Friday, July 6, 2012

စစ်တွေရဲစခန်း တိုက်ခိုက်သူများဟု စွပ်စွဲ ဖမ်းဆီးခံထားရသူ ၁၈ ဦး ရုံးထုတ်၊ လက်ခံ မရ

July 6, 2012

စစ်တွေ ရဲစခန်းအား တိုက်ခိုက်ရာတွင် အဓိက နေရာက ပါဝင်သူများဟု စွပ်စွဲခံထားရသူ ရခိုင်အမျိုးသား ၁၈ ဦးကို စစ်တွေမြို့နယ် တရားရုံးတွင် ယမန်နေ့က ရုံးထုတ်ခဲ့သည်။

သူတို့အား ပုဒ်မ ၆(၁) ပြည်သူပိုင် ပစ္စည်းများ ဖျက်ဆီးမူဖြင့် တရားစွဲဆိုခဲ့ပြီး လက်ခံပေးရန် တရားရုံးက ငြင်းဆိုခဲ့သည်ဟု ဆိုသည်။

“ ဟုတ်ပါတယ်။ သူတို့ကို လက်ခံ မပေးဘူး။ ရမန်ယူသွားတယ်။ ဇူလိုင်လ ၁၂ ရက်နေ့ထိပါဘဲ” စစ်တွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

သူတို့အား လာမည့် ဇူလိုင်လ ၁၂ ရက်နေ့တွင် ထပ်မံရုံးချိန်းပေးလိုက်သည်ဟု အမူကို လိုက်ပါဆောင်ရွက်နေသူ အမည် မဖေါ်လိုသူ ရှေ့နေ တစ်ဦးက ပြောသည်။

“ သူတို့ကို ၁၂ ရက်နေ့ ရုံးချိန်းပေးထားတယ်။ ဒီအတောအတွင်း နောက်ထပ် အမူနဲ့ ပတ်သက်တဲ့ အရေးကြီး လူပုဂ္ဂိုလ် ၄ ဦးကို ရဲက လိုက်ရှာနေတယ်။ အဲဒီလူ ၄ ဦးကို ဖမ်းမိရင်တော့ ကျန်တဲ့လူ ၁၈ ထဲက တချို့ကို လက်ခံပေးမယ်လို့တော့ ပြောတယ်” ဟု သူက ဆက်ပြောသည်။

အရေးတကြီး ဖမ်းဆီးရန် လိုလားနေသူ ၄ ဦးမှာ မည်သူ မည်ဝါ ဖြစ်သည်ဟု ရဲအဖွဲ့က ထုတ်ဖေါ် မပြောကြားသော်လည်း အဆိုပါ ပုဂ္ဂိုလ်များမှာ ရှောင်တိမ်းသွားကြပုံရသည်ဟု သူက ပြောသည်။

ယခု ဖမ်းဆီးခံရသူ ၁၈ ဦးမှာ ဇွန်လ ၃ ရက်နေ့က စစ်တွေမြို့ အမှတ် (၁) ရဲစခန်းကို တိုက်ခိုက်မူတွင် ပါဝင် ပတ်သက်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရသူများ ဖြစ်ကြသည်။ အဆိုပါ ဖြစ်စဉ်တွင် စစ်တွေ ရဲတပ်ဖွဲ့မှ လူပေါင်း ၃၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး တချို့ကို ပြန်လွှတ်ပေးကာ ၁၈ ဦးကို ဆက်လက် ထိန်းသိမ်းထားခြင်း ဖြစ်သည်။

ဇွန် (၃) ရက် စစ်တွေရဲစခန်း ၀ိုင်းဝန်းတိုက်ခိုက်မူတွင် လုံခြုံရေ တပ်ဖွဲ့ဝင်များ ပစ်ခတ်မူကြောင့် လူပေါင်း ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ၄ ဦးမှာ ဒဏ်ရာ ပြင်းထန်၍ ရန်ကုန်သို့ ယူဆောင်သွားခဲ့ရသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့