၁၉၇၉ ခုမှာ မာဂရက်သက်ချာ ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးဟာ ကမ္ဘာ့ အရင်းရှင် စီးပွားရေးလောကမှာ ခေတ်စားလာခဲ့တယ်။ အရင်းရှင်နိုင်ငံတွေမှာ ပုံမှန်အားဖြင့် အစိုးရက နိုင်ငံပိုင် လုပ်ငန်းအဖြစ် လက်ဝါးကြီးအုပ်ထားလေ့ရှိတဲ့ ကျန်းမာရေးနဲ့ ပညာရေးသာမက စည်ပင်သာယာ အမှိုက်သိမ်း လုပ်ငန်းကအစ လျှပ်စစ်မီးပေးရေးလုပ်ငန်း၊ ရေပေးဝေရေးလုပ်ငန်းကနေ မီးရထားအပါအဝင် အများပြည်သူ ဆိုင်ရာ လမ်းတံတားစီမံခန့်ခွဲရေး လုပ်ငန်းတွေအထိ မာဂရက်သက်ချာက ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ပိုင်ဆိုင် ခွင့် လုပ်ကိုင်ခွင့်တွေ လွှဲအပ်ရောင်းချခဲ့တယ်။ ဒါနဲ့တဆက်တည်း နိုင်ငံတော်အစိုးရတွေရဲ့ အထူးသီးသန့် လုပ်ပိုင် ခွင့် နယ်ပယ်ဖြစ်တဲ့ စစ်တပ်နဲ့ စစ်တိုက်ခြင်းလုပ်ငန်းကိုလည်း ပုဂ္ဂလိကကုမ္ပဏီတွေက ကန်ထရိုက်ယူလုပ်စရာ နယ်ပယ်တခုအဖြစ် ယူဆစဉ်းစားချက်သစ် ပေါ်ပေါက်လာပါတယ်။
တချိန်က ‘ကြေးစားစစ်သား’ လို့ နာမယ်ဆိုးနဲ့ ကျော်ခဲ့သူတွေဟာ ဒီကနေ့မှာတော့ ‘ပုဂ္ဂလိကစစ်ကုမ္ပဏီ’ သို့မ ဟုတ် ‘ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ’ ဆိုတဲ့ နာမယ်သစ်နဲ့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ရဲ့ လစ်ဘရယ်ဝါဒသစ် ဈေး ကွက် စီးပွားရေးအောက်မှာ ခန့်ခန့်ကြီး နေရာယူထားကြပါတယ်။ အရင်တုံးကလို နာမယ်မပျက်အောင် အခု အခါမှာ စနစ်တကျနဲ့ အမြင်လှပြီး အထင်ကြီးလောက်စရာ စနစ်ဇယားတွေ၊ ထယ်ထယ်ဝါဝါ လုပ်ထုံးလုပ်နည်း တွေ၊ ပြည်သူ့ဆက်ဆံရေး နည်းနာတွေ PRကျင့်သုံးလာတဲ့ ဒီကုမ္ပဏီတွေကို အင်္ဂလိပ်လို အတိုကောက်PMC (Private Military Company)လို့ လူသိများကြတယ်။ (အီရတ်မှာ လှုပ်ရှားနေတဲ့ ဒီကုမ္ပဏီတွေကို မီဒီယာထဲမှာတော့ ပုဂ္ဂလိကကန်ထရိုက်တွေလို့ ခေါ်ဝေါ်သုံးနှုန်းနေတယ်) ကုမ္ပဏီနာမယ်တွေကိုလည်း သားသား နားနားပေးထားကြတယ်။ ဥပမာ၊ ‘အုပ်ချုပ်ရေးကဏ္ဍအတွက်အဖြေရှာချက်’ လို့ အဓိပ္ပါယ်ရတဲ့ Executive Outcomes ကုမ္ပဏီဟာ ကမ္ဘာ့ကြေးစားစစ်တပ်လောကမှာ နာမယ်ကြီးတယ်။ အခုခေတ်မှာ ပြည့်တန်ဆာကို လိင်လုပ်သားလို့ နာမယ်ပြောင်း၊ ပုံစံပြောင်းပြီး အဆင့်မြှင့်တဲ့သဘောပါပဲ။
အတိတ်က ကြေးစားစစ်သားတွေဟာ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီက ကိုလိုနီတွေ သိမ်းပိုက်ရာမှာပါဝင်ခဲ့သလို အမေရိကန် တော်လှန်ရေးမှာလည်း ဗြိတိသျှဘက်က ငှားရမ်းအသုံးပြုခံရတယ်။ ၂ဝ ရာစုအလယ်ပိုင်း အာဖရိက တိုက်က အမျိုးသား လွတ်မြောက်ရေးစစ်ပွဲတွေနှိမ်နင်းရာမှာ ကြေးစားစစ်သားတွေ အသုံးပြုခဲ့ကြတာကို တကမ္ဘာ လုံး အော့နှလုံးနာခဲ့ကြတယ်။ ကြေးစားစစ်သားတွေရဲ့ ဆိုးသွမ်းမှု အောက်တန်းကျမှုတွေဟာ ဟောလီးဝုဒ်ရုပ်ရှင် တွေရဲ့ ကုန်ကြမ်းတွေဖြစ်ခဲ့တယ်။ အဲဒီတုံးက လှုပ်ရှားခဲ့တဲ့ ကြေးစားစစ်သားတွေဟာ တဦးချင်း ဒါမှမဟုတ် အဖွဲ့ငယ်လေးတွေသာ ဖြစ်ခဲ့ပြီး အမြဲတမ်း (ဝါ) ပုံမှန်စီးပွားရေးလုပ်ငန်းကြီးတခုအဖြစ် ရပ်တည်နေတာမဟုတ်ခဲ့ ဘဲ လုပ်ငန်းပြီးရင် ကိုယ့်အိမ်ကိုယ်ပြန်နေ၊ ရခဲ့တဲ့အခကြေးငွေသုံး၊ ကုန်ရင် တခြားအလုပ်ရှာရတဲ့ အခြေအနေပါ။ ကြေးစားစစ်သားလုပ်နေချိန်မှာလည်း ခိုးကြောင်ခိုးဝှက်နဲ့ အပြင်လူတွေ မီဒီယာတွေမသိအောင် တတ်နိုင်သမျှ လုပ်ရပါတယ်။ ကိုယ် ကြေးစားစစ်သား လုပ်တယ်ဆိုတာ သက်ဆိုင်သူ အဝန်းအဝိုင်း ကျဉ်းကျဉ်းလေးကလွဲပြီး မသိကြပါဘူး။
စစ်အေးလွန် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ စစ်ရေးနဲ့ လုံခြုံရေးလိုအပ်ချက်တွေ ပိုလို့ပိုလို့ရှုပ်ထွေးလာတာ ကြောင့် ဆိုပြီး အစိုးရတွေဟာ အရင်လို လုံးဝဥဿုံ တာဝန်မယူနိုင်တဲ့အတွက် ပုဂ္ဂလိကစစ်ကုမ္ပဏီတွေ ပေါ်လာတာလို့ စစ်ကုမ္ပဏီ ထောက်ခံသူတွေက ပြောပါတယ်။ ဒီလိုအပ်ချက်အသစ်တွေကို အရင် အာဖရိကမှာ ခေတ်စားခဲ့ဖူးတဲ့ ပုံစံဟောင်း ကြေးစားစစ်သားတွေကလည်း မဖြည့်ဆီးပေးနိုင်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ဈေးကွက်တောင်းဆိုမှုဖိအား၊ နည်းပညာပေါက်ကွဲမှု၊ လူမှုရေးပိုင်း အကြီးအကျယ် ရှုပ်ထွေးပြောင်းလဲမှုတွေ အောက်မှာ ပုဂ္ဂလိကစစ်ကုမ္ပဏီတွေ ကြီးထွားရှင်သန်လာပါတယ်။ စစ်အေးတိုက်ပွဲပြီးဆုံးသွားလို့ စစ်အင်အား တွေ၊ စစ်ဘတ်ဂျက်တွေ လျှော့ချရတာနဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ ပိုထိန်းမနိုင်သိမ်းမရ ထကြွလာတာ တွေဟာ စစ်ကုမ္ပဏီတွေ ပိုအရေးပါလာစေတဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ်။ အမေရိကန် အစိုးရဌာနတခုရဲ့ စူးစမ်းချက်အရ စစ်ကန်ထရိုက်ပေးခြင်းရဲ့ အကြောင်းရင်းတွေက (၁) အတတ်ပညာပိုင်းအရ အထူးကျွမ်းကျင် အရည်အချင်းများရရှိရန် (၂) နယ်မြေဒေသ တချို့မှာ ချထားခွင့်ပြုတဲ့ စစ်သားဦးရေကန့်သတ်ချက်ကို ကျော်လွှား ရန် (၃) ရှားပါးအရင်းအမြစ်များ ချွေတာနိုင်ရန်တို့ဖြစ်ပြီး အစိုးရရဲ့ စစ်ဘက်ဆိုင်ရာကုန်ကျစရိတ် သက်သာရေး ဟာ တိုက်ရိုက် အကြောင်းရင်းမဟုတ်ဘူးလို့ ဆိုပါတယ်။
ကနေ့ခေတ်ရဲ့ ပုဂ္ဂလိကစစ်ကုမ္ပဏီတွေဟာ ခန့်ခန့်ညားညားရုံးခန်းဖွင့် တရားဝင်ဆိုင်းဘုတ်ချိတ်ပြီး စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ပါရဂူများအဖြစ် ‘လူရိုသေရှင်ရိုသေ’ ဗြောင်အတိအလင်း ရပ်တည် နေကြပါတယ်။ တခြားအမျိုးအစား စီးပွားရေးကုမ္ပဏီတွေလိုပဲ ‘ဈေးကွက်’ ထဲမှာ ဒီကုမ္ပဏီတွေဟာ တခုနဲ့တခု ပြိုင်ဆိုင်ပြီး ကိုယ့်လုပ်ငန်း ကိုယ်ကြော်ငြာတာ၊ ဟိတ်ဟန်ထုတ် ဝါကြွားတာတွေလည်းလုပ်ကြတယ်။ ကုမ္ပဏီတခု တခုဟာ ‘ဖောက် သည်’ တွေ အများအပြားအတွက် တပြိုင်တည်း ‘ဝန်ဆောင်’ ပေးနေရတတ်တယ်။ အရင်တုံးက ကြေးစားစစ်သားတွေလို စစ်တိုက်ရုံသက်သက်မဟုတ်တော့ဘဲ တပ်ထောက်ကိစ္စ၊ တပ်လေ့ကျင့်ရေး၊ လုံခြုံရေးနဲ့ထောက်လှမ်းရေး၊ အခြေအနေသုံးသပ် အကဲဖြတ်ရေးတွေအပြင် အကျဉ်းထောင်တွေ ကိုင်တွယ် အုပ်ချုပ်တာ၊ အကျဉ်းသားတွေ စစ်ကြောတာ စတဲ့ အလုပ်အမျိုးမျိုးပါ တာဝန်ယူနေကြတယ်။ အာဖဂန်နဲ့ အီရတ် က ပုဂ္ဂလိက ကန်ထရိုက်တွေဟာ စစ်ရေး-လုံခြုံရေးနဲ့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော် လည်း ကောင်း သက်ဆိုင်တဲ့ လုပ်ငန်းအမျိုးမျိုးအတွက် စီအိုင်အေ အပါအဝင် အမေရိကန်အစိုးရကရော၊ အမေရိကန် စီးပွားရေး ကုမ္ပဏီကြီးတွေကပါ ကန်ထရိုက်ပေး ငှားရမ်းထားတာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ တခြားစီးပွားရေး ကုမ္ပဏီတွေနဲ့ မတူတာက စစ်ကုမ္ပဏီတွေရဲ့ ‘ဝန်ထမ်း’ အများစုဟာ အမြဲခန့် ဝန်ထမ်းတွေမဟုတ်ဘဲ တကမ္ဘာလုံး က အရည်အချင်းမြင့် စစ်မှုထမ်းဟောင်းနဲ့ စီအိုင်အေဟောင်း-အက်ဖ်ဘီအိုင်ဟောင်း အပါအဝင် ရဲမှုထမ်းဟောင်း များကို စာရင်းပြုစု အချက်အလက်သိုမှီးထားရာ ကွန်ပျူတာဒေတာဘေ့စ် တပုံကြီးထဲက လိုအပ်သလို ဆွဲခန့်တာ ဖြစ်တယ်။ ဒီဒေတာဘေ့စ်တွေထဲမှာ တဦးချင်းရဲ့အတွေ့အကြုံတွေ၊ အထူးကျွမ်းကျင်မှုတွေ ပြထားတယ်။ ဒါကြောင့် သက်ဆိုင်ရာလုပ်ငန်းတခုချင်းအတွက် အသင့်တော်ဆုံး ‘ဝန်ထမ်း’ တွေကို ရွေးချယ်ခေါ်ယူနိုင်တယ်။ ကျွမ်းကျင်ပုဂ္ဂိုလ်တွေဟာ တပြိုင်တည်းမှာ စစ်ကုမ္ပဏီအတော်များများရဲ့ ဒေတာဘေ့စ်တွေထဲပါနေပြီး ကန်ထရိုက် လုပ်ငန်းတခုကတခု (ဝါ) ကုမ္ပဏီတခုကတခု အလွယ်တကူပြောင်းရွှေ့ခွင့်ရှိတယ်။ ကန်ထရိုက် ပြီးသွားရင်လည်း အလွတ်တမ်း ကန်ထရိုက်စစ်သားလုပ်ခွင့်ရှိတယ်။ ဒီနေ့ခေတ် စစ်ကုမ္ပဏီတွေရဲ့ ဝန်ထမ်းတွေထဲမှာ အတော် အတန် ဂုဏ်သရေရှိ ပုဂ္ဂိုလ်များပါဝင်တယ်ဆိုပေမဲ့ ၁၉၆ဝ ခုနှစ်တွေတုံးက နာမယ်ပျက်လှတဲ့ ဂလေဂချေ ကြေး စား စစ်သားမျိုးတွေလည်း အများကြီးပါပဲ။
ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ စီးပွားရေးလုပ်ငန်းကြီးတွေဟာ Outsourcing လို့ခေါ်တဲ့ ကုမ္ပဏီပြင်ပ လုပ်အားနဲ့ အတတ်ပညာအသုံးချမှုကို အတိုင်းအတာ ကြီးကြီးလုပ်လာသလို အမေရိကန်လို နိုင်ငံအစိုးရတွေဟာ လည်း စစ်ရေးနဲ့ပတ်သက်ပြီး အစိုးရအဝန်းအဝိုင်းပြင်ပက ပုဂ္ဂလိကစစ်ကုမ္ပဏီတွေရဲ့ ကာယအား၊ ဉာဏအား တိုးမြှင့်အသုံးပြုလာမှုကို ၁၉၉ဝ ခုနှစ်များမှာ သိသိသာသာ လုပ်လာပါတယ်။
၁၉၉၁ ပထမပင်လယ်ကွေ့စစ်ပွဲမှာ အမေရိကန်ဟာ တရားဝင်စစ်သား အယောက် ၁ဝဝ မှာ ပုဂ္ဂလိက ကန်ထရိုက် စစ်သား တယောက်နှုန်း သုံးခဲ့တယ်။ နောက်ပိုင်းကာလ ဘော့စ်နီးယား-ဟာဇီဂိုဗီးနားပဋိပက္ခနဲ့ ကိုဆိုဗို အရေး အခင်းကျတော့ နှုန်းထားမြင့်လာရာမှာ လက်ရှိအီရတ်စစ်ပွဲမှာတော့ စစ်သား ၅ဝ ကို စစ်ကုမ္ပဏီကန်ထရိုက် ၁ဝ ယောက်ကျော်နှုန်းဖြစ်လာလို့ အခုဆို အီရတ်မှာ ကန်ထရိုက်စစ်သား သုံးသောင်းကျော်ရှိနေပါတယ်။ ၂ဝဝ၃ မေလမှာ “အီရတ်စစ်ပွဲ ပြီးဆုံးသွားပြီ” လို့ သမတဘွတ်ရှ် ကြေညာပြီးနောက် လုံခြုံရေးကန်ထရိုက်တွေ အီရတ် နိုင်ငံထဲ ဒလဟောဝင်လာပါတော့တယ်။ မရေရာတဲ့ လုံခြုံရေးအနေအထားကြောင့် အမေရိကန်စစ်အင်အားတွေ ပြန့်ကျဲသွားပြီး အီရတ်ရုပ်သေးစစ်တပ်နဲ့ ရဲကလည်း အားမကိုးရတဲ့အခါ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေဟာ တိုက်ရေးခိုက်ရေးဘက် ပိုရောက်လာရပါတယ်။ အဘူဂရစ် အကျဉ်းထောင်ဖြစ်ရပ်တွေဟာ အမေရိကန်စစ်သား တွေရဲ့ အခန်းကဏ္ဍသာမက ကန်ထရိုက်တွေရဲ့ အနေအထားကိုပါ ပွင့်ကျစေခဲ့သလို အီရတ်သူပုန်တွေက ဖမ်းမိ ပြီး ခေါင်းဖြတ်ခံလိုက်ရတဲ့ ကန်ထရိုက်လေးယောက်ကြောင့် စစ်ကုမ္ပဏီတွေကို လူအများ အာရုံစိုက်လာပါတယ်။
အခုအခါ အီရတ်မှာ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေ ဒါဇင်နဲ့ချီပြီး လှုပ်ရှားနေကြရာမှာ စရိတ်စကသက်သာပြီး အမြတ်များများ ကျန်အောင်နဲ့ ဒေသအနေအထားကျွမ်းဝင်အောင် ဒေသခံအီရတ်လူမျိုးတွေကိုလည်း အလုပ်ခန့် ကြတယ်။ အီရတ်မှာ အကြီးဆုံးစစ်ကုမ္ပဏီတခုဖြစ်တဲ့ ‘စတီးဖောင်ဒေးရှင်း’ မှာ ဝန်ထမ်းသုံးပုံနှစ်ပုံဟာ အီရတ် လူမျိုးတွေဖြစ်သလို ယခင်ဆဒ္ဒမ်ဟုစိန် စစ်သားဟောင်းတွေက လုပ်နေတဲ့ ဒေသခံအီရတ်လုံခြုံရေးကုမ္ပဏီ ပေါက်စတွေလည်း ပေါ်နေပါပြီ။ ဒါပေမဲ့ အီရတ်မှာရှိတဲ့ ပုဂ္ဂလိက လုံခြုံရေးကျွမ်းကျင်သူ တွေထဲက တသောင်း နီးပါးလောက်ဟာ ယခင် တောင်အာဖရိက အသားအရောင်ခွဲခြားရေးခေတ်မှာ လူမည်းတွေကို အကြီးအကျယ် ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့ပြီး အခုတော့ ရင်ကြားစေ့ရေးကော်မရှင်ဆီက လွတ်ငြိမ်းချမ်းသာခွင့်ရထားတဲ့ တောင်အာဖရိကစစ်သားဟောင်းတွေ ပုလိပ်ဟောင်းတွေဖြစ်ပါတယ်။ တခြား ကန်ထရိုက်စစ်သားတွေကတော့ ချီလီအာဏာရှင် ပီနိုရှေး၊ ယူဂိုစလပ်အာဏာရှင်မီလိုဆီဗစ်တို့ရဲ့ စစ်သားဟောင်းတွေအပြင် အဇ္ဇရေးနဲ့ ယခင် တောင်အမေရိက အာဏာရှင်နိုင်ငံတွေက စစ်သားဟောင်း ပုလိပ်ဟောင်းတွေ အများအပြားပါဝင်ကြတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ဒေါ်နယ်ရမ်းစဖဲလ်က ပင်မစစ်လုပ်ငန်းတာဝန်တွေကိုတော့ ကန်ထရိုက်မပေး ဘူးလို့ ပြောခဲ့ပေမဲ့ လက်တွေ့မှာတော့ ကန်ထရိုက်စစ်သားတွေဟာ အစုံလုပ်နေရပါတယ်။ အကြောင်းရင်းက တော့ စစ်ကန်ထရိုက်တွေဟာ အမေရိကန်ဘီ-၂ ဗုံးကြဲလေယဉ်နဲ့ အပေချီရဟပ်ယဉ်လို အဆင့်မြင့်လက်နက် စနစ်တွေ ကိုင်တွယ်နိုင်တဲ့ အတတ်ပညာကျွမ်းကျင်မှု မျိုးရှိကြသလို သော့ချက်ကျတဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းရေး နဲ့ အစိုးရအုပ်ချုပ်မှု တည်ဆောက်ရေးတာဝန်တွေကိုလည်း လုပ်ပေးနိုင်ကြလို့ဖြစ်တယ်။ စစ်တပ်အပြင် ရဲကိုပါ သင်တန်းပေးနိုင်ရုံမက ရဲတပ်ဖွဲ့တည်ဆောက်ရေးလည်း လုပ်ပေးနိုင်တယ်။ သိကြတဲ့အတိုင်း ကန်ထရိုက်တွေဟာ ထောက်လှမ်းရေးလုပ်ငန်းတင်မက သုံ့ပန်းစစ်ကြောရေးလည်းလုပ်နေတယ်။ တချို့စစ်ကန်ထရိုက်တွေဟာ စစ်ပွဲ အတွေ့အကြုံရှိမှုကြောင့် တိုက်ပွဲဇုံထဲဖြတ်ပြီး အရေးကြီး ပစ္စည်းတင်ကုန်ကားကြီးတွေအတွက် ယဉ်မောင်းအလုပ် လုပ်သလို တချို့ကန်ထရိုက်တွေကျတော့ စကားပြန်အလုပ်လုပ်တယ်။ အမေရိကန်နိုင်ငံထဲမှာလည်း တက္ကသိုလ် အရံတပ် (ယူတီစီ) သင်တန်းကို ပုဂ္ဂလိကစစ်ကုမ္ပဏီက တာဝန်ယူနေတယ်။
လွတ်လပ်စွာပြိုင်ဆိုင်တဲ့ ဈေးကွက်စီးပွားရေးစနစ်အောက်က ပုဂ္ဂလိကစစ်ကုမ္ပဏီဆိုပေမဲ့ ၂ဝဝ၃ ခုနှစ် အီရတ် နိုင်ငံမှာ ရေနံတွင်းတွေ ပြန်လည်တည်ဆောက်ရေး လုံခြုံရေးလုပ်ငန်းကို တင်ဒါမခေါ်ဘဲ ကဲလော့ဂ်-ဘရောင်း-ရူ့တ် စစ်ကန်ထရိုက်ကို တိုက်ရိုက်ပေးလိုက်တယ်။ ဒီစစ်ကုမ္ပဏီဟာ ဒုသမတ ဒစ်ချေနီရဲ့ ဟယ်လီဘာတန် ရေနံ တူးကုမ္ပဏီလက်အောက်ခံ ကုမ္ပဏီခွဲဖြစ်ပါတယ်။ ဒီလို အနေအထားမျိုးမှာတော့ စစ်ကုမ္ပဏီတွေကို ကန်ထရိုက် ပေးတာဟာ စစ်သားအစစ်တွေသုံးတာထက် အကုန်အကျများလို့ အစိုးရနဲ့ ပင်တဂွန်ကို ဝေဖန်ပြစ်တင်ကြတယ်။ အီရတ်စစ်ပွဲလေ့လာချက်အရ တချို့ကန်ထရိုက်တွေဟာ တလကို လစာ ဒေါ်လာ ၂ဝဝဝဝ တောင်ရတယ်။ ဒါဟာ ရှေ့တန်းထွက်စစ်သားတယောက်လစာထက် အနဲဆုံးသုံးဆရှိနေပါတယ်။ ကန်ထရိုက်တွေကို ဒီလောက်ကြီး ပေး ထားတာ တကယ်အကျိုးအမြတ်ရှိမရှိ တန်မတန်ကိုတော့ စနစ်တကျ စူးစမ်းလေ့လာထားတာ မရှိသေးပါဘူး။ လက်ငင်း ကန်ထရိုက်စရိတ်ကြီးပေမဲ့ ကန်ထရိုက်စစ်ပွဲဆင်နွဲခြင်းကြောင့် စစ်တပ်အနေနဲ့ နောက်ဆုံးမှာ စစ်သားစု ဆောင်းရေး၊ လေ့ကျင့်ရေးနဲ့ နေရာချရေးပိုင်းမှာ အကုန်အကျသက်သာသွားမယ်လို့ ထောက်ခံသူတချို့က ဆိုကြ တယ်။ တဖက်ကကြည့်ပြန်တော့လည်း ကန်ထရိုက်အများစုဟာ မူလကနဦးစစ်သားဘဝတုန်းက အမေရိကန် အစိုးရက ခေါ်ယူလေ့ကျင့်ပေးခဲ့တဲ့ ကျေးဇူးကိုလည်း ပြန်ကြည့်သင့်တယ်လို့ မကျေနပ်သူတွေက ဝေဖန်နေတယ်။ အခုလို စစ်ကုမ္ပဏီတွေရဲ့ ဝင်ငွေကောင်းတဲ့ ကန်ထရိုက်အလုပ် သွေးဆောင်မှုကြောင့် စစ်သားတွေကို အမြဲတမ်း တပ်မတော်ထဲ ရေရှည်ထိန်းထားနိုင်ဖို့ ခက်လိမ့်မယ်လို့လည်း အမေရိကန်စစ်တပ်ထိပ်ပိုင်းတွေ သာမက ဗြိတိန် နိုင်ငံမှသည် ချီလီနိုင်ငံအထိ နိုင်ငံအများအပြားက စစ်ဗိုလ်ချုပ်တွေ စိုးရိမ်ပူပန်နေကြတယ်။ ရာစုနှစ်တခုကျော် ဗြိတိသျှစစ်တပ်မှာ ကြေးတမ်းစားစစ်မှုထမ်းခဲ့တဲ့ ကမ္ဘာကျော် ဂေါ်ရခါးလူမျိုး နီပေါနိုင်ငံသားတွေဟာလည်း အခု အခါ ‘ဂေါ်ရခါး လုံခြုံရေးအစောင့်များ’ လို့နာမယ်ပေးထားတဲ့ ပုဂ္ဂလိကစစ်ကုမ္ပဏီတခု တည်ထောင်ထားရုံမက တခြားစစ်ကုမ္ပဏီတွေမှာလည်း စာရင်းသွင်း ‘ဝန်ဆောင်မှု’ ပေးနေကြလို့ ဗြိတိန်စစ်တပ်က ရတက်မအေး ဖြစ်နေ ပါတယ်။ အဲဒီ ဂေါ်ရခါးစစ်ကုမ္ပဏီကို ဆီယာရာ လီယွန်းပြည်တွင်းစစ်မှာ အစိုးရဖက်က ငှားခဲ့သေးတယ်။
ကြေးစားစစ်သားဘဝကနေ စစ်ကုမ္ပဏီဖြစ်လာတဲ့အခါ ကုမ္ပဏီပီပီ ဈေးကွက်ထဲနာမယ်ကောင်းရရေး၊ တနည်း အားဖြင့် ဖောက်သည်များများ ရေရှည်ရရေးကို လုံးပမ်းလာရတယ်၊ ဒါကြောင့် အရင်ခေတ်က ကြေးစားစစ်သား တွေလို နာမယ်ဆိုးလို့မဖြစ်ဘဲ ကျင့်ဝတ်တွေ လုပ်ဟန်တွေ ဂရုစိုက်ရတယ်လို့ ဆိုကြပေမဲ့ အီရတ်နဲ့အာဖဂန် အတွေ့အကြုံက အဲဒီအပြောကို ချေဖျက်နေပါတယ်။ ‘အုပ်ချုပ်ရေးကဏ္ဍအတွက် အဖြေရှာချက်’ ဆိုတဲ့ စစ် ကုမ္ပဏီဟာ ဆီယာရာလီယွန်းအစိုးရရဲ့ မြို့တော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နေစဉ် မိမိဝန်ဆောင်ခရဖို့ အဓိကကျတဲ့ စိန်တွင်းတွေကာကွယ်ရေးအတွက် အရည်အချင်းနိမ့်ကျလှတဲ့ ဆီယာရာလီယွန်းစစ်တပ်အစား ဒေသခံပြည်သူ့စစ်တွေကို အားကိုးခဲ့တာကြောင့် ပြည်သူ့စစ်တွေ ခေါင်းထောင်လာပြီးနောက်ပိုင်းမှာ စစ်တပ်နဲ့ တင်းမာမှုတွေ အာဏာသိမ်းမှုတွေဖြစ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကမောက်ကမဖြစ်စေတဲ့အထိ ရှုပ်ထွေးမှု တွေဖြစ်ခဲ့လို့ နာမယ်အတော်ပျက်သွားခဲ့တယ်။ ဗြိတိသျှစစ်ကုမ္ပဏီတခုဖြစ်တဲ့ ‘လိုဂိုစစ်ထောက်’ ကုမ္ပဏီကတော့ အီကွေတိုးရီးယဲဂီနီနိုင်ငံမှာ အာဏာသိမ်းဖို့ကြံလို့ ဇင်ဘာဘွေနိုင်ငံမှာ ကုမ္ပဏီ ‘ဝန်ထမ်း’ ၇ဝ ဖမ်းခံခဲ့ရတယ်။ ဒီအာဏာသိမ်းရေးအကြံအစည်ကို အမေရိကန်အစိုးရက ကြိုသိပေမဲ့ ဟန့်တားမှုလုံးဝမလုပ်ခဲ့ပါဘူး။ အမေရိကန် အစိုးရက ဘော်လကန်ဒေသမှာ ရဲတွေသင်တန်းပေးဖို့ ကန်ထရိုက်ပေးထားတဲ့ အမေရိကန်စစ်ကုမ္ပဏီ ‘ဒိုင် ကော်ပိုးရေးရှင်း’ ဟာလည်း ပြည်တန့်ဆာကုန်ကူးမှု အရှုပ်တော်ပုံထဲ ပါဝင်ပတ်သက်ခဲ့တယ်။ ဒါပေမဲ့ ကန်ထရိုက် တွေရော အမေရိကန်အစိုးရပါ နိုင်ငံတကာဥပဒေနဲ့ အရေးယူတော့မခံရပါဘူး။
စစ်ကန်ထရိုက်တွေဟာ မိခင်တိုင်းပြည်အစိုးရကို ကိုယ်စားပြုပြီး နိုင်ငံခြားရေးပေါ်လစီကို ဖော်ဆောင်ပေးတာ လည်း လုပ်တယ်။ ၁၉၉၄ မှာ ခရိုအေးရှားအစိုးရက ‘နိုင်ငံတကာ စစ်ဘက်ပညာသည်ရင်းမြစ်များ’ ဆိုတဲ့ အမေရိကန်စစ်ကုမ္ပဏီကိုငှားပြီး စစ်ရေးအကြံပေးမှုနဲ့ လေ့ကျင့်သင်တန်းပေးမှု လုပ်စေခြင်းဖြင့် အမေရိကန် အစိုးရအတွက်ပါ အကျိုးရှိခဲ့တယ်။ ၁၉၈၆ မှာ ‘ကာကွယ်ရေးစနစ်များလီမိတက်’ ဆိုတဲ့ ဗြိတိသျှစစ်ကုမ္ပဏီဟာ မိုဇမ်ဘစ်အစိုးရစစ်တပ်ကို လေ့ကျင့်သင်တန်းပေးခဲ့လို့ ဗြိတိန်နိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီ အမြတ်ထွက်ခဲ့တယ်။ အီရတ်မှာ ကန်ထရိုက်စစ်သားလေးယောက် အသတ်ခံရတဲ့အခါ အပြစ်မဲ့အရပ်သား ပုဂ္ဂလိက ကန်ထရိုက်တွေ ကို အကြမ်းဖက်သမားတွေက ရက်ရက်စက်စက်သတ်သွားတယ်ဆိုပြီး စီးပွားရေးကန်ထရိုက်လိုလိုနဲ့ ရောကြိတ် ဝါဒဖြန့် အမြတ်ထုတ်တာလည်းရှိတယ်။
လက်ရှိအီရတ်နိုင်ငံမှာ စစ်ကန်ထရိုက်တွေကို အီရတ်တရားဥပဒေအရ အရေးယူခွင့်မရှိဘဲ မိခင်တိုင်းပြည် ဥပဒေ ကသာ သက်ရောက်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားတာဟာလည်း ၂ဝ ရာစုအစပိုင်း ကိုလိုနီခေတ်တွေကို သတိရစရာ ဖြစ်နေတယ်။ ကုလသမဂ္ဂကချတဲ့ နိုင်ငံတကာဥပဒေဟာ အစိုးရကိုဖြုတ်ချဖို့ကြံတဲ့ ပုံစံဟောင်းကြေးစားစစ်သား ကိုသာ ရည်ညွှန်းထားပါတယ်။ ယေဘူယျအားဖြင့် ပုဂ္ဂလိကစစ်ကန်ထရိုက်တွေအပါအဝင် ကြေးစားစစ်သားတွေ ကို စစ်သုံ့ပန်းအဆင့် သတ်မှတ်မပေးသော်လည်း လက်ဝဲသူပုန်အဖွဲ့တဖွဲ့ဖြစ်တဲ့ ‘ကိုလမ်ဘီယာတော်လှန်ရေး တပ်မတော်’ FARC ကတော့ ၂ဝဝ၃ တုန်းက သူတို့ဖမ်းမိတဲ့ အမေရိကန်စစ် ကန်ထရိုက်တွေကို သုံ့ပန်းအဆင့် သတ်မှတ်ပေးခဲ့တယ်။ အမေရိကန်အစိုးရကတော့ ဒီတော်လှန်ရေးအဖွဲ့ကို စစ်တပ်တခုအဖြစ် အသိအမှတ်မပြုဘဲ အကြမ်းဖက်အဖွဲ့အဖြစ်၊ ပြန်ပေးသမားတွေအဖြစ်သာ တရားဝင်ဆက်လက်သတ်မှတ်နေတယ်။
စစ်ကုမ္ပဏီတွေကို အစိုးရတွေကတင် ကန်ထရိုက်ပေးငှားရမ်းတာမဟုတ်ဘဲ နိုင်ငံလွန်စီးပွားရေးကုမ္ပဏီကြီးတွေ၊ အင်ဂျီအိုတွေကလည်း ငှားကြတယ်။ ကုလသမဂ္ဂကတောင် ထောက်ပံ့ကယ်ဆယ်ရေး ယဉ်တန်းတွေ စောင့် ရှောက်ဖို့ ငှားတာရှိသလို သတင်းဌာနတွေကလည်း လုံခြုံရေးအတွက် ငှားကြတယ်။
အခုလို နယ်မြေတခုထဲမှာ မတူတဲ့လုပ်ငန်းအမျိုးမျိုးအတွက် အသီးသီးအသက ငှားကြတဲ့အခါ မတူတဲ့ ရည်မှန်း ချက်တွေနဲ့ မတူတဲ့လှုပ်ရှားမှုတွေဖြစ်လာတော့ ပြဿနာတွေပေါ်လာတယ်။ အီရတ်မှာ အမေရိကန်စစ်တပ် တိုက်ပွဲဖြစ်ရင် ပုဂ္ဂလိကကန်ထရိုက်တွေ စစ်ကူလိုက်ပေးပေမဲ့ ကန်ထရိုက်တွေ တိုက်ပွဲဖြစ်တဲ့အခါကျတော့ အမေရိကန်တပ်က စစ်ကူမလိုက်လို့ ကန်ထရိုက်လေးယောက် ခေါင်းဖြတ်သတ်ခံရတယ်လို့ စွပ်စွဲတာလည်း ရှိ တယ်။
အခုအခါ လူတချိုရက ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးလုပ်ငန်းတွေကို ပုဂ္ဂလိကကန်ထရိုက်တွေ ငှား လုပ်ဖို့အထိတောင် ပြောကြတယ်။ ဒါပေမဲ့ ဒါဟာ သက်ဆိုင်ရာ တတိယကမ္ဘာနိုင်ငံအစိုးရတွေ၊ တတိယကမ္ဘာ စစ်တပ်တွေကို နှိမ်ရာရောက်မှာဖြစ်လို့ လက်တွေ့ဖြစ်မလာနိုင်ပါဘူး။ လောလောဆယ်မှာ အီရတ်က ကန်ထရိုက် စစ်ပွဲကတော့ အမေရိကန်အစိုးရကို အကျိုးပြုနေပါတယ်။ အမေရိကန်အစိုးရက စစ်ကန်ထရိုက်တွေ ငှားသုံးတဲ့ အတွက် စစ်တပ်ကိစ္စတွေမှာ ကွန်ဂရက်လွှတ်တော်ကို ဖြတ်သန်းရတဲ့ပြဿနာ ရှောင်ကွင်းနိုင်ပြီး စစ်တပ်တွေထဲ ကြုံရတဲ့ ခေါင်းပူစရာပြဿနာမျိုးတွေကိုလည်း ခေါင်းခံစရာမလိုတော့ဘဲ ဖြစ်သွားစေပါတယ်။ ဒါ့ကြောင့် ယနေ့ ကမ္ဘာမှာ စစ်ကုမ္ပဏီတွေရဲ့ အကြီးဆုံးဖောက်သည်ဟာ အမေရိကန်နိုင်ငံဖြစ်နေပါတယ်။
နိုင်ငံတော်အစိုးရတွေ လက်ဝါးကြီးအုပ်ထားလေ့ရှိတဲ့ စစ်ကိစ္စကို အခုလို နိုင်ငံလွန်ကုမ္ပဏီကြီးတွေ၊ အင်ဂျီအိုတွေ က ပုဂ္ဂလိကစစ်ကုမ္ပဏီတွေကတဆင့် ဝင်ရောက်လုပ်ခွင့်ရှိလာလို့ ပဋိပက္ခဖြေရှင်းရေးတွေ ပိုရှုပ်ထွေးလာပါတယ်။ ဒါကြောင့် လုံခြုံရေးအခြေအနေတွေ ပိုမတည်မငြိမ်ဖြစ်လာ၊ ဒီအခါ ပုဂ္ဂလိကစစ်နဲ့ လုံခြုံရေးကုမ္ပဏီတွေကို ပို လိုအပ်လာနဲ့ ဂျာအေး သူ့အမေရိုက်နေပါတော့တယ်။
ဘယ်လိုပဲဖြစ်ဖြစ် စစ်ကုမ္ပဏီတွေကို အခကြေးငွေကြီးကြီး ပေးငှားနိုင်တာက အစိုးရတွေ၊ စီးပွားရေးလုပ်ငန်းရှင် ကြီးတွေနဲ့ သူတို့နဲ့ ပုလင်းတူဗူးဆို့ရောင်းရင်းတွေသာ ဖြစ်နေပါတယ်။ နာမယ်ကိုယ်၌က အုပ်ချုပ်ရေးကဏ္ဍ အတွက် အဖြေရှာချက်ဆိုမှတော့ အုပ်စိုးသူလူတန်းစားတွေ အကျိုးသက်သက်အတွက်ပဲ ထူထောင်ထားတာ ရှင်း နေပါတယ်။ ဒါကို မကျေနပ်သူတွေက ဆန္ဒပြအရွဲ့တိုက်တဲ့အနေနဲ့ အင်တာနက်ထဲမှာ ‘ပစ္စည်းမဲ့လူတန်းစား အတွက်အဖြေရှာချက်’ Proletarian Outcomes လို့ နာမယ်တပ်ထားတဲ့ ပုဂ္ဂလိကစစ်ကုမ္ပဏီတခု ထူထောင်ဖွင့်လှစ်ထားကြောင်းနဲ့ ဒီကုမ္ပဏီဟာ ကမ္ဘာတလွှားက အာဏာရှင်အစိုးရတွေဆန့်ကျင်ရေး၊ အဖိနှိပ်ခံ ပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် လက်နက်ကိုင်တိုက်ပွဲနည်းနာတွေ၊ မြို့ပြသပိတ်မှောက်ဆန္ဒ ပြပွဲနဲ့ နိုင်ငံရေးအံတုမှုနည်းနာတွေကို အခကြေးငွေယူပြီး အဆင့်မြင့်မြင့်လေ့ကျင့်သင်တန်းပေးမယ်၊ အစိုးရတွေ ဖောက်ပြန်ရေးသမားတွေလာငှားရင် ဘယ်တော့မှမလိုက်ဘူးဆိုပြီး ‘ဤကုမ္ပဏီကြောင့် ပြီးမြောက်အောင်မြင်ခဲ့တဲ့ တော်လှန်ရေးအုံကြွမှုများ ဓါတ်ပုံမှတ်တမ်း’တွေနဲ့ အတည်ပေါက် ဝက်ဘ်ဆိုက်တင် စိတ်ဖြေသိမ့်မှုရှာခဲ့ကြပါတယ်။
ဒီလိုနဲ့ပဲ ပုဂ္ဂလိကစစ်ကုမ္ပဏီတွေသာမက ပုဂ္ဂလိကနိုင်ငံရေးကုမ္ပဏီတွေ၊ ကန်ထရိုက်နိုင်ငံရေးသမားတွေပါ ပေါ် လာပြီး လူလည်ကြီးများ ပိုကြီးပွားကြအုံးမှာ မြင်ယောင်မိပါတယ်။
(ရည်ညွန်း။ ။ ၂ဝဝ၄ ဇူလိုင်/သြဂုတ်လထုတ် နိုင်ငံခြားရေးပေါ်လစီ မဂ္ဂဇင်းပါ ဂျော့ဝါရှင်တန်တက္ကသိုလ် တွဲဘက်ပါမောက္ခ ဒီဘိုးရားအေဗန့် ၏ ဆောင်းပါး)
Read More...
Collapse...
မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးအရေးယူထားသော နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်သူ မောင်ဝိတ်ကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ကြောင်း ရန်ကုန်မြို့မှ ရှေ့နေ အသိုင်းအ၀န်း အပါအ၀င် မိသားစုနှင့် နီးစပ်သူများက ပြောသည်။
ပြီးခဲ့သည့် အပတ်က အင်းစိန်ထောင် အထူးတရားရုံးတွင် အဆိုပါ မောင်ဝိတ်ကို ပြစ်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့မှ ရှေ့နေတဦးက ပြောဆိုသည်။
“၁၅ နှစ် ချလိုက်တာကတော့ သေချာတယ်”ဟု အထက်ပါ ရှေ့နေက ပြောသည်။
ထိုသို့ မောင်ဝိတ် ပြစ်ဒဏ် ၁၅ နှစ် ကျခံရသည်ကို သိရှိသော်လည်း ယခုလောလောဆယ် အင်းစိန် ထောင်တွင် ရှိမရှိကိုမူ ၎င်း မသိရှိကြောင်း Maung Weik and Family co.,Ltd မှ အမျိုးသမီးဝန်ထမ်း တဦးကလည်း ပြောသည်။
“ကုမ္ပဏီမှာ အခု ဘယ်သူမှ မထိုင်သေးပါဘူး၊ မိသားစု ဖုန်းနံပါတ်လည်း ပေးလို့မရပါဘူး၊ အခု လောလောဆယ် မိသားစု က ဖုန်းလက်ခံ စကား မပြောဘူးလို့သိရပါတယ်”ဟု ၎င်းက ပြောသည်။
ယခု မောင်ဝိတ် ပြစ်ဒဏ်ချမှတ်ခံရခြင်းနှင့် ပတ်သက်ပြီး ဧရာဝတီက ဇနီးဖြစ်သူ မယဉ်မင်းသီအား ဆက်သွယ် မေးမြန်းခဲ့သော်လည်း တစုံတရာ ပြန်လည်ဖြေကြားခြင်း မပြုဘဲ ဖုန်းချသွားခဲ့သည်။
ယင်းမောင်ဝိတ်ကို ဇွန်လအတွင်းတွင် အပေါင်းအပါ ၆ ဦးနှင့် အတူ သက်ဆိုင်ရာက အက်တာစီ ဆေးပြား သုံးစြွဲ့ဖန့်ချိမှုဖြင့် ဖမ်းဆီးခဲ့ပြီးနောက် လမ်းမတော် ရဲစခန်းက မယ (ပ) ၂/၀၈ ၊ မူး/စိတ် ပုဒ်မ ၁၅/၁၆ (င)/၂၁ စသည့် ပုဒ်မများဖြင့် တရားစွဲဆိုခဲ့သည်။
မောင်ဝိတ်နှင့် အတူ ဖမ်းဆီးခံရသူများမှာ မလေးရှားနိုင်ငံသား Mr. Peter Too Huat Haw အပါအ၀င် မောင်နေထွန်းလွင် ၊ မောင်အောင်မင်း ၊ မောင်ကျော်ဖုန်းနိုင် ၊ မောင်ကျော်လှိုင်နှင့် မောင်ကျော်ကျော် ၀င်း တို့ဖြစ်ကြောင်း ဇူလိုင်လအတွင်းက မြန်မာတိုင်းမ်ဂျာနယ်တွင် ဖော်ပြထားသည်။
အသက် (၃၅) နှစ်ရှိ မောင်ဝိတ်သည် ၂၀၀၃ ခုနှစ်မှ စတင်၍ Mr. Peter Too Huat Haw ထံတွင် အက်တာစီဆေးပြားများ ၀ယ်ယူ သုံးစွဲခဲ့ရုံမက ကုမ္ပဏီနှစ်ပတ်လည်နေ့များ ၊ မွေးနေ့ပွဲများတွင် တခြား သူများကိုပါ ဖြန့်ဝေသုံးစွဲစေခဲ့သောကြောင့် အရေးယူခံရခြင်းဖြစ်သည်ဟုလည်း သိရသည်။
ယင်းမူးယစ်ဆေးဝါးများကို အများဆုံး သုံးစွဲသူများမှာ နာမည်ကြီး အနုပညာရှင်များနှင့် စစ်ဗိုလ်ချုပ်ကြီး များ၏ သားသမီးများဖြစ်သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ဆေးပြားတပြား၏ တန်ဖိုးမှာ ကျပ် ၆၀၀၀၀ ၀န်းကျင်ရှိသည်ဟု ဆိုသည်။
လူပြောများနေသော သတင်းများအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်သည် ယင်း အက်တာစီဆေးပြားများ သုံးစွဲနေသည်ကို မိဘများ သိရှိသွားခဲ့ရာမှ စတင်၍ မူးယစ်ဆေးဖြန့်ချိသူများနှင့် ဆက်စပ်သူအားလုံးကို ခေါ်ယူစစ်ဆေးရာတွင် မောင်ဝိတ် အပါအ၀င် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့် စသည့် စစ်တပ်အကြီးအကဲများနှင့် နီးစပ်သူများကိုပါ မဖြစ် မနေ ဖမ်းဆီးမှုများရှိခဲ့သော်လည်း အောင်ဇော်ရဲမြင့်ကိုမူ ယခုအချိန်အထိ အရေးယူမှုမရှိသေးကြောင်း သိရသည်။
မူးယစ်ဆေးဝါး သုံးစွဲခြင်း ၊ လက်ဝယ်ထားရှိခြင်း ၊ ရောင်းဝယ် ဖြန့်ချိခြင်းများပြုလုပ်ပါက ထောင်ဒဏ် ၅ နှစ် ၊ ၁၀ နှစ် နှင့် တသက်တကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း စစ်အစိုးရက ထုတ်ပြန်ကြေညာ ထားသည်။ကိုစိုး
REF:
ဧရာဝတီ
Read More...
Collapse...
ရန်ကုန်နှင့် တခြားမြို့ကြီးများတွင် ဖြစ်ပွားခဲ့သည့် အကြမ်းမဖက် ဆန္ဒပြပွဲများကို မြန်မာစစ်အစိုးရ ဖြိုခွင်းချေမှုန်းခဲ့သည်မှာ တနှစ်လည်ခဲ့ပြီ ဖြစ်သည်။
ဤဆန္ဒပြပွဲများက လူအများ မျှော်လင့်မထားဘဲ ပေါ်ပေါက်လာကြပြီး၊ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုခဲ့ကြသည်။
(ဓာတ်ပုံ - မြတ်မိုးမောင်/ဧရာဝတီ)
သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကြောင့် မြန်မာလူထုများ ခံစားနေရသည့်အရေးကို ကမ္ဘာက အချိန် တို အတွင်းမှာပင် အာရုံပြုလာမိစေခဲ့သည်။ အလားတူပင် ဤဆန္ဒပြပွဲများအပြီး ပေါ်ထွက်လာသည့် ရလဒ် ကြောင့် အတိုက်အခံများ ရေရှည်ကြာ အသုံးပြုခဲ့ကြသည့် အကြမ်းမဖက်သော မဟာဗျူဟာက စစ်အစိုးရကို ပြောင်းလဲလာစေရေးအတွက် အလုပ်မဖြစ်နိုင်ကြောင်း သက်သေထင်ရှား ပြသခဲ့သလို၊ မြန်မာစစ်အစိုးရအဖို့ လည်း အကြမ်းဖက်မှုကို အသုံးချလိုက်ခြင်းသည် ၎င်း၏ အားနည်းပျော့ညံ့မှုကို ပြသလိုက်ရာ ရောက်စေခဲ့သည်။
ဤဆန္ဒပြပွဲများသည် စီးပွားရေးအကျပ်အတည်းကြောင့် အလိုအလျောက်ပေါ်ပေါက်လာသည်ဟု အပြင်ပန်းက မြင်ရန် ရှိသော်လည်း၊ အမှန်တွင် ပြည်တွင်းနှင့် ပြည်ပရှိ အတိုက်အခံ အင်အားစုများက စစ်အစိုးရကို အံတုနိုင်ရန် နှစ်ရှည်လများ ပြင်ဆင်ခဲ့သည့် အစီအစဉ်များ၏ ရလဒ်အဖြစ် ပေါ်ထွက်လာချက်ပင် ဖြစ်သည်။ စစ်အစိုးရကို ဆန့်ကျင်နေကြသည့် အတိုက်အခံများကို မြန်မာ့လွတ်လပ်ရေးဗိသုကာတဦးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်နေပြီး သူမက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် အတွက် အကြမ်းမဖက်နည်းနှင့် ဆောင်ရွက်မည်ဟု သံန္နိဌာန်ချမှတ်ထားသူ တဦးလည်း ဖြစ်သည်။ ဤယုံကြည် ချက်ကြောင့်ပင် သူမအပေါ် ကမ္ဘာက လေးစားကြည်ညိုကြရပြီး ငြိမ်းချမ်းရေးနိုဘဲဆု အပ်နှင်းချီးမြှင့်ခံရသူလည်း ဖြစ်သည်။ ဒီမိုကရေစီအရေးတောင်းဆိုသည့် ဆန္ဒပြသူများကို ၁၉၈၈ ခုနှစ်တွင် စစ်သားများက ပစ်ခတ် သတ်ဖြတ်ခဲ့ကြပြီးနောက် ဆယ်စုနှစ် ၂ ခုအကြာ ပြန်ကြည့် လိုက်သောအခါ သူမ ဦးဆောင်သည့် အကြမ်းမဖက် တော်လှန်ရေးတွင်လည်း သိသာထင်ရှားသည့်ရလဒ် ပြစရာမရှိဖြစ်နေရသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး၊ ဤအချက်က အတိုက်အခံများအတွက် နိုင်ငံရေးအရ စိတ်ကြီးဝင် ဂုဏ်ယူ ဖွယ် အချက် ဖြစ်စေခဲ့သည်။ ရွေးကောက်ပွဲရလဒ်အတိုင်း အသိအမှတ်ပြုရန် စစ်အစိုးရကငြင်းဆန်ခဲ့သော်လည်း NLD ပါတီနှင့် အနည်းစုသော အတိုက်အခံ တက်ကြွလှုပ်ရှားသူများအဖို့ ဤရွေးကောက်ပွဲရလဒ်ကြောင့် တရားဝင်မှု ရစေခဲ့သည်။ အတိုက်အခံ အများစုက ယနေ့တိုင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေးရန် တောင်းဆိုချက်ကို သဲကြီးမဲကြီး ဆက်လက်ဆုပ်ကိုင်ထားဆဲရှိသည်။ သို့သော်လည်း တနှစ်ပြီးတနှစ် ဖြတ်သန်း လာသည်နှင့်အမျှ တရားဝင်မှုကလည်း ပါးလျလာနေခဲ့သည်။ ရွေးကောက်တင်မြှောက်ခံထားရသည့် ကိုယ်စား လှယ်များ၏ ၂၀% က ဤနှစ်များအတွင်း သေဆုံးခဲ့ပြီဖြစ်ပြီး၊ ကျန် ၄၀% မှာ နှုတ်ထွက်ခြင်းရှိသလို၊ ထုတ်ပယ် ခံရခြင်းလည်း ရှိခဲ့သည်။
အတိုက်အခံများဟု ဆိုရာ၌ အမျိုးမျိုးသော နိုင်ငံရေးအဖွဲ့အစည်းများ ပါဝင်ပါသည်။ ၎င်းအဖွဲ့များအနက် ထင်ရှား သည့် ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဝမ်းကွဲတော်စပ်သူ ဒေါက်တာစိန်ဝင်းဦးဆောင်သည့် အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မြန်မာ နိုင်ငံ ဒီမိုကရေတစ် မဟာမိတ်အဖွဲ့ချုပ် (DAB) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD-LA) စသည့် အဖွဲ့များ ပါဝင်ကြပါသည်။
ထို့အပြင် တပ်ပေါင်းစုအဖွဲ့များလည်း ရှိနေကြသေးသည်။ ဥပမာ မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) စသည့် တပ်ပေါင်းစုများတွင် နိုင်ငံရေးအဖွဲ့မျိုးစုံ နှင့် တိုင်းရင်းသား သူပုန်လက်နက်ကိုင်အဖွဲ့များ ပါဝင်ဖွဲ့စည်းထားကြပါသည်။ ဤအဖွဲ့များက အနောက်နိုင်ငံရှိ အဖွဲ့များဖြစ်ကြသည့် လွတ်လပ်သည့်လူ့ဘောင်အဖွဲ့ (OSI) နှင့် အမျိုးသားဒီမိုကရေစီ ဖွံ့ဖြိုးရေးအဖွဲ့ကြီး (National Endowment for Democracy) စသည်တို့ထံမှ သိသိသာသာ ပံ့ပိုးကူညီမှုများ ရနေကြပါသည်။
ဤအဖွဲ့အများစုက ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို နာယူကြပြီး နိုင်ငံရေးအပြောင်းအလဲများသည် အကြမ်းမဖက်သည့် နည်းလမ်းဖြင့်သာ ရနိုင်သည်၊ ဤသို့လည်း ရယူရမည်ဟု ယုံကြည်ထားကြသူများ ဖြစ်သည်။ ဤအယူအဆကို နယူးယောက်မြို့နှင့် ဂျီနီဗာ အခြေစိုက် အယ်လ်ဗတ် အိန်းစတိန်း အင်စတီကျု (Albert Einstein Institute) ကလည်း ပို၍ခိုင်မာလာစေရန် တွန်းပို့ပေးခဲ့ပါသည်။ ၁၉၉၄ ခုနှစ်တွင် ၎င်းအဖွဲ့က ပံ့ပိုး ကျင်းပသည့် မြန်မာ့ဒီမိုကရေစီရေးအတွက် နိုင်ငံရေး အန်တုမှုသင်တန်းနှင့် ဆွေးနွေးပွဲများကို မြန်မာဒီမိုကရေစီ အတိုက်အခံအဖွဲ့များအတွင်း လာရောက် ဆွေးနွေးပို့ချခဲ့ကြပြီး သင်တန်းတက်ရောက်သူများတွင် ABSDF, NLD-LA, DAB, NCGUB စသဖြင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ ဤသို့အရေးပါ သည့် သင်တန်းများကို လာရောက်ပို့ချခဲ့သူမှာလည်း အဖွဲ့တည်ထောင်သူ ဒေါက်တာ ဂျင်းရှပ် (Gene Sharp) ကိုယ်တိုင်ဖြစ်သည်။
ဒေါက်တာဂျင်းရှပ်ကိုယ်တိုင်ကိုယ်ကျ မြန်မာအတိုက်အခံများနှင့် ဆက်စပ်ပတ်သက်နေမှုကို စစ်အစိုးရ၏ အတွင်း ရေးမှူး - ၁ ဗိုလ်ချုပ်ကြီးခင်ညွန့်က ၁၉၉၇ ခုနှစ်၊ ဇွန်လ သတင်းစာရှင်းလင်းပွဲတွင် နာမည်ဖော်ပြ၍ တိတိကျကျ စွပ်စွဲလာခဲ့သည်။ အကြမ်းဖက်သမားများကို နိုင်ငံရပ်ခြားက ကူညီထောက်ပံ့နေသည်ဟု ပြောဆိုစွပ်စွဲခဲ့သည်။ တကယ်တော့ ပြစ်တင်ရှုံ့ချရမည့်အစား ဗိုလ်ချုပ်ခင်ညွန့်က ဂျင်းရှပ်ကို ဂုဏ်ပြုရန်ပင် သင့်သေးသည်။ အကြောင်း မှာ အကြမ်းမဖက်ရေး အယူအဆကို လာရောက်ဟောပြော မြှင့်တင်ပေးနေသူ ဖြစ်သောကြောင့်ပင်။
အတိုက်အခံအင်အားစုများက အကြမ်းမဖက်နည်းကို ဆုပ်ကိုင်နေကြစဉ်တွင် စစ်အစိုးရအဖို့ အကြောက်တရားကို တဦးတည်း ချုပ်ကိုင်ချယ်လှယ်ခွင့် ရသွားစေခဲ့သည်။ ဤသို့ အကြောက်တရားဖြင့် စိုးမိုး၍ ၎င်း၏ အနေအထား ကို ပိုမိုခိုင်မာစေခဲ့သည်။ မြန်မာလူမျိုးများ၏ ဘ၀ကို နောက်မျိုးဆက်များစွာတိုင် ဖျက်စီးခွင့်ရစေခဲ့ပြီး အချို့သော ဖြစ်ရပ်များတွင် စစ်အစိုးရလက်ချက်ကြောင့် အသက်ဆုံးရှုံးရမှုများလည်း အများအပြား ရှိခဲ့သည်။ ထိုထက်ဆိုရ လျှင် အကြမ်းဖက်မှုကြောင့် ဖြစ်လာမည့်အကျိုးဆက်များကို ပစ်ပယ်ခဲ့သောကြောင့်လည်း စစ်အစိုးရကို ဆွေးနွေး ပွဲစားပွဲခုံပေါ်သို့ ရောက်လာစေရန် တွန်းပို့နိုင်မည့်အင်အားတခုကို လက်လွတ်ဆုံးရှုံးခဲ့ကြရသည်။
ထိုထက်ပိုသည်မှာ အကြမ်းမဖက်မှုကို အလေးပေးမြှင့်တင်ခဲ့ခြင်းကြောင့်လည်း စစ်အစိုးရကို အန်တုမည့် အတိုက်အခံ အင်အားစုများအကြား ညီညွတ်ရေးကို အားလျော့စေခဲ့သည်။ ဗိုလ်ချုပ်ခင်ညွန့်၏ ပရိယာယ်ကြွယ်ဝ မှုအောက်တွင် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုအများ လက်နက်ချခဲ့ကြသည်။ သူတို့အဆိုအရ "အလင်း ၀င်" ခဲ့ကြသည်။ အနည်းဆုံး အပစ်အခတ်ရပ်စဲရေး အဆင့်အတန်းကို လက်ခံအောင် စစ်အစိုးရက စွမ်းဆောင် နိုင်ခဲ့သည်။ ဤအဖွဲ့များအတွက် ဗိုလ်ချုပ်ခင်ညွန့်က မက်လုံးအမျိုးမျိုးပေး၍ အသုံးပြုခဲ့သလို၊ တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များ၏ ပူးပေါင်းဆောင်ရွက်မှုကို ရရှိရန်လည်း စစ်အစိုးရက လုပ်ဆောင်နိုင်ခဲ့သည်။ အကြမ်းမဖက် ရေး နည်းနာကို မြှင့်တင်ခဲ့ခြင်းကြောင့်လည်း ၎င်းအဖွဲ့ခေါင်းဆောင်များအနေနှင့် လာဘ်လာဘများ မျှော်ကိုး လက်ခံရန် ပို၍ အဆင်ပြေစေခဲ့သည်။
စစ်အစိုးရက တိုင်းရင်းသားသူပုန်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိအောင် စွမ်းဆောင်နိုင်မှု ကြောင့် တဖက်တွင် အတိုက်အခံအင်အားစုများအတွင်း အကွဲအပြဲကို အမြဲခြောက်လှန့်ခံနေခဲ့ကြရသလို၊ အကျိုး စီးပွားအရ မတူကွဲပြား ပဋိပက္ခ ဖြစ်စရာများလည်း ပေါ်ပေါက်လာစေခဲ့သည်။ အမှန်တကယ် အပြောင်းအလဲကို ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာစေနိုင်သည့် "ရွှေဝါရောင်တော်လှန်ရေး" ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များက မပူပေါင်းခဲ့ကြသလို၊ နောက်ပြန်ဆွဲသလို ရှိစေခဲ့သည်။ သူတို့အများက ရွှေဝါရောင်တော်လှန်ရေးကို ထိုင် ၍ စောင့်ကြည့်နေကြသည်။ ဖြစ်နိုင်သည်မှာ အကယ်၍ လက်နက်ကိုင် ပုန်ကန်ထကြွမှုများသာ ပြန်ဖြစ်လာပါက သူတို့၏ သတ္တုတွင်းနှင့် အခြား စီးပွားရေး အကျိုးစီးပွားများ ပျက်စီးဆုတ်ယုတ်ရချည့်ဟု တွေးထင်နေခြင်းလည်း ဖြစ်နိုင်ပါသည်။ နောက်ဆုံးရလဒ်မှာ စစ်အစိုးရက လက်နက်မဲ့ ဆန္ဒပြသူများနှင့် သံဃာများအပေါ် စစ်တပ် အင်အားကို ထင်သလိုသုံး၍ ချေမှုန်းနိုင်ရန် ဖြစ်စေခဲ့တော့သည်။
ကိုယ်ကျိုးစီးပွားများနှင့် လောဘဖြစ်လာစေသည့် မက်လုံးများကြောင့် ထိခိုက်ရသည်မှာ အပစ်အခတ်ရပ်စဲရေး အုပ်စုများနှင့် ငြိမ်းအဖွဲ့များမှသာမဟုတ်။ မြန်မာစစ်တပ်နှင့် ရှေ့တန်းကွင်းထဲတွင် လက်တွေ့တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင် အချို့အပေါ်တွင်ပါ သက်ရောက်မှု ရှိလာစေခဲ့သည်။ ထိုင်းစစ်တပ်၏ အဆင့်မြင့် အရာရှိတဦး၏ အဆိုအရ စစ်အစိုးရက ရတနာ-ရဲတံခွန်ဓါတ်ငွေ့ပိုက်လိုင်းများမှ ဆက်လက်၍ အကျိုးအမြတ် ထုတ်ယူနိုင်ခြင်းမှာ ၎င်းဒေသရှိ သူပုန်တပ်ဖွဲ့များကလည်း စစ်အစိုးရထံမှရော၊ ထိုင်းအာဏာပိုင်များထံမှပါ ငွေကို ယူ၍ တိတ်တဆိတ်ခွင့်ပြုထားသောကြောင့်ဟု ဆိုသည်။ ဤသို့ငွေယူ၍ အများအတွက် ထိခိုက်နစ်နာ အကျိုး ပျက်ဖွယ်ဖြစ်သည့် ဓါတ်ငွေ့ပိုက်လိုင်းကို ခွင့်ပြုထားကြပါသည်။ စစ်အစိုးရအတွက် နိုင်ငံခြားဝင်ငွေ နောက်ထပ်ရရှိ စေမည့် တတိယပိုက်လိုင်းကို ထိုဒေသတွင်ပင် ယခုနှစ် ခြောက်သွေ့ရာသီ၌ ထပ်မံတည်ဆောက်ကြဦးမည်ဟု သတင်းများ ရရှိထားပါသေးသည်။
REF: ဧရာဝတီ
Read More...
Collapse...
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88