မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာဟာ ၁၉၈၈ ခုနှစ် ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံကြီးကို စစ်တပ်က ရက်ရက်စက်စက် ချေမှုန်းလိုက်ပြီး စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လာတော့မှ ပေါ်ပေါက်လာတဲ့ ပြဿနာ မဟုတ်ပါဘူး။ ဒီမိုကရေစီ အစိုးရတရပ်ရဲ့ လက်ထဲက နိုင်ငံတော် အာဏာကို ဗိုလ်နေဝင်းက အတင်းအဓမ္မ လုယူသိမ်းပိုက်လိုက်တဲ့ ၁၉၆၂ ခုနှစ် နောက်ပိုင်းရောက်မှ ပေါ်ပေါက်လာတဲ့ ပြဿနာတခုလည်း မဟုတ်ဘူးဆိုတာ သိမြင်သူများအားလုံး နားလည်းသဘောပေါက်ထားပြီး ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ လွတ်လပ်ရေး ဖခင် ဗိသုကာကြီးဖြစ်တဲ့ ကိုအောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်မှုနဲ့ ရယူနိုင်ခဲ့တဲ့ ပြည်နယ်ပြည်မ သွေးစည်းညီညွတ်ရေး တနည်အားဖြင့် တိုင်းရင်းသား သွေးစည်းညီညွတ်ရေး ပင်လုံစိတ်ဓာတ်နဲ့၊ အဲဒီသွေးစည်းညီညွတ်မှု အင်အားနဲ့ ကိုလိုနီ နယ်ချဲ့ရဲ့ လည်ပင်းကိုညှစ်ပြီး လွတ်လပ်ရေးကို အရယူခဲ့တာဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာတွေဟာ တိုင်းပြည် လွတ်လပ်ရေးမရခင် ၁၉၄၈ ခုနှစ် မတိုင်ခင်ကတည်းက ရှိနှင့်ပြီး ဖြစ်ပါတယ်၊ ဒီပြဿနာတွေကို စားပွဲဝိုင်းတွေပေါ်မှာ နိုင်ငံရေးနည်းနဲ့ဖြေရှင်းပြီး မြန်မာနိုင်ငံ ပြည်သူတွေအနေရဲ့ အဓိကရေးကြီးဆုံး လိုအပ်ချက်က တိုင်းပြည် ကိုလိုနီဘဝက လွတ်မြောက်ဖို့ လွတ်လပ်ရေး ရဖို့သာ ဖြစ်တယ်၊ လွတ်လပ်ရေးသည်သာ ပထမ၊ လွတ်လပ်ရေးသည်သာ ဒုတိယ၊ လွတ်လပ်ရေးသည်သာ တတိယဖြစ်တယ်ဆိုတဲ့ တခုတည်းသော ဦးတည်ချက်နဲ့ ရှိနေတဲ့ နိုင်ငံရေးပြဿနာတွေ၊ ပဋိပက္ခတွေကို နောက်ကိုတွန်းလို့ ယာယီညီညွတ်ရေးယူပြီး တိုင်းပြည်လွတ်လပ်ရေးကို အရယူခဲ့ကြတာဖြစ်ပါတယ်။ ရှည်ဝေးလွန်းမှာ စိုးတဲ့အတွက် ဘယ်လိုပြဿနာတွေ၊ ဘယ်လိုပဋိပက္ခတွေ ဘယ်ချိန်မှာ ဖြစ်ခဲ့တယ် ဆိုတာတွေကိုတော့ မတင်ပြတော့ပါဘူး။ သမိုင်းစာမျက်နှာတွေပေါ်မှာ မြင်သာထင်ရှား ရှိနှင့်ခဲ့ပြီး ဖြစ်ပါတယ်။
အဲဒီ ပင်လုံစိတ်ဓာတ် သွေးစည်းညီညွတ်မှု အခြေခံနဲ့ပဲ ၁၉၄၇ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲအတည်ပြုနိုင်ခဲ့ပါတယ်။ ကျနော်တို့မှာ တိုင်းပြည်တခုကို ထူထောင်နိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတခု အထင်အရှား ရှိခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေနဲ့ပဲ မြန်မာနိုင်ငံကို ပါလီမန် ဒီမိုကရေစီစနစ်နဲ့ တည်ဆောက်ဖွံဖြိုး တိုးတက်လာစေခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အတွင်းနိုင်ငံရေး ပြဿနာတွေကိုတော့ ပြေလည်အောင် ဖြေရှင်းအဆုံးသတ်အောင် မလုပ်နိုင်ခဲ့ပါဘူး။
နိုင်ငံရေးအယူဆနဲ့ နိုင်ငံရေးစနစ် ပြဿနာသာ မဟုတ်ပါဘဲ တိုင်ရင်းသားလူမျိုးစု များပြားတဲ့ နိုင်ငံဖြစ်တာနဲ့အညီ တိုင်ရင်းသား လူမျိုးစုတွေရဲ့ ပြဿနာတွေလည်း ရှိနေခဲ့ပါတယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရင်း မပြေလည်နိုင်ကြတဲ့အခါ လက်နက်ကိုင်စစ်ပွဲနဲ့ ဖြေရှင်းလာခဲ့ကြတဲ့အတွက် ပြည်တွင်းစစ်ရယ်လို့ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာခဲ့တာလည်း ၁၉၄၈ ခုနှစ်ကတည်းက ဖြစ်ပါတယ်။
အဲဒီ ပြည်တွင်းစစ်မီးကြောင့်ပဲ လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့သလို သယံဇာတ ပေါ်ကြွယ်ဝလှတဲ့ မြန်မာနိုင်ငံဟာ ဖွံဖြိုးတိုးတက်သင့်သလောက် ဖွံဖြိုးတိုးတက်မလာနိုင်ခဲ့ပါဘူး။ ရှိနေတဲ့ နိုင်ငံရေး အယူအဆ ပြဿနာ၊ တိုင်ရင်းသားလူမျိုးစုတွေရဲ့ ပြဿနာတွေကို အဲဒီအချိန်က ဒီမိုကရေစီ အစိုးရတွေက ကိုင်တွယ်ဖြေရှင်းခဲ့ကြပေမယ့် တိုင်းပြည်ရဲ့ အရေးထက် နိုင်ငံရေးဂိုဏ်းဂဏစွဲ၊ အယူဝါဒစွဲ၊ ကျဉ်းမြောင်းတဲ့ မျိုးချစ်စိတ်ဓာတ် မဟာလူမျိုးကြီးဝါဒ၊ မှာယွင်းတဲ့ ဇာတိသွေး ဇာတိမာန်တွေ အမျိုးသားရေးဝါဒတွေကြောင့် ပဋိပက္ခတွေကို ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ပါဘူး။
ဖြေရှင်းဖို့ ကြိုးစားနေဆဲ တိုင်းရင်းသားလူမျိုးစု ပြဿနာအရေး ပြေလည်ဖို့ အလားအလာ ကောင်းလာဆဲအချိန်မှာပဲ အာဏာရဲ့ အရသာကို မြည်းစမ်းခွင့်ရခဲ့လို့ ယစ်မူးသာယာ တပ်မက်လာတဲ့ ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ်အုပ်စုက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို ရိုက်ချိုးဖျက်ဆီးကာ စစ်အာဏာရှင်စနစ်ကို ထူထောင်ခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ သွေးစည်းညီညွတ်မှုအခြေခံနဲ့ ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၉၆၂ မတ်လ ၂ ရက်နေ့မှာ ဖျက်သိမ်းပစ်ပြီး တတိုင်းပြည်လုံးကို အရပ်ဝတ်အရေခြုံ စစ်အာဏာရှင်စနစ်နဲ့ လက်ဝါးကြီးအုပ် သွေးစုတ်ခေါင်းပုံဖြတ် အုပ်ချုပ်ဖို့ ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုရေးဆွဲပြီး ပြည်သူကို အာဏာနဲ့ ခြိမ်းခြောက်၊ အတင်းအကျပ် အတည်ပြုပြီး စစ်အုပ်စု ဦးစီးတဲ့ လူတန်းစားသစ်ကို ပေါ်ပေါက်လာစေခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဆိုတဲ့ ဆိုရှယ်လစ် အတုယောင်စနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တာဟာ ၁၉၈၈ ခုနှစ်အထိ ကာလရှည်ကြာခဲ့ပါတယ်။ လူတန်စားသစ်ကသာ ဥစ္စာဓန ကြွယ်ဝသထက် ကြွယ်ဝလာပြီး စစ်ကျွန်ဖြစ်ခဲ့ရတဲ့ ပြည်သူလူထုရဲ့ ဘဝကတော့ ဆင်းရဲသည်ထက် ဆင်းရဲတွင်းနက်ခဲ့ပြီး တိုင်းပြည်ဟာလည်း ကမ္ဘာ့ဖွံဖြိုးတိုးတက်မှု အနည်းဆုံး ဖြစ်လာခဲ့ရတယ် ဆိုတာလည်း အားလုံး သိခဲ့ကြပြီးဖြစ်ပါတယ်။
အဲဒီအခြေအနေနဲ့ ဆင်းရဲမွဲတေမှု၊ ဖိစီးနှိပ်စက်မှုတွေကို နှစ်ပေါင်းများစွာ ခါးစည်းခံစား၊ ဒီမိုကရေစီ၊ လူအခွင့်အရေး၊ ငြိမ်းချမ်းရေးတွေကို အာသာငန်းငန်း တောင့်တလာတဲ့ ပြည်သူလူထုကြီးဟာ ၁၉၈၈ ခုနှစ်မှာ စစ်အုပ်စုရဲ့ စနစ်ဆိုးကို ရိုက်ချိုးချေဖျက်ပြီး ဒီမိုကရေစီနိုင်ငံသစ်တခု တည်ဆောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အောင်ပွဲရယူနိုင်ခဲ့ပေမယ့် အကျဉ်းချုံ့ပြောရရင် အဘက်ဘက်က ချို့ယွင်းအားနည်းနေခဲ့တဲ့ လူထုအရေးတော်ပုံကြီးကို လက်နက်အင်အား တခုတည်းရဲ့ အားကိုးနဲ့ စစ်အုပ်စုသစ်က အာဏာသိမ်းတာကို ခံခဲ့ရပြန်ပါတယ်။
၁၉၈၈ စက်တင်ဘာ ၁၈ ရက်မှာတော့ ပြည်သူလူထုကို အထင်သေးပြီး စစ်အာဏာရှင် စနစ်တခုကို တရားဝင် ထူထောင်နိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့တဲ့ အာဏာသိမ်း စစ်အစိုးရက ရွေးကောက်ပွဲတခု ကျင်းပဖို့ စိန်ခေါ်ခဲ့ပါတယ်။ အဲဒီအချိန်မှာလည်း ပြည်သူလူထုဟာ သူတို့ရဲ့ သဘောထား အစစ်အမှန်နဲ့ အံတုရင်း ပြသနိုင်ခဲ့ပါတယ်။ ၁၉၉ဝ မေလ ၂၇ ရက်နေ့မှာ ဒီမိုကရေစီ အစိုးရတရပ်ကို ခိုင်ခိုင်မာမာ ထူထောင်နိုင်တဲ့ အဆင့်ထိ ရအောင် အောင်ပွဲရယူပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ကမ်းကုန်အောင် ရက်စက်ဆိုးဝါးတဲ့ စစ်အစိုးရက ပြည်သူလူထုရဲ့ အလိုဆန္ဒကို ငြင်းဆန်ပြီး တိုင်းပြည်ကို အာဏာရှင်စနစ်နဲ့ ဆက်ပြီးအုပ်ချုပ်ဖို့ နည်းလမ်းပေါင်းစုံ အသုံးချပြီး အာဏာကို ဖက်တွယ်ထားခဲ့ပါတယ်။
တိုးတက်တဲ့ အတွေးခေါ်ရှိတဲ့ ကျောင်းသားလူငယ်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူလူထုဟာ စစ်အာဏာရှင်တွေကို အကြိမ်ကြိမ် ရင်ဆိုင်အံတုခဲ့ကြပေမယ့် လက်နက်အားကိုး အာဏာရှင်အစိုးရရဲ့ အရက်စက်ဆုံး ချေမှုန်းတာကို ခံခဲ့ကြရပါတယ်။ ဒါပေမဲ့ အဖိနှိပ်ခံ ပြည်သူလူထုဟာ သူတို့ရဲ့ သဘောထားမှန်ဖြစ်တဲ့ လူ့အခွင့်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးကို တချိန်ချိန်မှာ အပြီးသတ် ရယူဖို့ ထပ်ကြိုးစားလာအုံးမယ် ဆိုတာကို နားလည်ထားတဲ့ စစ်အာဏာရှင်တွေက တရားဝင် စစ်အာဏာရှင်စနစ်ကို တည်ထောင်ဖို့ သူတို့စိတ်တိုင်းကျ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲ၊ ဒုက္ခကြားက ပြည်သူလူထုကို လက်နက်အာဏာနဲ့ ခြိမ်းခြောက်ပြီး အတည်ပြု ပြဋ္ဌာန်းခဲ့ပြီ ဖြစ်ပါတယ်။
အခုတခါ ထပ်ပြီး ပြည်သူလူထုကို ၂ဝ၁ဝ ခု ရွေးကောက်ပွဲနဲ့ စိန်ခေါ်အနိုင်ယူဖို့ ကြိုးစားလာပြန်ပါပြီ။ ဒါပေမဲ့ ဒီတကြိမ် ကြိုးစားလာတာက စစ်အာဏာရှင်စနစ် တရားဝင် ထာဝရ တည်မြဲရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်ကို ကျားကုတ်ကျားခဲ ကိုင်စွဲထားပါပြီ။ တော်လှန်တိုးတက်တဲ့ ကျောင်းသားလူငယ်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူလူထုကို လုံးဝ နာလန်မထူနိုင်အောင် နှိပ်ကွပ်ရေး မဟာဗျူဟာ ချမှတ်ပြီး သူတို့ရဲ့ လမ်းညွှန်မြေပုံခရီးကို ပြီးဆုံးအောင် လျှောက်ဖို့ ကြိုးစားနေကြပါပြီ။ စစ်အာဏာရှင်တွေရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဘာလဲ-ဘယ်လဲ ဆိုတာ၊ အခြေခံမူ ဆိုတာတွေကို ကြည့်လိုက်ရုံနဲ့ မြင်သာထင်ရှား ဖြစ်ပါတယ်။
အခု စစ်အစိုးရက သူတို့စိတ်ကြိုက် ရေးဆွဲအတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေနဲ့ပတ်သက်ပြီး ဟောင်ကောင် တက္ကသိုလ်က အငြိမ်းစား ပါမောက္ခနဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြံပေး အထောက်အကူပြု အဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ ပါမောက္ခ Yash Ghaii က သူရဲ့ “၂ဝဝ၈ ခုနှစ် မြန်မာဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်အကဲဖြတ်ချက်” ထဲမှာ ဒီလုပ်ငန်စဉ်းကို “၁၉၆၂ ခုနှစ်မှာ ဒီမိုကရေစီ အစိုးရလက်ထဲက အာဏာကို လုယူခဲ့ပြီး ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ပါတီရဲ့ အစိုးရဖွဲ့စည်းမှုကိုလည်း ငြင်းဆန်ခဲ့တဲ့ စစ်အုပ်စုက ပုံဖော်ကြီးကြပ် စီမံခဲ့တာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတခုခုကို ဘယ်လွတ်လပ်တဲ့ အဖွဲ့အစည်းကိုမှ တာဝန်ယူခိုင်းတာမျိုး စီမံကြီးကြပ်ရတာမျိုး မရှိပါဘူး။ လုပ်ငန်းစဉ်ဟာ လျှို့ဝှက်ဖြစ်ပါတယ်။ စစ်တပ်က စီစဉ်ရေးဆွဲခဲ့တဲ့မူကြမ်းကိုပဲ အမျိုးသားညီလာခံမှာ တင်သွင်းခဲ့တာပါ။
တကယ်တော့ အစိုးရမှာ အခြေခံဥပဒေမူကြမ်းကို ပြင်ဆင်ရေးဆွဲခွင့် အခွင့်အာဏာ မရှိပါဘူး။ အစိုးရဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အကြောင်းအရာတွေ၊ ရွေးချယ်မှုတွေကို ပြည်သူလူထုကြားမှာ ချပြအသိပေးတာမျိုး ဒါမှမဟုတ် ပါဝင်ဆောင်ရွက်ဖို့ အသိစိတ်ဓာတ်ပေးတာမျိုး မလုပ်ခဲ့ပါဘူး။ တချို့ အဓိက ခေါင်းဆောင်တွေဟာ အကျဉ်းထောင်ထဲမှာ ရောက်နေကြပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တွေးမြင်ယူဆချက်နဲ့ ရွေးချယ်မှုတွေမှာ တခြား ရွေးချယ်စရာတွေကို ပိတ်ပင်တားဆီးထားတာဟာ အခြေအတင် ဆွေးနွေးငြင်းခုံမှုကို ပိုပြီး ဆိုးဝါးသွားစေပြီး တွေးမြင်ယူဆချက် များစွာဟာ ပြည်ပရောက် အုပ်စုတွေကြားကိုပဲ ရောက်ရှိသွားခဲ့ရပါတယ်။
လုပ်ငန်းစဉ်ဟာ တိုင်းပြည်တည်ဆောက်ရေး ဒါမှမဟုတ် အမျိုးသားညီညွတ်ရေး အစီအစဉ်တွေကို တိုးတက်မြင့်မားလာအောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ လူနည်းစုတွေရဲ့ အခွင့်အရေး၊ ယဉ်ကျေးမှုတွေကို ကာကွယ်စောင့်ရှောက်ရေးနဲ့ သက်ဆိုင်သူတွေကို ကျေနပ်နှစ်သိမ့်မှု မပေးနိုင်ခဲ့သလို ပြင်ပကမ္ဘာကိုလည်း အစိုးရရဲ့ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေးအပေါ် အလေးအနက် ထားလာအောင် သိမ်းသွင်းပြောဆိုမှု မလုပ်နိုင်ခဲ့ပါဘူး။
ပဋိပက္ခဖြစ်နေတဲ့ အုပ်စုတွေကြားမှာ ယုံကြည်မူ တည်ဆောက်ရမယ့်အစား သံသယတွေကိုသာ တိုးများလာစေခဲ့ပါတယ်။ အခုအချိန်မှာတော့ ကမ္ဘာတဝှမ်းလုံးက မှားယွင်းတဲ့ လုပ်ငန်းစဉ်လို့ ယုံကြည်လက်ခံထားတဲ့ လုပ်ငန်းစဉ်က ပြန်လည်ထုတ်လုပ်လိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အစိုးရနဲ့ နိုင်ငံရေး ပါတီတွေ လူနည်းစု အုပ်စုတွေ ကြားမှာရှိတဲ့ သဘောထား ကွဲလွဲမှုတွေကို ပိုပြီးပြင်းထန်လာစေခဲ့ပါပြီ” လို့ ရေးသားခဲ့ပါတယ်။ ဒါဟာ နိုင်ငံခြားသား တယောက်ရဲ့ စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ် ရှုမြင်သုံးသပ်ပုံ တစိတ်တပိုင်းသာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသား နိုင်ငံရေးအမြင် ရှိသူတွေကတော့ ဒီထက်ပိုပြီး သိမြင်နားလည်ပြီး ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ တိုင်းရင်းသား လူနည်းစုတွေနဲ့ အများစုကြီးဖြစ်တဲ့ သာမန် မြန်မာပြည်သူတွေ အဖို့ကတော့ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကို ခပ်လှမ်းလှမ်းကသာ ကြည့်မြင်ခွင့် ရခဲ့ကြပါတယ်။ ပါဝင်ဆောင်ရွက်ခွင့်၊ ပြောဆိုဆွေးနွေးခွင့်၊ အကြံဉာဏ်ပေးခွင့် လုံးဝ မရှိခဲ့ကြပါဘူး။ ဒါပေမဲ့ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အနှစ်သာရအားဖြင့် ဘာလဲ-ဘယ်လိုလဲ ဆိုတာကိုတော့ သာမန်ပြည်သူလူထုရဲ့ အောက်ဆုံးလွှာအထိ နားလည်သဘောပေါက်နေပါတယ်။ သူတို့ရဲ့ စစ်မှန်တဲ့ သဘောထားအရ နှလုံးသားထဲက ‘နိုး’ လို့ ငြင်းပယ်ထားပြီးပါပြီ။ ပြင်းထန်ရက်စက်လွန်းတဲ့ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေကြောင့် နေသေးသပခြုံထဲက ဖြစ်နေကြပေမယ့် ချိုသွေးသမှ တမြမြ လည်းဖြစ်နေကြပြီဆိုတာ သံသယရှိစရာအကြောင်း မမြင်ပါဘူး။
ပါမောက္ခ Yash Ghai ကတော့ “စာတမ်းက ဖော်ပြပြောဆိုခဲ့သည့်အတိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်တည်ဆောက်ရေးနှင့် မူကြမ်းပါဝင်မှုများမှာ ယေဘုယျအားဖြင့် လက်ခံထားခဲ့ကြသော လူ့အခွင့်အရေး အခြေခံမူများအား အလေးထားမှု မရှိခဲ့ပါ။ အခွင့်အရေးများကို ထိန်းသိမ်းစောင့်ရှောက်မှုအတွက် အချက်အခြာဖြစ်သော တရားစီရင်ရေးမှာလည်း လွတ်လပ်မှု မရှိနိုင်သလို လူ့အခွင့်အရေးများကို ကာကွယ်နိုင်ခြေလည်း ရှိလိမ့်မည် မဟုတ်ပါ။ လူ့အခွင့်အရေးကော်မရှင် (သို့) လူထု တိုင်တမ်းမှု ကြားနာစစ်ဆေးရေး အဖွဲ့ကဲ့သို့ အခြားသော အဖွဲ့အစည်းများကိုလည်း ဖွဲ့စည်းပေးခြင်း (သို့) စဉ်းစားတွေးဆထားခဲ့ခြင်း မရှိခဲ့ပါ။
အခွင့်အရေးတွေကို ကန့်သတ်ဖော်ပြပေးထားတဲ့ စကားလုံးတွေမှာလည်း သူတို့ရဲ့ လေးစားမှုကင်းမဲ့ခြင်း ဖြစ်နိုင်ခြေတွေဖြစ်ပြီး အမှန်စင်စစ် ဆိုင်းငံ့ရပ်စဲထားခြင်းသာ ဖြစ်ပါတယ်။ စစ်တပ်သြဇာ လွှမ်းမိုးမှုခံရတဲ့ အစိုးရ ဖွဲ့စည်းတည်ဆောက်ပုံမှာလည်း လူ့အခွင့်အရေးတွေကို ရိုသေလေးစားလာဖို့ ကူညီထောက်ပံ့ပေးမှု မရှိနိုင်ပါ။ ဒီလိုနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အခြေခံ အကြောင်းခြင်းရာတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လူထုအတွက် အောင်မြင်နိုင်ခြေ မရှိဆုံး ဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ မှားယွင်းဖောက်ပြန်တဲ့ အခြေခံဥပဒေတွေနဲ့ ဖွဲ့စည်းတည်ဆောက်မှုအရ ပိုမို ဒီမိုကရေစီကျပြီး တူညီမြှုဖစ်တဲ့ လူ့အဖွဲ့အစည်းတခုဆီ ကူးပြောင်းရေးအတွက် အခက်အခဲပေါင်းများစွာကို ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်း ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းရေးဆွဲထားပြီး ဖြစ်ပါတယ်” လို့ သူ့ရဲ့စာတမ်းကို နိဂုံးချုပ်ထားခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဘယ်ဖွဲ့စည်းပုံ အခြေခံဥပဒေပဲဖြစ်ဖြစ် လုံးဝ အပြစ်အနာအဆာမရှိ အကောင်းဆုံးဆိုတာ မရှိပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေတခုဟာ သူ့ဆိုင်ရာ လူ့အဖွဲ့အစည်းရဲ့ ကောင်းကျိုးနဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြိမ်းချမ်းမှုကို တည်ဆောက်နိုင်ဖို့သာ ဖြစ်ပါတယ်။ အဲဒီလို မလုပ်နိုင်ဘူးဆိုရင် အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အောင်မြင်မှု မရှိဘူးလို့ ဆိုရပါမယ်။ ပြင်ဆင်ဖို့လိုရင် ပြင်ဆင်၊ ဖြည့်စွက်ဖို့လိုရင် ဖြည့်စွက်၊ အဆုံးစွန်ဆုံးမှာ အသစ်ပြန်ရေးသင့်ရင် ရေးရပါလိမ့်မယ်။ အဲဒီလို လုပ်ခွင့်မရှိဘူး၊ မလုပ်ရဘူးလို့ ဘယ်အစိုးကမှ ဟန့်တားပိတ်ပင်ခွင့် မရှိပါဘူး။ အဲဒီလို လုပ်ဆောင်နိုင်တဲ့ အခွင့်အရေးဟာ ပြည်သူမှာ အပြည့်ဝရှိပါတယ်။ အစိုးရဆိုတာ ပြည်သူ့ လက်အောက်ခံ၊ ပြည်သူ့ အခိုင်းအစေသာ ဖြစ်ပါတယ်။ ပြည်သူရဲ့ အရှင်သခင် မဟုတ်ပါဘူး ဆိုတာကို ပြည်သူလူထုကြီး တရပ်လုံး နားလည်ခံယူထားကြဖို့ အရေးကြီးပါတယ်။
ပြည်သူလူထုရဲ့ ဆန္ဒသဘောထားအမှန်ကို ဖော်ထုတ်ပေးဖို့၊ ရဲရဲဝံ့ဝံ့ ဖော်ထုတ်ပြသကြဖို့ လှုံ့ဆော်တိုက်တွန်း လမ်းပြကူညီအားပေးမှု ပေးဖို့ကတော့ ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ပြည်သူလူထုက ရွေးချယ်တာဝန်ပေးထားခဲ့တဲ့ နိုင်ငံရေးပါတီတွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ၊ ဒီမိုကရေစီ လိုလားသူ တိုးတက်တဲ့ ပညာတတ်တွေ၊ ကျောင်းသားလူငယ်တွေသာ ဖြစ်ပါတယ်။ ဒီတာဝန်ကို တခြား ဘယ်သူကမှ ဝင်ပြီး တာဝန်ယူထမ်းဆောင်ပေးလိမ့်မယ် မဟုတ်ပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံသား ဒီမိုကရေစီရေး၊ လူအခွင့်အရေး၊ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူအားလုံးရဲ့ တာဝန်သာဖြစ်ပါကြောင်း။
စိုးနေလင်း
REF: မဇ္ဈိမ
Thursday, March 19, 2009
ဒါလားဟဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ - စိုးနေလင်း
အန်ဒီအေ-ကေ လက်နက်ချရန် အသင့်ရှိ
ဆော်လမွန်
ကြာသပတေးနေ့၊ မတ်လ 19 2009
နယူးဒေလီ (မဇ္ဈိမ) ။ ။ ၂ဝ၁ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရအသစ်က လက်နက်ကိုင် တော်လှန်ရေးကို စွန့်လွှတ်ရန် ပြောလာပါက သူတို့အနေဖြင့် အဆင်သင့်ရှိကြောင်း တရုတ်မြန်မာအခြေစိုက် ကချင်တိုင်းရင်းသား သူပုန်အဖွဲ့တခုက ကြေညာလိုက်သည်။ “ကျနော်တို့က ကျနော်တို့ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ကျနော်တို့ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတာပါ။ ဒီအခွင့်အရေးတွေ ရမယ်ဆိုတဲ့ အာမခံချက်ရှိရင် ကျနော်တို့က ဘာဖြစ်လို့ လက်နက်ကိုင် တော်လှန်ရေး ဆက်လုပ်နေရဦးမှာလဲ” ဟု ဦးတိန်ယိမ်းက ပြောသည်။
သူတို့၏ တောင်းဆိုချက်များ ရရှိမည်ဟု သေချာပါက လက်နက်ချရန် အသင့်ရှိနေကြောင်းဖြင့် ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDA-K) ကို တည်ထောင်သူနှင့် ခေါင်းဆောင်ဖြစ်သူ စခုန်တိန်ယိမ်းက အင်္ဂါနေ့က ပြောဆိုလိုက်ခြင်းဖြစ်သည်။
NDA-K သည် ထိုအချိန်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC) နှင့် ပထမဆုံး အပစ်ရပ်ရေး သဘောတူညီချက် ရရှိခဲ့သော ကချင် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး၊ ၁၉၈၉ ခုနှစ်က သဘောတူခဲ့သည်။
သူပုန်ခေါင်းဆောင်သည် သူတို့၏ တောင်းဆိုချက်များကို ရွေးကောက်ခံ အစိုးရသစ်က ဖြည့်ဆည်းပေးနိုင်လိမ့်မည် ဟူသော လေသံဖြင့် ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ လက်နက်ချဖို့က ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာ ကျနော်တို့ရဲ့ တောင်းဆိုချက်တွေ၊ ဆန္ဒတွေ ပြည့်ဝရပါစေမယ်ဆိုတာတော့ မြင်ရဖို့လိုတယ်” ဟု သူက ဆက်ပြောသည်။
မြန်မာစစ်အစိုးရသည် မကြာသေးခင်လများက အပစ်အခတ်ရပ် တိုင်းရင်းသားလက်နက်ကိုင် သူပုန်အဖွဲ့အားလုံးကို ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ လက်နက်ချရန် ဖိအားပေးမှုများ တိုးမြှင့်လုပ်ခဲ့သည်။ သူတို့တပ်ဖွဲ့များကို နိုင်ငံရေးပါတီများအဖြစ် အသွင်ပြောင်းလဲ၍ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်လည်း တိုက်တွန်းခဲ့သည်ဟု သတင်းရပ်ကွက်များက ပြောသည်။
သို့သော် စစ်အစိုးရသည် ယခုအထိ မည်သည့်ငြိမ်းချမ်းရေးအဖွဲ့ကိုမျှ လက်နက်ချရန် နားမချနိုင်သေးပါ။
၎င်းတို့ ပြည်သူလူထု၏ လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ပညာရေး တိုးတက်ဖွံ့ဖြိုးမှုတို့အတွက် တိုက်ပွဲဝင်နေပါသည်ဟု ဆိုသောNDA-K သည် သူတို့၏ မျှော်လင့်ချက်များအားလုံး ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး ပေါ်ထွန်းလာမည့် အစိုးရသစ် တာဝန်ယူသည့်အချိန်တွင် အကောင်အထည်ပေါ်လာလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောပါသည်။
တရုတ်-မြန်မာ နယ်စပ်တလျှောက် ကချင်ပြည်နယ် အရှေ့မြောက်နယ်မြေတွင် အခြေစိုက်သော NDA-K ကို ယခင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အရာရှိများဖြစ်သော စခုန်တိန်ယိမ်းနှင့် လယောက်ဇော်လွန်းက ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြသည်။
သို့သော် သတင်းရပ်ကွက်များကမူ NDA-K သည် အပစ်အခတ်ရပ် သဘောတူညီချက် ရရှိပြီးနောက် နိုင်ငံရေးထက် စီးပွားရေးကိုသာ ပိုမိုအာရုံစိုက် လုပ်ဆောင်ခဲ့ကြောင်းနှင့် အချိန်ပြည့် လက်နက်ကိုင် ကေဒါများကို ဆက်လက် ထိန်းသိမ်းထားရှိခြင်းမျိုး မရှိတော့ကြောင်း ပြောသည်။
NDA-K သည် စစ်ရေးနှင့် နိုင်ငံရေးတွင် အင်အားချည့်နဲ့သွားပြီ ဖြစ်ကြောင်းလည်း အဆိုပါ သတင်းရပ်ကွက်က ဖြည့်စွက်ပြောကြားသည်။
“သူတို့က လူထုအတွက် တာဝန်ယူတော့တာလည်း မဟုတ်တော့ လူထုရဲ့ဘဝ သာယာစိုပြေရေးဆိုတာလည်း စိတ်ဝင်စားတော့တာ မဟုတ်ဘူး။ ဒါကြောင့် သူတို့ပြောတာတွေကလည်း ဘာမှ အရေးမပါပါဘူး” ဟု ဤအဖွဲ့နှင့် နီးစပ်သူ အခြား သတင်းရပ်ကွက်တခုက မဇ္ဈိမကို ပြောသည်။
အလားတူပင် တရုတ်-မြန်မာအခြေစိုက် စစ်ရေးကျွမ်းကျင်သူ ဦးအောင်ကျော်ဇောကလည်း NDA-K သည် နောက်ပိုင်းတွင် စစ်ရေးအင်အားနှင့် စွမ်းအားလျော့နည်း ကျဆင်းသွားပြီဖြစ်သဖြင့်၊ အကယ်၍သာ စစ်အစိုးရက လက်နက်ချရန် ပြောလာပါက လက်နက်ချမည်ဆိုသည်မှာ ဖြစ်နိုင်ဖွယ်ရှိကြောင်း ပြောပါသည်။
NDA-K မှာက အခု စစ်သား ၃ဝဝ-၄ဝဝ တဝိုက်လောက်ပဲ ရှိတော့တာ။ စစ်အစိုးရက လုပ်ချင်တယ်ဆိုရင် သူတို့နဲ့ အချိန်မရွေး စေ့စပ်နိုင်တယ်။ ဒီတော့ သူတို့ လက်နက်ချမယ်ဆိုရင်လည်း အံ့အားသင့်စရာတော့ မရှိပါဘူး” ဟု အောင်ကျော်ဇောက ပြောသည်။
စစ်အစိုးရက KIO ကို အင်အားချည့်နဲ့အောင် လုပ်ရာတွင် NDA-K ကို ကောင်းစွာ အသုံးချနေကြောင်းနှင့် ကချင်တိုင်းရင်းသားများထဲတွင် KIO သည် အဓိက လက်နက်ကိုင် အဖွဲ့ဖြစ်ကြောင်းလည်း သူက ပြောသည်။
ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးနှင့် အရပ်ဘက် အဖွဲ့အစည်းအားလုံး၏ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းတည်ထောင်သွားပြီး လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီတွင် ယင်းတို့၏ အဖွဲ့ကို ကိုယ်စားပြုပါဝင်ရန် ကိုယ်စားလှယ် ၅ ဦးကို NDA-K က ခန့်အပ် တာဝန်ပေးပြီးဖြစ်သည်။
တရားဝင် ကြေညာခြင်း မပြုရသေးသည့် အဆိုပါ နိုင်ငံရေးပါတီကို ‘ကချင်ပြည် တိုးတက်ရေးပါတီ’ (KSPP) ဟု ခေါ်မည်ဖြစ်ကြောင်း သတင်းရပ်ကွက်များက ပြောသည်။ ယင်းအဖွဲ့သည် ကချင်ပြည်သူလူထု ကိုယ်စားပြုပါတီအဖြစ် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
REF: မဇ္ဈိမ
Wednesday, March 18, 2009
ခံစစ်သေ - အောင်သူငြိမ်း
Wednesday, 18 March 2009
မာနယ်ပလောမှ ရရှိလာသည့် သင်ခန်းစာဖြင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်နှင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲ အခြေအနေတို့ကို နှိုင်းယှဉ်သုံးသပ် မိသည်။ မာနယ်ပလော၏ နေ့များကို မှတ်မှတ်ရရ ကျနော်သတိရနေသေးသည်။ မာနယ်ပလောဆိုသည်က ကရင်ပြောက်ကျား ၃,၀၀၀ ခန့် နေထိုင်သည့် တောရွာကြီးဖြစ်သော်လည်း၊ သေနင်္ဂဗျူဟာအရ အချက်အခြာကျသည့် နေရာတွင်ရှိနေသည်။ သံလွင်မြစ်နှင့် သောင်ရင်းမြစ်အကြား သွယ်တန်းတည်ရှိနေသည့် မြေပြင်ဖြစ်ပြီး၊ သဘာဝတောင်တန်းများ ကာရံထား သောကြောင့်လည်း အရောက်အပေါက် ခက်ခဲသည့်နေရာ ဖြစ်သည်။ ထိုစဉ်က စစ်ရေးအတွေ့အကြုံနည်းလှသေးသော (ABSDF) ကျောင်းသားစစ်သားတဦး အနေနှင့် တာဝန်ယူခဲ့ရသည့် ကျနော့်အနေနှင့် မာနယ်ပလောနှင့် ပတ်သက်သည့် ခံစားမှုက ထူးထူးခြားခြားနိုင်လှသည်။ တဖက်တွင် ပြင်းထန်ကြမ်း တမ်း၊ ရက်စက်ကြမ်းကြုတ်လှသည့် စစ်ပွဲများကြုံခဲ့ရသလို၊ သတ္တိပြောင်မြောက်သူများနှင့် အံ့ချီးဖွယ် လေးစားထိုက်သူ သူရဲကောင်းများကိုလည်း ကြုံခဲ့ရသည်။ စစ်တပ်က ဆောင်ရွက်ပေးမည့် ၂၀၁၀ ရွေးကောက်ပွဲသည်လည်း မြန်မာနိုင်ငံရေး၏ "ဗဟိုချက်မ" ဖြစ်လာနိုင်ပါ၏လော။ မေးရန် ကျန်ရှိနေပါသေးသည်။ လာမည့် ရွေးကောက်ပွဲတွင် မသမာမှုများ၊ မဲညစ်မဲလိမ်မှုများ မျှော်လင့်ထားကြသလို၊ ရွေး ကောက်ပွဲဆိုင်ရာ ဥပဒေများ၊ ပါတီများ လုပ်ပိုင်စည်းရုံးခွင့်များလည်း လူသိရှင်ကြား ရှင်းရှင်းလင်းလင်း ထွက်ပေါ် မလာ သေးပါ။ လူအများစုက ၂၀၁၀ ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ ကျင်းပစဉ်ကလို၊ သူ့ဖဲသူချိုး သူ့အကွက်သူဆင် သွားလိမ့်မည်ဟုသာ ယူဆနေကြပါသည်။ ထိုမျှမက ဤရွေးကောက်ပွဲရလဒ်သည်ပင် ဒီမိုကရေစီနည်း မကျသော စစ်တပ်က ဓါးမိုးထားသည့် ဖွဲ့စည်းပုံအရ ဆက်လက်စခန်းသွားကြရဖို့ ရှိနေပါသည်။
မာနယ်ပလောက တိတ်ဆိတ်ငြိမ်သက်နေရာမှ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အုံကြွတောင်းဆိုမှုကို အကြမ်းဖက်ချေမှုန်းခံရ အပြီး၊ ကျောင်းသားများနှင့် ဒီမိုကရေစီ အင်အားစုများက လာရောက်ပူးပေါင်းကြသောအခါ သက်ဝင်လှုပ်ရှားလာခဲ့သည်။ ဒီမိုကရေစီရေး တိုက်ပွဲဆက်ရန် မြို့ပြမှ ကျောင်းသားများကလည်း တိုင်းရင်းသား လက်နက်ကိုင်သူပုန်အင်အားစုများနှင့် ပူးပေါင်းခဲ့ကြသည်။
ယခင်က တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားမှုများ ရှိနေခဲ့သော်လည်း ပင်မမြန်မာ့နိုင်ငံရေးတွင် အလေးထားဖော်ပြ မခံခဲ့ရပါ။ သို့သော်လည်း ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးစုများ၏ အရေးက အစွန်အဖျားနေရာမှ ဗဟို ချက်မနေရာသို့ ရောက်လာခဲ့သည်။ အလေးပေး အာရုံစိုက်ခံလာခဲ့ကြရသည်။ မာနယ်ပလောသည်လည်း တချိန်က ကရင် ပြောက်ကျားများဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဌာနချုပ်အဖြစ်မှသာမက ဒီမိုကရေစီအင်အားစုများ၏ ဌာနချုပ်အဖြစ်ပါ အရေးပါသည့် အခန်းကဏ္ဍက ပါဝင်ခဲ့လေသည်။ မာနယ်ပလောကို အဖွဲ့အများအပြားက "လွတ်မြောက် နယ်မြေ" အဖြစ် ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ ဒီမိုကရေစီအင်အားစုများ၏ တပ်ပေါင်းစု (DAB) နှင့် နောက်ပိုင်းပေါ်ထွက်လာ သည့် တပ်ပေါင်းစုများ၏ ဘူမိနက်သန်ဖြစ်ခဲ့သည့်အပြင်၊ ပြည်ပရောက် အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) သည် လည်း ရှားရှားပါးပါး ဤနယ်မြေကျဉ်းကလေးကပင် ပေါ်ထွက်မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။
မြန်မာစစ်အစိုးရက မာနယ်ပလောသို့ ၁၉၉၁ ခုနှစ်မှ စ၍ ထိုးစစ်များ ဆင်လာခဲ့သည်။ ထိုးစစ်များက များသောအားဖြင့် ခြောက်သွေ့ရာသီ (နွေရာသီ) တွင် ထိုးစစ်ဆင်လာတတ်သည် ဖြစ်ရာ၊ တောမီးလောင်သည့် ရနံ့များ၊ ခြောက်သွေ့သည့် နွေအပူရှိန်၊ နားကွဲမတတ် ဆူလောင်နေတတ်သည့် ပုဇဉ်းရင်ကွဲကောင်များ၏ အော်သံကို ကြားလျှင် ရံဖန်ရံခါ ကျနော် မာနယ်ပလောကို ပြန်အမှတ်ရနေတတ်သည်။ ကျနော့်အတိတ်က မာနယ်ပလော အတွေ့အကြုံကို ပြန်လှုပ်ခတ်လာတတ် သည်။ မာနယ်ပလောတွင် အဖြစ်မျိုးစုံ ကြုံခဲ့ရဖူးသည်။ လေကြောင်းမှ တိုက်ခိုက်မှု၊ လက်နက်ကြီးပေါက်ကွဲမှုများ ကြုံခဲ့ရ သလို၊ ရုပ်ပုံ ပျက်ယွင်းနေသည့် အလောင်းများကိုလည်း ရေချိုးပေးရဖူးသည်။ စစ်ရှိန်အမြင့်ဆုံး အချိန်၌ တစ္ဆေမြို့ကြီး သဖွယ် လူသူတိတ်ဆိတ်နေသည့် မာနယ်ပလောကိုလည်း မြင်ခဲ့ရဖူးသည်။ သေနတ်ထောက်ခေါ်လာပြီး ပေါ်တာထမ်းခိုင်း သည့်ကြားမှ သက်စွန့်ဆံဖျားထွက်ပြေးလာပြီး ကျနော်တို့တပ်များနှင့် ပူးပေါင်းလာကြသည့် အထမ်းသမား ပေါ်တာများကို လည်း ကြုံဆုံခဲ့ရဖူးပါသည်။
မိမိထက် လက်နက်၊ လူသူ အင်အားသာသော မြန်မာစစ်တပ်များ၏ ထိုးစစ်ကို အံ့သြဖွယ် ကြံ့ကြံ့ခံနိုင်ခဲ့သည့် ကရင်တပ် များကို ချီးကျူးကြရမည်ပင် ဖြစ်သည်။ ထိုစဉ်က အတွေ့အကြုံနည်းလှသေးသည့် လူငယ်လေးတဦးအနေဖြင့် ကျနော်က မာနယ်ပလောကို မကျရှုံးဘဲ ဆက်လက်ခုခံနိုင်သည်ကို မြင်ချင်နေမိသည်။ ထိုးစစ်မှန်သမျှ လှန်ပစ်လိုက်သည်ကို မြင်ချင် နေမိသည်။ သို့သော်လည်း ဤသည်က ကျနော်၏စိတ်ကူးဆန္ဒသာ ဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် စစ်အစိုးရ စစ်တပ်များ နှင့် ခွဲထွက် ဒီကေဘီအေတပ်များလက်တွင်းသို့ မာနယ်ပလောကို လက်လွှတ်ခဲ့ရပါသည်။ အမှန်တော့ ခံစစ်သေဆိုသည်မှာ ယနေ့ကာလတွင် မသုံးတော့သော၊ မေ့လျော့နေကြပြီဖြစ်သော စစ်အတတ်ပညာသာ ဖြစ်ပါသည်။ မည်သည့် စစ် တပ်ကမျှ ခံစစ်ကတုတ် တခုထဲတွင် ပိတ်မိ၍ မနေလိုကြတော့ပြီ။ ခံတပ်များကိုလည်း မဆောက်လိုကြတော့ပြီ ဖြစ်သည်။
ထိုအချိန် တောထဲနေစဉ်က ကျနော် ဆောင်းပါးတပုဒ် ဖတ်ခဲ့ရသည်။ စာရေးဆရာကို တိတိကျကျ မှန်းဆမရတော့သော် လည်း မာတင်စမစ်ဟု ထင်ပါသည်။ သူက ၁၉၉၀ ခုနှစ် ကာလများက မာနယ်ပလောကို မြန်မာ့နိုင်ငံရေးဟု "ဗဟိုချက်မ" ဟု ဖော်ပြခဲ့သည်။ ထိုအချိန်က ကျောင်းသားများ ထွက်ပြေးရောက်ရှိလာကြပြီး နောက်ပိုင်း၊ နိုင်ငံတကာနှင့် သတင်းမီဒီ ယာများကလည်း မာနယ်ပလောတွင် အာရုံစိုက်နေခဲ့ကြသည် မဟုတ်ပါလား။ မာနယ်ပလောက တိုင်းရင်းသားအင်အားစု များ၏ (ရေတိုပဲ ဖြစ်ပါစေ) ညီညွတ်မှုပြယုဂ်တခု ဖြစ်နေခဲ့သလို၊ စင်ပြိုင် အစိုးရဖွဲ့စည်းထားသည်မှာလည်း လတ်လတ် ဆတ်ဆတ်၊ ထိုမျှမက စိတ်လှုပ်ရှားဖွယ် တိုက်ပွဲကြီးများ၊ ထိုးစစ်များကြောင့်လည်း မာနယ်ပလောက လူအများကိုဖမ်းစား ထားနိုင်ခဲ့ပါသည်။
၎င်းစာရေးသူကပင် ဆက်ပြောပါသည်။ နောက်ပိုင်း ၁၉၉၅ ခုနှစ်၊ ဇူလိုင်လတွင် ဒေါ်အောင်ဆန်းစုကြည် အိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက်ပိုင်း ဤနိုင်ငံရေး "ဗဟိုချက်မ"က အိမ်အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်းသို့ ပြောင်းရွှေ့သွားခဲ့ သည်ဟု ဆိုသည်။ ဒေါ်စုအိမ်ရှေ့တွင် ထောက်ခံသူများဖြင့် စည်ကားနေခဲ့သလို၊ အပတ်စဉ် ဆွေးနွေးပွဲများတွင်လည်း ဒေါ် အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များက စိတ်လှုပ်ရှားဖွယ် ဟောပြောစည်းရုံးနိုင် ခဲ့ကြသည်။ နောက်တကြိမ် ချေမှုန်း ဖြိုခွဲမခံရမီ အထိ လှုပ်ရှားနိုင်ခဲ့ကြပါသည်။
ဤဆောင်းပါးကို ဖတ်မိချိန်မှစ၍ ရံဖန်ရံခါဆိုသလို ကျနော် တွက်ဆနေမိဖူးသည်။ မြန်မာနိုင်ငံရေး၏ "ဗဟိုချက်မ" က ယနေ့ အချိန်တွင် မည်သည့်နေရာတွင် ရှိနေပါသနည်း။ ကျနော့်တွင် အဖြေ အတိအကျ မရှိပါ။ သို့သော်လည်း နိုင်ငံရေး နှင့် အာဏာသဘော၏ အရည်ဆန်မှု၊ ရွှေ့ပြောင်းနေမှုကို သဘောပေါက်လာသည်ဟုတော့ ထင်သည်။
မာနယ်ပလော ခံစစ် အတွေ့အကြုံမှနေ၍ ကျနော် သင်ကြားရရှိလာခဲ့သည့် အရေးကြီးသော သင်ခန်းစာတခု ရှိသည်ဟု တော့ထင်သည်။ ခံစစ်သေများမှာ ဘယ်တော့မှ ရေရှည်မမြဲဟူ၍ ဖြစ်ပါသည်။ ကျနော်က ဒေါ်စုအိမ်ရှေ့ လူထုစုဝေးပွဲများ နှင့် ၅-ယောက်ထက်ပို၍ မစုရုံးရ မာရှယ်လောကို အာခံနေသည့် လှုပ်ရှားမှုများကို စစ်ရေးအရ သုံးသပ်မိသည်။ ခြံအမှတ် -၅၄ က ခံစစ်သေသဖွယ် ဖြစ်လာခဲ့ပြီဟု ကျနော်မြင်မိသည်။ ဖြစ်နိုင်လျှင် အလားတူ လှုပ်ရှားမှုများကို ခြံအမှတ်-၅၄ တခု တည်းသာမက အခြား အနယ်နယ် အရပ်ရပ်ရှိ NLD ရုံးခွဲများ အထိပါ ပျံ့နှံ့သွားစေချင်ပါသည်။ ခံစစ်သေဆိုလျှင် မကြာမီပင် ၀ိုင်းပတ်ခံရမည်၊ ချေမှုန်းခံရဖို့ များနေပါသည်။
မာနယ်ပလော ခေတ်ကောင်းစဉ်ကပင် အချို့သော တပ်မှူးများနှင့် နိုင်ငံရေးသမားများက ကေအဲန်ယူခေါင်းဆောင်များထံ တပ်များကို ဖြန့်ချရန် အကြံပေးခဲ့ကြဖူးပါသည်။ ခံတပ်တခုသဖွယ် ခုခံနေကြမည့်အစား၊ ရှေ့ကိုထိုးဖောက်၍ ပြောက်ကျား စစ်ဆင်ရန် အကြံပေးခဲ့ကြဖူးပါသည်။ လက်နက် လူအင်အားမယှဉ်သာသော ပြောက်ကျားစစ်ပွဲ၏ သဘောသဘာဝနှင့် လည်း သို့မှသာ ကိုက်ညီလိမ့်မည်ဟု ဆိုခဲ့ကြသည်။ ဒီမိုကရေစီအင်အားစုများအနေနှင့်လည်း ဤသင်ခန်းစာကို အသုံးမချ သင့်ပါသလော၊ ကျနော် စဉ်းစားခဲ့ဖူးသည်။
ယခုတော့ စစ်အစိုးရက ၂၀၁၀ တွင် ရွေးကောက်ပွဲများ ကျင်းပမည်ဟု ကြေညာလာခဲ့ရာ "ရပ်တည်ချက်" ပြဿနာပေါ် ပေါက်လာခဲ့သည်။ အထူးသဖြင့် မြေပြိုကမ်းပြို အနိုင်ရခဲ့သော ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ဆုပ်ကိုင်မည် လော၊ နောက်တပွဲအတွက် ပြင်မည်လောဟု ပြဿနာ ရှိလာသည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်သူများက သူတို့၏ ဒီမိုကရေစီ လိုလားချက်ကို ပြသသည့်အနေနှင့် သူတို့၏ နှလုံး သားမှ မဲတပြားကို တန်ဖိုးထားပေးခဲ့ကြပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အားကိုးအားထား ပေးခဲ့ကြပြီး၊ NLD က သမိုင်းဝင် မဲအပြတ်အသတ် အနိုင်ရရှိခဲ့ပါသည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာ စေရေးအတွက် NLD ရွေးချယ်ခံ ကိုယ်စားလှယ်များအပါအ၀င် လူအများအပြားက ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အခြေပြု အသုံးချခဲ့ကြပါသည်။ ဂန္ဒီခမ်းမ ကြေညာချက်ထုတ်၍ တောင်းဆိုခဲ့သည်။ မြန်မာပြည်တွင်း စင်ပြိုင်အစိုးရဖွဲ့စည်းရေး လှုပ်ရှားခဲ့ကြသည်။ ပြည်ပတွင် အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကို တည်ထောင်ခဲ့ကြသည်။ စစ် အစိုးရ၏ တရားဝင်မှုကို သရော်စိန်ခေါ်လုပ်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီ (CRPP) ကို ဖွဲ့စည်းခဲ့ကြသည်။ ထိုမျှမက အခြားနည်းများဖြင့်ပါ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို သုံး၍ ကြိုးပမ်းခဲ့ကြပါသည်။ ၂၀၀၆ ခုနှစ်၊ NLD အထူးကြေ ညာချက်အရ "လွှတ်တော်ခေါ်ပေးပါ၊ လွှတ်တော်မှ စစ်အစိုးရကို အသိအမှတ်ပြုပေးမည်။ နိုင်ငံပြုပြင်ပြောင်းလဲရေး လုပ် ငန်းများ ဆက်ဆွေးနွေးမည်" ဟု အတုံ့အလှယ်သဘောမျိုးလည်း အဆိုပြုခဲ့ဖူးသည်။ နောက်ဆုံး ကုလသမဂ္ဂတွင် စစ်အစိုး ရ၏ ထိုင်ခုံနေရာ ဖယ်ရှားရေးအတွက် လှုပ်ရှားမှုများကိုပါ ဆောင်ရွက်ခဲ့ကြပါသည်။
သို့သော် မေးခွန်းဖြစ်လာသည်မှာ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်သည် မြန်မာ့နိုင်ငံရေး၏ "ဗဟိုချက်မ" တွင် ရှိနေပါသေး၏ လော ဆိုသည့် မေးခွန်းဖြစ်သည်။ ကျနော့်အနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ဆုပ်ကိုင်ထားလိုသည့် တက်ကြွလှုပ်ရှားသူများ၊ မစွန့်ပယ်လိုကြသူများအပေါ် နားလည်စာနာမှု ပေးနိုင်ပါသည်။ ထိုရလဒ်ကို ကာကွယ်ထိန်းသိမ်း ရေးအတွက် လူအများက သူတို့၏ အသက်သွေးချွေးများ စွန့်လွှတ်ပေးဆပ် ကာကွယ်ခဲ့ကြရသလို၊ အများအပြားမှာလည်း ထောင်များအတွင်း အနစ်နာခံ ပေးဆပ်နေကြရဆဲ ဖြစ်သည်။
အများစုက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မစွန့်လွှတ်လိုကြပါ။ တချိန် အသုံးပြုနိုင်မည့် လက်နက်ကောင်း ဖြစ်နိုင်သည်ဟု ယူဆနေကြဆဲ ဖြစ်ပါသည်။ သို့ဆိုလျှင်လည်း မေးခွန်းရှိနေပါသေးသည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မည်သို့ အား ကောင်းသက်ဝင်လာအောင် ဖြည့်ဆီးကြမည်နည်းဟူသော မေးခွန်းပင် ဖြစ်ပါသည်။
အတိုက်အခံ အင်အားစု အများစုနှင့် အစိုးရနှင့် သဘောထားကွဲသူများက ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်ထားရေး ၌သာ ရပ်တည်တင်းခံနေကြသည်ကို ကျနော်သတိပြုမိပါသည်။ ဤအနေအထားကို ကျနော်က ခံစစ်သေသဖွယ် ထင်မြင် လာမိပါသည်။ ဤခံစစ်သေကို မည်မျှကြာကြာ ကျနော်တို့ ထိန်းသိမ်းနိုင်ပါမည်နည်း။ မသေချာလှပါ။
တချိန်တည်းမှာပင် ၂၀၁၀ ရွေးကောက်ပွဲကို ရွေးလိုက်ကြရအောင်လားဟုလည်း ကျနော် မတိုက်တွန်းလိုသေးပါ။ ဤ ၂၀၁၀ ရွေးကောက်ပွဲသည်သာ မြန်မာ့နိုင်ငံရေး၏ ဗဟိုချက်မ၊ မြန်မာနိုင်ငံ ပြဿနာများ ပြေလည် သွားဖွယ်ရာ လမ်းကြောင်းအဖြစ် မမြင်မိသေးပါ။
မြန်မာ ဒီမိုကရေစီအင်အားစုများ အားလုံး၊ တိုင်းရင်းသား အင်အားစုများ အားလုံး ဆုံချက်တခုတည်းတွင် စုစည်းမိနိုင်မည့် ဗဟိုချက်မမျိုး ယနေ့ကာလတွင် ကျနော် မမြင်မိသေးပါ။ တနိုင်ငံလုံးကို ဖြန့်ကျက်၊ စည်းရုံး၊ လူထုအများကြား ပျံ့နှံ့သွားဖွယ် လှုပ်ရှားမှုများလည်း မမြင်မိသေးပါ။
သေချာသည်ကတော့ ခံစစ်သေ အနေအထားဖြင့် ကျနော်မသွားလိုလှပါ။ သို့သော် သေချာသော အဖြေလည်း ကျနော့ တွင် ရှိမနေပါ။ ၂၀၁၀ ရွေးကောက်ပွဲတခုတည်းဖြင့် ပွဲအပြီးဟု ယူဆထားရန် မဖြစ်နိုင်ပါ။ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို ရေရှည်ဖြတ်သန်းရမည့် ခရီးစဉ်တခုဟု သတ်မှတ်ယူဆလျှင်ဖြင့် ၂၀၁၀ ရွေး ကောက်ပွဲသည်လည်း ကျနော်တို့ မကြိုက် သော်လည်း၊ ကျနော်တို့ မျှော်မှန်းထားသည့် လမ်းနှင့် လွဲနေသော်လည်း မလွဲမသွေ ဖြတ်သန်းကြရမည့် အဆင့်တခု၊ လှုပ်ရှားမှုတခုဟု ယူဆမိပါတော့သည်။
အောင်သူငြိမ်းသည် ပြည်ပတွင် နေထိုင်၊ အလုပ် လုပ်ကိုင်နေသည့် အလွတ်သုတေသီတဦး ဖြစ်ပါသည်။
အောင်သူငြိမ်း
REF: ဧရာဝတီ
မြစ်ဝကျွန်းပေါ်တွင် သောက်ရေ ပြတ်လပ်
Wednesday, 18 March 2009
ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် နာဂစ်မုန်တိုင်းအပြီး ဆားငန်ရေ၊ ရွှံနှင့် နုန်းမြေများ ဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်များ ပျက်စီးနေဆဲဖြစ်၍ ယခု နွေဦးကာလတွင်ပင် သောက်သုံးရေ ရရှိရန် အလွန် ခက်ခဲနေသည်။
သောက်သုံးရေ အလုံအလောက် မရပါက ကျန်းမာရေး ဆိုင်ရာ ပြဿနာများ ပေါ်ပေါက်လာမည်ကိုလည်း ဒေသခံတို့က စိုးရိမ်နေကြသည်။ “ရေငန်ဝင်နေတဲ့ ကန်ထဲက ရေကိုတောင် ခပ်သုံးတာ များတော့ ရေက အောက်ခြေကပ်ပြီး မြေသားအရောင်ပေါ်လို့ နီနေတယ်။ သောက်ရေ အရမ်း လိုတဲ့ အချိန်ကျရင် လပွတ္တာမြို့ တက်ပြီး ရေဝယ်တယ်။ ပြီးတော့ ရွာသားတွေ ပြန်မျှပေးတယ်။ ရွာသားတွေက ရေဝယ်ဖို့တောင် ငွေကြေး မတတ်နိုင်ကြဘူး” ဟု ၎င်းက ပြောဆိုသည်။
ရေအရင်းအမြစ်များ ပျက်စီးပြီး သောက်သုံးရေ မရှိသည့်အခက်အခဲ အလွန် ကြီးမားနေကြောင်း၊ ထိုအခက်အခဲကို ဖြေရှင်းရန် အကူအညီများ အမြန်ဆုံး လိုအပ်နေကြောင်း ဒေသခံအာဏာပိုင်တို့ကလည်း ပြောပြသည်။
“ကျနော်တို့ ကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၂၄ ရွာရှိတယ်။ ဒီကျေးရွာတွေ အားလုံးမှာ အခု သောက်သုံးရေ ပြဿနာ ကြုံနေရပြီ” ဟု ရှော်ချောင်း ကျေးရွာအုပ်စု အာဏာပိုင်တဦးက လပွတ္တာသို့ ရောက်ရှိစဉ် ပြောပြသည်။
လပွတ္တာတွင် ရောက်ရှိနေသော နိုင်ငံတကာ ကူညီရေး အဖွဲ့များက ရေဖြန့်ဝေနေသော်လည်း လုံးဝ လောက်ငခြင်း မရှိကြောင်း မိကျောင်းအိုင် ကျေးရွာမှ ဒေသခံတဦးက ရှင်းပြသည်။
“မိကျောင်းအိုင်မှာ အိမ်ခြေ ၄၈ လုံး နဲ့ လူဦးရေ ရာကျော် ရှိတယ်။ ဖေဖော်ဝါရီလကုန်လောက်က စပြီး အဖွဲ့အစည်းတွေက ရေထောက်ပံ့တယ်။ ရွာထိပ်မှာ ကုလသမဂ္ဂအဖွဲ့က ဖိုက်ဘာရေပုံးကြီးတခု ချပေးထားပြီး အစပိုင်းမှာ ၃ ရက် တခါလောက် အဖွဲ့အစည်းတွေက မော်တော်နဲ့ ရေလာဖြည့်ပေးတယ်။ နောက်တော့ ရက်နှစ်ဆယ်လောက် ကြာတဲ့အထိ ရေလာမဖြည့်ပေးတော့ဘူး။ ရေလာဖြည့်တဲ့ အချိန်တုန်းက လူတဦးကို သုံးရက်စာ တလီတာ ရေဘူး သုံးဘူး ဝေပေးနိုင်ခဲ့တယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။
မိကျောင်းအိုင်ကျေးရွာသို့ ရေချိုလာရောက်ပေးဝေမှု ကြန့်ကြာနေသည့်အတွက် ရွာသားများမှာ ရေငန်ဝင်နေသည့် ကန်အတွင်းမှ ခပ်ယူ သုံးစွဲနေရကြောင်း၊ လပွတ္တာမြို့သို့ တက်ပြီး ရေချိုဝယ်ယူရန်မှာလည်း တရွာလုံးတွင် ရွာသူကြီးပိုင် ပဲ့ထောင် တစီးသာ ရှိကြောင်း မိကျောင်းအိုင် ကျေးရွာ အာဏာပိုင်တဦးက ပြောသည်။
ကုန်းတွင်းပိုင်းကျသည့် ကျေးရွာများမှာ အခြေအနေ ပိုမို ဆိုးရွားလှကြောင်း သိရသည်။
“မြစ်ချောင်းနဲ့ဝေးတဲ့ ကုန်းတွင်းရွာတွေက ရေပြဿနာ ပိုတက်တယ်။ သူတို့က အဖွဲ့အစည်းတွေက လာဝေတဲ့ ရေကိုလည်း မြစ်ချောင်းနဲ့ ဝေးတော့ မရကြဘူး။ တခုခု စီစဉ်ပေးသင့်တယ်” ဟု ထင်းစုကျေးရွာမှ ရွာသားတဦးက ရှင်းပြသည်။ ထင်းစုကျေးရွာသည် အလယ်ရေကျော် ကျေးရွာ အုပ်စုတွင် ပါဝင်သည်။
လပွတ္တာမြို့ နှင့် နီးစပ်သော ကျေးရွာများတွင်လည်း ရေအခက်အခဲ ကြုံတွေ့နေရကြောင်း တွေ့ရသည်။
“လပွတ္တာနဲ့ နီးတယ် ဆိုပေမယ့် ကျမတို့ဆီမှာလည်း ရေအခက်အခဲ ရှိတာပါပဲ။ အဓိက ကြုံရတဲ့ ပြဿနာက သောက်ရေပဲ” ဟု ကညင်ကုန်း ကျေးရွာမှ အိမ်ရှင်မတဦးက ပြောသည်။
အခက်အခဲ ကြုံတွေ့နေရသည့် ကျေးရွာများက လပွတ္တာမြို့သို့ လာရောက်ပြီး သက်ဆိုင်ရာ အာဏာပိုင်များနှင့် အဖွဲ့အစည်းများထံ ရေအခက်အခဲ ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြသည်ဟု သိရသည်။ သို့သော်လည်း စဉ်းစားပေးမည်၊ အထက်သို့ တင်ပြပေးမည် ဟူသော တုန့်ပြန်မှုများသာ ရရှိသည်ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အဖွဲ့ဝင် မိကျောင်းအိုင် ကျေးရွာ အာဏာပိုင်တဦးက ပြောသည်။
“ရေရဖို့ အဖွဲ့အစည်းတွေကိုလည်း တင်ပြတယ်။ သက်ဆိုင်ရာ စစ်အာဏာပိုင်တွေကိုလည်း တင်ပြတယ်။ အကူအညီတွေ ရလိုရငြား စစ်တပ်က ပေးတဲ့ ပြည်သူ့စစ်သင်တန်းလည်း တက်တယ်။ ဒါပေမယ့် ဘာမှ ထူးမလာဘူး” ဟု ၎င်းက ဆိုသည်။
ကျေးရွာများက စက်လှေများဖြင့် လပွတ္တာမြို့ပေါ်တွင် ရေချို လာရောက်ဝယ်ယူကြရာတွင် ရေစည်ပိုင်း တလုံးလျှင် ငွေကျပ် ၁၂ဝဝ နှုန်းဖြင့် ဝယ်ယူနေရသည်ကို တွေ့ရသည်။
“ရေလာဝယ်တယ် ဆိုတာက အကုန်အကျ များတယ်။ ပဲ့ထောင် (စက်လှေ)၊ စက်မောင်းဖို့ ဒီဇယ်ဆီ၊ ရေဝယ်ဖို့ ငွေကြေး၊ ဒါတွေ အားလုံးပြည့်စုံမှ ရေဝယ်လို့ရမှာ” ဟု လပွတ္တာသို့ ရောက်လာသော ကျေးရွာသားတဦးက ရှင်းပြသည်။
ကူညီရေး လုပ်ငန်း လုပ်ကိုင်နေသော အဖွဲ့အစည်းများတွင်လည်း အခက်အခဲများ ရှိနေသည်ဟု ဆိုသည်။
“ရေသယ်ဖို့ မော်တော်ရေယာဉ်ကြီးတွေ လိုတယ်။ ရေခပ်ရတဲ့ နေရာနဲ့ ရေသွားဝေရတဲ့ ကျေးရွာတွေက တအား ဝေးတော့ ရေလိုတဲ့ ရွာတွေဆီ အချိန်မှန် ရေဝေဖို့ တအား ခက်ခဲပါတယ်။ ဥပမာ ရေချိုခပ်လို့ရတဲ့ ဘီတွတ်ကျေးရွာနဲ့ ရေသွားဝေရတဲ့ လပွတ္တာ အောက်ပိုင်း ကျေးရွာတွေက အတော့်ကို ဝေးပါတယ်။ ဒီတော့ ဒီရွာတွေကို သောက်ရေဝေဖို့ ဆိုရင် ဘီတွတ်မှာ ရေခပ်ပြီးတော့ နာရီပေါင်း မြောက်မြားစွာ မော်တော် မောင်းပြီးမှ ရေဝေရတဲ့ ကျေးရွာ ရောက်တာ ဆိုတော့ တခါရေဝေဖို့ အချိန် အများကြီး ယူရသလို ပုံမှန် ရေဝေနိုင်ဖို့ ဆိုတာလည်း ခက်ခဲပါတယ်” ဟု နိုင်ငံတကာ အဖွဲ့အစည်းကြီးတခုမှ မြန်မာဝန်ထမ်းတဦးက သုံးသပ်ပြသည်။
ပြင်သစ်အခြေစိုက် ACTED အဖွဲ့သည် လပွတ္တာရှိ ကျေးရွာပေါင်း ၈၈ ရွာကို ရေပေးဝေလျက်ရှိသည်။ ထိုအဖွဲ့တွင် ရေဂါလန် ရာဂဏန်းကျော် သယ်ဆောင်နိုင်သည့် မော်တော်ရေယာဉ် ၁၅ စီးသာ ရှိသည်ဟု သိရသည်။
လုပ်ငန်းများ နှောင့်နှေးရသည့် အကြောင်းတခုမှာ အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်ထံ တင်ပြပြီး ခွင့်ပြုမိန့် တောင်းခံရခြင်းပင်ဖြစ်သည်ဟု ဆိုသည်။
“အခက်အခဲတွေ အများကြီးပါ။ ဥပမာ အဖွဲ့အစည်း တခုခုက ရေသွားဝေမယ် ဆိုရင် ဘယ်ရွာကို ရေသွားဝေချင်လို့ပါ ဆိုပြီး မြို့နယ် မယက၊ စစ်ဒေသနဲ့ တခြား အဖွဲ့အစည်းတွေဆီ တင်ပြရတယ်။ လုပ်ဆောင်ချက်တိုင်းကို တင်ပြရတယ်” ဟု နိုင်ငံတကာ အဖွဲ့အစည်းတခုမှ အမည် မဖော်လိုသော မြန်မာ အမျိုးသမီး ဝန်ထမ်းတဦးက ရှင်းပြသည်။
“အမှန်က အစိုးရ အာဏာပိုင်ရယ်၊ အဖွဲ့အစည်းတွေရယ် ပူးပေါင်းပြီး အစွမ်းကုန် လုပ်မှ ဒေသခံတွေ အတွက် အဆင်ပြေမှာပါ”ဟု အဆိုပါ ဝန်ထမ်းက ပြောပြသည်။
ပြီးခဲ့သည့်နှစ် မေလက မြန်မာနိုင်ငံအောက်ပိုင်းတွင် တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း သိန်းနှင့်ချီ သေဆုံးခဲ့ရသည်။ ဧရာဝတီတိုင်းသည် အဆိုးရွားဆုံး ပျက်စီး ဆုံးရှုံးခဲ့သည့် ဒေသဖြစ်သည်။
မုန်တိုင်းသင့် လပွတ္တာမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၅ဝ၊ ကျေးရွာပေါင်း ၅ဝဝ နီးပါး ရှိသည်။ ထိုဒေသတွင် သောက်သုံးရေ ပေးဝေသည့် လုပ်ငန်းကို ကုလသမဂ္ဂ အေဂျင်စီများ၊ Save the Children, Merlin, ADRA, ACTED နှင့် အကူအညီပေးရေး အဖွဲ့အစည်း တချို့က လုပ်ကိုင်လျက်ရှိသည်။
အောင်သက်ဝိုင်း
REF: ဧရာဝတီ
အတိုက်အခံနှင့် ပြန်လည်သင့်မြတ်ပြီး အနောက်နိုင်ငံများနှင့်ဆက်ဆံပါ
ဝန်ကြီးချုပ် သိန်းစိန်သည် အင်ဒိုနီးရှားမှအပြန် စင်ကာပူသို့ (၂) ရက်ကြာ အလည်အပတ်ခရီး ရောက်ရှိနေခြင်း ဖြစ်သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေး မြှင့်တင်ရန်နှင့် နိုင်ငံတကာ အသိုင်းအ၀န်းနှင့် လက်တွဲလုပ်ကိုင်ရန် မြန်မာစစ် အစိုးရ ဗိုလ်ချုပ်ကြီးများ ရဲရင့်သည့်ခြေလှမ်းများ လှမ်းရန်လိုပြီဟု စင်ကာပူအစိုးရက တိုက်တွန်းလိုက်သည်။
စင်ကာပူနိုင်ငံ ရောက်ရှိနေသည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အား ညစာဖြင့် တည်ခင်းဧည့်ခံရာတွင် အတိုက်အခံနှင့် သင့်မြတ်အောင်လုပ်ပြီး အနောက်နိုင်ငံများနှင့် ဆက်ဆံရန် စင်ကာပူဝန်ကြီးချုပ် လီဆန်လောင်းက ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
“အမေရိကန်အစိုးရသစ်က နောက်လာမယ့် (၄) နှစ်သက်တမ်းအတွက် နိုင်ငံခြားရေးပေါ်လစီ မဟာဗျူဟာတွေ ဦးစားပေးရမယ့် ကိစ္စတွေကို ပြင်ဆင်နေပြီး ကမ္ဘာ့အခြေအနေကို ပြန်သုံးသပ်နေတာနဲ့အတူ ကမ္ဘာ့အခင်းအကျင်း တွေ ပြောင်းနေပါပြီ။ ဥရောပကလည်း သူတို့နိုင်ငံခြားရေးပေါ်လစီကို ပြန်သုံးသပ်နေသလို စီးပွားကပ်ဒဏ်သင့်နေ တဲ့ နိုင်ငံတွေကလည်း ကမ္ဘာပေါ်ရှိ အခြားဒေသတွေက နိုင်ငံတွေနဲ့ ဘယ်လို ထိထိရောက်ရောက် ဆက်ဆံရမလဲ ရှာဖွေနေချိန်မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ဆက်ဆံဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှေးရှုတဲ့ ရဲရင့်တဲ့ ခြေလှမ်းတွေ လှမ်းဖို့လိုတဲ့အတွက် ဒီအခြေအနေအခွင့်ကောင်းတွေကို မြန်မာစစ်အစိုးရ ဆုပ်ကိုင်ထားဖို့ မျှော်လင့်ပါတယ်” ဟု လီဆန်လောင်းက ပြောသည်။
မြန်မာစစ်အစိုးရနှင့် အမေရိကန်-ဥရောပ ဆက်ဆံရေး ပြန်လည်ရှင်သန်ရေးအတွက် စင်ကာပူအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီသွားမည်ဟုလည်း စင်ကာပူဝန်ကြီးချုပ် လီဆန်လောင်းက ဗိုလ်ချုပ်ကြီးသိန်းစိန်အား ပြောသည်။
အမေရိကန်က အာဆီယံအား မြန်မာနိုင်ငံတွင် နိုင်ငံရေးပြောင်းလဲရန် ဖိအားပေးစေလိုသော်လည်း မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုကို စင်ကာပူက ဆန့်ကျင်သည်။ သို့သော် စင်ကာပူသည် မြန်မာဗိုလ်ချုပ်ကြီးများ၏ လျှို့ဝှက် ဘဏ်စာရင်းများ လက်ခံထားသည့် အိမ်ရှင်နိုင်ငံဖြစ်သည်ဟု ရိုက်တာသတင်းက စွပ်စွဲသည်။
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အား ဂုဏ်ပြုသည့်အနေဖြင့် စင်ကာပူ ရုက္ခဗေဒဥယျာဉ်တွင် သစ်ခွကင်ပွန်းတပ်ပွဲ ကျင်းပရာ စင်ကာပူနိုင်ငံသား (၃) ဦးက ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အား ဒေါ်အောင်ဆန်းစုကြည်အတွက် ပန်းစည်းတစည်း လက်ဆောင်ပေးရန် ကြိုးစားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး တောင်းဆိုခဲ့သည်။
သစ်ခွပန်းအား အမျိုးသားပန်းမြတ်အဖြစ် စင်ကာပူနိုင်ငံ၌ အထွတ်အမြတ်ထားသည်။ သစ်ခွကင်ပွန်းတပ်ပွဲ ဆိုသည်မှာ စင်ကာပူသို့ အလည်အပတ် လာရောက်သည့် နိုင်ငံတကာမှ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များအား ဂုဏ်ပြုသည့် အနေဖြင့် သစ်ခွအမည်နောက်တွင် အဆိုပါ ပုဂ္ဂိုလ်များအမည်ကို တပ်ပေးခြင်းဖြစ်သည်။
၂၀၀၄ ခုနှစ်က နာမည်ကျော် အိန္ဒိယ ရုပ်ရှင်မင်းသား အမီတာဘာချမ်း စင်ကာပူရောက်စဉ် ၎င်းအား ဂုဏ်ပြုသည့် အနေဖြင့် Dendrobium သစ်ခွမျိုးစပ်ပန်းကို ကင်ပွန်းတပ်ပွဲလုပ်ရာ ထိုပန်းအမည်မှာ Dendrobium အမီတာဘာချမ်း ဖြစ်သွားသည်။
မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အတွက် ဂုဏ်ပြုသည့် သစ်ခွပန်း မျိုးစိတ်အမည်ကို အတိအကျ မသိရသေးသော်လည်း Dendrobium သာဆိုလျှင် ထိုပန်းအမည်မှာ (Dendrobium) ဒင်ဒရိုဘီယံ သိန်းစိန် ဖြစ်သွားမည်ဟု သစ်ခွကင်ပွန်းတပ်ပွဲ စိတ်ဝင်စားသူတဦးက ရှင်းပြသည်။
REF: ခေတ်ပြိုင်
၂ဝ၁ဝ ရွေးကောက်ပွဲက ဖန်တီးနိုင်တဲ့ အပြောင်းအလဲတခု - ရဲဘော်ဖိုးသံချောင်း
၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရပြီးမှ စစ်အစိုးရက အသိအမှတ်ပြုတာ ငြင်းပယ်ခြင်းခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကိစ္စကို စကားထဲတောင် ထည့်အပြောမခံပါဘူး။ ပြည်ပရောက် အင်အားစုတွေထဲမှာ တချို့က ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးလို့ ကြေညာနေကြသလို တချို့ကတော့လည်း “နှစ်ခါခေါ်မှ” ဆိုတာမျိုး ညိုမြလုပ်နေကြပါတယ်။ ပြည်တွင်းမှာလည်း နအဖက အသံလေးပေး လိုက်တာနဲ့ ချို(ဂျို) ကြွနေကြ သူတွေဟာ ရွေးကောက်ပွဲဝင်ရေးစီမံကိန်းတွေကို ပြောင်ကြေညာလုပ်ကိုင်နေကြပါပြီ။ တချို့ကတော့လည်း ရွေးကောက်ပွဲဥပဒေ ထွက်မလာသေးလို့ဆိုပြီး လည်ပင်းကိုးတောင်ကျော် မျှော်တော်ယောင် လုပ်နေကြပါတယ်။ ဒါ့အပြင် ပြည်တွင်းရောပြည်ပမှာပါ နအဖကတောင် မောင်မောင်မခေါ်သေးဘူး ‘ဗျာ’ ထူးပြီးနေပြီ ဆိုတဲ့လူမျိုးတွေလည်း မနည်းဘူး တွေ့နေရပါတယ်။
ပြောရရင် ဒီမျှော်တော်ယောင်လုပ်နေသူတွေအဖို့တော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဘာမှပြဿနာမရှိပါဘူး။ သူတို့အဖို့ သူတို့လိုချင်တဲ့ အမတ်နေရာလေး တခုနှစ်ခုကိစ္စပဲ အရေးကြီးပါတယ်။ တပြည်လုံး ဘာဖြစ်သွားမလဲ ဆိုတာ အရေးမကြီးပါဘူး။ တချို့ကဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်မပါတဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် တွေဟာ နအဖဘက်ရဲ့ အမတ်လောင်းနဲ့ ယှဉ်ပြိုင် အရွေးခံသူ ဘယ်သူ့ကိုမဆို မဲပေးမှာပဲ။ ဒါကြောင့် နိုင်ဖို့ အလားအလာ အများကြီးရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် တွက်ကြဟန်တူပါတယ်။ ဒါကြောင့် သူတို့တတွေက တက်ကြွနေကြတာပါ။ ဒါပေမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံကို အခြေခံကျကျ ဆန့်ကျင်သူတွေကျတော့ နအဖရဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တကယ့်ပြဿနာကြီး ဖြစ်နေပါတယ်။
စစ်ဗိုလ်ချုပ်တွေက သေနတ်ပြပြီး မဲထည့်ခိုင်းထားတဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိဒါန်းကနေ နောက်ဆုံး အခန်း (၁၅) အထိ ပြဿနာတွေ ဒင်းကြမ်းပဲဖြစ်ပါတယ်။ နိဒါန်းတခုလုံးရဲ့ အနှစ်သာရဟာ သူတို့ရဲ့ “အမျိုးသားညီလာခံ” ဆိုတာကြီးက ချမှတ်တဲ့ အခြေခံမူတွေ၊ အသေးစိတ်မူတွေကို အတင်းလက်ခံခိုင်းပြီး “ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ” ရလဒ်ကို အတည်ပြုပေးပါတယ်လို့ အတင်းလက်ခံ သဘောတူခိုင်းတာပဲဖြစ်ပါတယ်။ တနည်းပြောရရင် သူတို့ကြိုက်တဲ့ လူတွေနဲ့ ကြိုက်သလိုလုပ်ခဲ့ကြတဲ့ “အမျိုးသားညီလာခံ” ဆိုတာကြီးကိုပါ အသိအမှတ်ပြုခိုင်းတာ ဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၁၄) မှာကျတော့ နဝတ-နအဖ အာဏာရစစ်ဗိုလ်ချုပ်တွေက မာရှယ်လော ခေတ်မှာ တတိုင်းပြည်လုံး ဗြောင်းဆန်အောင် သူတို့လုပ်ချင်တိုင်း လုပ်ခဲ့သမျှကို သင်ပုန်းချေ၊ လွတ်ငြိမ်းခွင့် ပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ထုတ်ပြန်ခဲ့တဲ့ ဥပဒေအမိန့်တွေကိုလည်း ဆက်လက်အတည်ပြု လက်ခံသွားရမယ်လို့ တောင်းဆိုထားပါတယ်။ ဒါက ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ထိပ်နဲ့ဘိတ်ကိုသာ အလွယ်မြင်သာအောင် ထောက်ပြထားတာဖြစ်ပါတယ်။ တကယ်ကျတော့ ဒီဥပဒေတခုလုံး၊ တအုပ်လုံး၊ အခန်းတိုင်းကို သေချာကြည့်လိုက်ရင် ဗမာပြည်မှာ စစ်အာဏာရှင်စနစ် တည်မြဲနေရေးအတွက် ရေးထားတာ ချည့်ဖြစ်ပါတယ်။ ဒါကြောင့် ဒီဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ဘယ်လိုသဘောထားတယ်၊ ကြည့်မြင်တယ်ဆိုတာဟာ ဒီနေ့ နိုင်ငံရေးမှာ အင်မတန် အဓိကကျတဲ့ စံတခုဖြစ်နေပါတယ်။ ဒီတကွေ့မှာ ဒီဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ထောက်ခံတယ် (နအဖ အုပ်ချုပ်မှုအောက်မှာ နေရလို့ ပြောင်မဆန့်ကျင်နိုင်သူတွေကို မဆိုလိုပါ)၊ မထောက်ခံဘူးဆိုတာဟာ ရပ်တည်ချက် ပြဿနာဖြစ်နေပါတယ်။ မူဆိုင်ရာပြဿနာလည်း ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ရေရှည်ကမ္ဘာတည်အောင် စီမံထားမှန်း ဒါလောက်သိသာနေပါလျက်နဲ့ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ထောက်ခံတယ်ဆိုတာဟာ သာမာန်သဘောထား ပြဿနာ မဟုတ်ပါဘူး။ နအဖနဲ့ တွေ့ဆုံစကားပြောရေးကို တောင်းဆိုနေကြ တဲ့အချိန်မှာ မတွေ့ဆုံ၊ စကားမပြောရဘဲ သူတို့ချပြတဲ့ အချက်တွေကိုပဲ တချိုးတည်း လက်ခံလိုက်တာမျိုးဖြစ်နေတော့ ဒါဟာ ဘယ်အဓိပ္ပာယ်သက်ရောက်သလဲ စဉ်းစားစရာဖြစ်ပါတယ်။ တဖက်ကပစ်ပေးတာကို အလုံးလိုက် အခဲလိုက် မျိုချသလိုဖြစ်နေတာကို အားမနာတမ်းပြောရရင် ဒါဟာ ၁၉၈၈ ခုနှစ်အရေးတော်ပုံနဲ့ လက်ရှိပြည်သူ့အရေးတော်ပုံ တို့ကို သစ္စာဖောက်ရာကျပါတယ်။ ထောင်ထဲရောက်ဖူးသူတွေ အနေနဲ့ဆိုရင် “ပေးတာယူ၊ ကျွေးတာစား၊ စကား မများနဲ့”ဆိုတဲ့ အင်မတန်နားခါးစရာ ကောင်းတဲ့ ဆူငေါက်သံတွေကို ပြန်သတိရကြမှာပါ။ နောက်တွေ့နေရတာတခုက ဒီရွေးကောက်ပွဲအကြောင်းကိုပဲပြောပြီး လူတွေကို ဒီကိစ္စထဲမှာပဲနစ်နေ၊ အာရုံမျောနေ အောင်လုပ်တာပါပဲ။ အဓိကလုပ်ရမယ့် နအဖဆန့်ကျင်ရေးကွန်ရက်တည်ဆောက်ရေး၊ တက်ကြွသူဖော်ထုတ်ရေး၊ ကွန်ရက်တွေချိတ်ဆက်ရေး စတဲ့လုပ်ငန်းတွေကို ဘေးချပြီး ဒီရွေးကောက်ပွဲကိစ္စကိုပဲ ရေးကြီးခွန်းကျယ်၊ တကယ့်နိုင်ငံရေးလုပ်ငန်းကြီးလို ဖြစ်အောင် တမင်လုပ်နေသူတွေ ရှိနေပါတယ်။ သူတို့ဟာ နအဖက ခိုင်းလို့များ လုပ်နေတာလားလို့တောင် စဉ်းစားစရာဖြစ်ပါတယ်။ တချို့ကဆိုရင် ဒါဟာ နောက်ဆုံးရထား မမီလိုက်မရှိစေနဲ့လို့ လက်ယပ်ခေါ်လို့များတောင် နေပါတယ်။ အခုအချိန်အထိ နအဖစစ်အစိုးရက ရွေးကောက်ပွဲဥပဒေ၊ ပါတီထူထောင်ခွင့်ဥပဒေ စတာတွေနဲ့ ပတ်သက်လို့ ဘာမှမပြောသေးတာဟာ သူတို့စစ်တပ်ထဲက ဘယ်သူတွေကို ဘာတာဝန်ယူခိုင်းရမယ်၊ ဘာပါတီနာမည်ခံခိုင်းရမယ်၊ ဘယ်ဒေသမှာ အမတ်ဝင်ရွေးခိုင်းရမယ်၊ ဘာဝန်ကြီးလုပ်ရမယ် စတဲ့ နေရာချထားမှုတွေ မပြီးပြတ်သေးလို့သာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ တပ်တွင်းရော၊ တပ်ပြင်ပါ အများကြီး ကုလားဖန်ထိုးရအုန်းမှာဖြစ်ပါတယ်။ ဒီတခါ ကျင်းပမယ့် လေးလပတ်အစည်းအဝေးမှာတောင်မှ ပြတ်ပါ့မလား မသိပါဘူး။ ဒါမျိုးဟာ အဝေမတည့်ရင်တသက်လုံး မပြေနိုင်တဲ့ရန်ညှိုးဖြစ်သွားနိုင်တယ်၊ ဂိုဏ်းဂဏကြီးတွေ ဖြစ်သွားနိုင်တယ်ဆိုတာ အာဏာရှင်စစ်ဗိုလ်ချုပ်တွေ အသိဆုံးပဲဖြစ်ပါတယ်။ နအဖစစ်အစိုးရဟာ ဒီရွေးကောက်ပွဲကို လာရောက်စစ်ဆေးနိုင်ပါတယ်လို့ “အင်မတန်သဘောထားကြီးစွာ” ပြောနေတာ၊ ပြည်တွင်းပြည်ပရှိ ဗမာနိုင်ငံသားတွေ၊ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေအပါကို ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းနေတာ စတာတွေကို ထောက်ရင် ဒင်းတို့တတွေ ဒီရွေးကောက်ပွဲအပေါ်မှာ မျှော်လင့်ချက် အများကြီး ထားတယ်ဆိုတာကို တွေ့နိုင်ပါမယ်။ သူတို့အနေနဲ့ ဒီရွေးကောက်ပွဲကို ဖြတ်သန်းလိုက်တာနဲ့ သူတို့ရဲ့စစ်အာဏာရှင် အစိုးရဟာ နတ်ရေကန်ထဲခုန်ချလိုက်သလို နိုင်ငံတကာအသိုင်းအဝိုင်းထဲမှာ ဝင်ဆံ့တဲ့ အရပ်သားအစိုးရတရပ် ဖြစ်သွားမယ်လို့ ယူဆနေပါတယ်။ ဒါ့အပြင် သူတို့လူတွေသာ နေရာများများအနိုင်ရလိုက်လို့ကတော့ ဗိုလ်သန်းရွှေ တို့တတွေက “သားရွှေအိုး ထမ်းလာတာတွေ့ရတယ်” လို့ ယူဆသွားမှာပါ။ အတိုက်အခံတွေထဲမှာ ဒီရွေးကောက်ပွဲအကြောင်းပြပြီး ကတ္တီပါလမ်းခွဲဖြစ်သွားတာ၊ ကျောခိုင်းကြတာ၊ ဒါမှမဟုတ် မိတ်ဆွေအဖြစ်ကနေ ရန်သူဖြစ်သွားတာမျိုးတောင် ဖြစ်လာနိုင်ပါတယ်။ တချို့လက်နက်ကိုင် အင်အားစုတွေထဲမှာ တောင်မှ ဒါမျိုးတွေကို မကြာမကြာတွေ့နေရပါတယ်။ တကယ်တော့ ရဲဘော်ရဲဘက်ချင်း၊ မိတ်ဆွေချင်း၊ ဘယ်သူမှ အဲဒီလိုမဖြစ်ချင်ကြပါဘူး။ ဒါပေမယ့် ဒီသမိုင်းတကွေ့ဟာ ဗမာပြည်နိုင်ငံရေးမှာ ထူးခြားတဲ့အကွေ့ကြီးတခု မဟုတ်ပါလား။
ဒီတော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်မယ်တကဲကဲလုပ်နေသူတွေ အနေနဲ့ အစာကိုပဲငမ်းပြီး အရမ်းတိုးဝင်ရင် ထောင်ချောက်ထဲ ရောက်သွားလိမ့်မယ်ဆိုတာ သတိပြုသင့်ပါတယ်။ တဘဝလုံးလုပ်ခဲ့ သမျှ ဒီတလှမ်း၊ ဒီတကွက်နဲ့ ပျက်စီးသွားနိုင်ပါတယ်။ ကိုယ်သေပြီး တဲ့နောက်တောင်မှ အမည်းကွက်ကြီးအဖြစ်ကျန်ရစ်ခဲ့မှာပါ။ ဘယ်လိုမှဖျက်မရနိုင်ပါဘူး။ တချို့ အကြိမ်ကြိမ်လက်နက်ချနေသူ တွေကိုကြည့်ပြီး လက်နက်ချတာများ ခက်တာမှတ်လို့ ဆိုတာမျိုး မလုပ်သင့်ပါဘူး။ အင်မတန်အစဉ်အလာကြီးပါတယ်ဆိုတဲ့ လူတွေ လက်နက်တခါ ချလိုက်တာနဲ့ ဘဝတခုလုံး လုပ်ခဲ့တာတွေအပါ မြောင်းထဲရောက်သွားတာကို မမေ့သင့်ပါဘူး။
ရဲဘော်ဖိုးသံချောင်း
REF: ခေတ်ပြိုင်
ဗိုလ်သိန်းစိန်ရဲ့အင်ဒိုနီးရှားခရီးနဲ့ စဉ်းစားစရာများ - ရဲဘော်ဖိုးသံချောင်း
မတ်လ(၁၇) ရက်၊ ၂၀၀၉
ဗိုလ်သိန်းစိန် အင်ဒိုနီးရှားကို ဆိုင်းမဆင့်ဗုံမဆင့်သွားတာကို သတိပြု မိပါသလား။
အချိန်အခါ၊ အဖြစ်အပျက် တိုက်ဆိုင်မှုတွေကိုရော ဆက်စပ်စဉ်းစား မိပါသလား။
စဉ်းစားစရာတွေများပါတယ်။ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။
အခုသွားတာဟာ အမေရိကန်သမ္မတအိုဘားမားက အင်ဒိုနီးရှားသမ္မတ ဆူဆလိုဘမ်ဘမ်း ယူဒိုယူနို နဲ့ ဗမာပြည်ကိစ္စကို တယ်လီဖုန်းနဲ့ ပြောကြပြီးချိန်မှာ ဗိုလ်သိန်းစိန်က ကောက်ကာငင်ကာ သွားလိုက်တာ ဖြစ်နေလို့ စဉ်းစားစရာကောင်းလှတယ်လို့ ပြောရတာဖြစ်ပါတယ်။
ဒီတော့ စဉ်းစားကြည့်ပါမယ်။ ဝါရှင်တန်အနေနဲ့ ဗမာပြည်ကစစ်အုပ်စုကို ချဉ်းကပ်ဖို့အတွက် ဂျကာတာကို ရွေးချယ်တာလည်း အင်မတန်မှ သဘာဝကျပါတယ်။ တကယ်က ဗမာပြည်က စစ်အုပ်စုရဲ့ ဘိုးအေကြီးတွေဖြစ်တဲ့ ဗိုလ်နေဝင်းတို့ ဗိုလ်မောင်မောင် တို့အဖို့ အင်ဒိုနီးရှားဟာ ရှေ့ဆောင်းလမ်းပြဖြစ်နေခဲ့တာပါ။ စစ်ဗိုလ်တမတ်သားစနစ်အပါအဝင် သူတို့တတွေ အင်ဒိုနီးရှားကို အတုခိုးခဲ့ကြတာတွေဟာ လက်ချိုးရေလို့မကုန်ပါဘူး။ အဲဒီနိုင်ငံမှာက အခုနောက်ပိုင်းမှာတောင် ဗိုလ်ချုပ်တွေ အရပ်ဝတ်နဲ့ အာဏာရတာတွေရှိနေတယ် မဟုတ်ပါလား။ သေချာတာကတော့ ဝါရှင်တန်ဟာ သူတို့ပြောနေတဲ့ အမာနဲ့ အပျော့ပေါင်းစပ်တဲ့ သံတမန်နည်းလမ်း (Smart Power) ကို ဗမာပြည်ဆိုင်ရာ သံခင်းတမန်ခင်းမှာ ချသုံးတာပါပဲ။ မကြာမီမှာ ဗမာပြည်ရှိနေတဲ့ အင်ဒိုနီးရှားသံရုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုတွေ့ဆုံတာ ဒါမှမဟုတ် ဝါရှင်တန်မှာ နအဖရဲ့သံရုံးကို အဆက်အသွယ်ပြုတာတွေ တွေ့ချင်တွေ့လာရနိုင်ပါတယ်။ ဒါက အာဏာရထားသူတွေချင်း လုပ်ကြတာပါ။ အတိုက်အခံအင်အားစုတွေအနေနဲ့ ကတော့ သမ္မတအိုဘားမားရဲ့ အပြောင်းအလဲဆိုတာကို မျှော်ကိုး လုပ်ကိုင်နေကြလို့ မဖြစ်တာ သေချာပါတယ်။ အိမ်ဖြူတော်က အပြောင်းအလဲလုပ်မှာကို တကယ်မျှော်ကိုးနေသူဟာ နအဖစစ်အစိုးရပဲ ဖြစ်ပါတယ်။ အထက်မှာပြောခဲ့တာတွေဟာ မှန်းကြည့်တာတွေပါ။ ကြက်ဥအရောင်၊ တိမ်တောင်သဖွယ် မင်းရေးကျယ်လေတော့ ဒီလိုမှ ကြိုမတွက်ကြရင် ကိုယ်ကလက်ဦးမှု မဲ့နေမှာစိုးရပါတယ်။
ဝါရှင်တန်ဟာ အရှေ့တောင်အာရှ အထူးသဖြင့် အာဆီယံနိုင်ငံတွေရဲ့ကိစ္စများ ဆောင်ရွက်ရာမှာ ဂျကာတာကို စခန်းထောက်တခုလို ရွေးချယ်ခဲ့တာကို တော်တော်စောစောကတည်းကပဲ သတိထားမိပါတယ်။ သူတို့နှစ်နိုင်ငံ အကြား နီးကပ်စွာဆက်သွယ်မှုတွေဟာ ဆူဟာတိုလက်ထက်ကတည်းက တည်ဆောက်ခဲ့တာမဟုတ်လား။ ၂ဝဝ၇ ခုနှစ်တုန်းကလည်း အဲဒီတုန်းက သမ္မတ ဖြစ်နေတဲ့ ဂျော့ခ်ျဒဗလျူဘုရှ်ဟာ ဗမာပြည်ကိစ္စမှာ တရုတ်နဲ့ အိန္ဒိယတို့ ပါဝင်စေလိုကြောင်း ဂျကာတာကတဆင့် ပြောခဲ့ပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအလယ်လောက်တုန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ ပထမဆုံး အာရှတိုက်ခရီးစဉ်မှာလည်း သူက ဂျကာတာကို ရောက်တုန်းမှာ ဗမာပြည်နဲ့ပတ်သက်ပြီး ဝါရှင်တန်အနေနဲ့ သူတို့လက်ရှိကျင့်သုံးနေတဲ့ ဗမာပြည်အပေါ် ပိတ်ဆို့ရေး ပေါ်လစီတွေကို ပြန်သုံးသပ်မယ်လို့ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ထဲမှာပဲ သူက ကျမတို့ဟာ ဂျကာတာနဲ့ နီးကပ်စွာ ဆက်စပ်လုပ်ကိုင်သွားမယ်၊ ဗမာပြည်ဆိုင်ရာကိစ္စတွေကို တိုင်ပင်ညှိနှိုင်းသွားမယ်လို့ ပြောခဲ့တာတွေကိုလည်း ပြန်ဆက်စပ်တွေးကြည့်သင့်ပါတယ်။ ဒါတွေက ဖော်ပြနေတာဟာ ဂျကာတာက ထွက်လာတဲ့ ဗမာပြည်နဲ့ ပတ်သက်တဲ့ စကားတွေဟာ ဝါရှင်တန်ရဲ့အသံတွေဖြစ်တယ်ဆိုတာပါပဲ။ မတ်လ (၁၃) ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန် ထားတဲ့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ သမ္မတအိုဘားမားနဲ့ သမ္မတယူဒိုယူနိုတို့ တယ်လီဖုန်းပြောကြရာမှာ ဗမာပြည်ကိစ္စလည်း ပါဝင်တယ်လို့ အတိအလင်း ဆိုထားတယ်မဟုတ်ပါလား။
တကယ်ကျတော့ အင်ဒိုနီးရှားနဲ့ ဗမာပြည်အကြားမှာ လောလောဆယ်အားဖြင့် နှစ်ဦးချင်းဖြေရှင်းရမယ့် ပြဿနာ ဘာမှမရှိပါဘူး။ အရင်ကလည်းမရှိခဲ့ပါဘူး။ သူ့အနေနဲ့ ရိုဟင်ဂျာကိစ္စလိုဟာမျိုးကို အကြောင်းပြပါမယ်၊ ရိုဟင်ဂျာကိစ္စ လက်ရှိအခြေအနေလောက်နဲ့တော့ ဝန်ကြီးချုပ်တဦး ဒီလိုခရီးဝေးမထွက်ပါဘူး။ တခြားဖုံးကွယ်ထားတဲ့ အကြောင်းရင်းတွေလည်း မုချရှိပါမယ်။ နအဖစစ်အစိုးရက ၂ဝ၁ဝ ရွေးကောက်ပွဲကို ပြင်ဆင်နေချိန်၊ ရွေးကောက်ပွဲ ဥပဒေ ကြေညာရတော့မယ့်ကာလမှာ စစ်အာဏာရှင်စနစ်ကနေ တဖြစ်လဲလာတဲ့ အင်ဒိုနီးရှားကို သွားတာဖြစ် ပါတယ်။ ဒါ့အပြင် သူသွားတဲ့အချိန်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ရွေးကောက်ပွဲရာသီ စတင်တဲ့အချိန်လည်း ဖြစ်နေပါ တယ်။
နအဖစစ်ဗိုလ်ချုပ်တွေ ဘယ်လိုပဲပြောနေနေ၊ အမှန်ပြောရရင် နအဖစစ်အစိုးရဟာ ဟိုအရင်ကာလတွေကတည်းက အမေရိကန်နဲ့ အင်မတန်မှကို ပြေလည်နေချင်တာပါ။ သူ့ဘက်က တဖက်သတ်ပိုးသလို တမန်တွေအမျိုးမျိုးလွှတ်ပြီး ကြိုးစားခဲ့တယ်ဆိုတာလည်း အားလုံးအသိပါပဲ။ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ဖျက်သိမ်းပေးစေချင်ကြောင်း အခွင့်အခါကြုံတိုင်း နည်းသဏ္ဌာန် မျိုးစုံနဲ့ဖော်ပြနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ တိုက်တိုက်၊ တခြား အတိုက်အခံတွေကိုပဲ ဆဲဆဲ ဒီကိစ္စကို ပြောဖြစ်အောင် ပြောတယ်ဆိုတာကို သတိပြုမိကြမှာပါ။
ဒီတော့ ဖြစ်နိုင်တာက ဗိုလ်သိန်းစိန်ဟာ သူတို့စစ်အစိုးရရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲအစီအစဉ်ကို သွားရှင်းပြတာ ဖြစ်ပါလိမ့်မယ်။ ဒါဟာလည်း အင်ဒိုသမ္မတ ယူဒိုယူနိုကို ရှင်းပြတယ်ဆိုတာထက် သူကတဆင့်အိမ်ဖြူတော်ကို ရှင်းပြတာဖြစ်ပါတယ်။ ဒီအခါမှာ ယူဒိုယူနိုကလည်း သူတို့ရဲ့သဘောထား (အမှန်က အိမ်ဖြူတော်ရဲ့သဘောထား) ကို ဗိုလ်သိန်းစိန်သိအောင် ရှင်းပြပါလိမ့်မယ်။ တပါတည်းမှာ ကျွဲကူးရေပါ သူတို့နိုင်ငံရဲ့ ရွေးကောက်ပွဲ အတွေ့အကြုံတွေ ကိုလည်း ဆက်စပ်ပြောပြမှာ သေချာပါတယ်။ သူတို့ နိုင်ငံမှာ အာဏာရှင်ဆူဟာတိုကို ဖြုတ်ချပြီးတဲ့ နောက် ကျင်းပတဲ့ ပထမဆုံးရွေးကောက်ပွဲမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်လို့ ပြောရမလိုဖြစ်တဲ့ ဆူကာနိုရဲ့သမီး မီဂါဝတီကို ဝင်အရွေးခံခွင့်ပြုခဲ့တာကိုလည်း သူတို့က ထောက်ပြကောင်း ထောက်ပြပါလိမ့်မယ်။ ဗိုလ်သိန်းစိန်ကတော့ နအဖ အနေနဲ့ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်နိုင်တဲ့အကြောင်းကို ထုံးစံအတိုင်း ကြံဖန်အကြောင်းပြပြီး ရှင်းပြမှာ သေချာပါတယ်။ တဆက်တည်းမှာ အမေရိကန်ကသာ ပိတ်ဆို့မှုတွေ ကို ဖျက်သိမ်းရင် သူတို့ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့အသင့်ပဲဆိုတာမျိုးလည်း သူတို့ ပြောနေကျအတိုင်း ပြောနိုင်ပါတယ်။ တကယ်လို့များ ဗိုလ်သိန်းစိန် အင်ဒိုနီးရှားက ပြန်လာပြီးတဲ့အခါမှာ ၂ဝ၁ဝ ရွေးကောက်ပွဲဥပဒေ ပေါ်ထွက်လာရင် တိုက်ဆိုင်မှုလို့ မပြောသင့်ပါဘူး။
နအဖတကယ်တမ်းစားပွဲဝိုင်းမှာ စကားပြောချင်တာဟာ အိမ်ဖြူတော်ကပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ပြည်တွင်းက လူတွေကိုတော့ သူတို့က စာရင်းထဲမထည့်ပါဘူး။ သူတို့အနေနဲ့ ဝါရှင်တန်နဲ့သာပြေလည်ရင် ဘာမဆိုလုပ်လို့ရပြီ၊ လက်ခမောင်း ခတ်လို့ရပြီလို့ တွက်ထားတာဖြစ်ပါတယ်။
၂ဝ၁ဝ ရွေးကောက်ပွဲဟာ ဗမာပြည်ရဲ့ ၂၁ ရာစုနိုင်ငံရေးမှာ အရေးပါတဲ့ အကွေ့အချိုးတခုဖြစ်လာနိုင်တယ်ဆိုတာ ဒီလိုအချက်တွေကြောင့် ပြောနေတာဖြစ်ပါတယ်။ နအဖအနေနဲ့ သူ့အခက်အခဲတွေအားလုံး၊ သူ့အတွက် အဆီးအတားတွေအားလုံးကို ဖြေရှင်းရတော့မှာပါ။ ဒီအထဲမှာ နိုင်ငံတကာနယ်ပယ်နဲ့ သံတမာန်ရေးရာလည်း ပါဝင်ပါတယ်။
ရဲဘော်ဖိုးသံချောင်း
REF: ခေတ်ပြိုင်
အာဏာခွဲဝေမှု သဘောတူမှသာ ဒဏ်ခတ် ပိတ်ဆို့မှုကို ရုပ်သိမ်းသင့်သည် - ရဲနည်
Tuesday, 17 March 2009
အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့က စီးပွားရေး ဒဏ်ခတ်အရေးယူမှုများ ဆက်လက် တောင်းဆိုနေသည့်အပေါ် မကြာသေးမီက ဝေဖန်ချက် အများအပြား ထွက်ပေါ်လာခဲ့သည်။ နိုင်ငံ၏စီးပွားရေးကို အင်အားချိနဲ့စေရန် စနစ်တကျစီစဉ် ဆောင်ရွက်နေကြောင်း သူတို့က စွပ်စွဲခဲ့သည်။
သီအိုရီ သဘောတရားအရ ပြောရမည်ဆိုလျှင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံခြား အကူအညီများကို ကန့်သတ်ခြင်းဖြင့် နိုင်ငံအဆင့် မက္ကရိုစီးပွားရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်လာစေပြီး၊ ပို၍ ဆိုးရွားသည့် အခြေအနေသို့ပင် ဆိုက်စေနိုင်ပါ သည်။ သို့သော်လည်း မေးစရာရှိသည့် မေးခွန်းမှာ အကယ်၍ အနောက်နိုင်ငံများမှ စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုများ ဖယ်ရှားလိုက်လျှင် မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာမည်လောဟူသည့် မေးခွန်းပင်။ နိုင်ငံ၏ စီးပွားရေးကို လက်ဝါးကြီးအုပ် ချယ်လှယ်နေသည့်အချိန်၌ အုပ်ချုပ်နေကြသည့် စစ်ဗိုလ်ချုပ်များက သူတို့၏ မိတ် ဆွေများ၊ မိသားစုဝင်များ၊ ဆွေမျိုးများကို အခွင့်ထူးခံစားစေ၍ ကောင်းကျိုးပြုနေကြသည်။ စစ်အစိုးရ ထိပ်သီးခေါင်းဆောင် များနှင့် နီးစပ်သည့် အချို့သောကုမ္ပဏီများကို အထူး သွင်းကုန်ပါမစ်များ ချပေးခြင်း၊ အခွင့်ထူးခံအဖြစ် ငွေထုတ်ချေးပေး ခြင်းများ ပြုနေကြသည်။ စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းသင့်ပါသည်။ သို့သော်လည်း မြန်မာစစ်အစိုးရက ပထမဦးစွာ ဒီမိုကရေစီ ခေါင်းဆောင်များနှင့် အာဏာခွဲဝေကျင့်သုံးရေးကို သဘောတူရန် လိုအပ်ပါသည်။
ဒဏ်ခတ်ပိတ်ဆို့မှု ဆန့်ကျင်နေကြသူ အုပ်စုများအပါအ၀င် မြန်မာပြည်အရေး လေ့လာနေကြသူများ မလွဲမသွေ သဘောတူညီ နိုင်သည့် အချက်မှာ မြန်မာပြည်သူများ ခံစားနေကြရသည့် ဒုက္ခများသည် ဆယ်စုနှစ်များစွာ လွဲချော်သော စီးပွားရေးစီမံ ခန့်ခွဲမှုများနှင့် အုပ်ချုပ်သူများ၏ အမြော်အမြင်မရှိသော လုပ်ရပ်များကြောင့် ဆိုသည့် အချက်ပင် ဖြစ်ပါ သည်။
စစ်အစိုးရ၏ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ နံပါတ် ၂ ခေါင်းဆောင် ဒု-ဗိုလ် ချုပ်မှူးကြီးမောင်အေးနှင့် ထိပ်သီးလူတစုကသာ စီးပွားရေး မူဝါဒများကို ချမှတ်ဆုံးဖြတ်နေကြခြင်း ဖြစ်သည်။ ထိုသူများက စီးပွားရေးရာကိစ္စများ တွင် အထူးအာဏာရှိနေကြသူများ ဖြစ်ပါသည်။ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များမှာ များသောအားဖြင့် မဟာဗျူဟာ တွက်ချက်မှု၊ စစ်ရေး အကြောင်းအချက်များနှင့် ဆက်စပ်ပတ်သက်နေလေ့ရှိပြီး၊ အစိုးရယန္တယားများက ကြိုက်သည်ဖြစ် စေ၊ မကြိုက်သည်ဖြစ်စေ လိုက်၍ အကောင်အထည်ဖော်ကြရပါသည်။
အထူးအခွင့်ရေး ခံစားစေသည်ဟု ဆိုရာ၌ အထူးသက်သာစေသည့် အကောက်ခွန်နှုန်းထားများဖြင့် ကောက်ခံခြင်း၊ သွင်း ကုန်ခွန်များ လျှော့ပေါ့ပေးခြင်းမျိုးတို့ ဖြစ်ပါသည်။ သဘာဝ အရင်းအမြစ်များကို အထူးအခွင့်အရေးပေး၍ ထုတ်စေခြင်း၊ အချို့သော ကုန်သွယ်မှု၊ စက်မှု လက်မှုလုပ်ငန်းများ၌ လက်ဝါးကြီးအုပ်ခွင့်များ ပေးခြင်း၊ လိုင်စင်နှင့် ပါမစ်များ ချပေးရာတွင် မျက်နှာသာပေးခြင်း၊ မြေ အဆောက်အဦနှင့် ရေနံ၊ ဒီဇယ်၊ သဘာဝဓါတ်ငွေ့၊ လောင်စာ၊ လျှပ်စစ်နှင့် ရေ စသည်တို့ကို အစိုးရပံ့ပိုးထားသည့် သက်သာချောင်ချိသည့် စရိတ်ဖြင့် ရစေခြင်း၊ အစိုးရ ကန်ထရိုက်လုပ်ငန်းများ ချပေးရာတွင် ဦးစား ပေးခြင်း စသည့် အခွင့်အရေးများကိုလည်း လူနည်းစုသာ ခံစားနေကြရပါသည်။
မြန်မာစစ်တပ်ကိုယ်၌က စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေပြီး ပြည်ထောင်စု မြန်မာနိုင်ငံ ဦးပိုင်ကုမ္ပဏီ လီမိ တက် (UMEHL) နှင့် မြန်မာနိုင်ငံ စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့မှတဆင့် လုပ်ကိုင်ဆောင်ရွက်နေကြပါသည်။ နိုင်ငံ ရပ်ခြားကုမ္ပဏီများက စစ်တပ်၏ ၎င်းကုမ္ပဏီများနှင့် ဖက်စပ်လုပ်ငန်းများ လုပ်ကိုင်မည်ဆိုပါက လုပ်ငန်းခွင့်ပြုချက်ရရှိရန် ပိုမိုလွယ်ကူသည်ဟုလည်း ဆိုကြသည်။
" မည်သို့ပင် ဖြစ်စေ၊ (စစ်တပ်က ချုပ်ကိုင်ထားသည့်) မြန်မာ့ဦးပိုင်ကုမ္ပဏီ လီမီတက် (UMEHL) နှင့်သော်လည်းကောင်း၊ မြန်မာနိုင်ငံ စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့နှင့် ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းများ အခြေချသည့်တိုင် ပြည်ပမှ လုပ်ငန်း ရှင်များအနေနှင့် အောင်မြင်မည်ဟု အာမခံချက် မရှိပါ" ဟု အမေရိကန် အစိုးရ၏ အစီရင်ခံ စာတခုတွင် ဖော်ပြထားခဲ့သည်။ "ရင်းနှီးမြှုပ်နှံသူများက အစီရင်ခံကြရာတွင် မြန်မာစစ်အစိုးရဖက်မှ ကပ်ပါးကောင်များသဖွယ် ကျိုးကြောင်းမဆီလျော်သည့် တောင်းဆိုမှုများ ပြုကြကြောင်း၊ ပူးတွဲကျခံ ရမည့်စရိတ်များကို ထည့်ဝင်ခြင်း မရှိကြောင်း၊ ရံဖန်ရံခါ ရင်းနှီးမြှုပ်နှံမှုများမှနေ၍ အကျိုးအမြတ်ဖြစ်ထွန်းလာသည့်အခါ နိုင်ငံရပ်ခြား လုပ်ငန်းရှင်များကို အင်အားသုံး ပထုတ်ကြသည်" ဟု ဖော်ပြခဲ့သည်။
ရင်းနှီးမြှုပ်နှံသူအများ မြန်မာနိုင်ငံမှ ပြန်လည်ရုပ်သိမ်းသွားခဲ့ကြခြင်းမှာလည်း အလုပ်မဖြစ်နိုင်သည့် ၀န်းကျင်နှင့် အကျိုး အမြတ် ပြန်လည်ရရှိမှု နည်းခြင်းကြောင့်သာ ဖြစ်ပါသည်။
ယခုအချိန်တွင် မြန်မာစစ်တပ်နှင့် သူတို့နှင့် နီးစပ်သူ လူနည်းစု လုပ်ငန်းရှင်များက အနောက်နိုင်ငံများမှ စီးပွားရေး ဒဏ် ခတ်အရေးယူမှုများကို ရှောင်ရှားနေကြရပြီး၊ တရားမ၀င် စီးပွားရေးလုပ်ငန်းများတွင် သူတို့ ပတ်သက်လုပ်ကိုင်နေကြရပါ သည်။ ပုဂ္ဂလိက ဘဏ်ကွန်ရက်များ၊ မှောင်ခိုကုန်သွယ်မှုများ၊ ကုန်ချင်းဖလှယ်သည့် ကုန်သွယ်ရေးများ၊ စာရင်းအင်း တင်မထားသည့် စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းများ၊ ခြစားမှုများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း စသည့် အခြားသော တရား မ၀င်လုပ်ငန်းများတွင်ပါ ပတ်သက်လုပ်ကိုင်နေကြပါသည်။
အကယ်၍ မြန်မာစစ်ခေါင်းဆောင်များသာ အမြော်အမြင်ရှိပါက ဗီယက်နမ်နှင့် တရုတ်နိုင်ငံများ၏ နမူနာကိုယူ၍ တိုင်းပြည်စီးပွားရေး တိုးတက်လာအောင် စွမ်းဆောင်နိုင်မည် ဖြစ်သည်။ ထိုနိုင်ငံများတွင် စီးပွားရေး၊ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ကြပြီး၊ နိုင်ငံတကာနှင့် ပြန်လည်သင့်မြတ် ဆက်သွယ်နိုင်ခဲ့ကြပါသည်။
တချိန်တည်းမှာပင် စစ်အစိုးရ၏ ထုတ်ပြန်ကြေညာချက် ဖြစ်သည့် "ထိပ်တိုက်ရင်ဆိုင်ခြင်း၊ အလုံးစုံ ပျက်သုဉ်းစေရေး၊ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့ရေးနှင့် အထီးကျန်ဖြစ်စေရေးတို့သည် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးမရှိ ပါကြောင်း"ကို တုံ့ပြန်သောအားဖြင့် "ဖြစ်ပေါ်လာမည့် (နားလည်မှု လွဲမှားမှုများ) ပြဿနာများကို တားဆီးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေသည်၊ ပူးတွဲထုတ်ပြန်ချက် လုပ်လိုပါသည်" ဟု ဒေါ်အောင်ဆန်းစုကြည်က တရားဝင်ဆက်ဆံရေး ကိုယ်စားလှယ် ဦးအောင်ကြည်မှတဆင့် အာဏာပိုင်များထံ သို့ အကြောင်းပြန်ခဲ့သည်။
မြင်ရသလောက် မြန်မာစစ်အစိုးရက လက်ရှိ ၎င်းတို့ချမှတ်ကျင့်သုံးနေသော မူဝါဒများကို ပြုပြင်ပြောင်းလဲရန် မရှိသကဲ့သို့၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကိုလည်း ပြန်လွှတ်ပေးရန် မမြင်မိပါ။ အတိုက်အခံများနှင့် တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးမှာလည်း ဖြစ်နိုင်ခြေ မရှိသေးပါ။
အချုပ်ဆိုရလျှင် မြင်သာသည့် နိုင်ငံရေးတိုးတက်ဖြစ်ပေါ်မှုများ မရှိသေးဘဲနှင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားပေးမှုများ လျှော့ကျလာမည်ဟု မမျှော်လင့်နိုင်သေးပါကြောင်း။ ။
ရဲနည်
REF: ဧရာဝတီ
စရဖ ညွှန်ချုပ်ထံမှ ဖြုတ်သိမ်းထားသည့် လက်နက်များ ပြန်မပေးနိုင်ဟု ၀ တပ်ပြော
အင်္ဂါနေ့၊ 17 မတ်လ 2009
စစ်အစိုးရ စရဖ ညွှန်ချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် လုံခြုံရေးတပ်ဖွဲ့ စစ်ကားတန်း ၀ ဌာနချုပ် ပန်ဆန်းသို့သွားစဉ် လမ်း တ၀က်၌ ကားမှောက်သဖြင့် ပေါ်လာသော ၎င်းတို့လျှို့ဝှက်သယ်ဆောင်သည့် လက်နက်ကြီး/ငယ်အားလုံးကို UWSA လုံခြုံရေး တပ်ဖွဲ့ကဖြုတ်သိမ်းထားခဲ့ရာ နအဖဖက်မှ အကြိမ်ကြိမ်ပြန်တောင်းသော်လည်း ထိုလက်နက်များ တခုမှ မပေးနိုင်ကြောင်း ၀ တပ်ဖွဲ့ပန်ဆန်းဌာနချုပ်မှ ပြတ်သားစွာ ပြောလိုက်သည်ဟု နယ်စပ်သတင်းကဆိုသည်။ ဇန္န၀ါရီ ၁၈ ရက်က နအဖစစ်တပ်၏ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် (ညွှန်ကြားရေးမှူးချုပ်) ဒု ဗိုလ်ချုပ်ကြီးရဲမြင့် နှင့် လုံခြုံရေးတပ်ဖွဲ့ ၄၀ ကျော်၏ စစ်ယာဉ်တန်းမှ ကားတစီး ၀ ဌာနချုပ် ပန်ဆန်းအသွား မိုင်းပေါက် အလွန် ၅ မိုင် လမ်းခုလတ်၌ တိမ်းမှောက်ခဲ့သည်။ ၀ တပ်ဖွဲ့အင်အား ၂၀၀ ခန့် လာရောက် ကူညီပေးရာမှ ထိုလက်နက်များတွေ့ ရှိကာ ဖြုတ်သိမ်းထားလိုက် ခြင်းဖြစ်သည်ဟု ၀ ထိပ်ပိုင်း နှင့် ရင်းနှီးသည့် ထိုကုန်သည်က ဤကဲ့သို့ဆက်ပြောပါသည်။
“ဗိုလ်ချုပ်ရဲမြင့်ဆီက သိမ်းထားတဲ့ လက်နက်အားလုံးပြန်ပေးဖို့ ၁၂/၀၃/၀၉ က လားရှိုး စရဖတပ်မှူး နောက်ဆုံးလာ တောင်းတယ်။ ဒါပေမဲ့ ၀ တပ်ဖွဲ့က ပြတ်ပြတ်သားသားဘဲ။ အဲဒီ လက်နက်မပြောနဲ့ ကားပေါ်ပါလာတဲ့ ဆန်စေ့တစေ့ တောင်ပြန်မပေးနိုင်ဘူး-တဲ့” - ဟု ၀ တပ်ဖွဲ့ နှင့် ရင်းနှီးသည့် ကျိုင်းတုံကုန်သည်တဦးက ဆိုသည်။
“ဗမာစစ်တပ်က ဥာဏ်နီဥာဏ်နက် အကြံအစည်ရှိလို့ အခုလိုဖြစ်တယ်။ ဆန်အိတ်အောက်က လက်နက်ကြီး ၁၂၀ MM မော်တာ ၁ လက် နဲ့ ကျည် အလုံး ၄၀။ ပုခုံးထမ်း RPG ၈ လက် ကျည် ၃၈ ထောင့်။ ရုရှား/အိန္ဒိယထုတ်ဒင်ခေါက် AK ၄၇ လိုလို M ၂၂ လိုလို အော်တို ရိုင်ဖယ်အသစ် ၆၃ လက် ကျည်ဆံထောင်နဲ့ချီ - အများကြီးဘဲ” ဟုဆို၏။
ဝ ပြည်သူများအားဆန်များအခမဲ့သွားဝေငှမည်ဟူသော အကြောင်းပြချက်ဖြင့် ဆန်အိတ် ၃၀၀ တင် တရုတ်လုပ် တုန်းဖှိန်းကား ၅ စီး ပေါ်ဖုံးထားသော လက်နက်ကြီး/ငယ် အများအပြားတွေ့ ရှိရသည့် ဖြစ်ရပ်မှန်ပေါ်လာခြင်းဖြစ်၏။
ဤကဲ့သို့ အခြေအနေတင်းမာမှုအပေါ် စစ်အစိုးရနှင့် ၀တပ်ဖွဲ့တို့ဆက်ဆံမှု အေးခဲလာရာ ၀ တပ်ဖွဲ့ကလည်း ၎င်းတို့ သင်္ကာမကင်းသည့် ၀ ထိန်းချုပ်နယ်မြေ အတွင်းရာချီရှိ ဗမာရွှေ့ပြောင်းအလုပ်သမား အရပ်သားအားလုံးအားလက်ခံ အလုပ်စေခိုင်းခွင့် မပေးတော့ဘဲ ယခု ၁၄ ရက်နောက်ဆုံးထား၍ ၀ ထိန်းချုပ်နယ်မြေမှ ထွက်ခွာပြောင်းရွှေ့ရန်အမိန့် ထုတ်ခဲ့သည်ဟုဆိုသည်။
REF: သျှမ်းသံတော်ဆင့်
ဂျပန်က မြန်မာကို ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေး
မုံပီး
အင်္ဂါနေ့၊ မတ်လ 17 2009 ရွေးကောက်ပွဲကို ဂျပန်က အင်တိုက်အားတိုက် ထောက်ခံနေခြင်းကို တွေးမိသည့်အခါ အလွန်ဝမ်းနည်းရကြောင်း သူမက ဆက်ပြောသည်။
နယူးဒေလီ (မဇ္ဈိမ)။ ။ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်သော မြန်မာက ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန် ဂျပန်အစိုးရက မြန်မာအရာရှိများကို ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများ ပေးနေသည်ဟု သတင်းရပ်ကွက်များက ဆိုသည်။
မြန်မာစစ်အစိုးရ၏ အဆင့် ၇ ဆင့်ပါ ဒီမိုကရေစီသို့ ပြောင်းလဲရေး လမ်းပြမြေပုံကို ထောက်ခံသည့် အစိတ်အပိုင်းအဖြစ် မြန်မာအရာရှိ ၅ ဦးကို ရွေးကောက်ပွဲကျင်းပပုံနှင့် စပ်လျဉ်းသည့် သင်တန်းကို ဂျပန်က ပေးနေခြင်း ဖြစ်သည်။
“ရွေးကောက်ပွဲများကို ဘယ်လိုဘယ်ပုံ ကျင်းပရတယ်ဆိုတာနဲ့ ပတ်သက်တဲ့ သင်တန်းတရပ်ကို မြန်မာစစ်အစိုးရက စေလွှတ်တဲ့ အရာရှိ ၅ ဦးကို ပေးနေတယ်ဆိုတာ ကျမ သိပါတယ်” ဟု မြန်မာ့သတင်းကွန်ယက် (ဂျပန်) (Burma Information Network – Japan) ၏ ဂျပန်လူမျိုး လှုပ်ရှားတက်ကြွသူ ယူကီ အာကီမိုတို (Yuki Akimoto) က မဇ္ဈိမကို ပြောသည်။
၂ဝ၁ဝ ရွေးကောက်ပွဲသည် မြန်မာစစ်အစိုးရ၏ လမ်းပြမြေပုံတွင် အဆင့် ၅ ဖြစ်သည်။
လမ်းပြမြေပုံကို ထောက်ခံသည့်မူဝါဒအား ဂျပန်က တလျှောက်လုံး ကိုင်စွဲလာခဲ့သဖြင့် ယခုလို လျှို့ဝှက်သင်တန်း ပေးနေသည့် သတင်းများ ပေါ်ထွက်လာသည့်အပေါ် မြန်မာ့အရေး အကဲခတ်များကမူ မအံ့သြကြပါ။
လွပ်လပ်မျှတသော ရွေးကောက်ပွဲများ ကျင်းပပေးရန် ဂျပန်က တိုက်တွန်းနေပြီး ထိုသို့ ကျင်းပပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်လာနိုင်ကြောင်း ယုံကြည်လျက်ရှိသည်ဟု အာကီမိုတိုက ပြောသည်။
သို့သော် အာရှတိုက်၏ ခိုင်မာတောင့်တင်းဆုံး ဒီမိုကရေစီ နိုင်ငံကြီးအနေဖြင့် စစ်အစိုးရ၏ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံကို သေချာစွာ အနီးကပ် လေ့လာသင့်ကြောင်းနှင့် အားလုံး ပါဝင်နိုင်သည့် ဖြစ်စဉ်တရပ် ပေါ်ထွန်းလာရေးအတွက် တိုက်တွန်းသင့်ကြောင်း သူမက ပြောဆိုသည်။
၂ဝဝ၇ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်သည့် ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းဖက်နှိမ်နင်းရာ ဂျပန်ဓာတ်ပုံသတင်းထောက် ကင်ဂျီနာဂါအိ (Kenji Nagai) ပစ်ခတ် သေဆုံးခဲ့ရပြီးနောက် မြန်မာပြည်၏ တုန်လှုပ်ခြောက်ခြားဖွယ် လူ့အခွင့်အရေး အခြေအနေကို စိုးရိမ်ပူပန်ကြောင်း ပြောလာရန် ဂျပန်အစိုးရအပေါ် စစ်အစိုးရ၏ အပြုအမူနှင့် စပ်လျဉ်းသည့် ဖိအားအနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။
သို့သော် နာဂါအိ သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်သည့် ဂျပန်၏ စုံစမ်းစစ်ဆေးမှုသည် အချက်အလက် အနည်းငယ်သာ ရရှိဖော်ထုတ်နိုင်ခဲ့ပြီး၊ သတ်ဖြတ်သူများအပေါ် အပြစ်ပေးခြင်းနှင့် ပတ်သက်သည့် တရားဝင် ကြေညာချက် မရရှိဘဲ ပြန်လာခဲ့ရသည်။
သတင်း လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေသော အဖွဲ့များ အပါအဝင် ကမ္ဘာတဝှမ်းလုံးမှ သတင်းစာဆရာများက နာဂါအိအား သတ်ဖြတ်သည့် အဖြစ်မှန်ကို ဖော်ထုတ်ရေးနှင့် ကျူးလွန်သူများအား ထိရောက်စွာ အရေးယူရေးအတွက် မြန်မာအစိုးရအား ဖိအားပေးရန် ဂျပန်အစိုးရကို ဝိုင်းဝန်းတောင်းဆိုခဲ့ကြသည်။
ဤနောက်ခံ အကြောင်းအချက်များကို ဆန့်ကျင်ပြီး ဂျပန်သည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေး မှန်သမျှကို လူသိရှင်ကြား ကြေညာပြောကြားခြင်း မပြုဘဲ ‘ခပ်မဆိတ် သံတမန်ရေး’ (Quiet Diplomacy) ကိုသာ တလျှောက်လုံး ကျင့်သုံးခဲ့သည်ဟု ယခုရက်သတ္တပတ်ကုန်က ဂျပန်နိုင်ငံ နာဂိုယာမြို့တွင် ကျင်းပသော မြန်မာ့အရေး နိုင်ငံတကာကွန်ဖရင့်ကို ဦးဆောင်ကျင်းပသူ ပါမောက္ခ ချိုစိန်ယာမာဟာတာ (Chosein Yamahata) က ပြောသည်။
ဂျပန်သည် မြန်မာနှင့် ဆက်ဆံရေးကို ခပ်မဆိတ်သာနေလိုပြီး အနောက်နိုင်ငံများပုံစံ ပိတ်ဆို့အရေးယူမှုကိုလည်း မကြိုက်၊ ဒေသတွင်းနိုင်ငံများ၏ ချဉ်းကပ်မှုပုံစံဖြစ်သော အပြုသဘောဆက်ဆံရေး မူဝါဒကိုလည်း နှစ်သက်ခြင်း မရှိဟု ပါမောက္ခ ယာမာဟာတာ က ပြောသည်။
မြန်မာနိုင်ငံအကြောင်း သတင်းအချက်အလက်များ အနည်းအကျဉ်းသာ ရရှိခြင်းကလည်း ဂျပန်အစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒ ပြန်လည် သုံးသပ်ရေးအတွက် နားဝင်အောင် ပြောဆိုရာတွင် အခက်အခဲ ဖြစ်နေရခြင်း၏ အကြောင်းအချက် တခုဖြစ်သည်ဟု သူက ဆိုသည်။
“ဒီကွန်ဖရင့်က မြန်မာနိုင်ငံအကြောင်း ဂျပန်ပြည်သူတွေ အကြားမှာရော၊ အစိုးရကရော ပိုမိုနားလည် သိရှိလာစေဖို့ အဓိက မီးမောင်းထိုးပြနိုင်အောင် ကျင်းပတာပါ” ဟု မြန်မာ့အရေး ခွဲခြမ်းစိတ်ဖြာ သုံးသပ်သူများ၊ သံတမန်ဟောင်းများ၊ ပညာရှင်များနှင့် တတ်သိပညာရှင်များ တက်ရောက်ခဲ့သည့် ယခုလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပခဲ့သည့် ကွန်ဖရင့်ကို ရည်ညွှန်းပြောကြားသွားသည်။
ကွန်ဖရင့်သည် ဤသို့သော ကိစ္စရပ်မျိုးအတွက် ပထမဆုံးကျင်းပသော အစည်းအဝေးဖြစ်ပြီး၊ ပွဲစီစဉ် ကျင်းပသူများအနေဖြင့် မြန်မာ့အရေးကို ပိုမိုနားလည် သဘောပေါက်လာစေရန် အလားတူပွဲများကို ဆက်လက် စီစဉ် ကျင်းပသွားမည်ဟု သူက ပြောသည်။
ဂျပန်နိုင်ငံ၏ အခန်းကဏ္ဍ
မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံကို အကူအညီငွေပမာဏ ယန်းငွေ ၃ ဘီလျံ (အမေရိကန်ဒေါ်လာ ခန့်မှန်းခြေ ၁၈ ဒဿဿမ ၂ သန်း) ပေးအပ်ခဲ့သည့် ဂျပန်သည် မြန်မာ၏ အကြီးဆုံး အလှူရှင်နိုင်ငံဖြစ်သည်။ အကူအညီအများစုကို လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး အကူအညီပုံစံဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
နာဂိုယာကွန်ဖရင့်သို့ တက်ရောက်လာသော ဘားမားကင်ပိန်း (ယူကေ) ၏ ညွှန်ကြားရေးမှူး မာ့ခ်ဖားမားနား (Mark Farmaner) က မြန်မာ့အပြောင်းအလဲ ဖြစ်စဉ်တွင် ဂျပန်နိုင်ငံအနေဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်း ပြောသွားသည်။
ဂျပန်နိုင်ငံသည် အာရှတွင် တရုတ်ကို ချိန်ခွင်လျှာညှိနိုင်ပြီး၊ လုံခြုံရေးကောင်စီအဖွဲ့ဝင်လည်းဖြစ်သည့် တခုတည်းသော နိုင်ငံဟု သူက ပြောသည်။
သို့သော် ဂျပန်နိုင်ငံ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒမှာ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံအားပေးရာတွင် တဖြေးဖြေး ယိုယွင်းလာနေသည်ဟု သူက ဆိုသည်။ ဂျပန်သည် စစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲကို ထောက်ခံနေပုံ ရသည်ဟုလည်း ဆိုလိုက်သည်။ အဆိုပါ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် စစ်အစိုးရ၏ အုပ်စိုးမှုကို ခိုင်မာအမြစ်တွယ်အောင်လုပ်မည့် လမ်းပြမြေပုံ၏ အစိတ်အပိုင်းတရပ်လည်းဖြစ်သည်။
ဂျပန်ပြည်သူများအတွင်း၌ အစိုးရအပေါ် ဖိအားပေးနိုင်ရန်အတွက် မြန်မာပြည်အကြောင်း နားလည်သဘောပေါက်မှုက အားနည်းနေသည်ဟု ဖားမားနားက ဆက်ပြောသည်။
ဂျပန်၏ ဝန်လေးနေမှု
မြန်မာပြည်အကြောင်း အဖြစ်မှန်များကို သိရှိနားလည်စေနိုင်သည့် သင့်တော်ကောင်းမွန်သော သတင်းအချက်အလက်များ မရရှိခြင်းကလည်း မြန်မာစစ်အစိုးရကို ဆက်လက်ထောက်ခံပေးနေသည့် အချက်တချက်ဖြစ်ကြောင်း ဖားမားနား က ပြောသည်။
ဂျပန်သတင်းစာများကလည်း မြန်မာနိုင်ငံအကြောင်း ဖော်ပြသတင်းပေးမှု အလွန်နည်းပြီး၊ ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ရရှိရန် ရန်ကုန်ရှိ ဂျပန်သံရုံးကိုသာ အားကိုးနေရသည်ဟု အာကီ မိုတိုက ပြောသည်။
ဂျပန်အစိုးရက မြန်မာအတိုက်အခံများနှင့် ဆက်ဆံရန်ကိုလည်း ဝန်လေးလျက်ရှိပြီး အစိုးရအရာရှိများနှင့်သာ ထိတွေ့ဆက်ဆံလိုသည်။ မြန်မာ့ရေးရာ မူဝါဒကို အဖြစ်မှန်များနှင့် ခပ်ဝေးဝေး ထားလိုသည်ဟုလည်း သူမက ပြောသည်။
“မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းရင်းမြစ်တွေ တိုးချဲ့ဖို့ဟာ ဂျပန်အစိုးရအတွက် အလွန်အရေးကြီးတယ်လို့ ကျနော် ထင်ပါတယ်” ဟု ဖာမားနားက ပြောသည်။
ထို့ပြင် ဂျပန်ပြည်သူများအနေဖြင့်လည်း မြန်မာနိုင်ငံ၏ အခြေအနေများကို လက်လှမ်းမီ သိရှိနေသင့်ပြီး၊ သို့မှသာ အစိုးရ၏ မူဝါဒနှင့်စပ်လျဉ်း၍ ဖိအားများ ပေးနိုင်မည်ဟုလည်း သူက ဆိုသည်။
“အခုအထိတော့ မြန်မာ့အရေးမူဝါဒတွေနဲ့ ပတ်သက်လို့ ဂျပန်ပြည်သူတွေဆီက ဘယ်လိုဖိအားမျိုးမှ ဂျပန်အစိုးရ မရသေးဘူးလို့ ကျနော် ထင်ပါတယ်” ဟု သူက ဆက်ပြောသည်။
ဂျပန်နိုင်ငံတွင် ရောက်ရှိနေစဉ်အတွင်း သူနှင့် အခြားလုပ်ဖော်ကိုင်ဘက် တက်ကြွလှုပ်ရှားသူများသည် မြန်မာနိုင်ငံ အခြေအနေကို ပိုမိုသိရှိနားလည်လာစေရန် ဂျပန်လွှတ်တော်အမတ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အခြား လူထုအခြေပြု အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သူက ပြောသည်။
REF: မဇ္ဈိမ
ဗိုလ်ချုပ်ကြီးသိန်းစိန် စင်္ကာပူရောက်ရှိ
မုံပီး
အင်္ဂါနေ့၊ မတ်လ 17 2009 အသေးစိတ်ကို ပြောကြားရန် အရာရှိက ငြင်းဆန် လိုက်သော်လည်း ဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် ယာယီ သမတ ဂျေ ဝိုင် ပီလေးကိုလည်း တွေ့ဆုံမှာ ဖြစ်သည်။
နယူးဒေလီ (မဇ္ဈိမ)။ ။ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် စင်္ကာပူနိုင်ငံသို့ ယနေ့တွင် အလည်အပတ် ရောက်ရှိနေကြောင်း စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာန အဆိုအရ သိရသည်။
စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာန အရာထမ်းတဦးက ပြောကြားရာတွင် နအဖဝန်ကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှ စင်္ကာပူသို့ အင်္ဂါနေ့က ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။
ထို့အပြင် စင်္ကာပူ၏ သြဇာရှိ ဝါရင့်ဝန်ကြီး ဂိုချုပ်တောင်နှင့်လည်း တွေ့ဆုံမှာ ဖြစ်သည်။
မြန်မာဝန်ကြီးချုပ်သည် ဝန်ကြီး ၅ ဦး၊ ဒုဝန်ကြီး ၂ ဦးနှင့် အခြားသော ဌာနဆိုင်ရာ အရာထမ်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များ လိုက်ပါလျှက် တနင်္ဂနွေနေ့တွင် ခရီးထွက်ခဲ့ရာ အင်ဒိုနီးရှားသို့ ဦးစွာ သွားရောက် လည်ပတ်ခဲ့ပြီး သမတ ဆူဆီလို ဘန်ဘမ်း ယူဒ်ရိုယိုနိုနှင့် တွေ့ဆုံခဲ့သည်။
သတင်းများအဆိုအရ ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် ယူဒ်ရိုယိုနိုတို့သည် နှစ်နိုင်ငံ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ခိုလှုံခွင့် တောင်းခံသော ရိုဟင်ဂျာများ အကြောင်းလည်း ထဲ့သွင်း ဆွေးနွေးသွားခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံသားဆိုသော အထောက်အထား ပြနိုင်လျှင် ရိုဟင်ဂျာများကို ပြန်လည် လက်ခံမည်ဟု မြန်မာဝန်ကြီးချုပ်က ပြောဆိုခဲ့သည်ဟု သတင်းများက ဖော်ပြကြသည်။
အနည်းဆုံး အဖွဲ့ဝင် ၅ဝ ပါဝင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၁၈ ရက်နေ့တွင် ခရီးစဉ် အဆုံးသတ်မှာ ဖြစ်သည်။
REF: မဇ္ဈိမ
ဒေါ်စုလွှတ်ပေးရေး အယူခံထပ်တင်
Tuesday, 17 March 2009
စစ်အစိုးရက နေအိမ်အကျယ်ချုပ် ချထားသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အယူခံလွှာနှင့် ပတ်သက်၍ ပြီးခဲ့သည့် သောကြာနေ့က ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ထံသို့ မေတ္တာရပ်ခံစာ တစောင် ပေးပို့ခဲ့ကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။
“ကျနော်တို့ ၀န်ကြီးချုပ်ကို စာရေးပြီး မေတ္တာ ရပ်ခံထားတယ်၊ စာတင်လိုက်ပြီ၊ ရေးပြီးတော့ ကျနော့် တပည့် တွေနဲ့ တင်လိုက်တာ၊ ၀န်ကြီးချုပ်ကလည်း နိုင်ငံခြားသွားနေတဲ့ အချိန်ဖြစ်နေတယ်၊ မတ်လ ၁၃ ရက်နေ့ က တင်တာ၊ ဒေါ်အောင်ဆန်းစုကြည် အယူခံနဲ့ ပတ်သက်လို့၊ ကြားနာဖို့ပါ”ဟု ဦးကြည်ဝင်းက ဧရာဝတီသို့ ပြောပြ သည်။
ဝန်ကြီးချုပ်ထံသို့ ယခုမေတ္တာရပ်ခံစာ တင်ရခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာတင်ထားသည်မှာ ကြာပြီဖြစ်၍ လုပ်သင့်လုပ်ထိုက်သည့် အလုပ်ကို ပြုလုပ်ခြင်းပင်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“အလားအလာတွေ ဘာတွေတော့ ကျနော်တို့လည်း သိပ်မတွက်တော့ဘူးဗျ၊ ဘာကြောင့်လည်း ဆိုတော့ အဲဒါ တွက်ရတာလည်း မောတယ်၊ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်ကြတာပဲ၊ အယူခံ ကိုယ်က တင်ထားတာက လည်း သောင်မတင် ရေမကျဖြစ်နေတယ်၊ ကျနော်တို့ကထပ်ပြီးတော့ မေတ္တာရပ်ခံတာ၊ အယူခံလွှာကို ဆောင် ရွက်ပေးဖို့”ဟု ဦးကြည်ဝင်းကပြောဆိုသည်။
ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ယနေ့တွင် စင်္ကာပူ နိုင်ငံသို့ ရောက်ရှိနေပြီး ယမန်နေ့က အင်ဒိုနီးရှားနိုင်ငံသို့ သွား ရောက်ခဲ့ကာ ၂ နိုင်ငံ အရေးကိစ္စများကို သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနိုနှင့် ဆွေးနွေးမှုများပြုလုပ်ကြောင်း သိရသည်။
ဦးကြည်ဝင်းက အဆိုပါ အယူခံလွှာနှင့်ပတ်သက်ပြီး ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ အတွင်းတွင် ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ခွင့်တောင်းသည်ကို အစိုးရအဖွဲ့အနေဖြင့် အယူခံလွှာကိစ္စ ဆောင်ရွက်နေပြီဖြစ်သည့်အတွက် တွေ့ရန် မလိုအပ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ငြင်းဆို ထားခဲ့သည်။
ထိုသို့ အာဏာပိုင်များ ဘက်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်မလိုအပ်၍ဟုဆိုကာ ခွင့်မပြုသော်လည်း ရှေ့နေ ကြီး ဦးကြည်ဝင်းကမူ တွေ့ဆုံရန် လိုအပ်သည်ဟု ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုသည့် အခြေခံအချက်၂ ချက်မှာ ပြီးခဲ့သည့် ၂၀၀၈ ခု အောက်တိုဘာ ၉ ရက်နေ့က အယူခံလွှာတင်ခဲ့ပြီဆိုသည်ကို မသိသေးသည့်အတွက် အသိပေးရန်၊ အယူခံလွှာနှင့် ပတ်သက်ပြီး အစိုးရက လျှောက်လွှဲချက်ပေးရန်ခေါ်ဆိုသည့်အချိန်တွင် အသင့်ရေးထားသည့်လျှောက်လွှဲချက်ကို ဒေါ်အောင် ဆန်းစုကြည်နှင့် ဆွေးနွေးရန်ရှိသောကြောင့် ယင်းလျှောက်လွှဲချက်ကို ပြသရန် တို့ဖြစ်သည်ဟု ဦးကြည်ဝင်း က ရှင်းပြသည်။
ထိုအချိန်ကပင် အယူခံကို ဆောင်ရွက်မည့်အစိုးရအဖွဲ့ထံသို့ ဦးကြည်ဝင်းက တိုက်ရိုက် စာရေးတင်ပြရန် အစီ အစဉ်ရှိကြောင်း ဧရာဝတီသို့ ပြောဆိုခဲ့သည်။
အဆိုပါ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နှင့်ပတ်သက်သော အယူခံလွှာကို လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၉ ရက် နေ့တွင် နေပြည်တော်သို့ တင်သွင်း ခဲ့ခြင်းဖြစ်သည်။
အယူခံလွှာတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပုဒ်မ ၁၀(ခ) အရ အရေးယူထားသည်မှာ ဥပဒေ နှင့် ညီမညီ၊ အရေးယူထားသည့်ကာလမှာ ဥပဒေနှင့် ညီမညီ၊ အတူနေ ဒေါ်ခင်ခင်ဝင်း သားအမိ အနေနှင့် တားဆီးမိန့် အကျုံး ၀င် မ၀င်၊ ကျန်းမာရေးနှင့် ပတ်သက်၍ မိသားစု ဆရာဝန်နှင့် ပုံမှန်ဆေးစစ်ခွင့်၊ ရှေ့နေ ဦးကြည်ဝင်း အတွက် လက်ထောက်ရှေ့နေ ထပ်မံငှားရမ်းခြင်း စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။
ကိုစိုး
REF: ဧရာဝတီ
နိုင်ငံရေးသမား ၂၁ဝဝ ကို လွှတ်ရန် ကုလအရာရှိ တောင်းဆို
Tuesday, 17 March 2009
မြန်မာပြည်ရှိ နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော် ရှိသည့်အနက် အများစုမှာ အကျဉ်းနည်းဖြင့် လျှို့ဝှက် စစ်ဆေးခံခဲ့ရခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂ အရာရှိကြီးတဦးက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ ယမန်နေ့က တင်သွင်းသည့် အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာကို ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့ သွားရောက် စုံစမ်း စစ်ဆေးခဲ့သော ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ် စ် အိုဟေး ကင်တာနာက ရေးသားခဲ့ခြင်း ဖြစ်သည်။
အရပ်သားများ လုပ်အားပေးနေရခြင်း၊ ထိုင်းမြန်မာနယ်စပ်တွင် မြေမြှုပ်မိုင်း များစွာ ရှိခြင်းတို့ကိုလည်း အစီရင်ခံစာတွင် တွေ့ရသည်။
ကုလသမဂ္ဂ အရာရှိ၏ အစီရင်ခံစာနောက်ပိုင်းတွင် ဖိအားပေးမှု၊ အရေးယူမှုများ မတွေ့ရပါက အကျိုးရှိမည်မဟုတ်ဟု ထိုင်းနိုင်ငံတွင် အခြေစိုက်ပြီး မြန်မာပြည် လူ့အခွင့်အရေး အခြေအနေများကို စောင့်ကြည့် လေ့လာသူတဦးက ပြောလိုက်သည်။
“လူ့အခွင့်အရေးကောင်စီ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက အရင်ကထက် ပိုတဲ့ အရေးယူ ဆောင်ရွက်မှုတွေ၊ နအဖကို ဖိအားပေးမှုတွေ မလုပ်ဘူးဆိုရင် ဒီ အစီရင်ခံစာက အကျိုးရှိမယ်လို့ ကျနော် မထင်ဘူး” ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးဌာန ညွှန်ကြားရေးမှူး ကိုအောင်မျိုးမင်းက ဧရာဝတီသို့ ပြောပြသည်။
အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်ကို ပြန်လည် သုံးသပ်ရန်လည်း တိုက်တွန်းထားသည်။ ဤသို့သော အကြံပြုချက်မျိုးကို အစီရင်ခံစာတွင် ထည့်သွင်းရေးသားခြင်းကြောင့် ယခင် လူ့အခွင့်အရေး ကိုယ်စားလှယ် ပီညဲရိုးနှင့် မစ္စတာ ကင်တာနာ၏ ချည်းကပ်ပုံများ ကွာခြားသည်ဟု ကိုအောင်မျိုးမင်းက ပြောသည်။
“မစ္စတာ ကင်တာနာက ဥပဒေပိုင်းဆိုင်ရာ ရှေ့နေတယောက် ဖြစ်တယ်။ အဲဒါကြောင့် သူ့ရဲ့ သုံးသပ်ချက်ကို ကြည့်မယ် ဆိုရင် တိုင်းပြည် တပြည်မှာ မတရား ဖမ်းဆီးမှုတွေ၊ မတရား ဖြစ်စေမှုတွေ ရှိနေသမျှ ကာလပတ်လုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ရှိဦးမှာပဲ၊ အဲဒါကို ပြုပြင်ဖို့ လိုအပ်တယ် ဆိုတဲ့ အချက်ကို သူ ထောက်ပြတာကတော့ မစ္စတာ ပီညဲရိုး နဲ့ ကွာပါတယ်” ဟု ကိုအောင်မျိုးမင်းက ဆိုသည်။
အစီရင်ခံစာတွင် နိုင်ငံရေးသမားများဘက်မှ ရှေ့နေလိုက်ပေးသူများကိုယ်တိုင် အကျဉ်းချခံရခြင်း၊ နိုင်ငံရေးအကျဉ်းသား ရာပေါင်း များစွာကို မိသားစုနှင့် လွန်စွာ ဝေးကွာသော ဒေသရှိ ထောင်များသို့ ပို့ဆောင်ခြင်း၊ မကြာသေးခင်က အကျဉ်းသား ၆၃၁၃ ဦး ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည် ဆိုသော်လည်း ထိုအထဲတွင် နိုင်ငံရေးသမား ၂၉ဦးသာ ပါဝင်ခြင်း စသည့် အချက်များကိုလည်း ဖော်ပြထားသည်။
လွတ်ငြိမ်းချမ်းသာခွင့် ပေးမှုကို ကြိုဆိုသင့်သော်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူပေါင်း၂၁ဝဝ မက ဆက်လက် အကျဉ်းကျနေဆဲ ဖြစ်သောကြောင့် တိုးတက်ဖြစ်ထွန်းမှုဟု မမြင်ပါကြောင်း မစ္စတာ ကင်တာနာက အစီရင်ခံချက်တွင် ထည့်သွင်းထားသည်။
စစ်အစိုးရ သံအမတ်ကြီးတဦးကမူ မြန်မာပြည်တွင် ယုံကြည်ချက်ကြောင် အကျဉ်းကျနေသူ မရှိပါဟု ရိုက်တာ သတင်းဌာနသို့ ယနေ့ ပြောကြားလိုက်သည်။
“ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူ မြန်မာပြည်မှာ မရှိပါဘူး။ တကယ်တော့ ဒီအကျဉ်းသားတွေဟာ မြန်မာပြည်ရဲ့ လက်ရှိ ဥပဒေတွေကို ချိုးဖောက်လို့ အကျဉ်းကျနေတဲ့ သူတွေသာ ဖြစ်ပါတယ်” ဟု လူ့အခွင့်အရေး ကောင်စီ အခြေစိုက်ရာ ဆွစ်ဇာလန်ရှိ မြန်မာစစ်အစိုးရ သံအမတ်ကြီး ဦးဝဏ္ဏမောင်ဝင်းက ပြောသည်။
ဇာနည်ဝင်း
REF: ဧရာဝတီ
KNU စစ်ခေါင်းဆောင်များ ထိုင်းဘက်ကမ်း ပြန်ဝင်မရသေး
Tuesday, 17 March 2009
မြန်မာ စစ်အစိုးရနှင့် ထိုင်းနှစ်နိုင်ငံနယ်စပ် ဆွေးနွေးမှုများ ပြုလုပ်လာခဲ့ပြီး နောက်ပိုင်းတွင် နအဖဘက်က ဖိအားပေး တောင်းဆိုမှုကြောင့် ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့တွင် နေထိုင် ရုံးစိုက်နေသော ကရင်အမျိုးသား အစည်းအရုံး (KNU) စစ်ခေါင်းဆောင်များကို ထိုင်းစစ်တပ်က မြန်မာပြည် ဘက်ကမ်းသို့ ပြန်ကြရန် ပိုမိုတောင်းဆိုမှုများ ပြုလုပ်လာကြောင်း ကေအန်ယူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် စောဒေးဗစ်ထောက ပြောသည်။ “နအဖက ကျနော်တို့တွေ ဖုန်းသုံးတာ၊ ဝေါ့ကီတော့ကီနဲ့ အမိန့်လှမ်းပေးတာ၊ ကြေးနန်းသုံးတာအဆုံး အကုန် သိတယ်။ ဘယ်နေရာကနေ ဘယ်ကို လှမ်းအမိန့်ပေးတယ် ဆိုတာပါ သိတဲ့အခါကျတော့ ထိုင်းဘက်က လုံးဝ လိမ်ပေးလို့ မရတော့ဘူး” ဟု သူက ဆက်ပြောသည်။
ထိုသို့ နအဖဘက်က ဖိအားပေးမှုကြောင့် ထိုင်းစစ်တပ်က ထိုင်းဘာသာဖြင့် ရေးထားသော စာတစောင်ကို KNU ခေါင်းဆောင်များထံ ပေးပို့ခဲ့ရာ ၎င်းစာထဲ၌ မဲဆောက်မြို့ရှိ KNU စစ်ခေါင်းဆောင်များ အနေနှင့် မဲဆောက်မြို့ မှနေ၍ ၎င်းတပ်စခန်းများသို့ အမိန့်လှမ်းမပေးကြရန် ပါရှိသည်ဟု ဆိုသည်။
နအဖဘက်မှ ထောက်လှမ်းရေးများသည် မြဝတီ - မဲဆောက် ချစ်ကြည်ရေး တံတားကို ဖြတ်၍ မဲဆောက်မြို့ တွင်း ဥဒဟို ဝင်ထွက် သွားလာနေရာ KNU ခေါင်းဆောင်များ နေထိုင်ရာ အိမ်၊ လမ်း အစရှိသဖြင့် သိ နေကြသည်။
“KNU စစ်ခေါင်းဆောင်တွေကို ဖေဖော်ဝါရီ ၂၅ ရက် နောက်ဆုံးထားပြီး မဲဆောက်က နေ မြန်မာပြည် ဘက်ကမ်း ပြန်ပေးဖို့ တောင်းဆိုထားတယ်။ ရုံးတွေ ဘာတွေကိုတော့ ဘာမှ မပြောဘူး” ဟု စောဒေးဗစ်ထောက ပြောသည်။
ယခုအခါ ကေအန်ယူ စစ်ခေါင်းဆောင်များသည် မြန်မာပြည်ဘက်ကမ်းသို့ ပြန်နေကြရပြီး အစည်းအဝေး ကိုလည်း မြန်မာပြည်ဘက်တွင်ပင် ပြုလုပ် ကျင်းပနေကြရသည်။
ယခုလက်ရှိ အနေအထားအရ KNU စစ်ခေါင်းဆောင်များ အနေနှင့် မဲဆောက်မြို့သို့ လာခွင့် မရှိဘဲ လာလိုပါက ထိုင်းစစ်အာဏာပိုင်တို့ထံ ခွင့်တောင်းရမည်ဟု ကြားသိရသည်။
ဖေဖော်ဝါရီလ အတွင်းက မြန်မာပြည် နယ်စပ် မြဝတီမြို့တွင် လက်နက်ကြီး ကျည် ၄ လုံး ကျရောက် ပေါက်ကွဲခဲ့ရာ မြန်မာ စစ်အစိုးရက KNU လက်ချက်ဟု ကြေညာခဲ့သည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တာနာသည် ကရင်ပြည်နယ် ဘားအံမြို့အကျဉ်းထောင်၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၏ မြိုင်ကြီးငူ ဌာနချုပ်တို့ကို သွားရောက် စစ်ဆေးစဉ် ယင်း ပေါက်ကွဲမှုများ ဖြစ်ပေါ်သည်ဟု စစ်အစိုးရက ဆက် တိုက်ဆိုသလို ကြေညာခဲ့ရာ ထိုင်းအစိုးရဘက်က KNU စစ်ခေါင်းဆောင်များ၏ လုံခြုံရေးအတွက် စိုးရိမ် လျှက်ရှိသည်။
“အဲဒီနောက်ပိုင်း ဖိအား ပိုပေးလာတာပဲ။ မဲဆောက်မှာ နောက်ထပ် ဖဒိုမန်းရှာလို လုပ်ကြံ သတ်ဖြတ်မှု ဖြစ်လာမှာကို ထိုင်းက စိုးရိမ်တယ်။ KNU ခေါင်းဆောင်တယောက် အလုပ်ကြံ ခံရတာပဲ ဖြစ်ဖြစ်၊ နေတဲ့ အိမ်ကို ဗုံးခွဲခံရတာပဲဖြစ်ဖြစ် ဖြစ်လာလို့ ငြင်းမရတဲ့ သတင်းဖြစ်လာရင် မဲဆောက်မှာ KNU ရှိတယ် ဆိုတဲ့ နအဖရဲ့ စွပ်စွဲချက်ကို အတည်ပြုပေးသလိုဖြစ်မှာလည်း ထိုင်းက စိုးရိမ်တယ်” ဟု စောဒေးဗစ်ထောက ပြောသည်။
ယခု လတ်တလော ကာလတွင် မဲဆောက်မြို့တွင်းရှိ မြန်မာအတိုက်အခံ အင်အားစုများ၏ ရုံးတချို့ကိုလည်း ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးမှုများ ရှိသည်ဟု ကြားသိရသည်။
ယခုကဲ့သို့ KNU စစ်ခေါင်းဆောင်များကို ထိုင်းစစ်တပ်က ပိုမို ဖိအားပေးလာသည့် အပေါ် ဝေဖန်သူ များက ရေရှည် အတည်သဘော ဖြစ်သွားမည်ကို စိုးရိမ်နေကြသော်လည်း တချို့ကမူ ယခုကဲ့သို့ ဖိအား ပေးခြင်းမှာ ထိုင်းက နအဖအကြိုက် အဖြစ်သဘော ခဏတာ ဖိအားပေးခြင်းသာဖြစ်သည်ဟု ယူဆနေကြသည်။
KNU စစ်ခေါင်းဆောင်များ မဲဆောက်မြို့မှ တဘက်ကမ်း မြန်မာပြည်ဘက်ခြမ်းသို့ ပြန်ရန် ထိုင်းစစ်တပ်က စာပို့သည်နှင့် တပြိုင်နက်တည်း ဘန်ကောက် အခြေစိုက် ထိုင်းရဲအာဏာပိုင်တို့က KNU ခေါင်းဆောင်များ ကို မြန်မာ စစ်အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရေးလုပ်ရန်၊ ထိုသို့ ဆွေးနွေးရာတွင် DKBA တို့မှတဆင့် ချဉ်းကပ်ရန် ပြောကြောင်း သတင်းရရှိသည်။
စောဒေးဗစ်ထောက “ဒီနေ့ ထိုင်းရဲ့ ပေါ်လစီက အရင်နဲ့ မတူတော့ဘူး။ KNU ခေါင်းဆောင်တွေ အနေနဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေက လုံးဝ ကွာခြားနေပြီဟု” ဆိုသည်။
KNU သည် မြန်မာအစိုးရများကို ၁၉၄၈ ခုနှစ်မှာ စတင်၍ လက်နက်ကိုင် ဆန့်ကျင် တိုက်ခိုက်ခဲ့ရာ ၁၉၉၅ ခုနှစ်တွင် ၎င်းတို့၏ ဗဟိုဌာနချုပ်ဖြစ်သည့် မာနယ်ပလောနယ် ကျဆုံးခဲ့ရသည်။ ထို့နောက်တွင် ၎င်းတို့၏ ဗဟို ဌာနချုပ်ကို ထိုင်း - မြန်မာ နယ်စပ်အနီးသို့ ရွှေ့ပြောင်း အခြေချခဲ့သည်။
ထိုစဉ်ကပင် မြန်မာစစ်အစိုးရ၏ သပ်လျှိုသွေးခွဲမှုကြောင့် ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာ ကွဲပြားပြီး DKBA ပေါ်ပေါက် လာကာ DKBA က စစ်အစိုးရထံတွင် လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခဲ့သော်လည်း KNU ကမူ စစ်အစိုးရကို ဆက်လက်၍ လက်နက်ကိုင် တော်လှန်ဆဲဖြစ်သည်။
ယခု အချိန်ထိလည်း KNU တပ်များသည် မြန်မာစစ်အစိုးရကို ပြောက်ကျားစနစ်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက် ဆဲဖြစ်သည်ဟု စောဒေးဗစ်ထောက ပြောပြသည်။
အေးချမ်းမြေ့
REF: ဧရာဝတီ
စက်မှု (၁) ပုဂ္ဂလိကလက်လွှဲပြောင်းရေးမအောင်မြင်
စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ခံ စားသောက်ကုန်လုပ်ငန်းဌာနကြီး အရှုံးပေါ်ပြီး တွက်ခြေမကိုက်တော့သည့် အတွက် အဆိုပါဌာန ဦးဆောင်ညွှန်ကြားရေးမှူးရာထူးကို စစ်ဗိုလ်မထားတော့ဘဲ အရပ်သားကိုသာ ၀န်ကြီး ဦးအောင်သောင်းက ရာထူးတိုးပေးထားသည်ဟု စုံစမ်းသိရသည်။ ရန်ကုန်စီးကရက် စက်ရုံအမှတ် (၂) လှိုင်မြို့နယ်အား လက်ရှိဝန်ထမ်း (၆ဝဝ) ကျော်နှင့်အတူ ပုဂ္ဂလိကလက် လွှဲပြောင်းရာ ပုဂ္ဂလိကမှ ဝန်ထမ်း (၂ဝဝ) ကျော်သာ လက်ခံသည်ဟု ၀န်ကြီးဦးအောင်သောင်း၏ လက်ထောက် တဦးက ပြောသည်။ ကျန်ဝန်ထမ်း (၂ဝဝ) ကျော်ကို မြန်မာ့စားသောက်ကုန်လုပ်ငန်းလက်အောက်ရှိ စက်ရုံအချို့သို့ အရေးပေါ်ပြောင်းရွှေ့ပြီး ကျန် (၁၇ဝ) ခန့်မှာ အသက်ကြီးဝန်ထမ်းများဖြစ်သည့်အတွက် စက်မှု (၁) ရှိ အခြားစက်မှု လုပ်ငန်းများက လက်မခံလိုသဖြင့် အဆိုပါဝန်ထမ်းများ အလုပ်ပြုတ်လုနီးပါး ဖြစ်နေသည်ဟုလည်း ပြောသည်။
စက်မှု (၁) ဝန်ကြီးဌာနလက်အောက်ရှိ စားသောက်ကုန်လုပ်ငန်းမှ စီးကရက်စက်ရုံ၊ ဘီယာစက်ရုံနှင့် သကြားစက်ရုံ များကို ပုဂ္ဂလိကမှ လွှဲယူတော့မည်ဖြစ်သည်။ လက်ကျန် အခြားစက်ရုံသေးများမှာ စီးပွားရေးအရ တွက်ခြေမကိုက် သည့် စက်ရုံများသာဖြစ်သဖြင့် စားသောက်ကုန်လုပ်ငန်းဌာနကြီး ပြိုလဲလုနီးပါးဖြစ်နေသည်ဟု စက်ရုံမှူးတဦးက ပြောသည်။
စားသောက်ကုန်လုပ်ငန်းဌာနကြီး ယခုကဲ့သို့ ယိမ်းယိုင်နေချိန်တွင် လစ်လပ်သည့် ဦးဆောင်ညွှန်ကြားရေးမှူး ရာထူးအား စစ်ဗိုလ်များကို မပေးတော့ဘဲ အရပ်သား ဓာတုအင်ဂျင်နီယာ ဒေါက်တာ ချိုဝင်းမော်အား ၀န်ကြီး ဦးအောင်သောင်းက ရာထူးတိုးပေးခဲ့သည်။ သဘောမှာ နောင်တက်မည့် အရပ်သားအစိုးရသို့ လွှဲချိန်တွင် အရပ်သား ဒေါက်တာ ချိုဝင်းမော်လက်ထက်ကျမှ စားသောက်ကုန်လုပ်ငန်းဌာနကြီး ပြိုလဲသွားရသည်ဆိုသည့် အဖြစ်မျိုးရောက်ရန် ဦးအောင်သောင်းက ကြံစည်ခြင်းဖြစ်သည်ဟု နေပြည်တော် ၀န်ကြီးဌာနတခုလုံးရှိ အရာထမ်းများ ပြောဆိုနေသည်။
ထိုအတောအတွင်း စက်မှု (၁) အပါအဝင် ၀န်ကြီးဌာနပေါင်းစုံမှ နိုင်ငံစီမံကိန်းများကို ၂ဝ၁ဝ မတိုင်မီပြီးရန်၊ စီမံကိန်း များအနက် အရေးမကြီးသော စီမံကိန်းများအား လာမည့်နှစ် ၂ဝဝ၉-၂ဝ၁ဝ တွင် ငွေလုံးငွေရင်း အသုံးစရိတ်များ (၂ဝ) ရာခိုင်နှုန်းအထိ ဖြတ်နေသည့်ပြင် မလုပ်သင့်တော့သည့် စီမံကိန်းများအား စိစစ်နေသည်ဟု စုံစမ်းသိရသည်။
ဝန်ကြီးဌာနများအပေါ် နအဖက ဖိအားပေးနေချိန်တွင် ၀န်ကြီး ဦးအောင်သောင်းကလည်း အရာရှိများအား ဖိအားပေးနေကြောင်း အရာရှိတဦးက ပြောသည်။
၎င်းက “၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာရေးနှစ်ကုန်ခါနီးတာမို့ စက်မှု (၁) ဝန်ကြီးမှ လုပ်ငန်းများကို လုံးဝလစ်ဟာမှုမရှိစေရန်၊ ကလီကမာမလုပ်ကြရန်၊ ဉာဏ်မများကြရန်၊ သူပြောတာနာခံမှုမရှိရင် အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ခိုင်းတာမလုပ်ချင်ရင် အာဏာရုပ်သိမ်းခံရမယ်။ သူ့အနေနဲ့ By Force မလုပ်ချင်ဘူး။ သူ့ကွယ်ရာမှာ သူရဲကောင်း လုပ်နေ၍မရ။ သတ္တိရှိရှိ၊ အရည်အချင်းရှိရှိ၊ ယုံကြည်ချက်၊ ခံယူချက်နဲ့ ကြိုးစားလုပ်ကိုင်ပါ။ မလုပ်ကိုင်ရင် တစုံတရာ ဖိအားပေးခံရမယ်၊ အဲသလို ခံရရင် ကိုယ်အလုပ်မလုပ်တာ မနာခံတာကြောင့်ဆိုတာ နားလည်ပါ။ အမေမွေးကတည်းက ရာထူးကပ်ပါလာခြင်းမဟုတ်ဘူး၊ ပေါ့ပေါ့လျော့လျော့လုပ်လို့မရ၊ ဇီဇာကြောင်၍မရ၊ သူ့အနေနဲ့ မပြောချင်လို့ မပြောတာကို “အ” တယ်လို့ မထင်ကြနဲ့ ဆိုပြီး အမိန့်တွေ ဆက်တိုက်ထုတ် ဖိအားပေး တာပါပဲ” ဟု ပြောသည်။
ဝန်ကြီးဦးအောင်သောင်း ဆေးကုသမှုခံယူရန်အတွက် လောလောဆယ် စင်ကာပူနိုင်ငံသို့ ရောက်နေသည်ဟု ဦးအောင်သောင်း၏ လက်ထောက်တဦးက ပြောသည်။
REF: ခေတ်ပြိုင်
Tuesday, March 17, 2009
ရွေးကောက်ပွဲဝင်မည့် အင်အားစုများအကြား သဘောထားကွဲလွဲ
ကိုဝိုင်း တနင်္လာနေ့၊ မတ်လ 16 2009 “ပထမ စဖွဲ့တာ မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအင်အားစုများ။ သူ (ကိုအေးလွင်) က ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ အဖွဲ့ရယ်၊ နောက်ပြီး အဖွဲ့ချုပ် (မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်) ရယ်၊ သူက ကိုင်လိုက်တယ်။ ကျနော်တို့က မူလ အားလုံးစုပေါင်းထားတဲ့ အမျိုးသားနိုင်ငံရေး အင်အားစုများဆိုပြီး ဆက်လုပ်တယ်လေ။ သူက ခွဲထွက်သွားတာ” ဟု သူက ဆက်ပြောသည်။
ချင်းမိုင် (မဇ္ဈိမ)။ ။ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရေးအတွက် ပူးတွဲပြင်ဆင်နေသည့် ကိုအေးလွင်နှင့် ဦးအုန်းလွင် ဦးစီးသည့် နိုင်ငံရေးအင်အားစု နှစ်ခုအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း သက်ဆိုင်ရာ အဖွဲ့တာဝန်ရှိသူများ အဆိုအရ သိရသည်။
နိုင်ငံရေး အဖွဲ့အစည်းများ စုပေါင်းကာ တပ်ပေါင်းစု ဖွဲ့ရာတွင် အင်အားစုနှင့် အဖွဲ့ချုပ်ဟူသော အမည်နာမသာမက ရွေးကောက်ပွဲတွင် ကိုယ်ပိုင်ပါတီအင်အားစုဖြင့် ဝင်ရောက်ရေးနှင့် တပ်ပေါင်းစုသဏ္ဍာန်ဖြင့် ဝင်ရောက်ရေး စသည်တို့အပေါ်၌လည်း သဘောထား ကွဲလွဲနေကြခြင်းဖြစ်သည်။
၂၀၀၇ ခုနှစ်အတွင်းက စီးပွားရေးပိတ်ဆို့မှု ဆန့်ကျင်ရေး၊ ဖွဲ့စည်းပုံဥပဒေ ပေါ်ပေါက်ရေးအတွက် ကိုအေးလွင်တို့နှင့်အတူ အမျိုးသား နိုင်ငံရေးအင်အားစုများအဖြစ် လက်တွဲခဲ့သော်လည်း နောက်ပိုင်းတွင် ကိုအေးလွင်က သီးခြားပါတီဖွဲ့ခဲ့သည်ဟု နိုင်ငံရေး ဘောဂဗေဒ လေ့လာရေး မျိုးဆက်သစ် ကျောင်းတော်သားစု အတွင်းရေးမှူး ဦးအုန်းလွင်က ယခုလို စတင် ပြောဆိုသည်။
ယမန်နေ့က ရန်ကုန်မြို့တွင် အမျိုးသားရေး တွေ့ဆုံပွဲကို ဦးအုန်းလွင်က ဦးစီးကျင်းပရာ ဖိတ်ကြားထားသူ တသီးပုဂ္ဂလ အပါအဝင် အဖွဲ့ပေါင်း ၁၈ ဖွဲ့အနက် ကိုအေးလွင်၏ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) က တက်ရောက်ခြင်း မရှိသလို၊ ခေတ်သစ်သိပ္ပံ နိုင်ငံရေးဘောဂဗေဒ လေ့လာရေး မျိုးဆက်သစ် ကျောင်းတော်သားစု အဖွဲ့ကလည်း သဝဏ်လွှာသာ ပေးပို့ခဲ့သည်။
တက်ရောက်သူများက ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အင်အားစုများ အနေဖြင့်သာ ဆက်ရပ်တည်သည်ဟု ဦးအုန်းလွင်က ဆိုသည်။
ကိုအေးလွင် ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) မှ ဒု ဥက္ကဋ္ဌ ကိုရဲထွန်းကမူ အဆိုပါ အမျိုးသားရေး တွေ့ဆုံပွဲသည် ၎င်းတို့နှင့် မသက်ဆိုင်ကြောင်းနှင့် အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် အမည်မှာ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် အများသဘောတူ ဖွဲ့ခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောသည်။
သူက “အမျိုးသား နိုင်ငံရေးအင်အားစုဆိုတာ ကျနော်တို့ လုပ်ခဲ့တာကိုး။ ပထမတော့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံပေါ့ဗျာ)။ အဲဒီကနေ တူရာတူရာ စီးပွားရေးပိတ်ဆို့ ဆန့်ကျင်ရေးမှာ လက်ခံလာတဲ့အဖွဲ့တွေ ကျနော်တို့နဲ့ ပေါင်းလာတယ်ဗျာ။ ပြည်နယ်နဲ့ တိုင်းတွေမှာ အမျိုးသားရေး ရှင်းလင်းပွဲတွေ လုပ်တယ်ဗျာ။ အဲဒီမှာ ပရိသတ်တွေ ရှိတယ်တယ်'' ဟု ဆိုသည်။
သူက ဆက်ပြီး ''သူတို့က အားလုံးပေါင်းတဲ့ အဖွဲ့ဆိုရင် ဝင်ချင်တယ်ဆိုတော့ ကျနော်တို့က ဒါတွေပေါင်းပြီး အဖွဲ့ချုပ် လုပ်မယ်ဆိုပြီး အားလုံးသဘောတူညီချက်နဲ့ အင်အားစုပူးတွဲကော်မတီရဲ့ ဒုတိယ ၃ လပတ် အစည်းအဝေးက ၄/၂၀၀၇ ဆိုပြီးတော့ ဆုံးဖြတ်ချက် ထွက်ခဲ့တယ်လေ။ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ဖြစ်သွားတယ်” ဟု ပြောသည်။
ထို့အပြင် ၎င်းတို့၏ နိုင်ငံရေးအင်အားစုများအတွင်း၌ အဖွဲ့အစည်းပုံစံဖြင့် လုပ်ကိုင်နိုင်ခြင်း မရှိကြသေးဘဲ အများသဘောတူ ဆုံးဖြတ်ချက်များကို လက်ခံရန် ပျက်ကွက်မှုများ ဖြစ်ပေါ်နေကြောင်းလည်း သူက ပြောသည်။
ကိုအေးလွင်တို့အဖွဲ့သည် နယ်များသို့ စည်းရုံးခရီးစဉ်များ လုပ်ဆောင်လေ့ရှိပြီး မကြာမီတွင်လည်း ပြည်နှင့် မော်လမြိုင် ဖက်သို့ ခရီးထွက်ရန် ရှိနေသည်။
ထို့အပြင် နိုင်ငံရေးဂျာနယ်တစောင်ထုတ်ရန် မူအားဖြင့် သဘောတူထားသော်လည်း အယ်ဒီတာအဖွဲ့ကိစ္စ၊ ထုတ်ဝေခွင့်ကိစ္စ တို့ကို စီစဉ်ရဦးမည်ဖြစ်သည်။ ဂျာနယ်အမည်ပေးရန် စဉ်းစားထားရာတွင် “ခွပ်ဒေါင်းရင်ခွင်” ဆိုသည့် အမည်လည်း ပါဝင်ကြောင်း သိရသည်။
REF: မဇ္ဈိမ
ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ကန်ဒေါ်လာ ၃၅ ဘီလီယံတန် မြန်မာရေကာတာ စီမံကိန်းများ ရပ်ရန် တောင်းဆို
ဥဆာ ဖိချိုင်း
တနင်္လာနေ့၊ မတ်လ 16 2009 အဆိုပါကွန်ရက်က ‘မြန်မာပြည် မြစ်ချောင်းများ လွတ်မြောက်ရေး၊ မြန်မာပြည် လွတ်မြောက်ရေးအတွက် အတူတကွ စုပေါင်း တောင်းဆိုကြသည်’ ဟူသော ကြွေးကြော်သံကို ထုတ်ဖော် ကြွေးကြော်ခဲ့ကြသည်။ ထို့ပြင် စီမံကိန်းတည်ရှိရာ ဒေသရှိ ပြည်သူများက အဆိုပါ ရေကာတာ ဆောက်လုပ်ရေး ကိစ္စတွင် ပါဝင်ဆုံးဖြတ်ခွင့်၊ စွမ်းအင် စီမံကိန်းများ ပွင့်လင်း မြင်သာရေး နှင့် ရေကာတာ မဟုတ်သည့် အခြား ပြောင်းလဲ ရွေးချယ်စရာများ ထည့်သွင်း စဉ်းစားနိုင်သည်အထိ အဆိုပါ ရေကာတာ စီမံကိန်းများ တည်ဆောက်ခြင်းကို ရပ်ဆိုင်းထားပါရန်လည်း ဤကြေငြာချက်တွင် တောင်းဆိုထားသည်။
ချင်းမိုင်။ ။ ဒေသခံပြည်သူများကို ထိခိုက်စေပြီး စစ်အစိုးရအတွက် ဘဏ္ဍာရေး အထောက်အပံ့ ရစေသည့် ရေကာတာ တည်ဆောက်ရေး စီမံကိန်းများကို ရပ်ဆိုင်းကြပါရန် ကမ္ဘာတလွှားရှိ လှုပ်ရှားတက်ကြွသူများက မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများကို စနေနေ့က တောင်းဆို လိုက်ကြပါသည်။
နိုင်ငံတကာ မြစ်ချောင်းများအတွက် အရေးယူ ဆောင်ရွက်ရေးနေ့ အဖြစ် စနေနေ့က ကျင်းပသော ဆန္ဒပြပွဲများတွင် လှုပ်ရှား တက်ကြွသူများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီတို့က ထိုသို့ တောင်းဆိုလိုက်ကြခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေကြသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်း အများအပြားနှင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ မြစ်ချောင်းများကွန်ရက် (Burma Rivers Network) က စနေနေ့က ထုတ်ပြန်သော ကြေငြာချက်တွင် ရေကာတာများ တည်ဆောက်ခြင်းဖြင့် မြန်မာနိုင်ငံ ဒေသခံပြည်သူများ အပေါ် ကျရောက်လာမည့် သက်ရောက်မှုများကို နားလည် သဘောပေါက်ကြပါရန် အဆိုပါ ရေကာတာ တည်ဆောက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေသူများ ဖြစ်သည့် အိမ်နီးချင်းနိုင်ငံများ၊ ရေကာတာ တည်ဆောက်ရေး ကုမ္ပဏီများ၊ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများကို တောင်းဆိုလိုက်ကြပါသည်။
မြန်မာ စစ်အစိုးရသည် မကြာသေးခင် နှစ်များက ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့နှင့် အနည်းဆုံး ရေကာတာ ၅ ခုတည် ဆောက်မည့် သံလွင်မြစ် အပါအဝင် မြန်မာနိုင်ငံ မြစ်ချောင်းများပေါ်တွင် ရေကာတာများ တည်ဆောက်ရန် သဘောတူ စာချုပ်များကို လက်မှတ် ရေးထိုးခဲ့သည်။
အဆိုပါ သဘောတူစာချုပ်များအရ ရေကာတာ တည်ဆောက်ခြင်း လုပ်ငန်းများကို ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့က ဆောင်ရွက်မည်ဖြစ်ပြီး၊ မြန်မာအစိုးရဘက်က လုပ်ငန်းခွင် လုံခြုံရေးအတွက် တာဝန်ယူကာ ထွက်ရှိလာသော လျှပ်စစ် ဓါတ်အားများကို စီမံကိန်း ပြီးဆုံးပါက အဆိုပါနိုင်ငံများသို့ ရောင်းချရမည် ဖြစ်သည်။
ထိုးအစိုးရကမူ မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံများနှင့် လုပ်ကိုင်မည့် စွမ်းအင် စီမံကိန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများမှာ ‘အနာဂါတ် စွမ်းအင် လုံခြုံမှုအတွက်’ ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ရေကာတာများမှ စုစုပေါင်း လျှပ်စစ်စွမ်းအင် ၃၅ဝဝဝ မဂ္ဂါဝပ် ထွက်ရှိမည်ဖြစ်ပြီး တန်ဘိုးအားဖြင့် အမေရိကန် ဒေါ်လာ ၃၅ သန်း ကုန်ကျမည် ဖြစ်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်း ပြောဆိုကြသည်။
“အဆိုပါ ရင်းနှီးမြှုပ်နှံမှုမှ ရရှိလာမည့် ဝင်ငွေနှင့် လျှပ်စစ် ဓါတ်အား ရောင်းချမှုမှ မြန်မာ စစ်အစိုးရသည် ငွေအများအပြား ရရှိမည်ဖြစ်သည်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅ဝ ကျော် ပြည်တွင်းစစ် ဖြစ်အပြီးမှာ ဒီလို ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုလဲမရှိ၊ တာဝန်ခံမှုလဲ မရှိခဲ့ပါ။ ဤစီမံကိန်းများမှ ရရှိသော ဝင်ငွေသည် စစ်အစိုးရကို အထောက်အပံ့ ဖြစ်စေ၍ သူတို့၏ အာဏာကို ပိုမို ခိုင်မာစေလိမ့်မည် ဖြစ်သည်” ဟု ကြေငြာချက်က ဆိုသည်။
ချင်းမိုင်အခြေစိုက် သံလွင်မြစ် စောင့်ကြည့်ရေးအဖွဲ့မှ စိုင်းစိုင်းက မဇ္ဈိမကို ပြောကြားရာတွင် မြန်မာစစ်အစိုးရသည် လတ်တလော၌ အဆိုပါ စီမံကိန်း အများအပြားကို ဆက်လက် အကောင်အထည် ဖော်နေသည်ဟု ဆိုသည်။
“စစ်အစိုးရရဲ့ လက်တွဲ လုပ်ဆောင်ဖက် ကုမ္ပဏီက တိုင်းတာရေး လုပ်ငန်းတွေ ဆက်လုပ်နေပါတယ်။ ဒါကြောင့် စီမံကိန်း နယ်မြေမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ၊ အတင်းအကြပ် ရွှေ့ပြောင်းမှုတွေ ဖြစ်ပေါ်လာနေပါတယ်” ဟု သူကပြောသည်။
ဤစီမံကိန်း နယ်မြေများရှိ ပြည်သူ တစုံတဦးကိုမျှ ဤရေကာတာ ဆောက်လုပ်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ လာရောက်တိုင်ပင် ညှိနှိုင်းခြင်း မရှိသေးဟုလည်း အဆိုပါ ကွန်ရက်အဖွဲ့က မှတ်ချက်ချ ပြောကြားပါသည်။
“ရေကာတာများ အားလုံးသည် နိုင်ငံတကာက အသိအမှတ်ပြုထားသော ဇီဝမျိုးစုံမှုကို ခြိမ်းခြောက်နေပြီး၊ ဤရေကာတာ စီမံကိန်းတခုမျှ ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ လေ့လာ အကဲဖြတ်ခြင်း လုပ်ငန်းများ မလုပ်ရသေး” ဟုလည်း အဆိုပါ အဖွဲ့က ဆိုသည်။
ရှမ်းပြည်နယ် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဝဲကြီးဒေသတွင် ဇီဝမျိုးစုံမှု (biodiversity) ကို လေ့လာချက်အရ ရေကာတာ တည်ဆောက်ခြင်းဖြင့် အပင် ၁၉၄ မျိုးနှင့် မျိုးတုံး ပျောက်ကွယ်တော့မည့် တိရိစ္ဆာန် မျိုးစိတ်ပေါင်း ၄၂ မျိုး အပါအဝင် ရှားပါးမျိုးစိတ်ပေါင်း ၂ဝဝ ကို အန္တရာယ် ကျရောက်စေလိမ့်မည် ဖြစ်သည်။
အဆိုပါ နိုင်ငံတကာ မြစ်ချောင်းများနေ့ အထိမ်းအမှတ် ကျင်းပခြင်း၏ အစိတ်အပိုင်း တရပ်အနေဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တိုင်းရင်းသား ကချင်လူမျိုးများကလည်း ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော် (မန်မော်)၊ မန် ဂျယ် (မန်စီ)၊ ရွှေဂူ နှင့် တရုပ်မြန်မာနယ်စပ် လိုင်ဇာ တို့အပြင် ရန်ကုန်မြို့ တို့၌ ဆုတောင်းပွဲများ ကျင်းပ ခဲ့ကြသည်။
အလားတူ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြန်မာ တက်ကြွလှုပ်ရှားသူများနှင့် သူတို့ကို ထောက်ခံသူများကလည်း မြန်မာ နိုင်ငံအနောက်မြောက် ချင်းတွင်းမြစ်ပေါ်တွင် တည်ဆောက်မည့် ထမံသီ ရေကာတာ တည်ဆောက်ရေးကို ရပ်ဆိုင်းပါရန် အိန္ဒိယနိုင်ငံကို တောင်းဆိုသည့် ဆန္ဒပြပွဲ တရပ်ကို ကျင်းပခဲ့ကြသည်။
ယခုလောလောဆယ် ထိုင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ ကော်ပိုရေးရှင်းများနှင့် အစိုးရများက ဘဏ္ဍာငွေ ထောက်ပံ့၍ တည်ဆောက်နေသော၊ တည်ဆောက်ရန် ပြင်ဆင်နေသော အကြီးစား ရေကာတာပေါင်း အနည်းဆုံး ၂၁ ခု ရှိသည်။ အဆိုပါ ရေကာတာ အားလုံးမှာ မြန်မာနိုင်ငံ၏ အဓိက မြစ်များဖြစ်သော သံလွင်၊ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနှင့် ယင်းမြစ်များ၏ မြစ်လက်တက်များပေါ်တွင် တည်ရှိသည်။ အဆိုပါ မြစ်ချောင်းများ အားလုံးမှာ ယခုထိ အတားအဆီး မရှိ စီးဆင်းနေသော မြစ်များ ဖြစ်သည်ဟု မှတ်တမ်းတင်ထားခြင်း ခံရသော မြစ်ချောင်းများ ဖြစ်သည်။
REF: မဇ္ဈိမ
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88