Wednesday, 18 March 2009
မာနယ်ပလောမှ ရရှိလာသည့် သင်ခန်းစာဖြင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်နှင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲ အခြေအနေတို့ကို နှိုင်းယှဉ်သုံးသပ် မိသည်။ မာနယ်ပလော၏ နေ့များကို မှတ်မှတ်ရရ ကျနော်သတိရနေသေးသည်။ မာနယ်ပလောဆိုသည်က ကရင်ပြောက်ကျား ၃,၀၀၀ ခန့် နေထိုင်သည့် တောရွာကြီးဖြစ်သော်လည်း၊ သေနင်္ဂဗျူဟာအရ အချက်အခြာကျသည့် နေရာတွင်ရှိနေသည်။ သံလွင်မြစ်နှင့် သောင်ရင်းမြစ်အကြား သွယ်တန်းတည်ရှိနေသည့် မြေပြင်ဖြစ်ပြီး၊ သဘာဝတောင်တန်းများ ကာရံထား သောကြောင့်လည်း အရောက်အပေါက် ခက်ခဲသည့်နေရာ ဖြစ်သည်။ ထိုစဉ်က စစ်ရေးအတွေ့အကြုံနည်းလှသေးသော (ABSDF) ကျောင်းသားစစ်သားတဦး အနေနှင့် တာဝန်ယူခဲ့ရသည့် ကျနော့်အနေနှင့် မာနယ်ပလောနှင့် ပတ်သက်သည့် ခံစားမှုက ထူးထူးခြားခြားနိုင်လှသည်။ တဖက်တွင် ပြင်းထန်ကြမ်း တမ်း၊ ရက်စက်ကြမ်းကြုတ်လှသည့် စစ်ပွဲများကြုံခဲ့ရသလို၊ သတ္တိပြောင်မြောက်သူများနှင့် အံ့ချီးဖွယ် လေးစားထိုက်သူ သူရဲကောင်းများကိုလည်း ကြုံခဲ့ရသည်။ စစ်တပ်က ဆောင်ရွက်ပေးမည့် ၂၀၁၀ ရွေးကောက်ပွဲသည်လည်း မြန်မာနိုင်ငံရေး၏ "ဗဟိုချက်မ" ဖြစ်လာနိုင်ပါ၏လော။ မေးရန် ကျန်ရှိနေပါသေးသည်။ လာမည့် ရွေးကောက်ပွဲတွင် မသမာမှုများ၊ မဲညစ်မဲလိမ်မှုများ မျှော်လင့်ထားကြသလို၊ ရွေး ကောက်ပွဲဆိုင်ရာ ဥပဒေများ၊ ပါတီများ လုပ်ပိုင်စည်းရုံးခွင့်များလည်း လူသိရှင်ကြား ရှင်းရှင်းလင်းလင်း ထွက်ပေါ် မလာ သေးပါ။ လူအများစုက ၂၀၁၀ ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ ကျင်းပစဉ်ကလို၊ သူ့ဖဲသူချိုး သူ့အကွက်သူဆင် သွားလိမ့်မည်ဟုသာ ယူဆနေကြပါသည်။ ထိုမျှမက ဤရွေးကောက်ပွဲရလဒ်သည်ပင် ဒီမိုကရေစီနည်း မကျသော စစ်တပ်က ဓါးမိုးထားသည့် ဖွဲ့စည်းပုံအရ ဆက်လက်စခန်းသွားကြရဖို့ ရှိနေပါသည်။
မာနယ်ပလောက တိတ်ဆိတ်ငြိမ်သက်နေရာမှ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အုံကြွတောင်းဆိုမှုကို အကြမ်းဖက်ချေမှုန်းခံရ အပြီး၊ ကျောင်းသားများနှင့် ဒီမိုကရေစီ အင်အားစုများက လာရောက်ပူးပေါင်းကြသောအခါ သက်ဝင်လှုပ်ရှားလာခဲ့သည်။ ဒီမိုကရေစီရေး တိုက်ပွဲဆက်ရန် မြို့ပြမှ ကျောင်းသားများကလည်း တိုင်းရင်းသား လက်နက်ကိုင်သူပုန်အင်အားစုများနှင့် ပူးပေါင်းခဲ့ကြသည်။
ယခင်က တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားမှုများ ရှိနေခဲ့သော်လည်း ပင်မမြန်မာ့နိုင်ငံရေးတွင် အလေးထားဖော်ပြ မခံခဲ့ရပါ။ သို့သော်လည်း ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးစုများ၏ အရေးက အစွန်အဖျားနေရာမှ ဗဟို ချက်မနေရာသို့ ရောက်လာခဲ့သည်။ အလေးပေး အာရုံစိုက်ခံလာခဲ့ကြရသည်။ မာနယ်ပလောသည်လည်း တချိန်က ကရင် ပြောက်ကျားများဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဌာနချုပ်အဖြစ်မှသာမက ဒီမိုကရေစီအင်အားစုများ၏ ဌာနချုပ်အဖြစ်ပါ အရေးပါသည့် အခန်းကဏ္ဍက ပါဝင်ခဲ့လေသည်။ မာနယ်ပလောကို အဖွဲ့အများအပြားက "လွတ်မြောက် နယ်မြေ" အဖြစ် ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ ဒီမိုကရေစီအင်အားစုများ၏ တပ်ပေါင်းစု (DAB) နှင့် နောက်ပိုင်းပေါ်ထွက်လာ သည့် တပ်ပေါင်းစုများ၏ ဘူမိနက်သန်ဖြစ်ခဲ့သည့်အပြင်၊ ပြည်ပရောက် အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) သည် လည်း ရှားရှားပါးပါး ဤနယ်မြေကျဉ်းကလေးကပင် ပေါ်ထွက်မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။
မြန်မာစစ်အစိုးရက မာနယ်ပလောသို့ ၁၉၉၁ ခုနှစ်မှ စ၍ ထိုးစစ်များ ဆင်လာခဲ့သည်။ ထိုးစစ်များက များသောအားဖြင့် ခြောက်သွေ့ရာသီ (နွေရာသီ) တွင် ထိုးစစ်ဆင်လာတတ်သည် ဖြစ်ရာ၊ တောမီးလောင်သည့် ရနံ့များ၊ ခြောက်သွေ့သည့် နွေအပူရှိန်၊ နားကွဲမတတ် ဆူလောင်နေတတ်သည့် ပုဇဉ်းရင်ကွဲကောင်များ၏ အော်သံကို ကြားလျှင် ရံဖန်ရံခါ ကျနော် မာနယ်ပလောကို ပြန်အမှတ်ရနေတတ်သည်။ ကျနော့်အတိတ်က မာနယ်ပလော အတွေ့အကြုံကို ပြန်လှုပ်ခတ်လာတတ် သည်။ မာနယ်ပလောတွင် အဖြစ်မျိုးစုံ ကြုံခဲ့ရဖူးသည်။ လေကြောင်းမှ တိုက်ခိုက်မှု၊ လက်နက်ကြီးပေါက်ကွဲမှုများ ကြုံခဲ့ရ သလို၊ ရုပ်ပုံ ပျက်ယွင်းနေသည့် အလောင်းများကိုလည်း ရေချိုးပေးရဖူးသည်။ စစ်ရှိန်အမြင့်ဆုံး အချိန်၌ တစ္ဆေမြို့ကြီး သဖွယ် လူသူတိတ်ဆိတ်နေသည့် မာနယ်ပလောကိုလည်း မြင်ခဲ့ရဖူးသည်။ သေနတ်ထောက်ခေါ်လာပြီး ပေါ်တာထမ်းခိုင်း သည့်ကြားမှ သက်စွန့်ဆံဖျားထွက်ပြေးလာပြီး ကျနော်တို့တပ်များနှင့် ပူးပေါင်းလာကြသည့် အထမ်းသမား ပေါ်တာများကို လည်း ကြုံဆုံခဲ့ရဖူးပါသည်။
မိမိထက် လက်နက်၊ လူသူ အင်အားသာသော မြန်မာစစ်တပ်များ၏ ထိုးစစ်ကို အံ့သြဖွယ် ကြံ့ကြံ့ခံနိုင်ခဲ့သည့် ကရင်တပ် များကို ချီးကျူးကြရမည်ပင် ဖြစ်သည်။ ထိုစဉ်က အတွေ့အကြုံနည်းလှသေးသည့် လူငယ်လေးတဦးအနေဖြင့် ကျနော်က မာနယ်ပလောကို မကျရှုံးဘဲ ဆက်လက်ခုခံနိုင်သည်ကို မြင်ချင်နေမိသည်။ ထိုးစစ်မှန်သမျှ လှန်ပစ်လိုက်သည်ကို မြင်ချင် နေမိသည်။ သို့သော်လည်း ဤသည်က ကျနော်၏စိတ်ကူးဆန္ဒသာ ဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် စစ်အစိုးရ စစ်တပ်များ နှင့် ခွဲထွက် ဒီကေဘီအေတပ်များလက်တွင်းသို့ မာနယ်ပလောကို လက်လွှတ်ခဲ့ရပါသည်။ အမှန်တော့ ခံစစ်သေဆိုသည်မှာ ယနေ့ကာလတွင် မသုံးတော့သော၊ မေ့လျော့နေကြပြီဖြစ်သော စစ်အတတ်ပညာသာ ဖြစ်ပါသည်။ မည်သည့် စစ် တပ်ကမျှ ခံစစ်ကတုတ် တခုထဲတွင် ပိတ်မိ၍ မနေလိုကြတော့ပြီ။ ခံတပ်များကိုလည်း မဆောက်လိုကြတော့ပြီ ဖြစ်သည်။
ထိုအချိန် တောထဲနေစဉ်က ကျနော် ဆောင်းပါးတပုဒ် ဖတ်ခဲ့ရသည်။ စာရေးဆရာကို တိတိကျကျ မှန်းဆမရတော့သော် လည်း မာတင်စမစ်ဟု ထင်ပါသည်။ သူက ၁၉၉၀ ခုနှစ် ကာလများက မာနယ်ပလောကို မြန်မာ့နိုင်ငံရေးဟု "ဗဟိုချက်မ" ဟု ဖော်ပြခဲ့သည်။ ထိုအချိန်က ကျောင်းသားများ ထွက်ပြေးရောက်ရှိလာကြပြီး နောက်ပိုင်း၊ နိုင်ငံတကာနှင့် သတင်းမီဒီ ယာများကလည်း မာနယ်ပလောတွင် အာရုံစိုက်နေခဲ့ကြသည် မဟုတ်ပါလား။ မာနယ်ပလောက တိုင်းရင်းသားအင်အားစု များ၏ (ရေတိုပဲ ဖြစ်ပါစေ) ညီညွတ်မှုပြယုဂ်တခု ဖြစ်နေခဲ့သလို၊ စင်ပြိုင် အစိုးရဖွဲ့စည်းထားသည်မှာလည်း လတ်လတ် ဆတ်ဆတ်၊ ထိုမျှမက စိတ်လှုပ်ရှားဖွယ် တိုက်ပွဲကြီးများ၊ ထိုးစစ်များကြောင့်လည်း မာနယ်ပလောက လူအများကိုဖမ်းစား ထားနိုင်ခဲ့ပါသည်။
၎င်းစာရေးသူကပင် ဆက်ပြောပါသည်။ နောက်ပိုင်း ၁၉၉၅ ခုနှစ်၊ ဇူလိုင်လတွင် ဒေါ်အောင်ဆန်းစုကြည် အိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက်ပိုင်း ဤနိုင်ငံရေး "ဗဟိုချက်မ"က အိမ်အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်းသို့ ပြောင်းရွှေ့သွားခဲ့ သည်ဟု ဆိုသည်။ ဒေါ်စုအိမ်ရှေ့တွင် ထောက်ခံသူများဖြင့် စည်ကားနေခဲ့သလို၊ အပတ်စဉ် ဆွေးနွေးပွဲများတွင်လည်း ဒေါ် အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များက စိတ်လှုပ်ရှားဖွယ် ဟောပြောစည်းရုံးနိုင် ခဲ့ကြသည်။ နောက်တကြိမ် ချေမှုန်း ဖြိုခွဲမခံရမီ အထိ လှုပ်ရှားနိုင်ခဲ့ကြပါသည်။
ဤဆောင်းပါးကို ဖတ်မိချိန်မှစ၍ ရံဖန်ရံခါဆိုသလို ကျနော် တွက်ဆနေမိဖူးသည်။ မြန်မာနိုင်ငံရေး၏ "ဗဟိုချက်မ" က ယနေ့ အချိန်တွင် မည်သည့်နေရာတွင် ရှိနေပါသနည်း။ ကျနော့်တွင် အဖြေ အတိအကျ မရှိပါ။ သို့သော်လည်း နိုင်ငံရေး နှင့် အာဏာသဘော၏ အရည်ဆန်မှု၊ ရွှေ့ပြောင်းနေမှုကို သဘောပေါက်လာသည်ဟုတော့ ထင်သည်။
မာနယ်ပလော ခံစစ် အတွေ့အကြုံမှနေ၍ ကျနော် သင်ကြားရရှိလာခဲ့သည့် အရေးကြီးသော သင်ခန်းစာတခု ရှိသည်ဟု တော့ထင်သည်။ ခံစစ်သေများမှာ ဘယ်တော့မှ ရေရှည်မမြဲဟူ၍ ဖြစ်ပါသည်။ ကျနော်က ဒေါ်စုအိမ်ရှေ့ လူထုစုဝေးပွဲများ နှင့် ၅-ယောက်ထက်ပို၍ မစုရုံးရ မာရှယ်လောကို အာခံနေသည့် လှုပ်ရှားမှုများကို စစ်ရေးအရ သုံးသပ်မိသည်။ ခြံအမှတ် -၅၄ က ခံစစ်သေသဖွယ် ဖြစ်လာခဲ့ပြီဟု ကျနော်မြင်မိသည်။ ဖြစ်နိုင်လျှင် အလားတူ လှုပ်ရှားမှုများကို ခြံအမှတ်-၅၄ တခု တည်းသာမက အခြား အနယ်နယ် အရပ်ရပ်ရှိ NLD ရုံးခွဲများ အထိပါ ပျံ့နှံ့သွားစေချင်ပါသည်။ ခံစစ်သေဆိုလျှင် မကြာမီပင် ၀ိုင်းပတ်ခံရမည်၊ ချေမှုန်းခံရဖို့ များနေပါသည်။
မာနယ်ပလော ခေတ်ကောင်းစဉ်ကပင် အချို့သော တပ်မှူးများနှင့် နိုင်ငံရေးသမားများက ကေအဲန်ယူခေါင်းဆောင်များထံ တပ်များကို ဖြန့်ချရန် အကြံပေးခဲ့ကြဖူးပါသည်။ ခံတပ်တခုသဖွယ် ခုခံနေကြမည့်အစား၊ ရှေ့ကိုထိုးဖောက်၍ ပြောက်ကျား စစ်ဆင်ရန် အကြံပေးခဲ့ကြဖူးပါသည်။ လက်နက် လူအင်အားမယှဉ်သာသော ပြောက်ကျားစစ်ပွဲ၏ သဘောသဘာဝနှင့် လည်း သို့မှသာ ကိုက်ညီလိမ့်မည်ဟု ဆိုခဲ့ကြသည်။ ဒီမိုကရေစီအင်အားစုများအနေနှင့်လည်း ဤသင်ခန်းစာကို အသုံးမချ သင့်ပါသလော၊ ကျနော် စဉ်းစားခဲ့ဖူးသည်။
ယခုတော့ စစ်အစိုးရက ၂၀၁၀ တွင် ရွေးကောက်ပွဲများ ကျင်းပမည်ဟု ကြေညာလာခဲ့ရာ "ရပ်တည်ချက်" ပြဿနာပေါ် ပေါက်လာခဲ့သည်။ အထူးသဖြင့် မြေပြိုကမ်းပြို အနိုင်ရခဲ့သော ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ဆုပ်ကိုင်မည် လော၊ နောက်တပွဲအတွက် ပြင်မည်လောဟု ပြဿနာ ရှိလာသည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်သူများက သူတို့၏ ဒီမိုကရေစီ လိုလားချက်ကို ပြသသည့်အနေနှင့် သူတို့၏ နှလုံး သားမှ မဲတပြားကို တန်ဖိုးထားပေးခဲ့ကြပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အားကိုးအားထား ပေးခဲ့ကြပြီး၊ NLD က သမိုင်းဝင် မဲအပြတ်အသတ် အနိုင်ရရှိခဲ့ပါသည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာ စေရေးအတွက် NLD ရွေးချယ်ခံ ကိုယ်စားလှယ်များအပါအ၀င် လူအများအပြားက ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အခြေပြု အသုံးချခဲ့ကြပါသည်။ ဂန္ဒီခမ်းမ ကြေညာချက်ထုတ်၍ တောင်းဆိုခဲ့သည်။ မြန်မာပြည်တွင်း စင်ပြိုင်အစိုးရဖွဲ့စည်းရေး လှုပ်ရှားခဲ့ကြသည်။ ပြည်ပတွင် အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကို တည်ထောင်ခဲ့ကြသည်။ စစ် အစိုးရ၏ တရားဝင်မှုကို သရော်စိန်ခေါ်လုပ်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီ (CRPP) ကို ဖွဲ့စည်းခဲ့ကြသည်။ ထိုမျှမက အခြားနည်းများဖြင့်ပါ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို သုံး၍ ကြိုးပမ်းခဲ့ကြပါသည်။ ၂၀၀၆ ခုနှစ်၊ NLD အထူးကြေ ညာချက်အရ "လွှတ်တော်ခေါ်ပေးပါ၊ လွှတ်တော်မှ စစ်အစိုးရကို အသိအမှတ်ပြုပေးမည်။ နိုင်ငံပြုပြင်ပြောင်းလဲရေး လုပ် ငန်းများ ဆက်ဆွေးနွေးမည်" ဟု အတုံ့အလှယ်သဘောမျိုးလည်း အဆိုပြုခဲ့ဖူးသည်။ နောက်ဆုံး ကုလသမဂ္ဂတွင် စစ်အစိုး ရ၏ ထိုင်ခုံနေရာ ဖယ်ရှားရေးအတွက် လှုပ်ရှားမှုများကိုပါ ဆောင်ရွက်ခဲ့ကြပါသည်။
သို့သော် မေးခွန်းဖြစ်လာသည်မှာ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်သည် မြန်မာ့နိုင်ငံရေး၏ "ဗဟိုချက်မ" တွင် ရှိနေပါသေး၏ လော ဆိုသည့် မေးခွန်းဖြစ်သည်။ ကျနော့်အနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ဆုပ်ကိုင်ထားလိုသည့် တက်ကြွလှုပ်ရှားသူများ၊ မစွန့်ပယ်လိုကြသူများအပေါ် နားလည်စာနာမှု ပေးနိုင်ပါသည်။ ထိုရလဒ်ကို ကာကွယ်ထိန်းသိမ်း ရေးအတွက် လူအများက သူတို့၏ အသက်သွေးချွေးများ စွန့်လွှတ်ပေးဆပ် ကာကွယ်ခဲ့ကြရသလို၊ အများအပြားမှာလည်း ထောင်များအတွင်း အနစ်နာခံ ပေးဆပ်နေကြရဆဲ ဖြစ်သည်။
အများစုက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မစွန့်လွှတ်လိုကြပါ။ တချိန် အသုံးပြုနိုင်မည့် လက်နက်ကောင်း ဖြစ်နိုင်သည်ဟု ယူဆနေကြဆဲ ဖြစ်ပါသည်။ သို့ဆိုလျှင်လည်း မေးခွန်းရှိနေပါသေးသည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မည်သို့ အား ကောင်းသက်ဝင်လာအောင် ဖြည့်ဆီးကြမည်နည်းဟူသော မေးခွန်းပင် ဖြစ်ပါသည်။
အတိုက်အခံ အင်အားစု အများစုနှင့် အစိုးရနှင့် သဘောထားကွဲသူများက ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်ထားရေး ၌သာ ရပ်တည်တင်းခံနေကြသည်ကို ကျနော်သတိပြုမိပါသည်။ ဤအနေအထားကို ကျနော်က ခံစစ်သေသဖွယ် ထင်မြင် လာမိပါသည်။ ဤခံစစ်သေကို မည်မျှကြာကြာ ကျနော်တို့ ထိန်းသိမ်းနိုင်ပါမည်နည်း။ မသေချာလှပါ။
တချိန်တည်းမှာပင် ၂၀၁၀ ရွေးကောက်ပွဲကို ရွေးလိုက်ကြရအောင်လားဟုလည်း ကျနော် မတိုက်တွန်းလိုသေးပါ။ ဤ ၂၀၁၀ ရွေးကောက်ပွဲသည်သာ မြန်မာ့နိုင်ငံရေး၏ ဗဟိုချက်မ၊ မြန်မာနိုင်ငံ ပြဿနာများ ပြေလည် သွားဖွယ်ရာ လမ်းကြောင်းအဖြစ် မမြင်မိသေးပါ။
မြန်မာ ဒီမိုကရေစီအင်အားစုများ အားလုံး၊ တိုင်းရင်းသား အင်အားစုများ အားလုံး ဆုံချက်တခုတည်းတွင် စုစည်းမိနိုင်မည့် ဗဟိုချက်မမျိုး ယနေ့ကာလတွင် ကျနော် မမြင်မိသေးပါ။ တနိုင်ငံလုံးကို ဖြန့်ကျက်၊ စည်းရုံး၊ လူထုအများကြား ပျံ့နှံ့သွားဖွယ် လှုပ်ရှားမှုများလည်း မမြင်မိသေးပါ။
သေချာသည်ကတော့ ခံစစ်သေ အနေအထားဖြင့် ကျနော်မသွားလိုလှပါ။ သို့သော် သေချာသော အဖြေလည်း ကျနော့ တွင် ရှိမနေပါ။ ၂၀၁၀ ရွေးကောက်ပွဲတခုတည်းဖြင့် ပွဲအပြီးဟု ယူဆထားရန် မဖြစ်နိုင်ပါ။ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို ရေရှည်ဖြတ်သန်းရမည့် ခရီးစဉ်တခုဟု သတ်မှတ်ယူဆလျှင်ဖြင့် ၂၀၁၀ ရွေး ကောက်ပွဲသည်လည်း ကျနော်တို့ မကြိုက် သော်လည်း၊ ကျနော်တို့ မျှော်မှန်းထားသည့် လမ်းနှင့် လွဲနေသော်လည်း မလွဲမသွေ ဖြတ်သန်းကြရမည့် အဆင့်တခု၊ လှုပ်ရှားမှုတခုဟု ယူဆမိပါတော့သည်။
အောင်သူငြိမ်းသည် ပြည်ပတွင် နေထိုင်၊ အလုပ် လုပ်ကိုင်နေသည့် အလွတ်သုတေသီတဦး ဖြစ်ပါသည်။
အောင်သူငြိမ်း
REF: ဧရာဝတီ
0 comments:
Post a Comment