Friday, July 27, 2012

စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးရှုထောင့်

ရဲထွဋ်
26 Jul, 2012

၂၀၀၈ ခုနှစ်တွင် ကျွန်တော်တို့ ၀န်ကြီးဌာနအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအသက်ဝင်လာပါက စာနယ်ဇင်း လွတ်လပ်ခွင့်များကို အခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ကျင့်သုံးနိုင်ရန် ပြင်ဆင်ရမည့်အချက်များကို လေ့လာ မှုများ စတင် ပြုလုပ်ခဲ့သည်။ ထိုအချိန်က ကျွန်တော်တို့အနေဖြင့် အခြေခံဥပဒေက ပေးအပ်ထားသည့် အခွင့်အရေးများနှင့် ကိုက်ညီခြင်းမရှိသည့်ဥပဒေများကို ဖျက်သိမ်းခြင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့်တာဝန်ရှိမှု၊တာဝန်ခံမှုတို့ယှဉ်တွဲ ဖော်ဆောင် နိုင်မည့် ဥပဒေများ၊ စာနယ်ဇင်းကောင်စီ များဖွဲ့စည်းခြင်း စသည်လုပ်ငန်းများကိုဆောင်ရွက်နိုင်မည့်နည်းလမ်းများကို သာ စိတ်ဝင်စားခဲ့သည်။

ပြည်တွင်းစာနယ်ဇင်းသမားများဘက်ကလည်း စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနမှ ကျင့်သုံးနေသည့် ဆင်ဆာစနစ်ဖျက်သိမ်းရေးနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်ရရှိရေးကို တင်ပြတောင်းဆိုနေကြသည်။ ထို့ကြောင့် ပြန်ကြားရေး ၀န်ကြီးဌာနရော၊ စာနယ်ဇင်းသမား များကပါ စာနယ်ဇင်းလွတ်လပ်ခွင့်အရေးကို ကိုယ့်နည်းကိုယ့်ဟန်နှင့် ချဉ်းကပ် အဖြေ ရှာဖို့ ကြိုးစားနေသည်ဟုဆိုနိုင်ပါသည်။

သို့သော် ဒီမိုကရေစီအသွင်ကူးပြောင်းစနိုင်ငံများတွင် စာနယ်ဇင်းလွတ်လပ်ခွင့်များ ပြောင်းလဲကျင့် သုံးခဲ့သည့်အခြေအနေများ ကို လေ့လာနိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆွေးနွေးချိန်တွင် ကျွန်တော်တို့အနေဖြင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ( Media Development ) ဆိုသည့် အယူအဆနှင့်စတင်မိတ်ဆက်ခြင်းခံရတော့သည်။

မီဒီယာ

မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအယူအဆကိုမပြောမီ မီဒီယာ အကြောင်းစပြောရမည်ထင်သည်။ ပြန်ကြားရေး ကဏ္ဍ တွင်အပြောင်းအလဲ များလုပ်သည့်အခါ ကျွန်တော်တို့ချဉ်းကပ်မှုများက ပုံနှိပ်မီဒီယာ ထို့ထက်ပိုပြီး ပြောရလျှင် စာနယ်ဇင်း၊ ထိုအထဲမှာမှ ဂျာနယ်နှင့် သတင်းစာများကို အဓိကထားပြီး ဘာလုပ်ရမလဲဟု စဉ်းစားသည်။ သူတို့က မီဒီယာ ဟု ခြုံငုံစဉ်းစားသည်။ ထိုသို့စဉ်းစားရခြင်း မှာ ၁၉၇၀ပြည့်လွန်နှစ်များအထိသတင်းစာများသည် ပြည်သူလူထုက သတင်းအချက် များရရှိရေးအတွက် အဓိကအားထားရာဖြစ် ခဲ့သော် လည်း ၁၉၈၀ ပြည့်နှစ်တွင် ၂၄ နာရီပတ်လုံး သတင်းနှင့် သတင်း မှတ်တမ်း အစီအစဉ်များသာထုတ်လွှင့်သည့်စီအင်န်အင်န် (CNN) သတင်းဌာနပေါ်ပေါက်လာသည့်အချိန်တွင်မူ သတင်းစာ များ၏အခန်းကဏ္ဍမှာပြောင်းလဲသွားသောကြောင့်ဖြစ်သည်။ယခုအချိန်တွင် CNN ကဲ့သို့သော ၂၄ နာရီသတင်း ထုတ်လွှင့် သည့် ရုပ်မြင်သံကြားသတင်းဌာနများ အများအပြားပေါ်ပေါက်လာရုံသာမက သတင်း သက် သက်ထုတ်လွှင့်သည့် FM အသံလွှင့်ဌာနများလည်း ရှိလာပြီဖြစ်သည်။

အထူးသဖြင့် သတင်းများကို အချိန်နှင့် တစ်ပြေးညီတင်ဆက်နေသည့် ရုပ်သံ လိုင်းများကသတင်းစာများထက် ပြည်သူများအတွင်းသို့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ထိုးဖောက်နိုင်ပြီး ပြည်သူများ၊ အစိုးရနှင့် လွှတ်တော်တို့၏သဘောထားများကိုပိုမိုလွှမ်းမိုးလာနိုင် သည်ကို တွေ့ရသည်။ထို့ကြောင့်ပင်အမေရိကန်နိုင်ငံရေးလောကတွင် CNN Effect ဆိုသော ဝေါဟာရအသစ်တခုပင်ပေါ်လာခဲ့ပြီး သမ္မတ ကလင်တန်၏ အမျိုးသားလုံခြုံရေးအကြံပေး အရာရှိ ဖြစ်သူ အန်တိုနီလိတ်ခ်ကတော့ အမေရိကန်နိုင်ငံခြားရေးမူဝါဒက CNN ကင်မရာ ချိန်တဲ့ဘက်ကိုလိုက်လုပ်ရတာ ပိုများလာ ပြီ ("American foreign policy is increasingly driven by where CNN points its cameras.") ဟုပင် ဆိုခဲ့ရသည်။ထို့ကြောင့်လည်း သူတို့က စတုတ္ထမဏ္ဍိုင်ဟုပြောရာတွင် သတင်းစာသက်သက် သာမဟုတ် ပုံနှိပ်မီဒီယာရော၊ ရုပ်သံ မီဒီယာများအားလုံးကိုပါ ခြုံပြီး မီဒီယာသည် စတုတ္ထမဏ္ဍိုင်ဖြစ်သည်ဟု ဆိုသည်။ နောင်မကြာ သောကာလများတွင် မီဒီယာ သစ်များဖြစ်သည် အွန်လိုင်းမီဒီယာများပါ စတုတ္ထမဏ္ဍိုင်နေရာကိုဝင်လာတော့မည်ဟုလည်းဆိုသည်။

ယူနက်စကိုအဖွဲ့ကတော့ အောက်ပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေသော ဆက်သွယ်ရေးနည်းလမ်းမှန်သမျှကို မီဒီယာဟု သတ်မှတ်သည်ကို တွေ့ရပါသည်-

(က) နိုင်ငံသားများအနေဖြင့် သတင်းအချက်အလက်နှင့်ပညာရေးဆိုင်ရာများကို အပြန်အလှန်ဖလှယ်ခြင်း။

(ခ) အတွေးအခေါ်၊ အယူအဆများ၊သတင်းအချက်အလက်များ၊ ပုံပြင်၊ ၀တ္ထုနှင့်အခြားအကြောင်းအရာ များကို ဖြန့်ချိခြင်း။

(ဂ)အုပ်ချုပ်သူနှင့် ပြည်သူများအကြား၊ ပြည်သူများအတွင်းရှိ အုပ်စုအမျိုးမျိုးကြား အပြန်အလှန်ဆက်သွယ် ခြင်း။

(ဃ) အယူအဆအမျိုးမျိုးရှိသည့် အဖွဲ့အစည်းများ၊အုပ်စုများကြား အပြန်အလှန်ဆွေးနွေးခြင်း၊ အငြင်းပွားမှု များကို ဒီမိုကရေစီနည်းကျဖြေရှင်းနိုင်အောင်အထောက်အကူပြုခြင်း။

(င) သက်ဆိုင်ရာလူမှုအဖွဲ့အစည်းအတွင်းမှ ပြည်သူများအနေဖြင့် မိမိတို့အကြောင်းကို သိရှိအောင်၊ မိမိတို့ တန်ဖိုးထားသော အစဉ်အလာ၊ဓလေ့ထုံးစံများ၊ တန်ဖိုးများကို နားလည်လက်ခံလာအောင် အထောက် အကူပြုခြင်း။

(စ)နိုင်ငံအချင်းချင်းနှင် မိမိနိုင်ငံအတွင်း ယဉ်ကျေးမှုဓလေ့ထုံးစံများကို သိရှိအောင်၊ ကွဲပြားခြားနားသည့် ယဉ်ကျေးမှုများအတွင် စုစည်းညီညွတ်မှုရအောင် အထောက်အကူပြုခြင်း။

(ဆ)အစိုးရအဖွဲ့၏လုပ်ဆောင်ချက်များကိုစောင့်ကြည့်ခြင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍနှစ်ခုလုံးတွင် ပွင့်လင်း မြင်သာမှုရှိ အောင် ဆောင် ရွက်ခြင်း၊ အဂတိလိုက်စားမှု၊ အကျင့်ပျက်မှု၊ မှားယွင်းလုပ်ဆောင်မှုများကို စိစစ်တင်ပြခြင်း။

(ဇ)စီးပွားရေးစွမ်းဆောင်ရည်မြင့်မားအောင် အထောက်အကူပေးခြင်း။
(ဈ)ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားရေးနှင့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများဖြစ်အောင် အထောက်အကူပြုခြင်း။

(ည) ကွဲပြားခြားနားသည့်တန်ဖိုးများကို လေးစားပြီး လူမှုအခွင့်အရေးများ ( Social Rights) များအတွက် လှုံ့ဆော်ခြင်း။

စာနယ်ဇင်းလွတ်လပ်ခွင့်

နောက်ထပ်ပြောဖို့လိုတာက စာနယ်ဇင်းလွတ်လပ်ခွင့်ကိစ္စဖြစ်သည်။ စာနယ်ဇင်းလွတ်လပ်ခွင့် ဟုဆိုလျှင် စာနယ် ဇင်းများကို ထုတ်ဝေ ခြင်းမပြုမီ အစိုးရစိစစ်သည့် ဆင်ဆာစနစ်မှ ကင်းလွတ်ခွင့်ရှိခြင်းဟုသာ ယျေဘူယျနားလည်ခဲ့သည်။ သို့သော် လက်တွေ့လေ့လာ သည့်အခါ စာနယ်ဇင်းလွတ်လပ်ခွင့်တွင် ပိုင်ရှင်များ၏ ၀င်ရောက်စွက်ဖက်မှုမှ ကင်းလွတ် ခြင်း၊ ကြော်ငြာရှင်များ၊ စီးပွားရေးလုပ်ငန်း များ၏ ဖိအားပေးမှုမှကင်းလွတ်ခြင်းများပါ ပါဝင်သည်ကို တွေ့ခဲ့ရသည်။ ထို့ကြောင့်လည်း အနောက်ဒီမိုကရေစီ နိုင်ငံများတွင် အယ်ဒီ တာလွတ်လပ်ခွင့်( Editorial Independent ) နှင့်ပတ်သက်ပြီး အစိုးရကလည်းကောင်း၊ သမဂ္ဂများ ကလည်းကောင်း အလေး ထားကာကွယ်စောင့်ရှောက်ကြခြင်းဖြစ်သည်။ တစ်ခါတစ်ရံ တွင် ဂုဏ်သိက္ခာကြီးမားသည့် သတင်း စာတစ် စောင်ကို စီးပွားရေး လုပ်ငန်းတစ်ခုက ၀ယ်ယူရန်ကြိုးစားသည့်အခါမျိုးတွင် ပိုင်ရှင်သစ်က ၎င်းတို့သာ ပိုင်ဆိုင်ခဲ့လျှင် သတင်းစာ၏ အယ်ဒီတာလွတ် လပ်ခွင့် ကို အာမခံကြောင်း အလေးထား ကတိ က၀တ်ပြုရသည် ကိုတွေ့ရမည်ဖြစ်သည်။

ထိုကဲ့သို့ ဖိအားပေးမှုအမျိုးမျိုးမှ ကင်းလွတ်သော စာနယ်ဇင်းကိုသာ လွတ်လပ် သောစာနယ်ဇင်း ( Independent Press) ဟု ပြည်သူတွေက အသိအမှတ်ပြုကြသည်။ ထိုမီဒီယာများ၏ ထင်မြင်ချက်များ၊ ခေါင်းကြီးများကို အလေးထားကြသည်။ စောင်ရေများ ရုံသက်သက်ဖြင့်၊ ၀င်ငွေကောင်းရုံသက်သက်ဖြင့် လေးစားခံရသည့် လွတ်လပ်သော စာနယ်ဇင်းအဖြစ် ကို မရရှိနိုင်၊ ထို့ကြောင့်လည်း ၁၉၉၁ ယူနက်စကို အထွေထွေညီလာခံက အတည်ပြု ခဲ့သည့် စာနယ်ဇင်း လွတ်လပ်ခွင့်၊ စာနယ်ဇင်းသမားများ၏ဘ၀လုံခြုံရေးတို့နှင့် ပတ်သက်သော ၀င်းဟုခ်ကြေညာချက် Declaration of Windhoek တွင် လွတ်လပ်သောစာနယ်ဇင်းဆိုသည်မှာ အစိုးရ၊ နိုင်ငံ ရေးနှင့် စီးပွားရေး ထိန်းချုပ် မှုများမှကင်းလွတ်ခြင်း၊ စာနယ်ဇင်းထုတ်ဝေဖြန့််ချိခြင်းလုပ်ငန်းကိုဆောင်ရွက်ရန်လိုအပ်သည့် အခြေခံ အဆောက်အဦများ၊ ပစ္စည်းများကို ထိန်းချုပ် ခြင်းမှ ကင်းလွတ်ခြင်းကို ဆိုလိုသည်ဟု ဖော်ပြထားသည်ကိုတွေ့ရမည်ဖြစ်ပါသည်။

“By an independent press, we mean a press independent from governmental, political or economic control or from control of materials and infrastructure essential for the production and dissemination of newspapers, magazines and periodicals.”

မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ( Media Development )

ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ခုတွင် ရှိရမည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ကောင်းမွန်သောအုပ်ချုပ်မှု စနစ်၊ နိုင်ငံသားများ၏ ဖွံ့ဖြိုးတိုးတက်မှုများရရှိစေရန်အတွက် မီဒီယာများက အရေးကြီးသောကဏ္ဍမှာရှိသည်။ သို့သော် တစ်ခါတစ်ရံတွင် စီးပွားရေး၊ နိုင်ငံ ရေး အင်အားကြီးအုပ်စုများကမီဒီယာများကို ချုပ်ကိုင်ထားသည့်အခါ မီဒီယာလွတ်လပ်ခွင့် ရှိသည့်တိုင် အင်အားနည်းအုပ်စုများ၊ လူနည်းစုများ၏ သဘောထားများ၊ ခံစားချက်များ၊ နစ်နာချက်များကို မီဒီယာများမှ တဆင့်တင်ပြနိုင်ခွင့်မရတော့ဘဲ လျစ်လျူရှုခံ ရသည့်အခြေအနေသို့ ရောက်သွားတတ်ပြန်သည်။ ထိုအခြေအနေမျိုးတွင် မီဒီယာက ပဋိပက္ခများ၊ သဘောထားကွဲပြားမှုများကို ပြေလျော့သွားအောင်လုပ်ရမည့် အစား ပိုမိုအားကောင်းလာအောင် လုပ်ပေးသလို ဖြစ်သွားတတ်သည်။ ထိုအခြေအနေမျိုးကို ဒီမိုက ရေစီအသွင်ကူးပြောင်းစနိုင်ငံများတွင် အများအပြား တွေ့နိုင်သလို ဖွံ့ဖြိုးပြီးနိုင်ငံများတွင်လည်း တွေ့ရတတ်သည်။ ထို့ကြောင့်လည်း ယူနက်စကိုအပါအ၀င် သတင်း လွတ်လပ်ခွင့်ကို အလေးထား ဆောင်ရွက်နေသည့် နိုင်ငံတကာအဖွဲ့အစည်းများက စာနယ်ဇင်းလွတ် လပ်ခွင့်သည် မဖြစ် မနေလိုအပ်ချက်ဖြစ်သော်လည်းဤအချက်တစ်ခုတည်းဖြင့်ကောင်းမွန်သောအုပ်ချုပ်မှုစနစ်၊ နိုင်ငံသားများ၏ ဖွံ့ဖြိုး တိုးတက် မှုများ ရရှိစေရန်အတွက် လုံလောက်မှုမရှိပဲ အောက်ပါအခြေအနေများကိုပါဖြည့်ဆည်းပေးရန်လိုအပ်သည်ဟု ထောက်ပြ ကြသည်-

(က)မီဒီယာလွတ်လပ်ခွင့်ရှိရမည့်အပြင် အင်အားနည်းအုပ်စုများ၊လူနည်းစုများအနေဖြင့် မီဒီယာများထံမှ သတင်းအချက်အလက်များ လွယ်ကူစွာရယူနိုင်ခြင်း၊ မီဒီယာများပေါ်တွင် ၎င်းတို့၏ သဘောထားအမြင် များကို ထုတ်ဖော်တင်ပြခွင့်ရှိခြင်း။ ( Independence and Access)

(ခ) မီဒီယာကဏ္ဍကို လက်ဝါးကြီးအုပ်ခြင်းမှ ကာကွယ်ခြင်းနှင့် ပုဂ္ဂလိက မီဒီယာလုပ်ငန်းငယ်များ ပြည်သူ့ ရေးရာဝန်ဆောင်မှု မီဒီယာများရှင်သန်နိုင်အောင် အကာအကွယ်ပေးသည့် ဥပဒေများ၊ စည်းမျဉ်းများ ရှိခြင်း။ ( Pluralism and Diversity )

(ဂ) စာနယ်ဇင်းသမားများ၊ ရုပ်သံသတင်းထောက်များ၊ သတင်းတင်ဆက်သူများ၊ မီဒီယာလုပ်ငန်းစီမံခန့်ခွဲ သူများစသည့် မီဒီယာ လောကသားများ၏ အရည်အချင်းကို မြှင့်တင်ပေးမည့် လေ့ကျင့်ရေးစနစ်များရှိ ခြင်း။ ( Professional Capacity of Media Workers)

(ဃ) မီဒီယာလုပ်ငန်းများတိုးတက်ရေးအတွက်အခြေခံအဆောက်အအုံကောင်းများရှိခြင်း။ ( Infrastructural Capacity)

ထို့ကြောင့်ယူနက်စကိုအဖွဲ့ကြီးက အထက်ပါအခြေအနေများအားလုံးကို ဖြည့်ဆည်းနိုင်ရန်အတွက် နိုင်ငံတစ်ခု ၏ မီဒီယာကဏ္ဍ အခြေ အနေ ကို သုံးသပ်ရာတွင် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဆိုသည့်အယူအဆဘက်မှ ချဉ်းကပ်လေ့လာ ရန်သတ် မှတ် ခဲ့သည်။ မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအယူအဆအရနိုင်ငံတစ်ခုတွင် စာနယ်ဇင်းလွတ်လပ်ခွင့်အပါအ၀င် မီဒီယာ ကဏ္ဍဘက်စုံ ဖွံ့ဖြိုးတိုး တက်ရေး အတွက် အခြေအနေငါးရပ်ကို ဖြည့်ဆည်းပေးရမည်ဖြစ်သည်။

ပထမအခြေအနေမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် မီဒီယာများပေါ်တွင် မတူကွဲပြားသော အမြင်များ ဖော်ပြခွင့်ရစေရန် အထောက်အကူပြုသည့် စည်းမျဉ်း၊ စည်းကမ်းများရှိခြင်းဖြစ်သည်။ ဤအခြေအနေကို ရရှိစေရန်အတွက် လွတ်လပ်စွာထုတ် ဖော် ပြောဆိုခွင့်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့်အာမခံရမည့်အပြင် လက်တွေ့တွင်လည်း လိုက်နာ ကျင့်သုံးမှုရှိရမည်ဖြစ်သည်။ထို့ပြင် မီဒီယာများ၏သတင်းရယူခွင့်၊ သတင်းအရင်းအမြစ်ကိုကာကွယ်နိုင်ခွင့် အယ်ဒီတာ လွတ်လပ်ခွင့် စသည့်အခွင့်အရေး များနှင့်ပတ်သက် ပြီး ဥပဒေများဖြင့်အကာအကွယ်ပေးထားရမည်ဖြစ်သည်။ ရုပ်သံလွှင့် မီဒီယာများအတွက်ဆိုပါက ရုပ်သံထုတ်လွှင့်ခွင့်လိုင်စင် ထုတ်ပေး ခြင်း၊ လှိုင်းနှုန်းခွဲဝေသုံးစွဲခြင်းများနှင့် ရုပ်သံထုတ်လွှင့်ရာ တွင်လိုက်နာရမည့်စည်းကမ်းချက်များနှင့်ပတ်သက်သည့် ဥပဒေများရှိရ မည် ဖြစ်သည်။

ဤအခြေအနေတွင် အငြင်းပွားဖွယ်ရာအဖြစ်ဆုံးကိစ္စမှာ အသရေဖျက်မှု ( Defamation Law) ဖြစ်သည်။ အချို့နိုင်ငံများတွင် အသ ရေဖျက်မှုကို ပြစ်မှု ကြောင်းအရ တရားစွဲဆိုခွင့်ပြုထားပြီး အချို့နိုင်ငံများတွင်တရားမမှုအဖြစ်သာ တရားစွဲဆိုခွင့်ပြုထားသည်။ Article 19 ကဲ့ သို့ စာနယ်ဇင်းလွတ်လပ်ခွင့်ဆောင်ရွက်နေသည့်အဖွဲ့များကတော့ တရားမမှုအဖြစ်သာစွဲဆိုသင့်သည်ဟု ယူဆ ကြသည်။ သို့သော် ပြစ်မှုကြောင်းအရ တရားစွဲဆိုခွင့်ပြုခြင်းကိုထောက်ခံသူများကမူ မီဒီယာများ၏ မမှန်မကန်ရေးသားချက် ကြောင့် အစုရှယ်ယာဈေးများထိုးကျသွားခြင်း၊ရွေးကောက်ပွဲကာလတွင် နစ်နာမှုများ ဖြစ်ပေါ်ခြင်း၊ လူမျိုးရေး၊ ဘာသာရေးအရ ထိခိုက် နစ်နာ စေခြင်း စသည့်ဖြစ်စဉ်များတွင် တရားမကြောင်းအရ တရားစွဲဆိုမှုသည် နစ်နာမှုများအတွက် လုံလောက်မှု မရှိကြောင်းထောက် ပြကြသည်။

ထို့ကြောင့် ယူနက်စကိုအပါအ၀င် မီဒီယာလွတ်လပ်ခွင့်ကိုဆောင်ရွက်နေသည့်အဖွဲ့အစည်းများက အသရေဖျက် မှုနှင့်ပတ်သက်ပြီး ပြစ်မှုကြောင်းအရ တရားစွဲဆိုနိုင်ရန်ဥပဒေပြဋ္ဌာန်းမည်ဆိုပါက လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာနှင့် အကျင့် စာရိတ္ထကို ကာကွယ်စောင့်ရှောက်ရန်အတွက်သာ ရည်ရွယ်ပြဋ္ဌာန်းခြင်းဖြစ်ရန်၊ အစိုးရ သို့မဟုတ် ပြည်သူ့ဝန်ထမ်းများ၏ ပြုမူ ဆောင်ရွက်မှုများကို ဝေဖန်ခြင်းမပြုနိုင်အောင် ဟန့်တားသည့်သဘောဖြင့် ဆောင်ရွက်ခြင်း မပြုရန်၊ ခုခံကာကွယ်သူအနေဖြင့် ဥပဒေအရအသုံးပြုနိုင်မည့် ကင်းလွတ်ခွင့်များ တိတိကျကျ ဖော်ပြပေးရန် စသည်ဖြင့် လိုက်နာသင့်သော အခြေခံမူများကို အကြံပြု ထားသည်ကိုလည်းတွေ့ရသည်။

နောက်ထပ်အငြင်းပွားလေ့ရှိသည့်အချက်မှာ စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ် ကန့်သတ်ခွင့်ရှိမရှိဆိုသည့်အချက် ဖြစ်သည်။ တကယ် တော့ လူ့အခွင့်အရေးကြေညာစာတမ်းပုဒ်မ ၁၉ တွင် စာနယ်ဇင်းလွတ်လပ်ခွင့်ကို အာမခံထားသကဲ့ သို့ လူ့အခွင့် အရေးကြေညာ စာတမ်း ပုဒ်မ ၂၉ (Article 29 of Universal Declaration of Human Rights ) တွင် ဤကြေညာ စာတမ်းပါ အခွင့် အရေးများကိုကျင့်သုံးရာ၌ အခြားသူများ၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကိုလေးစားရန်၊ ဒီမိုကရေစီလူ့အဖွဲ့ အစည်းတစ်ခု တွင် ရှိသင့်၊ ရှိအပ်သည့် ပြည်သူများ၏ အကျင့်စာရိတ္ထ၊ တရားဥပဒေစိုးမိုးမှုနှင့် အထွေ ထွေအကျိုးစီးပွားများကို မထိခိုက်စေရန် အ တွက် အလေးဂရုပြုရမည်ဟု ဖော်ပြထားပါသည်။

ပြည်သူများ၏ နိုင်ငံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာကွန်ဗင်းရှင်း ပုဒ်မ ၂၀ (Article 20 of International Covenant on Civil and Political Rights) တွင်မူ လူမျိုးရေး၊ ဘာသာရေး မုန်း တီးမှုများ၊ ခွဲခြား ဆက်ဆံမှုများနှင့် အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေမည့် လှုံ့ဆော်ရေးသားမှုများ၊ လုပ်ဆောင်မှုများကို ဥပဒေဖြင့် တားမြစ် ရန်လိုအပ်ကြောင်း ဖော်ပြ ထား သည်ကိုတွေ့ရသည်။

အလားတူပင် ဥရောပလူ့အခွင့်အရေးဆိုင်ရာကြေညာစာတမ်း အပိုဒ် ၁၀ (Article 10 of European Convention on Human Rights) တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးရာ၌ အမျိုးသားလုံခြုံရေး၊ နယ်မြေပိုင်ဆိုင် မှု၊ ပြည်သူများ ၏လုံခြုံရေးအတွက်လည်းကောင်း၊ ရာဇ၀တ်မှုခင်းများကို ကာကွယ်နိုင်ရန်အတွက် လည်းကောင်း၊ ပြည်သူများ၏ အကျင့်စာရိတ္ထနှင့် ကျန်းမာရေးအတွက် လည်းကောင်း၊ တရားရေးမဏ္ဍိုင်၏လွတ်လပ်မှုကို မထိပါးစေရန်အတွက်လည်းကောင်း ရည်ရွယ် ပြဋ္ဌာန်းထား သည့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ခုတွင်ရှိသင့်ရှိအပ်သည့် ဥပဒေများ၊ စည်းကမ်း ကန့်သတ်ချက်များကို လိုက်နာရန်လို အပ်သည် ဟု ဖော်ပြထားသည်ကိုတွေ့ရသည်။

ထို့ကြောင့် ယူနက်စကိုအဖွဲ့က သက်ဆိုင်ရာနိုင်ငံတစ်ခုအနေဖြင့် နိုင်ငံလုံခြုံရေး၊ လူမျိုးရေးမုန်းတီးမှုကိုလှုံ့ ဆော်ခြင်း၊ ပုဂ္ဂလိလွတ် လပ် ခွင့်ကိုကာကွယ်ခြင်း၊ တရားရုံး၏လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာကို ကာကွယ်ခြင်း၊ မဖွယ်မရာ စော်ကား ပြောဆိုခြင်းများ နှင့်ပတ် သက်ပြီး ကန့်သတ်တား မြစ်သည့်ဥပဒေများပြဋ္ဌာန်းသင့်သည်ကိုလက်ခံသော်လည်း ထိုဥပဒေများအနေဖြင့် လိုရာဆွဲပြီး အဓိပ္ပါယ် ကောက်ယူ၍ မရအောင် တိတိကျကျ ပြဋ္ဌာန်းရန်၊ ဒီမိုကရက်စီ လူ့ အဖွဲ့အစည်းတစ်ခုအနေဖြင့် တစ်ဦးချင်းနှင့် လူ့အဖွဲ့ အစည်း၏ အကျိုးစီးပွားကိုကာကွယ်နိုင်ရန်အတွက် အနည်းဆုံး လိုအပ်သည့် ကန့်သတ်ချက်များသာဖြစ်ရန်၊ နိုင်ငံတကာစံများနှင့် လိုက်လျောညီ ထွေရှိစေရန် လိုအပ်သည်ဟု သတ်မှတ် ထားပါသည်။


ဆက်လက်ဖော်ပြပါမည်

Ref: မြစ်မခ

0 comments:

အပေါ်သို့