Tuesday, October 2, 2012

ဧရာဝတီရေတပ်စခန်းအဆောက်အဦးများဆောက်လုပ်ရန် ဒလမြို့နယ်မှလယ်သမားများအား အဓမ္မပြောင်းရွေ့ခိုင်း

ထက်အောင်ခန့် (မြစ်မခ)
2 Oct, 2012

ဒလမြို့နယ် ခနောင်ရွာမနှင့် တုံးတင်ကန်မြောက်ကျေးရွာအုပ်စုမှ လယ်ဧက ၅၀၀ ပေါ်တွင် နေထိုင်သော လယ်သမားများအား ရေတပ်မှ ၂၀၁၃ နှစ်ဆန်းပိုင်း နောက်ဆုံးထား ပြောင်းရွှေ့ခိုင်းကြောင်း လယ်သမားများက ဆိုသည်။

လယ်သမား (၄၄)ဦးပိုင် ၎င်းလယ်မြေများအား ဧရာဝတီရေတပ်စခန်းဋ္ဌာနချုပ်တပ်ပိုင်မှအဆောက်အဦးများ ပြန်လည် ဆောက် လုပ်မည်ဖြစ်သဖြင့် တပ်ပိုင်မြေပေါ်တွင် စပါးစိုက်ပျိုးခြင်း လယ်စောင့်တဲများနှင့် လူနေအိမ်များကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလကုန် ပိုင်းတွင် နောက်ဆုံးထားကာ အမြန်ဆုံးဖယ်ရှားခိုင်းခြင်းဖြစ်သည်။

စပါးရိတ်သိမ်းပြီးနောက် နောက်ဆုံးထားပြောင်းရွှေ့ပေးရန် အမိန့်ထုတ် ပြန်ထားပြီး ၎င်းတို့ရေးသားထားသော ၀န်ခံ ကတိစာရွက် ပေါ်တွင် အတင်းအဓမ္မ လက်မှတ်ရေးထိုးခိုင်းခဲ့သည်။ လက်မှတ်မထိုးသူများအား အသင့်ပါလာသော အသံဖမ်းစက်များဖြင့် ရေတပ် မှ ပြောခိုင်းသည့်အတိုင်း လယ်သမားများအား လိုက်ပြောစေကာ အသံသက်သေယူ ဆောင်သွားခြင်းများလည်း ရှိနေကြောင်း လယ်သမားတို့က ဆိုသည်။

“အခုလယ်ထွန်မယ် လုပ်တော့ ခင်ဗျားတို့ ထွက်ပါတော့လို့ အေဂျီဝမ်းက လာပြောတယ်။ ဒုတိယအကြိမ် ခင်ဗျားတို့ လက်မှတ် ထိုးတဲ့ ၁လပိုင်းအပြီး ထွက်ရမယ်တဲ့ ကျွန်တော်မထိုးဘူး။ ထိုးရင်ကျွန်တော် ဘ၀ပျက်သွားမှာပေါ့။ သုံးခါ လဲကျရော နေစရာ မရှိလို့ ပြောတော့ နေစရာမရှိရင် ကိုယ့်ဘာသာဖန်တီး ထွက်လို့ပြောတယ်။ ခင်ဗျားအဲ့နှစ်ခုထဲက တစ်ခု လုပ်လို့ ပြောတယ်။ မလုပ်လို့ မရဘူးတဲ့။ ထွက်သွားရင် ကျွန်တော်ဘယ်မှာ သွားနေမလဲ။ လဟာပြင်သွား နေရမှာလား။ လဟာပြင်ကလည်း ပိုင်ရှင် ပေါ်ရင်ပေါ်လာမှာပဲ။ ဟိုကို ထွက်လည်း သေမှာပဲ။ ခင်ဗျားတို့ နှင်ထုတ်လည်း သေမှာပဲ။ သေမဲ့အတူတူ မထူးဘူးဗျာ၊ သေနတ်နဲ့ သာ ပစ်သတ်လိုက်တော့ ပြောလိုက်တယ်။” ဟု လယ်ဧက (၂၆) ဧကပိုင်ဆိုင်သူ ဦးစိုးက ပြောသည်။

ထိုလယ်ဧက (၅၀၀)အား ၁၉၉၀ ခုနှစ်တွင် နိုင်ငံတော်ကာကွယ်ရေးလိုအပ်ချက်အရ ဧရာဝတီရေတပ်စခန်းဌာနချုပ် တည် ဆောက်ရန်ဟု ရေတပ်ကပြောကာ သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။ နစ်နာမှုအတွက် တစ်ဧကလျှင် ကျပ် ၃၅၀၀ နှစ်နာကြေးအဖြစ် ပေးဆောင်ခဲ့သည်။

ထို့ပြင် အသိမ်းခံရသည့် လယ်ယာမြေများတွင် ရေတပ်မှ စီမံကိန်းများအကောင် အထည်ဖော် နိုင်ခဲ့ခြင်းမရှိပါက ပိုင်ရှင် လယ် သမားများအား အချိုးကျ ဆက်လက်လုပ်ကိုင်နိုင်ကြောင်း နှုတ်ကတိ ပေးခဲ့သည်။

လွန်ခဲ့သော ၁၉၉၀ ခုနှစ် အစောပိုင်းတွင် သီးစားခအား နိုင်ငံတော်ထံ တစ်ဧကလျှင် ၆ တင်းမှ ၇ တင်း ပေးဆောင်ရကာ ၁၉၉၁-၁၉၉၂ ခုနှစ်မူ ဧရာဝတီရေတပ် စခန်းဌာနချုပ်မှ တပ်ခွဲရုံး (၃၂)၊(၃၃) တပ်များသို့ တစ်ဧကလျှင် ၁၁ တင်းမှ ၁၂ တင်း အထိ အပြင်ပွဲစားများတွင် ပေါက်သောဈေးနှုန်းနှင့်တွက်ချက်၍ ပေးချေ ရကြောင်း သိရသည်။

“လာသိမ်းတဲ့အခါကျတော့ ဧရာဝတီရေတပ်စခန်းဌာနချုပ်က တာဝန်ရှိတဲ့ သူတွေက တပ်အဆောက်အအုံဆောက်ပြီး ပိုတဲ့ မြေ ပေါ်မှာဘယ်သူ့ကိုမှ တပြားမှ ပေးစရာမလိုပဲနဲ့ ခင်ဗျားတို့လုပ်စားလို့ရတယ် ဆိုပြီးတော့ သိမ်းလိုက်တာ။”ဟု လယ်ဧက(၄၈) ပိုင်ဆိုင်သူ ဦးထွေးက ပြောသည်။

လက်ရှိတွင် လယ်သမားများအနေဖြင့် မိုးရာသီ စပါးစိုက်ပျိုးထားသည့်အတွက် သူရင်းငှားများဌားရမ်းခြင်း၊ မျိုးစပါးများ ၀ယ်ယူ စုဆောင်းခြင်း၊ လယ်မြေများအား မြေသြဇာထည့်ပြီးခြင်း၊ တဲများပြုပြင်ပြီး၊ နွားများကြိုတင်ငှားရမ်းခြင်းတို့ ကြို တင်ပြင်ဆင်ထား ပြီးဖြစ်ကာ ပြောင်းရွှေ့ရမည်ဆိုပါက ဆုံးရှုံးနစ်နာမှုများစွာရှိနိုင်ကြောင်း လယ်သမားများက စိုးရိမ်နေကြသည်။

“သူတို့စီမံကိန်းတွေ အကောင်အထည် ဖော်တော့မယ်။ လယ်သမား လယ်မလုပ်ပါနဲ့တော့ပေါ့။ ကျွန်တော်တို့ ကျွဲတွေနွား တွေက အစ အကုန်ပြောင်းရွှေ့ပေးပါ ပြောတယ်။ ကျွန်တော်တို့က ပြန်တင်ပြတယ်။ လာမည့်နှစ် စိုက်ပျိုးရာသီအတွက် ကျွန်တော်တို့မှာ ကြိုတင်ပြင်ဆင်ရတာရှိပါတယ်။” ဟု ဦးစိုးက ဆက်ပြောသည်။

သိမ်းဆည်းခံရသော လယ်ယာမြေများသည် ဘိုးစဉ်ဘောင်ဆက်ပိုင်ဆိုင်ခဲ့သော လယ်ယာလုပ်ငန်းများဖြစ်ကာ နိုင်ငံတော် က သတ်မှတ်ထားသော အခွန်အခများ၊ တာဝန်ကျေစပါးများပေးဆောင်ခဲ့သည့် လယ်မြေဖြစ်သည်။ သီးစားခများကို နှစ်ပေါင်း (၂၀) ကျော် တစ်ဧကလျှင်(၁၁)တင်းနှုန်းဖြင့် ကာလပေါက်ဈေး အတိုင်း ပေးချေခဲ့ကြောင်းကိုလည်း သိရသည်။

“ကျွန်တော်တို့ မိသားစုတွေ အားလုံးက လယ်ထဲမှာပဲ ဆောက်နေတာ။ ကျွန်တော်ကတော့ ကိုယ်လယ်ပဲ ကိုယ်လုပ်ချင် တာပေါ့ ဗျာ။ ဒါလေးပဲ ကျွန်တော်တို့မှာ ရပ်တည်မှုဆိုတာ ဒါလေးပဲ ရှိတာလေ။ သိမ်းမယ်ဆိုလဲ သိမ်းလိုက်။ မသိမ်းဘူး ဆိုလည်း ပစ် သတ် လိုက်လို့ ဒါလေးမှမလုပ်စားရရင် ဘာလုပ်စားရမှာလဲ။ ဒီပြင်ဟာလည်းကျွန်တော် မလုပ်နိုင်တော့ဘူး။” ဟု လယ်ပိုင်ရှင် တစ်ဦးက ပြောသည်။

ထို့အပြင် လယ်သမားများအနေဖြင့် နိုင်ငံတော်သမ္မတကြီးနှင့်တကွ လယ်ယာမြေစုံစမ်းရေးကော်မရှင် တို့ကိုလည်း အသနားခံစာ များပေးပို့ပြီး တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါတွင် သိမ်းဆည်းထားသော လယ်ဧက (၅၀၀)ပေါ်တွင်ရေတပ်နှင့် ကုမ္ပဏီတစ်ခုမှ ပူးပေါင်းကာ အလုပ်ရုံ တည် ဆောက် မည်ဟုလည်း သတင်းများထွက်ပေါ်နေကြောင်း ကျေးရွာနေပြည်သူများက ပြောသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့