Friday, July 6, 2012

ငါးမြစ်ချင်းငါးမျိုးမြှင့်တင်ခြင်းလုပ်ငန်းအား လှော်ကားစခန်းတွင် ဆောင်ရွက်နိုင်

ယမင်း(မြစ်မခ)
6 Jul, 2012

မြန်မာနိုင်ငံမှ ဒုတိယအဆင့်အရေးပါသောပြည်ပပို့ကုန်ဈေးကွက်ဝင်ငါးမြစ်ချင်း ငါးမျိုးမြှင့်တင်ခြင်းလုပ်ငန်းအား ရန်ကုန်တိုင်းဒေသကြီး လှော်ကားငါးလုပ်ငန်းစခန်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း လှော်ကားငါးလုပ်ငန်း စခန်းက အတည်ပြုပြောကြားသည်။

မြန်မာနိုင်ငံတွင် ငါးမွေးဧက(၂)သိန်းကျော်ရှိပြီး ငါးမြစ်ချင်းငါးမွေးဧကမှာ (၇၆.၆)% ရှိကြောင်း၊ ပြည်ပဈေးကွက် တွင်လည်း ဒုတိယ အဆင့်အရေးပါသော ပို့ကုန်ဖြစ်ကြောင်း၊ အင်းများတွင်လည်း မွေးမြူထုတ်လုပ်မှု အများဆုံး ဖြစ်ပြီး ပြည်ပဈေးကွက်တွင် ဒုတိယ အဆင့် ရှိကြောင်း သိရသည်။

ငါးမြစ်ချင်းငါးမျိုးဗီဇမြှင့်တင်ခြင်းလုပ်ငန်းအား လှော်ကားငါးလုပ်ငန်းစခန်းတွင်၂၀၀၉ခုနှစ်မှ စတင်၍ လုပ်ကိုင် ခဲ့ရာ၂၀၁၀ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် လည်းကောင်း၊ ယခု၂၀၁၂ခုနှစ်မှ ၂၀၁၃ခုနှစ်အတွင်း ဖောက်၍ရ သော F1 Generatoin အား ၂၀၁၅ ခုနှစ်တွင် F 2 Generatoin အဖြစ်ထုတ်လုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

“ရွေးချယ်သားဖောက်တဲ့အခါမှာ ကောင်းမွန်တဲ့ငါးမျိုးတွေကို ရွေးချယ်သွားပြီး အရည်အသွေးကောင်းကောင်းနဲ့ သားဖောက်ထုတ်လုပ် နိုင်ဖို့၊ သွေးနီးသားစပ်နည်းတွေကို ရှောင်ရှားဖို့အတွက် ရည်ရွယ်ပြီးတော့ ဒီငါးမျိုးဗီဇမြှင့် တင်ခြင်းလုပ်ငန်းကို လုပ်ရခြင်းဖြစ်ပါတယ်” ဟု လှော်ကားငါးလုပ်ငန်းစခန်းမှ ဦးလှဌေးက ပြောသည်။

ငါးမြစ်ချင်းငါးမျိုးဗီဇများမှာ သာရဝေါ၊ အင်းမ၊ ရွှေမြင်းမ၊ ဘင်္ဂဒူး အစရှိသည်တို့ရှိရာမှ ၂၀၀၉ ခုနှစ်၏ ရလဒ်များ အရ သာရဝေါ-အင်းမ (အထီး)ငါးမျိုးဗီဇသည် (၃၅)လသားအရွယ်၌ (၃.၁)ကီလို၊ ၂၀၁၀ခုနှစ်၏ ရလဒ်များအရ သာရဝေါ-အင်းမ(အထီး)ငါးမျိုးဗီဇသည် (၃၅)လသားအရွယ်၌ (၂.၂)ကီလို၊ ၂၀၁၂ခုနှစ်၏ရလဒ်များအရ အင်းမ -အင်းမ(အမ) ငါးမျိုးဗီဇသည် (၃၅)လသားအရွယ်၌ (၃.၂) ကီလိုရရှိ၍ ၄င်းမျိုးဗီဇသည် အကောင်းဆုံး ဖြစ်သည် ကိုလည်း တွေ့ရှိရကြောင်း သိရသည်။

“ဒီနှစ်က မိုးလည်းနောက်ကျလို့ သားဖောက်လည်း နောက်ကျတယ်။ ပြီးတော့ ငါးဈေးကျတဲ့အတိုင်းအတာမှာ သားပေါက်ရောင်းဖို့ အခက်အခဲဖြစ်တယ်။ နောက်ငါးဈေးကောင်းတဲ့အချိန်မှာ ငါးမျိုးစေ့တွေ ပျက်မသွားအောင် အခု ငါးသားပေါက်တဲ့အချိန်မှ ဖမ်းယူ မှုမပြုလုပ်သင့်ဘူး”ဟု တနသာင်္ရီတိုင်းဒေသကြီးမှ ငါးမွေးမြူရေးလုပ်ငန်း ရှင်တစ်ဦးက ပြောသည်။

လက်ရှိတွင် လှော်ကားငါးလုပ်ငန်းစခန်းတွင် ငါးမြစ်ချင်းသားပေါက် တစ်လက်မရှိ (၁)လသားအရွယ် တစ် ကောင်လျှင် (၄)ကျပ်နှုန်းဖြင့် ၀ယ်ယူရရှိနိုင်ကြောင်း၊ ငါးဒန်၊ ငါးသိုင်းခေါင်းပွ၊ တောင်ပေါ်ငါးသလောက်၊ ငါးခုံးမငါးများအားလည်း သုတေသနများပြုလုပ်၍ သားဖောက်ရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ငါးသယံဇာတတွေ ပေါများလာစေဖို့အတွက် ငါးတွေသေဆုံးမှုမရှိစေဖို့၊ ငါးမြစ်ချင်းငါးမျိုး ဗီဇမြှင့်တင်တာတွေ ပေါ်လာစေဖို့၊ ဘက်ထရီ ရှော့ရိုက်တာတွေ တားဆီးပေးဖို့ ပညာရှင်တွေ ကွင်းဆင်းသင့်ပြီး ငါးသယံဇာတထိန်း ပေးစေချင်ပါတယ်။” ဟု မြန်မာနိုင်ငံငါးလုပ်ငန်း ဦးစီးဌာနမှ ရန်ကုန်တိုင်းဦးစီးမှုး ဦးမျိုးအောင်ကအကြံပြုပြော ကြားခဲ့သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့