Friday, October 5, 2012

ဒေါ်အောင်ဆန်းစုကြည်အပြန်ခရီး လူထုကြိုဆို

04.10.2012

အမေရိကန် ပြည်ထောင်စုကို ၁၇ရက်ခရီး လာရောက် ခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ အောက်တိုဘာလ ၄ရက် ကြာသပတေးနေ့ ည ၉နာရီ ၄၅ မိနစ်မှာ ကိုရီးယားလေကြောင်းလိုင်းနဲ့ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်ကို ပြန်လည် ရောက်ရှိလာပြီဖြစ်ပါတယ်။

လေဆိပ်မှာ ထောင်နဲ့ချီတဲ့ လူအုပ်က သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသလို တက္ကသိုလ် ရိပ်သာလမ်း နေအိမ်ရှေ့မှာလည်း လူအုပ်ကြီးက လာရောက် ကြိုဆိုခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် နိုင်ငံ အနောက်ခြမ်း Los Angeles မြို့မှာ သူ့ခရီးစဉ်ရဲ့ နောက်ဆုံး အစီအစဉ်အဖြစ် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပြီး သူ့ရဲ့ အမေရိကန် ခရီးစဉ်ကို ကျေနပ်ကြောင်း ပြောကြားခဲ့ပါတယ်။

Read More...

စီးပွားရေးပြုပြင်မှု အိန္ဒိယအစိုးရအဆိုပြု

04.10.2012

တိုးတက်မှုနှူန်း နှေးကွေးနေတဲ့ အိန္ဒိယနိုင်ငံ စီးပွားရေးကို တွန်းအားပေးဖို့ ရည်ရွယ်ပြီးတော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အဆိုပြုချက်အသစ်တွေကို အိန္ဒိယအစိုးရ က ရှေ့တိုးဆောင်ရွက်နေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အာမခံလုပ်ငန်းမှာ နိုင်ငံခြားသားတွေ တိုက်ရိုက် ရင်းနှီးမြုတ်နှံခွင့်ကို ၂၆% ကနေ ၄၉% အထိ တိုးပြီးတော့ ရင်းနှီးခွင့်ပြုဖို့အတွက် ဝန်ကြီးအဖွဲ့က ကြာသပတေးနေ့ တုန်းက အတည်ပြုခဲ့ပါတယ်။

Read More...

မြန်မာအမေရိကန် ပူးတွဲ အမြင်ဖလှယ်

ကိုသားညွန့်ဦး
04.10.2012

ပြီးခဲ့တဲ့ ရက်ပိုင်းက ဝါရှင်တန်ဒီစီမြို့တော်မှာ အမေရိကန်၊ မြန်မာ ဆွေးနွေးပွဲတခု လုပ်ခဲ့ပါတယ်။ အမေရိကန်နဲ့ မြန်မာ နှစ်ဖက် အစိုးရပိုင်း တာဝန်ရှိသူတွေရော၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေပါ ပါဝင်တဲ့ အပြန်အလှန် အမြင်ဆွေးနွေးပွဲကို အမေ ရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ရှိတဲ့ Johns Hopkins တက္ကသိုလ်မှာ အောက်တိုဘာ ၁ရက်နေ့ကနေ ၃ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ကြတာပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေမှာ အမေရိကန်ပြည်ထောင်စုဘက်က ဘယ်လိုအကူအညီတွေ ပေးနိုင်မလဲဆိုတာ လက်တွေ့ဆွေးနွေး အဖြေထုတ်ကြတဲ့ပွဲဖြစ်တယ်လို့ တက်ရောက်သူတွေက ပြောပါ တယ်။ မြန်မာဘက်ကနေ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တဦးဖြစ်သူ မင်္ဂလာမြန်မာအဖွဲ့ ညွန်ကြားရေးမှူး ဒေါက်တာဖုန်းဝင်းကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

Read More...

သမ္မတဦးသိန်းစိန် တောင်ကိုရီးယားသွားမည်

ကိုဇော်ဝင်းလှိုင်
04.10.2012

မကြာသေးခင်ကပဲ အမေရိကန်ပြည်ထောင်စုကနေ ပြန်သွားခဲ့တဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ လာမယ့် အောက်တိုဘာ ၇ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံကို တရားဝင်သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။ သမ္မတရဲ့ ခရီးစဉ်အတွင်း တောင်ကိုရီးယား သမ္မတနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ အကျိုးတူ စီးပွားဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးကြမှာဖြစ်ပြီး သဘောတူညီမှု လက်မှတ်တွေလည်း ရေးထိုးကြမယ်လို့ မျှော်လင့်ရပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော် ၀င်းလှိုင်က တင်ပြပေးပါမယ်။

Read More...

ဒလမြို့နယ်မှ သိမ်းဆည်းခံလယ်ဧက(၅၀၀)ကိစ္စ ဦးဝင်းချိုကိုင်တွယ်မည်

ထက်အောင်ခန့် (မြစ်မခ)
5 Oct, 2012

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရှိ လယ်ဧက(၅၀၀)အား ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ သိမ်းဆည်းထားမှုအပေါ် လယ်သမား များကိုယ်စား၎င်းမြို့နယ်မှတစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူဦးဝင်းချိုမှ တာဝန်ယူဖြေရှင်းသွား မည်ဖြစ်သည်။

အဆိုပါ လယ်ဧက(၅၀၀)သည် ၁၉၉၀ ခုနှစ်တွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်တည်ဆောက်ရန်ဟု သိမ်းယူခဲ့ ခြင်းဖြစ်သည်။ သိမ်းယူပြီးနောက် စစ်ခန်းမတည်ဆောက်ဖြစ်ခဲ့ပါက လယ်သများများ လယ်လုပ်ခွင့်ပြန်လည်လုပ်ကိုင်နိုင် ကြောင်း နှုတ်ကတိပေး ခဲ့သည်။

သို့သော် စစ်စခန်းမတည်ဆောက်သည့် အပြင်ယခုအခါတွင် ဧရာဝတီရေတပ်စခန်းက လယ်သမား များအား ၂၀၁၃ ခုနှစ် နှစ် ဆန်းပိုင်း နောက်ဆုံးပြောင်းရွှေ့ခိုင်းရာမှ လယ်သမားများမှာ မကျေနပ်ခြင်း ဖြစ်သည်။

“၁၉၈၈ နောက်ပိုင်း အဓမ္မသိမ်းခံရတာမှန်ရင် ပြည်သူ့အကျိုးအတွက်ကို လွှတ်တော်ကနေ ပြည်သူ့ ကိုယ်စားလှယ်တွေ ကနေပြီး တော့ စုစည်းထားတဲ့အဖွဲ့ ရန်ကုန်တိုင်းအတွက်ကို ပြည်ခိုင်ဖြိုးပါတီက ၃ ဦး အမျိုးသား ဒီမိုအင်အားစုပါတီက ၃ ဦး အားလုံး ပေါင်း ၆ ဦး ပါတဲ့အဖွဲ့က ခင်ဗျားတို့မတရားခံရတာ တွေကို စစ်ဆေးပေးမယ် လို့ပြောတယ်။ အဲ့ဒီတော့ စစ်ဆေးတဲ့ကော် မတီကို တိုင်ပေးအုံးမယ်။ ၁၉၉၀ ဖြစ်တဲ့အတွက် ခင်ဗျားတို့အမှုက စစ်ဆေးမဲ့အမှုထဲမှာ အကျုံး ၀င်တယ်။”ဟု ဦးဝင်းချိုက ပြောသည်။

ရေတပ်မှ လယ်သမားများ နစ်နာမှုအတွက် တစ်ဧကလျှင် ကျပ် ၃၅၀၀ ပေးပြီး ဌာနချုပ်မတည် ဆောက်ဖြစ်လျှင် လယ်သမား များအား တစ်ဧကကျန်လျှင် တစ်ဧက စိုက်ပျိုးလုပ်ကိုင်ခွင့်ပြုမည်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။

၁၉၉၀-၁၉၉၁ ခုနှစ်တွင် သီးစားခမဲ့လုပ်ကိုင်ခဲ့ကာ ၁၉၉၁-၁၉၉၂ ခုနှစ်မှ စ၍ ဧရာဝတီရေတပ်စခန်း ဌာနချုပ်မှ တပ်ခွဲရုံး (၃၂)၊ (၃၃) တပ်များသို့ တစ်ဧကလျှင် (၁၁) တင်းမှ (၁၂) အထိ သီးစားခအဖြစ် ပေးဆောင်ခဲ့ရကြောင်း သိရသည်။

“အခုအသိမ်းခံရတဲ့လယ်မြေတွေက ကျွန်တော်ရယ် ကျွန်တော့်မိန်းမနာမည်ရယ်ဆိုရင် ဧက၂၀ ကျော်လောက်ရှိတယ်။ လာသိမ်း တဲ့အချိန်တုန်းက ဒီလယ်မြေကြီးက နိုင်ငံတော်ပိုင်တဲ့လယ်မြေ နိုင်ငံတော်လိုအပ်တဲ့အချိန်မှာ ပြန်ယူတယ် မင်းတို့လက်မှတ် ထိုးလို့ ပြောတယ်။ အားလုံးကြောက်ပြီး ထိုးလိုက်ရတယ်။”ဟု လယ်ပိုင်ရှင် ဦးမြသိန်းက ပြောသည်။

ယခုအခါတွင် လယ်သမားများက မိမိတို့၏နစ်နာမှုများအတွက် ရေတပ်စခန်းဌာနချုပ်သို့အချက်(၅)ချက် တောင်းဆို ထားကြောင်း သိရသည်။

တပ်မတော်မှ လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေချိန်တွင် မြေဧရိယာတစ်ဧကကျန်သည်အထိ လစ်လပ် မြေများ ပေါ်တွင် သီး စားခလွတ်လုပ်ပိုင်ခွင့်ပေးရမည်၊ တပ်မတော်မှ စီမံကိန်းဆောင်ရွက် ပြီးခဲ့လျှင် လယ်သမားများမှ လယ် ယာမြေများပေါ်မှ စွန့်လွှတ် ပေးမည်ဖြစ်ပြီး လယ်သမားများမှာ လယ်ယာစိုက်ပျိုးခြင်းအလုပ်သည် အသက်မွေး ၀မ်းကျောင်းဖြစ်သဖြင့် လယ်ယာမြေပြန် လည် လုပ်ကိုင်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးမည်သည့် နေရာတွင်မဆို လယ်ဧက(၅၀၀)အတွက် မိမိတို့အား လျော်ကြေးပေး ထားသည့် တစ်ဧက ၃၅၀၀ နှုန်းဖြင့်သာပြန် လည်ချထားပေး ရန် အစရှိသည့် တောင်းဆိုချက်များ ဖြစ်သည်။

Ref: မြစ်မခ

Read More...

NLD ပါတီက သတင်းဂျာနယ်(၂)စောင်အား တရားစွဲသည့်ကိစ္စ ဂျာနယ်ကပင် မသိဖြစ်နေ

မြစ်မခ
5 Oct, 2012

NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အပတ်စဉ် သတင်းဂျာနယ် နှစ်စောင်ဖြစ်သော the Messenger ဂျာ နယ် နှင့် ပြည်မြန်မာ ဂျာနယ် တို့အား မန္တလေးတိုင်းဒေသကြီးတရားရုံး၌ တရားစွဲဆိုထားကြောင်း သတင်းများထွက်ပေါ် လျှက်ရှိသည်။

တရားရုံးမှ အမိန့်မချမှတ်ရသေးသောအမှုတွင် ဦးဥာဏ်ဝင်းအား အပြစ်ရှိသည်ဟု ဖော်ပြထားသောကြောင့် တရားစွဲ ဆိုခြင်းဖြစ် ကြောင်း ကိုလည်း သိရှိရသည်။

Read More...

သီရိလင်္ကာ(သီဟိုဠ်)နိုင်ငံ၌ ဗုဒ္ဓဘာသာဘုန်းကြီးပေါင်းရာချီ ဆန္ဒပြ

5 Oct, 2012

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအားတုံ့ပြန်သည့်အနေဖြင့် သီရိလင်္ကာ(သီဟိုဠ်) နိုင်ငံတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးပေါင်းရာချီ၍ ဆန္ဒပြခဲ့ကြသည်။

ယခုအချိန်၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များသည် အစ္စလာမ်ဘာသာဝင်များအား ကြောက်ရွံ့သောကြောင့် တောတွေထဲ တွင် ပုန်းအောင်းနေရကြောင်း၊ ထိုအစ္စလာမ်ဘာသာဝင်များမှ ဘုန်းကြီးကျောင်း ၂၀နဲ့ ဘင်္ဂလား-မြန်မာ နယ်စပ်က စီးပွားရေးလုပ် ငန်း ၁၀၀ကျော်ကို မီးရှို့ခဲ့ကြောင်း၊ အပြစ်မဲ့သူများလည်း အသတ်ခံခဲ့ ရကြောင်း ကိုလံဘိုမြို့ စုဝေးပွဲတွင် ဘုန်းတော်ကြီး ဂါနာ စာရာက ပြောကြားခဲ့သည်။

Read More...

အချဉ်ရည်များအား ပထမဆုံးအကြိမ် ဓာတ်ခွဲစမ်းသပ်တော့မည်

သန့်ဇင်ဝင်း (မြစ်မခ)
5 Oct, 2012

ဈေးကွက်တွင်းရှိ အချဉ်ရည်များအား ထုတ်ကုန်အမှတ်၊ ထုတ်လုပ်လိပ်စာများပါရှိခြင်းနှင့် စားသောက်ကုန်နှင့် ကွပ်ကဲရေးဌာန FDA ၏ ထောက်ခံချက်ရရှိထားမူ မရှိခြင်းတို့ကြောင့် ပထမဆုံး ဓာတ်ခွဲစမ်းသပ်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း စားသုံးသူကာ ကွယ်ရေး အသင်းမှ သိရှိရသည်။

"အချဉ်ရည်ထုတ်လုပ်တဲ့ လုပ်ငန်းလိပ်စာလည်း မပါဘူး။ ကုန်ပစ္စည်းထုတ်လုပ်တဲ့ရက်စွဲ၊ ကုန်ဆုံးရက် လည်း မပါဘူး၊ အထဲမှာ ပါတဲ့ကုန်ပစ္စည်းအမည်တွေ နောက် FDA ရဲ့ ထောက်ခံချက် လည်းမပါဘူး ဒါကြောင့် မစားသုံးသင့်ပါဘူး။ ဒါတွေအတွက် စစ် ဆေးမူတွေ ဆောင်ရွက်နေတယ်"ဟု စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က ပြောသည်။

Read More...

သကြားစက်စွန့်ပစ်ပစ္စည်းကြောင့် ရေထုလေထုညစ်ညမ်း

2012-10-04

စစ်ကိုင်းတိုင်း ဒေသကြီး၊ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာ ရှိတဲ့ ဂရိတ်ဝေါ သကြားစက်က စွန့်ပစ်တဲ့ ပစ္စည်း တွေနဲ့ အနံ့ ဆိုးတွေကြောင့် ဒေသခံ လူပေါင်း ကိုးရာကျော်ဟာ အရေပြား ကူးစက်ရောဂါတွေ ခံစားနေကြရ တယ်လို့ သိရပါတယ်။

အဲဒီလိုဖြစ်လာတာကြောင့် ဒေသခံ တစ်ထောင်ကျော် လက်မှတ်ရေးထိုးပြီး အခုလ တစ်ရက်နေ့က နိုင်ငံတော် သမ္မတဆီ စာရေး တင်ပြလိုက်ကြတယ်လို့ သိရပါတယ်။

Read More...

ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှု ရန်ကုန်သံဃာများ ဆန္ဒပြ

2012-10-04

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင် ပန်းဝါ ခေါ် ရာမူးမြို့က ဗုဒ္ဓရုပ်ပွားတော်မြတ်တွေနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း တွေ မီးရှို့ဖျက်ဆီးခံရတာကို ဆန့်ကျင်တဲ့ အနေနဲ့ ရန်ကုန်မြို့ ဒဂုံမြို့သစ် အရှေ့ပိုင်းက မကွေးပရိယတ္တိ စာသင်တိုက်မှာ သံဃာ အပါး ၂၀၀ ကျော်တို့က အာဏာပိုင်တွေ တားဆီးထားတဲ့ကြားက ဒီကနေ့ နေ့လည်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။

မကွေးပရိယတ္တိ စာသင်တိုက်ရှေ့မှာ သံဃာတော် နှစ်ပါးဆီ ယှဉ်တွဲလမ်းလျှောက်ကြပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်တွေနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေ မီးရှို့ဖျက်ဆီးတာတွေ ရပ်တန့်ပေးဆိုတာကို ကျောင်းထိုင်ဆရာတော် ဦးပါမောက္ခက ရှေ့ကတိုင်ပေး ပြီး သံဃာအပါး ၂၀၀ ကျော်က သံပြိုင်ကြွေးကြော်ခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခုလို အကြမ်းဖက်တာတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရတွေ အနေနဲ့ တားဆီးပေးဖို့ ရည်ရွယ်ဆောင်ရွက်တာ ဖြစ်တယ်လို့ ဒီဆန္ဒပြပွဲကို ဦးဆောင်ပြုလုပ်တဲ့ မကွေးပရိယတ္တိ စာသင်တိုက် ကျောင်းထိုင် ဆရာတော် ဦးပါမောက္ခက မိန့်ပါတယ်။

"ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေကို ရိုဟင်ဂျာတွေက မီးရှို့ပြီးတော့ ဖျက်ဆီးတယ်။ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်မြတ်တွေကို ခေါင်းဖြတ်တယ်။ အဲ့နိုင်ငံမှာရှိတဲ့ ဘုန်းတော်ကြီးတွေကို အကြမ်းဖက် နှိမ်နှင်းတယ်။ အဲ့ဒါကို ဘင်္ဂလား ဒေ့ရှ် အစိုးရကနေပြီးတော့ ဒီပုဂ္ဂိုလ်တွေအပေါ် ကာကွယ်တားဆီးပေးဖို့ လို့ အဓိက ရည်ရွယ်တယ်။“

ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးရှေ့မှာ ဆန္ဒပြပွဲပြုလုပ်ဖို့ကို ကမာရွတ်မြို့နယ် ရဲစခန်းမှာ ခွင့်ပြုချက်တောင်းခဲ့ပေမယ့် မရရှိခဲ့ကြပါဘူး။ ဒါ့ အပြင် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကလည်း ဆန္ဒပြပွဲ မပြုလုပ်ဖို့ ခေါ်ယူ တားမြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလ (၂) ရက်နေ့ကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာရှိတဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ သံရုံးရှေ့မှာ ဗုဒ္ဓဘာသာ သံဃာတော်တွေ ဒီကိစ္စနဲ့ ပက်သက်ပြီး ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

Ref: အာရ်အဖ်အေ

Read More...

တရားဥပဒေ စိုးမိုးရေး ပူးပေါင်းကူညီဖို့ ကိုမင်းကိုနိုင် တိုက်တွန်း

2012-10-04

မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူတွေဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်း ဖို့ လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ယင်းမာပင်မြို့ မဂ္ဂင်ကျောင်းတိုက်ရှေ့မှာ ဒီကနေ့ ပြု လုပ် တဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းများ ဖော်ဆောင်ရေး လူထုတွေ့ဆုံပွဲမှာ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

"တရားဥပဒေ စိုးမိုးရေး ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲကနေပြီးတော့ ဒီတရားရုံးတွေ အထိ ဆင်းပြီးတော့ ကြိုးစားနေတဲ့ အချိန်မှာ ကျွန်တော်တို့ အနေနဲ့ ပူးပေါင်းဆောင်ရွက် ပေးလိုက်ပါ။ ဘာအရေးကြီးသလဲ ဆိုတော့ ဘယ်တရား သူကြီးတွေ ဘယ်အမှုမှာ မတရား ဘယ်လိုလုပ်တယ် ဆိုတာကို ကျကျနန သက်သေသက်ကန်နဲ့ ၀ိုင်းပြီးတော့ပို့ကြပါ။"

မြန်မာပြည် အလယ်ပိုင်းကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ စမ်း ချောင်း ကိုကိုကြီး၊ ကိုထွန်းမြင့်အောင်၊ မမီးမီး၊ မနီလာသိန်း စတဲ့ အဖွဲ့ဝင်ဟာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းများ ပေါ် ပေါက်ရေးအတွက် သာစည်၊ ယင်းမာပင်၊ ဘုရားငါးဆူ၊ ရမည်းသင်း၊ ပျော်ဘွယ်မြို့တို့ ကို ဒီကနေ့ သွားရောက်ခဲ့ကြပြီး ဒေသခံ လူထုနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

မနေ့ကလည်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ကျောက်ဆည်မြို့၊ ၀မ်းတွင်း-သဲတောမြို့တွေကို သွားရောက်ခဲ့ကြပြီး မနက်ဖြန်မှာ ရန်ကုန်မြို့ကို ပြန်မှာဖြစ်ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

မြစ်ဆုံစီမံကိန်းကုမ္ပဏီ အမြန်ထွက်ခွာဖို့ ဒေသခံများတောင်းဆို

2012-10-04

ဧရာဝတီ မြစ်ဆုံစီမံကိန်းကို အကောင်အထည် ဖော်ခဲ့တဲ့ တရုတ်နိုင်ငံ CPI ကုမ္ပဏီကို မြန်မာနိုင်ငံ ကချင်ပြည်နယ် မြစ်ကြီးနား မြို့ ကနေ အမြန်ဆုံး ထွက်ခွာပြီး မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းဖို့ ဒေသခံပြည်သူတွေက ဒီကနေ့ တောင်းဆိုလိုက် ပါ တယ်။

တန်ဖရဲ-မြစ်ဆုံကျေးရွာ၊ မာရီးယား ကောင်းကင်ဘုံသခင်မ ကက်သလစ်ဘုရားကျောင်းမှာ ကချင်ပြည်နယ် ကက်သလစ် အသင်း တော်က ဒီကနေ့ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမိန့်နဲ့ ရပ်ဆိုင်းလိုက်တဲ့ မြစ်ဆုံစီမံကိန်း ၁ နှစ်ပြည့် အခမ်းအနားမှာ ဖာသာရ်နော်ဒင်းက ပြောဆိုပါတယ်။

Read More...

KNU ထိပ်တန်းခေါင်းဆောင် ၃ ဦးကို တာဝန်က ရပ်စဲ

2012-10-04

KNU ကရင်အမျိုးသား အစည်းအရုံး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အပါအ၀င် KNU ထိပ်တန်းခေါင်းဆောင် ၃ ဦးကို အဖွဲ့ က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အကြိမ်ကြိမ် ဖောက်ဖျက်မှုနဲ့ မနေ့က စပြီး တာဝန်က ရပ်စဲလိုက်တယ်လို့ သိရပါ တယ်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗဟိုတရားရေးဌာန တာဝန်ခံ ပဒိုဒေးဗစ်ထော၊ လူမှုဝန်ထမ်း နဲ့ ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာတို့ သုံးဦးဟာ ပြီးခဲ့တဲ့လ ၂၉ ရက်နေ့က ကရင်ပြည်နယ် ဖားအံမြို့မှာ KNU နဲ့ KNLA ဗဟိုဌာနချုပ်ရဲ့ သဘောတူညီမှု မရဘဲ KNU ဗဟိုအဆင့် ဆက်ဆံရေးရုံး သွားရောက် ဖွင့်လှစ်ခဲ့တဲ့အတွက် တာဝန်က ရပ်စဲလိုက်တာလို့ အမည်မဖော်လိုတဲ့ KNU အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

သူတို့ ၃ ဦးကို တာဝန်က ရပ်စဲကြောင်း အမိန့်စာကို KNU ဗဟိုအလုပ်အမှုဆောင် ၁၁ ဦး ထံကို ပေးပို့ထားကြောင်း၊ ဒါပေမယ့် တရားဝင် ကြေညာချက် ထုတ်ပြန်တာ မရှိသေးတဲ့ အကြောင်းနဲ့ လစ်လပ်သွားတဲ့ စစ်ဦးစီးချုပ် နေရာမှာ မကြာခင် ရက်ပိုင်းအ တွင်း ယာယီ အစားထိုး ခန့်အပ်မယ်လို့လည်း သိရပါတယ်။

Ref: အာရ်အဖ်အေ

Read More...

သမ္မတ ဦးသိန်းစိန် မကြာမီ တောင်ကိုရီးယား သွားမည်

နေမျိုး
အောက်တိုဘာလ ၀၄ ရက် ၂၀၁၂ ခုနှစ်

ကိုရီးယားမှ ဒေဝူးကုမ္ပဏီက အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ရွှေဂက်စ် စီမံကိန်း ရပ်ဆိုင်းရန် မြန်မာလူမှုအဖွဲ့များမှ တောင်းဆို ထား စဉ် တောင်ကိုရီးယား နိုင်ငံသို့ သမ္မတကြီးဦးသိန်းစိန် သွားရောက် လည်ပတ်ရန်ရှိကြောင်း သိရသည်။

သမ္မတ ခရီးစဉ် ရက်အတိအကျ ဖော်ပြမထားသော်လည်း မကြာမီ ကာလအတွင်း သွားရောက်မည် ဖြစ်ကြောင်း အောက်တိုဘာ ၄ ရက်နေ့ထုတ် နိုင်ငံပိုင် အင်္ဂလိပ် သတင်းစာ New Light of Myannmar တွင် ဖော်ပြပါရှိသည်။

Read More...

အိန္ဒိယသူပုန်လက်မှ အမေရိကန်လက်နက် မြန်မာပြည်မှလာ ဟုဆို

အောက်တိုဘာလ ၀၄ ရက် ၂၀၁၂ ခုနှစ်

အိန္ဒိယရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသည့် မော်ဝါဒီ သူပုန် နှစ်ယောက်က ၎င်းတို့နှင့်အတူ သိမ်းဆည်းရမိသော အမေရိကန်လုပ် M-16 သေနတ် တလက်နှင့် ဗြိတိန်လုပ် ရူပီးလေးသိန်း (ဒေါ်လာ ၇,၀၀၀ ကျော်)တန် ကျည်ကာအင်္ကျီတို့ကို မြန်မာပြည်မှရ ရှိကြောင်း ဖြောင့်ချက်ပေး ထွက်ဆိုကြသည်ဟု ဂျာရ်ခန်းပြည်နယ် ရဲညွှန်ချုပ်က ပြောသည်။

“ဒီလက်နက်ဟာ အစွန်းရောက်တွေ ထကြွနေတဲ့ မြန်မာနိုင်ငံကနေ မော်ဝါဒီတွေ လက်ထဲကို ရောက်လာတာဖြစ်တယ်” ဟု ဂျာရ် ခန်း ရဲညွှန်ချုပ် G S Rath က ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောကြားလိုက်ကြောင်း PTI သတင်းတရပ်တွင် ဖော်ပြ ပါရှိသည်။

အိန္ဒိယနယ်စပ် မြန်မာနယ်မြေတွင် အိန္ဒိယခွဲထွက်သူပုန် ၁ဝ ဖွဲ့ခန့် ခိုလှုံနေထိုင်ကြသည်ကို ရည်ညွှန်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

သြဂုတ်လ ၂၉ ရက်နေ့က တောတွင်းတနေရာမှ ဖမ်းဆီးရမိခဲ့သည့် ဒေသတွင်း မော်ဝါဒီ သူပုန်ခေါင်းဆောင်တဦးနှင့် လက်နက် ထောက်ပံ့သူတဦးတို့အား စစ်ဆေးမေးမြန်းရာမှ အဆိုပါ နိုင်ငံခြားလက်နက်များရရာ လမ်းကြောင်းကို သိရှိခဲ့ရပြီး ထိုလမ်းကြောင်း ကိုမူ သတင်းထောက်များအား ရဲညွှန်ချုပ်က ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့သည်။

ယခင်ကလည်း ဤသို့ နိုင်ငံခြားဖြစ် သေနတ်များကို မော်ဝါဒီ သူပုန်များထံမှ ရရှိခဲ့ဖူးကြောင်းလည်း ၎င်းကထည့်သွင်း ပြောကြား သွားသည်။

ကြာသပတေးနေ့က တမူးမြို့တွင် မြန်မာအရာရှိများနှင့် တွေ့ဆုံဆွေးနွေးပြီး ပြန်လာသည် မဏိပူရပြည်နယ်၊ ချန်ဒယ် ခရိုင် ရဲမှူး ကြီး E Priyo Kumar နှင့် ကိုယ်ရံတော်အဖွဲ့အား မြန်မာနယ်စပ်နှင့် ၃ မိုင်ခန့်အကွာတွင် သူပုန်များက ဗုံးခွဲတိုက်ခိုက်ရာ ကိုယ်ရံတော် ခုနှစ်ဦး ဒဏ်ရာရရှိသွားပြီး အပြန်အလှန်ပစ်ခတ်မှုများ တနာရီခန့်ကြာ ပြင်းထန်စွာဖြစ်ပွားခဲ့ရသည်ဟု မဏိပူရမှ ပေးပို့သော Indian Express သတင်းတရပ်တွင် ပါရှိသည်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက်ဟု စွပ်စွဲမှု မရှိသေးသော်လည်း ထိုနယ်မြေတွင် ဒေသခံ ကသဲ(မဏိပူရ)သူပုန် ခြောက်ဖွဲ့ခန့် လှုပ်ရှားလျက်ရှိကြောင်း သိရှိရသည်။

အိန္ဒိယ အရှေ့မြောက်ဒေသများမှ ခွဲထွက်ရေးသူပုန်အဖွဲ့များ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ နာဂတောင်တန်းနှင့် ကချင်ပြည်နယ် တို့တွင် ခိုလှုံနေထိုင်ကြကြောင်း အိန္ဒိယအစိုးရနှင့် သတင်းစာများက မကြာခဏ ထောက်ပြ ပြောဆိုလျက် ရှိကြသည်။

မြန်မာ့မြေပိုင်နက်ထဲတွင် မော်ဝါဒီ သူပုန်များ စစ်သင်တန်း စခန်းများ ဖွင့်ခြင်းနှင့် ပတ်သက်၍ အထောက်အထားများ တွေ့ရှိရပြီး ထိုစစ်စခန်းများအား မဏိပူရ ခွဲထွက် သူပုန်တဖွဲ့ဖြစ်သည့် PLA နှင့် Naxalites တို့ ပူးတွဲ စီစဉ်ခြင်း ဖြစ်ကြောင်း လွန်ခဲ့ သည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့က နယူးဒေလီမြို့တော်၌ ဖမ်းဆီးရမိခဲ့သည့် PLA အဖွဲ့ဝင် နှစ်ဦး၏ ခရီးဆောင် ကွန်ပျူ တာများမှ ဖော်ထုတ်သိရှိရခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံမှုတိုင်းတွင် အိန္ဒိယ အရှေ့မြောက် သူပုန်များကိစ္စ အမြဲတစေ ဆွေးနွေးရလေ့ ရှိသည်။

PLA, ULFA, UPLF, PREPAK, KCP, KYKL, RPF နှင့် UNLF တို့အပါအဝင် မြန်မာ ပိုင်နက်ထဲတွင် အိန္ဒိယလက် နက်ကိုင် သူပုန် ရှစ်ဖွဲ့ထက်မနည်း ခိုလှုံနေထိုင်ကြကြောင်း သတင်းစာများတွင် ရေးသားကြသည်။

Ref: မဇ္ဈိမ

Read More...

စစ်တပ် လူ့အခွင့်အရေး ချိုးဖောက်မှု သမ္မတ ကာကွယ်ခြင်းကို KNO ဝေဖန်

ဖနိဒါ
အောက်တိုဘာလ ၀၄ ရက် ၂၀၁၂ ခုနှစ်

ကချင်ပြည်နယ်အတွင်း အစိုးရတပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများအပေါ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကာကွယ် ပြောကြားလိုက်ခြင်းနှင့် ပတ်သက်၍ ကချင်အမျိုးသားများ အစည်းအရုံး KNO မှ ကန့်ကွက်လိုက်သည်။

စက်တင်ဘာလ ၂၉ ရက်နေ့က ဘီဘီစီ မြန်မာပိုင်းအစီအစဉ်နှင့် ဦးသိန်းစိန် အမေးအဖြေ ကဏ္ဍတွင် အစိုးရတပ်များ၏ လူ့အခွင့် အရေး ချိုးဖောက်နေခြင်းနှင့် ပတ်သက်၍ “တပ်မတော်အနေနှင့် ဥပဒေအရ လုပ်ဆောင်နေခြင်း ဖြစ် သောကြောင့် လူ့အခွင့် အ ရေး ချိုးဖောက်နေသည်ဟု မစွပ်စွဲသင့်ကြောင်း” ဖြေကြားခဲ့ခြင်းအား ထိုင်းနိုင်ငံ အခြေ စိုက် KNOက ကန့်ကွက်လိုက်ခြင်း ဖြစ် သည်။

“သမ္မတက ဒီကချင်ပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုဟာ ဥပဒေအရ လုပ်တယ် ဆိုတော့ ဒါက ဘယ်ဥပဒေမှ မတွေ့ပါဘူး။ လူတွေကို နှိပ်စက်တာ၊ သတ်တာတွေက ဘယ်ဥပဒေမှာမှ လုပ်နိုင်တယ်ဆိုတာ မရှိဘူး။ နောက် KIOက စစ်မရပ်လို့ သူတို့က ခုခံစစ် တိုက်ရတယ်ဆိုတဲ့ အချက်ကလည်း မဟုတ်ဘူး။ မြန်မာပြည်မှာ ရှိတဲ့ စစ်တပ်တွေ ရှိရှိသမျှ ကချင်ပြည်မှာ တိုက်နေတာ။ ပို့နေတာ ဖြစ်တယ်” ဟု KNO ဥက္ကဋ္ဌ ဒူဝါ ဘောမ်ဝမ် လရော် က မဇ္ဈိမကို ပြောသည်။

ထိုသို့ ပြောဆိုနေခြင်းသည် သမ္မတအနေဖြင့် မြန်မာပြည်သူများအား တန်ဖိုးမထားခြင်းကို ထုတ်ဖော်လိုက်ခြင်းနှင့် စစ်ပြေးဒုက္ခ သည်များကို လျစ်လျူရှု့ရာ ရောက်ကြောင်း ကြာသပတေးနေ့ထုတ် KNO ကြေညာချက်တွင် ပါရှိသည်။

“သမ္မတ ဦးသိန်းစိန် မှားတာ မဟုတ်ဘူး။ KIO လည်း မှားတာ မဟုတ်ဘူး။ မှားတာက အခြေခံဥပဒေကိုက မှားနေတယ် ဆို တော့ အဲဒီအခြေခံဥပဒေကို ပြုပြင်မှုမှတပါး ကျနော်တို့မှာ ဆေးမရှိဘူး။ အဲဒါကို ပြောချင်တာပါ။ အခြေခံဥပဒေ မှားနေတာကို အတူနေဖို့ဆိုတာ မလွယ်တော့ အမြဲတမ်းပဲ တိုက်ပွဲဖြစ်မှာပဲ” ဟု ဒူဝါ ဘောမ်ဝမ် လရော် က ဆိုသည်။

အစိုးရတပ်များမှာ ကချင်ပြည်နယ် နေရာအနှံ့တွင် စစ်လက်နက်အင်အားများ ဖြည့်တင်းနေဆဲ ဖြစ်ပြီး ဖားကန့်မြို့နယ်၊ မြစ်ကြီးနား -ဗန်းမော်လမ်း၊ KIO ဗဟိုဌာနချုပ် လိုင်ဇာအနီးတဝိုက်တွင် နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒူဝါ ဘောမ်ဝမ် လရော် က မဇ္စျိမကို ပြောဆိုသွားသည်။

KNO ၏ United Kachinland Army-UKA တပ်ဖွဲ့ကို ဇွန်လ ၂၈ ရက်နေ့က ရုတ်သိမ်းလိုက်ပြီးနောက် KIO နှင့်အတူ ပူးပေါင်းလိုက်ပြီး ဖြစ်သည်။

၁၉၉၉ ခုနှစ်က ကချင်တိုင်းရင်းသားအရေး နိုင်ငံတကာတွင် ဆောင်ရွက်ရန် KNO ကို ဖွဲ့စည်းခဲ့သော်လည်း KIO နှင့် KIO တို့အကြား သဘောထားများ ယှဉ်ပြိုင်သလို ဖြစ်လာရာမှ ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလတွင် နှစ်ဖွဲ့သဘောထား ပြန်လည် ညှိနှိုင်းခဲ့ ကြသည်။

KNO ကို ကချင်အမျိုးသား ကျောက်လုပ်ငန်းရှင် ဒူဝါဘောမ်ဝမ် လရော်က ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် စတင်ဖွဲ့စည်းခဲ့ရာ မှ ထိုင်း၊ အမေရိကန်၊ ဂျာပန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ မလေးရှား၊ တိန္ဒိယ၊ ကနေဒါ၊ ဗြိတိန်၊ နော်ဝေး၊ ဆွီဒင်နှင့် တရုတ် စသည့် နိုင်ငံများတွင် အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည်။

လွန်ခဲ့သည့်နှစ် ဇွန်လက တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ကချင်လွတ်လပ်ရေး အဖွဲ့ KIO အနေနှင့် အစိုးရ ကိုယ်စား လှယ်များနှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ရာ ယခုနှစ် ဇွန်လ ၁ ရက်နေ့က တရုတ်-မြန်မာ နယ်စပ်တွင် နောက်ဆုံး တွေ့ဆုံခဲ့ပြီး နောက် ထပ်မံ တွေ့ဆုံမည့် ရက်နှင့်နေရာကို နှစ်ဘက် ညှိနှိုင်း၍မရသေးဘဲ ဖြစ်နေသည်။

သို့သော် သမ္မတ ဦးသိန်းစိန်နှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ အမေရိကန်ခရီးစဉ်မှ ပြန်လည် ရောက်ရှိလာပြီး ဖြစ်၍ မကြာ မီ ရက်ပိုင်းအတွင်း KIO နှင့် ပြန်လည် တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဂွမ်ဂျာ က ဆိုသည်။

Ref: မဇ္ဈိမ

Read More...

မော်လမြိုင်ထောင်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄၃ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ

ကွန်းချမ်း
အောက်တိုဘာလ ၀၄ ရက် ၂၀၁၂ ခုနှစ်

မွန်ပြည်နယ်၊ မော်လမြိုင် အကျဉ်းထောင်တွင် ပြစ်ဒဏ်များ ချမှတ်ခံထားရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈၂ ဦးအနက် ၄၃ ဦး ကို သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဗုဒ္ဓဟူးနေ့တွင် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။

“မနေ့က မနက် ၆ နာရီခွဲလောက်မှာ လွှတ်ပေးလိုက်တယ်။ အခုလွှတ်လိုက်တာက ပထမ အသုတ်၊ နောက်ထပ် လွှတ်ပေးဖို့ ရှိသေးတယ်” ဟု မော်လမြိုင် အကျဉ်းထောင်နှင့် နီးစပ်သူ ကိုမင်းထွန်း က မဇ္ဈိမကို ပြောသည်။

Read More...

ချက်ချင်းပြေလည်ဖို့ခက်သည့် ရခိုင်ပဋိပက္ခအရေးအား စီမံကိန်းချမှတ်ဖြေရှင်းပေးမည့် ဗြိတိန်သံအမတ်

အာရကန်ကိုကို-မောင်တော(မြစ်မခ)
5 Oct, 2012

ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ လူမျိုးရေးပဋိပက္ခမှာ ချက်ချင်းပြေလည်ဖို့ခက်၍ စီမံကိန်းချကာ အတတ်နိုင် ဆုံးဖြေရှင်းပေး မည့် ဗြိတိန်သံအမတ်က ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခအရေးအား လေ့လာ၍ ငြိမ်းချမ်းရေးဖော်ဆောင်ရန် စစ်တွေမြို့သို့ ရောက် ရှိနေသည့် ဗြိတိန်သံအမတ် Mr.Andrew Heyn ဦးဆောင်သည့် ဒုတိယအတွင်းဝန်Mr.Joe Fisher တို့မှာ စက်တင် ဘာလ(၃) ရက် နေ့က ရန်ကုန်သို့ ပြည်ထွက်ခွာခဲ့ပြီဖြစ်သည်။

Mr.Peter McDermott ,Delivery Service Advisor, ဦးဆောင်ညွှန်ကြားရေးမှူး နိုင်ငံတကာဖွံ့ဖြိုးရေးဌာန (Department for International Development-DFID)တို့မှာ မောင်တောမြို့သို့ ဆက်လက်၍ သွားရောက် လေ့လာရန် ကျန်ရှိနေခဲ့ကြောင်းကိုလည်း သိရှိရသည်။ ၄င်းတို့၏ မောင်တောဒေသခရီးစဉ်တွင် ဘင်္ဂါလီခေါင်းဆောင် မာလ၀ီနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်းကိုလည်း ဒေသခံများထံက သိရှိရသည်။

“ရခိုင်ပြည်နယ်မှာ ဇွန်လအတွင်းက ဖြစ်ခဲ့တဲ့ပဋိပက္ခက အင်မတန်ရှုပ်ထွေးနက်နဲတဲ့ ကိစ္စရပ်ပါ၊ ဒီကိစ္စကို ဦေးခါင်းထဲ မှာရော နှလုံးသားထဲမှာပါ ထည့်ထားပါတယ်၊ ဒီပြဿနာကို ချက်ချင်းပြေလည်အောင် ဖြေရှင်းနိုင်ဖို့လည်း ခက်ခဲ ပါတယ်၊ ကျွန်တော်တို့အ နေနဲ့ လည်း ကာလတို ကာလရှည်စီမံကိန်းတွေ ချပြီးတစ်ခုပြီး တစ်ခု တည်ဆောက်ပြီး အ တတ်နိုင်ဆုံး ဖြေရှင်းဖို့ ကြိုးစားမှာ ပါ”ဟု ဗြိတိန်သံအမတ် Mr.Andrew Heyn က စစ်တွေခရီးစဉ်တွင် ပြောကြားခဲ့သည်။

ဗြိတိန်သံအမတ်နှင့်အဖွဲ့မှာ အောက်တိုဘာလ(၂)ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ စစ်တွေရောက်ရှိ စဉ်ကာလ ၌ နိုင်ငံရေးပါတီများ၊လူမှုရေးအဖွဲ့အစည်းများ မီဒီယာများနှင့်တွေ့ဆုံခဲ့ကြောင်း ကိုလည်း သိရသည်။

ပြိတိန်သံအမတ်၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ရွှေစေတီကျောင်းအပြင် မီးရှို့ဖျက်စီးခံဒေသများသို့လည်း သွားရောက် လေ့လာ မည်ဟု သိရှိရသည်။


Ref: မြစ်မခ

Read More...

တပ်အရာရှိများ ချောင်းသာကမ်းခြေရှိ ပြည်သူပိုင်မြေများ၌ အလံစိုက်ကာ အဆောက်အဦး ဆောက်လုပ်နေ

မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)
5 Oct, 2012

ချောင်းသာကမ်းခြေရှိမြေယာများကို ယခုရက်ပိုင်းအတွင်း၌ စစ်တပ်အရာရှိများက ဒေသခံအချို့ပိုင်ဆိုင်သော မြေ ယာများကို အဓမ္မ သိမ်းယူ၍ နိုင်ငံတော်အလံစိုက်ကာ အဆောက်အဦးများ ဆောက်လုပ်နေကြောင်း ဒေသခံ များထံက သိရှိရသည်။

စက်တင်ဘာ(၂၈)ရက်နေ့က ဒုဗိုလ်မှူးကြီး ခလရ(၂၇၁)တစ်ဦးက ၄င်း၏ ဆရာပိုင်ဆိုင်သော မြေဟုဆိုကာ ဒေသခံတစ်ဦး ၏မြေတွင် အတင်းဝင်ရောက် အိမ်ဆောက်ခြင်း ပြုလုပ်ခဲ့ပြီး ယခုလ တစ်ရက်နေ့ကလည်း ဗိုလ်မှူးအဆင့်(ငြိမ်း)တစ်ဦးက ချောင်းသာ(၇) ရပ်ကွက်တွင် ရဲ၊ ပြည်သူ့စစ် တို့၏ အကူအညီဖြင့် ဒေသခံ တစ်ဦးပိုင် ခြံမြေတစ်ခုသို့ အိမ်ဝင်ဆောက်ခဲ့ရာ ထိုနေ့တွင်ပင် ချောင်းသာ အုပ်ချုပ်ရေးမှူးနှင့် ရဲများ ပူးပေါင်းကာ ချောင်းသာ (၆) ရပ်ကွက်၌ ဒေသခံပိုင် ဆိုင်သော မြေ ကွက် တစ်ခုတွင် နိုင်ငံတော် အလံစိုက်ထူ၍ ပြည်သူ့စစ်ရုံး တည်ဆောက်မှုကို ပြုလုပ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

“ကျွန်တော်တို့ ဒေသခံတွေ စုပေါင်းပြီးတော့ စစ်တိုင်းမှူးဆီ တိုင်စာပို့ထားပါတယ်၊ နောက်ထပ်မြေတွေကို စစ်တပ်က ထပ်မသိမ်း အောင်လို့ပါ၊ တိုင်းမှူးက ဒါကို တရားတယ်ဆိုရင်တော့ ကျွန်တော်တို့ ကြောက်ရွံ့ ခဲ့တဲ့ စစ်တပ်ပုံရိပ်က ပိုဆိုး သွားမှာဖြစ်ပြီး ကျွန်တော်တို့ကလည်း စစ်တပ်ကို ဒါမျိုးပဲလို့ သဘောထားပါတယ်လို့ တိုင်စာမှာ ဖေါ်ပြထားပါတယ်” ဟု ချောင်းသာ(၇)ရပ်ကွက် မှ ကိုဇော်မင်းထွန်းကပြောသည်။

ချောင်းသာကမ်းခြေရှိ လယ်ယာမြေအများစုကို ယခင် န၀တ အစိုးရလက်ထက်က ဒေသဖွံ့ဖြိုးရေးအတွက် ဟုဆိုကာ သိမ်းယူခဲ့ပြီး ယခုအချိန်ထိ အဆောက်အဦးမဆောက်လုပ်သေးသော မြေကွက်များတွင် မူလပိုင်ရှင် လယ်သမားမျာက မြေခွန်ဆောင်ကာ လယ်ယာလုပ်ကိုင်လျက်ရှိသော လယ်မြေအချို့တွင် ယခုကဲ့သို့ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။.

“ကျွန်တော်မှာ လယ်မြေတွေရှိပေမဲ့ ၉၄ ခုနှစ်က သိမ်းယူခံခဲ့ရပါတယ်၊ ဒါပေမဲ့ဘယ်နှစ်ဧကလောက် သိမ်းယူ မှန်း မသိလို့ မြေခွန် အခုထိဆောင်နေရတဲ့ ဧကတွေမှာ စိုက်ပျိုးစားသောက်နေတာကို ဒီရက်ပိုင်းမှ သူတို့ ပိုင်တယ် ဆိုပြီး ပြည်သူ့စစ်ရုံး လာဆောက် တာ” ဟု ချောင်းသာကျေးရွာနေ ဦးတင်မြင့်က ပြောသည်။

ချောင်းသာကမ်းခြေမှ လယ်ယာမြေအများစုကို လွန်ခဲ့သော(၁၅)နှစ် ၀န်းကျင်က သိမ်းယူခဲ့ခြင်းဖြစ်ပြီး မည်သူ ပိုင်ဆိုင်မှန်း မသိဘဲ ယခုအချိန်အထိခြံစည်းရိုးပင် ခတ်မထားသော ခြံမြေအများအပြား ရှိနေကြောင်း ဒေသခံ တို့ကဆို သည်။

“အရင်ဥပဒေမှာရော အခုအသစ်ပြဌာန်းလိုက်တဲ့ လယ်ယာမြေဥပဒေသစ်ပုဒ်မ(၃၂)မှာပါ စီမံကိန်းကို သတ်မှတ် ကာလအတွင်း အကောင်အထည်ဖော်ရမယ် စီမံကိန်းဆောင်ရွက်ခြင်းမပြုတော့ပါက လယ်ယာမြေ လုပ်ပိုင်ခွင့် ရထားတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းထံ ပြန်လည်ပေးအပ်ရမယ်ဆိုတာပါပါတယ်”ဟု ဒု/တိုင်း ဥပဒေအရာရှိ ဦးကြည်ခင် ကပြောသည်။

ယခုရက်ပိုင်းအတွင်းပြုလုပ်နေသော စစ်တပ်မှ အရာရှိများမှာ ဒေသဆိုင်ရာ အရာရှိများဖြစ်သည့် အုပ်ချုပ်ရေး၊ မြေစာရင်းဦးစီး များကိုပင် မလေးမစားပမာမခန့်ပြုလုပ်ကာ ခေါ်ယူခြင်း၊ ပြုလုပ်ခိုင်းခဲ့ခြင်းကို ဒေသခံရွာသားများမှ စုပေါင်း၍ နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအပါအ၀င် စစ်တိုင်းမှူးများသို့ စုပေါင်း လက်မှတ်ရေးထိုး၍ တိုင်စာများပေး ပို့ခဲ့ ခြင်းဖြစ် သည်။

Ref: မြစ်မခ

Read More...

သံတွဲတွင် ညမထွက်ရအမိန့် ရုပ်သိမ်းရန် ပြည်သူ့ဆန္ဒကောက်ယူ

မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)
5 Oct, 2012

ပြည်တွင်းပြည်ပခရီးသွားများလာရောက်လည်ပတ်လျက်ရှိသည့် ရခိုင်ပြည်နယ်သံတွဲမြို့တွင် ထုတ်ပြန်ထားသော ည မထွက်ရ အမိန့် အား ရုပ်သိမ်းရန်ပြည်နယ်အစိုးရအဖွဲ့က စဉ်းစားနေကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့တာဝန်ရှိသူ တစ်ဦးထံက သိရသည်။

သံတွဲမြို့၏ ခရီးသွားလုပ်ငန်းများ ပုံမှန်လည်ပတ်စေရန်အတွက် လက်ရှိထုတ်ပြန်ထားသော ညမထွက်ရ အမိန့် ပုဒ်မ (၁၄၄)ကို ရုပ်သိမ်းရန် မြို့လူထု၏ ဆန္ဒသဘောထားများ ကောက်ယူခိုင်းထားကြောင်း ရခိုင်ပြည်နယ်သတင်း ပြန်ကြားရေးနှင့် မှတ်တမ်း စုဆောင်းရေး ဆပ်ကော်မတီ ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

Read More...

ရခိုင်ပြည်နယ်ထူထောင်ရေးအတွက် ဒေါ်လာ(၃)သုံးသန်း လှူဒါန်းမည့် ဗြိတိန်နိုင်ငံ

မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)
5 Oct, 2012

ဗြိတိန်သံအမတ်ကြီးMr.Andrew Heyn ဦးဆောင်သည့် ဒုတိယအတွင်းဝန်Mr.Joe Fisherနှင့် နိုင်ငံတကာဖွံ့ဖြိုး ရေးဌာန (Department for International Development-DFID) ဦးဆောင် ညွှန်ကြားရေးမှူး Delivery Service Advisor, Mr.Peter McDermott တို့ စက်တင်ဘာလ(၂)ရက် နေ့တွင် စစ်တွေသို့ ရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ်အရေး အား လေ့လာခဲ့ကြသည် ။

ဗြိတိန်နိုင်ငံအနေဖြင့် ရခိုင်ဒေသပြန်လည်ထူထောင်ရေးအတွက် အမေရိကန် ဒေါ်လာသုံးသန်းလှူဒါန်းမည်ဟု ဗြိတိန် သံအမတ်ကြီး Mr.Andrew Heyn ဦးဆောင်အဖွဲ့နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ တွေ့ဆုံစဉ်ပြောကြား ခဲ့သည်။

ဗြိတိန်နိုင်ငံ၏ ပမထဆုံးရခိုင်ပြည်နယ် ခရီးစဉ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီ များနှင့် တွေ့ဆုံခဲ့သည်။

စက်တင်ဘာ(၃)ရက်နေ့က ဗြိတိန်သံအမတ်ကြီးMr.Andrew Heyn ဦးဆောင်သည့်ဒုတိယ အတွင်းဝန် Mr.Joe Fisher နှင့် နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန(Department for International Development-DFID) ဦးဆောင် ညွှန်ကြား ရေးမှူး Delivery Service Advisor, Mr.Peter McDermott တို့နှင့် ပြည်နယ်ဝန်ကြီးချုပ်၊ ဝန်ကြီးများ တို့ အစိုးရအဖွဲ့ရုံးတွင်တွေ့ဆုံစဉ် ရခိုင်ဒေသပြန်လည် ထူထောင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်တွေမြို့ရှိလူမှု အသင်းအဖွဲ့များ နိုင်ငံရေးပါတီများနှင်လည်း အောက်တိုဘာ ၂ရက်နေ့ တွေ့ဆုံခဲ့ ကြပြီး ရခိုင်လူမှု အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဝံလက် ဖောင်းဒေးရှင်းမှလည်း ဗြိတိသျှတို့ ရခိုင် ကိုအုပ်စိုးစဉ် ကာလတွင် လူမျိုးသတ်မှတ်သည့် (၁၃၅)မျိုးတွင် ရိုဟင်ဂျာမပါကြောင်းကို ဆွေးနွေးခဲ့သလို ရခိုင်တိုင်းရင်းသား များတိုးတက်ရေးပါတီမှလည်း ဗြိတိသျှအုပ်စိုးစဉ်က ဘင်္ဂလီများဝင်ရောက်လာပုံများကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။

ဗြိတိန်သံအမတ်ကြီး Mr.Andrew Heyn ဦးဆောင်သည့်အဖွဲ့သည် စစ်တွေမြို့ရွှေစေတီကျောင်းအပြင်ဒုက္ခသည် စခန်းများသို့ လည်း ရောက်ရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ (၃)ရက်နေ့၌ ဗြိတိန်သံအမတ်ကြီး Mr.Andrew Heyn နှင့်ဒုတိယအတွင်းဝန်Mr.Joe Fisher တို့မှာ ရန်ကုန်သို့လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့ပြီးကျန်ရှိနေခဲ့သည့် Mr.Peter McDermott ,Delivery Service Advisor, ဦးဆောင်ညွှန်ကြားရေးမှူး နိုင်ငံတကာ ဖွံ့ဖြိုးရေး ဌာန (Department for International Develop ment-DFID) တို့သည် မောင်တောမြို့သို့ သွားရောက်၍ လေ့လာရန်ကျန်ရှိ နေကြောင်း သိရသည်။

Ref: မြစ်မခ

Read More...

CDMA 800 MHz ဖုန်း အင်တာနက်လျှောက်ထားခွင့် ရပ်ဆိုင်း

ဉာဏ်ဉာဏ် (မြစ်မခ)
4 Oct, 2012

CDMA 800 MHz ဖုန်း အင်တာနက် လျှောက်ထားခွင့်ကို အောက်တိုဘာလ(၂)ရက်နေ့မှ အကန့်အသတ်ဖြင့် ရပ်နား လိုက် ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။

အင်တာနက် လျှောက်ထားမှု ခေတ္တရပ်နားထားရခြင်းမှာ အင်တာနက်လိုင်းဆွဲအားနှင့်အသုံးပြုသည့် အလုံးရေမျှတ မှုရှိစေရန် အတွက် ဖြစ်သည်။

“ဒီလို အင်တာနက်လျှောက်ထားမှုရပ်နားခြင်းဟာ အချိန်ဘယ်လောက် ကြာမြင့်မယ် ဆိုတာကိုတော့ အတိအကျ မသိရှိရသေး ဘူး။” မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ တွင် GSM ဖုန်းများ အင်တာနက် လျှောက်ထားမှုကို လက်ခံလျက်ရှိပြီး မြန်မာ့ ဆက်သွယ်ရေးနှင့် ချိတ် ဆက်လုပ်ကိုင် နေသည့် ပုဂ္ဂလိကမိုဘိုင်းဖုန်းဝန်ဆောင်မှုကုမ္ပဏီတွေက တဆင့်လက်ခံ ဆောင်ရွက်ပေးလျှက်ရှိ ကြောင်း သိရှိရသည်။

အခုလို CDMA 800 MHz ဖုန်း အင်တာနက်လျှောက်ထားခြင်း ရပ်နားမှုကို ခေတ္တသာရပ်နားခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ပြန်လည်လျှောက်ထားမှုပြုလုပ်နိုင်လိမ့်မည်ဟု မြန်မာ့ဆက်သွယ်ရေးနှင့် ချိတ်ဆက်ထားသည့် ပုဂ္ဂလိကကုမ္ပဏီက သိရသည်။

GSM ဖုန်း အင်တာနက်လိုင်းလျှောက်ထားမှုအား မြန်မာ့ဆက်သွယ်ရေးမှ သတ်မှတ်ထားသည့် အတိုင်း အင်တာနက် အတွက် ကျပ် တစ်သောင်းနှင့် ၀န်ဆောင်ခ တစ်ထောင်ကျပ် သတ်မှတ်၍ ဆောင်ရွက်ပေး လျက်ရှိသည်ဟု E-Lite Tech Services မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Ref: မြစ်မခ

Read More...

ဖားကန့်တွင် မြေစာပုံပြိုကျ၍ အမျိုးသမီးတစ်ဦးသေဆုံး အိမ်ခြေ(၁၀၀)ကျော် ပျက်စီး

ငြိမ်းချမ်း(မြစ်မခ)
4 Oct, 2012

ဖားကန့်မြို့နယ်တွင် ရွှေထိုင်းကျောက်ကုမ္ပဏီမှ စုပုံထားသောမြေစာပုံကြီး မိုးရွာ၍ ပြိုကျမှုကြောင့် ဖားပြင်ကျေးရွာရှိ အိမ်(၂၆)လုံး ရေနှင့်မျှောပါသွားကာ အိမ်(၈၂)လုံး ပျက်စီးသွားကြောင်း ဖားကန့် ဒေသခံများထံက သိရှိရသည်။

အောက်တိုဘာလ(၂)ရက်နေ့ ည(၁၀း၃၀)အချိန်တွင် မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွှေထိုင်း ကျောက် ကုမ္ပဏီမှစုပုံ ထားသောမြေစာပုံကြီးရေများဝင်၍ ကျိုးပေါက်ကာ မြေအနိမ့်ပိုင်းတွင် တည်ရှိသော ဖားပြင်ကျေးရွာ အပေါ် သို့မျှောပါလာသော သဲရေများပိ၍ အိမ်(၂၆)လုံး မျှောပါသွားပြီး၊ အိမ်(၈၂)လုံးမှာ ပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါနေရာသို့ လာရောက်ကြည့်ရှုသည့် ဖားပြင်မှ နှလုံးရောဂါဝေဒနာသည် ဒေါ်တင်မာဦး အသက် (၅၂)နှစ်မှာလည်း နေရာ ၌ပင် သေဆုံးသွားကြောင်း သိရှိရသည်။

“ညဆယ်နာရီခွဲလောက်ဆိုတော့ ပြင်ဆင်ချိန်က ဘာမှမရှိဘူး။ကျွန်တော်တို့ ရွာတော်တော်ပျက်စီးသွားတယ်။ အိမ်(၂၅) လုံးက တော့ ပါသွားတယ်၊ ဘာမှမရလိုက်ဘူး’’ဟု ဖားပြင်ရွာက ကိုစိန်ထွန်းက ပြောသည်။

ယခုလို မြေပြိုမှုကြောင့် ဖားပြင်ရွာတွင် ဒုက္ခသည်လူဦးရေ(၅၀၀)ကျော်အထိရှိလာသော်လည်းမြေစာပုံ ထားသော ကုမ္ပဏီမှ မည်သည့်တာဝန်မျှ မယူသေးကြောင်းကိုလည်း ဒေသခံများထံက သိရှိရသည်။

“အလိုလိုမှ စစ်ဘေးဒုက္ခသည်က များနေပါတယ်ဆိုမှ မြေပြိုလို့က ငါးရာကျော် ထပ်တိုးလာသေးတယ်၊ ကုမ္ပဏီက တာဝန်ယူဖို့ တော့ကောင်းတယ်’’ဟု ဖားကန့်မြို့မှ ကိုတင်စိုးကပြောသည်။

အဆိုပါမြေပြိုကျမှုတွင် KIAစစ်တပ်က အရင်သိရှိ၍ ဖားပြင်ရွာသို့ လာရောက် အသိပေးပြောကြားသောကြောင့် ရွာသူရွာသားများ အသက်အန္တရယ်မှ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

“မြေပြိုလာတာကို KIA အရင်သိလို့ ရွာသားတွေကို လာပြောတာ။ လာမပြောရင် သေကြမှာ မနည်းဘူး”ဟု ဖားကန့် NLD ပါတီက ဦးလဆိုင်းက ပြောသည်။

အဆိုပါဒုက္ခသည်များအား ဖားပြင်ဘုန်းကြီးကျောင်း၊ ဖားကန့်NLD၊ ဖားကန့်လူမှုကူညီရေးအသင်းများက ကျွေးမွေး ထားကြောင်း ဒေသခံတို့က ဆိုသည်။

ယခုအခါ ဖားကန့်ဒေသ၌ စစ်ဘေးဒုက္ခသည် အလွန်များပြားနေပြီး ဖားကန့်မြို့တွင် စစ်ဘေးဒုက္ခသည် စခန်း (၃၀)ကျော်တွင် လူ ဦးရေ(၁)သောင်းကျော်ရှိပြီး၊ ဆိုင်းတောင်(ဆိပ်မူ)တွင် ဒုက္ခသည် စခန်း(၆)ခုရှိပြီး လူဦးရေ(၁) ထောင် ကျော်နှင့် လုံးခင်းတွင် ဒုက္ခသည်စခန်း(၁)ခု ရှိသည်။

Ref: မြစ်မခ

Read More...

ကာတာလေကြောင်းလိုင်း ပြန်လည်ပြေးဆွဲနေ

မြတ်မိုးကျော်(မြစ်မခ)
4 Oct, 2012

လေးနှစ်ခန့် လေကြောင်းပျံသန်းမှုရပ်နားထားသော ကာတာလေကြောင်းလိုင်းမှာ အောက်တိုဘာလ အတွင်း မြန်မာ နိုင်ငံသို့ ပုံမှန်ခရီးစဉ်များ ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။

ကာတာလေကြောင်းလိုင်း၏ ပထမဆုံး ဒိုဟာ-ရန်ကုန် တိုက်ရိုက်ခရီးစဉ်ဖြစ်သည့် QR 618 လေယာဉ်သည် အောက် တိုဘာလ (၄)ရက်နေ့ နံနက်(၇)နာရီခန့်က ရန်ကုန်မြို့သို့ ဆိုက်ရောက် ခဲ့သည်။

နှစ်နိုင်ငံသဘောတူညီချက်အရ တစ်ပတ်လျှင်(၁၄)ကြိမ် ပျံသန်းရန် သဘောတူညီထားပြီး စတင်ပြေးဆွဲမည့် အောက် တိုဘာ(၃) ရက်မှ(၂၈)ရက်ထိကိုမူ တစ်ပတ်လျှင်(၃)ခေါက် ပျံသန်းမည်ဖြစ်သည်။

ကာတာလေကြောင်းလိုင်းမှ တာဝန်ရှိသူများသည် မေလ(၉) ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်၍ ပို့ဆောင် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်နှင့် တွေ့ဆုံခဲ့ကြောင်းသိရှိသည်။

ကာလကြာမြင့်စွာ လေကြောင်းပျံသန်းမှု ရပ်နားထားသည့် ကာတာလေကြောင်းသည်(၄)နှစ် အကြာရပ်နားပြီးနောက် ပထမဦးဆုံး အောက်တိုဘာလ(၃)ရက်နေ့က စတင်ပြန်လည် ပြေးဆွဲနေပြီ ဖြစ်သည်။

“ရန်ကုန်က ဟိုတယ်ခတွေ ဈေးအရမ်းမြင့်လာတဲ့အတွက်၊ ခရီးသွားဦးရေနည်းပါးသွားတဲ့အတွက် အဆင်မပြေလို့ ပြန်သိမ်းလိုက် တယ် ကြားတယ်။ လက်ရှိကတော့ ခရီးသည်က europe က ခရီးသည်တွေများတယ်။ အခြေအနေ ကတော့ အခုထိကတော့ ခရီးသည်ဦးရေ အသင့်အတင့်ပါပဲ။ နှစ်ဖက် အဆင်ပြေမပြေကတော့ ကြာမှပဲ သိရမှာလေ” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အရှေ့အလယ်ပိုင်းအခြေစိုက် ကာတာလေကြောင်းလိုင်း၏ မြန်မာနိုင်ငံသို့ ပြန်လည်ပြေးဆွဲခြင်း အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေနှင့် ကာတာနိုင်ငံသံ အမတ်ကြီးများ တက်ရောက် ဖွင့်လှစ်ခဲ့သည်။

ကာတာလေကြောင်းလိုင်းသည် ဒိုဟာ - ရန်ကုန်-ဒိုဟာခရီးစဉ်အား ၂၀၀၅ ခုနှစ် ဇန်န၀ါရီ ၈ ရက်မှ ၂၀၀၈ ဇန်န၀ါရီ ၂၀ ရက်အထိ တစ်ပတ်လျှင် လေးကြိမ်ပျံသန်းခဲ့ပြီး ဥရောပမှ မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများအများ ဆုံး စီးနင်းခဲ့ ကြောင်း ကိုလည်း သိရသည်။

Ref: မြစ်မခ

Read More...

ကွန်တိန်နာတွင်း လက်နက်တွေ့မှု စုံခုံရုံးဖွဲ့စစ်ဆေးနေ

သာလွန်ဇောင်းထက်
October 4, 2012

ပါကစ္စတန် နိုင်ငံမှ မှာယူထားသော ဂျုံစေ့ ကွန်တိန်နာတခုတွင် တရုတ်နိုင်ငံလုပ် ပစ္စတိုတလက်နှင့် ကျည်ဆံများ တွေ့ရှိခဲ့မှုနှင့် ပတ်သက်၍ အဖွဲ့အစည်း ပေါင်းစုံပါဝင်သော စုံစမ်း စစ်ဆေးရေးအဖွဲ့ (စုံခုံရုံး) ဖွဲ့စည်းကာ စုံစမ်းနေပြီး စစ်ဆေးချက်အပေါ် မူတည်၍ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ နယ်စပ်နှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဧရာဝတီသို့ ပြောသည်။

ယင်း ကွန်တိန်နာသည် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီး တဦးဖြစ်သော ဒေါက်တာကိုကိုကြီး ပိုင်ဆိုင်သည့် ဒိုင်းမွန်းစတား ကုမ္ပဏီက မှာယူထားခြင်းဖြစ်ကြောင်း၊ စက်တင်ဘာလ ၂၄ ရက်နေ့က ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ ဒိုင်းမွန်းစတား ဂျုံစက်ရုံတွင် သီလ၀ါဆိပ်ကမ်းမှ သယ်ဆောင်လာသည့် ဂျုံ ကွန်တိန်နာများကို ဖွင့်ဖောက်ပြီး စက်ရုံအတွင်းသို့ သယ်ရန် ပြင်ဆင်နေစဉ် အထုပ် တထုပ်ကို အလုပ်သမားများက တွေ့ရှိခဲ့ကြောင်း၊ ယင်းအထုပ်ကို စက်ရုံတာဝန်ရှိသူများက စစ်ဆေးကြည့်ရှုရာ ပစ္စတို အမျိုးအစား သေနတ်တလက်နှင့် ကျည်ဆံများ ဖြစ်နေကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။

“ပစ္စတို သေနတ်က အသစ်စက်စက် Made in China၊ ရွှေရောင်၊ ကျည်ဆံတွေလည်း ပါတယ်။ အလုပ်သမားတွေက တွေ့ တွေ့ချင်း သက်ဆိုင်ရာကို အကြောင်းကြား ခဲ့ပါတယ်။ဘယ်လို ပါလာသလဲဆိုတော့ သေသေချာချာမသိဘူး” ဟု ဒိုင်းမွန်းစတား ကုမ္ပဏီ ၀န်ထမ်းတဦးက ပြောသည်။

ဗိုလ်မှူးကြီး တင်ဝင်းကမူ လက်နက်တွေ့ရှိမှုနှင့် ပတ်သက်၍ အသေးစိပ် စုံစမ်းစစ်ဆေးလျှက် ရှိကြောင်း၊ လက်ရှိ အခြေ အနေ တွင် လက်နက် တွေ့ရှိမှုအပေါ် မည်သို့မျှ မပြောနိုင် သေးဘဲ စုံစမ်း စစ်ဆေးချက်များကို စောင့်ဆိုင်းနေကြောင်း ရှင်းပြသည်။

“ဘယ်လမ်းကြောင်းက လာတာလဲ၊ ဘယ်လို ၀င်လာသလဲ စုံစမ်းစစ်ဆေး နေဆဲပဲ။ လောလောဆယ် အထိတော့ ဘာအဖြေမှ တက်မလာသေးဘူး။ ရလဒ်ပေါ်မှာ မူတည်ပြီး အရေးယူတာတွေ ရှိမယ်။ ဆိပ်ကမ်း စစ်ဆေးရေး လုပ်ငန်းတွေ ပေါ့ဆတယ် ဆိုတာမျိုး တွေ့ရင်လည်း တွေ့ရှိချက်မှာပေါ်မှာ မူတည်မှာပေါ့။ ဒီကွန်တိန်နာတွေ ဆိပ်ကမ်းမှာ X-Ray စက်က ဖြတ်၊ မဖြတ်၊ X-Ray စက် ကောင်း၊ မကောင်း အဲဒါတွေ အကုန်လုံး စစ်ခိုင်းထားတယ်။ အဲဒါတွေစုံမှ သိရမယ်” ဟု ၎င်းက ဆိုသည်။

စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအပါအ၀င် ပြည်ထဲရေးဝန်ကြီး ဌာန လက်အောက်ရှိ အဖွဲ့အစည်းများစွာ ပါဝင်ကြောင်း သိရှိရသည်။

အကောက်ခွန် အေးဂျင့်တဦးကမူ ကွန်တိန်နာတွင် လက်နက် ပါဝင်မှုသတင်းကြောင့် အကောက်ခွန် ရှင်းလင်းရေး ၀န်ဆောင်မှု ပေးသော အေဂျင်စီများ စိုးရိမ်ထိတ်လန့် နေကြသည်ဟု ပြောသည်။

“လက်နက် ပါလာတဲ့သတင်းကြောင့် အကုန်လုံး ထိတ်ထိတ်ပြာပြာ ဖြစ်ကုန်တယ်။ အကောက်ခွန် အေဂျင်စီဆိုတာ ကုမ္ပဏီတွေ က သွင်းလာတဲ့ ကွန်တိန်နာတွေကို ဆိပ်ကမ်းမှာ သွားထုတ်ပေးတဲ့ ၀န်ဆောင်မှုကို အဓိက ပေးကြတာ။ အဲဒီလို ကွန်တိန်နာမျိုး ထုတ်ပေးမိရင် ကုမ္ပဏီလည်း ပြဿနာတက်မယ်၊ အေဂျင်စီတွေလည်း ပြဿနာတက်မှာ။ အရင်တုန်းက လိုင်စင်မဲ့ ကားတွေပါတဲ့ ကွန်တိန်နာတွေ ထုတ်ပေးမိတဲ့ အေဂျင်စီတွေ ပြဿနာတက်၊ တရားရုံးရောက်၊ လိုင်စင်ပိတ်၊ ထောင်ကျတာမျိုးတွေ ရှိခဲ့ဖူးတော့ ပိုပြီး စိုးရိမ်ကြတယ်” ဟု ရန်ကုန်အကောက်ခွန်အေဂျင်စီတဦးက ဆိုသည်။

Ref: ဧရာဝတီ

Read More...

သတင်းဂျာနယ် နှစ်စောင်ကို NLD ဦးဉာဏ်ဝင်း တရားစွဲမည်

ရန်ပိုင်
October 4, 2012

ပြည်မြန်မာ သတင်းဂျာနယ်နှင့် Messenger သတင်း ဂျာနယ်တို့အား “တရားရုံးဆုံးဖြတ်ချက် မချမီ ပြစ်မှုကျူးလွန်သည်ဟု ရေးသားခြင်းကြောင့်” အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မန္တလေးတိုင်း တရားလွှတ် တော်တွင် ပြီးခဲ့သည့် တနင်္လာနေ့က တရားစွဲဆိုလိုက်သည်။

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲရုံတချို့တွင် ဖယောင်းသုတ်သည်ဟု ဦးဉာဏ်ဝင်း၏ ပြောဆိုမှုအပေါ် ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်က မမှန်မကန် သတင်းပေးမှုဖြင့် တရားစွဲဆိုခြင်းနှင့် ပတ်သက်ပြီး အဆိုပါ ဂျာနယ်နှစ်စောင်၌ ပြစ်မှု ကျူး လွန်သည်ဟု ရေးသားကြောင်း၊ ထိုရေးသားချက်သည် ဥပဒေအရ တရားရုံးတော်ကို မထီမဲ့မြင်ပြုရာ ရောက်သည့်အတွက် တရား စွဲခြင်းဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။

“တရားရုံးက အမှုကိုစစ်နေဆဲ၊ အဆုံးအဖြတ် ဘာမှမလာသေးဘူး။ အဲဒါကို မီဒီယာက ဘယ်သူဟာ ဘာပြစ်မှုကို ကျူးလွန်တယ်၊ ဘာအပြစ်ရှိတယ်လို့ ရေးတာဟာ တရားရုံးအလုပ်ကို အနှောက်အယှက် ပေးရာကျပါတယ်”ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်း တရားလွှတ်တော်ကလည်း အဆိုပါ ဂျာနယ်နှစ်စောင်အား တရားစွဲဆိုသည့် အမှုကို လက်ခံထားကြောင်း၊ မကြာမီ ဆင့်ခေါ်မည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်လက်ရှင်းပြသည်။

ဦးဉာဏ်ဝင်းသည် ကြားဖြတ်ရွေးကောက်ပွဲကာလက ပါတီအောင်နိုင်ရေးတာဝန်ကို ယူခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ကြားဖြတ် ရွေး ကောက် ပွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မဲရုံတချို့တွင် ဖယောင်းသုတ်ကာ မဲမသမာမှုများရှိသည့်ဟု ပြောဆိုခဲ့သည့် အတွက် ပြည်ထောင်စုရွေးကော်မရှင်က မမှန်မကန် သတင်းပေးသည်ဟုဆိုကာ တရားစွဲဆိုခြင်းခံရသူဖြစ်သည်။

အဆိုပါ NLD ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်း၏ တရားစွဲဆိုခြင်းနှင့် ပတ်သက်ပြီး ပြည်မြန်မာနှင့် Messenger ဂျာနယ်သို့ ဧရာဝ တီက ဆက်သွယ်မေးမြန်းရာ ပြည်မြန်မာဂျာနယ်သို့ ဆက်သွယ်၍ မရခဲ့ပေ။ Messenger ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးသူရအောင်ကမူ တရားစွဲဆိုမှုကို မသိရှိကြောင်း ပြောသည်။

Ref: ဧရာဝတီ

Read More...

ကရင်ပြည်နယ်တွင်း မြေမြှုပ်မိုင်းများ စရှင်းပြီဟုဆို

နန်းဆိုင်နွမ်
October 4, 2012

ကရင်ပြည်နယ် အတွင်း လူသွားများသည့် နေရာများတွင် မြေမြှုပ်မိုင်းများ စတင် ရှင်းလင်း နေပြီဖြစ်ကြောင်း ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

ကရင်ပြည်နယ် အတွင်းရှိ ဒေသအားလုံးကို အစဉ်အတိုင်း လုပ်ဆောင်ခြင်း မဟုတ်ကြောင်း၊ ပုံမှန် လူသွားများသည့် နေရာများနှင့် ယခင် စစ်ပွဲဖြစ်ခဲ့သည့် ဒေသများတွင်သာ အဓိက လုပ်ဆောင်နေကြောင်၊ ရွာနှင့် နီးစပ်ရာ၊ လူနေ အိမ်ခြေများနှင့် မလွတ်သည့် ဒေသများတွင် ဦးစားပေး ရှင်းလင်းမည် ဖြစ်ကြောင်း သူက ဆိုသည်။

“မြေမြှုပ်မိုင်း ဖော်ဖို့ ကိစ္စကို အခုအချိန်မှာ ကရင်လွတ်မြောက်ရေး တပ်မတော် (KNLA) ဘက်က ကျွမ်းကျင်တဲ့ သူတွေနဲ့ အစိုးရ စစ်တပ်ဘက်က ကျွမ်းကျင်တဲ့သူတွေ ပေါင်းပြီး ရှင်းလင်း နေပါတယ်။ ကျောက်ကြီး ဘက်မှာတော့ ရှင်းလင်းပြီးသွားပါပြီ။ စီမံချက်နဲ့ လုပ်ဖို့လည်း ရှိပါတယ်” ဟု ဦးဇော်မင်းက ပြောသည်။

ငြိမ်းချမ်းရေး အတွက် ဆွေးနွေး ရာတွင်လည်း မြေမြှုပ်မိုင်း ရှင်းလင်းမည့် ကိစ္စ ပါဝင်ကြောင်း၊ နယ်စပ်ဒေသများတွင် စစ်ရှောင် ပြေးခွာနေသည့် ပြည်သူများ ပြန်လာပါက ၎င်းတို့ ကိုယ်ပိုင်နေရာများတွင် ပြန်နေနိုင်ရန် စီစဉ်ပေးနေကြောင်း၊ထိုင်း – မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများတွင် နေထိုင်သည့် သူများ အားလုံး ပြန်လာနိုင်ရန် အတွက်လည်း မြန်မာ အစိုးရနှင့် ထိုင်း
အစိုးရ တို့ ညှိနှိုင်းကာ စာရင်းကောက်ယူနေကြောင်း သိရသည်။

“ပြန်ဝင်လာဖို့ ခန့်မှန်းခြေ လူ တသိန်းလေးသောင်းနဲ့ တသိန်း ခြောက်သောင်းလောက် ရှိတယ်။ တချို့က သူ့ရပ်သူ့ရွာ ရှိတယ်၊ တချို့ကတော့ မရှိဘူး။ သူတို့ လာရင် စနစ်တကျ နေထိုင်လို့ရအောင် စီစဉ်ပေးမှာပါ” ဟု ဦးဇော်မင်းက ဆက် ပြောသည်။

ထိုင်း – မြန်မာနယ်စပ် ဒေသရှိ ဒုက္ခသည် စခန်းများသို့ ရောက်ရှိနေသူများ ပြန်လာမည်ဆိုပါက အဆင်သင့် ဖြစ်စေရန်အတွက် ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ကျန်းမာရေး ကိစ္စများကို အပြည့်အ၀ ပေးနိုင်ရန်လည်း စီစဉ်ပေး နေကြောင်း၊ နော်ဝေ နိုင်ငံ အမျိုးသား ကြက်ခြေနီ အဖွဲ့ကလည်း အဆိုပါဒေသရှိ ကျောင်းနေရန် ခက်ခဲသူများအတွက် အိမ်များ ဆောက်ပေးနိုင်ရန် ပူးပေါင်း ဆောင်ရွက်နေသည်ကိုလည်း သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် ပထမဆုံး အကြိမ် ပြည်နယ်အဆင့် အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့သည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွင် ဆက်ဆံရေး ရုံးများ ဖွင့်လှစ်သွားရန် ပါရှိပြီး ယခုနှစ် ဧပြီလမှ စတင်၍ ပဲခူးတိုင်း ကျောက်ကြီး မြို့နယ်၊ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ ဘုရားသုံးဆူမြို့နယ်နှင့် မြ၀တီမြို့နယ်တို့တွင် ဖွင့်လှစ် ထားပြီး ဖြစ်သည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ် အနေနှင့် ဦးအောင်မင်းက KNU ကိုယ်စားလှယ်များကို ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့ပြီးနောက် တွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

Ref: ဧရာဝတီ

Read More...

ဆောက်လုပ်ဆဲတိုက် ငြမ်းပြိုကျပြီး ၇ ဦးသေဆုံး

ခင်ဦးသာ| October 4, 2012

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပြည်တော်သာ ရပ်ကွက်ရှိ ပုဂ္ဂလိကဆေးရုံတခု၏ တည်ဆောက်ရေး လုပ်ငန်းခွင် ငြမ်းပြိုကျပြီး စုစု ပေါင်း လူ ၇ ဦး သေဆုံးကြောင်း သိရသည်။

ပြည်တော်သာရပ်ကွက်၊ ကြံ့ခိုင်ရေးလမ်းရှိ ပုဂ္ဂလိက အထူးကုဆေးရုံကို ၇ ထပ်ရှိ အဆောက်အအုံ အဖြစ်တည်ဆောက်နေရာ အဆောက် အအုံ၏ ၅ လွှာတွင် တပ်ဆင်ထားသည့် ငြမ်း ယမန်နေ့က ပြုတ်ကျ၍ ၆ ဦးပွဲချင်းပြီး သေဆုံးကာ ၄ ဦးမှာ အတွင်း လူနာအဖြစ် တောင်ကြီးဆေးရုံ၌ ဆေးကုသမှု ခံယူနေ ယနေ့ နောက်ထပ်တဦး ထပ်မံသေဆုံးကြောင်း မြို့ခံများက ဧရာဝတီကို ပြောသည်။

“ကွန်ကရစ် လောင်းနေရင်း ငြမ်းကြိုးပြတ်ကျပြီး ပြုတ်ကျတော့ လူတွေက အဆောက်အအုံ ပြိုကျတဲ့ ပစ္စည်းတွေအောက်မှာ ပိကုန်ကြတယ်၊ ငြမ်းကြိုးက ဆွေးနေတဲ့ ကြိုးဖြစ်လို့ပါ” ဟု မျက်မြင်တဦးက ပြောသည်။

သေဆုံးသွားသူများမှာ ဦးတင့်အောင်၊ ဦးအောင်ကိုလတ်၊ ဒေါ်ပြုံးရီ၊ မလစန္ဒာ၊ မလှလှခိုင်၊ မထွေးထွေးတို့ ဖြစ်ကြသည်။ ကိုတင့်နိုင် ဦး၊ ဦးကြည်ဝင်း၊ ကိုကုလား၊ ကိုသက်ပိုင် တို့မှာ အတွင်းလူနာများ အဖြစ်ဆေးကုသ ခံနေစဉ် ကိုကုလားမှာ ယနေ့ ထပ်မံသေ ဆုံး သွားကြောင်း သိရသည်။

ထိုလုပ်ငန်းခွင်၌ အလုပ်သမား စုစုပေါင်း ၁၂၀ ၀န်းကျင်ရှိပြီး အများစုမှာ ဒေသခံများဖြစ်ကြောင်း၊ လုပ်ငန်းခွင် တာဝန်ခံ အင်ဂျင် နီယာ ၃ ဦးကို အာဏာပိုင်တို့က ယခုအခါ ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း ဒေသခံတချို့က ပြောသည်။

နောက်ဆုံးရရှိသော သတင်းများအရ မူခင်းရဲတပ်ဖွဲ့က တာဝန်ခံ အင်ဂျင်နီယာ ကိုသန့်ဇင်အား ပုဒ်မ ၃၀၄ (က)/၃၃၈ ဖြင့် အရေးယူထားကြောင်း သိရသည်။

အလုပ်သမားများ ယခုကဲ့သို့ အစုအပြုံလိုက် သေဆုံးရခြင်းသည် အဆောက်အအုံပိုင်ရှင်နှင့် လုပ်ငန်းခွင် တာဝန်ရှိသူ တို့၏ ပေါ့ဆမှုကြောင့် ဖြစ်ကြောင်း၊ အလုပ်သမားတို့၏ လုပ်ငန်းခွင် လုံခြုံမှုကို အလေးထားမှု နည်းပါးသည့် အတွက် ဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

Ref: ဧရာဝတီ


Read More...

မော်လမြိုင်ထောင်မှ လွတ်လာသည့် ခိုးဝင်သူများ ဘင်္ဂလားဒေ့ရှ်ဘက် ပြန်ပို့

ရန်ပိုင်
October 4, 2012

သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်အရ မော်လမြိုင်အကျဉ်းထောင်မှ လွတ်မြောက်လာသော တရားမ၀င် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၃ ဦး ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်ပို့မည့် ခရီးစဉ်အတွင်း ယမန်နေ့ည ၇နာရီခန့်က ပြည်မြို့အကျဉ်း ထောင်သို့ ရောက်ရှိလာသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများသည် ပြီးခဲ့သည့် မေလက မွန်ပြည်နယ်ရှိ ရေးမြို့နယ်အတွင်းသို့ ၀င်ရောက်လာသူများ ဖြစ် ပြီး၊ ပြန်လည် ထွက်ခွာစဉ် အစိုးရ ရေတပ်မှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ထို့နောက် မော်လမြိုင်ထောင်တွင် ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရကာ ပြီးခဲ့သည့် ၁၇ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာ သူများဖြစ်သည်။

၎င်းတို့ကို နှစ်နိုင်ငံနယ်စပ် မောင်တောမြို့တွင် နှစ်ဘက်အစိုးရ အစီအစဉ်ဖြင့် လွှဲအပ်မည်ဖြစ်ကြောင်း၊ ပြည်မြို့ အကျဉ်းထောင်တွင် ၃ ရက်ကြာ ထားရှိမည်ဟု သိရကြောင်း အဆိုပါ အကျဉ်းသားများကို သွားရောက်တွေ့ဆုံခဲ့သူ ပြည်မြို့ခံ ကိုသန်းထိုက်အောင်က ပြောသည်။

“သူတို့က ဗမာစကားမတတ်တော့ ထောင်အာဏာပိုင်တွေနဲ့ ဆက်ဆံတဲ့အခါမှာ အခက်အခဲရှိတယ်၊ ဒါကြောင့် မြို့က ဘာသာရေး ခေါင်းဆောင်တွေက အူရဒူဘာသာ၊ ဘင်္ဂလီဘာသာနဲ့ ထောင်ထုံးစံတွေ ပြောပြရတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ မော်လမြိုင်ထောင်မှ စတင်ထွက်ခွာလာစဉ်ကတည်းက လမ်းတလျှောက်ရှိ မြို့ရွာများမှ အစ္စ လမ် ဘာသာဝင်များ၏ သတင်းပို့ခြင်းများကြောင့် ယခုကဲ့သို့ ပြည်မြို့အကျဉ်းထောင်ကို ရောက်ရှိမည်ဟု သိရှိကြောင်း၊ ယခုလည်း ပြည်မြို့ခံ အစ္စလမ်ဘာသာဝင်များက စားသောက်မှု တာဝန်ယူထားကြောင်း ၎င်းက ဆက်ပြောသည်။

မူလ တရားမ၀င် ၀င်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ ၈၅ ဦးဖြစ်ပြီး အသက် ၁၇ နှစ်မှ ၅၀ ကျော်အထိ ပါဝင် ကြောင်း၊ ယခုအဖွဲ့မှာ ပထမအသုတ်ဖြစ်ပြီး မကြာမီတွင် ဒုတိယအသုတ် ထပ်မံရောက်ရှိလာဦးမည်ဖြစ်ကြောင်း ကိုသန်းထိုက် အောင်က ပြောသည်။

၎င်းတို့ကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှတဆင့် မောင်တောမြို့သို့ ပို့ဆောင်ကာ နှစ်နိုင်ငံအစီအစဉ်အရ လွှဲပြောင်းမည်ဖြစ်သည်။

ပြီးခဲ့သည့်လ အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွှတ်သည့် နိုင်ငံတ၀န်းမှ အကျဉ်းသား ၅၁၄ ဦးအနက် ၄၀၀ ၀န်းကျင် သည် နိုင်ငံခြားသားများ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၁ ဦး ပါဝင်ကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

Thursday, October 4, 2012

ပြည်တွင်းတက္ကသိုလ် တက်ရောက်နိုင်ရန်ရွှေ့ပြောင်းကျောင်း သားများ စခန်းသွင်းလေ့ကျင့်နေ

စ’ဖန်းရှောင်း

မြန်မာပြည် ရွှေ့ပြောင်းကျောင်းသူကျောင်းသားများအား ကရင်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ စာစစ်ဌာနများတွင် တက္ကသိုလ် ၀င်တန်း ၀င်ရောက်ဖြေဆိုနိုင်ရန် ယမန်နေ့(အောက်တိုဘာလ ၂ရက်)က စတင်ပြီး စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ် ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းပညာရေး ထောက်ပံ့မှုဖောင်ဒေးရှင်းနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီ -BMWEC တို့ ပူးပေါင်းပြီး စက်တင်ဘာလ ၂၅ရက်နေ့တွင် ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းထံ သွားရောက်ဆွေး နွေးခဲ့ရာ ရွှေ့ပြောင်းမြန် မာကျောင်းသားများ၏ ပညာရေးနှင့်ပတ်သက်၍ သဘောတူညီမှုများရရှိခဲ့သည့်အပေါ် ယခုလို စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ် ရခြင်းဖြစ်ကြောင်း BMWEC ဥက္ကဌ နော်ဖောရေက ပြောသည်။

Read More...

ကော့ကရိတ်မြို့နယ်တွင် ပဋိပက္ခဖြေရှင်းရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

4 October 2012
စောခါးစူးညား၊ ဖိုးခွားလေး (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လောင်းကိုင်ကျေးရွာတွင် ပဋိပက္ခဖြေရှင်းရေး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ငြိမ်းဖောင်ဒေး ရှင်း မှ ယမန်နေ့မှစ၍ ၅ရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။

ငြိမ်းဖောင်ဒေးရှင်းအဖွဲ့မှ သင်ကြားပေးသည့် ယင်းသင်တန်းတွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဘာသာ ရေး ခေါင်းဆောင်များ စုစုပေါင်း ၃၀ကျော်တက်ရောက်ခဲ့ပြီး ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားအားလုံး ငြိမ်းချမ်းရေးရရှိစေ ရန် ရည်ရွယ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သင်တန်းဖြစ်မြောက်ရေးတွင် ပါဝင်သူ မန်းသိန်းဇော်က ပြောသည်။

Read More...

ဘန်ကောက် ရဟန်းတော်များ ဆန္ဒပြသတင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြ

October 4, 2012

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရဟန်းတော် ၃၀၀ ခန့်က ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ဘုန်းတော်ကြီး ကျောင်းများနှင့် ဗုဒ္ဓဘာသာ ၀င်များ နေအိမ်များကို မီးရှို့တိုက်ခိုက် ခံရမူအပေါ် ကန့်ကွက် ဆန္ဒပြခဲ့ကြသော သတင်းကို ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ယနေ့ တွင် ဖေါ်ပြကြသည်။

အင်္ဂလိပ်လို ထုတ်ဝေသည့် New Age သတင်းစာတွင် အဆိုပါ သတင်းကို မျက်နာဖုံးတွင် ဓါတ်ပုံများနှင့် တကွ ဖေါ်ပြပြီး နိုင်ငံ အကြီးဆုံး သတင်းစာ တစ်စောင်ဖြစ်သည့် The Daily Star သတင်းစာတွင်လည်း ထည့်သွင်း ဖေါ်ပြထားသည်။

Read More...

ဗြိတိန်သံအမတ်နှင့် ရတပ ပါတီခေါင်းဆောင်များ စစ်တွေတွင် တွေ့ဆုံ

October 3, 2012

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (ရတပ)မှ ခေါင်းဆောင်များသည် စစ်တွေမြို့တွင် ရောက်ရှိနေသော ဗြိတိန် သံ အမတ်ကြီးနှင့် ယမန်နေ့က တွေ့ဆုံခဲ့သည်။

“ သူတို့က ဗြိတိန်သံအမတ် အပါအ၀င် နောက်ထပ် အရာရှိ နှစ်ဦးပါ။ ညနေ ၃ နာရီခွဲမှာ စစ်တွေကို သူတို့ ရောက်ပါတယ်။ ကျွန်တော်တို့နဲ့က ညနေ ၅ နာရီခွဲမှာ စစ်တွေ နိုဗယ် ဟိုတည်မှာ တွေ့ကြပါတယ်။ ဆွေးနွေးတဲ့ ကိစ္စကတော့ ရခိုင်မှာ ဖြစ် သွားတဲ့ အရေးအခင်း အပေါ်မှာ အဓိကထား ဆွေးနွေးကြတာ ဖြစ်ပါတယ်” ဟု ဆွေးနွေးရာတွင် ပါဝင်သူ ရတပ ပါတီ အတွင်း ရေးမှူး ဦးဦးလှစောက ပြောသည်။

ဆွေးနွေးပွဲသို့ ရတပ ပါတီမှ ဥက္ကဌ ဒေါက်တာ အေးမောင်၊ စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညို၊ ဗဟို ကော်မီတီဝင် ဦးရွှေမောင်နှင့် အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောတို့ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ရတပ ပါတီ၏ ရခိုင်အရေးအခင်းနှင့် ပတ်သက်ပြီး အမြင်သဘောထားကို ဗြိတိန် သံအမတ်ကြီးက မေးမြန်းခဲ့ သ လို အနာဂတ်တွင် ရခိုင် ဗုဒ္ဓဘာသာများနှင့် မွတ်ဆလင်များ အကြားအတူ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအတွက် လိုအပ် ချက် များကိုလည်း မေးမြန်းသွားခဲ့သည်ဟု ဆိုသည်။

“ အဓိကတော့ ဖြစ်စဉ်တွေကိုဆွေးနွေးတယ်။ ကျွန်တော်တို့က နောက်ခံသမိုင်းတွေ အပါအ၀င် ဖြစ်စဉ်တွေကို ပြောပြတယ်။ အနာဂတ်မှာ ကွန်မျူနတီ နှစ်ခုပေါ့လေ (ရခိုင်နဲ့မွတ်ဆလင်) ဘယ်လို အတူ လက်တွဲနေနိုင်မလဲ ဆိုတဲ့ ကျွန်တော်တို့ရဲ့ သ ဘောထားတွေကို ပြောပြလိုက်ပါတယ်။ ပီးရင် စက်တင်္ဘာ ၂၅ ရက်နေ့ကနေ ၂၆ ရက်နေ့ထိ ပြုလုပ်ခဲ့တဲ့ ရသေ့တောင် လူထု ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ပြောပြလိုက်ပါတယ်။ ဒါက တကယ့် အစစ်အမှန် ရခိုင်လူထု သဘောထားဆိုပြီး ဆုံးဖြတ် ချက် တွေကိုလည်း ပေးလိုက်ပါတယ်” ဟု သူက ဆက်ပြောသည်။

၎င်းပြင် ရခိုင်ဒေသမှာ အလွန်ဆင်းရဲပြီး အကျပ်အတည်း ပေါင်းစုံနှင့် ရင်ဆိုင်နေရကြောင်း၊ သို့အတွက် ဒေသဖွံ့ဖြိုးရေးကို လုပ် ဆောင်ရန် လိုအပ်ကြောင်း၊ နိုင်ငံခြား အဖွဲ့အစည်းများ အစိုးရများ အနေဖြင့် ဘက်မလိုက်ဘဲ ရခိုင်အရေးကို ဆောင်ရွက်သင့် ကြောင်းကိုလည်း ဗြိတိန်သံအမတ်ကြီးနှင့် အဖွဲ့ကို တင်ပြခဲ့သည်ဟု သူက ဆိုသည်။

“ ဗြိတိတ် သံအမတ်ကြီးကလည်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို သူတို့ အတတ်နိုင်ဆုံး လုပ်ပေးမယ်ဆိုတဲ့ အကြောင်းတွေကို ပြောပါတယ်။ ပီးရင် ကွန်မျူနတီ နှစ်ခု အနာဂတ်မှာ သင့်သင့်မြတ်မြတ် နေနိုင်မလဲ ဆိုတာကို သူတို့ အဖြေရှာဖို့လာတဲ့ အ ကြောင်း၊ အတတ်နိုင်ဆုံး ဗြိတိန် အစိုးရနဲ့ ကူညီဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်းတွေကို ပြောပြသွားပါတယ်”ဟု ဦးဦး လှစောက ပြောသည်။

ဗြိတိန် သံအမတ်ကြီးနှင့် အဖွဲ့သည် ယမန်နေ့က တခြား ရခိုင် ပါတီများမှ ခေါင်းဆောင်များ၊ လူမူ အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ မွတ်ဆလင် ခေါင်းဆောင်များနှင့်လည်း သီခြားစီ တွေ့ဆုံသည်ဟု ဆိုသည်။

ယနေ့ အောက်တိုဘာလ ၃ ရက်နေ့တွင် ဒုက္ခသည် စခန်းများသို့သွားရောက် လည်ပတ် ကြည့်ရှု့နေသည်ဟု သိရသည်။

(ဦးဦးလှစောနှင့် မေးမြန်းထားသော အင်တာဗျူးကို ဆက်လက် ဖေါ်ပြပေးပါမည်။)

Ref: နိရဉ္စရာ

Read More...

ဘုန်းကြီးကျောင်းများ တိုက်ခိုက်မူ ဒက္ကားတွင် ကန့်ကွက် ဆန္ဒပြ

October 3, 2012

တက္ကသိုလ် ဆရာ ဆရာမများ၊ ပန်းချီဆရာများ၊ အနုပညာရှင်များ အပါအ၀င် လူပေါင်း ၅၀၀ ခန့်က ဘင်္ဂလာဒေခ်ျ့ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း အပေါ် တိုက်ခိုက်မူကို ယမန်နေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ဒက္ကားမြို့ အမျိုးသား ပြတိုက်ရှေ့တွင် ယမန်နေ့က ညနေ ၄ နာရီက စတင်ပြုလုပ်သော အခမ်းအနားတွင် ပူးပေါင်း ပါဝင်သူများ က ဆိုင်းဘုတ်များကို ကိုင်ဆောင်၍၎င်း၊ အသံချဲ့စက်မှ တဆင့် ခေါင်းဆောင်များက မိန်းခွန်း ပြောကြား၍၎င်း ကန့်ကွက် ဆန္ဒပြ ခဲ့ကြသည်။

“အခု လက်ရှိ ကော့စ်ဘဇား ခရိုင်ရာမူးနဲ့ တခြားနေရာတွေမှာ ဘုန်းတော်ကြီးကျောင်း ၂၂ ကျောင်း မီးရှို့ခံခဲ့ရပါတယ်။ ဗုဒ္ဓဘာ သာဝင်တွေရဲ့ နေအိမ်တွေလည်း မီးရှို့လုယက် ဖျက်ဆီးခံရပါတယ်။ ဒါကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ခုလို ပြုလုပ်ရတာပါ” ဟု ဘရ၀ါ (မာရမာကြီး) ရဟန်းတော် ဘိက္ခူ ဆူနန္ဒပြီယာက ပြောသည်။

အဆိုပါ ရဟန်းတော်သည် ဆန္ဒပြ အခမ်းအနားတွင် အသံချဲ့စက်မှ တဆင့် ပထမဆုံး မိန်းခွန်းပြောကြားခဲ့သူ ဖြစ်သည်။

တခြား မိန်းခွန်းပြောကြားသူများမှလည်း ယခု တိုက်ခိုက်မူ အပေါ် ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီး တိုက်ခိုက်ခဲ့သူများကို အမြန်ဆုံး ဖေါ်ထုတ် အရေးယူရန်၊ လူနည်းစု ဗုဒ္ဓဘာသာဝင်များကို ကာကွယ်ပေးရန်နှင့် အမြန်ဆုံး ပျက်စီးဆုံးရှုံးသွားသော ကျောင်းတော် များ နှင့် လူနေအိမ်များကို ပြန်လည် တည်ဆောက်ပေးရန် တောင်းဆိုခဲ့ကြသည်။

အခမ်းအနားသို့ ဘာသာပေါင်းစုံမှ ငြိမ်းချမ်းရေးကို မြတ်နိုးသူများ တက်ရောက်ခဲ့ပြီး ဗုဒ္ဓဘာသာ ၀င် လူနည်းစုများ အပေါ် တိုက် ခိုက်မူကို ရှုတ်ချခဲ့ကြသည်။

ယနေ့ နောက်ဆုံး ရရှိသော သတင်းများအရ ရာမူးမှ ရဲအရာရှိ အေကေ နာဇီဘူရ် အစ္စလာမ် ကိုလည်း တာဝန် ပျက်ကွက်မူ ကြောင့် ရာထူး တာဝန်မှ ရုတ်သိမ်းလိုက်ကြောင်း သိရသည်။ ဆူပူ အကြမ်းဖက်မူများကို စတင်ပြုလုပ်စဉ် ဗုဒ္ဓဘာသာဝင်များက ရဲအရာရှိထံ အကြိမ်ကြိမ် အကြောင်းကြားခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း သိရသည်။
ယခုအခါ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း အများအပြား မီးရှို့ခံရမူနှင့် ပတ်သက်ပြီး ပါဝင်သူများကို လိုက်လံ ဖမ်းဆီးနေပြီး တစ်ချို့ တိုက်ခိုက်မူတွင် ပါဝင်သူများမှာ ဘာသာရေးကျောင်းများမှ ဆယ်ကျော်သက် အရွယ် လူငယ်များ ဖြစ်ကြသည်ဟု ဆိုသည်။

တိုက်ခိုက်မူများမှာ ရပ်တန့်သွားခဲ့ပြီ ဖြစ်သော်လည်း လူနည်းစု ဗုဒ္ဓဘာသာဝင်များမှာ ဆက်လက် တိုက်ခိုက် ခံရမည်ကို စိုးရိမ်နေ ကြဆဲ ဖြစ်သည်ဟု သိရသည်။

အချိန်တို အတွင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂၂ ကျောင်းထိ ဖျက်ဆီး မီးရှို့ခံရမူနှင့် ပတ်သက်ပြီး ဒက္ကားမြို့တော်တွင် ဆွေးနွေးပွဲများ၊ ဆန္ဒပြမူများ ဆက်တိုက် ဖြစ်ပေါ်နေပြီး ၎င်း လုပ်ရပ် အပေါ် ပြစ်တင် ဝေဖန်မူများ တိုးပွားနေသည်။ တချို့ တိုက် ခိုက်မူများသည် မယုံကြည်စရာ ကောင်းလောက်အောင် လျင်မြန်နေပြီး တိုက်ခိုက်သူများသည် ယမ်းမှုန့်များကို ကျောင်းအတွင်း ကြဲဖြန့်ပြီး မီးရှို့ခဲ့ကြသည်ဟု ဆိုသည်။

Ref: နိရဉ္စရာ

Read More...

မြန်မာနှင့် ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့တို့ နယ်စပ်တွင် တွေ့ဆုံ

October 3, 2012

နှစ်နိုင်ငံ အလံတင် တပ်မှူး အဆင့် ဆွေးနွေးပွဲကို မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့တို့အကြား ယမန်နေ့က ဘင်္ဂလာ ဒေခ်ျ့အပိုင် နယ်စပ် ကျေးးရွာ တစ်ခု ဖြစ်သော ခေါင်းတုံးတွင် ပြုလုပ်ခဲ့သည်။

ကော့စ်ဘဇားတောင်ပိုင်းတွင် တည်ရှိသော အိုကီးယားမြို့နယ် ခေါင်တုံးရွာ အစိုးရ မူလတန်းကျောင်းတွင် ၎င်းတပ်မှူး အဆင့် အလံတင် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် ပုံမှန် ဆွေးနွေးနေကျ ဖြစ်သည့် မြန်မာနိုင်ငံဘက်မှ မွတ်လင်များ ဘင်္ဂလာသို့ ၀င်ရောက်နေသည့် ကိစ္စ၊ ယာဘား ဆေးများ ၀င်ရောက်နေသည့် ကိစ္စနှင့် မှောင်ခို တားဆီးရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု ပြောသည်။

စစ်တွေထောင်မှ များမကြာခင် လွှတ်ပေးလိုက်သည့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂၃၈ ယောက်ကို လွှဲပြောင်း ပေးအပ်ရန် မြန်မာ ဘက်က ပြောဆိုခဲ့ကြောင်း ဘင်္ဂလာအရာရျှိများက ထုတ်ဖေါ်ပြောခဲ့သည်ဟု ဘင်္ဂလာ ဘီဂျီဘီ နယ်ခြားစောင့်တပ်ဖွဲ့ အရာရှိများက ပြောဆိုသည်။

ဆွေးနွေးပွဲသို့ မြန်မာဘက်က နယ်စပ်ဒေသ လူဝင်မူ ကွပ်ကဲရေး ဌာနချုပ်(နစက)နယ်မြေ(၃)တပ်မှူး ဦးဆောင်သော ကိုယ် စားလှယ် ၁၁ ဦး တက်ရောက်ခဲ့ပြီး ဘင်္ဂလာဒေခ်ျ့ဘက်မှ ဘီဂျီပီ အမှတ်(၁၇)နယ်ခြားစောင့်တပ်မှူး ဦးဆောင်သော ကိုယ် စား လှယ် ၁၀ ဦး တက်ရောက်ခဲ့သည်။

Ref: နိရဉ္စရာ

Read More...

မြစ်ဆုံမှ ပြောင်းရွှေ့လာသော ရွာသားများ သောက်သုံးရေ အခက်တွေ့နေ

ဖနိဒါ
အောက်တိုဘာလ ၀၃ ရက် ၂၀၁၂ ခုနှစ်

မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ပြောင်းရွှေ့လာကြရသည့် အောင်မြင်သာ ရွာသားများ သောက်သုံးရေ အခက်အခဲနှင့် ကြုံတွေ့ နေရကြောင်း သိရှိရသည်။

စက်တင်ဘာလ အတွင်းက မိုးအဆက်မပြတ် ရွာသွန်း၍ ကျိန်ခရန်ချောင်းရေ ကြီးလာကာ ရေပိုက်များ မျောပါသွား ခြင်းကြောင့် အောင်မြင်သာကျေးရွာမှာ ရက်သတ္တ နှစ်ပတ်ခန့်ကြာ သောက်သုံးရေ ပြဿနာနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

“ရွာထဲမှာက ရေမရဘူး။ ကျိန်ခရန် ချောင်းကနေ ချက်ရေ ခပ်တယ်။ သောက်ရေက မြစ်ကြီးနားကနေ ဝယ်သုံးနေရတယ်။ နှစ် ပတ် ကျော်သွားပြီ။ ခုအေးရှားဝေါက ယာယီအနေနဲ့ လုပ်ထားတယ်။ ဒါပေမယ့် မလောက်သေးဘူး” ဟု ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးနော်ဂျာ က ပြောသည်။

အင်္ဂါနေ့က အေးရှားဝေါကုမ္ပဏီက တောင်ကျချောင်းမှ သွယ်ယူ၍ ဆောက်လုပ်ပေးထားသော ယာယီရေလှောင်တမံမှ ရေရရှိ မှုနှင့် သုံးစွဲမည့်ပမာဏ မမျှတ၍ ကျေးရွာ၏ သုံးပုံတပုံ (အိမ်ခြေ ၁ဝဝ) ခန့်သာ ရေရရှိပြီး ထိုရေမှာလည်း မိုးရွာသွန်းမှုကြောင့် နီရဲနေသဖြင့် သောက်သုံး၍ မရသေးကြောင်း “ချောင်းရေကနေ ယာယီ ယူထားတယ်ဆိုတော့ နေသာလာရင် တော့ ရေပြန် ခမ်း သွားနိုင်တယ်။ နွေရာသီဆိုရင် အဲဒီချောင်းက ရေမစီးဘူး။ ခု သုံးပုံတပုံလောက်ပဲ ရေရတယ်။ လောလောဆယ် ယာယီလို သုံးဖို့ လုပ်တာတောင် အဆင်မပြေဘူး။ သူတို့ လုပ်တာက သေသေချာချာ မလုပ်ပေးသေးဘူး” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ရေမရရှိကြသေးသော အိမ်ခြေ ၂ဝဝ ကျော်မှာ မြစ်ကြီးနားမြို့မှ သောက်ရေသန့်ကို ဗူးလွတ် တဗူးလျှင် ၅ဝဝဝ ကျပ်၊ ရေအတွက် ၉ဝဝ ကျပ် စုစုပေါင်း ၅,၉ဝဝ ကျပ် ပေး၍ ဝယ်ယူနေရသည်ဟု ရွာခံတဦးက ပြောသည်။

ငွေကြေး မတတ်နိုင်သော ရွာသားအချို့ကမူ ရွာမှ တမိုင်ကျော် အကွာအဝေးရှိ ကျိန်ခရန် ချောင်းသို့ သုံးဘီး၊ ဆိုင်ကယ်၊ စက်ဘီး များ ငှားရမ်းပြီး သွားရောက် သယ်ယူ သောက်သုံးနေရသည်ဟု ဆိုသည်။ သုံးရေအတွက် အောင်မြင်သာ ကျေးရွာ အလယ်တွင် ချောင်းရေငယ်တွင် အသုံးပြုနေရသည်ဟု ဆိုသည်။

ချောင်းရေကို ကျိုချက်၍ သောက်သုံးနေရသဖြင့် မီးသွေး အခက်အခဲနှင့် အနီးအနားရှိ ထင်းခုတ်သည့် နေရာ အခက်အခဲတို့ ရှိနေကြောင်း ဒေသခံက ပြောသည်။

အောင်မြင်သာကျေးရွာ တည်ဆောက်ရန်အတွက် ကျိန်ခရန်ချောင်း၏ မူလ ရေစီးကြောင်းကို ပိတ်ဆို့၍ ရေလမ်းကြောင်း လွှဲ ထား သည့်နေရာ မခိုင်ခံ့၍ ရေကြီးလာသည့်အခါ တိုက်စားသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆို ကြသည်။

“ရွာတည်မယ်ဆိုပြီး ရေလမ်းကြောင်းကို လွှဲလိုက်တာ။ နဂိုရှိတဲ့ ရေလွှဲလိုက်တဲ့ ရေကာတာကို အုတ်တံတိုင်းတွေနဲ့ ကာတာ မ
ဟုတ်ဘူး။ ကျောက်ခဲ၊ သဲတွေနဲ့ပဲ ရေလမ်းကြောင်းကို ပိတ်ထားပြီး အပေါ်မှာ စက်တွေနဲ့ ထပ်ဖိထားတာ။ ခု ရေကြီးလာတော့ အဲဒါကို လာတိုက်သလို ဖြစ်သွားပြီး ရွာထဲကို ရေလွှမ်းသွားတယ်။ မြစ်ဆုံမှာ ရေလွှမ်းမှာစိုးလို့ ပြောင်းလာတာ ဒီရောက်တော့ ရေကြီးတာ ခံရတယ်” ဟု မြစ်ဆုံမှ ပြောင်းရွှေ့လာသူ ဒေသခံ တဦးက ပြောသည်။

ချောင်းရေဖြင့် မျောပါသွားသော ရေပိုက်များမှ ယနေ့အထိ ပြန်လည်ပြင်ဆင်မှုမရှိသေးပေ။

ရေအားလျှပ်စစ် မီဂါဝပ် ၆,ဝဝဝ ထုတ်လွှတ်နိုင်မည့် မြစ်ဆုံ ရေကာတာ စီမံကိန်းကို ၂ဝဝ၇ ခုနှစ်မှစ၍ အမှတ် (၁) လျှပ်စစ် ဝန်ကြီး ဌာန၊ တရုတ် လျှပ်စစ်ဓါတ်အား ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း CPI နှင့် အေးရှားဝေါလ် ကုမ္ပဏီများက တာဝန်ယူကာ ပူးတွဲ တည်ဆောက်ခဲ့ရာ မြန်မာပြည်သူများ ကန့်ကွက်ခဲ့သဖြင့် ယမန်နှစ် စက်တင်ဘာလ ၃ဝ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန် က ရပ်ဆိုင်းစေခဲ့ရသည်။

၂ဝဝ၉ ခုနှစ်က မြစ်ဆုံ စီမံကိန်းနှင့် အနီးတဝိုက်ရှိ ကျေးရွာများကို အောင်မြင်သာ ကျေးရွာအဖြစ် ရွာသစ်တည်၍ ပြောင်းရွှေ့ နေထိုင်စေခဲ့ရာ သုံးနှစ်ကျော်ကြာခဲ့ပြီ ဖြစ်သော်လည်း ယခုနှစ်တွင်မှ ဤကဲ့သို့ ရေပိုက်များ ကျိုးပြတ်မျော ပါသည်အထိ ရေကြီး မှုနှင့် ကြုံရခြင်းဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

သမ္မတဦးသိန်းစိန် ကစ်ဆင်းဂျားနဲ့ တွေ့ဆုံခဲ့

အောက်တိုဘာလ ၀၃ ရက် ၂၀၁၂ ခုနှစ်

ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ခဲ့သည့် မြန်မာသမ္မတ ဦးသိန်းစိန် သည် ၎င်း၏ခရီးစဉ်အတွင်း ကမ္ဘာကျော် သံတမန် ရေးရာ ဂုရုကြီး ဟင်နရီ ကစ်ဆင်းဂျားနှင့်လည်း နယူးယောက်မြို့တွင် တွေ့ဆုံခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကစ်ဆင်းဂျားနှင့် စက်တင်ဘာလ ၂၆ ရက်နေ့က တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန်က “(အဆွေတော်၏) အသက်အရွယ်၊ အတွေ့အကြုံနှင့် ဉာဏ်ပညာအရ မိမိအနေဖြင့် အလွန်ပင် လေးစားခဲ့ရသော ပုဂ္ဂိုလ်တဦး ဖြစ်ပါကြောင်း”ပြောဆိုခဲ့သည်ဟု နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြပါရှိသည်။

ထို့ပြင် “မိမိတို့အစိုးရ၏ နိုင်ငံခြားရေးမူဝါဒအရ အရှေ့အနောက် ခွဲခြားဆက်ဆံမှုမျိုး မရှိဘဲ နိုင်ငံအားလုံးနှင့် ချစ်ခင် ရင်းနှီးစွာဖြင့် ဆက်ဆံနိုင်ရန် မူဝါဒများ ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း” လည်း ဦးသိန်းစိန် က ပြောကြားခဲ့ သည်။

သမ္မတ နစ်ဆင်လက်ထက် ၁၉၇ဝ စုနှစ်များအတွင်းက ကမ္ဘာ့အခင်းအကျင်းတွင် သျှမ်းသျှမ်းတောက် ကျော်ကြား လာခဲ့သော ကစ်ဆင်းဂျားကလည်း “မြန်မာနိုင်ငံအားများစွာ စိတ်ဝင်စားမှုရှိပြီး မြန်မာနိုင်ငံသမိုင်းအား တန်ဖိုးထား လေးစားပါ ကြောင်း၊ အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာသည့်အတွက် ဝမ်းမြောက် မိပါကြောင်း၊… အရှေ့တောင်အာရှ နိုင်ငံများ၏ အနာဂတ်တွင် မြန်မာနိုင်ငံသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာမည်ကို မိမိအနေဖြင့် သိရှိပါကြောင်း” ပြော ဆိုခဲ့သည်။

အသက် ၈၉ နှစ်အရွယ်ရှိ ဟင်နရီကစ်ဆင်းဂျားမှာ အထူးသဖြင့် စစ်အေးခေတ် တရုတ်-အမေရိကန် ဆက်ဆံရေးအား ထူထောင် ပေးနိုင်ခဲ့ပြီး ၎င်း၏ ‘Diplomacy’ ကျမ်းကြီးမှာ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၊ သံခင်းတမန်ခင်း စိတ်ဝင်စားသူများ လေ့လာမှတ် သားကြရသည့် အထင်ကရ ကျမ်းကြီး ဖြစ်ပြီး အခြား သံခင်းတမန်ခင်း စာအုပ်ပေါင်း ၁၅ အုပ်ခန့် ရေးသားခဲ့သည်။

၂ဝ၁၁ ခုနှစ်က On China စာအုပ်ကို ရေးသားခဲ့သည့် ကစ်ဆင်းဂျားမှာ တရုတ်ပြည် အပေါ်တွင်လည်း သြဇာညောင်းသူတဦး ဖြစ်သည်။ အကြောင်းမှာ အမေရိကန်သမ္မတ ရစ်ချဒ် နစ်ဆင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ မော်စီတုန်းတို့အကြား ၁၉၇၂ ခုနှစ်တွင် ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်အောင် စွမ်းဆောင်ပေးခဲ့ပြီး ထိုမှနေ၍ တရုတ်ပြည်၏ စီးပွားရေးဘဝသစ်ကို အမေရိကန် ရင်းနှီးမြှုပ်နှံမှုများနှင့် တိုးတက်လာနိုင်စေခဲ့သည်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့