Wednesday, December 29, 2010

နိုင်ငံတကာမှာ လူမိုက်ဖြစ်နေရတာကို မြန်မာဗိုလ်ချုပ်များ ရှက်ရွံ့ဟု အမေရိကန် ကြေးနန်းပြော


















Reference IDCreatedReleased ClassificationOrigin
09RANGOON205 2009-04-02 07:072010-12-12 21:09SECRETEmbassy Rangoon



VZCZCXYZ0000
PP RUEHWEB

DE RUEHGO #0205/01 0920733
ZNY SSSSS ZZH
P 020733Z APR 09
FM AMEMBASSY RANGOON
TO SECSTATE WASHDC PRIORITY 8841
S E C R E T RANGOON 000205

SIPDIS

DEPT FOR EAP/DAS MARCIEL AND EAP/MLS

E.O. 12958: DECL: 04/02/2019
TAGS: PREL PGOV BM
SUBJECT: BURMA'S GENERALS: STARTING THE CONVERSATION
Classified By: Charge d'Affaires Larry Dinger for Reasons 1.4 (b) & (d)

အကြောင်းအရာ။ ။ မြန်မာဗိုလ်ချုပ်များနှင့် စကားပြောဆိုမှု စတင်ခြင်း။
လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ ။ သံရုံးယာယီ တာဝန်ခံ လယ်ရီ ဒင်းဂါး။ အကြောင်းပြချက် 1.4 (b) & (d)

အကျဉ်းချုပ်
--------

၁။ (S) မြန်မာနိုင်ငံအပေါ် ထားရှိသော အမေရိကန်အစိုးရ၏ မူဝါဒပိုင်းဆိုင်ရာ ပြန်လည်သုံးသပ်မှု ဆက်လက် လုပ်ဆောင်ခြင်း၊ စစ်အစိုးရက ဝါရှင်တန်နှင့် ဆက်ဆံလိုသော သဘောလက္ခဏာ ပြသနေသောကြောင့် ထိပ်တန်း ဗိုလ်ချုပ်ကြီးများနှင့် ပတ်သက်၍ မည်သည့် အရာများက ၎င်းတို့ကို တွန်းအားဖြစ်စေသည်၊ ထိတွေ့ ဆက်ဆံမှုအပိုင်းမှ ၎င်းတို့မည်သည့် အရာများ လိုလား နေကြသည် နှင့် အမေရိကန် အစိုးရက မည်သည့်အချက်များကို တင်ပြဆွေးနွေးမည် စသဖြင့် စဉ်းစား ချက်တချို့ကို မိမိတို့ တင်ပြလိုသည်။ မြန်မာ စစ်တပ်သည် အထက် - အောက်အုပ်ချုပ်သော ယန္တရားတခုဖြစ်ပြီး တိုင်း တပါးကြောက်သော၊ အမျိုးသား ညီညွတ်ရေးကို ထိန်းသိမ်း ထားရမည်ဟူသော အမြင်သာ ရှိသည်။ တချိန်တည်းတွင် ထိပ်တန်း ဗိုလ်ချုပ်ကြီးများသည် နိုင်ငံတကာ မျက်နှာစာတွင် လူမိုက်ကြီးများ ဖြစ်နေရခြင်းကို ရှက်ရွံ့နေကြပြီး လူအများ၏ လေးစားမှု ခံယူလိုကြသည်။

မြန်မာနိုင်ငံက တရုတ်နိုင်ငံအပေါ် အမြဲတစေ မှီခို အားထားနေရခြင်းနှင့် သမိုင်းကြောင်းအရ ရန်သူများ အကြား မဟာဗျူဟာ မြောက် ပထဝီ တည်ရှိမှု အပေါ်တွင်လည်း စိုးရိမ်နေကြသည်။ နာဂစ်မုန်တိုင်းအပြီး နိုင်ငံ တကာ မိသားစု၏ စာနာထောက်ထားမှုကို တစေ့တစောင်း မြင်ခဲ့ရသူများက နိုင်ငံတကာပြစ်ဒဏ်ခတ် ပိတ်ဆို့မှုများ ဖယ်ရှားပြီး စီးပွားရေးအကူအညီများ ရယူလိုသည်မှာ သံသယမရှိပါ။ မည်သို့သော တွန်းအားရှိစေကာမူ မြန်မာထိပ်တန်း စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုသည် နှေးကွေးသော၊ စိတ်ပျက်ဖွယ်ကောင်းသော လုပ်ငန်းတခု ဖြစ်ပေမည်။ အမေရိကန်နိုင်ငံအတွင်းတွင်လည်း နိုင်ငံရေးအရ အားမလိုအားမရမှုတွေ ဖြစ်လာနိုင်သည်။

တွေ့ဆုံဆွေးနွေးမှုမှတဆင့် အခြေခံဥပဒေအပြောင်းအလဲများကဲ့သို့သော ချက်ချင်းပေါ်ထွက်လာနိုင်သည့် နိုင်ငံရေး ရလဒ်များ မပေါ်ထွက်လာ နိုင်သော် လည်း အမေရိကန်အစိုးရနှင့် တိုးတက်လာသော ဆက်ဆံရေးဆိုသည်မှာ မည်ကဲ့သို့ အရာ ဖြစ်သည်ကို နောက်လာမည့် ခေါင်းဆောင်များသို့ ပြသခြင်းဖြင့် အနာဂတ် အပြောင်းအလဲ အတွက် မျိုးစေ့ချခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါ သည်။ မည်သို့ဆိုစေ အရေးကြီးဆုံး ကိစ္စသည် တွေ့ဆုံ ဆွေးနွေးခြင်းမှ တဆင့် မြန်မာနိုင်ငံ၏ နှစ်ကာလရှည် ဒုက္ခရောက်နေသူ ပြည်သူများ အတွက် စစ်မှန်သော အကျိုးဖြစ်ထွန်းမှုများ ရှိလာစေသဖြင့် တန်ဖိုးထိုက်တန်သော ရည်မှန်းချက်တခုပင် ဖြစ် သည်။ အကျဉ်းချုပ်- ပြီး။

သူတို့က မည်သို့ထင်မြင်သနည်း။
------------------
၂။ (S) မြန်မာနိုင်ငံအရေးအတွက် အဓိကဆုံးဖြတ်ချက်များကို ထိပ်ပိုင်းကသာ ချမှတ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး နှင့် ၎င်းတို့ အတွင်းစည်းဝိုင်းကသာ ဆုံးဖြတ်ချက်များ ချသည်။ သန်းရွှေ၏ ပုဂ္ဂိုလ်ရေး စရိုက်သည် သိလိုစိတ် ပြင်းပြသည်။ သူ၏ လက်အောက်အရာရှိများက သတင်းကောင်းများကိုသာ ပြောပြသည့်ပုံ ရသဖြင့် လက်တွေ့ ဖြစ်ရပ်မှန်များကို ထိပ်တန်း ဗိုလ်ချုပ်ကြီးများ သိမြင်နိုင်မှု နည်းသည်။ ထိုသို့သတင်း အဆတ်ပြတ်နေ သော အခြေအနေအောက်တွင် ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့၏ ဒီမိုကရေစီ လမ်းပြမြေပုံနှင့် ပျက်စီး ယိုယွင်းနေသော အထက်- အောက် စီးပွားရေး မူဝါဒများ အတိုင်း ဆက်လက် လျှောက်လှမ်း နေကြသည်။ ကိုယ်ကျိုးစီးပွား သည်သာလျှင် ၎င်းတို့၏ စဉ်းစားချက်တွင် ရှိသည်ဆိုသော အချက် ရှင်းရှင်းလင်းလင်း ရှိသော်လည်း ၎င်းတို့ တကိုယ်ရေ ကောင်းစားရေး အတွက်သာ လုပ်ဆောင်နေသည်ဟု စဉ်းစားပါက မှားနိုင်သည်။ ၎င်းတို့သည် တိုင်းပြည်နှင့် လူမျိုးအတွက် အကောင်းဆုံး သယ်ပိုး ဆောင်ရွက် ပေးနေသည့် မြန်မာ့ "စစ်ဘုရင်များ" ၏ အစဉ်အလာကို စွဲမက် ယုံကြည် သူများဖြစ်ကြသည်။ အပြင် ကမ္ဘာက ၎င်းတို့ကို နားလည်မှု လွဲနေသည်ဟုသာ ဗိုလ်ချုပ်ကြီးများ ရိုးရိုးလေး မှတ်ယူထားကြသည်။

၃။ (S) နိုင်ငံတော်စည်းလုံးညီညွတ်ရေးနှင့် တည်ငြိမ်ရေးကို ထိပ်တန်းဦးစားပေးအဆင့် တန်ဖိုး ထားသော မြန်မာနိုင်ငံ၏ ပြည်တွင်း ပဋိပက္ခများတွင် တိုက်ပွဲများတွင် ပါဝင်ခဲ့ကြသည့် စစ်သား စစ်စစ်များလည်း ရှိသည်။ စစ်တပ်သည်သာ ညီညွတ် ရေးနှင့် တည်ငြိမ်ရေး အတွက် အာမခံပေးနိုင်သည်ဟု ထိပ်တန်း ဗိုလ်ချုပ်ကြီးများက ဦးလည်မသုန် တထစ်ချ ယုံကြည် ထားပုံရသည်။ ထို့ကြောင့် အုပ်ချုပ်ရေးတွင် လက်နက်ကိုင် တပ်ဖွဲ့များအတွက် ဦးစားပေး အခန်းကဏ္ဍ တရပ် မဖြစ်မနေရှိရ မည်ဟု ၎င်းတို့က ရှုမြင်သည်။ ထိပ်တန်း ဗိုလ်ချုပ်ကြီးများသည် အရာရှိ လောင်းများကို "အနာဂတ်အတွက် ဦးဆောင်မည့် သားကောင်းများ" ဖြစ်ရမည်ဟူ၍ ရိုက်သွင်းကာ ၎င်း စစ်အတွေးအခေါ်ကို ထပ်ခါတလဲလဲ ဖေါ်ကျူးနေသည်။

၎။ (S) အပေါ်ပိုင်း ထိပ်တန်းစစ်ခေါင်းဆောင်များကသာ လက်တွေ့ဆုံးဖြတ်ချက်များချမှတ်သောကြောင့် ထိုသူများသည် အရပ်သား ဦးဆောင်သော အမေရိကန် အစိုးရနှင့် ထိတွေ့ ဆက်ဆံသည့် ပုံစံတိုင်းတွင် ပါဝင်ရန် လိုအပ်မည်။ မြန်မာစစ်တပ် သည် စစ်ဘက် အချင်းချင်း ပြောဆို ဆွေးနွေးနေသာ ဝန်းကျင်က ၎င်းတို့အတွက် ပို၍ သက်တောင့်သက်သာ ဖြစ်စေနိုင် သည်။

၅။ (S) ဗိုလ်ချုပ်ကြီးများက သူတို့ကိုယ်သူတို့ ဗုဒ္ဓဘာသာကိုင်းရှိုင်းသူများအဖြစ် ထင်မြင်ကြသည်။ မကြာသေးသော ကာလ အတွင်း နိုင်ငံပိုင် မီဒီယာများသည် ထိပ်တန်း ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့ မိသားစုများက နေပြည်တော်တွင် လတ် တလော တည်ထား ကိုးကွယ်သည့် ဥပ္ပါတသန္တိ စေတီတော်အား ဘာသာရေးအရ ဆည်းကပ်နေသည့် ပုံများကို လူထု အကြား ပြသနေရခြင်းဖြင့် အလုပ်ရှုပ် နေခဲ့သည်။ ယင်းစေတီတော်သည် မိရိုးဖလာ ကိုးကွယ်လာခဲ့သော ရွှေတိဂုံစေတီ တော်ကြီး၏ ရုပ်ပွားစေတီတဆူ ဖြစ်သည်။ ယင်းကဲ့သို့ ဗုဒ္ဓဘာသာအရ ကုသိုလ် ကောင်းမှု ပြုခြင်းသည် လူထု ဆက်ဆံရေး နည်းလမ်းတခု အဖြစ် ရှုမြင်နိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာ အစွဲအလမ်း တခုဟုလည်း ရှုမြင်နိုင်သည်။

၆။ (S) မိသားစုကိစ္စများ။ ထိပ်တန်းဗိုလ်ချုပ်ကြီးများသည် ၎င်းတို့၏ သားသမီးများနှင့် မြေးများကို စိတ်ကြိုက် လွှတ်ထား ပေးသည်။ မိသားစု လုံခြုံရေးအတွက် အမြဲတစေ ရှာကြံကြောင့်ကျသည်။ ရွှေဝါရောင် တော်လှန်ရေး ဆန္ဒပြပွဲများ၊ ဖြိုခွင်းမှုများကို လွတ်လွတ် ကင်းကင်း ရှိစေရန် ၂ဝဝ၇ စက်တင်ဘာလတွင် ၎င်းတို့ သားသမီးများကို ဒူဘိုင်းသို့ ပို့ထားခဲ့သည်။ ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့မိသားစု အနာဂတ် အတွက် ဘဏ္ဍာရေးအရ ခိုင်မာမှုရှိစေရန် ပြည်တွင်းတွင် စီးပွားရေး အကျိုး အမြတ်ရှိသော နေရာများ၊ နိုင်ငံရပ်ခြား ဘဏ်အကောင့်များ ဖွင့်၍ စီမံပေးထားသည်။ ဗိုလ်ချုပ်ကြီးများ၏ မိသားစုဝင်များ အပေါ် မိမိတို့၏ ဗီဇာ ပိတ်ပင်မှုသည် သူတို့ အတွက် စိတ်ကသိကအောက် ဖြစ်စေသည်။

၇။ (S) အနောက်ကမ္ဘာ၏ ကျိုးကြောင်းပြ ပြောဆိုမှုများသည် စစ်အစိုးရ၏ ဆုံးဖြတ်ချက် ချရာတွင် အမြဲတစေ ထင်ဟပ်ပေါ် လွင်ခြင်း မရှိပေ။ သန်းရွှေသည် ဗေဒင်ဆရာများ အပေါ်တွင် အားကိုး ပြုနေသည်ဟုလည်း ပြောဆိုမှုများရှိသည်။ မြို့တော် ကို မြန်မာနိုင်ငံ ကုန်းတွင်းပိုင်း ဒေသသို့ ပြောင်းရွှေ့လိုက်ခြင်းသည် ဗေဒင်ဆရာ၏ အကြံပြုချက်ကြောင့်ဟု မိမိတို့ကြားသိ ရသည်။ ရန်ကုန်သည် လမ်းပေါ် ဆန္ဒပြမှုများ နှင့် ဆိုးဝါးသော မုန်တိုင်းတခု တိုက်ခိုက် ခံရမည်ဟူသော ဗေဒင်ဆရာများ၏ ဟောကိန်းကြောင့် ပြောင်းရွှေ့သည်ဟု သိရသည်။ ကိန်ဂဏန်း အဟောသည်လည်း တခုအပါအဝင် ဖြစ်သည်။ ၁၉၈၇ တွင် ၉ ဂဏန်းရအောင် ငွေစက္ကူများကို ချက်ချင်း ပြောင်းလိုက်ခြင်း၊ ၂ဝဝ၉ ကို အောင်မြင်သော နှစ် တနှစ်ဖြစ်စေရန် ပြီးခဲ့သည့် စက်တင်ဘာတွင် အကျဉ်းသား ၉,ဝဝ၂ ဦး လွှတ်ပေးခြင်းများ စသည်တို့ မြင်တွေ့ခဲ့ရသည်။ ထိုကဲ့သို့သော ဆုံးဖြတ်ချက် နည်းလမ်းများသည် မိမိတို့အတွက် ထူးဆန်း နေပေသော်ငြား ထိုအရာများသည် မြန်မာလူမျိုး အများစုအတွက် ဘဝနေထိုင်မှု တစိတ်တဒေသအဖြစ် နေ့တဓူဝ ပါဝင်နေသည်။

၈။ (S)
ထိပ်တန်းဗိုလ်ချုပ်ကြီးများသည် နိုင်ငံခြားသား ကြောက်ရွံ့မုန်းတီးသူများ ဖြစ်သည်။ နိုင်ငံခြားသားများကို နားလည် နိုင်ခြင်း မရှိသလို လုံးဝ ယုံကြည်မှုလည်း မရှိပေ။ အထူးသဖြင့် ၎င်းတို့ တရားဝင်မှုကို စိန်ခေါ်သူများကို ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရပ်ခြားတွင် ကြီးပြင်း၊ အင်္ဂလန်သားနှင့် အိမ်ထောင်ကျ၊ ထို့နောက် မြန်မာပြည်သို့ ပြန်ရောက်လာပြီး စစ် အာဏာပိုင်များကို စိန်ခေါ် အန်တုသူ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်သန်းရွှေက မုန်းတီးသည့် အကြောင်းရင်း တခုလည်း ဖြစ်နိုင်သည်။

သမိုင်းကြောင်းအရ မြန်မာများသည် တရုတ်၊အိန္ဒိယ နှင့် ထိုင်းနိုင်ငံများအပါအဝင် ၎င်းတို့ အိမ်နီးနားချင်း များနှင့် စစ်ပွဲများ ဆင်နွှဲခဲ့သည်။ လက်ရှိ စစ်အစိုးရသည် ရင်းနှီးမြှုပ်နှံမှု၊ ကူသန်းရောင်းဝယ်မှု၊ နိုင်ငံတကာ အဖွဲ့အစည်းများတွင် ထောက်ခံမှု ရရန်အတွက် တရုတ်နိုင်ငံ အပေါ် အကြီးအကျယ် မှီခို အားထားနေရပြီး နောက်ဆက်တွဲ အဖြစ် တရုတ်များ၏ အကြံပြုချက် ကိုလည်း အတိုင်းအတာ တခုအထိ လက်ခံနေရသော်လည်း အဓိက ကိစ္စရပ်များ အထူးသဖြင့် တိုင်းပြည် အုပ်ချုပ်ရေးတွင် စစ်တပ်၏ အဓိက အခန်းကဏ္ဍနှင့် ပတ်သက်၍ တရုတ်များ (ပြင်ပမည်သူမဆို) ၏ တောင်းဆိုချက်များကို ထိပ်တန်းဗိုလ် ချုပ်ကြီးများ လက်ခံနိုင်ဖွယ် အလွန်နည်းသည်။

၉။ (S)
ဗိုလ်ချုပ်ကြီးများသည် အမေရိကန်အပေါ် စိုးရိမ်ကြောက်လန့်သည်။ ဝင်ရောက် ကျူးကျော် တိုက်ခိုက်မည်ကို စိုးရိမ် သောကြောင့် ကာကွယ်ရေး စနစ် ပြင်ဆင်ထားသည်။ အမေရိကန် အစိုးရက "အစိုးရ အပြောင်းအလဲ လုပ်ရမည် ဟူသော တင်စား ပြောဆိုချက်" (regime change) က စိုးရိမ်ချက်များကို ပိုဆိုးသွားစေသည်။ သန်းရွှေသည် ကမ်းခြေနှင့် အလွန်ကွာ ဝေးသော ကုန်တွင်းပိုင်း နေပြည်တော်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်သည့် ကောလာဟလ တခုက ကမ်းတက်တိုက် ခိုက်မှုမှ ကာကွယ်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့် မေလ နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီးနောက် လူသားချင်းစာနာသော ရည် ရွယ်ချက်ဖြင့် ရဟတ်ယာဉ်တင် သင်္ဘော မြန်မာ့ ရေပိုင်နက်အနီး ဆိုက်ကပ်သော အခါ အမေရိကန်က ကျူးကျော်ရန် ပြင်ဆင်နေပြီဟု စစ်အစိုးရက အမှန်တကယ် ယုံကြည်ခဲ့သည်။

၁ဝ။ (S) သန်းရွှေနှင့်သူ့လုပ်ဖေါ်ကိုင်ဖက်များက ယခုကာလကို မြန်မာသမိုင်း၏ သမိုင်းစာမျက်နှာ တခု အဖြစ် ရှုမြင်သည်။ ဒီမိုကရေစီသည် "တဖြည်းဖြည်း ရင့်ကျက်လာစေရန်" အတွက် စည်းကမ်းရှိသော လုပ်ငန်းစဉ် တခု လိုအပ်သည်ဟု ဗိုလ်ချုပ်ကြီးများက လက်ခံထားသည်။ အမေရိကန်နှင့် အနောက် နိုင်ငံများသည် ဒီမိုကရေစီကို အပြည့် အဝ ကိုင်တွယ်နိုင်ခြင်း မရှိသေးသည့် နိုင်ငံတခု အပေါ် ဒီမိုကရေစီစနစ် အတင်းဇွတ်သုံးခိုင်း နေသည်ဟု ဗိုလ်ချုပ်ကြီးများ က ယုံကြည်သည်။ အာဏာ ဆက်ကိုင်ထားလိုသည့် အဆိုးမြင် အကြောင်းပြချက် တခုသာဖြစ်သည်။ ဗိုလ်ချုပ်ကြီးများက သူတို့သာလျှင် အရာခပ်သိမ်း အသိဆုံးဟု မှတ်ထင်သည်။

၁၁။ (S) တချိန်ထဲတွင် ဗိုလ်ချုပ်ကြီးများသည် မော်ကြွားသည်။ နိုင်ငံတကာမိသားစု၏ လက်ခံမှု ကိုလည်း အာသာငမ်း ငမ်း လိုချင်ကြသည်။ ပြစ်ဒဏ်ပိတ်ဆို့ ခံရခြင်းအပေါ် သူတို့မနှစ်မြို့ကြ။ တချို့သော အာဏာရှင် ခေါင်းဆောင်များ အပါ အဝင် တခြား ကမ္ဘာ့ ခေါင်းဆောင်များအပေါ် ထားရှိသော တလေးတစား ဆက်ဆံသည့် ပုံစံမျိုး ရယူလိုသည်။ နိုင်ငံတကာ အစည်းအဝေးများတွင် တက်ရောက်သော မြန်မာ ကိုယ်စားလှယ်များ အကြောင်းနှင့် အထင်ကရ နိုင်ငံခြားမှ လာရောက် လည်ပတ်သူများနှင့် တွေ့ဆုံမှုများသည် အစိုးရသတင်းစာ ခေါင်းကြီးပိုင်းတွင် အမြဲပါလေ့ရှိသည်။

မည်သည့်အတွက်ကြောင့် စစ်အစိုးရက ယခုအချိန်မှ စကားပြောလိုကောင်း ပြောနိုင်သနည်း။
--------------------------------------
၁၂။ (S) ထိပ်တန်းဗိုလ်ချုပ်ကြီးများသည် အမေရိကန်အစိုးရ၏ ချည်းကပ်မှုအသစ်တခု အတွက် မျှော်လင့် နေကြသလို ထိတွေ့ ဆက်ဆံနိုင်မည့် နည်းလမ်းများလည်းကို ရှာကြံ လိုနေသည်ဟူသော ညွန်ပြချက်များ ရှိနေသည်။ အမေရိကန် ရွေးကောက်ပွဲ မတိုင်ခင်ပင် ဗိုလ်ချုပ်ကြီးများက အားထုတ်မှုများ လုပ်ဆောင်လာခဲ့သည်။ လွန်ခဲ့သည့် သြဂုတ်လက မြန်မာနိုင်ငံသို့ ထိပ်တန်း အမေရိကန် စစ်အရာရှိတဦး လာရောက် လည်ပတ်သင့်သည်ဟု ၎င်းတို့က အကြံပြုခဲ့သည်။ ဝါရှင်တန်နှင့် ၎င်းတို့ စကားပြော လိုသည်ကို ထင်ထင်ရှားရှား ပြသခဲ့သလို ယင်းရည်ရွယ်ချက်ကြောင့် ယာယီသံရုံး တာဝန် ခံမှသည် သံအမတ် အဆင့်သို့ တိုးမြှင့်ရန်လည်း မကြာသေးခင် ကပင် ၎င်းတို့က တောင်းဆိုခဲ့သည်။ ကနဦးပိုင်း ဆွေးနွေးမှု များအတွက် မူးယစ်ဆေးဝါး နှင့် POW/MIA (စစ်သုံ့ပန်း နှင့် စစ်ပွဲအတွင်း ပျောက်ဆုံးခဲ့သူများ) ကိစ္စများသည် အသုံးဝင်နိုင် သော အကြောင်းအရာများ ဖြစ်နိုင်သည်ဟု ၎င်းတို့က မကြာခင်က အကြံပြုခဲ့သည်။ EAP/MLS ဒါရိုက်တာ ဘလိတ် (Blake) လွန်ခဲ့သည့် အပတ်က မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်စဉ်က အာဏာပိုင်များက အံ့အားသင့်ဖွယ် အဆင့်မြင့် တာဝန်ရှိသူများနှင့် တွေ့ခွင့်ပေးခဲ့သည်။

မည်သည့်အကြောင်းအရာများက စကားပြောဖို့ တွန်းအား ဖြစ်စေသနည်း။

၁၃။ (S) ပြီးခဲ့သည့် မေလက နာဂစ်မုန်တိုင်းတိုက်ခိုက်စဉ်က အမေရိကန် အစိုးရက ဗိုလ်ချုပ်ကြီးများ စိုးရိမ် ထားသလို ကျူး ကျော်ရန် မဟုတ်ဘဲ လူသားချင်း စာနာသော အားထုတ်မှု အဖြစ်သာ ကူညီ ဆောင်ရွက်ခဲ့သည့် အခါ ဗိုလ်ချုပ်ကြီးများ အံ့သြတကြီး ဖြစ်ခဲ့သလို ကျေးဇူးတင်မှုပင် ရှိခဲ့သည်။ နိုင်ငံတကာ လူသားချင်း စာနာသော အကူ အညီများသည် တန်ဖိုး ရှိနိုင်သည် ဟူသော အချက်ကို တချို့ ထိပ်တန်း ခေါင်းဆောင်များက နာဂစ်မှတဆင့် သင်ခန်းစာ ရယူခဲ့သည်။ စစ်တပ်အတွင်းရှိ တချို့သူများက တရုတ်နိုင်ငံ အပေါ် အမှီအခို ကဲလွန်းမှုနှင့် ပတ်သက်၍ ရတက်မအေး ဖြစ်ရသည်။ တချိန်က အန္တရာယ်ရှိခဲ့သော အိမ်နီးနားချင်းနှင့် ဖြစ်ခဲ့ရသည့် ဖြစ်ရပ်ဆိုး အပေါ် အားလုံးက ပြန်ပြောင်း အမှတ် ရဆဲ ရှိသေးသည်။ သမ္မတ အိုဘားမား၏ ထိတွေ့ ဆက်ဆံရေး အကြောင်း အရာများကို စိတ်ဝင်စားသည်။ အမေရိကန် အစိုးရ နှင့် သာမန်ထက်ပိုသော ဆက်ဆံမှုမှတဆင့် ရရှိလာမည့် နိုင်ငံတကာက လေးစားမှုကို ဗိုလ်ချုပ်ကြီးများ ရလိုကြသည်။ ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုကြောင့် ၎င်းတို့ အတိုင်းအတာ တခုအထိ ခံစားရသလို အနည်းဆုံး ဒေါသထွက်ရသည်။ အာဆီယံ နိုင်ငံများအပြင် တရုတ်ကပင် တွေ့ဆုံဆွေးနွေးရန် ဗိုလ်ချုပ်ကြီးများကို အကြံပြုထားနိုင်သည်။

၁၄။ (S) ထိပ်တန်းဗိုလ်ချုပ်ကြီးအများစုသည် ထွက်ပေါက်မဟာဗျူဟာတခု ရှာကြံနေသည်မှာ လုံးဝ ဖြစ်နိုင်သည်။ အနား ယူဖို့ အခွင့် အလမ်းကို မြန်မာ ခေါင်းဆောင်များ မည်သည့်အခါမှ မစဉ်းစားခဲ့ပေ။ သမိုင်းကြောင်း အရ မြန်မာဘုရင်များ (သို့မဟုတ်) ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့နှင့် နီးစပ်သူများသည် အာဏာလက်ရှိ သေဆုံးသွားခြင်း၊ အသတ်ခံရခြင်း၊ ဖြုတ်ချခံရ ခြင်း နှင့် အကျဉ်းကျခံရခြင်း တခုခု ဖြစ်တတ်သည်။ လက်ရှိ ထိပ်တန်း ခေါင်းဆောင်များသည် အိုမင်းနေပြီဖြစ်သည်။ သို့သော် ပြင်ပကမ္ဘာက မှတ်ယူထားသည့် ပြည်သူများအပေါ် ကျူးလွန်သည့် ၎င်းတို့ပြစ်မှုများ အတွက် တာဝန်ခံမည့် ဆန္ဒ လုံးဝ မရှိပေ။

သန်းရွှေသည် အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနို အပါအဝင် ၎င်းနှင့်ဆွေးနွေးခဲ့သူများအား သူ့အနေနှင့် နိုင်ငံတကာ ခုံရုံးသို့ တက်ရောက်ရန် လုံးဝ ဆန္ဒမရှိကြောင်းကို ထုတ်ဖေါ် ပြောဆိုခဲ့သည်။ ထိပ်တန်း ဗိုလ်ချုပ်ကြီးအားလုံး ၎င်းတို့ ဆန္ဒ အလျောက်နေရလျှင် ၎င်းတို့ မိသားစုပိုင် ပစ္စည်းများ ဆက်လက် ထိန်းသိမ်းခွင့်နှင့် တရားမစွဲပါ ဟူသော အာမခံချက်ကို ရလျှင် ဆင်းပေးလိုမည် ဖြစ်သည်။

စစ်အစိုးရက မည်သည့်အရာကို တင်ပြလာနိုင်သနည်း။
------------------------------
၁၅။ (S) ထိပ်တန်းဗိုလ်ချုပ်ကြီးများက ၎င်းတို့အနေနှင့် သဘော တူညီချက် လုပ်ဆောင်ပြီး ဖြစ်သည်ဟု မှတ်ယူ ထားပုံရ သည်။ American Center ကဲ့သို့ ယဉ်ကျေးမှု အဖွဲ့များ၊ နိုင်ငံခြား သံရုံးများကို လာရောက် ဖွင့်ခွင့်ပြုထားသည်။ ၂ဝဝ၉ အထိ ကုလသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ် အလည်အပတ် ခရီးစဉ် ၄ ကြိမ်အထိ ခွင့်ပြုထားသည်။ အခြေခံ ဥပဒေမူကြမ်း ရေးဆွဲ၊ လူထု ဆန္ဒခံယူပွဲ တခု ကျင်းပ၊ ရွေးကောက်ပွဲ ကျင်းပစသည့် ဒီမိုကရေစီ လမ်းပြမြေပုံဖြင့် သွားရန်သာ ဗိုလ်ချုပ်ကြီးများ သန္နိဌာန် ချထားသည်။ ဦးဝင်းတင်ကဲ့သို့ ထိပ်တန်း နိုင်ငံရေး သမားများ အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုတော့ မလွှတ်ပေးသေးပေ။

၁၆။ (S) မဝေးသောကာလအတွင်း အဓိကနိုင်ငံရေးကိစ္စရပ်များတွင် အရေးပါသော တိုးတက်မှုများ ဖြစ်လာ လိမ့်မည်ဟု မိမိတို့ မမျှော်မှန်း သင့်ပေ။ စစ်အစိုးရသည် ဒီမိုကရေစီ လမ်းပြမြေပုံကို ဖျက်သိမ်းရန်၊ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ဆီသို့ ပြန်သွားရန် (သို့မဟုတ်) အခြေခံ ဥပဒေသစ်ကို ပြန်လည် သုံးသပ်ရန် စသဖြင့် လုံးဝ လုပ်ဆောင်မည့် အခြေအနေမရှိပေ။ ထိပ်တန်း ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့နှင့် ၎င်းတို့ မိသားစုဝင်များ၏ လုံခြုံမှု၊ ကြွယ်ဝမှုအတွက် ယုံကြည်စိတ်ချမှု မရှိမချင်း နေရာမှ ဖယ်ပေးမည် မဟုတ်ပေ။

၁၇။ (S) ဖြစ်နိုင်ချေရှိသော ကမ်းလှမ်းချက်တချို့
နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု ကမ်းလှမ်းထားသည့်အပေါ် စစ်အစိုးရက ရွေးကောက်ပွဲ လုပ်ငန်းစဉ် အတွင်း အပြောင်း အလဲ တချို့ကို လက်ခံကောင်း လက်ခံလာနိုင်သည်။

လက်ရှိထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်အပေါ်ထား ရှိသည့် တချို့သတ်မှတ်ချက်များကို စစ် အစိုးရ လျော့ပေးကောင်း ပေးနိုင်သည်။

ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအကျဉ်းသားတချို့ပြန်လွှတ်ပေးရန် ၎င်းတို့ကို ဆွဲဆောင်ကောင်း ဆွဲဆောင် နိုင်မည်။ အနိမ့်ဆုံး နိုင်ငံရေး အကျဉ်းသားများထံသို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) သွားရောက်ခွင့် ပြန်လည် ခွင့်ပြုရန် စဉ်းစားကောင်း စဉ်းစားနိုင်သည်။

စစ်အစိုးရက နှစ်ဦးနှစ်ဖက် အကျိုးရှိနိုင်မည့် ပူပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်လိုကြသည်။ ဥပမာ မူးယစ် ဆေးဝါး နှိမ်နင်းခြင်း၊ အကြမ်းဖက် လုပ်ငန်းများ နှိမ်နင်းခြင်း၊ လူကုန်ကူးမှု နှိမ်နင်းခြင်း၊ စီးပွားရေးမူဝါဒ အကြံပြုခြင်း၊ သဘာဝ ဘေးအန္တရာယ် လျော့ချရေး စသည့် ကိစ္စရပ်များဖြစ်သည်။ စစ်ဘက် အချင်းအချင်း ထိတွေ့ မှု၊ ဥပဒေဝန်ထမ်း လေ့ကျင့်သင်တန်း အခွင့် အလမ်းများကိုလည်း စစ်အစိုးရက လိုလားသည်။

မိမိတို့သံရုံးကပါဝင်နိုင်သော အသေးစားလုပ်ငန်းဆိုင်ရာ သဘောတူညီချက်ကိုလည်း စစ်အစိုးရ လိုလားသည်။ ဥပမာ ဗီဇာကိစ္စများ၊ တိုင်းပြည်အတွင်း ခရီးသွားလာခွင့် တိုးမြှင့်ပေးခြင်းများ၊ ယခင်မန္တလေးတွင် အမေရိကန် ကောင်စစ်ဝန်ရုံး ထားရှိသလိုမျိုး ပြန်ဖွင့်ရန်၊ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီပေးရေး အဖွဲ့ (USAID) ၏ နိုင်ငံရပ်ခြား လူသားချင်း စာနာသော အထောက် အပံ့များ ပြန်ပေးရန် စသည်တို့ ဖြစ်သည်။

ဟန်ပန်အမူအယာဆက်ဆံမှုသည်လည်း မြန်မာလူမျိုးများအတွက် အရေးကြီးသည်။ စစ်အစိုးရက ဝါရှင်တန်ရှိ ၎င်း၏ COM အား သံရုံးတာဝန်ခံမှ သံအမတ်အဆင့်သို့ တိုးမြှင့်လိုသည်။ အမေရိကန်နိုင်ငံက Burma အစား Myanmar ဟူ၍သာ အသုံးပြုစေလိုသည်။

အကယ်၍ အမေရိကန်အစိုးရက ထိတွေဆက်ဆံမှုပြုလုပ်ပါက မိမိတို့က မည်သည့်အရာများကို တင်ပြ၍ မည်သည့် အရာများကို ကမ်းလှမ်းမည်နည်း။
--------------------------------------------
၁၈။ (S) ဆက်ဆံမှုဖေါ်ဆောင်ရေး အားထုတ်မှုတိုင်းတွင် အချိန်ယူရမည်။ အစည်းအဝေးတခု (ဝါ) နှစ်ခုမျှနှင့် မပြီး။ တွေ့ဆုံမှု များစွာ လိုအပ်မည်။ တဖြည်းဖြည်း ယုံကြည်မှု တည်ဆောက်ကာ၊ မြန်မာဘက်ခြမ်းမှ ပွင့်ပွင့်လင်းလင်း ပြောဆိုလာ သည်အထိ စောင့်ရနိုင်သည်။ ယင်းသည် အာရှနည်းအာရှဟန် ဖြစ်သည်။

ကနဦးအဆင့်များတွင် အမေရိကန်နိုင်ငံတွင် ကျူးကျော်လိုခြင်း (ဝါ) လက်ဝါးကြီးအုပ်လိုခြင်း ရှိသည် ဟူသည့် စစ်အစိုးရ၏ စိုးရိမ်ချက်ကို ချေဖျက်ရမည်။ ပြင်ပကမ္ဘာနှင့် ကောင်းမွန်သော ဆက်ဆံမှု မြန်မာနိုင်ငံ ရရှိကာ တရုတ်အပေါ် အားကိုးမှုအ တွက် အစားထိုး နည်းလမ်း တခုရမည်ဟူ၍ မိမိတို့ဘက်ခြမ်းက ပြသသင့်သည်။ ခေါင်းဆောင်များက ၎င်းတို့နည်းလမ်းများကို ပြောင်းလဲ ပါက နှစ်နိုင်ငံ အကျိုးစီးပွားကို အခြေခံသော အမေရိကန်နိုင်ငံနှင့် အဓိပ္ပာယ်ရှိသော ဆက်ဆံရေးတခု တည်ဆောက် လာနိုင်မည်။

သို့တိုင် အရေးကြီးသော အဓိကရေရှည်ကိစ္စရပ်များကို ရှေ့တန်းတင်ရန် အရေးကြီးသည်။ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုများ စတင်ရေး။

အစောပိုင်းတွင် မိမိတို့အနေဖြင့် အထက်တွင်ဖေါ်ပြထားသော အရေးကိစ္စများဖြစ်သည့် မူးယစ် ဆေးဝါး နှိမ် နင်းခြင်း၊ အကြမ်းဖက် လုပ်ငန်းများ နှိမ်နင်းခြင်း၊ လူကုန်ကူးမှု နှိမ်နင်းခြင်း၊ စီးပွားရေးမူဝါဒ အကြံပြုခြင်း၊ သဘာဝဘေး အန္တရာယ် လျော့ပါး စေရေးနှင့် ဒုတိယ ကမ္ဘာစစ်မှ ကျန်ရစ်ခဲ့သော စစ်သည်များ၏ ရုပ်ကြွင်းများ တူးဖော်ခြင်း စသည့် နှစ်ဖက်အ ကျိုးစီးပွားကို အခြေခံသင့်သည်။ အထက်ဖော်ပြပါ နယ်ပယ်များတွင် အမေရိကန်နိုင်ငံက သင်တန်း အထောက်အကူများလည်း ပေးနိုင်သည်။

ကမ္ဘာ့အဝှမ်းစီးပွားပျက်ကပ်၏ သက်ရောက်မှုများက အခွင့်အလမ်းများ ဖန်တီးပေးသည်။ မြန်မာ နိုင်ငံစီးပွားရေး သည် ယိုယွင်း ပျက်စီးနေသည်။ စစ်အစိုးရ ဘက်ခြမ်းက အပြုသဘော ဆောင်သော နိုင်ငံရေး ခြေလှမ်းများက မြန်မာ့ စီးပွားရေး အတက်အကျကို အဆုံး အဖြတ်ပေးသည့် ကျယ်ပြန့်သော စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများကို ဖြေလျော့ စေနိုင်သည်။

ကမ္ဘာ့ဘဏ်နှင့် IMF နည်းပညာ အကူအညီများဖြင့် ဆွဲဆောင်နိုင်သလို တိုးတက်လာပါက ချေးငွေများဖြင့်ပါ ဆွဲ ဆောင်နိုင်သည်။ အောက်ခြေအဆင့် အစိုးရ အခြေပြု အဖွဲ့အစည်းများနှင့် UNDP လုပ်ငန်းများအပေါ် ကန့်သတ် ထားချက်များကို ပြန်လည် ဆွေးနွေးရန် မိမိတို့ စဉ်းစားသင့်သည်။ လုံလောက်သော တိုးတက်မှုများအတွက် စစ်အစိုးရနှင့် ၎င်း၏ စီးပွားဘက်များ အပေါ် ပစ်မှတ်ထား ပိတ်ဆို့ထားမှုက ကမ်းလှမ်းမှု တခုလည်း ဖြစ်လာနိုင်သည်။

လိုအပ်နေသော သူများကို ကူညီပေးရန် လူသားချင်းစာနာသော အကူအညီများ (စစ်အစိုးရ လမ်းကြောင်းများ ပြင်ပ) ထောက်ပံ့ ပေးလိုသည့် မိမိတို့ ဆန္ဒကို ရှင်းရှင်းလင်းလင်း ပြသသင့်သည်။ ထိုသို့ အကူအညီများသည် လူထု လူမှု အသိုင်းအဝန်းများ၏ စွမ်းရည်များ မြှင့်တင်ပေးခြင်း နှင့် မြန်မာ အောက်ခြေထု ပြည်သူများကို ပြင်ပကမ္ဘာက ကူညီ ပေး နေသည်၊ စစ်အစိုးရက ကူညီပေးခြင်း မရှိဟူသော သရုပ်ကို ဖေါ်ပြနိုင်သဖြင့် စစ်အစိုးရကို အားနည်း သွားစေနိုင်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အသက်မွေးဝမ်းကြောင်းများလုပ်ငန်းများကို အမေရိကန်အစိုးရ အကူအညီဖြင့် ကူညီ ပေးနိုင်သော ရိုဟင်ဂျာ ကိစ္စရပ်တွင် စစ်အစိုးရနှင့် ပူပေါင်း ဆောင်ရွက်သင့်သည်။

၁၉၈ဝ က ပိတ်ခဲ့သော အမေရိကန်ကောင်ဆယ်လာရုံးနေရာကို အသုံးပြု၍ မန္တလေးတွင် PD ဆက်ဆံရေး ဌာနတခု တရားဝင် ဖွင့်နိုင်သည်။ နိုင်ငံအဝှမ်း ပညာရေးနှီးနှော ဖလှယ်မှုများ တိုးမြင့် လုပ်နိုင်သည်။ လွန်ခဲ့သောနှစ်များ စွာက အမေရိကန်တွင် ပညာ သင်ကြားခဲ့သူများက အမေရိကန်နှင့် ပတ်သက်သော မြတ်နိုးဖွယ် အမှတ်တရများ ရှိနေသေးကာ အမေရိကန်နှင့် ပတ်သက်၍ အပြုသဘော မြင်ကြသည်။ အရည်အချင်းရှိသော ပညာရေး သင်ကြားခွင့် သည် မြန်မာနိုင်ငံသားများ အတွက် ဦးစားပေးတခု ဖြစ်သည်။

Myanmar ဟူသော အသုံးအနှုန်းကို လက်ခံအသုံးပြုရန် မိမိတို့စဉ်းစား သင့်သည်။ Burma ဟူသော အသုံးအနှုန်း သည် ကိုလိုနီခေတ်၏ အကြွင်းအကျန် အသုံးအနှုန်းဖြစ်ကာ တခြား တိုင်းရင်းများအကြား လူများစု ဗမာ တိုင်းရင်းသားကို မြှင့်တင်ပေးရာ ရောက်သည်။ မြန်မာ တနိုင်ငံလုံးတွင် လူတိုင်းက Myanmar ဟုသုံးသည်။ တောင် အာရှ နိုင်ငံများလည်း ယင်းကဲ့သို့သုံးသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကတော့ ငြင်းဆန် နေဆဲဖြစ်သည်။

- စစ်အစိုးရက ဝါရှင်တန်မှ ၎င်းတို့ COM ကို ယာယီတာဝန်ခံမှ သံအမတ်သို့ မြှင့်တင်ပေးရန် မေတ္တာ ရပ်ခံချက်ကို မိမိတို့က သဘောတူနိုင်သည်။

ယူဆချက်
---------
၁၉။ (S) ပိုမိုကောင်းမွန်သော ဆက်ဆံရေးတခုစတင်တည်ဆောက်ခြင်းသည် အချိန်တို ကာလအတွင်း အောင်မြင်ရန် ခက်ခဲ နေသေးသည့် ဒီမိုကရေစီနှင့် လူ့အခွင့် အရေးရလဒ်များအပေါ် ကိုင်တွယ်ထားခြင်း ထက်ပို၍ အရေးကြီးသည်ဟု တချို့ တင်ပြသည်။ ထိုအမြင်တွင် အမေရိကန်၏ ဒေသတွင်း ကမ္ဘာအဝှမ်း အကျိုးစီးပွားများဖြင့် မြန်မာနိုင်ငံ မူဝါဒကို တွန်းအား ပေးသင့်သည်။ မှန်ကန်သော ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး ရလဒ်များထက် လျော့၍ တောင်းဆိုမှုသည် နိုဘယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တခြားသူများ၏ အားထုတ်မှုကို စတေးသလို ဖြစ်နိုင်သည်ဟု တချို့က အခိုင်အမာ ရပ် တည်နေဆဲ ဖြစ်သည်။ တွေ့ဆုံ ဆွေးနွေးမှု လမ်းကြောင်းကို လိုက်မည့် အားထုတ်မှု တိုင်းတွင် အလွန်စိတ်ရှည်ဖို့ လိုအပ်သလို မည်မျှ ကမ်းလှမ်းနိုင်သည်နှင့် မည်မျှ ပြန်တောင်းဆိုနိုင်သည့် အပေါ် ပြည့်စုံသော စဉ်းစားချက်ရှိရမည်။

စစ်အစိုးရထိတွေ့ ဆက်ဆံလိုသည့် တိမ်းညွတ်မှုသည် ၎င်း၏ အကျိုးစီးပွားများ စေ့ဆော်မှုကြောင့် ဖြစ်သည်။ (ပိတ်ဆို့မှု လျှော့ချရေး၊ လေးစားမှု ရရှိရေး၊ တရုတ်လွှမ်းမိုးမှုကို ပြောင်းလဲပစ်ရေး)။ သို့သော် ထိပ်တန်း ဗိုလ်ချုပ်ကြီးများက အနောက် နိုင်ငံများ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပန်းတိုင်သို့ အလျင် အမြန် ကူးပြောင်းခြင်းကို လုံးဝ အန္တရာယ်ရှိသော အရာဟု ရှုမြင်သည်။ သို့တိုင် တခြားတဖက်တွင် စေ့စပ်ညှိနှိုင်းမှု စတင်ရန် မည်မျှ အဆင်သင့် ရှိနေနိုင်သည်ကို မည်သည့်အခါမှ မသိနိုင်ပေ။ စိတ်ပျက်ဖွယ် ၂ဝ၁ဝ ရွေးကောက်ပွဲ ကလည်း အခွင့်အလမ်းတခု ဖြစ်နိုင်သည်။ ၂ဝ။ (S) ဒီမိုကရေစီ ရှေ့တန်း စစ်မျက်နှာတွင် အဓိက အောင်မြင်မှုများသည် တဖြည်းဖြည်းဖြင့်သာ ဖြစ်နိုင်ချေ ရှိသောကြောင့် အနာဂတ် ဒီမိုရေစီ အတွက် အုတ်မြတ်များ တည်ဆောက်ရန် ရေရှည် အားထုတ်မှုများ လုပ်ဆောင်ရန် အမေရိကန် နိုင်ငံအတွက် အရေးကြီးသည်ဟု မိမိတို့ ယုံကြည်သည်။

မိမိတို့ MSP တခုချင်းစီတွင် ဆိုင်ကလုန်းအလွန်အကူအညီပေးမှုများကို ပိုမို ကျယ်ပြန့်သော လူသားချင်း စာနာသော အားထုတ် မှုများနှင့် ဆက်လက် လုပ်ဆောင်သင့်သည်။ အကယ်၍ ကောင်းမွန်စွာ ပုံဖေါ်ထားနိုင်ပါက ယင်းအကူအညီ များသည် အောက်ခြေ လူတန်းစားများ၏ အခြေခံ ရပ်တည်နိုင်မှုများကို တည်ဆောက် ပေးနိုင်ပြီး ပြည်သူလူထုက စားဝတ် နေရေးထက် နိုင်ငံရေး ရည်မှန်းချက်ကိုပါ ကျော်လွန်၍ စဉ်းစား လာနိုင်မည်ဖြစ်သည်။ ယင်း အကူအညီများသည် ဗြောင်ကျသော အံတုမှုလည်းဖြစ်သည်။ အကူအညီ လက်ခံသူများက ၎င်းတို့ကို မည်သူက ကူညီပေး၍ (နိုင်ငံတကာအလှူရှင်များ) မည်သူကမကူညီ (စစ်အစိုးရ) သည်ကို နားလည်လာမည်။ ယင်းအကူအညီ ပေးရာတွင် လူသားချင်း စာနာသော အကူအညီ အောက်မှတဆင့် ကျန်းမာရေး၊ အစိုးရနှင့် မဆိုင်သော ပညာရေး၊ အသေးစားချေးငွေလုပ်ငန်း၊ တခြားဒေသတွင်းလုပ်ငန်းများအပြင် လူထုလူမှုအသိုင်းအဝိုင်း အရည်အချင်း မြှင့်တင်ရေး နည်းလမ်းများလည်း ပါဝင်မည်။ မိမိတို့ ဒေသတွင်း ဦးစားပေးများတွင် စစ်အစိုးရက စစ်မှန်သော စိတ်ဝင်စားမှု များပြသသော အချက်အလက်များကို အမေရိကန် အစိုးရက အာရုံ စိုက်ကြည့်သင့်သည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ ကူးစက်ရောဂါများတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပါဝင်သော ယူနစ်များက အစပြုရန် ကောင်းသော နေရာများဖြစ်သည်။ ၎င်းတို့က ပါဝင်ဆောင်ရွက်ရန် စိတ်ဝင်စားကြသည်။ သို့သော် သင်တန်း များပေးရန် လိုအပ်သည်။ မိမိတို့၏ ဒေသတွင်း ရည်မှန်းချက်များတွင် ပါဝင် ဆောင်ရွက်ပေးခြင်းများ အပြင် ဖေါ်ပြပါ အချက် အလက်များတွင် ကူညီပေး ခြင်းဖြင့် အနောက်ကမ္ဘာ အပေါ် စစ်အစိုးရက ထားရှိသည့် အမြင်ကို ပိုမိုကျယ်ပြန့်စွာ ပြန်လည် စဉ်းစားနိုင်စေမည် ဖြစ်သည်။

ဒင်းဂါး

Ref: မဇ္ဈိမ

Read More...

အပေါ်သို့