Thursday, October 4, 2012

ဘားအံတွင် လိုင်စင်မဲ့ ဆိုင်ကယ်လိုင်စင်ပြုလုပ်ရက် (၁)လ ထပ်တိုး

ထက်အောင်ခန့် (မြစ်မခ)
3 Oct, 2012

ကရင်ပြည်နယ် ဘားအံမြို့တွင် လိုင်စင်မဲ့ဆိုင်ကယ်များအား မော်တော်ဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးနေသည့် သတ် မှတ်ရက် ကုန်ဆုံး တော့မည် ဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကျေးရွာများအတွက် လိုင်စင် ပြုလုပ်ရက် တစ်လ ထပ်မံတိုးမြှင့် သတ်မှတ်ပေးလိုက်ကြောင်း သိရှိရသည်။

ဘားအံတွင် ယခု အောက်တိုဘာလမှ စတင်ကာ တစ်နေ့လျှင် ဆိုင်ကယ်အစီးရေ (၇၀၀)ခန့် တိုးမြှင့် လုပ်ပေးလျှက် ရှိပြီး နိုဝင်ဘာလဆန်းပိုင်းအထိ ရက်ထပ်တိုးသတ်မှတ်လိုက်ခြင်း ဖြစ်သည်။

သံတောင်ကြီး၊ ဖာပွန်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ စသည့် လမ်းပန်းဆက်သွယ်မှုခက်ခဲသည့် ဒေသများတွင်လည်း ကုန်းလမ်း သယ်ယူပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန)က လိုင်စင်ပြု လုပ်ပေးနေခြင်းဖြစ်သည်။

“ဆိုင်ကယ်တွေ ကျန်နေသေးတယ်။ လမ်းတွေက ကြမ်းတော့ တချို့ ဆိုင်ကယ်တွေ မလာနိုင်ဘူး။ သူတို့ကို စောင့် တယ်။ ရုံးက လည်း နယ်တွေ ဆင်းပြီး သွားလုပ်ပေးတယ်။ ဆိုင်ကယ်များလွန်းလို့ ဟိုတစ်နေ့ကဆို ငွေစာရင်း သွင်းတာနဲ့တင် မနက်မိုးလင်းသွား တယ်။”ဟု ဘားအံမြို့ရှိ ကညနမှ လိုင်စင်လုပ်ပေးသူတစ်ဦးက ပြောသည်။

ကရင်ပြည်နယ်၊ ဘားအံ့မြို့၌ ယခင်က တစ်နေ့ ပျှမ်းမျှ ဆိုင်ကယ်အစီးရေ(၄၅၀)ခန့် ပြုလုပ်ပေးခဲ့ရာမှ ယခုကဲ့သို့ ဆိုင်ကယ် အစီးရေနှင့် လိုင်စင်ပြုလုပ်ရက် ထပ်တိုးသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဆိုင်ကယ်အစီးပေါင်း (၂) သောင်းခွဲကျော်ခန့် လိုင် စင်ပြုလုပ်ပြီးစီးပြီး ဖြစ်သည်ဟု သိရသည်။

“ဒီမှာတော့ ပိုက်ဆံရှိတဲ့သူတွေက ပွဲစားတွေနဲ့လုပ်တယ်။ ရွာတွေကလာပြီး လုပ်တဲ့သူတွေ များတယ်။”ဟု ဘားအံ့မြို့မှ ဒေသခံ တစ်ဦးက ပြောသည်။

ဆိုင်ကယ်လိုင်စင်ပြုလုပ်ရာ၌ လိုင်စင်မဲ့ နောက်ဆုံးပေါ် ယိုးဒယားဆိုင်ကယ်တစ်စီးလျှင် ကျပ် ၁၅၀၀၀၀ ခွဲခန့် ကုန်ကျပြီး လိုင်စင် မဲ့တရုတ်ဆိုင်ကယ် တစ်စီးလျှင် ကျပ် ၁၅၀၀၀မှ ကျပ် ၂၀၀၀၀ ၀န်ကျင်အထိ ကုန်ကျပြီး ပွဲစားဖြင့် ပြုလုပ်ပါက ကျပ်(၂) သောင်း ၀န်းကျင် ပေးရကြောင်း သိရှိရသည်။

ဘားအံမြို့ရှိ ပြည်ထောင်စုကွင်းတွင် ဇွန်လ(၅)ရက်မှ စတင်ကာ ဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများ၌လည်း ဇွန်လလဆန်းပိုင်းတွင် လိုင်စင်မဲ့ ဆိုင်ကယ် လိုင်စင်ပြုလုပ်ရက် စတင် ကာ ယခု အောက်တိုဘာ(၄)ရက်နေ့တွင် လိုင်စင်ပြုလုပ်ရက် ကုန်ဆုံးမည် ဖြစ်သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့