Friday, July 27, 2012

ရိုဟင်ဂျာ လှေစီးဒုက္ခသည်များ ပိုများလာဖွယ်ရှိ

July 26, 2012

လွန်ခဲ့တဲ့ နှစ်တွေအတွင်း အထူးသဖြင့် ပင်လယ်မှာ မိုးလေငြိမ်တဲ့ ဆောင်းနဲ့ နွေကာလတွေဆို ဘင်္ဂလားဒေ့ရှ် က လူသယ်သူ တွေရဲ့ လှေတွေနဲ့ ရိုဟင်ဂျာတွေဟာ အလုပ်အကိုင်ရှာဖွေဖို့နဲ့ ရတဲ့ငွေကို အိမ်ကမိသားစုတွေဆီ ပြန်ပို့ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ နဲ့ ထိုင်းတို့၊ မလေးရှားတို့ကို ခိုးဝင်တတ်ကြတယ်။

အခုတော့ မိန်းမနဲ့ ကလေးတွေပါ လှေပေါ်တင်ခေါ်လာဖို့ ကြံရွယ်နေကြပါပြီ။ “ကျနော့် ညီတွေရော၊ ကျနော့် မိန်းမရော၊ ကလေး ၅ ယောက်စလုံးပါ ထိုင်းကို လှေနဲ့ထွက်ဖို့ ပြင်နေတယ်။ နောက်ဆုံး မလေးရှားမှာတော့ နေစရာတခု ရှာတွေ့မယ်လို့ မျှော်လင့် တာပဲ” လို့ ရခိုင်ပြည် မောင်တောက အထည်ကုန်သည် ကိုဖိုင်ဇူလာက ဂျာမန်သတင်းဌာန Deutsche Welle ကို တယ်လီ ဖုန်းက တဆင့် ပြောပါတယ်။

သူက ဆက်ပြီး “တခြား မိသားစုတွေလည်း ဒီလိုပဲ ထွက်ပြေးဖို့ လုပ်နေကြတယ်။ ဒီမှာ နေ့တိုင်း ဒုက္ခက ပိုပိုဆိုးလာတယ်။ ကျနော်တို့ အားလုံး ဒီမှာ နေရတာ မလုံခြုံတော့ဘူး” တဲ့။

မေလ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်က မသီတာထွေး အသတ်ခံခဲ့ရမှုက စတင်ခဲ့တဲ့ ရခိုင်နဲ့ ရိုဟင်ဂျာများ အပြန်အလှန် အကြမ်းဖက်မှုတွေကို ထိန်းချုပ်ဖို့ စစ်ဘက်က တာဝန်ယူခဲ့ရပါတယ်။

နှစ်ဘက်စလုံး သေကြေပျက်ဆီးမှုတွေကို အစိုးရက ထုတ်ပြန်ခဲ့ပေမယ့် ဘယ်ဘက်က ဘယ်လောက်ထိခိုက်တယ် ဆိုတာ အသေးစိတ် အတည်ပြုချက် ရဖို့ ခက်ခဲနေဆဲပါ။

ရခိုင်မြောက်ပိုင်းက မူစလင်တွေကို ဖိနှိပ်နေတယ်လို့ မူစလင်ကမ္ဘာက ဒေါသတကြီး ဝေဖန်သံတွေ ညံလာနေတဲ့အပြင် လန်ဒန် အခြေစိုက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကလည်း မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ရခိုင်တိုင်းရင်းသားတွေဟာ ရိုဟင်ဂျာတွေကို အနိုင်ကျင့်နေတယ်လို့ ထုတ်ပြန်ကန့်ကွက်ခဲ့ပါတယ်။

မောင်တောဒေသက မူစလင်သတင်း ရပ်ကွက်တွေ အဆိုအရ လူငယ်တွေကို တွေ့တာနဲ့ ဖမ်းဆီးနေတာကြောင့် အတော်များများ ရှောင်ပုန်းနေရကြောင်း သိရပါတယ်။ မူစလင်လူငယ် ရာချီပြီး အဖမ်းခံထားရတယ် လို့လည်း သူတို့က ဆိုပါတယ်။

“လုံခြုံရေးတွေနဲ့ ရခိုင်တွေက ကျနော်တို့ ရွာသားတွေကို ဝင်ငွေရတဲ့ အလုပ်အကိုင် အကုန်လုံးလိုလို ပေးမလုပ်တော့ဘူး။ ရွာတော်တော်များများမှာ ကျနော်တို့ကို ဆန်မရောင်းပေးဘူး။ ကျနော်တို့ကို မြန်မာပြည်က ထွက်သွားဖို့ပဲ ပြောတယ်။ ကျနော်တို့ ဒီမှာ ငတ်သေရင်သေ၊ မဟုတ်ရင် အသတ်ခံပေါ့” လို့ ဖိုင်ဇူလာက ပြောပါတယ်။

စစ်တကောင်း သတင်းရပ်ကွက်တွေရဲ့ အဆိုအရ မြန်မာနယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့တွေဟာ ထိုင်းကို ထွက်မယ့် လှေတွေကို လူတယောက် ကျပ် တသောင်း (အမေရိကန် ၁၂ ဒေါ်လာ) ယူပြီး လွှတ်ပေးလေ့ ရှိတယ်လို့ သိရပါတယ်။ ဖိုင်ဇူလာကလည်း သူ့မိသားစု ထိုင်းကိုထွက်ဖို့ ကျပ် သိန်း ၃၀ (အမေရိကန် ဒေါ်လာ ၃၆၀၀) ကုန်မယ်လို့ လှေသမားတွေရဲ့ အဆိုကို ပြန်ပြောပြ ပါတယ်။

ဘင်္ဂလားဒေ့ရှ် တက်ခ်နဖ် အခြေစိုက် လူကုန်သည် ကရှမ်က ရခိုင်ပြည်က မိသားစု ၉ စု ဒီနှစ်ကုန်မှာ မလေးရှားကို ပို့ပေးဖို့ ရှိကြောင်း ပြောပါတယ်။ “ဘင်္ဂလားဒေ့ရှ်ကို ဝင်လာလို့ မရတော့တဲ့ မိသားစု ၅ စုကို ကျနော်တို့လှေက ဝင်ခေါ်ရဦးမယ်။ သူတို့ကို ထိုင်းမှာချပေးမယ်။ အဲဒီကမှ မလေးကို ကုန်းလမ်းကနေ ဝင်မယ်” လို့ လူသယ်တဲ့ အလုပ်ကို ၈ နှစ်လောက် လုပ်ခဲ့ပြီးဖြစ်တဲ့ ကရှမ်က ရှင်းပြပါတယ်။

လတ်တလောမှာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ ထပ်ဝင်လာမှာ စိုးရိမ်တာကြောင့် နယ်စပ်ကို ပိတ်ထားပါတယ်။ အိမ်နီးချင်း အာဆီယံနိုင်ငံတွေ ကလည်း လှေစီးဒုက္ခသည်တွေ ပိုထွက်လာမှာကို စိုးရိမ်နေပါတယ်။

မကြာသေးမီကပဲ ထိုင်းနိုင်ငံရဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးချုပ် မနက်ကုံပန်က မိုးရပ်ပြီဆိုတာနဲ့ ရိုဟင်ဂျာတွေ လှေစီး ပြီး ဝင်လာကြဖို့ရှိကြောင်း သတင်းတွေရထားတယ်လို့ ပြောပါတယ်။ သူက မလေးရှားဝင်ဖို့ ထိုင်းကို အသုံးပြုခွင့်ပေးမှာ မဟုတ်ဘူး လို့လည်း ဆိုပါတယ်။

တချိန်တည်းမှာ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်စူဝမ်က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ပြည့်စုံ တိကျတဲ့ ဖြေရှင်း ချက်ကို မြန်မာအစိုးရက လာမယ့် စက်တင်ဘာမှာ နယူးယောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို လာတက်မယ့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တဆင့် ထုတ်ပြန်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။ ” ဒီကိစ္စက အာဆီယံ လူ့အဖွဲ့ အစည်းအတွက် အရေးကြီးပါတယ်” လို့ ဆူရင်ပစ် စူဝမ်က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

Ref: ဧရာဝတီ

Read More...

NLD အမတ် ၂ ဦး လွှတ်တော်တွင် သတိပေးခံရ

လင်းသန့်
July 26, 2012

ယမန်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ် ၂ ဦး၏ ဆွေးနွေးချက်များကို ထောက်ပြ၍ လွှတ်တော်တွင်း သက်ဆိုင်ရာကိုသာ ဆွေးနွေးကြရန် ၂ ကြိမ် တိုင်တိုင် သတိပေးခဲ့သည်။

NLD ပြည်သူ့လွှတ်တော် အမတ် ဦးအုန်းကြိုင်နှင့် ဦးမင်းသူတို့က ကွတ်ခိုင် မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်၏ “တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းရေး” အဆိုကို ထောက်ခံ ဆွေးနွေးရာ မဆိုင်သည့် အချက်များ မဆွေးနွေး ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက သတိပေးခြင်း ဖြစ်သည်။

ယင်းအဆိုကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအုန်းကြိုင်၊ ဦးမင်းသူတို့ အပါအဝင် လွှတ်တော် အမတ် ၅ ဦးတို့ ထောက်ခံ ဆွေးနွေးခဲ့ ကြသည်။

ဦးအုန်းကြိုင်က မြန်မာလူမျိုး စရိုက်သည် ခေါင်းဆောင်ကို အားကိုးကြောင်း၊ ထို့ကြောင့် လွတ်လပ်ရေး တိုက်ပွဲကာလ ဗိုလ်ချုပ် အောင်ဆန်းကို အမျိုးသား ခေါင်းဆောင် အဖြစ်ရခဲ့ကြောင်း၊ သို့သော် ကံဆိုးစွာနှင့် ဗိုလ်ချုပ် အောင်ဆန်း သည် အသက်ဆုံးရှုံးခဲ့ရ၍ နှစ်ပေါင်း ၄၀ ကျော် ခေါင်းဆောင် လိုအပ်ချက်၊ ဟာကွက်ကြီး ဖြစ်ပေါ် နေခဲ့ရာမှ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသား ခေါင်းဆောင်ကြီး၏ ကိုယ်စား၊ ကိုယ်ပွား အဖြစ် ကံကောင်းစွာ ရသည့်အတွက် တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အသုံး ချရန်ပင် စသဖြင့် ဆွေးနွေးခဲ့သည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာ များတွင် ဖော်ပြထားသည်။

အဆိုပါ ပြောဆိုဆွေးနွေးမှုကို သူရ ဦးရွှေမန်းက လွှတ်တော် လုပ်ထုံးလုပ်နည်း၊ နည်း ဥပဒေများ တိကျစွာ လိုက်နာရန် ပြောဆိုပြီး ပုဂ္ဂိုလ် တဦးတယောက်နှင့် ပတ်သက်၍ လွှတ်တော် ဥပဒေများအရ ဆွေးနွေးခွင့် မရှိဟု ထောက်ပြ သတိပေးခဲ့သည်။

ဦးအုန်းကြိုင်၏ လွှတ်တော်တွင်း ဆွေးနွေးမှုများနှင့် ပတ်သက်၍ ရန်ကုန် နိုင်ငံရေး လောကတွင် ဝေဖန်သံ အမျိုးမျိုး ပေါ်ထွက်နေ ကြောင်း သိရသည်။

ဝါရင့်နိုင်ငံရေး သမားကြီးတဦးဖြစ်သူ ဦးချန်ထွန်းက လွှတ်တော်အတွင်း၌ ပါတီရေးရာ ကိစ္စများ ဟောပြော သကဲ့သို့ မဆွေးနွေး သင့်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အဖြစ် နိုင်ငံနှင့် အဝန်း အသိအမှတ် ပြုထားပြီး ဖြစ်သောကြောင့် လွှတ်တော် တွင် ဆွေးနွေးရန် မလိုအပ်ကြောင်း ဧရာဝတီကို ပြောသည်။

“လွှတ်တော်ထဲမှာ ကျတော့ ဒီလိုမျိုးပြောရင်၊ အကုန်လုံးက ကိုယ့်ပါတီ ကောင်းကြောင်းတွေပဲ ပြောကြရင် လွှတ်တော်က လွှတ် တော်နဲ့ တူမှာ မဟုတ်တော့ဘူး၊ နိုင်ငံရေး စင်မြင့်နဲ့ တူသွားမှာပေါ့” ဟု သူက ဆိုသည်။

ရန်ကုန် နိုင်ငံရေး အသိုင်းအဝန်းကလည်း NLD အမတ် ဦးအုန်းကြိုင်သည် တရားဥပဒေ စိုးမိုးရေးကို အမြဲပြောဆို နေသည့် ပြော သည့် ပါတီကြီးတခုမှ ပြည်သူ့ လွှတ်တော်အမတ် တဦးဖြစ်သော်လည်း တရားဥပဒေ ဆိုင်ရာ လွှတ်တော် လုပ်ထုံးလုပ်နည်းကို မကျွမ်းကျင်သူ၊ ဆွေးနွေးသည့် ခေါင်းစဉ်အစား ပုဂ္ဂိုလ်ရေး အမွှန်းတင်ပြီး ပြောဆိုသူ၊ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လိုတိုရှင်း ကောင်းမွန်သည့် ဆွေးနွေးချက်များကို မှေးမှိန်စေသူ စသဖြင့် ပြောဆို ဝေဖန်နေကြောင်း သိရသည်။

လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ခေါင်းဆောင် တဦးဖြစ်သည့် ဦးအေးသာအောင်ကမူ ဦးအုန်းကြိုင်၏ ပါတီခေါင်းဆောင် ကိစ္စ ပုဂ္ဂိုလ်ရေး ဆွေးနွေးချက်ကို သီးခြား မှတ်ချက် မပေးလိုကြောင်း၊ သို့သော် ဒီမိုကရေစီ နည်းကျသည့် လွှတ်တော်သည် လွှတ်တော် ကိုယ်စားလှယ်များအတွက် လွတ်လပ်စွာ ဆွေးနွေးခွင့် ရှိသည့် နေရာ ဖြစ်သင့်ကြောင်း ထောက်ပြသည်။

“လွှတ်တော် ကိုယ်စားလှယ် တယောက်အနေနဲ့ သူ့ရဲ့ အမြင်၊ သူ့ရဲ့ သဘောထားကိုတော့ လွတ်လွတ်လပ်လပ် ပြော ခွင့်ရှိဖို့တော့ လိုတာပေါ့။ ကျနော်တို့ ကလည်း NLD ကြားဖြတ်ရွေးကောက်ပွဲ မ၀င်ခင်ကတည်းက တကယ်တမ်းကော လွှတ်တော်ထဲမှာ လွတ် လွတ် လပ်လပ် လုပ်ခွင့်ရှိမလား၊ မရှိဘူးလားဆိုတာကိုလည်း စဉ်းစားခဲ့ပါတယ်” ဟု သူက ဆိုသည်။

သို့သော် နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ပြီး ယခုအခါ အလုပ်သမားများ အရေးအတွက် ဥပဒေ အကြံပေး လုပ်ဆောင် နေသည့် ရှေ့နေ ဦးဌေးက လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို လွှတ်တော်နှင့် သက်ဆိုင်သူ အားလုံး လေးစား လိုက် နာရန် လိုအပ်ကြောင်း၊ ၁၉၆၂ ခုနှစ် နောက်ပိုင်းကတည်းက ဒီမိုကရေစီ ဘောင်အတွင်း လွှတ်တော် မကျင်းပ နိုင်ခဲ့ကြောင်း၊ ၂၀၁၀ နောက်ပိုင်းမှ လွှတ်တော် ပြန်လည် ပေါ်ပေါက်လာသည့် အတွက် လွှတ်တော် အတွေ့အကြုံ နည်းပါးကာ ပြောဆို ဆွေးနွေး ရာတွင် အားနည်းချက်များ ရှိနေသေးကြောင်း ဧရာဝတီကို ပြောသည်။

“ပုဂ္ဂိုလ်ရေး အနေအထားအပေါ်မှာ ပြောတာဆိုတာကတော့ သူ့စည်းကမ်း သတ်မှတ်ချက်နဲ့အညီ ထိမ်းထိမ်း သိမ်းသိမ်း ဆောင်ရွက် သင့်တယ်လို့ ယူဆပါတယ်။ လွှတ်တော် ကိုယ်စားလှယ် တယောက်က ကိုယ့်ပါတီ ခေါင်းဆောင်၊ ကိုယ်လေးစားတဲ့ ပုဂ္ဂိုလ်နဲ့ ပတ်သက်လို့ ပြောဆိုတယ်ဆိုရင် ကျန်တဲ့ ပါတီတွေနဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ အငြင်းပွားမှုမျိုး ဖြစ်လာနိုင်တယ်” ဟု သူက ဆိုသည်။

တိုင်းပြည်တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ပြီး အားလုံး လက်တွဲ လုပ်ဆောင်နေချိန်တွင် ပုဂ္ဂိုလ်ရေး ဆိုင်ရာ ပြောဆိုဆွေးနွေးမှုများကို အဘက်ဘက်က ထိမ်းသိမ်းသင့်ကြောင်းလည်း သူက ဆက်ပြောသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဦးအုန်းကြိုင်အပြင် တခြား NLD အမတ် ဦးမင်းသူ၏ ဆွေးနွေးချက်ကိုလည်း သတိပေး ခဲ့သေးသည်။ သို့ရာတွင် ဦးမင်းသူ၏ ဆွေးနွေးချက်မှာ သင့်လျော်သည့်အတွက် သူရဦးရွှေမန်း၏ သတိပေးမှုကို ရန်ကုန် နိုင်ငံရေး အသိုင်းအဝန်း က ဝေဖန်ကြသည်။

ဦးမင်းသူက လွှတ်တော်ထဲရှိ တိုင်းရင်းသား ကိုယ်စားလှယ်များသည် နည်းဥပဒေ အချက်အလက် ဆွေးနွေးရာတွင် ပွင့်လင်း သင့် သလောက် မပွင့်လင်းဟု ပြောဆို ဆွေးနွေးခဲ့ရာ သူရ ဦးရွှေမန်းက လွှတ်တော်တွင်း မည်သူမဆို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခွင့် ရှိကြောင်း၊ လွှတ်တော်တွင်း ဆွေးနွေးရာတွင် မဆိုင်သည့် အချက်အလက်များကို ထည့်သွင်း မဆွေးနွေးရန် သတိပေးခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အဆိုကို မဆွေးနွေးမီ ပြည်သူ့လွှတ်တော် နည်းဥပဒေ ၁၃၀၊ ပုဒ်မခွဲ (စ) ကို အားလုံး သတိပြု ဆွေးနွေးစေလိုကြောင်း၊ နည်းဥပဒေ (င) တွင် သာမန်အားဖြင့် ပုဂ္ဂိုလ်တဦး၏ အကျင့်စာရိတ္တ၊ အပြု အမူနှင့် စပ်လျဉ်း၍ ဖော်ပြချက်များ မပါရှိစေရ၊ ပုဒ်မခွဲ (စ) တွင် အဆိုတရပ်ကို ဆွေးနွေးရာ၌ ပြောဆိုချက်များသည် လွှတ်တော်တွင် ဆွေးနွေးဆဲ အဆိုများနှင့်သာ အတိအကျ သက်ဆိုင်စေရမည် ဆိုသည့် နည်းဥပဒေကို လွှတ်တော် ကိုယ်စားလှယ်များ သိရှိလိုက်နာရန် လိုအပ် ပါကြောင်း သို့ဖြစ်ပါ၍ ရှေ့ဆက် ဆွေးနွေးရာတွင် ဆွေးနွေးမည့် ကိစ္စအား လွှတ်တော် ဥပဒေ နည်းဥပဒေများအပေါ် တိကျစွာ လိုက် နာဆွေးနွေးကြရန် တိုက်တွန်း အသိပေးလိုကြောင်း သူရ ဦးရွှေမန်းက ပြောဆို သတိပေးသည်ကို ယနေ့ထုတ် အစိုးရ သတင်း စာ များတွင် ဖော်ပြထားသည်။

Ref: ဧရာဝတီ

Read More...

အစိုးရ စစ်တပ် ပြုပြင်ပြောင်းလဲရေး ဆန္ဒမရှိဟု ဗိုလ်ချုပ်ကြီး ရွက်ဆစ် ပြော

ကျော်ခ
July 27, 2012

သမ္မတဦးသိန်းစိန်၏ အစိုးရသစ်က နိုင်ငံ ပြုပြင်ပြောင်းလဲရေးများကို ကြိုးစားလုပ်ဆောင်နေသော်လည်း စစ်တပ်ပိုင်းက အလေး ထား လိုက်နာမှုမရှိကြောင်း ရှမ်းပြည်တောင်ပိုင်း တပ်မတော်(SSA-S) ၏ ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ် က ဝေဖန်ပြောဆိုလိုက်သည်။

အစိုးရတပ်များသည် SSA-S အပါအဝင် အပစ်ရပ်ရေး ပဏာမ သဘောတူညီမှုရရှိပြီးသော တိုင်းရင်းသား တပ်များအပေါ် ထိုးစစ် ဆင် တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေခြင်းအပေါ် ထောက်ပြ၍ ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် သတင်း ဌာနမှတဆင့် ထုတ်ဖော် ပြောဆိုခဲ့သည်။

“ပြုပြင်ပြောင်းလဲရေးအတွက် သမ္မတနဲ့အဖွဲ့က ကြိုးစားအားထုတ်နေသလောက် စစ်တပ်က အလေးမထားဘူး၊ ကျနော်တို့ မိုင်းပူးလုံ မှာ အေးအေးချမ်းချမ်းနေနေတယ်၊ ဘယ်သူ့ကိုမှ သွားပြီး ရန်မရှာပေမယ့် မြန်မာစစ်တပ်က ကျနော်တို့ကို တမင် သက် သက် တက်တိုက်တယ်၊ ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာအစိုးရရဲ့စစ်တပ်က ပြောင်းလဲရေးအတွက် ဆန္ဒမရှိဘူး၊ အရင်နည်းအတိုင်း အာဏာ ဆက်လက် ချုပ်ကိုင်တဲ့စနစ်ကို သုံးချင်နေတုန်းပဲ”ဟု ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ် က ပြောသည်။

အစိုးရနှင့် ပဏာမအပစ်ရပ် သဘောတူညီမှု ရထားကြပြီးဖြစ်သော SSA-S နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSA-N) တပ်များ ကို အစိုးရတပ်များက ရှမ်းပြည်နယ်အတွင်း တိုက်ပွဲပေါင်း ၂၀ အထိ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်ရေး သဘောတူညီပြီးနောက် အစိုးရတပ်က နယ်မြေကျူးကျော်မှုများ၊ တိုက်ခိုက်နေမှုများနှင့် ပတ်သက်၍ ရှမ်းတပ်ဖွဲ့ နှစ်ဖွဲ့လုံး၏ ခေါင်းဆောင်များက သက်ဆိုင်ရာ ငြိမ်းချမ်းရေးအဖွဲ့ အဆင့်ဆင့်မှ သမ္မတ ဦးသိန်းစိန်အထိ တင်ပြခဲ့သော်လည်း ရပ်ဆိုင်းမှုမရှိဘဲ တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်ဟု ရှမ်းတပ် ခေါင်းဆောင်များက ပြောဆိုကြသည်။

“ဟိုတလောက ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ် ဦးသိန်းဇော်စီ ကျနော်တို့ သွားဆွေးနွေးပါတယ်၊ သူတို့က ဦးသိန်းစိန် က နေပြီး တော့မှ တပ်မတော်ကို စစ်ဆုတ်ပေးဖို့ ပြောတယ်၊ အဲဒါသူတို့က မဆုတ်ဘဲနဲ့ တဆင့်တက်ပြီးမှ တိုက်ပွဲဖြစ်လာတာ”ဟု SSA-N မဟာမိတ် ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ပိန်ဖှ က ဧရာဝတီသို့ ပြောသည်။

အစိုးရစစ်တပ်က ဒေသခံတိုင်းရင်းသားများအပေါ် ယခင်နည်းအတိုင်း အနိုင်ကျင့်ဖိနှိပ်နေမှုများကြောင့် ထာဝရငြိမ်းချမ်းရေးဖြစ်ပေါ် ရန် လွယ်ကူမည် မဟုတ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင် တပ်များအနေဖြင့် နိုင်ငံရေးဆွေးနွေးမှု မရမီအတွင်း အချင်းချင်း သည်းခံလက်တွဲသွားကြရန်လိုအပ်ကြောင်း ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ် က သတိပေးသည်။

အပစ်ရပ် သဘောတူညီမှု ရထားသော်လည်း တိုင်းရင်းသားတပ်များနှင့် တိုက်ပွဲများဖြစ်ပွားနေမှုအပေါ် အစိုးရငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင်များက အောက်ခြေ တပ်အချင်းချင်း နားလည်မှုလွဲမှား၍ မတော်တဆဖြစ်ပွားခဲ့ကြောင်း သတင်းမီဒီယာများနှင့် တွေ့ဆုံ သည့် အခါများတွင် ပြောဆိုခဲ့သည်။

ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ် က“အခုလို ဆက်တိုက်ဖြစ်နေခြင်းအားဖြင့် အောက်ခြေတပ်အဆင့် အမှားဆိုတာ မဖြစ်နိုင်တော့ဘူး၊ အထက်ပိုင်းရဲ့ စီမံချက်ကြောင့် ဖြစ်တယ်လို့ ကျနော်တို့ ယူဆတယ်၊ ဆက်ဖြစ်နေဦးမယ်ဆိုရင် ကျနော်တို့ ငြိမ်းချမ်းရေး ခရီးစဉ်ကို ထိခိုက် နိုင်မယ်၊ ငြိမ်းချမ်းရေးဆိုတာ ပျက်စီးသွားရင် နောက်တခါ ပြန်လည်စကားပြောဖို့ ခက်သွားပြီ”ဟု သတိပေး ပြောဆို ထား သည်။

ယင်းသို့ တိုက်ခိုက်နေမှုများနှင့် ပတ်သက်၍ ရှမ်းတပ်မတော်နှစ်ခု ပူးပေါင်းကာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ သတိပေး အကြောင်းကြားစာ ပေးပို့ရန် စီစဉ်နေကြောင်း သိရသည်။

ယခုနှစ်ဆန်းပိုင်းက ကချင်ပြည်နယ်အတွင်း ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO) အား တိုက်ခိုက်နေမှုများ ရပ်တန့်ရန် အစိုးရ တပ်များကို သမ္မတ ဦးသိန်းစိန်က ညွှန်ကြားခဲ့သော်လည်း ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်သည်။

ဇွန်လပိုင်းက အလားတူ အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီချက် ပြုလုပ်ထားသော ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP) တပ်ဖွဲ့ဝင်များနှင့်လည်း အစိုးရတပ်ဖွဲ့က တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

Ref: ဧရာဝတီ

Read More...

လုံခြုံရေးတပ် စစ်ဆေးမှုဒဏ်ဖြင့် မြောက်ဦး ဒေသခံတဦး သေဆုံး

ခင်ဦးသာ
July 26, 2012


ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ဒေသခံတဦးကို လုံခြုံရေးတာဝန် ယူထားသည့် စစ်တပ်က ခေါ်ယူ စစ်ဆေးရာမှ ဒဏ်ရာ ပြင်းထန်စွာ ရရှိပြီး သေဆုံးခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့ ၀သဲရပ်ကွက်မှ ဦးမောင်သာနု (၅၈ နှစ်) သည် ဇူလိုင် ၂၂ ရက် ညနေတွင် ၎င်းနေထိုင်ရာ အနီးရှိ ပျက်စီးနေသည့် နေအိမ်တခုမှ လျှပ်စစ် ၀ါယာကြိုးကို ဖြုတ်နေစဉ် လုံခြုံရေးယူထားသည့် ခြေမြန်တပ်ရင်း (ခမရ-၅၄၀) မှ စစ်သားများက ခေါ်ယူ စစ်ဆေးစဉ် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဒဏ်ရာ ပြင်းထန်သည့် အတွက် မြောက်ဦးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသစဉ် ဇူလိုင် ၂၄ ရက် ညနေတွင် ကွယ်လွန် သွားကြောင်း ဒေသခံများက ဧရာဝတီကို ပြောသည်။

ဦးမောင်သာနုသည် ၀ါယာကြိုးဖြုတ်နေစဉ် စစ်သားများ ပြေးလာသည်ကို မြင်သည့်အတွက် ထွက်ပြေးရာမှ စစ်သား ၅ ဦး၏ ရိုက်နှက်မှုကို ခံခဲ့ရကြောင်း၊ သေဆုံးချိန်၌ ခန္ဓာကိုယ် နောက်ကျောနှင့် ၀မ်းဗိုက်တို့တွင် ဒဏ်ရာ အများအပြား တွေ့ရကြောင်း၊ ဆေးရုံ မှတ်တမ်းအရ အမျိုးသား အင်္ဂါစပ်က ပြင်းထန်သည့် ဒဏ်ရာကြောင့် သေဆုံးခဲ့ရသည်ဟု သိရကြောင်း ၎င်း၏ နာရေးကိစ္စ ကူညီပေးခဲ့သူ တဦးက ပြောသည်။

“စစ်သားတွေ မြင်တော့ အကြောက်လွန်ပြီး ထွက်ပြေးတယ်၊ ဒီတော့ စစ်သားတွေကလည်းပဲ ဖမ်းခေါ်သွားပြီး စစ်ဆေးကြတယ်၊ သေနတ်ဒင်နဲ့ ထုထောင်း ခံရတော့ ဆီးစပ်ကွဲသွားတဲ့ အတွက် အသက်ကယ် မရတော့ဘူးလို့ ဆေးရုံ မှတ်တမ်းက ဆိုတယ်”ဟု မြောက်ဦးမြို့ နာရေးကူညီမှု အဖွဲ့ဝင် တဦးက ပြောပြသည်။

ဦးမောင်သာနုသည် သာမန် အရပ်သား လက်လုပ်လက်စား တဦးသာ ဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်များ၏ ယခုကဲ့သို့ မတရားနှိပ်စက် ညှဉ်းပန်းမှုကို ကျန်ရစ်သူ ဇနီးနှင့်ဆွေမျိုးသားချင်းများက ကျေနပ်မှု မရှိသော်လည်း စစ်တပ်ကို ကြောက်ရွံ့သည့် အတွက် သက်ဆိုင် ရာသို့ တိုင်ကြား တရားစွဲဆိုခြင်း မလုပ်ဆောင်ရဲကြကြောင်း သိရသည်။

သို့သော် ဒေသခံ ရပ်မိရပ်ဘများက တာဝန်ရှိသူများ၊ အာဏာပိုင်များ၊ ဒေသခံ နိုင်ငံရေးပါတီများထံ တိုင်ကြား၍ တရားဥပဒေ နှင့် အညီ ဆောင်ရွက်ပေးနိုင်ရေး အတွက် စီစဉ်နေကြကြောင်း မြောက်ဦး မြို့ခံများ က ပြောသည်။

ဦးမောင်သာနုသည် ၎င်းတို့ ပါတီဝင် တဦးမဟုတ် ကြောင်း၊ ထိုအမှုနှင့် ပတ်သက်၍လည်း ၎င်းတို့ပါတီထံ လာရောက် တိုင်ကြား ခြင်းမရှိသေးကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၏ မြောက်ဦး မြို့နယ် ဥက္ကဋ္ဌ နှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှိုင် က ပြောသည်။

၎င်းက“သူက ပါတီဝင်မဟုတ်တော့ ကျနော်တို့က တိုင်ကြားတာ၊ တိုင်ကြားဖို့ တိုက်တွန်းတာတွေ မလုပ်သင့်ပါဘူး၊ ဒါပေမယ့် သာမန် ပြည်သူ တယောက်ကို နိုင့်ထက်စီးနင်း လုပ်တဲ့သူတွေကို တာဝန်ရှိသူတွေက ချက်ချင်း စစ်ဆေးဖော်ထုတ် အရေးယူ အပြစ်ပေးသင့် ပါတယ်”ဟု ဆိုသည်။

ဦးမောင်သာနုအား ခေါ်ယူစစ်ဆေးခဲ့သည့် ခမရ ၅၄၀ တပ်ရင်းသည် ရခိုင်ပြည်နယ်၌ မကြာသေးခင်က ဖြစ်ပွားခဲ့သည့်အကြမ်း ဖက်မှုများနောက်ပိုင်း ဒေသတွင်းလုံခြုံရေး တာဝန်ယူထားသည့် စစ်တပ်ဖြစ်ကြောင်း၊ ဒေသခံ ရခိုင်တိုင်းရင်းသား ကျေးရွာ များနှင့် ဘင်္ဂါလီ ကျေးရွာများအကြား စစ်သား ၅ ဦးခန့် သို့မဟုတ် ရဲတပ်ဖွဲ့ဝင် တချို့က လုံခြုံရေး တာဝန်များ ယူပေးထား ကြောင်း သိရ သည်။

ခမရ ၅၄၀ မှ တပ်ဖွဲ့ဝင်များသည် မြောက်ဦးမြို့ ဇိနမာန်အောင် ဘုရားဝင်း တ၀ိုက်တွင် အခြေစိုက်၍ လုံခြုံရေး တာဝန်ယူ ထား ကြောင်း၊ ဦးမောင်သာနု ကို တပ်ကြပ်တဦး အပါအ၀င် တပ်ဖွဲ့ဝင် ၅ ဦး က ရိုက်နှက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးမောင်သာနု အား မြောက်ဦးမြို့၌ ယမန်နေ့က မြေမြှုပ် သင်္ဂြိုဟ်ခဲ့ပြီး ၎င်းတွင် အရွယ်မရောက်သေးသည့် သမီးငယ်နှင့် ဇနီး တို့ ကျန်ရစ်ကြောင်း ဒေသခံများ က ပြောပြသည်။

ရခိုင်ဒေသတွင်းရှိ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ရသေ့တောင် စသည့်မြို့နယ်များ၌ အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြီး နောက် ပိုင်း မြောက်ဦးမြို့တွင် ပဋိပက္ခတချို့ဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါ တည်ငြိမ်အေးချမ်းမှု အပြည့်အ၀ရှိနေပြီ ဖြစ်ကြောင်း ဦးထွန်းလှိုင် က ပြောသည်။

ဦးမောင်သာနု သေဆုံးမှုနှင့်ပတ်သက်၍ မြောက်ဦး ပြည်သူ့ဆေးရုံနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများသို့ ဧရာဝတီက ဆက်သွယ် ခဲ့သော်လည်း မရရှိပေ။

Ref: ဧရာဝတီ

Read More...

ဦးအောင်သိန်းလင်းကို ပခုက္ကူလူထု ဆန္ဒပြရန်ပြင်

ဇာနည်မာန်
July 26, 2012

တရုတ်နိုင်ငံထုတ် Southern Weekend China သတင်းစာနှင့် မေးမြန်းခန်းတွင် ပါရှိသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ပြည်ခိုင်ဖြိုးပါတီ) ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း၏ ပြောဆိုချက်များကို ရှုတ်ချသည့် အနေဖြင့် ဆန္ဒဖော်ထုတ်ရန် မကွေးတိုင်း ပခုက္ကူမြို့မှ ပြည်သူများက ပြင်ဆင်နေသည်။

“ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး ပြည်သူတွေ ရူးနေတာပါလို့ စော်ကားတာ တချက်၊ ဧရာဝတီ မြစ်ဆုံဆည်ကို ပြန်စမယ်လို့ ပြောတာတချက်ကြောင့် ဧရာဝတီကို ကာကွယ်ဖို့ လာမယ့် ၃၁ ရက်နေ့မှာ ဆန္ဒ ထုတ်ဖော်မယ် ဆိုပြီး စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခွင့် တင်ထားပါတယ်” ဟု ဆန္ဒထုတ်ဖော်မှုအတွက် စီစဉ်နေသူ ဦးဇော်ဝင်းထွန်းက ဧရာဝတီသို့ ပြောသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ နည်းဥပဒေ အခန်း ၂ အပိုဒ်ခွဲ ၄ အရ ဆန္ဒ ဖော်ထုတ်ရန် ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူးထံသို့ လျှောက်ထားကြောင်း၊ ပခုက္ကူ ပြည်သူလူထု ရာနှင့်ချီ ပါဝင်မည်ဟု မျှော်မှန်းထားကြောင်း၊ သို့သော် လည်း ပခုက္ကူမြို့သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာလှုပ်ရှားမှု ဂယက် စတင်စေခဲ့သည့် ဒေသဖြစ်သောကြောင့် အာဏာပိုင်များ က ခွင့်မပြုမည်ကို စိုးရိမ်ကြောင်း သူက ဆိုသည်။

“ရွှေဝါရောင်တုန်းက ပခုက္ကူက စ ခဲ့တော့ အခုလည်း ဒီကိစ္စမှ ပခုက္ကူက စထွက်မှာကို သူတို့တော်တော် စိုးရိမ်နေပုံရတယ်။ ကျနော် တို့ က ဒီနေ့ စာတင်ခဲ့တာဆိုတော့ ခွင့်ရ မရကို ၄၈ နာရီစောင့်ရမယ်။ မရခဲ့ရင်တော့ အယူခံ အရင်တင်ကြည့်ပြီး ဘာဆက်လုပ်မလဲ ဆိုတာ သူတို့ရဲ့ တုံ့ပြန်မှုအပေါ် အခြေခံပြီး ဆုံးဖြတ်ကြမယ်” ဟု သူက ပြောသည်။

ဆန္ဒဖော်ထုတ်မှုကို ပခုက္ကူမြို့ သာသနာ့ဗိမာန် အနောက်ဘက် ကားဂိတ်မှ စတင်ကာ မြို့မလမ်းအတိုင်း ငြိမ်းချမ်းစွာ စီတန်း လမ်း
လျှောက်၍ ရွှေချောင်း တံတား အနောက်ဘက် တံတားဦး သစ်စက်တွင် ရပ်နားကာ ဦးအောင်သိန်းလင်း အပါအ၀င် ပြည်ခိုင်ဖြိုး ပါတီနှင့် အစိုးရသစ် အနေဖြင့် ပြည်သူ့ဆန္ဒကို အလေးထားရန် တိုက်တွန်း ပြောဆိုပြီးနောက် လူစုခွဲမည်ဟု ဆိုသည်။

ဦးအောင်သိန်းလင်းက Southern Weekend China သတင်းစာသို့ ဖြေကြားမှု အပေါ် ပြည်တွင်း ဂျာနယ်တချို့နှင့် လူမှုကွန်ရက် facebook စာမျက်နှာ များတွင် ဖော်ပြဆွေးနွေး ခဲ့ကြပြီး လူအများ၏ ဝေဖန်မှု ခံခဲ့ရသည်။

ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်သည် ဖခင် အရှိန်အဝါဖြင့် ကျော်ကြားနေသူ ဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ထောက်ခံသူ များသည်လည်း အရူးများသာ ဖြစ်ကြောင်း ပုတ်ခတ် ပြောဆိုခဲ့သည့်အပြင် အများတောင်းဆိုမှု ကြောင့် သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် ရပ်ဆိုင်းထားသော မြစ်ဆုံဆည် စီမံကိန်းကြီးကို မဖြစ်မနေ ပြန်စရန် လိုကြောင်း သူ၏ ဖြေကြားချက်ကို အဆိုပါသတင်းစာက ဖော်ပြထားသည်။
ထို့အတူ ကုလသမဂ္ဂနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် တို့ကိုလည်း မြန်မာ့ပြည်တွင်းရေး ဝင်ရောက်နှောင့်ယှက်သူများ ဖြစ်သဖြင့် အယုံအကြည် မရှိကြောင်း သူ၏အမြင်ကို ပြောခဲ့သည်။

ဦးအောင်သိန်းလင်းက အဆိုပါ တရုတ် သတင်းစာ အနေဖြင့် ၎င်း၏ ဖြေဆိုမှုကို ဘာသာပြန် လွဲမှားစွာ ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ မိခင်ပါတီအနေဖြင့် အပြစ်ပေးပါက ခံယူသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

ပြည်ခိုင်ဖြိုး ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကမူ ဦးအောင်သိန်းလင်း၏ ဖြေကြားထားမှုများသည် ပါတီ၏ သဘောထား များ မဟုတ်ကြောင်း၊ အဆိုပါ ပြောဆိုချက် များသည် ပုဂ္ဂလိက အနေဖြင့် လွတ်လပ်စွာ ပြောဆိုခြင်းဖြစ်၍ ပါတီက အပြစ်ပေး အ ရေးယူရန် မရှိကြောင်း၊ အဆိုပါ ပြောဆိုမှုကြောင့် ပါတီ ဂုဏ်သိက္ခာ မထိခိုင်နိုင်ကြောင်း ပြောသည်။

Ref: ဧရာဝတီ

Read More...

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျန်းမာရေးအဖွဲ့များ ငှက်ဖျားတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်

27 July 2012
နော်ဆဲကလယ် (ကရင်သတင်းဌာန)

အစိုးရမဟုတ်သည့်အဖွဲ့ PSI- Myanmar သည် ငှက်ဖျားတိုက်ဖျက်ရေးစီမံချက်အတွက် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အ တွင်း၌ မြို့နယ်ကျန်းမာရေး တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ဆေးရုံအုပ်ကြီး ဒေါက်တာမောင်မောင် လွင်က ကရင်သတင်းဌာနသို့ ပြောသည်။

ဒေါက်တာမောင်မောင်လွင်က “PSI နဲ့အတူ ကျနော်တို့ အစိုးရကျန်းမာရေးအဖွဲ့တွေနဲ့ လူထုတွေ ပူးပေါင်းပြီး ငှက်ဖျားတိုက်ဖျက် ရေး အ တွက် ကွင်းဆင်းဆောင်ရွက်နေပါတယ်။ ဆေးစိမ်ခြင်ထောင်တွေ ဝေတဲ့အပြင် ရွာအရောက် ဆေးစစ်တာ ပညာပေးတာ တွေ ကိုလည်း လုပ်ပေးနေပါတယ်”ဟု ဆိုသည်။

ပညာပေးလုပ်ငန်းများ ပါဝင်သော အဆိုပါစီမံချက်ကို ပြီးခဲ့သည့် ဧပြီလကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ဒေသခံများအား ရက်တို သင်တန်း ပေးကာ ၀န်ထမ်းအဖြစ် သွေးစစ်သည့်လုပ်ငန်းများတွင် ပါဝင်ကူညီစေသည့်အပြင် ကျေးရွာများအရောက် ဆေးစိမ်ခြင် ထောင်များ ဝေငှ ခြင်းများကြောင့် ဒေသခံများအတွက် အဆင်ပြေသည်ဟုလည်း ဖားပြရွာသား စောသန်းဦးက ယခုလို ပြောသည်။

“ဆေးစိမ်ခြင်ထောင်မပြောနဲ့ ရိုးရိုးခြင်ထောင်တောင် မ၀ယ်နိုင်ဘူးလေ။ အခုလို လာပေးတော့ ကျနော်တို့အတွက် အများကြီး အဆင်ပြေ တယ်လေ။ သွေးစစ်တာလည်း ရွာမှာပဲဆိုတော့ ငှက်ဖျားရှိမရှိကို စစ်ဖြစ်တယ်။ မဟုတ်ရင် လမ်းစရိတ်မတတ်နိုင်လို့ မစစ်ဖြစ်ကြဘူးလေ” ဟု အဆိုပါရွာသား စောသန်းဦးက ဆိုသည်။

နွေရာသီကတည်းက မိုးတွင်း အဖြစ်များမည့် တုပ်ကွေး၊ ငှက်ဖျား စသည့်ရောဂါများ တိုက်ဖျက်ရေးအတွက် ကြိုတင်ပြင်ဆင် ထား သည့်အ နေဖြင့် ပိုးလောက်လန်းများ သေစေနိုင်သော ဆေးမှုန့်များဖြန်းခြင်း၊ ဟောပြောပွဲများ ပြုလုပ်ခြင်းများကြောင့် ယခုနှစ်တွင် သွေးလွန်တုပ် ကွေးဖြစ်ပွားမှုမှာလည်း ယခင်နှစ်များကထက် လျော့ကျလာကြောင်း ကြာအင်းဆေးရုံရှိ သူနာပြုဆရာမတစ်ဦးက “အခုချိန်ထိ သွေးလွန် တုပ်ကွေးဖြစ်လို့ ၉ဦးပဲ ဆေးရုံလာတင်ပါတယ်”ဟု ဆိုသည်။

ထိုမြို့နယ်ရှိ ချောင်းဝရွာတွင် လူ ၃ဦးအနက် ၂ဦးမှာ ရောဂါဖြစ်ပွားမှုအဆင့် ၃အထိ ရောက်ခဲ့သော်လည်း ယခုနှစ်တွင် ရောဂါဖြစ် ပွားမှု နှုန်း များပြားခြင်းမရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“ကျနော်တို့ဆီမှာက လူ ၁၀၀ဆို ၂၀လောက်က ငှက်ဖျားဖြစ်နေတာလေ။ ကြိုတင်ကာကွယ်လို့ရတာကို ငွေမတတ်နိုင်တော့ သိပေ မယ့် ဘာမှမလုပ်နိုင်ဘူးဗျာ။ ခုလို NGO တွေနဲ့ အစိုးရက လုပ်ပေးတော့ ကောင်းတာပေါ့”ဟု ပညာပေးလုပ်ငန်းများတွင် ၀င်ရောက် ကူညီပေး နေသော ကြာအင်းဒေသခံတစ်ဦးက ပြောသည်။

Population Services International-PSI နှင့်အတူ လုပ်ဆောင်သည့် ၎င်းရောဂါတိုက်ဖျက်ရေးစီမံကိန်းမှာ ထိုဒေသတွင် ပထမဆုံးအ ကြိမ်ဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာ ၄၀တွင် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Ref: ကေအိုင်စီ

Read More...

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်သည့် ဥပဒေလိုအပ်ကြောင်း ဒေါ်စု တိုက်တွန်း

26 July 2012
စအိုင်သန်

ပင်လုံစိတ်ဓါတ်ကိုအခြေခံ၍ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ကာကွယ်နိုင်မည့်ဥပဒေများကို ပြုပြင်ခြင်း၊ ပြဌါန်းခြင်းများ ဆောင် ရွက်ရန် လိုအပ်ကြောင်း ဇူလိုင်လ ၂၅ရက်နေ့က ပြည်သူလွှတ်တော်အစည်းအဝေးတွင် NLD ဥက္ကဌ ကော့မူးမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။

ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးတီခွန်မြတ်၏ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းရေးအဆိုကို ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံးထောက်ခံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်က “တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဆိုတာဟာ ဘာ သာစကား၊ ယဉ်ကျေးမှု ထိန်းသိမ်းခြင်းထက် များစွာ ကျယ်ပြန့်နက်နဲတယ်ဆိုတာ ကျမတို့မြင်နိုင်ပါတယ်”ဟုလည်း ထည့်သွင်းဆွေး နွေး သွားခဲ့သည်။

ကမ္ဘာ့ဘဏ်က ပြုစုထားသော စာရင်းအရ မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုနှင့်ပတ်သက်၍ တိုင်းရင်းသားများ အများဆုံးနေထိုင်သည့် ပြည် နယ်များတွင် အဆိုးရွားဆုံးဖြစ်ပြီး ချင်းပြည်နယ်တွင် ၇၃.၃ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၄၆.၄ရာခိုင်နှုန်း၊ ရခိုင် ပြည်နယ်တွင် ၄၃.၅ရာခိုင်နှုန်းတို့ ရှိသည်။

ဆွမ်ပရာဘွမ် မဲဆန္ဒနယ်မှ ဦးခမိုင်မုံကွမ် (ခ) ဦးခမိုင်တန်က ဆွေးနွေးရာတွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့် ရှောက်သည့် ဥပဒေပြဌာန်းဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် မူလအခွင့်အရေးကို ဆောင်ရွက်ခွင့်ပေးအပ်ရန် အချိန်ကျ ရောက်နေပြီဖြစ် ကြောင်းလည်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဌာန်းရေး အဆိုနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီမှ ၄ဦး အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၇ဦးတို့က ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

Ref: ကေအိုင်စီ

Read More...

မွန်ပြည်နယ် ရဲတပ်ဖွဲ့ရဲ့ ထမင်းရှင်ဘယ်သူလဲ

26 July 2012
ရာမညသား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ရှင်စောပုလမ်းအတွင်း တရားမ၀င် ဖွင့်လှစ်လုပ်ကိုင်နေသော အနှိပ်ခန်းနှင့် အခြား သော မြိုင်သာယာရပ်ကွက်အတွင်းရှိ တရားမ၀င် ဖွင့်လှစ်ထားသော အနှိပ်ခန်းများအား တိုင်ကြားသော်လည်း ဖမ်းဆီး အရေးယူ ဖယ်ရှား ခြင်း မရှိသောကြောင့် အွန်လိုင်းမီဒီယာများမှတစ်ဆင့် နေပြည်တော်မှ သက်ဆိုင်ရာလူကြီးမင်းများမှ လိုအပ်သလို အရေးယူဆောင်ရွက် ပေးပါရန် တင်ပြခဲ့ပါသည်။

ထိုသို့တင်ပြခဲ့ရာ ၉-၇-၂၀၁၂ ရက်နေ့တွင် မိုးမခအွန်လိုင်းမီဒီယာ၊ ၁၃-၇-၂၀၁၂ရက်နေ့တွင် သစ်ထူးလွင်အွန်လိုင်းမီဒီယာများတွင် ဖေါ်ပြ ပါရှိခဲ့ပါသည်။

ထိုသို့ပါရှိခဲ့မှုကြောင့် ၁၅-၇-၂၀၁၂ရက်နေ့ ညတစ်နာရီခန့်တွင် မွန်ပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့ အပါအ၀င် အဖွဲ့ပေါင်းစုံ မှ ရဲတပ်ဖွဲ့ဝင်အင်အား ၄၀ခန့်ဖြင့် အယောင်ပြ ရှာဖွေပြခဲ့ပါသည်။ ထိုသို့ အယောင်ပြရှာဖွေပြသောအချိန်တွင် မြိုင်သာယာရပ်ကွက် တစ်ခွင်ရှိ အနှိပ်ခန်းအသီးသီးမှာ တံခါးပိတ်၊ မီးမှိတ် ကိုယ်ဖျောက်နေခဲ့ကြပါသည်။ အချိန်နှစ်နာရီခန့် ကြာမြင့်သော အဆိုပါ အယောင် ပြ ရှာဖွေစစ် ဆေးမှု ပြီးစီးသော နံနက်သုံးနာရီအချိန်ခန့်မှ စတင်၍ ပြန်လည် ဖွင့်လှစ်လုပ်ကိုင်နေကြသည်မှာ ယနေ့ထက် တိုင် ဖြစ်ပါသည်။

မြိုင်သာယာရပ်ကွက်၊ ရှင်စောပုလမ်း၊ အမှတ်(၄၇)တွင် ဖွင့်လှစ်ထားသော တရားမ၀င်အနှိပ်ခန်းမှာ ပြည့်တန်ဆာလုပ်ငန်းကိုပါ ပူးတွဲလုပ် ကိုင်နေကြောင်း သိရှိရပါသည်။ ယင်းကို တိုင်ကြားပါက တိုင်ကြားသူသာ စစ်ဆေးမေးမြန်းခံရခြင်း၊ အရေးယူဖယ်ရှား မှုမရှိခြင်း၊ အယောင် ပြရှာဖွေပြပီး အထက်သို့ တရားမ၀င် အနှိပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင်မှုမရှိကြောင်း တင်ပြနေခြင်းများကြောင့် ရပ်ကွက်အတွင်းနေ ပြည်သူ လူထုအနေဖြင့် ရဲတပ်ဖွဲ့၏ ထမင်းရှင်မှာ အခွန်ထမ်းပြည်သူလူထု မဟုတ်ပဲ တရားမ၀င်အနှိပ်ခန်းများ ဖြစ်နေသလားဟူသော ယူဆချက် များ ဖြစ်ပေါ်စေပြီး ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှုကင်းမဲ့စေပါသည်။

သို့ဖြစ်ပါ၍ သက်ဆိုင်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ နေပြည်တော်မှ တာဝန်ရှိလူကြီးမင်းများမှ သေချာစွာ ကြီးကြပ်ကွပ်ကဲ၍ မွန် ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်အတွင်းရှိ တရားမ၀င်အနှိပ်ခန်းများ ပျောက်ကွယ်သွားစေရန် လိုအပ်သလို အရေး ယူ ဆောင်ရွက်ပေးပါရန် ထပ်မံ တင်ပြလိုက်ရပါသည်။

Ref: ကေအိုင်စီ

Read More...

နိုင်ငံတကာ မာရသွန်အပြေးပြိုင်ပွဲ ရန်ကုန်မှာ ကျင်းပဖို့ စီစဉ်နေ

2012-07-26

မြန်မာနိုင်ငံရဲ့ ပထမဆုံး နိုင်ငံတကာ မာရသွန် အပြေးပြိုင်ပွဲကြီးကို လာမယ့်နှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ဖို့ စီစဉ်နေကြောင်း ဆင်ဝှာ သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

ရိုးမ ရန်ကုန်လို့ အမည်ပေးမယ့် အဲဒီ နိုင်ငံတကာ မာရသွန် အပြေးပြိုင်ပွဲကို ၄၂ ကီလိုမီတာ၊ ၁၀ ကီလိုမီတာနဲ့ ၃ ကီလိုမီတာလို့  ၃ ပိုင်းခွဲထားပြီး ပြည်တွင်း ပြည်ပ အပြေးသမား တစ်ထောင်နီးပါး ပါဝင်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရွှေတိဂုံဘုရား အနောက်ဘက်မုဒ်အနီး ပြည်သူ့ ပန်းခြံကနေ တာထွက်ပြီး အဲဒီမှာပဲ ပန်းဝင်မယ်လို့ သိရပါတယ်။ ဒီ မာရသွန် ပြိုင်ပွဲကို စီစဉ်သူ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Sporting Republic က David Shin ကို ကိုးကားပြီး သတင်း ပေးပို့ထားတာ ဖြစ်ပါတယ်။


Ref: အာရ်အဖ်အေ

Read More...

မြန်မာ့သွင်းကုန် တားမြစ်ချက် စက်တင်ဘာလကုန်ပိုင်းမှာ ကုန်ဆုံးမည်

2012-07-26

မြန်မာနိုင်ငံက သွင်းကုန်တွေ တားမြစ်တဲ့ အမေရိကန် ဥပဒေ သက်တမ်းကို စက်တင်ဘာလကုန်ပိုင်းလောက်မှာ ကုန်ဆုံးမယ်လို့ ယာယီ သတ်မှတ်လိုက်ပါတယ်။

အချေအတင် ဖြစ်နေတဲ့အတွက် မြန်မာ့သွင်းကုန် တားမြစ်ချက်ကို ယာယီအားဖြင့် သက်တမ်း ကုန်ဆုံးမယ့်ရက် သတ်မှတ်လိုက် တာပါ။ အာဖရိက ကုန်သွယ်ရေးနဲ့ မြန်မာ့သွင်းကုန် တားမြစ်ချက် ကိစ္စနှစ်ရပ်ကို ဥပဒေကြမ်း တစ်စောင်တည်းမှာ တွဲထားပါတယ်။ ဒီကိစ္စတွေကို လွှတ်တော် တစ်လလုံးနားမယ့် သြဂုတ်လ မတိုင်ခင် အတည်ပြုချက် ရနိုင်မယ်လို့ အမတ်တွေက မျှော်လင့်ထားတာပါ။

မြန်မာ့သွင်းကုန် ပိတ်ပင်ရေး သက်တမ်းတိုးနိုင်ဖို့ အထက်လွှတ်တော် ရီပတ်ပလီကင် ခေါင်းဆောင် Mitch McConnell က ဒီ ကိစ္စနှစ်ရပ်ကို သီးခြားစီ ခွဲထုတ်ဖို့ အဆိုတင်ပါတယ်။ ဒါပေမဲ့ အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်တဲ့ ဒီမိုကရက် ပါတီက Max Baucus က အာဖရိက ကုန်သွယ်ရေး အစီအစဉ်ကို အတည်ပြုမယ့် ကိစ္စကို ထိပါးနိုင်တဲ့အတွက် Mitch McConnell ရဲ့ အဆိုကို ပယ်ချပါတယ်။

ဒါ့အပြင် ပါတီ နှစ်ရပ်စလုံးက နှစ်ရှည်လများ ထောက်ခံခဲ့တဲ့ မြန်မာ့သွင်းကုန် တားမြစ်တဲ့ ဥပဒေ သက်တမ်းတိုးရေး ကိစ္စကို သူတို့ပါတီ အကျိုးအတွက်ဖြစ်အောင် ဒီမိုကရက်တွေက လုပ်နေတယ်ဆိုတဲ့ ရီပတ်ပလီကင်အမတ် Mitch McConnell ရဲ့ စွပ်စွဲချက်ကို လည်း ပယ်ချပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် ကာတွန်းပြပွဲ ကျင်းပ

2012-07-26

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို လှူဒါန်းဖို့အတွက် ဒုတိယ အကြိမ်မြောက် (၃) ရက်ကြာ ကာတွန်းပြပွဲကို ရန်ကုန်မြို့ ပန်းဆိုးတန်း လမ်း မှာရှိတဲ့ လောကနတ် ပန်းချီပြခန်းမှာ ဒီကနေ့ မနက်ပိုင်းက ဖွင့်လှစ် လိုက်ပါတယ်။

ဒီအခမ်းအနားကို NLD ပါတီ နာယက တစ်ဦးဖြစ်သူ ဦးဝင်းတင်၊ စာရေးဆရာနဲ့ ရုပ်ရှင်ဒါရိုက်တာ မောင်မိုးသူ စတဲ့ ပုဂ္ဂိုလ်တွေ၊ ထင်ရှားတဲ့ ကာတွန်းဆရာတွေ အပါအ၀င် လူပုဂ္ဂိုလ် (၁၀၀)ကျော် တက်ရောက်ခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ ဆရာ ဦးဝင်းတင်က ကာတွန်းဆရာတွေ အနေနဲ့ နိုင်ငံရေး ကာတွန်းတွေ များများရေးကြဖို့ တိုက်တွန်း ပြောကြား ခဲ့ပါတယ်။

"အရေးကြီးတာက နိုင်ငံရေးအနှစ်သာရ အရေးကြီးပါတယ်။ နိုင်ငံရေး သဘောထား အရေးကြီးပါတယ်။ နိုင်ငံရေး ရည်မှန်းချက်၊ နိုင်ငံရေး ဆန္ဒသဘောထား အရေးကြီးပါတယ်။ အဲတော့ ကာတွန်းတွေ ရေးတဲ့ အခါမှာ နိုင်ငံရေးတွေကို မမေ့ကြပါနဲ့လို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ ဘယ်လို နိုင်ငံရေး ရေးရမလဲ ဆိုတာကို ကျွန်တော် မပြောချင်ပါဘူး။ သို့သော် ကာတွန်း ဆရာတွေ နိုင်ငံ ရေး လုပ်နေတယ်။ ဖြစ်တယ် ဆိုတာကို ကျွန်တော် ပြောချင်ပါတယ်"

အဲဒီပြပွဲမှာ ကာတွန်းဆရာ အာယုနဲ့ ကာတွန်းဆရာ ရွှေဘိုတို့ရဲ့လက်ရာ ကာတွန်း (၂) ခုကို စာပေစိစစ်ရေးက ပြသခွင့် မပြုဘူးလို့ သိရပါတယ်။ အဲဒီကာတွန်းတွေဟာ သတင်းမီဒီယာ လွတ်လပ်ခွင့် မရှိကြောင်း သရုပ်ဖော် ရေးဆွဲထားတာ ဖြစ်တဲ့အတွက် အခုလို ပြသခွင့် ပိတ်ပင်ခံရတာလို့ ကာတွန်းဆရာ အာယုက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ မီဒီယာ လွတ်လပ်ခွင့်မရှိဘူးလို့ပဲ ကျွန်တော်သုံးသပ်တာပါ။ ဘယ်လောက်ပဲ မီဒီယာ လွတ်လပ်ခွင့် ရှိတယ်ပြောပြော တကယ်လက်တွေ့ကျမှ ကျွန်တော် လက်တွေ့ခံရတာ။ အဲတာ ဘယ်လိုခေါ်ရမလဲဆိုတော့ ကျွန်တော်တို့က ဒို့တာဝန် အရေးသုံးပါးကို စော်ကားတဲ့ ကားမဟုတ်ဘူးဗျာ။ ပြည်သူတွေဘက်က ရပ်တည်တဲ့ကားပါ။ ပြည်သူတွေဘက်က ရပ်တည်တဲ့ကား ဆိုတော့လည်း ကျွန်တော်ကတော့ ရေးမှာပဲလေ။ ပယ်တာ မပယ်တာကတော့ သူတို့အလုပ်၊ ရေးတာက ကျွန်တော့်အလုပ်။ ဒါပေမဲ့ မီဒီယာ လွတ် လပ်ခွင့်မရှိဘူးဆိုတာကတော့ ကျိန်းသေတယ်"

ပြပွဲမှာ ကာတွန်းလက်ရာပေါင်း (၁၀၀) ကျော်ကို ချိတ်ဆွဲပြသထားပြီး မနက် (၉) နာရီကနေ ညနေ (၅) နာရီအထိ ပြသ ရောင်းချသွားမယ်လို့ သိရပါတယ်။

ပြပွဲမှာ ခင်းကျင်းထားတဲ့ ကာတွန်းတွေရဲ့ ရောင်းရငွေ တစ်ဝက်ကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင် ကြည် အမှတ်တရအဖြစ် ထူထောင်ထားတဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို လှူဒါန်းမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာ ဒေါ်ခင်ကြည်နှစ် (၁၀၀) ပြည့် မွေးနေ့ အထိမ်းအမှတ် အနေနဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို မြန်မာ့ ဒီမိုက ရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ရိုဟင်ဂျာကိစ္စအတွက် ပါကစ္စတန်အစိုးရကို တာလီဘန်က ခြိမ်းခြောက်

2012-07-26

ပါကစ္စတန်အစိုးရအနေနဲ့ အစ္စလာမ်မာဘတ်မြို့မှာရှိတဲ့ မြန်မာသံရုံးကို ပိတ်ပစ်ပြီး မြန်မာအစိုးရနဲ့ အဆက်အသွယ် မှန်သမျှကို ဖြတ် တောက် ရမယ်လို့ ပါကစ္စတန်နိုင်ငံမှာရှိတဲ့ TTP တာလီဘန်အဖွဲ့က တောင်းဆိုလိုက်ပြီး အဲဒီလို မဆောင်ရွက်ဘူးဆိုရင် မြန်မာနိုင် ငံမှာ မူစလင် ရိုဟင်ဂျာတွေကို နှိပ်ကွပ်နေမှုအတွက် မြန်မာနိုင်ငံကို မိမိတို့က တိုက်ခိုက်ရလိမ့်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

ဒါ့အပြင် တာလီဘန် TTP အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ehsanullah Ehsan (အက်ဆန်အူလာ အက်ဆန်) က တကယ်လို့ မိမိတို့ တောင်းဆိုချက်တွေကို ပါကစ္စတန်အစိုးရက မဆောင်ရွက်ဘူးဆိုရင် မိမိတို့ အဖွဲ့အနေနဲ့ မြန်မာပြည်ရဲ့ အကျိုးစီးပွား မှန်သမျှကို သာမက မြန်မာအစိုးရနဲ့ ဆက်ဆံနေတဲ့ ပါကစ္စတန် မှန်သမျှကိုလည်း တိုက်ခိုက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ပါကစ္စတန်မှာ လုံခြုံရေးတပ်ဖွဲ့တွေ မကြာခဏ အတိုက်ခိုက်ခံနေရတာနဲ့ ပတ်သက်ပြီး TTP က သူတို့ အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ ဆိုပေမယ့် အဲဒီအဖွဲ့ရဲ့ အမှန်တကယ် စွမ်းဆောင်နိုင်စွမ်းကိုတော့ ဝေဖန်သူတွေက သံသယ ရှိနေကြပါတယ်။

အမေရိကန် အရာရှိတွေရဲ့ ပြောဆိုချက်အရ ၂၀၁၀ ခုနှစ်တုန်းက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့လယ်ခေါင် Time Square မှာ ဗုံးခွဲဖို့ ကြိုးစားခဲ့တာဟာ အဲဒီ တာလီဘန် TTP အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင် ဟာကီမူလာ Hakimullah ကိုတော့ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန် စစ် စခန်းမှာ အသေခံ ဗုံးခွဲမှုတစ်ခုကြောင့် အမေရိကန် ဗဟိုထောက်လှမ်းရေး စီအိုင်အေ အဖွဲ့ဝင် ၇ ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုမှာ စွဲချက်တင်ထားပါတယ်။


Ref: အာရ်အဖ်အေ

Read More...

အမျိုးသမီးတွေ အခွင့်အရေး လွှတ်တော်မှာ ဆွေးနွေး

2012-07-26

ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မြို့နယ်၊ ကျေးရွာ အုပ်ချုပ်ရေး အဆင့်တွေအတွက် ပြည်သူလူထုက ရွေးချယ်လိုက်တဲ့ အမျိုးသမီးတွေကို တင်မြှောက်ပိုင်ခွင့် ရှိ မရှိဆိုတဲ့ မေးခွန်းကို ဖလုံဆဝေါ ပါတီရဲ့ ဘားအံမြို့နယ် မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဆေအွာက တင်သွင်းခဲ့ပါတယ်။

လက်တွေ့အခြေအနေမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေး တန်းတူရပိုင်ခွင့်ဟာ အားနည်းနေသေးတာကြောင့် ဒီမေးခွန်းကို လွှတ်တော်မှာ တင်ပြရတာဖြစ်တယ်လို့ ဒေါ်နန်းဆေအွာက RFA ကိုပြောပါတယ်။

ဒီမေးခွန်းနဲ့ ပတ်သက်လို့ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြန်လည်ဖြေဆိုရာမှာ သတ်မှတ် အရည် အချင်းနဲ့ ပြည့်မီတယ်ဆိုရင် အမျိုးသားဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူး အဖြစ် ရွေးချယ်ခံပိုင် ခွင့် ရှိတယ်လို့ ပြန်လည် ဖြေဆိုသွားပါတယ်။

လက်ရှိ လွှတ်တော်တွင်း အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်းဟာ ၁၂ ရာခိုင်နှုန်းပဲ ရှိပါသေးတယ်။

Ref: အာရ်အဖ်အေ

Read More...

မိတ္ထီလာ ထွန်တုံးတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ

2012-07-26

မိတ္ထီလာခရိုင်အတွင်း အတင်းအဓမ္မ လယ်ယာမြေ အသိမ်းခံထားရတဲ့ တောင်သူတွေက လယ်ယာမြေတွေမှာ ပြန်လည် စိုက်ပျိုးခွင့် ရရေးအတွက် ထွန်တုံးတိုက်ပွဲ ဆက်လက် ဆင်နွှဲနေကြပါတယ်။

မိတ္ထီလာ၊ ၀မ်းတွင်းနဲ့ မလှိုင်မြို့နယ်က ထွန်တုံးတိုက်ပွဲ ဆင်နွဲနေတဲ့ လယ်သမားတွေကို အာဏာပိုင်တွေက စစ်ဆေးမေးမြန်း ခြိမ်း ခြောက်မှုတွေ ရှိကြောင်းလည်း သိရပါတယ်။

မိတ္ထီလာမြိုနယ် ကံကောင်းရွာက လယ်မြေ ထွန်ယက်နေတဲ့ တောင်သူတွေထံကို အမှတ် ၁ စခန်းက ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး စစ်ဆေး မေးမြန်းခဲ့ကြောင်း လယ်သမားတစ်ဦးက ပြောပါတယ်။

လယ်ယာမြေ ဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး လယ်သမားတွေက သူတို့ရဲ့ ဘိုးဘွားပိုင်မြေ၊ ဓားမဦးချမြေ၊ မူလလက်ငုတ် လက်ရင်းပိုင် မြေတွေကို ပြန်လည် ရပိုင်ခွင့်အတွက် အခုလဆန်းပိုင်းက သက်ဆိုင်ရာကို တိုင်ကြားခဲ့ပေမဲ့ အရေးယူ ဖြေရှင်းပေးမှု မရှိတဲ့အတွက် မိတ္ထီလာ၊ သာစည်၊ ၀မ်းတွင်း၊ မလှိုင် လေးမြို့နယ်က လယ်သမားတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့က စပြီးတော့ ထွန်တုံးတိုက်ပွဲ စတင်ခဲ့ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

လယ်သမားနစ်နာမှု စုံစမ်းရေးကော်မရှင်ဖွဲ့မည်

2012-07-26

လယ်ယာမြေ သိမ်းဆည်းခံရမှုကြောင့် နစ်နာရတဲ့ လယ်သမားတွေ အရေးကို တရားမျှတစွာ ဖြေရှင်း ဆောင်ရွက် ပေးနိုင်ရန်အတွက် ကော်မရှင်တစ်ရပ် ဖွဲ့စည်းဖို့ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

ဇလွန် မဲဆန္ဒနယ်က ဦးတင်ထွဋ် တင်သွင်းတဲ့ "လယ်ယာမြေ သိမ်းဆည်းခံရခြင်းအား စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူ လယ် သမားများအား နစ်နာမှု မရှိစေရေး တရားမျှတစွာ ဖြေရှင်း ဆောင်ရွက်ပေးရန်" အဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ၀င်ရောက် ဆွေးနွေးပြီးနောက် ကော်မရှင်ဖွဲ့ရေးကို အတည်ပြု ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

"နောက်ဆုံး အပြီးသတ်ကို ဦးရွှေမန်း ဆွေးနွေးပါတယ်။ သူကဆွေးနွေးပြီးတော့မှ ပြည်ထောင်စုဝန်ကြီးက ပြန်ရှင်းပြီးတော့မှ ကျွန် တော်တို့က ဒီကိစ္စကို မဲခွဲတဲ့ အဆင့်ရောက်သွားပါတယ်။ အဲတာ ပြည်သူ့လွှတ်တော်က အဲဒီကိစ္စကို ဆုံးဖြတ်ပေးလိုက်ပါတယ်။ ကော်မ ရှင်ဖွဲ့မှာပါ။ ကော်မရှင်ရဲ့တာဝန်တွေ၊ လုပ်ပိုင်ခွင့်တွေကတော့ ကော်မရှင်ဖွဲ့ပြီးတော့မှပဲ သူတို့လွှတ်တော်ကို တင်မှာပါ"

ဒီကော်မရှင်မှာ လွှတ်တော် ကိုယ်စားလှယ်တွေ၊ အစိုးရ အဖွဲ့ဝင်တွေနဲ့ ပညာရှင်တွေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကော် မရှင်က ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး လယ်သမားတွေ အရေးကို ဆွေးနွေး ဖြေရှင်းမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးတင်ထွဋ် တင်သွင်းတဲ့ ဒီအဆိုကို ၀င်ရောက်ဆွေးနွေးသူ ကိုယ်စားလှယ်ပေါင်း ၄၆ ဦး ရှိပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးလည်း ပါဝင် ဆွေးနွေးကြောင်း သိရပါတယ်။

Ref: အာရ်အဖ်အေ

Read More...

အချိန်တန်ဖိုးထားဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆို

2012-07-26

လက်ရှိကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေက ဆွေးနွေးမှုတွေ အဆို တင်သွင်းချက်တွေဟာ အချိန်တိုတိုနဲ့ ထိရောက်မှုရှိဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားချိန်မှာ သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့တာပါ။

"အမှန်ပြောရရင်တော့ ကျွန်မကတော့ တိုတိုနဲ့ လိုရင်းပဲ ကြိုက်တယ်။ တိုတိုနဲ့ လိုရင်းဆိုတာ နားလည်လို့လည်း လွယ်တယ်။ နောက် ပြီးတော့ လွှတ်တော်ရဲ့ အချိန်တွေလည်း အလကားသက်သက် မကုန်ဘူးပေါ့။ ပြောစရာ ရှိတာတော့ အချိန်ယူပြော ရမှာပေါ့။ ဒါပေမဲ့ မလိုအပ်ဘဲနဲ့ အရှည်ကြီး ပြောတာတော့ ဒါ အလုပ်တွေလည်း မပြီးဘူးပေါ့နော်။ အလုပ်တွေက တနေ့နဲ့ တနေ့ မပြီးဘူး ဖြစ်နေ တယ်"

NLD ပါတီ ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်မှာ ပြောဆိုကြတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ် ညှိနှိုင်းဖို့ ရှိ ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုတယ်လို့ သိရပါတယ်။

တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး မနေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းတဲ့ အဆိုကို NLD ကိုယ်စားလှယ်တွေ ၀င်ရောက် ဆွေးနွေးခဲ့ရာမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက သတိပေး ပြောကြားမှုတွေ ရှိခဲ့တာနဲ့ ပတ်သက် ပြီး အခုလို ပြောကြားတာ ဖြစ်ကြောင်း သိရပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ပွင့်ဖြူလူသတ်မှုအတွက် လူ ၂ ဦးကို ဖမ်းဆီးထား

2012-07-26

မကွေးတိုင်း ပွင့်ဖြူမြို့နယ် သမန်းရင်းရွာမှာ အာဏာပိုင်တွေရဲ့ အဂတိ လိုက်စားမှုတွေကို ဖော်ထုတ်နေတဲ့ NLD ပါတီ ထောက်ခံ သူတစ်ဦး ဗုဒ္ဓဟူးနေ့ မနေ့က လုပ်ကြံ သတ်ဖြတ်ခံခဲ့ရမှုအတွက် သံသယရှိသူ ၂ ဦးကို ရဲက ဖမ်းဆီးထားပြီ ဖြစ်ပေမယ့် ဒီအမှုမှာ ပါဝင်သူတွေအဖြစ် ဒေသခံတွေ၊ မျက်မြင်သက်သေတွေက ပြောဆိုနေကြတဲ့ ကျန်ရှိသူ ၆ ဦးကိုတော့ အရေးယူ ဖမ်းဆီးခြင်း မရှိ သေးဘူးလို့ သိရပါတယ်။

ပြစ်မှု ကျူးလွန်သူ အားလုံးကို ဖမ်းဆီး အရေးယူမှု မရှိတာကြောင့် တခြားသူတွေကို ထပ်မံ အန္တရာယ်ပြုလာနိုင်တဲ့ အရေးအတွက် အင်မတန် စိုးရိမ်ပူပန်နေကြရတယ်လို့ မြို့ခံ NLD ပါတီဝင် တစ်ဦးက RFA ကို ပြောပါတယ်။

"ကျေးရွာလူထုက အရမ်းစိုးရိမ်နေရတယ်။ ဘာကြောင့်ဆိုတော့ နှစ်ယောက်က အချုပ်ထဲမှာ ရှိသေးတယ်လေ။ နှစ်ယောက်ပဲ ရောက် သေးတယ်။ ကျန်တဲ့ ၆ ယောက်က ပျောက်နေတယ်လေ။ ပျောက်နေတယ်ဆိုတာ ဒီကောင်တွေက အခု ရွာမှာ ကြိမ်းနေတယ်။ သူ့ရဲ့ သားသမီးတွေက။ ကျွန်တော်တို့ NLD အမာခံတွေပေါ့နော်၊ ခေါင်းဆောင်တွေ ပြန်ပြီး သတ်ပစ်မယ်ပေါ့နော်။ ဒီကောင်တွေ မထား ဘူးပေါ့။ အဲဒီလို ကြိမ်းမောင်းမှု ရှိနေတယ်။ ဒါကို ရဲကလည်း ကြားတယ်။ အရေးယူ ဆောင်ရွက်မှု မရှိဘူး။ ကျွန်တော်တို့ NLD တွေမှာ လုံခြုံမှု မရှိဘူး။ ဖမ်းပြီးတော့ပေါ့။ နှစ်ယောက်ကို ချုပ်ပြီး နှစ်ယောက်ကို ပြန်လွှတ်လိုက်တယ်။ ဒါဟာ ဥပဒေနဲ့ မညီဘူးလေ။ အမှန်တကယ်ဆိုရင် ရုံးမှာတင်ပြီး စစ်ဆေးရမယ်လေ။ အပြစ်ရှိတယ်၊ မရှိဘူးဆိုတာက ရုံးကပဲ ဆုံးဖြတ်ရမဲ့ ကိစ္စလေ။ ရဲက ဆုံးဖြတ် ခွင့် မရှိဘူးလေ။ အခုဒါက ကာယကံရှင်တွေ မိသားစုက လုံးဝမကျေနပ်ဘူး။ ကျွန်တော်တို့ မြို့နယ်ကလည်း မကျေနပ်ဘူး။ ပြည်သူ လူထုကလည်း မကျေနပ်ဘူး"

ဒီကိစ္စနဲ့ ပတ်သက်လို့ ပွင့်ဖြူမြို့နယ် ရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ တယ်လီဖုန်း လက်ခံပြောဆိုသူ ဝန်ထမ်းကို တခြား တာဝန်ရှိသူတစ်ဦးက ဆက်လက် ဖြေကြားခြင်း မပြုဖို့ ညွှန်ကြားသံ ကြားလိုက်ရပြီးနောက် တယ်လီဖုန်းလိုင်း အဆက် အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။

ဦးရဲဝင်းရဲ့ အလောင်းကို စစ်ဆေးခဲ့တဲ့ ပွင့်ဖြူမြို့နယ် ဆေးရုံကို RFA က ဆက်သွယ်မေးမြန်းရာမှာ မိမိအနေနဲ့ ဒီကိစ္စကို ဖြေဆိုခွင့် မရှိဘူးလို့ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောပါတယ်။ ဦးရဲဝင်းရဲ့ အလောင်းကို ဒီကနေ့ ကြာသပတေးနေ့မှာ ဂူသွင်းသဂြိုလ်ခဲ့ပြီး လိုက်ပါပို့ဆောင်သူ (၈၀၀) လောက်ရှိတယ်လို့ စောစောက ဒေသခံက ပြောပါတယ်။

"ဒီနေ့ နေ့လည် ၂ နာရီမှာ သံဃာတွေနဲ့ ကျွန်တော်တို့ အသုဘကို သွားပါတယ်ခင်ဗျ။ ကျွန်တော်တို့ သွားတဲ့ အခါမှာ လိုအပ်တဲ့ အချက်အလက်အထောက်အထားတွေကို ကျွန်တော် မှတ်တမ်း လုပ်ခဲ့ပါတယ်"

ဦးရဲဝင်းရဲ့ ကိုယ်မှာ ဓားဒဏ်ရာ ၁၂ ချက် တွေ့ရှိခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် ဆေးရုံနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။


Ref: အာရ်အဖ်အေ

Read More...

လယ်သမားအရေး ၈၈ တွေဝင်ရောက်ကူညီ

2012-07-26

ရန်ကုန်တိုင်း သံလျင်မြို့နယ် အလွမ်းဆွတ်ရွာမှာ စစ်တပ်က အဓမ္မသိမ်းထားတဲ့ လယ်တွေကို မူလလယ်သမားတွေ ပြန်ပြီးထွန်ယက် တဲ့ အတွက် ဒီနေ့မနက်မှာ စစ်တပ်က လက်နက်နဲ့ဝိုင်းပြီး ခြိမ်းခြောက် တားမြစ်လို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ကြားဝင် ညှိ နှိုင်း ဖို့ ကြိုးစားခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဲဒီနေရာကို လယ်သမားရေး ဆောင်ရွက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုမျိုးသန့်၊ ကိုထွန်းမြင့်အောင်တို့ ရောက် သွားပြီး လယ်သမားတွေရဲ့ အခြေအနေနဲ့ ဆန္ဒတွေ မေးမြန်း စုံစမ်းခဲ့ပါတယ်။ အဲဒီနောက် သိမ်းထားတဲ့ လယ်တွေကို တာဝန်ရှိသူ စစ်တပ်အရာရှိနဲ့ ဆွေးနွေးပေမယ့် အဆင်မပြေတဲ့အတွက် ရန်ကုန်တိုင်းအစိုးရ နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီးကို ဆက်သွယ်ပြီး ဒီပြဿနာဖြေရှင်းဖို့ကြိုးစားခဲ့တဲ့ အကြောင်း ကိုမျိုးသန့်က ပြောပါတယ်။

"အဲဒီမှာ တာဝန်ရှိတဲ့သူထဲက အကြီးဆုံး ဗိုလ်မှူး အောင်နေမျိုးပေါ့ဗျာ။ သူ့ဆီကို ဒီကိစ္စကို ကျွန်တော်တို့ ဘယ်လိုဖြေရှင်းနိုင်မလဲလို့ မေးတဲ့ အခါကျတော့ ကျွန်တော့မှာဘာမှ ပြောပိုင်ခွင့် မရှိဘူးတဲ့။ အဲတာ ကျွန်တော်တို့က ရန်ကုန်တိုင်း လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းဆီကို အကူအညီ တောင်းပါတယ်။ ဗိုလ်မှူးကြီးခင်ဗျား ဒီမှာရေတပ်နဲ့ လယ်သမားတွေနဲ့က ပဋိပက္ခက ပိုပြီးကြီးလာနိုင်တယ်။ လူအင်အားပြပြီး ခြိမ်းခြောက်နေတဲ့ ပုံစံမျိုးကိုတော့ ရပ်တန်းက ရပ်ပေးနိုင်ဖို့အတွက် ဘယ်လို ညှိနှိုင်း ဆောင်ရွက်ရင် ကောင်းပါမလဲ ဆိုပြီးတော့ အကူအညီ တောင်းတဲ့ အခါမှာ လုံခြုံရေးဝန်ကြီးက ရေတပ်ဌာနချုပ်ကို လှမ်းအကြောင်းကြား ပေးပါမယ်တဲ့။ သူတို့လူကြီး တစ်ယောက်ယောက် စီစဉ်ပေးနိုင်ပါတယ်လို့ ပြောတဲ့ အခါကျတော့ ကျွန်တော်တို့ စောင့်သေးတယ်ဗျ။ နောက်ဆုံး မလာတာနဲ့ ကျွန်တော်တို့ ပြန်လာတယ်ပေါ့ဗျာ"

အဲဒီ အလွမ်းဆွတ်ရွာမှာ လယ်မြေဧက (၂၀၀) ကျော်ကို ခလရ (၉၀) က ၁၉၉၅ ခုနှစ်မှာ သိမ်းခဲ့ပြီး လယ်သမားတွေကို တစ်ဧက စပါး (၁၀) တင်းနှုန်းနဲ့ သီးစားပြန်ချ ထားခဲ့တာပါ။ နောက်ပိုင်းမှာတော့ တပ်အဆင့်ဆင့်ပြောင်းပြီး အခုလက်ရှိ အမှတ် (၁)ဗျူဟာ စစ်ရေယာဉ်စုတပ်က ယူထားတာ ဖြစ်ပါတယ်။

ဒီအခြေအနေကြောင့် မူရင်းလယ်လုပ်ခွင့် ဆုံးရှုံးသွားတဲ့ လယ်သမားတွေက ပြီးခဲ့တဲ့ ၂ လလောက်မှာ သူတို့လယ်တွေ ပြန်လုပ် ခွင့်ပေးဖို့ သမ္မတဆီကို အသနားခံစာ တင်ခဲ့ပြီး လယ်တွေပြန်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီကာလမှာ အခုလိုစစ်တပ်က အင်အားနဲ့ ဆောင်ရွက်တာဟာ မဖြစ်သင့်တဲ့ ကိစ္စလို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုမျိုးသန့်က ပြောပါတယ်။

"နံပတ်တုတ်တွေကိုင်ပြီးတော့ လုံခြုံရေး အင်အားအပြည့်အဝနဲ့ လယ်သမားတွေကို ဝိုင်းထားပြီးခါမှ မလုပ်ရဘူးလို့ ပြောတာ။ ကျွန်တော်တို့ကလည်းပဲ လယ်သမားတွေ လယ်ပိုင်တာလား၊ မပိုင်တာလား ကျွန်တော်တို့ မဆုံးဖြတ်ဘူး။ အဲဒီလို လက်နက် အင်အား၊ လူအင်အားနဲ့ ခြိမ်းခြောက်တာမျိုးကတော့ မဖြစ်သင့်ဘူး"

တဆက်တည်းမှာပဲ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်က လယ်သိမ်းခံထားရတဲ့ လယ်သမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရဲ့ ရုံးခန်းမှာ ဒီနေ့ နေ့လည်က ပြုလုပ်ခဲ့ပါတယ်။

စစ်တပ်က သိမ်းထားတဲ့ အဲဒီမြေတွေမှာ အခြားစီမံကိန်းတွေ ဆောင်ရွက်တာမျိုး မရှိသလို လယ်မြေတွေလည်း ဖြစ်ထွန်းအောင် စိုက်ပျိုးတာ မဟုတ်ဘဲ အရင်အတိုင်းပဲ ဆက်လက်တည်ရှိနေတဲ့အတွက် မူလလယ်သမားတွေကို လယ်လုပ်ခွင့် ပြန်ပေးသင့်တဲ့ အကြောင်း လယ်သမားရေး ဆောင်ရွက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မနုနုအောင်က RFA ကိုပြောပါတယ်။

"'ဒီနေ့က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက် လယ်သမား ၈၀ ကျော်ရဲ့ လယ်ဧက ၆၀၀ ကျော်လေ၊ လယ်ယာမြေကိစ္စပေါ့။ သတင်းစာ ရှင်းလင်းပွဲလုပ်တာ။ သိမ်းတာက ရန်ကုန်တိုင်း စစ်ဌာနချုပ် ခလရ ၁၆၊ ခလရ ၁၃၉၊ ခလရ ၉၀၊ ခမရ ၄၃၅၊ ခမရ ၄၃၆၊ ခမရ ၇၀၂၊ ခလရ ၈၂၊ နလစ ၆၅၆ အဲတာသိမ်းတာ လျော်ကြေး ဘာမှမရဘူး"

ဒီလယ်တွေကို ၁၉၉၂ ခုနှစ်မှာ အဲဒီ စစ်တပ်တွေက သိမ်းခဲ့ပြီး မူလလယ်သမားတွေကို သီးစားပြန်ချ ထားခဲ့ပါတယ်။ နောက်ပိုင်းမှာ လယ်သမားတွေက တွက်ချေ မကိုက်တော့တဲ့ အတွက် အဲဒီလယ်တွေကို ဆက်မလုပ်ကြတော့ဘဲ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်တွေ ဖြစ်လာကြတယ်လို့ ဆိုပါတယ်။ တောင်သူ လယ်သမား ပြဿနာတွေ ပြေလည်အောင် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆက်သွယ် ပြီး ညှိနှိုင်း ဖြေရှင်းဖို့ ကြိုးစားသွားမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ပြောပါတယ်။


Ref: အာရ်အဖ်အေ

Read More...

မွေးမြူရေးငါးဝယ်ယူမှုတွင်လက်ငင်းနှင့်ရက်တိုအကြွေးစနစ်သို့ ပြောင်းလဲရန် တင်ပြ

ထွန်းနေအောင်(မြစ်မခ)
26 Jul, 2012

မြန်မာ့ငါးရောင်းဝယ်ရေးလုပ်ငန်းတွင် အကြွေးဝယ်ယူမှုများပြားနေခြင်းကြောင့် လက်ငင်း ငွေချေစနစ်၊ ရက်တို အတွင်းငွေပေးချေမှု စနစ်များအားပြောင်းလဲကျင့်သုံးသင့်ကြောင်း မြန်မာနိုင်ငံငါးမွေးမြူရေး လုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌကအကြံပြုပြောကြားခဲ့သည်။

ပြည်ပသို့ ငါးမြစ်ချင်း ငါးများတင်ပို့နေသော ကုမ္ပဏီအချို့သည်ငါးဒိုင်များမှကုန်ဖိုးငွေပေးချေရာ၌ ရက်ရှည် အကြွေးစနစ်ဖြင့် ပေးချေ နေ သောကြောင့်ငါးမွေးမြူရေးလုပ်ငန်းနှင့်အစာဝယ်ယူရာတွင်ငွေကြေး အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်းမှာလည်း ရင်းနှီးမြုပ်နှံမှု ငွေနည်းပါးနေတယ်။ အဲဒါကြောင့်ငါးရောင်းဝယ်မှု ကို လက်ငင်းငွေချေစနစ်၊ ဒါမှမဟုတ်ရက်တိုအတွင်းမှာ ငွေပေးချေမယ့်စနစ်ကိုကျင့်သုံးဖို့ လိုအပ်နေပါတယ်။” ဟု မြန်မာနိုင်ငံ ငါးမွေး မြူရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသန်းလွင်က ဆိုသည်။

ငါးဒိုင်များမှငါးရောင်းဝယ်ရေးဖြစ်ထွန်းရန်ကို ရှေးရှု၍ငွေပေးချေမှု စောင့်ဆိုင်းပေးခဲ့ခြင်းမှအကြွေးစနစ်ဖြစ်ပေါ်လာသည်။ နောက်ပိုင်း တွင် အခွင့်အရေးယူတတ်သည့် ကုမ္ပဏီအချို့မှာ ငွေပေးချေရန် ကြန့်ကြာနှေး ကွေးလာကြောင်းကိုလည်း လုပ်ငန်းရှင်များထံ ကသိရ သည်။

“ကျွန်မတို့ အနေနဲ့ကလည်း Export ငွေဈေးက ဒေါ်လာဈေးအောက်ကို ရောက်နေတယ်။ဘဏ်တိုးနှုန်း တွေကလည်း မြင့်နေတဲ့ အတွက်အရှုံးပေါ်ပြီး ငွေချေတဲ့အခါမှာ ရက်ကြာစနစ်တွေဖြစ်သွားရတာပါ။ အတတ် နိုင်ဆုံးတော့ရက်တိုငွေချေ စနစ်ကိုလုပ်ပေး ပါ့ မယ်။” ဟု ရေထွက်ပစ္စည်းနှင့် ပို့ကုန်လုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင် က ပြောသည်။

ဘဏ်မှချေးငွေယူနေရ၍ ဘဏ်တိုးနှုန်း (၁၃)% ပေးဆောင်နေရသဖြင့် ငါးမွေးမြူရေးလုပ်ငန်းသို့ လက်ငင်းငွေပေးချေရန် အခက်အခဲ များကြုံတွေ့နေကြောင်း ပြည်ပပို့ကုန်ကုမ္ပဏီများက ဆိုကြသည်။

ထို့ကြောင့် ငါးမွေးမြူရေးလုပ်ငန်းများလည်း အလုပ်သမားစရိတ်၊ ငါးအစာစရိတ်ဖြစ်သော ထုတ်လုပ်မှုကုန်ကျ စရိတ်ပေးဆောင် ရန် နှင့် ပုံမှန် ငါးလုပ်ငန်းလည်ပတ်နိုင်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

“ကျွန်တော်တို့ ငါးမွေးမြူရေးလုပ်ငန်းရှင်တွေအနေနဲ့ ဆုံးရှုံးနစ်နာမှုတွေကြောင့် လုပ်ငန်းခွင်မှာ ရင်းနှီးမြုပ်နှံမှုငွေအင်းအားနည်းပါး တဲ့အတွက် မွေးမြူရေးငါး ရောင်းဝယ်မှုတွေကိုလက်ငင်းငွေချေစနစ်( Cash Down) (သို့မဟုတ်) ရက်တိုအတွင်းငွေပေးချေစနစ် (Short-Term Payment) ဖြင့် ဝယ်ယူကြဖို့ စာတင်ထားပါတယ်”ဟု မွေးမြူရေးလုပ်ငန်းရှင်များအသင်းဝင်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းသို့ လိပ်မူကာ ဇူလိုင်လ (၃) ရက်နေ့က စာပေးပို့ခဲ့ ကြောင်းကိုလည်း အဆိုပါ လုပ်ငန်းရှင်က ဆက်ပြောသည်။

Ref: မြစ်မခ

Read More...

ဝပ်ဆိုင်းမွန်းဘုန်းကြီးကျောင်းတွင် မြန်မာကျောင်းထိုင်ဘုန်းတော်ကြီး ဆက်လက်ထားရှိမည်

အောင်ညိမ်းဝေ(ချင်းမိုင်)
26 Jul, 2012

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ၀ပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော်အဖြစ်မြန်မာ ဘုန်းတော် ကြီးအား ဆက်လက်ထားရှိမည်ဟု သတင်းရရှိသည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စစ်ယင်းလပ်ရှီနာဝပ်ထရာ နှင့် ဆွေးနွေးခဲ့ရာ ထိုင်းဝန်ကြီးချုပ်က နုတ်အားဖြင့် ကတိပေးခဲ့ကြောင်း ထိုင်းနိုင်ငံ မြန်မာသံရုံး တာဝန်ရှိသူ တစ်ဦးမှ ဇူလိုင်လ(၂၅)ရက်နေ့က တယ်လီဖုန်းဖြင့်အကြောင်းကြားလာသည်ဟု ၀ပ်ဆိုင်းမွန်း မြန်မာ ဗုဒ္ဒဘာသာ အသင်းက သိရှိရသည်။

“သမ္မတဦးသိန်းစိန်ကနေပြီးတော့ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းကို မြန်မာကျာင်းထိုင်အဖြစ် ဆက်လက်ထား ခွင့်ပေး ပါဆိုပြီး တောင်းဆိုတယ်တဲ့။ အဲဒီအခါကျတော့ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကနေပြီးတော့ ခွင့်ပြုပါ့မယ်လို့ ကတိပေးထားတယ်လို့ ပြောတယ်” ဟု ၀ပ်ဆိုင်းမွန်း မြန်မာဗုဒ္ဒဘာသာအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်မီးမီးက ပြောသည်။

သို့သော် ယင်းကိစ္စ ချင်းမိုင်မြို့ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ဘုန်းကြီးကျောင်းဂေါပကအဖွဲ့များသို့ တရားဝင် အကြောင်းကြား လာခြင်း မရှိသေးကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ အတည်ပြုချက်ရယူရန် ထိုင်းနိုင်ငံ မြန်မာသံရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ဝပ်ဆိုင်းမွန်း မြန်မာ ဗုဒ္ဒဘာသာအသင်း ဥက္ကဌ ဦးစိုးဝင်းကလည်း ကျောင်းထိုင်ပုဂ္ဂိုလ် အဖြစ် မြန်မာဘုန်းတော် ကြီးအား ဆက် လက်ထားခွင့်ရသည့်အတွက် ၀မ်းသာကြောင်းနှင့် နောက်ဆက်တွဲဆောင်ရွက်စရာလုပ်ငန်းများ ကျန်နေသေးကြောင်း ယခုကဲ့သို့ ဆိုသည်။

“အရေးကြီးတာ အဆင်ပြေတယ်လို့ အသံကြားရတာပဲ ကိုယ့်အတွက် အားရလောက် ပြီပေါ့။ ပြီးတော့မှ ကျွန်တော်တို့ ဆက်ပြီးကြိုး စားရဦးမှာပေါ့။ အခုလောလောဆယ်က သံရုံးက ဒီလိုပဲ ပြောသွားပြီးတော့ တကယ်လို့ ချင်းမိုင်က ဘုန်းကြီးကိစ္စတွေဘာတွေ ပြန် တက်လာရင်တော့ သံရုံးနဲ့ပဲဆက်ပြီး လုပ်စေချင် တော့တယ်။ ကျွန်တော်တို့ကျတော့ ဒီကျောင်းကိုထိန်းသိမ်းပေးတဲ့ အဆင့်လောက်ပဲ ရှိတာကိုး။” ဟု ဦးစိုးဝင်းက ပြောသည်။

ဝပ်ဆိုင်းမွန်းကျောင်းတွင် လွန်ခဲ့သည့် နှစ်ပေါင်း (၄၅၀) ခန့်က စတင်၍ မြန်မာ ဘုန်းတော်ကြီး ဦးဝရဓမ္မ က ကျောင်းထိုင်ပုဂ္ဂိုလ် အဖြစ်တာဝန်ယူခဲ့ပြီး မြန်မာဆရာတော်(၁၀) ပါးမှ ကျောင်းထိုင်ပုဂ္ဂိုလ်များအဖြစ် ဆက်တိုက်တာဝန်ယူခဲ့ကြောင်း ကျောင်းမှတ် တမ်းများအရ သိရသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းကလည်း ၎င်း၏လေ့လာချက်အရ လွန်ခဲ့သည့် နှစ်ပေါင်း (၄၅၀) ခန့်ကတည်းက ထိုင်းနိုင်ငံတွင်မြန်မာဘုန်းတော်ကြီးကျောင်းများ တည်ရှိခဲ့သည်ဟု ယခင်က ပြောဆို ခဲ့ဘူးသည်။

နောက်ဆုံးကျောင်းထိုင် ဆရာတော် ဦးအာသဘ (သက်တော် ၉၁ နှစ်၊ ၀ါတော် ၇၀) သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၁၉)ရက် နေ့က ပျံလွန်တော် မူခဲ့ပြီး မပျံလွန်မီက အဆိုပါကျောင်းတွင် (၆၅) နှစ်ကျော် ကျောင်းထိုင် ပုဂ္ဂိုလ်အဖြစ် တာဝန်ယူခဲ့သည်။

ဆရာတော်ဦးအာသဘ ပျံလွန်ပြီးနောက် ယခုနှစ် ဇူလိုင်လ (၉) ရက်နေ့တွင် ချင်းမိုင်ခရိုင် သာသနာရေး ဦးစီးဌာနမှ ထိုင်း ဆရာ တော် တစ်ပါးအား ကျောင်းထိုင်အဖြစ် ခန့်အပ်ရန် စီစဉ်ခဲ့ရာ မြန်မာနိုင်ငံသား (၁၅၀) ခန့်က လက်မခံဘဲ ငြိမ်းချမ်းစွာဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ် ဇူလိုင်လ (၁၇) ရက်နေ့က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ဝင်းနှင့် အဖွဲ့ ၀ပ်ဆိုင်းမွန်းကျောင်းသို့ လာရောက်စုံစမ်းခဲ့ပြီး သမ္မတ ဦးသိန်းစိန်ထံ တင်ပြခဲ့သည်။

ထိုင်းနိုင်ငံအတွင်း သီတင်းသုံးနေထိုင်သော မြန်မာကျောင်းထိုင်ဆရာတော်များ ပျံလွန်သွားပါက ထိုင်းနိုင်ငံသား သံဃာတော်များ ကသာ ကျောင်းထိုင်ပုဂ္ဂိုလ်ဖြစ်ခွင့်ရှိ သည်ဟု ထိုင်းနိုင်ငံ ဥပဒေက ပြဌာန်းထားသည်။

အကယ်၍ ၀ပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်းထိုင်အဖြစ် ထိုင်းသံဃာတပါးအား တာဝန်ပေးအပ်ပါက ချင်းမိုင်မြို့ရှိ သိန်းနှင့် ချီသော မြန်မာနိုင်ငံသားများအတွက် သာရေး၊ နာရေး ကိစ္စများအပါအ၀င် သာသနာရေး ကိစ္စရပ်များတွင်လည်း အခက်အခဲများ ကြုံတွေ့လာနိုင်သဖြင့် မြန်မာနိုင်ငံသားများက စိုးရိမ်နေကြသည်။


Ref: မြစ်မခ

Read More...

စဉ့်ကူးမြို့နယ်တွင် ရွှေတူးဖော်ရေးကုမ္ပဏီက စည်းကမ်းမဲ့နေသည်ဟု သတင်းများထွက်ပေါ်

မောင်ယဉ်ကျော်(မြစ်မခ)
26 Jul, 2012

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ရွှေကျင်ကျေးရွာတွင် လင်းသန့်ကုမ္ပဏီက စည်းကမ်းမဲ့စွာ ရွှေတူးဖော်နေကြောင်း ရွာသား များထံက သတင်းထွက်ပေါ်နေသည့်အပေါ်တွင် ကုမ္ပဏီက ပြန်လည်ငြင်းဆိုလိုက်သည်။

‘ကျွန်တော်တို့က သထ္တုတွင်းနဲ့တရားဝင်လုပ်ကိုင်တဲ့ တရားဝင်ကုပ္မဏီဆိုတော့ ကျွန်တော်တို့ ကုမ္ပဏီက စွန့်ပစ် တဲ့မြေစာတွေကို သက်မှတ်ထားတဲ့ ကုမ္ပဏီဝင်းထဲမှာပဲ စွန့်ပစ်ပါတယ်။ သတ္ထုတွင်းတို့ မြေစာရင်းတို့ကလည်း အခါအားလျော်စွာ ၀င်ရောက် စစ်ဆေး ပါတယ်၊ ကျွန်တော်တို့က သတ္ထုတွင်းကသက်မှက်ထားတဲ့ ပိုင်နက်အတွင်းမှာပဲတူးဖော်ပါတယ်။ ကျူးကျော်ခြင်း မရှိပါဘူး။ လုပ်ကွက် ထဲမှာပါသွားတဲ့လမ်းတွေအတွက်လည်း လမ်းသစ်တွေဖောက်ပေးပါတယ်၊ အဲဒီလမ်းသစ်တွေကိုလည်း ရွာသားတွေကပဲ ပိတ်ပစ်တာ ပါ’ဟု လင်းသန့် ကုမ္ပဏီမှ တာဝန်ရှိသူဦးမြင့်ကျော်က ပြောသည်။

ရွှေကျင်ကျေးရွာတွင် ရွှေတွင်းတူးဖော်ထုတ်လုပ်သော လင်းသန့် ကုမ္ပဏီအား သထ္ထုဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်း ချက်များနှင့်ညီညွတ်မှုမရှိသောကြောင့် သထ္တုတွင်းဝန်ကြီးဌာနမှ အရေးယူဆောင်ရွက် ပေးစေလိုကြောင်း ရွှေကျင်ရွာခံတစ်ချို့က တိုင်ကြားပြောဆိုကြသည်။

‘လင်းသန့်ကုမ္ပဏီက ရွာသူရွာသားတွေ အသုံးပြုနေတဲ့ လမ်းနဘေးထိ ကျူးကျော်ပြီး ရွှေတူးဖော်ထုတ်လုပ်နေတော့ လမ်းပေါ်မှာ မြေကြီး အပုံတွေနဲ့ ချိုင့်တွေဖြစ်နေတယ်အန္တရယ်ရှိလို့ ရွာသူရွာသားတွေ သွားရေးလာရေးအတွက် စိတ်အနှောက်အယှက်ဖြစ် နေရ တယ်’ဟု ရွာခံ ဦးအောင်ကျော်မင်းက ရွာ၏ အခက်အခဲအား ပြောပြသည်။

ကုမ္ပဏီမှစွန့်ပစ်မြေစာကျောက်ခဲများအား လယ်ကွက်များအတွင်း လယ်ရှင်များကို အသိမပေးဘဲ စည်းကမ်းမဲ့ စွန့်ပစ်ကြောင်းကိုလည်း လယ်ပိုင်ရှင်တစ်ဦးထံမှသိရှိရသည်။

‘ကျွန်တော်တို့ လယ်တွေထဲကိုခွင့်ပြုချက်မရှိပဲ ရွှေတူးရာကနေထွက်လာတဲ့ စွန့်ပစ်ပစ္စည်း (ကျောက်ခဲ)တွေကို စည်းမဲ့ကမ်းမဲ့ လာ ပစ်ပါတယ်၊ ကျွန်တော်တို့က ခြံစည်းရိုးခတ်မယ်ဆိုတော့လည်း သူတို့ကခွင့်မပြုဘူး လယ်ထဲ က ကျောက်ခဲတွေလူငှား ဖယ်ခိုင်းရင် ငွေသိန်းကဏန်းအထိ ကုန်ကျပါတယ်’ဟု တောင်သူ ဦးတင်အုန်းက ဆို သည်။

သထ္တုတွင်းဝန်ကြီးဌာနမှ လင်းသန့်ကုမ္ပဏီအား ၂၀၁၀ခုနှစ် သြဂုတ်လ(၂၇)ရက်နေ့မှစ၍ ချမှတ်ထားသော မြန်မာ့သတ္တုတွင်း ဥပဒေ နှင့်အညီ မြေနှစ်ဆယ်ဧကသာ သတ္ထုအသေးစား ထုတ်လုပ်ရန်ခွင့်ပြုထားကြောင်း သတ္ထုအသေးစားထုတ်လုပ်ရန် ခွင့်ပြုမိန့်တွင် ဖော်ပြ ပါရှိသည်။

Ref: မြစ်မခ

Read More...

မန္တလေးမြို့ကြီး ထိန်လင်းနေလည်း မှောင်မဲနေဆဲ မန်းတက္ကသိုလ်

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
26 Jul, 2012

မန္တလေးတက္ကသိုလ်အတွင်းရှိ အဆောင်များနှင့် လိုင်းခန်းများတွင် နေထိုင်ကြသောပညာရေးဝန်ထမ်းများအနေဖြင့် လျှပ်စစ်မီးသုံး စွဲမှုတွင် အခက်အခဲများစွာကြုံတွေ့နေရကြောင်းပညာရေးဝန်ထမ်းတစ်ဦးထံက သိရှိရသည်။

အဆိုပါအဆောင်များနှင့် လိုင်းခန်းများတွင် ပါမောက္ခချုပ် ၊ လက်ထောက်ပါ-ချုပ်၊ ပါမောက္ခများ ၊ ဆရာဆရာမများနှင့် နိုင်ငံခြား မှ ကျောင်းလာတက်သည့် တရုတ် ကျောင်းသူ ကျောင်းသားများ နေထိုင်ကြသည်။

“သက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေ အားလုံးကိုပြောတယ် ၊ ဘယ်သူကမှ လုပ်မပေးဘူး၊ ပါချုပ်တစ်ယောက်ကို ပဲပြောဖို့ကျန်တော့တယ် “ဟု အမည်မဖော်လိုသူ ၀န်ထမ်းကပြောသည်။

မန္တလေးတက္ကသိုလ်တွင် ယခင်ကျောင်းသူကျောင်းသားများနေထိုင်ခဲ့ကြသောရွှေမန်းဆောင် ၊ ရာပြည့်ဆောင် နှင့် အခြားအဆောင် များတွင် တက္ကသိုလ်ဆရာဆရာများနေထိုင်ခြင်း ၊ တက္ကသိုလ်ပရ၀ဏ်အတွင်းတွင် ၀န်ထမ်းများနေထိုင်သော လိုင်းခန်းများနှင့် အခြား ပညာရေး ၀န်ထမ်းများနေထိုင်သော လိုင်းခန်းများရှိကြောင်း သိရသည်။

အဆိုပါအဆောင်များ လိုင်းခန်းများအတွက် လျှပ်စစ်မီတာခများပေးဆောင်ရာတွင် ကုန်ကျမှု စရိတ်များပြားကြောင်း အကြောင်းပြကာ အဆောင်များလိုင်းခန်းများအား လျှပ်စစ်မီးကို မနက်ရှစ်နာရီမှ ညနေလေးနာရီ ကျော်ထိ ဖြတ်တောက်ထားကာ ရုံးပိတ်ရက် များတွင် လည်း အလားတူ ဖြတ်တောက်ထားကြောင်း သိရသည်။

“အောက်ခြေ၀န်ထမ်းတွေနေတဲ့အဆောင်တွေ နဲ့ ဒုပါမောက္ခတွေနေတဲ့ အိမ်တွေထိပါမီးဖြတ်ထားတာ ဖြစ်တယ်၊ တစ်ချို့ကြတော့ လဲ ကိုယ့်လိုင်းခန်းကို ကိုယ့်ဖာသာ နှစ်ဆယ့်လေးနာရီ မီးရအောင် နားလည်မှုနဲ့ ကြိုးတွေ သွယ်ထားတာတွေရှိတယ်၊ တရုတ် ကျောင်း သား တွေနေတဲ့ အဆောင်ကိုလဲ မီးကိုအချိန်ပြည့် ပေး ထား တယ်´´ ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထိုကဲ့သို့ လျှပ်စစ်မီးဖြတ်တောက်ခံထားရမှုကြောင့် ၀န်ထမ်းများအနေဖြင့် ချက်ပြုတ်စားသောက်ရန် အခက်အခဲများစွာ ကြုံတွေ့နေရ ကြောင်းနှင့် အချို့မှာ ညသန်းခေါင်ကျော်အချိန်ကတည်းက ထ၍ ချက်ပြုတ်ကြ ရကြောင်းသိရသည်။

“သူများတွေကတော့ ညနှစ်နာရီကျော်ကျော်ထပြီး မနက်ရုံးထမင်းအတွက် ချက်ကြပြုတ်ကြရတာ တွေရှိတယ် ၊ အချို့ကြတော့လဲ အဲဒီလိုဒဏ်မခံခြင်တော့ အပြင်မှာပဲ ၀ယ်စားလိုက်ရတာပေါ့ ၊ ကရိကထ အတော်များပြီး ဒုက္ခကြုံနေကြရတယ်” အဆောင်နေ ကျောင်းသားတစ်ဦးက ပြောသည်။

မန်းတက္ကသိုလ်တွင် နေထိုင်သော ၀န်ထမ်းများအနေဖြင့် အချို့မှာ ကိုယ့်မီတာကို ကိုယ်ပိုင်ပိုက်ဆံဖြင့် ပေးသွင်းနေသောလည်း အဆင့်မြင့်ဝန်ထမ်းများသုံးဆွဲနေသောမီတာခများကိုမူ ကျောင်းမှပေးသွင်း သောစာရင်းထဲ မှပေးဆောင်ပေးနေရကြောင်းကိုလည်း သိရသည်။

ယခုအဖြစ်အပျက်အား ယခင်ပါချုပ်လက်ထက်ကသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အသစ်ရောက်လာသောပါချုပ်အနေဖြင့် ယခုလိုဖြစ်ပျက်နေမှု အား သိသော်လည်း ပြန်လည်ပြင်ဆင်ခြင်း မရှိသေးကြောင်း သိရပြီး မီးမရရှိသည် မှာ လေးနှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

“မန္တလေးမြို့ကြီးမီးပျက်နေတုန်းက တက္ကသိုလ်ထဲမှာလဲ အများနည်းတူ မီးပျက်နေတယ် ၊ ခုမန္တလေးမြို့ကြီးမှ မီးတွေလင်းနေပေမဲ့လဲ ၊ တက္ကသိုလ်ကတော့ မီးပြန်မရသေးဘူး” ဟု အမည်မဖေါ်လိုသူဝန်ထမ်းက ပြော ကြားသည်။

Ref: မြစ်မခ

Read More...

ရေကြောင်းသိပ္ပံတက္ကသိုလ်က အမှတ်မြင့်အရည်အသွေးစစ်၍ ကျောင်းသား(၃၂၀)သာ လက်ခံမည်

ရှုမ၀အောင်(မြစ်မခ)
26 Jul, 2012

မြန်မာနိုင်ငံရေကြောင်းသိပ္ပံတက္ကသိုလ်၌ ယခုနှစ်၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ တက်ရောက်နိုင်ရန် ယခင်ထက်အမှတ်ပေါင်း တိုးမြင့်၍ ကျောင်းသားဦးရေ (၃၂၀)သာ လက်ခံမည်ဖြစ်သည်။

ယခင် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်ပေါင်း (၄၅၀)ရရှိသူများကို လက်ခံခဲ့ရာမှ ယခုတွင် အမှတ်ပေါင်း ၄၅၀ အထက်အမှတ် ရရှိ သည့် ကျောင်းသားများသာ လျှောက်ထားနိုင်မည်ဖြစ်သည်။

ထို့အပြင် လူတွေ့စစ်ဆေးခြင်းနှင့် မျက်စိစမ်းသပ်ခြင်း၊ အသည်းရောင်အသားဝါဘီပိုး၊ HIV ၊ AIDS စသည့် ကျန်းမာရေး စစ်ဆေး မည်ဖြစ်ပြီး ဆေးစစ်ချက်များကိုပါ တပါတည်း တင်ပြရမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

ကျောင်းသားများ စိစစ်ရွေးချယ်မှုပြုလုပ်ရခြင်းနှင့်ပတ်သက်၍ရေကြောင်းပညာတက္ကသိုလ်မှပါမောက္ခချုပ် ဒေါက်တာချာလီသန်းက ယခုကဲ့သို့ဆိုသည်။

“ကျွန်တော်တို့ကျောင်းကို နိုင်ငံတကာကခဏခဏ လာစစ်ဆေးတယ်။ ၆လပိုင်းမှာ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO) က လာစစ်ဆေးတယ်။ ခု ၂၆ ရက်နေ့တွင် တစ်ကြိမ် စစ်ဆေးမှုလုပ်မယ်။ အဲ့တာကြောင့် ကျောင်းသားတွေကို စစ်လိုက်တာပါ။” ဟု ဒေါက်တာချာလီသန်းက ပြောသည်။

ရေကြောင်းသိပ္ပံ တက္ကသိုလ်ကျောင်းတွင် Professional ကျောင်းဆရာများလည်း လုံလောက်မှုမရှိသည့် အခက်အခဲများရှိ နေ သဖြင့် သင်္ဘောမတက်နိုင်တော့သည့် အငြိမ်းစားဆရာများကို အချိန်ပိုင်း ဆရာအဖြစ် သင်ကြားစေကြောင်းကိုလည်း ပါမောက္ခကြီး ကဆိုသည်။

“ကျန်းမာရေးအဆင့်မမီသော ကျောင်းသားများကို အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)ကို ပြန်ပြီး စေလွှတ်မှာပါ။ ဒါ ကြောင့် ကျန်းမာရေးအခြေနေနဲ့ ကိုယ့်အမှတ်ကို ကိုယ်ချင့်ချိန်ပြီး လျှောက်သင့်တယ်လို့ ထင်တယ်။” ဟု ဒေါက်တာချာလီသန်းက ဆက်လက်အကြံပြုခဲ့သည်။

တက္ကသိုလ်ကျောင်းပြီးသည့် ကျောင်းသားများကို ကိုးရီးယား၊ ဂျပန် နိုင်ငံ ကုမ္ပဏီများက အလုပ်လက်တွဲ အလုပ်လုပ်ကိုင်ရန်ခေါ် ယူခြင်းကြောင့် လက်ရှိတွင် ၎င်းတက္ကသိုလ်ကျောင်းနှင့် ဆက်သွယ်ထားသော ကုမ္ပဏီ (၂၃)ခုအနက် ကိုးရီးယားနိုင်ငံကုမ္ပဏီမှာ အများဆုံးဖြစ်ကြောင်း သိရှိရသည်။

Workshop Skill ရရှိရေးအတွက်မူ ရေကြောင်းတက္ကသိုလ်ကျောင်းမှ စီမံပေးနိုင်ခြင်းမရှိဘဲ ကျောင်းသားများသည် မိမိအစီအစဉ် ဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းတက္ကသိုလ်က သတင်းထုတ်ပြန်ထားသည်။

“ရေကြောင်းတက္ကသိုလ်ကနေ ဆရာတို့အဆက်သွယ်နဲ့ အလုပ်ရတဲ့သူတွေတော့ (၆၀)ရာခိုင်နှုန်းလောက်ရှိတဲ့ သူတို့အဆက် သွယ်နဲ့ သူတို့ အလုပ်ရတော့ ဘယ်လောက်လဲဆိုတာမသိဘူး။” ဟု ပါမောက္ခချုပ် ဒေါက်တာ ချာလီသန်းက ဇူလိုင်လ (၂၅)ရက်နေ့ သတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရေကြောင်းတက္ကသိုလ်သို့တက်ရောက်ပါက အင်ဂျင်နီယာဘာသာရပ်(၇)ခုသင်ကြားရမည်ဖြစ်ပြီး အသုံးချသိပ္ပံ ဘာသာရပ်ဖြစ်သော ရေကြောင်းပညာသိပ္ပံပညာကို သင်ကြားရမည်ဖြစ်ကြောင်း သိရသည်။

အင်ဂျင်နီယာဘာသာရပ် (၇)မျိုးမှာ ရေယာဉ်တည်ဆောက်မှုပညာ၊ ရေကြောင်းစက်မှုအင်ဂျင်နီယာ၊ ရေကြောင်းအင်ဂျင်နီယာ၊ ဆိပ်ကမ်းအင်ဂျင်နီယာ၊ မြစ်ချောင်းနှင့်ကမ်းရိုးတန်းအင်ဂျင်နီယာ၊ ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရောနစ်ပညာနှင့် ရေကြောင်း လျှပ်စစ်အီလက်ထရောနစ်ပညာ တို့သင်ကြားရဖြစ်ပြီး အင်ဂျင်နီယာဘာသာရပ်များသည် (၆)နှစ် သင်ကြားရမည်ဖြစ်ပြီး အသုံးချသိပ္ပံ ဘာသာရပ်မှာ (၅) နှစ် သင်ကြားရမည်ဖြစ်သည်။

သင်္ဘောပေါ်တွင် သင်္ဘောအရာရှိအဖြစ် လိုက်ပါတာဝန်ထမ်းဆောင်နိုင်သည့် ဘာသာရပ် (၃)ခုမှာ ရေကြောင်းအင်ဂျင်နီယာ၊ ရေကြောင်းသိပ္ပံပညာနှင့် ရေကြောင်းလျှပ်စစ်နှင့်အီလက်ထရောနစ်ပညာရပ်များ ဖြစ်သည်။

ရေကြောင်းအင်ဂျင်နီယာဘာသာရပ်သည် သင်္ဘောပေါ်၌ ရေကြောင်းအရာရှိအဖြစ်လိုက်ပါနိုင်၍ ရေကြောင်းသိပ္ပံဘာသာရပ်သည် သင်္ဘောပေါ်တွင် ကုန်းပတ်အရာရှိအဖြစ်လိုက်ပါပြီး ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရောနစ်ပညာ ဘာသာရပ်မှာ သင်္ဘောပေါ်တွင် လျှပ်စစ်အင်ဂျင်နီယာအဖြစ် လိုက်ပါ တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်သည်။

အခြားဘာသာရပ်များသို့ တက်ရောက်သော ကျောင်းသားများကိုလည်း ရေကြောင်းပညာတက္ကသိုလ်မှ သင်္ဘောလိုက်ပါနိုင်ရန် ပေါင်းကူးဆက်သွယ်ပေးမည်ဟု ပေါမောက္ခချုပ်ဒေါက်တာ ချာလီသန်းက ပြောကြား ခဲ့သည်။

Ref: မြစ်မခ

Read More...

စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးရှုထောင့်

ရဲထွဋ်
26 Jul, 2012

၂၀၀၈ ခုနှစ်တွင် ကျွန်တော်တို့ ၀န်ကြီးဌာနအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအသက်ဝင်လာပါက စာနယ်ဇင်း လွတ်လပ်ခွင့်များကို အခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ကျင့်သုံးနိုင်ရန် ပြင်ဆင်ရမည့်အချက်များကို လေ့လာ မှုများ စတင် ပြုလုပ်ခဲ့သည်။ ထိုအချိန်က ကျွန်တော်တို့အနေဖြင့် အခြေခံဥပဒေက ပေးအပ်ထားသည့် အခွင့်အရေးများနှင့် ကိုက်ညီခြင်းမရှိသည့်ဥပဒေများကို ဖျက်သိမ်းခြင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့်တာဝန်ရှိမှု၊တာဝန်ခံမှုတို့ယှဉ်တွဲ ဖော်ဆောင် နိုင်မည့် ဥပဒေများ၊ စာနယ်ဇင်းကောင်စီ များဖွဲ့စည်းခြင်း စသည်လုပ်ငန်းများကိုဆောင်ရွက်နိုင်မည့်နည်းလမ်းများကို သာ စိတ်ဝင်စားခဲ့သည်။

ပြည်တွင်းစာနယ်ဇင်းသမားများဘက်ကလည်း စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနမှ ကျင့်သုံးနေသည့် ဆင်ဆာစနစ်ဖျက်သိမ်းရေးနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်ရရှိရေးကို တင်ပြတောင်းဆိုနေကြသည်။ ထို့ကြောင့် ပြန်ကြားရေး ၀န်ကြီးဌာနရော၊ စာနယ်ဇင်းသမား များကပါ စာနယ်ဇင်းလွတ်လပ်ခွင့်အရေးကို ကိုယ့်နည်းကိုယ့်ဟန်နှင့် ချဉ်းကပ် အဖြေ ရှာဖို့ ကြိုးစားနေသည်ဟုဆိုနိုင်ပါသည်။

သို့သော် ဒီမိုကရေစီအသွင်ကူးပြောင်းစနိုင်ငံများတွင် စာနယ်ဇင်းလွတ်လပ်ခွင့်များ ပြောင်းလဲကျင့် သုံးခဲ့သည့်အခြေအနေများ ကို လေ့လာနိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆွေးနွေးချိန်တွင် ကျွန်တော်တို့အနေဖြင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ( Media Development ) ဆိုသည့် အယူအဆနှင့်စတင်မိတ်ဆက်ခြင်းခံရတော့သည်။

မီဒီယာ

မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအယူအဆကိုမပြောမီ မီဒီယာ အကြောင်းစပြောရမည်ထင်သည်။ ပြန်ကြားရေး ကဏ္ဍ တွင်အပြောင်းအလဲ များလုပ်သည့်အခါ ကျွန်တော်တို့ချဉ်းကပ်မှုများက ပုံနှိပ်မီဒီယာ ထို့ထက်ပိုပြီး ပြောရလျှင် စာနယ်ဇင်း၊ ထိုအထဲမှာမှ ဂျာနယ်နှင့် သတင်းစာများကို အဓိကထားပြီး ဘာလုပ်ရမလဲဟု စဉ်းစားသည်။ သူတို့က မီဒီယာ ဟု ခြုံငုံစဉ်းစားသည်။ ထိုသို့စဉ်းစားရခြင်း မှာ ၁၉၇၀ပြည့်လွန်နှစ်များအထိသတင်းစာများသည် ပြည်သူလူထုက သတင်းအချက် များရရှိရေးအတွက် အဓိကအားထားရာဖြစ် ခဲ့သော် လည်း ၁၉၈၀ ပြည့်နှစ်တွင် ၂၄ နာရီပတ်လုံး သတင်းနှင့် သတင်း မှတ်တမ်း အစီအစဉ်များသာထုတ်လွှင့်သည့်စီအင်န်အင်န် (CNN) သတင်းဌာနပေါ်ပေါက်လာသည့်အချိန်တွင်မူ သတင်းစာ များ၏အခန်းကဏ္ဍမှာပြောင်းလဲသွားသောကြောင့်ဖြစ်သည်။ယခုအချိန်တွင် CNN ကဲ့သို့သော ၂၄ နာရီသတင်း ထုတ်လွှင့် သည့် ရုပ်မြင်သံကြားသတင်းဌာနများ အများအပြားပေါ်ပေါက်လာရုံသာမက သတင်း သက် သက်ထုတ်လွှင့်သည့် FM အသံလွှင့်ဌာနများလည်း ရှိလာပြီဖြစ်သည်။

အထူးသဖြင့် သတင်းများကို အချိန်နှင့် တစ်ပြေးညီတင်ဆက်နေသည့် ရုပ်သံ လိုင်းများကသတင်းစာများထက် ပြည်သူများအတွင်းသို့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ထိုးဖောက်နိုင်ပြီး ပြည်သူများ၊ အစိုးရနှင့် လွှတ်တော်တို့၏သဘောထားများကိုပိုမိုလွှမ်းမိုးလာနိုင် သည်ကို တွေ့ရသည်။ထို့ကြောင့်ပင်အမေရိကန်နိုင်ငံရေးလောကတွင် CNN Effect ဆိုသော ဝေါဟာရအသစ်တခုပင်ပေါ်လာခဲ့ပြီး သမ္မတ ကလင်တန်၏ အမျိုးသားလုံခြုံရေးအကြံပေး အရာရှိ ဖြစ်သူ အန်တိုနီလိတ်ခ်ကတော့ အမေရိကန်နိုင်ငံခြားရေးမူဝါဒက CNN ကင်မရာ ချိန်တဲ့ဘက်ကိုလိုက်လုပ်ရတာ ပိုများလာ ပြီ ("American foreign policy is increasingly driven by where CNN points its cameras.") ဟုပင် ဆိုခဲ့ရသည်။ထို့ကြောင့်လည်း သူတို့က စတုတ္ထမဏ္ဍိုင်ဟုပြောရာတွင် သတင်းစာသက်သက် သာမဟုတ် ပုံနှိပ်မီဒီယာရော၊ ရုပ်သံ မီဒီယာများအားလုံးကိုပါ ခြုံပြီး မီဒီယာသည် စတုတ္ထမဏ္ဍိုင်ဖြစ်သည်ဟု ဆိုသည်။ နောင်မကြာ သောကာလများတွင် မီဒီယာ သစ်များဖြစ်သည် အွန်လိုင်းမီဒီယာများပါ စတုတ္ထမဏ္ဍိုင်နေရာကိုဝင်လာတော့မည်ဟုလည်းဆိုသည်။

ယူနက်စကိုအဖွဲ့ကတော့ အောက်ပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေသော ဆက်သွယ်ရေးနည်းလမ်းမှန်သမျှကို မီဒီယာဟု သတ်မှတ်သည်ကို တွေ့ရပါသည်-

(က) နိုင်ငံသားများအနေဖြင့် သတင်းအချက်အလက်နှင့်ပညာရေးဆိုင်ရာများကို အပြန်အလှန်ဖလှယ်ခြင်း။

(ခ) အတွေးအခေါ်၊ အယူအဆများ၊သတင်းအချက်အလက်များ၊ ပုံပြင်၊ ၀တ္ထုနှင့်အခြားအကြောင်းအရာ များကို ဖြန့်ချိခြင်း။

(ဂ)အုပ်ချုပ်သူနှင့် ပြည်သူများအကြား၊ ပြည်သူများအတွင်းရှိ အုပ်စုအမျိုးမျိုးကြား အပြန်အလှန်ဆက်သွယ် ခြင်း။

(ဃ) အယူအဆအမျိုးမျိုးရှိသည့် အဖွဲ့အစည်းများ၊အုပ်စုများကြား အပြန်အလှန်ဆွေးနွေးခြင်း၊ အငြင်းပွားမှု များကို ဒီမိုကရေစီနည်းကျဖြေရှင်းနိုင်အောင်အထောက်အကူပြုခြင်း။

(င) သက်ဆိုင်ရာလူမှုအဖွဲ့အစည်းအတွင်းမှ ပြည်သူများအနေဖြင့် မိမိတို့အကြောင်းကို သိရှိအောင်၊ မိမိတို့ တန်ဖိုးထားသော အစဉ်အလာ၊ဓလေ့ထုံးစံများ၊ တန်ဖိုးများကို နားလည်လက်ခံလာအောင် အထောက် အကူပြုခြင်း။

(စ)နိုင်ငံအချင်းချင်းနှင် မိမိနိုင်ငံအတွင်း ယဉ်ကျေးမှုဓလေ့ထုံးစံများကို သိရှိအောင်၊ ကွဲပြားခြားနားသည့် ယဉ်ကျေးမှုများအတွင် စုစည်းညီညွတ်မှုရအောင် အထောက်အကူပြုခြင်း။

(ဆ)အစိုးရအဖွဲ့၏လုပ်ဆောင်ချက်များကိုစောင့်ကြည့်ခြင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍနှစ်ခုလုံးတွင် ပွင့်လင်း မြင်သာမှုရှိ အောင် ဆောင် ရွက်ခြင်း၊ အဂတိလိုက်စားမှု၊ အကျင့်ပျက်မှု၊ မှားယွင်းလုပ်ဆောင်မှုများကို စိစစ်တင်ပြခြင်း။

(ဇ)စီးပွားရေးစွမ်းဆောင်ရည်မြင့်မားအောင် အထောက်အကူပေးခြင်း။
(ဈ)ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားရေးနှင့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများဖြစ်အောင် အထောက်အကူပြုခြင်း။

(ည) ကွဲပြားခြားနားသည့်တန်ဖိုးများကို လေးစားပြီး လူမှုအခွင့်အရေးများ ( Social Rights) များအတွက် လှုံ့ဆော်ခြင်း။

စာနယ်ဇင်းလွတ်လပ်ခွင့်

နောက်ထပ်ပြောဖို့လိုတာက စာနယ်ဇင်းလွတ်လပ်ခွင့်ကိစ္စဖြစ်သည်။ စာနယ်ဇင်းလွတ်လပ်ခွင့် ဟုဆိုလျှင် စာနယ် ဇင်းများကို ထုတ်ဝေ ခြင်းမပြုမီ အစိုးရစိစစ်သည့် ဆင်ဆာစနစ်မှ ကင်းလွတ်ခွင့်ရှိခြင်းဟုသာ ယျေဘူယျနားလည်ခဲ့သည်။ သို့သော် လက်တွေ့လေ့လာ သည့်အခါ စာနယ်ဇင်းလွတ်လပ်ခွင့်တွင် ပိုင်ရှင်များ၏ ၀င်ရောက်စွက်ဖက်မှုမှ ကင်းလွတ် ခြင်း၊ ကြော်ငြာရှင်များ၊ စီးပွားရေးလုပ်ငန်း များ၏ ဖိအားပေးမှုမှကင်းလွတ်ခြင်းများပါ ပါဝင်သည်ကို တွေ့ခဲ့ရသည်။ ထို့ကြောင့်လည်း အနောက်ဒီမိုကရေစီ နိုင်ငံများတွင် အယ်ဒီ တာလွတ်လပ်ခွင့်( Editorial Independent ) နှင့်ပတ်သက်ပြီး အစိုးရကလည်းကောင်း၊ သမဂ္ဂများ ကလည်းကောင်း အလေး ထားကာကွယ်စောင့်ရှောက်ကြခြင်းဖြစ်သည်။ တစ်ခါတစ်ရံ တွင် ဂုဏ်သိက္ခာကြီးမားသည့် သတင်း စာတစ် စောင်ကို စီးပွားရေး လုပ်ငန်းတစ်ခုက ၀ယ်ယူရန်ကြိုးစားသည့်အခါမျိုးတွင် ပိုင်ရှင်သစ်က ၎င်းတို့သာ ပိုင်ဆိုင်ခဲ့လျှင် သတင်းစာ၏ အယ်ဒီတာလွတ် လပ်ခွင့် ကို အာမခံကြောင်း အလေးထား ကတိ က၀တ်ပြုရသည် ကိုတွေ့ရမည်ဖြစ်သည်။

ထိုကဲ့သို့ ဖိအားပေးမှုအမျိုးမျိုးမှ ကင်းလွတ်သော စာနယ်ဇင်းကိုသာ လွတ်လပ် သောစာနယ်ဇင်း ( Independent Press) ဟု ပြည်သူတွေက အသိအမှတ်ပြုကြသည်။ ထိုမီဒီယာများ၏ ထင်မြင်ချက်များ၊ ခေါင်းကြီးများကို အလေးထားကြသည်။ စောင်ရေများ ရုံသက်သက်ဖြင့်၊ ၀င်ငွေကောင်းရုံသက်သက်ဖြင့် လေးစားခံရသည့် လွတ်လပ်သော စာနယ်ဇင်းအဖြစ် ကို မရရှိနိုင်၊ ထို့ကြောင့်လည်း ၁၉၉၁ ယူနက်စကို အထွေထွေညီလာခံက အတည်ပြု ခဲ့သည့် စာနယ်ဇင်း လွတ်လပ်ခွင့်၊ စာနယ်ဇင်းသမားများ၏ဘ၀လုံခြုံရေးတို့နှင့် ပတ်သက်သော ၀င်းဟုခ်ကြေညာချက် Declaration of Windhoek တွင် လွတ်လပ်သောစာနယ်ဇင်းဆိုသည်မှာ အစိုးရ၊ နိုင်ငံ ရေးနှင့် စီးပွားရေး ထိန်းချုပ် မှုများမှကင်းလွတ်ခြင်း၊ စာနယ်ဇင်းထုတ်ဝေဖြန့််ချိခြင်းလုပ်ငန်းကိုဆောင်ရွက်ရန်လိုအပ်သည့် အခြေခံ အဆောက်အဦများ၊ ပစ္စည်းများကို ထိန်းချုပ် ခြင်းမှ ကင်းလွတ်ခြင်းကို ဆိုလိုသည်ဟု ဖော်ပြထားသည်ကိုတွေ့ရမည်ဖြစ်ပါသည်။

“By an independent press, we mean a press independent from governmental, political or economic control or from control of materials and infrastructure essential for the production and dissemination of newspapers, magazines and periodicals.”

မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ( Media Development )

ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ခုတွင် ရှိရမည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ကောင်းမွန်သောအုပ်ချုပ်မှု စနစ်၊ နိုင်ငံသားများ၏ ဖွံ့ဖြိုးတိုးတက်မှုများရရှိစေရန်အတွက် မီဒီယာများက အရေးကြီးသောကဏ္ဍမှာရှိသည်။ သို့သော် တစ်ခါတစ်ရံတွင် စီးပွားရေး၊ နိုင်ငံ ရေး အင်အားကြီးအုပ်စုများကမီဒီယာများကို ချုပ်ကိုင်ထားသည့်အခါ မီဒီယာလွတ်လပ်ခွင့် ရှိသည့်တိုင် အင်အားနည်းအုပ်စုများ၊ လူနည်းစုများ၏ သဘောထားများ၊ ခံစားချက်များ၊ နစ်နာချက်များကို မီဒီယာများမှ တဆင့်တင်ပြနိုင်ခွင့်မရတော့ဘဲ လျစ်လျူရှုခံ ရသည့်အခြေအနေသို့ ရောက်သွားတတ်ပြန်သည်။ ထိုအခြေအနေမျိုးတွင် မီဒီယာက ပဋိပက္ခများ၊ သဘောထားကွဲပြားမှုများကို ပြေလျော့သွားအောင်လုပ်ရမည့် အစား ပိုမိုအားကောင်းလာအောင် လုပ်ပေးသလို ဖြစ်သွားတတ်သည်။ ထိုအခြေအနေမျိုးကို ဒီမိုက ရေစီအသွင်ကူးပြောင်းစနိုင်ငံများတွင် အများအပြား တွေ့နိုင်သလို ဖွံ့ဖြိုးပြီးနိုင်ငံများတွင်လည်း တွေ့ရတတ်သည်။ ထို့ကြောင့်လည်း ယူနက်စကိုအပါအ၀င် သတင်း လွတ်လပ်ခွင့်ကို အလေးထား ဆောင်ရွက်နေသည့် နိုင်ငံတကာအဖွဲ့အစည်းများက စာနယ်ဇင်းလွတ် လပ်ခွင့်သည် မဖြစ် မနေလိုအပ်ချက်ဖြစ်သော်လည်းဤအချက်တစ်ခုတည်းဖြင့်ကောင်းမွန်သောအုပ်ချုပ်မှုစနစ်၊ နိုင်ငံသားများ၏ ဖွံ့ဖြိုး တိုးတက် မှုများ ရရှိစေရန်အတွက် လုံလောက်မှုမရှိပဲ အောက်ပါအခြေအနေများကိုပါဖြည့်ဆည်းပေးရန်လိုအပ်သည်ဟု ထောက်ပြ ကြသည်-

(က)မီဒီယာလွတ်လပ်ခွင့်ရှိရမည့်အပြင် အင်အားနည်းအုပ်စုများ၊လူနည်းစုများအနေဖြင့် မီဒီယာများထံမှ သတင်းအချက်အလက်များ လွယ်ကူစွာရယူနိုင်ခြင်း၊ မီဒီယာများပေါ်တွင် ၎င်းတို့၏ သဘောထားအမြင် များကို ထုတ်ဖော်တင်ပြခွင့်ရှိခြင်း။ ( Independence and Access)

(ခ) မီဒီယာကဏ္ဍကို လက်ဝါးကြီးအုပ်ခြင်းမှ ကာကွယ်ခြင်းနှင့် ပုဂ္ဂလိက မီဒီယာလုပ်ငန်းငယ်များ ပြည်သူ့ ရေးရာဝန်ဆောင်မှု မီဒီယာများရှင်သန်နိုင်အောင် အကာအကွယ်ပေးသည့် ဥပဒေများ၊ စည်းမျဉ်းများ ရှိခြင်း။ ( Pluralism and Diversity )

(ဂ) စာနယ်ဇင်းသမားများ၊ ရုပ်သံသတင်းထောက်များ၊ သတင်းတင်ဆက်သူများ၊ မီဒီယာလုပ်ငန်းစီမံခန့်ခွဲ သူများစသည့် မီဒီယာ လောကသားများ၏ အရည်အချင်းကို မြှင့်တင်ပေးမည့် လေ့ကျင့်ရေးစနစ်များရှိ ခြင်း။ ( Professional Capacity of Media Workers)

(ဃ) မီဒီယာလုပ်ငန်းများတိုးတက်ရေးအတွက်အခြေခံအဆောက်အအုံကောင်းများရှိခြင်း။ ( Infrastructural Capacity)

ထို့ကြောင့်ယူနက်စကိုအဖွဲ့ကြီးက အထက်ပါအခြေအနေများအားလုံးကို ဖြည့်ဆည်းနိုင်ရန်အတွက် နိုင်ငံတစ်ခု ၏ မီဒီယာကဏ္ဍ အခြေ အနေ ကို သုံးသပ်ရာတွင် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဆိုသည့်အယူအဆဘက်မှ ချဉ်းကပ်လေ့လာ ရန်သတ် မှတ် ခဲ့သည်။ မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအယူအဆအရနိုင်ငံတစ်ခုတွင် စာနယ်ဇင်းလွတ်လပ်ခွင့်အပါအ၀င် မီဒီယာ ကဏ္ဍဘက်စုံ ဖွံ့ဖြိုးတိုး တက်ရေး အတွက် အခြေအနေငါးရပ်ကို ဖြည့်ဆည်းပေးရမည်ဖြစ်သည်။

ပထမအခြေအနေမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် မီဒီယာများပေါ်တွင် မတူကွဲပြားသော အမြင်များ ဖော်ပြခွင့်ရစေရန် အထောက်အကူပြုသည့် စည်းမျဉ်း၊ စည်းကမ်းများရှိခြင်းဖြစ်သည်။ ဤအခြေအနေကို ရရှိစေရန်အတွက် လွတ်လပ်စွာထုတ် ဖော် ပြောဆိုခွင့်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့်အာမခံရမည့်အပြင် လက်တွေ့တွင်လည်း လိုက်နာ ကျင့်သုံးမှုရှိရမည်ဖြစ်သည်။ထို့ပြင် မီဒီယာများ၏သတင်းရယူခွင့်၊ သတင်းအရင်းအမြစ်ကိုကာကွယ်နိုင်ခွင့် အယ်ဒီတာ လွတ်လပ်ခွင့် စသည့်အခွင့်အရေး များနှင့်ပတ်သက် ပြီး ဥပဒေများဖြင့်အကာအကွယ်ပေးထားရမည်ဖြစ်သည်။ ရုပ်သံလွှင့် မီဒီယာများအတွက်ဆိုပါက ရုပ်သံထုတ်လွှင့်ခွင့်လိုင်စင် ထုတ်ပေး ခြင်း၊ လှိုင်းနှုန်းခွဲဝေသုံးစွဲခြင်းများနှင့် ရုပ်သံထုတ်လွှင့်ရာ တွင်လိုက်နာရမည့်စည်းကမ်းချက်များနှင့်ပတ်သက်သည့် ဥပဒေများရှိရ မည် ဖြစ်သည်။

ဤအခြေအနေတွင် အငြင်းပွားဖွယ်ရာအဖြစ်ဆုံးကိစ္စမှာ အသရေဖျက်မှု ( Defamation Law) ဖြစ်သည်။ အချို့နိုင်ငံများတွင် အသ ရေဖျက်မှုကို ပြစ်မှု ကြောင်းအရ တရားစွဲဆိုခွင့်ပြုထားပြီး အချို့နိုင်ငံများတွင်တရားမမှုအဖြစ်သာ တရားစွဲဆိုခွင့်ပြုထားသည်။ Article 19 ကဲ့ သို့ စာနယ်ဇင်းလွတ်လပ်ခွင့်ဆောင်ရွက်နေသည့်အဖွဲ့များကတော့ တရားမမှုအဖြစ်သာစွဲဆိုသင့်သည်ဟု ယူဆ ကြသည်။ သို့သော် ပြစ်မှုကြောင်းအရ တရားစွဲဆိုခွင့်ပြုခြင်းကိုထောက်ခံသူများကမူ မီဒီယာများ၏ မမှန်မကန်ရေးသားချက် ကြောင့် အစုရှယ်ယာဈေးများထိုးကျသွားခြင်း၊ရွေးကောက်ပွဲကာလတွင် နစ်နာမှုများ ဖြစ်ပေါ်ခြင်း၊ လူမျိုးရေး၊ ဘာသာရေးအရ ထိခိုက် နစ်နာ စေခြင်း စသည့်ဖြစ်စဉ်များတွင် တရားမကြောင်းအရ တရားစွဲဆိုမှုသည် နစ်နာမှုများအတွက် လုံလောက်မှု မရှိကြောင်းထောက် ပြကြသည်။

ထို့ကြောင့် ယူနက်စကိုအပါအ၀င် မီဒီယာလွတ်လပ်ခွင့်ကိုဆောင်ရွက်နေသည့်အဖွဲ့အစည်းများက အသရေဖျက် မှုနှင့်ပတ်သက်ပြီး ပြစ်မှုကြောင်းအရ တရားစွဲဆိုနိုင်ရန်ဥပဒေပြဋ္ဌာန်းမည်ဆိုပါက လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာနှင့် အကျင့် စာရိတ္ထကို ကာကွယ်စောင့်ရှောက်ရန်အတွက်သာ ရည်ရွယ်ပြဋ္ဌာန်းခြင်းဖြစ်ရန်၊ အစိုးရ သို့မဟုတ် ပြည်သူ့ဝန်ထမ်းများ၏ ပြုမူ ဆောင်ရွက်မှုများကို ဝေဖန်ခြင်းမပြုနိုင်အောင် ဟန့်တားသည့်သဘောဖြင့် ဆောင်ရွက်ခြင်း မပြုရန်၊ ခုခံကာကွယ်သူအနေဖြင့် ဥပဒေအရအသုံးပြုနိုင်မည့် ကင်းလွတ်ခွင့်များ တိတိကျကျ ဖော်ပြပေးရန် စသည်ဖြင့် လိုက်နာသင့်သော အခြေခံမူများကို အကြံပြု ထားသည်ကိုလည်းတွေ့ရသည်။

နောက်ထပ်အငြင်းပွားလေ့ရှိသည့်အချက်မှာ စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ် ကန့်သတ်ခွင့်ရှိမရှိဆိုသည့်အချက် ဖြစ်သည်။ တကယ် တော့ လူ့အခွင့်အရေးကြေညာစာတမ်းပုဒ်မ ၁၉ တွင် စာနယ်ဇင်းလွတ်လပ်ခွင့်ကို အာမခံထားသကဲ့ သို့ လူ့အခွင့် အရေးကြေညာ စာတမ်း ပုဒ်မ ၂၉ (Article 29 of Universal Declaration of Human Rights ) တွင် ဤကြေညာ စာတမ်းပါ အခွင့် အရေးများကိုကျင့်သုံးရာ၌ အခြားသူများ၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကိုလေးစားရန်၊ ဒီမိုကရေစီလူ့အဖွဲ့ အစည်းတစ်ခု တွင် ရှိသင့်၊ ရှိအပ်သည့် ပြည်သူများ၏ အကျင့်စာရိတ္ထ၊ တရားဥပဒေစိုးမိုးမှုနှင့် အထွေ ထွေအကျိုးစီးပွားများကို မထိခိုက်စေရန် အ တွက် အလေးဂရုပြုရမည်ဟု ဖော်ပြထားပါသည်။

ပြည်သူများ၏ နိုင်ငံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာကွန်ဗင်းရှင်း ပုဒ်မ ၂၀ (Article 20 of International Covenant on Civil and Political Rights) တွင်မူ လူမျိုးရေး၊ ဘာသာရေး မုန်း တီးမှုများ၊ ခွဲခြား ဆက်ဆံမှုများနှင့် အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေမည့် လှုံ့ဆော်ရေးသားမှုများ၊ လုပ်ဆောင်မှုများကို ဥပဒေဖြင့် တားမြစ် ရန်လိုအပ်ကြောင်း ဖော်ပြ ထား သည်ကိုတွေ့ရသည်။

အလားတူပင် ဥရောပလူ့အခွင့်အရေးဆိုင်ရာကြေညာစာတမ်း အပိုဒ် ၁၀ (Article 10 of European Convention on Human Rights) တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးရာ၌ အမျိုးသားလုံခြုံရေး၊ နယ်မြေပိုင်ဆိုင် မှု၊ ပြည်သူများ ၏လုံခြုံရေးအတွက်လည်းကောင်း၊ ရာဇ၀တ်မှုခင်းများကို ကာကွယ်နိုင်ရန်အတွက် လည်းကောင်း၊ ပြည်သူများ၏ အကျင့်စာရိတ္ထနှင့် ကျန်းမာရေးအတွက် လည်းကောင်း၊ တရားရေးမဏ္ဍိုင်၏လွတ်လပ်မှုကို မထိပါးစေရန်အတွက်လည်းကောင်း ရည်ရွယ် ပြဋ္ဌာန်းထား သည့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ခုတွင်ရှိသင့်ရှိအပ်သည့် ဥပဒေများ၊ စည်းကမ်း ကန့်သတ်ချက်များကို လိုက်နာရန်လို အပ်သည် ဟု ဖော်ပြထားသည်ကိုတွေ့ရသည်။

ထို့ကြောင့် ယူနက်စကိုအဖွဲ့က သက်ဆိုင်ရာနိုင်ငံတစ်ခုအနေဖြင့် နိုင်ငံလုံခြုံရေး၊ လူမျိုးရေးမုန်းတီးမှုကိုလှုံ့ ဆော်ခြင်း၊ ပုဂ္ဂလိလွတ် လပ် ခွင့်ကိုကာကွယ်ခြင်း၊ တရားရုံး၏လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာကို ကာကွယ်ခြင်း၊ မဖွယ်မရာ စော်ကား ပြောဆိုခြင်းများ နှင့်ပတ် သက်ပြီး ကန့်သတ်တား မြစ်သည့်ဥပဒေများပြဋ္ဌာန်းသင့်သည်ကိုလက်ခံသော်လည်း ထိုဥပဒေများအနေဖြင့် လိုရာဆွဲပြီး အဓိပ္ပါယ် ကောက်ယူ၍ မရအောင် တိတိကျကျ ပြဋ္ဌာန်းရန်၊ ဒီမိုကရက်စီ လူ့ အဖွဲ့အစည်းတစ်ခုအနေဖြင့် တစ်ဦးချင်းနှင့် လူ့အဖွဲ့ အစည်း၏ အကျိုးစီးပွားကိုကာကွယ်နိုင်ရန်အတွက် အနည်းဆုံး လိုအပ်သည့် ကန့်သတ်ချက်များသာဖြစ်ရန်၊ နိုင်ငံတကာစံများနှင့် လိုက်လျောညီ ထွေရှိစေရန် လိုအပ်သည်ဟု သတ်မှတ် ထားပါသည်။


ဆက်လက်ဖော်ပြပါမည်

Ref: မြစ်မခ

Read More...

သားအိမ်ခေါင်းကင်ဆာ ကာကွယ်နိုင်ခြင်းမရှိချိန်တွင် စက်အင်အားနည်းပါးလျှက်ရှိ

ယမင်း(မြစ်မခ)
26 Jul, 2012

သားအိမ်ခေါင်းကင်ဆာရောဂါအား ကာကွယ်ဆေးထိုးခြင်းဖြင့် ရာနူန်းပြည့်ကာကွယ်နိုင်ခြင်း မရှိသလို ဓါတ်ကင်စက်အင်အားမှာလည်း နည်းပါးနေသေးကြောင်း ကင်ဆာရောဂါအထူးကုဆရာဝန်ကြီးများက ဆိုသည်။

“ဒီရောဂါကကမ္ဘာမှာအခုထိ ပျောက်ကင်းနိုင်တဲ့ဆေးမရှိဘူး၊ဓါတ်ကင်တယ်ဆိုတာလည်း လုံးဝမပျောက်နိုင်ဘူး၊ ဒါကလည်းထိန်း ထား တဲ့ သဘောပဲရှိတယ်၊ စက်အင်အားကလည်း မြန်မာနိုင်ငံမှာနည်းနေသေးတယ်”ဟု သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာစိုး လွင်က ပြောသည်။

မြန်မာနိုင်ငံ၌ ရန်ကုန်၊မန္တလေးနှင့် တောင်ကြီးမြို့များတွင် ဓါတ်ကင်စက်(၅)လုံးသာ ရှိသဖြင့် ဓါတ်ကင်လိုသူများကလချီ၍ စောင့်ဆိုင်း ရခြင်းကြောင့်ကင်ဆာနှင့်အသက်ဆုံးရှုံးမှု မြင့်တက်လာ နိုင်ကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။

ကင်ဆာရောဂါသည် အနေအထိုင်အစားအသောက် မဆင်ခြင်ခြင်းကြောင့်လည်းကောင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းခြင်း ကြောင့် လည်းကောင်း၊ ခန္ဓာကိုယ်အတွင်းအင်္ဂါ အားနည်းချက်နှင့် မွေးရာပါအားနည်း ချက်များကြောင့် ဖြစ်ပေါ်လေ့ရှိပြီး ရောဂါ စတင်ဖြစ်ပွားချိန်တွင် ခွဲစိတ်ကုသနိုင်သော်လည်း ရင့်ကျက်ချိန်တွင် ဓါတ်ရောင်ခြည် (ဓါတ်ကင်)ကုသနည်းဖြင့်သာ ကုသနိုင်ကြောင်း ဆရာဝန်ကြီးများထံက သိရှိရသည်။

“သားအိမ်ခေါင်းကင်ဆာဆေးက ရာနှုန်းပြည့်မကာကွယ်နိုင်ပါဘူး။ ၇၅% လောက်ပဲ ကာကွယ်နိုင်တယ်။ နောက်ထပ်ဝင်မလာ အောင် ကာကွယ်တယ်။ ၀င်လာလို့ရှိရင်လည်း တိုက်ထုတ်ပေးတယ်။ အမျိုးသမီးတွေ အနေနဲ့ အသက်(၅၄)နှစ်အရွယ်ထိ ကာကွယ်ဆေး ထိုးထားရင် အကျိုးရှိပါတယ်” ဟု သားဖွားမီးယပ် အထူး ကုဆရာဝန်ကြီးတစ်ဦးက ပြောသည်။

သားအိမ်ခေါင်းကင်ဆာ၏ ရောဂါလက္ခဏာများမှာ သွေးဆုံးပြီးချိန်တွင် သွေးများတရစပ်အလွန်ဆင်းခြင်း၊ အဖြူဆင်းချိန်တွင် ပုပ်စော် နံခြင်း၊ အမျိုးသားနှင့်အတူနေချိန်တွင်း သွေးဆင်း၊ အဖြူဆင်းခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

အဆိုပါ ရောဂါအား ကြိုတင်ကာကွယ်နိုင်ရန် လိင်ဆက်ဆံမှုအရေအတွက် လျော့ချရန်၊ အတူနေစဉ် ကွန်ဒုံးဖြင့် ကာကွယ်ရန်၊ ၆လ လျှင်တစ်ကြိမ်ကာကွယ်ဆေး ထိုးပေးရန်၊ တစ်နှစ်လျှင်တစ်ကြိမ် သားအိမ်ခေါင်း ကင်ဆာ စစ်ဆေးမှုများ ပြုလုပ်ရန်၊ အဟာရ ပြည့်ဝ သော အစားအစာများ စာသုံးရန်နှင့် ကိုယ်လက်လှုပ်ရှား ပြုလုပ်ရန် လိုအပ်ကြောင်း သိရှိရသည်။

“ကင်ဆာရောဂါက တစ်နေရာဖြစ်ပြီဆိုရင် တစ်ကိုယ်လုံးပွားချင်တဲ့နေရာမှာပွားကုန်တော့တာပဲ။ အသက် အရွယ်မရွေးပါဘူး။ ရောဂါ အနုအရင့်ကိုလိုက်ပြီး ၃လ ကနေ ၆လတွင်း အသက်သေဆုံးနိုင်ချေရှိတာကြောင့် မဖြစ်အောင်တော့ ကြိုတင်ကာကွယ်မူတွေ ပြုလုပ် သင့်တယ်။ ဖြစ်လာပြီဆိုရင်လည်း ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ကုသသင့်တယ်”ဟု မြန်မာနိုင်ငံ ဆရာဝန်များအသင်းမှ ကင်ဆာ ရောဂါ အထူးကု ဆရာဝန်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးအများ၌ ကင်ဆာဖြစ်ပွားမှုနှုန်းများမှာ သားအိမ်ခေါင်းကင်ဆာ ၄၇.၉%၊ သားဥအိမ် ကင်ဆာ ၂၈.၅%၊ စပျစ်သီးသန္ဓေကင်ဆာ ၆.၉%၊ မိန်းမကိုယ်ကင်ဆာ(သားအိမ်ကင်ဆာ) ၇.၁% တို့ဖြစ် ကြောင်း သိရသည်။

Ref: မြစ်မခ

Read More...

မြန်မာမူဆလင်များအတွက် တူရကီ အလုပ်သမားအဖွဲ့ချုပ် ငွေလှူ

ဇူလိုင်လ ၂၆ ရက် ၂၀၁၂ ခုနှစ်

တူရကီနိုင်ငံ ပြည်သူ့ဝန်ထမ်း ကုန်သွယ်ရေးသမဂ္ဂများ အဖွဲ့ချုပ်က မြန်မာနိုင်ငံရှိ မူဆလင်များအား တူရကီ လီရာငွေ နှစ်သိန်း (အမေရိကန် ဒေါ်လာ တသိန်း တသောင်းကျော်) ပေးပို့ကူညီသွားမည် ဟု သိရှိရသည်။

အန်ကာရာမြို့တွင် နံနက် ဥပုသ်ထွက်စာ သုံးဆောင်နေစဉ် အဖွဲ့ချုပ်ဥက္ကဋ္ဌ Ahmet Gundogdu က သတင်းထောက် များအား “သမဂ္ဂ ၁၁ ခုနဲ့ အဖွဲ့ချုပ်အနေနှင့် မြန်မာနိုင်ငံမှာရှိတဲ့ မူဆလင်တွေကို လီရာငွေ နှစ်သိန်း ပေးပို့ဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု ထုတ်ဖော် ပြော ဆိုလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် ရိုဟင်ဂျာ မူဆလင်များမှာ ဗုဒ္ဓဘာသာ မြန်မာအစိုးရရဲ့ ဖိအားပေးမှုအောက်မှာ ရောက်နေရသည်ဟူ၍လည်း Gundogdu က ထည့်သွင်းပြောဆိုသွားကြောင်း Andolu Agency သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

Ref: မဇ္ဈိမ

Read More...

“ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေး” သူရဦးရွှေမန်း သတိပေး

မျိုးသန့်
ဇူလိုင်လ ၂၆ ရက် ၂၀၁၂ ခုနှစ်

တနှစ်ကျော်ကြာ သက်တမ်းရှိပြီဖြစ်သည် ပြည်ထောင်စု လွှတ်တော်အတွင်း ဆွေးနွေးသည့် အကြောင်းအရာများအနက် ဆွေးနွေးသူ အမတ်ဦးရေ ၄၅ ဦးဖြင့် စံချိန်တင် အဆိုတခုဖြစ်သော “လယ်ယာမြေ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှု မရှိစေရေး တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန်” အဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပထမဆုံးအကြိမ် ဝင်ရောက်ဆွေးနွေးစဉ် ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေး ထိန်းကျောင်းသင့်သည်ဟု ပြော ဆိုသွားသည်။

ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ် တင်သွင်းခဲ့သည့် တောင်သူလယ်သမားအရေး အဆိုကို လွှတ် တော်တွင် ဆွေးနွေးဆဲဖြစ်ပြီး ကြာသပတေးနေ့တွင် ဆွေးနွေးရန် အလှည့်ကျသည့် ဦးရွှေမန်းက ဆွေးနွေးမှု အတွင်း ထိုသို့ ပြော သွားခြင်း ဖြစ်သည်။

“ဒီမိုကရေစီဟာ အများကြိုက်တဲ့ အများပိုင်ပါ။ ပြည်သူများ ပိုင်တယ်လို့ ပြောလို့ ရနိုင်ပါတယ်။ တဦးတယောက် တဖွဲ့ပိုင် မဟုတ်ပါ။ ဒီမိုကရေစီကို အကြောင်းပြကာ စည်းမဲ့ကမ်းမဲ့ လုပ်၍ မရနိုင်ပါ။ စနစ်မကျစွာ ဆောင်ရွက်၍ မဖြစ်နိုင်ပါ။ ဒီမိုကရေစီမှာ စည်းစနစ် ရှိပါတယ်။ ဒီမိုကရေစီ အနိုင်ကျင့်ခြင်း၊ ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေးကိုလည်း သတိပြု ထိန်းကျောင်းသွားရမှာ ဖြစ်ပါတယ်” ဟု ထည့်သွင်း ပြောသွားခဲ့သည်။

ဦးတင်ထွဋ်၏ အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် လယ်သမားများပိုင် လယ်ယာမြေများကို ကုမ္ပဏီအချို့နှင့် စစ်တပ်မှ သိမ်းပိုက်မှုများအား အဓိကထား ဆွေးနွေးခဲ့ကြသည်။

ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများကို ဦးရွှေမန်းက ခြုံငုံသုံးသပ်ပြရာတွင် မြေပုံ၊ စာရင်းဇယား တိကျမှန်ကန်မှု ရှိ/မရှိ၊ စီမံကိန်းနှင့် မူဝါဒများ ချမှတ်ရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများက အကောင်ထည်ဖေါ်ရာတွင် တရားဥပဒေနှင့် ညီ/မညီ၊ ပွင့်လင်းမြင်သာမှု ရှိ/မရှိ၊ အပြန်အလှန် ထိန်းကျောင်းမှု ရှိ/မရှိ ဆိုတာတွေဟာ ပြဿနာ ရှိခြင်း/မရှိခြင်း စသည်တို့ ဖြစ်ပေါ်နေသည်ဟုလည်း ဆွေး နွေးသွားခဲ့သည်။

ထိုသို့သော အခြေအနေများကို သင်ခန်းစာယူကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် နောက်တွန့်ရန် မဖြစ်ကြောင်း ကို “ဒါတွေကို ကျနော်တို့အားလုံးက သတိနှင့်ဆင်ခြင်ကာ သင်ခန်းစာယူပြီး ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးခရီးကို ရဲရဲတင်းတင်း ဆက်လက် ချီ တက်ရမှာ ဖြစ်ပါတယ်။ နောက်တွန့်နေလို့ မဖြစ်ပါဘူး” ဟုလည်း ပြောသွားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်အား အကောင်အထည်ဖော်ရာတွင် တာဝန်ရှိလာမည့် ပုဂ္ဂိုလ်အသီးသီးမှာ ဒေါသ၊ အာဃာ တ၊ ရန်ငြိုးများ ကင်းကင်းဖြင့် တောင်သူ လယ်သမားများ နစ်နာမှု မရှိစေရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးကြပါရန် လည်း သူရဦးရွှေမန်း က တိုက်တွန်းပြောဆိုသွားသည်။

Ref: မဇ္ဈိမ

Read More...

ကချင် ငြိမ်းချမ်းရေး ဆန္ဒပြမည့် အစီအစဉ် ရပ်ဆိုင်းလိုက်ရ

ဖနိဒါ
ဇူလိုင်လ ၂၆ ရက် ၂၀၁၂ ခုနှစ်

ကချင်ပြည်နယ်၊ ကြံ့ခိုင်ရေးပါတီဝင် အမျိုးသမီးများ ဦးဆောင်၍ မြစ်ကြီးနားမြို့တွင် ငြိမ်းချမ်းရေးလိုလားကြောင်း ဆန္ဒပြမည့် အစီ အစဉ်ကို ရပ်ဆိုင်းလိုက်သည်ဟု ဆန္ဒပြမှု ဦးဆောင်သူ ဒေါ်ဂျာခေါန် က ပြောသည်။

အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေစဉ် ငြိမ်းချမ်းရေး လိုလား ကြောင်း ဇူလိုင် လ ၂၈ ရက်နေ့မှာ အဆိုပါ ကချင် အမျိုးသမီးများက လူမျိုးဘာသာမရွေး ပါဝင်သော စီတန်းလှည့်လည်မှု စီစဉ်ထားခြင်းကို ရပ် ဆိုင်းလိုက်ခြင်း ဖြစ်သည်။

“တကယ့် မိခင်ရင်း စိတ်ဓါတ်နဲ့ ဘာပဲဖြစ်ဖြစ် ကျမတို့ ထွက်မလို့ပဲ။ သိတဲ့အတိုင်း ကျမတို့ကို သတင်းအမျိုးမျိုး ပြောနေ ကြလို့။ ကျမတို့က မျိုးချစ်စိတ်ဓါတ် မရှိလို့ ပြောင်းပြန် လုပ်သလိုလို ပြောနေကြတယ်။ ကျမတို့က ပင်လုံကတိ တည်ပါစေဆိုတာမျိုးတွေ ထပ်တောင်းဆိုဖို့ စီစဉ်ထားတာကို ခုတော့ သတင်းဗြောင်းပြန်ဖြစ်လို့ ရပ်ထားလိုက်တာ” ဟု ဒေါ်ဂျာခေါန်က ပြောသည်။

သူက ဆက်ပြီး “အမျိုးသားရေးအတွက် ကျမတို့ လုပ်ရတော့မယ်ဆိုပြီး လုပ်တာ။ ကျမတို့က KIO ကို မကြိုက်လို့ ဆန္ဒပြမယ် ဆိုပြီး ပြောလာလို့ အံ့သြနေတာ။ ကျမတို့က KIO ကို ဆန့်ကျင်တာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးရချင်လို့ လုပ်တာကို သတင်းက အမျိုးမျိုး ထွက်လာလို့ အံ့သြနေတာ။ ကျမတို့ ရည်ရွယ်ထားတာ မဖြစ်လာတော့ သဲထဲ ရေသွန် ဖြစ်သွားတယ်။ ကျမတို့ လုပ်တာကို နားမ လည်လို့၊ လုပ်ရင် မှားသွားမှာဆိုးလို့ ရပ်လိုက်တယ်” ဟု သူက မဇ္စျိမကို ပြော သည်။

မြစ်ကြီးနားမြို့ခံများအကြား အဆိုပါ ဆန္ဒပြမှု ဦးဆောင်သူများသည် ကြံ့ခိုင်ရေးပါတီမှ အဖွဲ့ဝင်များဖြစ်သည်ဟု ဆိုကာ ဆန့်ကျင် ကန့်ကွက်နေသူများလည်း ရှိနေသည်။ ထိုဆန္ဒ ဖော်ထုတ်ရန် စီစဉ်သူ ဒေါ်ဂျာခေါန်သည် ကြံ့ခိုင်ရေးပါတီမှ ဆွမ်ပရဘွမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခမိုင်တန် ၏ ဇနီး ဖြစ်နေသဖြင့် ပြည်သူလူထုအကြား ထိုသို့ ဝေဖန်ပြောဆိုနေခြင်းလည်း ဖြစ်သည်။

ထို့ပြင် ယင်းဆန္ဒ ဖော်ထုတ်မှုတွင် ဒေါ်ဂျာခေါန် အပါအဝင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၏ နှမ ဒေါ်လဂျွန် ဆိုင်း တောင်၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)မှ အမျိုးသားလွှတ်တော်အမတ် ဦးခက်ထိန်နန်၏ ဇနီးတို့ ဦးဆောင်မည် ဆိုသည့် သတင်းများလည်း အင်တာနက် စာမျက်နှာများတွင် ထွက်ပေါ်ခဲ့သည်။

သို့သော် ယင်းဆန္ဒပြမည့် အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ဒေါ်လဂျွန်ငန်ဆိုင်း၏ နှမဒေါ်လဂျွန် ဆိုင်းတောင်က ငြင်း ဆိုသည်။

“ဒီကိစ္စကျမ ဘာမှ မသိရပါဘူး။ ငြိမ်းချမ်းရေးဆိုတာ ဘယ်သူ့ရဲ့ ရင်ထဲမှာမဆို၊ ဘယ်သူမဆို စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင် ကြပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ ကျမကို တိုင်ပင်ခြင်း မရှိဘူး။ ဆွေးနွေးခြင်းလည်း မရှိဘူး။ ဒီကိစ္စ ကျမ လုံးဝ မသိရပါဘူး။ ဒါပေမယ့် ခုအင်တာနက်ပေါ်မှာ ကျမနာမည် ပါလာတယ် ဆိုတော့ ကျမ အရမ်း အံ့သြနေတယ်” ဟု မဇ္စျိမကို ပြောသည်။

အစိုးရနှင့် KIO တို့ နှစ်ဖက် ယခုတကြိမ် တွေ့ဆုံပါက အစိုးရဘက်မှ တပ်များ ရုတ်သိမ်းရေးကိစ္စ ဆွေးနွေးမည် ဖြစ်သော်လည်း ဆွေးနွေးမည့်နေရာ ညှိနှိုင်း၍ မရသေးပေ။

Ref: မဇ္ဈိမ

Read More...

ဦးအေးလွင် အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဆက်လုပ်မည်

အောင်မြတ်ထွန်း
ဇူလိုင်လ ၂၆ ရက် ၂၀၁၂ ခုနှစ်

ပါတီဝင်များနှင့် ပါတီ ဗဟိုအလုပ်မှုဆောင်များ ထောက်ခံမှု ရှိနေသမျှ ကာလပတ်လုံး ပါတီ ဥက္ကဋ္ဌ အဖြစ် ဆက်လက်တာဝန် ထမ်းဆောင်နေဦးမည်ဟု အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင် က မဇ္ဈိမကို ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေး ပါတီများပေါ်တွင် လိုအပ်သည်ထက် ပိုမို ဝင်ရောက်စွက်ဖက်မှုများ ပြုလုပ် နေပြီး ပါတီဝင် လက်ခံရေး၊ ထုတ်ပယ်ရေး ကိစ္စရပ်များတွင်ပါ ဝင်ရောက်စွက်ဖက်လျက် ရှိနေကြောင်း ဦးအေးလွင်က ဆိုသည်။

“ထောင်ဒဏ် နှစ်လ ကျခံနေရတဲ့ အချိန်အတွင်းမှာ ကျနော့်ကို ပါတီဝင် အဖြစ်မှ ထုတ်ပယ်ဖို့နဲ့ အခြား ဘယ်နိုင်ငံရေး ပါတီတွေ ကမှလည်း ပါတီဝင်အဖြစ် လက်မခံဖို့ နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းကြားစာ တွေ လိုက်ပို့ပါ တယ်” ဟု ဦးအေးလွင်က ဆိုသည်။

ဦးအေးလွင်အား လှည်းကူးတရားရုံးက တာဝန်ဝတ္တရား နှောက်ယှက်မှု ပုဒ်မ ၄၁၆ အရ ထောင်ဒဏ် နှစ်လ ပြစ်ဒဏ် ကျခံရန် ၂ဝ၁၂ ခုနှစ်၊ မေလ ၂၂ ရက်က အမိန့်ချခဲ့ပြီးနောက် ဇူလိုင်လ ၂ဝ ရက်နေ့က ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့က နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီးပေါ်ရှိ လှည်းကူး ငွေကောက်ခံ ဂိတ်တွင် ဂိတ် ဝန်ထမ်းများနှင့် အခြေအတင် စကားများရာမှ ဦးအေးလွင် တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။

“ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေတွေအရဆိုရင် အကျဉ်းသားတွေတောင် နိုင်ငံရေး ပါတီဝင် အဖြစ်နဲ့ လက်ခံလို့ ရပါတယ်။ နောက်ပြီး နိုင်ငံရေးပါတီတွေကို ဘာလုပ်လုပ် ဝင်ပြီး လိုက်ပြောနေတာတွေက မဖြစ်သင့်ပါဘူး” ဟု ၎င်းက ဆိုသည်။

Ref: မဇ္ဈိမ

Read More...

အလုပ်သမား ဆန္ဒပြမှုများနှင့် အလုပ်ထုတ်ခံရမှုများ ဆက်လက်ဖြစ်ပေါ်

နေလင်းအောင်
ဇူလိုင်လ ၂၆ ရက် ၂၀၁၂ ခုနှစ်

အလုပ်သမားသမဂ္ဂများ တည်ထောင်၍ အလုပ်သမားများ၏ အခွင့်အရေးများကို တောင်းဆို လာခြင်းနှင့်အတူ ဦးဆောင် တောင်းဆို သည့် အလုပ်သမားများ အလုပ်ထုတ်ခံကြရကြောင်း ရန်ကုန်မြို့ရှိ အလုပ်သမား များနှင့် အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေ သူတို့က ဆိုသည်။

လတ်တလော ဖြစ်စဉ်တခုတွင် ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်တခုရှိ ‘အရုဏ်ဦး’ ပီနံအိတ် စက်ရုံမှ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်များ ဆက်တိုက်နီးပါး အလုပ်မှ ထုတ်ပယ်ခြင်း ခံရကြောင်း အဆိုပါ စက်ရုံ အလုပ်သမားများက ပြောသည်။

ဇွန်လအတွင်းက စက်ရုံ သမဂ္ဂ ဥက္ကဋ္ဌကို ထုတ်လိုက်ပြီး အစားထိုး ခန့်အပ်ခဲ့သူကိုလည်း ဇူလိုင်လ နှောင်းပိုင်းတွင် အလုပ်မှ ထုတ် ပယ်လိုက်သည်ဟု စက်ရုံအလုပ်သမားများက ဆိုသည်။

“လစ်လပ်သွားတဲ့ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ နေရာမှာ အစားထိုးထားတဲ့ ကိုကျော်သူနဲ့ အလုပ်သမား နှစ်ယောက်ကို တရုတ်လူမျိုး အလုပ်ရှင်နဲ့ စကားပြန်က အခု ဇူလိုင် ၂၁ ရက်နေ့မှာ ထပ်ထုတ်လိုက်ပါတယ်” ဟု ယင်းစက်ရုံမှ သမဂ္ဂဥက္ကဋ္ဌ ဟောင်းတဦးဖြစ်ခဲ့ပြီး အခြားအလုပ်သမား ၁ဝ ဦးနှင့်အတူ အလုပ်ထုတ်ခံလိုက်ရသူ ဦးဇော်ညွန့် က ပြောသည်။

၎င်းက ဆက်လက်၍ “ဒီလို အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေကို တယောက်ပြီး တယောက် အလုပ်ကနေ ထုတ်တာ အလုပ်
သမား သမဂ္ဂ ဖွဲ့စည်းတာကို မကျေနပ်လို့ ထုတ်ပယ်တာ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

ထိုစက်ရုံတွင် အလုပ်သမား ၁၅ဝ ခန့် ရှိရာ အများစုမှာ မိန်းကလေးများဖြစ်ပြီး နယ်မှ လာရောက် လုပ်ကိုင်ကြကြောင်းနှင့် ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများအရ ဝန်ထမ်း တရာကျော်လျှင် ထမင်းစားခန်း၊ အိပ်ခန်းဆောင်များ ထားရှိပေး ရမည် ဖြစ်သော်လည်း ယင်း စက်ရုံတွင် ထားရှိပေးခြင်း မရှိကြောင်း ဇွန်လ ၂၂ ရက်နေ့က အလုပ်မှ ထွက်ခဲ့သူ ယင်းစက်ရုံမှ မန်နေဂျာဟောင်း ဦးထွန်းငွေ ကလည်း ပြောသည်။

အလုပ်သမားများ ယင်းစက်ရုံ၌ အလုပ်ဆင်းရာတွင် မနက်ဆိုင်း (မနက် ရှစ်နာရီမှ ညနေလေးနာရီ)၊ ညလေးဆိုင်း (ညနေ လေးနာရီ မှ ည ၁၂ နာရီ)၊ ညကြီးဆိုင်း (ည ၁၂ နာရီမှ မနက် ၈နာရီ) သုံးဆိုင်း ရှိပြီး ညလေးဆိုင်း အလုပ်ပြီး ချိန်နှင့် ညကြီးဆိုင်း အလုပ်ဆင်းရာမှာ အိမ်ပြန်ရန် အခက်အခဲရှိသဖြင့် အဆောင် စီစဉ်ပေးရန် တောင်းဆိုရာမှ ဇွန်လ ၂၆ ရက်နေ့ ညပိုင်းတွင် အလုပ်ရှင်နှင့် အလုပ်သမားများ အငြင်းပွားပြီး အလုပ်ထုတ်ခံရခြင်း ဖြစ်သည်။

အလုပ်ထုတ်ခံရသူတဦးကို နှစ်လစာ နစ်နာကြေး ပေးခဲ့သော်လည်း “အလုပ်ထုတ်ခံရတဲ့အထဲမှာ ဒီစက်ရုံက အလုပ်သမား သမဂ္ဂ အဖွဲ့က ဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေနဲ့ အလုပ်အမှုဆောင် လေးယောက် ပါသွားတယ်။ အလုပ်အမှုဆောင်ထဲက မိန်းကလေး သုံးယောက်ပဲ ကျန်တယ်။ သူတို့ကတော့ အလုပ်မထွက်ဘဲ တင်းခံနေတယ်။ ကျနော်တို့လည်း အလုပ်ပြန်လိုချင်တယ်။ အခု အလုပ် မရှိဘဲ နေရတာ တလလောက် ရှိပြီ။ စားဝတ်နေရေးလည်း အဆင်မပြေဘူး” ဟု ဦးဇော်ညွန့် က ပြောသည်။

အခြေခံ အလုပ်သမား အဖွဲ့များ တရားဝင် ဖွဲ့စည်းခွင့် နည်းဥပဒေနှင့် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး နည်း ဥပဒေ စသည့် အလုပ်သမားဥပဒေများ ယခုနှစ်တွင် ပြဋ္ဌာန်းထားပြီး ဖြစ်သော်လည်း အလုပ်သမားများအတွက် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ခြင်း မရှိသေးကြောင်း အဆိုပါစက်ရုံမှ သမဂ္ဂ ဥက္ကဋ္ဌဟောင်းတဦး ဖြစ်သူ ဦးသန့်ဇော်ဦး က ပြောသည်။

ထိုဖြစ်ရပ်များနှင့် ပတ်သက်၍ စက်ရုံမှ တာဝန်ရှိသာများကို မဇ္စျိမက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ပြန်လည် ဖြေကြား ခြင်း မရှိပေ။

အလားတူပင် လှိုင်သာယာစက်မှုဇုန်ရှိ အမျိုးသမီးလုပ်သား ၂,ဝဝဝ ခန့်ဖြင့် လည်ပတ်နေသည့် Hi Mo ဆံပင်တုစက်ရုံ တွင်လည်း အလုပ်ရှင်သည် အလုပ်သမားများ၏ လိုအပ်ချက်နှင့် ပတ်သက်၍ ကတိပြုသည့်အတိုင်း ဆောင်ရွက်ရန် ပျက်ကွက်နေသဖြင့် ဇူလိုင်လ နှောင်းပိုင်းတွင် ဆန္ဒပြမှုများ ပြန်လည် ဖြစ်ပေါ်နေသည်။

“ကျမတို့ တောင်းဆိုတာတွေကို မရမချင်း ဆက်လက် တောင်းဆိုနေမှာပါ” ဟု အလုပ်သမား ခေါင်းဆောင် တဦးဖြစ်သူ မသီတာ ထွန်း က မဇ္ဈိမကို ပြောဆိုသွားသည်။

Ref: မဇ္ဈိမ

Read More...

ကမ္ဘာ့မူဆလင်အဖွဲ့ကြီးက သမ္မတ ဦးသိန်းစိန်ထံ စာပို့

ဇူလိုင်လ ၂၆ ရက် ၂၀၁၂ ခုနှစ်

အဖွဲ့ဝင်နိုင်ငံပေါင်း ၅၇ နိုင်ငံရှိသည့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၏ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ထံသို့ မြန်မာနိုင်ငံအတွင်း မူဆလင်များအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် ကူညီပေးပါ ရန် ဗုဒ္ဓဟူးနေ့က စာရေးသား တောင်းဆိုလိုက်သည်။

ရိုဟင်ဂျာ မူဆလင်များ၏ လုံခြုံရေးအတွက် ဆောင်ရွက်ပေးပါရန် သမ္မတ ဦးသိန်းစိန်အား OIC အတွင်းရေးမှူးချုပ်က တောင်းဆို ထားခြင်းဖြစ်သည်။

ဦးသိန်းစိန်ထံ ပေးပို့လိုက်သော Dr. Ihsanoglu ၏ စာတွင် မြန်မာနိုင်ငံ အတွင်း မူဆလင်များအပေါ် ဖိအားပေးနေမှုများ အဆုံး သတ်ရန်အတွက် ရေးသားထားကြောင်း OIC က ကြေညာချက်ထုတ်ပြန်ထားသည်။

“ဤကိစ္စနှင့်ပတ်သက်ပြီး OIC အနေဖြင့် မြန်မာနိုင်ငံအား မည်သည့်အကူ အညီမျိုးမဆို ပေးအပ်ရန် အဆင်သင့် ဖြစ်နေပါသည်” ဟု ဦးသိန်းစိန်ထံ ရေးသားပေးပို့လိုက်ပြီး မစ္စတာ ဘန်ကီမွန်းထံသို့ ပေးပို့လိုက်သော စာတွင်လည်း “ဤကိစ္စနှင့်ပတ်သက်ပြီး OIC အနေဖြင့် ကုလ သမဂ္ဂအား မည်သည့်အကူအညီမျိုးမဆို ပေးအပ်ရန် အဆင်သင့် ဖြစ်နေပါသည်” ဟူ၍ အလားတူ ပါရှိသည်။ ထို့ပြင် ကုလသမဂ္ဂ အနေနှင့် မြန်မာအစိုးရအပေါ် ပိုမိုသြဇာညောင်းပါစေကြောင်းလည်း ရေးသားထားသည်ဟု ဆော်ဒီ အာရေးဗျ နိုင်ငံ Jaddah မြို့မှ လာသည့် Anadolu Agency သတင်းတရပ် တွင် ဖော်ပြပါရှိသည်။

ရိုဟင်ဂျာ မူဆလင်များအပေါ် တိုက်ခိုက်မှုများအား လျှင်မြန်စွာ စုံစမ်းဖော်ထုတ်ပြီး တာဝန်ရှိသူများအား တရားရုံးတင်စစ်ဆေးမှု အတွက် ဆောင်ရွက်ပေးပါရန် ဦးသိန်းစိန်ကို OIC အတွင်းရေးမှူးချုပ် Dr. Ekmeleddin Ihsanoglu က တောင်းဆိုထားသည်။

၁၉၆၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် OIC အဖွဲ့သည် ကုလသမဂ္ဂတွင် အမြဲတမ်း ကိုယ်စားလှယ်တဦး ထားခွင့်ရရှိထားပြီး မူဆလင် ကမ္ဘာ၏ စုပေါင်းအသံ ဖြစ်စေရန်နှင့် မူဆလင်များ၏ အကျိုးစီးပွား ကာကွယ်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

မူလ အမည်ဖြစ်သည့် Organisation of the Islamic Conference ကို ၂၀၁၁ ခုနှစ်တွင်မှ Organisation of Islamic Cooperation သို့ ပြောင်းလဲလိုက်သည့် OIC တွင် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် မလေးရှားတို့ ပါဝင်သလို မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိဆက်နေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံလည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေသည်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့