Thursday, October 4, 2012

သဘာဝဓါတ်ငွေ့ပို့ကုန် လျှော့ချရေး ညှိနှိုင်း

2012-10-03

ထိုင်းနိုင်ငံကို တင်ပို့နေတဲ့ မြန်မာ့သဘာဝဓါတ်ငွေ့ ပမာဏကို လျှော့ချဖို့ ထိုင်းအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ စွမ်းအင် ၀န်ကြီး ဦးသန်းဌေးက ပြောဆိုကြောင်း၊ ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖေါ်ပြပါတယ်။

နေ့စဉ် ရောင်းချနေတဲ့ သဘာဝဓါတ်ငွေ့ ပမာဏ ကုဗပေပေါင်း သန်း တစ်ထောင် ကနေ သန်း (၂၀၀) လျှော့ချ ပြီး၊ သန်း (၈၀၀) သာ ရောင်းချဖို့ ဖြစ်ပါတယ်။

စက်တင်ဘာလ တတိယပတ်က ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲ တစ်ရပ်မှာ ၀န်ကြီး ဦးသန်းဌေး က - သဘာဝ ဓါတ်ငွေ့ ကုဗပေ သန်း (၂၀၀) ဟာ ပြည်တွင်း လိုအပ်ချက်အတွက် လုံလောက်ကြောင်း၊ တိုင်းပြည်မှာ သဘာဝ ဓါတ်ငွေ့ မလုံလောက်တဲ့အခါ၊ ပြီးတော့ စွမ်းအင် စုဆောင်းထားတာလည်း မရှိတဲ့အခါ၊ ရှိသမျှ ရေနံ နဲ့ ဓါတ်ငွေ့ကို တိုင်းပြည်အတွက် သုံးစွဲရမှာဖြစ်ကြောင်း၊ လောင်စာ စွမ်းအင် ရင်းမြစ်တွေကို တိုင်းပြည်အတွက် ဦးစားပေး သုံးစွဲရေး ဆိုတဲ့ စွမ်းအင် မူဝါဒ တစ်ရပ် အစိုးရက ချမှတ် ထားကြောင်း ပြောဆိုခဲ့တယ်လို့ The Nation သတင်းစာ က ရေးသားပါတယ်။

စွမ်းအင် ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် ကလည်း - ပြည်တွင်း လိုအပ်ချက် မြင့်မားလာတာနဲ့ အမျှ သဘာဝ ဓါတ်ငွေ့ တင်ပို့မှု သဘောတူ စာချုပ်တွေကို အစိုးရက ပြင်ဆင်မှာ ဖြစ်ကြောင်း၊ ရှိသမျှ ရေနံ နဲ့ ဓါတ်ငွေ့အားလုံးကို တင်ပို့မှာ မဟုတ်ကြောင်း၊ ပြည်တွင်း လိုအပ်ချက် ဖူလုံပြီးမှသာ သဘာဝ သယံဇာတ အရင်းအမြစ်တွေကို ကုန်ကြမ်းအနေနဲ့ မဟုတ်ဘဲ၊ ကုန်ချောအဖြစ် ပြင်ဆင်ပြီး တင်ပို့ရောင်းချသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့