Thursday, July 5, 2012

လစာခုနှစ်သောင်းရရှိမည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား ပြည်သူ့ဆန္ဒနှင့်ရွေးချယ်မည်

စည်သူနိုင်(မြစ်မခ)
5 Jul, 2012

ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ရပ်ကွက်နှင့်ကျေးရွာများအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ရပ်ကွက်(သို့မဟုတ်) ကျေးရွာ အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေအရ ပြည်သူ့ဆန္ဒနှင့်အညီရွေးချယ် တင်မြှောက်ခန့်အပ်သွားမည်ဖြစ်သည်ဟု လွှတ်တော် ကိုယ်စား လှယ်များထံက သိရှိရသည်။

“လက်ရှိအုပ်ချုပ်ရေးမှူးတွေကတော့ ပြည်သူအများကရွေးကောက်ထားတာမဟုတ်ဘူး၊ နည်းဥပဒေအရတော့ ပြည်သူဆန္ဒနဲ့ အညီ ရွေးချယ်တင်မြှောက်ရမှာပါ။ ဒါဆိုရင် ပြည်သူက ယုံကြည်ကိုးစားနိုင်မယ့်၊ ပြည်သူ့အကျိုး၊ ရပ်ရွာအကျိုးကို စွမ်းစွမ်း တမံ ဆောင်ရွက် နိုင်မယ့်အုပ်ချုပ်ရေးမှူးတွေ ထွက်ပေါ်လာနိုင်ပါတယ်” ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြောသည်။

လက်ရှိအချိန်တွင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေများကို အဆင့်ဆင့်တင်ပြဆောင်ရွက်လျက် ရှိပြီး နိုင်ငံတော် တစ်ဝှမ်းလုံးရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် ချီးမြှင့်ထောက်ပံ့ ငွေနှင့် အုပ်ချုပ်ရေးမှူးရုံး အသုံး စရိတ် ထောက် ပံ့ငွေများချီးမြှင့်ထောက်ပံ့နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဇူလိုင်လ(၄)ရက်နေ့က ကျင်းပခဲ့သောပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေကို အစိုးရအဖွဲ့သို့ တင်ပြထားပြီးဖြစ်ကြောင်း၊ အစိုးရအဖွဲ့မှ လွှတ်တော်သို့ တင်သွင်း ကာ လွတ်တော်၏ အတည်ပြုချက်ရရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား လစာ ငွေ(၇၀၀၀၀) နှင့် ရုံးအသုံးစရိတ်ငွေ (၅၀၀၀၀) ပေးအပ်နိုင်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

“ရပ်ကွက်တစ်ခုမှာ အမှုတစ်ခုကို ဖြေရှင်းပေးနိုင်တဲ့သူမျိုးကို အများဆန္ဒနဲ့ ခန့်ရမယ်ဆိုတော့ ကောင်းပါတယ်။ အစိုးရက သတ်မှတ် ပေးတဲ့ လစာနဲ့ဆိုအဆင်ပြေနိုင်ပါတယ်။ အခုက သူတို့အချင်းချင်း နားလည်ပြီး ခန့်ထား ကြတာဆိုတော့ ရပ်ကွက်မှာနေတဲ့သူတွေနဲ့ အဆင်မပြေတာလဲ ရှိတယ်”ဟု နေပြည်တော်၊ ပန်းခင်း (၃)မှ ကိုနေဇာထွန်းက ပြောသည်။

အဆိုပါ နည်းဥပဒေပေါ်ထွက်လာပါက ဘက်ဂျက်အား အတည်ပြုရန်သာလိုအပ်ပြီး တစ်နိုင်ငံလုံးအနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး (၁၀၀၀၀)ကျော်ခန့်ရှိကာ ၄င်းတို့အား လစာနှင့် ရုံးအသုံးစရိတ်ထောက်ပံ့ပေး နိုင်ရန် တစ်နှစ်လျှင် ငွေကျပ် (၂၀) ဘီလီယံခန့် ကုန် ကျမည်ဖြစ်ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၂၈၉)တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တာဝန်ပေးအပ်ရာတွင် ရပ်ရွာက ကြည်ညိုလေး စားပြီး သိက္ခာသမာဓိရှိသည့်ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေနှင့်အညီခန့် အပ်တာဝန်ပေး ဆောင်ရွက်စေရမည်ဟု ဖော်ပြပါရှိသည်။



Ref: မြစ်မခ

0 comments:

အပေါ်သို့