Friday, July 27, 2012

သားအိမ်ခေါင်းကင်ဆာ ကာကွယ်နိုင်ခြင်းမရှိချိန်တွင် စက်အင်အားနည်းပါးလျှက်ရှိ

ယမင်း(မြစ်မခ)
26 Jul, 2012

သားအိမ်ခေါင်းကင်ဆာရောဂါအား ကာကွယ်ဆေးထိုးခြင်းဖြင့် ရာနူန်းပြည့်ကာကွယ်နိုင်ခြင်း မရှိသလို ဓါတ်ကင်စက်အင်အားမှာလည်း နည်းပါးနေသေးကြောင်း ကင်ဆာရောဂါအထူးကုဆရာဝန်ကြီးများက ဆိုသည်။

“ဒီရောဂါကကမ္ဘာမှာအခုထိ ပျောက်ကင်းနိုင်တဲ့ဆေးမရှိဘူး၊ဓါတ်ကင်တယ်ဆိုတာလည်း လုံးဝမပျောက်နိုင်ဘူး၊ ဒါကလည်းထိန်း ထား တဲ့ သဘောပဲရှိတယ်၊ စက်အင်အားကလည်း မြန်မာနိုင်ငံမှာနည်းနေသေးတယ်”ဟု သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာစိုး လွင်က ပြောသည်။

မြန်မာနိုင်ငံ၌ ရန်ကုန်၊မန္တလေးနှင့် တောင်ကြီးမြို့များတွင် ဓါတ်ကင်စက်(၅)လုံးသာ ရှိသဖြင့် ဓါတ်ကင်လိုသူများကလချီ၍ စောင့်ဆိုင်း ရခြင်းကြောင့်ကင်ဆာနှင့်အသက်ဆုံးရှုံးမှု မြင့်တက်လာ နိုင်ကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။

ကင်ဆာရောဂါသည် အနေအထိုင်အစားအသောက် မဆင်ခြင်ခြင်းကြောင့်လည်းကောင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းခြင်း ကြောင့် လည်းကောင်း၊ ခန္ဓာကိုယ်အတွင်းအင်္ဂါ အားနည်းချက်နှင့် မွေးရာပါအားနည်း ချက်များကြောင့် ဖြစ်ပေါ်လေ့ရှိပြီး ရောဂါ စတင်ဖြစ်ပွားချိန်တွင် ခွဲစိတ်ကုသနိုင်သော်လည်း ရင့်ကျက်ချိန်တွင် ဓါတ်ရောင်ခြည် (ဓါတ်ကင်)ကုသနည်းဖြင့်သာ ကုသနိုင်ကြောင်း ဆရာဝန်ကြီးများထံက သိရှိရသည်။

“သားအိမ်ခေါင်းကင်ဆာဆေးက ရာနှုန်းပြည့်မကာကွယ်နိုင်ပါဘူး။ ၇၅% လောက်ပဲ ကာကွယ်နိုင်တယ်။ နောက်ထပ်ဝင်မလာ အောင် ကာကွယ်တယ်။ ၀င်လာလို့ရှိရင်လည်း တိုက်ထုတ်ပေးတယ်။ အမျိုးသမီးတွေ အနေနဲ့ အသက်(၅၄)နှစ်အရွယ်ထိ ကာကွယ်ဆေး ထိုးထားရင် အကျိုးရှိပါတယ်” ဟု သားဖွားမီးယပ် အထူး ကုဆရာဝန်ကြီးတစ်ဦးက ပြောသည်။

သားအိမ်ခေါင်းကင်ဆာ၏ ရောဂါလက္ခဏာများမှာ သွေးဆုံးပြီးချိန်တွင် သွေးများတရစပ်အလွန်ဆင်းခြင်း၊ အဖြူဆင်းချိန်တွင် ပုပ်စော် နံခြင်း၊ အမျိုးသားနှင့်အတူနေချိန်တွင်း သွေးဆင်း၊ အဖြူဆင်းခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

အဆိုပါ ရောဂါအား ကြိုတင်ကာကွယ်နိုင်ရန် လိင်ဆက်ဆံမှုအရေအတွက် လျော့ချရန်၊ အတူနေစဉ် ကွန်ဒုံးဖြင့် ကာကွယ်ရန်၊ ၆လ လျှင်တစ်ကြိမ်ကာကွယ်ဆေး ထိုးပေးရန်၊ တစ်နှစ်လျှင်တစ်ကြိမ် သားအိမ်ခေါင်း ကင်ဆာ စစ်ဆေးမှုများ ပြုလုပ်ရန်၊ အဟာရ ပြည့်ဝ သော အစားအစာများ စာသုံးရန်နှင့် ကိုယ်လက်လှုပ်ရှား ပြုလုပ်ရန် လိုအပ်ကြောင်း သိရှိရသည်။

“ကင်ဆာရောဂါက တစ်နေရာဖြစ်ပြီဆိုရင် တစ်ကိုယ်လုံးပွားချင်တဲ့နေရာမှာပွားကုန်တော့တာပဲ။ အသက် အရွယ်မရွေးပါဘူး။ ရောဂါ အနုအရင့်ကိုလိုက်ပြီး ၃လ ကနေ ၆လတွင်း အသက်သေဆုံးနိုင်ချေရှိတာကြောင့် မဖြစ်အောင်တော့ ကြိုတင်ကာကွယ်မူတွေ ပြုလုပ် သင့်တယ်။ ဖြစ်လာပြီဆိုရင်လည်း ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ကုသသင့်တယ်”ဟု မြန်မာနိုင်ငံ ဆရာဝန်များအသင်းမှ ကင်ဆာ ရောဂါ အထူးကု ဆရာဝန်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးအများ၌ ကင်ဆာဖြစ်ပွားမှုနှုန်းများမှာ သားအိမ်ခေါင်းကင်ဆာ ၄၇.၉%၊ သားဥအိမ် ကင်ဆာ ၂၈.၅%၊ စပျစ်သီးသန္ဓေကင်ဆာ ၆.၉%၊ မိန်းမကိုယ်ကင်ဆာ(သားအိမ်ကင်ဆာ) ၇.၁% တို့ဖြစ် ကြောင်း သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့