၈ ဇန်နဝါရီ ၂၀၀၉
မကြာခင်က နေပြည်တော်တွင် နအဖခေါင်းဆောင်များနှင့် ဒီကေဘီအေ ခေါင်းဆောင်များ၏ တွေ့ဆုံဆွေး နွေး သဘောတူညီချက်အရ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ပြန်လည်ပေါင်းစည်းရေးမှာ လုံးဝဖြစ်နိုင်စရာ အခြေနေမရှိတော့ ဟု ဒီကေဘီအေမှ အရာရှိတဦးက ခေတ်ပြိုင်သို့ ပြောသည်။
ဒီကေဘီအေ (၉၉၉) အထူးတပ်ရင်းမှ အရာရှိတဦးက “ကေအန်ယူနဲ့ ဒီကေဘီအေ ပြန်လည်ရင်ကြားစေ့ရေး ကိစ္စကို ကရင်အမျိုးသားအများစုက လိုလားတာမှန်ပေမယ့် ဒီကိစ္စဖြစ်မြောက်အောင် ဘယ်သူမှ မဆောင် ရွက်နိုင်ခဲ့ဘူး။ ပြီးခဲ့တဲ့လက ဒီကေဘီအေက လူကြီးတွေနဲ့ အစိုးရလူကြီးတွေ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြ တယ်။ စရဖ ဗိုလ်ချုပ်ကြီး ရဲမြင့်လည်းပါတယ်လို့ သိရတယ်။ သူတို့က ဒီကေဘီအေကို လက်နက်မဖြုတ်ဘူး။ ဒါပေမယ့် နအဖ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲပြီးရင် ဒီကေဘီအေအဖွဲ့ကို အသွင်ပြောင်းပြီး နယ်ခြားစောင့်တပ်ဖွဲ့အဖြစ်နဲ့ ရပ်တည်သွားရမှာဖြစ်တယ်။ အဲဒါကို ကျနော်တို့လူကြီးတွေ ကလည်း သဘောတူလိုက်ပြီဆိုတော့ ၂၀၁၀ ကျရင် ဒီကေဘီအေကနေ နယ်ခြားစောင့်တပ်ဖွဲ့အနေနဲ့ အသွင်ပြောင်းမှာဖြစ်တယ်။ ဒါကြောင့် နောင်ဆိုရင် ဒီကေဘီအေဆိုတာ ရှိတော့မှာမဟုတ်ဘူး” ဟု ပြော သည်။
စောချစ်သူက “လာမယ့် ၂၀၁၀ ကျရင် ဖွဲ့စည်းပုံမူအရ ဒီကေဘီအေဟာ နယ်ခြားစောင့်တပ်ဖွဲ့အနေနဲ့ ဆက်လက်ရပ်တည်သွားရမှာ ဖြစ်တယ်။ အဲဒီအချိန်ကျရင် နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ရဲ့ စည်းမျဉ်း စည်းကမ်း ဥပဒေအောက်မှာပဲ ရပ်တည်သွားမှာဖြစ်တယ်” ဟု ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ဒီကေဘီအေတပ် အသွင်ပြောင်းမည့်ကိစ္စကို ဒီကေဘီအေတပ်ဖွဲ့များအတွင်း သဘောထားကွဲပြားမှုများ ရှိနေ သော်လည်း ဗဟို၏အမိန့်ဖြစ်သောကြောင့် လောလောဆယ် ဝေဖန်ထောက်ပြမှုများ မရှိသေးကြောင်း၊ အောက်ခြေ တပ်ရင်းတပ်ဖွဲ့များ၏ သဘောထားအမှန်ကို မသိရှိနိုင်ကြောင်း တဖွဲ့လုံးအသွင်ပြောင်းမည့်ကိစ္စ မှာ ဖြစ်နိုင်ခြေနည်းပြီး အချို့တောပြန်ခိုမည့်သူများပင်ရှိသည်ဟု သိရှိရကြောင်း ဘားအံမြို့နယ်မှ ဒီကေ ဘီအေ ကိုးကွယ်သည့် ကရင်ဘုန်းတော်ကြီးတပါးက မိန့်ကြားခဲ့သည်။ ဒီကေဘီအေနှင့် စီးပွားရေး ပူးတွဲလုပ်ကိုင်သည့် မြန်မာကုန်သည်တဦးဖြစ်သူ ကိုဆန်းမောင်က “ဒီကိစ္စ ကျနော်ရဲရဲကြီးပြောရဲတယ်။ ဒီကေဘီအေတွေ ကေအန်ယူနဲ့ ပြန်ပြီးပေါင်းဖို့ဆိုတာ အခြေအနေအရ လုံးဝ မဖြစ်နိုင်တော့ဘူး။ လက်ရှိ ကေအန်ယူတဖွဲ့လုံး နယ်စပ်တကြောမှာ ခက်ခက်ခဲခဲလှုပ်ရှားနေရတယ်။ ယိုးဒယားရဲ့ ဖိအားပေးမှုကလည်း ပိန်လိုက်ဖောင်းလိုက်နဲ့ အမျိုးမျိုး အခက်ခဲတွေကို ရင်ဆိုင်နေရတယ်။ အရင်လို ခေတ်မကောင်းတော့ဘူး။ ဒီကေဘီအေက အရာရှိတွေအားလုံး သူဌေးဖြစ်ကုန်ပြီ။ ဗဟိုအဆင့် ဆို ရင် အနည်းဆုံး သိန်းထောင်နဲ့ချီပြီး ချမ်းသာနေပြီ။ မြို့ပေါ်မှာ တိုက်နဲ့တာနဲ့ကားနဲ့ ကောင်းကောင်းနေ၊ ကောင်းကောင်းစား မြဝတီ၊ ကော့ကရိတ်၊ ဘားအံ၊ မော်လမြိုင်၊ ရန်ကုန်အထိ အိမ်တွေ ဝယ်ထားကြတာရှိ တယ်။ သားသမီးတွေကို နိုင်ငံခြားမှာ ကျောင်းထားတာ တပုံကြီးပဲ။ ဘန်ကောက်၊ အေပက်တက္ကသိုလ်မှာ ဆိုရင် တပုံကြီးပဲ။ စီးပွားရေးခွင်ကလည်း သစ်လုပ်မလား၊ ကုန်သွယ်ရေးလုပ်မလား၊ အခြားပြောလို့မကောင်း တဲ့ စီးပွားရေးလုပ်ငန်းတွေလည်း အများကြီးရှိတယ်။ ဒီလောက်ကောင်းတဲ့အခြေနေကို ဘယ်သူက ငတ်ငတ် ပြတ်ပြတ်နဲ့နေရမယ့် တောထဲပြန်လာမှာလဲ။ စဉ်းစားကြည့်ပေါ့၊ ဒီအချိန်မှာ အစိုးရက လက်နက်အပ်ဆိုရင် လည်း အပ်မှာပဲ။ အသွင်ပြောင်းရုံမကလို့ ဘာပဲခိုင်းခိုင်း ခင်ဗျားဖြစ်ဖြစ်၊ ကျနော်ဖြစ်ဖြစ် ဘယ်ကောင်မှ ငတုံး မဟုတ်ဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွင် ဒီကေဘီအေနှင့်ပတ်သက်၍ သိထားသည်မှာ သစ်လုပ်ငန်းနှင့် ကုန်သွယ် ရေး လုပ်ငန်းများအပြင် တရားမဝင်မော်တော်ကားနှင့် ဆိုင်ကယ်များ တင်သွင်ခြင်းလုပ်ငန်းများ၊ မြန်မာနိုင်ငံမှ တင်သွင်းခွင့်ပိတ်ပင်သည့်ပစ္စည်းများ တင်သွင်းမှုလုပ်ငန်းများအပြင် အချို့တပ်ဖွဲ့များမှာ မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားမှုနှင့် ပါဝင်ပတ်သက်သည်ဟု ဆိုသော်လည်း အဆိုပါပြောဆိုချက်များနှင့် ပတ်သက် ၍ လုံးဝမဟုတ်ကြောင်းကို ဒီကေဘီအေမှ အစဉ်တစိုက်ငြင်းဆိုကာ အမျိုးဘာသာ၊ သာသနာအတွက်သာ လုပ်ဆောင်နေသည့်အဖွဲ့ဖြစ်သည်ဟု ဆိုသည်။ အသွင်ပြောင်းမည့်ကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂျော်နီက “ဒီကိစ္စ ဒီကေဘီအေကို တိုက်ရိုက် ကျွန်ဇာတ်သွင်းလိုက်တာပဲ။ အသွင်ပြောင်းခံမယ်ဆိုတော့ ပြည်စောင့်ရဲတို့၊ နယ်စပ်ရဲတို့ဖြစ်မယ်။ အားလုံး နအဖရဲ့ လက်ကိုင်တုတ်ပဲ။ ကိုယ့်အမျိုးသားရေးအတွက် လုပ်မယ်ဆိုပြီး ကြွေးကြော်ထားတဲ့လူတွေ အာဏာရှင်တွေရဲ့ လက်ကိုင်တုတ် ဖြစ်သွားမယ်ဆိုရင်တော့ သမိုင်းမကောင်းဘူးပေါ့။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကရင်မှန်းသိဖို့ အရေးကြီး တယ်။ ကျနော်တို့ကတော့ ဒီကေဘီအေပဲဖြစ်ဖြစ်၊ စောဌေးမောင်အဖွဲ့ပဲဖြစ်ဖြစ်၊ သူမူဟဲအဖွဲ့ဖြစ်ဖြစ် ဘယ်အဖွဲ့ မဆို အမြဲတမ်းတံခါးဖွင့်ကြိုဆိုနေပါတယ်။ အရေးကြီးရင် သွေးနီးရမယ်ဆိုတာကို အားလုံးသတိ ရှိစေချင် တယ်” ဟု ပြောသည်။ ဒီကေဘီအေအဖွဲ့ကို ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် နဝတ၏ ကျောထောက်နောက်ခံဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ လက်ရှိအဖွဲ့၏ နယကဆရာတော်မှာ ဦးသုဇနဖြစ်ပြီး ဥက္ကဋ္ဌမှာ စောသာထူးကျော် ဖြစ် သည်။ ကေအန်ယူမှ စတင်ခွဲထွက်မှုကို ဦးဆောင်ခဲ့သည့် ဒု-အရာခံဗိုလ် စောကျော်သန်းသည် လက်ရှိ ဒီကေဘီအေတပ်ဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်ပြီး ဌာနချုပ်ကို ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူတွင် ဖွင့် လှစ်ထားပြီး ၎င်းတို့အဆိုအရ လက်နက်ကိုင်တပ်ဖွဲ့ဝင်အင်အား (၄) ထောင်ခန့်ရှိသည်ဟု သိရှိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခုလ (၄) ရက်နေ့ကလည်း ဒီကေဘီအေ (၉၉၉) တပ်ရင်း၌ ပြုလုပ်သည့် ကရင်အမျိုးသားများဆိုင်ရာ လူထုဟောပြောပွဲတခုတွင် (၉၉၉) အခြေချ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အခမ်းအနား အပိတ်မိန့်ခွန်းတွင် အတည်ပြုပြောကြားခဲ့သည်။
REF: ခေတ်ပြိုင်
0 comments:
Post a Comment