Friday, July 6, 2012

ဈေးဝယ်ကဒ် အခမဲ့ ရောင်းချခွင့်ကဒ် ကျပ် (၅၀၀)နှင့် စစ်တွေမြို့မဈေး

မိုးဝေ- ရခိုင်ပြည်နယ် (မြစ်မခ)
5 Jul, 2012

ရခိုင်ပြည်နယ်စစ်တွေမြို့ မြို့မဈေးကိုယနေ့နံနက် ၉နာရီခွဲတွင် ပြန်လည်ဖွင့်လှစ်ခဲ့ရာဈေးလုံခြုံရေး အတွက် ဈေးဝယ်ယူ ခွင့်ကဒ်နှင့် ဈေးရောင်းချခွင့်ကဒ်ကို ဈေးသို့လာသူများအား ဈေးကော်မတီမှ ထုတ်ပေးနေပြီး အဆိုပါကဒ်ဖြင့်သာ မြို့မဈေးသို့ ဝင်ရမည်ဖြစ်သည်။

ဈေးဝယ်ယူသူများအနေဖြင့် ဈေးအဝင်တွင် ဈေးကြီးကြပ်ရေးကော်မတီထံမှ ဈေးဝယ်ယူခွင့်ကဒ်ကို ထုတ်ယူ ရပြီး ဈေးတွင်းသို့ ဝင်ရ မည်ဖြစ်ရာ ဈေးရောင်းသူအနေဖြင့်လည်း ဈေးရောင်းချခွင့်ကဒ်ကို ချိတ်ဆွဲထားရမည် ဖြစ်ကြောင်း ဈေးကြီးကြပ်ရေးကော်မတီက သိရသည်။

“ မြို့မဈေးကို ဒီနေ့မှ စဖွင့်တာပါ၊ ဈေးရောင်းသူတွေ အနေနဲ့ ဈေးရောင်းချခွင့်ကဒ်ကို ချိတ်ဆွဲထားရပါတယ်၊ အဲဒီကဒ်ကိုတော့ ဈေးကြီးကြပ်ရေးကော်မတီထံမှယူရပါတယ်၊ တစ်ကဒ်ကို ကျပ်ငွေငါးရာပေး ရပါတယ်’’ဟု ဈေးရောင်းချနေသူတစ်ဦးကပြောသည်။

ဈေးရောင်းချခွင့်ကဒ်ကို ကျပ်ငွေငါးရာဖြင့် သတ်မှတ်ထားသော်လည်း ဈေးဝယ်ယူခွင့်ကဒ်ကိုမူ အခမဲ့ ထုတ် ပေးခြင်းဖြစ်သည်။

မြို့မဈေးကိုယခင်လိုမဟုတ်ဘဲ အဝင်အထွက်ဖြင့်သတ်မှတ်ထားရာဈေးအဝင်တွင် ဈေးဝယ်ယူခွင့်ကဒ်နှင့် ဈေးရောင်းချခွင့်ကဒ်ကို ဈေးကြီးကြပ်ရေးကော်မတီထံမှ ထုတ်ယူရမည်ဖြစ်ပြီး ဈေးအထွက်တွင် အဆိုပါကဒ်များကိုထားခဲ့ရမည်ဖြစ်ကြောင်း ဈေးကြီးကြပ် ရေးကော်မတီဝင်တစ်ဦးက ပြောသည်။

“ပထမတော့ အလေ့အကျင့်မရှိဘူးဆိုတော့လုပ်ရတာခက်ခဲတာပေါ့၊ ဒါကကျွန်တော်တို့ ယာယီလုပ်တာပါ၊ ဒီလိုမျိုးဈေးဝယ်ယူခွင့် ကဒ် ဈေးရောင်းချခွင့်ကဒ်ကို မိမိနဲ့တပါတည်းယူဆောင်တာလဲ နိုင်ငံကြီးသားပီသတာပေါ့၊ နောက် တစ်ခုက လုံခြုံရေးအရလည်း သင့်တော်တာပေါ့’’ဟု ဈေးကြီးကြပ်ရေးကော်မတီဝင် ဦးသန်ထီးခိုင်က ပြောသည်။

ထို့အပြင် ဘင်္ဂလီများကို မြို့မဈေးသို့ ဝင်ခွင့်မပြုတော့သလို ဈေးရောင်းချခွင့်မပြူတော့ကြောင်း ဈေး ကော်မတီထံက သိရသည်။

ထို့အပြင် ဈေးတွင်းအလုပ်သမားများအတွက်လည်း ဈေးလုပ်သားကဒ် ထုတ်ပေးထားကြောင်းသိရသည်။

“အဆန်းလိုဖြစ်နေတာပေါ့နော်၊ ဝန်ထမ်းကဒ်ကိုဆွဲထားသလိုမျိုး၊ကောင်းပါတယ် ၊လုံခြုံရေးအရပေါ့”ဟု ဈေးဝယ်လာသူ တစ်ဦးက ပြောသည်။ အဆိုပါ ကဒ်များကို ယနေ့နံနက်တွင်စတင် ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့