Monday, July 2, 2012

ပြည်တွင်းရွှေဈေး ကျပ်-ခုနှစ်သိန်းနှစ်သောင်းဝန်းကျင်နှင့် တည်ငြိမ်နေ

အောင်ကိုကိုလတ် (မြစ်မခ)
30 Jun, 2012

ကမ္ဘာ့ရွှေဈေးတည်ငြိမ်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးကွက်တွင် ရွှေဈေးနှုန်းအပြောင်းအလဲမှာ အရောင်းအ၀ယ်ဖြစ်မှု အခြေ အနေပေါ်တွင် မူတည်၍ လက်ရှိအချိန်တွင် တည်ငြိမ်နေကြောင်း ရန်ကုန်မြို့ရှိ ရွှေဆိုင်ကြီး များက သိရှိရသည်။

“ရွှေဈေးက အခု ပုံမှန်ပါပဲ။ ၁၆ ပဲရည်ကို ၇သိန်း ၂သောင်းဝန်းကျင်ပေါ့။ အရောင်းအ၀ယ်ကတော့ အေးပါတယ်။ အခု တစ်ပတ် နှစ်ပတ်အတွင်းမှာ ကို ၇ သိန်းဖြစ်ခဲ့တယ်။ ၇သိန်း ၅သောင်းလည်း ဖြစ်ခဲ့တယ်”ဟု ကမာရွတ် လှည်းတန်းရှိ တိတ်စိန် ရွှေဆိုင်က ပြောသည်။

ရန်ကုန်ရွှေဈေးကွက်တွင်း၌ ဇွန်လ ၂၉ ရက်နေ့တွင် ၁၅ပဲရည် တစ်ကျပ်သားလျှင် ကျပ် (၆)သိန်း(၆)သောင်း၊ ၁၆ ပဲရည် တစ်ကျပ် သားလျှင် ကျပ် (၇)သိန်း(၂)သောင်း(၅)ထောင် ရှိပြီး ကမ္ဘာ့ရွှေဈေးကွက်တွင် ရွှေတစ် အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၅၆၆.၄) ရှိကြောင်း သိရသည်။

ကမ္ဘာ့ရွှေဈေးကွက်တွင် ပြီးခဲ့သည် (၂၂)ရက်နေ့၌ ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၅၆၇.၄) ဈေးရှိခဲ့ကြောင်းကိုလည်း သိရသည်။

ပြည်တွင်း ရွှေဈေးကွက်အပြောင်းအလဲဖြစ်ပေါ်ရခြင်းသည် ကမ္ဘာ့ရွှေဈေးအတက်အကျ ပေါ်မူတည်နေကြောင်း၊ လက်ရှိ ကမ္ဘာ့ရွှေ ဈေးကွက် တည်ငြိမ်မူကြောင့် ပြည်တွင်းရွှေဈေးနူန်း တည်ငြိမ်နေခြင်းဖြစ်ကြောင်း သိရသည်။

“ဈေးကွက်တွေက ကမ္ဘာ့ဈေးကွက်နဲ့ ဆက်ဆက်နေတာ။ အဲဒီမှာ အပြောင်းအလဲဖြစ်နေတော့ ပြည်တွင်း ဈေးကွက်မှာပါ အပြောင်း အလဲဖြစ်နိုင်တယ် ဆိုပြီးစောင့်နေတဲ့ သူလဲရှိတယ်။ တစ်လအတွင်းကို ရွှေဈေးက အတက်အကျ သိသိသာသာ ဖြစ်သွားတာဆိုတော့ အပေါင်ဆိုင်တွေကလည်း အထည်လက်ခံဖို့အတွက်ကို အမြဲအတက်အကျ နားထောင်နေရတယ်။ ၀ယ်ဖို့အတွက် စုဆောင်းချင် တဲ့ သူလည်း စဉ်းစားနေကြတာ ထင်တယ်။” ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှ အပေါင်ဆိုင်ဖွင့်ထားသူ ဒေါ်နွယ်နွယ်အေးက ပြောသည်။

ရန်ကုန်ဈေးကွက်တွင်း၌ ပြီးခဲ့သည် မေလပိုင်းနှင့် ဇွန်လပိုင်းတွင် ၁၆ပဲရည်တစ်ကျပ်သားလျှင် ကျပ် (၇)သိန်း (၅)သောင်းအထိမြင့် တက်ခဲ့ပြီး ရက်ပိုင်းတွင်း ကျပ် (၇)သိန်းဝန်းကျင်းသို့ပြန်လည်ကျဆင်းခဲ့ကာ လက်ရှိ ဇွန်လ ကုန်ပိုင်းတွင်း ကျပ် (၇)သိန်း (၂) သောင်း (၅)ထောင် ဈေး ရှိကြောင်း သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့