Thursday, October 4, 2012

တစ်လအတွင်း စလစ်ဈေး ကျပ်သိန်း(၂၀)ကျော်မြင့်တက်

ကျော်ဇင်မန်း(မြစ်မခ)
3 Oct, 2012

“ဗ”အက္ခရာမော်တော်ယာဉ်များ အပ်နှံခွင့်ပေးပြီးနောက် တစ်လအတွင်း စလစ်ဈေး ငွေကျပ် သိန်း(၂၀)ကျော်မြင့် တက်လာ သော်လည်း “ဘ”အက္ခရာများ ဆက်လက်အပ်နှံခွင့်ပေးမည် ဆိုပါက စလစ်ဈေးပုံမှန်အနေ အထားသို့ ပြန်လည်ရောက် ရှိသွား နိုင်ကြောင်း ကားလောက အသိုင်းအ၀ိုင်းက သိရှိရသည်။

“အဓိကကတော့ ဗ အက္ခရာတစ်ခုထဲကိုပဲ အအပ်လက်ခံလိုက်တာကြောင့် စလစ်ရှားသွားတာ။ စလစ်ရှားသွားလို့ ဈေးတွေက သိန်း(၂၀)လောက် တက်လာတာပါ”ဟု ဟံသာဝတီကားရောင်းဝယ် ရေးစခန်းမှ ဦးသန်းနိုင်က ပြောသည်။

“ဗ”အက္ခရာများနှင့် အတူ အခြားအက္ခရာများကိုပါ ဆက်လက်လက်အပ်နှံခွင့်ပြုသွားမည်ဆိုပါက စလစ်ဈေးများမှာ ပုံမှန်ဈေးနူန်း များဖြင့်သာ တည်ရှိနိုင်ကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူများက သုံးသပ်ပြောဆိုကြသည်။

“သူတို့က နားပြီးတော့ လုပ်တဲ့ ပုံစံဖြစ်နေလို့။ နောက်ထပ် “ဘ”တို့ဘာတို့ ဆက်ပြီး အပ်တာခံလိုက် မယ်ဆိုရင် အရင် ဈေး လောက် ပြန်ကျသွားမှာ”ဟု ဦးသန်းနိုင်က ဆက်ပြောသည်။

ကားအရောင်းပြခန်းများတွင်လည်း စလစ်ဈေးတက်ခြင်းကြောင့် စလစ်ဖြင့် လာရောက်ဝယ်ယူသူ နည်းပါး သွားကြောင်းကိုလည်း သိရှိရသည်။

လက်ရှိ ကားဈေးကွက်၌ အင်ဂျင်ပါဝါ (၁၃၅၀)စီစီအောက် ကားများသာ အရောင်းအ၀ယ်ဖြစ်လျက် ရှိနေပြီး အပေါ် ကားများမှာ အသစ်ဈေးကွက်တွင် အရောင်းအ၀ယ်ဖြစ်မှုနည်းပါးလျက်ရှိပြီး ကားဟောင်းဈေးကွက်တွင် သာပုံမှန် အရောင်းအ၀ယ်ဖြစ် လျက်ရှိ ကြောင်း ကိုလည်း သိရှိရသည်။

စက်တင်ဘာလဆန်းပိုင်းတွင် မော်တော်ကားစလစ်ဈေးမှာ ငွေကျပ် သိန်း(၇၀)၀န်းကျင်ပေါက်ဈေးရှိခဲ့ ရာမှာ အောက်တိုဘာ လဆန်းပိုင်းတွင် ငွေကျပ် သိန်း(၉၀)ကျော်သို့ မြင့်တက်ခဲ့ကာ တစ်လအတွင်း ကျပ် သိန်း(၂၀)ကျော် ခန့်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ "ဗ”အက္ခရာ မော်တော်ယာဉ်များကို စက်တင်ဘာလ (၅)ရက်နေ့မှ စတင်အပ်နှံခွင့်ပြုခဲ့ပြီး လက်ရှိတွင် ၄င်း အမျိုးစား မော်တော်ယာဉ် အစီးရေ (၄၀၀၀) ကျော် အပ်နှံထားပြီးဖြစ်ကြောင်းနှင့် တစ်နေ့လျှင် မော်တော်ယာဉ် အစီးရေ (၈၀)မှ (၁၀၀) ကြား လာရောက်အပ်နှံလျက်ရှိကြောင်း ကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီး ဌာနရုံးမှ သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့