Saturday, January 2, 2010

စစ်မှန်သော ရွေးကောက်ပွဲ၊ အာဏာရှင်ရွေးကောက်ပွဲ နှင့် မြန်မာပြည် အနာဂတ်

Thursday, December 31, 2009

ရွေးကောက်ပွဲ။


ဒီစကားလုံးဟာ မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲတွေ၊ မီဒီယာတွေ၊ စာတမ်း ဖတ်ပွဲတွေမှာ ရေပန်း အတော်စားနေတဲ့ စကားလုံးတခုပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အခြေတည်ပြီး ထွက်ပေါ်လာမှာ ဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးကြ၊ ငြင်းခုံကြ၊ သဘောထားတွေ ဖလှယ်ကြနဲ့မို့ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး လောက တခုလုံးမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အသံတွေ အများအပြား ထွက်ပေါ်နေပါတယ်။ ရွေးကောက်ပွဲ ဆိုတာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် အရေးပါတဲ့ အချက်တခု ဖြစ်တာကြောင့် ရွေးကောက်ပွဲကို အားပေး ထောက်ခံသင့်တယ်၊ ရွေးကောက်ပွဲ ၀င်သင့်တယ်၊ ပါလီမန်ထဲ ရောက်မှ နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်သင့်တယ်လို့ အဆိုပြုသူတွေလဲ ရှိပါတယ်။ ရွေးကောက်ပွဲ စည်းမျဉ်း စည်းကမ်းတွေ၊ ပါတီထောင်ခွင့်တွေ ထွက်ပေါ်လာသေးတာ မရှိပေမယ့် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ် လောင်းတွေ အနေနဲ့ စည်းရုံး လှုံဆောင်မှုတွေ ကလဲ ပြည်တွင်းမှာ ပေါ်ထွက်နေပါတယ်။ တပြိုင်နည် တည်းမှာတင် ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့ အကျိုးကျေးဇူးကို ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အချက်ကို ဆုပ်ကိုင်ပြီး ပြည်သူလူထုနဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ ပူးပေါင်း အကောင်အထည် ဖော်တဲ့ အာဏာရှင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကင်ပိန်းတွေကလဲ ထွက်ပေါ် လာပါတယ်။

ဒီနေရာမှာ စကားလုံးအရ ကွဲပြားမှု အချက်နှစ်ခုကို သတိပြုမိဖို့ လိုပါတယ်။ ရွေးကောက်ပွဲကို ထောက်ခံ အားပေး သင့်တယ်လို့ အဆို ရှိသူများက ရွေးကောက်ပွဲ ဆိုတဲ့ စကားလုံးကိုပဲ အသုံးပြုထားပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲရဲ့ သရုပ်မှန်ဖြစ်တဲ့ အာဏာရှင် ရွေးကောက်ပွဲဆိုတဲ့ စကားလုံးကို ထည့်သွင်း အသုံးပြုထားတာ မရှိပါဘူး။ ဒီလိုပဲ။ ရွေးကောက်ပွဲကို ဆန့်ကျင် ကန့်ကွက်သူများ ကလဲ အာဏာရှင် ရွေးကောက်ပွဲကို ဆန့်ကျင်တာ ဖြစ်ပါတယ်။ တိုင်းပြည် တပြည်ရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုမှာ အရေးပါတဲ့ စစ်မှန်သော ရွေးကောက်ပွဲ ဆိုတာကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒီတော့ စစ်မှန်သော ရွေးကောက်ပွဲကို ဘာကြောင့် ထောက်ခံ သင့်သလဲ၊ အာဏာရှင် ရွေးကောက်ပွဲကို ဘာကြောင့် ကန့်ကွက် သင့်သလဲဆိုတာ လေ့လာ ကြည့်ကြရအောင်ပါ။

ရွေးကောက်ပွဲဆိုရာဝယ်

ရွေးကောက်ပွဲနဲ့ မဲပေးခြင်း ဆိုတာ ကိုယ်စားပြု ဒီမိုကရေစီ (Representative Democracy ) နဲ့ အများဆုံး ဆက်နွယ် နေပါတယ်။ ကိုယ်စားပြုခြင်း (representation) ဆိုတာကို နိုင်ငံရေး ရှုထောင့်ကနေ အနက် အဓိပ္ပာယ် ပြန်ဆိုတဲ့ အခါ လူအများကို ကိုယ်စားပြုပြီး၊ လူတဦးတယောက် ကနေ (သို့မဟုတ်) လူတစု ကနေ ရပ်တည်တာ၊ လုပ်ငန်း ဆောင်တာတွေ ပြုလုပ်တာလို့ အဓိပ္ပာယ် ရပါတယ်။ ကိုယ်စားပြု ဒီမိုကရေစီ ဆိုတာကတော့ အစိုးရနဲ့ ပြည်သူတွေ အကြားမှာ ကိုယ်စားပြုမှု ဆိုတဲ့ သဘောတရား ပါဝင်လာတဲ့ အတွက် အစိုးရဟာ ပြည်သူလူထုရဲ့ ဆန္ဒ သဘောတွေနဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတဲ့ နိုင်ငံတော် အုပ်ချုပ်ရေးစနစ် တခု ဖြစ်ပါတယ်။ ဒီတော့ လူထုကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီ စနစ်အတွက် ရွေးကောက်ပွဲတွေဟာ လုံလောက်တဲ့ အခြေအနေ (sufficient condition) မဟုတ်ရင်တောင် လိုအပ်တဲ့ အခြေအနေ (necessary condition) တခု ဖြစ်လာပါတော့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်ရဲ့ အရေးအကြီးဆုံး နှလုံးသား ဖြစ်တယ်လို့ တွေးမြင် ယူဆသူတွေလဲ ပေါ်ထွက် လာပါတယ်။ ဒီအတွေးအမြင်ကို ရောင်ပြန်ဟပ်စေတဲ့ အယူအဆတွေကို Joseph Schumpeter ရေးသားတဲ့ Capitalism, Socialism, Democracy (1942) စာအုပ်ထဲမှာ အတိအကျ တွေ့မြင်နိုင်ပါတယ်။ ဒီမိုကရေစီဆိုတာ ပြည်သူတွေက သူတို့ကို အုပ်ချုပ်မယ့်သူတွေကို လက်ခံခြင်း၊ ကန့်ကွက်ခြင်း ဖြစ်တယ်လို့ သူက ဆိုခဲ့ပါတယ်။ သူ့ရဲ့ အဆိုကို လက်ခံပြီး ဒီမိုကရက်တစ် အစိုးရ ဆိုတာကို ရွေးကောက်ပွဲ ပြုလုပ်ပေးတဲ့ အစိုးရအနေနဲ့သာ ယုံကြည် ရေးသားကြတဲ့ နိုင်ငံရေး သီအိုရီ ပညာရှင်တွေ အများအပြားပါပဲ။ ဒါပေမယ့် အာဏာရှင် အစိုးရတွေကလဲ ရွေးကောက်ပွဲတွေ ကျင်းပလာပြီး ဒီမိုကရေစီ အစိုးရတွေ အနေနဲ့ အသွင်ဆောင်လာတဲ့ အခါမှာကျတော့ အတုနဲ့ အစစ်ကို ခွဲခြားနိုင်ဖို့ အတွက် စစ်မှန်သော ရွေးကောက်ပွဲ ဆိုတဲ့ သဘောတရားက ထပ်မံ ထွက်ပေါ်လာရ ပါတော့တယ်။

စစ်မှန်သော ရွေးကောက်ပွဲ

စစ်မှန်သော ရွေးကောက်ပွဲဆိုတာကို တိုင်းတာဖို့အတွက် နိုင်ငံရေး ပါတီတွေ အကြား၊ အဖွဲ့အစည်းတွေ အကြား ပြိုင်ဆိုင်မှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ခြင်း၊ မဖြစ်ခြင်းက အရေးကြီးတဲ့ အချက်တခု ဖြစ်ပါတယ်။ တပါတီ စနစ်ကို တပါတီ အာဏာရှင် စနစ်အဖြစ် သတ်မှတ် ပုံဖော်ခြင်းဟာ ဒီအချက်နဲ့ ဆိုင်ပါတယ်။ အပြိုင်အဆိုင် ကင်းမဲ့နေတာ ဖြစ်တဲ့အတွက် ပြုလုပ်တဲ့ ရွေးကောက်ပွဲတွေကို စစ်မှန်သော ရွေးကောက်ပွဲလို့ မသတ်မှတ် နိုင်ပါဘူး။ စစ်မှန်သော ရွေးကောက်ပွဲ မဟုတ်တဲ့ ရွေးကောက်ခံရပြီး တက်လာတဲ့ အစိုးရဟာလဲ အာဏာရှင် အစိုးရပဲ ဖြစ်ပါတယ်။ ဒီလို အစိုးရရှိနေတဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး စနစ်ကိုလဲ အာဏာရှင်စနစ် လို့ပဲ သတ်မှတ် ခေါ်ဆိုနိုင်ပါတယ်။ တကယ်တော့ ရွေးကောက်ပွဲ ဆိုတာက တခြား နိုင်ငံရေး ဆက်ဆံရေး လမ်းကြောင်းတွေလိုပဲ အစိုးရနဲ့ လူထုအကြား၊ ရေပေါ်ဆီ နိုင်ငံရေး သမားတွေနဲ့ အများပြည်သူတွေ ကြားမှာ တဦးနဲ့ တဦး လွှမ်းမိုးခွင့်ကို ကြိုးပမ်း အားထုတ်ကြရတဲ့ နှစ်လမ်းသွား ပုံသဏ္ဍာန်ပဲ ဖြစ်ပါတယ်။

အပြိုင်အဆိုင်ရှိတဲ့ ရွေးကောက်ပွဲတွေရဲ့ အဓိက လုပ်ငန်းဆောင်တာတွေ ကတော့

(၁) နိုင်ငံရေးသမားများကို ရွေးချယ်ခန့်ထားခြင်း

ရွေးကောက်ပွဲဆိုတာ နိုင်ငံတော်အတွက် လိုအပ်တဲ့ ပြည်သူ့ ရေးရာဌာန တွေမှာ တာဝန်ထမ်းဆောင်ဖို့ လိုအပ်တဲ့ နိုင်ငံရေး သမားတွေကို ရွေးချယ် ခန့်ထားခြင်း တမျိုးပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ၀င်မယ့် နိုင်ငံရေး ပါတီတွေဟာ ရွေးကောက်ပွဲ ၀င်မယ့် နိုင်ငံရေးသမားတွေကို ကနဦး ရွေးချယ် ကြရပါတယ်။ ဒီနိုင်ငံရေး သမားတွေဟာ ပြည်သူ့ရေးရာ ဌာနတွေနဲ့ ပတ်သက်တဲ့ အသိပညာတွေ၊ အတွေးအကြုံတွေ ရှိနေဖို့ လိုအပ်သလို လူထု ဆက်ဆံရေးမှာလဲ ကျွမ်းကျင်သူများ ဖြစ်ရပါမယ်။ ဒီနိုင်ငံရေး သမားတွေရဲ့ နောက်ကွယ်မှာလဲ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်သူတွေ ရှိရပါမယ်။ ပြည်သူ့ ရေးရာဌာန တခုကို နိုင်နိုင်နင်းနင်း၊ မှန်မှန်ကန်ကန် တာဝန်ယူနိုင်မှု ဆိုတာ ကမ္ဘာ့အမြင့်ဆုံး တောင်တွေကို တက်တာနဲ့ အတူတူပါပဲ။ တောင်ထိပ်ရောက်သွားတဲ့ တောင်တက် သမားတွေကိုပဲ လူအများက မှတ်မိ ချီးကျူး တတ်ကြတယ်။ စံချိန် တင်တတ်ကြတယ်။ ဒီတောင်တက်သမား တယောက် တောင်ထိပ် ရောက်သွားဖို့ ဇွဲလုံ့လ ၀ီရိယ၊ သတ္တိနဲ့ စိတ်ခွန်အားတွေ လိုအပ်သလို၊ စနစ်တကျ ပံ့ပိုးပေးနိုင်တဲ့ crew member လေးရာကျော်လိုအပ်ပါတယ်။ နောက်ကွယ်မှာ ပံ့ပိုးမှုတွေ မပါပဲ ကမ္ဘာ့အမြင့်ဆုံး တောင်တွေရဲ့ တောင်ထိပ်တွေကို ရောက်သွားတဲ့ တောင်တက်သမားတွေ အတော်နည်းပါတယ်။

နိုင်ငံရေးသမားဆိုတာလဲ ဒီအတိုင်းပါပဲ။ ပြည်သူ့ ရေးရာဌာန တခုခုကို တာဝန်ယူရမယ့် နိုင်ငံရေး သမားတွေလဲ ဒီအတိုင်းပါပဲ။ ဘယ်သူမှ ကဏ္ဍစုံမှာ နက်နက်နဲနဲ မကျွမ်းကျင်နိုင်ပါ။ ကဏ္ဍစုံမှာ ကျွမ်းကျင်သူတွေကို စီမံ ခန့်ခွဲနိုင်တဲ့ အရည်အချင်း ကသာ ကျွမ်းကျင် သယောင်ယောင် ဖြစ်နေတဲ့ အရည်အချင်းထက် ပိုတန်ဖိုး ရှိပါတယ်။ ဒီ အရည်အချင်းမှာ အားနည်းနေတဲ့ နိုင်ငံရေး သမားနဲ့ နိုင်ငံရေး ပါတီတွေဟာ ရွေးကောက်ပွဲမှာ အရှုံးနဲ့ ရင်ဆိုင်ရတတ် သလို၊ ရွေးကောက်ပွဲမှာ နိုင်ခဲ့ရင်လဲ လက်တွေ့လုပ်ငန်း ဆောင်တာတွေကျရင် ကသောင်းကနင်း ဖြစ်တတ်ပါတယ်။ အစိုးရအဖွဲ့ တခုမှာ တာဝန်ယူဖို့ မျှော်မှန်းတဲ့ နိုင်ငံရေးသမားမှာ ရွေးကောက်ခံခဲ့ ရရင် သက်ဆိုင်ရာ နယ်မြေမှာ ထမ်းဆောင်ရမယ့် တာဝန်တွေ၊ အစိုးရအဖွဲ့ ကော်မတီတွေမှာ ပါဝင်တဲ့အခါ ကိုယ့်ပခုံးပေါ် ရောက်လာနိုင်မယ့် တာဝန်တွေ၊ အစိုးရ ၀န်ကြီးဌာနတွေကို တာဝန်ယူ ဖွဲ့စည်းတဲ့ အခါ ၀န်ကြီးဌာန ယန္တရား လည်ပတ်ပုံတွေ၊ ကိုယ်ပိုင် ရုံးမှာ ဘယ်လို အတွေ့အကြုံနဲ့ ဘယ်လို အသိပညာရှိတဲ့ လူတွေ လိုအပ်တယ် ဆိုတာတွေကို သိရှိနေဖို့ အလွန် အရေးကြီးပါတယ်။

တချို့နိုင်ငံတွေမှာ တော်လှန်ရေးကနေ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုတွေ ရှိတတ်ပါတယ်။ အဲဒီ အခါမျိုးမှာ ပါလီမန်တွေထဲမှာ ပြဿနာတွေ တက်လေ့ရှိတယ်။ တော်လှန်ရေး သမားကနေ အမတ် ဖြစ်လာသူတွေကလဲ တော်လှန်ရေးကို စွန့်လွှတ် ပေးဆပ် အနစ်နာခံပြီး အနိုင်ရအောင် နွှဲလာတာ ဆိုတဲ့ မာနတွေ ရှိတယ်။ အာဏာရှင်ဟောင်း လက်ထက်က ဗျူရိုကရက် လူတန်းစားတွေ ကလဲ အုပ်ချုပ်ရေး ဌာနတွေကို စီမံခန့်ခွဲတာကို အတွေ့ အကြုံတွေ ရှိလာတာဆိုတဲ့ မာနတွေရှိတယ်။ ပညာရှင်တွေကလဲ အသိပညာ၊ ဗဟုသုတနဲ့ ပြည့်စုံသူတွေ ဆိုတဲ့ မာနရှိတယ်။ ဒါပေမယ့် လက်တွေ့မှာကျတော့ ဘယ်သူမှ မပြည့်စုံပါဘူး။ တော်လှန်ရေး ခေါင်းဆောင်ရဲ့ အတွေ့အကြုံ ဆိုတာကလဲ Conventional Politics အတွေ့အကြုံ မဟုတ်ပါဘူး။ တော်လှန်ရေး ခေါင်းဆောင် ဖြစ်တာနဲ့ ၀န်ကြီးဌာန တခုကို ဦးဆောင်စီမံ ခန့်ခွဲနိုင်တဲ့ အရည်အချင်း ရှိနေပါပြီလို့ ဘယ်သူမှ တထစ်ချ မပြောနိုင်ပါဘူး။ ဒီလိုပဲ ဗျူရိုကရက်တွေ အတွက်ကလဲ သူတို့ဆီ ရှိခဲ့တဲ့ အုပ်ချုပ်ရေး၊ စီမံ ခန့်ခွဲရေး ပုံစံတွေဟာ စနစ်သစ်နဲ့ အညီ ပြောင်းလဲမှုတွေ အများကြီး ရှိတယ်ဆိုတာ နားလည် လက်ခံရမှာပဲ ဖြစ်ပါတယ်။ ပညာရှင်တွေ ဘက်ကလဲ စာတွေ့နဲ့ လက်တွေ့ အမြဲတမ်း ထပ်တူ မကျနိုင်ဘူး ဆိုတာကို လက်ခံရမှာပဲ ဖြစ်ပါတယ်။ အဓိကက အရွေးကောက်ခံ ကိုယ်စားလှယ် ဖြစ်လာတဲ့ အခါ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဘယ်လို ဆောင်ကျဉ်း ပေးနိုင်မလဲ ဆိုတာက အစိုးရ အဖွဲ့ဝင်တွေ၊ ပြည်သူ့ ကိုယ်စားလှယ်တွေ အတွက် အရေးကြီးဆုံးပါပဲ။ ဒါကိုပဲ အာရုံ စိုက်ရမှာ ဖြစ်ပါတယ်။

ဒီလိုနားလည်မှုမရှိတဲ့ အစိုးရအဖွဲ့တွေ အကွဲကွဲအပြဲပြဲနဲ့ အပျက်ပျက် အယွင်းယွင်း ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ဖဆပလ အစိုးရ လက်ထက်က ဦး၊ ဗိုလ်၊ သခင် အကွဲအပြဲတွေနဲ့ ဂိုဏ်းဖွဲ့မှုတွေဟာ ဒီလိုအာရုံစိုက်မှု အားနည်းလို့ပဲ ဖြစ်ပါတယ်။ ယနေ့ ခေတ်အထိမှာလဲ ဒီလို “မင်းကဘာလဲ၊ ငါက ဘာလဲ“ ဆိုတာတွေက နိုင်ငံရေး လောကတွေမှာ ရှိနေကြဆဲပဲ။ အကြောင်းအရာ ကိစ္စတခုကို ဆွေးနွေးနေတုန်းမှာ မင်းကဘာလဲလို့ တဘက်လူကို မမေးခင်၊ ပြောနေတဲ့ အကြောင်းအရာမှာ ဒီမေးခွန်းမေးဖို့ လိုအပ်သလား ဆိုတာ အရင် စဉ်းစားသင့်ပါတယ်။ ငါက ဘာ၊ ဘယ်လိုလုပ်ခဲ့တာ၊ ဘာတွေ ပေးဆပ်ခဲ့တာတွေ မပြောခင် ဆွေးနွေးတဲ့ အကြောင်းအရာနဲ့ ဒါက ဆက်စပ် သလားဆိုတာ အရင် စဉ်းစား ကြည့်သင့်ပါတယ်။ ဒီလိုစဉ်းစားမှုတွေသာ ကြိုရှိမယ်ဆိုရင် နိုင်ငံရေး ဆွေးနွေးပွဲတွေရဲ့ အချိန်တ၀က်ကျော် သက်သာပြီး၊ ဘာလုပ်သင့်လဲ ဆိုတာကို ဦးတည်သွားနိုင်မှာ အသေအချာပါပဲ။

(၂) အစိုးရဖွဲ့စည်းခြင်း

စစ်မှန်တဲ့ ရွေးကောက်ပွဲရဲ့ တခြားလုပ်ငန်းတာဝန်တရပ်ကတော့ အစိုးရဖွဲ့စည်းခြင်း ဖြစ်ပါတယ်။ အမေရိကန်၊ ပြင်သစ်နဲ့ ဗင်နီဇွဲလားနိုင်ငံတို့မှာ ရွေးကောက်ပွဲတွေဟာ အစိုးရအဖွဲ့တွေကို တိုက်ရိုက် ရွေးချယ် ပေါ်ပေါက် လာစေပါတယ်။ တချို့နိုင်ငံတွေမှာ ကျတော့ ရွေးကောက်ပွဲတွေဟာ အစိုးရ ဖွဲ့စည်းခြင်းကို လွှမ်းမိုး သက်ရောက်မှု ရှိစေပါတယ်။ ပါတီစုံ၊ ၀ါဒစုံ အရွေးကောက်ခံ ကိုယ်စားလှယ်တွေ အကြားမှာ အာဏာ ခွဲဝေမှုတွေ အတွက် ရွေးကောက်ပွဲဟာ အရေးကြီးတဲ့ လိုအပ်ချက် တရပ်ပါ။

(၃) ကိုယ်စားပြုမှုဖော်ဆောင်ခြင်း

စစ်မှန်တဲ့ ရွေးကောက်ပွဲတွေဟာ လူထုကို ကိုယ်စားပြုပါတယ်။ ရွေးကောက်ခံ ကိုယ်စားလှယ်တွေဟာ လူထုရဲ့ ဆန္ဒ သဘောထားကို ဆောင်ကျဉ်းပေးတဲ့ လူထု ကိုယ်စားလှယ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ စစ်မှန်တဲ့ ရွေးကောက်ပွဲ ကနေ ပေါ်ထွက်လာတဲ့ အစိုးရဟာ လူ့အဖွဲ့အစည်း တခုလုံးကို ကိယ်စားပြုထားတဲ့ microcosm လို့ ပညာရှင်များက သတ်မှတ်ကြတာ ဖြစ်ပါတယ်။

(၄) မူဝါဒများကို လွှမ်းမိုးထိန်းချုပ်ခြင်း

အစိုးရတွေဟာ အာဏာရှင်စနစ် အစိုးရတွေ ဖြစ်လာတဲ့အခါ အစွန်းရောက်မူဝါဒတွေ၊ ပြည်သူ့ သဘောထား အမှန်နဲ့ မကိုက်ညီတဲ့ မူဝါဒတွေ၊ အာဏာရှင်တွေရဲ့ အကျိုးစီးပွားကိုသာ ကာကွယ် စောင့်ရှောက်တဲ့ မူဝါဒတွေကို ပြဌာန်းတတ်ပါတယ်။ စစ်မှန်တဲ့ ရွေးကောက်ပွဲတွေဟာ လူထုကို ကိုယ်စားပြုတဲ့ အစိုးရတွေကို ပေါ်ထွက်လာစေနိုင်တာကြောင့် ဒီလို မူဝါဒရေးရာကို အာဏာနဲ့ အလွဲသုံးစား ပြုလုပ်မှုတွေကို တားဆီး ပေးနိုင်ပါတယ်။

(၅) ပြည်သူလူထုအား နိုင်ငံရေးအသိပညာ ဖြန့်ဖြူးပေးခြင်း

စစ်မှန်တဲ့ ရွေးကောက်ပွဲတခု မပေါ်ထွက်လာခင်မှာ အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေ အတွက် သင့်တော်တဲ့ စည်းရုံးရေး ကာလ တခုရှိဖို့ အရေးကြီး ပါတယ်။ ဒီကာလတွေမှာ နိုင်ငံရေးပါတီတွေ၊ အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေး စနစ်တွေနဲ့ ပတ်သက်ပြီး သတင်း အချက်အလက်တွေ အများအပြား ပေါ်ထွက် လာတတ်ပါတယ်။ ဒီလို သတင်း အချက် အလက်တွေ ထုတ်ပေးနိုင်ဖို့ အတွက် နိုင်ငံရေး အဖွဲ့အစည်းတွေ အားလုံးမှာ တန်းတူညီမျှ အခွင့်အရေးတွေ ရှိဖို့ လိုအပ်ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ လွတ်လပ်စွာ စည်းရုံးဟောပြောထုတ်ဖော်ပြောကြားခွင့် တွေကို လက်ရှိအစိုးရက ကန့်သတ် ထိန်းချုပ်မှုတွေ ရှိရင်၊ လက်ရှိအစိုးရရဲ့ မူဝါဒနဲ့ သဘောထားတွေကိုပဲ စာနယ်ဇင်း၊ သတင်း၊ မီဒီယာတွေကနေ ဖြန့်ဝေတယ် ဆိုရင် ဒီလို အခြေအနေမျိုးမှာ ထွက်ပေါ်လာမယ့် ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ အခိုင်အမာ ဆိုနိုင်ပါတယ်။

(၆) Legitimacy တည်ဆောက်နိုင်ခြင်း

Legitimacy ဆိုတာ လက်တင်စကား legitimare ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ to make lawful (တရားဝင်ဖြစ်အောင် ပြုလုပ်ခြင်း) ဖြစ်ပါတယ်။ ရွေးကောက်ပွဲတွေဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်ဖြစ်၊ အာဏာရှင်ရွေးကောက်ပွဲပဲ ဖြစ်ဖြစ် Legitimacy ကို အတိုင်းအတာတခုအထိ တည်ဆောက်နိုင်ပါတယ်။ အာဏာရှင်နိုင်ငံတွေမှာ အာဏာရှင်တွေဟာ သူတို့ကိုယ်တိုင် ပါဝင်တဲ့ အစိုးရတွေပဲ ဖြစ်ဖြစ်၊ သူတို့ ကြိုးကိုင်ထားတဲ့ အစိုးရတွေပဲဖြစ်ဖြစ် အစိုးရသစ်တွေရဲ့ legitimacy ရဖို့အတွက် ရွေးကောက်ပွဲတွေ ကျင်းပလေ့ ရှိကြပါတယ်။ အာဏာရှင် ရွေးကောက်ပွဲတွေ ဆိုတာ ဒီလုပ်ငန်း ဆောင်တာပေါ်မှာ အဓိက ဗဟိုပြုပြီး ထွက်ပေါ်လာကြတာ ဖြစ်ပါတယ်။

နိုင်ငံရေးပညာရှင်တွေက ရွေးကောက်ပွဲတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ဒီအချက်တွေနဲ့ ရည်ညွှန်း ပြောဆို လေ့ရှိကြပါတယ်။ ရွေးကောက်ပွဲတခုရဲ့ စစ်မှန်ခြင်း၊ အတုအယောင် ဖြစ်ခြင်းတွေဟာ ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ပုံပေါ်မှာ မူတည်နေတာကြောင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဆိုတဲ့ စကားလုံးကို အသုံးပြုပြီး သတ်မှတ် တိုင်းတာ လာကြပါတယ်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဆိုတာကတော့ electoral process ကို တန်းတူညီမျှ အားလုံးပါဝင်ခွင့် ရှိမှု၊ မဲလုံခြုံမှု နဲ့ လွတ်လပ်စွာ မဲပေးခွင့် စတာတွေနဲ့ သက်ဆိုင်ပါတယ်။ မဲခိုးမှုတွေ၊ မဲလိမ်မှုတွေ၊ လွတ်လပ်စွာ မဲပေးခွင့်မရှိအောင် အာဏာရှင်ဘက်တော်သားတွေက ခြိမ်းချောက် နှောင့်ယှက်မှုတွေ၊ နိုင်ငံရေးပါတီတွေ ကနေ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေကို လွတ်လွပ်လပ်လပ် ရွေးချယ်နိုင်ခွင့် မရှိအောင် ပိတ်ပင်တားမြစ်မှုတွေ ရှိနေတဲ့ ရွေးကောက်ပွဲကို စစ်မှန်တဲ့ ရွေးကောက်ပွဲလို့ မခေါ်ဆိုနိုင်ပါဘူး။ အာဏာရှင်တွေ ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ ဒီလို သွင်ပြင်လက္ခဏာ၊ လုပ်ငန်းဆောင်တာတွေ ရှိနေတတ်ပါတယ်။

အာဏာရှင်ရွေးကောက်ပွဲနှင့် အတိုက်အခံအင်အားစု အက်ကြောင်းများ

အာဏာရှင်တွေ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကို စစ်မှန်တဲ့ ရွေးကောက်ပွဲလို့ လူအများက အသိအမှတ် မပြုကြပါဘူး။ ရှေ့ပိုင်းမှာ ဆိုခဲ့သလိုပဲ အာဏာရှင်ရွေးကောက်ပွဲတွေမှာ မဲခိုးမှုတွေ၊ မဲလိမ်မှုတွေ၊ ခြိမ်းချောက် နှောင့်ယှက်မှုတွေ၊ ပိတ်ပင် တားမြစ်မှုတွေ အတိုင်းအတာ တခုအထိ ရှိနေတတ်လို့ ပါပဲ။ ဒါပေမယ့်လဲ အာဏာရှင် ရွေးကောက်ပွဲတွေ ကတော့ အများအပြား ပေါ်ထွက်နေဆဲပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုပေါ်ထွက်နေရလဲ။ အာဏာရှင် ရွေးကောက်ပွဲတွေ ထွက်ပေါ်လာရခြင်းဟာ အာဏာရှင်တွေ အတွက် အကျိုးကျေးဇူးတွေ ရှိနေစေလို့ပါပဲ။

နိုင်ငံရေးပညာရှင် Gandhi နဲ့ Peuter တို့က အာဏာာရှင် ရွေးကောက်ပွဲတွေဟာ အတိုက်အခံ အင်အားစု တွေကို အတွေးအခေါ် စစ်ပွဲအသွင်သဏ္ဍာန်နဲ့ အစိတ်စိတ်အမြွာမြွာ ကွဲသွားအောင် ပြုလုပ်နိုင်စွမ်း ရှိတယ်လို့ ဆိုခဲ့ကြပါတယ်။ (၁၉၄၆) ကနေ (၂၀၀၆) ခုနှစ်အထိ နှစ်ပေါင်း ခြောက်ဆယ် ကာလအတွင်းမှာ ကမ္ဘာ တ၀ှမ်းမှာ ဖြစ်ပွားခဲ့တဲ့ အာဏာရှင် ရွေးကောက်ပွဲတွေကို လေ့လာပြီးမှ ဒီအချက်ကို သူတို့ ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအဆိုဟာ မြန်မာပြည်ရဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အတိုက်အခံ အင်အားစုတွေ အကြားမှာ ဖြစ်ပျက်နေတဲ့ အက်ကြောင်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အင်မတန် တော်တည့်မှန်ကန်တဲ့ အဆိုတရပ်လို့ ဆိုရပါလိမ့်မယ်။

အာဏာရှင်ကို ဆန့်ကျင်နေကြတဲ့ အတိုက်အခံအင်အားစု ဆိုတာမှာကလဲ လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိပါတယ်။ တချို့ကကျတော့ အာဏာရှင်ကို ဆန့်ကျင်တယ်ဆိုတာက ကိုယ့်မှာ အာဏာ မရနိုင်တဲ့အတွက် ဆန့်ကျင်တာ ဖြစ်ပါတယ်။ မိဘမျိုးရိုးကြောင့်ပဲ ဖြစ်ဖြစ်၊ ပညာအရည်အချင်းကြောင့်ပဲ ဖြစ်ဖြစ်၊ ငွေကြေးပြည့်စုံတာကြောင့်ပဲဖြစ်ဖြစ်၊ လူအများကြားမှာ ရေပန်းစားတာကြောင့်ပဲ ဖြစ်ဖြစ် မိမိကိုယ်ကို ပါလီမန်အမတ်ဖြစ်သင့်တယ်လို့ အလိုလိုနေရင်း အထင်ကြီး ဘ၀င်မြင့်နေသူတွေ အတိုက်အခံ လောကထဲမှာ ရှိတတ်ပါတယ်။ အာဏာရှင်က ရွေးကောက်ပွဲတွေ ကျင်းပပေးတဲ့အခါ ဒီလိုလူမျိုးတွေကို နှစ်ခါ ခေါ်စရာ မလိုပါဘူး။ အာဏာရှင်ရွေးကောက်ပွဲကို ကောက်ခါငင်ခါ ထောက်ခံကြတော့တာပါပဲ။ တချို့ အတိုက်အခံတွေကျတော့လဲ နှစ်ပေါင်းများစွာ ကြာတတ်တဲ့ တော်လှန်ရေးသဘောသဘာဝမှာ ပါနေကြရင်း လူမှုရေး၊ စီးပွားရေးမှာ ရုန်းရင်းကန်ရင်း အားကုန်ပင်ပန်းလာတာရှိပါတယ်။ “ ရွေးကောက်ပွဲဖြစ်သွားရင်တော့ အာဏာရှင်အစိုးရဟာ political legitimacy ဖြစ်သွားတော့မှာပါ။ တို့ ဆက်တိုက်လို့လဲ ဘာထူးမှာလဲ။ မဖြစ်မနေ လျှောက်ရတော့မယ့် ခင်းပြီးသား လမ်းမှာပဲ တက်လျှောက်လိုက်တော့မယ်“ လို့ ယူဆလာတတ်ကြပါတယ်။ ဒီလို စိတ်ဓာတ်ကျနေသူတွေ ဆီကလဲ အာဏာရှင် ရွေးကောက်ပွဲကို ထောက်ခံမှုတွေ ပေါ်ထွက် လာတတ်ပါတယ်။

မိမိပညာ၊ မိမိအရည်အချင်းတွေနဲ့ ဘ၀ရပ်တည်နေတာ မဟုတ်ပဲ နိုင်ငံတကာ အကူအညီနဲ့ ရပ်တည်နေရတာ ဆိုရင် ပိုဆိုး တတ်ပါတယ်။ မြန်မာနိုင်ငံ အပါအ၀င် ပြည်ပအခြေစိုက် အတိုက်အခံ အင်အားစုရှိတဲ့ နိုင်ငံတွေတိုင်းမှာ ရွေးကောက်ပွဲဆိုတဲ့ စကားလုံးဟာ အတော် ဂယက်ရိုက် စေတတ်ပါတယ်။ တော်လှန်ရေးကာလတွေမှာ ပြည်ပနိုင်ငံတွေ၊ အန်ဂျီအိုတွေက တော်လှန်ရေးသမားတွေကို ထောက်ပံ့ ကူညီပေးကြပါတယ်။ အဲဒီမှာ ရွေးကောက်ပွဲဆိုတာ ပေါ်ထွက်လာတဲ့အခါကျတော့ “ရွေးကောက်ပွဲပြီးသွားရင် ထောက်ပံ့ကူညီမှုတွေများ ရပ်သွားလေမလား” ဆိုတဲ့ အတွေးက အင်အားစုတွေကို ကိုင်လှုပ်လာပါတော့တယ်။ တခြားဘ၀ ရပ်တည်မှုနဲ့ အသက်မွေးဝမ်းကျောင်း အတွက်ကလဲ ပြင်ဆင်ထားတာ အားနည်းတဲ့အခါမှာကျတော့ ပေါ်လစီပြောင်း၊ ဘက်ပြောင်းသွားတဲ့ အန်ဂျီအိုတွေနဲ့ ဆက်သွယ် လှုပ်ရှားနေရသူတွေ ကြားညပ် ပါတော့တယ်။ ဘ၀ရပ်တည်ရေးကတဖက်၊ နိုင်ငံရေးရပ်တည်ချက်ကတဖက် လွန်ဆွဲလာတဲ့အခါမှာ နိုင်ငံရေး ရပ်တည်ချက်ကို ဦးစားပေး ရွေးချယ်သူတွေ ရှိလာသလို၊ ဘ၀ရပ်တည်ရေးကို ဦးစားပေး ရွေးချယ်သူတွေ ရှိလာပါတော့တယ်။ ဒီလိုလူတွေ ဆီကနေလဲ အာဏာရှင်ရွေးကောက်ပွဲ ထောက်ခံရေး အဆိုတွေ ထွက်ပေါ်လာတတ်ပါတယ်။

နောက်ထပ်ကွဲအက်နိုင်တဲ့ အက်ကြောင်းတခုကတော့ ပညာရှင်တွေ၊ လေ့လာသူတွေ ဆီမှာ ဖြစ်ပါတယ်။ အခြေအနေ၊ အကြောင်းကြောင်းကြောင့် ပြည်ပအတိုက်အခံ အင်အားစုတွေဟာ ပညာရှင်တွေကို အသိအမှတ်ပြုမှု အလွန်အားနည်းပါတယ်။ ဘယ်ကဘယ်လို ထွက်လာမှန်းမသိခဲ့တဲ့ ပညာတတ်တွေ ဖောက်ပြန်တတ်တယ်၊ မယုံရဘူး ဆိုတဲ့ စကားလုံးတွေ၊ သီအိုရီတွေကို ဂရုမစိုက်ဘူး၊ လက်တွေ့ လုပ်လာတာ ဆိုတဲ့ စကားလုံးတွေက တခါတရံ တော်လှန်ရေး အသိုင်းအ၀ိုင်းမှာ အလွန်ကြီးစိုးပါတယ်။ တိုးတက်ပြောင်းလဲလာတဲ့ ကမ္ဘာကြီးမှာ သီအိုရီအခြေခံမပါပဲ ထွက်ပေါ်လာခဲ့တဲ့ လက်တွေ့ အလုပ်တွေ အတော်နည်းနေပါပြီ။ ငွေကြေး ၀န်ဆောင်မှုအတွက် သုံးနေကြတဲ့ ဘဏ်ကတ်တွေဟာ သင်္ချာသီအိုရီတွေပေါ်မှာ အခြေခံထားပါတယ်။ သောက်သုံးနေကြတဲ့ ရေသန့်တွေ၊ အချိုရည်တွေရဲ့ ထုတ်လုပ်မှု ဖြစ်စဉ်မှာ ဓာတုဗေဒ သီအိုရီတွေကို အခြေခံထားပါတယ်။ နောက်ဆုံး ဒီမိုကရေစီ တော်လှန်ရေး၊ ကွန်မြူနစ် တော်လှန်ရေး ဆိုတဲ့ တော်လှန်ရေးတွေမှာတောင် ဒီမိုကရေစီဆိုတဲ့ အတွေးအခေါ် သီအိုရီတွေ၊ ကွန်မြူနစ်ဝါဒ သီအိုရီတွေပေါ် အခြေခံပြီး ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ မာ့စ်က သီအိုရီတွေ အများကြီးပါတဲ့ စာအုပ်တွေ ရေးခဲ့တယ်။ Adam Smith က စီးပွားရေး သီအိုရီတွေပါတဲ့ စာအုပ်ကို ရေးခဲ့တယ်။ သူတို့က လက်တွေ့ အကောင်အထည် ဖော်ခဲ့တာ မဟုတ်ပါ။ ဒီသီအိုရီတွေကို ကိုင်စွဲပြီး လက်တွေ့ အကောင်အထည် ဖော်သူတွေက ဖော်ဆောင် ခဲ့ကြပါတယ်။

ဒါကြောင့် သီအိုရီနဲ့ လက်တွေ့နဲ့ကို ခွဲခြား ဖယ်ထုတ်နေစရာ မလိုအပ်ပါ။ သီအိုရီ သမားတွေ ဘက်ကလဲ လိုအပ်မယ် ထင်တာကို ပညာရပ်တွေပေါ်မှာ အခြေခံပြီး ပြောစရာရှိတာပြော၊ ရေးစရာရှိတာ ရေးလိုက်ရုံပဲ ရှိပါတယ်။ ဒါကို လူတွေ လိုက်လုပ်ရမယ်လို့ မျှော်လင့်စရာ မလိုအပ်ပါ။ ယူသင့်တာယူ၊ ပယ်သင့်တာ ပယ်ကြရုံပါပဲ။ ဒါပေမယ့် လောကမှာ လူတွေ ဆိုတာကလဲ မလိုတဲ့အလုပ်တွေကိုမှ ဇာချဲ့ချင်ကြပါတယ်။ ပညာရှင်တွေ၊ သီအိုရီ ကျွမ်းကျင်သူတွေ ကလဲ သူပဲတတ်၊ သူပဲသိသလိုလို မာနတွေ ရှိတတ်ကြတယ်။ ကိုယ့်ကိုယ်ကို တကယ့် ရေပေါ်ဆီတွေလို အတွေးတွေ ၀င်ပြီး ဘ၀င် မြင့်တတ်ကြတယ်။ သူတပါးကို မသိသလို၊ မတတ်သလို ဆက်ဆံ ချင်တတ်ကြတယ်။ လူတွေမှာကလဲ ဘ၀မြင့်စိတ် ရှိသလို၊ အငုံ့စိတ်တွေ ရှိတတ်ကြတယ်။ လက်တွေ့ မပါတဲ့ ပညာရှင်ကလဲ အတွေ့အကြုံ မရှိတာကို ကိုယ့်ကိုကို သိပြီး အငုံ့စိတ်ရှိတယ်။ လက်တွေ့ပဲရှိပြီး စာတွေ့ နည်းသူကလဲ သီအိုရီ သမားတွေ ပြောတိုင်း လက်ခံရမှာလား ဆိုပြီး မိမိမှာ စာတွေ့ အားနည်းတာကို အငုံ့ စိတ်ရှိတယ်။ အဲဒီမှာတင် မာနတွေ၊ အငုံ့စိတ်တွေ တိုက်ခတ်မိကြပြီး သည်းမခံနိုင် သူတွေကလဲ ဘေးထွက်ထိုင်တယ်။ “ငါ့ကို ဒီလိုလုပ်ရလား“ ဆိုပြီး မာနနဲ့ မခံချင်စိတ်တွေ ရောထွေးလာသူတွေ ကျတော့ ရန်သူနဲ့ သွားပေါင်းသူကလဲ ပေါင်းတယ်။ ရန်သူနဲ့ မပေါင်းပဲ တစင်ထောင် သူကလဲ ထောင်တယ်။ ဒါတွေဟာ အငုံ့စိတ်နဲ့ ဘတပြန် ကျားတပြန် ခွဲခြားမှုတွေ၊ ပညာ၊ အတွေ့ အကြုံတွေနဲ့ ပတ်သက်တဲ့ မာနတွေ၊ ရန်သူရဲ့ သပ်လျှို သွေးခွဲမှုတွေ၊ ရန်သူ့ ဘက်တော်သားတွေ ပါဝင်လာတာတွေ အားလုံး ပေါင်းဆုံသွားလို့ပဲ ဖြစ်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင်ရွေးကောက်ပွဲတွေဟာ အတိုက်အခံ အင်အားစုတွေကို ဖြိုခွဲပစ်နိုင်စွမ်း ရှိတယ်။ ဒါကို လေးလေးနက်နက် သတိပြုမိပြီး အတိုက်အခံ အင်အားစုတွေဟာ တော်လှန်ရေး အတွေးအခေါ် ညီညွတ်ကြဖို့ လိုတယ်။ ညီညွတ်ရေး ဆိုတာမှာလဲ ဒီစကားလုံး ဆိုလိုက်တာနဲ့ အဖွဲ့ချုပ်ကြီးတွေ၊ တပ်ပေါင်းစု ကြီးတွေပဲ သွားမြင် နေတတ်ကြတာ ကျွန်မတို့ မြန်မာတွေရဲ့ အားနည်းချက် တရပ်လို့ပဲ ဆိုရမှာပါပဲ။ ဒီလိုနဲ့ ညီညွတ်ဖို့ တပ်ပေါင်းစုကြီးတွေ ထပ်ထောင်ကြ၊ ကွဲကြပြဲကြ၊ ဟိုအဖွဲ့ပေါ်လာ၊ ဒီအဖွဲ့ပေါ်လာနဲ့ နှစ်ပေါင်းများစွာ ကြာအောင် မပြီးနိုင်တဲ့ အဖွဲ့ တည်ထောင်ရေး သံသရာ စက်ဝန်းကြီးတွေ လည်နေကြတော့တာပဲ။ လူတွေကလဲ ဟိုအဖွဲ့ကြည့်လဲ ဒီလူ၊ ဒီအဖွဲ့ကြည့်လဲ ဟိုလူပဲ လည်နေ တတ်ကြတယ်။ တော်လှန်ရေး အင်အားစုတွေရဲ့ ညီညွတ်ရေး ဆိုတာ တိုက်ပွဲရှိမှ ထွက်ပေါ် လာတာဖြစ်တယ်။ တိုက်ပွဲမရှိပဲ ညီညွတ်ရေး လုပ်နေရင်တော့ အဖွဲ့ ဥက္ကဌလုနေကြ၊ အဖွဲ့နာမည် ရွေးနေကြတာနဲ့တင် အချိန် ကုန်နေကြမှာပဲ။ အဓိကက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆိုတဲ့ တော်လှန်ရေး အတွေးအခေါ်မှာ ညီညွတ်ဖို့ပဲ။ တော်လှန်ရေး အတွေးအခေါ်မှာ အခြေခံပြီးမှ တိုက်ပွဲဝင် လမ်းကြောင်းဆိုတာ ချမှတ်လို့ ရတာဖြစ်တယ်။ တချို့က ဒီလို အတွေးအခေါ်မျိုး ရှိနေလို့ အတိုက်အခံ ဖြစ်နေတာပေါ့လို့ ဆိုချင်ဆိုကြမယ်။ တကယ် ပြန်ဆန်းစစ်ကြည့်ပါ။ ဒီလို အတွေးအခေါ်ပေါ်မှာ အခြေခံတဲ့ လမ်းစဉ်တွေကို တကယ်ပဲ ချမှတ် လုပ်ကိုင် နေကြသလား၊ မိမိတို့ပါတီ၊ မိမိတို့ အဖွဲ့အစည်း ရပ်တည်ရေးကိုပဲ ဦးစားပေးနေကြသလား ဆိုတာ ပြန်ဆန်းစစ်ကြည့်ဖို့ လိုနေပြီဖြစ်တယ်။ မြေပေါ် မြေအောက်၊ မီဒီယာအစရှိပြီး လုပ်နည်းလုပ်ဟန် ကွဲပြားမှုဆိုတာက နားလည်လက်ခံလို့ ရပေမယ့် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေတဲ့ လုပ်နည်းလုပ်ဟန်တွေ ဖြစ်မသွားစေဖို့ သတိပြုမိဖို့ လိုအပ်တယ်။ မြန်မာပြည်ရဲ့ မျက်မှောက်ခေတ်မှာ လိုအပ်နေတဲ့ ညီညွတ်ရေး ဆိုတာက ဒီလို တော်လှန်ရေး အတွေးအခေါ် ညီညွတ်ရေးကို ဆိုလိုတာဖြစ်တယ်။ အဖွဲ့ ဖွဲ့ရေး သံသရာ စက်ဝန်းထဲမှာ တ၀ဲလည်လည် ပတ်ချာ လည်နေတာကို ဆိုလိုတာ မဟုတ်ဘူး။

တော်လှန်ရေးထဲမှာ ကိုယ့်ကိုကိုယ်ဘောင်ပြန်ခတ်ထားကြတဲ့ အယူအဆတွေနဲ့ ပြုမူဆောင်ရွက်မှု တွေကို တော်လှန်ရေး အတွေးအခေါ် ကသာ ကျော်လွှားနိုင်လိမ့်မယ်။ “တို့ကတော့ ရှစ်လေးလုံး အုပ်စုတွေ၊ တို့ကတော့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ၊ တို့ကတော့ ဒီပဲယင်းအုပ်စု၊ တို့ကတော့ အန်အယ်ဒီ၊ တို့ကတော့ ကျောင်းသား၊ တို့ကတော့ --------“ ဆိုတဲ့ ဘောင်ခတ်မှုတွေဟာ တော်လှန်ရေးရဲ့ စည်းရုံးရေးကို ကျဆင်းစေတဲ့ အချက်တွေဆိုတာ သတိပြုသင့်တဲ့ အချိန် ရောက်နေပြီဖြစ်တယ်။ ဒီလို ဘောင်ခတ်လိုက်တာနဲ့ အသွင် မတူတွေကို စည်းဝိုင်းပြင်ကို တွန်းပို့ လိုက်သလို ဖြစ်သွားတတ်တယ်။ တော်လှန်ရေးမှာ ပေးဆပ်ခဲ့မှု ဆိုတာတွေကို သူများတွေကသာ တလေးတစား ဆုံးဖြတ် ပေးမှာဖြစ်တယ်။ ကိုယ်က ကိုယ့်ကိုယ်ကို ဘယ်လောက်လုပ်ခဲ့တာ၊ ဘယ်လို ပေးဆပ်ခဲ့ရတာ ဆိုပြီး လိုက်ပြောနေရင် လူအရိုအသေ တန်တတ်တယ်။ ကမ္ဘာ့တော်လှန်ရေး သမိုင်းတလျှောက်မှာ လူမသိ၊ သူမသိ အသက် ပေးဆပ်စွန့်လွှတ် ခဲ့ကြသူတွေက အများကြီးပဲ ဖြစ်တယ်။ ဖက်ဆစ်တော်လှန်ရေးမှာ ဆက်သားလေးတွေ အနေနဲ့ တာဝန်ကျေခဲ့ကြတဲ့ ကလေးငယ်လေးတွေ ဘယ်လောက် အရေအတွက်အထိ ဖက်ဆစ်လက်ထဲ ကျရောက်ခဲ့သလဲ။ လူမသိ၊ သူမသိ သေခဲ့ကြသလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။

ဒါပေမယ့် ဒီလိုပေးဆပ်မှုကို သူတို့ ကျေနပ်ခဲ့ကြတယ်။ သေနိုင်မယ့် အလုပ်မှန်းသိရဲ့နဲ့ ကျေကျေနပ်နပ် လုပ်ခဲ့ကြတယ်။ ကိုယ်သတ်မှတ်တဲ့ တန်ဖိုး၊ ကိုယ်ယုံကြည်တဲ့ ယုံကြည်ချက်၊ ကိုယ်ရွေးချယ်တဲ့ ရပ်တည်ချက် အတွက် ကိုယ့်ရဲ့ ပေးဆပ်မှုတွေကို မိမိကိုယ်ကို ကျေနပ် ဂုဏ်ယူနေဖို့က အရေးကြီးဆုံး မဟုတ်ဘူးလား။ လူတကာကို လိုက်ပြောပြီး၊ “မင်းတို့နဲ့ ငါက မတူဘူးနော်။ ငါက ဘယ်လိုလုပ်ခဲ့တာ။ ဘယ်လိုပေးဆပ်ခဲ့တာ၊ မင်းတို့ ငါနဲ့ လာမယှဉ်နဲ့“ လို့ လိုက်ယှဉ်ပြနေစရာ မလိုအပ်ဘူး။ ဒါတွေဟာ ကိုယ့်ကိုယ်ကို ဘောင်ခတ် လိုက်တာတွေပဲ ဖြစ်ပါတယ်။ ဒီလို ဘောင်ခတ်လိုက်တာနဲ့ လူထု စည်းရုံးရေးမှာ အခက်အခဲတွေ ဖြစ်လာတတ်သလို၊ ကိုယ်ပါဝင်တဲ့ တော်လှန်ရေးကြီး တခုလုံးရဲ့ ပုံရိပ်လဲ ကျဆင်းတတ်ပါတယ်။ တော်လှန်ရေးကို တကယ် တန်ဖိုးထားတယ် ဆိုရင် ကိုယ့်ကြောင့် တော်လှန်ရေးမှာ လူသစ်တယောက် မရောက်လာရင်တောင် ရှိပြီးသားလူတွေ မဆုံးရှုံး စေသင့်ဘူး။ တော်လှန်ရေးရဲ့ စည်းရုံးရေးကို မထိခိုက် စေသင့်ဘူး။ တိတိကျကျ ဆိုရရင် groups တွေ ပေါ်ထွက်လာမှုဟာ ကောင်းပါတယ်။ ဒါပေမယ့် ဘောင်ခတ်ပြီး ပိတ်မိနေတဲ့ အုပ်စုတွေ မဖြစ်စေဖို့ကိုလဲ သတိထားသင့်ကြတယ်။

အဓိကကတော့ မြန်မာ့နိုင်ငံရေးဟာ အထည်ကြီးပျက်နိုင်ငံရေး မဟုတ်။ တချိန်က အောင်မြင်ခဲ့တာလေး တွေကို သာယာနေရုံနဲ့ အောင်ပွဲရမှာ မဟုတ်။ လက်ရှိအခြေအနေမှာ၊ လက်ရှိ လူသူအင်အား၊ လက်ရှိတော်လှန်ရေးရေစီးကြောင်းတွေနဲ့ ဘာလုပ်ဖို့ လိုတယ်ဆိုတာကို ဦးစားပေးကြဖို့ အချိန်တန် နေပါပြီ။ ဘောင်ခတ်မှုတွေကြောင့် တော်လှန်ရေး အတွေးအခေါ်တွေကို မထိခိုက်မိစေဖို့ အရေးကြီးပါတယ်။ တော်လှန်ရေးအတွေးအခေါ်ပေါ်မှာ အခြေခံတဲ့ ညီညွတ်ရေးမှာ ပြည်သူတရပ်လုံး ပူးပေါင်းဆောင်ရွက်လာ စေရေးကသာ အဓိက ပန်းတိုင်ဖြစ်သင့်ပါတယ်။ အာဏာရှင် ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာမယ့် အက်ကြောင်းတွေ အတွက် သတိထားပြီး ပြင်ဆင်ထားသင့်ပါတယ်။

အာဏာရှင်ရွေးကောက်ပွဲနှင့် ဒေါက်တိုင်ပြိုလဲမှု ထိန်းသိမ်းခြင်း

စစ်အာဏာရှင်နိုင်ငံတွေက အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲဖို့အတွက် စစ်တပ်ကို အာဏာရှင် ဒေါက်တိုင်တွေ အဖြစ် အသုံးချရပါတယ်။ ဒီလိုနဲ့ အာဏာရှင် သက်တမ်းတွေ ကြာလာတဲ့အခါ အာဏာရှင်တွေရဲ့ ပင်မ ဒေါက်တိုင်တွေ ဖြစ်တဲ့ စစ်တပ်အတွင်းမှာ မကျေနပ်မှုတွေ၊ ကွဲလွဲမှုတွေ ပေါ်ပေါက်လာပါတယ်။ ဒီဒေါက်တိုင်တွေ ပြိုလဲရင် အာဏာရှင်စနစ် ပြိုလဲနိုင်တာကြောင့် အာဏာရှင်တွေဟာ တပ်မတော်နဲ့ စစ်အာဏာရှင်အစိုးရအကြားက မကျေလည်မှု ပြဿနာရပ်တွေကို အာဏာရှင်ရွေးကောက်ပွဲများ ကျင်းပပြီး ဖြေရှင်းလေ့ရှိတယ်လို့ နိုင်ငံရေးပညာရှင် Geddes က ဆိုထားခဲ့ဖူးပါတယ်။ အာဏာရှင်နိုင်ငံတွေအတွက်တော့ စစ်တပ်ဆိုတာ အာဏာရှင်တွေရဲ့ coercive power ကို ထိန်းသိမ်းပေးနိုင်တဲ့ အဓိက ဒေါက်တိုင်ကြီးဖြစ်ပါတယ်။

၁၉ ရာစုကာလတွေမှာ ကမ္ဘာနဲ့ အ၀ှမ်းမှာ စစ်တပ်ဆိုတာ သီးခြား political institution တရပ်အနေနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေး အခန်းကဏ္ဍမှာ တပ်မတော် မပါဝင်မှာ စိုးရိမ်စရာ အကြောင်းကို မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော် ဆိုတာကိုက နိုင်ငံတော်ရဲ့ နိုင်ငံရေး အင်စတီကျူးရှင်း တရပ် ဖြစ်နေလို့ပါ။ နိုင်ငံရေး ပညာရှင်တွေက တပ်မတော်ရဲ့ အခန်းကဏ္ဍကို ကဏ္ဍသုံးမျိုးခွဲခြားပြီး ဖော်ပြထားပါတယ်။ ပထမတမျိုးကတော့ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်ရေးဆိုင်ရာ instrument တခုအနေနဲ့ပါ။ တပ်မတော်ဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ရပါမယ်။ ဒီအတွက် နိုင်ငံတိုင်းလိုလိုမှာ တပ်မတော် ဆိုတာ ရှိပါတယ်။ တပ်မတော်သားတွေဆိုတာကိုလဲ နိုင်ငံတော်နဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နေသူများအဖြစ် နိုင်ငံတိုင်းမှာ လူထုက တလေးတစား ရှိပါတယ်။ ဘယ်နိုင်ငံရဲ့ ပါလီမန်ထဲမှာမှ တပ်မတော်သားတွေ မပါဝင်ပါဘူး။ ဒါပေမယ့်လဲ လူတွေက သူတို့ရဲ့ ရပ်တည်မှုနဲ့ အခန်းကဏ္ဍကို အသိအမှတ် ပြုထားကြပါတယ်။ အာဏာရှင် နိုင်ငံတွေမှာသာ အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်ဖြစ်ရတဲ့ တပ်မတော်သားတွေ အတွက် လူထုက ယူကြုံး မရ ခံစားကြရပါတယ်။ ပြည်သူတွေရဲ့ အသွေးအသားထဲက ပေါ်ထွက်လာခဲ့တဲ့ တပ်မတော်သားတွေဟာ ပြည်သူကို ဒုက္ခပေးနေတဲ့ စစ်အာဏာရှင်တွေ ဘက်ကို သေနတ်ပြောင်း မလှည့်ပဲ မိဘပြည်သူတွေ ဘက်ကိုမှ သေနတ်ပြောင်း လှည့်ရက်လေခြင်းလို့ စိတ်မကောင်း ဖြစ်ကြရပါတယ်။

နိုင်ငံတော်မှာ တပ်မတော်ရဲ့ နောက်ထပ်အခန်းကဏ္ဍတခုကတော့ တရားဥပဒေ စိုးမိုးရေး တာဝန်ပဲ ဖြစ်ပါတယ်။ ဘယ်နိုင်ငံရဲ့ တပ်မတော်မှာပဲဖြစ်ဖြစ် အမိန့်နာခံမှု ယဉ်ကျေးမှုနဲ့ ရာထူး အဆင့် အတန်းသတ်မှတ် တာဝန်ယူမှု ဆိုတာ ရှိပါတယ်။ ဒီအချက် နှစ်ချက်ဟာ အရေးပေါ် အခြေအနေတွေမှာ operational efficiency ကို ဆောင်ကျဉ်း ပေးနိုင်ပါတယ်။ ဒါကြောင့်လဲ အရေးပေါ် သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်လာတဲ့ အခါတွေမှာ ကယ်ဆယ်ရေး တာဝန်တွေ၊ ရိက္ခာဖြန့်ဖြူးရေး တာဝန်တွေကို တပ်မတော်ကို တာဝန်ပေးလေ့ ရှိကြပါတယ်။ နိုင်ငံ တနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး ဖရိုဖရဲ ဖြစ်နေရတဲ့ အခါမှာလဲ တပ်မတော်က တရားဥပဒေ စိုးမိုးရေး တာဝန်ကို ယူရပါတယ်။ ဒါပေမယ့် ဒီတာဝန်ကို အသုံးပြုပြီး တပ်မတော်ကို အာဏာရှင်တွေက ပြန်အသုံးချ တတ်တာတွေလဲ ရှိပါတယ်။ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ပြဿနာတွေ ဖြစ်လာတဲ့အခါ ဒီပြဿနာတွေရဲ့ အရင်းအမြစ်ကို စဉ်းစားဖော်ထုတ်ပြီး တွေးတော ဆင်ခြင်မှုတွေ ပြုရပါမယ်။ အမှန်နဲ့ အမှားကို ဖော်ထုတ်ရပါမယ်။ ဒီနေရာမှာ တရားဥပဒေ ဆိုတာကိုလဲ ထည့်သွင်းစဉ်းစား ကြည့်ဖို့ လိုအပ်လှပါတယ်။ ဘယ်လို တရားဥပဒေလဲ။ မတရားမှုတွေကနေ ဥပဒေဖြစ်နေတာလား။ ပုန်ကန် ထကြွမှုတွေ၊ လူထု တိုက်ပွဲတွေ ဆိုတာကကော ဘာကြောင့် ပေါ်ထွက်နေရတာလဲ။ မတရားတဲ့ ဥပေဒေကို ပုန်ကန် နေကြတာလား၊ တရားတဲ့ ဥပဒေကို ပုန်ကန်နေကြတာလား ဆိုတာ ဆင်ခြင်မိဖို့ လိုအပ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတော်မှာ လူထုတိုက်ပွဲတွေဖြစ်လာတဲ့ အခါမှာတော့ တပ်မတော်သားတွေမှာ အရိုးစွဲအောင် ရိုက်သွင်း ခံထားရတဲ့ အမိန့် နာခံတတ်မှုနဲ့ လူသားပီသစွာ စဉ်းစား တွေးခေါ်ဆင်ခြင်မှု နှစ်ခုအကြားမှာ ပဋ္ဋိပက္ခ ဖြစ်ရတော့တာပါပဲ။ ဒီလွန်ဆွဲပွဲတွေ ထဲမှာ တခါတရံမှာ အမိန့်နာခံတတ်မှုက အနိုင်ရသွားပါတယ်။ တခါတရံမှာ စဉ်းစား တွေးခေါ်ဆင်ခြင်မှုက အနိုင်ရသွားပါတယ်။ အာဏာရှင်တွေကို တော်လှန်ကြတဲ့ လူထု တော်လှန်ရေးတွေမှာ တပ်မတော်က ပြည်သူတွေဘက်ကို ရပ်တည်လိုက်တယ် ဆိုတာမျိုးတွေဟာ စဉ်းစားတွေးခေါ် ဆင်ခြင်မှုက အနိုင်ရသွားတာ တွေဖြစ်ပါတယ်။ အာဏာရှင်အမိန့် ပေးတဲ့အတိုင်း ဦးလည်မသုန် တာဝန် ကျေပွန်တယ် ဆိုတာကတော့ အမိန့်နာခံမှုက အနိုင်ရသွားတာ ဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံးက ဘယ်နှစ်ဘက် ဆိုတာတွေထက် တာဝန်က တရားဥပဒေ စိုးမိုးရေးဆိုတာကို စတင် စဉ်းစားမိဖို့ပါပဲ။

တရားဥပဒေစိုးမိုးရေး ဆိုတာမှာကလဲ စစ်အာဏာရှင်တွေရဲ့ အမိန့်ကို နာခံမှပဲ တရားဥပဒေ စိုးမိုးရေး ဖြစ်လာနိုင်တာ မဟုတ်ပါဘူး။ ပြည်သူလူထု ဘက်က ရပ်တည်ပြီး ပြည်သူ့ ခေါင်းဆောင်တွေနဲ့ အမြော်အမြင်ရှိပြီး၊ ဆင်ခြင်တုံတရား ရှိတဲ့ တပ်မတော် ခေါင်းဆောင်က ပူးပေါင်းဆောင် ရွက်တဲ့ အခါမှာလဲ တရားဥပဒေ စိုးမိုးရေးတာဝန်ကို ထမ်းဆောင်လို့ ရတယ်ဆိုတာ စစ်မှန်တဲ့ တပ်မတော်သားတွေ သိရှိနေဖို့ လိုအပ်လှပါတယ်။ တကယ်တော့ စစ်အာဏာရှင်တွေဟာ တပ်မတော်ထဲမှာ အချိန်တန်ရင် လူသားပီသစွာ အမြော်အမြင်ရှိရှိ ဆုံးဖြတ် ရွေးချယ်မယ့် တပ်မတော်သားတွေ ရှိတယ်ဆိုတာကိုလဲ သဘောပေါက် သိမြင်ကြပါတယ်။ ဒါကြောင့်လဲ ရွေးကောက်ပွဲတွေ ကျင်းပပြီး၊ စစ်တပ်နဲ့ ပြည်သူအကြား သဘောထားကွဲလွဲမှု ပုံသဏ္ဍာန်တွေ ဖြစ်အောင် ထပ်မံ ပြုလုပ် တတ်ကြပါတယ်။

နောက်ထပ် တပ်မတော်ရဲ့ အခန်းကဏ္ဍတရပ်ကတော့ တပ်မတော်ဟာ နိုင်ငံတော်ရဲ့ အရေးပါတဲ့ မူဝါဒတွေမှာ instrument policy အနေနဲ့ ရှိနေတာပဲ ဖြစ်ပါတယ်။ ဘယ်နိုင်ငံရဲ့ အစိုးရအဖွဲ့ကမှ နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေး၊ စစ်မဟာဗျူဟာအခင်းအကျင်းနဲ့ နိုင်ငံခြားရေး မူဝါဒတွေမှာ တပ်မတော် အကြီးအကဲတွေကို မတိုင် ပင်မညှိနှိုင်းပဲ မူဝါဒတွေ မချမှတ်ကြပါဘူး။ ချမှတ်လို့လဲ မရပါဘူး။ ဒီမိုကရေစီ နိုင်ငံကြီးတခု ဖြစ်တဲ့ အမေရိကန် နိုင်ငံမှာတောင် ပင်တဂွန်လို့ ခေါ်တဲ့ ကာကွယ်ရေး ၀န်ကြီးဌာန၊ အမျိုးသား လုံခြုံရေးကောင်စီ၊ ကွန်ဂရက် အတွင်းက Armed Services Committee တွေကတဆင့် အမေရိကန် တပ်မတော်ရဲ့ ပါဝါ ကျင့်သုံးလွှမ်းမိုးမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ တပ်မတော်ဟာ နိုင်ငံရေးရာတွေ အတွက် insider group ဖြစ်ပါတယ်။ နိုင်ငံတော်အတွက် အရေးကြီးတဲ့ အခန်း ကဏ္ဍတွေရဲ့ strategic expertise နဲ့ technical knowledge တွေကို ပိုင်ဆိုင်ထားတဲ့ တခုတည်းသော အင်စတီကျူးရှင်းကြီး ဖြစ်ပါတယ်။ ဒါကြောင့်လဲ အစိုးရ၊ တပ်မတော်၊ ပြည်သူဆိုတဲ့ နိုင်ငံတော်ဖြစ်တည်မှု တြိဂံသဏ္ဍာန်ကို ပညာရှင်တွေက ဖော်ကျူး ထားကြတာဖြစ်ပါတယ်။

ဒါကြောင့် တပ်မတော်ဟာ အစိုးရအဖွဲ့အစည်းတွေမှာ ပါဝင်ပြီး၊ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ သစ်ကို တောင်းဆိုနေစရာ မလိုအပ်ပါဘူး။ သူ့ဘာသာသူ ဘုရားဒကာမို့ ဘုရားဒကာကြီး၊ ရပ်ရွာလူကြီးလို့ တလေးတစား သတ်မှတ် ထားတာကို အနေမတတ်၊ အထိုင်မတတ်နဲ့ ရွာထဲလှည့်ပြီး ကြက်ဝိုင်းလဲ လူကြီးလုပ်ချင်၊ ဖဲဝိုင်းလဲ လူကြီးလုပ်ချင်၊ အရက်ဝိုင်းလဲ လူကြီးလုပ်ချင်၊ ကလေးတွေ ကစားတဲ့ ကျောက်ဒိုးဝိုင်းလဲ ပါလိုက်ချင်ချင် လုပ်နေလို့ ရှိသမျှ သိက္ခာကျပြီး ပါလေရာလူကြီးလို့ လူအရိုအသေတန် ကုန်တာတွေ ဖြစ်တတ်ပါတယ်။ ကိုယ့်အဆင့်နဲ့ ကိုယ့်နေရာကို သိဖို့ လိုအပ်လှပါတယ်။ နအဖ စစ်အာဏာရှင်တွေက ရေးဆွဲ အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဆိုရင် “နိုင်ငံတော်ရဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်ပါဝင်ရေး“ ဆိုတဲ့ စကားလုံးကြီးကို သုံးပြီး တပ်မတော်က မူလ နေရာယူထားတဲ့ ဘုရားဒကာ၊ ရပ်ရွာလူကြီး အခန်းကဏ္ဍကို ပါလေရာ လူကြီး ကဏ္ဍကို လျှော့ချလိုက်တာသာ ဖြစ်ပါတယ်။ အစိုးရ၊ ပြည်သူ၊ တပ်မတော်ဆိုတဲ့ တြိဂံသဏ္ဍာန် ဖြစ်တည်မှုကို ပြယ်ပျက်စေပြီး၊ အစိုးရနေရာမှာ တပ်မတော်ကို ခြေဖြတ်၊ လက်ဖြတ်ပြီး ထည့်သွင်း လိုက်ခြင်းသာ ဖြစ်ပါတယ်။

အဲဒီအခါမှာ တပ်မတော်ရဲ့ မူလရပ်တည်ချက်နဲ့ ပင်မတာဝန်တွေလဲပျက်၊ တပ်မတော်နဲ့ ပြည်သူ အကြား၊ တပ်မတော်နဲ့ အစိုးရ အကြားက အပြန်အလှန် အသိအမှတ်ပြုမှုနဲ့ လေးစားမှုတွေလဲ ပျက်ပြယ် ရှုပ်ထွေးကုန်မှာ ဖြစ်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး အတွက် မျိုးချစ်စိတ်ဓာတ်နဲ့ တပ်မတော်ထဲ ၀င်လာတဲ့ နိုင်ငံ့သားကောင်း ရတနာတွေဟာလဲ ကိုယ်ကပြရမှာ မဟုတ်တဲ့ စင်ပေါ်မှာ အာဏာရှင်တွေ ကြိုးဆွဲတဲ့ ရုပ်သေးလေး အဖြစ် တက်ကကြရတော့မှာ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ ခဲနဲ့ ပေါက်မှုတွေ၊ တံထွေးနဲ့ ထွေးမှုတွေကို ကြားထဲကနေ ခံကြရတော့မှာ ဖြစ်ပါတယ်။ ဒီလို ရုပ်သေးဘ၀ ရောက်ပြီးမှ မိမိနဲ့ သက်ဆိုင်တဲ့ ပင်မတာဝန်တွေကို ပြန်ပြီး တာဝန် ထမ်းဆောင်ပြန်တော့လဲ မိခင် တပ်မတော်ကြီး အတွင်းမှာ ကိုယ်နဲ့ ကျောင်းအတူတူ ဆင်းခဲ့သူတွေကို အထက်လူကြီးတွေ အနေနဲ့ ဆက်ဆံရတာတွေ၊ သဘောသဘာဝ မတူတဲ့ ပတ်ဝန်းကျင်တခုမှာ သဟဇာတ ဖြစ်အောင် ပြန်ညှိရတာတွေနဲ့ လူကန့်လန့်တွေ ဘ၀ကို ကျရောက်ကြရဦးမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ တပ်မတော်သားတွေ နိုင်ငံရေးဝါသနာ မပါရဘူး၊ နိုင်ငံရေး မလုပ်ရဘူးလို့ ဆိုလိုနေတာ မဟုတ်ပါ။ ၀ါသနာပါရင် တပ်က ထွက်ပြီး နိုင်ငံရေးသမား ဘ၀ကို အပြည့်အ၀ ခံယူလို့ ရပါတယ်။ ဒါပေမယ့် တပ်မတော်သား ကိုယ်စားလှယ် အနေနဲ့ နိုင်ငံရေးသမားတွေ အကြား ရောက်နေမှာကတော့ အမြင်မတော်၊ ဆင်တော်နဲ့ ခလောက် ဆိုသလိုပဲ ဖြစ်ပါလိမ့်မယ်။ တပ်မတော်သား ကိုယ်စားလှယ် ဆိုတာကိုက အင်အားပြမှု အနေအထားတခု ဖြစ်နေတာကြောင့် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်၊ တန်းတူညီမျှခွင့် အခြေခံ သဘောတရားတွေ လွှမ်းခြုံနေတဲ့ ပါလီမန်နဲ့ သင့်လျော်မှု မရှိပါဘူး။ မအပ်စပ်ပါဘူး။ အင်အား အတူတူညီမျှပြီး အတူတကွ ကစားနေကြတဲ့ ကလေးတွေ အကြားမှာ ဗလတောင့်တောင့်၊ အင်အားကြီးကြီး လူကြီးတယောက်ကို တွေ့လိုက်ရရင် ဒီလူကြီးကို လူ့အဖွဲ့အစည်းက ဘယ်လို မြင်ပါသလဲ။ ဒီလူကြီးဟာ ကျပ်မပြည့်တဲ့ လူကြီးဖြစ်နိုင်ဖို့က ရာခိုင်နှုန်း တော်တော်များတယ် မဟုတ်ပါလား။ ဒါကြောင့် တပ်မတော်သားတွေကို နိုင်ငံရေး မလုပ်ရဘူးလို့ ဆိုလိုတာ မဟုတ်ကြောင်း ဆိုတာဖြစ်ပါတယ်။ ကျပ်မပြည့်တဲ့ လူကြီး မဖြစ်စေဖို့ အင်အား အရေခွံကို ခွာပြီး ရိုးရှင်းစွာ နိုင်ငံရေး ကစားကွင်းထဲကို ၀င်လာသင့်ပါတယ်။

ဒါဖြင့်ရင် နအဖစစ်အုပ်စုတွေဟာ ရိုးရှင်းစွာ အရပ်သား ပါတီသစ်ထောင်ပြီး၊ ရွေးကောက်ပွဲထဲ ၀င်လာတာ မဟုတ်ပဲ ဘာဖြစ်လို့ ကလိမ်ကကျစ် ဥာဏ်တွေသုံးပြီး နိုင်ငံရေးအာဏာရဖို့ လုပ်နေကြရသလဲ ဆိုတာကို စဉ်းစား ကြည့်ကြရအောင်ပါ။ စစ်မှန်တဲ့ ရွေးကောက်ပွဲမှာ ဘာလို့ ၀င်ရောက်ယှဉ်ပြိုင်မှု မလုပ်ရဲသလဲ။ အဖြေက ရှင်းပါတယ်။ ဆင်ဖြူရဲ့ မျက်နှာကို ဆင်မည်းက မကြည့်ဝံ့တာ ဖြစ်ပါတယ်။ ပြည်သူလူထုအပေါ် ရိုးသားဖြောင့်မတ်စွာ အုပ်ချုပ်မှု မရှိခဲ့ပါဘူး။ မတရားမှုတွေကို ဥပဒေဖြစ်အောင် ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မလုပ်ပဲ စစ်အာဏာရှင်တွေရဲ့ သားစဉ်မြေးဆက်၊ ဆွေတော်မျိုးတော် ကောင်းစားရေးကိုသာ အကောင်အထည် ဖော်ခဲ့ကြပါတယ်။ မြန်မာ့မျိုးဆက်တွေရဲ့ ပညာရေးကို စနစ်တကျ အကွက်ချပြီး ဖျက်ဆီး ထားခဲ့ပါတယ်။ ပြည်သူလူထုရဲ့ ကျန်းမာရေးကို အလေး မထားတာကြောင့် နအဖလက်အောက်မှာ နေ့စဉ်နဲ့အမျှ မကြွေသင့်ပဲ ကြွေနေရတဲ့ အသက်ပန်းလေးတွေ အများကြီးပါပဲ။ ဒါတွေကို သူတို့ သိနေကြပါတယ်။ ပါးစပ်ကနေသာ နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေးကို လုပ်ပေးနေတယ်လို့ ထွက်ဆိုနေပေမယ့် ဒီစကားတွေ မဟုတ်ဘူးဆိုတာ သူတို့ကိုသူတို့ သိနေကြပါတယ်။ လူဆိုတာက မှန်မှန်ကန်ကန် လုပ်နေသူတွေဆိုရင် ပြတ်ပြတ်သားသား ဘာကိုမှ ရင်ဆိုင်ရမှာ မစိုးရိမ်ပေမယ့် ခိုးကြောင်ခိုးဝှက်လုပ်ထားသူတွေကျတော့ အလိမ်တွေ ပေါ်မှာ ကြောက်ပြီး ဟိုဖုံး၊ ဒီဖိလုပ်တာ၊ လူတွေကို မရိုးမသား ဆက်ဆံတာတွေ လုပ်တတ်ပါတယ်။ ဘယ်သူကမှ ရန်မရှာပဲနဲ့ ရန်လိုနေတတ်ပါတယ်။ စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်၊ တဘက်သားကို မယုံကြည်စိတ်တွေနဲ့ပဲ လူတွေကို ဆက်ဆံတတ်ပါတယ်။

နအဖစစ်အာဏာရှင်တွေမှာလဲ ဒီလက္ခဏာတွေ အများကြီး တွေ့ရပါတယ်။ သူတို့ မကောင်းပြုခဲ့တဲ့ ကံတွေ သူတို့ဆီ ပြန်လာမှာကို စိုးရိမ်စိတ်တွေ၊ သားစဉ်မြေးဆက် ဆွေတော်မျိုးတော် ကောင်းစားရေးအတွက် စုဆောင်းထားတဲ့ ဥစ္စာ ပစ္စည်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဆုံးရှုံးသွားမှာကို ကြောက်ရွံ့စိတ်တွေ၊ လူတဦးနဲ့တဦး အပြန်အလှန် လေးစားမှုရှိတဲ့ ယဉ်ကျေးတဲ့ လူ့အသိုင်းအ၀ိုင်းမှာ မနေဖူးပဲ မုဆိုးဘ၀နဲ့ သားကောင် လိုက်ပစ်နေတဲ့ ဘ၀မှာပဲ နေဖူးတာကြောင့် သားကောင်တလှည့် ဖြစ်လာမှာကို စိုးရွံ့စိတ်တွေက သူတို့ရဲ့ စိတ်အစဉ်တွေကို လွှမ်းမိုး ပါတော့တယ်။ ဒီအခါမှာ ပါလီမန်ထဲမှာဖြင့် သူတို့ရဲ့ လက်အောက်ငယ်သား ရုပ်သေး ကြိုးဆွဲလေးတွေ ပါနေရင်တော့ ဒီလို ကြောက်လန့်ရမှုတွေ လျော့တန် ကောင်းပါရဲ့ ဆိုတဲ့ အတွေးတွေနဲ့ မကြံကောင်း၊ မစည်ရာ တပ်မတော်ကြီး တရပ်လုံး သမိုင်းအဆက်ဆက် သိက္ခာကျစေမယ့်၊ ပါလီမန်ထဲ တပ်မတော်သားတွေ သွတ်သွင်းတဲ့ အစီအစဉ်ကြီးကို အကောင်အထည် ဖော်ကြတော့တာပဲ ဖြစ်ပါတယ်။ သူတို့နဲ့ သူတို့ သားစဉ်မြေးဆက်တွေရဲ့ အနာဂတ်အတွက် တပ်မတော်ရဲ့ အနာဂတ်ကြီးကို ပုံဖျက်ဖို့ ကြိုးစားနေကြသူများပဲ ဖြစ်ပါတော့တယ်။ သူတို့ရဲ့ မဟာစီမံကိန်းကြီးမှာ တပ်မတော် သားကောင်းရတနာတွေ အသုံးချ ခံကြရပါမယ်။

နိုင်ငံတကာ အရပ်ရပ်က အဆင့်မြင့် တပ်မတော် တွေဆိုတာက သူ့အဆင့်အတန်းနဲ့သူ သီးခြားရပ်တည်ပြီး၊ ရွေးကောက်ပွဲဆိုရင် တပ်မတော် သားတွေဟာ မဲတောင်ပေးခွင့်မရှိပါဘူး။ ဒါမှလဲ ဘက်လိုက်မှုကင်းပြီး၊ နိုင်ငံတော်ရဲ့ အရေးအကြီးဆုံး ကဏ္ဍဖြစ်တဲ့ ကာကွယ်ရေးကဏ္ဍနဲ့ နိုင်ငံတော်လုံခြုံရေးကဏ္ဍမှာ အပြည့်အ၀ အာရုံစိုက် တာဝန် ထမ်းဆောင်နိုင်မှာမို့ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းမှုမှာဆိုရင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို စနစ်တကျ ပြန်တည်ဆောက်ရမှာဖြစ်တဲ့ အတွက် ပိုပြီးတောင် သီးခြားရပ်တည်သင့်ပါသေးတယ်။ ဒါကြောင့် တပ်မတော်ရဲ့ မှန်ကန်တဲ့အနာဂတ် အခန်းကဏ္ဍအတွက် အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေဟာ စစ်အာဏာရှင်တွေ ခြယ်လှယ်ပုံသွင်းတာကို လက်မခံပဲ ပြည်သူလူထုနဲ့ လက်တွဲ သင့်ပါတယ်။

အာဏာရှင်ရွေးကောက်ပွဲနှင့် legitimacy

အာဏာရှင်ရွေးကောက်ပွဲတွေ ပေါ်ထွက်လာရတဲ့ နောက်ထပ် အကြောင်းရင်း တခုကတော့ legitimacy (တရားဝင်ခွင့်) ကိစ္စရပ်ပဲ ဖြစ်ပါတယ်။ legitimacy ဆိုတာမှာ ပြည်တွင်းနဲ့ ပြည်ပ နှစ်မျိုးရှိပါတယ်။ ပြည်တွင်းတရားဝင်ခွင့် ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အာဏာရှင်တွေဟာ အာဏာကို ဆုပ်ကိုင်ထားရတာ၊ ကိုယ်လိုရာ ဖန်တီး ဆောင်ရွက်နေရတာ တွေကို အင်မတန် ပျော်ရွှင်နှစ်သက်ပြီး သာယာကြပါတယ်။ အာဏာနဲ့ ငွေကြေးဆိုတာ လူတွေရဲ့ စိတ်တွေကို ၁၈၀ ဒီဂရီတောင် ပြောင်းလဲပစ်နိုင်စွမ်း ရှိပါတယ်။ လူသားဆိုတာကလဲ ဦးနှောက်နဲ့ စိတ်ခံစားမှုတွေနဲ့ ဖွဲ့စည်းတည်ဆောက် ထားတာဖြစ်တဲ့အတွက် ၀မ်းနည်းစရာရှိရင်လဲ ပယ်ပယ်နယ်နယ် ငိုကြွေးလိုက်ရမှ၊ ခံစားလိုက်ရမှ ဖြစ်တတ်သလို သာယာစရာ၊ ၀မ်းသာစရာတွေရှိရင်လဲ အပြတ်အသတ်ကို အရာရာမေ့ပြီး သဘောတွေ့ မနောခွေ့တတ်ကြတာ မဟုတ်ပါလား။ ဒီတော့ အာဏာရှင်တွေ ကလဲ လူသားတွေမို့ အာဏာတွေ၊ အာဏာနဲ့ တွဲလာတဲ့ ငွေကြေးအရှိန်အ၀ါတွေကို သဘောတွေ့လာ ကြပါတယ်။ ဒါပေမယ့် အာဏာကို ဒီအတိုင်းပဲ ဆုပ်ကိုင်ထားမယ်ဆိုရင် ပြည်တွင်းမှာကော၊ ပြည်ပမှာပါ တရားဝင်အစိုးရဖြစ်မှာ မဟုတ်ဘူးဆိုတာကို သဘောပေါက်ကြပါတယ်။ ဒီအတွက် ရှဥ့်လဲ လျှောက်သာ၊ ပျားလဲစွဲသာဖြစ်အောင် လူသေအလောင်းကို မှော်သွင်းပြီး ရှင်အောင်လုပ်ထားတဲ့ အာဏာရှင်ရွေးကောက်ပွဲတွေ ထွက်ပေါ်လာတော့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သရဲကြီးပြီး သဘက်ဖြစ်သွားရင် မနိုင်မှာစိုးတဲ့အတွက် ထိန်းညှိရေး၊ ထိန်းချုပ်ရေး ယန္တရားတွေကိုလဲ စီမံ ထည့်သွင်း ကြရပြန်ပါတယ်။ ရုပ်သေး ကြိုးဆွဲဖြစ်ဖို့ အတွက် စစ်ဗိုလ်တမတ်သားလဲ ထည့်ရ၊ အကျိုးမျှော်လို့ ညောင်ရေလောင်းနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုလဲ အတင်းရွေးကောက်ပွဲဝင်ခိုင်းရ၊ တပ်မတော်သားတွေက ပြည်သူတွေနဲ့ ပေါင်းသွားမှာ စိုးရိမ်ရသေး တဲ့အတွက် တခြားမွေးထားတဲ့ ရပ်ကွက်ထဲက လူမိုက်၊ လူတေ မွေးစားသားလေးတွေကိုလဲ ချီးမြှောက်ရ၊ ရွေးကောက်ပွဲအတွက် စည်းရုံးခိုင်းရ၊ ရွေးကောက်ပွဲဝင်ဖို့ ဆုတော်လာဘ်တော်တွေ ပေးရ၊ ကိုယ့်ပညာနဲ့ကိုယ် တကမ္ဘာလုံးဘယ်မှာနေနေ တင့်တင့်တယ်တယ် အေးအေးလူလူ နေနိုင်ပေမယ့် မြှောက်ပင့် ခိုင်းစားခံရတာကိုမှ ဂုဏ်ယူချင်နေကြတဲ့ ပညာရှင်တပိုင်း၊ ဗျူရိုကရက် ပေါက်စတပိုင်းတွေကို မြှောက်ပင့်ပေးပြီး ရွေးကောက်ပွဲကို လူတွေ ထောက်ခံချင်လာအောင် ပြောခိုင်း၊ ဆိုခိုင်းရနဲ့ ဖြစ်နေတော့တာပါပဲ။

ဒါတွေက မြန်မာပြည်က အာဏာရှင်တွေတင်မဟုတ်ပါဘူး။ အရှေ့အလယ်ပိုင်းဒေသ၊ အာရှအလယ်ပိုင်းဒေသ၊ အာဖရိကဒေသနဲ့ လက်တင်အမေရိက နိုင်ငံများစွာက အာဏာရှင် ရွေးကောက်ပွဲတွေမှာ ဒီလိုလက္ခဏာရပ်တွေ အများကြီး ရှိခဲ့ဖူးပါတယ်။ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရမှာ ကိုယ့်ဘက်တော်သားတွေ အများအပြား ပါဝင်လာအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းယူတတ်ကြတာ အာဏာရှင်တိုင်းလိုလိုပါ။ ဒါမှလဲ သူတို့ရဲ့ အနာဂတ်အတွက် စိတ်အေးရမှာ ဖြစ်လို့ပါပဲ။ ဒါပေမယ့် မြန်မာပြည်အာဏာရှင်လို ရုပ်ပျက်ဆင်းပျက် ဖွဲ့စည်းပုံဥပဒေထဲ ကိုယ်လိုချင်တဲ့ အချက်တွေ ဆွဲထည့်ပြီး၊ မဲမခိုးရပဲ ပါလီမန်ထဲ လူရောက်အောင် လုပ်တဲ့ အာဏာရှင်တွေတော့ ကမ္ဘာမှ ရှာမှရှားပါပဲ။ မြန်မာတွေမှာ ကမ္ဘာတ၀ှမ်းက လူတွေနဲ့ မတူတဲ့ ထူးခြားဆန်းကျယ် အရည်အချင်းတချို့ ရှိတတ်ပါတယ်။

ဒီအထဲမှာ သူခိုးက လူပြန်ဟစ်တတ်တဲ့ အရည်အချင်းဟာ လူသိရှင်ကြား နာမည် ကျော်ကြားတဲ့ အရည်အချင်း တရပ်အနေနဲ့ ပါပါတယ်။ နအဖစစ်အုပ်စုကလဲ ဒီအရည်အချင်းနဲ့ အင်မတန် ပြည့်မှီပါတယ်။ ကိုယ်တိုင်က ပြည်သူ့အာဏာကို ကြောင်တောင် ၀င်နှိုက်ထားပေမယ့် အာဏာကို ပြည်သူ့ဆီကသာ သက်ဆင်းစေဖို့ တောင်းဆိုနေကြသူတွေ ကျပြန်တော့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို နှောင့်ယှက်ဖျက်ဆီးသူများလို့ သမုတ်ပြန်ပါတယ်။ လင်ယောက်ျားကြီး ငုတ်တုတ်ရှိနေတဲ့ မိန်းမတယောက်ကို ကြောင်တောင်ဝင်နှိုက်ပြီး၊ လင်ယောက်ျားကြီးကို သူခိုးပါ စွပ်စွဲ တာမျိုးနဲ့ တူပါတယ်။ ကြမ်းပိုးက လိပ်ဖြစ်အောင် တတ်နိုင်ပါပေ့လို့ ဆိုရပါလိမ့်မယ်။ ဒါပေမယ့်လဲ ဒီလောက်တောင် ဗြောင်ကြီး ကြောင်တောင်နှိုက်နေတာဆိုတော့ နအဖ စစ်အုပ်စုဟာ ပြည်တွင်းတရားဝင်ခွင့် (domestic legitimacy) ကို ဒီလောက်အထိ အလေးထားရုံ မပေါ်ပါဘူး။ ရွေးကောက်ပွဲဖြစ်ရင် ပြီးရောလောက်သာ သဘောထားပါတယ်။

နအဖစစ်အုပ်စု အမှန်တကယ်ဦးတည်တာက international legitimacy ပဲ ဖြစ်ပါတယ်။ တနည်း ဆိုရရင် political liberalization နည်းလမ်းကနေ legitimacy ရလာမယ့် အခွင့်အရေးတွေကို မျက်စပစ်နေတာ ဖြစ်ပါတယ်။ နိုင်ငံရေး ပညာရှင် Levitsky နဲ့ Way တို့က စစ်အေးကာလနှောင်းပိုင်းမှာ Political liberalization နဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ အသုံးစရိတ်တွေ မြင့်တက်လာတယ် ဆိုတာကို သုံးသပ်တင်ပြခဲ့ကြပါတယ်။ အနောက်နိုင်ငံတွေက အာဏာရှင်အစိုးရတချို့ကို liberalization လုပ်ရင် ရလာနိုင်မယ့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ထောက်ပံ့ ကူညီမှုဆိုင်ရာ အကျိုးကျေးဇူးတွေကို ဖော်ပြပြီး ဆွဲဆောင်သိမ်းသွင်းတာ ဖြစ်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ကနဦး ဒီမိုကရေစီ ပြောင်းလဲမှု (Initial Democratization) မစတင်နိုင်သေးတဲ့ တိုင်းပြည်တွေမှာ Political liberalization ကနေ တဆင့် ဒီမိုကရေစီ အမြစ်တွယ် ရှင်သန်ခိုင်မာမှု (democratic consolidation) ကိုတက်လှမ်းနိုင်မလား ဆိုတာကို အနောက်အုပ်စု နိုင်ငံကြီးတွေက စဉ်းစား လာကြတာတွေ ရှိပါတယ်။ ဒီလိုစဉ်းစားလာမှုတွေရှိတဲ့အခါ မူလက ကနဦးဒီမိုကရေစီ ပြောင်းလဲမှုကို အကောင်အထည် ဖော်နေကြတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကို Political liberalization လမ်းကြောင်းပေါ် ရောက်အောင် နည်းမျိုးစုံနဲ့ တွန်းပို့တာတွေ ရှိတတ်ပါတယ်။

ဒီနည်းလမ်းတွေထဲမှာ အတွေးအခေါ် နည်းလမ်းနဲ့ ငွေကြေး incentives နည်းလမ်းတွေ ပါဝင်ပါတယ်။ “ဘာပါလီမန်မှ မရှိတာထက်စာရင် စစ်ဗိုလ်တမတ်သား ပါလီမန်ကလဲ ကောင်းတာပဲ“၊ “နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေရှိတာကို လုပ်ရတာ“၊ “ဘယ်လိုပုံစံနဲ့ပဲ သွားသွား၊ democratic consolidation ကသာ အဓိကဖြစ်တာမို့ Initial democratization ထဲက အသုံးအနှုန်းတွေဖြစ်တဲ့ လူထုတိုက်ပွဲတို့၊ တော်လှန်ရေးတို့၊ ပါဝါရှယ်ယာ ကြားဖြတ် အစိုးရတို့ စတဲ့ စကားလုံးတွေကို မသုံးတော့ပဲ နောက်ဆုံးပန်းတိုင် ဖြစ်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုပဲ ပြောကြ“၊ “မလွဲမသာလျှောက်ရမယ့် လမ်းကိုပဲ လိုက်လျှောက်ပြီး ပါလီမန်ထဲမှာပဲ တိုက်ပွဲဝင်တာ ကောင်းတယ်“ စတဲ့ စကားလုံးတွေ၊ အတွေးအခေါ်တွေဟာ political liberalization လမ်းကြောင်းကို အခြေတည်ပြီး ထွက်ပေါ်လာတာတွေပဲ ဖြစ်ပါတယ်။

တပြိုင်နက်တည်းမှာ ဒီလမ်းကြောင်းခိုင်မာသွားဖို့အတွက် နိုင်ငံရေးသမားတွေကို သက်ဆိုင်ရာအန်ဂျီအိုတွေ၊ နိုင်ငံတွေကတဆင့် ရွေးကောက်ပွဲဝင်ဖို့ လှုံဆော်တာတွေ၊ ရွေးကောက်ပွဲပြီးရင် ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းမယ်ဆိုတာတွေ၊ ရွေးကောက်ပွဲကို ထောက်ခံတဲ့ ကင်ပိန်းတွေနဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေး အတွက် လိုအပ်တဲ့ သင်တန်းတွေ ကျင်းပပေးနိုင်ဖို့ ငွေကြေးထောက်ပံ့တာတွေ လုပ်ကြတာတော့တာပါပဲ။ တချိန်တည်းမှာပဲ အာဏာရှင်ကိုလဲ ရွေးကောက်ပွဲတွေ ကျင်းပဖို့အတွက် ကုန်သွယ်ရေး၊ စီးပွားရေး အကျိုးအမြတ်တွေနဲ့ မက်လုံးပေးပါတယ်။ ဒါက အနောက်နိုင်ငံတွေ initial democratization ကနေ democratic consolidation ကို သွားတဲ့ လမ်းကြောင်းကို မထောက်ခံတော့ပဲ Political liberalization ကနေ democratic consolidation ကိုသွားတဲ့ လမ်းကြောင်းကို ခင်းပေးတဲ့အခါ လုပ်လေ့လုပ်ထ ရှိတာတွေပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လဲ ဒီလိုလမ်းခင်းပေးမှုတွေဟာ အောင်မြင်မှုနည်းပါးပြီး၊ အာဏာရှင်ရွေးကောက်ပွဲ တွေက တဆင့် အာဏာရှင် အင်စတီးကျူးရှင်းတွေ ပိုမို ခိုင်မာတောင့်တင်းလာအောင် ပြုလုပ်ပေးလိုက်သလိုသာ ဖြစ်သွားတယ်တယ်လို့ ပညာရှင်တွေက ထောက်ပြရေးသားလာကြပါတယ်။ Political liberalization ဖြစ်လာပေမယ့် ဒီမိုကရေစီအမြစ်တွယ်ခိုင်မာမှုကို ဆက်ပြီး အကောင်အထည် မဖော်နိုင်တော့တဲ့ နိုင်ငံတွေ ကမ္ဘာပေါ်မှာ အများအပြားဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင်ရွေးကောက်ပွဲတွေဟာ international legitimacy နဲ့ နောက်ဆက်တွဲ အကျိုးအမြတ်တွေ ရလာနိုင်တာကြောင့် အာဏာရှင်တွေက ရွေးကောက်ပွဲတွေကို လုပ်ချင်နေကြတာပဲ ဖြစ်ပါတယ်။ အခုဆက်လက်ပြီး ဒီလို အာဏာရှင်ရွေးကောက်ပွဲတွေရဲ့ နောက်ပိုင်းကာလမှာ ပေါ်ထွက်လာနိုင်မယ့် မြန်မာပြည်အနာဂတ် အခြေအနေကို လေ့လာကြည့်ကြရအောင်ပါ။

မြန်မာပြည်အနာဂတ်

ဒီလိုနဲ့ အတိုက်အခံအင်အားစုများ ပြိုကွဲရေး၊ စစ်တပ်ကို အသုံးချပြီး စစ်အာဏာရှင်များရဲ့ အနာဂတ် ကောင်းစားရေး၊ legitimacy ရရှိရေးတွေကို ရည်ရွယ်ပြီး ထွက်ပေါ်လာတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေပြု အာဏာရှင် ရွေးကောက်ပွဲကြီး ပြီးဆုံးသွားတဲ့အခါ အနာဂတ်မြန်မာပြည်မှာ ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာကို တွက်ဆကြည့်ကြရအောင်ပါ။

အာဏာရှင်ရွေးကောက်ပွဲတွေ ထွက်ပေါ်လာတဲ့အခါ အာဏာာရှင်တွေကို ဆန့်ကျင်နေတဲ့ အတိုက်အခံ အင်အားစုတွေ အကြားမှာ အက်ကြောင်းတွေ ဖြစ်မယ်၊ အဖွဲ့တွေ ပြိုကွဲမယ်၊ တဦးနဲ့တဦး မယုံကြည်မှုတွေ ဖြစ်မယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှန်တရားတရပ် တရပ်ပဲ ဖြစ်ပါတယ်။ ဒီကြားထဲမှာမှ အနောက်အုပ်စုက political liberalization လမ်းကြောင်းကိုပဲ ဦးစားပေးလာတဲ့အခါ အတိုက်အခံအင်အားစုတွေအကြားမှာ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ လူထုတိုက်ပွဲဆိုတဲ့ စကားလုံးတွေကို စကားဟဟတောင် မပြောရဲတော့ပဲ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အာဏာရှင်ရွေးကောက်ပွဲကို ဒီမိုကရေစီ အသွင်ကူးပြောင်းမှုရဲ့ တစိတ်တပိုင်းအဖြစ် လက်ခံရေး ဆိုတဲ့ စကားလုံးတွေကပဲ ပေါ်ထွက်လာမယ်လို့ ပညာရှင်တွေ ဆန်းစစ်ထားကြတာကလဲ ဖြစ်နိုင်ချေရှိတဲ့ အမှန်တရားတရပ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုဆိုလိုက်တာနဲ့ပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုတဲ့ လမ်းစဉ်ကြီးက လူထုထဲကနေ ပျောက်ကွယ်သွားမှာလား ဆိုတာကတော့ လုံးဝ မဟုတ်ပါဘူး။

“မတရားမှုသည် ဥပဒေဖြစ်လာသောအခါ တော်လှန်ပုန်ကန်ခြင်းသည် တာဝန်တရပ်ဖြစ်သည်“ တဲ့။

ဒါဟာ ကမ္ဘာတ၀ှမ်းက လူထု တော်လှန်ရေးတွေမှာ လက်ကိုင်စွဲခဲ့တဲ့ ဥပဒေသ တရပ်ဖြစ်ပါတယ်။ ဖိနှိပ်မှုဆိုတာ ရှိနေသရွေ့ ပုန်ကန်ထကြွမှုတွေ ဆိုတာကလဲ ရှိနေစမြဲပါပဲ။ တော်လှန်ရေး အင်အားစု တရပ် ပြိုလဲကျတာနဲ့ အင်အားစုအသစ်တွေကလဲ ထွက်ပေါ်လာစမြဲပါပဲ။ တော်လှန်ရေးခေါင်းဆောင်တွေမှာေ၀၀ါးမှု ရှိလာတာနဲ့ ပြတ်သားတဲ့ ခေါင်းဆောင်သစ်တွေက ပေါ်ပေါက်လာစမြဲပါပဲ။ လူထုကို ကိုယ်စားပြုဖို့ လူထုက ရွေးချယ်ထားသူတွေဟာ လူထုကို ကိုယ်စားမပြုတော့တာနဲ့ လူထုက လက်မခံတော့ပါဘူး။ အာဏာဆိုတာ ပြည်သူ့ဆီကပဲ သက်ဆင်းပါတယ်။ ပြည်သူလူထုဟာ သမိုင်းအဆက်ဆက်မှာ တာဝန်ကျေခဲ့တယ်။ မတရားမှုကို ခေါင်းငုံ့မခံဘူး။ ဒါတွေကို ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေး သမိုင်းတလျှောက်မှာ ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။

၁၉၂၀ ကာလတွေမှာ ဂျီစီဘီအေ ပေါ်ပေါက်လာတယ်။ လူထုလှုပ်ရှားမှုကြီးရဲ့ တပ်ဦးအဖွဲ့ကြီးအဖြစ် လူထုက အားပေးခဲ့ကြတယ်။ မကြာပါဘူး။ ၁၉၂၂ ရောက်တော့ ဒိုင်အာခီအုပ်ချုပ်ရေး စကားလုံးလေးနဲ့ နယ်ချဲ့အာဏာရှင်က မျက်စပစ်လိုက်တာနဲ့ ဂျီစီဘီအေလဲ နှစ်ခြမ်းကွဲပါလေရော။ ၁၉၂၉ လဲ ရောက်ရော ဂျီစီဘီအေ အသင်းကြီး လေးစိပ်လောက် ကွဲနေခဲ့ပြီ။ နိုင်ငံရေးဒိတ်ဒိတ်ကြဲ ခေါင်းဆောင်ကြီးတွေ လူထုမျက်နှာကို မကြည့်ကြပဲ အာဏာနောက်၊ ဥစ္စာဓနနောက် တကောက်ကောက်လိုက်ပြီး အာဏာအဝေမတည့်ကြနဲ့ အမတ်နွံနစ်လိုက်ကြပုံများ လူကြားမကောင်း၊ သူကြားမကောင်း။ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ကတောင် “တောင်ကျရေနွားနှစ်ကောင် မ၀သလိုပ၊ မောင်ဘဘေ ငါးထောင် မရသော်ကြောင့်“ လို့ စာချိုးရေးရတဲ့ အထိကို ရွေးကောက်ပွဲနွံ၊ အမတ်နွံနစ်ပြီး အာဏာနောက်၊ ဥစ္စာနောက် လိုက်ခဲ့ကြတာကလား။ ဒီအချိန်မှာ လူထုဘာလုပ်ခဲ့ကြသလဲ။ အမျိုးသား လွတ်မြောက်ရေး၊ လုံးဝလွတ်လပ်ရေးကို တောင်းဆိုခဲ့တဲ့ သခင်သသောင်းဦးဆောင်တဲ့ တို့ဗမာ အစည်းအရုံးကြီးကို အားရပါးရ ၀ိုင်းဝန်းထောက်ခံခဲ့ကြပါရောလား။ ဒိုင်အာခီ အမတ်တွေ ပါလီမန်ထဲဝင်ပြီး နယ်ချဲ့တွေ ပြောသမျှ ခေါင်းပေါင်းစ တလူလူနဲ့ ခေါင်းတော်ညိမ့်နေကြချိန်မှာ “ကမ္ဘာမကြေ၊ ဗမာတတွေ၊ ဒါ-ဒို့ပြေ၊ ဒါ-ဒို့မြေ၊ ဒါ ငါတို့ပြေ“ ဆိုတဲ့ သီချင်းတွေက တောရောမြို့ပါ မကျန် ပျံ့နှံ့နေခဲ့ပြီ။ လုံးဝလွတ်လပ်ရေး တောင်းဆိုသံတွေက ပါလီမန်နဲ့ နယ်ချဲ့ အာဏာရှင်အသိုင်းအ၀ိုင်းကလွဲရင် လူတိုင်းရဲ့ ပါးစပ်ဖျားမှာ စွဲထင်နေခဲ့ပြီ။

လူထုရဲ့ ခေါင်းဆောင်တွေ၊ လူထုကို ကိုယ်စားပြုသူတွေဆိုတာ လူထုရဲ့ မျက်နှာကို ဖတ်တတ်ရမယ်၊ လူထုရဲ့ နှလုံးသားထဲက စကားသံတွေကို နားထောင်တတ်ရမယ်၊ လူထုရဲ့ မျက်လုံးက ကျလာတဲ့ မျက်ရည်တွေကို ခံစားတတ်ရမယ်။ ဒါတွေကို သွေဖည်ပြီး လူထုကသာ ခေါင်းဆောင်တွေ ဆုံးဖြတ်လုပ်ကိုင်တာကို လက်ခံရမယ်ဆိုတဲ့ အတွေးအခေါ်တွေ လူထုကိုယ်စားပြုသူတွေရဲ့ စိတ်ထဲ ရောက်လာတာနဲ့ တပြိုင်နက် သူတို့နဲ့ လူထုကြီး ကွဲကွာသွားပြီဆိုတာ အသေအချာပဲ။

အာဏာရှင်တွေဟာ ရွေးကောက်ပွဲတွေ မကျင်းပခင်မှာ elite management ဆိုတဲ့ ရေပေါ်ဆီ လူတန်းစား စီမံခန့်ခွဲမှုကို ကနဦးလုပ်ကြတယ်လို့ ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြတယ်။ အဓိကကတော့ နိုင်ငံရေးဦးဆောင်နေသူတွေ၊ ခေါင်းဆောင်တွေကို သူတို့ရဲ့ စီမံကိန်းထဲ ရောက်အောင် ရာထူးအာဏာ၊ ဥစ္စာဓန၊ ပျော့ပျောင်းသော အတွေးအခေါ်တွေနဲ့ ချဉ်းကပ်ပြီး ကျုံးသွင်းခြင်းပါ။ ဒီလိုလုပ်လာတဲ့အခါမှာ နိုင်ငံရေးဒိတ်ဒိတ်ကြဲခေါင်းဆောင်ကြီးတွေကတောင် လက်ခံလိုက်ပြီဆိုတဲ့ သတင်းစကားကို လူထုထဲ ဖြန့်လိုက်တာနဲ့ လူထုရဲ့ အာဏာရှင်ဆန့်ကျင်ရေးစိတ်တွေ လျော့ပါးသွားမယ်လို့ ယူဆကြပါတယ်။ အဓိကကတော့ အာဏာရှင်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေပဲ အနာဂတ်နိုင်ငံရေးကံကြမ္မာကို ဆုံးဖြတ်မယ်။ ဒါကို လူထုက လက်ခံရမယ်ဆိုတဲ့ အခြေအနေမျိုးပါ။ ဒီလိုအခြေအနေမျိုးတွေ ပေါ်လွင်စေဖို့အတွက် elite democratization process နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ၊ ဟောပြောပွဲတွေ၊ အစည်းအဝေးတွေက ဟန်ချက်ညီ ထွက်ပေါ်ရပါတယ်။ ဒါကို အချို့ကလဲ ဘောလုံးပွဲနဲ့ ဥပမာပေးတတ်ကြပါသေးတယ်။ လူထုက ပွဲကြည့်ပရိသတ်သာ ဖြစ်တယ်။ တကယ်အရှုံး၊ အနိုင်၊ သရေကျတာတွေက ကွင်းထဲက ဘောလုံးသမားတွေနဲ့ ဆိုင်တယ်ဆိုတဲ့ အခြေအနေမျိုးပါ။

ဒါပေမယ့် ပြည်သူလူထုဟာ ဘောလုံးပွဲကို သက်တောင့်သက်တာ ထိုင်ကြည့်နေရတဲ့ ပရိသတ်မဟုတ်ဘူး။ စစ်အာဏာရှင်ဆန့်ကျင်ရေးကာလတလျှောက်လုံးမှာ ပြည်သူလူထုတရပ်လုံးရဲ့ သွေးတွေ၊ ချွေးတွေ၊ နှလုံးသွေးစက်တွေ ရင်းထားရတာ။ နှစ်ရှည်ထောင်ဒဏ်ကျတဲ့ ဖခင်တယောက်ကို တနေ့တွေ့ရမှာပဲ လို့ မျှော်လင့်နေတဲ့ ကလေးငယ်လေးတယောက်ရဲ့ ခံစားချက်၊ သမီးငယ်လေး မုဒိမ်းကျင့်သတ်ဖြတ်ခံရလို့ နှလုံးကွဲအောင်ခံစားနေရတဲ့ မိအို၊ ဖအိုတွေရဲ့ ငိုကြွေးနေတဲ့ နှလုံးသား၊ ပျောက်ဆုံးသွားတဲ့ လင်ယောက်ျားတွေ၊ ဇနီးသည်တွေ၊ ချစ်သူတွေကို မျှော်လင့်ရင်း ကျဆင်းနေတဲ့ ဇနီးမယားတွေ၊ လင်ယောက်ျားတွေ၊ ချစ်ကြင်နာသူတွေရဲ့ မျက်ရည်စက်တွေ၊ ဆေးရုံပေါ်မှာ ဆေးဝါးဝယ်ဖို့ မတတ်နိုင်လို့ မသေသင့်ပဲ သေရတဲ့ အမေ့အလောင်းကို ဖက်ပြီး ငိုင်နေရတဲ့ သားသမီးတွေရဲ့ အသက်မဲ့မျက်နှာ၊ ဆာလောင်ပြီး ငိုကြွေးနေတဲ့ ကလေးငယ်လေးကို အဆာပြေကျွေးစရာ ဘာမှ မရှိလို့ အံကြိတ်ရင်း ခံစားနေရတဲ့ ဖခင်တယောက်ရဲ့ လက်သီးဆုပ်၊ ရွယ်တူကျောင်းတက်နေတဲ့ ကလေးတွေကို ငေးကြည့်ရင်း ၀မ်းနည်းနေတဲ့ လမ်းဘေးက သူတောင်းစားကလေးငယ်လေးရဲ့ ရင်ထဲက စကားသံတွေ၊ မျက်စိရှေ့မှာ ကိုယ်ကိုးကွယ်တဲ့ သံဃာတော်တွေကို ရိုက်နှက်သတ်ဖြတ်နေတာကို မြင်ထားရတဲ့ လူထုရဲ့ နာကျည်းမှုတွေ။

ဒါတွေဟာ “လူထုကြီးရေ။ ခင်ဗျားတို့ အားလုံးကို မေ့ထားလိုက်ကြတော့။ ကျုပ်တို့က အားလုံးကို သင်ပုန်းချေပြီး အမျိုးသားသင့်မြတ်ရေးပဲလုပ်မယ်“ လို့ စကားလေးတခွန်းပြောလိုက်တာနဲ့ ပြီးဆုံးသွားမယ့် အရာတွေ မဟုတ်ဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေး တကယ်ဖြစ်သွားဖို့ဆိုတာ ပါလီမန်ထဲ နိုင်ငံရေးခေါင်းဆောင်တွေ ရောက်သွားရုံ၊ အာဏာရှင်ရွေးကောက်ပွဲပြီးသွားရုံလောက်နဲ့ ဖြစ်လာနိုင်တဲ့ အရာမဟုတ်ဘူး။ ဖြစ်ပြီးသွားခဲ့တဲ့ အမှန်တရားတွေ၊ တာဝန်ရှိသူတွေကို လူထုအကြားမှာ ဖော်ထုတ်ပြရမယ်။ ပြစ်မှုကျူးလွန်ခဲ့သူတွေဟာ လူထုကို ၀န်ချတောင်းပန်ရမယ်။ စနစ်ရဲ့ ဆိုးကျိုးတွေကို စနစ်ရဲ့သားကောင်တွေက နားလည်ခွင့်လွှတ်မှုရှိလာအောင် ကြိုးပမ်းအားထုတ်ရမယ်။ တောင်အာဖရိကမှာ ဒိုင်ယာလော့ခ်နဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု စတင်ပြီးတော့မှ အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင် (Truth and Reconciliation Commission) ဆိုတာ ထွက်ပေါ်လာတာဖြစ်တယ်။ ပြီးတော့ ဒီကော်မရှင်က ကြားဖြတ်ဖွဲ့စည်းပုံအခြေခံဥပဒေ (interim constitution) ရဲ့ final clause ဖြစ်တဲ့ “ပြစ်ဒဏ်ပေးတာ မဟုတ်ပေမယ့် ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတာကို သိနားလည်မှု လိုအပ်တယ်။ လက်စားချေဖို့ မဟုတ်ပေမယ့် မှားယွင်းမှုအတွက် ၀န်ချတောင်းပန်တာ၊ လျော်ကြေးပေးတာတွေ ပြုလုပ်ဖို့ လိုအပ်တယ်“ ဆိုတဲ့ အချက်အပေါ်မှာ မူတည်ထွက်ပေါ်လာတာဖြစ်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး ကာလတွေမှာ လူထုရဲ့ စိတ်အနာတွေကို ကုစားဖို့ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေ အများကြီးရှိသေးတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ တောင်းဆိုနေရတဲ့ စကားလုံး မဟုတ်ဘူး။ လုပ်ဆောင်ရတဲ့ အလုပ်ပဲ ဖြစ်တယ်။ ပဋ္ဋိပက္ခတွေပြီးဆုံးပြီးမှ ဖော်ဆောင်ရတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်။ နအဖကို တောင်းဆိုရအောင် နအဖရေးဆွဲအတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီလိုပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်တဲ့ စာပိုဒ်တပိုဒ်တလေ၊ လိုက်လျောမှုတစုံတရာများ ရှိနေတာမှ မဟုတ်သေးတာကလား။ ဒီလိုမဟုတ်ပဲ အတိတ်ကိုမေ့လိုက်ဖို့၊ သင်ပုန်းချေဖို့၊ ပြန်လည်သင့်မြတ်ရေးလုပ်ဖို့ ဆိုတာက ဘာနဲ့ သွားတူသလဲဆိုရင် နယ်ချဲ့ခေတ်တုန်းက ကျေးရွာသူလေးကို မြို့ပိုင်သားက စော်ကားလိုက်တဲ့အခါ သူကြီးက ကြားဝင်ပြီး “ငါက ရွာအကြီးအကဲအနေနဲ့ ဆုံးဖြတ်ပေးမယ်။ ပြီးတာတွေလဲ မေ့လိုက်ကြတော့။ မဟုတ်ရင် နင်ကလဲ မိန်းကလေးဆိုတော့ ရပ်ကျော်ရွာကျော်ဖြစ်ပြီး သိက္ခာကျမယ်။ ဟိုဘက်ကလဲ မြို့ပိုင်သား။ အာဏာရှိတဲ့မင်းတွေ။ ဖက်ပြိုင်ဖို့ မကြိုးစားပါနဲ့“ လို့ ပြောနေတာနဲ့ တူတယ်။ အဲဒီလို ဆိုလိုက်တာနဲ့ ရွာလူထုက မြို့ပိုင်သားရဲ့ ပြစ်မှုကို ကျေနပ်သွားရောတဲ့လား။ မကျေနပ်တဲ့အပြင် နယ်ချဲ့ရဲ့ ဖိနှိပ်စော်ကားမှုတွေကို ပိုပြီး မြင်လာကြတော့တာပါပဲ။ သူကြီးကိုကျတော့ ဘယ်လိုအမည်တပ်ပါသတဲ့လဲ။ “နယ်ချဲ့ အလိုတော်ရိ“ လို့ အမည်တပ်ပါတယ်။

မျက်မှောက်ခေတ်မှာလဲ ဒီအတိုင်းပဲ ဖြစ်ပါတယ်။ အာဏာရှင်တွေက အမျိုးသားသင့်မြတ်ရေးကို အသာထားလို့ စစ်ကျွန်စနစ် ရှင်သန်ခိုင်မာရေး၊ အာဏာရှင်သားစဉ်မြေးဆက်ကောင်းစားရေးတွေအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့စိတ်ကြိုက် ရေးဆွဲပြီးမှ မဲလိမ်၊ မဲခိုးပြီး အတည်ပြုထားတာ ဖြစ်တယ်။ စကားကမ်းလှမ်းမှု၊ လိုက်လျောမှုလေးတွေ ဆိုတာက သူတို့ဘက်က ပိုင်ပြီဆိုတော့မှ elite management process ဖြစ်တဲ့ ရေပေါ်ဆီ နိုင်ငံရေးသမားတွေကို အာဏာရှင်ရွေးကောက်ပွဲတွေ၊ အာဏာရှင်အလိုကျ အတွေးအခေါ် နွံထဲတွေ ကျုံးသွင်းယူတဲ့ စီမံခန့်ခွဲရေးဖြစ်စဉ်ကို အကောင်အထည်ဖော်နေတာပဲဖြစ်တယ်။ ဒါကို မမြင်ပဲ “မောင်မောင်ခေါ်တိုင်း ဗျာလိုက်ထူး“ လို့ကတော့ “အာဏာရှင်အလိုတော်ရိ“ ဆိုတဲ့ ဆိုင်းဘုတ်ကို လူထုက လည်ပင်းမှာ စွပ်ပေးလာကြမှာပဲ ဖြစ်တယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ရွေးကောက်ပွဲ၊ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ မဟုတ်တာကြောင့် လူထုနဲ့အတူလက်တွဲပြီး အာဏာရှင်ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးသမားတွေကလဲ စဉ်ဆက်မပြတ်ဆက်ထွက်နေဦးမှာ အသေအချာပဲ။ အာဏာရှင်ရွေးကောက်ပွဲတွေဟာ ရေပေါ်ဆီ နိုင်ငံရေးအသိုင်းအ၀ိုင်းတွေကို လူထုနဲ့ ခွဲထုတ်ပြီး ရာထူးအာဏာ၊ ဥစ္စာနွံထဲ နှစ်လိုက်တာနဲ့ နွံထဲမှာ အနစ်မခံကြတဲ့ စစ်မှန်တဲ့ တော်လှန်ရေးသမားတွေနဲ့ ပြည်သူလူထုနဲ့ဟာ ပိုပြီး ပူးပေါင်းမိလာကြမှာပဲဖြစ်တယ်။ ဒါကြောင့် အာဏာရှင် ရွေးကောက်ပွဲအလွန် ကာလတွေမှာ ပြည်သူလူထုရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်ကတော့ ရှိနေဦးမှာပဲဖြစ်သလို၊ တော်လှန်ရေး လှုပ်ရှားမှုတွေကလဲ ရှိနေဦးမှာပဲ ဖြစ်တယ်လို့ ဆိုနိုင်တယ်။

အာဏာရှင်တွေဟာ ပင်မဒေါက်တိုင်ကြီးဖြစ်တဲ့ စစ်တပ်ဒေါက်တိုင်ပြိုလဲမှုကို အာဏာရှင်ရွေးကောက်ပွဲတွေ ကျင်းပပြီး ထိန်းသိမ်း ဖြေရှင်းလေ့ရှိတယ်လို့ ရှေ့ပိုင်းမှာ ဆိုခဲ့ပြီးဖြစ်ပါတယ်။ စစ်တပ်ဟာ ပြည်သူနဲ့ ပူးပေါင်းသွားချိန်မှာ စစ်တပ်ဒေါက်တိုင် ပြိုလဲပါတယ်။ နအဖစစ်အာဏာရှင်တွေက ပါလီမန်ထဲကို စစ်ဗိုလ်အမတ်တွေ ထည့်လိုက်တာဟာ မြားတစင်းထဲနဲ့ ဌက်နှစ်ကောင် ပစ်ချလိုက်တာပါ။ အာဏာဆိုတာ လူတွေရဲ့ သည်းခြေကြိုက်ဖြစ်တာကြောင့် တပ်တွင်းမှာလဲ အာဏာရူး၊ အမတ်ရူးတွေရဲ့ အပြိုင်အဆိုင်တွေ ပေါ်လာကြဦးမှာပါ။ တခါ စစ်ဗိုလ်အမတ်တွေ တပ်ထဲ ပြန်ရောက်လာတဲ့အခါမှာလဲ အမတ်မဟုတ်ခဲ့ဖူးတဲ့ စစ်ဗိုလ်တွေနဲ့ တပ်ထဲမှာ သဘောထားအကွဲလေးတွေ ဖြစ်ကြဦးမှာပါ။ ဒီလိုအချိန်လေးတွေမှာ အမတ်ရူးတဲ့ ဗိုလ်ကလဲ အမတ်ဖြစ်ဖို့ တပ်မတော်အကြီးအကဲကြီးတွေကို ကပ်ရ၊ ဖားရ ဖြစ်ကြမယ်။ တပ်တွင်းမှာလဲ သဘောထားအကွဲလေးတွေနဲ့ တပ်မတော်တွင်းစည်းလုံးညီညွတ်ရေး ဖရိုဖရဲတွေဖြစ်မယ်။ ရာထူး၊ အာဏာတွေမှာ ပုံစံအမျိုးမျိုးနဲ့ သာယာကြမယ်။ အောက်ခြေက တပ်သားတွေနဲ့ အရာရှိတွေအကြားမှာ ကွာဟမှု သိပ်ကြီးမယ်။ ရာထူးအာဏာစည်းစိမ်တွေကြောင့် ပြည်သူဘက်က ရပ်တည်တဲ့ တပ်မတော်ဖြစ်လာဖို့ ရာခိုင်နှုန်းက တော်တော်နည်းသွားပါမယ်။ တပ်ချုပ်ကြီးအလိုကျတပ်မတော်သာ ဖြစ်နေပါမယ်။ တချိန်တည်းမှာပဲ တပ်မတော်က သူ့အလုပ်ကို သူမလုပ်ပဲ နိုင်ငံရေးအာဏာမှာ ကန့်လန့်ကန့်လန့် ၀င်လုပ်နေတော့ ပြည်သူတွေက မျက်မုန်းကျိုးကြပါမယ်။ ပြည်သူနဲ့ စစ်တပ်ကြား ဘယ်လိုမှ ပေါင်းစည်းလို့ မရနိုင်တော့တဲ့ စည်းတွေ ဖြစ်လာကုန်မယ်။ ဒီလိုဖြစ်လာလေလေ၊ စစ်အာဏာရှင်တွေရဲ့ သားစဉ်မြေးဆက်နဲ့ အနာဂတ်ဘ၀ လှပလေ လို့ သူတို့ယူဆကြပါတယ်။ မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေ ဆိုတာမျိုးပါ။

ဒါပေမယ့် တပ်မတော်ထဲမှာ ရှိနေတဲ့ အက်ကြောင်းဟာ ရာထူးအာဏာတွေအပေါ်မှာပဲ အခြေခံပြီး ရှိနေတဲ့ အက်ကြောင်း မဟုတ်ပါဘူး။ အထင်ရှားဆုံး အက်ကြောင်းကြီးက အမိန့်နာခံမှုနဲ့ လူသားပီသစွာ စဉ်းစားဆင်ခြင်တွေးခေါ်မှု ဆိုတဲ့ အချက်နှစ်ချက်ပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။ တပ်မတော်သား တွေဟာ ပြည်သူလူထုဆိုတဲ့ မိခင်ဆီက မွေးဖွားလာခဲ့ကြတဲ့ အမေ့သားတွေပါ။ ရာထူးအာဏာ၊ ဥစ္စာတွေကြောင့် ဘ၀မေ့ပြီး အမေအိုကြီးကို ခြေထောက်နဲ့ ကန်တတ်သူတွေ ရှိသလို၊ အမေအိုကို အလုပ်အကျွေးပြုချင်နေကြတဲ့ သားကောင်းရတနာတွေလဲ ရှိနေဆဲပါပဲ။ ဒီလိုသားကောင်းရတနာတွေဟာ အချိန်ကာလတခုမှာ အမိန့်နာခံမှုဆိုတဲ့ တံတိုင်းကြီးကို ကျော်လွှားပြီး အမေ့ရင်ခွင်ကို ပြန်ခိုလှုံလာကြဦးမှာပဲ ဖြစ်ပါတယ်။ အမေအိုကြီးရဲ့ အန္တရာယ်တွေကို ကာကွယ်ပေးလာကြဦးမှာပဲ ဖြစ်ပါတယ်။ အမေအိုကြီးနဲ့ တူတဲ့ ပြည်သူလူထုဟာ ဒီအချိန်ကို နှစ်ပေါင်းများစွာ စောင့်နေခဲ့ကြပါတယ်။ အမေ့ရင်ခွင်ကို ခိုလှုံလာမယ့် သားကောင်းရတနာတွေကို မျှော်လင့်နေကြပါတယ်။ သဘောထားကြီးပြီး ခွင့်လွှတ်တတ်တဲ့ အမေ့မေတ္တာ၊ စေတနာတွေကို တချိန်မှာ သားတွေ နားလည်လာကြမှာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာ ပြည်သူလူထု၊ အမေ့ရင်ခွင်ဆီပြန်လာတဲ့ တပ်မတော်နဲ့ စစ်မှန်တဲ့ တော်လှန်ရေးသမားတွေက တဘက်၊ ဒေ၀ဒတ်ကို ဆရာတင်ပြီး ကာကွယ်ပေးနေတဲ့ တပ်မတော်သားအချို့နဲ့ လူထုစေတနာကို စော်ကားပြီး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးကို သစ္စာဖောက်တဲ့ အာဏာရှင်အလိုတော်ရိတွေက တဘက် ထိပ်တိုက်ရင်ဆိုင်ရမှုတွေ ရှိလာကြဦးမှာ မလွဲသေချာပါပဲ။

အနာဂတ်မြန်မာပြည်မှာ နောက်ထပ်ဖြစ်လာနိုင်တာကတော့ legitimacy နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ အာဏာရှင်တွေက “အာဏာရှင်ရွေးကောက်ပွဲလေးတွေ ကျင်းပလိုက်ရရင်ဖြင့် legitimacy တော့ရပြီ၊ ပြည်ပက အရေးယူမှုတွေတော့ ရပ်ပြီ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ၊ ကူညီထောက်ပံ့မှုလေးတွေ ၀င်လာလို့တော့ဖြင့် တို့ရဲ့ သားစဉ်မြေးဆက်တွေ ထောင်ထားတဲ့ လုပ်ငန်းတွေ အကျိုးအမြတ်ရပြီ၊ အရိုးအရင်းကိုက်ဖို့ မွေးထားတဲ့ အဖွဲ့လေးတွေကလဲ တို့ကို တော့ သစ္စာရှိရှိနဲ့ တွယ်နှောင်နေတော့မယ်။ အရိုးအရင်းကိုယ်တဲ့ အဖွဲ့လေးတွေလဲ အများကြီး ပေါ်လာဦးမယ်။ အဖွဲ့တွေအချင်းချင်းလဲ ချကြဦးမယ်။ ဒါနဲ့ပဲ သူတို့ဘာသာရှုပ်နေပြီး တို့ကို ဆန့်ကျင်ဖို့ ကိစ္စ တွေးဖြစ်ကြတော့မှာ မဟုတ်ဘူး“ လို့ ထင်ကြပါလိမ့်မယ်။ ၂၀၁၀ အလွန်ကာလ အိပ်မက်ကြီးတွေ မက်ပြီး၊ အိပ်မက်ထဲ အနိုင်ဂိုးသွင်းလိုက်ရတဲ့ ဘောလုံးသမားမျက်နှာနဲ့ ဆန့်ဆန့်ကြီးပြုံးပြီး အိပ်ယာထဲမှာ လှဲနေကြပါလိမ့်မယ်။ ဒါပေမယ့် တကယ့်ဖြစ်ရပ်တွေဆိုတာ အိပ်မက်နဲ့ မတူညီနိုင်ပါဘူး။

အာဏာရှင်တွေ မျှော်မှန်းထားသလို အကျိုးအမြတ်တွေ ရမှာကလဲ အသေအချာပဲ။ အရိုးအရင်းကိုက်တဲ့ အဖွဲ့တွေသာ မကပဲ၊ အန်ဖတ်ထဲ အသားစလေးများ ရှိဦးမလားဆိုပြီး ရှာကြတဲ့ အဖွဲ့တွေလဲ ထွက်လာဦးမှာပဲ။ အဖွဲ့တွေအချင်းချင်း အဝေမတည့်ပဲ အပြိုင်အဆိုင်တွေလဲ ဖြစ်ကြဦးမှာပဲ။ ဒါပေမယ့် legitimacy ဆိုတာ ယုံကြည်ကိုးစားမှု (trust) နဲ့ ထိရောက်မှု (Effectiveness) ပေါ်မှာ မူတည်နေတာ ဖြစ်ပါတယ်။

legitimacy ဆိုတာ ပြည်ပက ထောက်ပံ့မှုတွေ ၀င်လာရုံ တခုတည်းနဲ့ ရလာနိုင်တာ မဟုတ်ပါဘူး။ legitimacy နဲ့ အတူ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု (trust) ကပါ တပြိုင်တည်းတွဲနေတာဖြစ်ပါတယ်။ အာဏာရှင်ရွေးကောက်ပွဲတွေကို လူထုက မဲမပေးပဲနေသည်ဖြစ်စေ၊ ခြိမ်းချောက်ခံရလို့ မဲပေးရသည်ဖြစ်စေ လူထုရင်ထဲက အသိအမှတ်မပြုပါဘူး။ အာဏာရှင်ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ အစိုးရကိုလဲ ပြည်သူ့အစိုးရလို့ လူထုက အသိအမှတ်မပြုပါဘူး။ ယုံကြည်ကိုးစားမှု မရှိပါဘူး။ ဒီနေရာမှာ တချို့က ဆိုပါမယ်။ အာဏာရှင်ဘက်တော်သားတွေကို လူထုက မယုံကြည်သင့်ဘူးဆိုရင် ဒီမိုကရေစီ သမားတွေကကော ဘယ်လောက်ယုံကြည်စရာ ကောင်းသလဲ လို့ မေးစရာ ရှိပါတယ်။ ရိုးအီစွာ ကြားနေကြရပြီဖြစ်တဲ့ မရသေးတဲ့ အာဏာကို အဝေမတည့် ဖြစ်ကြတာတွေ၊ ငွေကြေးအလွဲသုံးစားမှုတွေ၊ တော်လှန်ရေးအဓွန့်ရှည်ပါစေလို့ ဆုတောင်းနေကြသံတွေ နဲ့ ပုပ်လို့ပေါ်၊ ဟုတ်လို့ကျော်နေတာတွေ ကကော ယုံစရာကောင်းသလားလို့ ဆိုကြပါလိမ့်မယ်။

ဒီအတွက် ကျွန်မဆီမှာကလဲ ဖြေစရာ အဖြေတခုပဲ ရှိပါတယ်။ လူဆိုတာ လူပဲဖြစ်တယ်။ လူတိုင်း၊ လူတိုင်းဆီမှာ လူပီသတဲ့ ကောင်းတဲ့ စိတ်ထားတွေ ရှိသလို လူ့လောကကို အကျည်းတန်စေတဲ့ မကောင်းတဲ့ စိတ်ထားတွေလဲ ရှိတယ်။ အာဏာရှင်ဘက်တော်သားတွေမှာလဲ ကောင်းတဲ့စိတ်၊ မကောင်းတဲ့ စိတ်တွေရှိတယ်။ ဒီမိုကရေစီ ဘက်တော်သားတွေမှာလဲ ကောင်းတဲ့စိတ်၊ မကောင်းတဲ့ စိတ်ထားတွေ ရှိတယ်။ တခါတရံမှာ ကောင်းတဲ့ စိတ်က အနိုင်ရတယ်၊ တခါတရံမှာ မကောင်းတဲ့ စိတ်ထားက အနိုင်ရတယ်။ ဒီလိုမကောင်းတဲ့ စိတ်ထားက အနိုင်ရလာအောင် ဖန်တီးပေးနိုင်တာတွေက ဥစ္စာဓနစည်းစိမ် ငွေကြေးတွေနဲ့ ရာထူးအာဏာတွေပဲ ဖြစ်တယ်။ ကောင်းတဲ့ စိတ်ထားက မကောင်းတဲ့ စိတ်ထားကို အနိုင်ရလာအောင် ဖန်တီးပေးနိုင်တာတွေက စည်းကမ်း၊ ဘာသာတရား၊ တရားမျှတတဲ့ ဥပဒေနဲ့ စစ်မှန်တဲ့ စနစ်တွေပဲ ဖြစ်တယ်။ ကျွန်မတို့ဆီမှာ လူသတ်တာဟာ မကောင်းဘူးဆိုတဲ့ ဘာသာတရား အဆုံးအမ၊ လူသတ်မှုဖြစ်ရင် အဖမ်းခံရမယ်ဆိုတဲ့ ဥပဒေအတားအဆီး တွေသာ မရှိဘူးဆိုရင်၊ ဒေါသ၊ မောဟစတဲ့ မကောင်းတဲ့ စိတ်ထားတွေ၊ အလိုရမက် လောဘတွေက လူကို ကြီးစိုးလာတဲ့အခါ လူမသတ်မိနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်သလဲ။ ဒါကြောင့် လူတိုင်းမှာ မကောင်းတဲ့ စိတ်၊ ကောင်းတဲ့ စိတ်တွေ ဒွန်တွဲရှိနေတယ် ဆိုတာ ယေဘူယျ နားလည်ထားရမှာဖြစ်တယ်။

အခုမြန်မာပြည်က စစ်အာဏာရှင်တွေဟာ ဘာလို့ ရမ်းကားနေသလဲ။ အစိုးရတရပ်ကို ထိန်းညှိပေးနိုင်မယ့် စနစ်တခုရဲ့ ထိန်းကျောင်းမှု မရှိလို့ပဲဖြစ်တယ်။ ပြည်ပအတိုက်အခံတွေမှာကော ဘာကြောင့် ဒီလိုပြဿနာတွေ လူသိရှင်ကြား ဖြစ်လာရသလဲ။ “ တော်လှန်ရေးကာလမှာ အချင်းချင်း နားလည်ခွင့်လွှတ် ထားသင့်တယ်၊ မကောင်းတာလေးတွေ ရှိရင်လဲ ဖုံးဖိထားသင့်တယ်၊ ရန်သူသိရင် ၀မ်းသာသွားလိမ့်မယ်“ ဆိုတဲ့ အယူအဆတွေနဲ့ စည်းကမ်းတကျ ထိန်းညှိမှု မရှိလို့ ပရမ်းပတာဖြစ်ကုန်တာပဲ ဖြစ်တယ်။ ရာထူးအာဏာဆိုတာ ကြာကြာဆုပ်ကိုင်ထားရင် လူတွေရဲ့ မကောင်းတဲ့ စိတ်တွေက ကောင်းတဲ့ စိတ်တွေကို အနိုင်ရလာအောင် တွန်းပို့ပေးတတ်တယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ ဒီမိုကရေစီ စနစ် ရှင်သန်ပေါ်ထွန်းရေးဆိုတာ တော်လှန်ရေးရဲ့ ရည်မှန်းချက်ဖြစ်နေတာပဲ ဖြစ်တယ်။ ဒီရည်မှန်းချက်က အန်အယ်ဒီပါတီ အာဏာရရေးကို ပြောနေတာ မဟုတ်ဘူး။ အတိုက်အခံတွေ အာဏာရရေးကို ဆိုလိုတာ မဟုတ်ဘူး။ မကောင်းတဲ့ စိတ်တွေက ကောင်းတဲ့စိတ်တွေကို အနိုင်ရစေတဲ့ စနစ်ကို ဖယ်ရှားပြီး၊ တရားနည်းလမ်းကျပြီး မကောင်းတဲ့ စိတ်တွေကို ထိန်းညှိပေးနိုင်မယ့် စနစ်သစ်ကို အစားထိုးတာကို ဆိုလိုတာ ဖြစ်တယ်။ ဒါကြောင့် “အာဏာရှင်လဲ ဒီအတိုင်းပဲ၊ အတိုက်အခံတွေလဲ ဒီအတိုင်းပဲ။ အတိုက်အခံဆိုတဲ့ လူတွေ အာဏာမရသေးခင်မှာတောင် ဒီလောက်ဖြစ်နေတာ၊ အာဏာရရင် ပိုဆိုးမှာပေါ့ “ ဆိုတဲ့ အဆိုတွေဟာ မှားယွင်းတယ်။ ဒီအတိုက်အခံတွေကို စစ်မှန်တဲ့ ရွေးကောက်ပွဲတွေမှာ လူထုက ရွေးချယ်ပါမယ်လို့ကော ဘယ်သူက တပ်အပ်ပြောနိုင်တာမို့လဲ။ အဖြေက ရှင်းရှင်းလေးသာ ဖြစ်တယ်။ စစ်မှန်တဲ့ ရွေးကောက်ပွဲမှာ အာဏာရှင်ဘက်တော်သားလဲ ၀င်ပြိုင်၊ အတိုက်အခံတွေလဲ ၀င်ပြိုင်၊ တခြားဘယ်သူမဆို ၀င်ပြိုင်လို့ရတယ်။ ဒါပေမယ့် စစ်မှန်သော ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ ပြည်သူ့အစိုးရဖြစ်တာနဲ့ ပြည်သူလူထု အကျိုးကိုပဲ ဆောင်ကျဉ်းကြရမယ်။ မဆောင်ကျဉ်းပဲ ကိုယ်ကျိုးရှာသူတွေကို စနစ်က ဖယ်ထုတ်ပစ်မှာသာ ဖြစ်တယ်။ ဒီတော့ “အာဏာရှင်လဲ ဒီအတိုင်းပဲ။ အတိုက်အခံလဲ ဒီအတိုင်းပဲ။ ဒါပေမယ့် လူတွေရဲ့ မကောင်းစိတ်တွေကို စနစ်က ဖယ်ရှားပေးလိမ့်မယ်။ ဒီအတွက် မှန်ကန်တဲ့ စနစ်ဖြစ်လာအောင် အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်သင့်တယ်“ လို့ စဉ်းစားဖို့ လိုအပ်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင်ရွေးကောက်ပွဲကတော့ မှန်ကန်တဲ့ စနစ်ကို ဖန်တီးပေးနိုင်တာ မဟုတ်ပဲ အာဏာရှင် မျိုးစေ့တွေ ချပေးနေတာဖြစ်တဲ့အတွက် အဲဒီကနေ ထွက်ပေါ်လာတဲ့ အစိုးရဟာ လူထုရဲ့ ယုံကြည်ကိုးစားမှု မရမှာ အသေအချာပဲ ဖြစ်တယ်။ ဒါကြောင့် ယုံကြည်ကိုးစားမှုနဲ့ ယှဉ်ပြီး ထွက်ပေါ်လာတာ မဟုတ်တဲ့ legitimacy ဆိုတာကလဲ စက္ကူကျားတခုပဲ ဖြစ်လာမှာ သေချာတယ်။ Legitimacy နဲ့ ယှဉ်တွဲနေတဲ့ နောက်ထပ်အချက်တခုကတော့ ထိရောက်မှုရှိခြင်း (Effectiveness) ပါ။ နိုင်ငံတခုမှာ ရှိတဲ့ အစိုးရတရပ်ရဲ့ ရပ်တည်နိုင်မှုဟာ တရားဝင်မှုနဲ့ ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်မှု တွေအကြားက ဆက်နွယ်မှုပေါ်မှာ မူတည်ကြောင်း နိုင်ငံရေးပညာရှင် Lipset က ဆိုထားပါတယ်။ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရမို့ တရားဝင်အစိုးရလို့ ခေါ်တွင်နိုင်ပေမယ့် တိုင်းပြည်ကို ထိထိရောက်ရောက် စီမံအုပ်ချုပ်နိုင်မှု မရှိရင် ရေရှည်မှာ ရပ်တည်နိုင်မှာ မဟုတ်ဘူး။ လူထုက ဖြုတ်ချတာ၊ အာဏာသိမ်းတာတွေ ဖြစ်လာတတ်လေ့ရှိတယ်။

ဥပမာဆိုရရင် မြန်မာနိုင်ငံမှာ ပထစ အစိုးရဟာ တရားဝင်မှုရှိခဲ့ပေမယ့် ထိထိရောက်ရောက် လုပ်ဆောင်မှု အားနည်းတယ်။ အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးကို သေချာ မထူထောင်နိုင်ဘူး။ တိုင်းပြည်အတွက် လုပ်သင့်လုပ်ထိုက်တာတွေထက် အကွဲကွဲအပြဲပြဲနဲ့ အချိန်ကုန်နေကြတယ်။ လူထုက သူတို့အပေါ် ယုံကြည်ကိုးစားမှု နည်းလာတယ်။ တရားဝင်အစိုးရဟာ ကမ္ဘာနဲ့အ၀ှမ်းဖြစ်နေတဲ့ cycle of military dictatorship ကို ကာကွယ်ပေးနိုင်မယ့် ယန္တရားတွေ မကျင့်သုံးနိုင်ကြဘူး။ civilian rule ကို အားကောင်းလာအောင် မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် စစ်အာဏာသိမ်းတာ ခံခဲ့ရတာပဲဖြစ်တယ်။ တခါ မဆလ အစိုးရမှာကျတော့လဲ အာဏာရှင်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဖြစ်တာကြောင့် legitimacy ရှိတယ်လို့ ဆိုနိုင်ပေမယ့် မဆလအစိုးရကို လူထုက ယုံကြည်ကိုးစားမှုမရှိဘူး။ တိုင်းပြည်အုပ်ချုပ်ရေးမှာလဲ အကြောက်တရားနဲ့ ဖိနှိပ်နိုင်တာပဲ ရှိပြီး တိုင်းပြည်အုပ်ချုပ်ရေးကို မနိုင်နင်းဘူး။ မဆလအစိုးရလက်ထက်မှာ တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေဟာ တစတစ ယိုယွင်းပျက်စီးလာတယ်။ ဒါကြောင့်လဲ ၁၉၈၈ ခုနှစ်မှာ လူထုတိုက်ပွဲတွေ ထွက်ပေါ်လာတော့ တမဟုတ်ချင်း မဆလ အစိုးရပြုတ်ကျသွားတာပဲ ဖြစ်တယ်။

ဒီတော့ တရားဝင်မှုနဲ့အတူ ယုံကြည်ကိုးစားမှုနဲ့ အစိုးရတာဝန်တွေ ထိထိရောက်ရောက် ထမ်းဆောင်နိုင်မှု ဆိုတာတွေကပါ အစိုးရတခု ရပ်တည်ရေးအတွက် အရေးကြီးတယ်လို့ ဆိုရမှာ ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဟာလဲ အာဏာရှင်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဖြစ်တဲ့အတွက် တရားဝင်မှုတော့ ရှမှာအမှန်ပဲ။ ဒါပေမယ့် လူထုရဲ့ ယုံကြည်ကိုးစားမှု မခံရတာရယ်၊ အစိုးရတာဝန်တွေ ကို ထိထိရောက်ရောက် ထမ်းဆောင်နိုင်မှာ မဟုတ်တာရယ်ကြောင့် တချိန်မှာ လူထုက ဆန့်ကျင်တာ (သို့မဟုတ်) စစ်အာဏာရှင်တွေက အာဏာသိမ်းတာတွေ ခံကြရဦးမှာပဲ ဖြစ်တယ်။ “ဘာကြောင့် ဒီလိုဆိုရလဲ၊ အတိုက်အခံ နိုင်ငံရေးသမားပီပီ ခင်ဗျားက မကောင်းတာတွေပဲ ပြောနေတာပဲ“ လို့ ကျွန်မကို မေးလာခဲ့ရင် အဖြေရှိတယ်။ ကျွန်မဘာကြောင့် ဆိုရလဲ ဆိုတော့ ၂၀၁၀ အာဏာရှင် ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုခြင်းရဲ့ နောက်ဆက်တွဲ လမ်းပြမြေပုံ အဆင့်တခုပါလို့ နအဖစစ်အာဏာရှင်တွေက ကြေညာထားလို့ပဲဖြစ်တယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သားကိုယ်စားလှယ်တွေ ပါလီမန်မှာ ပါဝင်နေတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ထားတယ်။ တပ်မတော်ရဲ့ အင်မတန် မွန်မြတ်သန့်စင်လှတဲ့ နိုင်ငံတော်ကာကွယ်ရေးအခန်းကဏ္ဍကို သီးခြားရပ်တည်မှု မပေးထားပဲ နိုင်ငံရေးထဲ ဆွဲထည့်ထားတယ်။ စစ်အာဏာသိမ်းမှုတွေကို အားပေးအားမြှောက်တဲ့ အချက်တွေ ပါဝင်တယ်။ ဒါကြောင့် အစိုးရအဖွဲ့တခုရဲ့ ထိထိရောက်ရောက် အုပ်ချုပ်စီမံမှုတွေမှာ အခက်အခဲတွေဖြစ်မယ်။ စစ်အာဏာ သိမ်းမှုတွေဆီ ပြန်ပြီး ဦးတည်သွားနိုင်တယ်။ နောက်တချက်က နိုင်ငံတော်ရဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေနဲ့ ပတ်သက်တယ်။ လက်ရှိမြန်မာနိုင်ငံကြီးရဲ့ စီးပွားရေးအခြေအနေ ယိုယွင်းပျက်စီး မှုတွေဟာ အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့်ပါလို့ မျက်စိစုံမှိတ်ပြီး အော်ဟစ်နေကြသူတွေ ရှိတယ်။ ဒီလိုအော်ဟစ်နေသူတွေဟာ ကာကွယ်ရေးအသုံးစရိတ်ကြောင့် တိုင်းပြည်စီးပွားရေး နှောင့်နှေးမှုဖြစ်တာတွေ၊ အုပ်ချုပ်သူတွေရဲ့ စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကို စကားဟဟတောင် မပြောရဲကြဘူး။ အမေရိကန် ဆက်ရှင် ရုတ်သိမ်းလိုက်တာနဲ့ပဲ တိုင်းပြည်စီးပွားရေးကြီးက ကောင်းလာမယ်လို့ မျက်လုံးကြီးတွေပြူးပြီး နှုတ်ခမ်းတလန်၊ ပန်းတလန်နဲ့ ပြောတတ်ကြတယ်။ ဒါကို ဘောဂဗေဒ နားလည်သူတွေက ပါးစပ်ကြီးတွေ ဟပြီး နားထောင်ကြရတယ်။ မနေနိုင်လွန်းလို့ ဘောဂဗေဒနဲ့ ကျောင်းပြီးထားတဲ့ ဗိုလ်ချုပ်တယောက်က ဖွင့်ဟပြောလိုက်တုန်းကလဲ ဒီဗိုလ်ချုပ် ဖြုတ်ထုတ်ခံလိုက်ရဖူးတယ်။

ဒါတွေက ထားတော့။ ဆက်ရှင်ကြောင့် နိုင်ငံတော်စီးပွားရေး ယိုယွင်းပျက်စီးရတယ်လို့ အော်ဟစ်နေသူတွေဟာ အာဏာရှင်ရွေးကောက်ပွဲ ပြီးသွားတဲ့ နောက်ပိုင်းမှာ မတော်တဆများ ဆက်ရှင်ရုတ်သွားခဲ့ရင် တိုင်းပြည်စီးပွားရေးကြီးကို ဘယ်လိုကောင်းအောင် လုပ်ကြမလဲ ဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်ကော ရှိကြရှာပါ့မလားလို့ သံသယဖြစ်မိပါတယ်။ ဘယ်လိုဒီမိုကရေစီ တိုင်းပြည်မှာမဆို စစ်အသုံးစရိတ်ဆိုတာ နိုင်ငံတော် ဂျီဒီပီရဲ့ ၁ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်း အတွင်းမှာပဲ ထားကြပါတယ်။ နိုင်ငံတော်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ ကဏ္ဍအသီးသီးမှာ ဘတ်ဂျက်ခွဲဝေမှုတွေ စနစ်တကျ ရှိပါတယ်။ အခုတော့ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ စစ်အသုံးစရိတ်ကို လိုအပ်သလို သုံးစွဲမယ်လို့ ဆိုထားတဲ့အပေါ်မှာ နိုင်ငံတော်အုပ်ချုပ်ရေးရဲ့ အရေးကြီးဆုံးကဏ္ဍတခုဖြစ်တဲ့ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုကို ဘယ်လိုထိရောက်အောင် လုပ်ကြမလဲ။ ကန့်ကွက်လိုက်လို့ စစ်အာဏာရှင်က ဖွဲ့စည်းပုံကြီးကိုင်ပြီး အကြောင်းရှာ အာဏာပြန်သိမ်းမှုကိုကော ဘယ်လိုကာကွယ်ကြမလဲ။ မတရားစီးပွားရှာနေတဲ့ အာဏာရှင်အသိုင်းအ၀ိုင်းကို ကျော်လွှားပြီး၊ စီးပွားရေးတရားမျှတမှုတွေကို ဘယ်လို ဖော်ဆောင်ကြမလဲ။

ငွေကြေးလည်ပတ်မှုစနစ်ကို စနစ်တကျ စီမံခန့်ခွဲဖို့အတွက် ငွေကြေးတွေ ရိုက်ထုတ်ချင်တိုင်းထုတ်နေတဲ့ အာဏာရှင်နဲ့ ၀ိသမစီးပွားရေးသမားတွေ လက်ထဲက ငွေမည်းတွေကို ကော ဘယ်လိုကိုင်တွယ်ကြမှာလဲ။ နောက်ဆုံးပူးသတ်မယ်၊ ပါလီမန်ထဲ ၀င်တိုက်မယ်၊ တိုင်းပြည်စီးပွားရေး ကောင်းအောင် ပါလီမန်ထဲမှာ ပြောမယ်လို့ မောင်းတင်ထားသူတွေ ပါလီမန်ထဲ ရောက်ခွင့်တောင် ရှိကြပါ့မလား။ ရှိခဲ့ရင်လဲ အာဏာရှင်ရဲ့ သစ္စာရှိစီးပွားရေးသမားတွေ၊ ဒေါက်တိုင်ကိုယ်စားလှယ်တွေ၊ အရိုးအရင်းအဖွဲ့ကိုယ်စားလှယ်တွေ အများအပြားပါတဲ့ ပါလီမန်ထဲမှာ majority rule ကို ဘယ်လိုကျော်လွှားကြမှာလဲ။ ရွေးကောက်ပွဲမတိုင်ခင်မှာ ကိုယ်ကျိုးအတွက်မဟုတ်ပဲ တိုင်းသူပြည်သားတွေအတွက် ပါလီမန်တိုက်ပွဲ ၀င်နွှဲနိုင်ဖို့ ရွေးကောက်ပွဲကို ထောက်ခံရတာပါလို့ ဆိုနေသူတွေဟာ မျှော်မှန်းထားတဲ့အတိုင်း အမတ်မင်းများဖြစ်ခဲ့ရင် တကယ်ကော ကိုယ်ပြောသလို လုပ်နိုင်ပါ့မလားဆိုတာ စဉ်းစားသုံးသပ်ပြီးမှ အသံကောင်းတွေ ဟစ်သင့်ကြပါတယ်။ ဒီတော့ အာဏာရှင်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရသစ်ဟာ တိုင်းပြည်ကို ထိထိရောက်ရောက် စီမံအုပ်ချုပ်မှု မလုပ်နိုင်တဲ့အခါ (၂၀၀၈ ဖွဲ့စည်းပုံနဲ့ကတော့ မလုပ်နိုင်တာ အသေအချာပဲဖြစ်ပါတယ်) အစိုးရသစ်ရဲ့ လုပ်ဆောင်မှုတွေဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို မဆောင်ကျဉ်းနိုင်ပဲ အာဏာရှင်အကျိုးစီးပွားကို ဆောင်ကျဉ်းပေးမှာ အသေအချာပဲ ဖြစ်ပါတယ်။ အဲဒီအခါမှာ လူထုတိုက်ပွဲတွေက ပေါ်ထွက်လာဦးမှာ မလွဲမသွေပါပဲ။ သေချာတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေပြုထားတဲ့ အာဏာရှင်ရွေးကောက်ပွဲတွေနဲ့ တက်လာတဲ့ အစိုးရတိုင်းမှာ ပုန်ကန်ခြားနားမှု၊ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲတွေ ရင်ဆိုင်ရမှာ ဖြစ်သလို အစိုးရတဆက်ဆက်လက်ထက်မှာ စစ်အာဏာပြန်သိမ်းခံရတာ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် လူထုတိုက်ပွဲတွေနဲ့ ဖြုတ်ချခံရတာ ဖြစ်ရင်ဖြစ် ဖြစ်လာဦးမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၀ ဟာ အများပြောနေသလို လမ်းဆုံး မဟုတ်ဘူး။ ၂၀၀၈ အာဏာရှင်ဖွဲ့စည်းပုံ ဥပဒေအပေါ်အခြေခံထားသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလဲ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

နောက်ထပ်အရေးကြီးဆုံး ကိစ္စရပ်တခုကတော့ အမျိုးသား တန်းတူညီမျှမှု၊ သွေးစည်းမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေနဲ့ ဆိုင်တဲ့ အရေးကိစ္စပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တဲ့ နိုင်ငံတခုဖြစ်ပါတယ်။ လူမျိုးကြီးဝါဒ ကျင့်သုံးမှု၊ နိုင်ငံတည်ထောင်မှုစနစ် မှားယွင်းမှု၊ သွေးခွဲခံရမှု စတာတွေကြောင့် လူမျိုးစုတွေအကြားမှာ ပဋ္ဋိပက္ခတွေ ရှိနေတဲ့ တိုင်းပြည်တခုဖြစ်ပါတယ်။ ဒီပဋ္ဋိပက္ခတွေဟာ ဗမာနဲ့ ကရင်အကြား၊ ကရင်နဲ့မွန်အကြား ပဋ္ဋိပက္ခတွေမဟုတ်ပါဘူး။ စစ်အာဏာရှင်တွေ ရဲ့ ဒေါက်တိုင်ဖြစ်နေရတဲ့ တပ်မတော်အတွင်းမှာ ကရင်တွေ၊ မွန်တွေ၊ ရှမ်းတွေ၊ ဗမာတွေ၊ ပအိုဝ့်တွေ အများအပြား ပါဝင်ပါတယ်။ ရှမ်းရွာကို ဗမာစစ်ဗိုလ်တယောက်က မီးရှို့လိုက်တာဟာ ရှမ်းနဲ့ ဗမာ ပဋ္ဋိပက္ခမဟုတ်ပါဘူး။ ကရင်အမျိုးသမီးကို ရခိုင်စစ်ဗိုလ်က မတရားစော်ကားမှုဟာ ကရင်နဲ့ ရခိုင် လူမျိုးအကြားက ပဋ္ဋိပက္ခ မဟုတ်ပါဘူး။ ဒါတွေဟာ စစ်အာဏာရှင်လက်ကိုင်ဒုတ်အဖြစ် အသုံးချခံနေရတဲ့ ဖိနှိပ်သူတွေနဲ့ အဖိနှိပ်ခံပြည်သူတွေအကြားက ပဋ္ဋိပက္ခတွေပဲဖြစ်ပါတယ်။ ဒီလိုပဋ္ဋိပက္ခတွေကို အင်အားသုံးပြီး အနိုင်ယူဖြေရှင်းလို့ ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရုံ၊ လက်နက်ကိုင်အဖွဲ့တွေကို စီးပွားရေးအခွင့်အရေးတွေ ပေးရုံ၊ စစ်အင်အားသုံး ထိပ်တိုက်ရင်ဆိုင် ၀ိုင်းရံပြီး၊ အာဏာရှင်ဖိနှိပ်သူတွေရဲ့ လမ်းစဉ်ကို ထောက်ခံခိုင်းရုံနဲ့ ဒီပဋ္ဋိပက္ခတွေဟာ ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ လူမျိုးစုတွေရဲ့ တန်းတူရည်မျှမှုအခွင့်အလမ်းတွေအတွက် တိုက်ပွဲဝင်ခဲ့တဲ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေကို နယ်ခြားစောင့်တပ်တွေအဖြစ် အသွင်ကူးပြောင်းလိုက်နိုင်ရင်လဲ ဒါဟာ အင်အားမမျှသေးလို့ ခြေတလှမ်းဆုတ်တာပဲ ဖြစ်ပါလိမ့်မယ်။ အချိန်အတိုင်းအတာတခုမှာတော့ မပျောက်တဲ့ စိတ်အနာတွေဟာ ပေါ်ထွက်လာမှာပဲ ဖြစ်ပါတယ်။ အဲဒီအခါမှာ ပြည်တွင်းစစ်ကြီး ဖြစ်လာခဲ့ရင် မြန်မာတပြည်လုံး မီးဟုန်းဟုန်းတောက် ဖြစ်သွားပါလိမ့်မယ်။ မိဘနဲ့ သားသမီး အရင်းအချာကြီးတွေ မှာတောင် အင်အားသုံးဖိနှိပ်ရင် အာဏာဖီဆန်မှုဆိုတာ ပေါ်ထွက်တတ်ပါသေးတယ်။ အမျိုးသားသွေးစည်းမှုကို အင်အားသုံးဖိနှိပ်ပြီး သွေးစည်းခိုင်းလို့ ဘယ်သောအခါမှာ အောင်မြင်မှာ မဟုတ်တာ အသေအချာပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသားလူမျိုးတွေ စုပေါင်းနေထိုင်တဲ့ တိုင်းနိုင်ငံတခုမှာ လိုအပ်တဲ့ နိုင်ငံရေးစနစ်၊ တန်းတူညီမျှမှု၊ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အာမခံချက် မပေးထားပါဘူး။ လူမျိုးစုတွေကို ဖိနှိပ်ချုပ်ချယ်လို့ရမယ့် ယန္တရားများစွာကို ထည့်သွင်းထားပါတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို လက်ကိုင်ပြုပြီး တက်လာတဲ့ အာဏာရှင်ရွေးကောက်ပွဲအနိုင်ရ အစိုးရတွေလက်ထက်မှာ အာဏာဖီဆန်ရေးတိုက်ပွဲတွေ၊ လွတ်မြောက်ရေး တိုက်ပွဲတွေ မလွဲမသွေ ပေါ်ထွက်လာဦးမှာပဲ ဖြစ်ပါတယ်။

နိဂုံး
နိဂုံးချုပ်ဆိုရရင် အာဏာဆိုတာ ပြည်သူဆီကပဲ သက်ဆင်းတာဖြစ်ပါတယ်။ အာဏာရှင်ရွေးကောက်ပွဲဆိုတာ ပြည်သူ့ဆီက အာဏာကို မတရားလုယူပြီး တရားဝင်အစိုးရဖြစ်အောင် ပြုလုပ်ယူတာပဲဖြစ်ပါတယ်။ ဒါကြောင့် အာဏာရှင်ရွေးကောက်ပွဲတွေကို ပြည်သူလူထုက အသိအမှတ်ပြုမှု မရှိပါဘူး။ အာဏာရှင်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရကို ပြည်သူလူထုက ယုံကြည်အားကိုးမှု မရှိပါဘူး။ အာဏာရှင်ရွေးကောက်ပွဲကို နိုင်ငံတကာ အစိုးရတွေက အသိအမှတ်ပြုပြီး ရင်းနှီးမြှုပ်နှံမှု တွေ၊ ထောက်ပံ့မှုတွေ ပြုလုပ်လာတတ်ကြပေမယ့် ဒါတွေဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ပါဘူး။ အာဏာရှင်တွေကိုပဲ သက်ဆိုးရှည်စေတယ်ဆိုတာ နိုင်ငံရေးလေ့လာသူ ပညာရှင်များက အခိုင်အမာ ဖော်ထုတ် ပြောဆိုထားကြပါတယ်။ တရားဝင် အစိုးရပဲဖြစ်ဖြစ်၊ တရားမ၀င် အစိုးရပဲဖြစ်ဖြစ်၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဆောင်ကျဉ်းပေးတာ မဟုတ်ဘူးဆိုရင် အာဏာကို အမှန်တကယ်ပိုင်ဆိုင်တဲ့ ပြည်သူလူထုက လူထုအားနဲ့ ဖြုတ်ချခွင့် ရှိပါတယ်။ မတရားမှုတွေ ဥပဒေ ဖြစ်လာတဲ့အခါ ပုန်ကန်ဖို့ အတွက် အဖိနှိပ်ခံ ပြည်သူတိုင်းမှာ တာဝန်ရှိပါတယ်။ ပြည်သူလူထုရဲ့ ကံကြမ္မာကို ရေပေါ်ဆီ နိုင်ငံရေးသမားတွေကပဲ ဆုံးဖြတ်လို့ မရပါ။ လူထုရဲ့ ကံကြမ္မာကို လူထုကိုယ်တိုင်ကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုဆိုတာ တပ်မတော်ကြီးကို မွေးဖွားခဲ့တဲ့ တပ်မတော်သားတွေရဲ့ မိခင်ပဲဖြစ်ပါတယ်။ ဒါကြောင့် အမိန့်နာခံတတ်မှုထက် လူသားပီသစွာ ဆင်ခြင်တွေးခေါ်နိုင်မှုရှိတဲ့ ပြည်သူ့တပ်မတော်သားတွေ အမေ့ရင်ခွင်ဆီ ပြန်ခိုလှုံလာဖို့ လူထုကြီးတရပ်လုံးက စောင့်မျှော်နေလျက်ရှိပါကြောင်း တင်ပြလိုက်ရပါတယ်။

ခင်မမမျိုး (နိုဝင်ဘာ၊ ၂၀၀၉)


ရည်ညွှန်းကိုးကား

Blaydes, L. (2008) 'Authoritarian Elections and Elite Management: Theory and Evidence from Egypt', Paper presented at the Princeton University Conference on Dictatorships, April, 2008

Dogan, M. (1992) 'Conceptions of Legitimacy', in Hawkesworth, M. & Kogan, M. (eds.) Encyclopedia of Government and Politics: Volume 1, Routledge, London and New York

Denver, D. (1992) 'Campaigns and Elections', in Hawkesworth, M. & Kogan, M. (eds.) Encyclopedia of Government and Politics: Volume 1, Routledge, London and New York

Gandhi, J. & Lust-Okar, E. (2009) 'Elections Under Authoritarianism', Annual Review of Political Science, Vol. 12, p. 403- 422

Gandhi, J. & Peuter, O. (2008) 'Opposition Coordination in Legislative elections under authoritarianism', Paper presented at the annual meeting of the APSA 2008 Annual meeting, Hynes Convention Center, Boston, Massachusetts, Aug 28, 2008

Geddes, B. (2005) "The Role of Elections in Authoritarian Regimes" Paper presented at the annual meeting of the American Political Science Association, Marriott Wardman Park, Omni Shoreham, Washington Hilton, Washington, DC, Sep 01, 2005

Heywood, A. (2002) Politics, 2nd edition, Palgrave Macmillan, New York
Kadirgamar-Pajasingham, S. (2005) 'Essentials of Free and Fair elections', Paper presented at the Regional Dialogue on Free, Fair and Credible Elections, Islamabad, Pakistan (29-30 June, 2005)


Lindberg, (2006) Why Do Opposition Parties Boycott Elections? in Schedler, A. (ed.) Electoral Authoritarianism: The dynamics of Unfree Competition, Social Science and Research Network


Piombo, J. (2004) 'Manipulating Legitimacy” International Election Monitoring, Electoral Fraud and Domestic political legitimacy', Paper presented at the annual meeting of the International Studies Association, Le Centre Sheraton Hotel, Montereal, Quebec, Canada, Mar 17, 2004

Reilly, B. (2001) Democracy in Divided Societies: Electoral Engineering for Conflict Management, Cambridge University Press, Cambridge

Steiner, H. & Alston, P. (2000) International Human Rights in Context: Law, Politics, Moral, 2nd edition, Oxford University Press, Oxford

Sartori, G. (1994) Comparative Constitutional Engineering: An Inquiry into Structures, Incentives and Outcomes, Macmillan, London

Ref: ခင်မမမျိုး

Read More...

နေ့စဉ်သတင်းများ ( ၁ - ၁ - ၁၀)

၂၀၀၉ ခုနှစ်ကို ကမ္ဘာတ၀န်း နှုတ်ဆက်ကြရင်း ၂၀၁၀ နှစ်သစ်ကို ကြိုဆို သတင်း
နှစ်သစ်၌ မျှော်လင့်ချက်မရှိ - လူထုစိန်ဝင်း၏ နှစ်သစ်ကူးသတင်းစကား၊ ရွေးကောက်ပွဲကြောင့် အပြောင်းအ လဲကြီး ဖြစ်ပေါ်မည်ဟု မမျှော်လင့် သတင်း
မြန်မာပြည်သူတွေအတွက် အမေရိကန် ဆုမွန်တောင်း သတင်း
လွတ်မြောက်ရေးစာတမ်းပါ ငွေစက္ကူတွေ မန္တလေးမြို့မှာ ဖြန့်ဝေ သတင်း
စစ်တွေထောင်မှ နိုင်ငံရေးအကျဉ်းသား ထောင်အာဏာပိုင်တွေက ဖိနှိပ် သတင်း
သွား (၁၁) ချောင်း နှုတ်ခံရပြီးနောက် လူနာဆရာမဟောင်း ကွယ်လွန် သတင်း
ကိုညီညီအောင်အမှု စွဲချက်တခု ဖြုတ်ပယ် သတင်း
စာပေလောကစာအုပ်တိုက်က နှစ်သစ်ကူး ကာတွန်းပြပွဲ ကျင်းပ သတင်း
နှစ်သစ်မှာ ဖုန်းခေါ်ခ သုံးဆကျော် ဈေးတက် သတင်း
ရောသမမွှေ သားဆိုး မြိတ်တွင် နှစ်သစ်ကူးဂီတ ဖျော်ဖြေ သတင်း
နိုင်ငံရေးအကျဉ်းသား မိသားစုများ၏ ဆုတောင်း သတင်း
အဖွဲ့ချုပ် အမျိုးသမီးအဖွဲ့ဝင်သစ်တိုးရေး ဆွေးနွေး သတင်း
မန္တလေးတိုင်းမှ တက်ကြွလှုပ်ရှားသူများအား နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်ပြီ သတင်း
နှစ်ကုန်ချိန်၌ မြန်မာ့နိုင်ငံရေးအကျဉ်းသား (၂၀၀၀) ကျော် မလွတ်မြောက်သေး သတင်း
ဝ နယ်ခြားစောင့်တပ်အရေး သတ်မှတ်ရက်ကျော် သတင်း
ကလေးတဦးကို တပ်ကြပ်ကြီးက ညာခေါ်ပြီး စစ်တပ်ထဲသွင်း သတင်း
ဖုန်းခေါ်ဆိုခ တိုးမြှင့်ရာတွင် လိုင်းဖုန်းများ ပါဝင်ခြင်းမရှိ သတင်း
၂၀၀၉ လည်ပြန်နှင့် ၂၀၁၀ တွက်ကိန်း (အင်တာဗျူး) သတင်း
အကျပ်အတည်းထဲရောက် အီရန်လို့ အတိုက်အခံခေါင်းဆောင် ပြော သတင်း
မြောက်ကိုရီးယား အမေရိကန်နဲ့ သင့်မြတ်ရေးလိုလား သတင်း
၂၀၀၉ ခုနှစ်ရဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေနဲ့ ၂၀၁၀ ခုနှစ် အလားအလာ သတင်း
အမေရိကန်နိုင်ငံရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ သတင်း
စုတ်ချက်ကြမ်းပေမယ့် ရုပ်ထွက်ဆန်းပါတယ် - (၁) (ဆောင်းပါး)
စုတ်ချက်ကြမ်းပေမယ့် ရုပ်ထွက်ဆန်းပါတယ် - (၂) (ဆောင်းပါး)
နှစ်တနှစ် သစ်ပေမယ့် သစ်မလာနိုင်သေးတဲ့ ဘဝတခု (ဆောင်းပါး)

Read More...

Friday, January 1, 2010

နေ့စဉ်သတင်းများ ( ၃၁ - ၁၂ - ၀၉)

ကက်ဘိနက် အစည်းအဝေး နေပြည်တော်တွင် ပြုလုပ် သတင်း
လူထုဦးလှ နှစ် (၁၀၀) ပြည့် ဂုဏ်ပြုကြမည် သတင်း
ပူးပေါင်းဆောင်ရွက်ရေး ထောက်ခံမည်ဟု မြန်မာ့အရေးကော်မတီ ပြော သတင်း
နှစ်သစ်ကူးကြို ဂီတဖျော်ဖြေပွဲတွင် IC ပါဝင်ဆင်နွှဲမည် သတင်း
မွန်အမျိုးသားညီလာခံတရပ် ကြိုးပမ်းသင့်ကြောင်း မွန်အမျိုးသားရေးရာအဖွဲ့ချုပ်မှ ကြေညာချက် ထုတ်ပြန် သတင်း
ထိုင်းဘောလုံးသမားတဦးကို မြန်မာတို့ ကျားမ မကွဲပြား သတင်း
မြန်မာဖုန်းခ (၂) ဆတိုး သတင်း
၂၀၀၉ လည်ပြန် သတင်း
တာလီဘန်လက်ချက် CIA အရာရှိများ သေဆုံး သတင်း
(၈) နှစ်အတွင်း စီအိုင်အေအမှုထမ်း အများဆုံးသေတဲ့ ဗုံးကွဲမှုဖြစ် သတင်း
၂၀၁၀ နှစ်သစ် - တယ်လီဖုန်းပြောဆိုခများ ရုတ်တရက် ဈေးမြင့်တက် သတင်း
၂၀၀၉ ကို ပြန်ကြည့် - နိုဝင်ဘာလ သတင်းဓာတ်ပုံနဲ့ ခေါင်းစဉ် သတင်း
သက္ကရာဇ်တခုကို ကျော်ဖြတ်ခြင်း (ဆောင်းပါး) သတင်း
ကောင်းကင်ပြာနဲ့ အနာဂတ် (၁) (ဆောင်းပါး)

Read More...

Thursday, December 31, 2009

ဆေးရောင်စုံတဲ့ ၂ဝဝ၉ ခုနှစ်

ရဲဘော်ဖိုးသံချောင်း
၃၀ ဒီဇင်ဘာ ၂၀၀၉

ဒီလိုနဲ့ တနှစ်တော့ဖြင့် ကုန်ပြန်ပြီ။

ကမ္ဘာကြီးဟာ စီးပွားရေးကပ်ထဲက လူးလွန့်ရုန်းထ နေရဆဲ၊ တချို့လည်း လွတ်ထွက်လာ၊ တချို့လည်း နစ်ဆဲ။ ဒီလို အခါမှာ ဗမာပြည်ရဲ့ စီးပွားရေး ကတော့ ဘာမှထူးမလာ။ ဆန်ထွက်တွေကျ၊ အလုပ်လက်မဲ့တွေ ပိုများ၊ ကုန်ဈေးနှုန်းတွေ ပိုတက်ပြီး ပြည်သူတွေ ဒုက္ခဝဲထဲမှာ ချာလပတ် ရမ်းနေပါတယ်။ ဒီလိုအချိန်မှာ နအဖက ပြည်သူလူထု အတွက် စီးပွားရေး နယ်ပယ်မှာ လက်ဆောင်တခု ပေးလိုက်ပါတယ်။ အဲဒါကတော့ (၅,ဝဝဝ) တန်ငွေစက္ကူ။ နောက်ပြီးတော့ အခွန်နှုန်း တိုးမြှင့်တာ။ ဒီတော့ နအဖရဲ့ (၅,ဝဝဝ) တန်ကိုလည်း မယုံ၊ ဒေါ်လာ အပေါ်လည်း မပုံရဲကြတဲ့ ဒီနိုင်ငံမှာ တခြားနိုင်ငံများနည်းတူ ရွှေဈေး ထောင်တက် သွားပါတယ်။

တိုင်းပြည်တပြည်အနေနဲ့ပြောရရင် ၂ဝဝ၉ ခုနှစ်အတွင်း ဗမာပြည်နိုင်ငံရေးမှာ အဖြစ်အပျက်တွေ အင်မတန်မှ များခဲ့ပါတယ်။ အဖြစ် အပျက်မှာ ကမ္ဘာက အာရုံစိုက်ရတဲ့၊ ကမ္ဘာမှာ ကြုံတောင့်ကြုံခဲ အဖြစ်အပျက် တွေပါ။ သတင်းစာ ဂျာနယ်တွေရဲ့ မျက်နှာဖုံးတွေမှာ မကြာခဏ တွေ့ရတဲ့ သတင်းတွေ ဖြစ်ပါတယ်။ ဒီအထဲက ထိပ်ဆုံးထား ပြောသင့် တာကတော့ နိုင်ငံတကာခွင်က ကိစ္စဖြစ်ပါတယ်။

နအဖက ယက်တောဒီပလိုမေစီ လမ်းကြောင်းဖောက်လိုက်တဲ့ အချိန်က စပြီး နအဖ ဗိုလ်ချုပ်တွေကို အမေရိကန်က လူရာသွင်း ဆက်ဆံဖို့ လုပ်လာတာတွေ တွေ့ရပါတယ်။ ဆီနေတာ ဂျင်ဝက်ဘ်၊ ဒု-နိုင်ငံခြားရေး ဝန်ကြီး ကာ့တ်ကမ်ဘဲလ် စသဖြင့် ဝါရှင်တန်က လူတွေ ဗမာပြည်ကို လာခဲ့ကြသလို ဗိုလ်သန်းစိန် အပါ ကြပ်ပြေးက စေလွှတ်သူတွေလည်း အမေရိကန်ကို ခြေချ နိုင်ခဲ့ကြပါတယ်။ ဒီနှစ်ကို ဝါရှင်တန်နဲ့ ကြပ်ပြေး ရွှေလမ်းငွေလမ်း ဖောက်ဖို့ ကြိုပမ်းကြတဲ့ နှစ်လို့ ပြောရင်တောင် ရပါတယ်။ ဒါပေမယ့် လမ်းပေါက်သွား၊ အောင်မြင်သွားတယ် လို့တော့ ပြောမရသေးပါဘူး။ အရှေ့တောင်အာရှနဲ့ အရှေ့အာရှက ပြောင်းလဲဖြစ်ပေါ် တိုးတက်မှုတွေကို ကြည့်ပြီး နောက်ကျ မကျန်ချင်တဲ့ အိုဘားမား အစိုးရဟာ ကြပ်ပြေးကို လမ်းကြောင်းပြောင်းပြီး ဆက်သွယ်ဖို့ အလေးအနက် လုပ်ခဲ့တာတော့ အမှန်ပါပဲ။ ဒါပေမယ့် အခုအထိ အနေအထားကို ပြောရရင် သမ္မတ အိုဘားမားဟာ လိုဏ်ခေါင်းထဲမှာ ပိတ်မိသလို ဖြစ်နေပြီး ပြန်ထွက်မရ၊ ရှေ့ဆက်တိုးမရ ဖြစ်နေပါတယ်။ ဗိုလ်သန်းရွှေတို့ အပေါ် မစ္စတာ အိုဘားမား အတွက် လွဲလေရော့သလား စဉ်းစားစရာတောင် ဖြစ်နေပါတယ်။ ဒါနဲ့ တဆက်တည်းမှာပဲ ဗမာပြည်သား တယောက် အနေနဲ့ ကတော့ ဒီနှစ်ဟာ ဗမာပြည်ကို ကျွဲနှစ်ကောင် အကြားက မြေဇာပင် စဖြစ်စေတဲ့ နှစ်အဖြစ် သမိုင်း မဝင်ပါစေနဲ့လို့ ဆုတောင်းရမလို ဖြစ်နေပါတယ်။

နအဖဗိုလ်ချုပ်တွေ အခုလို နိုင်ငံတကာအသိုင်းအဝိုင်းထဲကို တိုးဝင်လုံးပန်းတာနဲ့ အမျှ ပြည်ပက ယုံကြည်လာအောင် ပြည်တွင်းရေးမှာ ဟန်ပြ လုပ်ငန်းတွေ၊ အများကြီး လုပ်လိမ့်မယ်လို့ တချို့က မျှော်လင့်ယူဆ ခဲ့ကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ထင်သာထင် မဝင်ဘူး ဖြစ်ခဲ့ရပါတယ်။ မူဆိုင်ရာ ကိစ္စတွေလို့ သူတို့ သဘောထားတဲ့ ကိစ္စတွေမှာ တပြားသားမှ လျှော့ပေးတာ မတွေ့ခဲ့ရပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ဖြစ်စေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပတ်သက်လို့ ဖြစ်စေ သူတို့ဘက်က ပြတ်မြဲ ပြတ်ပါတယ်။ သူတို့ရဲ့ လမ်းပြမြေပုံနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတို့ကိုတော့ ယင်တောင် အနားမခံပါဘူး။

ဒီ၂ဝဝ၉ ခုနှစ်ထဲမှာ လူတွေ မျှော်လင့်ထားပေမယ့် ပေါ်ထွက်မလာတဲ့ အရာတခုကတော့ နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် ဥပဒေနဲ့ တခြားဆိုင်ရာ ဥပဒေ စည်းမျဉ်းတွေပါပဲ။ လာမယ့် ရွေးကောက်ပွဲမှာ ဘယ်သူတွေကို အဝင်ခိုင်းမယ်၊ တနည်းအားဖြင့် လာမယ့် အစိုးရမှာ သူတို့ထဲက ဘယ်သူတွေကို တာဝန်ကြီးကြီးတွေ ပေးမယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး နအဖထိပ်သီးတွေ အကြားမှာ ဆုံးဖြတ်လို့ မရနိုင်အောင် ဖြစ်နေတယ်လို့ အကဲခတ်တွေက ထင်ကြေး ပေးနေကြပါတယ်။ ဒါပေမယ့် ထင်ထားတာထက် ပိုတွေ့ရတယ်လို့ ယူဆရတာကတော့ ရွေးကောက်ပွဲ ဝင်လိုသူတွေနဲ့ ရွေးကောက်ပွဲ ဝင်အောင် (နအဖကိုယ်စား) သဘောတရား ထုတ်ပေးနေသူတွေရဲ့ ပျားပန်းခပ် လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။ ပြည်ပက အထောက်အပံ့၊ နအဖ အထောက်အပံ့ စတာတွေကို ဗြောင်ယူသူ၊ တိတ်တိတ် ယူသူတွေ၊ ကိုယ့်ကိုယ်ကိုယ် တတိယအုပ်စု၊ စတုတ္ထအုပ်စုလို့ ကြေညာနေသူတွေ၊ နအဖ ထီးရိပ်ကနေပြီး တခြားလူတွေကို တိမ်ပေါ်တက် စိန်ခေါ်မယ်လို့ ကျူးရင့်နေသူတွေ၊ ဗိုလ်သန်းရွှေရဲ့ မျက်နှာကိုကြည့်ပြီး သဘောတရား မျိုးစုံကို အမြှုပ်ထွက်မတတ် ပြောနေသူတွေ၊ စုံမှစုံပါပဲ။

တိုက်တိုက်ဆိုင်ဆိုင် တလောလေးကပဲ နအဖသဘောထားတွေကို အငှားပါးစပ်နဲ့ အော်ပေးနေတဲ့ အဖွဲ့တဖွဲ့က လူတွေကို လှိုင်သာယာမှာ ကြံ့ဖွံ့တွေက ဝိုင်းဆုံးမလိုက်ကြတယ် ဆိုတာ ကြားလိုက်ရပါတယ်။ ဒါကတော့ နအဖအတွက် အငှားဗိုက်နဲ့ ဓားထိုးခံရတာ မဖြစ်နိုင်ပါဘူး။ ဒီအဖြစ်အပျက်ကို ကြည့်ပြီးတော့ ဒီနိုင်ငံမှာက ဖော်လံဖားတိုင်းလည်း စားသာတာ မဟုတ်ဘူးလို့ အရပ်ပြော ပြောလို့ရပါတယ်။ ဒါပေမယ့် တချို့ကတော့ အဲဒီ အရိုက်ခံရသူတွေရဲ့ နောက်ကျောက ပုဂ္ဂိုလ်ကြီး အရာနိမ့်တာနဲ့များ ဆက်စပ်နေသလား လို့လည်း တွေးတော နေကြပါတယ်။

အပစ်ရပ်အဖွဲ့တွေအဖို့တော့ ဒီနှစ်ဟာ ပြင်းပြင်းထန်ထန် အစမ်းသပ်ခံရတဲ့ နှစ်လို့ ဆိုရပါမယ်။ နှစ်ပါးသွားခန်းပြီးလို့ ဘီလူးခန်း ရောက်ပြီလို့ ပြောရမလားပါပဲ။ ဗကပ လက်အောက်က အစောဆုံး ခွဲထွက်ခဲ့တဲ့၊ အပစ်ရပ် ဇာတ်လမ်းကို စတင်ခဲ့တဲ့ ကိုးကန့် အဖွဲ့ကတော့ အစောဆုံး ဇီဝိန် ချွေခံလိုက်ရပါတယ်။ စစ်အာဏာရှင်တွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်တယ်ဆိုတာ အကန့်အသတ် ရှိကြောင်း ပြသနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ အောင်နိုင်လိုက်တယ် ဆိုတဲ့ နအဖ ခြေလှမ်း တုန့်သွားပါတယ်။ ကျန် အပစ်ရပ်တွေကို ပေးထားတဲ့ ရာဇသံတွေ၊ နောက်ဆုံးရက် ဆိုတာတွေဟာ လျှော့လို့၊ ရွှေ့လို့ရတဲ့ ဟာတွေလို့ ထင်မြင်လာရတဲ့ အခြေကို ဆိုက်လာ နေပါတယ်။ ပြည်တွင်းပြည်ပ အခြေအနေတွေဟာ နအဖ စစ်ဗိုလ်ချုပ်တွေ ထင်တိုင်း လုပ်လို့ မရတဲ့ အဓိပ္ပာယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။

နှစ်စဉ်နှစ်တိုင်းလိုပဲ ကောလာဟလတွေကလည်း မိုးလုံးပြည့် ဆိုရမတတ် ကြားခဲ့ ကြရပါတယ်။ ဒီနေရာမှာ ကောလာဟလ ဆိုတာ တကယ် ဖြစ်မလာတဲ့၊ မဟုတ်တဲ့ သတင်းကို ဆိုလိုတာပါ။ နအဖက တမင် လွှင့်တာ၊ တချို့ နအဖကို မကြိုက်သူတွေက တမင်လွှင့်တာ၊ သာမန်လူက မရည်ရွယ်ဘဲ လွှင့်သလို ဖြစ်သွားတာ၊ အမျိုးမျိုးပါပဲ။ ဒီနိုင်ငံမှာ ပွင့်လင်းမှု မရှိလို့ ကောလာဟလတွေ ဒါလောက်တောင်များနေ၊ ပျံ့နေတာလားလို့ တွေးစရာ ဖြစ်နေပါတယ်။ အလွယ်ပြောရင်တော့ “ဒါကိုက ဗမာပြည်နိုင်ငံရေးပဲလေ” ပေါ့။

ဒါပေမယ့် ဒီကုန်လွန်တဲ့နှစ်မှာ အခုပြောခဲ့သလို ကိစ္စဆိုးတွေချည့်လို့ ပြောရင်တော့ မှားပါလိမ့်မယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွှေဂုံတိုင် ကြေညာချက်ကို ထုတ်ပြန်လိုက်တာဟာ ပြည်သူတွေ အတွက် အားရစရာ ခြေလှမ်း ဖြစ်သလို အတိုက်အခံတွေ အတွက်လည်း အချင်းချင်း တွဲလုပ်လို့ရတဲ့ အခြေခံတခု ရလိုက်တာ ဖြစ်ပါတယ်။ ဒီကြေညာချက်ကို ဘယ်လို သဘောထားသလဲ ဆိုတာဟာ နိုင်ငံရေး အင်အားစုတွေ၊ လူတဦးချင်းတွေကို စမ်းသပ်တဲ့ မှတ်ကျောက်တခု ဖြစ်လာခဲ့ပါတယ်။ တချိန်တည်းမှာ ဒါဟာ နအဖ စစ်အစိုးရ အတွက်လည်း တမင် မျက်နှာလွှဲနေ၊ မမြင်ချင်ဟန် ဆောင်နေရတဲ့ ပြည်သူ့ဆန္ဒ သတိပေး မှတ်တိုင်တခု ဖြစ်နေပါတယ်။ ဒါနဲ့ တဆက်တည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ အားတက်စရာ အပြောင်းအလဲ တချို့လည်း တွေ့လာ ရပါတယ်။ ၂ဝ၁ဝ ခုနှစ်ဆိုတဲ့ မုချ ပိုမိုကြမ်းတမ်းမယ့် လမ်းကို ဖြတ်သန်းဖို့ အတွက် ဂီယာပြောင်းတာ၊ ကားဆရာ ပြောင်းတာတွေ တွေ့ရတာဟာလည်း ကောင်းတဲ့ လက္ခဏာပါ။

ပြန်ချုပ်ရရင်

ဒီ၂ဝဝ၉ ခုနှစ်ကို ကိုယ်စားပြုတဲ့ ကိန်းဂဏန်းနှစ်ခုကတော့ (၅,ဝဝဝ) တန်ငွေစက္ကူနဲ့ ထောင်ထဲမှာ သေဆုံးတဲ့ နိုင်ငံရေး အကျဉ်းသား (၃) ဦး ဖြစ်ပါတယ်။

အိမ်ဖြူတော်နဲ့ နေပြည်တော် ပုံမှန်ဆက်ဆံမှု တည်ဆောက်ရေးကို ကိုယ်စားပြုတဲ့ အမှတ်သင်္ကေတ ကတော့ ဘောဂဗေဒ ပညာရှင် မစ္စတာ စတစ်ဂလစ်ဇ်က “ဗမာပြည်အဖို့ အခုအချိန်ဟာ အပြောင်းအလဲ တခုအတွက် အကောင်းဆုံး အချိန်ပဲ” လို့ ပြောခဲ့တာနဲ့ အဲဒါကို တုံ့ပြန်တဲ့ အနေနဲ့ နအဖ စစ်အစိုးရက ဒေါ်လာသန်း (၆ဝဝ) ဖိုးခန့် စစ်လေယာဉ်တွေ ဝယ်လိုက်တာ ဖြစ်ပါတယ်။

Ref: ခေတ်ပြိုင်

Read More...

နေ့စဉ်သတင်းများ ( ၃၀ - ၁၂ - ၀၉)

လွတ်လပ်ရေးနေ့ပြိုင်ပွဲကို အန်အယ်လ်ဒီ ကျင်းပမည် သတင်း
ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက ဒေါ်အောင်ဆန်းစုကြည်ထံ နှစ်သစ်မကူးမီ စာရေးပို့ သတင်း
အထူးအကြံပေးပုဂ္ဂိုလ် ဂမ်ဘာရီနေရာ ကုလသမဂ္ဂ ကြားဖြတ်အဖွဲ့ တာဝန်ယူသွားမည် သတင်း
ဝ အရေး နောက်ဆုံးရက် နီးကပ်လာ၊ ဆွေးနွေးမှုမရှိသေး သတင်း
ရိုဟင်ဂျာဒုက္ခသည် (၉၀၀၀) ကို လက်ခံမည်ဟု ဦးမြင့်မောင် ပြော သတင်း
ဇောတိကမှ ဓာတ်ငွေ့ဝယ်ယူဖို့ PTT ကို ထိုင်းကက်ဘိနက် ခွင့်ပြု သတင်း
နေပြည်တော် စည်ပင်သာယာဥပဒေ ပြဋ္ဌာန်း သတင်း
မူးယစ်ဥပဒေကြောင့် စေတနာ့ဝန်ထမ်းများ အခက်တွေ့ သတင်း
အိုင်စီတီပြပွဲများတွင် ကုမ္ပဏီတချို့ကို ဖိအားပေးပြီး ဖွင့်လှစ်ခိုင်း သတင်း
နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ထပ်မံရွှေ့ဆိုင်းနိုင် သတင်း
ရတနာပုံ အိုင်စီတီပြပွဲ စည်ကားခြင်းမရှိ သတင်း
မြန်မာအလုပ်သမားများအတွက် အဆင့်မြင့်ပညာသင်ကျောင်း ချင်းမိုင်တွင် ဖွင့်မည် သတင်း
ရွှေတွင်းများတွင် အလုပ်သမားများကို ဘိန်းပေးပြီး ခိုင်းစေ သတင်း
စွန့်ပစ် ကြွပ်ကြွပ်အိတ်များ ပရိဘောဂများအဖြစ် အသွင်ပြောင်းမည် သတင်း
အရက်ချက်စက်ရုံ မီးလောင်မှုအတွက် လျော်ကြေးရ သတင်း
ရန်ကုန်မြို့တွင်း ဒိုင်နာယာဉ်လိုင်းများ ပြေးဆွဲမှုပိတ်ပင်မည် သတင်း
မြန်မာစစ်အုပ်စုအား တရားစွဲဆိုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ချက် (ဦးအောင်ထူး အင်တာဗျူး)
မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ၂၀၁၀ (ဆောင်းပါး)
တရုတ်ပြည် အင်အားကြီးထွားလာမှုအပေါ် အမေရိကန်ရဲ့ စစ်ရေးဆိုင်ရာ မဟာဗျူဟာ သုံးသပ်ချက် - (၁) (ဆောင်းပါး)
အရေးတော်ပုံ ရင်ခုန်သူများ - အပိုင်း (၁၁) (ဆောင်းပါး)
ရွာတဲ့မိုးနဲ့ ခံတဲ့အိုး (ဆောင်းပါး)
သမုဒ္ဒရာတွင် ရွက်လွှင့်နေကြသူများ (ဆောင်းပါး)

Read More...

Wednesday, December 30, 2009

တပ်ချုပ်ကြီးရဲ့ “ဖြုတ်၊ ထုတ်၊ သတ်” မူ နဲ့ တပ်မတော်တွင်း ရွက်ပုန်းသီး သူရဲကောင်းများ

ဒေါက်တာ ဇာနည်
Tuesday, 29 December 2009

ပြီးခဲ့တဲ့ တလအတွင်းမှာ နအဖစစ်အစိုးရရဲ့ စစ်ဘက် အရပ်ဘက် တာဝန် ထမ်းဆဲနဲ့ အငြိမ်းစား ဝန်ထမ်း တစုဟာ ဖမ်းဆီးနှိပ်စက် ခံခဲ့ရပြီး လောလော ဆယ်မှာတော့ နအဖ တရားရုံးတွေမှာ ရင်ဆိုင် နေကြရပါတယ်။

သူတို့ကို စွပ်စွဲထားတဲ့ အပြစ်ကတော့ နအဖရဲ့ ထိပ်တန်း လျှို့ဝှက်ချက်တွေကို နိုင်ငံခြား သတင်းဌာနတွေနဲ့ ဒီမိုကရေစီ ဘက်တော် သားတွေ လက်ထဲ တိတ်တဆိတ် ထိုးထည့်ပေးခဲ့လို့ ဆိုတာ သိရပါတယ်။

တပ်မတော်နဲ့ နအဖအစိုးရထဲက ဒီမျိုးချစ်ဝန်ထမ်းတွေ သက်စွန့်ဆံဖျား ကမ္ဘာက သိအောင် ချပြပေးခဲ့တဲ့ ထိပ်တန်း လျှို့ဝှက်ချက်တွေ ထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အပေါင်းအပါတွေ တွင်းအောင်းဖို့ ကြံတဲ့ မြောက်ကိုးရီးယားဆောက် မြေအောက် လှိုဏ်ဂူတွေရဲ့ ဓာတ်ပုံတွေ၊ ထိပ်တန်း စစ်ခေါင်းဆောင်ကြီးတွေရဲ့ “မဟာလက်နက်ကြီးများ” ဝယ်ယူရေး၊ တည်ဆောက်ရေး အစီအစဉ်တွေ၊ ရုရှား၊ အိန္ဒိယ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲ မှတ်တမ်းတွေ၊ စစ်ခေါင်းဆောင် တဦးရဲ့ “မြောက်ကိုးရီးယားလား” ဓာတ်ပုံတွေ၊ မှတ်တမ်း မှတ်ရာတွေ ပါဝင်ပါတယ်။

အခုလို ရာဇသတ်ကြီး ပုဒ်မတွေတပ်ပြီး ရေကြည်အိုင်လို လောကငရဲမှာ နှိပ်စက် ခံခဲ့ရတဲ့ အထဲ ပါသူတွေကတော့ အရင် ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်ခဲ့တဲ့ နအဖ အတွင်းရေးမှူး (၂) ဒုဗိုလ်ချုပ်ကြီး တင်ဦးရဲ့ ကိုယ်ရေး အရာရှိနဲ့ ထောက်လှမ်းရေးဟောင်း ဗိုလ်မှူး ဝင်းနိုင်ကျော် (အငြိမ်းစား)၊ သူနဲ့ မြစ်ဝကျွန်းပေါ် ဇာတိတူ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းတို့ ဖြစ်ပါတယ်။ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းဟာ အဖမ်းခံရတဲ့ အချိန်က နအဖ စစ်အစိုးရရုံးမှာ ညွှန်ကြားရေးမှူးချုပ် တာဝန် ထမ်းဆောင်နေတဲ့၊ အရေးပါတဲ့ အရာရှိကြီး တဦးဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နာယကဂုဏ် ခြောက်ပါး လုံးဝကင်းမဲ့ပြီး ဆိုင်ကလုန်း ဒုက္ခသည် အရေးမှာ ကိုယ်ချင်းစာတရားမဲ့ ပြုမူခဲ့ပုံတွေကို အော့နှလုံးနာပြီး တိုင်းပြည် ရေတိမ်နစ်စေမယ့် “နျူကလီးယား” စီမံကိန်းတွေကို ဗမာပြည်သူတွေနဲ့ ကမ္ဘာကပါ သိစေလိုတာ တကြောင်းမို့လို့ အခုလို အသက်စွန့်ပြီး သတင်းဖောက်ခွဲ ချခဲ့တာပဲ ဖြစ်မှာပါ။

အခုလို မတရား အစီရင်ခံနေရတဲ့ ဗိုလ်မှူးဝင်းနိုင်ကျော်နဲ့ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းတို့ဟာ ရေကြည်အိုင်က မြေပေါ် ငရဲအိုးထဲ ကင်ပေတိုင် နည်းမျိုးစုံနဲ့ သေလုမျောပါး ခံရမှာလည်း ကြိမ်းသေပါတယ်။ အဖမ်းဆီး ခံခဲ့ရတဲ့ ဝန်ထမ်း ၅၀ လောက်ထဲမှာ တချို့လည်း နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ကြိုးပေးခံရဖို့ အလားအလာ များပါတယ်။ အများစုကိုတော့ နှစ်ရာစုလောက်ထိ ထောင်တန်းချပြီး ပယ်ပယ်နယ်နယ်၊ မှတ်လောက် သားလောက် နှိပ်ကွပ်မယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။

လောလောဆယ်ကာလမှာ အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်လည်း အနှိပ်စက်ခံ၊ အဖမ်းဆီးခံ ထားရတဲ့ အတွက် အတိုက်အခံ အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေက ပြင်းပြင်းထန်ထန် ဝိုင်းကန့်ကွက်ထား၊ သတင်းမီးမောင်း ထိုးထားတာမျိုး တွေ့ရပါတယ်။ လုပ်လည်း လုပ်သင့်ပါတယ်။

အလားတူပဲ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ တိုင်းဖျက်၊ ပြည်ဖျက် မဟာ လက်နက် စီမံကိန်းကြီးကို ထိထိ ရောက်ရောက် တားဖို့ လုပ်နိုင်စွမ်း ရှိခဲ့တဲ့ ဒီတပ်မတော်နဲ့ အစိုးရ ဝန်ထမ်းတွေရဲ့ ရွတ်ရွတ်ချွံချွံ လုပ်ဆောင်မှုတွေနဲ့ ရလာတဲ့ ပုဂ္ဂိုလ်ရေး အကျိုး သက်ရောက်မှု၊ အနှိပ်စက်ခံရမှု၊ မတရား စီရင်ခံနေရမှုတွေကိုလည်း အတိုက်အခံတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းကြီး တွေနဲ့ ပြည်ပ မီဒီယာတွေက မီးမောင်းထိုးပြီး တတပ်တအား ကူဖို့လိုပါတယ်။

ဘောင်းဘီဝတ်တွေ ခံရတာဆိုပြီး ကိုယ်နဲ့ မဆိုင်သလို ရေငုံနှုတ်ပိတ် နေကြမယ် ဆိုရင်တော့ အလွန် အရုပ်ဆိုး ပါလိမ့်မယ်။ တိုင်းပြည်ကိုချစ်တာ၊ ပြည်သူ့အကျိုး တနိုင်ဝန် ထမ်းကြတဲ့ နေရာမှာ ဘောင်းဘီဝတ်ဝတ်၊ ပုဆိုးဝတ်ဝတ် မျိုးချစ် တော်လှန်ရေး သမားဆိုတာ တတန်းတည်း ရှိပါတယ်။

ကျုပ်တို့ အမိမြန်မာနိုင်ငံရဲ့ စစ်စနစ်ဆိုး စနစ်ယုတ်ကြီးကို ထောက်လှမ်းရေး ရေဒါအောက်က ကိုယ့်နည်း ကိုယ့်ဟန်နဲ့ တနိုင် ဝင်ဖျက်ကြတဲ့ တပ်မတော်ထဲက တော်လှန်ရေး သမားတွေ၊ ဗြူရိုကရေစီ ယန္တရားထဲက ဒီမိုကရေစီ ထောက်ခံတဲ့ ဝန်ထမ်းတွေကို အားပေးဖို့၊ ထောက်ခံဖို့၊ လက်တွဲဖို့ အလွန်လိုနေတဲ့ အချိန်ကာလ၊ စစ်ခေါင်းဆောင်တွေကြား အစာမကြေမှုတွေ ခိုးလို့ခုလု၊ ဝေစုခွဲ ပြဿနာတွေ၊ အာဏာ မျက်စောင်းထိုးမှုတွေကို စနစ်တကျ လေ့လာ စောင့်ကြည့် သုံးသပ်တဲ့ အချိန်ကာလမှာ လိုင်စင်ရ ပုဆိုးဝတ် တော်လှန်ရေး သမားတွေ၊ လူ့အခွင့်အရေး တိုက်ပွဲဝင်သူတွေနဲ့ အနောက်အုပ်စုနိုင်ငံ အစိုးရတွေနဲ့ လက်ဝေခံ NGO အဖွဲ့အစည်း ကြီးတွေက အလွန်ချာသကိုးဗျ။ ကျုပ်တို့အားလုံးရဲ့ မဟာ အားနည်းချက်ကြီး တခုပါ။

အားမနာတမ်း ပြောရရင် မြန်မာ့အရေး ဂုရုကြီးတွေ၊ ပေါ်လစီ လော်ဘီသမားတွေ၊ လိုင်စင်ရ အတိုက်အခံ ကြီးတွေ ကြားမှာ သူတလူ၊ ငါတမင်း ဆိုသလို ဖြစ်နေကြတာ တွေ့ရပါတယ်။

“ဒိုင်ယာလော့” ခေါ်တဲ့ တွေ့ဆုံဆွေးနွေးရေး ရေစီးကြောင်းထဲမှာ မျောနေသူတွေက တဖုံ၊ စီးပွားရေး ပိတ်ဆို့မှုကို အမြစ်ထွက်အောင် “တွန်းတိုက်” “ဖျက်ဖို့လုပ်လိုက်” ဆိုတဲ့ “ထောက်ခံ၊ ဆန့်ကျင်” သမားတွေက တမျိုး၊ “သတ္တိမရှိရင် ရွေးကောက်ပွဲဝင်” ဆိုတဲ့ နအဖနဲ့ နီးစပ်သူ ခါတော်မီ နအဖ အကြံပေးနဲ့ ယိမ်းသမားတွေက တလမ်း၊ နိုင်ငံရေး တော်သလင်းပွဲကြီး အလား ယိုသူမရှက် မြင်သူရှက်ရမဲ့ ကိန်းပဲ။

တပ်ထဲ၊ စစ်အစိုးရထဲက ကျုပ်တို့ ညီတော် နောင်တော်တွေ အစုလိုက် အပြုံလိုက် ထိပ်တုံးခတ်၊ နားသယ် တွယ်ခံရပြီး ကြိုးစင်ပေါ် တက်ရမယ့် အနေအထား ရောက်မှ ကျုပ်တို့တတွေ ဒီမိုကရေစီ အိပ်မက်ကြီးက ဆတ်ခနဲ လန့်နိုးလာခဲ့တာ ဘယ်နှခါများတောင် မသိ၊ ဒါတောင် ကျုပ်တို့ထဲက လိုင်စင်ရ တော်လှန်ရေး သမားကြီးတွေက ကိုယ်နဲ့မဆိုင်သလို ပုဆိုးထဲ ခေါင်းပြန်သွင်းပြီး ဒီမိုကရေစီကွေး ဆက်ကွေးနေတာတော့ အံ့မခန်းပါပဲ။

ဒါတင်ဟုတ်သေးလား၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ထောက်ခံပါတယ်ဆိုတဲ့ အနောက်နိုင်ငံ အစိုးရ အသိုင်းဝန်း၊ အဖွဲ့အစည်းပိုင်း၊ မီဒီယာပိုင်း ကျပြန်တော့လဲ တပ်ထဲက တော်လှန်ရေး သမားတွေကို ဖုတ်လေတဲ့ ငပိ ရှိမှန်းတောင် သိဟန် မတူပါဘူး။

တခါတလေတော့ ဒီအနောက်ကမောင်တွေ ကျုပ်တို့နိုင်ငံကြီး တကယ် ပြောင်းသွားမှာများ စိုးရိမ် နေကြသလားလို့တောင် သံသယ ဝင်မိတယ်။ ဆက်ဆံလာတာ အနှစ် ၂၀ ကျော်သွားပြီ၊ ဒီမောင်တွေ ထိထိရောက်ရောက် ကူညီတာ ဘာတခုမှ မရှိ။
ထားပါတော့လေ။ ကျုပ်တို့ ရှင်းရမယ့် တာဝန်ပေပဲ။

စစ်စနစ်ဆိုးကြီးထဲက ခြတွေလို အတွင်းက လှိုက်စားတဲ့ ဘောင်းဘီဝတ် တော်လှန်ရေး သမားတွေ၊ ပြုပြင်ပြောင်းလဲရေး သမားတွေ၊ အတိတ်မှာ ရှိခဲ့တယ်၊ ခုလဲရှိနေဆဲ။ ဒီစနစ် ဇီဝိန်မချုပ်သရွေ့ နောက်လည်း ရှိနေဦးမယ် ဆိုတာ လက်ရှိ အထောင်းခံ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းနဲ့ အငြိမ်းစား ဗိုလ်မှူး ဝင်းနိုင်ကျော်တို့ရဲ့ လေးစားလောက်တဲ့ သူရဲကောင်း ဇာတ်ထုပ်ကို ကြည့်ပါ။

ကျုပ်တို့ ပုဆိုးဝတ် အတိုက်အခံတွေ “အမေကမွေး ထောင်က မငတ်တငတ်ကျွေး” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ထောင်နဲ့အိမ် ကူးချည် သန်းချည် လုပ်တာ ချီးမွမ်းဖို့၊ ဂုဏ်ယူဖို့ ကောင်းပါတယ်။ တပ်ထဲက နောင်တော် ညီတော်တွေကလည်း အလှည့်ကျတော့ မနွဲ့ကြစတမ်း ဆိုတဲ့ မူနဲ့ ဘယ်လောက် နှိပ်ကွပ်နှိပ်ကွပ် အတွင်းစည်း၊ အပြင်စည်းထဲဝင်ပြီး မင်းဆိုး မင်းညစ်တွေရဲ့ စနစ်ကို နည်းမျိုးစုံနဲ့ ဖျက်နေတာ ရာစုနှစ် တဝက်တောင် ကျိုးပြီးပဲ။ ဒါကြောင့်ပဲ စစ်ပလ္လင်ပေါ်က စစ်ဘုရင် ယောင်ယောင် ဦးနေဝင်းက အစ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအဆုံး တပ်ထဲ “ဖြုတ်၊ ထုတ်၊ သတ်” မူနဲ့ ကျင့်သုံးတာ တတိုင်းပြည်လုံး သိကြပါတယ်။

ခက်တာက အပြည်ပြည်ဆိုင်ရာ မြန်မာ့ရေးရာ ပုရောဟိတ်များနဲ့ ဘုရားစူး လူ့အဖွဲ့အစည်း တာဝန်ခံကြီးတွေ ဒီဖြုတ်ထုတ်သတ် မူဝါဒနဲ့ ဖြစ်ပေါ်လာမယ့် တကယ့်ပြောင်းလဲမှု လမ်းကြောင်းကြီးကို အသိခေါက်ခက် အဝင်နက် နေပြန်ကြတယ်။

သမိုင်းတလျှောက်လုံးမှာ ဖိနှိပ်မှုအခြေခံတဲ့ နိုင်ငံရေး စနစ်ဆိုးတွေ၊ ပြည်သူတွေကို ထမင်း နပ်မှန်အောင် မကျွေးနိုင်တဲ့ စီးပွားရေး စနစ်စုတ်တွေ အားလုံးထဲမှာ တော်လှန်ရေး၊ ဆန့်ကျင်ရေး၊ ပြုပြင်ပြောင်းလဲရေး ဗီဇတွေ သန္ဓေ တည်ကတည်းက ပါလာပြီးသားပါ။

တကယ်အောင်မြင်တဲ့ တော်လှန်ရေးတွေမှာ ဒီမျိုးစေ့တွေကို မြေသြစာကျွေး၊ ရေလောင်း ပေါင်းသင်ပြီး မြေတောင် မြှောက်ပေးတဲ့ အလုပ်ကို ဇောင်းပေးပြီး လုပ်ကြပါတယ်။

ထုကြီးထည်ကြီးနဲ့ရှိတဲ့ ဘုရားစေတီတွေတောင် ညောင်စေ့ တစေ့ နှစ်စေ့ ရှင်သန်ကြီးထွားတာနဲ့ ပြိုပျက်ပြီး အုတ်ပုံဘဝ စုတေကြတာ အားလုံး မျက်မြင် ကိုယ်တွေ့ပါပဲ။

အသွင်ကူးပြောင်းရေးဆိုတာ ပါရဂူဘွဲ့ရပြီးဖြစ်မှ နားလည်နိုင်တဲ့ ခက်ခဲနက်နဲတဲ့ အကြောင်းအရာ မဟုတ်ပါ။ စကားလုံး ကြီးကြီး ကျယ်ကျယ်တွေ လူ အထင်ကြီးအောင် ဖောဖောသီသီကြီး သုံးပြီး တော်ကီ လုပ်နေတဲ့ ဂုရုတွေ၊ ပုရောဟိတ်တွေကို နားမယောင်ပါနဲ့။ “စေတီနဲ့ ညောင်စေ့” နမူနာလေးသာ အာရုံထဲ အမြဲထည့်ထား။ ညောင်စေ့က အတွင်းကနေ သူ့အလုပ် သူလုပ်၊ ပုဆိန်နဲ့ ပေါက်မယ့် သူကလည်း သူ့အလုပ်သူလုပ်၊ စေတီတွေ အုတ်ပုံဘဝ ကူးသွားတာ ကျုပ်တို့ တနိုင်ငံလုံး လက်ချိုးရေလို့ တောင် မကုန်တာ ကြည့်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဒီနေရာရအောင် ထောက်ခံစာရေးပေး၊ နဝတ ဒုဥက္ကဌ ဆိုတဲ့ နေရာကို ဖန်တီးပေးခဲ့တဲ့ ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ တဖွဲ့လုံး တနွယ်ငင် တစင်ပါ ဆိုသလို အရှင်း ခံခဲ့ရတာ ၅ နှစ်တောင် ပြည့်ရုံလေးပဲ ရှိသေးတယ်။

ဗိုလ်မှူး ဝင်းနိုင်ကျော်တို့ တသုတ်က စစ်စနစ်ဆိုးကြီးကို အတွင်းကနေ ဆော်ဖို့ကြံပြန်၊ ဒါကတော့ တညောင်ကျ၊ တညောင်ပေါက် တဗိုလ်ကျ၊ တဗိုလ်တက် သဘောပါပဲ။ ဖိနှိပ်မှုနဲ့ ဆန့်ကျင်မှုရှိတဲ့ သဘာဝကြီးပါ။ ဒီစနစ်ဆိုးကြီး ရှိသမျှ၊ ဆန့်ကျင်မှု တော်လှန်မှု ဆိုတာ ဆက်ရှိနေမှာပါ။ ဗေဒင်မေးရင် မှားနေပါဦးမယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဘက်က ကြည့်မယ်ဆိုရင်တော့ တရုတ်ပြေးမင်း ဘဝ မရောက်အောင် တွင်းတွေတူးတာ မဟာဗျူဟာကြီး တခု၊ လက်အောက် ငယ်သားတွေ အမြင်အရတော့ တပ်ချုပ်ကြီးက တပ်ဘိုးအေ၊ သွားလေသူ ဗိုလ်ချုပ်ကြီး နေဝင်းထက် တော်လှဆိုပဲ။ ဒီကြားထဲကမှ ဗိုလ်မှူး ဝင်းနိုင်ကျော်တို့ တသုတ်က သီတင်းကျွတ် ကာလမှာ ပရစ်တွင်း ရေလောင်းသလို သွားကိုင် လိုက်တော့ တပ်ချုပ်ကြီးလည်း အခက်ကြုံ၊ တွင်းအောင်းဖို့ အကြံလည်းပျက်၊ တရုတ်နဲ့ အမေရိကန်ကြား ဗျာများ သွားတော့တာပဲ။

ကျုပ်စိတ်မကောင်းတာကတော့ လိုင်စင်ရ အတိုက်အခံများနဲ့ လူ့အခွင့်အရေး ချန်ပီယံ အဖွဲ့ကြီးများ အပါအဝင် သူတို့ရဲ့ နာယက အနောက်အုပ်စု အစိုးရတွေက ကျုပ်တို့တပ်တွင်းက သတ္တိခဲ ရွက်ပုံးသီး နောင်တော်တွေ ညီတော်တွေ ခါးစည်းပြီး မတရား စီရင်ခံနေရတာကို တော်လှန်ရေး အမြင်နဲ့ မြင်မပေး၊ ရဲဘော် ရဲဘက်စိတ်မပြ၊ ကိုယ်ဖြစ်ကိုယ်ခံ ပေယျာလ ကံလို့များ သဘောထား နေသလား မသိ။

တပ်ထဲက ရွက်ပုန်းသီး တော်လှန်ရေး သမားတွေ၊ ပြုပြင်ပြောင်းလဲရေး သမားတွေ ကျရာနေရာက ဒီစနစ်ဆိုးကြီးကို အုပ်တချပ် သဲတပွင့် ပျက်အောင် ဖျက်နေတာ အားလုံး အသိအမှတ်ပြု၊ တန်ဖိုးထားဖို့ လိုပြီထင်တယ်။ ဒီနောင်တော် ညီတော်တွေ မအောင်မြင်တာ အောင်မြင်တာ အပထား။ ကျုပ်တို့ကရော အောင်မြင်သေးလို့လား။

ပုဆိုးပဲဝတ်ဝတ်၊ ထဘီပဲခြုံခြုံ၊ ဘောင်းဘီပဲ ဝတ်ဝတ်၊ ခရစ်တော်ပဲ ကိုးကွယ်ကိုးကွယ်၊ ဗမာစကားပဲ ဝဲဝဲ ကျုပ်တို့အားလုံးက တမြေတည်းနေ တလှေတည်းစီး တခရီးတည်း သွားနေကြတဲ့ ပြည်သူတွေထဲက လူတွေပဲ။ ဘုံရန်သူက စစ်ဘီလူး ခေါင်းဆောင်တွေ၊ ဖျက်ရမယ့် စနစ်က စစ်စနစ်ဆိုး၊ ရည်ရွယ်ချက် တူကြတယ်လေ။

ဘူဇွာ ပညာတတ်တွေ၊ နိုင်ငံရေး ဗေဒင်ဆရာတွေ ရွှေဥာဏ်တော် စူးရောက်ပြီး ကြီးကြီးကျယ်ကျယ် ပြောဟောနေတဲ့ “မြန်မာ့အရေးဟာ အဖြူအမည်း ခွဲဖို့ခက်တယ်” ဆိုတဲ့ လူလည်စကား သွားနားမယောင်နဲ့။ တိုင်းရင်းသား သာတူညီမျှရေး၊ စီးပွားရေး ဖွံ့ဖြိုးမှု၊ ဒီမိုကရေစီ ဖော်ဆောင်မှု ဆိုတာ နေ့ချင်းညချင်း အောင်မြင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ကလေးလည်းသိ၊ ခွေးလည်းသိ၊ တွင်းအောင်းမယ့် တပ်ချုပ်ကြီးတောင်သိ။ ဒီပညာတတ် ဉာဉ်နဲ့ လူတွင်ကျယ်လုပ်ပြီး ပြောတဲ့ စကားက စစ်မရောက်ခင် မြှားကုန်တဲ့စကား။

ဒါပေမယ့် လယ်ပြင်မှာ ဆင်သွားသလို ကွင်းကနဲ ကွက်ကနဲ မြင်သာတာက လက်မရွံ့ အာဏာသား တွေကို ပုဆိန်ရိုး လုပ်ထားပြီး တပ်ချုပ်ကြီးက သူ့မိသားစုအတွက် ပြည်သူ့ အာဏာကို မောင်ပိုင်စီးထားတာ။ ဒင်းလုပ်လို့ ပြည်သူတွေ ငတ်မွတ်ခေါင်းပါး၊ အရာရှိ အရာခံ အကြပ်တပ်သားတွေ သေနတ်နဲ့ပြပြီး ဓားပြတိုက်စားတဲ့ ဘဝရောက်ရတဲ့ အခြေအနေ။ ဒီနေရာမှာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်၊ တရားတယ် မတရားဘူးဆိုတာ ပီအိတ်ခ်ျဒီမလို၊ ဒိဗ္ဗစက္ခု ဆိုတာဝေး၊ ဗမာတွေ ဒီလောက် ဒုံးမဝေး။ စစ်ဘီလူးကို မဲပြားနဲ့ ကလော်ထုတ်မလား၊ ခြေထောက်က ဆွဲပြီး တရွတ်တိုက် ထုတ်မလား ဆိုတဲ့ မေးခွန်းသာ မေးစရာရှိတာ။

ဒီစစ်စနစ်ဆိုးကြီး ဂိတ်ဆုံးရောက်ပြီး တိုင်းပြည် ပျက်သထက် ပျက်တဲ့ ဇာတ်ထုပ်ကို စနစ်ရဲ့ အတွင်းစည်း၊ အပြင်စည်းထဲမှာ လှုပ်ရှားခဲ့တဲ့ တပ်မတော်ထဲက တော်လှန်ရေး သမားနဲ့ ပြုပြင် ပြောင်းလဲရေး သမားတွေထက် ဘယ်သူမှ ပိုမသိဘူး။ “စစ်အစိုးရ သူခိုးဓားပြ” ဆိုတာ တိုင်းပြည်ချစ်တဲ့ တပ်မတော်သားတိုင်း အသိ။ ဒါခုမှမဟုတ်၊ တပ်ချုပ်ကြီးရဲ့ သွားလေသူ ကျေးဇူးရှင် “အဘ” ဦးနေဝင်းခေတ်လယ်နဲ့ ခေတ်နှောင်း ကတည်းက စခဲ့တဲ့ ဇာတ်ထုပ်လေ။

ဆင်မလိုက် သင်္ဘောကျင်း အလုပ်သမားများ သတ်ပွဲအပြီး ၁၉၇၅ - ၇၆ ကတည်းက စစ်စနစ်ဆိုး အမြစ်တွယ်ပြီး တပ်ချုပ်ကြီးတွေ လူစင်စစ်က အစွယ် ပေါက်ခဲ့တာ။ လူ ဗိုလ်ချုပ်ကြီးတွေ အရှင်း ခံရတော့လည်း ဗိုလ်မှူးကြီး ကြည်မောင်တို့၊ ဗိုလ်မှူးကြီးချစ်မြိုင်တို့က အစ၊ အထင်ကရ အဖြစ်ဆုံးကတော့ ဗိုလ်ချုပ်ကြီး တင်ဦး (ခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD) ကို ခေါင်းဆောင် တင်ဖို့ လုပ်တဲ့ တပ်မတော် အတွင်းစည်းထဲက ကိုယ်ရေး အရာရှိ တသုတ်ရဲ့ ၁၉၇၆ ခုနှစ်ကာလက စစ်ဘီလူကြီးများ သုတ်သင်ရေး အစီအမံအလယ်။ ဗိုလ်ကြီး အုန်းကျော်မြင့် ကတော့ ဒီအစီအမံရဲ့ အဓိက ခေါင်းဆောင်ဆိုတော့ အသက်နဲ့ ပေးဆပ်ခဲ့ရတယ်။

အခုလို ခေတ်အဆက်ဆက် ရာစုနှစ်ဝက်ကာလအတွင်း စနစ်ဆိုးကြီးကို ပြောင်းဖို့ကြံခဲ့တဲ့ တပ်ထဲက ညီတော် နောင်တော်များနဲ့ သူတို့ရဲ့ တိုင်းပြုပြည်ပြု လုပ်ရပ်တွေ၊ သူရဲကောင်းဆန်တဲ့ အပြုအမူတွေဟာ ဒီနေ့ နိုဗဲလ်ဆုရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တော်လှန်ရေးနဲ့ တပ်တူထပ်မျှ တန်ဖိုးရှိတယ်၊ အရေးကြီးတယ်၊ သမိုင်းဝင်တယ်ဆိုတာ အသိအမှတ်ပြု လက်ခံဖို့ လိုတယ်။

ကြုံတုန်း ဖောက်သည်ချရဦးမယ်။

ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ ထောက်လှမ်းရေးတွေက အတိုက်အခံတွေကို နှိပ်ကွပ်တာ၊ ညှင်းခဲ့တာ အများကြီး လုပ်ခဲ့တာပေါ့။ ဒါပေမယ့် တကယ် အရေးကြီးတဲ့ အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးကို သူတို့ပဲ ဒီပဲယင်းမှာ ဝင်ကယ် ခဲ့ကြတာပါ။ တပ်ချုပ်ကြီး နဲ့ သူ့လက်မရွံ့ ကြံ့ဖွံ့တွေ အလိုအရ ဆိုရင် ဒီ NLD ခေါင်းဆောင်ကြီးတွေ ဇိဝိန်ချုပ်ပြီးပြီ။

ရှစ်လေးလုံး ပြည်သူ့အုံကြွမှုကြီး ပြီးကတည်းက အတိုက်အခံတွေ၊ ပုဆိုးဝတ် တော်လှန်ရေး သမားတွေ စနစ်တကျ မလုပ်ခဲ့တဲ့ လုပ်ငန်းတရပ်ကို ထောက်ပြဦးမယ်။ ဒါကတော့ တခြားမဟုတ်ဘူး။ တပ်မတော် နဲ့ ဗျူရိုကရေစီ ယန္တရားထဲက ရွက်ပုန်းသီး ပြုပြင်ပြောင်းလဲရေး သမားတွေ၊ တော်လှန်ရေး ညီနောင်တွေကို ရှာဖွေ၊ ထောက်ခံ၊ ပံ့ပိုးပြီး လက်တွဲ လုပ်ဖို့ကြံတဲ့ နှစ်ရှည် စီမံကိန်းတွေ၊ ဗျူဟာတွေ သေသေချာချာ မတည်ဆောက်ခဲ့မှု၊ မဟာ အမှားကြီးပါပဲ။ ဒါပေမယ့် ပျက်ရင်အစဉ် ပြင်ရင်ခဏ ဆိုတဲ့ မူသုံးဖို့ အချိန်ကာလ ရောက်ပြီ။

တခရီးတည်း သွားနေကြတဲ့ ကျုပ်တို့ပုဆိုးဝတ်တွေနဲ့ ရွက်ပုန်းသီး တပ်တွင်း ပြုပြင်ရေး၊ တော်လှန်ရေး သမားတွေ တန်းညှိစို့၊ သွေးစည်းဖို့ ဆိုတာ စစ်စနစ်ဆိုး စနစ်ယုတ်ကြီး ပြိုကွဲဖို့မှာ နံပါတ်တစ် အရေးကြီးဆုံးပါ။ တွင်းအောင်းကြံ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒီလို ပြည်သူ့ တော်လှန်ရေး သမားတွေနဲ့ တပ်တွင်း ပြောင်းလဲရေးသမား၊ တော်လှန်ရေး ရွက်ပုန်းသီးတွေ ဇာတ်ပေါင်းပြီး က မှာကို သေမလောက် ကြောက်ပါတယ်။

ဒါကြောင့်လည်း နည်းမျိုးစုံ ဉာဏ်နီ ဉာဏ်နက်၊ အလိမ်၊ အဝါ အပြာရောင်စုံသုံးပြီး တပ်မတော်သား တွေနဲ့ ပြည်သူတွေကို သွေးထိုးပေး၊ တိုက်ပေး။ မှူးကြီးနဲ့ အထက်အရာရှိ အားလုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ ခေတ်ရောက်ရင် နုရင်ဘတ်လို ခုံရုံးမှာတင်၊ စင်းနီတုံးပေါ် တောက်တောက်စင်း ခံရမလိုလို။ တပ်ချုပ်ကြီးနဲ့ အလိုတူအလိုပါ ခေတ်ပျက်သူဌေးတွေ ဝက်ဝက် ကွဲအောင် တိုင်းပြည် ဘဏ္ဍာနဲ့ သယံဇာတတွေ ခိုးကြ၊ မျိုကြ၊ ဆို့ကြလို့ တိုင်းပြည် ပြာပုံထဲရောက်၊ သဘာဝ ဘေးဒဏ်တွေကျ၊ ပြည်သူက ကျောမွဲဘဝက မတက်တဲ့ ဘဝရောက်နေတာ ဒေါ်စုနဲ့ အနောက်အုပ်စုရဲ့ စီးပွားရေး ပိတ်ဆို့မှုကပဲ တာဝန်ရှိ သယောင်ယောင် စောင်ခိုင်းထား။

တပ်ထဲက မောင်တွေကိုတော့ ချော့လိုက် ခြောက်လိုက်၊ လုခွင့်၊ ခိုးခွင့်ပေးလိုက်နဲ့။ တချိန်က ဗမာလူထု အလွန် ကြည်ညိုတဲ့၊ အားထားတဲ့ တပ်မတော်ကို သူခိုး ဓားပြ တပ်မတော်ဖြစ်အောင် တပ်ချုပ်ကြီးက ငါ့တာဝန်ကြီး တပါး အနေနဲ့လုပ်တာ တပ်ထဲက မြတ်ကိုကိုများလည်း သိဖို့ အချိန်တန်ပါပြီ။

တပ်တွင်းက ပြုပြင်ပြောင်းလဲရေး သမားများနဲ့ ပုဆိုးဝတ် ပြည်သူ့တော်လှန်ရေး သမားများ အပေးအယူ ရှိလာပြီ ဆိုတာနဲ့ တပ်ချုပ်ကြီးက လက်နဲ့ရေးရင် ခြေနဲ့ လိုက်ဖျက် တော့တာပါပဲ။ ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ NLD ပေါင်းပြီး တိုင်းပြည် ထူထောင်ရေးလုပ်ဖို့ သဘောတူတန် သလောက် တူထားပြီးသားပါ။ KNU က ဗိုလ်ချုပ်ကြီးမြ တို့နဲ့လည်း ထိုနည်း လည်းကောင်းပါပဲ။

ပြဿနာကြီးတွေ ရှင်းသွားမယ်ဆိုရင် တပ်ချုပ်ကြီးနဲ့ အပေါင်းအပါတစု စားခွက်လွတ်တော့မှာ ဆိုတော့ အတိုက်အခံနဲ့ ပြေလည် လာတဲ့ တပ်တွင်း ပြုပြင်ပြောင်းလဲရေး သမားတွေကို ကျူပင်ခုတ် ကျူငုတ်မကျန် တပ်ချုပ်ကြီးတို့ တသုတ်က ရှင်းတာပါ။ ဒါနဲ့ပဲ တပ်တွင်း ပြောင်းလဲရေး သမားတွေနဲ့ ပြည်သူ့ တော်လှန်ရေးသမားတွေ လက်တွဲဖို့ အရေးဆိုတာ သမင်မွေးရင်း ကျားစားရင်း ဆိုသလိုပဲ လည်နေတော့တာပါပဲ။

မျက်မှောက်ခေတ် ကာလမှာတော့ တွင်းအောင်းဖို့ကြံတဲ့ ကျားငစဉ်းလဲ တပ်ချုပ်ကြီးရဲ့ စစ်စနစ်ဆိုးကြီးကို ဖြုတ်ချဖို့ နေရာမှာ အဓိက အခက်အခဲကြီး နှစ်ရပ် ရှိပါတယ်။

နံပါတ်တစ်က အနောက်နိုင်ငံ ပညာတတ်၊ ပုဆိုးဝတ်တွေကိုပဲ တော်လှန်ရေး လိုင်စင်ပေးထားတဲ့ အနောက်တိုင်းက လစ်ဘရယ် သမားတွေရဲ့ အတွေးအခေါ် ချို့တဲ့မှု၊ ဘက်လိုက်မှု၊ ဗျူဟာမှားမှု။

နံပါတ်နှစ် အခက်အခဲကတော့ တပ်မတော်ထဲက ရွက်ပုန်းသီး တော်လှန်ရေး သမားတွေ၊ ပြုပြင်ပြောင်းလဲရေး သမားတွေ မပါရင်၊ သူတို့တွေကို တော်လှန်ရေး သမားတွေလို့ မမြင်ရင်၊ ကျုပ်တို့ ဒီမိုကရေစီနဲ့ တိုင်းရင်းသား သာတူညီမျှရေး တော်လှန်ရေး ကြီးဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးဆိုတဲ့ ဗျူဟာကို အတိုက်အခံတွေ ထဲမှာ ပီပီပြင်ပြင် လက်ခံ ကျင့်သုံးမှု မရှိခြင်းဘဲ ဖြစ်ပါတယ်။

ပြုပြင်ရေးသမား၊ တော်လှန်ရေးသမားဆိုတာ ချိုမပါပါဘူး။ ပုဆိုးဝတ်၊ ဘောင်းဘီဝတ်၊ စကတ်ဝတ်၊ သင်္ကန်းရုံ အသွင်အမျိုးမျိုး အဖုံဖုံနဲ့ ရှိနေကြပါတယ်။ ဒါကိုမှ လစ်ဘရယ် သမားတွေက ပုဆိုးဝတ်နဲ့ (၂၀၀၇ နောက်ပိုင်းမှာတော့) သင်္ကန်းရုံ တွေကိုပဲ တော်လှန်ရေး လိုင်စင် ပေးထားတော့ ခက်သားလား။

စကားကြုံလို့ ကိုယ်တွေ့တခု ပြောရဦးမယ်။ ပုဆိုးဝတ် တော်လှန်ရေး သမားတွေ၊ အတိုက်အခံတွေ၊ တပ်ထဲက နောင်တော်တွေနဲ့ ထိတွေ့မယ် မကြံနဲ့။ အနောက်အုပ်စု “ဒိုင်ယာလော့” သမားတွေ၊ လူ့အခွင့်အရေး သမားတွေက ထပြီး တပြုံကြီး အူကြတာ ကျုပ်ကိုယ်တွေ့။ ကိုယ်တိုင်လည်း ဇမရှိ၊ ဇရှိတဲ့ တပ်ထဲက နောင်တော်တွေနဲ့ ဝင်လုံးတော့လည်း ထအူဆိုတော့ ဟိုဘက်ကလည်း ဒီမကူး၊ ဒီဘက်ကလဲ ဟိုဘက်မတိုးရဲနဲ့ တပ်နဲ့ ပြည်သူ လက်တွဲဖို့အရေး အနှစ် ၂၀ ကျော်သွားပြီ။

ဒီနိုင်ငံက ကျုပ်တို့နိုင်ငံ၊ ပြဿနာတွေက ကျုပ်တို့ ပြဿနာတွေ။ အနောက်က လစ်ဘရယ် သမားတွေနောက် နားယောင်ပြီး အမောင် တောင်မှန်း မြောက်မှန်းမသိဆိုတဲ့ ဘဝက ကျုပ်တို့ လွတ်ဖို့လိုပြီ။

တချို့ဆို ဗိုလ်ချုပ်ကြီးဆို ချိုနဲ့လားလို့ မေးယူရလောက်အောင် မတွေ့ဖူး၊ မမြင်ဖူးဘဲ လေဖမ်းဒန်းစီးတဲ့ “ရင်ကြားစေ့ရေး” တွေ၊ တောင်စဉ်ရေမရ စွတ်ပြော၊ လက်တွေ့မပါတဲ့ စာအုပ်ကြီးတွေ ချိုင်းကြားညှပ်ပြီး အသွင်ကူးပြောင်းရေး အော်တဲ့ ဂုရုတွေက တမှောင့်။ သင်ဖူးတာ၊ လုပ်ဖူးတာ တပဲဖိုး၊ ပြောနေ ဟောနေလိုက်ကြတာက တပိဿာခွဲစာ။ အနှစ်မရှိတဲ့ ဒိုင်ယာလော့တော မှာ ခေတ်ပျက် မဟော်သဓာတွေက တမှောင့်။ ဆရာမှိုင်းသာ သက်ရှိထင်ရှား ရှိသေးရင် “လစ်ဘရယ် ဒိုင်ယာလော့သမား” များ ဋ္ဋီကာဆိုပြီး ပယ်ပယ်နယ်နယ်နဲ့ တီးလိုက်ဦးမယ် ဖြစ်ခြင်း။

စစ်စနစ်ဆိုးကြီးကို ဖျက်နိုင်၊ ပြင်နိုင်တာက ကျုပ်တို့ တပ်ထဲက မြတ်ကိုကိုတွေပါ။ ပြုပြင်ရေး ရွက်ပုန်းသီးတွေပါ။ လစ်ဘရယ် ပရောဂျက် သမားတွေ NGO တွေ စီးပွားရေးနဲ့ အသွင်ကူးပြောင်းရေး ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတွေ မဟုတ်ပါဘူး။

ဒါကြောင့် ဗျူဟာအရရော၊ မူအရရော၊ ကိုယ်ချင်းစာတရား အရရော၊ တော်လှန်ရေး သွေးစည်းစိတ် အရရော တပ်မတော်ထဲက ကျုပ်တို့ ညီတော် နောင်တော်တွေ အနီးကပ်ဆုံး ရန်သူကို နည်းအမျိုးမျိုးနဲ့ တွယ်တာကို အရေးကြီး ကဏ္ဍမှာ ထားပြီး စနစ်တကျ ပံ့ပိုးဖို့၊ ထောက်ခံဖို့၊ အသိအမှတ်ပြု တန်ဖိုးထားဖို့ လိုပါပြီ။

တပ်ထဲက နောင်တော်ကြီးတွေ ညီတော်တွေကတော့ အနောက်တိုင်းကြိုက် ခါတော်မီ လစ်ဘရယ်စကားတွေနဲ့ နိုင်ငံရေးကို ပြီတီတီ လုပ်မယ့် ပုဂ္ဂိုလ်တွေတော့ မဟုတ်တာ သေချာပါတယ်။ ဒီမောင်တွေက လူ့အခွင့်အရေး ဂါထာလည်း ရွတ်မှာ မဟုတ်ဘူး။ လူဖြူ လစ်ဘရယ်ကြိုက် ငိုပြမှာလည်း မဟုတ်၊ ဒီမိုကရေစီကို သမ္ဗုဒ္ဓေလို ရွက်မယ့်သူတွေလဲ မဟုတ်။ သူတို့ထဲမှာလည်း အနှစ် ၅၀ ကာလမှာ စနစ်ပြောင်းဖို့ အသက်စွန့်၊ စည်းစိမ်စွန့်၊ ရာထူးစွန့်ပြီး လုပ်ခဲ့ကြ၊ လုပ်နေဆဲဆိုတာ ကြည့်ရင် မြင်ပါတယ်။

ကျုပ်တို့နိုင်ငံသမိုင်းမှာ ကမ္ပည်းထိုးရမယ့် ရွက်ပုန်းသီး ဘောင်းဘီဝတ် တော်လှန်ရေး၊ ပြုပြင်ရေး သမားတချို့ကို ဒီနေရာက ထုတ်ဖော်ရင်း ဒီဆောင်းပါးကို နိဂုံး ချုပ်လိုက်ပါတယ်။

ယခင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိ ကန်ဖျားရွာသား ဗိုလ်ကြီး အုန်းကျော်မြင့်၊ NLD ဦးတင်ဦးရဲ့ ကိုယ်ရေး အရာရှိများ ဖြစ်ကြတဲ့ ဗိုလ်ကြီးစံကြည် (DSA အပတ်စဉ် ၆) နဲ့ ဗိုလ်ကြီး သန့်ဇင်မြိုင် (DSA အပတ်စဉ် ၁၁) ၊ စစ်ရုံး စစ်ဆင်ရေးဌာန ဂျီသရီး ဗိုလ်ကြီးဝင်းထိန် (DSA အပတ်စဉ် ၅) သူတို့နဲ့အတူ “ဦးနေဝင်း၊ မျက်မှန်ကြီး ဦးတင်ဦး၊ ဦးစန်းယု၊ စစ်အစိုးရ” ကို ဖြုတ်ဖို့ကြံတဲ့ ဗိုလ်ကြီး စိန်သောင်း၊ ဗိုလ်မှူးကြီး လှဖေ (မြောက်ပိုင်းတိုင်မှူး)၊ ရှစ်လေးလုံး အပြီးမှာ ကျောင်းသား တပ်မတော်ကို လေ့ကျင့် ပေးခဲ့တဲ့ ဒုဗိုလ်မှူးကြီး အေးမြင့် (OTS အပတ်စဉ် ၂၆)၊ ဗိုလ်ကြီး စိုင်းဝင်းကျော် (DSA အပတ်စဉ် ၂၃) ၊ ကွယ်လွန်သူ NLD ဦးကြည်မောင် (ဗိုလ်မှူးကြီး ကြည်မောင်) နဲ့ ဗိုလ်ချုပ်ကြီး တင်ဦး (NLD ဦးတင်ဦး)၊ မှူးကြီး ကြည်မောင်နဲ့ အတူ အစောကြီး အရှင်းခံခဲ့ရတဲ့ DSA အပတ်စဉ် ၁ က ဗိုလ်ကြီး ခင်မောင်ညွန့်၊ OTS အပတ်စဉ် ၂၅ ဆင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် အပါအဝင် နောက်ဆုံး DSA အပတ်စဉ် ၂၀ က ဗိုလ်မှူး အောင်လင်းထွဋ်နဲ့ အခု မတရား စီရင်ခံနေရတဲ့ (အငြိမ်းစား) ဗိုလ်မှူး ဝင်းနိုင်ကျော် (DSA အပတ်စဉ် ၂၀) နဲ့ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်း (DSA အပတ်စဉ် ၂၀) တို့ပဲ ဖြစ်ကြပါတယ်။ တခြား ကျုပ်မသိတဲ့ တပ်တွင်းက ရွက်ပုန်းသီး ပြုပြင်ရေးသမား၊ တော်လှန်ရေး သမားတွေ၊ နာမည်တွေ ကျန်ခဲ့ဦးမှာပါ။ ဒီအတွက် ခွင့်လွှတ်ပါ၊ ဒါပါပဲ။ ။

ဒေါက်တာဇာနည်သည် မြန်မာပြည် လွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (Free Burma Coalition) ကို စတင် တည်ထောင်ခဲ့သူ တဦးဖြစ်ပြီး ယခုအခါ နိုင်ငံရေးသိပံ္ပနှင့် စီးပွားရေးဆိုင်ရာ လန်ဒန်တက္ကသိုလ်တွင် သုတေသီ ပညာရှင် အဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။


Ref: ဧရာဝတီ်

Read More...

အပေါ်သို့