစ်တွင် F 2 Generatoin အဖြစ်ထုတ်လုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
“ရွေးချယ်သားဖောက်တဲ့အခါမှာ ကောင်းမွန်တဲ့ငါးမျိုးတွေကို ရွေးချယ်သွားပြီး အရည်အသွေးကောင်းကောင်းနဲ့ သားဖောက်ထုတ်လုပ် နိုင်ဖို့၊ သွေးနီးသားစပ်နည်းတွေကို ရှောင်ရှားဖို့အတွက် ရည်ရွယ်ပြီးတော့ ဒီငါးမျိုးဗီဇမြှင့် တင်ခြင်းလုပ်ငန်းကို လုပ်ရခြင်းဖြစ်ပါတယ်” ဟု လှော်ကားငါးလုပ်ငန်းစခန်းမှ ဦးလှဌေးက ပြောသည်။
ငါးမြစ်ချင်းငါးမျိုးဗီဇများမှာ သာရဝေါ၊ အင်းမ၊ ရွှေမြင်းမ၊ ဘင်္ဂဒူး အစရှိသည်တို့ရှိရာမှ ၂၀၀၉ ခုနှစ်၏ ရလဒ်များ အရ သာရဝေါ-အင်းမ (အထီး)ငါးမျိုးဗီဇသည် (၃၅)လသားအရွယ်၌ (၃.၁)ကီလို၊ ၂၀၁၀ခုနှစ်၏ ရလဒ်များအရ သာရဝေါ-အင်းမ(အထီး)ငါးမျိုးဗီဇသည် (၃၅)လသားအရွယ်၌ (၂.၂)ကီလို၊ ၂၀၁၂ခုနှစ်၏ရလဒ်များအရ အင်းမ -အင်းမ(အမ) ငါးမျိုးဗီဇသည် (၃၅)လသားအရွယ်၌ (၃.၂) ကီလိုရရှိ၍ ၄င်းမျိုးဗီဇသည် အကောင်းဆုံး ဖြစ်သည် ကိုလည်း တွေ့ရှိရကြောင်း သိရသည်။
“ဒီနှစ်က မိုးလည်းနောက်ကျလို့ သားဖောက်လည်း နောက်ကျတယ်။ ပြီးတော့ ငါးဈေးကျတဲ့အတိုင်းအတာမှာ သားပေါက်ရောင်းဖို့ အခက်အခဲဖြစ်တယ်။ နောက်ငါးဈေးကောင်းတဲ့အချိန်မှာ ငါးမျိုးစေ့တွေ ပျက်မသွားအောင် အခု ငါးသားပေါက်တဲ့အချိန်မှ ဖမ်းယူ မှုမပြုလုပ်သင့်ဘူး”ဟု တနသာင်္ရီတိုင်းဒေသကြီးမှ ငါးမွေးမြူရေးလုပ်ငန်း ရှင်တစ်ဦးက ပြောသည်။
လက်ရှိတွင် လှော်ကားငါးလုပ်ငန်းစခန်းတွင် ငါးမြစ်ချင်းသားပေါက် တစ်လက်မရှိ (၁)လသားအရွယ် တစ် ကောင်လျှင် (၄)ကျပ်နှုန်းဖြင့် ၀ယ်ယူရရှိနိုင်ကြောင်း၊ ငါးဒန်၊ ငါးသိုင်းခေါင်းပွ၊ တောင်ပေါ်ငါးသလောက်၊ ငါးခုံးမငါးများအားလည်း သုတေသနများပြုလုပ်၍ သားဖောက်ရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ငါးသယံဇာတတွေ ပေါများလာစေဖို့အတွက် ငါးတွေသေဆုံးမှုမရှိစေဖို့၊ ငါးမြစ်ချင်းငါးမျိုး ဗီဇမြှင့်တင်တာတွေ ပေါ်လာစေဖို့၊ ဘက်ထရီ ရှော့ရိုက်တာတွေ တားဆီးပေးဖို့ ပညာရှင်တွေ ကွင်းဆင်းသင့်ပြီး ငါးသယံဇာတထိန်း ပေးစေချင်ပါတယ်။” ဟု မြန်မာနိုင်ငံငါးလုပ်ငန်း ဦးစီးဌာနမှ ရန်ကုန်တိုင်းဦးစီးမှုး ဦးမျိုးအောင်ကအကြံပြုပြော ကြားခဲ့သည်။
Ref: မြစ်မခ
Friday, July 6, 2012
ငါးမြစ်ချင်းငါးမျိုးမြှင့်တင်ခြင်းလုပ်ငန်းအား လှော်ကားစခန်းတွင် ဆောင်ရွက်နိုင်
ဂျက်ကီချန်း မန္တလေးသို့ရောက် ကြိုဆိုသူ ပရိသတ် ထောင်သောင်းချီလျက်ရှိ
မင်းမင်းလတ်(မြစ်မခ- မန္တလေး)
5 Jul, 2012
ကမ္ဘာကျော်ရုပ်ရှင်မင်းသား ဂျက်ကီချန်းမှာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၂လမ်း နှင့် လမ်း၃၀ထောင့်ရှိ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ မိဘမဲ့ကလေးများ စောင့်ရှောက်ရေးအသင်းသို့ ရောက်ရှိခဲ့ပြီး ကြိုဆိုသူ ပရိသတ်များပြားလွန်းသောကြောင့် မိနစ်ပိုင်းအတွင်း အလျင် အမြန်ပြန်ထွက်သွားခဲ့ရကြောင်း သိရှိရသည်။
ဂျက်ကီချန်း၏ မန္တလေးခရီးစဉ်ကို Unicef ၏အစီအစဉ်ဖြင့်လာရောက်ခဲ့ခြင်းဖြစ်ပြီး လူမှုဝန်ထန်းကယ်ဆယ်ရေး လက်အောက်ရှိအဖွဲ့များ နှင့်တွေ့ဆုံသွားမည်ဖြစ်ကြောင်းလဲ မန္တလေးတွင် လုပ်ကိုင်နေသောလူမှုရေး အဖွဲ့အစည်းအချို့၏ပြောပြချက်အရ သိရသည်။
မန္တလေးမြို့သို့ ရုပ်ရှင်မင်းသားဂျက်ကီချန်းရောက်ရှိမည်ဆိုသောသတင်းအား ဒေသခံသတင်းစာများတွင် ဖေါ်ပြပေးခဲ့ခြင်းကြောင့်
မင်းသားကိုလာရောက်ကြိုဆိုသူအများအပြားမှာလည်း မန္တတောင်ပေါ်တွင်စောင့်ဆိုင်း လျှက်ရှိကြောင်း သိရသည်။
Ref: မြစ်မခ
ဇူလိုင်(၁၀)ရက်တွင် တပ်မတော်သား၂၅ရာခိုင်နှုန်းက ရွေးချယ်ပေးမည့် ဒုတိယသမ္မတဘယ်သူလဲ
ဝင့်သင်ဇာကျော် (မြစ်မခ)
5 Jul, 2012
ဒုတိယသမ္မတသစ်တင်မြှောက်ရာ၌ လွှတ်တော်အတွင်းရှိ တပ်မတော်သား၂၅ရာခိုင်နှုန်းကရွေးချယ် သူ ကိုသာ ပြည်ထောင်စု လွှတ်တော် သို့အမည်စာရင်းတင်သွင်းခွင့်ရှိကြောင်း လွှတ်တော်ကိုယ်စား လှယ်များထံက သိရှိရသည်။
“အခုလစ်လပ်သွားတဲ့ ဒုတိယသမ္မတက တပ်မတော်သားဖြစ်တဲ့အတွက် ကျွန်မတို့အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ရွေးချယ်ပိုင်ခွင့်မရှိဘူး။ တပ်မတော်သား အစုအဖွဲ့ကသာ သူတို့က ရွေးချယ်ပြီး ပြည်ထောင်စု လွှတ် တော်ကို အမည်စာရင်းတင်သွင်းရမှာပါ။ လွှတ်တော်အစည်းအဝေးမှာ တပ်မတော်သားက ၂၅ရာခိုင်နှုန်းရှိတယ်လေ အဲ့ဒီရာခိုင်နှုန်းက ဒုတိယ သမ္မတနေရာမှာ ကိုယ်ကြိုက်တဲ့သူရဲ့ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ရမှာပါ” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။
လွှတ်တော်အတွင်းတွင် အစားထိုးခန့်အပ်ရန် ဒုတိယသမ္မတလောင်းနေရာအတွက် ဒုတိယသမ္မတလောင်းအဖြစ် ဦးဌေးဦး (ပြည် ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပါတီမှ အထွေထွေအတွင်းရေးမှူး) ၊ ဦးစိုးသိန်း (လက်ရှိ ပြည်ထောင်စုဝန်ကြီးနှင့် ရင်းနှီးမြုပ်နှံမှု ကော်မရှင်ဥက္ကဌ) နှင့် ဦးတင်အေး (လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ)နှင့် ဦမြင့်ဆွေ(ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်) တို့မှာ ဒုတိယသမ္မတအဖြစ်ခန့်အပ်ခြင်းခံရရန် သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
ဒုတိယသမ္မတနေရာတွင် တာဝန်ထမ်းဆောင်ခဲ့သော သီဟသူရတင်အောင်မြင့်ဦး ကျန်းမာရေးအခြေ အနေကြောင့် ဇူလိုင်လ(၁) ရက်နေ့တွင် နှုတ်ထွက်ရန်တင်ပြခဲ့ပြီး ဇူလိုင်လ(၄)ရက်နေ့၌ ကျင်းပခဲ့ သော ပထမအကြိမ်ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ဒုတိယသမ္မတနေရာ လစ်လပ်ခြင်းကို နိုင်ငံတော်သမ္မတထံမှ ပေးပို့သော သ၀ဏ်လွှာအား ဖတ်ကြားခြင်းဖြင့် အတည်ပြုခဲ့ သည်။
ဦးတင်အောင်မြင့်ဦးသည် ယခင်စစ်အစိုးရလက်ထက်တွင် အတွင်းရေးမှူး(၁) တာဝန်ထမ်းဆောင်ခဲ့ပြီး ကုန်သွယ်မှုဝါဒကောင်စီတွင် ဥက္ကဋ္ဌနှင့် တပ်မတော်တွင် စစ်ထောက်ချုပ်တာဝန်အား ထမ်းဆောင်ခဲ့ သူ ဖြစ်သည်။
ဒုတိယသမ္မတကိစ္စနှင့် ပတ်သတ်၍ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့တွင် တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ်တစ်ဦးမှ နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေပုဒ်မ ၂၄ /၂၅ နှင့်အညီဒုတိယသမ္မတအသစ် ရွေးချယ်သင့်ကြောင်း အဆို တင်သွင်းခဲ့ကြောင်းကိုလည်း သိရှိရသည်။
ဒု-သမ္မတရွေးချယ်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၅၉)ပါ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတက သတ်မှတ်အရည်အချင်း များ နှင့်ပြည့်စုံသူကိုသာရွေးချယ်ရမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၅၉)တွင် နိုင်ငံတော်နှင့်နိုင်ငံသားအပေါ် သစ္စာစောင့်သိသူဖြစ်ရမည် ၊ ရွေးချယ်တင်မြှောက်ခံရသူသည် အသက်(၄၅)နှစ် ပြည့်ပြီးသူဖြစ်ရမည် ၊ သမ္မတအဖြစ် ရွေးချယ် တင်မြောက်ခံရသည့်အချိန်နှင့် တစ်ဆက်တည်း အနည်းဆုံး နှစ်(၂၀) နိုင်ငံတော်တွင် အခြေခံနေထိုင် သူဖြစ်ရမည် ၊ နိုင်ငံရေး ၊ အုပ်ချုပ်ရေး၊စီးပွားရေး နှင့်စစ်ရေး အမြင်များရှိရမည် တိုင်းတစ်ပါး၏ နိုင်ငံ သားဖြစ်သူ မဖြစ်ရ ၊ တိုင်းတစ်ပါး၏ ကျေးဇူးခံစားခွင့်ကို ခံစားနိုင်ခွင့်ရှိသူမဖြစ်ရ စသည့်အချက် တို့ပါဝင်သည်။
အဆိုပါအချက်များနှင့် ပြည်စုံသူကို လာမည့်ဇူလိုင်လ(၁၀)ရက်နေ့နောက်ဆုံးထားကာ လွတ်တော် အတွင်းရှိတပ်မတော်သား (၂၅) ရာခိုင်နှုန်းမှ ပြည်ထောင်စုလွှတ်တော်နာယကထံသို့ဒုတိယသမ္မတ အမည်စာရင်းပေးပို့ရမည် ဖြစ်သည်။
ဒုတိယသမ္မတဟောင်း သီဟသူရတင်အောင်မြင့်ဦး၏ နေရာတွင် အစားထိုးမည့် ဒုသမ္မတသစ်သည် တိုင်းပြည်အတွက် ပြုပြင် ပြောင်းလဲ ရေးကို လိုလားသူ၊ စိတ်ဝင်စားသူဖြစ်ရမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစုပါတီက ဆိုထားသည်။
“ဒုတိယသမ္မတကို တင်မြောက်တဲ့အခါမှာ အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၅၉)နဲ့ ညီတဲ့ အချက် အလက်တွေနဲ ပြည့်စုံရမယ်ဆို တာ ကောင်းပါတယ်။ ဒါပေမဲ့ အဓိကက တိုင်းပြည် ပြုပြင်ပြောင်းလဲ ရေးကို လိုလားတဲ့သူ ၊ စိတ်ဝင်စားတဲ့ သူဖြစ်ရမယ်။ နောက်တစ် ခုက ပြည်သူကို နှိပ်ကွပ်လိုတဲ့သူ မဖြစ်သင့်ဘူး” ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေက အကြံပြုပြောဆိုသည်။
Ref: မြစ်မခ
ဈေးဝယ်ကဒ် အခမဲ့ ရောင်းချခွင့်ကဒ် ကျပ် (၅၀၀)နှင့် စစ်တွေမြို့မဈေး
မိုးဝေ- ရခိုင်ပြည်နယ် (မြစ်မခ)
5 Jul, 2012
ရခိုင်ပြည်နယ်စစ်တွေမြို့ မြို့မဈေးကိုယနေ့နံနက် ၉နာရီခွဲတွင် ပြန်လည်ဖွင့်လှစ်ခဲ့ရာဈေးလုံခြုံရေး အတွက် ဈေးဝယ်ယူ ခွင့်ကဒ်နှင့် ဈေးရောင်းချခွင့်ကဒ်ကို ဈေးသို့လာသူများအား ဈေးကော်မတီမှ ထုတ်ပေးနေပြီး အဆိုပါကဒ်ဖြင့်သာ မြို့မဈေးသို့ ဝင်ရမည်ဖြစ်သည်။
ဈေးဝယ်ယူသူများအနေဖြင့် ဈေးအဝင်တွင် ဈေးကြီးကြပ်ရေးကော်မတီထံမှ ဈေးဝယ်ယူခွင့်ကဒ်ကို ထုတ်ယူ ရပြီး ဈေးတွင်းသို့ ဝင်ရ မည်ဖြစ်ရာ ဈေးရောင်းသူအနေဖြင့်လည်း ဈေးရောင်းချခွင့်ကဒ်ကို ချိတ်ဆွဲထားရမည် ဖြစ်ကြောင်း ဈေးကြီးကြပ်ရေးကော်မတီက သိရသည်။
“ မြို့မဈေးကို ဒီနေ့မှ စဖွင့်တာပါ၊ ဈေးရောင်းသူတွေ အနေနဲ့ ဈေးရောင်းချခွင့်ကဒ်ကို ချိတ်ဆွဲထားရပါတယ်၊ အဲဒီကဒ်ကိုတော့ ဈေးကြီးကြပ်ရေးကော်မတီထံမှယူရပါတယ်၊ တစ်ကဒ်ကို ကျပ်ငွေငါးရာပေး ရပါတယ်’’ဟု ဈေးရောင်းချနေသူတစ်ဦးကပြောသည်။
ဈေးရောင်းချခွင့်ကဒ်ကို ကျပ်ငွေငါးရာဖြင့် သတ်မှတ်ထားသော်လည်း ဈေးဝယ်ယူခွင့်ကဒ်ကိုမူ အခမဲ့ ထုတ် ပေးခြင်းဖြစ်သည်။
မြို့မဈေးကိုယခင်လိုမဟုတ်ဘဲ အဝင်အထွက်ဖြင့်သတ်မှတ်ထားရာဈေးအဝင်တွင် ဈေးဝယ်ယူခွင့်ကဒ်နှင့် ဈေးရောင်းချခွင့်ကဒ်ကို ဈေးကြီးကြပ်ရေးကော်မတီထံမှ ထုတ်ယူရမည်ဖြစ်ပြီး ဈေးအထွက်တွင် အဆိုပါကဒ်များကိုထားခဲ့ရမည်ဖြစ်ကြောင်း ဈေးကြီးကြပ် ရေးကော်မတီဝင်တစ်ဦးက ပြောသည်။
“ပထမတော့ အလေ့အကျင့်မရှိဘူးဆိုတော့လုပ်ရတာခက်ခဲတာပေါ့၊ ဒါကကျွန်တော်တို့ ယာယီလုပ်တာပါ၊ ဒီလိုမျိုးဈေးဝယ်ယူခွင့် ကဒ် ဈေးရောင်းချခွင့်ကဒ်ကို မိမိနဲ့တပါတည်းယူဆောင်တာလဲ နိုင်ငံကြီးသားပီသတာပေါ့၊ နောက် တစ်ခုက လုံခြုံရေးအရလည်း သင့်တော်တာပေါ့’’ဟု ဈေးကြီးကြပ်ရေးကော်မတီဝင် ဦးသန်ထီးခိုင်က ပြောသည်။
ထို့အပြင် ဘင်္ဂလီများကို မြို့မဈေးသို့ ဝင်ခွင့်မပြုတော့သလို ဈေးရောင်းချခွင့်မပြူတော့ကြောင်း ဈေး ကော်မတီထံက သိရသည်။
ထို့အပြင် ဈေးတွင်းအလုပ်သမားများအတွက်လည်း ဈေးလုပ်သားကဒ် ထုတ်ပေးထားကြောင်းသိရသည်။
“အဆန်းလိုဖြစ်နေတာပေါ့နော်၊ ဝန်ထမ်းကဒ်ကိုဆွဲထားသလိုမျိုး၊ကောင်းပါတယ် ၊လုံခြုံရေးအရပေါ့”ဟု ဈေးဝယ်လာသူ တစ်ဦးက ပြောသည်။ အဆိုပါ ကဒ်များကို ယနေ့နံနက်တွင်စတင် ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
Ref: မြစ်မခ
ကျောက်ဖြူတွင် သောက်ရေကန် အဆိပ်ခတ်ခံရ
July 5, 2012
မောင်အေး
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဂြင်းကြီးအုပ်စု ကပိုင်ချောင်းကျေးရွာရှိ သောက်ရေကန် နှစ်ကန်ကို မသမာသူ များမှ အဆိပ်ခတ် သွား ကြောင်း သိရှိရသည်။
အဆိုပါ အဆိပ်ခတ်မှုကို ယမန်နေ့ ညနေပိုင်းက ပြုလုပ်သွားခြင်းဖြစ်ကြောင်း ကပိုင်ချောင်းကျေးရွာမှ အမျိုးသမီးတဦးက ပြောသည်။
“ ဘယ်သူခတ်သွားတယ် ဆိုတောတော့မသိဘူး။ ဒီနေ့မနက်က ငါးတွေသေနေတာတွေ့ရပါတယ်။ လူတွေ ထိခိုက်မှုတော့ မရှိသေး ပါဘူး။ ဒီနေ့ ကျောက်ဖြူက ဆရာဝန်တွေ စစ်ဆေးဖို့လာမယ်လို့ ပြောတယ်။”
ယခုအခါ ကပိုင်ချောင်းကျေးရွာသို့ ရဲတပ်ဖွဲ့ဝင် ၁၅ ဦးခန့်ရောက်ရှိနေပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ် နေကြောင်းလည်း သူမကဆက်ပြောသည်။
“ ဒီမနေ့မနက်က ရဲတွေရောက်တယ်။ ကျောက်ဖြူက ဆရာဝန်ကြီးတွေ မရောက်သေးတဲ့အတွက် ဘာမှမ လုပ်ကြသေးဘူး။ ရွာသား တွေကို စစ်ဆေးမေးမြန်းတာလည်း မရှိသေးဘူး။ မွတ်ဆလင် လူမျိုး နှစ်ဦးကိုတော့ ရွာက လူတွေ သံသယ ရှိနေကြတယ်။ ဆရာဝန် တွေ အလာကို စောင့်နေကြ တယ်။”
ကပိုင်ချောင်းကျေးရွာမှာ ကျောက်ဖြူမြို့ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသည်။
ဇွန်လ ၂၉ ရက်နေ့ကလည်း မြေပုံမြို့ မြို့သူမြို့သားများ သောက်သုံးနေသည့် အထက်တန်းကျောင်း ရှေ့တွင် တည်ရှိသည့် တရာ တန်ကို မသမာသူများက အဆိပ်ခတ်ခဲ့သည်။
Ref: နိရဉ္စရာ
အိန္ဒိယ နယ်ထဲ ၀င်ပြီး ငွေညစ်တဲ့ မြန်မာ စစ်သား ၂ ဦး ဖမ်းဆီးခံရ
July 6, 2012
ထွန်းထွန်း
အိန္ဒိယနိုင်ငံထဲ ကျူးကျော် ၀င်ရောက်ပြီး ငွေညစ်တဲ့ မြန်မာစစ်သား ၂ ဦးကို ဇူလိုင်လ ၃ ရက်နေ့က အိန္ဒိယ နယ်ခြားစောင့် တပ်ဖွဲ့ တစ်ခုက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
ခုလို ဖမ်းဆီးတာကို အန္ဒိယ PTI သတင်းဌာနက အိန္ဒိယ ရဲအဖွဲ့ကို ကိုးကားပြီး သတင်း ရေးသား ဖေါ်ပြပါတယ်။
အဲဒီ မြန်မာ စစ်သား ၂ဦးဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ချန်ပိုင်ခရိုင် Ngur ရွာအနီး Zilhriphai ဒေသ ဘက်ကို ၀င်လာပြီး လယ်သမားတဦးဆီက ကျပ်ငွေ တစ်သိန်း ခြိမ်းခြောက်တောင်းနေစဉ်မှာ အာသံ ရိုင်ဖယ် တပ်ဖွဲ့က ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာ စစ်သား ၂ ဦးဆီက AK-47 သေနတ် တလက် ၊ မဂ္ဂဇင်းတချပ်နဲ့ မိုဘိုင်းလ်ဖုန်း တလုံး ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
မြန်မာ စစ်သား ၂ဦးကို အခုအခါ အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့မှ တဆင့် ချန်ဖိန်းရဲစခန်းသို့ လွှဲပြောင်း ပေးလိုက်ပြီ ဖြစ်တယ်လို့ ဆိုပါ တယ်။
အခုလို မြန်မာ စစ်သား ၂ ဦး အိန္ဒိယ နယ်ထဲမှာ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး မြန်မာ အာဏာပိုင်တွေဘက်က တုန့်ပြန်မူတွေတော့ လောလောဆယ်မှာ ထွက်မလာသေးပါဘူး။
Ref: နိရဉ္စရာ
စစ်တွေရဲစခန်း တိုက်ခိုက်သူများဟု စွပ်စွဲ ဖမ်းဆီးခံထားရသူ ၁၈ ဦး ရုံးထုတ်၊ လက်ခံ မရ
July 6, 2012
စစ်တွေ ရဲစခန်းအား တိုက်ခိုက်ရာတွင် အဓိက နေရာက ပါဝင်သူများဟု စွပ်စွဲခံထားရသူ ရခိုင်အမျိုးသား ၁၈ ဦးကို စစ်တွေမြို့နယ် တရားရုံးတွင် ယမန်နေ့က ရုံးထုတ်ခဲ့သည်။
သူတို့အား ပုဒ်မ ၆(၁) ပြည်သူပိုင် ပစ္စည်းများ ဖျက်ဆီးမူဖြင့် တရားစွဲဆိုခဲ့ပြီး လက်ခံပေးရန် တရားရုံးက ငြင်းဆိုခဲ့သည်ဟု ဆိုသည်။
“ ဟုတ်ပါတယ်။ သူတို့ကို လက်ခံ မပေးဘူး။ ရမန်ယူသွားတယ်။ ဇူလိုင်လ ၁၂ ရက်နေ့ထိပါဘဲ” စစ်တွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။
သူတို့အား လာမည့် ဇူလိုင်လ ၁၂ ရက်နေ့တွင် ထပ်မံရုံးချိန်းပေးလိုက်သည်ဟု အမူကို လိုက်ပါဆောင်ရွက်နေသူ အမည် မဖေါ်လိုသူ ရှေ့နေ တစ်ဦးက ပြောသည်။
“ သူတို့ကို ၁၂ ရက်နေ့ ရုံးချိန်းပေးထားတယ်။ ဒီအတောအတွင်း နောက်ထပ် အမူနဲ့ ပတ်သက်တဲ့ အရေးကြီး လူပုဂ္ဂိုလ် ၄ ဦးကို ရဲက လိုက်ရှာနေတယ်။ အဲဒီလူ ၄ ဦးကို ဖမ်းမိရင်တော့ ကျန်တဲ့လူ ၁၈ ထဲက တချို့ကို လက်ခံပေးမယ်လို့တော့ ပြောတယ်” ဟု သူက ဆက်ပြောသည်။
အရေးတကြီး ဖမ်းဆီးရန် လိုလားနေသူ ၄ ဦးမှာ မည်သူ မည်ဝါ ဖြစ်သည်ဟု ရဲအဖွဲ့က ထုတ်ဖေါ် မပြောကြားသော်လည်း အဆိုပါ ပုဂ္ဂိုလ်များမှာ ရှောင်တိမ်းသွားကြပုံရသည်ဟု သူက ပြောသည်။
ယခု ဖမ်းဆီးခံရသူ ၁၈ ဦးမှာ ဇွန်လ ၃ ရက်နေ့က စစ်တွေမြို့ အမှတ် (၁) ရဲစခန်းကို တိုက်ခိုက်မူတွင် ပါဝင် ပတ်သက်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရသူများ ဖြစ်ကြသည်။ အဆိုပါ ဖြစ်စဉ်တွင် စစ်တွေ ရဲတပ်ဖွဲ့မှ လူပေါင်း ၃၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး တချို့ကို ပြန်လွှတ်ပေးကာ ၁၈ ဦးကို ဆက်လက် ထိန်းသိမ်းထားခြင်း ဖြစ်သည်။
ဇွန် (၃) ရက် စစ်တွေရဲစခန်း ၀ိုင်းဝန်းတိုက်ခိုက်မူတွင် လုံခြုံရေ တပ်ဖွဲ့ဝင်များ ပစ်ခတ်မူကြောင့် လူပေါင်း ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ၄ ဦးမှာ ဒဏ်ရာ ပြင်းထန်၍ ရန်ကုန်သို့ ယူဆောင်သွားခဲ့ရသည်။
Ref: နိရဉ္စရာ
ညမထွက်ရအမိန့် မလိုက်နာသူများကို စစ်တွေတွင်ဖမ်းဆီးစစ်ဆေး
July 5, 2012
မောင်အေး
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်ကို လိုက်နာ မှုမရှိသူများအား ယမန်နေ့ ညနေက လိုက်လံ ဖမ်းဆီးကာ စစ်ဆေးမူများ ရှိခဲ့သည်ဟု သိရသည်။
လုံခြုံရေးကို တိုးမြှင့်ချထားပြီးနောက် ထိုသို့ ဖမ်းဆီးစစ်ဆေးမှုများ ရှိခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေမြို့ မြို့သူကြီး ရပ်ကွက်မှ အမျိုးသမီး တဦးက ပြောသည်။
“ မနေ့က ရခိုင်တွေကို ဖမ်းတယ်ဆိုတာက စည်းကမ်း မလိုက်နာတဲ့ အတွက် ဖြစ်ပါတယ်။ ဆိုင်ကယ်တွေနဲ့ ညဥ့် အချိန် မတော် ထွက်နေကြတယ်။ သတ်မှတ်ထားတဲ့ အချိန် မထွက်ပါနဲ့လို့ အာဏာပိုင်တွေက ပြောထားတာကို မလိုက်နာတဲ့ ထွက်တဲ့ အတွက် ဖမ်းဆီး စစ်ဆေး ခံရတာ ဖြစ်ပါတယ်။ တချို့လည်း အဖမ်းခံရတယ်လို့ ကြားပါတယ်။”
ယမန်နေ့ညဥ့်က လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်ဖြင့် သွားလာနေသူတ ချို့ကို မြို့သူကြီးရပ်ကွက် မောင်ရွှေလုံးလမ်းထိပ်တွင် ဖမ်းဆီး စစ်ဆေးမှုများရှိခဲ့သည်ဟု အဆိုပါ ရပ်ကွက်မှ မျက်မြင် ဦးကလည်း ယခုကဲ့သို့ ပြောသည်။
“ညမထွက်ရ အမိန့်ထုတ်ထားပေမဲ့ ည ၈ နာရီ ၉ နာရီအထိ ဆိုင်ကယ်တွေနဲ့ သွားလာ နေတဲ့သူတွေကို ဖမ်းပြီး စစ်ဆေးတာတွေ တွေ့လိုက်ပါတယ်။ သူတို့ကိုလည်း ပြန်လွှတ် ပေးလိုက်တယ်လို့ထင်ပါတယ်။ ပြန်သွားကြ တာ တွေ့လိုက်တယ်” ဟု ဆိုသည်။
အလားတူ စစ်တွေမြို့ ဆေးရုံကြီး အနီးတ၀ိုက်တွင်လည်း ညနေပိုင်း ဆေးရုံလာသူများကို ဖမ်းဆီးမူများ ရှိခဲ့သည်ဟု သိရသည်။
“ ဆေးရုံကို လာကြတာကတော့ လူနာတွေ ကြောင့်ပါ။ မနေ့ ညနေက အဖမ်းအဆီး တချို့ ရှိတဲ့ အတွက် လူတွေက ဆေးရုံကို မလာနိုင်တော့ လူနာတွေ အထူး ဒုက္ခရောက်ခဲ့ကြတယ်လို့ ကြားပါတယ်။ ဒါကြောင့် မသွားမဖြစ် သွားရမယ့် လူတွေအတွက် ပုဒ်မ ၁၄၄ ကြောင့် အခက်အခဲတွေတော့ ရှိနေပါတယ်” ဟု ပြောသည်။
သို့သော်လည်း ကျန်းမာရေးကိစ္စအပါအ၀င် တခြားအရေးပေါ်ကိစ္စများပေါ်ပေါက်လျှင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်လံ ပို့ဆောင် ပေးနေသဖြင့် ဆက်သွယ် ဆောင်ရွက်ပြီး သွားလာကြရန် အာဏာပိုင်များက ပြောဆိုထားသည်ဟု ဆိုသည်။
ယခုအခါ စစ်တွေမြို့ အခြေအနေမှာ တည်ငြိမ်နေပြီဟု ပြောဆိုနိုင်သော်လည်း စိတ်ချရသည့်အနေ အထားမ ဟုတ်သေးကြောင်း အစိုးရ၀န်ထမ်းတဦးက ယခုကဲ့သို့ ပြောသည်။
“ ဇူလိုင်လ ၁ ရက်နေ့ ၀န်ထမ်းအိမ်ရာမှာ အိမ်တဆောင် မီးရှို့ခံရတယ်။ နောက်တနေ့ ဘုမေရွာမှာ တစ် ဆောင် လောင်တယ်။ အဲဒီလို တစ်နေ့တစ်ဆောင်လို ဟိုနားကလောင် ဒီနားက လောင် ဖြစ်နေတဲ့ အတွက် အသွားအလာတွေကို ဆင်ခြင်ဖို့ လိုပါတယ်။ လုံခြုံရေးကလည်း အခု တိုးမြှင့်ထားပြီး အသေအချာ ကြတ်မတ်နေတာကို တွေ့နေပါတယ်” ဟု သူက ဆိုသည်။
စစ်တွေမြို့ဈေးကြီးကို ယနေ့စတင်ဖွင့်လှစ်မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ယနေ့ နံနက်ပိုင်းထိ ဈေးကြီးမဖွင့်သေး ကြောင်းနှင့် ဟင်းသီးဟင်းရွက် နှင့် အသား၊ ငါးများရောင်းသည့် ဈေးဆိုင်များကိုသာ ဖွင့်လှစ်ထားသည်ကို တွေ့ခဲ့ရကြောင်း မြို့ သူကြီးရပ်ကွက်မှ အမျိုးသမီးက ပြောသည်။
Ref: နိရဉ္စရာ
ရူမေးနီးယားသမ္မတ စစ်ဆေးခံရဖွယ်ရှိ
05 ဇူလိုင် 2012
ရိုမေးနီးယားနိုင်ငံက ညွန့်ပေါင်းဥပဒေပြုအမတ်တွေဟာ သမ္မတ ထရာရီယန် ဘာဆက်စကူး ကို ၀န်ကြီးချုပ်ဖြစ်သူနဲ့ အာဏာလု တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ဆေးဖို့ လုပ်ဆောင်နေကြပါတယ်။
ဒီလို ညွန့်ပေါင်းအဖွဲ့ရဲ့ လုပ်ဆောင်ချက်ဟာ တလလောက်ရှိနေပြီဖြစ်တဲ့ သမ္မတ ဘာဆက်စကူး အပေါ် ၀န်ကြီးချုပ် ဗစ်တာ ပွန်တာ က တိုက်ခိုက်နေမှုရဲ့ နောက်ဆုံးခြေလှမ်းဖြစ်ပါတယ်။
ဝန်ကြီးချုပ်ရဲ့ ဆိုရှယ်ဒီမိုကရက်ပါတီ ပါဝင်ဖွဲ့စည်းထားတဲ့ သုံးပါတီညွန့်ပေါင်း လစ်ဘရယ်ဆိုရှယ်ပါတီ USL က လွှတ်တော်အမတ် တွေက တနင်္ဂနွေနေ့မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အခြေအတင် ဆွေးနွေးပြီး သောကြာနေ့ နောက်ဆုံးထားပြီး သမ္မတကို ဆင့်ခေါ် စစ် ဆေးဖို့အတွက် မဲခွဲနိုင်ရေး ကြိုးပမ်းနေကြတာဖြစ်ပါတယ်။
တချို့လွှတ်တော်အမတ်တွေကတော့ ညွန့်ပေါင်း အုပ်စုက သမ္မတကို ဖယ်ရှားပစ်ရေး ကြိုးပမ်းနေမှုဟာ တရားမ၀င်ဘူးလို့ ပြောကြပါ တယ်။ ၀န်ကြီးချုပ်က သမ္မတကို တိုက်ခိုက်တာဟာ ရိုမေးနီးယားနိုင်ငံရဲ့ ဒီမိုကရေစီကို ဖျက်လို့ဖျက်ဆီး လုပ်ရာကျကြောင်း ဒါကြောင့် ၀န်ကြီးချုပ်ကို မသမာမှုနဲ့ နုတ်ထွက်ပေးဖို့ သူတို့က တောင်းဆိုနေပါတယ်။
သမ္မတကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ပြီး သူ့ရဲ့အာဏာကို ပိုမို အသုံးချမှုနဲ့ စွပ်စွဲနေကြတာဖြစ်ပါတယ်။
မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက်ကတော့ နောက်ဆုံးအတည်ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်တုန်းကလည်း USL ညွန့်ပေါင်းအဖွဲ့က သမ္မတ ဘာဆက်စကူးကို တာဝန်ကနေ ခေတ္တ ရပ်စဲပစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် လူထုသဘောထား ကောက်ခံတဲ့အခါ ထောက်ခံမှုရတဲ့ အတွက် သမ္မတတာဝန်ကို ပြန်လည်ထမ်းဆောင် နေတာဖြစ်ပါတယ်။
Ref: ဗွီအိုအေ
ဂျပန်နျူကလီယားပြဿနာ တုံ့ပြန်ဆောက်ရွက်ဖို့ နှေးကွေးခဲ့
05 ဇူလိုင် 2012
မနှစ်ကဖြစ်ပွားခဲ့တဲ့ ဂျပန်နိုင်ငံ ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံ ဘေးအန္တရာယ် ကျရောက်ခဲ့ မှုဟာ တာဝန်ရှိသူတွေရဲ့ လုပ်ဆောင်မှုအမှားယွင်းကြောင့် ဖြစ်ကြောင်း ဂျပန်ပါလီမန်ရဲ့ စုံစမ်းရေးကော်မရှင် က ပြောဆိုလိုက်ပါတယ်။
ဂျပန်အစိုးရနဲ့ စက်ရုံကိုလည်ပတ်နေတဲ့ တိုကျိုလျှပ်စစ်ဓာတ်အား ကုမ္ပဏီ TEPCO တို့ နှစ်ဦးနှစ်ဘက် စလုံးရဲ့ ချို့ယွင်း ချက်ကြောင့် ဖြစ်ရတာဖြစ်တယ်လို့ ၆ လကြာ စုံစမ်းစစ်ဆေးရေးပြုလုပ်ခဲ့အပြီး ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။
၁၉၈၆ ခုနှစ်က အရှေ့ဥရောပတိုက်၊ ယူကရိန်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ချာနိုဘိုင်းနျူကလီးယား စက်ရုံ မှာ ဖြစ်ပွားခဲ့တဲ့ ဘေးအန္တရာယ်မျိုး မဖြစ်ပွားအောင် ကြိုတင်ပြင်ဆင် ကာကွယ်ဖို့ လုပ်ဆောင်ထားရမယ့် ကိစ္စတွေကို လုပ်ဖို့ ပျက်ကွက်ခဲ့တယ် ဆိုပြီး အစီရင်ခံစာက ထောက်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်၊ မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ အင်အားပြင်း မြေငလျှင်နဲ့ ဆူနာမီရေလှိုင်းကို ကာကွယ်မှုပေးနိုင်ဖို့ အတွက် တာဝန်ရှိသူ တွေဘက်က ဆုံးဖြတ်ချက်ချဖို့ အချိန်ဆွဲနေခဲ့တာကို စုံစမ်းစစ်ဆေးရေးကော်မရှင်က တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီအဖြစ်အပျက်ကို သဘာဝဘေးအန္တရာယ်ကျရောက်မှုလို့ မသတ်မှတ်နိုင်ကြောင်း တာဝန်ရှိသူတွေဘက် က မှန်မှန်ကန်ကန် တုံ့ပြန် လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် ဒီလောက်ဆိုးဆိုးရွားရွား ဖြစ်စရာ အကြောင်းမရှိဘူး လို့ ဆိုပါတယ်။
ဒီအတောအတွင်း ဂျပန်နိုင်ငံမှာ အလွန်အမင်းလိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ဖို့အတွက် ဂျပန်နိုင်ငံ အနောက်ဘက် ခြမ်းမှာရှိတဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံတရုံဟာ ပြန်လည်စတင် လည်ပတ်နေပြီဖြစ်ပါတယ်။
Ref: ဗွီအိုအေ
NGO အထောက်အပံ့ ရခိုင်ဒုက္ခသည်စခန်းလက်မခံ
05 ဇူလိုင် 2012
နိုင်ကွန်းအိမ်
နိုင်ငံခြား NGO အဖွဲ့တွေကနေ ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ဆူပူအကြမ်းဖက်မှုဘေးကနေ တိမ်းရှောင်လာတဲ့ ဒုက္ခသည်စခန်း (၇) ခုကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေပေးခဲ့ပေမဲ့ စခန်းကြီးကြပ်သူတွေက လက်မခံဘူးလို့ ဆိုပါတယ်။ နိုင်ငံခြား NGO အဖွဲ့တွေဟာ ယခင်က ဘင်္ဂါလီ ဒုက္ခသည်တွေကိုသာ ကူညီခဲ့တဲ့အနေအထားကြောင့် အခုလို လာရောက်လှူဒါန်းတာဟာလည်း သံသယဖြစ်စရာအနေအထားမှာ ရှိနေတယ်လို့လည်း စခန်းကြီးကြပ်သူ သံဃာတော်တွေက ပြောပါတယ်။ ရခိုင်နိုင်ငံရေးပါတီကတော့ ဒုက္ခသည်တွေ အကူညီလိုအပ်နေတဲ့ကာလမှာ အခုလို အကူအညီ ပေးတာကို ငြင်းပယ်လိုက်တာဟာ မဖြစ်သင့်ဘူးလို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။
ဒီအခြေအနေအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလို သတင်း ပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို နိုင်ငံခြား NGOအဖွဲ့တွေကနေ လာရောက် လှူဒါန်းတဲ့အကူအညီ တွေကို လက်မခံ ငြင်းပယ်လိုက်တယ်လို့ အလိုတော်ပြည့်ကျောင်း ဆရာတော် ဦးမဏိစာရက မြွက်ကြားခဲ့ပါတယ်။ အခုလို NGO တွေကနေ ပေးအပ်တဲ့ အကူ အညီ ငြင်းပယ်ရတဲ့ဖြစ်စဉ်တွေကိုတော့ မောင်တေမြို့နယ် ဒုက္ခသည်စခန်းကြီးကြပ်သူ ဆရာတော် ဦးမဏိစာရက ဗွီအိုအေကို အခုလိုပြောပါတယ်။
“NGO အဖွဲ့အစည်းတွေက ဟိုတုန်းက လူသားချင်းစာနာထောက်ထားခြင်း လူမျိုး၊ ဘာသာမရွေး ကူညီပံ့ပိုးတယ်လို့ ပြောပါ သော် လည်းပဲ ဒီဒေသမှာ ဘာတခုမှလည်း မရရှိခဲ့ပါဘူး။ သူတို့ ဘင်္ဂါလီတွေကိုပဲ ဆေးဝါးအခမဲ့၊ ပညာရေးအခမဲ့ ပေးဝေနေတယ်။ ဘယ် အဖွဲ့တွေလဲဆိုရင် မာတေဇာတို့၊ တခြားအဖွဲ့အစည်းတွေလည်း အများကြီးရှိမှာပါ။ နောက်ကွယ်မှာတော့ ဘင်္ဂါလီ ဦးစားပေး တဲ့ အဖွဲ့လို့ပဲ မြင်ပါတယ်။ သူတို့ရဲ့ ပံ့ပိုးချင်တဲ့စိတ်ဟာ စေတနာက မှန်ရဲ့လား၊ သူတို့က ရိုးသားလို့လားလို့ မေးခွန်းထုတ်စရာဆိုတော့ ဦးဇင်းတို့က မလိုအပ်ဘူးထင်တယ်။”
ဇူလိုင် (၄) ရက်နေ့ ညနေပိုင်းလောက်မှာ မာတေဇာအပါအ၀င် တခြား NGO အဖွဲ့တွေကနေ မောင်တောမြို့နယ်မှာရှိတဲ့ ဒုက္ခ သည်စခန်းတွေကို သွားရောက်လှူဒါန်းစဉ်မှာ ခုလိုငြင်းပယ်ခဲ့တယ်လို့ ဆရာတော်က ပြောပါတယ်။
ဒီအခြေအနေနဲ့ပက်သက်လို့ မာတေဇောအပါအ၀င် NGO အဖွဲ့တွေကို ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ် မရရှိခဲ့ပါဘူး။
မောင်တောမြို့နယ်မှာ ဒုက္ခသည်စခန်း (၇) ခုရှိပြီး လူဦးရေ (၄,၀၀၀) ကျော်ရှိနေပါတယ်။ အခုလိုနိုင်ငံခြား NGO အကူအညီကို အလို တော်ပြည့်ကျောင်း ဆရာတော်ဦးမဏိစာရကနေ လက်မခံတဲ့အပေါ် စစ်တွေမြို့မှာရှိတဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီရုံးက ဗဟိုကော်မီတီတဦးဖြစ်သူ ဦးစံကျော်လှက အခုလိုပြောပါတယ်။
“ဒီမှာက လူတွေက အကူညီလိုအပ်နေပါတယ်။ အဲဒီအကူအညီလိုအပ်နေတာကို အလိုတော်ပြည့် ဆရာတော်က လက်မခံလို့ဆိုတော့ သူတို့မှာရှိတဲ့ စခန်းကို လှူတာကို သူကလက်မခံဘူး။ အဲဒီလိုပြောကောင်းတော့ ပြောပါလိမ့်မယ်။ အဲဒီ NGO တွေက မူဆလင်ဘက်ကို အလေးသာတဲ့အတွက် အခု ရခိုင်ကိုပေးနေတဲ့အလှူကို လက်မခံဘူးဆိုတာ ဒါတော့ မဖြစ်သင့်တဲ့ကိစ္စပါ။”
စစ်တွေမြို့နဲ့ မောင်တောမြို့တွေမှာ ဒုက္ခသည်စခန်းပေါင်း ၅၀ ကျော်ရှိပြီး ဒုက္ခသည်တွေ သောင်းနဲ့ချီပြီး ရှိနေပါတယ်။ ဒီဒုက္ခသည်စခန်း တွေရဲ့ လက်ရှိအခြေအနေကို ဦးစံကျော်လှက အခုလိုပြောပြပါတယ်။
“အ၀တ်အစားနဲ့ပက်သက်ပြီး သိပ်အခက်အခဲမရှိကြတော့ဘူးဗျ။ ဒါပေမဲ့ အစားအသောက်တို့၊ အနေအထိုင်တို့၊ နောက် ခလေးတွေ ကျောင်းတက်ဖို့ဟာ ခလေးတွေ ကျောင်းလည်းမတက်ရဘူး ဖြစ်နေကြတယ်။”
ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ဇွန်လအတွင်းမှာ ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂါလီနွယ်ဖွားတွေအကြား ဆူပူအကြမ်းဖက်မှု ဖြစ်ပွားခဲ့တာ ကြောင့် ဒေသခံ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတဲ့အခြေအနေမှာ ရှိနေပေမဲ့ အခုအခါမှာတော့ နယ်မြေအေးချမ်းတဲ့အသွင်ရှိလာ ပြီလို့ ဒုက္ခသည် အကူအညီပေးသူ အလိုတော်ပြည့်ကျောင်း ဆရာတော် ဦးမဏိစာရ က ပြောပါတယ်။
“အေးချမ်းနေတဲ့အသွင်လို့ပဲ ပြောလို့ရပါတယ်။ အေးချမ်းနေတယ်ဆိုပေမဲ့လို့ လူသွားလူလာကတော့ ဈေးတွေဖွင့်တာတို့၊ ပုံမှန်အနေ အားဖြင့် သွားလာ တာတို့ ဒါတွေကတော့ မရှိသေးပါဘူး။ တင်းမာနေတဲ့ အခြေအနေလားဆိုတော့ တင်းမာနေတဲ့ပုံစံမျိုးလည်း မဟုတ်ဘူး။ အေးချမ်းနေတဲ့ ပုံစံမျိုးလို့ ပြောလို့ ရပါတယ်။”
ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားတွေနဲ့ ဘင်္ဂါလီလူမျိုးတွေအကြား လူမျိုးရေး အသွင်ဆောင်တဲ့ပဋိပက္ခနဲ့ ဆူပူအကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် စစ်တွေ၊ မောင်တော၊ ရမ်းဗြဲ၊ ကျောက်တော်မြို့ရွာတွေမှာရှိတဲ့ အိမ်ခြေပေါင်း (၃, ၀၀၀) ကျော် မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး လူပေါင်း (၈၀) ခန့် သေဆုံးသွားခဲ့ တယ်လို့ အစိုးရကနေ တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။
Ref: ဗွီအိုအေ
ဟောင်ကောင်မင်းသား Jackie Chan မြန်မာနိုင်ငံကို ရောက်ပြီ
05 ဇူလိုင် 2012
မစုမြတ်မွန်
ဒီကနေ့ မြန်မာနိုင်ငံကို ရောက်လာတဲ့ ကမ္ဘာကျော်ရုပ်ရှင်မင်းသား Jakie Chan ဟာ မန္တလေးမြို့က မိဘမဲ့ ကလေးတွေကို စောင့် ရှောက်ထားတဲ့ ၅ စုတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို သွားခဲ့ပါတယ်။ သူ့ကို ဧည့်ခံကြိုဆိုဖို့ ၅ စုတိုက်ကျောင်းမှာ အစီအစဉ်လုပ်ထားခဲ့ပေမဲ့ ခဏလေးပဲလာသွားခဲ့တာမို့ သူ့ကို တွေ့ဖို့ နာရီနဲ့ချီစောင့်ခဲ့ကြသူတွေက အားမရဘူးလို့ ပြောကြပါတယ်။ ကလေးငယ်တွေကို ရောင်း ချမှုတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံမှာ ရောက်နေတဲ့ Jakie Chan ရဲ့ ခရီးစဉ်အကြောင်း စုံစမ်းထားတဲ့ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
ကုလကမဂ္ဂရဲ့ ကလေးများအရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ အစီအစဉ်နဲ့ ၃ ရက်ခရီးနဲ့ ဒီကနေ့ ညနေ ပိုင်းမှာ မန္တလေးကို Jakie Chan ရောက်လာခဲ့တာဖြစ်ပါတယ်။ UNICEF အကျိုးဆောင် သံအမတ်ကြီး အဖြစ် Jakie Chan မန္တလေးမြို့ကို ရောက်ရောက် ချင်းမှာပဲ ချမ်းအေး သာဇံမြို့နယ်မှာရှိတဲ့ ၅ စုတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို အရင်ဆုံးသွားခဲ့ပါတယ်။ အဲဒီမှာ သူ့ကို တွေ့ဆုံ နှုတ်ဆက်နိုင်ဖို့ ပရိတ်သတ်တွေ နာရီနဲ့ချီအောင် ဘုန်ကြီးကျောင်းရှေ့မှာ စောင့်နေခဲ့ကြပေမဲ့ ခဏလေးပဲတွေ့လိုက်ကြ ရတယ် လို့ မန္တလေးမြို့ခံ ကို ငြိမ်းချမ်းက ပြောပြပါတယ်။
“ယာဉ်တန်းက ၁၀ စီးလောက်ပါမယ်။ UNICEF အပြာရောင်တီရှပ်တွေနဲ့ ဗမာ ဝန်ထမ်းတွေရော၊ နိုင်ငံခြား သားဝန်ထမ်းတွေရောပါ တယ်။ အဖွဲ့ ၁၊ ၂၊ ၃၊ ဆိုပြီး UN အဖြူရောင်ကားတွေနဲ့ ရောက်လာပါတယ်။ မီဒီယာတွေနဲ့ တရုတ်အမျိုးသားတွေကို အများဆုံးတွေ့ ရတယ်။ ဝင်လာမယ် ဆိုကတည်းက တစောင့်စောင့်နဲ့ စောင့်နေကြတဲ့ပရိတ်သတ်ကတော့ ရာကြီးပိုင်းလောက် ရှိတယ်။
ယာဉ်တန်းလည်း ဝင်လာရော နောက်ဆုံး ကားမှာပါတဲ့ ဂျက်ကီချဲန်းကိုလည်းတွေ့ရော အကုန်လုံး ပြုံပြီးတော့ လိုက် သွားကြတယ်။ ကျောင်းဝန်းထဲ အရှေ့ဘက်ထိပ်စည်းကို ရောက်သွားပြီးတော့ ဆရာတော်ကြီးလည်း ရှိပါတယ်။ ဆရာတော်ကြီးနဲ့ ကြိုပြီးတော့မှ အတွင်းပိုင်းထဲဝင်မယ့် အချိန်မှာ ဘေး နားမှာ ပရိတ်သတ်ကတော့ များနေတာပေါ့။ အုံနေတယ်ဆိုပေမယ့် မန္တလေးပရိတ်သတ်အနေနဲ့ ဆိုရင်တော့ အဲဒီလောက်အုံနေတာ များလှတယ် လို့တော့ မယူဆပါဘူး။
ဂျက်ကီချဲန်းဆိုတာက ကမ္ဘာကျော်အနုပညာရှင်လည်းဖြစ်တယ်၊ နောက်ပြီးတော့ ဗမာပရိတ်သတ် အများဆုံး ထိ တွေ့ခဲ့ရတဲ့ မင်းသား လည်းဖြစ်တယ်၊ အခုလို ကုလသမဂ္ဂ အစီအစဉ်နဲ့ လာတယ်၊ နောက်ပြီးတော့ ဂျက်ကီချဲန်းကိုယ်တိုင်ကလည်း ကလေး ပရိတ်သတ်က ချစ်ကြတယ်လေ၊ အဲဒါမျိုးဆိုတော့ အုံကြမှာပေါ့ဗျာ။ သို့သော် UNICEF တာဝန်ရှိတဲ့သူတွေက ဘာများစိုးရိမ်ကြီးတယ် မသိဘူး၊ ဒါမှမဟုတ် ကာယကံရှင်ကိုယ်တိုင် စိုးရိမ်လို့လားတော့ မသိဘူး။ မဆင်းနိုင်ဘူးဖြစ်နေတယ်။ ကလေးတွေက တန်းစီပြီးကြို နေပါတယ်။ ဒါပေမဲ့ ကလေးတွေနဲ့ကို ကောင်းကောင်း နှုတ်မဆက် လိုက်ရ ပါဘူး။ သူက ထမင်းစားဆောင်အတွင်းထဲမှာပဲ ကလေး တွေနဲ့ နှုတ် ဆက်ဖို့အစီအစဉ်က လောလောဆယ် ယာယီရပ်ဆိုင်းသွားပြီးတော့ ကားပေါ်ကနေဆင်း၊ ဆင်းပြီး လက်ပြနှုတ်ဆက်ရင်းနဲ့ သူနဲ့ဆန့် ကျင်ဘက် ကားတစီးပေါ် အမြန်ပြေးတက်ပြီးတော့ အဲဒီကားက အသင့်ပြင်ထားတာပေါ့ဗျာ။ အဲဒီကားက အမြန်ပြန် ထွက် သွားတယ်။ အားလုံးနဲ့တွေ့လိုက်ရတာ ဝမ်းသာအားရ၊ အထူးသဖြင့်တော့ တရုတ်အမျိုးသားတွေပဲ။ တရုတ်လိုတွေ အော်ကြ၊ နှုတ် ဆက်ကြတာ ဆိုတော့ ကျနော်တို့လည်း သိပ်မသိရဘူး။ ”
၅ စုတိုက်ဘုန်းကြီးကျောင်းမှာ စောင့်ရောက် ပညာသင်ပေးနေတဲ့ မိဘမဲ့ ကလေးပေါင်းက ၂၇၀ လောက် ရှိပါတယ်။ အဲဒီထဲက ကိုခင်မောင်လုံး က သူမျှော်လင့်သလို တရုတ်သိုင်းကား ဟာသ Action ကားတွေ ရိုက်တဲ့ မင်းသား Jakie Chan ကို အားရပါးရ မတွေ့ခဲ့ရလို့ စိတ်မကောင်း ပါဘူးတဲ့။
“တွေ့ချင်လွန်းလို့ ဒီမှာ မျက်ရည်တောင် ၀ဲနေတာဗျ။ မြင်ဖူးချင်ကြတာပေါ့။ တချို့ ကလေးတွေ က ကောင်းကောင်းလည်း မမြင်ရဘူး။ လူကြီးတွေတောင် ကောင်းကောင်းမှ မမြင်ရတာဗျာ။ သူလာမယ့် အချိန်ကို ကျနော်တို့ နာရီကြည့်ပြီး စောင့်ပြီး မျှော်လင့်နေကြတာ။ ဂျက်ကီချမ်းကို တော်တော် ကြိုက်ကြ တယ်။ တအားကြိုက်တာ၊ ဂျက်ကီချဲန်း ကားတွေကို။ သူ့ဇာတ်ကားဆို အလွတ် မရှိဘူးပေါ့ဗျာ။ အကုန်လုံး ကြည့်တာပေါ့။ မကြည့်ဖူးတဲ့ကား မရှိဘူး။ အကုန်ကြည့်ဖူးတယ်။ အဲဒီလိုပေါ့။ သူ့ကိုတွေ့ရင် ဒီလို သူ့ဇာတ်လမ်းတွေ ကောင်းတဲ့အကြောင်းတွေပေါ့၊ ဖိုက်တင်ခန်း ကောင်းတဲ့အကြောင်းလေးတွေ၊ သိုင်း ကျွမ်းကျင်တဲ့ အကြောင်းလေးတွေ ပြောမှာပေါ့ဗျာ။”
ရုပ်ရှင်မင်းသား Jakie Chan ရဲ့ ၃ ရက် မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ကုန်ကူးရောင်းချခံခဲ့ရတဲ့ ကလေးတွေကို စောင့်ရှောက်ထားတဲ့ UNICEF အထောက်အပံ့ပေးထားတဲ့ နေရာတွေဆီကိုလည်း သွားရောက်ကြည့်ရှုဖို့ အစီအစဉ်ရှိပါတယ်။ ကလေးတွေ ရောင်းချခံရမှုကို အထိရောက်ဆုံး ဘယ်လို ကာကွယ်နိုင်မလဲဆိုတာကိုလည်း မန္တလေးမြို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ဝင်တွေနဲ့လဲ Jakie Chan တွေ့ ဆုံဆွေးနွေးမှာဖြစ်ပါတယ်။ ကလေးငယ်တွေဟာ ရောင်းကုန်ပစ္စည်း မဟုတ်ပါဘူး၊ ရာသက်ပန် ထိခိုက် မှုတွေ ရသွားစေတဲ့ ရာဇဝတ်မှုကြီးကို အမြစ်ဖြတ်နိုင်ဖို့ ကမ္ဘာပေါ်က ကလေးတွေ အတွက် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်ရမယ်လို့ မြန်မာနိုင်ငံကို မလာခင်မှာ Jakie Chan ကပြော ခဲ့ပါတယ်။ မြန်မာနိုင်ငံက ကလေးတွေအနေနဲ့ ကိုယ့်ကိုကိုယ် ဘယ်လို ခုခံကာကွယ်လို့ ရနိုင်တယ်ဆိုတဲ့ အကြောင်းတွေကို လည်း မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ သင်ကြား ပြောပြမှာဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံက မပြန်ခင် July ၇ ရက် စနေနေ့မှာ ခရီးစဉ် အကြောင်း သတင်းစာရှင်းလင်းပွဲလုပ်ဖို့ အစီအစဉ်ရှိတယ်လို့ UNICEF တာဝန် ရှိသူက ပြောပါတယ်ရှင်။
Ref: ဗွီအိုအေ
အကြမ်းဖက်သံသယရှိသူ ခြောက်ဦး ဗြိတိန် ဖမ်းဆီး
05 ဇူလိုင် 2012
အကြမ်းဖက်သမားလို့ သံသယရှိသူ အမျိုးသားငါးဦးနဲ့ အမျိုးသမီးတဦး စုစုပေါင်း လူခြောက်ဦးကို ဖမ်းဆီးထားတယ်လို့ ဗြိတိန် အာဏာ ပိုင်တွေက ပြောပေမဲ့ ဒီဖမ်းဆီးမှုဟာ မကြာခင်ကျင်းပမယ့် အိုလံပစ် အားကစားပွဲတော်နဲ့ မဆက်စပ်ဘူးလို့ ဆိုပါတယ်။
ဖမ်းဆီးထားသူတွေဟာ အသက် ၁၈ နှစ်ကနေ ၃၀ ကြား လူတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကဆိုပြီး ကြာသာပတေးနေ့ အစောပိုင်းက လန်ဒန်မြို့တော် တ၀န်း ရှာဖွေဖမ်းဆီးမှုတွေလုပ်ခဲ့တာနဲ့အမျှ စီစဉ်ထားတဲ့ ထောက်လှမ်းရေး၊ စစ်ဆင်ရေး တစိတ်တပိုင်းဖြစ်တယ်လို့ ပြောပါတယ်။
လန်ဒန်မြို့တော် အရှေ့ပိုင်း၊ အနောက်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာရှိတဲ့ လူနေအိမ်ရှစ်ခုနဲ့ စီးပွားရေးလုပ်ငန်း တခုတို့ကို ၀င်ရောက် ရှာဖွေ ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
စစ်ဆင်ရေးအတွင်း သံသယရှိသူတဦးကို လျှပ်စစ်ကျင်စက် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရပေမဲ့ ဒဏ်ရာတော့ မရခဲ့ဘူးလို့ ရဲတွေက ဆိုပါ တယ်။ ဖမ်းဆီးမှုတွေလုပ်ခဲ့တဲ့ နေရာတချို့နားမှာ ကျင်းပဖို့ရှိတဲ့ အိုလံပစ် အားကစားပွဲတော်နဲ့ အခု ဖမ်းဆီးတာတွေ မဆက်စပ် ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
လွန်ခဲ့တဲ့ခုနစ်နှစ် ဒီသီတင်းပတ်အချိန်တုန်းက လန်ဒန်မြို့တော်တ၀န်း အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေကြောင့် လူ ၅၂ ယောက် သေဆုံး ခဲ့ရပါတယ်။
Ref: ဗွီအိုအေ
နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွှတ်ပေးတဲ့အပေါ် ကင်တားနား ကြို
05 ဇူလိုင် 2012
မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့တဲ့အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတဦးက ကြိုဆိုလိုက်ပြီး ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အားလုံးကိုလည်း လွှတ်ပေးဖို့ ထပ်ပြီး တောင်းဆိုလိုက်ပါတယ်။
“အမျိုးသားပြန်လည်သင့်မြတ်ရေးဆီ ရှေ့ရှုပြီး အစိုးရက လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်နဲ့ တဆင့်ချင်း လုပ် ဆောင် မှုတွေ ကြောင့် အားတက်မိပါတယ်” - လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး စုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့ ဇူလိုင်လ ၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက် ထဲမှာ ဖော်ပြထားပါတယ်။
“ဒါပေမဲ့လည်း နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ခြင်းနဲ့ စနစ်တကျ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ထပ်ပြီး တောင်းဆိုပါတယ်”- လို့ မစ္စတာကင်တားနားက ပြောပါတယ်။
မြန်မာအစိုးရက ပြီးခဲ့တဲ့အင်္ဂါနေ့မှာ အကျဉ်းသား ၄၆ ဦးကို လွှတ်ပေးခဲ့တဲ့အထဲ နိုင်ငံရေးအကျဉ်းသား ၂၀ ကျော် ပါဝင်ခဲ့ တာပါ။
ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့မှတ်တမ်းကို ရှင်းရှင်းလင်းလင်းဖြစ်ဖို့အတွက် ပြည့်စုံတဲ့ စုံစမ်း စစ်ဆေးမှုတခု လုပ်ဖို့ လိုအပ်ကြောင်းကိုလည်း မစ္စတာကင်တားနားက အလေးအနက်ပြောထားပါတယ်။ လိုအပ်တဲ့ အချက်အလက်တွေ စုဆောင်းတဲ့ နေရာမှာ သက်ဆိုင်သူအားလုံးနဲ့ အကြံယူ ညှိနှိုင်းဆောင်ရွက်ဖို့လည်း မစ္စတာကင်တားနား က မြန်မာ အစိုးရကို တောင်းဆိုထား ပါတယ်။
Ref: ဗွီအိုအေ
ဒေါ်အောင်ဆန်းစုကြည် ကော့မှူးကို သွားရောက်ဆွေးနွေး
2012-07-05
အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ သူ့ရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ ကော့မှူးမြို့နယ်ကို သွားရောက်ပြီး ဒေသခံ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရပါတယ်။
ကောမှူးမြို့က အောင်ဇမ္ဗူ ပရဟိတကျောင်းတိုက်မှာ ဒေသခံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီး ဒေသခံတွေ တင်ပြလာတဲ့ အခက်အခဲတွေကို ဆွေးနွေးမေးမြန်းခဲ့တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဦးသိန်းဦးက ပြောပါတယ်။
"၁၁ နာရီမှာ ကော့မှူး အောင်ဇမ္ဗူ ဘုန်းကြီးကျောင်းကို ရောက်လာတယ်။ ဘုန်းကြီးကျောင်းကို ငွေလှူပြီးတော့ အဲဒီက နယ်ခံတွေနဲ့ တွေ့တယ်။ တွေ့ပြီးတော့ သူတို့လိုအပ်တာတွေ အဲတာအကုန် တင်ပြကြတယ်ပေါ့။ အစ်မလည်း လုပ်နိုင်သလောက် လုပ်ပေးမယ်။ အထူးသဖြင့်တော့ ဒီလမ်းပန်း ဆက်သွယ်ရေး ကိစ္စတွေပေါ့။ နောက်ပညာရေး၊ ကျန်းမာရေး နောက်ကျောင်းထဲမှာ ရှိတဲ့ စာသင်ခန်းတွေ လိုက်ပြီးတော့ လေ့လာတယ်"
ဒေါ်အောင်ဆန်းစုကြည်ဟာ အောင်ဇမ္ဗူ ပရိယတ္တိ စာသင်တိုက် ဆရာတော်ကို ပရဟိတကျောင်းအတွက် ပညာရေး အလှူငွေအဖြစ် ၁၈ သိန်း လှုဒါန်းခဲ့ပါတယ်။ ကော့မှူးမြို့နယ် NLD အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ညနေပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည် ထွက်ခွာလာကြောင်း သိရပါတယ်။
Ref: အာရ်အဖ်အေ
သမဂ္ဂအဆောက်အဦး ပြန်လည်တည်ဆောက်ရေး ကျောင်းသားတွေဆွေးနွေး
2012-07-05
ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ အဆောက်အဦး ပြန်လည် တည်ဆောက်ရေးအတွက် မျိုးဆက် ၃ ဆက် ကျောင်းသား တွေ ဒီနေ့ ရန်ကုန်မြို့က M3 စားသောက်ဆိုင်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဆန်နီက RFA ကို ပြောပါတယ်။
"အစည်းအဝေး ဆုံးဖြတ်ချက်ကတော့ ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေး အဖွဲ့ ဆိုပြီးတော့ အမည်ပြောင်းတယ်။ အဲဒီလုပ်ငန်း အကောင်အထည် ဖော်မှုမှာ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်း၊ လွှတ်တော်တွေနဲ့ ပါမောက္ခချုပ်တွေနဲ့လည်း လိုအပ်ရင် ညှိနှိုင်းဆက်သွယ်မှုတွေ လုပ်သွားမယ်။ နောက်တစ်ခုက ရန်ကုန်တက္ကသိုလ်နဲ့ သက်ဆိုင်သူများ အားလုံး၊ ကျောင်းသားသမိုင်းနဲ့ သက်ဆိုင်သူများအားလုံး ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ဖိတ်ခေါ်မယ်"
ဒီနေ့ အစည်းအဝေးကို ၈၈ မျိုးဆက်က ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုညိုထွန်း၊ ကိုဆန်နီ၊ ၇၄ မျိုးဆက်အဖြစ် ဒေါ်နေရည်ဗဆွေ၊ ဦးရာကျော်၊ ဦးအောင်ထိုက်နဲ့ ၂၀၀၇ မျိုးဆက်က ကိုစည်သူမောင်နဲ့ ကိုဒီငြိမ်းလင်းတို့ တက်ရောက်ကြပါတယ်။ ဒီလုပ်ငန်းစဉ်အတွက် နာယကတွေထဲမှာ ကဗျာဆရာကြီး ဒဂုန်တာရာလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒီအတောအတွင်းမှာပဲ လာမယ့် စနေနေ့မှာ ကျရောက်မယ့် ဇူလိုင် ၇ ရက် နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို တော်ဝင် နှင်းဆီ ခန်းမမှာ မကျင်းပနိုင်တော့တဲ့အတွက် ရန်ကုန်မြို့က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ရုံးခန်းမှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက RFA ကို ပြောပါတယ်။
အထက်ဗမာပြည် ကျောက်ဆည်ခရိုင် ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေက ဒီနေ့ မနက်မှာ ဇူလိုင် ၇ ရက် အထိမ်းအမှတ်အဖြစ် ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ဆွမ်းကြွေးပြီး အခမ်းအနား ပြုလုပ်ကြသလို၊ မုံရွာခရိုင် ကျောင်းသားသမဂ္ဂကတော့ ပြီးခဲ့တဲ့ ဇူလိုင် (၃) ရက်နေ့ မနက်က ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှာ အရုဏ်ဆွမ်းကပ်ပြီး ဇူလိုင် ၇ ရက် အရေးအခင်းမှာ သေဆုံးသွား သူ တွေအတွက် ကုသိုလ်ဒါန ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Ref: အာရ်အဖ်အေ
အစ္စလာမ်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း
2012-07-05
OIC ခေါ် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က အမျိုးသား ဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်က ရိုဟင်ဂျာ တွေ အကြမ်းဖက်ခံရမှု အဆုံးသတ်ရေးအတွက် ကူညီပါရန် တိုက်တွန်းလိုက်ပါတယ်။
OIC အဖွဲ့အကြီးအကဲ မစ္စတာ အစ်ကမက်လဒင်း အီစားနို (Ekmeleddin Ihsanoglu) က ဒေါ်အောင်ဆန်းစုကြည်ကို စာနဲ့ရေးသား မေတ္တာရပ်ခံရာမှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တဦးအနေနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် လုပ်ငန်းတွေကို မြန်မာပြည်ထဲရေး ပြဿနာတွေ ဖြေရှင်းရာကနေ စတင်ဆောင်ရွက်လိမ့်မယ်လို့ မိမိတို့ ယုံကြည်ပါကြောင်း ဖော်ပြပါရှိပါတယ်။
အဖွဲ့ဝင် ၅၇ နိုင်ငံ ပါရှိတဲ့ OIC အဖွဲ့ရဲ့ ညွန်ကြားရေးမှူးချုပ် မစ္စတာ အစ်ကမက်လဒင်း အီစားနိုက ဒုက္ခသည်တွေ မိမိတို့ နေရာကို မြန်မြန်ဆန်ဆန် ပြန်နိုင်ရေးအတွက်လည်း တိုက်တွန်း ပြောကြားလိုက်ပြီး ရိုဟင်ဂျာများရဲ့ အခွင့်အရေးတွေ ဖောက်ဖျက်ခံရမှု အပေါ်လည်း စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် သူ့ရဲ့စာထဲမှာ ဆော်ဒီအာရေးဗီးယားနိုင်ငံ ဂျက်ဒါမြို့က OIC ဌာနာချုပ်ကို လာရောက် လည်ပတ်ဖို့လည်း ဒေါ်အောင် ဆန်း စုကြည်ကို ဖိတ်ခေါ်ထားပါတယ်။
Ref: အာရ်အဖ်အေ
အလုပ်သမားအရေး ၈၈ ခေါင်းဆောင်တွေ ပါဝင်ဆွေးနွေး
2012-07-05
စက်မှုဇုန် အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေး တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး အလုပ်သမားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးနဲ့ တာဝန်ရှိသူတွေ ၊ အလုပ်သမားကိုယ်စားလှယ်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က အလုပ်သမားရေး ဆောင်ရွက်သူတွေ လှိုင်သာယာမြို့က ကနောင်မင်းသားကြီး ခန်းမမှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးကြကြောင်း သိရပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲမှာ လက်တလော ဖြစ်ပွားနေတဲ့ မင်္ဂလာဒုံမြို့နယ်က ဖာမိုဆို အထည်ချုပ်စက်ရုံ အလုပ်သမားတွေရဲ့ အရေးကို အဓိက ဆွေးနွေးကြကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။
"အထူးသဖြင့် လုပ်ခလစာပါ။ လုပ်ခလစာမှာ သဘာဝချင်း ကွာတာက တခြားအထည်ချုပ် စက်ရုံတွေမှာက အကူလုပ်သား အဆင့် ဆိုတာရှိတယ်။ တခြားစက်ရုံတွေမှာ အနိမ့်ဆုံးလစာ ညှိနှိုင်းတာက အကူလုပ်သားအဆင့်နဲ့ ညှိတာ၊ ဆိုတော့ အခု ဖာမိုဆို မှာကျတော့ အကူအလုပ်သားအဆင့် မရှိဘူး။ အနိမ့်ဆုံး အဆင့်က ကျွမ်းကျင်လုပ်သားတွေချည်းပဲ ဖြစ်နေတော့ သူတို့လုပ်ခလစာနဲ့ ပတ်သက် လို့က သီးခြားညှိနှိုင်းပေးရတော့မယ် ပေါ့နော်"
အနောက်တိုင်းဝတ်စုံတွေ ချုပ်တဲ့ ဖာမိုဆို စက်ရုံကို ဂျပန်နိုင်ငံသားတစ်ဦး ပိုင်ဖြစ်ပြီး မြန်မာနိုင်ငံမှာ စက်ရုံ ၃ ရုံ တည်ထားပါတယ်။ မင်္ဂလာဒုံ စက်မှုဇုန်က စက်ရုံမှာတော့ အလုပ်သမား (၆၅၄) ဦး ရှိပါတယ်။
သူတို့ကို အခြေခံလုပ်ခလစာ ၁ သောင်း ၄ ထောင်ကျော်ပဲ ပေးတဲ့အတွက် လစာတိုးပေးဖို့ ဇွန်လ ၈ ရက်နေ့ကစပြီး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
အလုပ်သမားတွေရဲ့ ယာယီ အခြေခံလစာ သတ်မှတ်ဖို့အတွက် အလုပ်သမား ၀န်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အလုပ်ရှင်တွေ၊ အလုပ် သမားကိုယ်စားလှယ်တွေ၊ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင်တွေ ဇွန်လ ၅ ရက်နေ့က စတင်ပြီး ညှိနှိုင်းခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့မှာ စက်မှုဇုန် စက်ရုံအလုပ်သမားတွေရဲ့ အနိမ့်ဆုံး ယာယီလစာကို ကျပ် ငါးသောင်း ခြောက်ထောင် ခုနှစ်ရာ (၅၆၇၀၀) သတ်မှတ်ခဲ့ပါတယ်။
Ref: အာရ်အဖ်အေ
ထိုင်းနိုင်ငံရောက် သာသနာပြု လန်ပန်း ဆရာတော်ကြီး ဦးဓမ္မာနန္ဒ ပျံလွန်
2012-07-05
လွန်ခဲ့နှစ်ပေါင်း (၅၀) ကျော်က မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ကြွချီပြီး ပရိယတ္တိ၊ ပဋိပတ္တိစာပေတွေ သာသနာပြု သင်ကြားပေးနေတဲ့ သက်တော် (၉၃) နှစ်၊ ဝါတော် (၇၃) ဝါ ရှိပြီဖြစ်တဲ့ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ရ ဝပ်ထာ့မအို ကျောင်းတိုက် လန်ပန်း ဆရာတော်ကြီး ဦးဓမ္မာနန္ဒဟာ မနေ့ မနက်က လန်ပန်းခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ပျံလွန်တော်မူသွားပါတယ်။
ဆရာတော်ကြီး ပျံလွန်တော်မူတာနဲ့ပတ်သက်လို့ (၁၀) နှစ်ကြာ အနီးကပ် ပြုစုခဲ့တဲ့ အရှင်ဇနကက အခုလို မိန့်ပါတယ်။
“ဆရာတော်ကြီးက ပြီးခဲ့တဲ့နှစ် (၂၇) ရက် ဇူလိုင်လကနေ ဆေးရုံတက်ရတာ၊ အခုဆို တနှစ်နီးပါးပဲပေါ့။ ရင်ကြပ်တာလေးနဲ့ စပြီးတော့ ဆေးရုံတင်လိုက်တာ၊ ဆေးရုံမှာပဲ သက်တောင့်သက်သာ special nurse တွေ ထားပြီးတော့ ဆေးကုသ ထားတာပေါ့နော်၊ ဒီနေ့ မနက်ခင်းပဲ မနက်ခင်း (၅း၅၀) လောက်က ပျံလွန်တော်မှုသွားတာ”
လွန်ခဲ့တဲ့ နှစ်ပေါင်း(၅၀) ကတည်းက ဆရာတော် ဦးဓမ္မာနန္ဒနဲ့ အမေရိကန်မှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးသောဇနရယ်တို့ဟာ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့ အစီအစဉ်အရ ဗုဒ္ဓသာသနာ ပြန့်ပွားရေးအတွက် ထိုင်းနိုင်ငံ နခွန်ဆဝမ်မြို့မှာ စာဝါပို့ချပြီး သီတင်းသုံး နေခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ဝပ်ထာ့မအိုကျောင်းမှာ ကျောင်းထိုင်ဆရာတော် ဖြစ်လာပြီး ပရိယတ္တိ စာသင်တိုက် တည်ထောင်ခဲ့ပါတယ်။ ဆရာ တော် ဟာ ဗုဒ္ဓသာသနာနဲ့ ပတ်သက်လို့ ပါဠိစာပေတွေကို ထိုင်းလူမျိုး အများစုအပါအဝင် နိုင်ငံခြားသားတွေကို သင်ကြားပို့ချပေးခဲ့တာ ဖြစ် ပါတယ်။
အဲဒီလို စာပေသင်ကြားပေးတဲ့အတွက် နာမည်ကျော်ကြားလာပြီး ထိုင်းဘုရင့်သမီးတော် သီရိဒုံ ဆက်ကပ်တဲ့ ကျမ်းပြုအကျော် အမော်ဘွဲ့နဲ့ မြန်မာစာသင်သား ရဟန်းတော်များ တက်ရောက် သင်ကြားနေတဲ့ မဟာချုလာလောင်ကွန်း ဗုဒ္ဓတက္ကသိုလ်က ပါရဂူဘွဲ့ ဆက်ကပ်ခံခဲ့ရပါတယ်။
ထိုင်းနိုင်ငံကို မြန်မာနိုင်ငံကနေ လာပြီးတော့ ပရိယတ္တိ၊ ပဋိပတ္တိစာပေ ပြန့်ပွားရေးအတွက် သာသနာပြုခဲ့တဲ့ အကျော်အမော် ဆရာတော်တွေ ရှိတဲ့အထဲမှာ ပရိယတ္တိစာပေနဲ့ ပတ်သက်လို့ ဆရာတော်ကြီးဟာ နောက်ဆုံးလို့ ပြောရမှာ ဖြစ်ကြောင်းလည်း ဆရာတော် ဦးဇနကက မိန့်ပါတယ်။
ဆရာတော်ရဲ့ အန္တိမ ဈာပနကို (၆) လ (၁) နှစ်ကြာမှ ပြုလုပ်မှာ ဖြစ်တဲ့အတွက် အပတ်တိုင်းမှာတော့ အလှူရှင်အပေါ် မူတည်ပြီး ဝပ်ထာ့မအိုကျောင်းမှာ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်မယ်လို့လည်း သိရပါတယ်။
Ref: အာရ်အဖ်အေ
ငြိမ်းချမ်းသည့်နေအိမ်ကို လွတ်လပ်စွာ တည်ဆောက်သင့် (အယ်ဒီတာ့အာဘော်)
6 July 2012
ဗမာပြည်၌ ပြည်တွင်း ငြိမ်းချမ်းရေးကို လက်နက်ကိုင်တော်လှန်ရေးနှင့် ဒီမိုကရေစီ အတိုက်အခံအင်အားစု အဖွဲ့အစည်း အသီးသီးက အစိုးရနှင့် တရားဝင် ထိပ်တိုက် ရင်ဆိုင်ကာ ပြောဆိုနေကြပေပြီ။ ငြိမ်းချမ်းရေးအတွက် ယခုနှစ်စကတည်းက ဆွေးနွေး အကောင် အထည် ဖော်နေကြသည့် အစိုးရ၀န်ကြီးများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ အပစ်အခတ်ရပ်စဲရေး ကာလအတွင်း ပြောင်းလဲ မှုတချို့ ရှိသည်။ ကြားဖြတ်ရွေးကောက်ပွဲ မဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင် ပြည်ပ ကမ္ဘာသို့ ခရီးထွက်ခွာနိုင်ခဲ့ပြီး ထိုင်းနိုင်ငံရှိ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲ အပါအ၀င် နော်ဝေ၊ အိုင်ယာလန်နှင့် သူမ၏ ၆၇နှစ်မြောက် မွေးနေ့ပွဲကျင်းပရာ ယူကေနိုင်ငံသို့ ရောက်ရှိခဲ့သည်မှာလည်း ထူးခြားသည့် ပြောင်းလဲမှုဟု ဆိုနိုင်သည်။
စစ်ခေါင်းဆောင်မှ အရပ်သားအစိုးရ ဖြစ်လာသည့် သမ္မတ ဦးသိန်းစိန်၏ တနှစ်ကျော်ကြာ အစိုးရသက်တမ်းအတွင်း ပွင့်လင်းလူ့အဖွဲ့အ စည်း ဦးမော့လာသော မျက်မှောက်ကာလ၌ ၈၈မျိုးဆက်ကျောင်းသားများကလည်း လူထုတွင်း ကွင်းဆင်းကာ ပံ့ပိုးကူညီရင်း စည်းရုံး ဟောပြောလာနိုင်ခဲ့ကြသည်။ ယင်းသို့ ပြောင်းလဲလာသည့် အရိပ်အယောင်နှင့်အတူ တစ်ဖက်တွင်လည်း ကချင်၊ သျှမ်း၊ ကရင်ဒေသ များ မှာ မငြိမ်းချမ်းသည့် တိုက်ပွဲသံများကို ထပ်မံ ကြားသိနေရပြီး လူထုအချို့ အသက်အန္တရာယ် မလုံမခြုံ ဖြစ်ရသည်။ ပစ္စက္ခတ် နိုင်ငံရေး အခြေအနေမှာ အရာရာ ယုံကြည်ကိုးစား၍ မရသေးကြောင်း စောင့်ကြည့်လေ့လာသူများ၊ အလွှာအတန်းစား အသီးသီးမှ လူထုများက လည်း ရိပ်စားမိကြသည်။
ယခုငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အစိုးရဘက်မှ တတ်သိပညာရှင်များနှင့် ငွေရှင်ဓနရှင် စီးပွားရေးလုပ်ငန်းရှင် အကျိုးတော်ဆောင်များက နေရာတိုင်း၊ ကဏ္ဍတိုင်းတွင် အချိန်တိုင်း ပါဝင်လျှက်ရှိနေသည်မှာ နိုင်ငံရေးအကဲခတ်များအတွက် စဉ်းစားစရာ ဖြစ်လာနေသည်။ သို့သော် နှစ်ပေါင်းများစွာ မငြိမ်းချမ်းမှုကို ခါးသီး ခံစားလာခဲ့ရပြီး လက်ရှိ ဖြစ်စဉ်တွင် ပြောင်းလဲမှုကို အမှန်တကယ် လိုလားနေကြသည့် ပြည်သူများကမူ ယခုထိတိုင် လယ်ယာမြေ ဥယျာဉ်ခြံမြေများ ဆုံးရှုံးနေရဆဲ၊ လုပ်ငန်းခွင်မှ အလုပ်သမားများက အလုပ်ရှင်ပေးသည့် မလောက်မငှ လစာဖြင့် ရပ်တည်နေရဆဲ၊ ဗမာပြည် အကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေဆဲ၊ ရပ်ရွာအတွင်း အကြမ်း ဖက်မှု ဆိုးရွားပြင်းထန်ခြင်းကို ရခိုင်ပြည်နယ်၌ ကြုံဆုံနေရဆဲအပြင် နယ်စပ်မှ စစ်ပြေးဒုက္ခသည်များ၏ဘ၀မှာလည်း အရာရာ မွန်းကြပ် ခက်ခဲနေဆဲပင်။
ဤမြေမှာနေ၊ ဤရေကိုသောက်၊ ဤတိုင်းပြည်တွင် မွေးဖွားကြသည့် ဗမာပြည်ရှိ အုပ်ချုပ်ခံလူထုအနေဖြင့် အုပ်ချုပ်သူ အစိုးရ၏ ပြည် တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် တစ်ထောင့်တစ်နေရာ၊ တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်လိုကြသည်။ ငြိမ်းချမ်းရေး၏ အနှစ်သာရကို ဖော်ဆောင်ကာ မြင်တွေ့၊ ခံစားလိုကြသည်။ ထိုသို့ လုပ်ဆောင်နိုင်ရန် ကြားခံ အဟန့်အတားဖြစ်နေသည့် မတရားအသင်းနှင့် ဆက် သွယ်မှု ပုဒ်မ ၁၇(၁)ကို အစိုးရအဖွဲ့တွင် သြဇာတိက္ကမ ကြီးမားသူ သမ္မတ ဦးသိန်းစိန်အနေဖြင့် ဖျက်သိမ်းပြီး တိုင်းသိပြည်သိ ထုတ်ပြန် ကြေညာရမည်ဖြစ်သည်။
မအေးချမ်းသေးသည့် တိုင်းရေးပြည်ရေး ဆွေးနွေးရာတွင် ပြဿနာ၏ အဓိက အရင်းအမြစ်နှင့် ဖြေရှင်းနိုင်သည့် နည်းလမ်းကောင်းကို သိရှိရမည် ဖြစ်သည်။ ဆေးရှိသော်ငြား အနာမသိလျှင် ကုသမှုက ထိရောက်မည် မဟုတ်။ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ် အခြေခံရပ်တည်၍ တိုက်ပွဲဝင်လာခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် အစိုးရနှင့် ဆွေးနွေးရာတွင် မိမိတို့၏ ရပ်တည်လိုလားချက်ကို မမေ့မလျော့ ထည့်သွင်းတောင်းဆို ဖော်ပြသင့်သည်။ ၎င်းအပြင် သမ္မတ ပါဝင်သော အစိုးရအဖွဲ့နှင့် တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်တို့ကလည်း တရားဥပဒေစိုးမိုးမှုကို လေးစားရိုသေသောအားဖြင့် အမျိုးသား ပြန်လည်သင့်မြတ် ရေး အတွက် ရိုးသားပြီး စေတနာမှန်စွာ လုပ်ဆောင်ရင်း ငြိမ်းချမ်းရေးကို လွတ်လပ်ပွင့်လင်းစွာ တည်ဆောက်သွားသင့်ပေသည်။
Ref: ကေအိုင်စီ
အုန်းဖျန်ဒုက္ခသည်စခန်းတွင် ငှက်ဖျားပိုးကူးစက်မှု အဆမတန် များပြားလာ
5 July 2012
စောခါးစူးညား
ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရခရိုင်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် ယခုနှစ်အတွင်း ငှက်ဖျားရောဂါပိုးရှိသူ ၁၀၀ကျော်ရှိပြီး ယခင်နှစ် ထက် အဆမတန် ပိုမိုများပြားလာနေသည်ဟု အုန်းဖျန်စခန်းမှ ကျန်းမာရေးတာဝန်ခံ စောဒွဲ့က ပြောသည်။
“အရင်နှစ်(၂၀၁၁)ကဆိုရင် ဇန်န၀ါရီလကနေ ဇူလိုင်အထိ အယောက် ၃၀လောက်ပဲရှိတယ်။ အခုနှစ်တော့ ဇန်န၀ါရီလကနေ အခု ဇူလိုင် လအထိဆိုရင် ၁၅၂ယောက်ရှိနေပြီ။”ဟု သူက ပြောသည်။
ငှက်ဖျားပိုး ကူးစက်ခံရသူများထဲတွင် အသက် ၅အောက် ကလေး ၁၀ဦးနှင့် အသက် ငါးနှစ်မှ နှစ်ငါးဆယ်ကြားအရွယ် လူနာ ၁၄၂ဦးရှိ သည်ဟု သူက ဆက်ရှင်းပြသည်။
လက်ရှိ ငှက်ဖျားရောဂါပိုး ရှိသူများသည် အများအားဖြင့် စခန်းပြင်ထွက်၍ ထိုင်းတောင်ပေါ်ရွာများတွင် ကျဘမ်းနေ့စားအလုပ် လုပ်ကြ သူ များဖြစ်ကြပြီး ယခင်လ ဇွန်လအတွင်းမှာပင် ငှက်ဖျားပိုးကူးစက်ခံရသူ ၇၀ကျော်ရှိကာ အသက် ၃၃နှစ်အရွယ် ဒုက္ခသည်အမျိုး သား တစ်ဦး မှာ သေဆုံးခဲ့သည်ဟု သိရသည်။
အုန်းဖျန်စခန်းအတွင်း ယင်းသို့ ငှက်ဖျားပိုးဖြစ်ပွားသူ များပြားလာခြင်းသည် အတွေ့အကြုံရှိသည့် ၀ါရင့်ကျန်းမာရေးလုပ်သားဟောင်း များက တတိယနိုင်ငံသို့ ထွက်သွားကြပြီး အသစ်ဝင်ရောက်လာသည့် ကျန်းမာရေးဝန်ထမ်းသစ်များက ပညာပေးမှု၊ တတ်ကျွမ်းမှုနည်း သေးသောကြောင့် ဖြစ်သည်ဟု စောဒွဲ့က ဖြည့်စွက်ပြောသည်။
ယင်းကဲ့သို့ ငှက်ဖျားပိုးကူးစက်ခံရသူ များလာသည့်အပေါ် စခန်းအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများက ပညာပေးမှုများ ဆက်လက် လုပ် ဆောင်သွားမည် ဖြစ်သလို စခန်းအတွင်း ကားဖြင့်လှည့်လည်၍ ပြောကြားသွားရန် စီစဉ်ထားသည်ဟု စခန်းတာဝန်ရှိသူများက ပြော သည်။
လူဦးရေ ၂၅,၀၀၀ (နှစ်သောင်းငါးထောင်)ကျော် နေထိုင်သည့် အုန်းဖျန်ဒုက္ခသည်စခန်း၌ လက်ရှိအချိန်တွင် ငှက်ဖျားပိုး ကူးစက်ခံရ သူနှင့် ရိုးရိုးငှက်ဖျားဖြစ်ပွားသူပေါင်း ထောင်ဂဏန်းအထိ ရှိသော်လည်း ယခု ရာသီအတွင်း ဖြစ်ပွားတတ်သည့် တုပ်ကွေး၊ ၀မ်းလျှော၊ နှာစေး၊ ချောင်းဆိုး၊ ကိုယ်ပူရောဂါဖြစ်ပွားသူ အနည်းအကျဉ်းသာ ရှိသည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ်းဟင်၊ ဘန့်ဒုံယမ်း စသည့် ကရင်ဒုက္ခသည်စခန်း ၇ခုရှိသည့်အနက် အုန်းဖျန်မှလွဲ၍ ကျန်ဒုက္ခသည်စခန်းများတွင် ငှက်ဖျားပိုးကူးစက်ခံရသူ မရှိသလောက်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
Ref: ကေအိုင်စီ
ရခိုင် ဒုက္ခသည်စခန်း နိုင်ငံတကာ အန်ဂျီအိုအလှူ လက်မခံ
ဇူလိုင်လ ၀၅ ရက် ၂၀၁၂ ခုနှစ်
ရခိုင်ပြည်နယ် မောင်တောမြို့ရှိ ဒုက္ခသည်စခန်း ကြီးကြပ်သူများက နိုင်ငံခြား အန်ဂျီအိုများ လာရောက်လှူဒါန်းခြင်းကို လက်မခံ ပဲ ငြင်းပယ်လိုက်ခြင်းမှာ မှားယွင်းသည့် လုပ်ရပ်တခု ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ပြောသည်။
မောင်တောမြို့ရှိ ဒုက္ခသည်စခန်း ၇ ခုက အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များတွင် Martayzar အပါအဝင် နိုင်ငံတကာ အန်ဂျီအို အချို့အား ငြင်းပယ်ခြင်းနှင့် ပတ်သက်ပြီး တုံ့ပြန် ပြောဆိုခြင်း ဖြစ်သည်။
“လက်မခံဘူးလို့ ကိုယ့်သဘောနဲ့ကိုယ် ပြောလို့ ဘယ်ရပါ့မလဲ။ လူတွေက အကူအညီ လိုအပ်နေပါတယ်။ အကူအညီ လိုအပ်နေ တာကို လက်မခံဘူးဆိုတော့ မှားနေပြီလေ” ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဗဟိုကော်မတီ ဝင် ဦးစံကျော်လှ က ပြောသည်။
ရခိုင်ပြည်နယ် အခြေအနေမှာ တည်ငြိမ်မှုသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သော်လည်း ဒုက္ခသည်များမှာ ထိန့်လန့်နေ ကြဆဲ ဖြစ် ကြောင်းနှင့် ဒုက္ခသည်များအတွက် အစားအသောက်၊ အနေအထိုင်နှင့် ကလေးငယ်များ ကျောင်းတက် နိုင်ရေးအတွက် အကူအညီ များ စွာ လိုအပ်ဆဲ ဖြစ်ကြောင်း သူက ပြောသည်။
နိုင်ငံတကာ အန်ဂျီအိုများသည် ဘင်္ဂါလီနှင့် ရခိုင်တိုင်းရင်းသားများကို ခွဲခြားဆက်ဆံခြင်း၊ ရိုးသားမှု မရှိခြင်းဟု ယူဆရ သည့်အတွက် ၎င်းတို့၏ အထောက်အပံ့ကို လက်မခံရခြင်း ဖြစ်ကြောင်း ဒုက္ခသည်များ ခိုလှုံရာ စခန်းတခု ဖြစ်သည့် မောင်တောမြို့ရှိ အလိုတော်ပြည့် ကျောင်း ဆရာတော် အရှင်မဏိသာရ က မိန့်သည်။
“အန်ဂျီအို အဖွဲ့အစည်းတွေဟာ လူသား ချင်း စာနာထောက်ထားခြင်း၊ လူမျိုးဘာသာမရွေး ကူညီပံ့ပိုးတယ်လို့ ပြောပါ သော်လည်း ပဲ အရင်က ရခိုင်တိုင်းရင်းသားတွေ ဘာတခုမှ မရခဲ့ပါဘူး၊ ဘင်္ဂလီတွေကိုပဲ ဆေးဝါး အခမဲ့၊ ပညာရေး အခမဲ့၊ ဆန်အခမဲ့ ပေးဝေနေတယ်၊ အခုအချိန်ကြမှ ပံ့ပိုးချင်တယ် ဆိုတာကတော့ စေတနာကော မှန်ရဲ့လား၊ ရိုးကော ရိုးသားရဲ့လား အဲဒီလို မေးခွန်းထုတ်စရာ လိုတယ်။ ဦးဇင်းတို့တော့ မလိုအပ်ဘူးလို့ ထင်တယ်” ဟု ဆရာတော်က မိန့်သည်။
ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ စစ်တွေမြို့ ဌာနချုပ်မှ ဦးစံလှကျော် ကမူ “ဟိုတုန်းကတော့ ရှိတယ်ခင်ဗျ၊ အဲဒီအန်ဂျီအို တွေက မွတ်ဆလင်တွေနဲ့ ရခိုင်တွေ ဆိုရင် မွတ်ဆလင်ဘက်ကို အလေးသာမှာပဲ၊ ဒါလည်း သူတို့ရဲ့ သဘောသဘာဝပါ၊ မွတ်ဆ လင် တွေဘက်ကို အလေးသာနေတဲ့အတွက် အခု ရခိုင်တွေကို ပေးနေတဲ့ အလှူကို လက်မခံဘူး ဆိုရင် ဒါက မဖြစ်သင့်တဲ့ကိစ္စပါ” ဟု ပြောသည်။
မောင်တောမြို့နယ် အကြမ်းဖက်မူ ဖြစ်ရပ်တွင် နိုင်ငံတကာ အန်ဂျီအိုမှ ဒေသခံ ဝန်ထမ်းအချို့ နောက်ကွယ်မှ ပါဝင်ပတ်သက်နေသည့် သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသားများက နိုင်ငံတကာ အန်ဂျီအိုများအပေါ် မကျေနပ်မှုများ ဖြစ်ပေါ် လျက် ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း မေလ ၂၈ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့ထိ ဖြစ်ပျက်ခဲ့သည့် ဆူပူအကြမ်းဖက်မှုကြောင့် လူပေါင်း ၇၈ ဦး သေ ဆုံးပြီး၊ ၈၅ ဦး ဒဏ်ရာ ရရှိကာ၊ မီးလောင်ကျွမ်း ပျက်စီးခဲ့ရသည့် အဆောက်အဦး ၃,၁၅၈ လုံး ရှိကြောင်း အစိုးရ တရားဝင် ထုတ် ပြန်ချက်အရ သိရသည်။နိုင်ငံတကာ အန်ဂျီအိုအဖွဲ့ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် တခုလုံးတွင် ဒုက္ခကြုံနေရသူပေါင်း ၉ဝ,ဝဝဝ ခန့် ရှိကြောင်း သိရသည်။
Ref: မဇ္ဈိမ
ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် ဒေသခံနှင့် သွားရောက် တွေ့ဆုံ
ဖနိဒါ
ဇူလိုင်လ ၀၅ ရက် ၂၀၁၂ ခုနှစ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ မဲဆန္ဒနယ် ရန်ကုန်တိုင်း ကော့မှူး မြို့နယ် ဒေသခံ ပြည်သူများ တင်ပြသည့် အခက်အခဲများကို ဆွေးနွေးခဲ့သည်ဟု သတင်း လိုက်ပါယူခဲ့သူ ပေါ်ပြူလာနယူးစ်က သတင်း ထောက် ကိုဥာဏ်လင်းအောင်က ပြောသည်။
ကော့မှူးမြို့နယ် ဆင်ခြံကျေးရွာ အောင်ဇမ္ဗူပရဟိတ စာသင်တိုက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံ ပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ ရေ၊ လျှပ်စစ်မီး၊ ချေးငွေ၊ အလုပ်အကိုင် ရရှိရေးနှင့် လမ်းပန်း ဆက်သွယ်ရေးများနှင့် ပတ်သက်၍ တင်ပြချက်များကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“ကလေးတွေ ကျောင်းမတက်နိုင်တဲ့ ကိစ္စတွေ၊ သူတို့ဒေသမှာ ဆေးပေးခန်း မရှိတဲ့ ကိစ္စတွေ၊ သန့်စင်တဲ့ရေ မရှိတဲ့ ကိစ္စတွေ ပါတယ်။ အလုပ်လက်မဲ့ ကိစ္စတွေ များသောအားဖြင့် တင်ပြတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူလုပ်ပေးနိုင်တဲ့ ကိစ္စတွေ လုပ်ပေးမယ်၊ တချို့ဟာတွေက အစိုးရနဲ့ ဆိုင်တဲ့ကိစ္စတွေကိုတော့ ညှိနှိုင်းပြီးတော့ သူလုပ်ပေးမယ်လို့ ပြောတယ်” ဟု ကိုဥာဏ်လင်းအောင်က ပြောသည်။
ထို့ပြင် ဒေသခံတဦးက ချေးငွေ ကိစ္စနှင့် ပတ်သက်၍ တင်ပြချက်ကို ဒေါ်အောင်ဆန်းစုကြည်က အသေးစားချေးငွေ ထုတ်ပေးနေသည့် အဖွဲ့တခုနှင့် ချိတ်ဆက်ထားပြီး လာမည့် သုံး၊ လေးလအတွင်း ကော့မှူးမြို့နယ်အတွင်း အကောင်အထည် ဖော်လာမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“ရေကိစ္စကတော့ ကျမတို့ တတ်နိုင်သလောက် လုပ်သွားမှာပါ။ ငွေကိစ္စ ချေးငွေကိစ္စနဲ့ ပတ်သက်လို့၊ အသေးစားချေးငွေ အပြင်မှာ လုပ်နေတဲ့ အဖွဲ့တခုနဲ့ ချိတ်ဆက်ပြီးပြောတယ်။ ဒါဒီဟာကိုတော့ နောက် သုံးလေးလမှာ ဒီကော့မှူးဘက်ကို လာဖို့အတွက် ချိတ် ဆက်ပြီးတော့ လုပ်ကိုင်ဖို့ ကျမတို့ ချိတ်ဆက်ထားပါတယ်။ သုံးလေးလ လောက်မှာ ဖြစ်လာမယ်လို့ ကျမ မျော်လင့်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို တယ်လီဖုန်းမှတဆင့် ဖမ်းယူခဲ့ခြင်း ဖြစ်သည်။
ကော့မှူးမြို့နယ် ကျေးရွာပေါင်း ၆၁ ရွာမှ ကျေးရွာဒေသခံ ၃ဝဝ ကျော် တက်ရောက်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်က သန့်စင်သည့် ရေနှင့် ဆည်ရေများ ရရှိရေးအတွက် မိုးရာသီကုန်ပါက ရေတွင်းများ တူးပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့သည်ဟု သူက မဇ္ဈိမကို ပြောသည်။
ပထမအကြိမ် လွှတ်တော် စတုတ္ထု ပုံမှန်အစည်းအဝေးကို သုံးရက်ကြာ ခွင့်ယူထားစဉ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်အောင် ဆန်းစုကြည်က သူ၏ မဲဆန္ဒရှင် ပြည်သူများနှင့် သွားရောက် တွေ့ဆုံခဲ့သလို၊ ပါတီတွင်း လုပ်ငန်းများကိုလည်း လွှတ်တော်လုပ်ငန်း ဆိုင်ရာကော်မတီနှင့် လွှတ်တော်ဆိုင်ရာ ဆော်သြော်ရေး တာဝန်များကို ပေးအပ်ခဲ့သည်။
NLD လွှတ်တော်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ဦးဆောင်မှုပေးနိုင်ရေးအတွက် “လွှတ်တော် လုပ်ငန်းဆိုင်ရာ ကော်မတီ”ကို ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီတွင် ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခုနှစ်ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
ထို့ပြင် လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များ ပံ့ပိုးကူညီနိုင်ရန် “လွှတ်တော်ဆိုင်ရာ ဆော်သြော်ရေး”မှူး အဖြစ် တောင်တွင်း ကြီး မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်နှင့် လက်ထောက် ဆော်သြော်ရေးမှူးအဖြစ် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းအား ခန့်အပ်ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော် (ခ) ဦးဖြိုးဇေယျာသော်ကို ဒေါ်အောင်ဆန်းစု ကြည်၏ လွှတ်တော်ဆိုင်ရာ အရာရှိအဖြစ် ခန့်အပ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ မဲဆန္ဒနယ်မြေသို့ ရွေးကောက်ပွဲပြီးနောက် ဧပြီလ ၁၇ ရက်နေ့ကလည်း ဒေါ်ခင်ကြည် ဖောင်ဒေး ရှင်းမှ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ကံစမ်းမဲ ဖောက်၍ ဆုငွေ ပေးအပ်ခဲ့သည်။ ကြားဖြတ် ရွေးကောက်ပွဲ မကျင်းပမည် တကြိမ် ယခုတကြိမ်ဆိုလျှင် သုံးကြိမ်မြောက် ဒေသခံ ပြည်သူများနှင့် သွားရောက် တွေ့ဆုံခြင်း ဖြစ်သည်။
Ref: မဇ္ဈိမ
တိုင်းရင်းသားတန်းတူရေး လွှတ်တော်က ဥပဒေပြဋ္ဌာန်းပေးသင့်ဟု သမ္မတပြော
မျိုးသန့်
ဇူလိုင်လ ၀၅ ရက် ၂၀၁၂ ခုနှစ်
သမ္မတ နှစ်ဦး ဦးဆောင်ပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီ၏ ပထမဆုံး အစည်း အဝေး တွင် တိုင်းရင်းသားတို့ တန်းတူအခွင့်အရေးရရှိရန် လွှတ်တော်မှ ဥပဒေ ပြဋ္ဌာန်းဆောင်ရွက်ပေးသင့်ကြောင်း သမ္မတ ဦးသိန်းစိန်မှ မှာကြား သည် ကို နိုင်ငံတော် သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။
နေပြည်တော် သမ္မတ အိမ်တော်တွင် ဇွန်လ ၃ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီ နှစ် လပြည့် သည့်နေ့ ပထမဆုံးစည်းဝေးမှုတွင် တိုင်းရင်းသားများ အခွင့်အရေး အတွက် ဥပဒေ တရပ် ပြဋ္ဌာန်းမှသာ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များ ပိုမိုအောင်မြင်မည် ဟုလည်း သမ္မတ ဦးသိန်းစိန်က ပြောသွားသည်။
"တိုင်းရင်းသားများအတွက် အသက်တမျှ အရေးကြီးတဲ့ ဥပဒေတရပ်ပြဋ္ဌာန်းထားသော တန်းတူရည်တူ အခွင့်အရေးများနဲ့ အခြား
သော တိုင်းရင်းသားများ အခွင့်အရေးများကို လွှတ်တော်မှ လေ့လာသုံးသပ်ပြီး ဥပဒေ ပြဋ္ဌာန်းပေးမယ်ဆိုရင် မိမိတို့ တာဝန်ယူ ဆောင်ရွက်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဗဟိုကော်မတီရဲ့ လုပ်ငန်းများ အလျင်အမြန် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။" ဟု သမ္မတက ပြောသွား သည်။
သမ္မတက "ပြည်ထောင်စု မြန်မာနိုင်ငံကို တိုင်းရင်းသားအားလုံး ပိုင်ဆိုင်ကြသည့်အတွက် တန်းတူရည်တူ ဆက်ဆံမှုနဲ့ တန်းတူရည်တူ အခွင့်အရေးရသင့်သူများ ဖြစ်ကြပါတယ်။ တိုင်းရင်းသားတို့ရဲ့ တူညီတဲ့ အဓိကဆန္ဒဟာ ပြည်ထောင်စု အတွင်း တိုင်းရင်းသား လူမျိုး စုအားလုံး တန်းတူရည်တူ ဆက်ဆံမှုနဲ့ တန်းတူရည်တူ ညီမျှစွာ အခွင့်အရေး ရရှိရေးပင် ဖြစ်ပါတယ်။" ဟုလည်း ပြောသွားသည်။
ယင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၃၆၅ တွင်ပါရှိသည့် "နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ မိမိတို့အမြတ်တနိုး ထားရှိသော စာပေ၊ ယဉ်ကျေးမှု အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင် ဆောင်ရွက်ပိုင်ခွင့် ရှိသည်။" ဟူသည့် အပိုဒ်ကို ကိုးကားထည့်သွင်း ပြောကြားသွားသည်။
ထို့ကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မထိခိုက်အောင် လွှတ်တော်မှ ဥပဒေများ ပြဋ္ဌာန်းပေးပါက တိုင်းရင်းသား တို့၏ လိုအင် ဆန္ဒ ပြည့်ဝမည်ဖြစ်ပြီး အမျိုးသား ပြန်လည်ပေါင်းစည်းညီညွတ်ရေးနှင့် တိုင်းရင်းသား ပဋိပက္ခများ ပြေလည်သွားနိုင် သည်ဟုလည်း ပြောသွားသည်။
စစ်အစိုးရထံမှ ၂၀၁၁ ခုနှစ် မတ်လအတွင် အာဏာလွှဲပြောင်းရယူခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်က ပြုပြင် ပြောင်းလဲမှုများနှင့် ပတ်သက်၍ "စနစ်ဟောင်းမှ စနစ်သစ်သို့ ကူးပြောင်းရာမှာ ပြည်သူတွေဟာ စာရွက်ပေါ် တွင်သာ ကူးပြောင်း ခြင်းမျိုး မဟုတ်ဘဲ လက်တွေ့ကျတဲ့ အပြောင်းအလဲကို လိုလားနေခြင်းဖြစ်ပါတယ်။ " ဟုလည်း သမ္မတက ဖြည့်စွက်ပြောကြား သည်။
သမ္မတ ဦးသိန်းစိန် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် မေလ ၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ် ဆောင်ရေး ဗဟိုကော်မတီတွင် ဒုသမ္မတ ရာထူးမှ အနားယူသွားပြီ ဖြစ်သည့် သူရသီဟ ဦးတင်အောင်မြင့်ဦး၊ ဒုတိယသမ္မတ ဒေါက် တာ စိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဒုတိယ ဗိုလ်ချုပ်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးလှမင်း၊ ဗိုလ်ချုပ်ကြီး သိန်း ဋ္ဌေးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်တို့က အဖွဲ့ဝင်များအဖြစ် ပါဝင်ဖွဲ့စည်းထားသည်။
Ref: မဇ္ဈိမ
Thursday, July 5, 2012
လစာခုနှစ်သောင်းရရှိမည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား ပြည်သူ့ဆန္ဒနှင့်ရွေးချယ်မည်
စည်သူနိုင်(မြစ်မခ)
5 Jul, 2012
ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ရပ်ကွက်နှင့်ကျေးရွာများအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ရပ်ကွက်(သို့မဟုတ်) ကျေးရွာ အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေအရ ပြည်သူ့ဆန္ဒနှင့်အညီရွေးချယ် တင်မြှောက်ခန့်အပ်သွားမည်ဖြစ်သည်ဟု လွှတ်တော် ကိုယ်စား လှယ်များထံက သိရှိရသည်။
“လက်ရှိအုပ်ချုပ်ရေးမှူးတွေကတော့ ပြည်သူအများကရွေးကောက်ထားတာမဟုတ်ဘူး၊ နည်းဥပဒေအရတော့ ပြည်သူဆန္ဒနဲ့ အညီ ရွေးချယ်တင်မြှောက်ရမှာပါ။ ဒါဆိုရင် ပြည်သူက ယုံကြည်ကိုးစားနိုင်မယ့်၊ ပြည်သူ့အကျိုး၊ ရပ်ရွာအကျိုးကို စွမ်းစွမ်း တမံ ဆောင်ရွက် နိုင်မယ့်အုပ်ချုပ်ရေးမှူးတွေ ထွက်ပေါ်လာနိုင်ပါတယ်” ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြောသည်။
လက်ရှိအချိန်တွင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေများကို အဆင့်ဆင့်တင်ပြဆောင်ရွက်လျက် ရှိပြီး နိုင်ငံတော် တစ်ဝှမ်းလုံးရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် ချီးမြှင့်ထောက်ပံ့ ငွေနှင့် အုပ်ချုပ်ရေးမှူးရုံး အသုံး စရိတ် ထောက် ပံ့ငွေများချီးမြှင့်ထောက်ပံ့နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဇူလိုင်လ(၄)ရက်နေ့က ကျင်းပခဲ့သောပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေကို အစိုးရအဖွဲ့သို့ တင်ပြထားပြီးဖြစ်ကြောင်း၊ အစိုးရအဖွဲ့မှ လွှတ်တော်သို့ တင်သွင်း ကာ လွတ်တော်၏ အတည်ပြုချက်ရရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား လစာ ငွေ(၇၀၀၀၀) နှင့် ရုံးအသုံးစရိတ်ငွေ (၅၀၀၀၀) ပေးအပ်နိုင်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
“ရပ်ကွက်တစ်ခုမှာ အမှုတစ်ခုကို ဖြေရှင်းပေးနိုင်တဲ့သူမျိုးကို အများဆန္ဒနဲ့ ခန့်ရမယ်ဆိုတော့ ကောင်းပါတယ်။ အစိုးရက သတ်မှတ် ပေးတဲ့ လစာနဲ့ဆိုအဆင်ပြေနိုင်ပါတယ်။ အခုက သူတို့အချင်းချင်း နားလည်ပြီး ခန့်ထား ကြတာဆိုတော့ ရပ်ကွက်မှာနေတဲ့သူတွေနဲ့ အဆင်မပြေတာလဲ ရှိတယ်”ဟု နေပြည်တော်၊ ပန်းခင်း (၃)မှ ကိုနေဇာထွန်းက ပြောသည်။
အဆိုပါ နည်းဥပဒေပေါ်ထွက်လာပါက ဘက်ဂျက်အား အတည်ပြုရန်သာလိုအပ်ပြီး တစ်နိုင်ငံလုံးအနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး (၁၀၀၀၀)ကျော်ခန့်ရှိကာ ၄င်းတို့အား လစာနှင့် ရုံးအသုံးစရိတ်ထောက်ပံ့ပေး နိုင်ရန် တစ်နှစ်လျှင် ငွေကျပ် (၂၀) ဘီလီယံခန့် ကုန် ကျမည်ဖြစ်ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၂၈၉)တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တာဝန်ပေးအပ်ရာတွင် ရပ်ရွာက ကြည်ညိုလေး စားပြီး သိက္ခာသမာဓိရှိသည့်ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေနှင့်အညီခန့် အပ်တာဝန်ပေး ဆောင်ရွက်စေရမည်ဟု ဖော်ပြပါရှိသည်။
Ref: မြစ်မခ
သေမင်းတမန် မီးရထားလမ်းအား ထိုင်းနိုင်ငံနှင့်စီးပွားရေးချိတ်ဆက်လမ်းကြောင်းအဖြစ် သုံးမည်
ကျော်ဇင်မန်း(မြစ်မခ)
5 Jul, 2012
မြန်မာနိုင်ငံအတွင်းရှိ မွန်ပြည်နယ် သံဖြူဇရပ်မြို့နှင့် ထိုင်းနိုင်ငံတို့ကို ဆက်သွယ်ထားသော သေမင်းတမန် မီးရထား လမ်းဖောက် လုပ်ခြင်းအား ယခုနှစ်မိုးတွင်းအကုန်တွင် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ရထားပို့ဆောင် ရေးဝန်ကြီး ဦးအောင် မင်းက နေပြည်တော်တွင်ပြုလုပ်သော သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ ၌ ပြောကြားခဲ့သည်။
“ဒီလမ်းကြောင်းကို ဖွင့်ပေးလိုက်ခြင်းအားဖြင့် အဲဒီ့မှာ တိုင်းရင်းသားတွေရှိတယ်။ နောက်ပြီး ဟိုဘက်မှာရှိတဲ့ ထိုင်းနိုင်ငံနဲ့ လည်း စီးပွားရေးလမ်းကြောင်းတွေဖွင့်လို့ရပါတယ်။ အဲဒါကြောင့်မို့လို့ ဒီလမ်းကြီးက လုပ်သင့်တဲ့လမ်းဖြစ်ပါတယ်။ မိုးကုန် ရင် ကျွန်တော်တို့ စပြီးလုပ်ဖို့ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ပြောချင်ပါတယ်”ဟု ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောသည်။
သေမင်းတမန်မီးရထားလမ်းအား ပြန်လည်ဖောက်လုပ်ရာတွင် ယခင်လမ်းဟောင်းတာဘောင်များအတိုင်း အတတ်နိုင်ဆုံး ပြန်လည် အသုံးပြုသွားမည်ဖြစ်ပြီး အချိန်အားဖြင့် အနည်းဆုံး(၃)နှစ်ခန့် ကြာမြှင့်မည်ဖြစ်ကြောင်းသိရသည်။
“ရထားလမ်းတစ်ခုဖောက်လုပ်တာကတော့ ကားလမ်းဖောက်သလောက်တော့ မမြန်ဘူး။ ၂ နှစ် ၃ နှစ်လောက်တော့ ကြာမှာပေါ့။ မိုးကုန်ရင် အဲဒီ့လုပ်ငန်းကြီးကို ဆက်ပြီးတော့ လုပ်နိုင်အောင် ကျွန်တော်တို့ ပြင်ဆင်ထားပြီးသား ဖြစ်ပါတယ်။ နဂိုလမ်းကြောင်း တာဘောင်ရှိပါတယ်။ အဲဒီ့တာဘောင် အဟောင်းတွေကို ပြန်သုံးမှာဖြစ်ပါတယ်”ဟု ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းက ဆက်၍ပြောသည်။
အဆိုပါသေမင်းတမန်မီးရထားလမ်းအား စတင်ဖောက်လုပ်ရာတွင် (၁) ဒုတိယကမ္ဘာတွင် ဂျပန်တို့အောင်နိုင်ရေးအတွက် အထူးအရေး ကြီးသော လက်နက်ခဲယမ်းများ အမြန်ဆုံးသယ်ယူပို့ဆောင်နိုင်ရေး၊(၂) မြန်မာနိုင်ငံမှ ထွက်ကုန် သွင်းကုန် များကို မြန်ဆန်စွာ သယ် ယူပို့ဆောင်နိုင်ရေး၊ (၃) မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများ လွယ်ကူစွာမဟာမိတ် ချစ်ကြည်မှု ပြုလုပ် နိုင်ရေး၊ (၄) စစ်ဒဏ်ကြောင့် မြန်မာလူမျိုးများ ဆင်းရဲကျပ်ကျပ်တည်းလျက်ရှိရာ မီးရထားလမ်းဖောက်လုပ်ပြီးစီးပါက မြန်မာပြည် ချမ်းသာလာစေရေး စသည့် ရည်ရွယ်ချက်(၄) ချက်ဖြင့် စတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီလမ်းက ကျွန်တော်ပြောတာက လုပ်ရမှာ လွယ်ပါတယ်။ ဘာလို့လဲဆိုတော့ နဂိုလမ်းက ရှိပြီးသားပဲ။ စရိတ်တော့ ကုန်မယ် ဒါပေမယ့် မြန်မြန်ပြီးနိုင်တယ်။ စီးပွားရေးကုန်သွယ်မှုအပိုင်းမှာလည်း ဖွံ့ဖြိုးလာနိုင်တယ်။ ဒီရထားလမ်းက ကျွန်တော်သိသလောက် ဆိုရင် ၁၉၄၅ ခုနှစ် စစ်ပြီးကတည်းက ပိတ်ထားလိုက်တာ။ တကယ်ပြန်လုပ်ဖြစ်မယ်ဆိုရင်တော့ ကောင်းတဲ့ဘက် များမှာပါ”ဟု မွန်အမျိုးသားဒီမိုကရေစီပါတီမှ ဥက္ကဌဖြစ်သူ ဦးနိုင်ငွေသိမ်း ကပြောသည်။
သေမင်းတမန်မီးရထားလမ်းကို ၁၉၄၂ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖောက်လုပ်ခဲ့ပြီး ရထားလမ်းဖောက်လုပ်ရာတွင် မြန်မာနိုင်ငံသား ရှစ်သောင်းကျော်နှင့် မဟာမိတ်တပ်သား တစ်သောင်းကျော် အသက်ဆုံးရူံးခဲ့ရသည့်အတွက် သေမင်း တမန်ရထားလမ်း အဖြစ်ထင် ရှားခဲ့ကြောင်းသိရသည်။
အဆိုပါရထားလမ်းသည် မိုင်ပေါင်း(၂၅၀)ကျော်ရှည်လျားပြီး ၁၉၄၃ ခုနှစ် အောက်တိုဘာလတွင် ရထားလမ်းဖောက်လုပ် ပြီးစီးသည့် အထိမ်းအမှတ်ပွဲ ကျင်းပခဲ့ကြောင်းကိုလည်း သိရသည်။
Ref: မြစ်မခ
မိုဘိုင်းဆက်သွယ်ရေးရုံးများ၌ (၅)သိန်းCDMA 800 ဖုန်းကဒ်များအား တစ်ဝက်ဈေးဖြင့်ရောင်း
ယမင်း (မြစ်မခ)
5 Jul, 2012
ရန်ကုန်မြို့ရှိ မိုဘိုင်းဆက်သွယ်ရေးရုံးများတွင် ကျပ်ငါးသိန်းဖြင့်ရောင်းချခဲ့သော လက်ကျန် CDMA 800 MHz မိုဘိုင်းဖုန်းကဒ်များအား ဇူလိုင်လလဆန်းပိုင်းမှစ၍ ကျပ်နှစ်သိန်းငါးသောင်းနှုန်းဖြင့် ရောင်းချ ပေးလျှက် ရှိကြောင်း သိရသည်။
“အရင်က ငါးသိန်းတန် CDMA 800 မိုဘိုင်းဖုန်းတွေကို အခု နှစ်သိန်းခွဲနဲ့ မြန်မာ့ဆက်သွယ်ရေးရုံးမှာ (၂)ရက်နေ့ကတည်းက ရောင်း ပေးနေပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၌ CDMA 800 MHz မိုဘိုင်းဖုန်းကဒ် အရေအတွက်(၂)သိန်း ကျော်ခန့်တပ်ဆင်ပေးပြီးဖြစ်ကြောင်း အလုံမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရသည်။
“၂သိန်းခွဲနဲ့ချပေးတဲ့ CDMA 800ဖုန်းတွေက ဘယ်နှစ်လုံး တပ်ဆင်ပေးမယ်ဆိုတာတော့ အတိအကျ မသိသေးပါဘူး။ အခုလော လောဆယ်တော့ ကန့်သတ်ထားတာ မရှိသေးပါဘူး။ လျှောက်ထားသူ လည်း နည်းသေးတယ်”ဟု CDMA 800 MHz ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ကျန် CDMA 800 MHz မိုဘိုင်းဖုန်းများအား အလုံ၊ ပန်းဆိုးတန်း၊ ရွှေဂုံတိုင်၊ လမ်း (၄၀)ရှိ မိုဘိုင်းဆက်သွယ်ရေး ရုံးများတွင် ၀ယ်ယူနိုင်ကြောင်း သိရသည်။
“ CDMA 800ဖုန်းကို ကျွန်တော်တို့ ဆီမှာတော့ ၀ယ်လို့မရပါဘူး။ မြန်မာ့ဆက်သွယ်ရေး ရုံးတွေ မှာတော့ ရောင်းချပေးနေတယ်”ဟု (၈)မိုင် Elite ရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိုဘိုင်းဆင်းကဒ်ဝယ်ယူ(ငှားရမ်း)သုံးစွဲရာ၌ မြန်မာ့ဆက်သွယ်ရေးရုံးများတွင် နေ့ချင်းပြီး လျှောက်ထားဝယ်ယူနိုင်ပြီး ပုဂ္ဂလိက အရောင်းဆိုင်များတွင် (၁)ရက်မှ (၂)ရက်အထိကြာမြင့်ကြောင်းကိုလည်း သုံးစွဲသူများထံက သိရသည်။
“ကျွန်တော်တို့ အပြင်မှာဝယ်ရင် တစ်ရက်နှစ်ရက်လောက်ကြာမယ်လို့ပြောတယ်။ ဆက်သွယ်ရေးရုံး တွေမှာဆို နေ့ဝက်လောက်နဲ့ ရတယ်။ ကျွန်တော်တွေ့တာတော့ အခုနောက်ပိုင်း ၂သိန်းတန် GSM ဖုန်းတွေပဲ လျှောက်တာ များတယ်။”ဟု အလုံမိုဘိုင်းဆက်သွယ် ရေးရုံးတွင် GSM ဖုန်းဆင်းကဒ် လာ ရောက် လျှောက်ထားသူ ကိုဇော်ဌေးက ပြောသည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများတွင် ကနဦးတပ်ဆင်ခအနေဖြင့် ယခင် ကျပ် ငါးသိန်း တန် CDMA 800 MHz မိုဘိုင်းဖုန်း (၀၉.၇၃၀…..)များကို ကျပ်ငွေ (၂)သိန်း (၅)သောင်း၊GSMမိုဘိုင်း ဖုန်း (၀၉.၄၂၀….)များအား ကျပ်ငွေ (၂)သိန်းနှင့် WCDMA မို ဘိုင်းဖုန်း (၀၉.၄၅….)ကို ကျပ်ငွေ (၂) သိန်း(၅)သောင်းနှုန်းဖြင့် နေ့ချင်းပြီး ၀ယ်ယူ(ငှားရမ်း)နိုင်ကြောင်း သိရသည်။
Ref: မြစ်မခ
လွှတ်တော်စပြီ
2012-07-04
နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ လွှတ်တော် စတုတ္ထအကြိမ် အစည်းအဝေးကို အတိုက်အခံ ပါတီကြီးတစ်ခုဖြစ်တဲ့ အမျိုး သားဒီမို ကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီကနေ့ အစည်းအဝေးမှာ ကျမ်းသစ္စာ ကျိန်ဆိုဖို့ ကျန်ရှိနေသေးတဲ့ NLD လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း ၊ ဦးဖြိုးဇေယျာ သော်နဲ့ ဒေါ်စန္ဒာမင်းတို့က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ခွင့်ယူထားတဲ့အတွက် ဇူလိုင်လ ၉ ရက်နေ့မှ လွှတ်တော်အစည်းအဝေး တက်ရောက်မှာ ဖြစ်ပါတယ်။
ဒီကနေ့ လွှတ်တော်အစည်းအဝေး အတွေ့အကြုံကို ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။
"လွှတ်တော်ကပေါ့လေ၊ ဒီကနေ့ အတော်တန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတာကို တွေ့ရပါတယ်။ တကယ့် နိုင်ငံအရေးပေါ့လေ။ ဆွေးနွေးနိုင်ဖို့အတွက် ကိုယ်စားလှယ်တွေက တော်တော် ထက်ထက်သန်သန်ပေါ့။ ဆွေးနွေးကြတာ တွေ့ရပါတယ်။ NLD ကလည်း တင်သွင်းဖို့ အဆိုတင်ထားတွေ ရှိတယ်။ ဒီနေ့ အစီအစဉ်မှာတော့ မပါသေးဘူး"
အခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးမှာ NLD ပါတီက ရခိုင်ပြည်နယ်က အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ကိစ္စရပ်အပြင် မြန်မာ နိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြဖို့ရှိကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး NLD ပါတီက တရားဝင် ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိပါဘူး။
ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ ဇလွန် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၀န်ကြီးဟောင်း ဦးတင်ထွဋ်က လယ်ယာ မြေတွေ သိမ်းဆည်းခံရခြင်း ကိစ္စရပ်နဲ့ ပတ်သက်ပြီး စုံစမ်းလေ့လာဖော်ထုတ်ဖို့ နဲ့ တောင်သူလယ်သမားတွေ နစ်နာမှု မရှိစေရေးကို တရားမျှတစွာ ဖြေရှင်းပေးဖို့အဆို တင်သွင်းခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် တက္ကသိုလ် ပညာရေး ဥပဒေကြမ်းကို ဥပဒေပြုစုရေး ကော်မတီက တင်သွင်းအဆိုပြု တင်သွင်းကြောင်းနဲ့ ဥပဒေနဲ့အညီ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြန်လည် ရွေးချယ်ခြင်း ကိစ္စကိုလည်း ဆွေးနွေးကြကြောင်း သိရပါတယ်။
Ref: အာရ်အဖ်အေ
ကချင်စစ်ပြေးဒုက္ခသည်ကိစ္စ HRW ထုတ်ပြန်ချက် တရုတ်အာဏာပိုင် ငြင်းဆို
2012-07-04
မြန်မာနိုင်ငံ ကချင်ပြည်နယ်ကနေ နယ်မြေ မအေးချမ်းမှုကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲ ၀င်ရောက်ခိုလှုံလာတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ကချင်ပြည်နယ်ထဲ အတင်းအဓမ္မ ပြန်ခိုင်းတာမျိုး မလုပ်ခဲ့ဘူးလို့  တရုတ်နယ်စပ် အာဏာပိုင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့လအတွင်း ကချင်ပြည်နယ်က ၀င်ရောက်လာကြတဲ့ ဒုက္ခသည်တွေကို နယ်စပ်ဖြတ်ကျော် ၀င်ရောက်တဲ့ ကိစ္စတွေမှာ တရုတ် အာဏာပိုင်တွေက အကူအညီမပေးဘဲ နေရပ်ဒေသကို အဓမ္မပြန်ခိုင်းနေတယ်ဆိုတဲ့  စွပ်စွဲချက် အစီရင်ခံစာ တစ်စောင် Human Rights Watch လူ့ အခွင့်အရေး စောင့်ကြည့်အဖွဲ့ က ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး အခုလို တုံ့ပြန် ပြောသွားတာပါ။
ဒေဟွန်းစီရင်စုက အစိုးရ အရာရှိတစ်ဦးက မြန်မာအစိုးရတပ်တွေနဲ့  ကချင် KIA လွတ်မြောက်ရေး တပ်မတော်တို့  တိုက်ပွဲတွေဖြစ်တဲ့ မနှစ် ဇွန်လ ကစပြီး ဒေဟွန်း စီရင်စုထဲကို ၀င်ရောက်လာတဲ့ ဒုက္ခသည် အရေအတွက် သိသိသာသာ မြင့်တက်လာတာ၊ ခွင့်ပြုကာလကျော်ပြီး နေတာမရှိကြောင်း၊ ဆွေမျိုးသားချင်း ရှိသူတွေသာ ခေတ္တခဏ လာရောက်ခိုလှုံကြပြီး ဟိုမှာ အခြေအနေ အေးသွားတဲ့အခါ နေရပ်ကို ပြန်သွားကြကြောင်း ပြောပါတယ် ။
Ref: အာရ်အဖ်အေ
လုပ်ငန်း ပြန်လည်လုပ်ကိုင်ခွင့်ပြုဖို့ ရွှေလုပ်သားများ အသနားခံစာတင်
2012-07-04
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီး ကျေးရွာအုပ်စု၊ ကျောက်ဖြူကျေးရွာ ဇရပ်အိုင် ဒေသခံတွေရဲ့ ရွှေလုပ်ကွက်ကို ကယားပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ရဲ့ ကုမ္ပဏီကို လုပ်ပိုင်ခွင့် ချထားပေးလိုက်လို့ ဒီကိစ္စ ပြန်လည်စဉ်းစား သုံးသပ်ပေးဖို့ ဒေသခံတွေက ပြည်နယ် ၀န်ကြီးချုပ်ဆီ တနင်္လာနေ့က အသနားခံစာ တင်လိုက်ပါတယ်။
၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ မြို့နယ် အာဏာပိုင်အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်နဲ့ ဒေသခံ သုံးဦးနံမည်နဲ့ တစ်ဦးကို ၁ ဧကခွဲနှုန်းနဲ့ မြေနေရာ ၄ ဧကခွဲမှာ ရွှေတူးဖော်ခဲ့ကြတယ်လို့ ပြောပါတယ်။
ဒီလိုလုပ်နေရင်း လက်လုပ်လက်စားတွေကို ရွှေရှာခွင့် ပိတ်ပင်လိုက်တဲ့အတွက် မြစ်ငယ်မြို့က မိုးထိရွှေစင်ကုမ္ပဏီနဲ့ ဒေသခံတွေ စပ်တူ ရွှေတူးခွင့် လျှောက်ထားခဲ့တယ် ဆိုပါတယ်။
ခွင့်ပြုချက် မကျလို့ တနင်္လာနေ့က သွားရောက် စုံစမ်းတဲ့အခါ တခြားကုမ္ပဏီကို ချထားပေးလိုက်ပြီလို့ သိရတဲ့အတွက် အသနားခံစာ တင်ကြတာလို့ ဒေသခံရွှေလုပ်သား တစ်ဦးကပြောပါတယ်။
"မိုးထိရွှေစင် ကုမ္ပဏီဆိုပြီးတော့ ကျွန်တော်တို့ ဒေသခံတွေက မန္တလေးတိုင်း အစိုးရအဖွဲ့ကို လျှောက်တယ်ပေါ့။ ရဲထွဋ်ကျော် ကုမ္ပဏီ ပေါ့နော်။ ပိုင်ရှင်က ကယားပြည်နယ်က လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်တင်လို့ ပြောတယ်။ နှစ်ဦး အပြိုင် လျှောက်ကြတာပေါ့။ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို လျှောက်တဲ့ အချိန်လည်း ကျွန်တော်တို့က စောတယ်။ ဘယ်သူမှလည်း မဝင်ဘူး။ ဒီတိုင်းပဲ နေတာ ပေါ့နော်။ လုပ်ငန်းကတော့ ဒီသတ္တုတွင်း ကနေပြီးတော့မှ တရားဝင် မကျသေးတော့ မလုပ်ပါနဲ့ ဆိုပြီးတော့ ကျွန်တော်တို့ကို နားခိုင်း ထားတယ်ပေါ့။ တိုင်းအစိုးရ ဝန်ကြီးချုပ်ရုံးကို သွားတဲ့အခါကျတော့ ရဲထွဋ်ကျော်ကို ပေးလိုက်ပြီတဲ့၊ ပြီးခဲ့တဲ့ ကြာသပတေး အစည်း အဝေးကလို့ ပြောတယ်။ ဝန်ကြီးချုပ်ရဲ့ မှတ်ချက်ထဲမှာတော့ ကျွန်တော်တို့ မိုးထိရွှေစင်ကို မပေးဘူးပေါ့။ အဲလိုပြောတဲ့ အခါကျတော့ ရွှေလုပ်သားတွေရဲ့ မှတ်ပုံတင်နံပါတ်ရယ်၊ နာမည်ရယ်၊ လက်မှတ်ရေးထိုးပြီးတော့မှ ဝန်ကြီးချုပ်ရုံးကို အသနားခံစာ တင်ခိုင်းလိုက်တယ်"
ရွှေလုပ်သား ၃၇ ဦးက အသနားခံစာ တင်တာလို့ ဆိုပါတယ်။ ဒေသခံတွေမှာ ကိုယ်ပိုင်ကုမ္ပဏီ မရှိတဲ့အတွက် မိုးထိရွှေစင် ကုမ္ပဏီ နံမည်နဲ့ လုပ်ကွက်ချထားပေးဖို့ လျှောက်ထားခဲ့တာ ဖြစ်ကြောင်း၊ ရရှိတဲ့ ရွှေပမာဏရဲ့ သုံးပုံတပုံကို ကုမ္ပဏီကို ရှယ်ယာခွဲဝေပေးမယ့် သဘောတူညီချက်လည်း ရှိကြောင်း ဒေသခံ ရွှေလုပ်သားတွေက ပြောပါတယ်။
Ref: အာရ်အဖ်အေ
ဒုတိယ သမ္မတ နုတ်ထွက်
2012-07-04
ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နုတ်ထွက်ကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ သဝဏ်လွှာကို ဒီကနေ့ နေပြည်တော်မှာ စတင် ကျင်းပတဲ့ စတုတ္ထအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။
ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ဒီကြေညာချက်ကို အခုလို ဖတ်ပြပါတယ်။
"ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးသည် ၄င်း၏ ကျန်းမာရေး အခြေအနေအရ ဆန္ဒ အလျောက် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်မှစ၍ ဒုတိယ သမ္မတ ရာထူးတာဝန်မှ နုတ်ထွက်ပါကြောင်း"
ဦးတင်အောင်မြင့်ဦးဟာ ကျန်းမာရေး အခြေအနေကြောင့် စင်ကာပူနိုင်ငံတွင် ဧပြီလ ၁၈ ရက်နေ့မှ စတင်ကာ မေလ ၁၄ ရက်နေ့အထိ ဆေးကုသမှု ခံယူခဲ့ပြီး ပြန်လည် သက်သာလာခြင်း မရှိတဲ့အတွက် ဇွန်လ ၃၀ ရက်နေ့အထိ ၎င်းရဲ့နေအိမ်မှာ အနားယူနေခဲ့တယ်လို့ သမ္မတရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ သူဟာ ရေရှည်ဆေးဝါးကုသဖို့ လိုအပ်တဲ့အတွက် ဇူလိုင်လ ၁ ရက်နေ့ကစပြီး ဒုတိယ သမ္မတ အဖြစ်က နုတ်ထွက်ခွင့်ပြုကြောင်း သမ္မတရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။
ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးဟာ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်တင်မြှောက်ခြင်း ခံရသူဖြစ်တဲ့အတွက် လစ်လပ်သွားတဲ့ သူ့ရဲ့နေရာကို စစ်တပ်ကိုယ်စားလှယ် အစုအဖွဲ့က ခုနှစ်ရက်အတွင်း ရွေးချယ်ရမှာ ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ် တော် နာယက ဦးခင်အောင်မြင့်က ပြောပါတယ်။
"လစ်လပ်သွားသော ဒုတိယ သမ္မတရာထူးနေရာတွင် ဖြည့်စွက်နိုင်ရေးအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစု အဖွဲ့က နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတရွေးချယ်ရေးဆိုင်ရာ နည်းဥပဒေ ၂၄၊ ၂၅ နှင့်အညီ ဒုတိယ သမ္မတ တစ်ဦးအား ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၀ ရက် (အင်္ဂါနေ့) နောက်ဆုံးထား ရွေးချယ်တင်မြှောက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ ပါ သတ်မှတ် အရည် အချင်းများနှင့် သက်ဆိုင်သော အကြောင်းအရာများ ပါဝင်သည့် ကိုယ်ရေး အချက်အလက်များနှင့်အတူ ဒုတိယ သမ္မတ အမည် စာရင်းကို နာယကထံ တင်ပြရန် ဖြစ်ကြောင်း ညွန်ကြားပါတယ်"
အသစ်ရွေးချယ် တင်မြှောက်မဲ့ ဒုတိယ သမ္မတဟာ ပြည်သူအများ ယုံကြည်အားထားမှုရှိပြီး တိုင်းပြည် အေးချမ်းသာယာရေး နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်သူမျိုး ဖြစ်သင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောပါတယ်။
"ကျွန်တော်တို့ရဲ့ ဒီစီးပွားရေးစနစ်၊ နိုင်ငံရေးစနစ်ကို အကုန်လုံး လိုက်လျောညီထွေမှုရှိအောင် ပြောင်းလဲနိုင်တဲ့ ပုဂ္ဂိုလ်မျိုး၊ တိုင်းရင်း သားတွေနဲ့ စည်းစည်းလုံးလုံးနဲ့ ပဋိပက္ခကို အဆုံးသတ်နိုင်တဲ့ လမ်းကြောင်းကို ရှာနိုင်တဲ့ပုဂ္ဂိုလ်၊ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကို ရွေးချယ် ပေးနိုင်တယ် ဆိုလို့ရှိရင် ငြိမ်းချမ်းမှု ဖော်ဆောင်တဲ့ ကဏ္ဍမှာလည်း အထောက်အကူ ဖြစ်နိုင်ပါတယ်။ တပ်မတော်သားတွေရဲ့ ရင်ထဲ မှာလည်း ကျေနပ်နှစ်သိမ့်သွားနိုင်ပါတယ်။ ပြည်သူ ပြည်သားတွေရဲ့ ရင်ထဲမှာလည်း ဝမ်းပန်းတသာ ကြိုဆိုကြမှာ ဖြစ်သလို နိုင်ငံရေး ပါတီ အားလုံးကလည်းပဲ သမ္မတကြီး သွားနေတဲ့ လမ်းကြောင်း ဖြောင့်ဖြူးနိုင်ဖို့အတွက် တပ်မတော်သားတွေ ကိုယ်နှိုက်ကိုက ရွေးပေး တဲ့ ပုဂ္ဂိုလ်ဆိုပြီးတော့ ကျွန်တော်တို့ အကုန်လုံး ဝမ်းပန်းတသာ ကြိုဆိုကြရမဲ့ အဖြစ်မျိုး ဖြစ်အောင် ပုံဖော်နိုင်မဲ့ ဒီမြင်ကွင်းမျိုး ဖြစ်ဖို့ ကျွန်တော်တို့ ဆန္ဒပြုပါတယ်"
လစ်လပ်နေပြီဖြစ်တဲ့ ဒုတိယ သမ္မတ နေရာအတွက် လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ ဒုတိယ ဗိုလ်ချုပ် ကြီးဟောင်း ဦးတင်အေး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးနဲ့ အမှတ် ၂ စက်မှု ဝန်ကြီး ဦးစိုးသိန်းတို့ကို ထင်ကြေးပေး ပြောဆိုနေကြပါတယ်။
ဒီအတောအတွင်း သမ္မတ ဦးသိန်းစိန်ဟာ အစိုးရအဖွဲ့ ဝန်ကြီးနေရာတွေကို အစားထိုး ပြောင်းရွှေ့မှုတွေ လုပ်ဆောင်ဖို့ရှိပြီး သဘောထား တင်းမာသူတွေအဖြစ် သတ်မှတ်ခံနေရတဲ့ ဝန်ကြီး ၃ ဦးကို ဖယ်ရှားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Ref: အာရ်အဖ်အေ
ဇူလိုင်လ ၇ ရက် အခမ်းအနား ခွင့်ပြုမှာမဟုတ်
2012-07-04
ကျောင်းသားသမဂ္ဂ အဆောက်အဦး ဖြိုခွဲခံခဲ့ရတဲ့ ဇူလိုင်လ ၇ ရက်နေ့ နှစ် ၅၀ ပြည့် အခမ်းအနားကို လုံးဝခွင့်ပြုမှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
ဇူလိုင် ၇ ရက်နေ့ကို နိုင်ငံတော် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတာ မဟုတ်တဲ့အတွက် ခွင့်မပြုနိုင်ဘူးလို့ ဗိုလ်မှူးကြီး တင်ဝင်းက ပြောတဲ့အကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို က RFA ကို ပြောပါတယ်။
"RFA မှာ ကျွန်တော်ပြောတဲ့အချိန်မှာ ပြတ်သားတဲ့ အဖြေသူက မပေးထားတဲ့ အတွက်ကြောင့် ကျွန်တော်တို့မှာ ဒီအခမ်းအနားကို အမိုးအကာအောက်က ကျင်းပမယ်ဆိုရင် ကျင်းပနိုင်တဲ့ အလားအလာရှိတယ်လို့ ကျွန်တော်တို့ကို ပြောခဲ့တယ်။ အဲတာကို ဒီနေ့ မနက်ကျတော့ အခါမှာ သူက အဲဒီသဘောထား မရှိကြောင်းကို ထင်ရှားအောင်လို့ ကျွန်တော်ကို တယ်လီဖုန်းဆက်ပြီး ထပ်ပြော ပါတယ်။ သူလုံးဝလုပ်ခွင့်ပြုမှာ မဟုတ်ဘူး။ သူ့မှာ အဲဒီသဘောထား မရှိဘူး။ လုံးဝပိတ်ပင်တားမြစ် တယ်ဆိုတဲ့ သဘောမျိုးကို သူကတိတိကျကျ ထပ်ပြောပါတယ်"
ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် ဇူလိုင် ၇ ရက် နှစ် ၅၀ ပြည့် အထိမ်းအမှတ်ကို ဆက်လက်ဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း ကိုကျော်ကိုကို ကပြောပါတယ်။
"ကျွန်တော်တို့ အနေနဲ့ကတော့ အမှတ်တရအနေနဲ့တော့ တစ်ခုခုဖြစ်အောင် ကျွန်တော်တို့ ကြိုးစားမှာပါ။ ထိပ်တိုက်ရင်ဆိုင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အနေနဲ့က ဒီဟာက အထင်ကရနေ့ တစ်ခုဖြစ်တဲ့အတွက် အခမ်းအနားတစ်ခု သို့မဟုတ် အမှတ်တရ တစ်ခုကို ကျင်းပပိုင်ခွင့်ရှိတယ်လို့ ကျွန်တော်တို့က ယူဆပါတယ်။ ဒါ ကျွန်တော်တို့ရဲ့ သဘောထားပါ"
အင်္ဂလိပ် ကိုလိုနီခေတ်မှာ စတင်ပေါ်ပေါက်လာပြီး မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂနဲ့ သမိုင်းဝင် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အဦးကို ဗိုလ်ချုပ်နေဝင်း ဦးဆောင်ပြီး အာဏာသိမ်းလိုက်တဲ့ အစိုးရက ဖြိုခွဲဖျက်ဆီးလိုက်တဲ့ 7 July အဖြစ်အပျက်ဟာ ဒီနှစ်မှာ နှစ် ၅၀ ပြည့်မှာ ဖြစ်ပါတယ်။
Ref: အာရ်အဖ်အေ
၈၈ ကျောင်းသားတွေနဲ့ အာဆီယံအမတ်တွေ ဆွေးနွေး
2012-07-04
စင်ပြိုင် အာဆီယံလွှတ်တော် အမတ်များအဖွဲ့ AIPMC က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို ဒီနေ့ ရန်ကုန်မြို့မှာ သွားရောက် တွေ့ဆုံပြီး လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ ဒေသတွင်း အခြေအနေတွေ ဆွေးနွေးပြောဆိုကြတယ်လို့ သတင်းရရှိပါတယ်။
မြန်မာနိုင်ငံမှာ လွှတ်တော်ပေါ်လာတာနဲ့အတူ ဒေသတွင်း နိုင်ငံတွေက လွှတ်တော်တွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံဖို့ လိုသလို နိုင်ငံ တကာ အသိုင်းအဝိုင်းနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးမှာလည်း AIPMC အခန်းကဏ္ဍက အရေးပါတယ်လို့ ၈၈ မျိုးဆက် ကျောင်းသား များအဖွဲ့ ခေါင်း ဆောင်တစ်ဦးဖြစ်တဲ့ ကိုဌေးကြွယ်က ပြောပါတယ်။
"အခုမြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး စနေပြီဖြစ်တဲ့ အချိန်မှာ AIPMC ရဲ့ အခန်းကဏ္ဍဟာ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ ပိုပြီးတော့ ရင်းရင်းနှီးနှီး ဆက်ဆံနိုင်ဖို့၊ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကို ဝင်ရောက်နိုင်ဖို့ အတွက် AIPMC ရဲ့ သြဇာဟာ အရေးကြီးပါတယ်။ ပြီးတော့ အခုဆက်သွားမဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်မှာလည်း AIPMC ဟာ လက်ရှိ မြန်မာနိုင်ငံမှာ အာဏာယူထားတဲ့ ပါတီကပဲဖြစ်ဖြစ်၊ အတိုက်အခံ ပါတီကပဲဖြစ်ဖြစ် ကိုယ်စားလှယ်တွေ ပါဝင်ပြီး တော့ ဆောင်ရွက်မယ် ဆိုလို့ရှိရင် တော့ ပိုပြီးတော့ အားကောင်းတဲ့ နားလည်မှုတွေ ရလာနိုင်တယ်လို့လည်း ကျွန်တော်တို့ ယုံကြည်ပါတယ်"
ဒ့ါအပြင် ၂၀၁၄ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာမယ့် မြန်မာနိုင်ငံအတွက် AIPMC နဲ့ ဆက်ဆံရေး လိုအပ်တယ်လို့ ကိုဌေးကြွယ်က ပြောပါတယ်။
"ပြီးတော့ ၂၀၁၄ မှာ မြန်မာနိုင်ငံဟာ အာဆီယံ Chairmanship ကို ယူမှာ ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံနဲ့ အာဆီယံနိုင်ငံတွေရဲ့ နီးနီးကပ်ကပ် ဆက်ဆံမှုဟာ ပိုပြီးတော့ အရေးကြီးပါတယ်။ AIMPC နဲ့ ကျွန်တော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုကလည်း အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်"
AIPMC အဖွဲ့ ကိုယ်စားလှယ်တွေအဖြစ် လက်ရှိအလှည့်ကျ ဥက္ကဋ္ဌ အပါအဝင် ထိုင်းနိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ခရိုင်ဆတ်လည်း ပါဝင်တယ်လို့ ကိုဌေးကြွယ်က ပြောပါတယ်။
ဒီနေ့ဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားကိစ္စတွေလည်း ပြောဆိုကြသလို ၈၈ မျိုးဆက် ခေါင်းဆောင် တွေအနေနဲ့ နိုင်ငံကူး လက်မှတ်ရလို့ အခွင့်အလမ်း ပေါ်လာရင် အာဆီယံ ဒေသတွင်းနိုင်ငံတွေကို လေ့လာရေးခရီး ထွက်ဖို့ကိုလည်း AIPMC က ဖိတ်ခေါ်သွားတယ်လို့ သိရပါတယ်။
ဒီအတောအတွင်းမှာပဲ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြီးခဲ့တဲ့ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံမှုဟာ ၈၈ အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို သွားရောက် ရှင်းပြတာလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးက RFA ကိုပြောပါတယ်။
"ကျွန်တော်တို့ လွတ်လာပြီးတဲ့ အချိန်က စပြီးတော့ပေါ့လေ၊ ကျွန်တော်တို့ လုပ်ခဲ့ကိုင်ခဲ့တာတွေ၊ ကျွန်တော်တို့ အတွေ့အကြုံတွေ၊ နောက်ဆုံး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရ ရွှေမန်းနဲ့ တွေ့ပြီးတဲ့ အခြေအနေအထိပေါ့လေ၊ အဲဒီအချက်အလက် တွေကို ဒါ အန်တီ့အနေနဲ့လည်း တချို့ထည့်သွင်းစဉ်းစားလို့ ရအောင်ပေါ့လေ၊ အဲတာ ကျွန်တော်တို့ ပြောပြပါတယ်"
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ လက်ရှိ နိုင်ငံ့အပြောင်းအလဲမှာ လွတ်လပ်ပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရက်တစ် လူ့အဖွဲ့ အစည်း တရပ် ပေါ်ပေါက်လာဖို့ ကြိုးပမ်းနေသလို အလုပ်သမား၊ လယ်သမား အရေးတွေမှာလည်း ပါဝင်ကူညီနေတာ တွေ့ရပါတယ်။
Ref: အာရ်အဖ်အေ
နေပြည်တော်တဝိုက်က ဘုန်းကြီးကျောင်းတွေ ဖျက်မိန့်ပေးထား
2012-07-04
နေပြည်တော် ဥတ္တရသီရိမြို့နယ်နဲ့ ဇဗ္ဗူသီရိမြို့နယ် အနီးတဝိုက်က ဘုန်းတော်ကြီးကျောင်းပေါင်း (၅၀) ကို စည်ပင်သာယာက ဖျက်မိန့်ပို့ထားပြီး အဲဒီထဲက ကျောင်း ၂ ကျောင်းကို မီးရှို့လိုက်တယ်လို့ သတင်းရရှိပါတယ်။
ဘုန်းကြီးကျောင်းတစ်ကျောင်းကိုတော့ ငွေသိန်း (၄၀) ကျော်ပေးပြီး မီးရှို့ဖျက်ဆီးလိုက်တာလို့ ဒေသခံ ဘုန်းတော်ကြီးတစ်ပါးက RFA ကို မိန့်ပါတယ်။
"မနေ့ကနေပြီးတော့ ကျောင်းနှစ်ကျောင်း မီးရှို့လိုက်တယ်။ ပြီးတော့ တစ်ကျောင်းကတော့ သူက ၄၂ သိန်းပေးပြီးတော့ ဖျက်ဆီးလိုက် တာပေါ့။ အဲတာကို ဓမ္မဒီပကျောင်းက သူကဖျက်ဆီးလိုက်တယ်။ ကျန်တဲ့သစ်တွေကို ရွှေနံ့သာကို သွားပို့ပေးလိုက်တယ်"
ကျောင်းတွေ ဖျက်ပေးရမယ့်ကိစ္စကို မနက်ဖြန် နောက်ဆုံးထား အကြောင်းပြန်ရမယ်လို့ ညွှန်ကြားထားတဲ့ အကြောင်းကို ဥတ္တရ သီရိမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။
"ရန်ကုန် မန္တလေး အဝေးပြေးလမ်းနဲ့ နေပြည်တော် မြို့ပတ်လမ်းတဝိုက်နဲ့ မလွတ်ကင်းတဲ့ ဘုန်းကြီးကျောင်းတွေ ပေါ့လေ၊ ဖျက်ခိုင်း နေတော့ ကျောင်းပေါင်းက ၃၀ ကျော်တယ်၊ စာရင်းပေါက်တာ။ အဲဒီထဲမှာက ကျွန်တော် ဥတ္တရသီရိက ကျောင်းပေါင်း ၂၀ ကျော်ပါ တယ်။ အဲတာကို မနက်ဖြန်ပေါ့လေ၊ ၅ ရက်နေ့ နောက်ဆုံးထားပြီးမှ ဖျက်မဖျက် အကြောင်းပြန်ဖို့ နေပြည်တော်ကောင်စီ စည်ပင် သာယာရေးကော်မတီ စီမံရေးရာဋ္ဌာနက အကြောင်းကြားတယ်တဲ့၊ ဘုန်းကြီးကျောင်းတွေကို"
ဖျက်ရမယ့် ညွှန်ကြားခံရတဲ့ ကျောင်းတွေထဲမှာ ၅ ကျောင်းက လုံးဝမရွှေ့ပေးနိုင်ဘူး ဆိုတဲ့အကြောင်း သိရသလို ကျောင်း ၉ ကျောင်း က အကြောင်းမပြန်ဘူးလို့ သိရပါတယ်။ ကျန်တဲ့ကျောင်းတွေကတော့ လုံလောက်တဲ့လျော်ကြေး ဒါမှမဟုတ် သင့်တော်တဲ့နေရာမှာ အစားထိုး ပြန်ပေးမယ်ဆိုရင် ပြောင်းရွှေ့ပေးမယ့် သဘောထားရှိတယ်လို့ သိရပါတယ်။
ဘုန်းကြီးကျောင်းတွေ ဖျက်ဖို့ ညွှန်ကြားထားတဲ့ နေပြည်တော် စည်ပင်သာယာဋ္ဌာနကတော့ ဘယ်လိုအစားထိုး ဆောင်ရွက် ပေး မယ်ဆိုတဲ့ အစီအစဉ်သစ်နဲ့ ပတ်သက်လို့ ဘုန်းတော်ကြီးတွေကို တိတိကျကျ လျှောက်ထား ပန်ကြားတာ မရှိသေးဘူးလို့ သိရပါ တယ်။
Ref: အာရ်အဖ်အေ
လူထုအခြေပြုအဖွဲ့အစည်းတွင် လူထုများ ပါဝင်ရန်လိုအပ်ဟု KCSN ပြော
4 July 2012
နန်းယဉ်
ကရင်နီ(ကယား)ပြည်နယ်ရှိ ပြည်တွင်း၊ ပြည်ပ ကရင်နီလူထုအခြေပြုအဖွဲ့အစည်း CBOs အဖွဲ့များတွင် ပြည်သူလူထုများပါ ပါဝင် ဆောင် ရွက်ရန် လိုအပ်ကြောင်း ထိုင်း-မြန်မာနယ်စပ်အခြေစိုက် CBOs အဖွဲ့တခုဖြစ်သည့် ကရင်နီ လူမှုအသင်းအဖွဲ့ ဆက်စပ်ဆောင်
ရွက်ရေးကွန် ယက် (KCSN) က ယနေ့ ပြောသည်။
ကရင်နီပြည်နယ်တွင် လူထုအတွက် အလုပ်လုပ်ပေးနေသည့် ပြည်ပ CBOs အဖွဲ့ ၅ခု နှင့် ပြည်တွင်း CBOs အဖွဲ့ ၉ခုရှိပြီး အစိုးရနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေစဉ်ကာလအတွင်း ပြည်သူလူထုအတွက် ပိုမိုထိရောက်သည့် လုပ်ဆောင်မှုများ လုပ်ဆောင်ရန် ပြည်တွင်း နှင့် ပြည်ပရှိ CBOs တို့ ပူးပေါင်းပြီး ပြည်သူလူထုများပါ ပါဝင်လာအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။
ပြည်တွင်း၊ ပြည်ပ CBOs အဖွဲ့များ ပူးပေါင်းသွားရန် ယခင်လ ဇွန် ၃၀ရက်နေ့က ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် workshop တခုကို လည်း ထိုင်း-မြန်မာနယ်စပ် မဲ့ဟောင်ဆောင်ခရိုင်တွင် ကျင်းပခဲ့သည်။
“ကျနော်တို့ ပြည်တွင်းက CBOs နဲ့ နယ်စပ်က CBOs တွေရဲ့ တာဝန်ရှိသူတွေ တွေ့ဆုံကြတယ်။ နောက်လည်း တွေ့ဆုံသွားဖို့ရှိတယ်။ အပြန်အလှန်ဆွေးနွေးဖို့လည်း လိုသေးတယ်။ ပြည်သူလူထုတွေ ပါဝင်လာအောင်လည်း လုပ်ဆောင်ရမယ်”ဟု KCSN ၏ ပြောရေး ဆိုခွင့် ရှိသူ ခူးမီရယ်က ပြောသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP သည် အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးခဲ့စဉ်က ကရင်နီပြည်နယ်အတွင်း အပစ် ခတ်ရပ်စဲရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စများ စောင့်ကြည့်သွားရန် လေ့လာစောင့်ကြည့်ရေး အဖွဲ့တဖွဲ့ထားရှိရန် သဘောတူထားခဲ့ ကြသည်။
ယင်းကိစ္စကြောင့် KNPP က ကရင်နီပြည်နယ်အတွင်း ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ ထားရှိရန်အတွက် ပြည်တွင်းရှိ လူထုအ ခြေပြုအဖွဲ့အစည်း CBOs တို့နှင့် ဇွန်လ ၁၁ရက်နေ့တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ခူးမီရယ်က “KNPP နဲ့ ကျနော်တို့ တွေ့တုန်းကတော့ အဓိက လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဘယ်လိုထားမလဲ။ ဘယ်လိုလုပ်ငန်းတွေ ဆောင်ရွက်သွားမလဲ။ ပြီးတော့ CBOs အနေနဲ့ပဲ သွားမှာလား။ ဒါမှမဟုတ် ပြည်သူလူထုအနေနဲ့ သွားမှာလား စတာတွေကို ဆွေး နွေးကြ တယ်။ ဒါပေမယ့် အကောင်အထည်တော့ မဖော်နိုင်သေးဘူး။ ရှေ့ဆက် ဆွေးနွေးဖို့တော့ အများကြီးလိုအပ်သေး တယ်”ဟု ဆက်လက် ပြောဆိုသည်။
ဇွန်လ ၆ရက်နေ့က KNPP နှင့် လက်ရှိအစိုးရတို့၏ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးမှုလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ကရင်နီလူထုအခြေပြု လူမှုအသင်းအဖွဲ့များက ကြိုဆိုထောက်ခံကြောင်း၊ စစ်မှန်သော ငြိမ်းချမ်းရေးကို နှစ်ဦးနှစ်ဖက် အပြန်အလှန်ယုံကြည် လေးစားမှု အပါအ ဝင် အချက် ၂၀ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
Ref: ကေအိုင်စီ
မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဝင် ၅ သန်းကျော်ပြီ
ဖနိဒါ
ဇူလိုင်လ ၀၄ ရက် ၂၀၁၂ ခုနှစ်
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်၏ ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ ဦးဆောင်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် အဖွဲ့ဝင် အင်အား ၅ ဒသမ ၄ သန်းရှိနေပြီ ဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။
ယခုဆိုလျှင် မြန်မာအမျိုးသမီးများ၏ ဘဝသာယာလှပမှုအတွက် မွန်မြတ်သည့် လုပ်ငန်းစဉ်များ ဆောင်ရွက် ပေးနိုင်မှုများကြောင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဖွဲ့စည်းခဲ့သည့် ရှစ်နှစ်ကျော်ကလအတွင်း အဖွဲ့ဝင် အင်အား ၅ ဒသမ ၄ သန်းကျော် ရှိနေပြီ ဖြစ်ကြောင်း အဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာသက်သက်ဇင်က မိန့်ခွန်း ပြောခဲ့သည်။
ယမန်နေ ဇူလိုင်လ ၃ ရက်နေ့ ကျရောက်သော ယခင်နအဖနှင့် ယခုအစိုးရခေတ်တို့ သတ်မှတ်ခဲ့သော မြန်မာ အမျိုးသမီးများနေ့ အထိန်းအမှတ်ကို နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ရုံး သီရိရတနာခန်းမတွင် ကျင်းပခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာအဆင့်ဆင့်ထိ အမျိုးသမီးရေးရာအဖွဲ့များက အခြားအဖွဲ့အစည်းများ နှင့်အတူ ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
၂ဝဝ၃ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့က မြန်မာအမျိုးသမီးများ၏ ဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများ တနိုင်ငံ လုံး အတိုင်းအတာဖြင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ကို အစိုးရမဟုတ်သောအဖွဲ့ အစည်းအဖြစ် ထပ်မံဖွဲ့စည်းခဲ့သည်။
၁၉၉၆ ခုနှစ် ဇူလိုင် ၃ ရက်နေ့က ယခင်အစိုးရက အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်မားရေး၊ မြန်မာအမျိုးသမီးများ ဖွံ့ဖြိုးတိုး တက် ရေးတို့ကို ဦးဆောင်လမ်းညွန်ဆောင်ရွက်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ဖွဲ့စည်းခဲ့ပြီးနောက် မြန်မာ နိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ကို ထပ်မံ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်၏ ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယက ဒေါ်ခင်ခင်ဝင်းက ၂ဝ၁၁ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင် အောင်မှတ် အများဆုံးရ ကျောင်းသူ မဖြတ်ရွှေရည်ထွန်းနှင့် ထူးချွန်အမျိုးသမီး ဒုတိယရဲမှူး တပ်ဖွဲ့ဝင် လ ၁၁၄၉၈၃ သင်းသင်းအေးတို့အား ဂုဏ်ပြုဆုများ ချီးမြင့်သည်။ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ဇနီး၏ အဖွဲ့ချုပ်ဂုဏ်ထူးဆောင်နာယက ဒေါ်နန်းရွှေမှုံ တက်ရောက်ခဲ့သည်။
၂ဝ၁၂ ခုနှစ်အတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များမှ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေး၊ ကျေးလက် ဒေသနေ အမျိုး သမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး၊ အောက်ခြေ အမျိုးသမီးထု၏ ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားချေးငွေ လုပ်ငန်းအား ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ ပညာရေး အ ထောက် အကူပြုလုပ်ငန်းများ၊ ကျန်းမာရေး၊ ပြည်သူလူထု ကူးစက် ရောဂါကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် ဖော်ပြထားသည်။
ထို့ပြင် အဖွဲ့ချုပ်အနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံ အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ရေး။ ပြုစုပျိုးထောင်ရေး၊ ပြန်လည် နေရာချထားရေး လုပ်ငန်းများ နှင့် ပတ်သက်၍ အစိုးရ၏ သက်ဆိုင်ရာ ဝန်ကြီးများနှင့်အတူ ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုထားသည်။
Ref: မဇ္ဈိမ
ဒုသမ္မတ ဇူလိုင် ၁၀ ရက်နေ့ နောက်ဆုံးထားရွေးမည်
မျိုးသန့်
ဇူလိုင်လ ၀၄ ရက် ၂၀၁၂ ခုနှစ်
ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ အနားယူသွားသူ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး၏ ရာထူးနေရာကို တပ်မတော်သား လွှတ် တော် အမတ်များက ရွေးချယ်ကာ ဇူလိုင်လ ၁ဝ ရက်နေ့နောက်ဆုံးထား၍ လွှတ်တော်သို့ တင်ပြပေးရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်သို့ ဗုဒ္ဓဟူးနေ့တွင် သဝဏ်လွှာပေးပို့ အကြောင်း ကြားသည်ဟု လွှတ်တော်တက် အမတ်များက မဇ္ဈိမကို ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာအတွင်း ဦးတင်အောင်မြင့်ဦး ရာထူးမှ အနားယူသွားခြင်းနှင့်ပတ်သက်၍ ဒုသမ္မတ သည် ဧပြီလ ၁၈ ရက်နေ့တွင် စင်္ကာပူသို့ သွားရောက်ဆေးကုသမှုခံယူခဲ့ပြီး ဇွန်လ ၃ဝ ရက်နေ့အထိ ဆေးကုသခွင့် တောင်းခံခဲ့သည်ဟု ပါရှိသည်ကို အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က မဇ္ဈိမကို ပြောသည်။
ယင်းနောက် ဇူလိုင်လ ၂ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်စာကို သမ္မတရုံးသို့ တရားဝင်တင်ခဲ့သည်ဟုလည်း သဝဏ်လွှာအတွင်း ပါဝင် သည်ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာတွင် လစ်လပ်သွားသည့် ဒုသမ္မတကို ရွေးချယ်ပေးခဲ့သည့် အစုအဖွဲ့မှာ တပ်မတော်သား လွှတ်တော် အမတ်များ ဖြစ်ခြင်းကြောင့် ယခုအကြိမ်တွင်လည်း တပ်မတော်သားလွှတ်တော် အမတ်များမှ ပြန်လည်ရွေးချယ် ပေးရန် ဖြစ်သည်ဟု ပါဝင်ကြောင်းလည်း သိရသည်။
ဦးဖုန်းမြင့်အောင်က တပ်မတော်သား လွှတ်တော်အမတ်များ သမ္မတ ရွေးချယ်မှုနှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အပေါ်တွင်သာ မူတည်သည်ဟု လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော်အမတ်များ၏ အခြေအနေကို သူ၏ အတွေ့အကြုံပေါ်မူတည်၍ မဇ္ဈိမကို ပြောသည်။
"သူတို့က လွှတ်တော်ထဲမှာ ဆွေးနွေးစရာရှိရင်တောင် အထက်က အမိန့်အတိုင်းဆွေးနွေးရတာဗျ။ ဒီ သမ္မတ ရွေးချယ် မှုမှာလည်း ကာချုပ် မင်းအောင်လှိုင် အပေါ်မှာပဲ မူတည်မယ်ထင်တယ်။" ဟု မဇ္ဈိမကိုပြောသည်။
တပ်မတော်သား လွှတ်တော်အမတ်များမှ ရွေးချယ်ပြီးသည့် ဒုသမ္မတကို ပြည်သူ့လွှတ်တော်မှ လွှတ်တော်အမတ် ၃ ဦး၊ အမျိုးသား လွှတ်တော်မှ အမတ် ၃ ဦး၊ တပ်မတော်သား လွှတ်တော်အမတ် ၃ ဦးတို့ဖြင့် ဖွဲ့စည်းထားသည့် သမ္မတ အရည်အချင်းစစ်ကော်မတီမှ စိစစ်ကာ လွှတ်တော်သို့ ပြန်လည်တင်ပြ၍ အတည်ပြုရွေးချယ်ကြမည် ဖြစ်သည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၅၇ တွင်ပါရှိသည့် သမ္မတများ၏ အရည်အချင်း သတ်မှတ်ချက် ၆ ချက်ရှိသည်။ ထိုအထဲတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့်အမြင်များရှိရမည့်အပြင် "မိမိကိုယ်တိုင် သော် လည်းကောင်း၊ မိမိ၏မိဘ တပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်၊ သားသမီးတဦးဦးသော်လည်းကောင်း၊ ထို တရားဝင်သားသမီးတဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့် ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ" ဟု ပြဋ္ဌာန်း ပါရှိသည်။
ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းတွင်ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွင်သို့ တက်ရောက် ခွင့်ရှိသူ ၆၅၄ ဦးအနက် ခွင့်ဖြင့်ပျက်ကွက်သူ ၁၅ ဦးခန့်ရှိပြီး ၉၅ ရာခိုင်နှုန်း တက်ရောက်သည်ဟုလည်း သိရသည်။
လွှတ်တော်အစည်းအဝေးသို့ ခွင့်ယူထားသူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နှင့် စစ်ကိုင်းတိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်သိန်းတို့လည်း ပါဝင်သည်။
ဒေါ်အောင်ဆန်းစုကြည်မှာ ပြည်ပခရီးစဉ်များအတွင်း ပင်ပန်းခြင်းကြောင့် ယခုလ ၆ ရက်နေ့အထိ လွှတ်တော်တက်ရန် ခွင့်ယူထား သည်ဟုလည်း NLD လွှတ်တော်အမတ်နှင် ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က မဇ္ဈိမကိုပြောသည်။ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တက္ကသိုလ်ပညာရေး ဥပဒေမူကြမ်းကို ဆွေးနွေး ခဲ့သည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။
ဗုဒ္ဓဟူးနေ့တွင် စတင်ခေါ်ယူကျင်းပနေသည့် လွှတ်တော် အစည်းအဝေးများအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဥပဒေ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဥပဒေနှင့် မီဒီယာဥပဒေတို့ကို ဆွေးနွေးရန်ရှိမည်ဟု လွှတ်တော်အမတ် များက ခန့်မှန်းကြသည်။
Ref: မဇ္ဈိမ
မွန်အမျိုးသား ကျောင်းဆရာတို့ ထောက်ပံ့ကြေး နည်းပါးခြင်းကြောင့် အခက်ကြုံဟုဆို
ကွန်းချမ်း
ဇူလိုင်လ ၀၄ ရက် ၂၀၁၂ ခုနှစ်
ထောက်ပံ့ကြေး နည်းပါးမှုကြောင့် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဗဟိုသို့ လွှဲပြောင်းခဲ့ သည့် မွန်အမျိုးသားကျောင်းမှ ဆရာ၊ ဆရာမအချို့ နှုတ်ထွက်သွားကြကာ အိမ်နီးချင်း နိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်နေကြရသည်ဟု မွန်စာပေအရေး ဆောင် ရွက်နေသူများက ပြောသည်။
“ဆရာ အများစုက အမျိုးသမီးတွေပေါ့နော်၊ အိမ်ထောင် မကျခင်ကဆိုရင် သူတို့အတွက် အခက်အခဲ မရှိပေမဲ့၊ အိမ်ထောင်လည်း ကျပြီးရော အခက်အခဲတွေကြောင့် စာဆက်သင်ဖို့ မဖြစ်တော့လို့ အနားယူသွားတာ များတယ်။” မုဒုံမြို့နယ်မှ မွန်ပညာရေး ရန်ပုံငွေ ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေသူတဦး ဖြစ်သည့် နိုင်အောင်မွန်က ပြောသည်။
မွန်အမျိုးသား ကျောင်းဆရာ တဦးအား တလလျှင် ၂ဝ,ဝဝဝ ကျပ်သာ ထောက်ပံ့နိုင်ပြီး၊ အစိုးရကျောင်း မူလတန်းပြ ဆရာတဦး၏ လစာနှင့် ထောက်ပံ့ကြေးမှာ အနိမ့်ဆုံး ၈ဝ,ဝဝဝ ကျပ်ဝန်းကျင် ရှိကြောင်း သိရသည်။
နှုတ်ထွက်သွားကြသည့် ဆရာ၊ ဆရာမ မြို့နယ်တမြို့နယ်လျှင် ဆယ်ဦးခန့်စီ ရှိမည်ဟု နိုင်အောင်မွန်က ခန့်မှန်းသည်။ ထိုကဲ့သို့ အခြေအနေများကြောင့် ဆရာ မလုံလောက်မှု ဖြစ်ပေါ်လာသည့် အခက်အခဲများကြောင့် မွန်အမျိုးသား ကျောင်းမှ ကျောင်းသူ ကျောင်းသားအချို့မှာ အစိုးရကျောင်းသို့ ပြောင်းရွှေ့သင်ကြားမှုလည်း ရှိကြောင်း သိရသည်။
ယင်းသို့သော အခြေအနေများကြောင့် ဆရာများအား ထောက်ပံ့ကြေး တိုးမြှင့်နိုင်ရန်အတွက် ဇွန်လလယ်ခန့်တွင် မွန်စာပေနှင့် ယဉ်ကျေးမူ ကော်မတီ ဗဟိုက ရန်ပုံငွေ ရှာဖွေရေး ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ပြီး၊ မြို့နယ်အသီးသီးရှိ ပြည်သူများနှင့် သံဃာ တော်များထံမှ ရန်ပုံငွေများ စုဆောင်းလျက် ရှိသည်ဟု မွန်စာပေနှင့် ယဉ်ကျေးမူ ကော်မတီ ဗဟိုမှ ခေါင်းဆောင်တဦး ဖြစ်သူ ဒေါက်တာမင်းစိုးလင်းက ပြောသည်။
“ရန်ပုံငွေ ဘယ်လောက်ရတယ်။ ကျနော်တို့ ဘယ်လိုဆက်စီစဉ်ရမယ် ဆိုတာတော့ ဒီလကုန်လောက်မှ အသေးစိတ်
ပြောနိုင်မယ်” ဟု သူက ပြောသည်။
ကျောင်းသား မိဘများမှာ စားဝတ်နေရေး အခက်အခဲများနှင့် ရုန်းကန်နေရသည့်အတွက် ယင်းတို့ထံမှ ငွေကြေး အမြောက်အမြား ရနိုင်မည် မထင်ကြောင်းနှင့် အဆိုပါကျောင်းများကို တာဝန်ယူရန်မှာ ကြီးလေးသည့် တာဝန်တခု ဖြစ်သည့်အတွက် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဗဟိုအတွက် စိန်ခေါ်မှုတရပ် ဖြစ်ကြောင်းလည်း နိုင်အောင်မွန် က ပြောသည်။
ယခင်က မွန်ပြည်သစ်ပါတီ မွန်အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်တွင် ရှိသည့် အမျိုးသားကျောင်းများနှင့် အစိုးရကျောင်းနှင့် တွဲဖက်သင်ကြားနေသည့် ကျောင်းများအနက် မွန်ပြည်နယ် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်မြို့နယ်ရှိ ကျောင်းပေါင်း ၁၄၅ ကျောင်းကို ယခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မွန်စာပေနှင့် ယဉ်ကျေးမှု ဗဟိုသို့ လွှဲပြောင်း ပေးခဲ့ပြီး အဆိုပါကျောင်းများတွင် ဆရာ ဆရာမ သုံးရာကျော် ရှိကြောင်း သိရသည်။
မွန်ပြည်သစ် တပ်တည်ဧရိယာနှင့် နီးစပ်သည့် မွန်ပြည်နယ် ရေးမြို့နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ်ဒေသများရှိ အမျိုးသားကျောင်းများနှင့် တွဲဖက်ကျောင်းများကို မွန်အမျိုးသား ပညာရေး ဌာန လက်အောက်တွင် ဆက် လက်ထားရှိဆဲ ဖြစ်သည်။
၂၀၁၀ ခုနှစ် မွန်အမျိုးသား ပညာရေးဌာနမှ ထုတ်ပြန်သော စာရင်းအရ မွန်အမျိုးသားကျောင်း ၁၅၆ ကျောင်းနှင့် အစိုးရကျောင်းနှင့် တွဲဖက် သင်ကြားသည့် မွန်စာပေသင်ကျောင်း ၁၁၆ ကျောင်းတွင် ကျောင်းသားဦးရေ ၃၅,၀၀၀ ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။
Ref: မဇ္ဈိမ
အစိုးရ၏ တောင်းဆိုမှုကြောင့် SSPP/SSA ရှေ့တန်းစခန်း နှစ်ခု ဆုတ်ခွာပေးမည်
ဖနိဒါ
ဇူလိုင်လ ၀၄ ရက် ၂၀၁၂ ခုနှစ်
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၏ တောင်း ဆိုချက်အရ ရှမ်းပြည်ဖွံ့ဖြိုးရေးကောင်စီ ခေါ် ရှမ်းပြည်တပ်မတော် (မြောက်) SSPP/SSA က ယင်းတို့၏ တပ်စခန်းနှစ်ခုမှ ဆုတ်ခွာ ပေးမည်ဟု SSA မှ ဗိုလ်မှူး စိုင်းလှက ပြောသည်။
ယမန်နေ့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က SSPP/SSA အား ယင်းတို့၏ တပ်စခန်းမှ ဆုတ်ခွာ ပေးရန် တယ်လီဖုန်းဖြင့် အကြောင်းကြားလာသဖြင့် တန့်ယန်းမြို့နယ် ၇ မိုင်စခန်းနှင့် မိုင်းရှူးမြို့နယ် လွိုင်ဖာဖိန့်ရှိ တပ်စခန်းတို့မှ နှစ်မိုင်ခန့် အကွာသို့ ဆုတ်ခွာပေးရန် ယနေ့ ဗဟိုကော်မတီစည်းဝေး ကျင်းပ၍ ဆုံးဖြတ်လိုက်ခြင်း
ဖြစ်သည်။
“မနေ့က ဦးသိန်းဇော်က ကျနော်တို့တပ်တွေ ဆုတ်ပေးဖို့ မေတ္တာရပ်ခံတာကို ကျနော်တို့လည်း တဆင့်ပြန်ဆုတ်ပေးဖို့ ဆုံးဖြတ် လိုက် တယ်။ သူတို့ တောင်းဆိုထားတဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်နှင့် အရှေ့အလယ်ပိုင်းစစ်ဌာနချုပ် ဆက်သွယ်တဲ့ လမ်းမကနေ နည်းနည်းဝေးတဲ့ နေရာကို ဆုတ်ပေးဖို့ ကျနော်တို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါပြီ”ဟု ဗိုလ်မှူး စိုင်းလှက ပြောသည်။
ထို့ပြင် ဦးသိန်းဇော်၏ မေတ္တာရပ်ခံချက်အတိုင်း တပ်ဆုတ်ပေးလိုက်သော်လည်း SSPP/SSA တပ်များ ဆုတ်ခွာပေး သည့် အချိန်တွင် အစိုးရတပ်များ တပ်စွဲခြင်း မပြုရန်နှင့် ဆုတ်ခွာချိန်တွင် ပစ်ခတ်ခြင်း မပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်ဟု သူက ပြောသည်။
အစိုးရတပ်ဖွဲ့များ လားရှိုး၊ တန့်ယန်းနှင့် မိုင်းရှူး ကားလမ်းတလျှောက် လမ်းကြောင်း ရှင်းလင်းလိုကြောင်းနှင့် ယခု တိုက်ပွဲဖြစ်ပွားမှုမှာ အစိုးရတပ်ဘက်မှ ထိခိုက်မှု များပြားသဖြင့် ပြန်လည် တိုက်ခိုက်သည့် အနေအထားဖြစ်သည်ဟု ဦးသိန်းဇော်က ပြောဆိုခဲ့သည်ဟု သူက မဇ္စျိမကို ပြောသည်။
“သူတို့တောင်းဆိုတာက လားရှိုး၊ တန့်ယန်းနှင့် မိုင်းရှူးကားလမ်းပေါ် တမိုင်လောက် ဆုတ်ပေးဖို့ ပြောတယ်။ ကျနော် တို့က နှစ်မိုင် လောက် ဆုတ်ပေးမှာပါ။ ခုက မိုင်းအွန်မှာ လွိုင်ဖာဖိန့် တဝိုက်မှာရှိတဲ့ ကျနော်တို့ တပ်စခန်းငယ်နဲ့ ၇ မိုင် မှာရှိတဲ့ တပ်စခန်းတွေကနေ ခွာပေးလိုက်မယ်”ဟု သူက ဆက် ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့မှစတင်၍ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သဖြင့် ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်များ ပျက်ပယ်စေမည့် တိုက်ပွဲများ မဖြစ်ပွားလိုသဖြင့် ယင်းတို့ ဆုတ်ခွာပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ဆက် ပြောသည်။
ယခု ဆုတ်ခွာပေးမည့် တပ်စခန်းများသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က ငြိမ်းချမ်းရေး စတင်ယူခဲ့စဉ်ကတည်းက SSPP/SSA အဖွဲ့များ အခြေချခဲ့သည့် နေရာဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က ဦးသိန်းဇော် နှင့် SSPP/SSA ကိုယ်စားလှယ်များ မန္တလေးမြို့တွင် တွေ့ဆုံပြီး SSPP/ SSA ရှေ့တန်း တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားသည့် နေရာမှ ဆုတ်ခွာပေးခဲ့ပြီး ယခုတကြိမ်မှာ ဒုတိယအကြိမ် ရှေ့တန်း စခန်းမှ ထပ်မံ ဆုတ်ခွာပေးလိုက်ခြင်း ဖြစ်သည်။
SSPP/SSA ဗဟိုကော်မတီဝင် ၁၁ ဦးပါဝင်သော ဗဟိုကော်မတီ အစည်းအဝေးကို ဝမ်ဟိုင်း ဌာနချုပ် ၉ နာရီမှ မွန်လွဲပိုင်း ၁ နာရီထိ ပြုလုပ်ခဲ့ပြီး အတွင်းရေးမှူး (၃) စဝ်ကျော်လှ လက်မှတ်ဖြင့် ၎င်းဆုံးဖြတ်ချက်များကို သမ္မတ ဦးသိန်းစိန်ထံ ပို့ရန် စီစဉ်နေသည်ဟု သိရသည်။
တိုက်ပွဲစတင်ဖြစ်ပွားခဲ့သော မိုင်းရှူးမြို့နယ် မိုင်းအော့ကျေးရွာအနီးတွင် အစိုးရဘက်မှ လက်နက်ကြီးများဖြင့်ဆက်လက် ပစ်ခတ်နေပြီး တိုက်ပွဲဖြစ်ပွားသည့် သုံးရက်အတွင်း ၁၂၀ မမ လက်နက်ကြီး ကျည်အလုံးပေါင်း ၁၀၀ ကျော်ရှိသွားပြီ ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလှက ပြောသည်။
ယမန်နေ့ကလည်း တန်ယန်းမြို့နယ် မိုင်းကောင်းကျေးရွာအနီး SSPP/SSA ၏ ခုနှစ်မိုင်တပ်စခန်းသို့ အစိုးရ၏ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့များ အနီးကပ် ဝင်ရောက်လာ၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက် ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်ဟု ဆိုသည်။
မြန်မာအစိုးရ တပ်ဘက်မှ ၂၀ ကျော်ခန့် ထိခိုက်ဒဏ်ရာ ရရှိမှု ရှိနေသည်ဟု ခန့်မှန်းရပြီး SSPP/SSA ဘက်မှ ၆ ဦး ဒဏ်ရာရသည်ဟု ဗိုလ်မှူးစိုင်းလှက ပြောသည်။
Ref: မဇ္ဈိမ
လွတ်လပ်ရေးနေ့မှာ အမေရိကန်နိုင်ငံသားသစ်တွေကို အိုဘားမားကြိုဆို
04 ဇူလိုင် 2012
ဒေါ်လှလှသန်း
သမ္မတ ဘရက်ခ် အိုဘားမား ဟာ ဗုဒ္ဓဟူးနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ၂၃၆ ကြိမ်မြောက် အမေရိကန်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အဲ့ဒီနေ့မှာ အမေရိကန်နိုင်ငံသားတွေအဖြစ် ခံယူ ခဲ့ကြတဲ့ အမေရိကန်စစ်မှုထမ်း အုပ်စုတစုကို ဂုဏ်ပြုခဲ့ပါတယ်။ အခုလိုဂုဏ်ပြုတဲ့ အခမ်းအနားဟာ နိုင်ငံ ရဲ့မွေးနေ့လို့ ဆိုရမယ့် နေ့ထူးနေ့မြတ်ကို ဆင်နွှဲရာမှာ အသင့်တော်ဆုံးနည်းဖြစ်တယ်လို့ သမ္မတက ပြောတဲ့ အကြောင်း ဗွီအိုအေ အိမ်ဖြူတော် သတင်းထောက် Kent Klein ရဲ့ သတင်းလွှာကို ဒေါ်လှလှသန်း က တင်ပြ ပေးထားပါတယ်။
၁၇၇၆ ခု၊ ဂျူလိုင်လ ၄ ရက်နေ့က ဗြိတိန်လက်အောက်ကနေ အမေရိကန်ပြည်ထောင်စု လွတ် လပ်ရေး ကြေညာစာတမ်းကြီး လက် မှတ်ရေးထိုးခဲ့တာက တကယ့်ကိုထူးခြားပြီး ရဲရင့်ပြတ်သားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ သမ္မတအိုဘားမားက အိမ်ဖြူတော် အရှေ့ ဘက် ခန်းမမှာ ပြောကြားခဲ့ပါတယ်။
“ဖီလဒဲလ်ဖီးယားခန်းမဆောင်မှာ ကိုယ်စားလှယ် ဒါဇင်အနည်းငယ်ဟာ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံဖြစ်ခဲ့ တဲ့ ဗြိတိန်ကိုအာခံပြီး အမေရိကန် ပြည်နယ်တွေဟာ သွေးစည်းညီညွတ်ပြီး လွတ်လပ်တဲ့၊ သီးခြား ရပ်တည်နိုင်တဲ့ ပြည်နယ်တွေဖြစ်သင့်တယ်လို့ ကြေညာ ခဲ့ကြပါတယ်။ ၂၃၆ နှစ် အကြာဖြစ်တဲ့ အခု ချိန်မှာတော့ ဒီ အမေရိကန်ရဲ့သမိုင်းကြောင်းကို ကျနော်တို့ အံ့မခန်းဖြစ်ကြရပါတယ်။”
ဒီလို အမေရိကန်လွတ်လပ်ရေး သမိုင်းကြောင်းဟာလည်း ကမ္ဘာတဝှမ်းက အမေရိကန်ပြည်ထောင်စုကို လာရောက်အခြေချတဲ့ မျိုးဆက်ပေါင်းများစွာတွေရဲ့ အထောက်အကူမပါဘဲ ဖြစ်နိုင်မှာမဟုတ်ဘူးလို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။
“နိုင်ငံတွင်း အခြေချဖို့ လာကြသူများစွာကို ကမ္ဘာပေါ်မှာ အမေရိကန်လောက် ဘယ်နိုင်ငံကမှ နွေးထွေးစွာ ကြိုဆိုတာ မရှိပါဘူး။ ပြောင်းရွှေ့ အခြေချကြတဲ့ မျိုးဆက်သစ်တိုင်းရဲ့ မျှော်လင့်ချက်၊ အားမာန်နဲ့ အကောင်းဘက်ကို ရှေ့ရှုမှုတွေနဲ့အတူ အမေရိကန် ပြည်ထောင်စု အနေနဲ့ အစဉ်အမြဲ အားသစ်လောင်းခဲ့တာ ဖြစ်ပါတယ်။”
ဇူလိုင်လ ၄ ရက်နေ့မှာကျရောက်ခဲ့တဲ့ ဒီနှစ် လွတ်လပ်ရေးနေ့မှာတော့ နိုင်ငံခြားမှာမွေးဖွားခဲ့တဲ့ အမေရိကန် စစ်မှုထမ်း ၂၅ ဦးတို့ အတွက် မေ့မရနိုင်တဲ့နေ့ ဖြစ်ပါတယ်။ လက်တင်အမေရိက၊ အာရှနဲ့ အာဖရိက ၁၇ နိုင်ငံတို့က လာရောက်အခြေချခဲ့ကြတဲ့ စစ်မှုထမ်း ၂၅ ဦးတို့ဟာ အိမ်ဖြူတော်မှာကျင်းပခဲ့တဲ့ ကျမ်း သစ္စာကျိန်ဆိုပွဲမှာ အမေရိကန်နိုင်ငံသားတွေအဖြစ် ခံယူခဲ့ကြပါတယ်။ အမေရိကန် စစ်ပွဲတွေမှာ အသက်စွန့် တိုက်ခိုက် ကူညီပေးခဲ့ကြတဲ့အတွက်ကြောင့်လည်း အမေရိကန်ပြည်ထောင်စုက သူတို့ ကို ကျေးဇူးပြန် ဆပ်တဲ့အနေနဲ့ နိုင်ငံသားအဖြစ် အမြန်နည်းနဲ့ လက်ခံခဲ့တာ ဖြစ်ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲကို တိုင်ပေး ခဲ့သူကတော့ အမိမြေ လုံခြုံရေးဌာနဝန်ကြီး Janet Napolitano ဖြစ်ပါတယ်။
အမေရိကန် ကြည်း၊ လေနဲ့ မရိန်းတပ်ဖွဲ့ဝင် ၂၅ ဦးတို့ကို ဂုဏ်ပြုကြိုဆိုတဲ့အခမ်းအနားမှာ သမ္မတ အိုဘားမားက အမေရိကန် လူဝင်မှု ကြိကြပ်ရေးပေါ်လစီကို ပြင်ဆင်ရာမှာ ခြုံငုံပြည့်စုံမှုရှိဖို့ ထပ်ပြီး တိုက်တွန်းလိုက်ပါတယ်။ အခုလို အမေရိကန်နိုင်ငံသားတွေအဖြစ် ခံယူတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားတွေဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အတွေးအခေါ်ပေါင်းစုံ စုစည်းရာနိုင်ငံ ဖြစ်တယ် ဆိုတာကို ဖော်ညွှန်းတဲ့အကြောင်းလည်း သမ္မတက ပြောကြားခဲ့ပါတယ်ရှင်။
Ref: ဗွီအိုအေ
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88