Tuesday, October 2, 2012

အရန်ဆန်ထုတ်ရောင်းသော်လည်း ဆန်ကြမ်းဈေးမကျဖြစ်နေ

ရန်နိုင်(မြစ်မခ)
2 Oct, 2012

ထုတ်ရောင်းနေသည့်(၂၅)မှတ်အရန်ဆန်များကို ကုန်သည်များက ဝယ်ယူ၍ တရုတ်သို့ တင်ပို့နေခြင်း ကြောင့် လူ အများစုစား သုံးနေသည့် ဆန်ကြမ်းဈေးနှုန်း သိသိသာသာကျဆင်းမလာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန် စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးချစ်ခိုင်က ဆိုသည်။

“ကျွန်တော်တို့ ဘက်ကနေပြီး တတ်နိုင်သမျှ ဈေးကွက်တည်ငြိမ်အောင်ဆိုပြီး အရန်ဆန်တွေကို ထုတ်ရောင်းခဲ့တာ တစ်လဝန်း ကျင်ရှိနေပါပြီ ဒါပေမယ့် အခုဖြစ်နေတာက ပြန်ဝယ်ယူတဲ့သူအချို့က ပြည်တွင်းဈေးကွက်အတွက် မဟုတ်ပဲ တရုတ်ကို တင်ပို့နေ ကြတာသိရတယ်”ဟု ဦးချစ်ခိုင်က ပြောကြားခဲ့သည်။

ယခုနှစ် သြဂုတ်လပိုင်းအတွင်းက ရွာသွန်းခဲ့သောမိုးကြောင့် နိုင်ငံအဝန်းရှိ လယ်ဧကများစွာ ရေနစ်မြုပ် ခဲ့ခြင်းကြောင့် ရေကျမည့် အချိန်ကို စောင့်၍ ပြန်လည်စိုက်ပျိုးရမည်ဖြစ်သောကြောင့် ဈေးကွက်အတွင်း ဆန်အဝင်နောက်ကျ နိုင်ကြောင်း ဆန်ကုန်သည်ကြီး များက ခန့်မှန်းကြသည်။

ထို့ကြောင့် ပြည်တွင်းဈေးကွက်တည်ငြိမ်သည့်အချိန်အထိ(၂၅)မှတ်အရန်ဆန်များထုတ်ရောင်း နေချိန်တွင် ကိုယ်ကျိုး ကြည့်သော စီးပွားရေးသမားများကြောင့် ပြည်တွင်းစားသုံးသူများအား ထိခိုက်စေကြောင်းကိုလည်း သိရသည်။

“စက်တင်ဘာလဆန်းကတည်းက ဆန်တစ်ပြည်ကို အနည်းဆုံး တစ်ရာကနေပြီးတော့ နှစ်ရာလောက် အထိ တက်လာတယ်။ အခုထိလည်း ဒီအတိုင်းပဲ ဈေးမကျလာသေးဘူး။ ကျွန်တော်တို့က နေ့စဉ် ပြည်နဲ့ ဝယ်ပြီး စားနေတဲ့သူတွေဆိုတော့ ဆန်တစ်ပြည် တစ်ရာလောက် တက်လာလည်းသိသာတယ်”ဟု သင်္ဃန်းကျွန်း မြို့နယ်မှ နေ့စားလုပ်သားဦးဝင်းကိုကဆန်ဈေးတက်နေမှုအပေါ် သုံးသပ်သည်။

မြန်မာနိုင်ငံသည် အိမ်နီးခြင်းနိုင်ငံဖြစ်နေသည့်အပြင် သယ်ယူစရိတ်လည်း သက်သာသောကြောင့် တရုတ်ဘက်မှ မြန်မာ့ဆန်များကို အ၀ယ်လိုက်နေခြင်းဖြစ်ကြောင်း သိရသည်။ လာအို၊ ဗီယက်နမ်၊ အိန္ဒိယနိုင်ငံတို့မှလည်း တရုတ်သို့ တင်ပို့နေသော်လည်း မြန်မာမှ တင်ပို့မှု ပိုများနေကြောင်းကိုလည်း သိရသည်။

တရုတ်နိုင်ငံမှ ၀ယ်လိုအားမြင့်တက်ခဲ့မှုကြောင့် ဖေဖော်ဝါရီလအတွင်း ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ(၄၂၅) ၀န်းကျင် ရှိခဲ့ရာမှ စက်တင်ဘာရောက်သည်အထိ ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ(၄၈၀)ကျော်လာ သည်အထိ ဈေးနှုန်းမြင့်တက် ခဲ့ကြောင်း မူဆယ်ဆန်ဈေးကွက်က စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် သြဂုတ်ပိုင်းက မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်း အရန်ဆန်ရောင်းချရေး ကော်မတီမှ ဆန်တန်ချိန် (၄၅၀၀) ကျော်အား သမဝါယမအသင်း၊ ကုမ္ပဏီ(၆)ခုနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်တို့ကို တင်ဒါ စနစ်ဖြင့် ရောင်းချပေး ခဲ့ကြောင်း သိရသည်။

ပြည်တွင်းဆန်ဈေးနှုန်း ထိန်းညှိနိုင်ရန် ရည်ရွယ်ကာ အရန်ဆန်ရောင်းချခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့