Thursday, October 4, 2012

နိုင်ငံခြားသားတဦးက မြန်မာနိုင်ငံတွင် ပထမဆုံး ရင်းနှီးမြှုပ်နှံမှုဘဏ် ဖွင့်လှစ်

အောက်တိုဘာလ ၀၃ ရက် ၂၀၁၂ ခုနှစ်

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ဥပဒေများ ရေးဆွဲနေဆဲသာ ရှိသေးသော်လည်း ကိုလံဘီယာ တက္ကသိုလ်နှင့် အောက်စဖို့ တက္က သိုလ်များတွင် ပညာဆည်းပူးခဲ့သည့် ဥဇဘက်ကစ္စတန် အမျိုးသား တဦးက ပထမဆုံး ရင်းနှီးမြှုပ်နှံမှုဘဏ် (investment bank) ဖြစ်သည့် Mandalay Capital ကို စတင် တည်ထောင်လိုက်သည်။

ရင်းနှီးမြှုပ်နှံသူ အလီရှား အလီ Alisher Ali သည် မြန်မာနိုင်ငံ၏ ပထမဆုံး ရင်းနှီးမြှုပ်နှံမှုဘဏ်အတွက် ဘဏ္ဍာငွေ
ဒေါ်လာ ၂၅ သန်း ရရှိထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် နည်းလမ်းရှာဖွေနေကြသည့် နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံသူများနှင့် အရင်းအနှီးနှင့် လမ်းညွှန် မှုများ လိုအပ်နေသည့် မြန်မာနိုင်ငံ ဒေသတွင်း ကုမ္ပဏီများ အကြားတွင် Mandalay Capital က ပေါင်းကူး ဆက် သွယ်ပေးမည်ဟု Businessweek.com ဝက်ဘ်ဆိုက် ၏ အင်္ဂါနေ့က ဆောင်းပါး တပုဒ်တွင် Ali က ပြောဆိုခဲ့သည်။

သူသည် ၂ဝဝ၈ ခုနှစ်တွင် မွန်ဂိုလီးယား နိုင်ငံ အူလန်ဗတော မြို့၌ ရင်းနှီးမြှုပ်နှံမှုဘဏ် တခုဖြစ်သည့် Eurasia Capital ကို တည်ထောင်ခဲ့သူ ဖြစ်ပြီး ထိုဒေသတွင် စီးပွါးဘက် ဖောက်သည်များကို ဆွဲဆောင်နိုင်ခဲ့ကာ ဆုတံဆိပ်များ ရရှိခဲ့သည့် Eurasia Capital ၏ ပုံစံအတိုင်း Mandalay Capital ကို ဆောင်ရွက်မည်ဟု သူက ဆိုသည်။

Mandalay Capital ၏ ဝန်ထမ်းငါးဦး အနေဖြင့် အလုပ်များကို ရုံးမှ လုပ်ကိုင်နေခြင်း မဟုတ်ဘဲ ဘန်ဂလို တလုံးမှနေ၍ လုပ်ကိုင်နေသည်ဟု ဆောင်းပါးထဲတွင် ရေးသား ဖော်ပြထားသည်။

ရန်ကုန်တွင် ရုံးခန်းနေရာ စုစုပေါင်း အဖြစ် ၆၃,ဝဝဝ စတုရန်းမီတာ (၆၇၈,၁၂၆ စတုရန်းပေ) ခန့်သာ ရရှိနိုင်ပြီး ထိုပမာဏ သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Empire Tower မိုးပျံတိုက် တတိုက်တည်းတွင် ရရှိနိုင်သည့် စုစုပေါင်း ရုံးခန်း ဧရိယာ ထက်ပင် တဝက်ခန့် လျော့နည်းနေသည်ဟု အိမ်ခြံမြေ ကုမ္ပဏီ Colliers International ၏ အဆိုအရ သိရသည်။ ထိုကဲ့သို့ နေရာမလုံလောက်သည့်အပြင် လိုအပ်သော ရုံးခန်းအရေအတွက် မြင့်မားလာခြင်းက တိုက်ခန်း ဈေးနှုန်းများကို မြင့် တက်စေခဲ့သည်။

အနောက်နိုင်ငံမှ စီးပွါးရေး လုပ်ငန်းများသည် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြသဖြင့် ရန်ကုန်တွင် ဈေးနှုန်းများ မြင့် တက်နေသည်။ မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆ဝ နီးပါးခန့် ရှိနေပြီး အလုပ်သမားများအတွက် ပျမ်းမျှလစာမှာ တလလျှင် အမေရိကန် ဒေါ်လာ ၁၅ဝ ထက် လျော့နည်းသဖြင့် ကမ္ဘာပေါ်တွင် ရင်းနှီးမြှုပ်နှံသူများ အတွက် အခွင့်အလမ်းများစွာ ကျန်ရှိနေ သေးသည့် နောက်ဆုံးနယ်မြေများထဲမှ တခုအဖြစ် မြန်မာနိုင်ငံအား ရှုမြင်နေကြသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့