Thursday, October 4, 2012

ပုဂံမြစ်ကမ်းဘေး၌ ကျပ်သိန်းထောင်ချီ၍ အရောင်းမရှိတော့သည့် အိမ်ခြံမြေဈေးကွက်

ငြိမ်းချမ်း(မြစ်မခ)
3 Oct, 2012

ကမ္ဘာအဆင့်မီ စားသောက်ဆိုင်ကြီ်းများ၊ ဟိုတယ်ကြီးများ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များအတွက် ဖွင့်လှစ်ရန် မြေကွက်နေရာ အများအပြားလာရောက်ဝယ်ယူမှုများကြောင့် ပုဂံညောင်ဦး အိမ်ခြံမြေဈေးကွက်မှာ အလွန်လှုပ်ခတ် လျက်ရှိပြီး ဈေးနှုန်းမှာလည်း အလွန်မြင့်တက်လျှက်ရှိကြောင်း ပုဂံညောင်ဦး အိမ်ခြံမြေ အကျိုးတော် ဆောင်များထံက သိရှိရသည်။

၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲများအား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်သောကြောင့် ကမ္ဘာလှည့် ခရီးသွား အများဆုံး လာရောက်လည်ပတ်ကြမည့်နေရာဖြစ်သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် နယ်မြေဖြစ်သော ပုဂံညောင်ဦးမြို့ အိမ်ခြံ မြေဈေးကွက်အား စီးပွားရေးလုပ်ငန်းရှင်များက မျက်စိကျကာ လာရောက်ဝယ်ယူ နေခြင်းဖြစ်သည်။

“ဆီးဂိမ်းအမှီဆိုပြီး လာဝယ်နေတာပဲ။ ဒီမှာက ဧည့်သည်လည်း အလာများတယ်လေ၊ နောက်မြန်မာ နိုင်ငံကအဆင့်မှီ ဟိုတယ် ကလည်း နည်းတယ်၊ စားသောက်ဆိုင်ဆိုလဲ ဒီမှာက အဆင့်မှီအောင် ဆောက်ကြတော့ နေရာကောင်းတွေဆို ဈေးကောင်းရနေ တယ် ”ဟု ပုဂံညောင်ဦီးမြို့မှ ဧည့်လမ်းညွှန် ကိုဖြိုးကိုက ပြောသည်။

ပုဂံညောင်ဦးမြို့ရှိ မြေနေရာအများဆုံး အရောင်းအ၀ယ်ဖြစ်သောနေရာများမှာ ဧရာဝတီမြစ်ကမ်းနဘေး တစ်လျှောက်ရှိ မြေနေရာ ဖြစ်ပြီးထိုနေရာများတွင် စီးပွားရေးလုပ်ငန်းရှင်ကြီးများက စားသောက်ဆိုင်ကြီးများ၊ ဟိုတယ်ကြီးများအမျာဆုံးဆောက် ကြပြီး နိုင်ငံ ခြားသားဧည့်သည်များကလည်း ဧရာဝတီမြစ်ကမ်းဘေး နေရာများအား အလွန်သဘောကျကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။

ညောင်ဦးမြစ်ကမ်းဘေးရှိThe Beach စားသောက်ဆိုင်အနီးပတ်ဝန်းကျင်တစ်လျောက်တွင် ပေ(၆၀×၈၀) မြေကွက်တစ်ကွက် လျင် ကျပ်သိန်း(၈)ထောင်ဝန်းကျင်၊ ပုဂံညောင်ဦးမြို့တွင်ယွန်းထည်အများဆုံး ထုတ်လုပ်သည့် မြင်းကပါရွာရှိဧရာဝတီမြစ်ကမ်း နဘေးရှိ မြေကွက်ပေ(၆၀×၈၀)မြေကွက်တစ်ကွက်လျင် ကျပ်သိန်း(၇) ထောင်ဝန်းကျင် အထိ ပေါက်ဈေးရှိသည်။

ယခုနှစ်စက်တင်ဘာလဆန်းပိုင်းတွင် ပုဂံမြို့သစ်ရှိဧရာဝတီမြစ်ကမ်းနဘေးရှိ စည်သူ စားသောက်ဆိုင်ဘေးရှိ ပေ(၆၀-၈၀)မြေကွက် ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း(၇၅၀၀)နှင့် ၀ယ်ယူပြီး နိုင်ငံခြားသားတစ်ဦးအား

ကျပ်သိန်းပေါင်း(၁၈၀၀)နှင့် ပြန်လည်ရောင်းချခဲ့ကြောင်း ဒေသခံအိမ်ခြံမြေအသိုင်းအ၀ိုင်းက ပြောသည်။

“၀ယ်တဲ့သူတွေက ဧရာဝတီမြစ်ဘေးက မြေကွက်ဆိုပိုပြီး စိတ်ဝင်စားတယ်။ ဒါပေမဲ့ မြစ်ဘေးကမြေကွက် ကို ရဖို့ ကမလွယ်ဘူး။ ရောင်းမဲ့သူကမရှိဘူး ၀ယ်မဲ့သူပဲရှိတာ”ဟု ပုဂံမြို့အိမ်ခြံမြေအကျိုးဆောင် ကိုမောင်ကောင်း က ပြောသည်။

ညောင်ဦးမြို့မဈေးအနီးမြို့လယ်လမ်းမကြီးဘေးရှိ ပေ(၆၀×၈၀)မြေကွက်တစ်ကွက်လျင် ကျပ်သိန်း(၁)သောင်း နီးပါး ရှိပြီး၊ ရွှေစည်းခုံ ဘုရားကြီးအနီးရှိပေ(၆၀×၈၀)မြေတစ်ကွက်လျင်ကျပ်သိန်း (၇)ထောင်ဝန်းကျင် ရှိပြီး၊ ညောင်ဦးမြို့ အ၀င်လမ်း ဘေးရှိပေ(၆၀× ၈၀) တစ်ကွက်လျင်ကျပ်သိန်း(၃၀၀)၀န်းကျင်ပေါက်ဈေးရှိနေသည်။

ပုဂံမြို့သစ်နှင့် ဟိုတယ်ဇုံ(၄)ကြားလမ်းဘေးတစ်လျောက်ရှိ မြေတစ်ဧကလျှင် ကျပ်သိန်း(၂၀၀)နှင့် အရောင်းဝယ် ဖြစ်ခဲ့ပြီး ရောင်း ချရန်မြေနေရာပင် မကျန်တော့ကြောင်းကိုလည်း ဒေသခံများထံက သိရသည်။

ပုဂံမြို့သစ်ဈေးအနီးလမ်းမကြီးဘေး အဓိကကြသောနေရာများတွင် ပေ(၆၀-၈၀)မြေတစ်ကွက်လျှင် ကျပ်သိန်း(၇)ထောင် ၀န်းကျင် ရှိကြောင်း ပုဂံမြို့အိမ်ခြံမြေအသိုင်းအ၀ိုင်းထံက သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့