မမိုးဖြူ
19 မတ် 2011
ဂျပန်နိုင်ငံမှာကျရောက်ခဲ့တဲ့ ငလျင်နဲ့ဆူနာမီရေလှိုင်းကြီးတွေကြောင့် ပျက်စီးသွားခဲ့တဲ့ ဖူကူရှီးမားခရိုင် လျှပ်စစ်ဓါတ်အားပေးစက်ရုံ အနုမြူဓါတ်ပေါင်းဖိုကနေ ရေဒီယို သတ္တိကြွရောင်ခြည်တွေ ပျံ့လွှင့်နိုင်မှု အန္တရာယ်ကြောင့် ဂျပန်နိုင်ငံထဲက ပြန်လည်ထွက်ခွာလာနေကြတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံသား တချို့လည်း ပါဝင်ပါတယ်။ ဘန်ကောက်မြို့ကလေဆိပ်အရောက်မှာ ရေဒီယိုသတ္တိကြွမှု စမ်းသပ်ချက်နဲ့ ကြုံတွေ့ခဲ့ရပြီးတော့ ရန်ကုန်လေဆိပ်မှာတော့ ဘာအစစ်အဆေးမှမရှိဘူးလို့ တိုကျိုကနေ ရန်ကုန်မြို့ကို ပြန်ရောက်လာတဲ့သူတဦးက ဆိုပါတယ်။ အပြည့်စုံကို ဆက်သွယ်မေးမြန်းထား တဲ့ မမိုးဖြူက တင်ပြထားပါတယ်။ မမိုးဖြူက တင်ပြထားပါတယ်။
ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်ကစလို့ ကြီးမားပြင်းထန်တဲ့ သဘာဝအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် ဂျပန်နိုင်ငံထဲမှာ အလုပ်လုပ်ကိုင်နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေ ဂျပန်ကနေပြောင်းရွှေ့ထွက်ခွာကြတာမှာ မြန်မာနိုင်ငံသားတချို့လည်း ပါဝင်ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ၁၀ နှစ်လောက် နေထိုင်အလုပ်လုပ်ကိုင်ခဲ့တဲ့ မဖြိုးအိသိန်းက အခုလိုပြောပါတယ်။
“ဆူနာမီနဲ့ငလျင်ဖြစ်တဲ့နေရာကတော့ တိုကျိုနဲ့တော့ဝေးတယ်။ ဒါပေမဲ့ တိုကျိုမှာလည်း ငလျင်လှုပ်သွားတော့။ ကျမ ၁၀ နှစ်နေတဲ့ကာလမှာတော့ အကြီးဆုံးလှုပ်တာပဲပေါ့လေ။ အဲဒီတော့ အိမ်ထဲကနေလည်း ထွက်ပြေးတယ်ပေါ့နော်။ ကျန်တဲ့သူငယ်ချင်းတွေကတော့ ရထားထဲမှာပိတ်မိနေတာတို့၊ နောက်ပြီးတော့ အလုပ်ထဲမှာတို့၊ မြေအောက်ထဲမှာ ရောက်နေတာတို့ ထွက်ပြေးရတာမျိုးတွေ ရှိပါတယ်။ အပြင်က အပျက်အစီး အများကြီးမရှိပေမဲ့ ရထားလှိုင်းတွေ အကုန်လုံးရပ်သွားတဲ့အတွက်ကြောင့်မိုလို့ လူတွေ သွားရလာရ ဒုက္ခရောက်တာပေါ့နော်။”
ဂျပန်နိုင်ငံမှာ မြန်မာလူမျိုးခန့်မှန်းချေ ၄ သောင်းလောက် ရှိတဲ့အထဲက တ၀က် ကျော်လောက်ဟာ တိုကျိုမြို့မှာနေထိုင်ကြပြီးတော့ ကျန်တဲ့သူတွေကတော့ အိုဆာကာ၊ နာဂိုယာနဲ့ ကျူချူးဘက်မှာ နေထိုင်ကြတာများတယ်လို့ သိရပါတယ်။
“ကျမလည်း အရမ်းကြောက်ပြီးတော့ နောက်ထပ်လှုပ်မှာက ပထမလှုပ်တာထက်ကို ၇.၉ လောက် မှန်းတယ်ဆိုတာနဲ့ပဲ ကျမက လက်ထဲမှာလည်း လက်မှတ် အဆင်သင့်ရှိတယ်၊ နောက်ပြီး အခွန်ဆောင်ထားတာတွေလည်း ရှိတယ်ဆိုတော့ သံရုံးကိုတော့ သွားစရာမလိုခဲ့ဘူးပေါ့နော်။ ချက်ချင်း လေယာဉ်လက်မှတ်ကို ဘွတ်ကင် လုပ်ပြီးတော့ နောက်ရက်မှာရတယ်ပေါ့လေ။ ဘန်ကောက်ရောက်တော့ ကျမတို့ကို လေယာဉ်ပေါ် ကနေအဆင်းမှာ radiation check လုပ်ပါတယ်။ body ကိုပေါ့နော်။ ပြီးတော့မှ လေဆိပ်ထဲကိုဆင်းရပါတယ်။ ဒီလောက်ပါပဲ။ ရန်ကုန်လေဆိပ်အ၀င်ကတော့ ဘာမှမရှိပါဘူး။ အေးဆေးပါပဲ။”
တိုကျိုမြို့က မကြာသေးခင်ရက်ပိုင်းက ပြန်ရောက်လာခဲ့တဲ့ မဖြိုးအိသိန်း ပြောပြခဲ့တာပါ။
တရုတ်နိုင်ငံ ဆင်ဝှါသတင်းဌာနနဲ့ အပတ်စဉ်ထုတ် Voice သတင်းဂျာနယ်တွေမှာပါတဲ့ သတင်းတွေအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဂျပန်က ၀င်ရောက်လာသူတွေကို ရေဒီယိုသတ္တိကြွဓါတ် ကင်းစင်မှုရှိမရှိ စစ်ဆေးဖို့ မတ်လ ၁၈ ရက်နေ့ လေကြောင်း ခရီးစဉ်ကစတင်လို့ ကျန်းမာရေးနဲ့ သိပ္ပံနဲ့နည်းပညာ ၀န်ကြီးဌာနတို့က ပူးပေါင်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ဆိုပါတယ်။
Ref;VOA
Saturday, March 19, 2011
မြန်မာတချို့ ဂျပန်မှပြန်လာ
ပြည်သူ့အကျိုးပြု လုပ်ငန်းများ NLD တိုးမြှင့်မည်
မတ်လ ၁၈ ရက် ၂၀၁၁ ခုနှစ်
ပါတီရုံးခွဲ မရှိသေးသည့် ကယားပြည်နယ်မှအပ ပြည်နယ်/တိုင်း ၁၃ ခုတွင် ပြည်သူ့အကျိုးပြု လုပ်ငန်းများ အရှိန်ဟုန်မြင့် လုပ်ဆောင်သွားမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောဆိုသည်။
ဗဟန်းမြို့နယ် NLD ရုံးချုပ်တွင် ဗဟိုအလုပ်မှုဆောင်အဖွဲ့နှင့် ပြည်နယ်နှင့် တိုင်း မြို့နယ်စည်းအဖွဲ့၊ အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့ ကိုယ်စားလှယ် စုစုပေါင်း ၅၄ဝ ကျော်တို့ ယခုလ ၉-၁၈ ရက်နေ့အထိ တွေ့ဆုံကာ၊ ၎င်းတို့ဒေသများ၌ လိုအပ်သည့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်များကို တင်ပြဆွေးနွေးအပြီး ချမှတ်ခဲ့ခြင်း ဖြစ်သည်။
“ပြည်သူလူထုရဲ့ ဘဝက လိုအပ်ချက်တွေ အရမ်းများလာနေပါပြီ။ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားပေါ့။ စတဲ့ လိုအပ်ချက်တွေ များလာနေတဲ့ ပြည် သူလူထုကို ကူညီနိုင်ဖို့ ပြည်နယ် တိုင်းတွေကို ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို လုပ်ခိုင်းနေပါတယ်။ အခမဲ့ဆေးခန်း ဖွင့်တာတို့၊ ပညာဒါနတို့၊ သွေးလှူဒါန်းတာတို့၊ သောက်သုံးရေရရှိ ရေး ကူညီနိုင်တာတို့ စတဲ့ ဟာတွေ ကူညီပေးစရာတွေ ရှိတယ်” ဟု အဖွဲ့ချုပ်ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
ဆွေးနွေးပွဲသို့ NLD ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုအလုပ်မှုဆောင်ဝင်များ၊ ပြည်နယ်/တိုင်း ၁၃ ခုမှ စည်းအဆင့် ၃ ဦးစီ၊ မြို့နယ်စည်းအဆင့် ၂ ဦးစီ၊ အမျိုးသမီးအဖွဲ့ ကိုယ်စားလှယ် ၂ ဦးစီနှင့် လူငယ်အဖွဲ့ ၂ ဦးစီဖြင့် ဆွေးနွေးရက် ၁ဝ ရက်အတွင်း ဦးရေ ၅၄ဝ ကျော် တက်ရောက်ခဲ့သည်။
ပြည်နယ်/တိုင်းများတွင် လုပ်ကိုင်နေသည့် ပြည်သူ့အကျိုးပြုလုပ်ငန်း အားနည်းချက်၊ အားသာချက်များ ဆွေးနွေးခဲ့ပြီး၊ တိုးမြှင့်လုပ်ကိုင်သွားမည်ဖြစ်ကာ၊ လုပ်ဆောင်ပေးမည့် ဒေသများလည်း တိုးချဲ့သွားမည်ဖြစ်သည်။
“အခုပြည်သူလူထုမှာ အဓမ္မ လယ်ယာမြေသိမ်းမှု ကိစ္စတွေဖြစ်တယ်။ နောက် ဥပဒေမဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကိုလည်း ဥပဒေအထောက်အကူပြုအဖွဲ့က ဘယ်လို ကူညီနိုင်မလဲဆိုတာ ဆွေးနွေးတယ်။ နောက် ရေရှည်ဆောင်ရွက်သွားဖို့ ကိစ္စတွေ ကိုလည်း မှတ်သားထားပြီးတော့ ဆက်လက်ဆောင်ရွက် သွားဖို့ရှိတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။
ပြည်နယ်/တိုင်း၊ မြို့နယ်စည်းများ၏ တင်ပြတောင်းဆိုမှုများကို ဗဟိုက ချက်ချင်း လုပ်ပေးနိုင်မည့် ကိစ္စများကို ဆုံးဖြတ်လုပ်ဆောင်ပေးခဲ့သလို၊ အချိန်ယူ လုပ်ငန်းများ ကို ဆက်လုပ်သွားမည်ဖြစ်ကြောင်းနှင့် ယင်းသို့ကူညီမှုများကို NLD သို့ ပြည်သူက လှူဒါန်းသည့် ငွေများဖြင့် ဖြည်းဖြည်းချင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အထိန်းသိမ်းခံမှ ပြန်လွတ်ပြီးနောက် ပညာရေး၊ ကျန်းမာရေး ကူညီရေးသာမက၊ နိုင်ငံရေးအကျဉ်း သားများကိုပါ ထောက်ပံ့ပေးနေသည်များလည်း ရှိသည်။
၂ဝ၁ဝ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ဂီရိမုန်တိုင်းသင့် ပြည်သူများကို ကူညီပံ့ပိုးခဲ့သလို၊ ၂ဝဝ၈ ခုနှစ် ဧရာဝတီတိုင်း နာဂစ်မုန်တိုင်းသင့် ဒေသအချို့၌ ရေတွင်းရေကန်များ တူးဖော်ပေးခဲ့သေးသည်။
နောက်ဆုံးရက် ယနေ့၌ ကချင်ပြည်နယ်နှင့် ဆွေးနွေးခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ပါ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ပြည်နယ်/တိုင်း ၁၃ ခုမှ ခေါင်းဆောင် ၅၄ဝ ကျော် တက်ရောက်သဖြင့် အောင်မြင်သည့် ဆွေးနွေးမှုအဖြစ် ပါတီခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြသည်။
“အဖွဲ့ချုပ်ဟာ မှတ်ပုံတင်မထားတော့ဘူး၊ မရှိတော့ဘူးပြောပြော၊ ရှိတယ်ပဲပြောပြောပေါ့ဗျာ။ အဖွဲ့ချုပ်ဟာ ပြည်သူလူထုကြားမှာ ခိုင်ခိုင်မာမာ ဆက်လက်ပြီးတော့ ရှိနေတယ်ဆိုတာ။ ဒါ အထင်ရှားဆုံး သာဓကပဲ။ ဒါကိုက အဓိက ဒီဆွေးနွေးပွဲရဲ့ အောင်မြင်ချက်ဖြစ်တယ်လို့ အဲလို သုံးသပ်ကြပါတယ်။ ပြည်သူလူထုကလည်း အားကိုးနေဆဲပဲဆိုတာ တောင်းဆို နေမှုတွေက သက်သေပါပဲ” ဟု ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ သုံးသပ်ချက်ကို ဦးအုန်းကြိုင်က ပြောပြသည်။
Ref;Mizzima
ပဲခူးတိုင်းအတွင်း လောင်းကစားဝိုင်းများ အလှည့်ကျ ပြုလုပ်နေ
သင်းအောင်
19 March 2011
ပဲခူးတိုင်းရှိ ဇီးကုန်း၊ ကြို့ပင်ကောက်၊ မိုးညိုမြို့နယ်များ၌ သက်ဆိုင်ရာ အာဏာပိုင်များက အလှည့်ကျ ရက်သတ်မှတ်၍ လောင်းကစားဝိုင်းများ ကျင်းပခွင့် ပြုနေသည့်အပေါ် ဒေသခံပြည်သူများက စိတ်ပျက်လျက် ရှိသည်။
၂၀၁၁ ဇန်န၀ါရီ လဆန်းမှ ယနေ့အထိ ပြုလုပ်ခွင့်ရနေသော အဆိုပါ လောင်း ကစားဝိုင်းများသည် ဒေသ တွင်း၌ ရာဇ၀တ်မှု များပြား လာနိုင် ကြောင်းနှင့် လူငယ်များ၏ အကျင့်စာရိ တ္တကို ယိမ်းယိုင်စေကြောင်း ဝေဖန်ပြောဆိုမှုများလည်း ထွက်ပေါ်နေသည်။
ဇီးကုန်းမြို့ခံတဦးက “မတ်ပဲပေါ်ချိန်မို့ ကစားဝိုင်းတွေ ပြုလုပ်ခွင့်ပေးတာလို့လည်း ပြောဖို့ခက်နေတယ်။ အရင်နှစ်တွေက အခုလို နားလည်မှုနဲ့ ခွင့်ပြုတာမျိုး တခါမှမရှိဖူးဘူး” ဟု ပြောဆိုသည်။
လောင်းကစားဝိုင်းများကို တနင်္လာနေ့တွင် မိုးညိုမြို့နယ် ရှေ့ပြေးကျေးရွာ၊ အင်္ဂါနေ့၌ ကြို့ပင်ကောက်မြို့နယ် ဒေါင်းလူးကျေးရွာ၊ ဗုဒ္ဓဟူးနေ့တွင် ဇီးကုန်းမြို့နယ် လေးမျက်နှာ ကျေးရွာ၊ မိုးညိုမြို့နယ် ရွာသာယာကျေးရွာ၊ ကြာသပတေးနေ့၌ ကြို့ပင်ကောက် မြို့နယ် ဖုန်းတောစုကျေးရွာ၊ သောကြာနေ့တွင် မိုးညိုမြို့နယ် အင်းဝင်းကျေးရွာ၊ စနေနေ့တွင် ဇီးကုန်းမြို့နယ် စမ်းရွာ၊ တနင်္ဂနွေနေ့တွင် ဇီးကုန်းမြို့နယ် မယင်းကျေးရွာတို့၌ အလှည့်ကျ ကျင်းပခွင့်ကို မြို့နယ် အာဏာပိုင်များက နားလည်မှုဖြင့် ခွင့်ပြုနေသည်ဟု မိုးညိုမြို့နယ် ဒေသခံများက ပြောသည်။
မိုးညို ဒေသခံတဦးက “ရွာစဉ်အလိုက် အလှည့်ကျ လုပ်နေတဲ့ လောင်းကစားဝိုင်းတွေနဲ့ ကျေးရွာသဘာဝ ပျော်ပွဲရွှင်ပွဲ (အာဝါဒေး) မတူပါဘူး။ အာဝါဒေးဆိုတာ ဘုန်းကြီးပျံ၊ ကျေးရွာစာကြည့်တိုက်၊ ဆေးပေးခန်း၊ စာသင်ကျောင်း ဖွင့်လှစ်ဖို့ ရန်ပုံငွေအဖြစ် အပျော် ကျင်းပခြင်း ဖြစ်ပါတယ်။ အာဝါဒေးတွေနဲ့အတူ လောင်းကစားဝိုင်းတွေ ပါလာတတ်ပါတယ်။ ဒီအပေါ် ရွာဦးကျောင်း ဆရာတော်၊ ကျေးရွာ ဥက္ကဋ္ဌတွေရဲ့ တာဝန်ယူမှုအပေါ် မြို့နယ်က နားလည်မှုနဲ့ ခွင့်ပြုပေးလေ့ ရှိပါတယ်” ဟု ရှင်းပြသည်။
ထိုသို့ ကျေးရွာဥက္ကဋ္ဌမှ တာဝန်ယူကာ အာဝါဒေးကျင်းပနေစဉ် သြဇာရှိသည့် ရွာဦးကျောင်းဆရာတော်မှ လာရောက် တားမြစ်ပါက ကစားဝိုင်းကို ချက်ချင်း ပိတ်သိမ်းပေးရသည့် သာဓကများလည်း ရှိခဲ့ဖူးသည်ဟု ဒေသခံများက ဆိုသည်။
အဆိုပါ လောင်းကစားဝိုင်းများကို အလှည့်ကျ ကျေးရွာ၏ ခြံဝင်းကျယ် နောက်ဘက် ကွက်လပ်များ၊ ရွာနံဘေး လယ်ကွင်းစပ်များ၌ ထင်သာမြင်သာ ပြုလုပ်ကြကြောင်း၊ သိန်း ဆယ်ဂဏန်းချီ ရင်းနှီးကစားသည့် နယ်လှည့် လောင်းကစားသမားကြီးများ၊ ဒေသခံလူငယ်များအပြင် မိန်းကလေးငယ်များပင် တရုန်းရုန်း လာရောက်ကစား လေ့ရှိကြောင်း၊ ဒေသ၏ လူနေမှု စရိုက်အရ အားလုံး၌ ဓားကဲ့သို့သော လက်နက်ကိုယ်စီ ယူဆောင်လာလေ့ရှိကြောင်း၊ ကျေးရွာရဲကင်း (သို့မဟုတ်) မြို့နယ် ရဲစခန်း တာဝန်ရှိသူ ၃၊ ၄ ဦးခန့် ကစားဝိုင်းများအတွင်း စကားပြောစက်ကိုင်ဆောင်ကာ အရပ်ဝတ်ဖြင့် လုံခြုံရေး ပေးထားကြောင်း သိရသည်။
ကစားဝိုင်းများ ပြုလုပ်လေ့ရှိသည့် ကျေးရွာ ဒေသခံတဦးကမူ “ခရိုင်/တိုင်း အဆင့် ဆင်းဖမ်းတော့မယ် သတင်းကြားတာနဲ့ မြို့နယ်ကနေ ကစားဝိုင်း တာဝန်ကျရဲကို စကားပြောစက် အသုံးပြု အကြောင်း ကြားလိုက်တယ်။ ဒီတော့ ကစားဝိုင်းကို ချက်ချင်း ပိတ်သိမ်း လိုက်နိုင်တယ်။ ဒီဝိုင်းတွေကို ဖမ်းချင်ရင် မြို့နယ်ကို အသိမပေးဘဲ ရှောင်တခင် ၀င်ဖမ်းမှ ရနိုင်မယ်” ဟု ပြောသည်။
လောင်းကစားဝိုင်းများမှာ လေးကောင်ဂျင် ၂ ၀ိုင်း၊ ကြက်ဝိုင်း ၂ ၀ိုင်းနှင့် ဂျုံးဂျုံးကျခုံ ၀ိုင်း (မျက်နှာပြင် ၆ ဘက်ပါ အံစာဝိုင်း) ၆ ၀ိုင်း ခန့် ပါဝင်ကြောင်း၊ ကစားဝိုင်းများအတွင်း အငြင်းပွားမှုများ၊ မလိုလားအပ်သော ဆိုးကျိုးများဖြစ်ပေါ်မှု မရှိရန် ၀ါရင့် လောင်းကစား သမားကြီးများက ဦးဆောင် ထိန်းသိမ်းကြောင်း၊ လောင်းကစားခွင့် ရရှိရေးအတွက် ကျေးရွာ ဥက္ကဋ္ဌ သို့မဟုတ် တာဝန်ရှိ အာဏာပိုင် တဦးထံ သတ်မှတ် အခကြေးငွေ ပေးသွင်းရကြောင်း သိရသည်။
အခကြေးငွေ ပေးသွင်းရမှုအပေါ် လေးကောင်ဂျင်ဒိုင်တဦးက “ထိုးသား အခြေ အနေပေါ်ကြည့်ပြီး တာဝန်ခံကို တနေ့ ပေးသွင်းငွေ မတူကြဘူး။ ပျမ်းမျှ လေးကောင်ဂျင်တ၀ိုင်း ခွင့်ပြုကြေး ကျပ် ၁ သိန်းခွဲ၊ ကြက်ဝိုင်း ကျပ် ၁ သိန်း၊ ဂျုံးဂျုံးကျ တခုံ ၃ သောင်းကနေ ၅ သောင်းအထိ နေ့စဉ် ပေးသွင်းကြရတယ်” ဟု ဆိုသည်။
လောင်းကစားဝိုင်း တာဝန်ခံသည် ၎င်း၏ နေ့စဉ်ကောက်ခံရရှိငွေ ၇ သိန်း၊ ၈ သိန်းခန့်ထဲမှ မြို့နယ်အဆင့် ဒေသအာဏာပိုင်များသို့ ထပ်မံပေးသွင်းကြရသည်ဟု အထက်ပါ လေးကောင်ဂျင်ဒိုင်က ပြောသည်။
ပြီးခဲ့သည့် မတ်လဆန်းက ချဲထီ၊ ဘောလုံး လောင်းကစား ငွေကြေးများဖြေရှင်းရန် အခက်အခဲကြောင့် ကြို့ပင်ကောက်မြို့ သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးတီပွား အပါအ၀င် မိသားစု ၃ ဦး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ဖြစ်ပွားအပြီး ချဲထီ လောင်းကစားဒိုင်များကို မြို့နယ် အာဏာပိုင်များက အပူတပြင်း ဖမ်းဆီးလျက် ရှိသည်။
Ref;Irrawaddy
အင်တာနက် လိုင်းကျမှု စီးပွားရေးလုပ်ငန်းများ ထိခိုက်
ခိုင်သွယ်
19 March 2011
မြန်မာနိုင်ငံအတွင်း အင်တာနက်လိုင်းများ နှေးကွေးနေခြင်း၊ လိုင်းများ ယခုနှစ်ဦးမှစ၍ ယခုအထိ မကြာခဏ ပြတ်တောက်နေခြင်းတို့ကြောင့် အင်တာနက်ကို ဆက်သွယ်ရေး လမ်းကြောင်းအဖြစ် မှီခိုလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများတွင် ထိခိုက်မှုများ ဖြစ်ပေါ်လျက်ကြောင်း သိရသည်။
ယင်းသို့ နှေးကွေး၊ ပြတ်တောက် ခြင်းများကြောင့် နိုင်ငံခြားမှ ပစ္စည်းများ ဆက်သွယ် ဝယ်ယူရာတွင် အခက် အခဲများ ဖြစ်ပေါ်ပြီး နစ်နာမှုများ ရှိနေ ကြောင်း ဆေးဝါးဖြန့်ချိရေး ကုမ္ပဏီ တခုက ပြောသည်။
အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတဦးက “အီးမေးလ်သုံးလို့ မရတဲ့အတွက် အချိန်မီ ဆေးပစ္စည်းမှာလို့ မရတဲ့ပြဿနာတွေ ဖြစ်ခဲ့တယ်။ အင်တာနက်လိုင်းတွေ မကောင်းတာ လနဲ့ချီနေတာဆိုတော့ ကျနော်တို့ လုပ်ငန်းတွေတင်မကဘူး၊ နိုင်ငံတကာနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေ အားလုံးနီးပါး ပြဿနာရှိနေတာပဲ။ ရေရှည် ဖြစ်နေမယ်ဆိုရင်တော့ လုပ်ငန်းထဲမှာ အခုထက်ပိုပြီး ထိခိုက်နစ်နာမှုတွေ ဖြစ်နေဦး မှာပဲ” ဟု ပြောသည်။
အင်တာနက် ပြဿနာကြောင့် အခက်အခဲဖြစ်သော လုပ်ငန်းများတွင် သွင်းကုန်၊ ထုတ်လုပ်လုပ်ငန်းများ၊ လေယာဉ်လက်မှတ် အရောင်းဌာနများနှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများ ပါဝင်ကြောင်း၊ အစိုးရ၀န်ကြီးဌာနများတွင်လည်း အခက်အများရှိကြောင်း ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။
ကုန်သည်ကြီးများအသင်းမှ အသင်းဝင်တဦးက “ကျနော်တို့လည်း ပုံမှန် အင်တာနက်သုံးနေရတာပဲ။ ဒေါ်လာဈေး၊ ကမ္ဘာ့ရေနံဈေး၊ ရွှေဈေး အတက် အကျတွေပေါ်မှာ မူတည်ပြီး အလုပ်လုပ်ကြရတာ၊ လုပ်ငန်းလည်ပတ် ကြတာဆိုတော့ ဒီနေ့ခေတ်မှာ အင်တာနက် စနစ်ပေါ်မှာ အများကြီးမူတည်နေတယ်။ လုပ်ငန်းပိုင်းတွေမှာပါ အများကြီး ထိခိုက်လာတယ်” ဟု ပြောသည်။
ဆက်သွယ်ရေး ဝန်ကြီးဌာနကမူ ပြည်တွင်းအင်တာနက် မြန်နှုန်းများ တိုးမြှင့်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဖိုက်ဘာဆက်ကြောင်းများအပြင် ပြည်တွင်းဆက်ကြောင်း များတွင်လည်း Bandwdth များတိုးချဲ့ရန် စီစဉ်နေသည်ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အင်တာနက်ကို အဓိက သုံးစွဲနေကြသူများမှာ ပြည်ပနှင့်ချိတ်ဆက်ပြီး လုပ်ကိုင်နေကြသော စီးပွားရေးလုပ်ငန်းရှင်များ၊ သတင်းမီဒီယာသမားများ၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်လေ့လာနေကြသော ကျောင်းသူ ကျောင်းသားများ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များလည်း ပါဝင်သည်။
ခရီးသွား အေးဂျင့်တခုမှ ဝန်ထမ်းတဦးက “ဆက်သွယ်ရေးကတော့ ပြည်ပက တိုက်ခိုက်လို့လို ပြောတာပဲ။ တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည် အင်တာနက် သုံးနေလို့လို့ ပြောကြတယ်။ ဘယ်ဟာ အမှန်လဲတော့ မပြောတတ်ဘူး။ အင်တာနက် သုံးလို့မကောင်းတာကတော့ အမှန်ပဲ” ဟု ပြောသည်။
ယခုကဲ့သို့ အင်တာနက်လိုင်းများ နှေးလာခြင်းနှင့် ပြတ်တောက်ခြင်းတို့မှာ ပြည်တွင်း အင်တာနက်ဆက်သွယ်မှု စနစ်များအား DDos Attack စနစ်ဖြင့် ပြည်ပနိုင်ငံများမှ တိုက်ခိုက်မှုများကြောင့် ဖြစ်ကြောင်း ယခုနှစ် အစောပိုင်းတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သတင်းထုတ်ပြန်ခဲ့သည်။
ဆိုက်ဘာတိုက်ခိုက်မှုများကို ၂၀၁၀ ခုနှစ်မှ စတင်ပြီး မကြာခဏ ကြုံတွေ့ နေရခြင်းဖြစ်ကြောင်း မြန်မာတယ်လီပို့မှ ဝန်ထမ်းတဦးက ပြောသည်။
“ပြည်ပ မီဒီယာဝက်ဘ်ဆိုက်တွေကို proxy တွေနဲ့လည်း ဖွင့်လို့မရအောင် ပိတ်တယ်။ ဂျီမေးလ်အကောင့်တွေကိုလည်း ခိုးကြည့်နေတော့ လိုင်းတွေကို တက်လိုက် ကျလိုက်ဖြစ်အောင် ထိန်းထားနေတဲ့အတွက် လိုင်းကျနေတယ်” ဟု မြန်မာတယ်လီပို့မှ အိုင်တီကျွမ်းကျင် ပညာရှင်တဦးကလည်း ပြောသည်။
ပြည်တွင်း အင်တာနက်လိုင်းများအား ရတနာပုံတယ်လီပို့မှ လိုသလို ထိန်းချုပ်၍ရကြောင်း အဆိုပါ အိုင်တီပညာရှင်က ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ထူးကုမ္ပဏီခွဲတခုဖြစ်သော Elite ကုမ္ပဏီမှ ၀န်ဆောင်မှုပေးနေသော အင်တာနက်စနစ်ပါ CDMA 800 MHZ ဖုန်းများတွင်ပါ အင်တာနက်လိုင်းများ ကျဆင်းခြင်း၊ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်နေသောကြောင့် အဆိုပါဖုန်း အပါအ၀င်၊ EVDO မိုဒန်းများပါ ရောင်းအား ကျဆင်းလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူမှာ ၂၀၀၈ ခုနှစ်တွင် အင်တာနက် သုံးစွဲသူ ၇၈၀၀၀၊ ၂၀၀၉ ခုနှစ်တွင် ၉၃၀၀၀၊၂၀၁၀ ခုနှစ်တွင် ၃ သိန်းကျော်မှ ယခု ၂၀၁၁ တွင် ၃ သိန်း ၅ သောင်းကျော်အထိ တက်လာခဲ့ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းဇော်က ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ဆဋ္ဌမနေ့တွင် ပြောကြားသွားခဲ့သည်။
မြန်မာနိုင်ငံတွင် အင်တာနက် တပ်ဆင်ထားသော လိုင်းအရေအတွက် ၄ သောင်းကျော်ရှိပြီး အများစုမှာ ADSL အင်တာနက် လိုင်းဖြင့် ချိတ်ဆက်ထားခြင်းဖြစ်ကြောင်း၊ ADSL လိုင်းဖြင့် သုံးစွဲသူမှာ ရန်ကုန်မြို့တွင် အများဆုံးဖြစ်ပြီး ၅ ထောင်ဝန်းကျင် ရှိကြောင်း သိရှိရသည်။
Ref;Irrawaddy
Friday, March 18, 2011
အင်န်အယ်ဒီဆိုတာ အများအတွက် အများနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်း
မိုးမခ၊ မတ် ၁၆၊ ၂၀၁၁
မိုးမခနဲ့ ဦးဝင်းတင်တို့ ယခုတပတ်တွေ့ဆုံကြရာမှာ လက်ရှိ ပါတီဌာနချူပ်မှာ တိုင်းနဲ့ ပြည်နယ် အသီးသီးက လူငယ်များ၊ ပါတီဝင်များနဲ့ တွေ့ဆုံ ဆွေးနွေးကြတာတွေ၊ အသိအမြင် သဘောထားများ ဖလှယ်ကြတဲ့ အကြောင်း တွေကို မေးမြန်း ဖြစ်ခဲ့ပါတယ်။
ပထမမေးချင်တာကတော့ မြန်မာပြည်မှာ နိုင်ငံရေးလှုပ်ရှား တက်ကြွမှု ရေခံ မြေခံအတွက် ဘာတွေ ရှိနေပြီလဲ။ အင်န်အယ်ဒီ ပါတီင်္နဲ့ ပါတီရဲ့ အင်အားတွေက အဲသည်မှာ ရှိနေပြီလား။ ဥပမာ အားဖြင့် နိုင်ငံရေးကို စိတ်ဝင်စား တက်ကြွတဲ့ လုပ်ကိုင်နိုင်တဲ့ လူပုဂ္ဂိုလ် တဦးချင်း ရှိနေပြီ။ အဲသည် လူတဦးချင်း ဆီကို အားပေး ၀န်းရံကူညီတဲ့ ပတ်ဝန်းကျင် ရှိနေပြီ။ ပြီးတော့ အဲသည် လူပုဂ္ဂိုလ် တဦးချင်းစီကနေ စုဝေးပူးပေါင်းပြီး ရပ်တည် လှုပ်ရှားနိုင်တဲ့ အဖွဲ့အစည်း အဖြစ် ရှိနေပြီ။ အဲသည်လိုမျိုး individual – society – institution ဆိုတာမျိုး မြန်မာပြည် ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ အင်န်အယ်ဒီရဲ့ နေရာက ဘယ်လိုမျိုး ရောက်ရှိနေသလဲ ဆိုတာကို မေးချင်ပါတယ်။
ပထမအချက်ပြောချင်တာကတော့ ပါတီအဖွဲ့အစည်းတရပ်လို့ပဲ ပြောပြော၊ အင်စတီ ကျူးရှင်းလို့ပဲ ဆိုဆို အဖွဲ့အစည်း ဆိုပြီးတော့ အလုပ် လုပ်စရာ မရှိရင် အလကားပဲ။ ဒါကြောင့် တိုင်းပြည်ရဲ့ အနာဂတ်က အရေးကြီးတယ်၊ ဒီမိုကရေစီ ရရှိအောင် စွမ်းဆောင်နိုင်ရေး၊ လုပ်ကိုင်နိုင်ရေး သာလျင် အဓိက ကျတယ်လို့ ကျနော်တို့ အစည်းအဝေးတွေမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါတွေကို ဦးတည်ပြီး လုပ်ကိုင်နိုင်ရင် စွမ်းဆောင်နိုင်တဲ့ ပြည်သူ ထောက်ခံမှုရတဲ့ အဖွဲ့အစည်းပဲလို့ ပြောချင်တာ ဖြစ်တယ်လို့ ကျနော်က ထင်မြင်ပါတယ်။
အခုအချိန်မှာလည်းပဲ ပြည်သူလူထုက အားကိုးတဲ့ မျှော်လင့်ယုံကြည်တဲ့ ခေါင်းဆောင်တွေ ရှိတာကြောင့်၊ တိုင်းပြည်ရဲ့ နိုင်ငံရေး ကိစ္စတွေမှာ မှန်ကန်တဲ့ ရပ်တည်ချက်တွေ လုပ်ရပ်တွေနဲ့ သက်သေ ပြနိုင်ခဲ့တာကြောင့် ပြည်နယ်နဲ့ တိုင်းအသီးသီး ပါတီတွေ၊ လူငယ်တွေ အင်အားတွေနဲ့ ပါတီ ညီလာခံ သဘောမျိုး ကျင်းပနေနိုင်တာ မဟုတ်လား ဆရာ။
ပြောလို့ ရပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ကျနော်တို့ရဲ့ နိုင်ငံရေးအင်အားစု တွေဟာ တလျောက်လုံး ဖိနှိပ်မှုတွေ ဖြိုခွဲမှုတွေ ခံလာခဲ့ရတော့ ပါတီ အဖွဲ့အစည်းတွင်းမှာ မျူိးဆက် ကွာဟမှုတွေ ရှိနေတယ်။ စစ်အစိုးရက ကန့်သတ် ပိတ်ဆို့မှုတွေ လုပ်ခဲ့တာတွေကြောင့် ပြည်သူတွေနဲ့ ပါတီ အင်အားတွေ ကြားမှာလည်း နီးစပ် ရင်းနှီးမှုတွေ အားနည်း နေတာတွေ ရှိတာကိုလည်း ၀န်ခံရပါမယ်။
ဒါဆိုရင် အားရှိစရာ အခြေအနေတွေကော မရှိဘူးလားဆရာ။ အခု ရွေးကောက်ပွဲကြီး ပြီးဆုံး သွားတဲ့ အခုကာလ အပိုင်းအခြား အတွင်းမှာ လွှတ်တော်တွင်းကို ၀င်ရောက်ခြင်း မပြုဘဲနဲ့ မြန်မာ ပြည်သူ လူထုတွေနဲ့ အတူ ရပ်တည် နေတယ် ဆိုတဲ့ အင်န်အယ်ဒီပါတီ အဖွဲ့အစည်း တရပ် အနေနဲ့ ဘာတွေ အားတက်စရာ၊ အားရစရာ အခြေအနေတွေ ရှိသလဲ။
ရှိတာပေါ့။ အခု ပါတီက တိုင်းနဲ့ ပြည်နယ်က လာရောက်ကြတဲ့ဆီမှာ အတွေ့ အကြုံတွေ၊ အကြံ ဥာဏ်တွေ၊ အခက်အခဲတွေ ကိုယ်စီ ကိုယ်ငှ အများကြီး ရှိတယ်။ အဖွဲ့ အစည်း အနေနဲ့ အခုလို စုဝေး မိကြလို့ တဦးနဲ့ တဦး ဝေမျှစရာ၊ သင်ခန်းစာ ယူစရာ၊ ၀ိုင်းဝန်း ဆွေးနွေး တိုင်ပင်စရာတွေ ရှိကြရတာ ဖြစ်ပါတယ်။ ဗဟိုနဲ့ မြို့နယ်တွေ ဆက်သွယ်ဖို့၊ မြို့နယ်တွေ အချင်းချင်း ဆက်သွယ် ကြဖို့ ဒါတွေ အသိပညာ ဖလှယ် နိုင်တယ်။ ကိုယ့် ပတ်ဝန်းကျင်နဲ့ ပြည်သူတွေကြား အဆက်အစပ်တွေ ကူညီ အားပေးနိုင်ဖို့ အကြောင်းတွေ မြင်တွေ့ လာကြတယ်။ ကိုယ်သန်ရာ အားသန်ရာတွေ တွေ့လာရတယ်။ လွှတ်တော်ထဲမှာ အချိန် ကုန်နေမယ့် အစား ဆင်းရဲ ကြပ်တည်းမှု မျိုးစုံ ရင်ဆိုင်နေရတဲ့ ပြည်သူလူထုနဲ့ အတူ လုပ်စရာတွေ လုပ်နေ ကြရတာတွေ သိလာကြတယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက် တွေကို ပိုပြီး အမြင် ရှင်းလာကြတယ်လို့ ပြောနိုင်ပါတယ်။
ဘယ်လိုမျိုး လူထုကြားထဲမှာ လုပ်စရာတွေ ရှိနေတယ်လို့ ပြောဆို ဆွေးနွေး လာကြတာလဲ ဆရာ။
လူမှုရေးလိုအပ်ချက်တွေ၊ ပညာရေးလိုအပ်ချက်တွေက အစ ပြည်သူတွေမှာ လိုနေတယ်။ လယ်သမား ရေးရာ၊ အလုပ်သမား ရေးရာ ပြီးတော့ ကလေးစစ်သား စတဲ့ အရေး ကိစ္စတွေက နေရာအနှံ့မှာ ဖြစ်ပွားနေတယ်။ အဲသည် အတွက် အရေးအကြောင်း ရှိလို့ ကျနော်တို့ဆီက ပါတီဝင်တွေ၊ လူငယ်တွေ၊ ကွန်ယက်တွေက အဆင်သင့် လုပ်စရာရှိတာ လုပ်ပေး နိုင်မယ်လို့ ကျနော်က မျှော်လင့်တယ်။ ဥပမာ သွေးလှူဖို့ လိုနေတာမျိုးမှာ ကျနော်တို့က သွားလှူ နိုင်ရမှာပေါ့။ သဘာဝ ဘေးဒဏ်တွေ ဘေးဒုက္ခတွေ ဖြစ်ပွားလာရင် ကျနော်တို့တွေက ၀ိုင်းပြီး လုပ်ကိုင်ပေးရမယ်။ အဲသည်အတွက် ကျနော်တို့တွေ ကိုယ်တိုင်က ကြောက်ရွံ့နေတာ၊ စိုးရိမ် နေတာကို ဖယ်ရှား ထားနိုင်ရမယ်။ ဒါတွေကို ဆွေးနွေးဖြစ်တယ်။ ပြောကြတယ်။ ဒါတွေဟာ ကျနော်တို့ အတွက် New Dimension တွေ ဖြစ်တယ်လို့ ပြောချင်ပါတယ်။
ဒါဆိုရင် မြန်မာပြည်မှာ ပြည်သူလူထု အများစုရဲ့ အကျိုး စီးပွားကို ကိုယ့်ခြေထောက် ပေါ်ကို ရဲရဲ ရပ်တည် ပြီးတော့ ဆောင်ရွက် ပေးတာ၊ ဒီမို ကရေစီရေး အတွက် စွန့်စားပြီး ဆောင်ရွက်နေတဲ့ ပြည်တွင်း institution လိုမျိုး အဖွဲ့ အစည်း ဆိုတာက အင်န်အယ်ဒီလို မျိုးတွေက ရှိနေတယ် ဆိုရင် အခုမှ မှတ်ပုံတင်ပြီးတော့ ရွေးကောက်ပွဲ ၀င်ပြီး လွှတ်တော်ထဲ ၀င်သွားကြတဲ့ ပါတီတွေ၊ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို ဘယ်လို ပြောမလဲ ဆရာ။
ဒါတွေက အခုကတည်းမှ မဟုတ်ပါဘူး၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ တဆညလို ပါတီမျိုးတွေ၊ အဲသည် ပါတီဝင် လူပုဂ္ဂိုလ်တွေ ရှိနေတာပဲ။ ပြီးတော့ လူမှုရေး အသင်းဆိုပြီး ထူထောင်ခဲ့တဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်း ကိုယ်တိုင်ကလည်း နိုင်ငံရေး ပါတီ အသွင်ပြောင်းပြီး ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့တာတွေ မြင်နေရတာပဲ။ သူတို့တတွေက အများပြည်သူတွေ အတွက် ဘာတွေ ရပ်တည် ဆောင်ရွက် ပေးနိုင်တာ၊ ပေးခဲ့တာ ရှိသလဲ။ ဒါတွေကို နှိုင်းယှဉ်ပြီးတော့တောင် ပြောစရာ မလိုဘူး လို့ ထင်ပါတယ်။ အခုအချိန်မှာ အတိတ်က အကြောင်းတွေ ပြန်မကြည့်နဲ့ဦး အခုလက်ရှိမှာကော၊ အနာဂတ်မှာပါ သူတို့တွေရဲ့ ရပ်တည်ချက်တွေ၊ လုပ်ဆောင် ချက်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်မှာ ဒီမိုကရေစီ ရရှိလာအောင် ဘယ်လိုမျိုး စွမ်းမှာလဲ၊ လုပ်မှာလဲ ဆိုတာကို မြန်မာ ပြည်သူတွေက အဖြေ သိထားပြီး ဖြစ်တယ်လို့ ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာ။ ဆရာရဲ့ ကျန်းမာရေးကော ဘယ်လိုလဲဆရာ။ နေကောင်းရဲ့လား။ ၈၁ နှစ် ပြည့် မွေးနေ့ အတွက် ဆုတောင်းလိုက်ပါတယ် ခင်ဗျာ။
အေးဗျာ။ အသက်ကကြီးလာတော့ မောတယ်ဗျာ။
Ref: မိုးမခ
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ – ၄၄၅ ၏ အကာအကွယ်ကို မရ နိုင်သော နအဖ ကျူးလွန်ထားသည့် ပြစ်မှုများ
Mar 15th, 2011
၂၀၁၀ခုနှစ်၊ နိုဝင်ဘာတွင် ရွေးကောက်ပွဲ ကျင်းပပြီးသည့် နောက်ပိုင်းနှင့် လွှတ်တော်များ ကျင်းပနေသည့် အချိန်များတွင် နအဖ သည် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ – ၄၄၃အရ ဥပဒေများကို ဆက်တိုက် ပြဌာန်း လာသည်ကို တွေ့ရသည်။ နိုင်ငံတော်၏ ဘဏ္ဍာငွေ အရ အသုံး ဆိုင်ရာ ဥပဒေကို နှစ်စဉ် များသော အားဖြင့် မတ်လ (၂၀) ရက်နေ့ နောက်ပိုင်းတွင်မှ ထုတ်ပြန်လေ့ ရှိသော်လည်း၊ ယခုနှစ်တွင် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ ကတည်းက နိုင်ငံတော် ပြန်တမ်းဖြင့် ထုတ်ပြန် ထားသည်ကို တွေ့ရသည်။ ယင်းသို့ ထုတ်ပြန် ကြေငြာရာတွင်လည်း ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ – ၄၄၃ တွင် “ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ အကောင်အထည် ဖေါ်ရေးအတွက် ကြိုတင် ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများကို နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ဆောင်ရွက်ပေးရန် ပြဌာန်း ပေးထားသည့် အလျောက်” ဆိုသည်ကို တွင်တွင် ကျယ်ကျယ် အသုံးပြုလျက် ဥပဒေများကို ရေးဆွဲ ပြဌာန်းနေခြင်း ဖြစ်ကြောင်း တွေ့ရှိသည်။
နိုင်ငံတော် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြဌာန်းခြင်းမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ အကောင် အထည် ဖေါ်ရေးအတွက် န.အ.ဖ အနေဖြင့် ကြိုတင် ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်း ဟုတ်သည်/မဟုတ်သည် ဆိုသည်မှာ အငြင်း ပွားစရာ ပြဿနာ ဖြစ်သည်။ မြန်မာ နိုင်ငံတွင် စစ်တပ်မှ အာဏာ သိမ်းပြီးနောက်ပိုင်း န.၀.တ၊ န.အ.ဖ အစိုးရ လက်ထက်တွင် -
(၁) ၁၉၈၉ ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၈/၈၉ အဖြစ် (၂၂.၃.၁၉၈၉) ရက်နေ့တွင် လည်းကောင်း၊
(၂) ၁၉၉၀ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၄/၉၀ အဖြစ် (၁၅.၃.၁၉၉၀) ရက် နေ့တွင်လည်းကောင်း၊
(၃) ၁၉၉၀ ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၅/၉၀ အဖြစ် (၂၉.၃.၁၉၉၀) ရက်နေ့တွင် လည်းကောင်း၊
(၄) ၁၉၉၁ခုနှစ် နောက်ထပ် နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၃/၉၁ အဖြစ် (၁၉.၃.၁၉၉၁) ရက် နေ့တွင်လည်းကောင်း၊
(၅) ၁၉၉၁ ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၄/၉၁ အဖြစ် (၂၈.၃.၁၉၉၁) ရက်နေ့တွင် လည်းကောင်း၊
(၆) ၁၉၉၂ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၃/၉၂ အဖြစ် (၂၆.၃.၁၉၉၂) ရက် နေ့တွင်လည်းကောင်း၊
(၇) ၁၉၉၂ ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၄/၉၂ အဖြစ် (၂၀.၃.၁၉၉၂) ရက်နေ့တွင် လည်းကောင်း၊
(၈) ၁၉၉၃ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၂/၉၃ အဖြစ် (၂၅.၃.၁၉၉၃) ရက် နေ့တွင်လည်းကောင်း၊
(၉) ၁၉၉၃ ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၃/၉၃ အဖြစ် (၂၉.၃.၁၉၉၃) ရက်နေ့တွင် လည်းကောင်း၊
(၁၀) ၁၉၉၄ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၂/၉၄ အဖြစ် (၂၄.၃.၁၉၉၄) ရက် နေ့တွင်လည်းကောင်း၊
(၁၁) ၁၉၉၄ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၃/၉၄ အဖြစ် (၂၈.၃.၁၉၉၄) ရက်နေ့တွင် လည်းကောင်း၊
(၁၂) ၁၉၉၅ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၂/၉၅ အဖြစ် (၂၄.၃.၁၉၉၅) ရက် နေ့တွင်လည်းကောင်း၊
(၁၃) ၁၉၉၅ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၃/၉၅ အဖြစ် (၂၉.၃.၁၉၉၅) ရက်နေ့တွင် လည်းကောင်း၊
(၁၄) ၁၉၉၆ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၃/၉၆ အဖြစ် (၂၅.၃.၁၉၉၆) ရက် နေ့တွင်လည်းကောင်း၊
(၁၅) ၁၉၉၆ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၄/၉၆ အဖြစ် (၂၉.၃.၁၉၉၅) ရက်နေ့တွင် လည်းကောင်း၊
(၁၆) ၁၉၉၇ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၇/၉၇ အဖြစ် (၂၅.၃.၁၉၉၇) ရက် နေ့တွင်လည်းကောင်း၊
(၁၇) ၁၉၉၇ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၈/၉၇ အဖြစ် (၂၉.၃.၁၉၉၇) ရက်နေ့တွင် လည်းကောင်း၊
(၁၈) ၁၉၉၈ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၅/၉၈ အဖြစ် (၂၈.၃.၁၉၉၈) ရက် နေ့တွင်လည်းကောင်း၊
(၁၉) ၁၉၉၈ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၆/၉၈ အဖြစ် (၃၀.၃.၁၉၉၈) ရက်နေ့တွင် လည်းကောင်း၊
(၂၀) ၁၉၉၉ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၁/၉၉ အဖြစ် (၁၀.၃.၁၉၉၉) ရက် နေ့တွင်လည်းကောင်း၊
(၂၁) ၁၉၉၉ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၂/၉၉ အဖြစ် (၃၀.၃.၁၉၉၉) ရက်နေ့တွင် လည်းကောင်း၊
(၂၂) ၂၀၀၀ပြည့်နှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၃/၀၀ အဖြစ် (၁၆.၃.၂၀၀၀) ရက် နေ့တွင်လည်းကောင်း၊
(၂၃)၂၀၀၀ပြည့်နှစ်၊ နိုင်ငံတော်ဘဏ္ဍာငွေအရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ်-၄/၀၀ အဖြစ် (၂၈.၃.၂၀၀၀) ရက်နေ့တွင် လည်းကောင်း၊
(၂၄) ၂၀၀၁ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၃/၀၁ အဖြစ် (၁၆.၃.၂၀၀၁) ရက် နေ့တွင်လည်းကောင်း၊
(၂၅) ၂၀၀၁ခုနှစ်၊နိုင်ငံတော်ဘဏ္ဍာငွေအရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ်-၄/၀၁ အဖြစ် (၂၈.၃.၂၀၀၀) ရက်နေ့တွင် လည်းကောင်း၊
(၂၆) ၂၀၀၂ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၄/၀၂ အဖြစ် (၁၂.၃.၂၀၀၂) ရက် နေ့တွင်လည်းကောင်း၊
(၂၇) ၂၀၀၂ခုနှစ်၊နိုင်ငံတော်ဘဏ္ဍာငွေအရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ်-၅/၀၂ အဖြစ် (၂၆.၃.၂၀၀၂) ရက်နေ့တွင် လည်းကောင်း၊
(၂၈) ၂၀၀၃ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၅/၀၃ အဖြစ် (၁၅.၃.၂၀၀၃) ရက် နေ့တွင်လည်းကောင်း၊
(၂၉) ၂၀၀၃ခုနှစ်၊နိုင်ငံတော်ဘဏ္ဍာငွေအရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ်-၆/၀၃ အဖြစ် (၂၈.၃.၂၀၀၃) ရက်နေ့တွင် လည်းကောင်း၊
(၃၀) ၂၀၀၄ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၂/၀၄ အဖြစ် (၁၇.၃.၂၀၀၃) ရက် နေ့တွင်လည်းကောင်း၊
(၃၁) ၂၀၀၄ခုနှစ်၊နိုင်ငံတော်ဘဏ္ဍာငွေအရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ်-၃/၀၄ အဖြစ် (၃၀.၃.၂၀၀၃) ရက်နေ့တွင် လည်းကောင်း၊
(၃၂) ၂၀၀၆ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၁/၀၆ အဖြစ် (၂၂.၃.၂၀၀၆) ရက် နေ့တွင်လည်းကောင်း၊
(၃၃) ၂၀၀၆ခုနှစ်၊နိုင်ငံတော်ဘဏ္ဍာငွေအရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ်-၄/၀၆ အဖြစ် (၂၈.၃.၂၀၀၆) ရက်နေ့တွင် လည်းကောင်း၊
(၃၄) ၂၀၀၇ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၃/၀၇ အဖြစ် (၂၂.၃.၂၀၀၇) ရက် နေ့တွင်လည်းကောင်း၊
(၃၅) ၂၀၀၇ ခုနှစ်၊နိုင်ငံတော်ဘဏ္ဍာငွေအရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ်-၄/၀၇ အဖြစ် (၂၉.၃.၂၀၀၇) ရက်နေ့တွင် လည်းကောင်း၊
(၃၆) ၂၀၀၈ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၃/၀၈ အဖြစ် (၂၀.၃.၂၀၀၈) ရက် နေ့တွင်လည်းကောင်း၊
(၃၇) ၂၀၀၈ ခုနှစ်၊နိုင်ငံတော်ဘဏ္ဍာငွေအရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ်-၄/၀၈ အဖြစ် (၂၄.၃.၂၀၀၇) ရက်နေ့တွင် လည်းကောင်း၊
စသည်အားဖြင့် ထုတ်ပြန်ခဲ့သည်။ (နှစ်အလိုက် လိုအပ်သည့် ဥပဒေများကို ထပ်မံ ဖေါ်ပြပါမည်။) ဘဏ္ဍာရေးနှစ် အလိုက် အရသုံး ဆိုင်ရာစာရင်းနှင့် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးတို့ အတွက် ထုတ်ပြန်ခြင်းဖြစ်ရာ အထူးသဖြင့် ဘဏ္ဍာရေးနှစ်စ၊ ဧပြီလ(၁)ရက်နေ့တွင် စတင် အကျိုး သက်ရောက်မည့် ဥပဒေများကို မတ်လ နှောင်းပိုင်းနှင့် မတ်လကုန် ပိုင်းတွင်သာ ထုတ်ပြန်လေ့ ရှိသည်မှာ အစဉ်အလာ ဖြစ်သည်။ သို့ရာတွင် ယခုနှစ်တွင် ၂၀၁၁ – ၂၀၁၂ ဘဏ္ဍာငွေ ရ/သုံး ဥပဒေကို ဖေဖေါ်ဝါရီလ အတွင်း စောလျင်စွာ နိုင်ငံတော် ပြန်တမ်းတွင် ထည့်သွင်း ဖေါ်ပြထားခြင်းနှင့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ – ၄၄၃အရ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ အကောင်အထည် ဖေါ်ရာတွင် န.အ.ဖ အနေဖြင့် ကြိုတင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဖြစ်၊ ယင်းဥပဒေကို ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။
ယင်းဥပဒေကို ထုတ်ပြန်ရာတွင် န.အ.ဖ အနေဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ ပုဒ်မ – ၄၄၃ အရ ပေးအပ်သည့် လုပ်ပိုင်ခွင့်ကို အသုံးပြုခြင်းသည် ဥပဒေ သဘောအရ အငြင်း ထွက်သည့် ပြဿနာ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၀၁၁ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် ထုတ်ပြန်သည့် ကြေငြာချက်အမှတ် – ၄/၀၃/၂၀၁၁ တွင် ပြည်သူ့ ဘဏ္ဍာငွေကို ဥပဒေနှင့်အညီ ခွဲဝေသုံးစွဲရန်ကိစ္စမှာ ပြည်သူ့ လွှတ်တော်မှ ဥပဒေ အဖြစ် ပြဌာန်းမှသာ ဆီလျော်မည် -ဟု အတိအလင်း ထုတ်ပြန် ကြေငြာထားသည်။
န.အ.ဖ အနေဖြင့် ၄င်းတို့စိတ်တိုင်းကျ ရွေးကောက်ပွဲ ကျင်းပပြီးသည့် နောက်ပိုင်း၊ ၄င်းတို့ ဖြစ်ချင်သော သဘော ဆန္ဒများနှင့် ကိုက်ညီစွာ တင်းကြပ်သော စည်းမျဉ်း စည်းကမ်းများဖြင့် လွှတ်တော်များကို ခေါ်ယူ ကျင်းပနေသည့် တိုင်အောင် အခြား တဖက်တွင် ဥပဒေများကို တခုပြီးတခု ထုတ်ပြန်နေခြင်းမှာ မည်သည့် အတွက်ကြောင့်နည်း။ မေးခွန်း ထုတ်စရာ ဖြစ်လာပါသည်။
န.အ.ဖ ဘက်မှစဉ်းစားပါလျှင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ – ၄၄၃ ပြဌာန်းချက် အရ ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ဆင်ခြေကန်စရာ ရှိသည်မှန်သော်လည်း၊ ယင်းပြဌာန်းချက် အရ သည်ပင်လျှင် နိုင်ငံတော် ဘဏ္ဍာငွေ ရ/သုံး ဥပဒေ ပြဌာန်းခြင်းသည် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အကောင်အထည် ဖေါ်ရေးအတွက် ကြိုတင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် မဟုတ်။ ကျင်းပလျက် ရှိသည့် လွှတ်တော်များမှ နိုင်ငံတော် ဘဏ္ဍာငွေ ရ/သုံး ဥပဒေ ပြဌာန်းနိုင်ရေး အတွက် လွှဲအပ်ရန်နှင့် ပံ့ပိုး ကူညီရန်သာ ဖြစ်သည်။ ယင်းသို့ လွှဲအပ်ခြင်းနှင့် ပံ့ပိုး ကူညီခြင်းသည် သာလျှင် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေပုဒ်မ-၄၄၃၊ ပြဌာန်းချက်ကို ကျင့်သုံးခြင်း မည်ပေရာ န.အ.ဖမှ ဘဏ္ဍာငွေ ရ/သုံးဥပဒေနှင့် အခြားသော ဥပဒေများကို ပြဌာန်း ထုတ်ပြန်ခြင်းမှာ ပုဒ်မ-၄၄၃ ပြဌာန်းချက်ကို မိမိအကျိုးစီးပွားနှင့် ယှဉ်တွဲ အသုံးချခြင်း မည်ပေလိမ့်မည်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ – ၄၅၃ အရ ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ စကားရပ် များကို အနက် အဓိပ္ပာယ် ဖွင့်ဆိုရာတွင် တည်ဆဲ စကားရပ်များ အနက် အဓိပ္ပာယ် ဖွင့်ဆိုရေး ဥပဒေကို ကိုးကားရမည်ဟု ပြဌာန်း ထားသော်လည်း – ဥပဒေ တရပ်သည် များသောအားဖြင့် အငြင်းထွက် ပြဿနာများ ပေါ်ပေါက် လာခြင်းမှာ ယေဘုယျကျသည့် ပြဌာန်းချက်ဖြစ်ခြင်း၊ စကားရပ်ကို ရှင်းလင်း တိကျစွာ အဓိပ္ပာယ် ဖွင့်ဆိုမှု မရှိခြင်းတို့ကြောင့် ဖြစ်သည်။ ထို့ပြင် ပုဒ်မ ၄၄၃ ကဲ့သို့သော အငြင်းထွက် ပြဿနာများကို ဖန်တီးပေးသည့် ပြဌာန်းချက်မျိုးကို နိုင်ငံ တနိုင်ငံအတွက် အလွန် အရေးကြီး၍ အခြေခံ အကျဆုံးဖြစ်သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေထဲတွင် ပြဌာန်း ထားခြင်းက အဆိုပါ နိုင်ငံအတွက် အလွန်ကြီးလေးသော အန္တရာယ်ကို ကျရောက် စေနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဖျက်သိမ်းရမည့် ပြဌာန်းချက် ဖြစ်သည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ – ၄၄၅ပြဌာန်းချက်သည်လည်း အထူး သတိပြုသင့်သည့် ပြဌာန်းချက် ဖြစ်သည်။ ပုဒ်မ – ၄၄၅ ပြဌာန်းချက်မှာ “ပြည်ထောင်စု မြန်မာနိုင်ငံ တော်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့် ပြန်တမ်းများ၊ ကြေငြာချက်များ ကိုလည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့် များကို လည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း အရေးယူခြင်း မရှိစေရ။” ဟူသော ပြဌာန်းချက်ပင် ဖြစ်သည်။ ယင်း ပြဌာန်းချက်သည် ပုဒ်မ – ၄၄၃ နှင့် တဆက်တည်း ပြဌာန်းချက်ပင် ဖြစ်သည်။ ဖွဲ့စည်း အုပ်ချုပ်ပုံ လူထု ဆန္ဒခံယူပွဲ မကျင်းပခင် ကာလတွင် န.၀.တ၊ န.အ.ဖ က ပြဌာန်းထားသည့် ဥပဒေများ၊ ယင်းနောက် ဖွဲ့စည်းပုံဥပဒေ ပုဒ်မ – ၄၄၃ ကို အသုံးချလျက် ပြဌာန်းထားသော ဥပဒေများကို နောင်တက်လာမည့် အစိုးရက ဆက်ခံရမည် ဟူ၍ ပြဌာန်းထားခြင်း ဖြစ်သည်။ ပုဒ်မ – ၄၄၃ကို အသုံးချ၍ ဥပဒေများ ပြဌာန်းလျက် ပုဒ်မ – ၄၄၅ ပြဌာန်းချက်အရ ဆက်ခံခိုင်းခြင်းပင် ဖြစ်သည်။
န.၀.တ၊ န.အ.ဖ လက်ထက် ပြဌာန်းထားသည့် ဥပဒေများအနက် အထက်တွင် နှစ်စဉ်အလိုက် ပြဌာန်း ထားသည့် နိုင်ငံတော် ဘဏ္ဍာငွေ အရ / အသုံးဆိုင်ရာ ဥပဒေ နိုင်ငံတော် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေး ဥပဒေများနှင့်၊ ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပခင် ထုတ်ပြန်ထားသည့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေ၊ ၂၀၁၁ မတ်လ (၃) ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေး တတိယနေ့တွင် ဖွဲ့စည်း အတည်ပြုခဲ့သည့် ပြည်သူ့ ငွေစာရင်း ကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များ စသည်တို့ကို ပေါင်းစပ် စဉ်းစားရန် လိုအပ်သည်။
ပြည်သူ့လွှတ်တော်မှ ဖွဲ့စည်းအတည်ပြုထားသည့် ပြည်သူ့ငွေစာရင်း ကော်မတီတွင်
၁။ ဦးစိုင်းသီဟကျော် – မိုင်းရယ်မဲဆန္ဒနယ်
၂။ ဦးမန်းမောင်မောင်ဉာဏ် – ပန်းတနော်မဲဆန္ဒနယ်
၃။ ဒေါ်တင်နွယ်ဦး – မြောက်ဒဂုံမဲဆန္ဒနယ်
၎။ ဦးခွန်မောင်သောင်း – ပင်လောင်းမဲဆန္ဒနယ်
၅။ ဦးခွန်လိန်း – ဖလမ်းမဲဆန္ဒနယ်
၆။ ဦးသူရိန်ဇော် – ကော့ကရိတ်မဲဆန္ဒနယ် (ဥက္ကဌ)
၇။ ဦးမောင်တိုး – မင်းလှမဲဆန္ဒနယ် (အတွင်းရေးမှူး)
၈။ ဦးစိုးမြင့် – ညောင်လေးပင်မဲဆန္ဒနယ်
၉။ ဦးကြည်သာ – ဂွမဲဆန္ဒနယ်
၁၀။ ဦးအောင်မြသန်း – ညောင်တုန်းမဲဆန္ဒနယ်
၁၁။ ဦးဟောက်ခန့်မန် – တွန်းဇံမဲဆန္ဒနယ်
၁၂။ ဦးအောင်လင်းလှိုင် – ဘုတ်ပြင်းမဲဆန္ဒနယ်
၁၃။ ဒေါက်တာဝင်းမြင့် – လှိုင်မဲဆန္ဒနယ်
၁၄။ ဒေါ်မိယဉ်ချမ်း – ကျိုက်မရောမဲဆန္ဒနယ်
၁၅။ ဦးမိုးဇော်ဟိန်း – ကသာမဲဆန္ဒနယ် စသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားသည်။
ပြည်သူ့ငွေစာရင်းကော်မတီ၏ တာဝန်များထဲမှ အရေးကြီးသည့် တာဝန်တရပ်မှာ ပြည်ထောင်စု အစိုးရ၏ အသုံး စာရင်းနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အစီရင်ခံစာကို စိစစ်ရာတွင် ပြည်ထောင်စု လွှတ်တော်က ခွင့်ပြုသောငွေကို သတ်မှတ် ထားသည့် ကိစ္စ အတွက်သာလျှင် သုံးစွဲခြင်းရှိ/မရှိ။ စည်းမျဉ်း စည်းကမ်းနှင့် အညီ သုံးစွဲခြင်း ရှိ/မရှိ။ ခွင့်ပြုသည့် ရည်ရွယ်ချက် အတိုင်း ထိရောက်မှန်ကန်စွာ သုံးစွဲခြင်း ရှိ/မရှိ တို့ကို စိစစ်ရမည့် တာဝန် ဖြစ်သည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ကို ခန့်အပ်နိုင်ရေးအတွက် န.အ.ဖ သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ – ၄၄၃ ကို အသုံးချကာ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြဌာန်းထားသည်။ ယင်းဥပဒေ၏ ပုဒ်မ – ၃၉ တွင် ဤဥပဒေပါ ပြဌာန်းချက်များသည် ကာကွယ်ရေး ၀န်ကြီးဌာနနှင့် သက်ဆိုင်ခြင်း မရှိစေရဟူ၍ ပြဌာန်းထားသည်။ ပြည်ထောင်စု စာရင်းစစ်ချုပ်၏ တာဝန်များအနက် -
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် (သို့မဟုတ်) အမျိုးသား လွှတ်တော် အစည်း အဝေးတွင် ဖြစ်စေ နိုင်ငံတော်၏ အရ အသုံးစာရင်းများ စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ ထူးခြားသော အခြေအနေကို အခါ အားလျော်စွာ တင်ပြခြင်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များအရ၊ နိုင်ငံတော်၏ အရ/ အသုံး စာရင်းများကို စစ်ဆေးခြင်း၊ အရ/အသုံး ခန့်မှန်းခြေ ငွေစာရင်းပါ ရငွေများကို ပြည့်ဝစွာ ရရှိစေရန် ဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ အရ/အသုံး ခန့်မှန်းခြေ စာရင်းပါ သုံးစွဲ ခွင့်ပြုထားသည့် ငွေကြေးများကို ထိရောက်စွာ အသုံးပြု/မပြု စစ်ဆေးခြင်း စသည်အားဖြင့် တာဝန်များ ထမ်းဆောင်ရမည် ဖြစ်သည်။ ဘဏ္ဍာရေးနှစ် တနှစ်၏ ရ/သုံး ဆိုင်ရာ ဥပဒေအရ ရ/သုံးစာရင်းတွင် ကာကွယ်ရေး အတွက် ပါရှိသော်လည်း စာရင်းစစ်ချုပ် ဥပဒေအရ ကာကွယ်ရေး ၀န်ကြီးဌာနနှင့် သက်ဆိုင်ခြင်း မရှိစေရ ဆိုသည့် ပြဌာန်းချက်မှာ န.အ.ဖ အနေဖြင့် ၄င်းတို့၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရန် အလို့ငှာ ထည့်သွင်း ပြဌာန်းထားခြင်း ဖြစ်ကြောင်း ထင်ရှားသည်။
စာရင်းစစ်ချုပ်ဥပဒေအရ ၁၉၈၈ခုနှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် ၅ ကို ရုတ်သိမ်း ထားသည်။ သို့ရာတွင် ၁၉၈၈ ခုနှစ် ဥပဒေအမှတ် – ၅ စာရင်းစစ်ချုပ် ဥပဒေ၏ ပုဒ်မ – ၃ (က) ပြဌာန်းချက် ဖြစ်သည့် စာရင်းစစ်ချုပ်၏ တာဝန်တရပ် ဖြစ်သည့် – နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၊ အစိုးရအဖွဲ့၊ ၀န်ကြီးဌာန၊ အစိုးရဌာန၏ ဆောင်ရွက်ချက်များသည် ပြည်သူ လူထုအတွက် အကျိုးသက်ရောက်မှု ရှိ/မရှိ စစ်ဆေး၍ သက်ဆိုင်ရာသို့ တင်ပြရခြင်းနှင့် ရ/သုံး မှန်းခြေ ငွေစာရင်းပါ သုံးခွင့်ပြုထားသည့် ငွေကြေးများကို ထိရောက်စွာ အသုံးပြု/မပြု စစ်ဆေးခြင်း စသည့် တာဝန်များကို န.၀.တ၊ န.အ.ဖ လက်ထက် စာရင်းစစ်ချုပ် တာဝန် ထမ်းဆောင်ခဲ့သူက ၂၀၁၀ န.အ.ဖ ဥပဒေအမှတ် – ၂၃ အရ ပေါ်ပေါက်လာမည့် စာရင်းစစ်ချုပ် ထံသို့ ၄င်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို လွှဲပြောင်း ပေးအပ်ရမည် ဖြစ်သည်။ ယင်းသို့ဆိုလျှင် န.၀.တ၊ န.အ.ဖ လက်ထက်တွင် သုံးစွဲခဲ့သည့် နိုင်ငံတော် ဘဏ္ဍာငွေများနှင့် စပ်လျဉ်း၍လည်း ပေါ်ပေါက်လာသည့် လွှတ်တော်များတွင် ရှင်းလင်းတင်ပြရန် လိုအပ်သည်/မလိုအပ်သည် ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။
* န.၀.တ၊ န.အ.ဖ အုပ်ချုပ်ဆဲကာလတွင် နိုင်ငံတော် ရ/သုံးစာရင်းကို ၀န်ကြီးဌာန အလိုက် မည်သည့် မူဝါဒများနှင့် ခွဲဝေ သတ်မှတ် သုံးစွဲပါသနည်း။
* ယင်းသို့ခွဲဝေသုံးစွဲခြင်းများသည် ပြည်သူလူထုအကျိုး အတွက် သက်ရောက်မှု ရှိ/မရှိ။
* ရ/သုံးမှန်းခြေငွေစာရင်းပါ သုံးခွင့်ပြုထားသည့် ငွေကြေးများကို ထိရောက်စွာ အသုံးပြုခြင်း ရှိ/မရှိ။
* ရန်ကုန်မြို့တော်မှ ပျဉ်းမနားမြို့တော်သို့ ပြောင်းရွှေ့ခြင်းမှာ မည်သည့် မူဝါဒအရ ပြောင်းရွှေ့ခြင်းနှင့် ထိုသို့ ပြောင်းရွှေ့၊ မြို့တော်သစ် တည်ဆောက်ရာတွင် မည်သည့် ဘဏ္ဍာငွေများကို သုံးစွဲ၍၊ ထိုသို့သုံးစွဲသည့် ဘဏ္ဍာငွေ များကိုလည်း မည်သူတို့ အပ်နှင်းသည့် အခွင့်အာဏာအရ သုံးစွဲသနည်း။ စသည် ……….
စသည်အားဖြင့် န.၀.တ၊ န.အ.ဖ အုပ်ချုပ်ခဲ့သည့် ကာလတလျှောက် ဘဏ္ဍာရေးနှစ် တနှစ်ချင်းစီ အလိုက် ပေါ်ပေါက် လာသည့် လွှတ်တော်များတွင် တင်ပြရန် တာဝန်သည် ယခင် စာရင်းစစ်ချုပ်နှင့် ယခင် စာရင်းစစ်ချုပ်မှ တာဝန် လွှဲပြောင်းပေးသည်ကို လက်ခံပြီး ဖြစ်သည် ဆိုပါက ယခု စာရင်းစစ်ချုပ်တို့၏ တာဝန်ပင်ဖြစ်သည်။ ထို့ကြောင့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင် လည်းကောင်း၊ ၂၀၁၁ခုနှစ်၊ အောက်တို ဘာလ ၂၈ ရက်နေ့တွင် ပြဌာန်း လိုက်သည့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေတွင် လည်းကောင်း မဖြစ်မနေ ထည့်သွင်း ပြဌာန်းရမည့် ပုဒ်မ တရပ်မှာ – န.၀.တ အာဏာ သိမ်းသည့် အချိန်မှစတင်ကာ န.အ.ဖ မှ ပြည်ထောင်စု အစိုးရထံသို့ အာဏာ လွှဲပြောင်းပေးသည့် အချိန်အထိ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ် အလိုက် စာရင်းစစ်ချုပ် အဖြစ် နောက်ဆုံး တာဝန် အပ်နှင်း ခံရသူသည် ပေါ်ပေါက်လာသော လွှတ်တော်များတွင် ၈၉ – ၉၀ ဘဏ္ဍာရေးနှစ်မှ ၂၀၀၉ – ၂၀၁၀ ဘဏ္ဍာရေးနှစ်အထိ န.၀.တ၊ န.အ.ဖ အစိုးရနှင့် ၀န်ကြီး ဌာနများ၏ လုပ်ဆောင်ချက်များ၊ ဘဏ္ဍာငွေကြေး သုံးစွဲမှုများသည် မှန်ကန်မှုရှိ/မရှိ၊ ပြည်သူ လူထုအတွက် အကျိုးရှိ/မရှိ စသည်တို့ကို ရှင်းလင်း တင်ပြရမည် ဆိုသည့် ပြဌာန်းချက်ပင်ဖြစ်သည်။
ယင်းသို့ တင်ပြမှသာလျှင် ပြည်သူ့ငွေစာရင်းကော်မတီက စာရင်းစစ်ချုပ်၏ တင်ပြချက်များကို စစ်ဆေး နိုင်မည် ဖြစ်သည်။ န.၀.တ၊ န.အ.ဖ အစိုးရ နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနတို့၏ ဘဏ္ဍာငွေကြေး အလွဲသုံးစားမှုများ ပေါ်ပေါက် လာပါကလည်း အရေး ယူနိုင်မည် ဖြစ်သည်။ န.၀.တ၊ န.အ.ဖ သည် စစ်အစိုးရ ဖြစ်သောကြောင့် စစ်အုပ်ချုပ်ရေးနှင့် အုပ်ချုပ် ခဲ့စေကာမူ ဘဏ္ဍာငွေ ဆိုသည်မှာ နိုင်ငံတော်ပိုင် ပြည်သူ့ ဘဏ္ဍာငွေကြေးများပင် ဖြစ်သည်။ ယင်း ဘဏ္ဍာငွေကြေးများကို တိုင်းပြည်နှင့် ပြည်သူလူထု အကျိုးပြုနိုင်စေရေး ရည်ရွယ်ချက်ဖြင့် သုံးစွဲခြင်း မဟုတ်ဘဲ အာဏာ တည်မြဲရေး အတွက် သော်လည်းကောင်း၊ ကိုယ်ကျိုး အသုံးပြုရေး အတွက်သော်လည်းကောင်း၊ အများပြည်သူက ရွေးချယ် ခန့်အပ်သည့် ကိုယ်စားလှယ်များ၏ အဆုံး အဖြတ် အားဖြင့်သာ ဆောင်ရွက်နိုင်မည့် နိုင်ငံတော်အဆင့် စီမံကိန်းများကို အစိုးရအဖွဲ့ အစည်းတစ်ရပ်၊ ၀န်ကြီးဌာန တစ်ခုတည်း၏ အဆုံးအဖြတ်ဖြင့် ဘဏ္ဍာငွေကြေးများ သုံးစွဲလျှင် သော်လည်းကောင်း၊ စစ်ဆေးရမည့် တာဝန်မှာ စာရင်းစစ်ချုပ်၏ တာဝန် ဖြစ်သည်။
န.၀.တ၊ န.အ.ဖ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည်မှာ နှစ်ပေါင်း (၂၀)ကျော် ကြာမြင့်ခဲ့သည်။ ယင်းနှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်း လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်ချက်များကို လွှတ်တော်များတွင် တက်ရောက် လာသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များအား မေးခွန်းများမေးခွင့် ပြုရုံလောက်နှင့် လုံလောက်သည်ဟူ၍ မှတ်ယူလို့ မရသကဲ့သို့၊ တက်ရောက် ကြရသည့် ကိုယ်စားလှယ်များ အနေဖြင့်လည်း န.၀.တ၊ န.အ.ဖ ရှုပ်ခဲ့သည့် အရှုပ်ထုပ်မှန်သမျှ မိမိတို့ ခေါင်းပေါ်တွင် ကျရောက်လာတော့မည် ဟူသည့် အသိစိတ်ကို အမြဲနှလုံးသွင်း နေကြရမည်ဖြစ်သည်။
အထူးသဖြင့် န.၀.တ၊ န.အ.ဖ လက်ထက် သုံးစွဲခဲ့သည့် ဘဏ္ဍာငွေကြေးများနှင့် စပ်လျဉ်းသော ပြည်သူ့ငွေ စာရင်း ကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ်များ အားလုံးတို့သည် တိတိ ကျကျ စုံစမ်းစစ်ဆေးရန် တာဝန်ရှိသည်။ ယင်းကဲ့သို့ စုံစမ်း စစ်ဆေးခြင်းများကို ပြုလုပ် လာနိုင်သည့် ဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် အတွက် န.အ.ဖ အနေဖြင့် လွှတ်တော်များ၏ လုပ်ပိုင်ခွင့် အာဏာများကို အပ်နှင်းခြင်း မရှိသေးမီ ဥပဒေများကို တခုပြီးတခု ပြဌာန်း ကာကွယ်နေခြင်း ဖြစ်ကြောင်း ထင်ရှားသည်။
သို့ရာတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ – ၄၄၅ တွင် ပြဌာန်းထားသည်မှာ ယင်းအဖွဲ့၊ သို့မဟုတ် အဖွဲ့ဝင် တဦးဦး သို့မဟုတ် အစိုးရ အဖွဲ့ဝင် တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ အပေါ် အကြောင်းပြုလျက် ယင်းတို့အား တရား စွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ ဟု ပြဌာန်း ထားခြင်းဖြစ်သည်။ တာဝန်အရ ဆောင်ရွက်ချက် ဟူသော စကားရပ်ကို မည်ကဲ့သို့ အဓိပ္ပာယ် ဖွင့်ဆိုမည်နည်း။ နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးများကို အလွဲသုံးစား လုပ်ခြင်း၊ ရ/သုံး မှန်းခြေထက် ကျော်လွန်သုံးစွဲခြင်း၊ ပြည်သူ့ အကျိုးစီးပွားနှင့် ဆန့်ကျင်သည့် ကိစ္စရပ်များတွင် ဘဏ္ဍာငွေကြေးများ သုံးစွဲခြင်း စသည့် လုပ်ရပ်များသည် တာဝန်အရ ဆောင်ရွက်သည်ဟူသော စကားရပ်တွင် အကြုံးဝင်မှု မရှိပါ။
ပြစ်မှုတရပ်ရပ်ကို ကျူးလွန်ခြင်းသည် အထက်လူကြီး၏ တာဝန်ပေးအပ်ချက် အရ ကျူးလွန် ရပါသည် ဟူ၍ အကြောင်း ပြရုံ သက်သက်ဖြင့် ကင်းလွတ်ခွင့် ရနိုင်မည်မဟုတ်။ ထို့ကြောင့် န.၀.တ၊ န.အ.ဖ လက်ထက် မိမိ အထက် အရာရှိတို့၏ အကာ အကွယ်ကို ရယူလျက်၊ ငွေကြေး အလွဲသုံးစားမှု ကျူးလွန်ခြင်း၊ အစိုးရကိုယ်တိုင် နိုင်ငံတော် ဘဏ္ဍာ ငွေကြေးများကို အလွဲသုံးစား ပြုလုပ်ခြင်းတို့ကို ဖေါ်ထုတ်ရမည့် တာဝန်သည် ပြည်သူ့ငွေစာရင်း ကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ သမိုင်းပေး တာဝန် ဖြစ်ပြီး၊ န.၀.တ၊ န.အ.ဖ အနေဖြင့်လည်း ၄င်းတို့သည် တာဝန်အရ လုပ်ဆောင်ခြင်း မဟုတ်ဘဲ ပြစ်မှုများ ကျူးလွန် ထားသည်ဆိုပါက ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ – ၄၄၅ ၏ အကာ အကွယ်ကို ရရှိနိုင်မည် မဟုတ်ကြောင်း ရေးသား လိုက်ရပါသည်။
စောကျော်ကျော်မင်း
၁၅.၃.၂၀၁၀
]Ref: ABMA
Thursday, March 17, 2011
မြဝတီ သတင်းစာ တပ်မတော်နေ့ထုတ်မည်
ဖနိဒါ
မတ်လ ၁၇ ရက် ၂၀၁၁ ခုနှစ်
မြဝတီ ဟု အမည်ပေးထားသော စစ်တပ်အာဘော် နေ့စဉ်ထုတ် သတင်းစာသစ် တစောင်ကို ဆေးရောင်စုံဖြင့် မတ်လ ၂၇ ရက်နေ့တွင် စတင်ထွက်ရှိလာမှာဖြစ်ရာ ၃ စောင်မြောက် မြန်မာဘာသာဖြင့် ထုတ်ဝေသော သတင်းစာဖြစ်လာမှာ ဖြစ်သည်။
၆၆ နှစ်မြောက် တပ်မတော်နေ့တွင် ထွက်ရှိမည့် မြဝတီသတင်းစာ၏ အယ်ဒီတာအဖွဲ့ကို စာတည်းချုပ် ဦးရဲမြင့်က ဦးစီးမည်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းဟောင်း များလည်း ပါဝင်မည်ဖြစ်သည်။ ရုံးချုပ်ကို နေပြည်တော် ပုပ္ပသီရိမြို့နယ် ဘုရင့်နောင် ရပ်ကွက်နှင့် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်တွင် ရုံးခွဲများ ဖွင့်လစ်မှာဖြစ်သည်။
မြဝတီသတင်းစာအတွက် မတည်ငွေကို စစ်တပ်အသုံးစရိတ်မှ ထုတ်ယူမည်လား၊ ပြန်ကြားရေး ဝန်ကြီးဌာနအောက်မှ ထုတ်ယူမည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရ သေးသော်လည်း မူအားဖြင့် စစ်တပ်အာဘော် ဖြစ်လာဖွယ်ရှိသည်ဟု ယုံကြည်ရသည်။
သတင်းစာ၏ ပထမဆုံး စာဆောင်အတွက် ရန်ကုန်မြို့ရှိ စာရေးဆရာများသို့ နေပြည်တော်မှ စာတည်းမှူးချုပ်က သတင်း၊ ဆောင်းပါ၊ ခရီးသွားဆောင်းပါး၊ နိုင်ငံတကာ သတင်းဆောင်းပါး၊ ကဗျာနှင့် ကာတွန်းစာမူများကို တောင်းခံနေသည်။
မြဝတီနေ့စဉ်သတင်းစာ ထုတ်ဝေရန် အခြေအနေများကို ရန်ကုန်မြို့ မြဝတီ သတင်း စာတိုက်ရုံးခွဲသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ထုတ်ဝေမည့် ရက်အသိအကျ မပြောနိုင် သေးကြောင်း ရုံးတာဝန်ရှိသူ ကဗျာဆရာ ပေါ်ဦးသစ်က မဇ္စျိမကို ပြောသည်။
“ကျနော်က ရုံးခွဲဆိုတော့ ဂဃနဏ မသိပါဘူး။ မပြောတတ်သေးဘူး။ ဌာနချုပ်မှာက လုပ်နေတယ်။ အခုတော့ လေ့ကျင့်ပေးနေရတာ။ ကျနော်တို့ စစ်တပ်ကတော့ ထုတ်ချင်လည်း ချက်ချင်း ထုတ်တာဘဲ။ မထုတ်ချင်လည်း မထုတ်သေးဘူး အမိန့် စောင့်နေတာ” ဟု ပေါ်ဦးသစ်က ပြောသည်။
လက်ရှိတွင် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေသော မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာတို့ရှိပြီး နေ့စဉ်စောင်ရေအားဖြင့် ၃ သိန်းကျော် ဖြန့်ဝေလျက်ရှိသည်။
မြဝတီသတင်းစာသည် အမျိုးသားနိုင်ငံရေးတွင် တပ်မတော်သားများ ဦးဆောင် ပါဝင်ရမည်ည်ဟု ဆိုထားသဖြင့် ပြည်သူ၏ခံစားချက်၊ ပြည်သူဘက်မှ ရပ်တည်ပြီး ရေးသားထားခြင်း မဟုတ်သဖြင့် အများပြည်သူအတွက် အကျိုးရှိမည့် သတင်းစာ ဖြစ်လာမည် မဟုတ်ကြောင်း အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်နှင့် သတင်းစာဆရာဟောင်း ဦးဝင်းတင်က ပြောသည်။
“သတင်းစာဆိုတာက ပေါ်လစီတခုကို ပေးရုံနဲ့ မပြည့်စုံဘူးပေါ့။ သြဇာရှိတယ် မရှိဘူးဆိုတာထက် ဒီပြည်သူလူထုရဲ့ ယူဆချက်၊ ထင်မြင်ချက်၊ ခံစားချက်တွေ မဖေါ်ပြနိုင်ဘူးဆိုရင် ဒီသတင်းစာက အကျိုးမရှိဘူး၊ ပေါ်လစီတခုတည်းကို ကြွေးကြော် နေရုံနဲ့ သတင်းစာမဟုတ်ဘူး။ ပြည်သူလူထုအသံ၊ လိုလားချက်တွေ ပါဝင်ပူးပေါင်း ဆောင်ရွက်မှုတွေကို ထင်ဟပ်ပေါ်လွင်ပြီးတော့ ဖော်ပြနိုင်မှ ပြည်သူလူထုမှာ အကျိုးရှိမှာ၊ အဲဒီလို အကျိုးရှိမှသာလျှင် ပြည်သူကို အကျိုးရှိမယ်” ဟု ဦးဝင်းတင်က ပြောသည်။
၁၉၅၇ ခုနှစ်က စတင်ထုတ်ဝေခဲ့သော ကြေးမုံသတင်းစာသည် လူကြိုက်များပြီး သြဇာရှိသော သတင်းစာတစောင်ဖြစ်ခဲ့သော်လည်း လက်ရှိတွင် စစ်အစိုးရအာဘော် သတင်းစာဖြစ်လာသည်။
ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဆင်ဆာတည်းဖြတ်ရေးအဖွဲ့ကို ဖြတ်သန်းပြီးမှ ဖြန့်ချိခွင့်ရသော အပတ်စဉ်ထုတ်ဂျာနယ်များထုတ်ဝေခွင့်ကို ပုဂ္ဂလိကပိုင်အဖြစ် ခွင့်ပြု ပေးမှုရှိသော်လည်း နေ့စဉ်ထုတ်သတင်းစာအဆင့်ကိုမူ ထုတ်ဝေခွင့်မပြုဘဲ ကန့်သတ်ထား ဆဲဖြစ်သည်။
လွတ်လပ်စွာရေးသားခွင့်မရှိသေးသော်လည်း ဈေးကွက်ရှိနေသဖြင့် ပုဂ္ဂိလကပိုင် ဂျာနယ်တိုက်အချို့က သတင်းစာသို့ တက်လှမ်းထုတ်လိုသော်လည်း စစ်တပ်က လွှမ်းမိုးထားသော အရပ်သားအစိုးရလက်ထက်တွင် ခွင့်ပြုလာလိမ့်မည်ဟု မျှော်လင့်နေ ကြသည်။
ယခုအချိန်တွင် အနည်းဆုံး ဂျာနယ်တိုက် ၄ ခုမှာ သတင်းစာထုတ်ဝေနိုင်ရန် ပြင်ဆင်လျက်ရှိသည်ဟုလည်း ရန်ကုန်ရှိ စာနယ်ဇင်းသမားများက ပြောကြသည်။
ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက လူဦးရေသန်း ၆ဝ ကျော်ရှိသော မြန်မာနိုင်ငံတွင် သတင်းစာ ၅ စောင်၊ ဂျာနယ် ၁၇ဝ စောင်၊ မဂ္ဂဇင်း ၁၈၂ စောင်ထုတ်ဝေလျက်ရှိသည်ဟု မတ်လ ၁ဝ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့သည်။
ဦးကျော်ဆန်းက နိုင်ငံတဝန်း မြန်မာဘာသာဖြင့် ဖြန့်ချိလျက်ရှိသော ကြေးမုံ၊ မြန်မာ့အလင်း၊ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော New Light of Myanmar အပြင် ရန်ကုန်စည်ပင်မှ ထုတ်ဝေသော မြို့တော်သတင်းစာနှင့် မန္တလေးစည်ပင်မှ ထုတ်ဝေသော ရတနာပုံသတင်းစာများကို ရည်ညွှန်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
Ref;Mizzima
လွှတ်တော် ခေတ္တနား
မတ်လ ၁၇ ရက် ၂၀၁၁ ခုနှစ်
နေပြည်တော်တွင် ကျင်းပလျက်ရှိသော လွှတ်တော်အစည်းအဝေးများကို ကြာသပ တေးနေ့မှ စတင်၍ ခေတ္တရပ်နားမည်ဖြစ်ကြောင်း လွှတ်တော်အမတ်များထံမှ စုံစမ်းသိ ရသည်။
အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးများကို ကြာသပတေး နေ့မှစတင် ရပ်နားပြီး မတ်လ ၂၁ ရက်နေ့တွင်သာ ပြန်လည်စတင်မှာဖြစ် သည်။
လွှတ်တော်အစည်းအဝေးများ ရပ်နား ရခြင်းမှာနေပြည်တော်တွင် သာသနာ ရေးဌာနမှ ဦးစီးကျင်းပသည့် သံဃာ တော်များအား ဆွမ်းဆန်စိမ်း လောင်း လှူပွဲရှိနေခြင်းကြောင့်ဟု ပြည်သူ့ လွှတ်တော်အမတ် ဒေါ်တင်နွယ် ဦးက ပြောသည်။ ထို ဆွမ်းဆန်စိမ်း လောင်းလှူ ပွဲသို့ နေပြည်တော်ရောက် အမတ်များ သွားရောက်ရန် တရားဝင် ဖိတ်ကြားခြင်း မရှိသော်လည်း သွားရောက်လိုက သွားနိုင်သည်။
ဗုဒ္ဓဟူးနေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးများတွင် လွှတ်တော် အမတ်များ၏ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်သည့် မေးခွန်းများကို ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်က ပြန်လည် ဖြေကြားရာတွင် လမ်းပန်းဆက်သွယ်ရေးကိစ္စများ ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဝင်းခိုင်၏ ရာသီအလိုက် သီးနှံများ လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ် ရောင်းချခွင့်ရှိ/မရှိ မေးခွန်းကို လယ်/ဆည်ဝန်ကြီး ဦးဌေးဦးက ထူးခြားသည့် အခြေအနေများရှိပါက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဖြေရှင်းပေးမည်ဟု ဖြေကြားခဲ့သည်။
ထို့နောက် ပင်စင်စားများ လစာတိုးပေးရေး အဆိုကို ဦးစိုးဝင်းက တင်ပြဆွေးနွေးရတွင် ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက သင့်လျော်သောအချိန်အခါတွင် ဆောင်ရွက်ပေး သွားမည်ဟု ပြန်လည် ဖြေကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ဦးအောင်ဇင်၏ ထွက်ကုန်သီးနှံများကို တည်ငြိမ်သောဈေးရရှိရေး သင့်တင့်သော ထိန်းသိမ်းခ သတ်မှတ်၍ အစိုးရနှင့် ပုဂ္ဂလိကတို့ထံ တရားဝင် အပ်နှံ ထားခွင့်ပြုရေး ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရေး အဆိုကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဦးတင်နိုင်သိန်းက ပြန်လည် ဆွေးနွေးရာတွင် သိုလှောင်ရုံ များ အလုံအလောက်မရှိခြင်း၊ တောင်သူလယ်သမားများ၏ ယုံကြည်စိတ်ချ အားထားမှု တည်ဆောက်ရန် အချိန်များစွာ လိုအပ်ခြင်းတို့ကြောင့် ထိုအဆိုကို ဆောင်ရွက် ရန် မသင့်ကြောင်း ငြင်းဆိုခဲ့သည်။
အမျိုးသားလွှတ်တော်ဘက်တွင်လည်း ချင်းပြည်နယ်မှ ဦးပေါ်လျှံလွင်၏ ချင်းပြည် နယ်အတွင်း ချင်းအမျိုးသား ဆရာဝန်များ ပိုမိုချပေးရေးအဆိုကို ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်က ဆောင်ရွက်ဆဲ ဖြစ်သည်ဟု ပြန်လည် ဖြေကြားခဲ့သည်။
ထို့အပြင် ကျန်းမာရေးကဏ္ဍတွင် အားနည်းနေသည့်အတွက် ဘုတ်အဖွဲ့တခု ဖွဲ့စည်းဆောင်ရွက်ရေး ဦးစတီဗင်သာဘိတ်၏ အဆိုကို ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ကျော်မြင့်က ပြန်လည်ဆွေးနွေးရာ အမျိုးသား ကျန်းမာရေးကော်မတီမှ ရာသီအလိုက် ဖြစ်ပွားတတ်သော ရောဂါများနှင့်ပတ်သက်၍ ပြည်သူများ၏ ကျန်းမာရေး အသိပညာများ နိုးကြားအောင် ပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖြေကြားသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဥာဏစိုး၏ စက်သုံးဆီ မှောင်ခို ရောင်းဝယ်မှုနှင့် ပတ်သက်သည့် မေးခွန်းကို စွမ်းအင်ဝန်ကြီး ဦးလွန်းသီက ပြန်လည် ဖြေကြားရာတွင် တရားမဝင် လမ်းဘေးဆီဆိုင်များ လျော့နည်းပပျောက်စေရန် ဆောင်ရွက်လျက် ရှိသည်ဟု ပြန်လည် ဖြေကြားခဲ့သည်။
Ref;Mizzima
နအဖ ဥပဒေအမှတ်-၂ဝ/၂ဝ၁ဝ)
ဦးမျိုး (ဥပဒေ)။ ။
အင်္ဂါနေ့၊ မတ်လ ၁၅ ရက် ၂၀၁၁ ။
ပုံ - သန်းရွှေ၊ ဗိုလ်ချုပ်မှုးကြီး၊ ဥက္ကဋ္ဌ နအဖက ၂ဝ၁ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၂၈ ရက်စွဲဖြင့် “ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ (နအဖ ဥပဒေအမှတ်- ၂ဝ/၂ဝ၁ဝ) ကို ပြဋ္ဌာန်း ခဲ့သည်။ ဤဥပဒေပုဒ်မ ၇၄ ဖြင့် “၂ဝဝဝ ပြည့်နှစ်။ တရား စီရင်ရေး ဥပဒေ (၂ဝဝဝ ပြည့်နှစ်၊ နအဖ ဥပဒေအမှတ် ၅) ကို ရုပ်သိမ်း လိုက်သည်” ဟု ဖော်ပြသည်။ ၂ဝဝဝ နှင့် ၂ဝ၁ဝ တရားစီရင်ရေး ဥပဒေများတွင်ပါရှိသော တရား စီရင်ရေး ဆိုင်ရာမူများ ကွာဟချက်ဟု မတွေ့ရပါ။ သို့သော် စာတူသော်လည်း လက်တွေ့ ကျင့်သုံးမှုများ ပိုမို ဆိုရွားလာသည့် ပုဒ်မများနှင့် အမှုပေါင်း မြောက်များစွာ ရှိနေသည်ကိုတော့ ငြင်းမရပါ။ နိုင်ငံတော်အတွင်း သက်ဆိုင်ရာ ပြဋ္ဌာန်း ဥပဒေများနှင့် လုံးဝ ကိုက်ညီခြင်း မရှိဘဲ တရားစီရင် ဆုံးဖြတ် ထားသည်များကို ဖော်ထုတ် ကြရပါမည်။
ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ (နအဖ ဥပဒေအမှတ် -၂ဝ/၂ဝ၁ဝ) အခန်း(၂) တရားစီရင်ရေးဆိုင်ရာမူများ ပုဒ်မ -၃။ ။ တရားစီရင်ရာတွင် အောက်ပါတို့ကို အခြေခံ၍ စီရင်ရမည်-
(က) ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေး၊
(ခ) ဥပဒေအရ ကန့်သတ်ချက်များမှ အပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး၊
(ဂ) အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့် ရရှိရေး၊
(ဃ) ပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်၍ တရားဥပဒေစိုးမိုးရေး၊ နယ်မြေ အေးချမ်းသာယာရေး တည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေရေး၊
(င) ဥပဒေကို ပြည်သူများက နားလည်လိုက်နာ ကျင့်သုံးလာစေရန် ပညာပေးရေးနှင့် ပြည်သူများက ဥပဒေကို လိုက်နာသော အလေ့အကျင့် ပျိုးထောင်ပေးရေး၊
(စ) ပြည်သူအချင်းချင်းနှင့် ပတ်သက်သော အမှုကိစ္စများကို ဥပဒေဘောင် အတွင်း၌ ကျေအေး ပြီးပြတ်စေရေး၊
(ဆ) ပြစ်မှု ကျူးလွန်သူကို အရေးယူအပြစ်ပေးရာတွင် အကျင့်စာရိတ္တ ပြုပြင်မှုကို ဦးတည်ရေး၊ ဟုဖော်ပြထားပါသည်။
နိုင်ငံတော်အတွင်း အထက်ပါမူများနှင့် ကိုက်ညီခြင်း မရှိဘဲ အရေးယူ ဆောင်ရွက်သော အမှုပေါင်း မြောက်များစွာ ရှိနေ ပါသည်။ ပြည်သူ့ ရှေ့မှောက်တွင် တရား စီရင်ခြင်း မရှိသော ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် တို့ အမှုတွဲများကို တွေ့မြင် နိုင်ပါသည်။ တရား ဥပဒေ စိုးမိုးမှုကို ဖျက်ဆီး ပစ်သည့် နအဖ ဗိုလ်ချုပ်မှုးကြီး အမိန့်ဖြင့် ဒီပဲယင်း လူသတ်မှု မျိုးလို အမှုများကို တွေ့မြင် နိုင်ပါသည်။
ဥပဒေ ပညာပေးရေးကို ဘာတခုမျှ မလုပ်ခဲ့ဘဲ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို အတင်း အဓမ္မ မဲ ထည့်ခိုင်းခြင်းက ပေါ်လွင် လွန်းပါသည်။ ပြစ်မှု ကျူးလွန်သူ ကို အရေးယူ အပြစ်ပေးရာတွင် အကျင့် စာရိတ္တပြုပြင်မှုကို မဦးတည်ဘဲ အကျင့် စာရိတ္တ ပျက်ပြားသွားအောင် မတရား အလုပ် ခိုင်းစေခြင်းမျိုး၊ ထောင်တွင်း ညှဉ်းပန်း သတ်ဖြတ်မှုမျိုး လုပ်ဆောင်နေသည်ကို ထောင်တွင်း ကျဆုံးသွားသော နိုင်ငံရေးသမား ၁ဝဝ ကျော်ရှိနေခြင်းက သက်သေ ပြနေပါသည်။
ဤ ၂ဝ၁ဝ တရားစီရင်ရေး ဥပဒေ ပုဒ်မ -၅ တွင် ပြစ်မှုကျူးလွန်သူ မည်သူ့ကို မဆို ယင်းပြစ်မှု ကျူးလွန်သည့် အချိန်က အတည် ဖြစ်လျက်ရှိသော သက်ဆိုင်ရာ ဥပဒေ အရသာ ပြစ်မှု ထင်ရှား စီရင်ရမည်။ ထို့ပြင် ယင်း ဥပဒေအရ ချမှတ်နိုင်သော ပြစ်ဒဏ် ထက်ပို၍ ချမှတ် ခြင်း မပြုရဟု သတ်မှတ်ချက် များကို ဖောက်ဖျက် ကျူးလွန်ထားသည့် တရားရုံး အမှုတွဲ မြောက်များစွာ ရှိနေပါသည်။ အမှုတွဲ အားလုံးကို ကဏ္ဍခွဲ၍ လေ့လာ သုံးသပ်လျှင် တရားစီရင်ရေး စနစ်တခုလုံး မှောက်မှောက် မှားမှား စီရင် ထားကြောင်း တွေ့နိုင်ပါသည်။ ဥပမာ မြန်မာ့ တရားစီရင်ရေး တွင် တခါဘူးမျှ မကြားခဲ့ မနာခဲ့ရသော ဦးခွန်ထွန်းဦး၊ ဗိုလ်ချုပ်ဆေထင် တို့ကို နှစ်ရှည် နှစ် ၁ဝဝ ကျော် ထောင်ဒဏ် ချမှတ်မှုများ၊ ပြစ်မှု တမှုတည်းကို အကြိမ်ကြိမ် ၅-ခါ ချမှတ်ခံရသော ဒေါ်ဝင်းမြမြ အမှုတွဲများကို တွေ့ရှိရပါသည်။
ပြည်သူများက ဥပဒေကို လိုက်နာသော အလေ့အကျင့် ပျိုးထောင်ပေးရေး ရှိရမည့် အစား သက်ဆိုင်ရာ ဥပဒေနှင့် ပတ်သက်သော အာဏာပိုင် အဆင့်ဆင့် အားလုံးက ဥပဒေကို ချိုးဖောက် နေကြသည်ကိုသာ တွေ့မြင် နေရပါသည်။ ခေါင်က မိုးယိုလျှင် တအိမ်လုံး ဆွေးမြေ့ ပျက်စီး တတ်ပါသည်။
ဤ ၂ဝ၁ဝ တရားစီရင်ရေး ဥပဒေ ပုဒ်မ- ၇၂ တွင် ဤဥပဒေကို ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံနှင့် အညီ ဖွဲ့စည်းသည့် ပြည်ထောင်စု လွှတ်တော်က ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုလုပ်နိုင်သည်ဟု ပါရှိသဖြင့် ပုံ သန်းရွှေ က ပြင်ဆင်ခြင်း ၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း မပြုလုပ်နိုင် သကဲ့သို့ ဤဥပဒေ ကိုလည်း ၎င်း တဦးတည်းက ပြဋ္ဌာန်း၍ မရနိုင်ကြောင်း သိထား အပ်ပါသည်။ ပြည်ထောင်စု ဥပဒေပြု လွှတ်တော်ကသာ ပြဋ္ဌာန်းရပါမည်။
၂ဝ၁ဝ တရားစီရင်ရေး ဥပဒေ ပုဒ်မ -၈ တွင် ပြည်ထောင်စု တရား လွှတ်တော်ချုပ် သည် စစ်ဘက် ဆိုင်ရာ တရားရုံးများနှင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး၏ စီရင်ပိုင်ခွင့် အာဏာများကို မထိခိုက်စေဘဲ နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံး ဖြစ်သည်ဟု ပြဋ္ဌာန်း ထားသဖြင့် တရား လွှတ်တော်ချုပ်မှာ စစ်ဘက်ဆိုင်ရာ တရားရုံးများ၏ အပေါ်တွင် ရှိမနေပါ။ ပြည်ထောင်စု တရား လွှတ်တော်ချုပ်၏ အမြင့်ဆုံး တရား စီရင်ရေး အာဏာ ပျောက်ဆုံး နေပါသည်။ ပုဒ်မ ၃ဝ (ဃ) (၄) တွင် ပြည်ထောင်စု တရားသူကြီး ချုပ်နှင့် ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရား သူကြီးများသည် ထင်ပေါ် ကျော်ကြားသည့် ဂုဏ်သတင်း ရှိသော ဥပဒေ ပညာရှင် အဖြစ် နိုင်ငံတော် သမ္မတက ယူဆသူ၊ ဟုပါရှိပါသည်။ ပုဒ်မ ၄၈ (ဃ) (၃) တွင်လည်း နိုင်ငံတော် သမ္မတက ယူဆသူ ဟုဖော်ပြ ထားပါသည်။ နိုင်ငံတော် တခုလုံး ဆိုင်ရာများတွင် ပုဂ္ဂလိက လုံးဝ မဆန်သင့်ပါ။ ပြည်ထောင်စု တိုင်းရင်းသား ပြည်သူများကို အလေးထား သင့်ပါသည်။
အုပ်ချုပ်ရေးအာဏာပိုင် ကြိုးဆွဲရာ ကပြရမည့် ရုပ်သေး တရားသူကြီးများ အဖြစ် ကြိုးမချုပ် သင့်ပါ။ တရား စီရင်ရေး လွတ်လပ်မှု တစုံလုံး ပျောက်ဆုံး နေပါသည်။ တရား လွှတ်တော်ချုပ် အထက်တွင် အုပ်ချုပ်ရေး သမ္မတ ရှိနေပါသည်။ အုပ်ချုပ်သူ အစိုးရများ၏ မတရား အကျင့်ပျက်ခြစား လာဘ်စားပြီး တိုင်းပြည် ရောင်းစား နေမှုများကို မည်သည့် တရားသူကြီးက စီရင် ဝံ့ပါမည်နည်း။
မည်သည့်နိုင်ငံ၏ ဥပဒေစနစ်တွင်မဆို မည်သည့်ဥပဒေကမျှ နောက်ကြောင်းပြန် အာဏာ သက်ရောက်ခြင်း မရှိစေရပါ။ သို့သော် ၂ဝ၁ဝ တရားစီရင်ရေး ဥပဒေ ပုဒ်မ -၆၁ တွင် ဤ ဥပဒေ အာဏာ မတည်မီ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ဤဥပဒေကို အကောင် အထည် ဖော်ရေးအတွက် ကြိုတင် ဆောင်ရွက်သည့် လုပ်ငန်းရပ်များ သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဆောင်ရွက်သည်ဟု မှတ်ယူ ရမည်ဟု ဖော်ပြထားချက် ကို တွေ့ရပါသည်။ အာဏာ မတည်မီက ကိစ္စအားလုံး နောက်ကြောင်း ပြန်ထားမှုများ ဖြစ်နေပါသဖြင့် ပြဋ္ဌာန်းလာသမျှ ဥပဒေများမှာ ဥပဒေများ (မည်သည့် ဥပဒေမျှ မဆို ဟုဆိုထားသဖြင့်) မဟုတ်ကြတော့ပါ။ အားလုံး ပျက်ပြယ်သွားပြီး ဖြစ်ပါသည်။ ထို့ကြောင့် ၂ဝဝ၈ ဖွဲ့စည်းပုံ အာဏာတည်ပြီးမှ ပြဋ္ဌာန်းရမည့် ဥပဒေများသာ ဖြစ်ပါသည်။ ပြောင်းပြန် မှားယွင်း ချွတ်ချော်နေသည့် ဥပဒေ စနစ်ကို တွေ့ရပါသည်။ ဥပဒေစနစ် ပျက်ပါက ဥပဒေအရ တရား စီရင်ရသည့် တရားစီရင်ရေး စနစ် တခုလုံးလည်း ပျက်စီးယိုယွင်း သွားပါတော့မည်။ ခွေးတကောင်လုံး ရေထဲ နစ်နေမှတော့ ခွေးပေါ်က ခွေးသန်းတွေက ဘာကောင်မို့လို့လဲ။ စနစ်တခုလုံး ရေထဲ နစ်နေသည်ကို ကူပါကယ်ပါ အော်ရပါတော့မည်။မီးလောင်လျှင် မီးကင်းခေါက်ရန် လူတိုင်းတွင် တာဝန်ရှိပါသည်။
၂ဝ၁ဝ တရားစီရင်ရေးဥပဒေ ပုဒ်မ -၆၆ တွင် “ပြည်ထောင်စု တရားသူ ကြီးချုပ်သည် ပြည်ထောင်စု လွတ်တော် အစည်း အဝေးတွင်ဖြစ်စေ၊ ပြည်သူ့ လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော် အစည်း အဝေးတွင် ဖြစ်စေ နိုင်ငံတော် သို့မဟုတ် အများ ပြည်သူတို့နှင့် သက်ဆိုင်သည့် အရေးကြီးသော တရား စီရင်ရေး ဆိုင်ရာ အခြေ အနေကို အခါအားလျော်စွာ တင်ပြနိုင်သည်။ ” ဟု ဖော်ပြထားပါသည်။ ပြည်ထောင်စု တရားသူကြီးချုပ် အနေဖြင့် အထက် ဖော်ပြပါ လက်ရှိ အခြေအနေများကို ယခု လွှတ်တော်များ ကျင်းပ နေချိန်တွင် တင်ပြဝံ့ ပါ၏လော။ မလိမ် မညာစတမ်း အမှန် တရားကို ရှာဖွေ ဖော်ထုတ် ရဲရပါမည်။
ဦးမျိုး (ဥပဒေ)
၁၅ - ၃ - ၂ဝ၁၁
အင်တာနက်လွတ်လပ်ခွင့်အပေါ် ချုပ်ချယ်ကန့်သတ်လာသော နအဖ
IT ခေတ်မှာ ကမ္ဘာကြီးဟာ Globalization သို့မဟုတ် ရွာကြီးတရွာ ဖြစ်သွားတယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာတော့ VOIP စနစ်နှင့် နိုင်ငံရပ်ခြား ဖုန်းခေါ်ဆိုမှု ကိုတောင် ပိတ်ပင်တားလိုပ်ပြန်ပါပြီ။
စစ်မှုမထမ်းမနေရ ဥပဒေ လူငယ်များ မလိုမလားရှိနေ
ကူးဒူ
17 မတ်လ 2011
အဆိုပါ ဥပဒေသည် လူငယ်ထု တို့၏ အနာဂတ်ကို အညွန့် ချိုးစေပြီး တိုင်းရင်းသားဒေသများကို ထိုးစစ် ဆင်နေမှုများတွင် လူငယ်ထု ပါဝင်ကြ ရမည့် ဥပဒေဖြစ်နေ သည့်အတွက် ပြည်တွင်းရှိ စစ် ဆန့်ကျင်းရေး မြန်မာ လူငယ် တစုမှ ဆန့်ကျင် လုပ်ရှားမှုများ ပြုလုပ်လျက် ရှိသည်။
“အခု ကျမတို့ လူငယ်တွေကြားမှာတော့ တကယ် ပျံ့နှံ့နေတယ် ဒီသတင်းကပေါ့နော်။ တခြား ဒီမိုကရေစီ နိုင်ငံတိုင်း မှာတော့ ဒီဥပဒေတော့ ရှိနေပါတယ်။ အခုလက်ရှိ စစ်အစိုးရလည်းပဲ ဒီမိုကရေစီ နိုင်ငံတွေလို ဒီဥပဒေကို ကျင့်သုံးချင်တယ်ဆိုရင် ပြည်သူတွေရဲ့  အခြေခံ လူနေမှုစနစ် ရရှိအောင် သူတို့အရင် လုပ်ဆောင်ပေးရမှာပါ။ ကျမတို့အခုမြန်မာ ပြည်မှာက အလုပ်လက်မဲ့တွေလည်း အများကြီး၊ ပြီးတော့ အစိုးရလစာစားတဲ့ လူတွေလည်း သူရဲ့လစာနဲ့က သူတစ်ယောက် စားတောင်မှ မလောက်ဘူး။ အဓိကပြောချင်တာက ဝင်ငွေနဲ့ထွက်ငွေက မကိုက်ဘူးပေါ့လေ” ဟု ကရင်နီပြည် လွိုင်ကော်မြို့မှ အသက် ၂၀အရွယ်ရှိသည့် အမျိုးသမီးတစ်ဦးက ပြောပါသည်။
ဆက်လက်ပြီး ၎င်းက“လူထုတွေက သူတို့ မိသားစု အတွက်နဲ့ ဝမ်းစာရေးက ပိုအရေးကြီးနေတယ်။ အဲဒါကြောင့် ကျမတို့ စစ်မှုထမ်းဖို့ဆိုတာက မဖြစ်နိုင်သေးတဲ့ အခြေနေမှာ ရှိနေပါတယ်။ တကယ် ဒီမိုကရေစီ အစစ်မှန်ရတဲ့ တနေ့ဆိုရင်တော့ ကျမတို့ ပြည်သူ့စစ်လုပ်ဖို့က ဝန်မလေးပါဘူး” ဟုပြောသည်။
အလားတူ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် ကရင်နီအမျိုးသမီးငယ် တစ်ဦးကလည်း “ပြည်တွင်းကို ပြန်ဝင်ဖို့ဆိုတာက မရေမရာ ဖြစ်နေရတယ်။ အဲဒီစစ်မှုကို မထမ်းချင်ဘူး။ ကျမ မိသားစုရေးအတွက် များစွာလုပ်ရဦးမှာ ဖြစ်နေတဲ့အတွက်ကြောင့်ဘဲ” ဟုပြောပါသည်။
စစ်တပ်က ၂၀၁၀ ဒီဇင်ဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား အမျိုးသားများနှင့် ၁၈ နှစ်မှ ၃၅ နှစ် အတွင်း အမျိုးသမီးများ စစ်မှုမထမ်းမနေရ ဥပဒေ ပြန်တမ်းကို ထုတ်ပြန်ကြောင်း ပြင်ပသို့ ပေါက်ကြားလာခဲ့ပါသည်။
အဆိုပါ ဥပဒေ၌ အသက် ၁၈ နှစ်ပြည့်သူ နိုင်ငံသားတိုင်း စစ်မှု ၂ နှစ် ထမ်းရမည်ဖြစ်ပြီး စစ်မှုထမ်းကာလ ၅ နှစ်အထိ တိုးမြှင့်နိုင်ကြောင်း ဆိုထားသည်။ စစ်မှုထမ်းရန် မှတ်ပုံမတင်သူ၊ ရှောင်လွှဲသူများ အနေနှင့် ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ဒဏ် နှစ်ရပ်စလုံး ကျခံရမည်ဖြစ်ကြောင်း၊ စစ်မှုမထမ်းချင်သောကြောင့် မိမိကိုယ်ကို ကိုယ်လက်အင်္ဂါ ချို့ယွင်းစေရန် လုပ်ဆောင်ပါက ထောင်ဒဏ် ၅ နှစ် ကျခံရမည်ဖြစ်ကြောင်း၊ သာသနာ့ ဝန်ထမ်းများ၊ ခြေလက်အင်္ဂါ ချို့ယွင်း မသန်စွမ်းသူများနှင့် သားသည်မိခင်များမှအပ သတ်မှတ် အသက်အရွယ် အတွင်းရှိ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဖြစ်သည်။
“တကယ် ဒီမိုကရေစီနိုင်ငံတွေလို ဥပမာ အမေရိကန်၊ ထိုင်း တို့လိုမျိုး ပြည်သူ့စစ်ကို တကယ် ပြည်ပရန်အတွက်နဲ့ ထားမယ်ဆိုရင်တော့ ဒီဥပဒေက အကျိုးရှိမှာပါ။ ဒါပေမဲ့ သူတို့က တိုင်းရင်းသား ပြည်သူတွေနဲ့ဘဲ ပြန်သတ်ဖြတ်ခိုင်းမယ်ဆိုရင်တော့ ဘာအကျိုးမှ မရှိဘူးပေါ့လေ” ဟု ဖရူဆိုမြို့နယ်မှ အမျိုးသားလူငယ်တစ်ဦးက သုံးသပ်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အင်အား ငါးသိန်းခန့်ရှိသည်ဟု စစ်ရေးလေ့လာသူတို့၏ ခန့်မှန်းချက်အရ သိရသည်။ ယခုပေါက်ကြားနေသည့် စစ်မှုထမ်း ဥပဒေသည် တရားဝင် ကြေညာထားခြင်း မရှိသေးသော်လည်း မြန်မာပြည်တွင်း၊ ပြည်ပရှိ လူငယ်များအကြား ပေါက်ကြားနေလျက်ရှိသည်။
ထိုင်း-မြန်မာနယ်စပ်က ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းအတွင်းသို့ ယခု ၂၀၁၁ ခုနှစ် ဇန်နာဝါရီလ အတွင်း လချုပ်စာရင်းအရ ပြည်တွင်းမှ လူသစ်ဦးရေ ၁၀၅ ဦးတိုးလာပြီး အများစုမှာ လူငယ်လူရွယ်များ ဖြစ်သည်ဟု သိရသည်။ ဖေဖော်ဝါရီနှင့် မတ်လ အတွင်းမှာလည်း အသစ်ရောက်ရှိလာသည့်သူ အမြောက်အများ ရှိနေသေးသော်လည်း တရားဝင် စာရင်းမချုပ်ရသေးကြောင်း စခန်းအုပ်ချုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
Ref;Kantarawaddy
စစ်တပ်ကားနှင့်လိုက်ပါလာသော ကရင်နီအမျိုးသမီး သုံးဦးသေဆုံး
နှောင်းလှိုင်
16 မတ်လ 2011
ဖေဖော်ဝါရီလ ၉ ရက်နေ့က ရှားတောမြို့နယ် အခြေစိုက် တပ်ရင်းများ တပ်လဲလှယ်မှု ပြုလုပ်ရာ လွိုင်ကော်သို့ တပ်လဲလှယ်မှုဖြင့် ပြန်သွားသော စစ်တပ်ကား ခြောက်စီးမှ ဗိုလ်မှူး ရဲဟိန်း စီးနင်းသော ကားမှာမူ ဘီးပေါက်၍ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူး ရဲဟိန်းကားနှင့် လိုက်ပါလာခဲ့ကြသော ရှားတောမှ အသက် ၂၁ အရွယ် ဖောမြာ၊ ဘူးမြာ (၂၂) နှင့် ဦးမြာ (၂၂) တို့မှာ တပ်သားနှစ်ဦးနှင့်အတူ ကားမှောက်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြသည်။ ဗိုလ်မှူး ရဲဟိန်းနှင့် ကျန်တပ်သား ၁၀ ဦးတို့မှာ ဒဏ်ရာရရှိခဲ့သည်။
“အဲမှာ ထူးထူးခြားခြား တစ်ခုက ကယားအမျိုးသမီး ၃ ယောက် ပါတယ်။ အမျိုးသမီးတွေက ရှားတောက အဲဒါ ပွဲချင်းပြီးတယ်” ဟု အခြေအနေအား သိရှိထားသည့် ကရင်နီတပ်မတော်မှ အရာရှိတစ်ဦးဖြစ်သူ စောထီးထာစွေ့က ပြောပြပါသည်။
ရှားတော အခြေစိုက် စကခ ၂ လက်အောက်ခံ ခလရ ၂၄၇ တပ်ရင်းသည် ခြေမြန်တပ်ရင်း ခမရ ၃၃၂ နှင့် တပ်လဲလှယ်သည့် အချိန်တွင် အခင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Ref;KantarawaddyCivil Society ဆိုရာဝယ်
နိဒါန်း
နိုင်ငံရေးနဲ့ လူမှုရေးသိပ္ပံပညာရှင်များက paradigm of social order မှာ မဏ္ဍိုင်သုံးမျိုးရှိတယ်လို့ ရှုမြင်သုံးသပ်ထားကြ ပါတယ်။ ဒီသုံးမျိုးက တော့ နိုင်ငံတော် (The state)၊ ဈေးကွက် (The Market) နဲ့ အရပ် ဘက် လူ့အဖွဲ့အစည်း (The Civil Society) တို့ပဲ ဖြစ်ပါတယ်။ နိုင်ငံ တော်နဲ့ ဈေးကွက်ကို ပထမ မဏ္ဍိုင်နဲ့ ဒုတိယမဏ္ဍိုင်လို့ သတ်မှတ်ကြ တဲ့အတွက် အရပ်ဘက်လူ့ အဖွဲ့အစည်းကိုကျတော့ တတိယမဏ္ဍိုင်လို့ သတ်မှတ်ကြပါတယ်။ Civil society ဆိုတဲ့ သဘောတရားကို လူမှုဖွဲ့ စည်းပုံအမျိုးမျိုးမှာ အဓိပ္ပာယ်ဖွင့်ဆိုထားကြပြီး၊ အထူးသဖြင့် နိုင်ငံ တော်နဲ့ လူ့အဖွဲ့ အစည်းအကြားက ဆက်နွယ်မှုတွေမှာ အကျိုးသက် ရောက်မှုရှိတဲ့ သဘောတရားတခုအဖြစ် ယူဆထားကြပါတယ်။ Civil society သဘောတရားကို အထင်ရှားဆုံး ကိုယ်စားပြုဖော်ဆောင်တဲ့ အဖွဲ့အစည်းတွေကတော့ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (non- government organizations or NGOs) တွေပဲဖြစ်ပြီး၊ အန်ဂျီအိုတွေ ကို (civil society organizations or CSOs) တွေ အဖြစ်လဲ သတ်မှတ် ခေါ်ဆိုကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်း (civil society) ဆိုတဲ့ သဘောတရားနဲ့ နိုင်ငံတော် အစိုးရတွေအပေါ် သက်ရောက်မှုတွေဟာ ၂၁ ရာစု၊ ကမ္ဘာ့ လူ့အဖွဲ့အစည်းရဲ့ ထင်ရှားတဲ့ ပြယုဂ်တွေ ဖြစ်လာခဲ့ပါတယ်။ နိုင်ငံတော်နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းကြားက ဆက်နွယ်မှုဆိုင်ရာ သဏ္ဍာန်များ (State – Civil Society Relational Models) လေးမျိုးကို အခြေခံပြီး၊ civil society သဘောတရားကို ရှုမြင်သုံးသပ်ပုံနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ပုံတွေ ကွဲ ပြားပါတယ်။ ဒီလေးမျိုးကတော့ ထိပ်တိုက်ရင်ဆိုင်မှုပေါ်မှာ အခြေခံတဲ့ confrontational model ၊ ပူးပေါင်း ဆောင်ရွက် ခြင်းအပေါ်မှာ အခြေခံတဲ့ collaborative model ထိပ်တိုက် ရင်ဆိုင်ခြင်း ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ သီးခြားရပ်တည် မှုပေါ်မှာ အခြေခံတဲ့ autonomous model ကြားဝင်စေ့စပ်ဖြေရှင်းခြင်း အပေါ်မှာ အခြေခံတဲ့ mediational model တို့ပဲ ဖြစ်ပါတယ်။
Confrontational Model of Civil Society
ဆယ့်ခုနစ်ရာစုနဲ့ ဆယ့်ရှစ်ရာစုကာလတွေမှာ ဥရောပမှာ modern state systemဆိုတဲ့ အတွေးအခေါ်တွေ ထွန်းကား လာခဲ့ပါတယ်။ အကြွင်းမဲ့ အာဏာကျင့်သုံးမှုစနစ်၊ ဘုရင်စနစ်တွေနဲ့ အပြိုင်ပေါ်ထွက်လာခဲ့တဲ့ ဒီအတွေးအခေါ်တွေထဲ မှာ အရပ်ဘက် လူ့အဖွဲ့အစည်း (civil society) ဆိုတဲ့ သဘောတရားကလဲ စတင်ပေါက်ဖွား လာပါတယ်။ နိုင်ငံရေးတွေး ခေါ် ပညာရှင်တွေဖြစ်တဲ့ Montesquieu နဲ့ Kant တို့ရဲ့ ရေးသားချက်တွေထဲမှာ အရပ်ဘက်လူ့အဖွဲ့အစည်း ဆိုတာကို အုပ်ချုပ်သူတွေရဲ့ အကြွင်းမဲ့အာဏာကို ထိန်းညှိစစ်ဆေးဖို့ လိုအပ်တဲ့ မဏ္ဍိုင်တခုအနေနဲ့ ရည်ညွှန်းထားကြပါတယ်။ အဲ ဒီအချိန်ကာလက အစပြုပြီး ဥရောပနိုင်ငံရေးဒဿနိကရဲ့ Liberal tradition တခုလုံးမှာ အရပ်ဘက် လူ့အဖွဲ့အစည်းဆို တာကို ထိပ်တိုက်ရင်ဆိုင်ခြင်း အသွင်သဏ္ဍာန်နဲ့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြပါတယ်။
Neo-conservative tradition မှာလဲ civil society ဆိုတာကို နိုင်ငံတော်နဲ့ ဆန့်ကျင်ဘက်အနေနဲ့ သုံးသပ်ပြီး၊ ဈေး ကွက်လုပ်ငန်းဆောင်တာတွေရဲ့ နိုင်ငံရေးမပါသော မဏ္ဍိုင်အဖြစ် သတ်မှတ်ထားကြပါတယ်။ ဆိုရှယ်လစ်ပညာရှင် တ ယောက်ဖြစ်တဲ့ Vaclav Havel ကလဲ civil society ဆိုတာ နိုင်ငံရေးဆန့်ကျင်ခြင်း ဒိုမိန်း (domain of anti-politics) ဖြစ်ပြီး၊ နိုင်ငံတော်နဲ့ အရပ်ဘက်လူ့အဖွဲ့အကြားက ဆက်နွယ်မှုဟာ ဆန့်ကျင်ဘက် ဆက်နွယ်မှုလို့ ဆိုခဲ့ပါတယ်။ နိုင်ငံ ရေးပညာရှင် Ernest Gellner နဲ့ Şerif Mardin ဆိုသူတို့ကလဲ civil society ဆိုတာ နိုင်ငံတော်ရဲ့ လူ့အဖွဲ့အစည်းပေါ် ထိန်းချုပ်မှုတွေကို ထိန်းညှိပေးဖို့ ပေါ်ထွက်လာတဲ့ counter-balancing mechanism လို့ ဆိုခဲ့ကြပါတယ်။
ဒီလို ထိပ်တိုက်ရင်ဆိုင်ခြင်း၊ ထိန်းညှိပေးခြင်းဆိုင်ရာ Confrontational Model ကို အခြေခံပြီး Civil Society အား ကောင်းလာအောင် ပြုလုပ်တဲ့ အန်ဂျီအိုအဖွဲ့အစည်းတွေ ယနေ့ကမ္ဘာမှာ အများအပြား ရှိပါတယ်။
Autonomous Model of Civil Society
၂၀ ရာစုနှောင်းပိုင်းမှာ ထိပ်တိုက်ရင်ဆိုင်ခြင်း အတွေးအခေါ်က နိုင်ငံတော်နဲ့ civil society ကို ဆန့်ကျင်ဘက်အနေနဲ့ သတ်မှတ်မှုအပေါ်မှာ အခြေခံပြီး၊ anti-statist ideological agenda အပေါ်မှာ အခြေခံထားတယ်လို့ ရှုမြင် သုံးသပ်သူ တွေလဲ ပေါ်ထွက်လာခဲ့ပါတယ်။ Civil Society ဟာ နိုင်ငံတော်နဲ့ ကွဲပြားခြားနားတာ မှတ်ပေမယ့် နိုင်ငံတော်ကို ဆန့် ကျင်တာ မဟုတ်ပဲ ကိုယ်ပိုင်သီးခြား ရပ်တည်တဲ့ မဏ္ဍိုင်တခုသာ ဖြစ်တယ်လို့ Robert Hefner, Keith Tester, David Anderson, Jean Cohen နဲ့ Andrew Arato စတဲ့ civil society theorists တွေက ဆိုခဲ့ကြပါတယ်။
Charles Taylor, Larry Diamond, Gordon White, John A. Hall နဲ့ He Baogang စတဲ့ နိုင်ငံရေးပညာရှင်များကလဲ ဒီအဆိုကို လက်ခံခဲ့ကြပါတယ်။ Civil Society ဆိုတာ နိုင်ငံတော်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုက လွတ်ကင်းတဲ့ လွတ်လပ်သော အစုအဖွဲ့များ ပါဝင်နေတဲ့ လူ့အဖွဲ့အစည်း တရပ်ဖြစ်ကြောင်း Charles Taylor က ဆိုခဲ့ပါတယ်။ Hall ကလဲ လူ့အဖွဲ့အ စည်းက နိုင်ငံတော်ရဲ့ ပါဝင်ပတ်သက်မှုမရှိပဲ မိမိတို့ဘာသာ သီးခြားစုဖွဲ့မှု ‘societal self-organization’ ဟာ civil society ရဲ့ သွင်ပြင်လက္ခဏာ တရပ်ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ Baogang ကတော့ civil society တည်ရှိမှုဆိုတာကို သက်ဆိုင်ရာနိုင်ငံရဲ့ လူ့အဖွဲ့အစည်းတွင်းမှာ ပေါ်ထွက်နေတဲ့ အသင်း အပင်းတွေဟာ နိုင်ငံတော်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှု ဘယ်လောက်ကင်းသလဲ ဆိုတဲ့ အချက်နဲ့ တိုင်းတာနိုင်ကြောင်း ဆိုထားခဲ့ပါတယ်။
Autonomous Model of Civil Society သဘောတရားတွေကို လူမှုရေး အသင်းအဖွဲ့တွေ၊ ကျန်းမာရေး၊ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ကြတဲ့ အဖွဲ့အစည်းများစွာက လက်ခံ ကျင့်သုံးနေ ကြပါတယ်။ သို့ပေမယ့် ဒီသဘော တ ရားတွေဟာ neo-conservative paradigm မှာ အခြေခံတဲ့ civil society ဆိုတာ depoliticized sphere ဆိုတဲ့ အမြင် ကိုတော့ ဆန့်ကျင်ပါတယ်။ လူထုအခြေပြု နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ voluntary social movements paradigm အယူအဆတွေနဲ့ ပိုပြီးဆက်နွယ်မှု ရှိပါတယ်။
Collaborative Model of Civil Society
၂၀ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစု ကနဦးပိုင်းကာလတွေမှာ ကမ္ဘာ့နိုင်ငံတော်တော်များများက နိုင်ငံတော်အစိုးရတွေဟာ ပြည်သူ့အကျိုးစီးပွားကို ဦးတည်တဲ့ ဒီမိုကရေစီ အစိုးရတွေ ဖြစ်လာကြပါတယ်။ ဒီလို ပြောင်းလဲမှုတွေနဲ့အတူ နိုင်ငံတော် နဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်းပေါ် အခြေတည်တဲ့ confrontational model နဲ့ သီးခြားရပ်တည်တဲ့ autonomous model တွေအပြင် ပူးပေါင်းဆောင်ရွက်ခြင်းအပေါ် အခြေတည်တဲ့ collaborative model ကိုလဲ ပညာရှင်အများစုက ဦးစားပေး တင်ပြလာကြပါတယ်။ civil society ရဲ့ နိုင်ငံရေးရှုထောင့် (political dimension) ကို အာရုံစိုက်ခြင်းမရှိဘဲ ဆင်းရဲနွမ်း ပါးမှု လျှော့ချရေးစတဲ့ မူဝါဒရေးရာတွေမှာ နိုင်ငံတော်နဲ့ Civil Society Organizations တွေ ပူးပေါင်းပါဝင်သင့်တယ်ဆို တဲ့ ဒီအယူအဆတွေဟာ civil society ဆိုတာကို depoliticized sphere အဖြစ် ရှုမြင်တဲ့ neo-conservative paradigm အပေါ်မှာ အခြေတည်တယ်လို့ ဆိုနိုင်ပါတယ်။
ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ မူဝါဒတွေကို ကျယ်ကျယ်ပြန့်ပြန့် အ ကောင်အထည် ဖော်ဆောင်တဲ့အခါမှာ ဒီမိုကရေစီအစိုးရမဟုတ်တဲ့ အာဏာရှင်အစိုးရတွေနဲ့ အဆင်အပြေဆုံးလို့ ယူဆ ရတဲ့အတွက် collaborative model ကို နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ WHO, UNESCO, UNDP အဖွဲ့အစည်းတွေ အပါအ၀င် Civil Society Organizations တော်တော်များများက အသုံးပြုကြပါတယ်။ Civil Society ဆက်လက်ရှင် သန် ရပ်တည်နိုင်မှုကို အထောက်အကူပေးနိုင်ဆုံး model တရပ်အနေနဲ့ သတ်မှတ် ထားကြပါတယ်။ အရေးကြီးဆုံးအ ချက်ကတော့ ဒီ Model ကို အာဏာရှင်နိုင်ငံတွေမှာ အသုံးပြုမယ့် အန်ဂျီအိုအဖွဲ့တွေ (အထူးသဖြင့် အဖွဲ့ငယ်လေးတွေ) အနေနဲ့ civil society ဆိုတာကို depoliticized sphere အဖြစ် ကနဦးရှုမြင်ထားဖို့ လိုပါတယ်။ collaborative model ကို အသုံးပြုပြီးမှ political dimension ကို ထည့်သွင်းလာခဲ့ရင်တော့ အာဏာရှင်အစိုးရနဲ့ ပြဿနာတက်ရင်တက်၊ မ တက်ရင်လဲ အာဏာရှင် အစိုးရရဲ့ အာဏာတည်မြဲရေး အသုံးချခံ လက်ကိုင်ဒုတ်တွေ ဖြစ်သွားတတ်ပါတယ်။
Mediational Model of Civil Society
တချို့ ပညာရှင်တွေကတော့ အရပ်ဘက်လူ့အဖွဲ့အစည်းဆိုတာ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းကြားက စေ့စပ်ဆွေးနွေး ရေးကို လုပ်ဆောင်ပေးမယ့် mediating sphere အနေနဲ့ သတ်မှတ်ကြပါတယ်။ နိုင်ငံရေးပညာရှင် Norton က နိုင်ငံ တော်နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းကြားမှာ mediating structure လိုအပ်ချက်ကို civil society က ဖြည့်ဆည်းပေးနိုင် တယ်လို့ အဆိုပြုခဲ့ပါတယ်။ Sunar ဆိုသူကလဲ အတင်းအကြပ်တိုက်တွန်းခြင်း၊ ချုပ်ခြယ်ခြင်းစတာတွေ မပါတဲ့ စုဖွဲ့မှု ကြားခံ ဒိုမိန်းတခုအနေနဲ့ civil society ကို သတ်မှတ်နိုင်ကြောင်း ဆိုခဲ့ပါတယ်။ Mediational Model ကို လက်ခံကျင့် သုံးတဲ့ အန်ဂျီအိုအဖွဲ့အစည်းတွေက အရပ်ဘက် လူ့အဖွဲ့အစည်းဆိုတာကို နိုင်ငံတော် (state) နဲ့ လူ့အဖွဲ့အစည်း (Society) တို့နဲ့ သီးခြားရှိနေတဲ့ ကြားခံစေ့စပ်ဆွေးနွေးရေး sphere တခုအနေနဲ့ သတ်မှတ် ထားကြပါတယ်။
အငြင်းပွားမှုများ
အရပ်ဘက်လူ့အဖွဲ့အစည်း (Civil Society) နဲ့ Civil Society Organizations (CSOs) တွေအဖြစ် ပါဝင်နေတဲ့ အန်ဂျီအို အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ကွဲပြားတဲ့အမြင်တွေနဲ့ အငြင်းပွားမှုတွေ အများအပြားရှိပါတယ်။ ထင်ရှားတဲ့ အမြင်တွေ ကတော့
(၁) အန်ဂျီအိုလုပ်ရင် နိုင်ငံရေးမလုပ်ရဘူး။
ဒီအမြင်က Collaborative Model of Civil Society အပေါ်မှာ အခြေခံပြီး ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ Confrontational Model နဲ့ Autonomous Model တွေအပေါ်မှာ အခြေခံပြီး အတိုက်အခံနိုင်ငံရေးနဲ့ လူထုအခြေပြု နိုင်ငံရေးကို ဖော်ဆောင်နေတဲ့ အန်ဂျီအိုတွေအများကြီး ရှိပါတယ်။
(၂) နိုင်ငံရေးမလုပ်ပဲ လူမှုရေးအလုပ်တွေ၊ အန်ဂျီအိုအလုပ်တွေ လုပ်နေတယ်။
ဒီအမြင်က အန်ဂျီအိုအလုပ်ဆိုတာကို depoliticized sphere အနေနဲ့ ရှုမြင်သုံးသပ်ချက်ကနေ ပေါ်ထွက်လာတာ ဖြစ် ပါတယ်။ နိုင်ငံရေးပါဝင်ပတ်သက်မှု (political participation) ဆိုတာမှာ ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲနဲ့ လွှတ် တော်တွေမှာ ပါဝင်ပတ်သက်တဲ့ conventional politics ဆိုင်ရာ ပါဝင်ပတ်သက်မှု ဆိုတာ ရှိသလို၊ တော်လှန်ရေးတွေ၊ လူထုလှုပ်ရှားမှု၊ စည်းရုံးရေးအသွင်ဆောင်တဲ့ လူထုအခြေပြုနိုင်ငံရေးလုပ်ငန်းဆောင်တာတွေမှာ ပါဝင်ပတ်သက်တဲ့ contentious politics ဆိုင်ရာ ပါဝင်ပတ်သက်မှုဆိုတာလဲ ရှိပါတယ်။ အတိုက်အခံနိုင်ငံရေးလှုပ်ရှားမှုမှာ နိုင်ငံရေးခေါင်း ဆောင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေပဲ ပါဝင်ဦးဆောင်ရုံနဲ့ လူထုလှုပ်ရှားမှုတွေ ပေါ်ထွက်လာခြင်း မရှိနိုင်ပါ။ တပ်ဦးကျွံတဲ့ မအောင်မြင်သော တော်လှန်ရေးတွေပဲ ပေါ်ထွက်လာနိုင်ပါတယ်။ လူထုနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင် ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေ တသားတည်းဖြစ်လာမှသာ အောင်မြင်မှု အလားအလာ ကောင်းတဲ့ လှုပ်ရှားမှုတွေ ပေါ်ထွက်လာနိုင်ပါတယ်။ ဒီအတွက် လူထုကို လှေကားချ စည်းရုံးနိုင်ဖို့ အန်ဂျီအိုအလုပ်တွေ၊ Civil Society အားကောင်းလာအောင် ချဲ့ထွင်မှုတွေကိုလဲ politicized sphere အနေနဲ့ အကောင် အထည်ဖော်ဆောင်ရမှုတွေ ရှိတတ်ပါတယ်။
(၃) အန်ဂျီအိုတွေ အာဏာရှင်တွေနဲ့ ပေါင်းလုပ်နေကြတယ်။
Collaborative Model ကို အခြေခံပြီး ဖွဲ့စည်းတဲ့ အန်ဂျီအိုတွေက အာဏာရှင် အစိုးရတွေနဲ့ မဖြစ်မနေ အလုပ်တွဲ လုပ် ကြရမှာပဲ ဖြစ်ပါတယ်။ ဒီလို တွဲလုပ်ကြတာကို အပြစ်မြင်စရာ မရှိပါ။ သို့ပေမယ့် ဒီလို တွဲလုပ်တဲ့အခါ depoliticized sphere အနေနဲ့ သတ်မှတ်ပြီး တွဲလုပ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းများကိုတော့ အာဏာရှင်အစိုးရတွေ က လက်ကိုင်ဒုတ်အဖြစ် အသုံး မချရဲကြပါဘူး။ Constructive engagement ပြုလုပ်နိုင်တယ်ဆိုတဲ့ တံခါးလေးကို ဖွင့် ထားပေးရုံလောက်ပါပဲ။ သို့ပေမယ့် စာနယ်ဇင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဖွဲ့ငယ်လေးတွေကိုတော့ လက်ကိုင် ဒုတ်အဖြစ် အသုံးချနိုင်အောင် ကြိုးပမ်းလေ့ရှိကြပါတယ်။ အထူးသဖြင့် အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ အာ ဏာရှင်တွေကိုယ်တိုင်က collaborative Model ကို အခြေခံမယ့် အန်ဂျီအို အဖွဲ့ငယ်လေးတွေကို နောက်ကွယ်ကနေ ကြိုးကိုင်ဖွဲ့စည်းထားလေ့ရှိကြောင်း ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ သို့ပေမယ့် အန်ဂျီအိုအားလုံးကိုတော့ အာဏာရှင်တွေနဲ့ ပူးပေါင်းလုပ်နေတဲ့၊ အာဏာရှင်လက်ကိုင်ဒုတ်တွေအဖြစ် သတ်မှတ်လို့ မရနိုင်ပါ။
နိဂုံး
နိဂုံးချုပ်ဆိုရရင် Civil Society အားကောင်းမှုဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ် (democratization) ရဲ့ ဒုတိ ယပိုင်းဖြစ်တဲ့ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာမှု (democratic consolidation) အတွက် အရေးကြီးတဲ့ အချက်တချက် ဖြစ်ပါတယ်။ paradigm of social order ရဲ့ မဏ္ဍိုင်ကြီးတခုလဲ ဖြစ်ပါတယ်။ ဒါကြောင့် Civil Society အားကောင်းလာ အောင် အကောင်အထည်ဖော်ဆောင်ချက်တွေမှာ ရှုထောင့်တမျိုးတည်းကနေ တကြောင်းဆွဲအမြင်နဲ့ မကြည့်ဘဲ၊ ရှု ထောင့်စုံကနေ သုံးသပ်ဆန်းစစ်မှု ပြုလုပ်ရန် အရေးကြီးပါတယ်။ ကွဲပြားခြားနားတဲ့ Model တွေကို ကိုင်စွဲပြီး အငြင်းပွား နေကြတာထက်၊ မိမိကိုင်စွဲ အသုံးပြုနေတဲ့ Model ပေါ်အခြေခံပြီး လုပ်ငန်းစဉ်တွေ အောင်မြင်စွာအကောင်အထည်ပေါ် လာရေးကိုသာ အာရုံ စိုက်သင့်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၁၆၊ ၃၊ ၂၀၁၁)
Ref:Naytthit
မီးသတ်ကားတွေနဲ့ ဓာတ်ပေါင်းဖိုအနီးထိသွားပြီး ရေပက်ဖျန်းမယ်
ဒီနေ့ မတ်လ ၁၇ ရက် မနက် ၉ နာရီ ၄၅ မိနစ်မှာ ဂျပန့် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ ရဟတ်ယာဉ်တွေနဲ့ ဓာတ်ပေါင်းဖို နံပတ် ၃ နဲ့ ၄ ကို လေထဲကနေ ရေနဲ့ ပက်ဖျန်းလောင်းချတာတွေကို ၄ ကြိမ်လုပ်ခဲ့ပါတယ်။ မနေ့က အဲဒီလိုလုပ်ဖို့ကြိုး ပမ်းခဲ့ ပေမယ့် ဓာတ်ပေါင်းဖိုပတ်ဝန်းကျင်မှာ ရေဒီယိုသတ္တိကြွမှုတွေ မြင့်မားနေတဲ့အတွက် ရပ်ဆိုင်းခဲ့ပြီးတဲ့နောက် ဒီက နေ့မနက်မှာ အခုလိုလုပ်ဆောင်တာဖြစ်ပါတယ်။ အဲဒီ ပတ်ဝန်းကျင်မှာ ရေဒီယိုသတ္တိကြွမှု လျော့နည်းသွားတဲ့အတွက် လေထဲကနေ ရေပက်ဖျန်းလောင်းချဖို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။ နောက်ဆုံးသိရတဲ့ သတင်းအရ ဘေးသင့်ဖို့ နည်း တယ်လို့ ဆုံးဖြတ်တယ်ဆိုရင် မီးသတ်ကားတွေနဲ့ ဓာတ်ပေါင်းဖို အနီးထိသွားပြီး ရေပက်ဖျန်းဖို့ လုပ်မယ်လို့ သိရပါတယ်။ နေ့လယ် ၁၂ နာရီလောက်ဖြစ်မယ်လို့ အဲန်အိပ်ခ်ျကေ မနက် ၁၁ နာရီသတင်းမှာ ကြေညာသွားပါတယ်။
ကျော်ကျော်စိုးRef;Naytthit
တရုတ်သို့ ပို့မည့် ဓာတ်ငွေ့ ပိုက်လိုင်းများ ဧရာဝတီမြစ်ကို ဖြတ်တော့မည်
2011-03-16
မြန်မာနိုင်ငံက သဘာဝ စွမ်းအင်လောင်စာတွေကို တရုတ်ပြည်ကို ပေးပို့ဖို့အတွက် ရခိုင်ပြည်နယ်ကနေ ပိုက်လိုင်းသွယ်တန်းနေတဲ့ လုပ်ငန်းဟာ အခုအခါ ဧရာဝတီမြစ်ကို ဖြတ်သန်းတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ-တရုတ် ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း နှစ်လိုင်းကို ဧရာဝတီမြစ်ရဲ့ ကြမ်းပြင်အောက်ကနေ ဖြတ်သန်းဖို့အတွက် မတ်လဆန်းပိုင်းမှာ တရုတ် CNPC ကုမ္ပဏီက စတင် တူးဖောက်ခဲ့ပါတယ်။ ဧရာဝတီ မြစ်ဖြတ် ပိုက်လိုင်းကို မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာအနီး ဧရာဝတီမြစ် အနောက်ဖက်ကမ်းက စတင် တူးဖောက်ခဲ့တာပါ။
အဲဒီပိုက်လိုင်းတွေဟာ ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းကနေ စတင်ပြီး တရုတ်ပြည် ယူနန်ပြည်နယ် ရွှေလီမြို့ကို ဝင်ရောက်မှာ ဖြစ်ပါတယ်။Ref;RFA
ဝ တပ် နှစ်ချုပ် အစည်းအဝေး ကျင်းပ
သန်းထိုက်ဦး
16 March 2011
နအဖ စစ်တပ်နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တပ်များ ယခု ရက်ပိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားနေချိန်တွင် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ်၌ သက်ဆိုင်ရာဌာနအလိုက် နှစ်ချုပ် အစည်းအဝေးကို ကျင်းပနေသည်။
အစည်းအဝေးကို UWSA ဌာနချုပ် တည်ရှိသော ပန်ဆန်းမြို့တွင် ၎င်းတို့၏ ခေါင်းဆောင် ဦးပေါက်ယူချမ်းနှင့် တပ်မှူးများ အပါ အ၀င် ဌာနအလိုက် ကိုယ်စားလှယ်၂၀၀ ကျော် တက်ရောက် ပြီး ယမန်နေ့မှ စတင်၍ ၃ ရက်ခန့် ကျင်းပမည် ဖြစ်ကြောင်း သိရ သည်။
UWSA အနေဖြင့် နောက်တက်လာမည့် အစိုးရသစ်နှင့် နိုင်ငံရေးအရ တွေ့ဆွေးနွေးရေး၊ စစ်အစိုးရက ကျင့်သုံးနေသော ဖြတ် လေးဖြတ် ကာကွယ်ရေး အစီအစဉ်နှင့် တခြားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် စစ်ရေး မဟာမိတ်ဖွဲ့စည်းရေး စသည့် အကြောင်းအရာများကို ဆွေးနွေးနိုင်ကြောင်း တရုတ် - မြန်မာ နယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော က ဧရာဝတီ သို့ ပြောသည်။
UWSA တပ်ဖွဲ့ဝင်များ အစည်းအဝေး ကျင်းပနေချိန်တွင် ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နယ်နှင့် တန့်ယန်း မြို့နယ်၌ နအဖ တပ်နှင့် SSA-N တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားနေသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။
တန့်ယန်းမြို့နယ် အတွင်းသို့ ရောက်ရှိနေသော စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ နှင့် မန္တလေးတိုင်း မိထ္တီလာမြို့နယ် အခြေစိုက် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းများက SSA-N ထိန်းချုပ်ထားသော ဒေသအတွင်းသို့ ၀င်ရောက်လာသော ကြောင့် ၎င်း တပ်များနှင့် အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ နအဖ စစ်အစိုးရ တပ်မ ၃၃ နှင့် တပ်မ ၉၉ တို့သည် ယခုအခါ တန့်ယန်း အခြေစိုက် တပ်များနှင့် ပူးပေါင်း၍ ယင်း ဒေ သ များတွင် စစ်အင်အား တိုးချဲ့ထားသည်။
အတည်မပြုနိုင်သော တန့်ယန်းဒေသခံများ၏ ပြောပြချက်အရ ယခုရက်ပိုင်း နအဖ စစ်အစိုးရနှင့် SSA-N တို့ ဖြစ်ပွားခဲ့ သော တိုက်ပွဲတွင် UWSA တပ်ဖွဲ့ဝင်များက ကူတိုက်ပေးခဲ့ကြောင်း ကြားသိရသည်။ ယင်းတိုက်ပွဲများတွင် SSA-N တပ်သား တချို့ဒဏ်ရရရှိသည်ဟု ကြားသိရသော်လည်း နအဖ ဗိုလ်ကြီးအဆင့်ရှိသူတဦး အပါအ၀င် တပ်သား ၈ ဦး ကျဆုံးခဲ့သည်။
စစ်ရေးလေ့လာသူများ အဆိုအရ ယခုကျင်းပနေသော UWSA နှစ်ချုပ် အစည်းအဝေးတွင် ရှမ်းပြည်နယ်တွင် လတ်တလော ဖြစ်ပွားနေသော စစ်ရေး ပဋိပက္ခများကိုလည်း ဆွေးနွေးနိုင်ခြင်း ရှိသကဲ့သို့ SSA-N ခေါင်းဆောင် တချို့ကလည်း စည်းဝေးနေ ကြောင်း သိရသည်။
UWSA ဌာနချုပ် လက်အောက်ခံ ရဲတပ်ဖွဲ့များက တရုတ်နှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါး နှိမ်နင်းရေး လုပ်ငန်းများကို ပြီးခဲ့သည့် ဖောဖော်ဝါရီ လဆန်းပိုင်းက စီစဉ် ဆောင်ရွက်ခဲ့ကြောင်း ယမန်နေ့က UWSA ဌာနချုပ်မှ ပြန်လည်ရောက်ရှိလာသူ သတင်းထောက် တဦးက ပြောသည်။
ထို့အပြင် UWSA ထိန်းချုပ် ဒေသများတွင် ည ၁၀ နာရီနောက်ပိုင်း အပြင်မထွက်ရန် လုံခြုံရေး တင်ကျပ်ထားကြောင်း သိရ သည်။
နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ထိန်းချုပ်ဒေသများကို ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် ချေမှူန်းရန် စစ်အစိုးရ ခေါင်းဆောင်များက ယခုလဆန်းပိုင်းမှ စတင်၍ ညွှန်ကြားထားကြောင်း စစ်ရေး လေ့လာသူများက ပြောသည်။
၁၉၇၀ ပြည့်နှစ်များတွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ကရင်အမျိုးသား အစည်း အရုံး(KNU) တို့အပေါ် ဗိုလ်ချုပ်ကြီးနေဝင်း၏ မဆလ ခေတ် အစိုးရ ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးများတွင် စတင်ကျင့်သုံးခဲ့သည်။
ယင်း ဖြတ်လေးဖြတ် အစီအစဉ်မှာ လက်နက်ကိုင်အဖွဲ့များ၏ စားနပ်ရိက္ခာအရင်းအမြစ်ကို ဖြတ်တောက်ခြင်း၊ ဘဏ္ဍာငွေအရင်း အမြစ်များကို ဖြတ်တောက်ခြင်း၊ သတင်းအရင်းမြစ်ကို ဖြတ်တောက်ခြင်းနှင့် တပ်ဖွဲ့ဝင်သစ်မစုဆောင်းနိုင်ရန် ဖြတ်တောက်ခြင်း တို့ဖြစ်သည်။
UWSA သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။ စစ်အစိုးရ၏ ၂၀၀၈ အခြေခံ ဥပဒေတွင် ဝ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ထည့်သွင်း ပြဋ္ဌာန်းထားသည်။
ယင်းအခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း စသည့် မြို့နယ်များကို ခရိုင် ၂ ခရိုင်ဖွဲ့ပြီး “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် ဖော်ပြထားသည်။ သံလွင်မြစ် အရှေ့ဘက်ခြမ်းမှ ထိုမြို့နယ် ၆ ခုမှာ တရုတ် မြန်မာ နယ်စပ်တွင် တည်ရှိသည်။
စစ်အစိုးရ၏ ဒု ဗိုလ်ချုပ်ကြီးဟောင်း ရဲမြင့်နှင့် UWSA ကိုယ်စားလှယ်တချို့တို့ ပြီးခဲ့သည့်နှစ် သြဂုတ်လက ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့၌ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး နောက်ဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ UWSAသည် ၎င်းတို့ ၏ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအနက် အင်အား အတောင့်တင်းဆုံး တပ်ဖွဲ့ ဖြစ်သည်။
UWSA တပ်ဖွဲ့ အပါအ၀င် မိုင်းလား တပ်ဖွဲ့(NDAA) တို့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်း ဆန်ထားသည်။ စစ်အစိုးရက အပစ်ရပ်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ်ဧပြီလ ကတည်းက စတင်အကောင်အထည် ဖော်ခဲ့သည်။
UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉မှ ၁၉၉၅ အတွင်းအပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး ယူခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ရှိသည်ဟု စစ် အစိုးရ ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
Ref:Irrawddy
မြန်မာမှာ လူထုတော်လှန်ရေး ဖြစ်နိုင်မှာလား
ထွန်းထွန်း။ ။
အင်္ဂါနေ့၊ မတ်လ ၁၅ ရက် ၂၀၁၁ ။
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံမှာ ၈၈၈၈ လူထု အုံကြွမှုမျိုး တဖန်ပြန်လည် ပေါ်ပေါက်နိုင်မှု ရှိ၊ မရှိနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ သြဇာကြီးသော ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်၊ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေနှင့် ထိုင်းအခြေစိုက် ဗဟုဖွံ့ဖြိုးမှု အဖွဲ့မှ ဦးအောင်သူငြိမ်း တို့ကို မဇ္ဈိမက မေးမြန်းထားသည်။
ဦးဝင်းတင်က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် ဖိနှိပ်မှုများ၊ မတရား ခေါင်းပုံဖြတ်မှုများ အပြင် ပြည်သူလူထု ဆင်းရဲတွင်း နက်နေခြင်းများက လူထုအုံကြွမှု ဖြစ်ပေါ်စေမည့် အချက်များဟု သုံးသပ်သည်။ ထို့ပြင် အရှေ့အလယ်ပိုင်း နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် အာဏာရှင်ဖြုတ်ချရေး လူထုအုံကြွမှု ဂယက်များသည်လည်း အင်အားတခုအဖြစ် တည်ရှိနေသည် ဟု ဆိုသည်။
သို့သော် ယခင်က NLD ခေါင်းဆောင်တဦးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း ဦးခင်မောင်ဆွေ ကမူ လူထု အုံကြွမှု ဖြစ်ပေါ်ရန် အလားအလာ နည်းနေသည်ဟု ဆိုသည်။ လူထု အုံကြွမှုများကို စစ်အစိုးရက ဖိနှိပ်ခဲ့သည့် အတွက် ယခုလို သုံးသပ်ကြောင်းနှင့် လူထု အနေဖြင့် အသက်စွန့် လှုပ်ရှားရန်မှာ မဖြစ်နိုင်သေးကြောင်း သူက ပြောဆိုသည်။
ထိုင်းအခြေစိုက် ဗဟုဖွံ့ဖြိုးမှုအဖွဲ့မှ ဦးအောင်သူငြိမ်းကမူ အသစ်ဖြစ်ပေါ်နေသည့် လွှတ်တော်အတွင်း ပြောင်းလဲမှု တစုံတရာ ဖြစ်ပေါ်လာရန် ပြည်သူများက စောင့်ကြည့်နေပြီး၊ ပြောင်းလဲမှု မရှိလျှင် ပါလီမန်ပြင်ပ နိုင်ငံရေးကို ဦးတည် သွားနိုင်သည်ဟု သုံးသပ်သည်။
မြန်မာပြည်မှာ လူထုအုံကြွမှု ပြန်ဖြစ်နိုင်မယ်လို့ ယူဆပါသလား။ ဖြစ်နိုင်တယ်ဆိုရင် ဘာကြောင့်၊ မဖြစ်နိုင်ဘူး ဆိုရင် ဘာကြောင့် ဆိုတာလေး ရှင်းပြပေးပါခင်ဗျ။
ဦးဝင်းတင်
“အခု မြန်မာပြည်က လူတွေကို ကြည့်မယ်ဆိုရင် ဆင်းရဲတဲ့ အနေအထားမှာ ရှိနေကြပြီ။ အခု ရန်ကုန် မြို့လယ်က ချမ်းသာနေတဲ့ လူတွေကို ကြည့်ပြီး အမျိုးမျိုး ပြောနေတာကိုး။ နယ်တွေကို မပြောနဲ့ တကယ် ရန်ကုန်ထဲမှာ တောင်ဒဂုံ၊ မြောက်ဒဂုံ စတဲ့ နေရာတွေမှာ ဆင်းရဲတဲ့သူ များနေတာကို တွေ့တယ်။ ဆင်းရဲတယ် ဆိုတာ တော်တော့ကို ဆင်းရဲတဲ့ အနေအထားမှာ ရှိနေတယ်။ အဲဒီတော့ စီးပွား ချွတ်ခြုံကျမှုဟာ လူထုအုံကြွမှု ဖြစ်ပေါ်ဖို့ အတွက် ဖြစ်တတ်တယ်လို့ ကျနော်က သုံးသပ်တယ်။ အခု မြန်မာပြည်မှာက ထားစရာ မရှိတဲ့သူနဲ့ စားစရာ မရှိတဲ့သူလို ဖြစ်နေတယ်”
“နောက်တခုကတော့ မတရားမှုတွေပေါ့။ မတရားမှု ဆိုတာ လူလူချင်း ဆက်ဆံတဲ့ နေရာမှာ မတရားတာ၊ အနိုင်ကျင့်တာ၊ ဗိုလ်ကျတာ။ ဒီလို မတရားမှုတွေက မြန်မာပြည် တပြည်လုံး နေရာအနှံ့ ဖြစ်နေတယ်။ နောက်ပြီး ဒီမတရား မှုတွေကို ကိုယ်တိုင်လည်း ခံစားရတယ်။ နောက်ပြီး တခြားသူတွေ ခံစား နေရတာ ကိုလည်း မီဒီယာ တွေကနေ တဆင့် လူတွေက သိလာကြတော့ အုံကြွ ပေါက်ကွဲမှုဆိုတာ အချိန်မရွေး ဖြစ်နိုင်တယ်ဗျ”
“အဲဒါတွေအပြင်ကို နောက်ထပ် Sector တခုက ဘာလဲဆိုရင် အခု အရှေ့ အလယ်ပိုင်းမှာ ဖြစ်တဲ့ ကိစ္စတွေ ပေါ့ဗျာ။ အီဂျစ်တို့၊ တူရကီတို့မှာ ဖြစ်တဲ့ ကိစ္စတွေ။ အဲဒီကိစ္စတွေက ကျနော်တို့ရဲ့ မြန်မာပြည်ကို ဂယက် ရိုက်လာတယ်ပေါ့။ ဒီနေ့ခေတ်မှာ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေး ဖြစ်နေတယ် ဆိုတဲ့ အခါကျတော့ တခုနဲ့ တခု ဆက်စပ်နေတယ်”
“ဒီအခြေအနေတွေ အားလုံးကို သုံးသပ်တဲ့ အခါကျတော့ ကျနော်တို့ အတွက်တော့၊ မြန်မာ ပြည်မှာတော့ ဒီဂယက်တွေ ကတော့ ပေါ်နေပြီ။ တရုတ်ပြည်မှာတောင် ပေါ်နေတာ၊ မြန်မာပြည် ကတော့ ပိုပေါ်တော့မှာ ပေါ့ဗျာ။ ဆိုတော့ အဲဒီလို အခြေအနေ တွေကြောင့် မြန်မာပြည်မှာ လူထု အုံကြွမှု ပေါ်ပေါက်နိုင်တဲ့ အနေ အထားတွေ အများကြီး ရှိနေတယ်လို့ ကျနော် သုံးသပ်တာ ဖြစ်ပါတယ်”
ဦးခင်မောင်ဆွေ
“ဖြစ်နိုင်ဖို့ကတော့ သိပ်ကို နည်းပါတယ်ခင်ဗျ။ ပါလီမန်က ထွက်လာမယ့် ဟာတွေက ဘာတွေ ဖြစ်ဦး မလဲလို့ ဝေဝေဝါးဝါးလည်း ဖြစ်နေတယ်။ ပြီးတော့ ကျနော်တို့နိုင်ငံက ဗုဒ္ဓဘာသာ နိုင်ငံ ဆိုတော့ မွတ်စလင် နိုင်ငံတွေနဲ့တော့ အတွေးအခေါ် ကွာတယ်ဗျ။ အဲဒါ တချက်ပေါ့။ လူ့အသက်ကို စွန်ဖို့၊ လွယ်လွယ်ကူကူ စွန့်ဖို့ဆိုတာ ခက်ပါတယ်”
“နောက်ပြီးတော့ အာဏာရှင်နိုင်ငံတွေမှာ ဖြစ်နေတဲ့ ဒီလူထု လှုပ်ရှားမှုတွေဟာ နှစ်ပေါင်း ၃ဝ အတွင်းမှာ တခါမှ အခုလို များများစားစား၊ ဆူဆူပူပူ မရှိခဲ့ဖူးဘူး။ မြန်မာ နိုင်ငံမှာက အများဆုံး ဖြစ်တဲ့ နိုင်ငံလေ။ ဒါတောင်မှ ဖြစ်လာတဲ့ ဆူပူမှုတွေကို နှိမ်နင်း ခံရတာလည်း ရှိနေတော့ကာ ပြည်သူကလည်း အများကြီး သတိထားပုံ ပေါ်တယ်။ အဲဒီတော့ ဖြစ်ချင်လည်း ဖြစ်မှာပေါ့လေ။ ဖြစ်ဖို့တော့ အခွင့်အရေး သိပ်နည်းတယ်လို့ ကျနော် ထင်တယ်”
“နောက် မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင်နိုင်ငံတွေကလည်းပဲ စီးပွားရေးပဲ မျှော်မှန်းနေတဲ့ အခါကျတော့ နိုင်ငံမှာ ဆူဆူပူပူ ဖြစ်မယ်ဆိုရင် စီးပွားရေး အခွင့်အလမ်းတွေ ထိခိုက်မှာ စိုးတဲ့ အခါကျတော့ ဒါတွေက သိပ်ပြီး အားပေး ချင်တဲ့ပုံ ရှိမှာ မဟုတ်ဘူးလို့ ယူဆစရာ အကြောင်း ရှိပါတယ်။ မြန်မာ လူထုဟာ သိပ်ကို ခံစားနေရပြီ၊ အခုလို ဆင်းရဲ မွဲတေနေပြီ။ သို့သော်လည်း လမ်းမပေါ် ထွက်ရလောက်အောင် အခြေအနေ မပေးသေးဘူးလို့ ကျနော် တွက်ပါတယ်”
ဦးအောင်သူငြိမ်း
“ကျနော်တို့ဆီမှာ လူထုအုံကြွမှု မဖြစ်နိုင်ဘူးလို့တော့ မပြောနိုင်ဘူး ပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတဲ့ အခါကျတော့ ကျနော်တို့ဆီမှာ ရေခံမြေခံတွေက အတော်များများ ရှိတယ်။ အခုဖြစ်တဲ့ အရှေ့ အလယ်ပိုင်း ကိစ္စတွေကို ပြန်ကြည့်တဲ့ အခါကျတော့ လူတွေက သူတို့ရဲ့ ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ထိပါးခံရတဲ့ အနေအထား၊ မကျေနပ်တာတွေ ပါတယ်။ နောက်တခါကျတော့ အစိုးရပိုင်းမှာ လာဘ်စားနေတဲ့ အကျင့်ပျက် ခြစားနေတဲ့ ကိစ္စတွေ ပါတယ်။ နောက်တခါကျတော့ လူတွေက အထွေထွေ ကျပ်တည်းမှုတွေ ပါတယ်။ နောက် လူတန်းစား သိပ်မညီမျှမှုတွေ ပါတယ်ပေါ့နော်။ ဆိုတော့ ဒီအခြေအနေတွေ ပြန်ကြည့်ရင် ကျနော်တို့ တိုင်းပြည်မှာလည်း ဒါတွေက ဖြစ်နေတယ်ဗျ”
“နောက်တခုကကျတော့ လူတွေက အပြောင်းအလဲကို မျှော်လင့်နေတယ် ဆိုတာ ကျနော်တို့ တနိုင်ငံလုံး သေချာ တယ်ပေါ့။ ဒါပေမဲ့ အခုဖြစ်လာတဲ့၊ ပါလီမန်ထဲမှာ ဖြစ်နေတဲ့ ဆွေးနွေးပွဲတွေ၊ အပြောင်းအလဲ တွေက ဘယ်လောက်ထိ သူတို့ရဲ့ မျှော်မှန်းချက်ကို ဖြည့်ဆည်း ပေးနိုင်မလဲပေါ့။ ဒါ မျှော်လင့်ချက် မရှိတော့ဘူး ဆိုရင်လည်း လူတွေက ပါလီမန်ပြင်ပ နိုင်ငံရေး ဘက်ကို ပြန်လှည့်လာနိုင်တဲ့ သဘောလည်း ရှိပါတယ်’’
လူထုအုံကြွမှုဖြစ်ဖို့အတွက် ဘယ်လိုအချက်က အခြေခံအချက်လို့ မြင်ပါသလဲ။
ဦးဝင်းတင်
“ဆင်းရဲတွင်းနက်နေတဲ့ လူထုရဲ့ အခြေအနေ၊ နောက် လူထုရဲ့ ပတ်ဝန်းကျင်မှာ မတရား ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေ၊ ပိုင်စိုးပိုင်နင်း လုပ်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ မတရား ခိုင်းစေမှုတွေ၊ လယ်ယာမြေတွေ သိမ်းခံရတာဗျာ။ အလုပ်သမား တွေကို လုပ်ခမပေး ဘာမပေး ဖြစ်ရတာတွေ စသဖြင့် အများကြီးပေါ့ဗျာ”
ဦးခင်မောင်ဆွေ
“အဲဒါကတော့ စာအုပ်ကြီးထဲမှာ ရှိတဲ့ဟာတွေပါ။ ပေါက်ကွဲမှု ဆိုတာက အမှိုက်ကစ ပြဿဒ်မီး လောင်တာပဲ။ လူတွေရဲ့ ခံစားချက်ကို သိပ်ထိခိုက် လွန်းရင် ဖြစ်မှာပေါ့။ ပြည်သူလူထုက သိပ်ပြီးတော့ ခံနိုင်ရည် စွမ်းရည် မြင့်မားတယ်ဗျ။ ဒါက ဗုဒ္ဓဘာသာတွေ ဖြစ်တာလည်း ပါမှာပေါ့ဗျာ”
“နောက်ပြီးတော့ ဟိုတုန်းက ကုန်ဈေးနှုန်းတွေ တက်တုန်းက ဘယ်လောက် ခံရတယ်ဆိုတာ ခင်ဗျား သိမှာပါ။ ဘဲဥကို တနေ့ နှစ်လုံးစားတဲ့ သူက တနေ့ကို တခြမ်းတောင် မဟုတ်တော့ဘူး။ တစိတ်ပဲ စားပြီး နေနေကြတဲ့ မြန်မာ ပြည်သူတွေကို သွားပြီးတော့ကာ အများကြီး မျှော်လင့်လို့ မရဘူးလို့ ထင်ပါတယ်။ သို့သော်လည်း ဖြစ်နိုင်ခြေ မရှိဘူး၊ ရှိတယ်ဆိုတာ ကျနော် အပ်ကျမတ်ကျ ပြောလို့ မရပါဘူး။ ပေါက်ကွဲချိန်ကျ ပေါက်ကွဲတာကိုး။ သို့သော် အခွင့်အရေးကတော့ အလွန်နည်းပါတယ်”
ဦးအောင်သူငြိမ်း
“အဓိကကတော့ လူထုအုံကြွမှုတွေ ကြည့်လိုက်လို့ရှိရင် သေချာပြင်ဆင် လှုံ့ဆော်ပြီးတော့ ခေါ်တယ်။ ဒါပေမဲ့လည်း ဖြစ်ချင်မှ ဖြစ်တာမျိုးပေါ့။ ဒါပေမဲ့ မျှော်လင့် မထားဘဲနဲ့ အခြေအနေတွေ ပေါင်းစုံလာတော့ အုံကြွ ပေါက်ကွဲမှုတွေ ဖြစ်တာမျိုးလည်း ရှိတာပေါ့။ အဲဒီတော့ အတိအကျတော့ ပြောလို့ ခက်ပါတယ်”
လူထုအုံကြွမှုဖြစ်ပေါ်ဖို့ ဘယ်လိုလူတန်းစားက အရေးကြီးဆုံးလို့ ထင်ပါသလဲဗျ။
ဦးဝင်းတင်
“အထူးသဖြင့် အဓိက အကျဆုံးကတော့ ကျနော်တို့ မြန်မာပြည်က အတွေ့အကြုံမှာတော့ အမြဲတမ်း ဒီ ပညာတတ် ပေါ့ဗျာ။ ပညာတတ်လို့ပဲ ပြောရမှာပေါ့။ ကျောင်းသားတို့ ဘာတို့ ဆိုတဲ့ ကျောင်းသား အင်အားစု တွေဟာ အဓိက အကျဆုံးပါဘဲ။ ဟိုးလွန်ခဲ့တဲ့ ၁၉၂ဝ ကျောင်းသား သပိတ်တို့ ဘာတို့ကနေ အစပေါ့ဗျာ။ သပိတ် တလျှောက်လုံး ဟာလည်း မြန်မာပြည်ရဲ့ နိုင်ငံရေး လှုပ်ရှားမှု အားလုံးဟာ ကျောင်းသားလူငယ် ခေါင်းဆောင်မှုက အဓိကပဲ။ ကျောင်းသား လူငယ်ဆိုတဲ့ နောက် ဘာပဲပြောပြော ပညာတတ်တွေလို့ ပြောလို့ ရပါတယ်။ ဒါက တပိုင်းပေါ့။ ဒါက အလွန့်အလွန်ကို အရေးကြီးတဲ့ တပ်ဦးက အင်အားစုပေါ့”
ဦးခင်မောင်ဆွေ
“အခြေခံလူတန်းစားတွေရဲ့ဘဝ မပြည့်စုံဘူး၊ ထွက်ပေါက် မရှိတော့ဘူး၊ စားစရာလည်း မရှိတော့ဘူး၊ ဘာမှ မျှော်လင့်ချက်လည်း မရှိတော့ဘူး ဆိုရင် ပေါက်ကွဲ ကြတာပေါ့ဗျာ။ မြန်မာ နိုင်ငံမှာတော့ လူလတ် တန်းစားမှာ ပါနေတဲ့ ကျောင်းသားတွေက စခဲ့တာ ဆိုတော့ သမိုင်းမှာ အထင်အရှား ရှိခဲ့တာပဲ။ ကျောင်းသားတွေလည်း အခု ဘယ်လို နေတယ်ဆိုတာ ခင်ဗျားတို့ မှန်းလို့ ရပါတယ်။ တကယ်ကော လူထုအုံကြွမှု လိုပြီလား၊ မလိုဘူးလားဆိုတာလည်း ရှိပါတယ်။ ဒါကို တထိုင်တည်းနဲ့ ပြောလို့မရဘူး”
ဦးအောင်သူငြိမ်း
“ကျနော်ထင်တာကတော့ အဓိကကတော့ဗျာ… မကျေနပ်တဲ့ လူစုလူဝေး ပေါ့နော်။ ဘာလို့ ဆိုတော့ ဒီဥစ္စာက အရေးကြီးတယ်ဗျ။ နောက်တခုက ကျတော့ ကျနော်ထင်တယ်… လူလတ် တန်းစားက အဓိက အားဖြင့်တော့ ဒီကိစ္စတွေမှာ ဦးဆောင်ကြတာ။ Opinion လူစားလို့ ခေါ်တာပေါ့။ သူတို့က အမြင်ရှိတယ်၊ ကျန်တဲ့ သူတွေကို ရှင်းပြနိုင်တယ်၊ ချပြနိုင်တယ်၊ ဦးဆောင်နိုင်တယ် စသဖြင့် ဒီလို အနေအထားတွေ ကျတော့ ကျနော်တို့ဆီမှာ လူထုအုံကြွမှုတွေက အဲဒါမျိုးမှာ ပေါင်းစပ်တာမျိုး ဖြစ်တတ်တာပေါ့”
လူထုအုံကြွမှု အောင်မြင်နိုင်ဖို့ သော့ချက်ကကော။
ဦးဝင်းတင်
“အဓိကအကျဆုံး သော့ချက်လို့ ကျနော်ထင်တာကတော့ လူထုပါဖို့ ပဲဗျ။ လူထုပါဖို့ ဆိုတာ ကတော့ ဥပမာ ၈၈ တုန်းက လူထုပါလို့ ဖြစ်တာ။ လူထုမပါရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာလို့လဲ ဆိုတော့ ရပ်ကွက်တွေ၊ ရပ်ကွက်တွေ တိုင်းမှာ ပါတီယူနစ်တွေ ရှိတယ်။ နောက်ပြီး အဖွဲ့အစည်းတွေ ရှိတယ်။ ဒီအဖွဲ့အစည်းတွေ ဘယ်လောက်ပဲ ရှိရှိ တကယ့်ကို အုံကြွမှုလည်း ပေါ်လည်းလာကော လူထု တရပ်လုံး ထွက်လာတာ။ လူထုဆိုတဲ့ နေရာမှာ ခုနကပြောသလို ကျောင်းသား လူငယ်တင် မကတော့ဘူး။ အလုပ်သမား၊ လယ်သမားတို့၊ မြို့နေ လူတန်းစားတွေ ပါလာတယ်။ ရပ်ကွက်ထဲက လူတွေ ထွက်လာတယ်။ ဒါက ပါဝင်တဲ့ နေရာမှာ အရေးကြီးတဲ့ အင်အားစုဟာ လူထုလို့ ပြောလို့ ရတယ်။ လူထု ပါလာပြီ ဆိုရင်တော့ ဒီလူထုအုံကြွမှု၊ လှုပ်ရှားမှုဟာ အောင်မြင်နိုင်တဲ့ အလားအလာ ရှိတယ်”
ဦးခင်မောင်ဆွေ
“ခင်ဗျား ထိုင်းကို ကြည့်ပါလားဗျ၊ အခု လစ်ဗျားကို ကြည့်ပါလားဗျာ။ နိုင်ငံမှာ ရှိနေတဲ့ ကာကွယ်ရေး အဖွဲ့ အစည်းတွေပေါ့။ ကာကွယ်ရေး အဖွဲ့အစည်းတွေက ဘယ်ဘက်က ပါသလဲ၊ ဘယ်နေရာမှာ နေသလဲ၊ ကြားမှာ နေသလား။ အုပ်ချုပ်သူ လူတန်းစာက ဘယ်လောက် မှားယွင်းနေသလဲ၊ ပြည်သူတွေက ဘယ်လောက် မှန်ကန်ပြီးတော့ မှန်ကန်စွာ ဒီဟာကို သယ်ဆောင် နိုင်သလဲဆိုတဲ့ အခြေခံအချက်တွေ လိုတာပေါ့ဗျာ”
“ပြည်သူတရပ်လုံး ပါဝင်နိုင်တဲ့ လှုပ်ရှားမှုသာလျှင် အောင်မြင်နိုင်တာပေါ့။ ဒီလို အစိတ် အပိုင်း တချို့သာ ပါဝင် လာရုံနဲ့တော့လည်း ဒီကိစ္စကြီး တခုလုံးကို မှောက်လှန် ကြည့်ဖို့ ဆိုတာလည်း သိပ် မလွယ်လှပါဘူး”
ဦးအောင်သူငြိမ်း
“အဓိကကတော့ ကျနော်ထင်တယ် အချက်တွေက တော်တော်များပါတယ်။ အဓိက ကတော့ နိုင်ငံတကာ အခြေ အနေလည်း ပါတယ်၊ နောက် ကိုယ့်လူထုဘက်က ဘယ်လောက် အင်အား စုစည်း မိသလဲဆိုတဲ့ အချက်လည်း ပါတယ်။ နောက်တခါ ခေါင်းဆောင်မှုလည်း အရေးကြီးပါတယ်။ နောက် ဘယ်လိုမျိုး မဟာဗျူဟာ ကျင့်သုံးမှာလဲပေါ့”
“အထူးသဖြင့်ကတော့ အုပ်ချုပ်သူဆီမှာရှိတဲ့ စစ်တပ်အပိုင်းပေါ့ဗျာ။ စစ်တပ်တို့၊ ရဲတို့ စသဖြင့် ဒီလို လက်နက်ကိုင် အဖွဲ့အစည်းတွေက ဆန္ဒပြတဲ့ သူတွေဘက်ကို လာပေါင်းမလားပေါ့။ ဒီအချက်လည်း အရေးကြီးတယ်”
မြန်မာ့ဒီမိုကရေစီကူးပြောင်းရေးအတွက် အဓိကအချက်က ဘာလို့ သုံးသပ် နိုင်သလဲ။
ဦးဝင်းတင်
“အလွယ်ဆုံး၊ အဓိက အကျဆုံးအချက်ကတော့ ဒီစစ်အာဏာရှင်တွေ မရှိအောင်၊ စစ်အာဏာရှင် ပြုတ်ကျအောင် ဒီစနစ်ဆိုး ကို ပြည်သူလူထုရဲ့ အုံကြွမှုတို့၊ လူထု အုံကြွမှုတို့နဲ့ ရိုက်ချိုးနိုင်ဖို့ပဲ။ အဲဒါက အဓိကပဲလို့ ကျနော်တို့ ပြောလို့ ရနိုင်ပါတယ်။ ဒီမိုကရေစီ စနစ် ဖြစ်ထွန်းဖို့ အတွက်ကို ဒီမိုကရေစီ စနစ်နဲ့ ကြိုးစားတဲ့ နေရာမှာ လူထု အုံကြွမှုတွေက ဒီမိုကရေစီ နည်းနဲ့ လူတွေရဲ့ လှုပ်ရှားမှုပဲ”
“ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စမှာ အရေးကြီး ဆုံးက ဘာလဲ ဆိုတော့ စစ်အာဏာရှင်တွေ ဆိုတဲ့ အုပ်ချုပ်သူ အဖွဲ့အစည်းပေါ့… ပါတီဖြစ်ရင် ဖြစ်မယ်၊ စစ်တပ်ဖြစ်ရင် ဖြစ်မယ်၊ လူတစုကို ကိုယ်စားပြုတဲ့ အာဏာရှင်တွေ ဖြစ်ရင် ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ဒီအာဏာရှင်တွေ၊ အာဏာရှင် စနစ်ကို ဖယ်ရှား နိုင်ခြင်းသာလျှင် ဒီမိုကရေစီ အောင်မြင်ရေး အတွက် လမ်းစဖြစ်မယ်”
“အာဏာရှင်ကို မတိုက်ဝံ့ရင် ဒီမိုကရေစီတိုက်ပွဲဆိုတာက ကျနော်ထင်တယ်… လူတွေ လမ်းပေါ်မှာ ဆန္ဒပြရုံ လောက်ပဲ ရှိမှာပဲ။ အဲဒီကနေ ဘာမှ တက်လာမှာ မဟုတ်ဘူး”
ဦးခင်မောင်ဆွေ
“အဓိက အကျဆုံးအချက်ကတော့ ကျနော်တို့ ထောင်ထဲ မရောက်ခင်တုန်း ကတော့ ဒီ စစ်အစိုးရကို ဖြုတ်ချဖို့ပဲ ပေါ့ဗျာ။ အခုက စစ်အစိုးရ မဖြုတ်ချ နိုင်ဘူးလေ။ မရနိုင်တဲ့ အပြင် သူကတောင်မှ ပြောင်းပြီးတော့ လွှတ်တော် ခေါ်ပြီးတော့ နောက်အစိုးရ ဖြစ်သွားပြီဗျာ။ အဲဒီလိုဆိုတော့ ကျနော်တို့ သွားရမှာက စစ်အစိုးရ ဖြုတ်ချဖို့ သက်သက်ချည်း လုပ်မှာလား၊ သို့မဟုတ် အခြေခံ ဥပဒေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လွှတ်တော်က တဆင့် ဖြည်းဖြည်းချင်းပဲ စီးပွားရေး ဒီမိုကရေစီရအောင် ထူထောင်ပြီးတော့ တဖြည်းဖြည်းချင်း ဒီမိုကရေစီ လမ်းကြောင်း ရောက်အောင်ပေါ့ဗျာ၊ ပြည်သူလူထု မနစ်နာဘဲနဲ့ သွားတဲ့ လမ်းကြောင်းကို ယူမလား ဆိုတဲ့ ဟာကို နိုင်ငံရေးသမား အားလုံး၊ နိုင်ငံရေးပါတီ အားလုံး၊ ပါဝင်နေတဲ့ State holder အားလုံးက ရွေးချယ်ရမယ့် ကိစ္စ ဖြစ်ပါတယ်”
“မြန်မာနိုင်ငံအဖို့ကတော့ ဆင့်ကဲဖြစ်စဉ်နဲ့ ပြောင်းလဲတဲ့ဘက်ကို သွားနေတာတော့ ကျနော်တို့ မြင်နေရတာ ပဲဗျာ။ အခုက စစ်အစိုးရက ဆုတ်သွားပြီလေ။ ဆုတ်သွားတဲ့ စစ်အစိုးရ ဖြုတ်ချဖို့ ဆိုတာ မရှိတော့ဘူးဗျာ။ ဖြုတ်ချချင်တယ် ဆိုလည်း စိတ်ကူးယဉ်ပဲ ဖြစ်မယ်။ အဲဒီတော့ တကယ် လက်တွေ့ကျတဲ့ ဟာကို စဉ်းစားပြီးတော့ ဒီပွဲမှာ နွှဲပြီး၊ ဒီတပွဲမှာ မအောင်မြင်ရင် နောက် ၅ နှစ်တိုင်အတွင်းမှာ ကျနော်တို့ ပြည်သူတွေ ရွေးချယ်တဲ့ လွှတ်တော်ကြီး ဖြစ်လာအောင်၊ အမှန်အကန် လွှတ်တော်ကြီး ဖြစ်လာအောင် ဝိုင်းဝန်း ကြိုးပမ်းခြင်းဖြင့်သာ ဒီ ဒီမိုကရေစီကို ဖြည်းဖြည်းချင်း သွားနိုင်မယ့် အခွင့်အလမ်းရမှာပဲ”
ဦးအောင်သူငြိမ်း
“ကျနော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုတာမျိုး ကတော့ အကုန်လုံး ပြောနေတာပေါ့။ လက်ရှိ စစ်အစိုးရက ရွေးကောက်ပွဲတွေ လုပ်ပြီးတော့ သူတို့လည်း ဒီမိုကရေစီ သွားမယ်လို့ ပြောနေတာပဲ။ ကျန်တဲ့ အတိုက်အခံ အင်အားစုတွေ ကလည်း ဒီမိုကရေစီ သွားမယ်လို့ ပြောနေတယ် ပေါ့ဗျာ။ ဆိုတော့ အဲဒီ အနေအထားမှာ အကုန်လုံး ညှိနှိုင်းပြီးတော့ တူညီတဲ့ လမ်းကြောင်း ရှာနိုင်လို့ ရှိရင်တော့ အကောင်းဆုံးပေါ့”
“ကျနော်တို့ တိုင်းပြည်မှာက တဖက်နဲ့ တဖက်က အားယူပြီး အပြိုင်အဆိုင်လုပ်တဲ့ နိုင်ငံရေး မျိုးက ဆက်ရှိနိုင်တဲ့ အလား အလာမျိုး ရှိပါတယ်”
Ref: မဇ္ဈိမ
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88