Wednesday, 18 March 2009
ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် နာဂစ်မုန်တိုင်းအပြီး ဆားငန်ရေ၊ ရွှံနှင့် နုန်းမြေများ ဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်များ ပျက်စီးနေဆဲဖြစ်၍ ယခု နွေဦးကာလတွင်ပင် သောက်သုံးရေ ရရှိရန် အလွန် ခက်ခဲနေသည်။
သောက်သုံးရေ အလုံအလောက် မရပါက ကျန်းမာရေး ဆိုင်ရာ ပြဿနာများ ပေါ်ပေါက်လာမည်ကိုလည်း ဒေသခံတို့က စိုးရိမ်နေကြသည်။ “ရေငန်ဝင်နေတဲ့ ကန်ထဲက ရေကိုတောင် ခပ်သုံးတာ များတော့ ရေက အောက်ခြေကပ်ပြီး မြေသားအရောင်ပေါ်လို့ နီနေတယ်။ သောက်ရေ အရမ်း လိုတဲ့ အချိန်ကျရင် လပွတ္တာမြို့ တက်ပြီး ရေဝယ်တယ်။ ပြီးတော့ ရွာသားတွေ ပြန်မျှပေးတယ်။ ရွာသားတွေက ရေဝယ်ဖို့တောင် ငွေကြေး မတတ်နိုင်ကြဘူး” ဟု ၎င်းက ပြောဆိုသည်။
ရေအရင်းအမြစ်များ ပျက်စီးပြီး သောက်သုံးရေ မရှိသည့်အခက်အခဲ အလွန် ကြီးမားနေကြောင်း၊ ထိုအခက်အခဲကို ဖြေရှင်းရန် အကူအညီများ အမြန်ဆုံး လိုအပ်နေကြောင်း ဒေသခံအာဏာပိုင်တို့ကလည်း ပြောပြသည်။
“ကျနော်တို့ ကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၂၄ ရွာရှိတယ်။ ဒီကျေးရွာတွေ အားလုံးမှာ အခု သောက်သုံးရေ ပြဿနာ ကြုံနေရပြီ” ဟု ရှော်ချောင်း ကျေးရွာအုပ်စု အာဏာပိုင်တဦးက လပွတ္တာသို့ ရောက်ရှိစဉ် ပြောပြသည်။
လပွတ္တာတွင် ရောက်ရှိနေသော နိုင်ငံတကာ ကူညီရေး အဖွဲ့များက ရေဖြန့်ဝေနေသော်လည်း လုံးဝ လောက်ငခြင်း မရှိကြောင်း မိကျောင်းအိုင် ကျေးရွာမှ ဒေသခံတဦးက ရှင်းပြသည်။
“မိကျောင်းအိုင်မှာ အိမ်ခြေ ၄၈ လုံး နဲ့ လူဦးရေ ရာကျော် ရှိတယ်။ ဖေဖော်ဝါရီလကုန်လောက်က စပြီး အဖွဲ့အစည်းတွေက ရေထောက်ပံ့တယ်။ ရွာထိပ်မှာ ကုလသမဂ္ဂအဖွဲ့က ဖိုက်ဘာရေပုံးကြီးတခု ချပေးထားပြီး အစပိုင်းမှာ ၃ ရက် တခါလောက် အဖွဲ့အစည်းတွေက မော်တော်နဲ့ ရေလာဖြည့်ပေးတယ်။ နောက်တော့ ရက်နှစ်ဆယ်လောက် ကြာတဲ့အထိ ရေလာမဖြည့်ပေးတော့ဘူး။ ရေလာဖြည့်တဲ့ အချိန်တုန်းက လူတဦးကို သုံးရက်စာ တလီတာ ရေဘူး သုံးဘူး ဝေပေးနိုင်ခဲ့တယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။
မိကျောင်းအိုင်ကျေးရွာသို့ ရေချိုလာရောက်ပေးဝေမှု ကြန့်ကြာနေသည့်အတွက် ရွာသားများမှာ ရေငန်ဝင်နေသည့် ကန်အတွင်းမှ ခပ်ယူ သုံးစွဲနေရကြောင်း၊ လပွတ္တာမြို့သို့ တက်ပြီး ရေချိုဝယ်ယူရန်မှာလည်း တရွာလုံးတွင် ရွာသူကြီးပိုင် ပဲ့ထောင် တစီးသာ ရှိကြောင်း မိကျောင်းအိုင် ကျေးရွာ အာဏာပိုင်တဦးက ပြောသည်။
ကုန်းတွင်းပိုင်းကျသည့် ကျေးရွာများမှာ အခြေအနေ ပိုမို ဆိုးရွားလှကြောင်း သိရသည်။
“မြစ်ချောင်းနဲ့ဝေးတဲ့ ကုန်းတွင်းရွာတွေက ရေပြဿနာ ပိုတက်တယ်။ သူတို့က အဖွဲ့အစည်းတွေက လာဝေတဲ့ ရေကိုလည်း မြစ်ချောင်းနဲ့ ဝေးတော့ မရကြဘူး။ တခုခု စီစဉ်ပေးသင့်တယ်” ဟု ထင်းစုကျေးရွာမှ ရွာသားတဦးက ရှင်းပြသည်။ ထင်းစုကျေးရွာသည် အလယ်ရေကျော် ကျေးရွာ အုပ်စုတွင် ပါဝင်သည်။
လပွတ္တာမြို့ နှင့် နီးစပ်သော ကျေးရွာများတွင်လည်း ရေအခက်အခဲ ကြုံတွေ့နေရကြောင်း တွေ့ရသည်။
“လပွတ္တာနဲ့ နီးတယ် ဆိုပေမယ့် ကျမတို့ဆီမှာလည်း ရေအခက်အခဲ ရှိတာပါပဲ။ အဓိက ကြုံရတဲ့ ပြဿနာက သောက်ရေပဲ” ဟု ကညင်ကုန်း ကျေးရွာမှ အိမ်ရှင်မတဦးက ပြောသည်။
အခက်အခဲ ကြုံတွေ့နေရသည့် ကျေးရွာများက လပွတ္တာမြို့သို့ လာရောက်ပြီး သက်ဆိုင်ရာ အာဏာပိုင်များနှင့် အဖွဲ့အစည်းများထံ ရေအခက်အခဲ ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြသည်ဟု သိရသည်။ သို့သော်လည်း စဉ်းစားပေးမည်၊ အထက်သို့ တင်ပြပေးမည် ဟူသော တုန့်ပြန်မှုများသာ ရရှိသည်ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အဖွဲ့ဝင် မိကျောင်းအိုင် ကျေးရွာ အာဏာပိုင်တဦးက ပြောသည်။
“ရေရဖို့ အဖွဲ့အစည်းတွေကိုလည်း တင်ပြတယ်။ သက်ဆိုင်ရာ စစ်အာဏာပိုင်တွေကိုလည်း တင်ပြတယ်။ အကူအညီတွေ ရလိုရငြား စစ်တပ်က ပေးတဲ့ ပြည်သူ့စစ်သင်တန်းလည်း တက်တယ်။ ဒါပေမယ့် ဘာမှ ထူးမလာဘူး” ဟု ၎င်းက ဆိုသည်။
ကျေးရွာများက စက်လှေများဖြင့် လပွတ္တာမြို့ပေါ်တွင် ရေချို လာရောက်ဝယ်ယူကြရာတွင် ရေစည်ပိုင်း တလုံးလျှင် ငွေကျပ် ၁၂ဝဝ နှုန်းဖြင့် ဝယ်ယူနေရသည်ကို တွေ့ရသည်။
“ရေလာဝယ်တယ် ဆိုတာက အကုန်အကျ များတယ်။ ပဲ့ထောင် (စက်လှေ)၊ စက်မောင်းဖို့ ဒီဇယ်ဆီ၊ ရေဝယ်ဖို့ ငွေကြေး၊ ဒါတွေ အားလုံးပြည့်စုံမှ ရေဝယ်လို့ရမှာ” ဟု လပွတ္တာသို့ ရောက်လာသော ကျေးရွာသားတဦးက ရှင်းပြသည်။
ကူညီရေး လုပ်ငန်း လုပ်ကိုင်နေသော အဖွဲ့အစည်းများတွင်လည်း အခက်အခဲများ ရှိနေသည်ဟု ဆိုသည်။
“ရေသယ်ဖို့ မော်တော်ရေယာဉ်ကြီးတွေ လိုတယ်။ ရေခပ်ရတဲ့ နေရာနဲ့ ရေသွားဝေရတဲ့ ကျေးရွာတွေက တအား ဝေးတော့ ရေလိုတဲ့ ရွာတွေဆီ အချိန်မှန် ရေဝေဖို့ တအား ခက်ခဲပါတယ်။ ဥပမာ ရေချိုခပ်လို့ရတဲ့ ဘီတွတ်ကျေးရွာနဲ့ ရေသွားဝေရတဲ့ လပွတ္တာ အောက်ပိုင်း ကျေးရွာတွေက အတော့်ကို ဝေးပါတယ်။ ဒီတော့ ဒီရွာတွေကို သောက်ရေဝေဖို့ ဆိုရင် ဘီတွတ်မှာ ရေခပ်ပြီးတော့ နာရီပေါင်း မြောက်မြားစွာ မော်တော် မောင်းပြီးမှ ရေဝေရတဲ့ ကျေးရွာ ရောက်တာ ဆိုတော့ တခါရေဝေဖို့ အချိန် အများကြီး ယူရသလို ပုံမှန် ရေဝေနိုင်ဖို့ ဆိုတာလည်း ခက်ခဲပါတယ်” ဟု နိုင်ငံတကာ အဖွဲ့အစည်းကြီးတခုမှ မြန်မာဝန်ထမ်းတဦးက သုံးသပ်ပြသည်။
ပြင်သစ်အခြေစိုက် ACTED အဖွဲ့သည် လပွတ္တာရှိ ကျေးရွာပေါင်း ၈၈ ရွာကို ရေပေးဝေလျက်ရှိသည်။ ထိုအဖွဲ့တွင် ရေဂါလန် ရာဂဏန်းကျော် သယ်ဆောင်နိုင်သည့် မော်တော်ရေယာဉ် ၁၅ စီးသာ ရှိသည်ဟု သိရသည်။
လုပ်ငန်းများ နှောင့်နှေးရသည့် အကြောင်းတခုမှာ အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်ထံ တင်ပြပြီး ခွင့်ပြုမိန့် တောင်းခံရခြင်းပင်ဖြစ်သည်ဟု ဆိုသည်။
“အခက်အခဲတွေ အများကြီးပါ။ ဥပမာ အဖွဲ့အစည်း တခုခုက ရေသွားဝေမယ် ဆိုရင် ဘယ်ရွာကို ရေသွားဝေချင်လို့ပါ ဆိုပြီး မြို့နယ် မယက၊ စစ်ဒေသနဲ့ တခြား အဖွဲ့အစည်းတွေဆီ တင်ပြရတယ်။ လုပ်ဆောင်ချက်တိုင်းကို တင်ပြရတယ်” ဟု နိုင်ငံတကာ အဖွဲ့အစည်းတခုမှ အမည် မဖော်လိုသော မြန်မာ အမျိုးသမီး ဝန်ထမ်းတဦးက ရှင်းပြသည်။
“အမှန်က အစိုးရ အာဏာပိုင်ရယ်၊ အဖွဲ့အစည်းတွေရယ် ပူးပေါင်းပြီး အစွမ်းကုန် လုပ်မှ ဒေသခံတွေ အတွက် အဆင်ပြေမှာပါ”ဟု အဆိုပါ ဝန်ထမ်းက ပြောပြသည်။
ပြီးခဲ့သည့်နှစ် မေလက မြန်မာနိုင်ငံအောက်ပိုင်းတွင် တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း သိန်းနှင့်ချီ သေဆုံးခဲ့ရသည်။ ဧရာဝတီတိုင်းသည် အဆိုးရွားဆုံး ပျက်စီး ဆုံးရှုံးခဲ့သည့် ဒေသဖြစ်သည်။
မုန်တိုင်းသင့် လပွတ္တာမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၅ဝ၊ ကျေးရွာပေါင်း ၅ဝဝ နီးပါး ရှိသည်။ ထိုဒေသတွင် သောက်သုံးရေ ပေးဝေသည့် လုပ်ငန်းကို ကုလသမဂ္ဂ အေဂျင်စီများ၊ Save the Children, Merlin, ADRA, ACTED နှင့် အကူအညီပေးရေး အဖွဲ့အစည်း တချို့က လုပ်ကိုင်လျက်ရှိသည်။
အောင်သက်ဝိုင်း
REF: ဧရာဝတီ
0 comments:
Post a Comment