Friday, January 9, 2009

စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်

09 January 2009

မြန်မာစစ်အစိုးရက ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲပြုလုပ်ပေးမယ်ဆိုတဲ့အပေါ်မှာ ရွေးကောက်ပွဲဝင်ဖို့ စိုင်းပြင်း နေကြပြီး နိုင်ငံရေးပါတီတွေလည်း တည်ထောင်ဖို့ ပြင်ဆင်နေကြပါတယ်။ ဒါပေမယ့် ပါတီတည်ထောင်ခွင့်တို့၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေတို့၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းဆိုတာတွေ အခုအချိန်အထိ မြန်မာစစ်အစိုးရ က ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းက အဓိ က အတိုက်အခံပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမြင်တွေကို ဗွီအိုအေ၀ိုင်းတော်သား ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းရာမှာ ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က အခုလိုပြောပါ တယ်။

“အခြေခံဥပဒေကို လက်မခံဘူးဆိုတာနဲ့ တပြိုင်တည်း ကျနော်တို့မှာ တခြားလည်း ဘာမှ သိပ်ပြီးတော့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘာမှစဉ်းစားစရာ မလိုသေးဘူးလို့ ကျနော်ယူဆတယ်။ ဒီအခြေခံဥပဒေဆိုတာ က အတည်မဖြစ်သေးဘူး။ လွှတ်တော်ပေါ်ပေါက်လာတဲ့ အခါကြမှ အခြေခံဥပဒေက အတည်ဖြစ်မှာ။ အဲဒီ အတည်မဖြစ်ခင် အခြေခံဥပဒေကို ပြန်လည်သုံးသပ်ကြရအောင်ဆိုပြီး ကျနော်တို့က ကမ်းလှမ်းတယ်။

ဒီအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးဆိုတဲ့ကိစ္စကို ဘာမှ တစုံတရာ အဖြေမပေးဘဲနဲ့၊ လက်ခံခြင်းမပြုဘဲနဲ့ ရွေးကောက်ပွဲဆိုတာကို ကျနော်တို့ကတော့ ဘာမှ စကားထဲကိုထည့်မပြောဘူး၊ အသိအမှတ်လည်း မပြုဘူး၊ စဉ်းလည်း မစဉ်းစားဘူး။ ဒါ ကျနော်တို့ရဲ့လက်ရှိအခြေအနေပဲ။”

နိုင်ငံတကာကလည်း တောင်းဆိုနေပါတယ်။ လက်ရှိ ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး မျှတအောင်ဆို ရင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပါ၊ နိုင်ငံရေးအဖွဲ့အစည်း အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းတခု ဖန်တီးပေးပါဆိုပြီး တောင်းနေပါတယ်။ ဒါပေမယ့် စစ်အစိုးရဘက်က ဘာကိုမှ ဂရုမစိုက်ဘဲ သူတို့လုပ်မယ့်ပုံစံ ကိုပဲ စိုက်လိုက်မတ်တပ်သွားမယ့်ပုံစံ မြင်နေရပါတယ်။ အကယ်၍ အဲဒီလိုပဲ သွားမယ်ဆိုရင် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်ရဲ့ လက်ရှိရပ်တည်ချက်နဲ့ဆိုရင် ပါတီရပ်တည်ရေးအတွက် နောက်ပိုင်းမှာ တစုံတရာ ပြဿနာ ရှိမလာနိုင်ဘူးလား။

“ရှိနိုင်တာပေါ့ခင်ဗျာ။ ကျနော်တို့က နိုင်ငံရေးလုပ်တဲ့အခါကြတော့ တယူသန်ဖို့၊ ခေါင်းမာဖို့ဆိုတာ မဟုတ်ပါ ဘူး။ သို့သော် ကျနော်တို့ ဆုပ်ကိုင်ထားတဲ့ အခြေခံမူဝါဒတွေ၊ အခြေခံသဘောတရားတွေကိုတော့ ကျနော် တို့က စွန့်လွှတ်ပြီး၊ ပစ်ပယ်ပြီး သူများခိုင်းတိုင်း၊ သူများခေါ်တိုင်း မသွားနိုင်ပါဘူး။ ထပ်ထပ်ပြီး အခြေအနေ သစ်တွေပေါ်ပေါက်လာခြင်း မရှိဘဲနဲ့ဆိုရင်တော့ ရှေ့အလားအလာကလည်း အတော်တော့မှုန်ဝါးနေတဲ့၊ မှေးမှိန်တဲ့ အနေအထားမှာ ရှိနေပါတယ်။ မှေးမှိန်မှာကြောက်တာ တခုတည်းနဲ့တော့ ကျနော်တို့တွေ အကုန် လုံးက သူတို့ခြေသလုံးဖက်လို့တော့ မရတော့ဘူး။ ဒီလမ်းကိုလျှောက်ဆိုပြီးတော့ ကျနော်တို့ကို နဖားကြိုး တပ် ဆွဲခေါ်တိုင်းလည်း ကျနော်တို့ မလိုက်နိုင်တော့ဘူး။ ဒါ ဦးကြည်မောင်စကားနဲ့ ပြောရရင်တော့ မောင် ခေါ်ရာ မယ်မလိုက်နိုင်ဘူးလို့ပဲ ပြောပြောပေါ့ဗျာ။ ဒါမှမဟုတ် ကျနော် စကားအသစ်နဲ့ ပြောရရင်တော့ ကျနော်တို့ နဖားကြိုးဆွဲခေါ်တိုင်း မလိုက်နိုင်ဘူးလို့ပဲ ပြောရမှာပဲခင်ဗျ။”



REF: ဗွီအိုအေ

Read More...

ကမ္ဘာ့စီးပွားရေး အကြပ်အတည်း စစ်အစိုးရ၀င်ငွေကို ထိခိုက်

Friday, 09 January 2009

ကမ္ဘာ့စီးပွားရေး အကြပ်အတည်းနှင့်အတူ ကုန်ဈေးနှုန်း ကျဆင်းလာသောကြောင့် သဘာဝဓာတ်ငွေ့ ပြည်ပ သို့ တင်ပို့မှုကိုသာ အားထားနေရသော မြန်မာ စစ်အစိုးရ၏ ၀င်ငွေကို သိသိသာသာ ထိခိုက်လိမ့်မည်ဟု ကျွမ်းကျင်သူတဦးက သုံးသပ်ပြောဆိုလိုက်သည်။

သဘာဝဓာတ်ငွေ့မှ ရရှိသော ၀င်ငွေသည် လက်ရှိ ဘဏ္ဍာရေးနှစ်၏ ၉ လ အတွင်း လျော့နည်း ကျဆင်းလာ ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနက ယခုတပတ်အတွင်း ထုတ်ပြန် သော သွင်းကုန်ထုတ်ကုန်လုပ်ငန်းနှင့် ပတ်သက်သည့် ကိန်းဂဏန်းများအရ သိရသည်။

သဘာဝဓာတ်ငွေ့ တင်ပို့မှုသည် ဧပြီနှင့် ဒီဇင်ဘာလအတွင်း ၂၈.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ၀န်ကြီးဌာန ၏ အစီရင်ခံစာက ဆိုသည်။ သဘာဝဓာတ်ငွေ့သည် ပို့ကုန်စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းရှိသည်။ ပြီးခဲ့သည့်နှစ် ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ သန်း ၆၇၀ လျော့ကျသွားသည်။

မြန်မာ့စီးပွားရေးကို လေ့လာစောင့်ကြည့်နေသော ပညာရှင်တဦးဖြစ်သူ သြစတေးလျနိုင်ငံ Macquarie တက္ကသိုလ် ပါမောက္ခ Sean Turnell က မကြာမီ လများအတွင်း အခြေအနေ ပို၍ ဆိုးဝါးလာဖွယ်ရှိသည်ဟု ပြောဆိုလိုက်သည်။

မုတ္တမကွေ့ရှိ ရဲတံခွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်း

“ဒီဘဏ္ဍာရေးနှစ်မှာ မြန်မာပြည်ရဲ့ ပို့ကုန်လုပ်ငန်းက ရတဲ့ဝင်ငွေက ကမ္ဘာ့စီးပွားရေး အကြပ်အတည်းကြောင့် ထိခိုက်သွားတယ်။ ဒါပေမယ့် ဒီလိုထိခိုက်တာကို ဖုံးချင် ဖုံးထားနိုင်မှာပေါ့လေ။ နိုဝင်ဘာကစပြီး နိုင်ငံ တကာမှာ ကုန်စည်ဈေးနှုန်းတွေ၊ ၀ယ်လိုအားတွေက ထိုးကျနေတာ၊ ဒီအစီရင်ခံစာမှာ ဒီ အကျပိုင်းကာလနဲ့ ပတ်သက်ပြီး အပြည့်အစုံ မပါသေးဘူး” ဟု ဧရာဝတီသို့ ပြောဆိုခဲ့သည်။

“ရှိတဲ့ ကိန်းဂဏန်းကို ကြည့်ပြီး ခန့်မှန်းရရင်တော့ ဒီဘဏ္ဍာရေးနှစ်ထဲမှာ ကုန်သွယ်ရေး ပိုငွေပြမှုက ၅၅ ရာနှုန်းကနေ ၆၀ ရာနှုန်းအထိ ကျလိမ့်လို့ ပြောလို့ရပါတယ်” ဟု ဆိုသည်။

သို့သော်လည်း ပါမောက္ခ Turnell က သဘာဝဓာတ်ငွေ့ အရောင်းကျမှုသည် သာမန် ပြည်သူများထက် စစ် ဗိုလ်ချုပ်များကို ပို၍ ထိခိုက်စေမည်ဟု ဆိုသည်။ သဘာဝဓာတ်ငွေ့မှ ရသည့်ငွေများကို လက်နက်ပစ္စည်းများ ၀ယ်ယူခြင်း သို့မဟုတ် လူထုအတွက် အကျိုးဖြစ်ထွန်းမှုနည်းသည့် ဟန်ပြစီမံကိန်းများ အတွက်သာ အသုံးပြု သောကြောင့်ဖြစ်သည်ဟု ဆိုသည်။

“လက်ရှိစစ်အစိုးရက ဈေးကွက်စီးပွားရေးစနစ်နဲ့ ပတ်သက်ပြီး သဘောပေါက် နားလည်မှု သိပ်မရှိဘူး။ နိုင်ငံ့ စီးပွား အဆောက်အဦး ဖွံ့ဖြိုးရေးဆိုရင် လမ်းဖောက်၊ တံတားဆောက်၊ ဆည်ဆောက်ဖို့လောက်ပဲ သိထား တာ” ဟု မကြာသေးမီက ထုတ်ဝေခဲ့သော ပါမောက္ခ Turnell ၏ “Burma Economic Watch” အစီရင်ခံစာ တွင် ဖော်ပြထားသည်။

နာဂစ် ဆိုင်ကလုန်းဒဏ် မခံရမီကပင် မြန်မာပြည်၏ စီးပွားရေး ကျဆင်းလျက်ရှိသည်။ မြန်မာပြည်၏ ကြွယ်ဝ သော သဘာဝဓာတ်ငွေ့သိုက်က စီးပွားရေး ပြန်လည်နာလန်ထူရန် အားသာချက် ဖြစ်နေသော်လည်း ပါမောက္ခ Turnellက သဘာဝ ဓာတ်ငွေ့သိုက်ကို မြန်မာပြည်အတွက် “ကျိန်စာသင့်စေသည့် သယံဇာတ”ဟု ဆိုသည်။

“ဓာတ်ငွေ့ ရောင်းရငွေတွေက ပြဿနာတွေ ပေါ်ခဲ့ပြီးပြီ။ အကောင်အထည် မမြင်ရတဲ့ ရသုံးငွေစာရင်းမှာ ဒီ ၀င်ငွေတွေက ဟန်ပြ စီမံကိန်းကြီးတွေအတွက် သုံးဖို့ဖြုန်းဖို့ လျာထားပြီး ဖြစ်ပါတယ်။ နှစ်ပေါင်း ၅၀ အတွင်း မြန်မာအစိုးရတွေ ဒီလိုပဲ ဖြုန်းတီးပစ်ခဲ့ကြတာပါပဲ” ဟု ပါမောက္ခ Turnell က ပြောပြသည်။

နာဂစ်မုန်တိုင်းကြောင့် မြန်မာပြည်၏ ဆန်စပါးစိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်း မထိခိုက်မီကပင် မိသားစုများ၏ ၅၀ ရာခိုင်နှုန်းနီးပါးမှာ အကြွေးဝန်ပိလျက် ရှိကြောင်းလည်း ပါမောက္ခက ဆိုသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်များ ရှိသော်လည်း မြန်မာ့ ပြည်တွင်း ထွက်ကုန်ပစ္စည်း၏ ၄၇ ရာနှုန်း မှာ စိုက်ပျိုးရေးထွက်ကုန်များ ဖြစ်နေသေးသည်။

နာဂစ်မုန်တိုင်းလွန် ကာလတွင် လယ်သမားများက မျိုးစပါးနှင့် လုပ်ငန်းသုံး ပစ္စည်းကိရိယာများ လိုအပ်လာ သည်။ စစ်အစိုးရက ထောင်သောင်းချီသော လယ်သမားများ၏ စိုက်ပျိုးစရိတ် ချေးငွေများကို အတိုးငွေ ၁၇ ရာခိုင်နှုန်း သတ်မှတ်ပြီး ထုတ်ချေးခဲ့သည်။ ရလဒ်အားဖြင့် ဆင်းရဲတွင်းနှင့် အကြွေးသံသရာမှ လယ်သမား များ မလွတ်မြောက်နိုင်တော့ပေ။

အတိုးမဲ့ ချေးငွေများ ထုတ်ပေးခြင်းနည်းလမ်းကို “မည်သည့် အစိုးရမဆို သဘာဝဘေးဒဏ်များမှ ပြန်လည် ရှင်သန်လာရေးအတွက် ကျင့်သုံးလေ့ရှိသည်”ဟု ပါမောက္ခ Turnell က မှတ်ချက်ချထားသည်။



REF: ဧရာဝတီ

Read More...

နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ

08 January 2009

မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သူတို့ရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်မပြုတဲ့အတွက် သက်ဆိုင်ရာမိသားစုတွေ သောကရောက်နေကြရပါတယ်။ ဒီ အထဲမှာ ဝေးလံတဲ့ထောင်တွေဆီကို ရွှေ့ပြောင်းခံရသူတွေအတွက် ကျန်းမာရေးကအစ စိုးရိမ်စရာဖြစ်နေရ တဲ့ အခြေအနေမှာ ဒီလိုကြုံနေရလို့လည်း ပိုလို့ ပူပန်နေကြတာပါ။ နိုင်ငံရေးအကျဉ်းသား မိသားစုတွေ
က ဘာတွေပြောကြတယ်ဆိုတာကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

နယ်ထောင်တွေကို ပြောင်းရွှေ့ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အခုတပတ်ထဲ သွားရောက်တွေ့ဆုံ တဲ့နေရာမှာ မိသားစုတွေကို တွေ့ခွင့်မပေးနိုင်ဘူးဆိုပြီး ထောင်အာဏာပိုင်တွေက ငြင်းဆိုနေလို့ မိသားစု တွေ စိတ်မချမ်းမသာ ဖြစ်နေကြရတာပါ။ ဒီအထဲမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဖြစ်ကြတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ နိုင်ငံကျော်လူရွှင်တော် စွယ်စုံအနုပညာရှင် ဇာဂနာ ခေါ် ကိုသူရ၊ အားကစားဂျာနယ်
အယ်ဒီတာတဦးဖြစ်တဲ့ ကိုဇော်သက်ထွေး စတဲ့သူတွေရဲ့ မိသားစုတွေလည်း ပါဝင်ခဲ့ကြတာပါ။

အထူးသဖြင့်ကတော့ ဒီ နိုင်ငံရေးအကျဉ်းသားတွေကို ထိန်းသိမ်းထားတဲ့ မိသားစုနဲ့ အလှမ်းဝေးရာ ဝေးလံ ခေါင်ဖျားတဲ့ ထောင်တွေဆီကို တကူးတက လိုက်သွားပြီး တွေ့ဆုံခွင့်မရလို့ စိတ်မောလူမော ဖြစ်ကြရတာပါ။ ဒီအထဲက ရှမ်းပြည်နယ် တောင်ကြီး အကျဉ်းထောင်ကို သွားပြီးတော့ ခင်ပွန်းသည် ကိုဇော်သက်ထွေးကို တွေ့ဆုံခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့တဲ့ ဇနီးသည်ဖြစ်သူ မခိုင်ချို ပြောပြတာကတော့ …

“မတွေ့ရဘူး၊ ဒီနေ့ပဲပြန်ရောက်တာ။ ဘယ်လိုဖြစ်လဲဆိုတော့ သူတို့က အထက်က ညွှန်ကြားထားတယ် ဆိုပြီးတော့ပဲ ပေးမတွေ့တာ။ တွေ့လို့မရသေးဘူးတဲ့၊ အဲဒီလိုပြောတယ်။ သူတို့လည်း အတိအကျ မသိသေး ဘူးတဲ့။ မသိသေးဘူးဆိုတော့ ကျမတို့ကပဲ လှမ်းပြီးတော့ စုံစမ်းရမှာပေါ့လေ။ အဲလိုသဘောမျိုးပဲ။ ဘယ်နေ့ က စတာလဲဆိုတော့ ရှေ့တရက်နှစ်ရက်ကပဲ စတာလို့ အဲဒီလိုပဲပြောတယ်။ ဒီဇန်န၀ါရီလကမှ စတယ်လို့
ပြောတယ်။ ကျမတို့ကတော့ လူချင်းမတွေ့ရရင်လည်း ပစ္စည်းလေးတော့ ပေးခဲ့ပါရစေလို့ပြောပြီး ပေးခဲ့တော့ သူတို့ လက်ခံထားလိုက်ပါတယ်။ ပေးပေးမယ်လို့ပြောတယ်၊ နည်းနည်းတော်သေးတာပေါ့။ ကျမကြားတာ တော့ မနီလာသိန်းတို့အိမ်ကလည်း မတွေ့ရဘူးလို့ကြားတယ်။ ဦးသူရလည်း မတွေ့ရဘူးလို့ကြားတယ်။”

အခုနောက်ဆုံး သိရတဲ့အထဲမှာဆိုရင် မကွေးတိုင်း သရက်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ မနီလာသိန်းဟာဆိုရင် မိသားစုက ထောင်ဝင်စာပေးပို့တာကိုတောင် ငြင်းပယ်ခံရတာမျိုး ရှိခဲ့တယ်လို့ ကြားရပါတယ်။ တကယ်တော့ အကျဉ်းထောင်တွင်း ကြမ်းတမ်းတဲ့ အခြေ အနေတွေအပြင် မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာတော့ ကျန်းမာရေးစောင့်ရှောက်မှု မပြည့်စုံတာမျိုး တွေကလည်း ရှိနေလို့ သက်ဆိုင်ရာ မိသားစုတွေက ပြင်ပက ဆေးဝါးပေးပို့ ထောက်ပံ့ကူညီနေရတဲ့ အခြေ အနေမျိုးပါ။ ဒါကြောင့်မို့လို့လည်း မိသားစုတွေ အခုလို တွေ့ခွင့်ဆုံခွင့် မရကြတဲ့အတွက် စိုးရိမ်မှုတွေက ပိုကြ ရတာ ဖြစ်ပါတယ်။

“ကျမတို့ကတော့ အမှန်အတိုင်းပြောရရင် ဒီဟာသွားဖို့အတွက် ရုံးကလည်း ခွင့်တွေ ဘာတွေ ယူရတယ်။ ပြီး တော့ အခုဟာကလည်း စိတ်ပူတာပေါ့၊ အဝေးကြီးဆိုတော့လည်း ၁၄ ရက်တခါ မသွားနိုင်ဘူး။ တလမှတခါ သွားတဲ့ဟာကို မတွေ့ရဘူးဆိုတော့ စိတ်မကောင်းဖြစ်တာရယ်၊ နည်းနည်းစိတ်ပူတာပေါ့။ သူတို့ကို ဘယ်လို မျိုးဖြစ်လဲ၊ အထဲမှာ ဘာများဖြစ်လို့ ပေးမတွေ့တာလဲဆိုတာ၊ ဘယ်သူ့ကိုစုံစမ်းလို့ စုံစမ်းရမှန်းမသိတဲ့ အတွက် နည်းနည်းတော့ စိတ်ပူတာပေါ့။ ဒါပေမယ့်လည်း ကြားရသလောက် တချို့လူတွေလည်း မတွေ့ရ ဘူးဆိုတော့၊ အများနဲ့ဖြစ်တာဆိုတော့လည်း ကျမတို့ ဘယ်လိုတတ်နိုင်မလဲ။ အခု သတင်းပဲ စောင့်နား ထောင်ရုံပဲရှိတယ်။ စိတ်ပူတာတော့ သူ့အမေဆိုလည်း စိတ်ပူတယ်၊ ကျမအမေဆိုလည်း စိတ်ပူတာပေါ့၊ လူကြီးတွေဆိုတော့။ အင်းစိန်မှာဆိုရင်တော့ ကျမတို့က သိနေနိုင်တယ်။ အခုက တောင်ကြီးဆိုတော့ ဘုရား
မှာ ဆုတောင်းရုံကလွဲပြီး ဘာမှမရှိဘူး။ စိတ်မကောင်းတော့ဖြစ်တာပေါ့၊ ဘာပဲပြောပြော ကိုယ်က အချိန်ယူ ပြီး သွားထားရတယ်ဆိုတော့။”

ရှမ်းပြည်နယ် တောင်ကြီးထောင်မှာ ထိန်းသိမ်းခံထားရတဲ့ အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေး ရဲ့ ဇနီးသည်ဖြစ်သူ မခိုင်ချို ပြောပြသွားတာ ဖြစ်ပါတယ်။

အာဏာပိုင်တွေက ပြီးခဲ့တဲ့နှစ်ထဲကစလို့ နိုင်ငံရေးအကျဉ်းသားတွေ ရာနဲ့ချီပြီး ထောင်ဒဏ်ပြစ်ဒဏ်တွေ ချ မှတ်ခဲ့ပြီး နောက်ဆက်တွဲ မိသားစုနဲ့ အလှမ်းဝေးတဲ့ထောင်တွေကို ရွှေ့ပြောင်းခဲ့တာပါ။ ဒီလိုပြောင်းရွှေ့ လိုက်တဲ့ထောင်တွေမှာ ခက်ခဲတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ အခုအခါမှာတော့ ဒီအထဲက ထောင်တချို့မှာ ထိန်းသိမ်းထားသူတွေကို မိသားစုနဲ့ပါ တွေ့ဆုံခွင့်ငြင်းပယ် နေတဲ့ အခြေအနေမျိုးနဲ့ ထပ်ပြီးကြုံနေကြရတာ ဖြစ်ပါတယ်။



REF: ဗွီအိုအေ

Read More...

သွေးသစ်လောင်းရမည့် အလှည့်အပြောင်း

အလှည့်အပြောင်းကာလက အပြောင်းအလဲကို ဖန်တီးပေးတတ်သည်။ သို့သော် အခြေအနေက ပေးအပ် လာသည့် အပြောင်းအလဲကို လှမ်းဆွတ်ယူဖို့ အဆင်သင့် ဖြစ်မနေခဲ့ဘူးဆိုရင်တော့ ရခဲလှသည့် မဟာ အခွင့် အလမ်းများကို လက်လွှတ် ဆုံးရှုံးသွားရမည်မှာ သေချာနေပေသည်။

ထိုကဲ့သို့ အပြောင်းအလဲများနှင့် လမ်းလွဲခဲ့ရသည့် အဖြစ်အပျက်များကို ခေတ်သစ် မြန်မာ့နိုင်ငံရေး သမိုင်းစာ မျက်နှာများပေါ်တွင် အထင်အရှား တွေ့မြင်နေရသည်။ ကျောင်းသားများ၏ ဦးဆောင်မှု နှင့် လူထုတရပ်လုံး ပူးပေါင်းပါဝင် လက်တွဲဆင်နွဲ ခဲ့ကြခြင်းကြောင့် ရှစ်ဆယ့်ရှစ် လူထုအရေးတော်ပုံကြီးက မ.ဆ.လပါတီ ၏ အုပ်ချူပ်ရေး ယန္တရားကြီးတခုလုံးကို ရပ်တန့်ပစ်နိုင်ခဲ့သည်။ သို့သော် ထိုကာလ၌ ဒီမိုကရေစီစနစ်ကို အသက် သွင်းလိုသည့် အတိုက်အခံ နိုင်ငံရေးသမားသည် ကြားဖြတ်အစိုးရဖွဲ့စည်းပြီး တိုင်းပြည်အား ထိန်းချူပ်ထား နိုင်ရန် အဆင်သင့် ဖြစ်မနေခဲ့ကြပါ။ ထိုမှတဖန် ၉၀-ခု ရွေးကောက်ပွဲက ဒီမိုကရက်တစ် နိုင်ငံရေး အင်အားစု များကို တိုင်းပြည်အား ဒီမိုကရေစီစနစ်ဆီသို့ ချီတက်သွားနိုင်သည့် မဟာအခွင့်အရေး လမ်းကြောင်းကြီးတခု ခင်းချပေးခဲ့သည်။ သို့သော် ဤတကြိမ်၌လည်း အတိုက်အခံ နိုင်ငံရေးသမားများသည် ဒီမိုကရက်တစ် အစိုးရ ဖွဲ့စည်းရန် အဆင်သင့်ဖြစ်မနေခဲ့ကြပါ။ ဤသို့ဖြင့် အားလုံးသိရှိထားကြသည့်အတိုင်း မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးကြီးသည် အောင်မြင်မှုကင်းမဲ့စွာ နှစ် ၂၀ သက်တမ်းကာလကို ကျော်လွန် ဖြတ်သန်းခဲ့ရပြီး တဘက်တွင် အကြွင်းမဲ့စစ် အာဏာရှင်စနစ်သည် သက်ဆိုးရှည်သထက် ရှည်လာနေပေသည်။


ဆောင်းပါး သရုပ်ဖေါ်

ဤကဲ့သို့နှစ် ၂၀ ပြည့်လွန်ကာလတွင် နိုင်ငံရေး သုံးသပ်သူများက အတိုက်အခံ အဖွဲ့အစည်းများကြားတွင် ညီညွတ်ရေးကင်းမဲ့သောကြောင့် ယခုလို မြန်မာနိုင်ငံ၌ လက်တဆုပ်စာ စစ်ဝါဒီများ သက်ဆိုးရှည်နေရသည် ဟု ဝေဖန်ရေးသားလာကြသည်။ အကယ်၍ ဒီမိုကရေစီအင်အားစုများ ညီညွတ်နေလျှင် န.အ.ဖ စစ်အုပ်စုကို အောင်မြင်စွာဖြုတ်ချနိုင်ပြီး လူထုတရပ်လုံးလိုလားသည့် ဒီမိုကရေစီစနစ်သို့ အမြန်ဆုံး အသွင်ကူးပြောင်းနိုင် မည်ဟု မှတ်ယူထားကြသောကြောင့် ဖြစ်သည်။ အပြင်ပန်းအားဖြင့်ကြည့်လျှင် ဤကဲ့သို့ ထင်မြင်ယူဆချက် သည် လူတိုင်း လက်ခံနိုင်ဖွယ်ရှိသော်လည်း အနှစ်သာရအားဖြင့်တော့ ယေဘုယျဆန်လွန်းသည်ဟု ပြောရ ပေမည်။ တကယ်တမ်း နိုင်ငံရေးဖြစ်စဉ်အား ခွဲခြမ်းစိတ်ဖြာ ကြည့်မည်ဆိုလျှင် ညီညွတ်ရေးသည် မြန်မာပြည် ဒီမိုကရေစီ ဖြစ်ထွန်းမှုအတွက် အဓိက လိုအင်မဟုတ်ပဲ ဒီမိုကရက်တစ် နိုင်ငံရေးသမားများ၏ အနာဂတ်ကို အမြင်ကျယ်ကျယ် လှမ်းကြည့်နိုင်မှု ကင်းမဲ့နေခြင်းနှင့် မဟာဗျူဟာပိုင်းဆိုင်ရာအရရော နည်းဗျူဟာပိုင်း ဆိုင်ရာအရပါ အဆင်သင့် ဖြစ်မနေခြင်းကသာ ချို့ယွင်းချက် ဖြစ်နေသည်ဟု ယူဆရပေမည်။

လူမျိုးပေါင်းစုံပါဝင်သည့် မြန်မာ့လူထုသည် နိုင်ငံရေးနိုးကြားမှုမြင့်မားပြီး ညီညွတ်မှုကို အမြဲတမ်း ထုတ်ဖော် ပြသနေခဲ့ကြသည်။ ရှစ်ဆယ့်ရှစ် လူထုအရေးတော်ပုံကြီး၊ ၉၀-ခု ရွေးကောက်ပွဲရလဒ် နှင့် ၂၀၀၇ ခု စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးများသည် လူထု၏ စည်းလုံးညီညွတ်ခြင်းများမှ မွေးထုတ်ပေးခဲ့သည့် တန်ဖိုးမဖြတ်နိုင်သည့် နိုင်ငံရေး အသီးအပွင့်များဖြစ်သည်။ လူထု၏ အရေးကြုံလျှင် သက်လုံကောင်းသည့် နိုင်ငံရေးစိတ်ဓါတ်နှင့် ဒီမိုကရေစီလိုလားသည့် ဆန္ဒများကို အမြဲတမ်း ထင်ရှားစွာတွေ့ မြင်နေရသည်မှာ ခိုင်မာသည့် သွေးစည်းခြင်းနှင့် လူမှုရင်းမြစ်များ (Strong Solidarity and Social capital) ရှိနေခြင်းကြောင့် သာ ဖြစ်သည်ဟု သုံးသပ်လျှင် ငြင်းဖွယ်ရာမရှိဟု ထင်သည်။ အတိုက်အခံပါတီ အဖွဲ့အစည်းများကို လေ့လာ ကြည့်လျှင်လည်း အားလုံး တညီတညွတ်တည်း လက်ခံကျင့်သုံးသည့် ဒီမိုကရေစီရရှိရေး မူဝါဒကို တွေ့ရပေ မည်။ ထို့ကြောင့် ညီညွတ်ရေး နိုးဆော်သံသည် အပေါ်ယံ နားထောင်၍ ကောင်းသော စကားလုံးမျှသာဖြစ် နေပြီး နိုင်ငံရေးပြဿနာအား လက်တွေ့ကျကျ လမ်းပြဖြေရှင်းပေးနိုင်မည့် အဖြေကောင်းတခု ဖြစ်မလာနိုင်ဟု ထင်သည်။ တကယ်တမ်းတွင် မြန်မာ့ဒီမိုကရေစီတပ်ဦးကို ဦးဆောင်နေကြသူများ၌ ကြည်လင်ပြတ်သား သည့် လားရာအမြင် (Clear and determined vision) မရှိခြင်းကြောင့် ဖြစ်ပေါ်လာရသည့် စုပေါင်း ဦးဆောင်မှု ကင်းမဲ့နေခြင်းသည်သာ အဓိက အားနည်းချက်ဖြစ်လာခဲ့ပြီး ဒီမိုကရေစီတော်လှန်ရေး အထ မြောက်အောင်မြင်နိုင်မည့် လူထု၏ စိတ်ဓါတ်ခွန်အားနှင့် အသက်စွန့် ကြိုးပမ်း လှုပ်ရှားမှုများကို အလဟဿ ဖြုန်းတီးပစ်နေခဲ့သည်ဟု ပြောရပေမည်။

၁၉ရာစု ဂျာမန်ဒဿနပညာရှင် ဟေဂေလ် (Hegel) က “နိုင်ငံရေးတွင် ထာဝရမိတ်ဆွေ၊ ထာဝရ ရန်သူမရှိ၊ ထာဝရ အကျိုးစီးပွါးသာရှိသည်” ဟု ဆိုခဲ့ဖူးသည်။ ဤအတွေးအခေါ်နှင့် ဆင်တူသော ထာဝရ အကျိုးစီးပွါး ကို လက်ကိုင်ထားပြီး ဦးတည်သွားလိုသည့် အမျိုးသားရင်ကြားစေ့ရေးနှင့် တွေ့ဆုံဆွေးနွေးရေးသည် မြန်မာ နိုင်ငံရေးဖြစ်စဉ်ကို ဆယ်စုနှစ် (၂) စု နီးပါးခန့် ဖုံးလွှမ်းထားနေခဲ့သည်။ သို့သော် နိုင်ငံရေးခရီးအား အတူ လက်တွဲသွားလိုသည့်အမြင်သည် အသုံးဝင်နိုင်ပေမယ့် မြန်မာပြည်အတွက် အသုံးမတည့်သည့် ဖလောဆိုဖီ် တခုဖြစ်နေကြောင်းကို အချိန်ကာလများက သက်သေပြခဲ့သည်။ နိုင်ငံရေးအမြင် မရှိသော န.အ.ဖ စစ်အုပ်စု က ထာဝရအကျိုးစီးပွါးဆီ အရောက်လှမ်းနိုင်ဖွယ်ရှိသည့် အမျိုးသားရင်ကြားစေ့ရေးကို သူတို့၏ အကျိုးစီးပွါး အား ခွဲဝေပေးရမည့် ခြိမ်းခြောက်မှုတခုအဖြစ် ရှုမြင်နေမည်မှာ သေချာသည်။ နားလည်မှု လွဲခဲ့ဟန်ရှိသည့် နောက်အချက်တခုကတော့ နိုင်ငံရေးနှင့် နိုင်ငံရေးစနစ်ကို ရောထွေးပြီး ချဉ်းကပ်ခဲ့ခြင်းပင်ဖြစ်သည်ဟု ပြော ချင်သည်။ ကမ္ဘာ့သမိုင်းစာမျက်နှာများပေါ်၌ နိုင်ငံရေးစနစ်တွင် အမြဲတမ်း ရန်သူရှိကြောင်းကို ခိုင်ခိုင်မာမာ မှတ်တမ်းတင်ထားသည်။ ပဒေသရာဇ်၊ ဖက်ဆစ်နှင့် ကွန်မြူနစ်စနစ်တို့သည် လစ်ဘရယ် ဒီမိုကရေစီစနစ် အတွက် အမြဲတမ်း ရန်သူဖြစ်နေခဲ့ကြပြီး ထိုစနစ်များ ပြိုလဲကျရှုံး ချူပ်ငြိမ်းသွားခဲ့ခြင်းကြောင့်သာ ကမ္ဘာပေါ်၌ ဒီမိုကရေစီ နိုင်ငံရေးစနစ် ကျယ်ပြန့်စွာ ထွန်းကားလာခဲ့ရခြင်းဖြစ်သည်။ ထို့အပြင် ကမ္ဘာ့လူ့သမိုင်းတွင် ပေါ် ထွန်းခဲ့သော ဘယ်စစ်အာဏာရှင်မှ တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံရေးအာဏာအား အလွယ်တကူ လက် လျှော့ အရှုံးပေးသွားခဲ့ခြင်း မရှိကြောင်းကို လေ့လာတွေ့ရှိုရသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၌ စစ်စနစ်နှင့် ဒီမို ကရေစီစနစ်ကို ဆက်စပ်ပြီး ရင်ကြားစေ့ဆွေးနွေးလိုခြင်းသည် မှားယွင်းသည့်လားရာအမြင် (wrong vision) တခုဖြစ်နေရုံသာမက မအောင်မြင်သည့်မဟာဗျူဟာ (failed strategy) တခုလည်းဖြစ်သည်ဟု ကောက် ချက်ချ သုံးသပ်နိုင်မည် ထင်သည်။

တဘက်တွင် အားလုံးသိရှိထားကြသည့်အတိုင်း နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ် ခံရခြင်းကြောင့် သိန်း ချီ သေဆုံးပြီး သန်းချီသော ပြည်သူလူထုများ အတိဒုက္ခရောက်ကာ ကယ်သူမဲ့နေသည့်ကြားမှ အတု အယောင် ဆန္ဒခံယူပွဲကို ကျင်းပ၍ န.အ.ဖစစ်အုပ်စု၏ ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေအား မေလ ၂၉ ရက် ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့ကြသည်။ စစ်အာဏာရှင်စနစ်ဆိုးအား ဆွဲဆန့်သွားနိုင်ရေးကို အဓိကရည်မှန်း သည့် ဤဖွဲ့စည်းပုံအား အတည်ပြုလိုက်ခြင်းသည် ရာစုတ၀က်ကြာ ပြည်တွင်းစစ်နှင့် နိုင်ငံရေး ပြဿနာများ ကြောင့် အမှောင်အတိ ဖုံးလွှမ်းခံနေရသည့် တိုင်းပြည်အား ထပ်မံ၍ အနက်ရောင်ချယ်သလိုက်ခြင်းသာ ဖြစ် သည်။ တနည်းပြောရသော် အမှောင်ထဲ၌ အမှောင်ကို ထွန်းညှိခြင်းသာဖြစ်ပြီး အလင်းကို ရှာဖွေခြင်း မဟုတ် ပါ။ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တွင် လူထုဆန္ဒမဲတပြားမှ မပါပဲ အခွင့်ထူးခံ အမတ်များ အဖြစ် နေရာယူထားကြမည့် စစ်ဗိုလ်များကသာ ကြီးစိုးချယ်လှယ်ခွင့်ကို အပြည့်အ၀ပေးထားသည့် ထို ဖွဲ့စည်းပုံသည် ဒီမိုကရေစီ၏ အခြေခံအနှစ်သာရနှင့် လုံးဝဆန့်ကျင်နေသည်မှာ အထူးပြောစရာ မလိုတော့ ပေ။ ထို့ကြောင့် ထိုဖွဲ့စည်းပုံအား အသက်သွင်း ကျင့်သုံးလာမည့် အစိုးရကိုလည်း အရပ်သားအစိုးရဟု ခေါ် ဆိုနိုင်မည် မဟုတ်ပါ။ စင်စစ်အားဖြင့် လက်ရှိစစ်စနစ်အား ပုံစံတမျိုးဖြင့် မွမ်းမံချယ်သထားသည့် ပုံစံသစ်တခု သာ ဖြစ်သည်။ ထိုဖွဲ့စည်းပုံအရ လွှတ်တော်များတွင် လူထုသဘောထားနှင့် ထပ်တူကျသော ဥပဒေပြုနိုင်မှု များ ကင်းမဲ့လာနိုင်သလို ဖွဲ့စည်းပုံပါ ပုဒ်မများအား ပြင်ဆင်ရေးဆွဲ ပြဌါန်းပိုင်ခွင့်ကိုလည်း တင်းကျပ်စွာ ထိန်း ချူပ်ထားသည်ကို တွေ့ရသည်။

ပွင့်လင်းစွာပြောရလျှင် လက်ရှိမြန်မာပြည်၏ အခြေအနေသည် ဓားပြဂိုဏ်းကြီးတခုက ရွာတရွာအား ၀င်စီး ထားသည့် အနေအထားမျိုး ဖြစ်နေသည်။ မုဒိမ်းကျင့်၊ လူသတ်တတ်ပြီး နိုင်ငံရေး စီးပွါးရေးအမြင် လုံးဝမရှိ သည့် န.အ.ဖစစ်အုပ်စုက ချူပ်ကိုင်ထားသော တပ်မတော်ဟု ခေါ်တွင်နေသည့် ဒီနေ့ကာလ ဗမာစစ်တပ် သည် အပြင်ပန်းအားဖြင့်သာ နိုင်ငံတနိုင်ငံ၏ စစ်တပ်အဖြစ်သတ်မှတ်၍ ရနိုင်သော်လည်း အနှစ်သာရ အား ဖြင့်တော့ ခိုးဆိုးလုယက် လူသတ်ခြင်းများကို လက်ရဲဇက်ရဲကျူးလွန်တတ်သော ဓားပြဂိုဏ်း အဆင့်သာသာ ရှိတော့သည်ဟု ပြောရပေမည်။ ထိုသို့ ဓားပြများ၏ ၀င်စီးခြင်းကို ခံထားရသည့် တိုင်းပြည်တွင် တွေ့ဆုံ ဆွေးနွေးပြီး ငြိမ်းချမ်းသောနည်းဖြင့် နိုင်ငံရေးအသွင်ကူးပြောင်းရေးသည် မှားယွင်းသော အဖြေရှာမှုတခု ဖြစ် နေမည်ဟု ထင်သည်။

ရှေ့မတိုး နောက်မဆုတ်သာသည့် အခြေအနေဖြင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကြီး နှစ်ပေါင်း (၂၀) လွန်လာခဲ့သည့် ဒီနေ့ကာလသည် အလှည့်အပြောင်း အချိုးအကွေ့ တနေရာသို့ ရောက်ရှိလာနေသည်ဟု ပြောရပေမည်။ အခုလို အလှည့်အပြောင်းကို လက်ဦးမှု ရယူသည့်အနေဖြင့် န.အ.ဖ စစ်အုပ်စုက ၄င်းတို့၏ စစ်စနစ်ကို ပုံစံတမျိုးဖန်တီးပြီး အသွင်ပြောင်းဖို့ ကြိုးစားလာနေသည်။ တချိန်တည်းတွင် ပြည်တွင်းပြည်ပရှိ အတိုက်အခံ အင်အားစုများအတွက်လည်း မဟာဗျူဟာ နည်းဗျူဟာနှင့် နိုင်ငံရေးမျိုးဆက်ပါ လူစားလဲ သွေးသစ်လောင်းပြီး သမိုင်းဆိုင်ရာ အဆုံးအဖြတ်ပေးရမည့် အချိန်ကာလတခုသို့ ဆိုက်ရောက်လာနေသည် ဟု ထင်သည်။ ယေဘုယျဝါဒီများ၏ ခံစားမှု အဓိကပဓါန၀ါဒကို ကိုင်စွဲပြီး ဒီမိုကရေစီအိပ်မက်ကို အကောင် အထည်ဖော်ဖို့ ကြိုးစားနေခြင်းထက် လူထုအခြေပြု ဗဟုဝါဒဖြင့် နိုင်ငံရေးအပြောင်းအလဲကို ဖန်တီးဖို့ ရေရှည် စီမံကိန်း ချနိုင်သူများကိုသာ မြန်မာ့လူ့ဘောင်က လိုလားနေသည်ဟု ယူဆမိသည်။

သေချာနေသည်မှာ လာမည့် နှစ်ကာလများတွင် လူမှုစီးပွါး အကျပ်အတည်းများ (Socio-economic Crises) ကြောင့် လူထုပေါက်ကွဲမှုများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်ပြီး စစ်အုပ်စု၏ အုပ်ချူပ်ရေးယန္တရားအား ရပ်တန့် ပစ်နိုင်လောက်သည့် လူထုသပိတ်များလည်း ဖြစ်ပေါ်လာနိုင်သည်။ သို့ကြောင့် နောက်ပြန်လှည့်ပြီး အတိတ် ၏ အောင်ပွဲကို တသသဖြင့် လွတ်သောငါးကြီးနေခြင်းထက် ဂိမ်းအသစ်ကစားရမည့် ယခုလို အနာဂါတ် စိန်ခေါ်ပွဲတွင် လူဟောင်းများဖြင့် အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ရသော ယှဉ်ပြိုင်မှုကိုစွန့်လွှတ်၍ သွေးသစ်လောင်း လူ သစ်လဲခြင်းဖြင့်သာ အလှည့်အပြောင်းကပေးသော အပြောင်းအလဲ ရလဒ်ကောင်းကို ရယူနိုင်မည်ဟု ယုံ ကြည်မိပါတော့သည်။ ။ ။

ညီညီထွေး (နယ်သာလန်)
REF: လူထုအသံ

Read More...

သန်းကောင်ထက် ညဥ့်မနက်တော့တဲ့ ညငှက်ကလေးတွေ …

Thursday, 08 January 2009 14:57

ရန်ကုန်မြို့ ဗိုလ်ချူပ်အောင်ဆန်းလမ်းမနဲ့ ပန်းဆိုးတန်း ခုံးကျော်တံတား ဘေးမှာရှိတဲ့ ရွှေဂုန် ရုပ်ရှင်ရုံရှေ့မှာ ရုပ်ရှင်ကြည့်မယ့်သူတွေ၊ လမ်းသွားလမ်းလာတွေ၊ ဈေးသည်တွေနဲ့ ရှုပ်ယှက်ခတ်နေပါတယ်။

ဒီကနေ့ဟာ တနင်္ဂနွေနေ့ ဖြစ်တာကြောင့် ရွှေဂုန် ရုပ်ရှင်ရုံမှာ ပြသနေတဲ့ အိန္ဒိယ ဘောလိဝုဒ် ရုပ်ရှင် ဇာတ် ကားကိုကြည့်ဖို့ လက်မှတ်ဝယ်သူတွေ၊ ရုပ်ရှင်ရုံထဲဝင်ဖို့ စောင့်ဆိုင်းနေတဲ့သူတွေ ခါတိုင်းထက်များပြားပြီး လူအုပ်ကြီးက ရာဂဏန်းကျော် အရေအတွက်ရှိပါတယ်။

လူအုပ်ကြီးထဲမှာ အဖြူရောင် တီရှပ်အကျီင်္၊ အပြာနုရောင် ဂျင်းစကပ်တိုကို ၀တ်ဆင်ထားပြီး ဆံပင်ဂုတ်ဝဲနဲ့ အသက်၂၀ ကျော်အရွယ် မိန်းကလေးငယ်တဦးလည်း ပါဝင်ပါတယ်။ မိတ်ကပ် ခပ်ပါးပါး လိမ်းခြယ်ထားတဲ့ သူမက အဖြူဘက်သန်း အသားအရေရှိပြီး သူမရဲ့ မျက်လုံးတွေက လူအုပ်ကြီးထဲ စိုက်ကြည့်ရင်း မရပ်မနား လှုပ်ရှားနေပါတယ်။ သူမပုံစံက ပျောက်ဆုံးသွားတဲ့လူတဦးကို သည်းကြီးမည်းကြီး ရှာဖွေနေတဲ့ ပုံစံပါပဲ။ သူမ ရုပ်ရည် အလှကြီးမဟုတ်ပေမယ့် သာမန်ကြည့်ပျော်ရှုပျော် ရုပ်ဆင်းရူပကာမျိုး သူမ ပိုင်ဆိုင်ထားတာပါ။

တကယ်တော့ သူမဟာ ရုပ်ရှင်ကြည့်မယ့် သူတယောက် မဟုတ်သလို၊ လူပျောက်လို့ ရှာနေတာလည်း မဟုတ်ပါဘူး။ အမှန်တကယ် သူမရှာနေတာကတော့ တခဏတာ အပျော်လိုချင်တဲ့ ဖောက်သည် အမျိုးသား တွေပါပဲ။

သူမနာမည်က ငယ်ထွေး (ခေါ်) ငယ်လေး ဖြစ်ပြီး ဗိုလ်ချူပ်အောင်ဆန်းလမ်းမတလျှောက်က ရုပ်ရှင်ရုံ အောက်တွေမှာ လှုပ်ရှားကျက်စားနေတဲ့ ပြည့်တန်ဆာမလေးတဦးပါ။

"တလျှော့ ၃၀၀၀ ပါကိုကြီး။ တနာရီဆိုရင် ငယ်လေးကို ၅၀၀၀ ပဲပေးပါ"လို့ သူမက ကျနော့်ကို ခပ်ချွဲချွဲအသံ နဲ့ ပြောတယ်။ သူမရဲ့ အကြည့်တွေက ရင်ခုန်စရာကောင်းသလို သူမရဲ့ အသံကလည်း ယောက်ျားသား တဦးအတွက် လိင်စိတ်နိုးကြွစေမှာ အသေအချာပါပဲ။

သူမပြောတဲ့ ဈေးနှုန်းက အရင်တခါကျနော် ရောက်ခဲ့စဉ် တုန်းကထက် (ညမွှေးပန်း ဆောင်းပါးရေးခဲ့စဉ်က တလျှော့ ၄၅၀၀ ကျပ်) အတော့်ကို သက်သာနေပါတယ်။ သူမနဲ့ ကျနော် ဈေးစကား သဘောတူညီပြီးခဲ့တဲ့ နောက်မှာတော့ ကျနော်တို့နှစ်ဦး ရန်ကုန်မြို့ ဗိုလ်ဆွန်ပက်လမ်းထဲက အအေးခန်းတည်းခိုရိပ်သာ တခုဆီ ဦး တည်သွားကြပါတယ်။

အချိန်က နေ့လယ် ၁၂ နာရီ ၃၀ ကျော်။ အထပ်မြင့်တိုက်ကြီးတခုရဲ့ ပထမထပ်ကို တည်းခိုခန်းဖွင့်ထားတဲ့ တိုက်ခန်းကို ကျနော်ရောက်တော့ တည်းခိုခန်းဝန်ထမ်းတွေက သူမကို အားရ၀မ်းသာ ကြိုဆိုကြတယ်။

သူမ နောက်က လိုက်လာတဲ့ ကျနော့်ကိုလည်း မသိမသာ လှမ်းအကဲခတ်ကြတယ်။ သူမကတော့ အောင်နိုင် သူကြီးတယောက်လို ပြုံးပျော်လို့။

“ငယ်လေးကတော့ ဒီနေ့ ဈေးဦးပေါက်သွားပြီ” လို့ ရယ်ကျဲကျဲနဲ့ တည်းခိုခန်းဝန်ထမ်း အမျိုးသားကြီးတဦးက လှမ်းအော်ပြောသံက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတယ်။ သူမက ဒီတည်းခိုခန်းက လွှတ်ထား တဲ့ ပြည့်တန်ဆာလား၊ ဒါမှမဟုတ် ဒီတည်းခိုခန်းမှာ သူမ ဖောက်သည်တွေနဲ့ အမြဲလာနေတာလား စတဲ့ မေးခွန်းပေါင်းမြောက်မြားစွာ ကျနော့်အတွေးထဲ မေးနေမိတယ်။ သေချာတာ တခုကတော့ သူမဟာ တည်းခို ခန်းဝန်ထမ်းတွေနဲ့ ဆွေမျိုးသားချင်းပမာ အလွန်ရင်းနှီးလွန်းလှတယ် ဆိုတာပါပဲ။

တနာရီစာ တည်းခိုဖို့ အခန်းခ ၂၀၀၀ ရှင်းပေးပြီးချိန်မှာ တည်းခိုခန်းဝန်ထမ်း အမျိုးသားက ကျနော့်လက်ထဲ ကို သေးငယ်တဲ့ အထုပ်လေးတထုပ် အတင်းထိုးထည့်ပေးတယ်။ ရွှေဝါရောင်ရှိတဲ့ ဒီအထုပ်လေးကို သေချာ ကြည့်လိုက်တော့ အဖော် ကွန်ဒုံဖြစ်နေတာကို သိလိုက်ရတယ်။ အဲဒီနောက် တည်းခိုခန်း ၀န်ထမ်းအမျိုးသား က ကျနော့်ကို စပ်ဖြီးဖြီးမျက်နှာနဲ့ စကားတခွန်း လှမ်းပြောပါတယ်။

"လိုတာရှိရင် အခန်းထဲကနေ ဘဲလ်တီးခေါ်လိုက်ပါ။ ဘီယာ၊ ဆေးလိပ်၊ ရေသန့်ဘူး၊ ကြိုက်တာဝယ်ခိုင်းလို့ ရတယ်"လို့ ၀န်ထမ်းအမျိုးသားက ပြောတယ်။

ပျော်ပါးချင်တဲ့ အမျိုးသားတွေအတွက် တည်းခိုခန်းရဲ့ ၀န်ဆောင်မှုတွေက ဟာကွက်မရှိ အလွန်စနစ်ကျ လွန်းလှသလို တည်းခိုသူအပေါ် အစစအရာရာ ဂရုစိုက်မှုကလည်း ချီးကျူးစရာ ကောင်းလှပါတယ်။

"ဘာကြောင့်မှန်း မသိဘူး။ ဖောက်သည်ရှာရတာ အတော်ခက်လာတယ်။ အရင်ဆို တနေ့ဖောက်သည် ၇ ဦး၊ ၈ ဦး အနည်းဆုံးရပေမယ့် ခုနောက်ပိုင်းတော့ တနေ့ ဖောက်သည် ၁ ဦး၊ ၂ ဦး လောက်ပဲရတယ်"လို့ ငယ်လေးက ကျနော့်ကိုရှင်းပြတယ်။

သူမနဲ့အတူ အလုပ်လုပ်နေတဲ့ မိန်းကလေး အတော်များများလည်း ၂၀၀၈ ခုနှစ် နိုဝင်ဘာ လလယ်လောက် ကစလို့ ဖောက်သည်ရှားလာတဲ့အတွက် ဈေးမေးတဲ့ ဖောက်သည်တိုင်းကို အလွတ်မပေးဘဲ ညှိနှိုင်းဈေးနှုန်းနဲ့ အလုပ်ဖြစ်အောင် လုပ်ဆောင်ရတယ်လို့ သူမက ပြောတယ်။

"အရင်တုန်းက ပုံမှန်ဝင်ငွေချည်းပဲ တနေ့ နှစ်သောင်းနဲ့ သုံးသောင်းကြားရတယ်။ ဒီနှစ် မုန်တိုင်းတိုက်ပြီး က တည်းက ၀င်ငွေကျလာတာ၊ နိုဝင်ဘာလလောက်ကစပြီး အလုပ်အတော်ပါးသွားတယ်။ အခုတော့ ဖောက်သည်ရတဲ့ ရက်လည်းရှိတယ်။ မရတဲ့ ရက်လည်းရှိတယ်။ တခါတလေ ထမင်းဖိုး ၂၀၀၀ လောက် ရ လည်း မနည်းဘူးဆိုပြီး အလုပ်မဖြစ်ဖြစ်အောင် လုပ်ရတယ်"လို့ ငယ်လေးက ဆိုတယ်။

အခုလက်ရှိ အခြေအနေမှာ တနေ့ တသောင်းရဖို့ မနည်းရုန်းကန်နေရတယ်လို့ ငယ်လေးက ဆက်ပြောပါ တယ်။

"၀င်ငွေက ပုံမှန် မရှိတော့ဘူး။ ဒီနေ့ တသောင်းကျော်လောက် ရပေမယ့် မနက်ဖြန် ရချင်မှရတာ။ ငွေမရဘဲ အိမ်ပြန်သွားရတဲ့ ရက်တွေက များတယ်"လို့ ငယ်လေးရဲ့ သူငယ်ချင်း သူဇာဆိုတဲ့ အသက်၂၅ နှစ်ကျော်ရှိ မိန်းကလေးကလည်း ဆိုပါတယ်။

သူဇာက ၀င်ငွေပုံမှန်မရှိတဲ့အတွက် စားဝတ်နေရေး ခက်ခဲလွန်းလို့ အဆမတန် အတိုးနှုန်းနဲ့ ငွေချေးငှားရ တယ်လို့လည်း ပြောပါတယ်။

"ပန်းဆိုးတန်း ခုံးကျော်တံတားအောက်က ကွမ်းယာဆိုင်ဖွင့်တဲ့ အမျိုးသမီးကြီးတဦးဆီကနေ တသိန်းကို အတိုးနှုန်း သုံးသောင်းနှုန်း ချေးရတယ်။ ၁၅ ရက်အတွင်း တနေ့ နည်းနည်း အရစ်ကျ ပြန်ဆပ်ရတာ။ ငယ်လေးက တလတခါ ပုံမှန် ပင်နယ်ဆလင်ထိုးတယ်၊ အကြောဆေး သွင်းတယ်။ ဒါပေမယ့် ခုနောက်ပိုင်း ဆေးဖိုးမရှိလို့ ဆေးခန်းတောင် မသွားဖြစ်တော့ဘူး"လို့ ငယ်လေးက ကျနော့်ကို သေသေချာချာ ရှင်းပြတယ်။

ဒီလို ဖောက်သည် ရှားပါးလာရတာဟာ လူတွေဆီမှာ ၀င်ငွေနည်းလာတာကြောင့်လို့ ထင်တဲ့အကြောင်း၊ ဒါပေမယ့် ဘာကြောင့် ၀င်ငွေနည်းသွားရသလဲ ဆိုတာကိုတော့ သူမသိတဲ့အကြောင်း သူဇာကလည်း ပြောပါ တယ်။

ကမ္ဘာလုံးဆိုင်ရာ ငွေကြေးပြဿနာကြောင့် စီးပွားရေးကြပ်တည်းပြီး လူတွေ ၀င်ငွေနည်းလာတယ်ဆိုတာကို သူမတို့ သိရှိနားလည်ခြင်း မရှိကြပါဘူး။ ကမ္ဘာ့စီးပွားရေး အကြပ်အတည်းကြောင့် ရန်ကုန်မြို့တော်က ပြည့်တန်ဆာတွေ ၀င်ငွေရလမ်း ခက်လာသလို လိင်ဖျော်ဖြေရေး လုပ်ငန်းတွေနဲ့ စီးပွားရှာနေတဲ့ ညကလပ်၊ တည်းခိုခန်း၊ ကာရာအိုကေဆိုင်နဲ့ အနှိပ်ခန်းတွေလည်း စီးပွားရေး ကျဆင်းနေတယ်လို့ ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းက စုံစမ်းသိရှိရပါတယ်။

"တည်းခိုခန်းတွေ တော်တော်များများ သိပ်အလုပ်မဖြစ်ကြဘူး။ ညစဉ် အခန်းပြည့် ဧည့်သည်ရှိတဲ့ တည်းခိုခန်းတွေလည်း ခု ခြောက်တီး ခြောက်ကပ်ပဲ။ စနေ၊ တနင်္ဂနွေလို ရက်မျိုးဆိုတာ ရှိသမျှအခန်းတွေ ပြည့်ပြီး တည်းခိုမယ့်ဧည့်သည်တွေ တန်းစီနေရမှာ။ ခုတော့ လုံးလုံးကို လူမရှိဘူး"လို့ မရမ်းကုန်းမြို့နယ် ရှစ်မိုင်လမ်းဆုံအနီးမှာ တည်းခိုခန်းဖွင့်လှစ်ထားတဲ့ အသက် ၄၀ ကျော်အရွယ် စီးပွားရေးသမားတဦးက ပြော တယ်။

အခန်းပေါင်း၂၀ ကျော်ရှိတဲ့ သူ့ရဲ့ တည်းခိုခန်းက စီးပွားရေးကောင်းစဉ်ကာလက နေ့စဉ် ကျပ်၂ သိန်းနဲ့ ၅ သိန်း အကြား ၀င်ငွေရှိခဲ့ပေမယ့် အခုအခါမှာတော့ ရှစ်သောင်းနဲ့ တသိန်း အကြားသာ ၀င်ငွေရှိတော့တယ်လို့ သူက ဆိုတယ်။

"အခန်းခက ရိုးရိုးခန်းကို ၅၀၀၀၊ အဲယားကွန်း ဆိုရင် ၇၀၀၀၊ နာရီနဲ့ တည်းမယ်ဆိုရင် တနာရီ ၃၀၀၀၊ လူက ပါးတော့ ဈေးလျှော့ဖို့ စဉ်းစားနေတယ်"လို့ အဲဒီ စီးပွားရေးလုပ်ငန်းရှင်က ပြောပြတယ်။

တည်းခိုခန်းတွေအပြင် ကာရာအိုကေဆိုင်တွေမှာလည်း စီးပွားရေး အလွန်အမင်း ကျဆင်းနေတဲ့အတွက် ကာရာအိုကေဆိုင်တွေမှာ အလုပ်လုပ်တဲ့ မိန်းကလေး အရေအတွက်တွေ လျှော့ချနေတယ်လို့ သိရပါတယ်။

"၀င်ငွေနည်းသွားတယ်။ နာဂစ်မတိုင်မီက ဆိုင်မှာ တနေ့ကို ၈ သိန်းဖိုးလောက် ၀င်ငွေရှိတယ်။ လက်ရှိမှာ တော့ တနေ့ တသိန်းလောက်ပဲ အလုပ်ဖြစ်တယ်။ ဒါတောင် ပုံမှန်မရဘူး"လို့ လှိုင်မြို့နယ် သမိုင်းလမ်းဆုံ အနီးမှာ ဖွင့်လှစ်ထားတဲ့ 258 ကာရာအိုကေ ဆိုင်ဝန်ထမ်းတဦးက ပြောတယ်။

258 ကာရာအိုကေဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက်၂၃ နှစ်အရွယ် အမျိုးသမီးကလည်း ဆိုင်ဝင်ငွေ မကောင်းတဲ့အတွက် ဆိုင်မှာ အလုပ်လုပ်နေတဲ့ မိန်းကလေးတွေလည်း အဆင်မပြေ ဖြစ်နေတယ်လို့ ပြော တယ်။

"ဆိုင်က လခ တလ ၂ သောင်းပဲပေးတာ။ ဧည့်သည်ဆီကရတဲ့ မုန့်ဖိုးနဲ့ ရပ်တည်နေရတာဆိုတော့ ရေရှည် ဆိုရင် ဘယ်လိုမှ ဆက်မလုပ်နိုင်ဘူး။ ပိုင်ရှင်ကလည်း အလုပ်ပါးလို့ လူလျှော့မယ်လို့ ကြားတယ်"လို့ 258 ဆိုင်က အမျိုးသမီးက ရှင်းပြတယ်။

ကာရာအိုကေ သီချင်းဆိုနိုင်တဲ့ အခန်းကျယ် ၉ ခန်းရှိပြီး အလုပ်လုပ်တဲ့ မိန်းကလေး ၂၀ ကျော် အပါအ၀င် ၀န်ထမ်းပေါင်း ၃၀ ကျော်ရှိတဲ့အတွက် လစဉ် ၀န်ထမ်းလစာ အသုံးစရိတ်ကြီးနေတဲ့အတွက် လုပ်ငန်းကို လျှော့ချသွားဖို့ရှိတယ်လို့ 258 ကာရာအိုကေဆိုင်ပိုင်ရှင်နဲ့ နီးစပ်သူတဦးက ပြောတယ်။

ရန်ကုန် ၀န်းကျင်မှာရှိတဲ့ ကာရာအိုကေဆိုင် အတော်များများကလည်း 258 ကာရာအိုကေဆိုင်လို အခြေ အနေမျိုး ကြုံတွေ့နေရတယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် အနှိပ်ခန်းတွေလည်း ကာရာအိုကေဆိုင်တွေလို အခြေအနေမျိုး ကြုံတွေ့နေရတယ်လို့ ရန်ကုန် လမ်းမတော်မြို့နယ် ၀ါးတန်းလမ်းမှာရှိတဲ့ အနှိပ်ခန်းတွေမှာ အလုပ်လုပ်တဲ့ အမျိုးသမီးတွေက ပြောပြပါ တယ်။

"အနှိပ်ခန်းကို သွားကြတာက ကားပွဲစားတွေ အများစုလေ။ အခု ကားအရောင်းအ၀ယ်ကလည်း လုံးဝလုံးဝ မဖြစ်တော့ ကားပွဲစားတွေလည်း အနှိပ်ခန်းမပြောနဲ့ ထမင်းဖိုးနဲ့ လက်ဖက်ရည်ဖိုးတောင် အနိုင်နိုင်ပဲ"လို့ ဟံသာဝတီ ကားပွဲစားတန်းက အသက် ၄၃ နှစ်အရွယ် ကားပွဲစားတဦးက ဆိုပါတယ်။

အနှိပ်ခန်းမှာ အလုပ်လုပ်တဲ့ အမျိုးသမီးတဦးအနေနဲ့ အလုပ်ကောင်းစဉ်ကာလက တလ၀င်ငွေ ၂ သိန်းနီးပါး ရှိပေမယ့် အခုတော့ ရှစ်သောင်းလောက်ပဲ ရကြတော့တယ်လို့ အနှိပ်ခန်း အလုပ်သမတွေက ပြောတယ်။

ရန်ကုန်မြို့ရဲ့ နာမည်ကျော် ညကလပ်တွေဖြစ်တဲ့ ဒဂုံမြို့နယ်အတွင်းက ပိုင်အိုးနီးယားနဲ့ သိမ်ကြီးဈေးအနီးက ညကလပ်တွေမှာလည်း လူနည်းပါးနေတယ်လို့ အဲဒီမှာ အလုပ်လုပ်တဲ့ လူငယ် အမျိုးသားဝန်ထမ်းတွေက ဆိုကြပါတယ်။

"အရင်တုန်းကဆို ကလပ်က ဆင်းလာတဲ့ ကောင်မလေးတွေက TAXI ဌားစီးတယ်။TAXI ခအပြင် မုန့်ဖိုးဆို ပြီး ပေးလေ့ရှိတယ်။ ခုတော့ ကားဌားမယ့် လူလည်းမရှိ။ ဌားပြန်တော့လည်း ဈေးဆစ်နေတာနဲ့ အလုပ်မဖြစ် တော့ဘူး။ လုံးဝ အဆင်မပြေဘူး"ဟု ပိုင်အိုးနီးယား ကလပ်ရှေ့မှာ ညပိုင်း TAXI ဂိတ်ထိုးတဲ့ ဒရိုင်ဘာတဦး က ပြောတယ်။

ရန်ကုန်မြို့က တည်းခိုခန်းတွေ၊ ကာရာအိုကေ ဆိုင်တွေ၊ အနှိပ်ခန်းတွေ အများစုကတော့ ဈေးနှုန်းလျှော့ချပြီး ဖောက်သည်များလာအောင် လုပ်ခြင်းအားဖြင့် စီးပွားပျက်ကပ်ကို ကျော်လွှားကြမယ်လို့ ဆိုကြပါတယ်။

ရန်ကုန်မြို့လယ် ရုပ်ရှင်ရုံတွေမှာ သွားလာကျက်စားနေတဲ့ ငယ်လေးကတော့ သူမအနေနဲ့ ဖောက်သည် ရှာရ တာ ခက်ခဲပေမယ့် ရတဲ့ဖောက်သည်တိုင်းကို စိတ်တိုင်းကျ ၀န်ဆောင်မှုပေးခြင်းအားဖြင့် နောက်တကြိမ် သူမ ဆီ ပြန်လာချင်အောင် ဆွဲဆောင်တဲ့နည်းလမ်းကို အသုံးပြုမယ်လို့ ပြောပါတယ်။

"ကိုယ်နဲ့ တခါတွေ့ပြီးတဲ့သူတိုင်း နောက်တကြိမ် ကိုယ့်ဆီပြန်မလာဘဲ မနေနိုင်အောင် ၀န်ဆောင်မှုပေးမယ် ဆိုရင် ဖောက်သည် မရှားနိုင်တော့ဘူး"လို့ ငယ်ထွေးက သူမရဲ့ အစီအစဉ်ကို ပြောပြသွားတယ်။ ။



အောင်သက်ဝိုင်း
REF: ဧရာဝတီ

Read More...

ကေအန်ယူနှင့် ဒီကေဘီအေ ပြန်ပေါင်းထုပ်ဖို့ လမ်းမရှိ

၈ ဇန်နဝါရီ ၂၀၀၉

မကြာခင်က နေပြည်တော်တွင် နအဖခေါင်းဆောင်များနှင့် ဒီကေဘီအေ ခေါင်းဆောင်များ၏ တွေ့ဆုံဆွေး နွေး သဘောတူညီချက်အရ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ပြန်လည်ပေါင်းစည်းရေးမှာ လုံးဝဖြစ်နိုင်စရာ အခြေနေမရှိတော့ ဟု ဒီကေဘီအေမှ အရာရှိတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ဒီကေဘီအေ (၉၉၉) အထူးတပ်ရင်းမှ အရာရှိတဦးက “ကေအန်ယူနဲ့ ဒီကေဘီအေ ပြန်လည်ရင်ကြားစေ့ရေး ကိစ္စကို ကရင်အမျိုးသားအများစုက လိုလားတာမှန်ပေမယ့် ဒီကိစ္စဖြစ်မြောက်အောင် ဘယ်သူမှ မဆောင် ရွက်နိုင်ခဲ့ဘူး။ ပြီးခဲ့တဲ့လက ဒီကေဘီအေက လူကြီးတွေနဲ့ အစိုးရလူကြီးတွေ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြ တယ်။ စရဖ ဗိုလ်ချုပ်ကြီး ရဲမြင့်လည်းပါတယ်လို့ သိရတယ်။ သူတို့က ဒီကေဘီအေကို လက်နက်မဖြုတ်ဘူး။ ဒါပေမယ့် နအဖ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲပြီးရင် ဒီကေဘီအေအဖွဲ့ကို အသွင်ပြောင်းပြီး နယ်ခြားစောင့်တပ်ဖွဲ့အဖြစ်နဲ့ ရပ်တည်သွားရမှာဖြစ်တယ်။ အဲဒါကို ကျနော်တို့လူကြီးတွေ ကလည်း သဘောတူလိုက်ပြီဆိုတော့ ၂၀၁၀ ကျရင် ဒီကေဘီအေကနေ နယ်ခြားစောင့်တပ်ဖွဲ့အနေနဲ့ အသွင်ပြောင်းမှာဖြစ်တယ်။ ဒါကြောင့် နောင်ဆိုရင် ဒီကေဘီအေဆိုတာ ရှိတော့မှာမဟုတ်ဘူး” ဟု ပြော သည်။


အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခုလ (၄) ရက်နေ့ကလည်း ဒီကေဘီအေ (၉၉၉) တပ်ရင်း၌ ပြုလုပ်သည့် ကရင်အမျိုးသားများဆိုင်ရာ လူထုဟောပြောပွဲတခုတွင် (၉၉၉) အခြေချ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အခမ်းအနား အပိတ်မိန့်ခွန်းတွင် အတည်ပြုပြောကြားခဲ့သည်။

စောချစ်သူက “လာမယ့် ၂၀၁၀ ကျရင် ဖွဲ့စည်းပုံမူအရ ဒီကေဘီအေဟာ နယ်ခြားစောင့်တပ်ဖွဲ့အနေနဲ့ ဆက်လက်ရပ်တည်သွားရမှာ ဖြစ်တယ်။ အဲဒီအချိန်ကျရင် နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ရဲ့ စည်းမျဉ်း စည်းကမ်း ဥပဒေအောက်မှာပဲ ရပ်တည်သွားမှာဖြစ်တယ်” ဟု ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒီကေဘီအေတပ် အသွင်ပြောင်းမည့်ကိစ္စကို ဒီကေဘီအေတပ်ဖွဲ့များအတွင်း သဘောထားကွဲပြားမှုများ ရှိနေ သော်လည်း ဗဟို၏အမိန့်ဖြစ်သောကြောင့် လောလောဆယ် ဝေဖန်ထောက်ပြမှုများ မရှိသေးကြောင်း၊ အောက်ခြေ တပ်ရင်းတပ်ဖွဲ့များ၏ သဘောထားအမှန်ကို မသိရှိနိုင်ကြောင်း တဖွဲ့လုံးအသွင်ပြောင်းမည့်ကိစ္စ မှာ ဖြစ်နိုင်ခြေနည်းပြီး အချို့တောပြန်ခိုမည့်သူများပင်ရှိသည်ဟု သိရှိရကြောင်း ဘားအံမြို့နယ်မှ ဒီကေ ဘီအေ ကိုးကွယ်သည့် ကရင်ဘုန်းတော်ကြီးတပါးက မိန့်ကြားခဲ့သည်။

ဒီကေဘီအေနှင့် စီးပွားရေး ပူးတွဲလုပ်ကိုင်သည့် မြန်မာကုန်သည်တဦးဖြစ်သူ ကိုဆန်းမောင်က “ဒီကိစ္စ ကျနော်ရဲရဲကြီးပြောရဲတယ်။ ဒီကေဘီအေတွေ ကေအန်ယူနဲ့ ပြန်ပြီးပေါင်းဖို့ဆိုတာ အခြေအနေအရ လုံးဝ မဖြစ်နိုင်တော့ဘူး။ လက်ရှိ ကေအန်ယူတဖွဲ့လုံး နယ်စပ်တကြောမှာ ခက်ခက်ခဲခဲလှုပ်ရှားနေရတယ်။ ယိုးဒယားရဲ့ ဖိအားပေးမှုကလည်း ပိန်လိုက်ဖောင်းလိုက်နဲ့ အမျိုးမျိုး အခက်ခဲတွေကို ရင်ဆိုင်နေရတယ်။ အရင်လို ခေတ်မကောင်းတော့ဘူး။ ဒီကေဘီအေက အရာရှိတွေအားလုံး သူဌေးဖြစ်ကုန်ပြီ။ ဗဟိုအဆင့် ဆို ရင် အနည်းဆုံး သိန်းထောင်နဲ့ချီပြီး ချမ်းသာနေပြီ။ မြို့ပေါ်မှာ တိုက်နဲ့တာနဲ့ကားနဲ့ ကောင်းကောင်းနေ၊ ကောင်းကောင်းစား မြဝတီ၊ ကော့ကရိတ်၊ ဘားအံ၊ မော်လမြိုင်၊ ရန်ကုန်အထိ အိမ်တွေ ဝယ်ထားကြတာရှိ တယ်။ သားသမီးတွေကို နိုင်ငံခြားမှာ ကျောင်းထားတာ တပုံကြီးပဲ။ ဘန်ကောက်၊ အေပက်တက္ကသိုလ်မှာ ဆိုရင် တပုံကြီးပဲ။ စီးပွားရေးခွင်ကလည်း သစ်လုပ်မလား၊ ကုန်သွယ်ရေးလုပ်မလား၊ အခြားပြောလို့မကောင်း တဲ့ စီးပွားရေးလုပ်ငန်းတွေလည်း အများကြီးရှိတယ်။ ဒီလောက်ကောင်းတဲ့အခြေနေကို ဘယ်သူက ငတ်ငတ် ပြတ်ပြတ်နဲ့နေရမယ့် တောထဲပြန်လာမှာလဲ။ စဉ်းစားကြည့်ပေါ့၊ ဒီအချိန်မှာ အစိုးရက လက်နက်အပ်ဆိုရင် လည်း အပ်မှာပဲ။ အသွင်ပြောင်းရုံမကလို့ ဘာပဲခိုင်းခိုင်း ခင်ဗျားဖြစ်ဖြစ်၊ ကျနော်ဖြစ်ဖြစ် ဘယ်ကောင်မှ ငတုံး မဟုတ်ဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွင် ဒီကေဘီအေနှင့်ပတ်သက်၍ သိထားသည်မှာ သစ်လုပ်ငန်းနှင့် ကုန်သွယ် ရေး လုပ်ငန်းများအပြင် တရားမဝင်မော်တော်ကားနှင့် ဆိုင်ကယ်များ တင်သွင်ခြင်းလုပ်ငန်းများ၊ မြန်မာနိုင်ငံမှ တင်သွင်းခွင့်ပိတ်ပင်သည့်ပစ္စည်းများ တင်သွင်းမှုလုပ်ငန်းများအပြင် အချို့တပ်ဖွဲ့များမှာ မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားမှုနှင့် ပါဝင်ပတ်သက်သည်ဟု ဆိုသော်လည်း အဆိုပါပြောဆိုချက်များနှင့် ပတ်သက် ၍ လုံးဝမဟုတ်ကြောင်းကို ဒီကေဘီအေမှ အစဉ်တစိုက်ငြင်းဆိုကာ အမျိုးဘာသာ၊ သာသနာအတွက်သာ လုပ်ဆောင်နေသည့်အဖွဲ့ဖြစ်သည်ဟု ဆိုသည်။

အသွင်ပြောင်းမည့်ကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂျော်နီက “ဒီကိစ္စ ဒီကေဘီအေကို တိုက်ရိုက် ကျွန်ဇာတ်သွင်းလိုက်တာပဲ။ အသွင်ပြောင်းခံမယ်ဆိုတော့ ပြည်စောင့်ရဲတို့၊ နယ်စပ်ရဲတို့ဖြစ်မယ်။ အားလုံး နအဖရဲ့ လက်ကိုင်တုတ်ပဲ။ ကိုယ့်အမျိုးသားရေးအတွက် လုပ်မယ်ဆိုပြီး ကြွေးကြော်ထားတဲ့လူတွေ အာဏာရှင်တွေရဲ့ လက်ကိုင်တုတ် ဖြစ်သွားမယ်ဆိုရင်တော့ သမိုင်းမကောင်းဘူးပေါ့။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကရင်မှန်းသိဖို့ အရေးကြီး တယ်။ ကျနော်တို့ကတော့ ဒီကေဘီအေပဲဖြစ်ဖြစ်၊ စောဌေးမောင်အဖွဲ့ပဲဖြစ်ဖြစ်၊ သူမူဟဲအဖွဲ့ဖြစ်ဖြစ် ဘယ်အဖွဲ့ မဆို အမြဲတမ်းတံခါးဖွင့်ကြိုဆိုနေပါတယ်။ အရေးကြီးရင် သွေးနီးရမယ်ဆိုတာကို အားလုံးသတိ ရှိစေချင် တယ်” ဟု ပြောသည်။

ဒီကေဘီအေအဖွဲ့ကို ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် နဝတ၏ ကျောထောက်နောက်ခံဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ လက်ရှိအဖွဲ့၏ နယကဆရာတော်မှာ ဦးသုဇနဖြစ်ပြီး ဥက္ကဋ္ဌမှာ စောသာထူးကျော် ဖြစ် သည်။ ကေအန်ယူမှ စတင်ခွဲထွက်မှုကို ဦးဆောင်ခဲ့သည့် ဒု-အရာခံဗိုလ် စောကျော်သန်းသည် လက်ရှိ ဒီကေဘီအေတပ်ဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်ပြီး ဌာနချုပ်ကို ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူတွင် ဖွင့် လှစ်ထားပြီး ၎င်းတို့အဆိုအရ လက်နက်ကိုင်တပ်ဖွဲ့ဝင်အင်အား (၄) ထောင်ခန့်ရှိသည်ဟု သိရှိရသည်။



REF: ခေတ်ပြိုင်

Read More...

မုဒိမ်းကျင့် လူသတ်ရန် စစ်သားနှစ်ဦး ကြိုးစားခဲ့ဟု စွပ်စွဲခံရ

ဖနိဒါ
ကြာသပတေးနေ့၊ ဇန်နဝါရီလ 08 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ ခရစ်ယာန် ကျမ်းစာသင်ကျောင်းတက်နေသူ အမျိုးသမီးတဦးကို စစ်သားနှစ်ဦးက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ရန် ကြိုးစားခဲ့ကြောင်း ဆွေမျိုးများနှင့် မိတ်ဆွေများက စွပ်စွဲပြောကြားလိုက် သည်။

ကချင်ပြည်နယ် ဆားမှော်မြို့မှ အသက် ၂၁ နှစ်အရွယ် ကချင်တိုင်းရင်းသူကို ဒီဇင်ဘာ ၂၇ ရက်နေ့တွင် စစ် ၀တ်စုံ ၀တ်ဆင်ထားသူနှစ်ဦးက ဓါးထောက် အဓမ္မပြုကျင့်ကာ ၀တ်ဆင်ထားသည့် အ၀တ်အစား၊ ရွှေဆွဲကြိုး နှင့် လက်စွပ်များဖြုတ်ယူကာ လည်ပင်းညှစ်ကာ သေစေရန် ကြိုးစားခဲ့သည်ဟု ဆွေမျိုးတော်စပ်သူတဦးက ပြောသည်။

"သူက မန္တလာ မီးရထားနဲ့ ဆင်းလာတာ။ (ညနေ) ၆ နာရီမှာ ဆိုက်တယ်။ ဒါပေမဲ့ သူက ၁၁ နာရီမှာ အိမ် ရောက်လာတယ်လေ။ သူက ညမပြောပြဘူး။ မနက်ဖြန်မှ ပြောမယ်၊ ပစ္စည်းလည်း ပျောက်သွားတယ် ပြော လို့ နောက်မနက် မိုးလင်းတာနဲ့ ပစ္စည်းသွားရှာတယ်။ အတွင်းခံ ဘောင်းဘီနဲ့ ဦးထုပ်ပဲ တွေ့တော့တယ်" ဟု သူမက ပြောသည်။

အမျိုးသမီးသည် ပင်ထောင်မှသည် ဆားမှော်သို့ လာခဲ့ခြင်းဖြစ်ပြီး မုဒိမ်းကျင့်သော စစ်သားနှစ်ယောက်လည်း ရထားတစီးထဲတွင် အတူပါလာခဲ့သည်။ သူမက ဆားမှော်ဘူတာ ရောက်ခါအနီးတွင် ရထားပေါ်မှ ခုန်ဆင်း လိုက်ရာ စစ်သားနှစ်ဦးလည်း လိုက်ပါလာပြီး ဓားမြှောင်ဖြင့် ချိန်ရွယ်ကာ မှောင်ရိပ်ခေါ်ပြီး ကျူးလွန်ခဲ့သည်။ သေပြီဟု ထင်မှတ်ကာ အ၀တ်အစားမဲ့ဖြင့် ထားရစ်ခဲ့သော သူမသည် ည ၁၁ နာရီခန့်တွင် သတိပြန်လည် ကာ နေအိမ်သို့ရောက်ရှိခဲ့သည်ဟု ဆိုသည်။

သူမသည် ယနေ့အထိ မိုးကောင်းဆေးရုံတွင် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သည်ဟု သိရသည်။

"ဒီနေ့တော့ ထမင်းတောင် မစားတော့ဘူး။ ရင်တုန်ပြီး စိတ်မကောင်း ဖြစ်နေတယ်ထင်တယ်။ သူ ထမင်း လည်း မစားတော့ စိတ်ညစ်နေရတယ်။ အန်ပဲ အန်နေတယ်။ သူက ၃ နာရီလောက် ရေထဲမှာ ရှိနေတော့ ငှက်ဖျားတောင် ထတယ်။ ဦးနှောက်တောင် မကောင်းသလို ဖြစ်နေတယ်" ဟု သူမ၏ မိတ်ဆွေတဦးက ပြော သည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဆားမှော်ဆေးရုံတွင် ဆေးကုသရန် ပြသသော်လည်း ဆရာဝန်များ က မိုးကောင်းပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးခဲ့သည်။

ကျမ်းစာကျောင်းသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ''ကျနော်တို့က ဘာမှ မကြားရသေးဘူး။ ကျောင်းသား တွေလည်း အခုမှ ရောက်လာကြတာ ရှိတယ်။ ကချင်ပြည်နယ်နေ့ မနောပွဲတွေကလည်း တိုက်နေတော့။ တကယ်ဖြစ်တယ်ဆိုရင် သက်ဆိုင်ရာ အာဏာပိုင်တွေကို အဆင့်ဆင့် အကြောင်းကြားရမယ်။ တပ်တွေကို အဆင့်လိုက် တိုင်ကြားရတော့မယ်။ ဘာဖြစ်လို့ ဖြစ်လာတယ်ဆိုတာ အရေးယူသင့်၊ မသင့် အချက်အလက် အရင်စုဆောင်းရမယ်'' ဟု ဆရာတဦးက ပြောသည်။

မလွယ်ဂျာနှင့် နီးစပ်သူ ဒေသခံတဦးက "သူ့မိဘများက ဘယ်လို အရေးယူရမှန်းမသိလို့ ဆားမှော်က ယဉ်ကျေးမှုလူကြီးတွေကို တာဝန်ပေးထားတယ်လို့ သိရတယ်။ လွတ်လပ်သော အသင်းတော်မှ လူ တယောက်ကလည်း တရားရုံးကို တင်ပြထားတာ။ သူတို့က စစ်သားတွေဆိုတော့ အရေးယူဖို့ ခက်နေတယ်" ဟု ပြောသည်။



REF: မဇ္ဈိမ

Read More...

အာဆီယံ အစည်းအဝေးကို ထိုင်းတောင်ပိုင်းတွင် ကျင်းပမည်

သန်းထိုက်ဦး
ကြာသပတေးနေ့၊ ဇန်နဝါရီလ 08 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ အရှေ့တောင်အာရှနိုင်ငံများ အသင်း၏ ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံတောင်ပိုင်း ဟွေဟင်ကမ်းခြေ အပန်းဖြေစခန်းတွင် လာမည့် ဖေဖော်ဝါရီလအတွင်း ကျင်းပသွားမည် ဖြစ်သည်။

၁၄ ကြိမ်မြောက် အာဆီယံ အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၁ နေ့အထိ ဘန်ကောက် မြို့မှ ကီလို ၁၅၀ ခန့် ကွာဝေးသော ဟွေဟင် (Hua Hin) တွင် လက်ခံ ကျင်းပသွားမည်ဟု ယမန်နေ့က အာဆီယံ နှစ်ပတ်လည် အစည်းအဝေးတွင် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝ Abhisit Vejjajiva က သတင်းထောက်များကို ယမန်နေ့က ပြောကြားခဲ့ခြင်း ဖြစ်သည်။

''အာဏာရှင် ဆန့်ကျင်သည့် ညီညွတ်သော ဒီမိုကရေစီ အင်အားစုများ United Front of Democracy against Dictatorship - UDD က အာဆီယံ အစည်းအဝေးကို အဟန့်အတားဖြစ်စေရန် လုပ်မည့် ရန် ကြောင့် ပြောင်းရွှေ့ကျင်းပခြင်း ဖြစ်သည်။ ယခုလို ညီလာခံကို ဝေးလံသည့်နေရာသို့ ရွှေ့ပြောင်းဖို့ စဉ်းစားရ ခြင်းသည် ဘန်ကောက် လမ်းမတွေပေါ်မှာ ဆန္ဒပြလာမှာကို စိုးရိမ်၍ ဖြစ်သည်" ဟု အစည်းအဝေးအပြီးတွင် ၀န်ကြီးချုပ်အဖိဆစ်က ပြောကြားသွားခဲ့သည်။


အတိုက်အခံ Pheu Thai ပါတီက လက်ရှိ အစိုးရသည် တရားမ၀င်ဟုဆိုကာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများထံ ထိုင်းကို သပိတ်မှောက်ရန် တိုက်တွန်းထားပြီး နိုင်ငံခြားရေးဝန်ကြီးမှာလည်း လေဆိပ်များကို စီးနင်း ဆန္ဒပြခဲ့ သည့် ဒီမိုကရေစီအတွက် ပြည်သူ့မဟာမိတ်များ People Alliance for Democracy နှင့် ပူးပေါင်းခဲ့သည့် အတွက် လူထုက လက်မခံနိုင်သဖြင့် အာဆီယံအစည်းအဝေးကို ရွှေ့ဆိုင်းရန် ပြောဆိုထားကြသည်။

နောက်ဆုံး စီစဉ်လိုက်သည့် ဟွေဟင်မှာ အာဏာရပါတီ အားကောင်းသောနေရာဖြစ်သဖြင့် လုံခြုံစွာ ကျင်းပ နိုင်မည်ဟု ထိုင်းလုံခြုံရေးများက ယုံကြည်နေကြသည်။

မတည်မငြိမ် ဖြစ်နေခဲ့သော ပြည်တွင်းနိုင်ငံရေးကြောင့် အာဆီယံ အစည်းအဝေးကျင်းပရေး နေရာပြောင်းလဲ စီစဉ်သည်မှာ လေးခုမြောက်သွားပြီ ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကတည်းက အစည်းအဝေးကို ဘန်ကောက်မြို့၌ ကျင်းပရန် စီစဉ်ခဲ့သော်လည်း ပြုတ်ကျသွားသော ယခင် ၀န်ကြီးချုပ်ဟောင်း ထပ်ဆင် ရှင်နာဝပ်ထရာကို ထောက်ခံသော ပြည်သူ့စွမ်းအား ပါတီ People Power Party ကို ဆန့်ကျင်သည့် PAD များက ဆန္ဒပြမှုကြောင့် နိုင်ငံမြောက်ပိုင်း ချင်းမိုင်သို့ ပြောင်းရွှေ့ကျင်းပရန် စီစဉ်ခဲ့သည်။

ထိုမှတဖန် စွပ်စွဲခံထားရသော ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ်ခဲ့သည်ဟု ဗဟိုတရားရုံးတော်က ဆုံးဖြတ်သဖြင့် PPP အပါအ၀င် ယခင်ညွှန့်ပေါင်းအစိုးရမှ ပါတီငယ်ခေါင်းဆောင်များပါ ရာထူးမှ နှုတ်ထွက် ပေးရပြီးနောက် ပါလီမန်တွင်း အစိုးရသစ် ရွေးချယ်ဖွဲ့စည်းရာ ဒီမိုကရက်တစ်တို့ အနိုင်ရခဲ့သည်။

အသစ်တက်လာသည့် ၀န်ကြီးချုပ် အဖိဆစ်အစိုးရက အစည်းအဝေးကျင်းပရန် ပိုမိုသင့်တော်သော ဘန်ကောက်တွင် ပြုလုပ်ရန် ပြန်လည်ရွေးချယ်ခဲ့သည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း - Association of Southeast Asian Nations (ASEAN) အာဆီယံကို ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံက စတင် တည်ထောင်ခဲ့သည်။ နောက်ပိုင်းတွင် မြန်မာ၊ ဘရူနိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ ပါဝင် လာခဲ့သည်။



REF: မဇ္ဈိမ

Read More...

ခရစ်ယာန်ဘာသာဝင်များ နေအိမ်တွင်း ဝတ်ပြုခွင့် ပိတ်ပင်

မုံပီးနှင့် ဖနိဒါ
ကြာသပတေးနေ့၊ ဇန်နဝါရီလ 08 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ လူနေအိမ်ခန်းများတွင် ဘုရားကျောင်းအဖြစ် သတ်မှတ်ကာ ဝတ်ပြုဆုတောင်းပွဲ မပြုလုပ်ရန် အာဏာပိုင်များက ပိတ်ပင်လိုက်ပြီး၊ မလိုက်နာပါက ချိပ်ပိတ်ပစ်မည်ဟု တနင်္လာနေ့က ပြောကြားခဲ့သဖြင့် မြို့တော်ဟောင်းရန်ကုန်ရှိ ခရစ်ယာန်ဘာသာဝင်များ အပြောအရ သိရသည်။

ရန်ကုန်မြို့လယ်ရှိ အဓိကကျသည့် ဘုရားကျောင်းများမှ တရားဟောဆရာများအား ကျောက်တံတားမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက တနင်္လာနေ့တွင် သူတို့ရုံးသို့ ဆင့်ခေါ်ပြီး လူနေအိမ်ခန်းများ တွင် ဝတ်ပြုဆုတောင်းခြင်း မပြုလုပ်ရန် သတိပေး ပြောကြားခဲ့သည်၊။

"ကျနော်တို့ ဝတ်ပြုဆုတောင်းတာတွေ ဆက်လုပ်မယ်ဆိုရင် ဘုရားကျောင်းတွေကို ချိပ်ပိတ်သိမ်းဆည်းသွား မယ်လို့ သူတို့ (အာဏာပိုင်) တွေက ကျနော်တို့ကို သတိပေးသွားတယ်" ဟု အဆိုပါ အစည်းအဝေးသို့ တက် ရောက်ခဲ့သူ ပန်းပဲတန်းမြို့နယ် ဘုရားကျောင်းမှ တရားဟောဆရာတဦးက ပြောသည်။


လက်တုံ့ပြန် အရေးယူခံရမည်ကို ကြောက်ရွံ့၍ အမည်မဖော်လိုသူ တရားဟောဆရာက မဇ္ဈိမကို ပြောကြား ရာတွင် ဘုရားကျောင်းလူကြီးနှင့် တရားဟောဆရာ ၅ဝ ခန့် ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အဆိုပါ ဝတ်ပြုဆုတောင်းခြင်းများ ရပ်ဆိုင်းပါမည်ဟု ဝန်ခံကတိပြုလွှာ ၅ စောင်ကျော်ကို လက်မှတ်ရေးထိုး ပေးခဲ့ကြ ရသည်ဟု ဆိုသည်။

"ဒီဝန်ခံချက်တွေမှာ ရေးထားတာက အမိန့်အတိုင်း မလိုက်နာရင် ဘုရားကျောင်းတွေကို ပိတ်မယ်။ ကျနော် တို့ကို အရေးယူအပြစ်ပေးမယ် (ထောင်တောင်ချနိုင်တယ်) စသဖြင့် ရေးထားတာဖြစ်ပါတယ်" ဟု အဆိုပါ တရားဟောဆရာက ပြောသည်။

ကျောက်တံတားမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ တနင်္လာနေ့၌ အဆိုပါ အစည်းအဝေး ကျင်းပခဲ့သည်ကို အတည်ပြုပြောဆိုသော်လည်း၊ စည်းဝေးပွဲတွင် ပြော ကြားဆွေးနွေးချက်များကိုမူ အသေးစိတ် ရှင်းလင်းပြောကြားရန် ငြင်းဆိုသည်။

သို့သော် တရားဟောဆရာ၏ အပြောအရမူ အများစုမှာ ရန်ကုန်မြို့လယ်တွင် တည်ရှိသော ဘုရားကျောင်း ၁ဝဝ ကျော်မှ ကိုယ်စားလှယ်များအား အာဏာပိုင်များက အစည်းအဝေးတက်ရန် ဖိတ်ကြားခဲ့ပြီး၊ ဤအမိန့် သစ်နှင့် စပ်လျဉ်း၍ အသိပေး ပြောကြားခဲ့သည်ဟု ဆိုသည်။

"ကျနော်တို့ အစည်းအဝေးဖိတ်စာကို လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ရပါတယ်။ အခု တနင်္ဂနွေဘုရားကျောင်းမှာ ဝတ်ပြုစည်းဝေး၊ ဆုတောင်းတာတွေနဲ့ ပတ်သက်လို့ ဘာလုပ်ရမယ်ဆိုတာ မသိသေးပါဘူး" ဟု အဆိုပါ တရားဟောဆရာက ပြောသည်။

ဘာသာရေး အဖွဲ့အစည်းများနှင့် ခရစ်ယာန် ဘုရားကျောင်းများကို မြေဝယ်ယူပိုင်ဆိုင်ခွင့်နှင့် ဘုရားကျောင်း ဆောက်လုပ်ခြင်း ပါမစ်များ ထုတ်ပေးခြင်းကို မြန်မာစစ်အာဏာပိုင်များက ရပ်ဆိုင်းထားသည်မှာ ကြာမြင့်လှ ပြီ ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်မြို့ရှိ ဒေသခံဘုရားကျောင်း အတော်များများမှာ ဝတ်ပြုဆုတောင်ခြင်းကို ပုဂ္ဂလိကပိုင်ရှင်များ၏ အမည်ဖြင့် ဝယ်ယူငှားရမ်းထားရသော လူနေအိမ်ခန်းများတွင်သာ ကျင်းပ ပြုလုပ်နေရ သည်။

အဆိုပါ တရားဟောဆရာ အပါအဝင် ဘုရားကျောင်းလူကြီးများ၏ အဆိုအရ ထိုသို့ ရန်ကုန်မြို့လယ် လူနေ အိမ်ခန်းများတွင် တည်ရှိသည့် ဘုရားကျောင်းများမှာ အနည်းဆုံး ၁ဝဝ အထိရှိပြီး ကျောက်တံတား၊ လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံ၊ တာမွေ၊ လှိုင်၊ ကမာရွတ်၊ အလုံ၊ စမ်းချောင်းနှင့် ဗဟန်းမြို့နယ်များ အပါအဝင် မြို့နယ်အများအပြားတွင် တည်ရှိသည်ဟု ဆိုသည်။

ရန်ကုန်မြို့ရှိ ဘုရားကျောင်းအများစုမှာ ထိုကဲ့သို့ လူနေအိမ်ခန်းများတွင်သာ ဝတ်ပြုကိုးကွယ်မှုများ ပြုလုပ်ရ သည့်အတွက် ထိုသို့ ဝတ်ပြုဆုတောင်းခြင်းများကို ပိတ်ပင်လိုက်သည့် အမိန့်သည် ခရစ်ယာန် ဘာသာဝင် များ၏ ဘာသာရေး ဝတ်ပြုကိုးကွယ်မှုများကို ရပ်တန့် တားဆီးလိုက်သကဲ့သို့ပင် ဖြစ်နေကြောင်းဖြင့် ရန်ကုန်မြို့ရှိ ခရစ်ယာန်ဘာသာဝင် လူငယ်တဦးက မဇ္ဈိမသို့ အီးမေးလ်ဖြင့် ပေးပို့သည့်စာတွင် ရေးသားဖော်ပြ ထားသည်။

"ရန်ကုန်မြို့က ဘုရားကျောင်း ၈ဝ ရာခိုင်နှုန်းက ဒီအမိန့်နဲ့ အကြုံးဝင်နေတယ်။ ဘုရားကျောင်း အနည်းငယ် လောက်ပဲ ကိုယ်ပိုင်မြေရှိတာ။ ဘုရားကျောင်းအများစုက ငှားထားတဲ့ အဆောက်အဦတွေ၊ အိမ်ခန်းတွေ၊ ရုံးခန်းပုံစံအခန်းတွေမှာပဲ လုပ်ထားရတာ၊ ဝတ်ပြုဆုတောင်းတာတွေ လုပ်ရတာ" ဟု အဆိုပါ လူငယ်က ရှင်းလင်းရေးသားထားသည်။

"မြန်မာနိုင်ငံမှာရှိတဲ့ ခရစ်ယာန် ဘာသာဝင်တွေအတွက် ခင်ဗျားတို့ ဆုတောင်းပေးကြပါ" ဟုလည်း သူက ရေးသားထားသည်။

စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် ဤသို့ ဘာသာရေးအရ ဖိနှိပ်ခြင်းနှင့် ဘာသာရေး အခမ်းအနား များကို ပိတ်ပင်တားဆီးခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော်လည်း ယခုထုတ်ပြန်ထားသော အမိန့်သစ်သည် ခရစ်ယာန် ဘာသာဝင်များကို ပုံမှန်တွေ့ဆုံ ဆုတောင်းဝတ်ပြုခြင်းများကို ရပ်တန့်စေရန် ကြိုးပမ်းမှုတရပ် ဖြစ် သည်ဟု အခြား တရားဟောဆရာက ဆိုသည်။

သူတို့၏ အုပ်စိုးမှု သက်ဆိုးရှည်ရန်နှင့် ပြည်သူလူထုအား ဖိနှိပ်ရန် သန္နိဋ္ဌာန်ချမှတ်ထားသည်ကို ပြသသည့် အနေနှင့် မြန်မာစစ်အစိုးရသည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲ များကို ကြမ်းတမ်းစွာ ချေမှုန်းနှိမ်နင်းခဲ့သည်။ ဤဖြစ်ရပ်ကြောင့် ဗုဒ္ဓဘာသာဝင် အများစုဖြစ်သော မြန်မာနိုင်ငံ တွင် လူအများ ကြည်ညိုလေးစားရသည့် သံဃာတော် ရာပေါင်းများစွာ သေဆုံးခဲ့ကြရသည်ဟု အတိုက်အခံ သတင်းရပ်ကွက်များက ဆိုသည်။



REF: မဇ္ဈိမ

Read More...

ဗိုလ်ချုပ်မှူးကြီး မြေးနှင့် မော်ဒယ်မလေး ဇာတ်လမ်း

Thursday, 08 January 2009 20:07

စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေးက မော်ဒယ် ဝတ်မှုန်ရွှေရည်ကို အလိုမတူဘဲ ခေါ်ဆောင်သွား သည်ဟူသော ကောလာဟလသတင်းများ အင်တာနက် ဘလော့စာမျက်နှာများနှင့် လူအများကြား ပျံ့နှံ့ ပြောဆိုလျှက်ရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ဖိုးလပြည့်က အဆိုပါ မော်ဒယ်မလေးကို နေအိမ်တခုတွင် သုံးရက်ကြာ ချုပ် နှောင်ထားခဲ့သည် ဆိုသည့် သတင်းများကိုလည်း ကြားသိခဲ့ရသည်။

ကာယကံရှင်များနှင့် နီးစပ်သည့် အသိုင်းအဝန်းကမူ ဖိုးလပြည့်၏ သူငယ်ချင်းဖြစ်သူ ၀တ်မှုန်ရွှေရည်၏ ရည်းစားဟောင်းတဦးက ယင်းသို့ ချုပ်နှောင်ထားခြင်းဖြစ်သည်ဟု ဧရာဝတီသို့ ပြောဆိုကြသည်။

နေခြည်လင်းလဲ့၊ နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်နှင့် ဝတ်မှုန်ရွှေရည်

“လွန်ခဲ့တဲ့ ၃ ပတ်လောက်က အရာရှိသား ကိုအောင်မျိုး (အရာရှိ ဘယ်သူလဲ ဆိုတာတော့ မသိဘူး) ဆိုသူ က ဝတ်မှုန်ရွှေရည်ကို လှိုင်သာယာရှိ နေအိမ်တအိမ်မှာ သုံးရက်လောက် ချုပ်ထားတယ်လို့ ကြားတယ်၊ ကိုအောင်မျိုးကိုတော့ အချုပ်ခန်း ပို့လိုက်တယ်လို့ သိရတယ်” ဟု ကာယကံရှင်များနှင့် နီးစပ်သူတဦးက ဆို သည်။

ယင်း ဝတ်မှုန်ရွှေရည်သည် ဖိုးလပြည့်နှင့် အရင်းနှီးဆုံး သူငယ်ချင်းများဖြစ်ကြပြီး နာမည်ကြီး ဟစ်ပ်ဟော့ပ် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နှင့်လည်း ချစ်သူရည်းစားဖြစ်ကြောင်းသိရသည်။

အင်တာနက်စာမျက်နှာများတွင် ၀တ်မှုန်ရွှေရည်နှင့် စိုင်းစိုင်းခမ်းလှိုင်တို့နှစ်ဦး၏ ဓာတ်ပုံနှင့် ဗီဒီယိုခွေများ လည်း ရေပန်းစားခဲ့သေးသည်။

ဝတ်မှုန်ရွှေရည်သည် စိုင်းစိုင်းခမ်းလှိုင်နှင့် မကြာမီ လက်ထပ်ကြတော့မည် ဖြစ်ကြောင်းလည်း နီးစပ်သူများက ဆိုသည်။

ယခုကိစ္စများနှင့် ပတ်သက်ပြီး ဝတ်မှုန်ရွှေရည်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ၎င်းက အလုပ်များနေ သည့်အတွက် ပြန်လည်မဖြေကြားနိုင်ကြောင်းပြောသည်။

ဗိုလ်ချုပ်မှူးကြီး၏မြေး ဖိုးလပြည့်ကမူ ၀တ်မှုန်ရွှေရည်နှင့် သတင်းထွက်သည်သာမက နေခြည်လင်းလဲ့ ဆို သော မော်ဒယ်မကလေးနှင့် ရည်းစား ဖြစ်နေသည်ဟုလည်း အင်တာနက် ဘလော့စာမျက်နှာများတွင် ဖော် ပြထားသည်ကို တွေ့ရသည်။

ရိုးမ ၃ အင်တာနက် သတင်းစာမျက်နှာတွင်လည်း အဆိုပါ ဖိုးလပြည့်က စင်္ကာပူတွင် ကျောင်းနေဖက် သူငယ်ချင်းဖြစ်သူနှင့် အင်တာနက်ကိစ္စ စကားများခဲ့သည်ကို မကျေမနပ်ဖြစ်ပြီး ၎င်းသူငယ်ချင်း နေအိမ်ကို ခဲ ဖြင့်ပေါက်ကာ သူငယ်ချင်းဖြစ်သူ၏ မိဘများကို ကျေနပ်သည်အထိ တောင်းပန်ခိုင်းသည်ဟု ဖော်ပြထားပြန် သည်။

လက်ရှိ ဖိုးလပြည့်နှင့် ရည်းစားဖြစ်နေသူမှာ အင်လျားလမ်းရှိ ဂျမ်ဘို ဂျပန်ပစ္စည်းရောင်းဝယ်ရေး ကုမ္ပဏီ ပိုင်ရှင်၏ သမီးဖြစ်ပြီး ရုပ်ရှင်သရုပ်ဆောင် ဖြိုးငွေစိုး၏ ရည်းစားဟောင်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရ သည်။

အသက် ၁၇ နှစ်ကျော်ရှိ ယင်းဖိုးလပြည့်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီး ဒေါ်ကြည်ကြည်ရွှေနှင့် ခင်ပွန်းဖြစ်သူ ဒေါက်တာနေစိုးမောင်တို့၏သားဖြစ်ပြီး ရန်ကုန်မြို့ လှိုင်သာယာရှိ နည်းပညာတက္ကသိုလ်တွင် ပညာသင်ကြားနေသူဖြစ်သည်ဟု ဆိုသည်။

အလားတူ ဖိုးလပြည့်၏ ဦးလေးတော်စပ်သူ ဦးသန့်ဇော်ရွှေသည်လည်း မိန်းမကိစ္စ နာမည်ကြီးသူဖြစ်ပြီး မော်ဒယ်များ၊ သရုပ်ဆောင်များနှင့် ရှုတ်ပွေသူဟုလည်း ပြောဆိုနေကြသည်။



အေးလဲ့
REF: ဧရာဝတီ

Read More...

၇ နှစ်သမီး အဓမ္မကျင့် အသတ်ခံရဟု ကရင်အဖွဲ့ပြော

Thursday, 08 January 2009

အဓမ္မကျင့်ပြီး ပစ်သတ်ခံခဲ့ရသော ပဲခူးတိုင်းအတွင်းမှ အသက် ၇ နှစ်အရွယ် ကရင်မိန်းကလေးတဦး၏ အမှု နှင့် ပတ်သက်၍ အရေးယူ အပြစ်ပေးရန် ကရင်အမျိုးသမီးအစည်းအရုံး (KWO) က တောင်းဆိုထားသည်။

ယခုလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သော KWO ၏ အရေးပေါ် ကြေညာချက်တွင် အဆိုပါအမှုမှာ ကရင် နှစ်သစ်ကူးနေ့ (ဒီဇင်ဘာ ၂၇ ရက်နေ့) က ညောင်လေးပင်မြို့နယ် မအူပင်ကျေးရွာတွင် ဖြစ်ပွားခဲ့သည်ဟု ရေးသားထားသည်။ ထိုရွာအနီး တပ်စွဲထားသည့် အမှတ် ၃၅၀ ခြေမြန်တပ်ရင်းမှ စစ်သားတဦး၏ လက်ချက် ဖြစ်ကြောင်း စွပ်စွဲထားသည်။

စစ်အစိုးရ အာဏာပိုင်များက KWO ၏ အဆိုပါ စွပ်စွဲချက်နှင့် ပတ်သက်၍ ယနေ့ အချိန်အထိ တစုံတရာ တုန့်ပြန်ခြင်း မရှိသေးပေ။

ကြေညာချက် ထုတ်ပြန်သည့် ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် KWO အဖွဲ့က ဤအမှု အမှန်တကယ် ဖြစ်ပွား ခဲ့ကြောင်း အခိုင်အမာ ပြောဆိုနေသည်။

KWO ၏ တွဲဖက် အထွေထွေအတွင်းရေးမှူး နော်ဘလူးမင်းနိုက်ဇန်က “ညနေ ၅ နာရီလောက်မှာ ရဲဘော် တယောက်က သေနတ်နဲ့ ရွာထဲဝင်လာတာကို ရွာသားတွေက မြင်လိုက်တယ်တဲ့။ နောက်မကြာခင်မှာပဲ အော်သံတခုကြားတယ်၊ ရွာက လူတွေကလည်း နားစွင့်နေကြတယ်။ မထွက်ရဲကြဘူး။ နောက်တော့ ကလေး မလေးရဲ့ ဦးလေးက ရွာက လူကြီးတွေကို အကြောင်းကြားတယ်၊ စစ်ဆေးကြည့်လိုက်တော့ မုဒိန်းကျင့်ထား တာ တွေ့တယ်၊ သေနတ်နဲ့ သုံးချက်ပစ်ထားတာ တွေ့တယ်လို့ ပြောတယ်” ဟု ပြောပြသည်။

ရွာသား အချို့က ခမရ ၃၅၀ သို့ သွားရောက်ပြီး တိုင်ကြားခဲ့ရာ လက်ခံနားထောင်ခြင်း မရှိခဲ့ကြောင်း၊ ယခင် ကလည်း စစ်သားများက ရွာအတွင်းသို့ မကြာခဏ ဝင်ရောက်လာပြီး လုပ်အားပေး ခိုင်းစေခြင်း၊ ရိက္ခာများ တောင်းယူခြင်း၊ အမျိုးသမီးများကို စော်ကားခြင်းများ ပြုလုပ်သည်ဟု သတင်းများရရှိထားကြောင်း နော်ဘလူးမင်းနိုက်ဇန်က ပြောသည်။

အလားတူပင် နိုဝင်ဘာလအတွင်းကလည်း တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အမယ် (Amae) ကျေးရွာတွင် အသက် ၁၇ နှစ်အရွယ် မွန်တိုင်းရင်းသူတဦးကို စစ်သား ၇ ယောက်က အုပ်စုလိုက် မုဒိမ်းကျင့်မှုတခု ဖြစ်ပွား ခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မွန်လူ့အခွင့်အရေးအဖွဲ့ HURFOM က ဆိုသည်။

HURFOM ၏ ဇန်နဝါရီ ၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ရေဖြူမြို့နယ် အခြေစိုက် ခမရ ၁၀၇ မှ အရာရှိတဦးနှင့် စစ်သားများက ထိုအမှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ၏ တိုက်ပွဲများဖြစ်ပွားရာ နယ်စပ်ဒေသတလျှောက်တွင် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လက်နက်သဖွယ် အသုံးပြုနေကြောင်း အမျိုးသမီး အဖွဲ့များက ထောက်ပြထားသည်။

၂၀၀၄ ခုနှစ်က ထုတ်ပြန်ခဲ့သော KWO ၏ အစီရင်ခံစာတွင်လည်း ယင်းကဲ့သို့ ဖော်ပြထားပြီး ၁၉၈၈ မှ ၂၀၀၄ ခုနှစ်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၁၂၅ မှု ဖြစ်ပွားခဲ့သည်ဟု စာရင်းပြုစုထားသည်။ ကျူးလွန်သူ ထက်ဝက်ခန့်သည် တပ်မတော် အရာရှိများဖြစ်ကြောင်း၊ အကြမ်းဖက်မှု ၄၀ ရာခိုင်နှုန်းမှာ အုပ်စု လိုက် မုဒိန်းကျင့်မှုဖြစ်ကြောင်း၊ ၂၈ ရာခိုင်နှုန်းတွင် ကျူးလွန်ခံရသူ အမျိုးသမီးများ အသက်ဆုံးရှုံးခဲ့ရ ကြောင်း ဖော်ပြထားသည်။

ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ဖလှယ် လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) ၏ “မုဒိန်းကျင့်ခွင့် လိုင်စင်” အမည်ရှိ အစီရင်ခံစာ (၂၀၀၂ ခုနှစ်) တွင် စစ်အစိုးရတပ်များ ရှမ်းပြည်နယ်အတွင်း ကျူးလွန်ခဲ့ သည်ဟုဆိုသည့် မတော်မတရားမှုများကို ဖွင့်ချထားသည်။ ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အထိ ငါးနှစ်ကြာ ကာလ အတွင်း အမျိုးသမီး ၆၂၅ ဦးသည် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့် ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။




REF: ဧရာဝတီ

Read More...

Thursday, January 8, 2009

လွှတ်တော်ခေါ်ယူရေးနှင့်ပတ်သက်ပြီး ဆရာဒဂုန်တာရာနှင့် ခေတ်ပြိုင် သတင်းထောက် မင်းနိုင်သူ ဆက်သွယ်မေးမြန်းချက်

၆ ဇန်န၀ါရီ ၂၀၀၉

(သေဆုံးပြီးသူများ အပါအဝင် လစ်လပ်သွားသည့် လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ကြားဖြတ် ရွေးကောက်ပွဲများ ပြုလုပ်ကာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အသစ်များဖြင့် ၉ဝ ရွေးကောက်ပွဲနိုင် လွှတ်တော်ကိုယ်စားလှယ်များပေါင်းပြီး လွှတ်တော်တရပ်ခေါ်ယူရန် စာရေးဆရာ ဒဂုန်တာရာက မကြာခင်က တိုက်တွန်းခဲ့သည်။ ဆရာဒဂုန်တာရာ၏ လွှတ်တော်ခေါ်ယူရေးသဘောတရားနှင့် ပတ်သက်ပြီး ခေတ်ပြိုင် သတင်းထောက် မင်းနိုင်သူက အောက်ပါအတိုင်း ဆက်သွယ်မေးမြန်းခဲ့သည်။)

မေး။ ။ ဆရာ့အနေနဲ့ ပြည်တွင်းဂျာနယ်တခုဖြစ်တဲ့ ဖလားဝါးနယူးဂျာနယ်ပါ “နိုင်ငံရေးပါတီများနှင့် မြန်မာ့ နိုင်ငံရေး မြင်ကွင်းသစ်’’ ဆိုတဲ့အထဲမှာ လစ်လပ်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာတွေမှာ အစားထိုး ဖြည့်ဆည်းပြီး လွှတ်တော်တရပ်ခေါ်ယူဖို့ တိုက်တွန်းခဲ့တယ်ဆိုတော့ ၁၉၉၀ ပြည့်နှစ်ရလဒ်ကို မူတည်ပြီး ကျင်းပရမယ်လို့ ဆိုလိုတာလားဆရာ။

ဖြေ။ ။ ကျနော်ပြောတဲ့သဘောက ညီညွတ်ရေးသဘောပါ။ တပ်ပေါင်းစုဖွဲ့ပါ။ တပ်ပေါင်းစုက မပါတဲ့လူ မရှိရ ဘူး။ ပုဂ္ဂိုလ်ချင်းဖြစ်စေ၊ အဖွဲ့တွေဖြစ်စေ၊ နောက်ပြီးတော့ လွှတ်တော်ခေါ်ပါ။ ၁၉၉၀ ပြည့်နှစ်က လူတွေက မစုံတော့ဘူးလေ။ တချို့လည်း ဆုံးကုန်ပြီ။ တချို့လည်း အသက်ကြီးကုန်ပြီ။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့ ဗျာ။ အဲဒီနေရာတွေ လစ်လပ်နေတာပေါ့။ အခု ကျနော်တို့ ကလောမှာဆိုရင် လွှတ်တော်ကိုယ်စားလှယ် မရှိ ဘူး။ အဲဒီလစ်လပ်တဲ့နေရာတွေမှာ ကြားရွေးကောက်ပွဲဆိုပြီး ဟိုတုန်းကခေါ်တယ်ဗျ။ အခု နအဖက လုပ်တာ ကတော့ ကြားဖြတ်ရွေးကောက်ပွဲက လူတွေ မပါဘူးထင်တယ်ဗျ။ မပါခဲ့လည်းပဲ ညှိပြီးလုပ်ပေါ့ဗျာ။ ၁၉၉၀ က တော့ အဟောင်းပဲထားပါတော့။ အဟောင်းနဲ့ အသစ်ပေါင်းထားတဲ့ ကိုယ်စားလှယ်အပြည့်ပါတဲ့ လွှတ်တော် ပေါ့။

မေး။ ။ ဟုတ်ကဲ့ …အဲဒါဆိုရင် အခု နအဖအလိုကျလိုက်လုပ်နေတဲ့ တစညတို့လို အမတ်တွေပါလာတဲ့အခါ ၁၉၉၀ ပြည့်နှစ်က အနိုင်ရထားတဲ့ လွှတ်တော်အမတ်တွေရဲ့ တွေ့ဆုံညှိနိုင်းမှုတွေဟာ အဆင်ပြေမယ်လို့ ဆရာ ယူဆပါသလား ။

ဖြေ။ ။ ဒါကတော့ ကျနော်ရဲ့ တင်ပြချက်ပဲဗျာ။ အများလက်ခံနိုင်အောင်လို့ ၁၉၉၀ ရယ်၊ အသစ်ရယ် ပေါင်း ထားပြီး လွှတ်တော်ခေါ်ဖို့။ လွှတ်တော်ခေါ်ပြီးမှ ဖွဲ့စည်းပုံကို အတည်ပြုဖို့။ ဖွဲ့စည်းပုံက ဒီအတိုင်း အတည်ပြု လို့မရဘူး၊ လွှတ်တော်ခေါ်ပြီးမှ အတည်ပြုလို့ရတာ။ အဲဒီတော့ လွှတ်တော်အသစ်ပေါ့ဗျာ။ ကြားဖြတ် လွှတ်တော်တရပ် လိုအပ်နေတယ်။

မေး။ ။ ဆရာပြောသွားတဲ့အထဲမှာ လွှတ်တော်ခေါ်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံကို အတည်ပြုပါဆိုတော့ အခု နအဖ က အတည်ပြုထားတဲ့ ဖွဲ့စည်းပုံဟာ အတည်မဟုတ်သေးဘူးလို့ ဆိုလိုတာလားဆရာ။

ဖြေ။ ။ ကျနော့်အတွေးကတော့ ဒါတော့ မပြောတော့ဘူးဗျာ။ လွှတ်တော်ကအတည်ပြုပါ။ စောစောကပြောတဲ့ အဟောင်းနဲ့ အသစ်ပေါ့ဗျာ။ အဲဒီလွှတ်တော်ကနေ အတည်ပြုပါ။ အဲဒါပဲ ကျနော်ပြောတာ။

မေး။ ။ အခုလို ဆရာ့ရဲ့ လွှတ်တော်ခေါ်ယူပြီးမှ ဖွဲ့စည်းပုံကို အတည်ပြုမယ်ဆိုတဲ့ တိုက်တွန်းချက်ကို နအဖ က လက်ခံမယ်လို့ ယူဆပါသလားခင်ဗျ။

ဖြေ။ ။အဲဒါတော့ ကျနော်မသိနိုင်ဘူးဗျ။ သူတို့လက်ခံမယ် မခံမယ်မသိဘူး။ ကျနော်က ကြားလေ။ ၁၉၉၀ ပြည့်နှစ် ရလဒ်မပါဘဲနဲ့ လွှတ်တော်တခုခေါ်မယ်ဆိုရင် ပြဿနာမီးတွေ ပိုပွားလာမယ်ထင်လို့။

မေး။ ။ ဆရာ့ရဲ့ အကြံပြုချက် တိုက်တွန်းချက်တွေဟာ နအဖရဲ့ ဖိအားပေးမှုတွေကြောင့် များလားဆိုပြီး ယူဆကြတာတွေလည်းရှိပါတယ် ဆရာ။ ဒီအယူအဆတွေအပေါ်မှာရော ဆရာ ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ။ ။ အယူအဆကတော့ ယူဆချင်သလို ယူဆလေ။ ကျနော်ကတော့ ဘာမှပြန်မတုံ့ပြန်ဘူး။ ဒါပေမယ့် ကျနော်ပြောတာက ကြားကနေ တင်ပြတာလေ။ ကြားကတင်ပြချက်ပေါ့ဗျာ။ နှစ်ဘက်စလုံး လက်ခံနိုင်မယ့် ကြားကတင်ပြချက်ပဲ။

မေး။ ။ ဒါဟာဆရာ့ရဲ့ ဆန္ဒအမှန်ကြောင့် ဖြစ်ပေါ်လာတာလား။ တစုံတရာသော တိုက်တွန်းမှုတွေကြောင့် များလား။

ဖြေ။ ။ ဘယ်သူမှ မပါဘူး။ အဲဒါတွေ သိတောင်မသိကြဘူး။

မေး။ ။ ဆရာ့ရဲ့ တိုက်တွန်းချက်တွေ အကြံပြုချက်တွေကို အတိုက်အခံအင်အားစုတွေရော၊ အခြားအင်အားစု တွေရော နားလည်အောင် ရှင်းလင်းအောင် ဘယ်လို ထပ်မံရှင်းလင်းပြောပြနိုင်မလဲခင်ဗျ။

ဖြေ။ ။အခု…အဲဒါရှင်းရှင်းပဲလေ။ ထပ်ပြီးရှင်းစရာမလိုတော့ဘူး။ လက်ခံနိုင်ရင် လက်ခံ၊ လက်မခံနိုင်ရင်တော့ မတတ်နိုင်ဘူးပေါ့ဗျာ။ ဒါပဲ။



မင်းနိုင်သူ
REF: ခေတ်ပြိုင်

Read More...

နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ

07 January 2009

မြန်မာစစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းထောင်တွေထဲမှာ ကြမ်းတမ်းတဲ့ အခြေအနေမျိုးတွေနဲ့ ကြုံနေကြရသလို၊ ထောင်တွေကို တထောင်ပြီးတထောင် ရွှေ့ပြောင်းနေ လို့ မိသားစုတွေ သောကရောက်နေကြရပါတယ်။ အထူးသဖြင့်တော့ ထောင်တွင်းအခြေအနေတွေ ဆိုးလွန်း လို့ မကြာသေးခင်တုန်းကပဲ ကန့်ကွက်ဆန္ဒပြမှုတွေ ရှိခဲ့တဲ့အထိ ဖြစ်ခဲ့တဲ့ ပဲခူးထောင်ကနေ နိုင်ငံရေး အကျဉ်း သားတွေကို မိသားစုနဲ့ ပိုပြီးဝေးလံတဲ့ ထောင်တွေကို ပြောင်းပစ်နေတာပါ။ ဒီအကြောင်းကို ဆက်သွယ်စုံစမ်း ထားတဲ့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

အစောပိုင်းမှာ ပဲခူးထောင်ကို ပို့ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတဦးဖြစ်တဲ့ ကိုအောင်ကျော်ဦးကို မိသားစု ကိုတောင် အသိမပေးပဲနဲ့ မြန်မာနိုင်ငံ အထက်ပိုင်း ကချင်ပြည်နယ် ပူတာအို အကျဉ်းထောင်ကို ထပ်ပြီးရွှေ့ လိုက်တာပါ။ နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ ခ အပါအ၀င် စွပ်စွဲချက်တွေနဲ့ ထောင်ဒဏ် ၁၃ နှစ်နဲ့ ၆ လ ချမှတ်ခံခဲ့ရပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်း ပဲခူးထောင်ကို ပြောင်းရွှေ့ခံခဲ့ရတုန်းကလည်း ကိုအောင်ကျော်ဦးကို ထောင်အာဏာပိုင်တွေက ကိုယ်ထိလက်ရောက် အနိုင့်အထက် ပြုကျင့်ခဲ့တာတွေ ရှိခဲ့ တယ်လို့ မိသားစုက ပြောထားတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို ပြော ဆိုထားတဲ့ကြားကပဲ အခုနောက်ဆုံးမှာတော့ မိသားစုတောင် မသိရပဲနဲ့ ဝေးလံခေါင်ဖျားတဲ့ ထောင်ကို ရွှေ့ လိုက်ပြီဆိုတာ တခြားနိုင်ငံရေးအကျဉ်းသား အသိုင်းအ၀န်းက တဆင့်သိခဲ့ရတာလို့ ကိုအောင်ကျော်ဦးရဲ့ ဇနီးသည်ဖြစ်သူ မအေးအေးမော်က ပြောပါတယ်။

“မနေ့က ကိုအောင်ကျော်ဦးကို ပူတာအိုမှာ တွေ့လိုက်တယ်လို့ ကိုအောင်တူးအိမ်က ပူတာအိုမှာ သွားတွေ့ တုန်း ပြောတော့ ကျမ အရမ်း အံ့သြသွားတယ်။ ဘာကြောင့်လဲဆိုတော့ ကိုအောင်ကျော်ဦးက ပဲခူးမှာလေ။ ဒီနေ့ မနက်ကျတော့ ပဲခူးထောင်ကို ဖုန်းဆက်ကြည့်လိုက်တယ်။ ၅ညနဲ့ ရောက်နေတဲ့ ကိုအောင်ကျော်ဦး ပဲခူးမှာ ရှိသေးလားလို့ ဖုန်းဆက်လိုက်တော့ ကိုအောင်ကျော်ဦး မရှိတော့ပါဘူးတဲ့။ ကိုအောင်ကျော်ဦးကို ပို့လိုက်တာ တပတ်ရှိပါပြီတဲ့။ အဲလိုဆိုရင် ပို့တယ်ဆိုရင် ဘယ်ကို ပို့လိုက်သလဲပေါ့။ သူတို့က မြန်မာပြည် အထက်ပိုင်းကိုတဲ့၊ မြန်မာပြည်အထက်ပိုင်းဆိုတာ ဘယ်နေရာလဲ၊ အတိအကျသိချင်တယ်လို့ မေးလိုက်တော့ ကျွန်တော်တို့ မသိပါဘူး၊ အထက်က ညွှန်ကြားချက်အရတဲ့။ အာဏာပိုင်တွေက မသိဘူး။ ကျမတို့ ဖုန်းဆက် မေးတော့လည်း သူတို့က အတိအကျ မပြောဘူး။ ကျမတို့က ပူတာအိုဆိုတာ ကိုယ့်ဘာသာကို သိရတာ။ ဘာကြောင့်လဲ မသိဘူး။ ဘယ်လို ဒုက္ခတွေပေးနေသလဲ၊ ဘယ်လို အကြံဥာဏ်နဲ့ လုပ်နေသလဲဆိုတာ ကျမ ကတော့ မပြောတတ်တော့ဘူး။”

ထောင်တွင်း ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ကြုံနေရလို့ နိုင်ငံရေး အကျဉ်းသားမိသားစုဝင်တွေ သောက ရောက်နေကြတဲ့ နေရာမှာ မကြာသေးခင်ကစလို့ အခြေအနေတွေ တိုးတက်အောင်လုပ်ဖို့ ဆန္ဒပြတာမျိုးတွေ ဖြစ်ခဲ့တဲ့ ပဲခူးထောင် အခြေအနေကတော့ အဆိုးရွားဆုံးထဲက တခုဖြစ်နေတယ်လို့လည်း မိသားစုဝင်တွေက ပြောနေကြတာပါ။

“ပဲခူးမှာ ရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသား တယောက်ဆို ဆေးကုသခွင့်မရလို့ သူ့ကိုယ်သူ သတ်သေ တယ်။ ဒုတိယတယောက်ကတော့ မထားထားသက်ဆိုရင် ဆေးလိပ်နံ့ မခံနိုင်လို့ အခန်းပြောင်းခိုင်းတဲ့ကိစ္စကို အခန်းကြီးကို ပြောင်းလိုက်တယ်။ ကိုအောင်ကျော်ဦးက ကျန်းမာရေးမကောင်းဘူးလေ။ အရမ်း စိုးရမ်တာ ပေါ့။ ပဲခူးမှာရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ထောင်ပိုင်၊ ထောင်မှူးတွေ ပြဿနာတတ်တဲ့အခါ တွေ့ရတဲ့ အချက်တွေကတော့ ထောင်ပိုင်၊ ထောင်မှူးတွေကို မပြောင်းဘဲနဲ့ နိုင်ငံရေးသမားတွေကိုပဲ ဒုက္ခ ရောက်မယ့် ခက်ခက်ခဲခဲနေရာတွေကို ပြောင်းနေတာကိုပဲ ကျမတော့ တွေ့ရတယ်။ မိသားစု ဒုက္ခရောက် အောင်၊ စိတ်ဆင်းရဲအောင်၊ ဘာမှမပြောပဲ ပြောင်းချင်တဲ့နေရာ ပြောင်းနေတယ်။ မိသားစုကို ခက်ခဲအောင် လုပ်နေတာတွေပေါ့နော်။”

မကြာသေးခင်ကပဲ ကချင်ပြည်နယ် ပူတာအိုထောင်ကို ထပ်ဆင့်ပြောင်းရွှေ့ခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်း သား ကိုအောင်ကျော်ဦးရဲ့ ဇနီးသည်ဖြစ်တဲ့ မအေးအေးမော်ပါ။

ပြီးခဲ့တဲ့ နှစ်ထဲကစလို့ နိုင်ငံရေးသမားတွေ တက်ကြွလှုပ်ရှားသူတွေ၊ ရဟန်းသံဃာတွေကစလို့ ဖမ်းဆီးခံထား ရသူတွေကို ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ပြီး မိသားစုနဲ့ အလှမ်းဝေးရာနယ်ထောင်တွေကို ပို့ဆောင်ခဲ့လို့ လည်း မိသားစုဝင်တွေအဖို့ သွားရေးလာရေး တွေ့ဆုံရေးအတွက် အခက်တွေကြုံနေကြရတာပါ။ နောက်ပြီး တော့လည်း ဒီလိုပို့လိုက်တဲ့ နယ်ထောင်တွေမှာ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတာတွေရှိနေလို့ စိုး ရိမ်မကင်းဖြစ်သံတွေ ထွက်ပေါ်နေတဲ့ကြားကပဲ ကိုဋ္ဌေးလွင်ဦး၊ ကိုရာပြည့် စတဲ့ နိုင်ငံရေးအကျဉ်းသားတွေ မန္တလေးထောင်တွင်းမှာ မကြာသေးခင်ကပဲ ကွယ်လွန်ဆုံးပါးတဲ့အဖြစ်မျိုးအထိ ဖြစ်ခဲ့ရတာတွေလည်း ရှိခဲ့တာ ပါ။ ပြည်ပမှာ အခြေစိုက်ထားပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့အခြေအနေတွေကို စောင့်ကြည့် လေ့လာနေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေအရဆိုရင်လည်း ဒီမို ကရေစီရေး တောင်းဆိုအုံကြွခဲ့ကြတဲ့ ၁၉၈၈ ခုနှစ်ကစလို့ အကျဉ်းထောင်တွေထဲမှာ ဆုံးပါးခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား အရေအတွက်ဟာ ဆိုရင်လည်း ၁၄၀ လောက်အထိ ရှိနေပြီဖြစ်ပါတယ်ခင်ဗျာ။

REF: ဗွီအိုအေ

Read More...

ရွေးကောက်ပွဲမတိုင်မီ ၀န်ကြီးဌာန (၃) ခုကို ၀န်ကြီးတဦးတည်းက ကိုင်မည်

၈ ဇန်န၀ါရီ ၂၀၀၉

နေပြည်တော်ဝန်ကြီးအချို့ နိုင်ငံရေးဘက်ကို ပြောင်းတော့မည် ဖြစ်သည့်အတွက် လစ်လပ်သည့် ၀န်ကြီး နေရာများကို အစာထိုးမခန့်တော့ဘဲ ၀န်ကြီးဌာန (၃) ခုကို ၀န်ကြီးတဦးတည်းက ပူးတွဲကိုင်တွယ်ရန် စစ် အစိုးရက စီစဉ်နေသည်။

နေပြည်တော် စက်မှု (၁) ၀န်ကြီးနှင့် အခြားဝန်ကြီးအချို့ကို နိုင်ငံရေးဘက်ပြောင်းခိုင်းမှာ ဖြစ်သည့်အတွက် စက်မှု (၁) ၀န်ကြီးဌာန၊ စက်မှု (၂) ၀န်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနတခု စုစုပေါင်း ၀န်ကြီးဌာန (၃) ခုကို စက်မှု (၂) ၀န်ကြီး ဒု-ဗိုလ်ချုပ်ကြီး(ရေ) စိုးသိန်း တဦးတည်းကို တာဝန်ပေးမည်ဟု ၀န်ကြီးချုပ်ရုံး သတင်း ရပ်ကွက်က ပြောသည်။

အသက်ကြီးသည့် ၀န်ကြီးများကို နိုင်ငံရေးဘက်ပြောင်းရန် စစ်အစိုးရက စီစဉ်နေရာ သစ်တောဝန်ကြီး ဗိုလ်မှူး ချုပ်သိန်းအောင်ဆိုလျှင် နိုင်ငံရေးဘက်ပြောင်းတော့မည်ဖြစ်ကြောင်း ၎င်း၏ အရာရှိများအား မကြာခင်က တရားဝင်ပြောခဲ့ပြီး ဖြစ်သည်ဟု နေပြည်တော် အရာရှိတဦးက ပြောသည်။ ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ် စောထွန်းဆိုလျှင် အသက် (၇၃) နှစ်ရှိပြီဖြစ်သည်။ စွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ်လွန်းသီ ဆိုလျှင်လည်း (၆၈) နှစ်ရှိ ပြီဖြစ်သည်။ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းက (၇၂) နှစ်ရှိပြီဖြစ်သည်။



REF: ခေတ်ပြိုင်

Read More...

အစ္စရေး-ပါလက်စတိုင်း ပြဿနာအကြောင်း တစေ့တစောင်း - ခင်မမမျိုး

စစ်ရေးအကဲခတ်တွေ၊ စစ်မဟာဗျူဟာလေ့လာရေးပညာရှင်တွေ၊ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး သုတေသီ တွေ၊ ပဋ္ဋိပက္ခဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေအတွက် အစ္စရေး- ပါလက်စတိုင်းကြားက ပြဿနာတွေဟာ လေ့လာလို့မကုန်နိုင်တဲ့ ပညာသိုက်ကြီးသဖွယ် ဖြစ်နေတတ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် နိုင်ငံ တကာ အဖွဲ့အစည်းတွေအတွက်ကလဲ ဒီပြဿနာဟာ ခေါင်းခဲစရာ ဖြစ်နေတတ်တယ်။ ဒီပြဿနာအပေါ်မှာ ချဉ်းကပ်အဖြေရှာနည်းတွေ အများအပြားပေါ်ပေါက်ခဲ့ပေမယ့် အခုအချိန်ထိတော့ ပြဿနာဟာ မပြေလည် နိုင်သေးပါဘူး။ ပါလက်စတိုင်းပြည်သူတွေနဲ့ အစ္စရေးပြည်သူတွေ အများအပြားလည်း သေကြေပျက်စီးခဲ့ပြီး ပါပြီ။ မီဒီယာအကြမ်းဖက်မှု (Media Terrorism) လို့ခေါ်တဲ့ ပဋ္ဋိပက္ခပြဿနာကို ကမ္ဘာသူကမ္ဘာသားတွေ မီဒီယာကတဆင့် အာရုံစိုက်မှုဖြစ်လာစေအောင် ပြုလုပ်တဲ့ လေယာဉ်ပြန်ပေးဆွဲမှုတွေ၊ လူစည်ကားရာ နေရာတွေကို ၀င်ရောက်စီးနင်းတိုက်ခိုက်မှုတွေ၊ ပြည်သူအများ သွားလာလှုပ်ရှားရာနေရာတွေမှာ ဗုံးဖောက် ခွဲ တိုက်ခိုက်မှုတွေပါ တွဲစပ်လာတာကြောင့် ပဋ္ဋိပက္ခဖြစ်နေတဲ့ ဘက်နှစ်ဘက်က ပြည်သူတွေရဲ့ လုံခြုံရေးကို သာမက ကမ္ဘာသူ၊ ကမ္ဘာသားတွေရဲ့ လုံခြုံရေးကိုပါ ထိခိုက်လာတာတွေ ရှိနေပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြားမှာ စစ်ရေးတိုက်ပွဲ၊ နိုင်ငံရေးတိုက်ပွဲ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ဖြစ်ပွား ခဲ့ပါတယ်။ နှစ်ဘက်စစ်တပ်အကြားဖြစ်ပွားတဲ့ regular warfare အသွင်ဆောင်တဲ့ စစ်ပွဲတွေ၊ ပြည်တွင်းစစ် (Civil War ) တွေ၊ လက်နက်ကိုင်တော်လှန်ရေးစစ်ပွဲ (Guerrilla warfare) တွေ၊ အကြမ်းဖက်တိုက်ခိုက်မှု (Terrorism) တွေသာမက political violence တွေ၊ Civil disobedience တွေ၊ proxy war တွေအထိ ဖြစ် ပွားခဲ့ပါတယ်။ ဒီပြဿနာတွေရဲ့ သမိုင်းနောက်ခံအချက်လေးတွေရယ်၊ အခု အစ္စရေးတို့ ချေမှုန်းနေတဲ့ Hamas အဖွဲ့ အကြောင်းလေးတွေနဲ့ ပတ်သက်ပြီး အနည်းငယ် တင်ပြလိုပါတယ်။

ဒုတိယကမ္ဘာစစ်မတိုင်မီက ပါလက်စတိုင်းအာရပ်များသဘောထား

၁၉၂၀နဲ့ ၁၉၂၉ ခုနှစ်တို့မှာ ဂျူးတွေကို တိုက်ခိုက်တဲ့ အာရပ်အရေးအခင်းတွေ အချို့သောအာရပ် မြို့ကြီး တွေမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီအရေးအခင်းကို ဦးဆောင်သူများကတော့ ပါလက်စတိုင်း အာရပ်များပါပဲ။ သူတို့ က ဂျူးတွေကို ကျူးကျော်သူတွေလို့ ယူဆကြပါတယ်။ ဂျေရူဆလင်မှာရှိတဲ့ မွတ်စလင်တွေရဲ့ ဘာသာရေး အခွင့်အရေးတွေကို ၀င်ရောက်စွက်ဖက်ဖို့ အာရပ်ပြည်ထဲ ရောက်လာတယ်လို့ တွက်ဆကြပါတယ်။ ဒီ အရေးအခင်းတွေမှာ ဟီဘရွန်က ဂျူးလူ့အဖွဲ့အစည်းရယ်၊ Zionist တွေရယ် အများအပြား လုပ်ကြံသတ်ဖြတ် ခံခဲ့ရပါတယ်။ ၁၉၃၆ ကျတော့ ဒီအရေးအခင်းတွေဟာ ကျေးလက်ဒေသတွေအထိ ပြန့်နှံ့သွားပါပြီ။

ဒီအရေးအခင်းတွေဟာ ဗြိတိန်နိုင်ငံရဲ့ အာရပ်ဒေသကို ဂျူးတွေ ပြောင်းရွှေ့နေရာချမှု ပေါ်လစီအပေါ်မှာ များစွာသက်ရောက်မှု ရှိခဲ့ပါတယ်။ အဲဒီအချိန်ဟာ ကမ္ဘာစစ်အရိပ်အယောင်တွေလဲ သန်းနေချိန်ဖြစ်လေတော့ ဗြိတိသျှတို့အနေနဲ့က ဂျူးတွေရဲ့ အကျိုးထက် အာရပ်တွေရဲ့ဆန္ဒကို ဦးစားပေးရမယ့် အနေအထားဖြစ်ပါ တယ်။ ဒါကြောင့်လဲ ဗြိတိသျှတို့က ဂျူးတွေရဲ့ ပြောင်းရွှေ့နေရာချထားမှုနှုန်းကို လျှော့ချခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးကာလ

ဒုတိယကမ္ဘာစစ်ပြီးကာလရောက်တော့ ပါလက်စတိုင်းအာရပ်နယ်မြေမှာ ဂျူးအကြမ်းဖက်အဖွဲ့တွေ၊ Irgun and the stern ဆိုတဲ့ ဂိုဏ်းတွေ ပေါ်ပေါက်လာပါတယ်။ ဒီအဖွဲ့တွေက မြို့ပြတိုက်ပွဲ အသွင်သဏ္ဍာန်ကို ယူ ပြီး၊ ဗြိတိသျှ mandatory အစိုးရကို တိုက်ရိုက်တိုက်ခိုက်မှုတွေ ပြုလာပါတယ်။ ဒီအဖွဲ့တွေရဲ့ သူတို့ကို အားပေးထောက်ခံသူတွေက ပါလက်စတိုင်းနယ်မြေကနေ ဗြိတိသျှတွေကို မောင်းထုတ်ဖို့နဲ့ ဂျူးနိုင်ငံ တည် ထောင်မှုကို ဆန့်ကျင်နိုင်ဖို့ အကြမ်းဖက်အသွင်ဆောင်တဲ့ အဆုံးအဖြတ်တိုက်ပွဲတွေ နွှဲရမယ်လို့ ယူဆခဲ့ ကြပါတယ်။ ဒါပေမယ့် သူတို့တွေ ထည့်မတွက်လိုက်တာ တချက်က သူတို့ မတော်လှန်လဲ ဗြိတိသျှတွေက ထွက်တော့မယ် ဆိုတာပါပဲ။ ဗြိတိသျှတွေအနေနဲ့ အိန္ဒိယကို လွတ်လပ်ရေးပေးမယ်လို့ ဆုံးဖြတ်ပြီးကတည်း က အရှေ့အလယ်ပိုင်းဒေသကို ဆက်လက်ထိန်းချုပ်ထားဖို့အတွက် ဗြိတိသျှအစိုးရမှာ မဟာဗျူဟာကျတဲ့ အကြောင်းပြချက် (strategic reason) မရှိတော့ပါဘူး။

ဒီလိုပါပဲ။ မြန်မာနိုင်ငံကို ဗြိတိသျှသိမ်းခဲ့တာဟာလဲ မြန်မာပြည်ရဲ့ သယံဇာတဆိုတာထက် တည်နေရာ အနေ အထားကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ပင်လယ်ထွက်ပေါက်ရှိတဲ့ နိုင်ငံတခုပါ။ ဒါကြောင့်လဲ အိန္ဒိယ လက်အောက်ခံ နယ်တနယ်အနေနဲ့ပဲ သတ်မှတ်အုပ်ချုပ်ခဲ့ကြတာပါ။ မြန်မာထဲက မြို့ပြအုပ်ချုပ်ရေး ၀န်ထမ်းတွေကိုတောင် အိန္ဒိယရဲ့ အိုင်စီအက်စ်စာမေးပွဲ အဆင့်လောက်ပဲ ဖြေခိုင်းပြီး၊ အထက်မှာ အိန္ဒိယ လူမျိုးတွေနဲ့ ဗြိတိသျှလူမျိုးတွေက ဦးဆောင်အုပ်ချုပ်ခဲ့ကြတာပါ။ အိန္ဒိယကို လက်လွှတ်ဖို့ ဆုံးဖြတ်တဲ့အခါ မှာ မြန်မာပြည်ဟာ ဗြိတိသျှတွေအတွက် strategic interest မဟုတ်တော့သလို၊ ဆက်လက်ချုပ်ကိုင်ထားဖို့ strategic reason မရှိခဲ့တော့ပါဘူး။ ဒါကြောင့်လဲ ဗိုလ်ချုပ်တို့က နိုင်ငံရေးတိုက်ပွဲအသွင်နဲ့ပဲ ဆက်တိုက်ခဲ့ ကြတာပါ။ “ရရင်ရ၊ မရရင်ချ” ဆိုပေမယ့် အဲဒီအချိန်မှာ ဗြိတိသျှတို့အနေနဲ့ ပေးဖို့က အဆင်သင့်ရှိနေခဲ့ကြ ပါပြီ။ တခါတရံမှာ ရန်သူဘက်က အခြေအနေပျော့ပျောင်းနေရင် နိုင်ငံရေးတိုက်ပွဲအသွင်နဲ့ပဲ ရည်မှန်းချက် အောင်မြင်နိုင်ပါတယ်။ ရန်သူဘက်က တင်းမာနေရင်တော့ တိုက်ပွဲသဏ္ဍာန်လဲ ပြင်းထန်တိကျဖို့လိုပါတယ်။ တင်းနေတဲ့ရန်သူကို စစ်ရေးစီမံချက်မလိုပဲ နိုင်ငံရေးတိုက်ပွဲပဲ လုပ်မယ်ဆိုရင်တော့ ရန်သူက ဂုပ်ခွစီးသွားမှာ အသေအချာပါပဲ။

ဒီလိုနဲ့ Middle East Bases တွေကို တောင်အာရှနဲ့ အရှေ့တောင်အာရှက ဗြိတိသျှကိုလိုနီနယ်မြေတွေ အ တွက် ပေါင်းကူးတံတားသဖွယ် သတ်မှတ်ခဲ့တဲ့ ဗြိတိသျှအစိုးရဟာ ဒီနယ်မြေတွေကို စွန့်ခွာမယ်လဲ ဆုံးဖြတ် လိုက်ရော၊ အရှေ့အလယ်ပိုင်းဒေသကို ထိန်းချုပ်ထားမှုကို ရပ်စဲလိုက်ပါတော့တယ်။ ၁၉၄၇ နိုဝင်ဘာ ရောက်တော့ UN resolution တခုထွက်လာတယ်။ အဲဒီမှာ ပါလက်စတိုင်းတွေကို ကိုယ်ပိုင်နိုင်ငံ တည် ထောင်ခွင့် ပြုထားပေမယ့် ပါလက်စတိုင်းတွေက ဒါကိုငြင်းပယ်လိုက်တယ်။ တကယ်တော့ ဒါဟာ ပြဿနာ တွေအားလုံးရဲ့ အစလို့ပဲ ဆိုရပါတော့မယ်။ သူတို့ ဒီလိုငြင်းပယ်လိုက်တာကြောင့် ပါလက်စတိုင်းနိုင်ငံ ဖြစ် တည်ခဲ့ရမယ့် နယ်မြေဒေသတွေဟာ ဂျော်ဒန်ရဲ့ အစိတ်အပိုင်းတခု ဖြစ်သွားခဲ့ပါတယ်။ အရှေ့အလယ်ပိုင်း ဒေသမှာ အစ္စရေးဆိုတဲ့ ဂျူးနိုင်ငံ ပေါ်ပေါက်လာတော့ အာရပ်အိမ်နီးချင်းတွေက လက်မခံခဲ့ကြပါဘူး။ စစ်ပွဲ တွေက အမျိုးမျိုးပေါ်ပေါက်လာခဲ့သလို၊ အီဂျစ်နဲ့ ဂျော်ဒန်စစ်တပ်တွေက အားပေးထောက်ခံတဲ့ fidayin လို့ ခေါ်တဲ့ အဖွဲ့တဖွဲ့က အစပျိုးပေါ်ထွက်လာခဲ့ပါတယ်။ ဒီအဖွဲ့ဟာ နောင်နှစ်ပေါင်းများစွာအကြာ ၁၉၇၀၊ ၁၉၈၀ ကာလတွေမှာ ပေါ်ပေါက်လာမယ့် အကြမ်းဖက်မှုတွေရဲ့ ရှေ့ပြေးတခုပါပဲ။

ခြောက်ရက်ကြာစစ်ပွဲနောက်ပိုင်းကာလ

၁၉၆၇ ခုနှစ်မှာ အာရပ်-အစ္စရေး ခြောက်ရက်ကြာစစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒီစစ်ပွဲရဲ့ အဆုံးသတ်အဖြေကတော့ အစ္စရေးတို့ အနိုင်ရခဲ့တယ်။ အရှေ့အလယ်ပိုင်းဒေသမှာတော့ ဒီကိစ္စရပ်ဟာ အလွန်အရေးကြီးတဲ့ မဟာ ဗျူဟာ အပြောင်းအလဲတရပ်ပါပဲ။ ဒီစစ်ပွဲမတိုင်ခင်က နိုင်ငံနယ်မြေသေးကွေးလွန်းတဲ့ အစ္စရေးနိုင်ငံကို ရေရှည်တည်တံ့ခိုင်မြဲမှာ မဟုတ်ပါဘူးလို့ အာရပ်တို့က လျှော့တွက်ခဲ့ကြတယ်။ ဒီစစ်ပွဲလဲပြီးရော၊ ပါလက်စတိုင်းနိုင်ငံအဖြစ် တည်ရှိခဲ့ရမယ့် နယ်မြေဒေသအားလုံးဟာ အစ္စရေးထိန်းချုပ်မှုအောက်ကို ရောက် သွားခဲ့ပါပြီ။ အာရပ်တိုင်းပြည်တွေကတော့ အစ္စရေးနဲ့ ဘယ်တော့မှ ငြိမ်းချမ်းရေး မလုပ်ပါဘူးလို့ ကြေငြာခဲ့ ကြတယ်။ ဒါပေမယ့် စစ်ရေး၊ နိုင်ငံရေး ချိန်ခွင်လျှာက အစ္စရေးဘက်ကို အလေးသာသွားခဲ့နေပြီ။ ဒါကြောင့်လဲ ဂျူးလူမျိုးများရဲ့ အခြေစိုက်နေထိုင်မှုတွေကို အလျင်အမြန်ပြုလုပ်ပါတော့တယ်။ ဂျူးလူမျိုးတွေဟာ ဂျေရူ ဆလင်မြို့တော်ရဲ့ ဆင်ခြေဖုံးဒေသတွေသာမက၊ ဂျူးအခြေစိုက်နယ်မြေတွေနဲ့ ဝေးကွာတဲ့ အာရပ်မြို့တွေ၊ ကျေးရွာတွေအထိ ပျံ့နှံ့ရောက်ရှိသွားခဲ့ကြပါတယ်။ အစ္စရေး- ပါလက်စတိုင်းမီးပွားကတော့ တော်တော်ကြီး သွားခဲ့ပါတယ်။ ပြဿနာမီးပွားရှည်ကြာလာလေလေ၊ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေဟာ ခက်ခဲရှုပ်ထွေး လာ လေလေပါပဲ။

Fatah နဲ့ PLO

၁၉၆၀ အစောပိုင်းနှစ်များမှာ ကိုင်ရိုမှာ ပညာသင်ကြားနေကြတဲ့ ပါလက်စတိုင်းလူမျိုးတချို့ဟာ Fatah ဆိုတဲ့ အုပ်စုတခုကို ဖွဲ့စည်းခဲ့ကြတယ်။ ဒီအထဲမှာ ပါဝင်ခဲ့တဲ့ ထင်ရှားသူတယောက်ကတော့ နောင်တချိန် ပါလက် စတိုင်း ခေါင်းဆောင်တဦးဖြစ်လာမယ့် ရာဇာအာရဖတ်ပါ။ သိပ်မကြာခင်မှာပဲ ၁၉၆၄ ခုမှာ Palestine Liber-ation Organization (PLO) လို့ခေါ်တဲ့ အဖွဲ့တခုကလဲ ပေါ်ပေါက်လာပါတယ်။ ဒီအဖွဲ့ကို ပြန့်ကျဲနေတဲ့ ပါလက်စတိုင်းအဖွဲ့တွေအကြား ညီညွတ်မှုတည်ဆောက်ပြီး၊ တိုက်ပွဲဝင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အာရပ် နိုင်ငံများက ကြိုးကိုင်ဖွဲ့စည်းပေးခဲ့ပါတယ်။ တော်လှန်ရေးတခုမှာပဲဖြစ်ဖြစ်၊ လွတ်မြောက်ရေး လှုပ်ရှားမှုတခု မှာပဲဖြစ်ဖြစ်၊ အဖွဲ့တွေ ပျံ့ကျဲနေလို့ကတော့ ရန်သူက အချိန်မရွေးချေမှုန်းသွားနိုင်ပါတယ်။ မချေမှုန်းရင် တောင် ရန်သူက အလေးထားပြီး စာရင်းထဲ ထည့်မတွက်ပါဘူး။ တိုက်ပွဲဝင် မဟာဗျူဟာ၊ နည်းဗျူဟာတွေ အားလုံးကို strategic Doctrine တခုတည်းမှာပဲ အခြေတည်ချနိုင်ဖို့အတွက် တိုက်ပွဲဝင်တပ်ပေါင်းစုကြီးတခု လိုအပ်ပါတယ်။ ဒီလိုမရှိရင် တယောက်တပေါက်နဲ့ ရန်သူကို ထိုးစစ်မဆင်နိုင်ပါဘူး။ ခံစစ်ကိုတောင် အတုန်း အရုန်းနဲ့ ခံကြရတဲ့ အခြေအနေဖြစ်သွားတတ်ပါတယ်။

ရာဇာအာရဖတ်တို့ရဲ့ Fatah အဖွဲ့ဟာ အခြေအနေရဲ့လိုအပ်ချက်နဲ့အညီ ပီအယ်လ်အိုအဖွဲ့မှာ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။ သူ့အဖွဲ့၊ ကိုယ့်အဖွဲ့မခွဲခြားပဲ တပ်ပေါင်းစုပီအယ်လ်အိုရဲ့ လုပ်ငန်းဆောင်တာတွေအားလုံး ကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီလိုလုပ်ဆောင်တာကို တခြားအဖွဲ့တွေကလည်း သူတို့ မိခင်အဖွဲ့တွေ နာမည်မထွက်မှာ စိုးရိမ်စိတ်နဲ့ ၀ိုင်းဝန်းပိတ်ဆို့ခြင်း မရှိခဲ့ပါဘူး။ ဦးဆောင်နိုင်သူတွေက တက် တက်ကြွကြွ ဦးဆောင်လာတာကို တက်တက်ကြွကြွပဲ ပူးပေါင်းအကောင်အထည်ဖော်ခဲ့ကြပါတယ်။

အစကနဦး မဟာဗျူဟာကတော့ West Bank နဲ့ ဂါဇာကမ်းမြောင်ဒေသမှာ လက်ကိုင်ကိုင်တော်လှန်ရေး လုပ်ဖို့ ရည်ရွယ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီမဟာဗျူဟာဟာ ဖြစ်နိုင်ချေမရှိတဲ့ မဟာဗျူဟာပါ။ West Bank ဟာ လက်နက်ကိုင်တော်လှန်ရေးတရပ်ကို ဖန်တီးနိုင်မယ့် အခြေခံဒေသလိုအပ်ချက်နဲ့ မကိုက်ညီပါဘူး။ တောတောင်တွေမရှိတဲ့အပြင် ပုန်းခိုရာနေရာလဲ ရှားပါးလှပါတယ်။ ဒါကြောင့်လဲ ဂျော်ဒန်နဲ့ လက်ဘနွန် နယ် စပ်ဒေသတွေကို အခြေပြုပြီး လှုပ်ရှားခဲ့ကြပါတယ်။ ဒါပေမယ့် ပါလက်တိုင်းတပ်တွေဟာ သူတို့လုံးဝ မျှော် လင့်မထားခဲ့တဲ့ အစ္စရေးရဲ့ တုံ့ပြန်မှုတခုကို ရင်ဆိုင်လိုက်ရပါတယ်။ ဂျော်ဒန်မှာ ဖြစ်ပွားခဲ့တဲ့ Black September ဆိုတဲ့ တိုက်ခိုက်မှုကြီးပါပဲ။ လက်ဘနွန်မှာလဲ အလားတူ military confrontation ကြီးတခု ထပ်ဖြစ်ခဲ့ပါသေးတယ်။

၁၉၇၃ ရောက်တော့ ပါလက်စတိုင်းတပ်တွေရဲ့ မဟာဗျူဟာက လက်ဘနွန်တောင်ပိုင်းမှာ အခြေစိုက်စခန်း တခု ခိုင်ခိုင်မာမာရှိဖို့ဖြစ်ပါတယ်။ ဒီအတွက်လုပ်နေရာက ပါလက်စတိုင်းတပ်တွေဟာ လက်ဘနွန်ပြည်တွင်း စစ်မှာ ပါဝင်ရတဲ့အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။ ၁၉၈၂ လဲရောက်ရော၊ အစ္စရေးက လက်ဘနွန်ကို ၀င်ရောက်ကျူးကျော်ပါတော့တယ်။ ၂၀၀၀ ခုနှစ်အထိ အစ္စရေးတပ်တွေဟာ လက်ဘနွန်တောင်ပိုင်းကို security zone အဖြစ် သတ်မှတ်ထိန်းချုပ်ခဲ့ကြပါတယ်။

ဒီလိုအခြေအနေတွေမှာ ပါလက်စတိုင်းတွေဟာ ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့ရေးရာ အခြေအနေတွေနဲ့၊ အရှေ့ အလယ်ပိုင်းဒေသ နိုင်ငံများရဲ့ မူဝါဒတွေအပေါ်မှာ အခြေခံပြီး မဟာဗျူဟာပေါင်းများစွာကို ပြောင်းလဲ ချမှတ် ခဲ့ကြပါတယ်။ သံတမန်နည်းလမ်းများစွာကိုလဲ ကျင့်သုံးနိုင်ခဲ့ကြပါတယ်။ ၁၉၈၈ ရောက်တော့ ပါလက်စတိုင်း နိုင်ငံကို တရားဝင် ကြေငြာနိုင်ခဲ့ပါတယ်။ ၁၉၈၉ မက်ဒရစ်ကွန်ဖရင့်ကနေ စပြီး၊ ငြိမ်းချမ်းရေး တွေ့ဆုံဆွေး နွေးမှုတွေ စတင်လာပါတယ်။

အဲဒီနောက်ပိုင်းမှာ အရှေ့အလယ်ပိုင်းဒေသမှာ အကြမ်းဖက်မှုတွေအများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။ များသောအားဖြင့် ပီအယ်လ်အိုက မဟုတ်ပါဘူး။ တခြားသော သေးငယ်တဲ့ အုပ်စုကွဲတွေဖြစ်တဲ့ Abu Nidal ဆိုတဲ့ ဆီးရီးယားထောက်ပံ့အဖွဲ့နဲ့ အီရန်လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့တွေမှ ဖြစ်ပါတယ်။

Intifada

အစ္စရေး၊ ပါလက်စတိုင်းပြဿနာအကြောင်းပြောရင် Intifada အကြောင်းကတော့ မပါမဖြစ်ပါပဲ။ ၁၉၈၇ ခု ကနေ ၁၉၉၃ ခုနှစ်အထိ ခြောက်နှစ်ကြာဖြစ်ပွားခဲ့တဲ့ ဒီပဋ္ဋိပက္ခကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပါ တယ်။ အဖြစ်အပျက်ကတော့ ရိုးရိုးလေးစတင်ခဲ့တာပါ။ ဒါပေမယ့် ရင်ထဲမှာ မကျေနပ်မှု မီးစတွေရှိနေရင် သာမန်အဖြစ်အပျက်လေးတခုဟာလဲ ကြီးစွာသော ပဋ္ဋိပက္ခကြီးတွေအတွက် trigger တွေပါပဲ။

၁၉၈၇ခုနှစ်၊ ဒီဇင်ဘာလထဲမှာ ဂါဇာကမ်းမြောင်ဒေသမှာ ယာဉ်တိုက်မှုတခုဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ အစ္စရေးကုန်တင်ကားကြောင့် အာရပ်တချို့သေဆုံးခဲ့ရပါတယ်။ အဲဒီမှာ အစ္စရေးတပ်တွေကို ဆန့်ကျင်တဲ့ လူထုတိုက်ပွဲတွေ စတင်တော့တာပါပဲ။ သပိတ်မှောက်မှုတွေ အများအပြား ဖြစ်ပွားခဲ့ပါတယ်။ အစ္စရေးတပ် တွေကို ကျူးကျော်သူတွေအနေနဲ့ ဆန့်ကျင်တိုက်ခဲ့ကြတယ်။ လက်နက်တွေကတော့ ဗုံးတွေ၊ သေနတ်တွေ မဟုတ်ပါဘူး။ ကျောက်တုံးတွေဖြစ်ပါတယ်။ Molotov cocktail တွေလဲ အပါအ၀င်ပေါ့။

Intifada ရဲ့ ကနဦးနည်းဗျူဟာတွေက လူထုအန်တုမှုတွေပါ။ အခွန်ငွေမပေးတာ၊ အစ္စရေးအာဏာပိုင်တွေ နဲ့ ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်တာတွေ ဖြစ်ပါတယ်။ နောက်ပိုင်းကျတော့ နှစ်ဘက်ပဋ္ဋိပက္ခတွေက ပိုမို ပြင်းထန်လာခဲ့ပါတယ်။ ၁၉၉၀၊ အောက်တိုဘာမှာ Temple Mount လို့နာမည်ကြီးတဲ့ အရေးအခင်းတခု ဖြစ် ပွားလာခဲ့ပါတယ်။ ခြောက်နှစ်ကြာ ဒီပဋ္ဋိပက္ခဟာ ဂျူးတွေအကြားမှာ political polarization ဖြစ်စေခဲ့ပြီး၊ အစ္စရေးစစ်တပ်ရဲ့ စိတ်ဓာတ်ရေးရာကို များစွာဂယက်ရိုက်မှုရှိခဲ့ပါတယ်။ အာရပ်တွေဘက်ကျတော့ စီးပွား ရေး ဆုံးရှုံးနစ်နာမှုတွေ အများကြီးဖြစ်ပွားခဲ့ပြီး၊ political radicalization ဖြစ်သွားစေခဲ့ပါတယ်။ နောက်ပိုင်း နှစ်တွေမှာကျတော့ ပါလက်စတိုင်း အဖွဲ့အစည်းတခုဖြစ်တဲ့ Hamas ဆိုတဲ့အဖွဲ့ဟာ အစ္စရေး- ပါလက်စတိုင်း နိုင်ငံရေးဇာတ်ခုံပေါ်ကို ရောက်လာတော့တာပါပဲ။

Hamas

Hamas (Harakat al muqawamah al Islamiyah, “Islamic resistance movement”) ဆိုတဲ့ အဖွဲ့ဟာ ပါလက်စတိုင်းက Muslim Brotherhood အဖွဲ့ခွဲတခုဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ အီဂျစ်က Brotherhood အဖွဲ့ လိုပဲ ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမှုရေးဆိုင်ရာတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ အဖွဲ့တခုပါ။ ဒီ အဖွဲ့မှာ radicalization စဖြစ်လာတာကတော့ ၁၉၈၇-၈၈ ကာလတွေမှာပါ။ ဒါကလဲ တချို့သော အကြောင်း ရင်းတွေမှာ အခြေခံပါတယ်။ နိုင်ငံရေးပညာရှင် Walter Laqueur ဆိုခဲ့သလိုပဲ ပထမတချက်ကတော့ မွတ် စလင်အဖွဲ့တွေအားလုံးဆီမှာ ဖြစ်ပွားလာခဲ့တဲ့ general trend ပါ။ နောက်တချက်ကတော့ ဂါဇာကမ်းမြောင် ဒေသရဲ့ စီးပွားရေး အခြေအနေတွေပါ။ တတိယတချက်ကတော့ အတော့်ကိုအရေးကြီးပါတယ်။ Hamas နဲ့ Fatah, PLO တို့ကြားက ပြိုင်ဆိုင်မှုတွေပါ။ တခါတရံမှာ နိုင်ငံရေးပြဿနာတခုကို ဖြေရှင်းနေဆဲမှာပဲ အဖွဲ့ အစည်းတွေ အကြားမှာ ပြိုင်ဆိုင်မှုတွေ ပေါ်ပေါက်လာတတ်ပါတယ်။ ဒီလိုဖြစ်လာတာဟာ လှုပ်ရှားမှုတခု အတွက် အတော်ပဲ အန္တရာယ်ကြီးပါတယ်။ မူလရည်ရွယ်ချက်တွေကနေ သွေဖည်သွားတတ်ပြီး၊ အမျိုးသား လှုပ်ရှားမှုတခုလုံးကို ထိခိုက်သွားတတ်ပါတယ်။

Hamas အဖွဲ့က ပါလက်စတိုင်းအရေးဟာ ဘာသာရေးဆိုင်ရာ religious obligation တခုဖြစ်တာကြောင့်၊ ငြိမ်းချမ်းစွာ ဖြေရှင်းနည်းနဲ့ အပြည်ပြည်ဆိုင်ရာကွန်ဖရင့်တွေ မလိုအပ်ဘူးလို့ ဆိုပါတယ်။ သူတို့က Jihad ကို strategic doctrine အဖြစ် သတ်မှတ်လာကြပါတယ်။ သူတို့က မွတ်စလင် Brotherhood တွေလို nationalism ကို လုံးဝကန့်ကွက်ခြင်း မလုပ်ခဲ့ကြပေမယ့် တခြားအာရပ် nationalism တွေကိုတော့ ရုပ်ဝတ္ထု ဆန်တယ်၊ secular ဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။ ပါလက်စတိုင်း အမျိုးသားဝါဒကတော့ Islamic ဖြစ်တယ် လို့ ကြေငြာကြပါတယ်။

တကယ်တော့ Fatah, PLO နဲ့ Hamas တို့က ယှဉ်တွဲလုပ်ကိုင်နေကြတဲ့ အဖွဲ့တွေပါ။ ပါလက်စတိုင်း လွတ်မြောက်ရေးအတွက်ပါပဲ။ ဒါပေမယ့် Hamas ဟာ ပြိုင်ဆိုင်ဖို့ ခြေလှမ်းကို စတာနဲ့ တပြိုင်တည်း ၁၉၈၇ အစောပိုင်းကာလတွေမှာ anti- Fatah လက်ကမ်းစာစောင်တွေ စတင်ထုတ်ဝေပါတော့တယ်။ အဖွဲ့အစည်း တခုဟာ အခြားအဖွဲ့အစည်းတခုက လူတွေရဲ့ ကိုယ်ရေးနောက်ကြောင်းတွေကို မိတ်ဆွေလိုဝေဖန်တာ မဟုတ်တော့ပဲ ပုဂ္ဂိုလ်ရေးစွပ်စွဲ တိုက်ခိုက်လာပြီဆိုရင် ဒါဟာပြိုင်ဆိုင်မှုစလာတာပဲ ဖြစ်ပါတယ်။ ဒီ အခြေ အနေမျိုးတွေဟာ ညီညွတ်ရေးကို ထိခိုက်တတ်ပြီး၊ တခါတရံမှာ ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ် စေနိုင်ပါတယ်။ ပါလက်စတိုင်းတွေမှာလဲ ဒီအတိုင်းဖြစ်လာခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်အတွင်း ဂါဇာမှာ ဖြစ်ခဲ့တဲ့ ဒီ နိုင်ငံရေး camps နှစ်ခုကြားက followers တွေရဲ့ အချင်းချင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ဆယ့်ရှစ် ယောက် သေကြေခဲ့ပြီး၊ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ ခေါင်းဆောင်တွေက ချက်ချင်းငြိမ်းချမ်းရေး စေ့စပ်ခဲ့ကြပေမယ့် ဒီအနာဟောင်းဟာ ခဏခဏ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ အဖွဲ့ နှစ်ဖွဲ့ အကြား ပြိုင်ဆိုင်မှုတွေက တိုးမြင့်လာခဲ့ပါတယ်။

အဲဒီနောက်ပိုင်း Hamas အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ နေရာအနှံ့မှာ အများအပြားဖြစ်ပွားခဲ့ပါတယ်။ တိုက်ခိုက်မှု တွေက ပုံစံစုံပါပဲ။ ဓားနဲ့ထိုးသတ်တာ၊ ပုဆိန်နဲ့ ခုတ်သတ်တာ၊ အစ္စရေးစစ်သားတွေကို ကားကြုံခေါ်တင်ပြီး ကားပေါ်မှာ အစဖျောက်လိုက်တာ၊ ကားနဲ့ တိုက်သတ်တာ စတဲ့ နည်းမျိုးစုံပါပဲ။ ၁၉၉၃- ၉၄ နောက်ပိုင်းကျ တော့ suicide bombings တွေက ခေတ်စားလာပါတော့တယ်။ ၁၉၉၅- ၉၆ ကာလတွေမှာ Hamas တွေ အပေါ် အစ္စရေးထိုးစစ်တွေ ကြီးထွားလာခဲ့သလို၊ ပီအေလို့ခေါ်တဲ့ Palestinian Authority) တွေကလဲ အဖွဲ့ ၀င်တွေကို ဖမ်းဆီးထိန်းသိမ်းမှုတွေပြုလုပ်လာကြပါတယ်။ ၂၀၀၀ ခုနှစ်၊ နိုဝင်ဘာလကစပြီး၊ Hamas အဖွဲ့ရဲ့ အဓိကပင်မ မဟာဗျူဟာကတော့ စစ်ရေးအရအရေးပါတဲ့ နေရာများကို တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။ ဥပမာ- ဂျေရုဆလင်၊ Tel Aviv, Hadera, Netanya စတဲ့ နေရာမျိုးတွေပါ။

နိဂုံး

အခု (၂၀၀၉) နှစ်သစ်ကို မရောက်မီ (၂၀၀၈) ခုနှစ်၊ နှစ်ကုန်ပိုင်းမှာပဲ အစ္စရေးတပ်တွေက Hamas အဖွဲ့ဝင် တွေကို ချေမှုန်းရေးတွေ ပြုလုပ်နေကြပါတယ်။ အခုဒီစာတမ်းဟာ အစ္စရေး၊ ပါလက်စတိုင်း မည်သည့်ဘက် ကိုမှ ဘက်လိုက်ရေးသားထားတာ၊ ထောက်ခံအားပေးထားတာတွေ မရှိပါဘူး။ အစ္စရေး- ပါလက်စတိုင်း ပြဿနာမီးပွားတွေ Hamas နဲ့ Fatah, PLO အကြောင်းတွေရဲ့ သမိုင်းနောက်ခံ အဖြစ်အပျက်ကိုသာ ဗဟု သုတအဖြစ် တင်ပြထားခြင်း ဖြစ်ပါတယ်။



ခင်မမမျိုး (၆၊ ၁၊ ၂၀၀၉)

ရည်ညွန်းကိုးကားစာရင်း ။ ။
Erlich, R. (2000) “The History of Israel Policy in Lebanon”, ICT, June 29, 2000
Hroub, K.(2000) Hamas, New York
Heehs, P. (1998) Nationalism, Terrorism, Communalism: Essays in Modern India History, New Delhi, 1998
Laquer, W. (2003) No End to War: Terrorism in the Twenty-First Century, Continuum, London
Sayigh, Y. (1997) Armed Struggle and The search for State, New York

REF: ခင်မမမျိုး

Read More...

ခေါင်းဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ

၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ (၂၆)ရက်သည် တရုတ်လူမျိုးတို့၏ နှစ်သစ်ကူး ဖြစ်သည်။ တရုတ်တို့၏ ရိုးရာ အတိုင်း တိရိစ္ဆာန် (၁၂) ကောင်အား တနှစ်လျှင် တကောင်စီကို ကိုယ်စားပြုစေသည်။ ၂ဝဝ၉ ခုနှစ်ကား “နွား”နှစ် ဖြစ်သည်။

ခုနှစ်တခုကို တိရစ္ဆာန်တကောင်ဖြင့် ကိုယ်စားပြုစေခြင်းမှာ

ထိုနှစ်ကို မှတ်မိရလွယ်ကူစေရန် ဖြစ်သည်။ ဘယ်ခုနှစ်မွေးလဲဟု မေးလျှင် ခုနှစ်အတိအကျကို မှတ်မိနိုင်စွမ်း မရှိသူများ ရှိတတ်သည်။ ဥပမာ ကလေးတယောက်သည် မည်သည့်ခုနှစ်တွင် မွေးဖွားသည်ကို မသိနိုင်ပဲ ရှိချင်ရှိမည်။ အသက်ကြီးသူ တချို့မှာလည်း မည်သည့်ခုနှစ် ဆိုသည်ကို မေ့ကောင်းမေ့နေနိုင်သည်။ သို့ဖြစ် ရာ တရုတ်လူမျိုးတို့၌ ဘယ်ခုနှစ်မွေးဖွားသလဲဟု မမေးပဲ ဘယ်တိရိစ္ဆာန်နှစ်မွေးသလဲဟု မေးသောအခါ ချက် ချင်း ပြန်ဖြေရန် လွယ်ကူသွားသည်။


၂ဝဝ၉ ခုနှစ်သည် နွားနှစ်ဖြစ်၍လည်း တနှစ်ပတ်လုံး နွားကဲ့သို့ ရုန်းကန်ရဦးမည်ဟု ခန့်မှန်းကြသူများ ရှိ သည်။ ယခုနှစ်ကား တကမ္ဘာလုံး ဘဏ္ဍာရေး အကြပ်အတည်းနှင့် ရင်ဆိုင်နေရသဖြင့် လည်ပတ်ငွေ အား နည်းသောကြောင့် အလုပ်အကိုင်အသစ်များ ဖန်တီးရန် ခက်ခဲနေမည်ဖြစ်သည်။ စီးပွားရေးကို မည်သူမျှ အရှုံးခံ၍ လုပ်မည်မဟုတ်သောကြောင့် အလုပ်ဖြုတ်ရခြင်းများလည်း ရှိနေဦးမည်။ အလုပ်လက်မဲ့များလျှင် ဝယ်ယူစားသုံးနိုင်စွမ်း ကျဆင်းတတ်သည့် အခြေအနေမျိုးကဲ့သို့သော နောက်ဆက်တွဲ ဆိုးကျိုးများစွာ ရှိ မည်။ ထို့ကြောင့်လည်း ရုန်းကန်ရမည်ဟု နိမိတ်ဖတ်ကြသည်ဟု ယူဆရသည်။

အမှန်စင်စစ် နွားဆိုသော သတ္တဝါ တမျိုးတည်းသာ ရုန်းကန်ရသည် မဟုတ်၊ သတ္တဝါတိုင်း အသက်ရှင်နိုင်ရေး အတွက် နည်းအမျိုးမျိုးဖြင့် အမြဲတစေ လှုပ်ရှားရုန်းကန်နေရသည်။ စားရေး သောက်ရေး လုံခြုံရေးတို့ကို အတတ်နိုင်ဆုံး ဂရုစိုက်မှသာ မနက်ဖြန်အတွက် အသက်ဆက်ရှင်နိုင်မည်ကို သဘာဝအားဖြင့် အလိုလို သိ နေကြသောကြောင့် ဖြစ်သည်။

ဤသည်မှာ အမြင်အားဖြင့်တွေ့ရှိနိုင်သည့် ပြင်ပလှုပ်ရှားရုန်းကန်မှုများ ဖြစ်သည်။ ခန္ဓာရှိ၍ အသက်ရှင်နေ သော သတ္တဝါမှန်သမျှ ကိုယ်တွင်းခန္ဓာအစိတ်အပိုင်းများ အဆက်မပြတ်လှုပ်ရှားရုန်းကန်နေရသည်။ ကိုယ် တွင်းကိုယ်ပ ရုန်းကန်လှုပ်ရှားခြင်းသာ မရှိခဲ့သော် ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ မည်သည့်သတ္တဝါမဆို ဖြုတ်ခနဲ အသက်ဆုံးသွားနိုင်သည်ချည်း ဖြစ်သည်။

သို့ဖြစ်ရာ နွားနှစ်ဖြစ်၍ ရုန်းကန်ရသည်ဟု မယူဆစေလို၊ ရုန်းကန်ရသော အကြောင်းရင်းခံ ရှိသောကြောင့် သာ ရုန်းကန်ရသည်ဟု သဘောပိုက်စေချင်သည်။

အေးချမ်းလှသည့် ဆောင်းမနက်တွင် ကျောင်းတက်ရမည့် ကလေးတဦးအဖို့ အိပ်ယာထဲ ကွေးမနေနိုင်။ မည်မျှပင် အိပ်ချင်နေစေကာမူ ရုန်းကန်ပြီး အိပ်ယာထလာရသည်။ ကျောင်းတက်ရမည့် တာဝန်က ရှိနေသ ကိုး။ အလုပ်သမားတဦးသည်လည်း လုပ်ငန်းခွင်ဝင်ရန် မထချင်ပဲ ထရဦးမည်။ လယ်သမားကြီးသည်လည်း သူ့လယ်ယာလုပ်ငန်းခွင်ကို သွားရန် အိပ်ယာထရမည်သာ။ “တာဝန်”ဖြစ်သည်ဆိုသော ဘဝပေးအသိအရ ပျင်းရိနေ၍မရ။ ဒီလိုကိစ္စမျိုးတွင် လုံ့လမစိုက်သော် ပို၍ပင်ပန်းဆင်းရဲတော့မည်မှန်း အလိုလို သိနေတတ် သည့် သဘာဝကြောင့် ဖြစ်သည်။

ဤသည်မှာ လူတိုင်းတွင် တာဝန်ကိုယ်စီ ရှိနေသည်ဆိုသော သဘောကို ထင်ထင်ရှားရှား ပြသနေသည်။ အမှန်ပင် လူတိုင်း၌ အနည်းဆုံး တာဝန်တခုမက ရှိကြသည်။ မိမိအတွက် ရုန်းကန်လှုပ်ရှားရခြင်းအပြင် မိမိ နှင့် အတူ ယှဉ်တွဲနေထိုင်ကြသူများအတွက်ဖြစ်စေ၊ မိမိ၏ သားချင်းဆွေမျိုး၊ ချစ်သူခင်သူတို့အတွက်ဖြစ်စေ လှုပ်ရှားရုန်းကန်ပေးနေရသည်ပင်။

အစိုးရတာဝန်တရပ်ကိုယူ၍ ထမ်းဆောင်နေကြသူတို့လည်း ထိုသဘောပင် တာဝန်ရှိကြသည်။ နိုင်ငံတိုးတက် စေရန်၊ လူထုအကျိုး သယ်ပိုးနိုင်ရန် နိုင်ငံရေးလုပ်ကြသူများ၊ တက်ကြွလှုပ်ရှားသူတို့လည်း ကိုယ်ရေး ကိုယ်တာအပြင် အများအတွက် လှုပ်ရှားရုန်းကန်ပေးရန် တာဝန်ရှိနေကြသည်။

လူတဦးချင်းအတွက် ပုဂ္ဂိုလ်ရေးရာတာဝန်ကို မိမိဘာသာ သတ်မှတ်နိုင်သည်။ အဖွဲ့အစည်းနှင့် တိုက်ရိုက် ပတ်သက်လျှင်မူ အဖွဲ့က တာဝန်ပေးမည်။ အဖွဲ့ဖြစ်လျှင် ခေါင်းဆောင်ရှိရသည်။ ခေါင်းဆောင်က ပေးသည့် တာဝန်ကိုယူပြီး လုပ်ဆောင်ပေးနိုင်မှ တာဝန်ကျေမည်။

သို့ဖြစ်ရာ ခေါင်းဆောင်က တာဝန်ပေးတတ်ရန် လိုအပ်လာသည်။ ခေါင်းဆောင်က ခေါင်းဆောင်အရည် အချင်း ပြည့်ဝ၍ ထိုက်သင့်မှန်ကန်သော တာဝန်ကိုပေးနိုင်မှ၊ တာဝန်ယူသူ အားလုံးတို့ကလည်း မပျင်းမရိ လှုပ်ရှားရုန်းကန်ပေးမှ ထိုတာဝန်ကျေပွန်ကာ အဖွဲ့တိုးတက်မည် ဖြစ်သည်။

လောလောဆယ် အတိမ်းအစောင်းမခံနိုင်သော အခြေအနေကို ရောက်လာနေသည့် မြန်မာ့နိုင်ငံရေးတွင် လည်း ခေါင်းဆောင်တို့၏ အရည်အချင်း၊ နောက်လိုက်တို့၏ တာဝန်ယူ လှုပ်ရှားရုန်းကန်မှုများက အလွန်ပင် အရေးကြီးလာသည်။ အဓိကအကြောင်းကား နောက်ပြန်ဆုတ်၍ မရနိုင်လောက်အောင် ခေတ်-စနစ်တခုကို အသွင်ကူးပြောင်းချိန်၊ တော်လှန်နေချိန်သို့ ရောက်ရှိနေသောကြောင့် ဖြစ်သည်။

တချက်မှားလျှင် တသက် နာမည်ပျက်ရုံတင် မဟုတ်တော့၊ သမိုင်းတွင်မည့် နာမည်ဆိုး ဖြစ်သွားနိုင်သည်။ တချိန်တည်းမှာပင် တချက်ကလေး ပြင်လိုက်ရုံနှင့် သမိုင်းတွင်မည့် မော်ကွန်း ဖြစ်သွားနိုင်သည်။

ထိုတချက်ကလေးကား အခြားမဟုတ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးသာ ဖြစ်သည်။ တနိုင်ငံလုံးတွင် ဟက်တက်ကြီး ကွဲနေသော မြန်မာ့နိုင်ငံရေးကို ရင်ကြားစေ့နိုင်မှ အနာဂတ်တိုင်းပြည်အကျိုးကို အင်အား အပြည့်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိပေလိမ့်မည်။

မည်သည့်စနစ်ကိုပင် သုံးသုံး၊ ထိုစနစ်ကို လူထုက လက်ခံကျင့်သုံးမှ အောင်မြင်မည်။ လူထုက တညီ တညွတ်တည်း မထောက်ခံပဲ ရှိနေသရွေ့ မည်သည့်ကိစ္စလုပ်လုပ် မအောင်မြင်နိုင်။ လူထုတရပ်လုံးက ညီညွတ်နေဖို့ဆိုသည်မှာ မြန်မာနိုင်ငံ အနေအထားဆိုလျှင် “အမျိုးသားပြန်လည်သင့်မြတ်ရေး”မှ လွဲ၍ အခြား မရှိနိုင်။

၂ဝဝ၉ ခုနှစ်သည် နွားနှစ်ဖြစ်၍ မြန်မာ့နိုင်ငံရေးအပေါ် နွားဥပမာအတိုင်း ပေးရလျှင် “ခေါင်းဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်နိုင်မည့်နှစ်” ဖြစ်သည်ဟုသာ ဆိုရပေလိမ့်မည်။ ခေါင်းဆောင်တို့သည် အမျိုးသားပြန်လည်သင့်မြတ်ရေး ပန်းတိုင်သို့ ဖြောင့်ဖြောင့်သွားနိုင်ရန် အဆင်သင့် ဖြစ် နေကြပြီလော။ ခေါင်းဆောင်က ရှေ့မှသွားသော်လည်း နောက်မှ လိုက်မလာနိုင်လျှင်လည်း မဖြစ်။ သို့ဖြစ်ရာ နောက်လိုက်တို့သည်လည်း ဖြောင့်ဖြောင့်လိုက်နိုင်ရန် အဆင်သင့် ဖြစ်နေကြပြီလော။



လွင်အောင်စိုး
၅ ဇန်နဝါရီ ၂ဝဝ၉
REF: လူထုအသံ

Read More...

၂၀၀၈ ခု ၀န်ကြီးဌာနပေါင်းစုံ အဂတိလိုက်စားမှု (၅၀၀) နီးပါးရှိ

၇ ဇန်န၀ါရီ ၂၀၀၉

၂၀၀၈ ခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာထိ (၉) လအတွင်း စစ်အစိုးရ ၀န်ကြီးဌာနပေါင်းစုံမှ အဂတိလိုက်စား သည့် အမှုပေါင်း (၄၄၈) မှုရှိသည်ဟု ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြောသည်။

မြန်မာစစ်အစိုးရ ၀န်ကြီးဌာနပေါင်းစုံ၌ အဂတိလိုက်စားမှုများရှိနေကြောင်း မြန်မာစစ်အစိုးရဘက်မှ ပထမဆုံး အကြိမ် တရားဝင် ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

အဂတိလိုက်စားမှုပေါင်း (၄၄၈) မှုအနက် အရေးယူပြီးသည့် အမှုပေါင်း (၃၀၀) ရှိပြီး စစ်ဆေးနေဆဲအမှု (၁၄၈) မှုရှိသည်ဟု ၃၈/၂၀၀၈ နေပြည်တော် ၀န်ကြီးအဖွဲ့အစည်းအဝေးတွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုအဂတိလိုက်စားသည့် အမှုကျုးလွန်သူများ၏ အမြင့်ဆုံး ရာထူးအဆင့်ကို ဖော်ပြထားခြင်း မရှိ သည့်အတွက် ၀န်ကြီးနှင့်အထက် ရာထူးယူထားသူများကို အဂတိလိုက်စားမှုကြောင့် အရေးယူထားခြင်းမရှိ ဆိုသည့်သဘော ရှင်းပြသွားသည့်အတွက် ၀န်ကြီးအဖွဲ့အစည်းအဝေးမှတ်တမ်း ဖတ်ရသူ အရာရှိများက မကျေမနပ်ဖြစ်နေကြသည်။

“အမှန်တကယ် အဂတိလိုက်စားမှုကို ဖော်ထုတ်မယ်ဆိုရင် ၀န်ကြီးတယောက်မကျန် အရေးယူရမယ်ဆိုတာ လူတိုင်းသိပါတယ်။ ၀န်ကြီးတယောက် ဘယ်လောက် လာဘ်စားသလဲဆိုတာ သက်ဆိုင်ရာဝန်ကြီးဌာနတွေ က ၀န်ထမ်းတွေ အသိဆုံးပါ။ ဒါပေမယ့် ၀န်ကြီးတွေက ဗိုလ်ချုပ်တွေဆိုတော့ ဘယ်အရေးယူပါ့မလဲ။ ဝေစား မျှစားတွေပေါ့။ ၀န်ကြီး ဦးအောင်သောင်းလိုလူမျိုး မတရားသဖြင့် လာဘ်စားတာ စက်မှု (၁) ၀န်ကြီးဌာနတခု လုံး ၀န်ထမ်းတိုင်း သိတာပဲ။ သူ့အောက်က ဦးဆောင်ညွှန်မှူးတွေ ညွှန်ချုပ်တွေကို အောင်သောင်းက ရှယ်ယာပေးပြီး လာဘ်စားခိုင်းတာ။ အောင်သောင်းနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ ရိုက်စားနေတာ အားလုံးသိတာ ပဲ။ ဒီလိုဝန်ကြီးတွေ၊ အရာရှိကြီးတွေကျတော့ (၄၄၈) မှုထဲမှာ ၀န်ကြီးချုပ်က ဘာကြောင့်မထည့်သလဲ မေး ချင်တာပေါ့ဗျာ။ ခုတော့ အောက်ခြေက ဘာမဟုတ်တဲ့ ၀န်ထမ်းတွေ နှစ်ပြားတပဲစားတာကို ပုံကြီးချဲ့ပြောနေ တယ်” ဟု အရာရှိတဦးက ရင်ဖွင့်သည်။

နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဗိုလ်ချုပ်ခင်ညွန့်ကို ဖမ်းဆီးပြီးနောက် အဂတိလိုက်စားမှုနှင့် စွဲချက်တင် ခဲ့သော်လည်း မည်သည့်ကိစ္စများတွင် အဂတိလိုက်စားခဲ့သည်ကို စစ်အစိုးရဘက်က ယခုထိ တိုင်းပြည်သို့ ထုတ်ပြန်နိုင်ခဲ့ခြင်းမရှိပေ။

စစ်အစိုးရ၏ ၀န်ထမ်းများ အဂတိလိုက်စားမှုပပျောက်ရေး စီမံချက်တွင် ၀န်ထမ်းများနှင့် မထိတွေ့စေရန် အွန်လိုင်းမှ အခွန်ဆောင်ရေးကိစ္စပါသည့်အတွက် အခွန်ဦးစီးဌာနမှ အရေးယူခံရသူ များပုံရသည်ဟု ၀န်ထမ်း များကြား ပြောဆိုနေကြသည်။



REF: ခေတ်ပြိုင်

Read More...

ကလေးစစ်သားဘ၀ (၁၀) နှစ်ကြာနေခဲ့ရသူ အိုင်အယ်လ်အိုကြောင့် ပြန်လွတ်

၇ ဇန်န၀ါရီ ၂၀၀၉

တပ်ပြေးမှုဖြင့် ဖမ်းဆီးထောင်ချပြီး မုပ္ပလင်ရဲဘက်စခန်းသို့ ပို့ဆောင်ခြင်းခံခဲ့ရသူ ကိုထွဋ်ဆန်းမင်းအား ထောင်အာဏာပိုင်များက ၀န်ခံကတိ (၄၀၁) အား လက်မှတ်ရေးထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

ကိုထွဋ်ဆန်းမင်းသည် ၁၉၉၉ ခုနှစ်က သူငယ်ချင်းများနှင့် ရေသွားကူးပြီး အပြန်လမ်း အင်းစိန်ဖော့ကန် အရောက်တွင် စစ်တပ်၏အတင်းခေါ်ဆောင်သွားခြင်းခံပြီး စစ်သင်တန်းပေးကာ စစ်တပ်သို့ အတင်းဝင် ရောက်ရန် ခိုင်းစေခြင်းခံခဲ့ရကြောင်း သိရှိရသည်။

ထိုသို့ စစ်တပ်သို့ အတင်းအဓမ္မသွတ်သွင်းခံရစဉ်က ကိုထွဋ်ဆန်းမင်း၏အသက်မှာ (၁၂) နှစ်အရွယ်သာ ရှိ သေးသည်ဟု ကိုထွဋ်ဆန်းမင်း ပြန်လည်လွတ်မြောက်ရေးအတွက် အိုင်အယ်လ်အိုအဖွဲ့ကြီးနှင့်အတူ လိုက်ပါ ဆောင်ရွက်ခဲ့သူ လူငယ်တဦးက ပြောသည်။


အဆိုပါလူငယ်က “အိုင်အယ်လ်အိုအဖွဲ့ရဲ့ မူအရဆိုရင် ဒါဟာလည်း ကလေးစစ်သားကိစ္စထဲမှာ အကျုံးဝင်ပါ တယ်။ လက်ရှိမှာ သူ့အသက်က ဘယ်လောက်ပဲ ရှိနေနေ သူ့ကို တပ်ထဲ ၀င်ရောက်ခိုင်းစဉ်က အသက် မပြည့်သေးရင် ဒါဟာ ကလေးစစ်သားပါပဲ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

“ကျနော့်ကို တပ်ထဲခေါ်သွားစဉ်က ကျနော့်အသက်က (၁၂) နှစ်ပဲရှိပါသေးတယ်။ မှတ်မှတ်ရရဆိုရင် ၁၉၉၉ ခုနှစ်ကပေါ့။ ရေကူးပြီးအိမ်အပြန် ဖော့ကန်အရောက်မှာ ကျနော့်ကို အမည်မသိလူနှစ်ဦးက ဖမ်းဆီးခဲ့ပြီး မင်း စစ်တပ်ထဲဝင်မလား၊ ထောင်ထဲသွားမလားလို့ မေးခဲ့ပါတယ်။ ကျနော်လည်း ထောင်ကျမှာကို ကြောက်ပြီး တော့ စစ်ထဲဝင်မယ်လို့ ပြောခဲ့ပါတယ်” ဟု ကိုထွဋ်ဆန်းမင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

ထို့နောက် မင်္ဂလာဒုံလေ့ကျင့်ရေးသင်တန်းကျောင်းသို့အပို့ခံရကာ စစ်သင်တန်းတက်ခဲ့ရချိန်မှစ၍ သင်တန်း ဆင်းပြီး ပြည်မြို့ရှိ တပ်ရင်း (၂) တွင် တာဝန်ချထားခံရချိန်အထိ အိမ်နှင့် အဆက်အသွယ်မရခဲ့ကြောင်း၊ (၂) နှစ်ကျော် (၃) နှစ်ခန့်ကြာပြီးနောက် တောင်ငူသို့ တပ်ပြောင်းရွှေ့ခံရကာ အဆိုပါတောင်ငူတပ်၌ တနှစ်ခန့် ကြာပြီး အကြပ်ကြီးသင်တန်းတက်ရန် ရန်ကုန်သို့ စေလွှတ်စဉ် တပ်မှ ထွက်ပြေးခဲ့ခြင်းခြင်းဖြစ်ကြောင်း ကိုထွဋ်ဆန်းမင်းက ပြောသည်။

တပ်မှထွက်ပြေးပြီး ရန်ကုန်မြို့နေအိမ်၌ ပြန်လည်နေထိုင်နေစဉ် ရပ်ကွက်အာဏာပိုင်များက “မင်း စစ်ထဲ ပြန် မသွားရင် ထောင်ထဲကို ဖမ်းပို့လိုက်မယ်” ဟု ပြောဆိုခြိမ်းခြောက်ခဲ့သဖြင့် နောက်တကြိမ် စစ်တပ်ထဲ ပြန်သွားခဲ့ရကြောင်း ပြောဆိုသည်။

ထို့နောက် စစ်တပ်ထဲတွင် မပျော်သည့်အတွက် ၂၀၀၃ ခုနှစ်တွင် နောက်ဆုံးထွက်ပြေးပြီး အိမ်သို့မပြန်ဘဲ တနေရာ၌ ရှောင်းပုန်းခဲ့ပြီးနောက် အိုအယ်လ်အိုအဖွဲ့ကြီးနှင့် အဆက်အသွယ်ရကာ ထပ်မှထွက်ခွင့်ရရန် လုပ်ဆောင်ခဲ့ကြောင်း၊ အိုင်အယ်အိုအဖွဲ့က ရပ်ကွက်ထောက်ခံစာယူခိုင်းသည့်အတွက် ထောက်ခံစာ သွား ယူစဉ် ဖမ်းဆီးထောင်ချခြင်းခံခဲ့ရပြီး မုပ္ပလင်ရဲဘက်စခန်းသို့ အပို့ခံခဲ့ရကြောင်း ကိုထွဋ်ဆန်းမင်းက ပြော သည်။

အဆိုပါ မုပ္ပလင်ရဲဘက်စခန်း၏ နှိပ်စက်ညှဉ်းပန်းခံရမှုများနှင့် ပတ်သက်၍ ကိုထွဋ်ဆန်းမင်းက “အဲဒီမှာ အကျဉ်းသားတွေဟာ ကျောက်ထု၊ ကျောက်ခွဲခြင်းလုပ်ငန်းတွေကို အပြင်းအထန်လုပ်ကြရပါတယ်။ အကျဉ်း သားတွေဟာ အလုပ်ပင်ပန်းစွာ လုပ်ရပေမယ့်လည်း အစားအစာကို ၀လင်အောင်မစားကြရပါဘူး။ သတ်မှတ် ထားတဲ့လုပ်ကွက်မပြည့်ရင်၊ အလုပ်ချိန်မှာ ခိုကပ်တယ်လို့မြင်ရင် အစောင့်တွေက နောက်ကနေ ရိုက်တာကို လည်း ခံရပါတယ်။ ကျနော်ရှိနေစဉ်မှာ ထောင်ဝန်ထမ်းတွေရဲ့ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သူတဦး ရှိပါ တယ်။ ဘယ်သူတွေက ရိုက်ပြီး ဘယ်သူသေဆုံးတယ်ဆိုတာကိုတော့ ကျနော် မသိရှိခဲ့ပါဘူး” ဟု ပြန်လည် ပြောပြသည်။

ကိုထွဋ်ဆန်းမင်းအား မုပ္ပလင်ရဲဘက်စခန်းမှ ပြီးခဲ့သည့်လပိုင်းအတွင်း၌ ထောင်အာဏာပိုင်များက ၀န်ခံကတိ (၄၀၁) အား လက်မှတ်ထိုးပြီး ပြန်လည်လွှတ်ပေးစဉ် ထောင်ထွက်ဝရမ်းနှင့်အတူ တပ်ထွက်လက်မှတ်ကို လည်း တပါတည်းပေးခဲ့သည်။ သို့သော် ရန်ကုန်နေအိမ်ပြန်ရောက်သည့်တိုင် ရဲဘက်စခန်းတွင် ကျောက်စ များ ထိမှန်ပြီး အနာများဖြစ်ကာ ကျန်းမာရေးမှာလည်း ကောင်းမွန်ခြင်းမရှိကြောင်း သိရသည်။



မြင့်မိုးဇော်
REF: ခေတ်ပြိုင်

Read More...

ကွယ်လွန်သူ ဦးစောမြအောင်နေရာ အစားထိုးမည် ပါတီလှုပ်ရှားမှုရပ်မသွားဟု ဦးအေးသာအောင်ပြော

၇ ဇန်န၀ါရီ ၂၀၀၉

စစ်အစိုးရက ၁၉၉၂ ခုနှစ်တွင် ဖျက်သိမ်းခဲ့သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌဦးစောမြအောင် ကွယ်လွန် ပြီး ဥက္ကဋ္ဌနေရာ လစ်လပ်သွားသော်လည်း ဥက္ကဋ္ဌနေရာ ပြန်လည်တင်မြှောက်ကာ ဒီမိုကရေစီရေးလှုပ်ရှားမှု များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင် က ခေတ်ပြိုင်သို့ ရှင်းလင်းပြောဆိုသည်။

“ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှာ ဥက္ကဋ္ဌလည်းဆုံးပြီ။ ဒု-ဥက္ကဋ္ဌနှစ်ယောက်လည်း ဆုံးပြီဆိုတော့ ဒါတွေကို အစား ထိုးဖို့ကတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ စီအီးစီတွေနဲ့ တွေ့ဆုံဖို့ လိုပါတယ်။ သူတို့နဲ့ တွေ့ဆုံဖို့ဆိုတာလည်း တော် တော်လေး အခက်အခဲရှိတယ်။ လောလောဆယ် တွေ့ဆုံညှိနှိုင်းမှုတွေ မလုပ်နိုင်သေးပေမယ့် လုပ်ဆောင် သွားဖို့တော့ ရှိပါတယ်။ အခုချိန်တော့ ရန်ကုန်မှာရှိတဲ့ ဦးသာဘန်းတို့လို စီအီးစီတွေ၊ ဒီမိုကရေစီအင်အားစု တွေနဲ့ လက်တွဲလုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောသည်။

ကွယ်လွန်သွားသော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌသည် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာ ပီပီ) မှာလည်း ဥက္ကဋ္ဌနေရာ ယူထားသည့်အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ အသစ်ပြန်လည်တင်မြှောက် မည့် ဥက္ကဋ္ဌသည် စီအာပီပီတွင် မည်သည့်အခန်းကဏ္ဍမှ တာဝန်ယူမည်ဆိုသည်မှာမူ စီအာပီပီမှဖြစ်စေ ၊ ထို့ ထက်ကျယ်ပြန့်သော အစည်းအဝေးတခုမှဖြစ်စေ စဉ်းစားဆုံးဖြတ်ကြရမည်ဖြစ်ကြောင်း ဦးအေးသာအောင်က ရှင်းလင်းပြောဆိုသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်(၁၁) ခု၌ အနိုင်ရ ရွေးကောက်တင်မြှောက်ခံခဲ့ရသော်လည်း ၁၉၉၂ ခုနှစ် မတ်လတွင် စစ်အစိုးရ၏ ဖျက်သိမ်းခြင်း ခံခဲ့ရ သည်။

“သူတို့က ဖျက်သိမ်းလိုက်တယ်ဆိုပေမယ့် အန်ကယ်တို့က လက်မခံဘူး။ ဘာကြောင့်လည်းဆိုတော့ အန်ကယ်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်သူအများစုက မဲဆန္ဒပေးထားတဲ့ အဖွဲ့ကြီးတခု ဖြစ်နေသေးတယ်။ ရခိုင်ပြည်နယ်မှာ မဲဆန္ဒအများစုကို ရထားတဲ့ ပါတီတခုဖြစ်တဲ့အတွက် ဥက္ကဋ္ဌ၊ အတွင်းရေးမှုး၊ စီအီးစီတွေက လက်မခံဘူး။ ဒီတိုင်းပဲဆက်လုပ်ခဲ့တယ်လေ။ အခုလည်းပဲ ဒီလိုပဲ ဆက်လုပ်မှာပဲ။ ရံဖန်ရံခါ အစည်းဝေးတွေလုပ်တယ်။ ပြီးတော့ ပြည်နယ်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ တွေ့ဆုံတာတွေ အရင်ကလုပ်ခဲ့ပါတယ်။ နောက်လည်း အခါအားလျော်စွာ လုပ်သွားမှာပါ” ဟု အဖွဲ့ အနေဖြင့် ဆက်လက်လုပ်ဆောင်သွားဖွယ်များကို ၎င်းက ထုတ်ဖော်ပြောဆိုလိုက်သည်။

ယင်းအဖွဲ့မှ စီအီးစီအဖွဲ့ဝင်တဦးဖြစ်သည့် ဦးသာဘန်းကလည်း “တို့က အဖျက်သိမ်းခံလိုက်ရပေမယ့် စုစည်းမှု က ရှိနေတာပဲလေ။ လုပ်ခဲ့တဲ့လူတွေ စုစည်းပြီးလှုပ်ရှားတယ်။ ၁၉၉၈ မှာလည်း ရွေးကောက်ခံ ကိုယ်စား လှယ်တွေ စုစည်းပြီး လွှတ်တော်ခေါ်ယူဖို့ လုပ်ခဲ့ကြတာပဲလေ။ အဲဒီနောက်မှာလည်း စီအာပီပီတို့၊ အန်အယ် လ်ဒီတို့ တိုင်းရင်းသားလူမျိုးစုတွေ ပူးပေါင်းပြီး လွှတ်တော်ခေါ်ယူရေးကော်မတီဖွဲ့တယ်။ ဒါမျိုးတွေ လှုပ်ရှား နေခဲ့ကြတာပဲလေ။ လက်ရှိမှာလည်း အန်အယ်လ်ဒီနဲ့ ပူးပေါင်းလှုပ်ရှားနေတာပဲလေ” ဟု ဆိုသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် စီအာပီပီအဖွဲ့တို့၏ ဥက္ကဋ္ဌ ဦးစောမြအောင်သည် ဇန်န၀ါရီ (၅)ရက်တွင် ၎င်း နေအိမ်၌ ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဥက္ကဋ္ဌနေရာကို မည်သည့်အချိန်တွင် ပြန်လည်အစားထိုး တင်မြှောက် သွားမည်ကို အတိအကျပြောနိုင်ခြင်း မရှိသေးသော်လည်း ပြန်လည်အစားထိုးတင်မြှောက်မှုပြုလုပ်ကာ ဒီမို ကရေစီရေး လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းတို့နှစ်ဦးက တညီတညွတ် တည်း ပြောကြားသည်။



မင်းနိုင်သူ
REF: ခေတ်ပြိုင်

Read More...

ဝတ်မှုန်ရွှေရည်သတင်း Weekly Eleven သာ ဖော်ပြခွင့်ရ

၇ ဇန်န၀ါရီ ၂၀၀၉

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မြေး နည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ဖိုးလပြည့်က မေမြို့ကို ခေါ် ဆောင်သွားခဲ့သူဆိုပြီး အနုပညာသည်လောကနှင့် ပြည်သူများကြား ရေပန်းစားနေသည့် မော်ဒယ် ဝတ်မှုန် ရွှေရည်၏ သတင်းနှင့် ဓာတ်ပုံကို အခြား ပုဂ္ဂလိကမဂ္ဂဇင်းနှင့် ဂျာနယ်များတွင် ဖော်ပြခွင့် ပိတ်ပင်ထားသော် လည်း ဒီဇင်ဘာ (၃၁) ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တခုတည်းသာ ဖော်ပြခွင့်ရခဲ့ကြောင်း ရန်ကုန် မြို့ခံ စာနယ်ဇင်းအသိုင်းအဝန်းက ပြောပြကြသည်။

ပုဂ္ဂလိက ဂျာနယ် အယ်ဒီတာတဦးက “ကျနော်တို့ ဂျာနယ်မှာလည်း နှစ်ချုပ် ထင်ရှားကျော်ကြားတဲ့သူ စာရင်း မှာ သူ့ကို ဖော်ပြဖို့ထည့်တယ်။ စာပေစိစစ်ရေးကိုတင်တော့ သူတို့က ဖြုတ်ချလိုက်တယ်။ အလားတူ အခြား ဂျာနယ် မဂ္ဂဇင်းအချို့မှာလည်း ဖော်ပြဖို့ တင်ပြကြတယ်။ ဒါပေမယ့် အားလုံးကို ဖော်ပြခွင့်ပိတ်ပင်ထားတယ်။ ခု Weekly Eleven ဂျာနယ်မှာ ဖော်ပြတာ ပထမဦးဆုံးပဲ” ဟု ပြောသည်။

ဂျာနယ်အယ်ဒီတာများ၏ ပြောပြချက်အရ မော်ဒယ် ဝတ်မှုန်ရွှေရည်သည် တိုင်းရင်းသူ မော်ဒယ်တဦးဖြစ်ပြီး မြန်မာနိုင်ငံ၌ ထင်ရှားကြော်ကြားသည့် အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၏ ချစ်သူဖြစ်ကြောင်း၊ စိုင်းစိုင်းခမ်းလှိုင်ကိုယ်တိုင် သတင်းစာမျက်နှာများတွင် အမည်မဖော်ပြဘဲ ဖြေကြားထားသည်များ ရှိကြောင်း၊ ၎င်းတို့နှစ်ဦး၏ ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များကို အင်တာနက်စာမျက်နှာများပေါ်တွင် အများအပြားရှိကြောင်း၊ ၎င်းတို့နှစ်ဦးကိစ္စဆိုပါက သာမန် သတင်းသာဖြစ်ကြောင်း ပြောပြသည်။

သို့သော် ပြီးခဲ့သည်လက ဝတ်မှုန်ရွှေရည်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မြေး ဖိုးလပြည့်က မေမြို့အထိ ခေါ် ဆောင်သွားသည့် သတင်းများထွက်ပြီးနောက်ပိုင်း အဆိုပါကိစ္စ သတင်းဂျာနယ်များက အမည်မဖော်ပြဘဲ ရေးသားကြသော်လည်း စာပေစိစစ်ရေးက အားလုံးပိတ်ပင်ခဲ့သည်။ စာပေစိစစ်ရေးက နိုင်ငံရေး၊ စီးပွားရေး သတင်းများအပြင် ယခုကဲ့သို့ အာဏာရှင်အသိုင်းအဝန်းနှင့် သက်ဆိုင်သည့် လူမှုရေးသတင်းများကိုလည်း စောင်းပါးရိပ်ခြေမျှပင် ရေးသားခွင့်မပြုဘဲ ပိတ်ပင်လျက်ရှိကြောင်း ပြောပြကြသည်။

မော်ဒယ်ဝတ်မှုန်ရွှေရည်ကို ဖိုးလပြည့်က မေမြို့ကို ခေါ်ဆောင်သွားခဲ့သည် ဆိုသည့်သတင်းနှင့်ပတ်သက်၍ ၎င်းနှင့် တနှစ်တည်း တက်နေသူ နည်းပညာတက္ကသိုလ် ဒုတိယနှစ် ကျောင်းသားတဦးကို မေးမြန်းကြည့်ရာ “သတင်းဖြစ်ပေါ်တဲ့နေ့က ဖိုးလပြည့်ကို ကျောင်းမှာ မတွေ့ရကြောင်း၊ ကျောင်းအနီးက ကျောင်းနားချိန် ၎င်း အပန်းဖြေရန် ဆောက်လုပ်ပေးထားတဲ့ ဇိမ်ခံအိမ်ကြီးမှာလည်း မတွေ့ရကြောင်း၊ ဒါပေမယ့် ဝတ်မှုန်ရွှေရည်ကို ခေါ်သွားတယ်လို့တော့ တပ်အပ်မပြောနိုင်ကြောင်း” ပြောပြသည်။

ဒီဇင်ဘာ (၃၁) ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင်မူ ဝတ်မှုန်ရွှေရည်နှင့် စိုင်းစိုင်းခမ်းလှိုင် အကြောင်းများကို ဘေးချင်းယှဉ် ဖော်ပြထားပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေး ဖိုးလပြည့်နှင့် ပတ်သက်သည့် ကိစ္စကိုများမူ ကောလာဟလ ဖြစ်ပေါ်မှုအဖြစ် မေးမြန်းထားပြီး ဝတ်မှုန်ရွှေရည်က ငြင်းဆိုထားခြင်း မရှိပေ။

ရန်ကုန် စစ်တပ်အသိုင်းအ၀ိုင်း၏ ပြောဆိုချက်အရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မြေး ဖိုးလပြည့် တက်ချင်သည် ဆိုသည့်အတွက် အင်းစိန်ကြို့ကုန်းရှိ အာအိုင်တီစက်မှုတက္ကသိုလ်ကို ပြန်ဖွင့်ပေးတော့မည်ဆိုသည့် သတင်း များ ထွက်ပေါ်နေသည်။ ဖိုးလပြည့်၏ လုံခြုံရေးအတွက် အာအိုင်တီဝန်းကျင်တွင် စစ်တပ်တတပ် ချထားမည် ဆိုသည့် သတင်းလည်း ထွက်ပေါ်နေသည်။ သို့သော် အဆိုပါသတင်းများကို ခေတ်ပြိုင်မှ သီးခြား အတည်ပြု ချက် မရရှိသေးပေ။



REF: ခေတ်ပြိုင်

Read More...

စက်မှု (၁) ၀န်ထမ်းများနှင့် လိမ် (၄) လိမ် ဆောင်ပုဒ်

၆ ဇန်န၀ါရီ ၂၀၀၉

နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ရှိ လုပ်ငန်းဌာနကြီး (၆) ခုမှ အရာထမ်း၊ အမှုထမ်းများမှာ ၀န်ကြီး ဦးအောင်သောင်း အလိုကျ လိမ်ပေးနေရသည့်အတွက် “လိမ် (၄) လိမ်” နှင့် အလုပ်လုပ်နေရသည် ဆိုပြီး ၀န်ထမ်းများကြား ပြောဆိုနေကြသည်။

အဆိုပါ လိမ်(၄)လိမ်မှာ-

- ကုန်ပစ္စည်းများ မထုတ်ဘဲ အထုတ်ပြပြီး လိမ်နေရခြင်း၊
- မမြတ်ဘဲနှင့် မြတ်ပါသည်ဆိုပြီး လိမ်၍ အမြတ်ပြရခြင်း၊
- ဌာနငွေမသုံးဘဲနှင့် သုံးပါသည်ဆိုပြီး လိမ်နေရခြင်း၊
- လက်ကျန်မရှိပါဘဲ ရှိပါသည်ဆိုပြီး လိမ်နေရခြင်းတို့ဖြစ်သည်ဟု စက်မှု (၁) စက်ရုံဝန်ထမ်းတဦးက ပြော သည်။

“စလေဦးပုညကတော့ သိကြားကို တရစ်လိမ် ညစ်တဲ့မာဃိန်လို့ စပ်ခဲ့တာ ကြားဖူးပါတယ်။ စလေဦးပုညသာ မသေရင် ၀န်ကြီး ဦးအောင်သောင်းဟာ မာဃထက် ပိုလိမ်မယ့်သူဆိုပြီး သိကြားမင်းတောင် လိမ်လို့ရောင်း ညစ်တဲ့အောင်သောင်းလို့ စာချိုးလောက်တယ်ဆိုပြီး ၀န်ထမ်းတွေကြား ပြောကြပါတယ်” ဟု စက်ရုံအရာ ထမ်း တဦးကလည်း ပြောသည်။

REF: ခေတ်ပြိုင်

Read More...

အပေါ်သို့