ရဲဘော်ဖိုးသံချောင်း
၅/ မတ် ၂၀၁၀
အခုတလော မြန်မာပြည်မှာ လူအများ စိတ်ဝင်စားခြင်း ခံနေရတဲ့ ကိစ္စ တခုကတော့ နအဖ ဗိုလ်ချုပ်တွေဟာ ပြည်တွင်း-ပြည်ပ ဘယ်သူ့ကိုမှ၊ ဘယ်ကိုမှ တရားဝင် ကြေညာ အသိပေးခြင်း မရှိဘဲ နိုင်ငံပိုင် ဓနများကို ပုဂ္ဂလိကပိုင် အဖြစ် ပြောင်းလဲပစ်နေတဲ့ ကိစ္စပဲဖြစ်ပါတယ်။ တနေ့ပြီးတနေ့ ဘယ်လုပ်ငန်းကိုဖြင့် ဘယ်သူဌေးလက် အပ်လိုက်ပြီ၊ အဲဒီ သူဌေးက ဘယ်ဗိုလ်ချုပ်နဲ့ နီးစပ်တယ်၊ ဘယ်ဗိုလ်ချုပ် ကိုယ်စား လုပ်နေတာ စတဲ့ သတင်းမျိုးတွေကိုလည်း ဒင်းတို့ပါးစပ်က ကြားရတာ မဟုတ်ဘဲ ဟိုကတစ၊ ဒီကတစနဲ့ ဆက်တိုက် ကြားနေ ကြရပါတယ်။
ဘာဥပဒေနဲ့၊ ဘာကော်မရှင်ရဲ့ ဦးစီးမှုနဲ့ လုပ်တယ်ဆိုတာကိုလည်း ဘယ်သူကမှ မပြောသလို၊ ဘယ်သူကမှလည်း မသိရပါဘူး။ သူခိုးဓားပြတွေ တိုက်ရာပါ ပစ္စည်း ခွဲယူကြသလို တကယ့်ကို လက်သိပ်ထိုး လုပ်နေကြတာဟာ ဗမာပြည် သမိုင်းမှာ မဆလလက်ထက် ၁၉၆၄ ခုနှစ်တုန်းက ပြည်သူပိုင် သိမ်းတယ် ဆိုတာရဲ့နောက်မှာ အကြီးမားဆုံး ပိုင်ဆိုင်မှု လက်ပြောင်း လက်လွှဲ လုပ်မှုကြီးပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ သမိုင်းရဲ့ ဟာသကွက်လိုဟာတခုကို ထောက်ပြလိုပါတယ်။ အဲဒါကတော့ မဆလ စစ်အစိုးရဟာ ဆိုရှယ်လစ် စကားလုံးတွေ လေကြီးဟစ်ကျယ် ပြောပြီး “ပြည်သူပိုင်သိမ်းတယ်” ဆိုတဲ့ ပုဂ္ဂလိကပိုင် ဆိုင်တွေ၊ လုပ်ငန်းတွေကို စစ်အုပ်စုပိုင် လုပ်ခဲ့ပါတယ်။ သူတို့အပြောက ဒါဟာ ၀ိသမလောဘ သမားတွေရဲ့ လက်ကနေ ဆိုရှယ်လစ် အရင်းအနှီး စုဆောင်းတာ ဖြစ်ပါသတဲ့။ ဒါပေမယ့် လက်တွေ့မှာတော့ တိုင်းပြည်ဟာ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံ စာရင်းဝင်သွားပြီး သူတို့တစုသာ ချမ်းသာသွား ကြပါတယ်။ သူတို့နေရာကို ဆက်ခံတဲ့ နအဖ စစ်အုပ်စုကတော့ ဈေးကွက် စီးပွားရေး တည်ဆောက်တယ် ဆိုပြီး အရင်းအနှီး ခွဲဝေတာတွေ လုပ်ပြန်ပါတယ်။ တိုင်းပြည်ဟာ မွဲသထက်မွဲ သူတို့နဲ့ အပေါင်းပါတွေသာ ချမ်းသာသထက် ချမ်းသာလာတာကို မျက်မြင် တွေ့နေရပါတယ်။ တိုင်းပြည်မွဲရေးနဲ့ ကိုယ်ချမ်းသာရေးဆီကို ချီတက်ရာ လမ်းကြောင်းများ သိချင်ရင် မြန်မာပြည်က စစ်အာဏာရှင်များဆီသာ သွားမေးပေတော့လို့ ပြောရမလိုပါ။
ဒီအဖြစ်အပျက်တွေထဲကနေ သမိုင်းရဲ့ သင်ခန်းစာတခု ဆွဲထုတ်ပါဆိုရင် စစ်အာဏာရှင်တွေဟာ သူတို့ အိတ်ထဲကို ထည့်ဖို့ဆိုရင် ဘာကြွေးကြော်သံကို မဆို ကြွေးကြော်မယ်၊ တဖက်လှည့်နဲ့ ပြန်ပြောရရင် သူတို့တတွေ ဘယ်လိုပဲ ကြွေးကြော်-ကြွေးကြော် လက်တွေ့ကျတော့ တိုင်းပြည်ရဲ့ ဓနဥစ္စာတွေကို သူတို့ အိတ်ထဲ ထည့်တာပဲလို့ ပြောရပါမယ်။ သူတို့ထဲက စိတ်မလုံတဲ့လူ တချို့ကတော့ သူတို့လို တိုင်းပြည်အတွက် လုပ်နေသူတွေ အဖို့ အကျိုးကျေးဇူး တစုံတရာ ခံစားသင့်ပါတယ်လို့ ဆင်ခြေ ပေးကြပါတယ်။ သူတို့စားတာ စားသင့်ပါတယ်၊ ခိုးတာ ခိုးသင့်ပါတယ်လို့ တိုက်ရိုက် မပြောရုံ တမယ်ပါပဲ။
မဆလလက်ထက် စစ်အုပ်စုနည်း စစ်အုပ်စုဟန် ဆိုရှယ်လစ်စနစ်ကာလတုန်း ကတော့ တရုတ် ကုလားနဲ့ ပြည်တွင်းပြည်ပ လုပ်ငန်းရှင် အားလုံးဟာ ၀ိသမ လောဘသမား အရင်းရှင်တွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လုပ်ငန်းမှန်သမျှ၊ ဆိုင်မှန်သမျှကို သိမ်းယူခဲ့ပါတယ်။ ဒါကြောင့်မို့ ဆင့်ဥစ္စာ ခွေးမချီနိုင် ဖြစ်ခဲ့တဲ့ ကိစ္စတွေ အများကြီး ပေါ်ခဲ့ပါတယ်။
အခု နအဖနည်းနအဖဟန် ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးမှာကျတော့ နအဖဗိုလ်ချုပ်တွေဟာ မဆလ ဗိုလ်ချုပ်တွေ အတွေ့အကြုံ နည်းလို့ ဒုက္ခရောက်ခဲ့ တာတွေကို သင်ခန်းစာ ထုတ်ယူ ထားလိုက်ကြပါတယ်။ ကွမ်းယာဆိုင်ကို ပြည်သူပိုင် သိမ်းလိုက်လို့ အလုပ် ရှုပ်ရတာမျိုး သူတို့က အဖြစ် မခံတော့ပါဘူး။ နောက်ပြီး ဗိုလ်နေ၀င်းတို့က ဆိုရှယ်လစ်စကားတွေ ပြော၊ နယ်ချဲ့ ဆန့်ကျင်ရေး မီးရှူး မီးပန်းတွေ ဖောက်လွှတ်နေလို့ ပြည်ပ အရင်းအနှီးနဲ့ ဝေးခဲ့တာမျိုးကိုလည်း သူတို့က ရှောင်ရှားပါတယ်။ ကောင်းတဲ့ အလားအလာ ရှိတဲ့လုပ်ငန်းကိုမှ ကိုယ့်အိတ်ထဲ ထည့်ပါတယ်။ မကောင်းရင် ပြည်သူပိုင်အဖြစ် ချန်ထားပါတယ်။ နောက်ပြီး ကိုယ့်အတွက်သာ အကျိုးရှိမယ်၊ စားကွက်ရှိမယ် ဆိုရင် န၀တ၊ နအဖ စစ်ဗိုလ်တွေဟာ အရှေ့ကဖြစ်ဖြစ်၊ အနောက်ကဖြစ်ဖြစ် ဘယ်ကမဆို အရင်းအနှီး မှန်သမျှကို လက်ခံပါတယ်။ အဓိကကျတာက သူတို့ ထိပ်သီးတွေ အတွက် ခံစားခွင့် ပါဖို့ပါပဲ။
ထောက်ပြသင့်တဲ့ စစ်အုပ်စုတွေရဲ့ အဓိက၀င်ငွေလမ်းကြောင်း နောက်တခုကတော့ နယ်စပ်တွေက လာတဲ့ဝင်ငွေ လမ်းကြောင်းပါ။ မြန်မာပြည်မှာ နယ်စပ်ဒေသကို စစ်တပ်က ချုပ်ကိုင်ခဲ့တာဟာ ၁၉၄၈ ခုနှစ်က စလို့ အစဉ်အလာ တခုလို ဖြစ်နေခဲ့ပါတယ်။ ပြည်တွင်းစစ်ရှိနေတော့ သူတို့မှာ အကြောင်းပြလို့ ပိုကောင်းသလို ဖြစ်နေပါတယ်။ ဒီကြားထဲ တရုတ်ဖြူ ကူမင်တန် ကျူးကျော်မှုလို ဟာမျိုးကလည်း ဖြစ်ပေါ်ခဲ့တော့ နယ်စပ်ဒေသနဲ့ ပြည်နယ်တွေဟာ စစ်ဗိုလ်တွေရဲ့ စားကွက်ချည့် ဖြစ်ခဲ့တယ် မဟုတ်ပါလား။ နောက်ပြီး အဲဒီ စားကွက်တွေ အတွက်ပဲ သူတို့ချင်း စားခွက်လုကြ၊ ဂိုဏ်းအုပ်စု ဖွဲ့ကြတာတွေလည်း ပေါ်ခဲ့ပါတယ်။ ၁၉၅၀ စုနှစ်များရဲ့ နောက်ပိုင်းတုန်းက ရှမ်းပြည်နယ်ထဲမှာ ထောက်လှမ်းရေး ဗိုလ်မှူးကိုင်နိုကို သတ်ပစ်ခဲ့တာ၊ ၁၉၇၀ စု နှစ်များတုန်းက အိန္ဒိယ-မြန်မာနယ်စပ်မှာ တာဝန်ကျတဲ့ သူရညွန့်တင်ကို ရုံးတင် တရားစွဲတာ စတာတွေဟာ အဲဒီလို ဂိုဏ်းအုပ်စုနဲ့ စားခွက် ပြဿနာတွေ ကြောင့်ပါပဲ။ ဒီလိုနဲ့ အဲဒီတုန်းက တိုင်းမှူးတွေနဲ့ စစ်ဒေသ ထိပ်သီးတွေဟာ နယ်ခံ အာဏာရှိသူတွေနဲ့ လုံးမိ ကြတာလည်းရှိ၊ အညှိုးအတေးတွေ ပေါ်ပေါက်တာလည်းရှိ ဆိုတာမျိုး ဖြစ်ခဲ့ပါတယ်။ တဖက်မှာကျတော့ သူတို့တပ်တွေရဲ့လုပ်ရပ်တွေကြောင့် တိုင်းရင်းသား လူမျိုးစုတွေက လူမျိုးရေးအရ နာကြည်းတာတွေ ဖြစ်ပေါ် လာခဲ့ပါတယ်။ ဒီလိုနဲ့ ဗိုလ်အောင်ကြီးတို့ လက်ထက်က စလို့ စစ်အုပ်စု ထိပ်သီးတွေနဲ့ နယ်စပ်က ဘိန်းရာဇာတွေ ရေစက် ဆုံခဲ့ကြတာပါပဲ။
ဒါပေမယ့် တရုတ်-မြန်မာနယ်စပ်မှာ ဗကပပေါ်လာတော့ စစ်အုပ်စုထိပ်သီးတွေအဖို့ စားကျက်တွေ ပျောက်ကုန် ကြပါတယ်။ သူတို့ရဲ့ ရောင်းရင်း အပေါင်းအသင်း နယ်ခံထိပ်သီးတွေ၊ ဘိန်းရာဇာတွေလည်း “လက်မဲ့တွေ” ဖြစ်ကုန် ကြပါတယ်။ ဒီ့နောက် ၁၉၈၉ ခုနှစ်မှာ ဗကပထဲက ခွဲထွက်မှုတွေ ပေါ်တော့မှ စစ်အုပ်စု ထိပ်သီးတွေဟာ သူတို့ရဲ့စီးပွားရေး “အောင်မြေ” ကို ပြန်နင်း နိုင်ခဲ့ပါတယ်။ မဆလ ထိပ်သီးတွေ ဆုံးရှုံးခဲ့တဲ့ အခွင့်အရေးတွေကို န၀တ၊ နအဖထိပ်သီးတွေ ရခဲ့ပါတယ်။ ရတာမှ အတိုးနဲ့ ရတာလို့တောင် ပြောနိုင်ပါတယ်။ ဒါတွေကို အားလုံး သိပြီးမို့ အထူးရေးဖို့ မလိုတော့ပါဘူး။ ဒီနေ့ နယ်စပ်ဒေသက အပစ်ရပ် အဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ် လုပ်ရေး ကိစ္စမှာ နအဖဗိုလ်ချုပ်တွေ စပ်ပူစပ်လောင် ဖြစ်နေကြတာမှာ ဒီစားကျက်ကြီး ပြန်ပျောက်သွားမှာ စိုးနေတဲ့ အကြောင်းရင်းလည်း ပါပါတယ်။ သူတို့အဖို့က တကယ့်ကို အဆီနဲ့ ၀င်းဝင်းပါ။
ကိုယ့်အတွက် အရင်းအနှီးစုဆောင်းရာမှာ နအဖနဲ့မဆလ မတူတဲ့ နောက်အချက်တချက်ကတော့ ဗိုလ်နေ၀င်း တို့ဟာ အထက်မှာပြောခဲ့သလို ပြည်တွင်းက လုပ်ငန်းရှင်တွေ၊ ငွေရှင်ကြေးရှင်တွေကို ရန်လုပ် ဒုက္ခ ပေးခဲ့ပေမယ့် ဗိုလ်သန်းရွှေတို့ ကတော့ အဲဒီလိုလူတွေ အထဲက သူတို့ အသုံးချမယ့် လူတွေကို ရှာဖွေ မွေးမြူပါတယ်။ ဒီဖြစ်စဉ်ထဲမှာပဲ ဗိုလ်ချုပ်တွေက ဘိန်းဘုရင်တွေရဲ့ ငွေကိုခ၀ါချပေး။ တခါ ဘိန်းဘုရင်တွေက ဗိုလ်ချုပ်တွေရဲ့ ငွေတွေကို ပြန်ခ၀ါချပေး ဆိုတာမျိုးတွေလည်း ဖြတ်သန်း ခဲ့ကြပါတယ်။ နောက်ပြီး ဗိုလ်ချုပ်တွေ ကိုယ်စား နာမည်ခံ စီးပွားရေး လုပ်ငန်း ထောင်ပေးမယ့် လူတွေကိုလည်း စိစစ် မွေးမြူတာ လုပ်ပါတယ်။ စစ်အုပ်စုရဲ့လက်ဝေခံ လူတန်းစားတရပ် ထပ်မွေးယူတာပါ။ မွေးတာမှ လိုအပ်ရင် သမီးပေး၊ တူမပေးလို့တောင် မွေးယူ ကြပါတယ်။
အခု ရွေးကောက်ပွဲမတိုင်မီ ဗိုလ်သန်းရွှေတို့ထိပ်သီးတွေ အလုအယက်ဖြစ်နေကြတာဟာ ဆိုရှယ်လစ် စစ်ဗိုလ်အုပ်စု က စခဲ့တဲ့ မြန်မာပြည် စစ်အုပ်စု အဆက်ဆက်တွေရဲ့ တွေးခေါ် လုပ်ကိုင်နည်းရဲ့ အဆက်တွေသာ ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ် အာဏာသိမ်းမှုကနေ ပေါ်ထွက်ခဲ့တဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ရဲ့ ဘီအီးဒီစီပိုင် ကြယ်ငါးပွင့် လိုင်းကို အခု နအဖရဲ့ ဦးပိုင်က ယူတော့မယ်လို့ သတင်းထွက်လာတာ ကြားရတော့ “ဟိုအရင် ပဒုမုတ္တရာဘုရားလက်ထက်က ---------------- ဟာ ငါဘုရားလက်ထက်မှာ ဒေ၀ဒတ် ဖြစ်လာတယ်” ဆိုတဲ့ ဇာတ်ပေါင်းစကားမျိုးကို ပြန်ကြားလိုက်ရ သလိုပါပဲ။
Ref: ခေတ်ပြိုင်
Saturday, March 6, 2010
စစ်အုပ်စုများရဲ့ ဥစ္စာဓနစုဆောင်းပွဲ
နေ့စဉ်သတင်းများ ( ၅ - ၃ - ၁၀ )
■ စက်ရုံအလုပ်သမားတွေ ရန်ကုန်မှာ ထပ်မံဆန္ဒပြ သတင်း
■ စစ်အစိုးရက ဝ တပ်ဖွဲ့ကို မတရားအသင်း ကြေညာမည်ဟု သတင်းထွက် သတင်း
■ ဘန်ကီမွန်းကို ကေအဲန်ယူ မေတ္တာရပ်ခံ သတင်း
■ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ အစည်းအဝေးကျင်းပ သတင်း
■ ရှေ့နေ ကိုဖိုးဖြူ လွတ်ပြီ သတင်း
■ မုန်တိုင်းသင့်ဒေသမှာ အန်အယ်လ်ဒီက ရေတွင်းရေကန်တွေ လွှဲအပ် သတင်း
■ ပက်စ်ပို့စ်သစ် ထုတ်ပေးဖို့ မြန်မာအစိုးရ ပြင်ဆင် သတင်း
■ ရွှေ့ပြောင်းများအရေး ထိုင်းအလုပ်သမားဝန်ကြီး ဆွေးနွေး သတင်း
■ မဲဆောက်ဒေသအတွင်း မြန်မာတောင်းစားသူ (၁၀၀)ကျော် ဖမ်းဆီးပြန်ပို့ သတင်း
■ ငွေစက္ကူအကြွေရှားပါးမှု သိသိသာသာ ဆိုးဝါးနေ သတင်း
■ ဒေါ်လာအတုလုပ်ဖို့ ကြံစည်မှုနဲ့ ကင်မရွန်းဘောလုံးသမား (၂) ဦး ထောင်ချခံရ သတင်း
■ မြန်မာအမျိုးသမီးများအရေး လုံခြုံရေးကောင်စီမှာ တင်မည် သတင်း
■ တနာရီ မိုင် (၁၂၀) အထိရှိသော လေပြင်းတိုက်ခိုက်နိုင် သတင်း
■ နော်အုန်းလှတို့ကို ထောင်ပြောင်းရွှေ့ သတင်း
■ အစာငတ်ခံဆန္ဒပြမှု နောက်ဆက်တွဲ အခြေအနေ သတင်း
■ ဒေါ်အောင်ဆန်းစုကြည် အိမ်ပြင် တားဝရမ်းအမှု နှစ်ဖက်လျှောက်လဲ သတင်း
■ ဥပဒေထောက်ကူ ဥက္ကဋ္ဌအဖြစ် ဦးတင်ဦး ပြန်လည်တာဝန်ယူ သတင်း
■ ဥရောပ (၄) နိုင်ငံ သံအမတ်များနှင့် ပဒမဖ တွေ့ဆုံ သတင်း
■ ပြည်သူ့စစ် မလုပ်လို၍ မွန်ပြည်သစ်လက်အောက်သို့ ရွှေ့ပြောင်း သတင်း
■ သွင်းကုန်ထုတ်ကုန် ဘဏ်က ဗမာပြည်ချေးငွေအပေါ် ပြန်ဆုံးဖြတ်မယ် သတင်း
■ အိန္ဒိယခွဲထွက်ရေးသူပုန်များကို မြန်မာစစ်တပ်က ဝိုင်းဝန်းနှိမ်နင်းမည်ဟုဆို သတင်း
■ မြန်မာ (၄၈) ဦးကို ဘင်္ဂလား လွှဲပြောင်း သတင်း
■ ရုရှားနှင့် တရုတ်က မြန်မာကို လေယာဉ်များ ရောင်း သတင်း
■ ကြံ့ဖွံ့ဦးရေ ရန်ကုန်လူဦးရေ ထက်ဝက်ကျော်ရှိ သတင်း
■ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး တလ ဆိုင်းငံ့မည် သတင်း
■ ရွှေဘိုပေါ်ဆန်း ရောင်းခွင့်ပိတ်ပင် သတင်း
■ အရှေ့တီမော သမ္မတနဲ့ သီးသန့် အင်တာဗျူး (အင်တာဗျူး)
■ ကိုးလောင်းပြိုင်လူသတ်မှု လက်သည်ဖော်ရန် တောင်းဆို (ရုပ်သံသတင်း)
■ ထုတ်ဝေသူ တင်မိုး (ဆောင်းပါး)
Friday, March 5, 2010
ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး၊ အထ အထိုင်
Thursday, 04 March 2010
ယခုနှစ်တွင် ဖြစ်ပေါ်လာမည်ဟု ဆိုသည့် ရွေးကောက်ပွဲ အတွက် အနည်းဆုံး ရှိသင့် ရှိသင့်ထိုက်သော ပြင်ဆင်ခွင့် ပြုရမည့် အချိန်မှာ အနည်း ငယ်သာ ကျန်တော့သည်။ ထိုအချက်ကပင် ရွေးကောက်ပွဲ၏ ဖြစ်လာ လတ္တံ့သော သရုပ်သကန်ကို ဖော်ပြနေသယောင် ရှိသည်။ သို့သော် ဤအခြေအနေမှာပင် ကွဲပြားခြားနားသော အထိုင်ပေါ်မှနေ၍ ရွေးကောက်ပွဲသို့ ဝင်ရေး၊ မဝင်ရေး ဘက်နှစ်ဘက်မှာလည်း အကြောင်းပြချက် ကိုယ်စီဖြင့် ပြင်ဆင်နေကြသည်။ အပြန်အလှန် ဝေဖန် စောကြောနေကြသည်။ မည်သို့သော အခြေခံ ကွဲပြားချက်ပေါ်မှ ပြင်ဆင်ကြသနည်းဟု သုံးသပ်ကြည့်ရန် ရှိသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယခင်တပတ်က ၇ ကြိမ်မြောက် မြန်မာ သတင်းသမဂ္ဂ ညီလာခံ ကျင်းပရာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ တခု ပါဝင်ခဲ့ပြီး အကြိတ် အနယ် ရှိခဲ့သည်။ ဝင်ရေး ဘက်တွင် မကြာသေးမီက ပေါ်ပေါက် လာသည့် ဒီမိုရက်တစ် ပါတီမှ ဦးသုဝေနှင့် မြန်မာနိုင်ငံရှိ NGO တခုမှ ဒေါက်တာ ခင်ဇော်ဝင်းတို့က ရပ်တည် ပြောဆိုခဲ့ ကြပြီး မဝင်ရေး ဘက်တွင် ပြည်ပ အခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) မှ ဦးမောင်မောင်က ပြောဆိုသည်။ ယင်းသို့ ဝင်ရေး မဝင်ရေး ဘက် နှစ်ဘက် အပြင် နယ်ပယ် မျိုးစုံမှ လာသော ပရိသတ်များ၏ မေးခွန်းများ၊ ဝေဖန်မှုများ၊ စကားစစ်ထိုး မှုများသည် အနည်းနှင့် အများဆိုသလို မြန်မာ့နိုင်ငံရေး ဝန်းကျင်၏ စရိုက် လက္ခဏာကို ရောင်ပြန်ဟပ် ဖော်ပြနေ သယောင် ရှိသည်။
ရွေးကောက်ပွဲ ဝင်ရေး၊ အထ
ရွေးကောက်ပွဲဝင်ရေးဆိုရာ၌ ပြည်တွင်းနိုင်ငံရေးအင်အားစုတချို့၏ ခြေလှမ်းကို ဆိုလိုပါသည်။ အစဉ်အလာ ရှိခဲ့သည့် ဝါရင့် နိုင်ငံရေးသမား တချို့၊ ယင်းတို့၏ ပါတီများ၊ ရွေးကောက်ပွဲကို ထွက်ပေါက်ဟု သဘောထား ပေါ်လွင်စွာ ဖော်ပြလာသော ပြည်တွင်း မီဒီယာများဟု ထည့်သွင်း ရေတွက်နိုင်သည်။ သူတို့အဖို့ ကာလရှည်ကြာစွာ မလူးမလွန့် သာသည့် အနေအထားမှ ရွေ့လျား လိုလာသော သဘောကို ထင်ဟပ်သည်။ လှုပ်ရှားစရာ 'ခွင်' မရှိသည့် အချိန်တွင် ရွေးကောက်ပွဲကို ကောက်ရိုးတမျှင် အဖြစ် ယူဆလာသည်။ လွှတ်တော်တွင် အလိုအလျောက် နေရာရမည့် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ဟူသော ပြဌာန်းချက်ဖြင့် ချည်တုပ်ထားသည့်တိုင် လတ်တလောတွင် ဘောင်အတွင်းမှ လှုပ်ကြည့်ကြမည့်၊ လွှတ်တော်ကိုလည်း 'စင်' တခု အဖြစ် မြင်ယောင်ကြည့်နေကြသည့် သဘောကို တွေ့ရသည်။
ဝင်ရေးဘက်မှ ရပ်တည် ပြောဆိုရန် ညီလာခံ တက်ရောက်လာသည့ှ် ဦးသုဝေနှင့် ဒေါက်တာ ခင်ဇော်ဝင်းတို့က အထက်ပါ အတိုင်းပင် ရည်ညွှန်း ပြောဆိုခဲ့ကြသည်။ စစ်တပ်သည် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို အကာ အကွယ်ယူ၍ တပ်ဆုတ်သည်ဟု ဦးသုဝေက ယူဆသလို၊ နိုင်ငံရေးသမားများ မလှုပ်ဘဲ နေကြလျှင် မြန်မာပြည် အခြေအနေ ပိုဆိုးသွားမည် ဟုလည်း ဒေါက်တာ ခင်ဇော်ဝင်းက ထောက်ပြသည်။ သူတို့က ရွေ့လျား မရသည့် အနေအထားတွင် စစ်အစိုးရ ဖွင့်ပေးလာသည့် ကန့်သတ်ချက် လမ်းကြောင်း အတွင်းမှ မျှောလိုက်ကြည့်ကြမည်ဟု သဘောရသည်။
ဤ ဝင်ရေးဘက်ကို သုံးသပ်ကြည့်လျှင် အလျှော့အတင်းနှင့် ကစားနေရသည့် အဖြစ်ကို မြင်ရသည်။ ရသည့် အောက်ခြေကို တဆင့် တိုးကြည့်မည်၊ 'ထ' ကြည့်မည်။ သူတို့အတွက် လွှတ်တော်နှင့် လွှတ်တော်ရောက်မှ မီးစင်ကြည့်ကရေးသည် ဒုတိယ အစီအစဉ် ဖြစ်နေသည်။ အောက်မှ အထက်သို့ မျှော်ကြည့်သည့် စနစ်ဟု မြင်ရသည်။ သို့သော် ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိ ဖြစ်မည်လား၊ လှုပ်ကြည့်မှ မြုပ်မည်လား ဆိုသည်က စောင့်ကြည့်ရန်သာ ရှိသည်။
ရွေးကောက်ပွဲ မဝင်ရေး၊ အထိုင်
မဝင်ရေး အထိုင်တွင် ပြည်ပရောက် နိုင်ငံရေး အင်အားစုများ၊ တိုင်းရင်းသား အင်အားစုများ၊ ပြည်ပ မီဒီယာတချို့တို့ ပါဝင်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကမူ ဝင်ရေး မဝင်ရေးကို ရွှေဂုံတိုင် ကြေညာချက်ဖြင့် စည်းသတ်ထားသည်။ လိုက်လျောလျှင် ရွေးကောက်ပွဲဝင်မည်၊ မလိုက်လျောလျှင် မဝင်ဟု လမ်းကြောင်း ပေးထားပြီး ဖြစ်သည်။ ရွေးကောက်ပွဲ မဝင်ရေး ရပ်တည်သူများ အနေဖြင့် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို ဆုပ်ကိုင်သည်။ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို တောင်းဆိုသူက တောင်းဆိုသည်။ ရွှေဂုံတိုင် ကြေညာစာတမ်းကို ထောက်ခံဆော်သြသူက ဆော်သြသည်။ ၉၀ ရွေးကောက်ပွဲ ရလဒ်မှ အစချီ၍ စစ်အာဏာပိုင်များ၏ ကတိကဝတ်၊ လုပ်ထုံး လုပ်နည်းများကို လုံးဝမယုံကြည်ဟု ငြင်းဆိုသည်။ ရွေးကောက်ပွဲကို လက်မခံကြောင်း၊ စစ်အစိုးရက ရွေးကောက်ပွဲကို ဆက်လုပ်လျှင် တိုက်ပွဲ ဆက်ဝင်မည်ဟု ဦးမောင်မောင်က ဦးသုဝေ၊ ဒေါက်တာခင်ဇော်ဝင်းတို့ ရှေ့မှောက်မှာပင် ပြောခဲ့သည်။
မဝင်ရေးဘက်မှ သုံးသပ်ရမည်ဆိုလျှင် လျှော့ရန်လည်း မရှိသလို၊ အချော့လည်း မခံဟူသော ခံယူချက်ကို ထင်ဟပ်ပြသည်။ ဝင်ရေး 'အထ' အဖွဲ့နှင့် မတူဘဲ အထက်ပိုင်း ပေါ်လစီဖြစ်သော ၂၀၀၈ အခြေခံ ဥပဒေပိုင်းမှ စတင် ကိုင်တွယ် ပြင်ဆင်လိုပြီး ကျန်ကိစ္စက ဒုတိယ အစီအစဉ်ဖြစ်သည်။ အထက်မှ အောက်သို့ တဆင့်ချင်း သွားရန် စဉ်းစားသည့် စနစ် ဖြစ်သည်။ ကမ္ဘာ့မိသားစု အဖွဲ့အစည်းများကို ဆွယ်တရား ဟောမည်ဖြစ်သည်။ အထိုင်အနေနှင့် 'ယိုင်' ဖို့ မရှိဟု သုံးသပ်ရသည်။
အဓိကအားဖြင့် နှစ်ဘက်စလုံး၏ ဦးတည်ရာ လမ်းကြောင်းတို့မှာ ရသလောက် စပြီး ပေါ်လစီကို တက်ပြင်ရေး၊ ပေါ်လစီ အပေါ်ပိုင်း ပြင်ပြီးမှ အသေးစိတ် ဆက်သွားရေး ဟူ၍ ပြောင်းပြန် ဖြစ်နေကြသည်။ အတွင်းက 'ဘောင်'ကို ကန့်သတ်ချက် အနေနှင့် လက်ခံပြီး ကစားသည်၊ အပြင်က 'ဘောင်'ကို ဖျက်သိမ်းပစ်ရေး အရင် တောင်းဆိုသည်။ တနည်းအားဖြင့် ဝင်ရေး အပိုင်းက အပျော့ထည် သုံးပြီး မဝင်ရေးက အမာထည်ကို ကိုင်စွဲသည်။
တဖက်တွင် စစ်အစိုးရက တွေ့ဆုံ ဆွေးနွေးရေးကို မသိကျိုးကျွံ ပြုလျက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ဆက်လက် ထိန်းသိမ်းထားခြင်းဖြင့် ပြည်တွင်း အတိုက်အခံ အင်အားစုကို ချည့်နဲ့အောင် လုပ်ထားဆဲ ဖြစ်သည်။ ခါးပိုက်ဆောင်ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း ခြေလှမ်း သွက်လာခြင်း၊ စစ်ဝတ်စုံ ချွတ်ရန် ပြင်ဆင်ခြင်း၊ ပုဂ္ဂလိကပိုင် ခေါင်းစဉ်အောက်မှ စီးပွားရေး လုပ်ငန်းများကို လွှဲပြောင်းယူလာခြင်း စသည့် မူမမှန်သော ခြေလှမ်းများကို တွေ့နေရသည်။
အာဏာပိုင်တို့က ရွေးကောက်ပွဲအတွက် လုံလောက်သည့် ပြင်ဆင်ခွင့် မပေးသေးခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်းတို့မှာ ရွေးကောက်ပွဲကို လက်ခံလိုသူ၊ ဝင်လိုသူများ အတွက်ပင် ထိခိုက်စေသော အချက်များဖြစ်သည်။ ယင်းအချက်သည်ပင် ရွေးကောက်ပွဲကို ဆန့်ကျင်သူများ အဖို့ ခိုင်မာသော အကြောင်းပြချက်လည်း ဖြစ်လာစေသည်။ ဝင်ချင်သူများအဖို့ သေချင်သည့်ကျား တောပြောင်း ဖြစ်မည်လော၊ အစဉ်တစိုက် ဆန့်ကျင်သူများ အဖို့ရော မည်မျှ အထိုင် ညောင်းဦးမည်လဲ ဆိုသည်မှာ မကြာမီ ထွက်ရှိလာမည်ဟု မျှော်လင့်ရသော ရွေးကောက်ပွဲ ဥပဒေအပြင် ရှေ့တလှမ်းတိုးသွားမည့် ရွေးကောက်ပွဲ ရလဒ်အပေါ် မူတည်ပေသည်။ ။
Ref: ဧရာဝတီ်
နေ့စဉ်သတင်းများ ( ၄ - ၃ - ၁၀ )
■ စစ်အစိုးရကို ခုံရုံးတင်ရေး ကုလ ထောက်ခံမှုပေးရန် နိုဘယ်လ်ဆုရှင်တွေ တောင်းဆိုမည် သတင်း
■ ပန်ဆန်းနယ်မြေမှာ ၀ တိုင်းရင်းသားတပ်ဖွဲ့တွေ တပ်လှန့်ထား သတင်း
■ ယခုနှစ် အော်စကာဆုပေးပွဲကို မြန်မာတို့ စိတ်ဝင်စား သတင်း
■ အလုပ်သမား ဆန္ဒပြမှုများကို ပြည်သူများ အားပေး သတင်း
■ ရွှေပြည်သာစက်ရုံတချို့ အလုပ်သမား ဆန္ဒပြမှု ထပ်မံဖြစ်ပွား သတင်း
■ ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားများအပေါ်တွင် ခွဲခြားဆက်ဆံသည်ဟု ILO ပြော သတင်း
■ ဥပဒေအထောက်ကူပြုအဖွဲ့ ဥက္ကဌအဖြစ် ဦးတင်ဦး ပြန်လည်တာဝန်ယူ သတင်း
■ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ စီစီစာရင်းကို ထုတ်ပြန်ကြေညာ သတင်း
■ နိုင်ငံရေးအကျဉ်းသားများကို ဗဟိုဦးစီးအဖွဲ့တွင် NLD ထည့်သွင်း သတင်း
■ အန်အယ်လ်ဒီက နာဂစ်သင့်ဒေသ သောက်ရေရရှိရန် ကူညီ သတင်း
■ နှစ် (၁၀၀) ပြည့် နိုင်ငံတကာအမျိုးသမီးများနေ့ မဲဆောက်တွင် ကျင်းပ သတင်း
■ ဇိုယာဖန်းကို ၂၀၁၀ ခုနှစ် ကမ္ဘာ့လူငယ်ခေါင်းဆောင်ဆု ချီးမြှင့် သတင်း
■ မြန်မာအမျိုးသမီးများ၏ အကြမ်းဖက်ခံရမှု ကြားနာပွဲ သတင်း
■ ကရင်ဒုက္ခသည် (၁၀၀) ခန့် နေရပ်သို့ပြန် သတင်း
■ ကင်မရွန်းနှစ်ဦးလုံး အပြစ်ရှိသည်ဟု တရားရုံးက အမိန့်ချ သတင်း
■ ဗန်းမော်ခရိုင်တွင် ဒေသခံလူငယ်များကို စစ်တပ်က ဖမ်းဆီး သတင်း
■ အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ် ပူးပေါင်းစစ်ရေးလေ့ကျင့် သတင်း
■ မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နှစ်နိုင်ငံ အလံတင် အစည်းအဝေး ကျင်းပ သတင်း
■ (၁၀) တန်းစာမေးပွဲကာလ မန္တလေး မီးမလာ သတင်း
■ မြဝတီရုပ်သံလိုင်း ထုတ်လွှင့်ပြသရန် လူထုထံမှ ငွေအဓမ္မကောက် သတင်း
■ ဖလမ်းရွာ (၆) ရွာ ကိုယ်ထူကိုယ်ထ လမ်းဖောက်ရ သတင်း
■ နိုင်ငံခြားအဖျော်ယမကာ တလုံးချင်း အခွန်ကောက် သတင်း
■ မယ်လစခန်းအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုပိုတိုးလာ သတင်း
■ အရည်အသွေးရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေါ်ပေါက်လာဖို့ .. (ဒေါက်တာစင်သီယာမောင်နှင့် အင် တာဗျူး)
■ ပြိုင်တူတွန်းဖို့ လိုသေးသည် (ဆောင်းပါး)
■ ဒီမိုကရက်တစ်ရှာပုံတော် (ဆောင်းပါး)
■ အာလူးစားသူတွေရဲ့ ပညာရေး (ဆောင်းပါး)
Thursday, March 4, 2010
NLD ဗဟိုဦးစီးအဖွဲ့တွင် မဖြူဖြူသင်း တာဝန်ပေးခံရ၊ အကျဉ်းသား အများအပြားလည်း ပါဝင်
မိုးမခအထောက်တော် အမှတ် ၀၀၂
မတ် ၄၊ ၂၀၁၀
HIV/Aids ပညာပေးလုပ်ငန်း၊ ကုသရေးလုပ်ငန်းများလုပ်ဆောင်နေသည့် မဖြူဖြူသင်း အပါအ၀င် အဖွဲ့ဝင် ၁၀၀ ကို ဗဟိုဦးစီးအဖွဲ့တွင် တာဝန်ပေးလိုက်ကြောင်း ယမန်နေ့က ထုတ်ပြန်သည့် NLD၏ ကြေညာချက် တစောင်တွင် ဖော်ပြထားသည်။
မဖြူဖြူသင်းသည် ၁၉၉၁ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နိုဗဲလ် ငြိမ်းချမ်းရေးဆု ရရှိသည့် နေ့တွင် ဖြစ်ပေါ်ခဲ့သော ကျောင်းသားလှုပ်ရှားမှု ဖြစ်သည်။ ရန်ကုန် တက္ကသိုလ်တွင် သမိုင်းဘာသာရပ် သင်ယူခဲ့သည်။
၁၉၉၈ ခုနှစ်မှ စတင်ပြီး NLD အဖွဲ့တွင် ပါဝင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် အင်းစိန်ထောင် အတွင်း ၄ လကြာ ထိန်းသိမ်း ခံရသည်။ ၂၀၀၂ ခုနှစ်တွင် HIV/AIDS ပညာပေး သင်တန်းတခုကို တက်ရောက်ခဲ့ပြီး နောက်ပိုင်း HIV/AIDS လူနာများကို ကူညီခဲ့သည်။ မဖြူဖြူသင်းသည် အသက် ၃၉ နှစ်ရှိပြီဖြစ်သည်။
အဖွဲ့ဝင် ၁၀၀ စာရင်းတွင် ဦးသိန်းဦး၊ ဦးစိုးဝင်းတို့ ၂ ဦး၏ အမည်ကိုလည်း တွေ့ရသည်။ ထို ၂ ဦးသည် NLD ၏ အရံပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ ပါတီ ခေါင်းဆောင်များဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ထိုပါတီမှ ၃ ဦးသည် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသည်။ ၎င်းတို့မှာ ဦးသိန်းဦး၊ ဦးစိုးဝင်း နှင့် ပြည်ပရောက် စင်ပြိုင်အစိုးရ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းတို့ ဖြစ်သည်။
ဗဟိုဦးစီးအဖွဲ့တွင် အမျိုးသမီး ၁၃ ဦး၏ အမည်ကို တွေ့ရသည်။
ဒေါ်ခင်သန်း (စစ်ကိုင်းတိုင်း)
နန်းခင်ထွေးမြင့် (ကရင်ပြည်နယ်)
ဒေါ်လှလှမိုး (ပဲခူးတိုင်း)
ဒေါ်ခင်ဌေးကြွယ် (မွန်ပြည်နယ်)
ဒေါ်ဝင်းမြမြ (မန္တလေးတိုင်း)
ဒေါ်အုန်းကြည် (မန္တလေးတိုင်း)
ဒေါက်တာဒေါ်သန်းငွေ (ရှမ်းပြည်နယ်)
မဖြူဖြူသင်း (ရန်ကုန်တိုင်း)
ဒေါ်ခင်ခင်ဝင်း (ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့)
ဒေါ်မြင့်မြင့်စိန် (ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့)
ဒေါ်လဲ့လဲ့ (ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့)
ဒေါ်မေနှင်းကြည် (ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့)
ဒေါ်အေးအေးမာ (ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့)
အကျဉ်းကျနေသူ ၁၁ ဦး၏ အမည်ကိုလည်း တွေ့ရသည်။
ဒေါ်ခင်ခင်ဝင်း (ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့)
ဦးဝင်းထိန် (ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့တာဝန်ခံ)
ဦးကျော်ဆန်း (စစ်ကိုင်းတိုင်း)
ဦးစောလှိုင် (စစ်ကိုင်းတိုင်း)
ဦးဝင်းမြင့်အောင် (စစ်ကိုင်းတိုင်း)
ဒေါ်ဝင်းမြမြ (မန္တလေးတိုင်း)
ဦးသန်းလွင် (မန္တလေးတိုင်း)
ဦးညီပု (ရခိုင်ပြည်နယ်)
ဦးကျော်ခိုင် (ရခိုင်ပြည်နယ်)
ဦးခင်လှ (ရခိုင်ပြည်နယ်)
ဦးကျော်ခင် (ရှမ်းပြည်နယ်)
NLD ဗဟိုဦးစီးအဖွဲ့ အမည်စာရင်းကို http://above-3-or-4-pages.blogspot.com/2010/03/nld-cc-100.html တွင် အပြည့်အစုံ တွေ့နိုင်သည်။ or - you can download the file from scribd here - http://www.scribd.com/doc/27804308/NLD-2010-List-of-CEC-CC-update-on-March-3
ကမ္ဘာ့ လူငယ်ခေါင်းဆောင် တဦးအဖြစ် ဇိုယာဖန်း ရွေးချယ်ခံရ
04 March 2010
မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူ လူငယ်တဦးဖြစ်တဲ့ မဇိုယာဖန်းကို ကမ္ဘာ့စီးပွားရေး ဖိုရမ်ကနေ Young Global Leaders လို့ခေါ်တဲ့ ကမ္ဘာ့ လူငယ်ခေါင်းဆောင် တဦးအဖြစ် အသိအမှတ်ပြုပြီး ရွေးချယ်လိုက်ပါတယ်။ ရွေးချယ်ရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဖြတ်သန်းပြီး လူငယ်အများအပြားထဲကမှ အခုလို ဂုဏ်ပြုရွေးချယ်ခံခဲ့ရတဲ့ မဇိုယာဖန်းကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
ကမ္ဘာ့ လူငယ်ခေါင်းဆောင် တဦးအဖြစ် ဂုဏ်ပြုရွေးချယ်ခံရတဲ့ စာရင်းထဲမှာ ပါဖို့ ပဏာမအဆင့်မှာ အသက် ၄၀ ကနေ အောက် လူငယ်ပေါင်း ၅,၀၀၀ လောက် အမည်စာရင်း တင်သွင်းခံခဲ့ရပြီး နောက်ဆုံး ဆန်ခါတင်အဖြစ် နိုင်ငံပေါင်း ၇၂ နိုင်ငံက လူငယ်ခေါင်းဆောင် ၁၉၇ ယောက်ထဲမှာ မဇိုယာဖန်း ပါဝင်ခဲ့တာပါ။
ရွေးချယ်တဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကလည်း စည်းမျဉ်းစည်းကမ်း တင်းကျပ်လှပြီး အမည်စာရင်း တင်သွင်း ခံရသူတွေကို အမေရိကန်နိုင်ငံက Heidrick & Struggles ဆိုတဲ့ သုတေသန ကုမ္ပဏီက ပထမအဆင့် အသေးစိတ် စိစစ်ပါတယ်။ ရွေးချယ်ရေး လုပ်ငန်းစဉ်ရဲ့ နောက်ဆုံး အဆင့်မှာ ဂျော်ဒန်ဘုရင်မ ရာနီယာ အယ်လ် အဗ္ဗဒူလာ (Rania Al Abdullah) ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ကမ္ဘာတ၀န်း သတင်းမီဒီယာ လောကထဲက ထင်ရှားတဲ့ ခေါင်းဆောင်တွေ ပါဝင်တဲ့ ရွေးချယ်ရေး အဖွဲ့က ဆန်ခါတင် လူငယ်ခေါင်းဆောင်တွေကို ရွေးချယ်တာ ဖြစ်ပါတယ်။
ကမ္ဘာ့ဒေသကြီး ၇ ခုက လူငယ် ၂၀၀ နီးပါးနဲ့အတူ ကမ္ဘာ့ လူငယ်ခေါင်းဆောင် တဦးအဖြစ် မြန်မာနိုင်ငံကနေ ရွေးချယ်ခံရတဲ့အပေါ် သူခံစားရတဲ့ အဓိပ္ပာယ်ကို မဇိုယာဖန်းက အခုလို ပြောပြပါတယ်။
“အဓိက ကျမတို့ မြန်မာပြည်မှာ လှုပ်ရှားနေတဲ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး၊ ပြီးတော့ တိုင်းရင်းသား လူနည်းစုတွေ အားလုံး အရေး အတွက်ပေါ့နော်၊ အဲဒါ ဒီ ကမ္ဘာ့ စီးပွားရေး ခေါင်းဆောင်တွေက ကျမတို့ရဲ့ လှုပ်ရှားမှုတွေကို အသိအမှတ် ပြုတယ်လို့ ကျမက ယူဆပါတယ်။ နှစ်တိုင်း သူတို့ရွေးတာကတော့ ၂၀၀ လောက် ရွေးပါတယ်။ ဒီနှစ်ကျတော့ ၁၉၇ ယောက် ရွေးဖြစ်ပါတယ်။ နောက်ဆုံးရွေးတဲ့ အချိန်မှာ ကျမလည်း ပါသွားတယ်ဆိုတော့ ကျမ အင်မတန်ကို ၀မ်းသာမိပါတယ်။”
ဒီလို ဂုဏ်ပြုရွေးချယ် ခံရတဲ့အတွက် မဇိုယာဖန်း ရှေ့ဆက်လုပ်သွားမယ့် လုပ်ငန်းတွေ၊ လှုပ်ရှားမှုတွေမှာ ဒီဆုရဲ့ အကျိုးသက်ရောက်မှု၊ အထောက်အပံ့ဖြစ်မှု ဘယ်လောက်ထိ ရှိမယ်လို့ မျှော်လင့် ထားပါလဲခင်ဗျ။
“ဟုတ်ကဲ့၊ ပထမအဆင့်ကတော့ မြန်မာပြည်အရေးကို မြန်မာပြည် အကြောင်း တခါမှ မသိဘူးတဲ့ လူတွေ ပိုပြီးတော့ စိတ်ဝင်စားလာမယ်၊ ဒီ World Economic Forum ကနေ တဆင့်ပေါ့နော်။ ပြီးတော့ ဒုတိယအဆင့်ကျတော့ ကျမက ဒီ ကျန်တဲ့ အခြား လူငယ်ခေါင်းဆောင်တွေနဲ့ တွဲပြီးတော့ သူတို့လည်း မြန်မာပြည် အရေးကို ပိုမိုပြီးတော့ စိတ်ဝင်စားလာအောင် သူတို့ ကဏ္ဍအနေနဲ့ တခုခု လှုပ်ရှားပေးနိုင်ဖို့ ကျမ ဆက်လက်ပြီးတော့ သူတို့နဲ့ တွဲပြီးတော့ လှုပ်ရှားမှုတွေ လုပ်ဆောင် သွားမယ်။
“ပြီးတော့ တဆက်တည်းမှာပဲ သူတို့ နှစ်တိုင်းလုပ်နေတဲ့၊ ကျင်းပနေတဲ့ သူတို့ရဲ့ အစည်းအဝေး ကြီးတွေပေါ့နော်၊ ကျမ တက်ရောက်ပြီးတော့ မြန်မာပြည် အကြောင်းကိုလည်း ဆွေးနွေးခွင့်ရရင် ကျမ ဆက်လက်ပြီးတော့ အဲလိုမျိုးသွားပြီး မြန်မာပြည်အရေးကို တင်ပြမှာ ဖြစ်ပါတယ်။”
မဇိုယာဖန်းက လူငယ်တယောက်အနေနဲ့ အခုလို ကမ္ဘာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ခေါင်းဆောင်တွေက ဂုဏ်ပြု ရွေးချယ်လိုက်တဲ့ အတွက် မြန်မာနိုင်ငံက လူငယ်ထုပေါ့နော်၊ မဇိုယာဖန်းလို လူငယ်တွေ ဒီလိုမျိုး ကမ္ဘာ့စင်မြင့်ပေါ်မှာ နောက်ပိုင်း ဂုဏ်ပြု ချီးမြှောက် ခံလာရနိုင်တဲ့ အလားအလာကိုရော မဇိုယာဖန်း ဘယ်လို သုံးသပ်မိပါလဲ။
“ဟုတ်ကဲ့၊ ကျမတို့ တိုင်းပြည်မှာက လူငယ်အမျိုးသမီးတွေ အများကြီး ရှိပါတယ်။ ပြီးတော့ ကျမတို့ လှုပ်ရှားမှုဘက်မှာ ကြည့်မယ်ဆိုရင် ထူးချွန်တဲ့ လူငယ်ပေါ့နော်၊ အဓိက အမျိုးသမီးတွေ တော်တော်များများ ရှိပါတယ်။ ဒါပေမဲ့ ကျမတို့ တိုင်းပြည်က အခုလက်ရှိ အခြေအနေပေါ်မှာ ကြည့်ရရင်တော့ နိုင်ငံတကာဘက်မှာ သူတို့ ဒီလိုမျိုး ဂုဏ်ပြုပြီးတော့ ဒီလိုမျိုး အသိအမှတ် ပြုတာတွေ နည်းသေးတယ်လို့ ကျမမြင်ပါတယ်။ တခြားနိုင်ငံထက် စာရင်ပေါ့နော်။ အဲဒါကြောင့် ကျမတို့ မြန်မာပြည်ကလာတဲ့ လူငယ်တွေ ဆက်လက်ပြီးတော့ ကြိုးစားရမယ်၊ ကျမတို့ ကြိုးစားပြီးတော့ လုပ်သလို အကျိုးသက်ရောက်မှုတွေလည်း ကျမ တဖြည်းဖြည်း မြင်လာ ရပါတယ်။
“အဲဒါကြောင့် ပြည်တွင်းထဲက ရှိတဲ့လူငယ်တွေ အားလုံး ကျမ အားပေးချင်ပါတယ်။ ကျမတို့ တိုင်းပြည် အတွက်ပေါ့နော်၊ ကျမတို့ တတ်နိုင်တဲ့ကဏ္ဍ ဖြစ်ဖြစ်ပေါ့နော်၊ ကျမတို့ ဆက်လက် ပြီးတော့ ဒီမိုကရေစီ အရေးနဲ့ လူ့အခွင့်အရေး၊ ပြီးတော့ တိုင်းရင်းသားတွေ အားလုံး စစ်အာဏာရှင် စနစ်အောက်ကနေ လွတ်မြောက်နိုင်ဖို့ အတွက်ပေါ့နော်၊ ကျမတို့ အတူတူ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားဖို့ ကျမ အမြဲတမ်း ကြိုးစားနေမှာ ဖြစ်ပါတယ်။”
၂၀၁၀ ပြည့်နှစ်အတွက် ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ကမ္ဘာ့ လူငယ်ခေါင်းဆောင် တဦးအဖြစ် ရွေးချယ် ဂုဏ်ပြုခံခဲ့ရသူ မဇိုယာဖန်း ပြောပြသွားတာ ဖြစ်ပါတယ်။
ရွေးချယ်ခံရတဲ့ လူငယ်ခေါင်းဆောင်တွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ အရပ်ဘက် လူမှုအဖွဲ့အစည်း၊ ပညာရှင်၊ ယဉ်ကျေးမှု၊ အနုပညာ စတဲ့ နယ်ပယ်စုံက ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပါဝင်တဲ့ အရှေ့ အာရှ ဒေသကနေ ဒီနှစ်အတွက် ၄၃ ယောက် ရွေးချယ်ခံရပြီး ASEAN အရှေ့တောင်အာရှ နိုင်ငံတွေထဲက ဆိုရင်တော့ မြန်မာနိုင်ငံအပြင် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့က လူငယ်တွေ ရွေးချယ်ခံရပါတယ်။ ဒီထဲမှာမှ စင်ကာပူ နိုင်ငံက လူငယ် ၄ ယောက် ရွေးချယ်ခံရပြီး အများဆုံး ဖြစ်ပါတယ်။
မဇိုယာဖန်းဟာ လုပ်ကြံခံရလို့ ကွယ်လွန်သွားတဲ့ KNU ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင် တဦးဖြစ်သူ ဖဒို မန်းရှာလဖန်းရဲ့ သမီးတဦးဖြစ်ပြီး လက်ရှိမှာတော့ ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK မှာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာ လှုပ်ရှားမှုတွေကို လုပ်ဆောင်နေသူ ဖြစ်ပါတယ်။
Ref: VOA News
ကျနော်လို ကလေးတွေအတွက် စိတ်မကောင်းဘူး
ကျော်ခ
ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၃ ရက် ၂၀၁၀
ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်တပ်ထဲတွင် ကျန်ရစ်ခဲ့သည့် သူ့လို သက်တူရွယ်တူ ကလေးများအတွက် စိတ်မကောင်း ဖြစ်ရကြောင်း မကြာသေးခင်က စစ်တပ်ထဲမှ ပြန်လွတ်လာသည့် အသက် ၁၆ နှစ်အရွယ် မောင်အောင်မင်းသူက ပြောသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဧရာဝတီတိုင်း ဖျာပုံမြို့နယ် အမာမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ၁ဝ တန်းပညာ သင်ကြားနေစဉ် နေပြည်တော် ဆိပ်ဖူးတောင် အခြေစိုက် အမှတ် (၆ဝ၅) ခြေမြန်တပ်ရင်းမှ တပ်ကြပ်တဦးနှင့် တပ်သားတဦးက တလလျှင် ကျပ်တသိန်းခွဲ ပေးမည်ဟူ၍ သူ့ကို ဖျားယောင်း သွေးဆောင်ကာ စစ်သားအဖြစ် စုဆောင်းခဲ့သည်။
မိဘများက သိရှိသဖြင့် ကျောင်း၊ ရဲစခန်း၊ ကျေးရွာဥက္ကဋ္ဌ ထောက်ခံချက်များနှင့် အတူ ထိုတပ်ရင်းသို့ သွားရောက် အသနားခံ တင်ပြခဲ့ရာမှ ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
စည်းရုံးသိမ်းသွင်းခံရပုံ၊ စစ်တပ်ထဲသို့ လိုက်ပါသွားပုံများအပြင် တပ်တွင်း အတွေ့အကြုံများနှင့် ကလေးစစ်သားများ ဖိနှိပ်ခံ နေရပုံများကို သိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် ကျော်ခက မောင်အောင်မင်းသူကို ဆက်သွယ် မေးမြန်းထားပါသည်။
နာမည်ဘယ်လိုခေါ်လဲ၊ မိဘတွေကရော ဘယ်သူတွေလဲ ညီလေး။ မိသားစုနဲ့ ကျောင်းပညာရေး အခြေအနေလေး ပြောပါအုံး။
ကျနော့်နာမည်က အောင်မင်းသူပါ။ အဖေက ဦးလှမြင့်၊ အမေက ဒေါ်ခင်စိန်။ ကျနော်က ဧရာဝတီတိုင်း ဖျာပုံမြို့နယ် အမာမြို့ပေါ် အထက်တန်းကျောင်းမှာ ကျောင်းတက်နေတာပါ။ ၁ဝ တန်းပါ။ အသက်က ၁၆ နှစ်ပါ။ ၁၃၅၅ ခုနှစ်မှာ မွေးတာပါ။ ညီကိုမောင်နှမ ၆ ယောက် ရှိတယ်။ ကျနော်က ၄ ယောက်မြောက်ပါ။ ကျနော်က ကျောင်းပဲတက်တယ် ဘာမှမလုပ်ဘူး။
ဘယ်လိုဖြစ်ပြီး ညီလေးက စစ်တပ်ထဲကို ရောက်သွားတာလဲ။ ငါ့ညီဆန္ဒနဲ့ ကိုယ်တိုင် သွားတာလား။ သူများ ခေါ်လို့ လိုက်သွားတာလား၊ ဘယ်လို ကြောင့်လဲ။
ခေါ်တုန်းက သူတို့ ကျနော့်ကိုလိမ်ပြီး ခေါ်သွားတာ။ ကျနော့်ကို ခေါ်တဲ့ အမှတ် ၆ ခြေမြန်တပ်ရင်း နေပြည်တော် ဆိပ်ဖူးတောင်က တပ်ကြပ်ကြီးခင်စိုးက ကျနော်ကို လိမ်ခေါ်တာ။
ငါ့ညီကို သူက ဘယ်လိုပြောပြီး ခေါ်တာလဲ။ ဘယ်လိုပုံစံတွေ ပြောပြီး ခေါ်တာလဲ။
တပ်ကြပ်ကြီးဆရာခင်စိုးက ကျနော်ကို စတွေ့တုန်းက မင်း ပညာအရည်အချင်းနဲ့ ဆိုရင် တပ်ထဲမှာ အရာရှိ ဖြစ်နိုင်တယ်။ မင်းလိုက်လာခဲ့ ဟိုမှာ မင်းကို ကျောင်းတွေလည်း ထားပေးနိုင်တယ်။ မင်းမိဘတွေလည်း အဆင်ပြေ၊ ချမ်းချမ်းသာသာနဲ့ နေနိုင်မယ်ဆိုပြီး ကျနော့်ကို ခေါ်သွားတာပါ။ ၁၂ လပိုင်း ၁၄ ရက်နေ့ကပဲ ကျောင်းနားက သူငယ်ချင်းအိမ်မှာ သူက လာလည်ရင်းနဲ့ ပြောပြီး ခေါ်သွားတာ။
အဲဒီအိမ်မှာရှိတဲ့ ကိုသန်းထိုက်ကနေပြီး ဆက်သွယ်ပေးတာပါ။ မင်း စစ်ထဲ လိုက်ချင်လားဆိုပြီး ကျနော်တောင် ဘာမှ ပြန်မပြောရသေးဘူး။ သူက အဲဒီ့ တပ်ကြပ်ကြီးခင်စိုးကို ခေါ်ပြီးတော့ စကားပြောခိုင်းတယ်။ ကိုသန်းထိုက်က တပ်သား ကိုနိုင်အောင်နဲ့ သူငယ်ချင်း။ သူနဲ့ ရင်းနှီးပြီးတော့ ခွင့်နဲ့ လာလည်တာလို့ ပြောတယ်။
အဲဒီလိုတွေပြောပြီးတော့ ဘယ်လိုခေါ်သွားတာလဲ။
၁၄ ရက်နေ့ ညနေပိုင်းက ကျနော့်ကို ခြေကျင်ခေါ်သွားတာ။ အမာမြို့နယ် အောက်စိက်ကွင်းမှာ ရှိတဲ့ ကိုနိုင်အောင် ယောက်ဖ အိမ်ကို အရင်သွားတယ်။ အဲဒီမှာ ၂ ရက်ကြာတယ်။ အဲဒီကမှ တဆင့် သူနဲ့ အမျိုး တော်တယ်လို့တော့ ပြောတယ်။ အဲဒီအိမ်မှာ ဆက်နေတယ်။
နောက်ထပ် သူ့အဒေါ်အိမ်လို့ ပြောတာပဲ၊ အဲဒီအိမ်မှာလည်း ၄ ရက် ကြာခဲ့သေးတယ်။ ဘာမှတော့ မလုပ်ခိုင်းဘူး။ အိမ်က လိုက်ရှာရင် တွေ့မှာစိုးလို့ ပုန်းခိုင်းတာပေါ့။ ဆိပ်ဖူးတောင်ကိုတော့ ၂၁ ရက်နေ့က ရောက်တယ်။
တပ်ထဲရောက်တော့ ဘာတွေလုပ်ရလဲ။ လေ့ကျင့်ခန်းသင်တန်းတွေ တက်ရလား၊ ဘာတွေ လုပ်ရလဲ။
လေ့ကျင့်ခန်းတွေ လုပ်ရတယ်။ မနက်ဆို အိပ်ယာက ၅ နာရီထိုး ထရတယ်။ အဆောင် သန့်ရှင်းရေးတွေ အလုပ်ခိုင်းတယ်။ မနက် ၇ နာရီထိုးက စပြီးတော့ ဘယ်၊ ညာ နင်းတာမှန်အောင် သင်တယ်။ ၁ဝ နာရီခွဲမှာ ပြီးတယ်။ ပြန်လာ ထမင်းစား၊ နေ့လည် ၁၂ နာရီကနေပြီးတော့ ၃ နာရီအထိ လက်နက်ငယ် စစ်ရေးပြ။ ကျနော်တို့ကို သေနက်ပစ်တာရော၊ အဖြုတ်၊ အတပ်တွေ အကုန်သင်ပေးတယ်။ နောက်ပြီးတော့ အလေးပြုတဲ့ပုံတွေ သင်တယ်။
ညနေပိုင်း ၃ နာရီကနေ ၅ နာရီအထိ ကြံ့ခိုင်ရေး ပြေးတယ်။ ပြီးရင် တန်းဖြုတ်ပြီးတော့ ပြန်လာ ထမင်းစား၊ ပြီးရင် တန်းစီတယ်။ သူ့စည်းကမ်းပိုင်းနဲ့ ပတ်သက်လို့ သူတို့ ပြောစရာရှိတာ ပြောတယ်။ ၉ နာရီ ထိုးတာနဲ့ တန်းဖြုတ်ပြီး ဘုရားရှိခိုးပြီးတော့ အိပ်ခိုင်းတယ်။
အဲဒီမှာ အပြင်ကနဲ့မတူတာတွေ ထူးထူးခြားခြား ဘာတွေ တွေ့ခဲ့ ကြုံခဲ့လဲ။
ကျနော်တို့နဲ့ ခွဲအတူတူပေါ့။ ကျနော်တို့က ခွဲ ၅ ဟိုဘက်က ခွဲ ၃ ပေါ့။ စစ်သားလေး တယောက် ကျနော်တို့ အရွယ်ပဲ အာဟာရ ပြတ်ပြီးတော့ သေတယ်။ နောက် ၃-၄ ရက်လောက် အကြာမှာပဲ ၁ ယောက် ထွက်ပြေးသွားတယ်။ ပြီးတော့ တခုခုမှားပြီ ဆိုရင် နားရင်းရိုက်တယ်။ မအေ၊ နှမတွေကို ရစရာ မရှိအောင် ဆဲတယ်။ တပ်သားကစ အပွင့်ရှိတဲ့ လူတွေလည်း အကုန် ဆဲကြတယ်။ နေ့တိုင်း အဲဒီ အထဲမှာပဲ ပျင်းစရာ ကောင်းတယ်။ ထွက်ပြေးလည်း မလွတ်ဘူး။
တပ်ထဲမှာနေတော့ တပ်အင်အားက ဘယ်လောက်ရှိလဲ။ ကိုယ်လို ကလေးစစ်သားလေးတွေ ဘယ်လောက် ရှိတယ်လို့ သိလဲ။
တပ်ခွဲတခွဲကို လူ ၂၅ဝ ရှိတယ်။ ကျနော်တို့ တပ်ခွဲမှာတင် ၁ဝ ယောက်ကျော်လောက် ရှိတယ်။ သူတို့ကတော့ အခုချိန်ထိ အဲဒီတပ်ထဲမှာပဲ ရှိနေပါသေးတယ်။ သူတို့က ကျနော်နဲ့လည်း သိတယ်။ တချို့ကောင်တွေက ထွက်ပြေးတဲ့ကောင်က ထွက်ပြေးတယ်။
ကျနော် ဒီကိုမလာခင် လေ့ကျင့်ရေးမှာတင် လေ့ကျင့်ရေး မလုပ်နိုင်တဲ့သူတွေ၊ မခံနိုင်လို့ ထွက်ပြေးတာ ၅ ယောက်လောက် ရှိတယ်။ အကုန်ပြန်မိတယ်။ ပြန်မိတဲ့ကောင်တွေ အရိုက်အနှက် ခံရတယ်။ သူတို့ အခု ၆ ပေါက်ထဲမှာပေါ့။ သူတို့ကတော့ ပြောတယ်။ မင်းတို့ ထွက်ပြေးချင်ရင် လေ့ကျင့်ရေးကွင်းမှာ ထွက်မပြေးပါနဲ့တဲ့။ မင်းတို့ တပ်ရင်းရောက်မှ မင်းတို့ ကြိုက်သလို လုပ်တဲ့။ လေ့ကျင့်ရေးမှာ ပြေးရင် ငါတို့မှာ တာဝန်ရှိတယ်တဲ့။
တပ်ထဲမှာ ဘယ်လိုခံစားရလဲ။ အစားအသောက်ရော အဆင်ပြေရဲ့လား။ ဘာဟင်းတွေနဲ့ ကျွေးလဲ။
ဟိုမှာက ပျော်စရာမှ မရှိတာ။ စိတ်ညစ်တယ်။ ဒါပေမဲ့ ပြေးလို့မလွတ်ဘူး။ မိရင်မလွယ်ဘူး။ အခက်အခဲ ကတော့ လေ့ကျင့်ရေးမှာတော့ နည်းနည်း ကောင်းကောင်းကျွေးတယ်။ မနက်ပိုင်းကို ကြက်ဥ၊ နေ့လည်ပိုင်းဆို ငါးခြောက်၊ ညနေပိုင်းဆို အမဲသား။ အဲဒါနဲ့ နေ့တိုင်း လည်နေတယ်။ ဒါပေမဲ့ အရမ်း ပင်ပန်းတယ်။ တပ်ရင်းမှာ ကျတော့ အစားအသောက် အဆင်မပြေဘူး။
ညီလေးက အခု ဘယ်လိုပြန်လာတာလဲ။ ဘယ်သူက ပြန်ခွင့် ပေးလိုက်တာလဲ။
မင်းအိမ်ကလည်း စာပို့နေတယ်။ ဟိုဘက်အဖွဲ့အစည်းက ကောင်တွေလည်း ပြောနေတယ်တဲ့။ ၁၈ နှစ်လည်း မပြည့်သေးတာနဲ့ အထက်က နုတ်ထွက်ခွင့် ပေးတာနဲ့ ပြန်လို့ရတာ။ အဲဒါနဲ့ ကျနော့်အဖေနဲ့ ပြန်ထည့် ပေးလိုက်တာ။ လမ်းစရိတ်တွေ ဘာတွေတော့ မပေးပါဘူး။ သူငယ်ချင်းတွေကိုတော့ ကျနော် နှုတ်ဆက် ခဲ့ပါတယ်။
ခေါ်သွားတုန်းက အပြောနဲ့ တပ်ထဲက အခြေအနေ ဘယ်လိုကွာလဲ။
ခေါ်သွားတုန်းက ပြောတာနဲ့ တပ်ထဲက အခြေအနေက ဘာမှမဆိုင်ဘူး၊ အရမ်းကွာတယ်။ နောင်တလည်း ရတယ်။ အပြင်ဘဝမှာနဲ့ တပ်ထဲနဲ့က ကွာတယ်။ ပြီးတော့ သူတို့က ဒါဆိုဒါပဲလေ။ ဟိုဟာ မလိုချင်ဘူး၊ ဘယ်မှ မသွားရ မလာရ ဆိုတော့ စကားပြောတဲ့ အခါမှာလည်း မိုက်ရိုင်းတယ်။
ငါ့ညီက ကြီးလာရင် ဘာလုပ်မယ်လို့ စိတ်ကူးယဉ်ထားလဲ။
ဆရာဝန်၊ ဒေါက်တာပဲ ဖြစ်ချင်တယ်။ အဲဒါပဲ ရည်ရွယ်ပါတယ်။
လိမ်ခေါ်ခံရတယ်တော့ ငါညီအနေနဲ့ သူတို့တွေကို ဘယ်လိုမြင်လဲ။
ကျနော့်ကို လိမ်ခေါ်သွားတဲ့အတွက် သူတို့ကို စိတ်နာတယ်။ နောက်ဆို သူတို့နဲ့ လမ်းမှာတွေ့ရင် ဝေးဝေးက ရှောင်ရမှာပေါ့။ သူတို့ကိုတော့၊ မကောင်းတဲ့ အကျင့်ရှိတဲ့ လူတွေဆိုတော့ မကောင်းတဲ့ လူလို့ပဲ မြင်တာပေါ့။ ဒါပေမဲ့ တပ်ထဲမှာ ကျနော့်လို ကလေးတွေ၊ ကျနော့် သူငယ်ချင်းတွေ အများကြီး ရှိနေသေးတယ်။ သူတို့အတွက် ကျနော် စိတ်မကောင်းဘူး။
Ref: မဇ္ဈိမ
နေ့စဉ်သတင်းများ ( ၃ - ၃ - ၁၀ )
■ ရွှေ့ပြောင်းအလုပ်သမား (၅) သိန်းခန့်ကို နေရပ်ပြန်ပို့မည်ဟု ထိုင်းအစိုးရ ပြောကြား သတင်း
■ ရွှေပြည်သာတွင် အလုပ်သမားများ ဆန္ဒပြ သတင်း
■ အရက်ချက်စက်ရုံလုပ်သားများ လုပ်ခတိုးတောင်းဆို သတင်း
■ ၀ နယ်ခြားတလျှောက် တရုတ်တပ်အင်အား ထောင်ချီဖြည့်ထား သတင်း
■ အတွင်းရေးမှူး လုပ်ကြံခံရပြီးနောက်ပိုင်း မိုင်းလားတပ်ဖွဲ့ ပိုမိုဖိအားပေးခံရ သတင်း
■ ပြည်သူ့စစ်မလုပ်လိုသည့် ရွာသားများ မွန်ပြည်သစ် နောက်တန်းစခန်းတွင် တိမ်းရှောင်နေ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ခွင့်ပြုရန် အီးယူ တောင်းဆို သတင်း
■ ဒေါ်မြင့်မြင့်အေးကို တာဝန်မှ ဖယ်ရှားမှု ပြန်ပြင်ရန် တောင်းဆို သတင်း
■ NLD ဗဟိုဦးစီးအဖွဲ့သစ်ထဲမှာ ထောင်ကျနေသူ ပါတီဝင်တချို့ ပါဝင် သတင်း
■ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ အစည်းအဝေး ကျင်းပ သတင်း
■ ရှေ့နေ ကိုဖိုးဖြူကို ထောင်ဒဏ်လျှော့ သတင်း
■ အမေရိကန်ရေတပ်မှ မြန်မာ့ရေပြင်ပိုင်နက်အနီး ဘင်္ဂလာဒေခ်ျ့ကို စစ်ရေးသင်တန်းပေး သတင်း
■ နအဖက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မပြုလုပ်ဟု ယူအက်စ်က ဆို သတင်း
■ ထိုင်းစစ်တပ်နှင့် မူးယစ်ဆေးဝါးအဖွဲ့ တိုက်ပွဲဖြစ်၊ တဦးသေ သတင်း
■ စစ်အစိုးရရဲ့ ရာဇ၀တ်မှုတွေကို ထွက်ဆိုကြ သတင်း
■ စစ်အစိုးရ၏ ရာဇဝတ်မှုများ အမျိုးသမီး (၁၂) ဦး ထုတ်ဖော် သတင်း
■ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဥပဒေပညာရှင်တွေ ကြားနာ သတင်း
■ လူမှုရေးအကူအညီ ယူရို (၁၇) သန်း မြန်မာနိုင်ငံကို အီးယူက ပေးမည် သတင်း
■ စစ်အစိုးရကို ရှုတ်ချ၊ ဒုက္ခသည်တွေကို ကူညီကြ သတင်း
■ မြစ်ဆုံရေကာတာစီမံကိန်းကို ကချင်လူထု ထပ်မံကန့်ကွက် သတင်း
■ ရွှေကြောအသစ်များ ထပ်မံတွေ့ရှိ သတင်း
■ ရိုဟင်ဂျာများ အစာငတ်ခံ ဆန္ဒပြ သတင်း
■ အစိုးရ၀န်ထမ်းများ လစာထပ်တိုးဦးမည်ဟု သတင်းထွက်နေ သတင်း
■ သန်လျင်မြို့နယ် ရဲဝန်ထမ်းများ တာဝန်ပေါ့လျော့မှုကို အရေးယူခြင်းမရှိသေး သတင်း
■ နအဖ စစ်ဗျူဟာမှူး - ဒေသခံရိုးရာစာပေနှင့် စကားသုံးခွင့် ပိတ်ပင် သတင်း
■ လယ်သမားတွေက ချေးငွေစရိတ် တိုးပေးရန် တောင်သူလယ်သမားနေ့မှာ တောင်းဆို သတင်း
■ ဓာတ်မြေသြဇာအကြွေး အတင်းအကျပ် ပြန်တောင်း၊ တောင်သူများ အခက်တွေ့ သတင်း
■ ဈေးကွက်ထဲ မြန်မာ့ဆန် ထိုးဖောက်နိုင်မလား သတင်း
■ ထိုင်းလေကြောင်းကို ပြိုင်ဆိုင်၍ ဗီယက်နမ် ၀င်ရောက် သတင်း
■ သံဃာကို နောက်ပြောင်သည့် သီချင်းကြောင့် ဒါရိုက်တာ တောင်းပန်ရ သတင်း
■ ကျပ် (၅) သိန်းဖြင့် အပျော်တမ်း ဘောလုံးကလပ် ဖွဲ့ခွင့်ပြု သတင်း
■ ကျနော်လို ကလေးတွေအတွက် စိတ်မကောင်းဘူး (အင်တာဗျူး)
■ အလုပ်သမား ဆန္ဒပြပွဲ (ဆောင်းပါး)
■ ဒီမိုကရက်တစ်ပါတီနှင့် စိန်ခေါ်မှု (ဆောင်းပါး)
■ စီရင်ထုံးများက ဖော်ထုတ်ပြနေသည့် မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်ရေစီးကြောင်း (ဆောင်းပါး)
■ နစက ဆွဲခန့်ဆရာများကြောင့် စိတ်မအေးရ (ဆောင်းပါး)
■ ပုဂ္ဂလိက စီးပွားရေးကို အားပေးသင့်သည် ဆိုသော်လည်း (ဆောင်းပါး)
Wednesday, March 3, 2010
တောင်သူလယ်သမား ကိုယ်စားပြု အဖွဲ့အစည်းတွေ လိုအပ်
NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး
02 March 2010
ဒီနေ့ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အတွက် နိုင်ငံတော် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တောင်သူ လယ်သမားတွေကို သ၀ဏ်လွှာ ပေးပို့ပြီး စစ်အစိုးရရဲ့ အင်တိုက် အားတိုက် ဆောင်ရွက်မှုတွေကြောင့် လယ်ယာ စိုက်ပျိုးရေးကဏ္ဍ တိုးတက်မှုတွေ ရှိနေတယ်လို့ တင်ပြ ခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ တောင်သူ လယ်သမားတွေ အနေနဲ့ အခုအခါမှာ သူတို့ဘက်က ရပ်တည် ပေးနိုင်မယ့် အဖွဲ့အစည်းမျိုး မရှိတဲ့အတွက် နစ်နာမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တောင်သူလယ်သမားတွေဟာ မြန်မာနိုင်ငံအတွက် အဓိက ကဏ္ဍကနေ ပါဝင် လှုပ်ရှားနေတာမို့ လယ်ယာကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေး အတွက် အင်တိုက် အားတိုက် ဆောင်ရွက် နေတယ်လို့ ပြောကြားခဲ့ပေမဲ့ လက်တွေ့မှာတော့ တကယ် ထိရောက်တဲ့ တိုးတက်မှုတွေ ရှိတာကို မတွေ့ရဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မြင်ပါတယ်။ ဒါ့အပြင် ဒီကနေ့ ကျင်းပနေတဲ့ တောင်သူ လယ်သမားနေ့ဟာ ဦးနေ၀င်း လက်ထက်ကမှ စတင်ခဲ့တဲ့ နေ့တနေ့ဖြစ်ပြီး အဲဒီ အချိန်ကတည်းက အခုအချိန်ထိ တောင်သူ လယ်သမားတွေနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ ရေရှည် အကျိုးစီးပွားကို ချမှတ် နိုင်ခဲ့တာမျိုး မရှိဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။
“ဒီတောင်သူလယ်သမားနေ့ ဖြစ်လာတာကလည်းပဲ ၁၉၆၂ ခုနှစ်တုန်းက ဦးနေ၀င်းက စစ်တပ်နဲ့ အာဏာ သိမ်းပြီးတဲ့နေ့ကို သတ်မှတ်ပြီးတော့ ဒါကို တောင်သူ လယ်သမားနေ့လို့ ပြုလိုက်တာပါ။ ဟိုးအရင် ပါလီမန် ဒီမိုကရေစီ ခေတ်တုန်းကတော့ တောင်သူ လယ်သမားနေ့က နှစ်ဆန်း ၁ ရက်နေ့၊ ဇန်န၀ါရီလဆန်း ၁ ရက်နေ့ပေါ့။ အဲဒါကို ပြောင်းပြီးတော့ မတ်လ ၂ ရက်နေ့ လုပ်တာပါ။
“တကယ်တမ်း ပြောရရင်တော့ ပြောကြတာ၊ ဆိုကြတာ၊ လုပ်ကြတာ၊ ကိုင်ကြတာတွေသာ ဖြစ်ခဲ့တာ၊ တောင်သူ လယ်သမားနဲ့ ပတ်သက်လို့ ထိထိ ရောက်ရောက် မဖြစ်ခဲ့ကြပါဘူး။ အခုလည်းပဲ တောင်သူ လယ်သမားနေ့သာ ဆိုတယ်၊ တောင်သူ လယ်သမားနဲ့ ပတ်သက်လို့ ရှိနေတဲ့ လက်ရှိအစိုးရ အနေနဲ့တော့ ဘာမှ ထူးထူးခြားခြား လုပ်တာ မရှိပါဘူး။”
တောင်သူလယ်သမားတွေ အနေနဲ့ အခုအခါမှာ သူတို့ဘက်က ရပ်တည် ပေးနိုင်မယ့် အဖွဲ့ အစည်းမျိုး မရှိတဲ့အတွက် လယ်မြေ အသိမ်း ခံရမှုတွေလို နစ်နာမှုတွေနဲ့ ကြုံတွေ့ နေရတယ်လို့လည်း ပြောပါတယ်။ NLD အဖွဲ့ အနေနဲ့ တောင်သူ လယ်သမားတွေရဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းငယ်တွေ ဖွဲ့ပြီး ဆောင်ရွက် ပေးနေတာမျိုး ရှိတယ်လို့လည်း ပြောပါတယ်။
“အဖွဲ့ချုပ်အနေနဲ့ ကတော့ CRPP ပေါ့ဗျာ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု အဖွဲ့ပေါ့၊ တောင်သူ လယ်သမားတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဘယ်လို သဘောထားရှိမယ် ဆိုတာကို ဟိုတုန်းက ထုတ်ပြန် ခဲ့တာတွေ ရှိပါတယ်။ ကျနော်တို့ ဟိုတုန်းက လုပ်ကိုင်သလို အခုလည်းပဲ အဖွဲ့အစည်းတွေ ပြန်ပြီး ဖွဲ့ထားတဲ့ အတိုင်း လယ်သမားတွေနဲ့ ပတ်သက်တဲ့ ကိစ္စ အ၀၀ကို ပြန်လည်ပြီး လုပ်ကိုင် ပေးမယ်ဆိုတဲ့ သဘောထားတော့ ရှိပါတယ်။
“အခုအခါမှာတော့ တောင်သူလယ်သမားဘက်က ရပ်တည်ပေးနိုင်တဲ့ အဖွဲ့အစည်းတွေ မရှိတဲ့ အတွက်ကြောင့် တောင်သူ လယ်သမားတွေဟာ တော်တော်လေး နစ်နာနေတဲ့၊ ခံစားနေရတဲ့ သဘောတော့ ရှိတာပေါ့ဗျာ။ တောင်သူ လယ်သမားတွေက သူတို့ရဲ့ လယ်မြေကို ကိုယ်ပိုင် အာမခံပေးပြီး ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်တဲ့ စနစ်မျိုး၊ ထိရောက်အောင် လုပ်ပေးနိုင်တဲ့ အဖွဲ့အစည်းမျိုး၊ အစိုးရမျိုး ဖြစ်လာရင်တော့ တောင်သူ လယ်သမားတွေနဲ့ ပတ်သက်လို့ အကာအကွယ်၊ အစောင့်အရှောက် ရကြမှာပေါ့ဗျာ။”
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကတော့ ဒီနေ့ ကျရောက်တဲ့ တောင်သူ လယ်သမားနေ့ အတွက် တောင်သူ လယ်သမားတွေကို လွှတ်တော် ကိုယ်စားလှယ်တွေကို ရွေးချယ်ကြဖို့နဲ့ ပြည်ပ ကျောထောက် နောက်ခံနဲ့ နိုင်ငံတော် ဆူပူအောင် လုပ်မယ့်သူတွေကို ဖယ်ရှားဖို့ အတွက် ပန်ကြား လိုက်ပါတယ်။ ဒါ့အပြင် စစ်အစိုးရဘက်က အင်တိုက် အားတိုက် ဆောင်ရွက်မှုတွေကြောင့် ဆည်မြောင်း တာတမံ၊ မြေအောက်ရေနဲ့ ရေလှောင်ကန်တွေ အမြောက်အမြား ပေါ်ထွက်လာပြီး စိုက်ပျိုးရေးကဏ္ဍ တိုးတက် လာတယ်လို့ တင်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့တော့ လက်တွေ့မှာ တောင်သူ လယ်သမားတွေ အတွက် လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ရဖို့က အဓိက အရေးကြီးတယ်လို့ မြင်ပါတယ်။
“လယ်ယာကိုင်းကျွန်း ချောင်းမြောင်း ဒါတွေလုပ်တာတွေ ကတော့ တိုင်းပြည်အတွက် အကျိုးပြု လုပ်ငန်းတွေ ဖြစ်တာပေါ့၊ ကျနော်တော့ အငြင်းမပွားပါဘူး။ သို့သော်လည်း လယ်သမားတွေနဲ့ ပတ်သက်လို့ သူတို့ လွတ်လွတ်လပ်လပ် လုပ်နိုင်ခွင့် ရနိုင်ဖို့က အရေးကြီးတယ်။ ကျနော်တို့ တပ်မှူးငယ် ဘ၀တုန်းက မြန်မာနိုင်ငံတော်ကို ဘယ်လို ထူထောင်မလဲလို့ စဉ်းစားတဲ့ အခါမှာ နိုင်ငံတချို့က လွတ်လပ်တာနဲ့ ပတ်သက်ပြီးတော့ အဓိက သိပ်ပြောပြီးတော့ ပြောတာလွတ်လပ်၊ နေတာလွတ်လပ်၊ စားတာလွတ်လပ်၊ သေတာလည်း လွတ်လပ်၊ ငတ်တာလည်း လွတ်လပ်၊ ဖြစ်ချင်သလိုဖြစ်ပြီး လွတ်လွတ်လပ်လပ်နေ ဆိုတဲ့ သဘောမျိုးရှိတဲ့ နိုင်ငံမျိုးတွေလည်း ရှိတယ်တဲ့။
“နောက်နိုင်ငံတမျိုးကတော့ တိုင်းပြည်နဲ့ ပတ်သက်လို့ ဟိုဟာတွေ လုပ်ကိုင်ပေးတယ်၊ ဒီဟာတွေ လုပ်ကိုင်ပေးတယ်၊ ဟိုဟာ တည်ဆောက်ပေးတယ်၊ ဒီဟာ တည်ဆောက်ပေးတယ်၊ ပြောပါတယ်တဲ့။ ဒါပေမဲ့ အဲဒီ ထဲမှာရှိတဲ့ ပြည်သူ လူထုတွေ အနေနဲ့တော့ တို့ကျွေးတာပဲ စားကြ၊ တို့ပေးတာပဲ ယူ၊ မင်းတို့ နေတာ အားလုံးတော့ အကာအရံထဲမှာ၊ အနှောင်အဖွဲ့ ထဲမှာ ဟောဒီလို နေကြ ဆိုတဲ့ နိုင်ငံတွေလည်း ရှိတယ်တဲ့။
“အဲဒီလိုရှိတဲ့ ကြားထဲမှာ ဘယ်လိုနိုင်ငံမျိုးကို တည်ထောင်မလဲ ဆိုတာ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံး ကတော့ အများစု စိတ်ချမ်းသာနိုင်မယ့် နိုင်ငံတခု ထူထောင်နိုင်ဖို့ အတွက် လုံးပန်းကြပါစို့ ဆိုတာကိုတော့ ဒီလိုပဲ သြ၀ါဒ ရဖူးတယ်။ အခု အနေအထား အတိုင်းမှာတော့ ဘယ်လိုပုံစံနဲ့ ဆိုတာတော့လည်း နည်းနည်း ဆင်ခြင် သုံးသပ်ကြည့်ဖို့ လိုပါတယ်ဗျာ။
“ဘယ်သူကမှ ဒီနေ့ ရှေ့ဆက်ပြီး နိုင်ငံတော် ပူချင်အောင်၊ ဆူချင်အောင် မလုပ်ချင်ကြပါဘူး။ မလုပ်လည်း မလုပ်ပါဘူး။ ကျနော်တို့ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုက ဒီလို ဆူတာ၊ ပူတာ၊ လှုံ့ဆော်တာတွေနဲ့ ပတ်သက်လို့ မူဝါဒ သဘောထားကို တည်ထောင်စဉ် ကာလကတည်းက မရှိပါဘူး။
“အခုကြည့်ပါ၊ ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ၊ ကျနော်တို့ လမ်းမှာ အေးချမ်း သာယာစွာနဲ့ သွားရောက်ပြီးတော့ ပြည်သူ လူထုကို စည်းရုံး လှုပ်ရှားနေတာကိုပင်လျှင် ကျနော်တို့ ခံရစေဦးတော့၊ ကျနော်တို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီအပေါ်မှာ ပြေလည်ရာ ပြေလည်ကြောင်း၊ သဟဇာတ ဖြစ်ရာဖြစ်ကြောင်း အများကြီး မူထားပြီးတော့ ပြောနေတာ ရှိပါတယ်။ ဒီလိုဟာမျိုး မရှိပါဘူးဆိုတဲ့ သဘောပဲ ကျနော်တို့က ရပ်တည်နေတာပါ။”
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပြောသွားတာ ဖြစ်ပါတယ်။
Ref: VOA News
နေ့စဉ်သတင်းများ ( ၂ - ၃ - ၁၀ )
■ အဖွဲ့ချုပ် မန္တလေးတိုင်းစည်းအဖွဲ့၏ စည်းရုံးရေးခရီးစဉ် သတင်း
■ အဖွဲ့ချုပ်၏ နာဂစ်ကယ်ဆယ်ရေးအဖွဲ့က ရေတွင်းတူးဖော်ရေး ဆက်လက်လုပ်ကိုင် သတင်း
■ တောင်သူလယ်သမား ကိုယ်စားပြု အဖွဲ့အစည်းတွေ လိုအပ် - NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးပြော သတင်း
■ လယ်သမားနေ့တွင် လယ်သမားအခွင့်အရေးများ တောင်းဆို သတင်း
■ တောင်သူကြီးများကိုယ်တိုင် တောင်သူလယ်သမားနေ့ ကျင်းပ သတင်း
■ စားစရာ ဆန်ဖူလုံဟု ဗိုလ်ချုပ်မှူးကြီး ပြောဆို သတင်း
■ တောင်သူလယ်သမားများ တိုးတက်မှုမရှိဟု ရခိုင်ဒီမိုပါတီ ပြော သတင်း
■ ကေအိုင်အိုက စစ်ရေးအသင့်ပြင် သတင်း
■ နယ်ခြားစောင့်တပ်ဖွဲ့ရေး “၀” အချိန်တိုးတောင်း သတင်း
■ တပ်စခန်းမှ ရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် သတင်း
■ ဒေါ်အောင်ဆန်းစုကြည် အယူခံပယ်ချမှု အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ပျက်စီးဟု EU ပြောကြား သတင်း
■ ဒေါ်အောင်ဆန်းစုကြည်၏ အယူခံ ပယ်ချခံရမှု ဥရောပသမဂ္ဂ ကြေညာချက်ထုတ် သတင်း
■ အဖွဲ့ချုပ်ဝင်တဦး၏ ထောင်တွင်းအယူခံကို ပယ်ချ သတင်း
■ ကိုဖိုးဖြူ လွတ်တော့မည် သတင်း
■ သရက်ထောင်တွင် ရာဇ၀တ်အကျဉ်းသားနှင့် နိုင်ငံရေးအကျဉ်းသားများကို ရောထား သတင်း
■ ကလေးစစ်သား မောင်အောင်မင်းသူကို တပ်က ပြန်လွှတ်ပေး သတင်း
■ မူးယစ်တိုက်ဖျက်ရေး နိုင်ငံတကာဥပဒေကို မြန်မာ လိုက်နာမှုမရှိ သတင်း
■ မြစ်ဆုံရေကာတာ တည်ဆောက်ရေး ရပ်တန့်ရန် တရုတ်အစိုးရထံ ကချင်အန်ဂျီအို တောင်းဆို သတင်း
■ အဓမ္မလုပ်အားပေးခိုင်းစေမှုများ ပဲခူးတိုင်း အရှေ့ဘက်တွင် ရှိနေဆဲ သတင်း
■ ရာဇ၀တ်မှုကျူးလွန်ခံရသည့် မြန်မာအမျိုးသမီးများအကြောင်း ဖော်ထုတ် သတင်း
■ ကျောက်နဂါး ရေကာတာကြောင့် ရွာ (၂၀) ကျော်နှင့် ဥယျာဉ်ခြံ ရာနှင့်ချီ ရေလွှမ်းမိုးခံရ သတင်း
■ မဲဆောက်ဒေသမှ မြန်မာအလုပ်သမားများ နိုင်ငံသားစိစစ်မှုခံယူရန် စိတ်မ၀င်စား သတင်း
■ ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမား ယာယီနိုင်ငံကူးလက်မှတ် လျှောက်လွှာတင်ရက် ပိတ် သတင်း
■ ပုဏ္ဏားကျွန်းတွင် မီးလောင်မှု ဖြစ်ပွား၍ ကလေး (၂) ဦး သေဆုံး သတင်း
■ ပေါက်တောပြင်မီး အိမ် (၄ဝ) ကျော် ဆုံးရှုံး သတင်း
■ သိမ်ကြီးဈေး စားသောက်ဆိုင်တဆိုင်တွင် မီးလောင်မှု ဖြစ်ပွား သတင်း
■ ဈေးဆိုင်ပိုင်ရှင်များ မီးအန္တရာယ် စိုးရိမ်နေကြ သတင်း
■ ကင်မရွန်းနိုင်ငံသားနှစ်ဦး ရန်ကုန်တွင် လိမ်လည်မှုဖြင့် အဖမ်းခံရ သတင်း
■ ရန်ကုန်-ဟနွိုင်း တိုက်ရိုက်လေကြောင်း ပျံသန်းမှု စတင် သတင်း
■ ရန်ကုန်တွင် တက္ကစီမီတာစနစ် စနစ်တကျ မဖြစ် သတင်း
■ ကမ္ဘာ့ကဗျာနေ့ ရန်ကုန်တွင် စည်ကားစွာ ကျင်းပမည် သတင်း
■ ဟန်ထိုင်း သိုးမွှေးစက်ရုံက အလုပ်သမားတိုက်ပွဲ (ဆောင်းပါး)
Tuesday, March 2, 2010
နေ့စဉ်သတင်းများ ( ၁ - ၃ - ၁၀ )
■ နအဖ ငြင်းပယ်ထားသည့် တောင်းဆိုချက်များ ထပ်မံတင်ပြ၍ ဝ တပ်ဖွဲ့ တုံ့ပြန် သတင်း
■ မူလတောင်းဆိုချက် မပြင်နိုင်ဟု ဝ တပ်ဖွဲ့ အကြောင်းပြန် သတင်း
■ အသွင်ပြောင်းရေး အချိန်တိုးပေးရန် နအဖထံ ၀ ခေါင်းဆောင် ထပ်မံစာရေးတောင်းဆို သတင်း
■ အဓမ္မခိုင်းစေခံရသည့် ရွာသား (၄၀၀) ကျော်တို့က အိုင်အယ်လ်အိုသို့ တိုင်တန်း သတင်း
■ ကလေးငယ်များကို လိမ်လည်ဖြားယောင်းပြီး စစ်သားစုဆောင်း သတင်း
■ စင်္ကာပူက နိုင်ငံခြားသား အလုပ်သမားများအတွက် အခွန်တိုးကောက်မည် သတင်း
■ ထိုင်း-မြန်မာ ကုန်သွယ်ရေးဇုံအသစ် ဖွင့်လှစ်မည် သတင်း
■ ထက်ဝက်ကျော်ကျတဲ့ ကားဈေး ဆက်ကျနိုင်သေး သတင်း
■ မြန်မာနိုင်ငံအတွင်းမှ AH1N1 အခြေအနေ သတင်း
■ စာပေပညာရှင်ကြီးများကို ဂါရ၀ပြုပွဲ ကျင်းပ သတင်း
■ ဗိုလ်ချုပ်အောင်ဆန်းစာအုပ် ပြန်ကြားရေးဝန်ကြီး ဆုချီးမြှင့် သတင်း
■ သတ္တမအကြိမ်မြောက် မြန်မာသတင်းသမဂ္ဂညီလာခံ မှတ်တမ်းဓာတ်ပုံများ သတင်း
■ မြန်မာသတင်းသမဂ္ဂက ဘလော့ဂ် (၁ဝ) ခုကို ဆုချီးမြှင့် (ရုပ်သံသတင်း)
■ မိုက်ခရိုဆော့ဖ် ၀င်းဒိုးများတွင် မြန်မာစကား ထည့်သွင်းပေးရန် တောင်းဆို သတင်း
■ ငလျင်ဘေး နိုင်ငံတကာ အကူအညီပေးဖို့ ချီလီသမ္မတ ပန်ကြား သတင်း
■ ထပ်စင်မှာ အယူခံဝင်ဖို့ ရက် (၃၀) ရှိ သတင်း
■ ပြည်တွင်းလုံခြုံရေးဌာနက ဘန်ကောက်ကို စစ်သားတွေ လှမ်းခေါ် သတင်း
Monday, March 1, 2010
မြန်မာအခေါ်ခံရဖို့ မထိုက်တန်တဲ့သူတွေ
Written by လူထုစိန်ဝင်း
ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျောင်းသူဟောင်း သုံးယောက် ရောက်လာတယ်။ တစ်ယောက်က တိုကျိုက၊ တစ်ယောက်က တိုင်ပေ က၊ နောက်တစ်ယောက် ကတော့ တိုင်ပေမှာ လေး၊ ငါး၊ ခြောက်နှစ် သွားနေပြီးမှ ရန်ကုန် ပြန်လာနေသူ ဖြစ်တယ်။ တိုင်ပေက တစ်ယောက် ကတော့ တရုတ်နှစ်သစ်ကူး အချိန် ရောက်တိုင်း ပြန်လာနေကျ ဖြစ်ပေမယ့် ဂျပန်က တစ်ယောက်ကတော့ ထွက်သွားပြီး ကတည်းက အခုမှ ပထမဆုံး အကြိမ် ပြန်တွေ့ရတာ ဖြစ်တယ်။
ဗမာစကားပီသတဲ့လူတွေ
သုံးယောက်သားချိန်းပြီး အတူရောက်လာကြတာ ဆိုတော့ စကား တွေပြောလို့ မကုန်အောင် ဖြစ်နေကြတယ်။ အဲဒီလို စကား ပြောကြရင်းက တစ်ခု သတိထား လိုက်မိတယ်။ ဂျပန် ကလာတဲ့ တပည့်မက ဗမာစကားကို ဘာသံမှ မ၀ဲဘဲ ပီပီသသကြီး ပြောနေတဲ့ အချက် ဖြစ်တယ်။ အခုတလော ရေဒီယိုကနေ ကြားကြားနေရတဲ့ ဂျပန်ရောက် ဗမာတွေရဲ့စကားပြောသံတွေ ဟာ ဂျပန်သံဝဲ၀ဲ နေကြတာ တွေ့ရတယ်။ စကားပြောရင်း နောက်ဆုံး စကားလုံးကျရင် အသံကို သံရှည်ဆွဲ သွားပြီးမှ ရုတ်တရက် ရပ်ပစ် လိုက်ကြတယ်။ ဂျပန် စကားပြောနေကျမို့ နေမှာပဲလို့ မှတ်ထင်နေတယ်။ ဟောအခု တစ်ယောက်ကတော့ ဘာသံမှ မ၀ဲဘဲ ဗမာစကားကို ဗမာလိုပဲ ပီပီသသကြီးကို ပြောနေလိုက်တာ အံ့သြတောင် သွားရတယ်။ တကယ်တော့ သူက ဗမာတောင် မဟုတ်ပါဘူး။ လားရှိုး ဇာတိ မြန်မာပြည်ပေါက် တရုတ်မလေးပါ။ စက်မှုတက္ကသိုလ်က ဗိသု ကာဘွဲ့ရပြီး ၁၉၈၈ ခုနှစ် မတိုင်မီက တည်းက ဂျပန်ကို ထွက်သွားတာဖြစ် ပါတယ်။ အခုရောက်လာတဲ့ သုံးယောက်စလုံး တရုတ်မလေးတွေပါ။ တိုင်ပေမှာ နေသူကလည်း ဟိုမှာ နှစ်ပေါင်း နှစ်ဆယ်ကျော်ပါပြီ။ ဘာသံမှ မ၀ဲပါဘူး။
ဗမာစကားမပီသတဲ့ ဗမာတွေ
အသံမ၀ဲရုံတင် မဟုတ်ဘူး။ သူ က မြန်မာပြည်ကိုလည်း ချစ်ပါတယ်။ နှစ်ကူးချိန် ရောက်တိုင်း တစ်နှစ်တစ်ခေါက် ရောက်အောင် ပြန်ပါတယ်။ ရောက်တာနဲ့ သူ့ဇာတိ ဇီးကုန်းကို ပြန်ပြီး ငယ်စဉ်က ဆရာသမား တွေကိုလိုက်လံ တွေ့ဆုံပြီး ကန်တော့ ပါတယ်။ ဘုန်းကြီးကျောင်းတွေ ဘာတွေကိုလည်း လှူဒါန်းမှုတွေ လုပ်ပါတယ်။ သူက တိုင်ပေက အဆင့်မြင့် နိုင်ငံတကာ ဟိုတယ်ကြီး တစ်ခုမှာ မန်နေဂျာ အဆင့် ရာထူး ရထားပါတယ်။ ဒါပေမဲ့ သူများ တကာတွေလို မိဘ ဆွေမျိုးတွေပါ ခေါ်ပြီး ဟိုမှာ မနေပါဘူး။ တစ်ယောက်တည်းပဲ နေပါတယ်။ သူတို့ တစ်တွေလို နှစ်ပေါင်းနှစ်ဆယ်၊ အစိတ် နိုင်ငံခြား သွားနေတဲ့ မြန်မာပြည်ပေါက် တရုတ်မ လေးတွေက ဗမာ စကား ပီပီသသ ပြောပြီး မြန်မာပြည် ကို ချစ်နေကြပေမယ့် လွန်ခဲ့တဲ့လေး ငါးနှစ်ကမှ နိုင်ငံခြား ရောက်သွားတဲ့ ဗမာ စစ်စစ်တွေက ဗမာစကားကို နိုင်ငံခြားသံဝဲပြီး ပြောနေကြတာ ကိုတော့ ဘယ်လိုမှ နားမလည်နိုင်တာ အမှန်ပါပဲ။
မြန်မာပြည်နဲ့ မတန်ဘူးတဲ့
တချို့များ ဗမာစကားကို နိုင်ငံခြားသံဝဲပြီး ပြောရုံတောင် မကပါဘူး။ သူတို့ တတ်ထားတဲ့ ပညာတွေဟာ မြန်မာပြည်နဲ့ မတန်အောင် မြင့်နေတဲ့ အတွက် ပြန်လာလည်း အချည်းနှီးပဲ လို့တောင် ပြောတတ်ကြသေးတယ်။ တတ်ထားတဲ့ ပညာနဲ့ လူသားတွေကို အကျိုးပြုနေဖို့ပဲ လိုတယ်။ ဘယ်နိုင်ငံသား ဖြစ်ရမယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်မျိုး မထားသင့်ဘူး။ ဂလိုဘယ် လိုက်ဇေးရှင်း ခေတ်မှာ ဂလိုဘယ် အမြင်ရှိဖို့ လိုတယ်။ ဟိုနိုင်ငံသား၊ ဒီနိုင်ငံသား ဆိုတဲ့ သတ်မှတ်ချက်တွေဟာ ခေတ်နဲ့ မညီတော့ဘူး။ လူသား အားလုံးဟာ ကမ္ဘာသူ၊ ကမ္ဘာသားတွေပဲလို့ ကြည့်တတ် မြင်တတ်ရမယ် လို့လည်း ပြောလေ့ ရှိကြတယ်။ အရှက် မရှိလို့ မျက်နှာပြောင် တိုက်ပြီး ပြောနေ ကြတာပါ။ ကိုယ့်ရပ် ကိုယ့်ရွာက ကိုယ့်ဆွေမျိုး အသိုင်းအ၀ိုင်း ကိုတောင် အကျိုးပြုချင်တဲ့ စေတနာ မရှိတဲ့ သူမျိုးက ကမ္ဘာ့ လူသားတွေကို အကျိုးပြုမယ်လို့ ပြောနေတာကို ဘယ်သူက ယုံမှာလဲ။
သူများတွေပါ အမြီး ပြတ်စေချင်လို့
လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ချင်း ကိုယ်နေချင်ရာနေ၊ ကိုယ်လုပ်ချင်တာလုပ်၊ ကိုယ့်အပူ မဟုတ်လို့ ဘာမှ ပြောစရာ မရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ဟာကိုယ် အမြီးပြတ်တာကို ဆိတ်ဆိတ် မနေဘဲ သူများတွေပါ အမြီးလိုက်ဖြတ်ဖို့ တောင်ပြော မြောက်ပြော လျောက်ပြော နေတာတွေတော့ သည်းမခံနိုင်ဘူး။ ဒါပေမဲ့ တော်ပါသေးတယ်။ အဲဒီလို အမြီးပြတ်တွေက လက်တစ်ဆုပ် စာလောက်သာ ရှိလို့။ နိုင်ငံခြားရောက် မြန်မာလူငယ်တွေ အများစုကတော့ သူတို့လို မဟုတ်ကြဘူး။ ကြိုးစားပမ်းစား အလုပ်တွေ လုပ်ပြီး မိဘတွေကိုကျေးဇူးဆပ်နေ ကြရှာတာပါ။ တချို့များ အလုပ် နှစ်မျိုးပြောင်းပြီး တစ်နေ့ကို ၁၆နာရီ လောက် အထိကို လုပ်ကြရ ရှာတာ။ တချို့ကျတော့လည်း အလုပ်တစ်ဖက် လုပ်ရင်းနဲ့ ကျောင်းတက်ပညာ သင်လိုက်ကြသေးတယ်။ ဒီကြားထဲ ကတောင် မိဘတွေဆီ လစဉ် မပျက်မကွက် လှမ်းပြီး ကန်တော့နေကြတာ ချီးကျူးစရာ ကောင်းလှတယ်။
တွံတေးသိန်းတန် ကြိုက်ကြလွန်းလို့
အနှစ်နှစ်ဆယ်၊ အစိတ် နိုင်ငံခြားသွားမယ့် သူတွေကို အင်္ဂလိပ် စကားပြော သင်တဲ့ ဆရာ လုပ်ခဲ့တာဆိုတော့ ကမ္ဘာ့ နိုင်ငံအတော်များများမှာ ကျောင်းသူ ကျောင်းသားတွေ ထောင်နဲ့ချီပြီး ရှိနေကြပါတယ်။ မြန်မာပြည် ဟာ သူတို့ ပညာနဲ့ မထိုက်တန်သေးလို့ ပြန်မလာဘူးလို့ ပြောတဲ့သူ ကိုယ့်ကျောင်းသူ ကျောင်းသားထဲက လေး ငါးယောက်ထက် မပိုပါဘူး။ အများစုက မြန်မာပြည်ကို လွမ်းတသသနဲ့ နေနေကြတာချည်းပါ။ တွံတေးသိန်းတန်နဲ့ ဟင်္သာတထွန်းရင် သီချင်းခွေတွေဆို ကိုယ်ကသာ နားမထောင်တာ တပည့်တွေမှာလို့ ခဏခဏ ၀ယ်ပို့ နေရတယ်။ တချို့များ ကြံကြံဖန်ဖန် ကျောက်ငရုတ်ဆုံနဲ့ လဲမှို့ခေါင်းအုံးတောင် မှာလို့ပို့ရတယ်။ အမေရိကန်မှာ မွေးပြီး ဟိုမှာပဲကြီးတဲ့ တစ်ဦးတည်းသော မြေးယောက်ျားလေးကတောင် မြန်မာပြည်က အချဉ်ထုပ်တွေ နဲ့ လက်ဖက်သုပ်ကို သိပ်ကြိုက်တာ။ ''များများနဲ့ မြန်မြန်ပို့ပါဖိုးဖိုး'' လို့ ဖုန်း ဆက်တိုင်း ပြောလေ့ရှိပါတယ်။
သူတို့ ပြန်လာကြမှာပါ
အဖေဗမာ၊ အမေဗမာဆိုတော့ မြေးကလေးရဲ့ကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးတွေက ဗမာ့သွေးတွေချည်း မဟုတ်လား။ ဇာတိသွေး ဆိုတာ ပျောက်ခဲပါတယ်။ ဗမာသွေး မနှောတဲ့ တပည့်မလေး တွေတောင် မြန်မာ့ မြေမှာမွေး၊ မြန်မာ့လေကိုရှူ၊ မြန်မာ့ ရေကိုသောက်ပြီး မြန်မာ့ဆန်ကို စားခဲ့ ကြတာ ဖြစ်လေတော့ မြန်မာပြည်ကိုပဲ လွမ်းတသသ ဖြစ်နေကြတာပါ။ အခွင့်သာတိုင်း မြန်မာပြည်ကို ပြန်လာ ကြပါတယ်။ ကိုယ့်နိုင်ငံ အပြင်ထွက် ပြီး နိုင်ငံစုံ ရောက်ဖူးလေလေ မြန်မာပြည်လောက် နေချင်စရာကောင်းတဲ့ ပျော်စရာ ကောင်းတဲ့နိုင်ငံ မရှိဘူးဆိုတာ သိလေလေ ဖြစ်တာကြောင့် တစ်နေ့မှာ သူတို့ ပြန်လာကြမှာပါ။ မြန်မာပြည်ဟာ သူတို့ပညာနဲ့ မထိုက်တန် သေးဘူးဆိုတဲ့ လူတွေကိုလည်း စကားတစ်ခွန်း ပြောချင်ပါတယ်။ သူတို့ရဲ့ စိတ်ဓာတ်မျိုးတွေဟာ မြန်မာလူမျိုး ဖြစ်ဖို့ထိုက်တန်တဲ့ အဆင့်မဟုတ်ဘူး ဆိုတာပဲဖြစ်ပါတယ်။
အနတ္တကို ဦးထိပ်ထား
မြန်မာလူမျိုးဖြစ်ဖို့ဆိုတာ လွယ်တယ်ထင်သလား။ ဗြဟ္မစိုရ်တရားနဲ့ ဟီရိသြတပ္ပ တရားတွေကို နားလည် သဘောပေါက်ပြီး လိုက်နာ ကျင့်သုံး မှ မြန်မာလူမျိုး စစ်တာ။ နိုင်ငံခြားမှာ ဘယ်လောက် အကြာကြီး နေနေ ဒီတရားတွေကို လိုက်နာ ကျင့်ကြံနေသရွေ့မြန်မာလူမျိုးလို့ ခေါ်နိုင်တယ်။ ဒီ တရားတွေကို လုံးဝ ပစ်ပယ်ပြီး 'ဘယ်သူသေသေ ငတေမာပြီးရော' ဆိုတဲ့ စိတ်ဓာတ်မျိုး ထားသူဆိုရင်တော့ မြန်မာနိုင်ငံတွင်းမှာ နေလည်း မြန်မာလူ မျိုးလို့ အခေါ်ခံရဖို့ မထိုက်တန်ပါဘူး။ မြန်မာစိတ်၊ မြန်မာစရိုက်ရဲ့ အနှစ် သာရက 'အတ္တ' ကို ပယ်ခွာခြင်းဖြစ်တယ်။ ဗုဒ္ဓဆုံးမခဲ့တဲ့ 'အနတ္တ' တရားကို ဦးထိပ်ထားကြတယ်။ ''ဘယ်သူ သေသေ ငတေမာပြီးရော'' စိတ်က 'အတ္တ' လွန်ကဲမှုဖြစ်တယ်။ လူအများ ဘာဖြစ်ဖြစ် 'ငါ' ကောင်းစားဖို့သာ အဓိက ဆိုတဲ့ စိတ်ဖြစ်တယ်။ ဒီလူမျိုး တွေက မျောက်ပြ ဆန်တောင်း လုပ်တာမျိုးကိုလည်း ရှက်ရကောင်းမှန်း မသိဘူး၊ ကြောက်ရ ကောင်းမှန်းလည်း မသိဘူး။ မေတ္တာ၊ ကရုဏာ၊ စေတနာ ဆိုတာတွေလည်း နားမလည်ပါဘူး။ ဒီလူမျိုးတွေဟာ မြန်မာလို့ အခေါ် ခံရဖို့ မထိုက်တန်သူတွေပါ။
နေ့စဉ်သတင်းများ ( ၂၈ - ၂ - ၁၀ )
■ ရွှေပြည်သာစက်ရုံ နောက်ထပ်တရုံက အလုပ်သမားတွေ ထပ်မံဆန္ဒပြ သတင်း
■ မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဖိလစ်ပိုင်အဖွဲ့ တောင်းဆို သတင်း
■ အင်းစိန်ထောင်တွင်း အစာငတ်ခံ ဆန္ဒပြနေသူများကို မိသားစုက စိုးရိမ် သတင်း
■ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ပခုက္ကူသံဃာတော်များ ဆုတောင်း သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် ဥပဒေကြောင်းအရ အထူးအယူခံတင်မည် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်၏ အယူခံကို ပယ်ချသည့်အပေါ် နယ်အဖွဲ့ချုပ်ဝင်များက ရှုတ်ချ သတင်း
■ အယူခံပယ်ချမှု အဝေးရောက်အစိုးရ ဝေဖန်ရှုတ်ချ သတင်း
■ မြန်မာ့အရေး လူ့အခွင့်အရေးအဖွဲ့ တင်ပြ သတင်း
■ ငါးထောင်တန်ငွေစက္ကူ သုံးစွဲရခြင်းကို လာဘ်မကောင်းဟု ယူဆနေကြ သတင်း
■ ၀ါရင့်စာပေပညာရှင်ကြီးတွေကို စုပေါင်းကန်တော့ သတင်း
■ ထိုင်းဘဏ် (၂) ခု လက်ပစ်ဗုံး ပစ်ခံရလို့ ဘန်ကောက်လုံခြုံရေး တင်းကျပ် သတင်း
■ ထပ်စင်ပိုင်ဆိုင်တဲ့ ပစ္စည်းတန်ဖိုး ဘတ်ငွေ (၄၆) ဘီလျံကို တရားရုံးက သိမ်းယူ သတင်း
■ မျှတမှုမရှိတဲ့ တရားစီရင်ချက်ကို ထပ်စင် ရင်ဆိုင်ဖြေရှင်းမယ် သတင်း
■ ချီလီငလျင်ကြောင့် သေဆုံးသူ (၂၀၀) ကျော်သွားပြီ သတင်း
■ ပစိဖိတ်ကမ်းနိုင်ငံအားလုံး ဆူနာမီ သတိပေးချက် ရုပ်သိမ်း သတင်း
■ ချီလီနှင့် ဟေတီ ငလျင်ကြီး (၂) ခု နှိုင်းယှဉ်ချက် သတင်း
Sunday, February 28, 2010
နေ့စဉ်သတင်းများ ( ၂၇ - ၂ - ၁၀ )
■ မြန်မာနိုင်ငံသို့ ချေးခဲ့သောငွေ တပ်စင်အတွက် အကျိုးအမြတ်ရှိနေ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးသည့် စစ်အစိုးရကို ဒဏ်ခတ်ရန် အမေရိကန်အမတ် ပြောဆို သတင်း
■ ဒေါ်အောင်ဆန်းစုကြည် အယူခံကို ပယ်ချသည့်အတွက် ကုလသမဂ္ဂနှင့် အမေရိကန်၊ ဗြိတိန်၊ ကနေဒါ အစိုးရ တွေက ရှုတ်ချ သတင်း
■ ဒေါ်အောင်ဆန်းစုကြည် သောကြာနေ့ အယူခံလွှာ တင်သွင်းခွင့်ကို မြန်မာတရားရုံးမှ ကန့်သတ်ပိတ်ပင် သတင်း
■ အီးယူသံအမတ်များ အဖွဲ့ချုပ်၏ ရွေးကောက်ပွဲအပေါ် သဘောထားကို မေးမြန်း သတင်း
■ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ယူဒဗလျူအက်စ်အေ ဥက္ကဌ ပေါက်ယူချန်း ယနေ့ တွေ့ဆုံ သတင်း
■ ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်ကိစ္စ မြန်မာပြည်ထဲရေးဝန်ကြီး ဘန်ကောက်မြို့မှာ ရှင်းပြ သတင်း
■ ယာယီ နိုင်ငံကူးလက်မှတ်ကိစ္စ မြန်မာပြည်ထဲရေးဝန်ကြီး ရှင်းလင်း သတင်း
■ ယာယီနိုင်ငံကူးလက်မှတ်လုပ်သူများကို မဖမ်းဟု ပြည်ထဲရေးဝန်ကြီး ပြော သတင်း
■ အင်းစိန်ထောင်က အကျဉ်းသား (၂၀၀) နီးပါးလွှတ်၊ နိုင်ငံရေးအကျဉ်းသား မပါ သတင်း
■ နိုင်ငံပိုင်ပစ္စည်းများ ပုဂ္ဂလိကကို လေလံတင်ရောင်းချ သတင်း
■ အဓမ္မခိုင်းစေမှု ပညာပေးလုပ်ငန်း ရခိုင်ပြည်နယ်မှာ လှုပ်ရှား သတင်း
■ မြန်မာ့စီးပွားရေးအကျပ်အတည်းနဲ့ အလုပ်သမားလှုပ်ရှားမှု သတင်း
■ နှိပ်စက်ညှဉ်းပန်းမှုတွေကြားက တိုင်းရင်းအမျိုးသမီးသူကြီးများရဲ့ အခန်းကဏ္ဍ သတင်း
■ ဧရာဝတီပေါ်က ရေကာတာများ သတင်း
■ FEC တန်ဖိုး ဆက်လက် ကျဆင်းနေ သတင်း
■ ရှမ်းပြည်မှ လိမ္မော်သီးများ ကရင်နီပြည်သို့ တင်ပို့ရောင်းချမူ များပြားလာ သတင်း
■ (၇) ကြိမ်မြောက် မြန်မာ့သတင်းသမဂ္ဂ ညီလာခံ ပိတ်ပွဲ သတင်း
■ ချီလီတွင် ငလျင်ကြီး လှုပ်ခတ်၊ ဆူနာမီရေလှိုင်းများ အာရှနိုင်ငံများသို့ ရိုက်ခတ်မည်ကို စိုးရိမ်ရ သတင်း
■ အမူအကျင့် မပြောင်းလဲကြသူများ (ဆောင်းပါး)
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88