ညနေက အာဖဂန်စစ်မျက်နှာကနေ ပြန်လာတဲ့ သူငယ်ချင်း မတ်ခ်နဲ့ စားသောက်ဆိုင်တခုမှာ dinner အတူ စားဖြစ်ခဲ့ပါတယ်။ မတွေ့ရတာကြာပြီဖြစ်တဲ့အတွက် စကားတွေလဲ တော်တော်များများ ပြောဖြစ်ခဲ့ကြပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အစုံအလင်ပါပဲ။ စစ်ပွဲက ပြန်လာသူတယောက်နဲ့ ဆုံတွေ့ရင် စစ်ပွဲစကားတွေ ဟာ ပြောဖြစ်ကြစမြဲမို့ မတ်ခ်တို့ရင်ဆိုင်တိုက်ပွဲဝင်နေရတဲ့ အာဖဂန်တောင်ပိုင်း အခြေစိုက် တာလီဘန်တွေ အကြောင်း ပြောဖြစ်ကြပါတယ်။
အာဖဂန်တောင်ပိုင်းမှာ လှုပ်ရှားနေတဲ့ တာလီဘန်တွေဟာ ဒေသခံ ဘိန်းစိုက် တောင်သူလယ်သမားတွေနဲ့ သဘောတူညီမှုယူပြီး လှုပ်ရှားနေတာကြောင့် အာဖဂန်သမ္မတ Karsai ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ နိုင်ငံ တကာ တပ်ပေါင်းစုတွေအတွက် ချေမှုန်းဖို့ ခက်ခဲတဲ့အကြောင်းတွေ မတ်ခ်က ပြောပြပါတယ်။ သူတို့ကို ချေမှုန်းရေးက တနည်းပဲရှိတယ်။ တာလီဘန်အုပ်စုနဲ့ ဒီတောင်သူလယ်သမားတွေကို ခွဲထုတ်ပစ်ရမယ်။ ဒီ နေရာမှာ ခက်နေတာက ဘိန်းစိုက်တောင်သူတွေဟာ ဘိန်းစိုက်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေတာဖြစ်တဲ့ အတွက်၊ သူတို့အတွက် တခြား livelihood မလုပ်ပေးနိုင်မချင်း၊ အောင်မြင်နိုင်တဲ့ ဘိန်းအစားထိုး သီးနှံ စိုက်ပျိုးမှုအပေါ် ဒေသခံတွေ စိတ်ပါဝင်စားလာအောင် မဆွဲဆောင်နိုင်မချင်း၊ လူထုနဲ့ ခွဲထုတ်ချေမှုန်းရမယ် ဆိုတဲ့ နည်းဗျူဟာကို သုံးလို့မရသေးကြောင်း ဆွေးနွေးပြောဆိုဖြစ်ကြတယ်။ ဒီလိုပြောကြရင်း စစ်မဟာ ဗျူဟာလေ့လာရေးဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းတွေမှာပဲဖြစ်ဖြစ်၊ စစ်ဦးစီးတက္ကသိုလ်သင်တန်းတွေမှာပဲဖြစ်ဖြစ်၊ အရေးကြီး သင်ရိုးညွှန်းတမ်းအဖြစ် ပြဌာန်းလေ့ရှိတဲ့ စစ်သုံးစကားအနေနဲ့ဆိုရင် COIN လို့ခေါ်တဲ့ အကြောင်းအရာအကြောင်း ဆက်ပြောဖြစ်ကြပါတယ်။
COIN ဆိုတာက Counterinsurgency ကို အတိုကောက်ခေါ်တဲ့ စကားဖြစ်ပါတယ်။ counterinsurgency ဆိုတာက insurgency ဆိုတဲ့ ပုန်ကန်ခြားနားမှုကို တုန့်ပြန်မှုဖြစ်ပါတယ်။ ၂၀ ရာစု ကာလတလျှောက် ကမ္ဘာတ၀ှမ်းမှာ အတွေးအခေါ်၊ အယူအဆအပေါ် အခြေခံလို့ပဲဖြစ်ဖြစ်၊ ပြည်ပကျူးကျော်မှုကို တွန်းလှန်မှု အပေါ် အခြေခံလို့ပဲဖြစ်ဖြစ်၊ မတရားဖိနှိပ်ချုပ်ချယ်မှုကို တွန်းလှန်ဖို့ပဲဖြစ်ဖြစ် ပုန်ကန်မှုတွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ မြန်မာစကားမှာ အဓိပ္ပာယ်မှားယွင်းနေတဲ့ စကားတခုရှိပါတယ်။ “သူခိုးကြီးရင် ဓားပြ၊ ဓားပြကြီးရင်သူပုန်” ဆိုတဲ့စကားပါ။ ဒါက ပုန်ကန်ခြားနားသူတွေဖြစ်တဲ့ သူပုန်တွေရဲ့ သိက္ခာကို စော်ကား ပြောဆိုခြင်း ဖြစ်ပါတယ်။
တကယ်တမ်းကျတော့ ပုန်ကန်ခြားနားမှုဆိုတာက လက်ရှိအစိုးရ (သို့) အာဏာသိမ်းအစိုးရ (သို့) ပြည်ပ ကျူးကျော်အုပ်ချုပ်မှု စတာတွေကို ဆန့်ကျင်ဖို့ စနစ်တကျစုဖွဲ့ထားတဲ့ နိုင်ငံရေး၊ စစ်ရေးလှုပ်ရှားမှုကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပုန်ကန်ခြားနားမှု ဖြစ်လာတဲ့အခါကျရင်တော့ တရားဝင်အစိုးရပဲ ဖြစ်ဖြစ်၊ တရားမ၀င်အစိုးရပဲဖြစ်ဖြစ်၊ ပြည်ပအစိုးရပဲဖြစ်ဖြစ် Counterinsurgency (COIN) ကို ပြုလုပ်ဆင်နွှဲ ကြပါတယ်။ ဒီလိုပြုလုပ်ရာမှာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ စိတ်ဓာတ်စစ်ဆင်ရေး စတဲ့ စစ်မျက်နှာပေါင်းစုံကို ဖွင့်လှစ်ဆောင်ရွက်လေ့ရှိပါတယ်။ စစ်မဟာဗျူဟာလေ့လာရေး ပညာရှင်များကလဲ COIN ကင်ပိန်းတွေ အောင်မြင်စွာ ဆင်နွှဲနိုင်ဖို့ လိုအပ်မယ့်အချက်တွေကို ဖော်ထုတ်ရေးသားကြပါတယ်။
ဒီနေရာမှာ strategic theorists များရဲ့ အခန်းကဏ္ဍကို ထည့်သွင်းပြောချင်ပါတယ်။ တချို့က သူတို့တွေကို သီအိုရီသမားတွေ၊ စာအုပ်ထဲက စာတွေဖတ်ပြီး၊ လက်တွေ့နဲ့ ကင်းကွာနေသူတွေလို့ ထင်မြင်လေ့ရှိကြ တယ်။ တကယ်တော့ theorists လို့ သူတို့ကို ခေါ်ဆိုမှုက ဒီအချက်ကို ထောက်ပြနေပြီးသားမို့ ဘာမှ ထပ် ဆောင်း ပြောစရာမလိုအပ်တော့ဘူး။ သူတို့အလုပ်က ဘာလဲဆိုတော့ သမိုင်းကြောင်း အချက်အလက်တွေ၊ သဘောတရားတွေ၊ အတွေးအခေါ်တွေနဲ့ သီအိုရီတွေကို ဖော်ထုတ်ရေးသားကြတာဖြစ်ပါတယ်။ စစ်ပညာ ရှင် ကလော့ဝစ်ဆိုခဲ့သလိုပဲ၊ ဒီလိုပေါ်ထွက်လာတဲ့ သီအိုရီတွေဟာ လေ့လာချင်သူတွေအတွက် guideline တွေ ဖြစ်လာနိုင်တယ်။ ဖတ်ရှုလေ့လာသူတွေကို အတွေးအခေါ်၊ အမြင်သစ်တွေ ပံ့ပိုးပေးလာနိုင်တယ်။ သမိုင်းအဖြစ်အပျက်တွေကို သင်ခန်းစာယူပြီး၊ အမှားအယွင်းတွေကို ရှောင်ရှားနိုင်လာတယ်။ ဒါပေမယ့် သီအိုရီသမားတွေ ပြောသမျှ အားလုံးလုပ်လို့ရမယ်လို့လဲ မဆိုလိုနိုင်ပါဘူး။ သီအိုရီအရ ကြည့်ရင်တော့ သီအိုရီနဲ့ လက်တွေ့ဟာ ကွာခြားမှုမရှိဘူး။ ဒါပေမယ့် လက်တွေ့ကျတော့ ကွာခြားမှုတွေ ရှိလာနိုင်တယ်။ ဒါကြောင့် သီအိုရီနဲ့ လက်တွေ့လုပ်ဆောင်သူတွေအကြား သူတော်တယ်၊ ငါတော်တယ် အငြင်းပွားမှုတွေ ဟာ အဖိုးတန်တဲ့အချိန်တွေကို သက်သက်မဲ့ ဖြုန်းပစ်နေတာဖြစ်တယ်။ ခန္ဓာဗေဒ မသိပဲ ခွဲစိတ်ကုသမှု လုပ် လို့မရသလို၊ ခန္ဓာဗေဒသိပြီးတိုင်းလဲ ခွဲစိတ်ကုသမှု လုပ်လို့မရဘူး။ အဓိကကတော့ common sense ပါပဲ။ မဟာဗျူဟာရေးဆွဲသူ သီအိုရီသမားတွေဘက်ကလဲ ကိုယ့်ရေးသားထားတဲ့အတိုင်း လက်တွေ့မှာ အကောင် အထည်ဖော်ဖို့ ဖြစ်တာလဲရှိမယ်၊ မဖြစ်နိုင်တာလဲ ရှိမယ်ဆိုတာ နားလည်သဘောပေါက်ဖို့ လိုအပ်သလို၊ လက်တွေ့သမားတွေဘက်ကလဲ သီအိုရီသမားတွေ ဖော်ထုတ်ရေးသားတာကို လိုတာယူ၊ မလိုတာပယ်ပြီး ကိုယ့်အတွက် အသုံးဝင်မယ့် အချက်တွေကို ရွေးနုတ်အသုံးချလိုက်မယ်ဆိုရင် တယောက်ကိုတယောက်၊ လက်ညှိုးထိုးနေကြတဲ့ အချိန်တွေ အလဟဿဖြစ်မှု နည်းသွားပါလိမ့်မယ်။ ကားမောင်းနည်း စာအုပ်ဖတ်ပြီး၊ ကားတက်မောင်းလို့မရနိုင်သလို၊ သီအိုရီက လီဘာနင်းရင် ဘယ်လိုဖြစ်မယ်၊ ဘရိတ်နင်းရင် ဘယ်လို ဖြစ်မယ်ဆိုတာ မယုံလို့ဆိုပြီး၊ ချောက်ရှေ့မှာ လီဘာနင်းမယ်ဆိုရင် ဘာဖြစ်သွားနိုင်မလဲ ဆိုတာကိုလဲ စဉ်းစားရပါလိမ့်မယ်။
အခုဆက်လက်ပြီး COIN နဲ့ ပတ်သက်တဲ့ စစ်မဟာဗျူဟာလေ့လာရေး ပညာရှင်ကြီးတွေဖြစ်တဲ့ David Galula, Robert Thompson တို့ရေးသားခဲ့ကြတဲ့ classical literature တွေနဲ့၊ ယနေ့ခေတ် ပညာရှင် Schnaubelt, Daniel Marston, Carter Malkasian တို့ရေးသားခဲ့တဲ့ literature တွေထဲက အရေးကြီးတဲ့ အချက်တချို့ကို ကောက်နှုတ်တင်ပြလိုပါတယ်။ ဘာကြောင့်ဒီအချက်တွေကို တင်ပြရလဲဆိုရင် အခုလက်ရှိ စာရေးသူတို့ ရင်ဆိုင်နေရတဲ့ ရန်သူစစ်အုပ်စုဟာ စစ်ရေးအတွေးအခေါ်နဲ့ပဲ အရာရာကို ရှုမြင်သုံးသပ်နေလို့ ဖြစ်ပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးတွေမှာ တဘက်ရန်သူ၊ တဘက်ပြိုင်ဘက်ရဲ့ intentions, interests, commitment, value စတဲ့ အချက်လေးချက်ကို အရင်လေ့လာပြီးမှ၊ သင့်လျော်တဲ့ မဟာဗျူဟာ တွေ၊ လုပ်ငန်းစဉ်တွေကို ချမှတ်ရပါတယ်။ အဲဒီလိုမဟုတ်ပဲ ကိုယ့်ဘက်က ကိုယ်ဖြစ်စေချင်တာတွေ၊ ကိုယ် လုပ်နိုင်တာတွေ၊ ကိုယ့်အယူအဆတွေကိုပဲ ဇောင်းပေးလုပ်ဆောင်နေမယ်ဆိုရင် ခုတ်ရာတခြား၊ ရှရာတခြား နဲ့ လုပ်လိုက်သမျှ တလွဲတွေဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ပုန်ကန်ခြားနားသူတွေကိုပဲ ဖြစ်ဖြစ်၊ တော်လှန် ရေးသမားတွေကိုပဲ ဖြစ်ဖြစ်၊ ချေမှုန်းရေးလုပ်ရာမှာ အသုံးပြုတဲ့ စစ်ရေးနည်းဗျူဟာများကို ရေးသားတင်ပြ ပေးပါမယ်။
(၁) Legitimacy ရရန် ဆောင်ရွက်ခြင်း
ဒေးဗစ်ဂါလုလား အဆိုအရ ဘယ်လိုအသွင်သဏ္ဍာန်ဆောင်တဲ့ တော်လှန်ရေးပဲဖြစ်ဖြစ်၊ ပုန်ကန်မှုပဲဖြစ်ဖြစ်၊ အတိုက်အခံတွေဘက်က သုံးတဲ့စကားလုံးက “ပြည်သူ့အတွက်” ဆိုတဲ့ စကားလုံးပဲ ဖြစ်လေ့ရှိပါတယ်။ ကမ္ဘာတ၀ှမ်းလုံးက တော်လှန်ရေးတိုင်း၊ စစ်ပွဲတိုင်းမှာ ဒီစကားလုံးက ထိပ်ဆုံးမှာ နေရာယူလေ့ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူထုတွေအကြား၊ နိုင်ငံတကာ အစိုးရတွေအကြားမှာ legitimacy ရဖို့က အရေးကြီးပါ တယ်။ ဒီလိုလုပ်နိုင်ဖို့အတွက် legitimacy ဟာ အစိုးရနဲ့သာ ထိုက်တန်တယ်။ ပုန်ကန်သူတွေ၊ တော်လှန် ရေးသမားတွေနဲ့ မထိုက်တန်ဘူးဆိုတဲ့ အချက်ကို လူထုလက်ခံလာအောင် လုပ်ဖို့ လိုအပ်တဲ့အကြောင်း၊ နိုင်ငံတကာက အသိအမှတ်ပြုလာဖို့ လိုအပ်တဲ့အကြောင်း COIN နည်းဗျူဟာက ထောက်ပြထားပါတယ်။
အနှစ်နှစ်ဆယ် နအဖ လုပ်ငန်းဆောင်တာတွေကို ကြည့်လိုက်တော့ နအဖဟာ စစ်အစိုးရပီပီ ဒါကို တိတိ ကျကျ လိုက်နာခဲ့ကြောင်း သိသာပါတယ်။ ကြံ့ဖွတ်၊ စွမ်းအားရှင်တို့လို သူတို့ နောက်လိုက်နောက်ပါ အင်အားစုတွေ မွေးယူတာတွေ၊ သတင်းစာ၊ တီဗွီတွေကနေ ၀ါဒဖြန့်ချိရေးလုပ်တာတွေ၊ ၀န်ထမ်းတွေကို မတက်မနေရ ပြည်သူ့ဝန်ထမ်းသင်တန်းတွေ ခေါ်ပေးတာတွေဟာ ဒီနည်းဗျူဟာနဲ့ ဖြစ်ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံမှာ ချက်ချင်းအာဏာပြန်မသိမ်းပဲ၊ လူထုထဲကို သူတို့လူတွေလွှတ်ပြီး၊ ခေါင်းဖြတ်သတ်ပွဲတွေ ဖန်တီးတာတွေ၊ လုယက်မှုတွေ၊ ဖရိုဖရဲတွေဖြစ်အောင် လုပ်တာဟာလဲ ဒီဗျူဟာ အခင်းအကျင်းပုံစံပါပဲ။ သမိုင်းဝင် လူထုတော်လှန်ရေးတရပ်ကို အရေးအခင်းပုံစံအသွင်ဖြစ်အောင် ပြောင်းလဲယူပြီး၊ နိုင်ငံတော်မှာ သူတို့အုပ်ချုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ အတွေးအခေါ်ကို လူထုထဲ ရိုက်သွင်းတာ ဖြစ်ပါတယ်။
ဒါပေမယ့် အနှစ်နှစ်ဆယ် သမိုင်းကို ကြည့်ခြင်းအားဖြင့် နအဖဟာ ဒီဗျူဟာကို နိုင်နင်းစွာ မကနိုင်ပါဘူး။ ခင်ညွန့်နဲ့ စစ်ထောက်လှမ်းရေးတွေကို အချင်းချင်း ဖြုတ်ထုတ်သတ်လုပ်ပြီး နောက်ပိုင်းမှာ ဒါတွေက ပို ထင်ရှား မြင်သာလာပါတယ်။ အခုလဲ ၂၀၁၀ ရွေးကောက်ပွဲနဲ့ political legitimacy ရယူဖို့ ပြင်ဆင် ဆောင် ရွက်နေပါတယ်။ အဓိကကတော့ နိုင်ငံတကာ စစ်မျက်နှာအတွက် ဖြစ်ပါတယ်။ လူထုကြားထဲမှာ legitimacy မရနိုင်တော့ဘူးဆိုတာ စစ်တင်ဘာတော်လှန်ရေးမှာ ကွက်ကွက်ကွင်းကွင်း ထင်သာမြင်သာသွားပါတယ်။ ဒါကြောင့်လဲ ၂၀၁၀ ကို အတင်းတွန်းလုပ်ခဲ့ကြတာပါ။
ဒါကိုတော့ ကျွန်မတို့အတိုက်အခံတွေ ဂရုတချက်စိုက်ရပါလိမ့်မယ်။ ၂၁ ရာစုရဲ့ နိုင်ငံတကာ အခင်းအကျင်း ပုံစံတွေကို နားလည်ရပါလိမ့်မယ်။ ကျွန်မတို့ မြန်မာနိုင်ငံက တတိယဒီမိုကရေစီ လှိုင်းလုံးကြီးမှာ ပါမသွားပဲ ကျန်ခဲ့တဲ့ နိုင်ငံတနိုင်ငံပါ။ ၂၁ ရာစုသစ်မှာ ဒီလှိုင်းလုံးကြီးက ၂၀ ရာစု နှောင်းပိုင်းကလို အင်အားသိပ်မကြီး တော့ပါဘူး။ အီရတ်နဲ့ အာဖဂန်နစ်စတန် ကိစ္စရပ်တွေ နောက်ပိုင်းမှာ Military Intervention ဆိုတဲ့ သဘော တရားအပေါ်မှာ ဝေဖန်မှုတွေ အများကြီး ဖြစ်နေကြပါတယ်။ နိုင်ငံတကာဆက်ဆံရေးမှာ economic sanctions ဆိုတဲ့ သဘောတရားနဲ့ ပတ်သက်ပြီး၊ အပြန်အလှန်ငြင်းခုံမှုတွေ၊ ထင်မြင်ချက်တွေက အမျိုးမျိုး ဖြစ်နေကြပါတယ်။ တဘက်က ဒီမိုကရေစီကို ဇောင်းပေးပြောဆိုကြသလို၊ ဒီမိုကရေစီဟာ နိုင်ငံတော်လုံခြုံ ရေးကို အားနည်းစေတယ်ဆိုတဲ့ စွဲချက်တွေကလဲ ဖြစ်နေကြပါတယ်။ နိုင်ငံတကာ ဇာတ်ခုံကြီးဟာ အတွေး အခေါ်ပေါင်းစုံ၊ အယူအဆပေါင်းစုံ၊ လုပ်နည်းဆောင်တာမျိုးစုံနဲ့ သပွတ်အူကြီးလို ရှုပ်ထွေးနေပါတယ်။
ဒီလိုရှုပ်ထွေးနေတဲ့ နိုင်ငံတကာဇာတ်ခုံကြီးပေါ်မှာ အာရှတိုက်ထဲက နိုင်ငံငယ်လေးတခုဖြစ်တဲ့ (ဖြစ်နေတဲ့ ပကတိတရားကို အမှန်အတိုင်း လက်ခံဖို့လိုပါတယ်) မြန်မာပြည်အရေးလောက်ကို ရေးကြီးခွင်ကျယ် ကိစ္စ ကြီးတခုအနေနဲ့ နိုင်ငံတကာ အစိုးရများက အသိအမှတ်မပြုပါဘူး။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးကြတဲ့ ပြဿနာတိုင်းသာ အဖြေထွက်လာနိုင်ခဲ့ရင် အခုကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ သတင်းဆိုးတွေရဲ့ လေးပုံသုံးပုံလောက်ကို ကြားရမှာတောင် မဟုတ်ပါဘူး။ အီရတ်ကို အမေရိကန်နဲ့ မဟာမိတ်တပ်တွေ ၀င်နိုင် ဖို့ ဆယ်စုနှစ်တွေ ဘယ်လောက်ကြာခဲ့သလဲဆိုတာ ပြန်တွက်ချက်ကြည့်စေလိုပါတယ်။ သေချာတာတခုက တော့ မြန်မာနိုင်ငံဟာ ဒုတိယ အီရတ် လုံးဝဖြစ်လာမှာ မဟုတ်ပါဘူး။ နိုင်ငံရေးပထ၀ီဝင် အနေအထားအရ ဒုတိယတောင်အာဖရိကလဲ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါဟာ ပကတိအခြေအနေမှန်ပါ။
ပြီးတော့ ကမ္ဘာပေါ်မှာ မြန်မာ့အရေးထက် ပိုအရေးကြီးတဲ့ ကိစ္စရပ်များစွာကလဲ ရှိနေပါသေးတယ်။ ဒါတွေကို မမြင်လို့ပဲဖြစ်ဖြစ်၊ တမင်တကာ မျက်စိပိတ်ပြီးပဲဖြစ်ဖြစ်၊ မြန်မာပြည်က စစ်အုပ်စုကို နိုင်ငံတကာ ဖိအားတွေ ပေးပြီး၊ ဒိုင်ယာလော့ခ်လမ်းကြောင်းပေါ် တက်လာအောင်လုပ်မယ်ဆိုတဲ့ မဟာဗျူဟာကြီးတွေ ချမှတ် အကောင်အထည်ဖော်နေတာကတော့ တလွဲဆံပင်ကောင်း လုပ်နေတာနဲ့ အတူတူပါပဲ။ နိုင်ငံတကာဇာတ်ခုံ မှာ legitimacy နဲ့ ပတ်သက်ပြီး state actors နဲ့ non-state actors ပြိုင်ပွဲတွေ ဖြစ်တဲ့အခါ ဘယ်သူက နိုင်ပြီး၊ ဘယ်သူတွေက ရှုံးတတ်တယ်ဆိုတာ ကမ္ဘာ့နိုင်ငံရေး သမိုင်းစာမျက်နှာတွေမှာ အတိအလင်း လေ့လာ တွေ့ရှိနိုင်ပါတယ်။ ဒီမဟာဗျူဟာကြီးနဲ့ပဲ ဆက်လက်တိုက်ပွဲဝင်နေရင်တော့ အဲဒီအတိုင်းတွေပဲ ဖြစ်သွားပါ လိမ့်မယ်။ ပြောမထွက်ရက်လို့ ကျွန်မ မပြောချင်ပါဘူး။ အချိန်က စကားပြောလာပါလိမ့်မယ်။ နိုင်ငံတကာ အစိုးရတွေရဲ့ ခြေလှမ်းတွေကို နောက်နှစ်နှစ်အတွင်းမှာ စောင့်ကြည့်လိုက်ပါ။
အဲဒီလိုအဖြစ်မခံပဲ မြန်မာ့နိုင်ငံရေးတိုးတက်မှုကို တကယ်ဖြစ်စေချင်တယ်ဆိုရင်တော့ legitimacy နည်းနဲ့ တိုက်ခိုက်နေတဲ့ စစ်အစိုးရကို အနိုင်ယူအောင်ပွဲခံနိုင်စေတဲ့ အင်အားကြီးတခုကတော့ ရှိနေပါတယ်။ ဒါက တော့ ပြည်သူလူထုပါ။ ပြည်သူလူထုဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကိုပဲ လိုလားကြပါတယ်။ စစ်အုပ်စု ရဲ့ မတရားမှုတွေကိုလဲ နေ့စဉ်နဲ့အမျှ ခံစားနေကြရတာမို့ ခံပြင်းစိတ်တွေ လူတိုင်းရဲ့ရင်ထဲမှာ ရှိနေပါတယ်။ စစ်အုပ်စုရှိနေသရွေ့၊ နောက်ကွယ်က ကြိုးကိုင်နေသရွေ့ မြန်မာပြည်ကြီး တိုးတက်မှာမဟုတ်ဘူး ဆိုတာကို လဲ အများစုက နားလည်ကြပါတယ်။ ပြည်သူလူထုရဲ့အားကို ယူခြင်းကသာ အောင်ပွဲဆီကို ဦးတည်နိုင်ပါစေ လိမ့်မယ်။ စစ်အုပ်စုဟာ COIN နည်းဗျူဟာအတိုင်း Legitimacy ရဖို့အရေးကို အသည်းအသန် ကြိုးစားနေ ဆဲ ဖြစ်ပေမယ့် ပြည်သူလူထုကြားမှာတော့ အခုအချိန်ထိ legitimacy မရသေးပါဘူး။ ဒီအချက်ကို ဇောင်း ပေးပြီး လုပ်သင့်တာလုပ်ကြဖို့ လိုပါတယ်။ ပြင်ဆင်သင့်တာကို တညီတညွတ်တည်း ပြင်ဆင်ကြဖို့ လိုပါလိမ့် မယ်။ စစ်ပွဲဆိုတာ စစ်မြေပြင်မှာပဲ တိုက်ရတာ ဖြစ်ပါတယ်။ အမြောက်ပစ်ကူတချက် ပေးဖို့အရေး၊ အမြောက် လုပ်ဖို့ သံတုံးထိုင်သွေးနေသူတွေရဲ့ လက်ထဲကို စစ်ပွဲတခုလုံးရဲ့ ကံကြမ္မာကို မထည့်လိုက်မိပါစေနဲ့။ စခန်း ကုန်းလေးတခု သိမ်းပိုက်နိုင်တာနဲ့ပဲ အောင်ပွဲရပြီ။ ဒါလေးကိုပဲ မပျောက်မပျက်အောင် ထိန်းထားမယ်ဆိုသူ တွေရဲ့ လက်ထဲကိုလဲ command power မထည့်လိုက်မိပါစေနဲ့။
အဲဒီလို ဖြစ်လာရင် လူထုဟာ သူတို့ လက်မခံနိုင်တဲ့ အစိုးရတရပ်ရဲ့ legitimacy ကို အသိအမှတ်မပြုပေ မယ့်၊ ပုန်ကန်ခြားနားသူတွေ၊ တော်လှန်ရေးသမားတွေနဲ့လဲ ကင်းကွာ သွားနိုင်ပါတယ်။ လူထုနဲ့ တသား တည်းမရှိတဲ့ တော်လှန်ရေးဟာ အောင်ပွဲနဲ့ လွဲနေမှာ အသေအချာပါပဲ။ အခုဆက်လက်ပြီး COIN နည်းဗျူ ဟာ တရပ်ဖြစ်တဲ့ လူထုနဲ့ တော်လှန်ရေးကင်းကွာအောင် ပြုလုပ်ခြင်းအချက်ကို ဆက်လက်တင်ပြပါမယ်။ ဒီ နည်းဗျူဟာကိုလဲ စစ်အုပ်စုက ကျင့်သုံးနေပါတယ်။
(ရှေ့ဆက်ဖော်ပြပါမည်)
REF:
ခင်မမမျိုး
Read More...
Collapse...
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88