Saturday, May 21, 2011

မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှုအပေါ် ဂျိုးဇက်ယွန် သတိပေး

2011-05-21

မြန်မာအစိုးရနဲ့ မြောက်ကိုရီးယား အကြား စစ်ရေးဆက်ဆံမှုတွေနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံက စိုးရိမ်ကြောင်း အမေရိ ကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန် မြန်မာအစိုးရ အာဏာပိုင်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တယ်လို့ ရန်ကုန် အမေရိ ကန်သံရုံးက မနေ့က ပြောကြားလိုက်ပါတယ်။

မစ္စတာယွန်ရဲ့သုံးရက်ကြာ မြန်မာနိုင်ငံခရီးစဉ် အပြီး ရန်ကုန် အမေရိကန်သံရုံးက မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ- မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယား စစ်ရေးဆက်ဆံမှုတွေအပေါ် အမေရိကန်နိုင်ငံက စိုးရိမ်ပူပန်မှု ရှိကြောင်း၊ မြောက်ကိုရီးယားနိုင်ငံအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိတ်ဆို့ အရေးယူထားတဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံကလည်း လေးစားလိုက်နာဖို့ ပန်ကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။

မြောက်ကိုရီးယား-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ အလားတူ စိုးရိမ်ပူပန်မှုကို မနှစ်က ပေါက်ကြားခဲ့တဲ့ ဝီကီလိခ်စ် အမေရိကန်သံရုံး ကြေးနန်းမှတ်တမ်းတွေမှာလည်း ဖော်ပြခဲ့ ဖူးပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေး ယူမှုမှာ မြောက်ကိုရီးယားနိုင်ငံက လက်နက်ပစ္စည်း ဝယ်ယူရောင်းချမှု အားလုံးကို ပိတ်ပင် ထားပြီး လေကြောင်း၊ ရေကြောင်း၊ ကြည်းကြောင်းက သယ်ယူ ပို့ဆောင်မှု အားလုံးကို ခွင့်ပြုချက်ရှိတဲ့ နိုင်ငံတနိုင်ငံက ရှာဖွေထိန်းသိမ်း ဖျက်ဆီးခွင့် ပြုထားပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာအပြီး ပထမဆုံး အလည်အပတ် ရောက်ရှိလာတဲ့ အမေရိကန် အစိုးရ အကြီးတန်းအရာရှိတဦး ဖြစ်တဲ့ ဂျိုးဇက်ယွန်ဟာ မြန်မာအစိုးရသစ် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အရင် နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ လက်ရှိ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဥာဏ်ဝင်း တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲတွေမှာ မြန်မာ-အမေရိကန် ဆက်ဆံရေး တိုးတက်ဖို့ အာသီသ ရှိကြောင်း၊ ဒီလို တိုးတက်ဖို့အတွက် မြန်မာအစိုးရဘက်က အဓိပ္ပာယ်ရှိပြီး လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေး ဖြစ်ပေါ်လာအောင် ဆောင်ရွက်ချက်တွေ၊ လူ့အခွင့်အရေး လေးစား လိုက်နာမှုတွေနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်ပေးရေး ကိစ္စတွေမှာ မူတည်ကြောင်း ပြောကြားခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာယွန်ဟာ ခရီးစဉ်အတွင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ လိုလားသူတွေ၊ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုနဲ့ အမျိုးသားရင်ကြားစေ့ရေး ပေါ်ပေါက် လာဖို့ နည်းလမ်းတွေကို ဆွေးနွေးခဲ့တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာယွန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ ဝါရှင်တန်ဒီစီ အမေရိကန် နိုင်ငံခြား ရေးဌာနက ပြောခွင့်ရသူ Mark Toner ကို RFA က ကိုကျော်မင်းထွန်း ဆက်သွယ် မေးမြန်းပြီး တင်ပြထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။

Ref;RFA

Read More...

မြစ်ဆုံဆည်ကြောင့် `ပြည်တွင်းစစ်´ ဖြစ်နိုင်ဟု KIO သတိပေး


ကချင်ပြည်နယ်တွင် တည်ဆောက်မည့် မြစ်ဆုံဆည်သည် ပြည်တွင်းစစ်အထိ ဦးတည် သွားနိုင်သဖြင့် စီမံကိန်းကို ရပ်ဆိုင်းထားပါရန် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က တရုတ်သမ္မတ ဟူကျင်းတောင်ထံ အိတ်ဖွင့်ပေးစာ ရေးသားပေးပို့လိုက်သည်။

မတ်လ ၁၆ ရက်နေ့စွဲဖြင့် ရေးထားပြီး မကြာသေးမီကမှ လူသိရှင်ကြား ထုတ်ပြန်လိုက်ကာ မဇ္ဈိမက ရရှိထားသည့် အဆိုပါ စာတွင် `အကယ်၍ ဤရေအားလျှပ်စစ်စီမံကိန်းနှင့် ဆည်တည်ဆောက်ရေး စီမံကိန်းတို့ကြောင့် ပြည်တွင်းစစ် ဖြစ်ပွါးလာခဲ့လျှင် မိမိတို့တွင် တာဝန်မရှိကြောင်း စစ်အစိုးရကို အကြောင်းကြားခဲ့သည်´ ဟု ဆိုသည်။ စာကို KIO ဥက္ကဋ္ဌ လရော်ဇောင်းဟရား လက်မှတ်ထိုးထားသည်။

မြစ်ဆုံဆည်ကို မလိခနှင့် အင်မိုင်ခ မြစ်နှစ်သွယ်ဆုံသည့် မြစ်ဆုံတွင် တည်ဆောက်ရန် စီစဉ်ထားသည်။ လွန်ခဲ့သော ၂၁ နှစ်က ရိုက်ကူးထားသော ဤမှတ်တမ်းဓာတ်ပုံတွင် မလိခနှင့် အင်မိုင်ခမြစ်တို့ ဆုံဆည်းကြပုံကို ပြသနေသည်။ (ဓာတ်ပုံ - မဇ္ဈိမ)

စစ်အစိုးရနှင့် KIO အကြား ဆက်ဆံရေးမှာ အဆိုးဘက်သို့ ဦးတည်နေသည်ဟု စာထဲတွင် ရေးထားသည်။ `KIO ကို ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲရေးစာချုပ် မချုပ်ဆိုမီကအတိုင်း ဆက်ဆံသွားမည်ဟု စစ်အစိုးရက စက်တင်ဘာ ၁ ရက် ၂၀၁၀ ခုနှစ်တွင် ကျေညာ ခဲ့ပြီးနောက် KIO နှင့် စစ်အစိုးရအကြား ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု များ ရပ်ဆိုင်းသွားခဲ့သည်´။

မြစ်ဆုံသည်သည် မြန်မာ့အရှည်ဆုံးမြစ်ဖြစ်သော ဧရာဝတီမြစ်၏ လက်တက်ပေါ်တွင် ရေအားလျှပ်စစ် ထုတ်ယူရန်အတွက် တည်ဆောက်ရန် စီစဉ်ထားသည့် ဆည် ၇ ခုအနက် ပထမဆုံးဆည် ဖြစ်သည်။

တရုတ်နိုင်ငံပိုင် တရုတ်လျှပ်စစ်စွမ်းအား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI သည် ဤဆည်ကို အဓိက ဦးဆောင်တည်ဆောက်မည်ဖြစ်ကာ ဘဏ္ဍာငွေကြေး ထောက်ပံ့မှု များလည်း ပြုလုပ်သွားမည်ဖြစ်သည်။ ဤဆည်ကို ကချင်လူမျိုးတို့ အထွတ်အမြတ် ထားသည့် မလိခနှင့် အင်မိုင်ခ မြစ်နှစ်သွယ်ဆုံရာတွင် တည်ဆောက်သွားမည် ဖြစ်သည်။ ယခုစီမံကိန်းအတွက် CPI သည် မြန်မာနိုင်ငံပိုင် မြန်မာ့လျှပ်စစ် စွမ်းအားလုပ်ငန်း MEPE နှင့် မြန်မာ့ကုမ္ပဏီလုပ်ငန်းစုကြီး တခုဖြစ်သော အေးရှားဝေါလ်တို့နှင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်သည်။

ဆည်က လူထုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ခြိမ်းခြောက်နေ

အမြင့်ပေ ၁၅၂ မီတာရှိမည့် မြစ်ဆုံဆည်သည် ဧရာဝတီမြစ်ညာတွင် တည်ဆောက်မည့် ဆည် ၇ ခုအနက် ပထမဆုံးဆည် ဖြစ်သည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ၏ အပြောအရ ဤဆည်ကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အပါအ၀င် ဧရာဝတီမြစ် အကြေပိုင်းမှ လူသန်းပေါင်းများစွာ၏ ဘ၀များကို ပြန်လည်ပြုပြင်၍ မရလောက်အောင် ပြောင်းလဲသွားစေလိမ့်မည်ဖြစ်သည်။

မြစ်ဝကျွန်းပေါ်ဒေသသည် မြန်မာနိုင်ငံ၏ ဆန်စပါး အဓိကစိုက်ပျိုးထုတ်လုပ်ရာ ဒေသ ဖြစ်သည်။ ဆည်ကို ထိန်းချုပ်မောင်းနှင်မည့် တရုတ်အင်ဂျင်နီယာများအနေဖြင့် မြန်မာ ပြည်၏ အရေးပါဆုံး မြစ်ကြီးတစင်း၏ မြစ်ရေအနိမ့်အမြင့်ကို ထိန်းချုပ်ခွင့် ရရှိ သွားတော့မည်ဖြစ်သည်။ ရာစုနှစ်ပေါင်းများစွာ တည်ရှိခဲ့သော သယ်ယူပို့ဆောင်ရေး၊ ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတို့၏ ပုံစံများလည်း ပြောင်းလဲသွားတော့ မည်ဖြစ်သည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ၊ ဆည်ကြောင့် အကျိုးယုတ်ရမည့် ဒေသခံများက ၀ိုင်းဝန်းကန့်ကွက်နေသည့်ကြားမှပင် CPI ၊ အေးရှားဝေါလ်၊ စစ်အစိုးရသည် မြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြပြီဖြစ်သည်။ KIO အနေဖြင့် မြစ်ဆုံဆည် တည်ဆောက်ရေးကို ယခင်ကလည်း ထိုသို့ကန့်ကွက်ခဲ့သော်လည်း ယခု တရုတ်သမ္မတထံ ပေးပို့ထားသော စာတွင် ပါရှိသည့် စီမံကိန်းအပေါ် ဝေဖန်ကန့်ကွက်ရာ၌ သုံးနှုံးပြောဆိုထားသည့် အရေးအသားမှာမူ ယခင်က မရှိဖူးသေးပေ။

KIO နှင့် ဆက်ဆံရေးကို အပစ်ရပ်စာချုပ် မချုပ်မီအဆင့်သို့ နေပြည်တော်က လျှော့ ချလိုက်ကတည်းက KIO နှင့် စစ်အစိုးရအကြား အထင်ကရ လက်နက်ကိုင် ရန်လို မှုများ ပေါ်ပေါက်လာတော့မည့် အခြေအနေရှိနေပြီး၊ ၁၉၉၄ အပစ်ရပ်သဘော တူညီ ချက်မှာလည်း ပျက်ပြယ်သွားသည့်သဘော ရှိနေပြီဖြစ်သည်။ သိသာသော မူဝါဒ အပြောင်း အလဲ တရပ်အနေဖြင့် မြန်မာအစိုးရပိုင် မီဒီယာများက KIO ကို `သောင်းကျန်း သူ´ ဟု ခေါ်ဝေါ်သုံးစွဲနေပြီဖြစ်သည်။

သူတို့အနေဖြင့် `အထက်တွင် ဖော်ပြထားသည့် ဆည် ၆ ခု တည်ဆောက်မည့် နေရာများတွင် လုံခြုံရေးနှင့် အခြားလိုအပ်သည့် ကိစ္စများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း´ ကချင်ပြည်နယ်ရှိ စစ်အစိုးရ၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က KIO ကို အကြောင်းကြားခဲ့သည်ဟု အဆိုပါစာတွင် ရေးသားဖော်ပြထားသည်။ လက်ရှိ အခြေအနေတွင် `KIO နယ်မြေအတွင်းသို့ မြန်မာစစ်တပ်ဖွဲ့များကို ၀င်ရောက်ကျူးကျော်ခွင့် ပေးမည်မဟုတ်´ ကြောင်း အဆိုပါစာတွင် ဆက်လက်ရေးသားထားသည်။

တရုတ်အစိုးရနှင့် KIO သည် ဆယ်စုနှစ်ပေါင်းများစွာ ရင်းနှီးချစ်ကြည်သည့် ဆက်ဆံရေးရှိခဲ့ပြီး၊ KIO ကို နယ်စပ်တွင် လှုပ်ရှားခွင့်ပြုခဲ့ကာ အပြန်အလှန်အားဖြင့် KIO နယ်မြေတွင်းရှိ သဘာဝသယံဇာတများကို တူးဖော်ထုတ်ယူခွင့် ပြုခဲ့ရသည်။ သို့သော် တရုတ်နှင့် KIO အကြား ဆက်ဆံရေးသည် ပေကျင်းနှင့် ၀’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA အကြား ဆက်ဆံရေးကဲ့သို့မူ မခိုင်မာကြောင်း အကဲခတ်များနှင့် လေ့လာသုံးသပ်သူများက ပြောကြသည်။ ၀’ တပ်ဖွဲ့သည် မြန်မာနိုင်ငံ၏ အကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး၊ ရှမ်းပြည်နယ်တောင်ပိုင်း တရုတ်-မြန်မာနယ်စပ်ရှိ အများစု ဒေသကြီးကို ထိန်းချုပ်ထားခဲ့သည့် ဗမာပြည် ကွန်မြူနစ်ပါတီကို ဆက်ခံသည့် အဖွဲ့လည်း ဖြစ်သည်။

ပေကျင်းရှိ နိုင်ငံခြားသံတမန်များ၏ အပြောအရ KIO ခေါင်းဆောင်များသည် ပြီးခဲ့သည့်နှစ်တွင် ပေကျင်းသို့ အကြိမ်ပေါင်းများစွာ သွားရောက်ကာ တရုတ်အစိုးရနှင့် ဆွေးနွေးခဲ့သည်ဟု လန်ဒန်အခြေစိုက် ဖိုင်နင်ရှယ်တိုင်းမ် သတင်းစာကြီးက ဇန်န၀ါရီ လအတွင်း ရေးသားဖော်ပြခဲ့သည်။ ဧရာဝတီမြစ်ညာတွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းတွင် CPI ၏ ပါဝင်ပတ်သက်မှု အတိုင်းအတာကိုကြည့်လျှင် ထိုကိစ္စသည် အဆိုပါ ဆွေးနွေးပွဲများ၏ အဓိက ဆွေးနွေးခဲ့သည့် အကြောင်းအရာတရပ် ဖြစ်ဖွယ်ရှိသည်။

KIO က ဆည်တည်ဆောက်မှုကို ကြာမြင့်စွာကတည်းက ဆန့်ကျင်ကန့်ကွက်ခဲ့ခြင်း

`ဒီဆည်စီမံကိန်းကို ကျနော်တို့ အချိန်အတော်ကြာ ကန့်ကွက်ခဲ့ပါတယ်´ ဟု KIO ၏ ဒုတိယ နိုင်ငံခြားရေးတာဝန်ခံ ဂျိမ်းလန်ဒေါက မဇ္ဈိမကို ဖြေကြားခဲ့သည့် တရုတ်နိုင်ငံသို့ ပေးပို့ခဲ့သည့် စာအပေါ် မိမိ၏ သဘောထားမှတ်ချက်ကို ပြောကြားရာတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။ KIO အနေဖြင့် ဆည်တည်ဆောက်ခြင်းကို ဆန့်ကျင်ကန့် ကွက်ခဲ့ခြင်း မဟုတ်ကြောင်း၊ `သူတို့အနေဖြင့် ခပ်သေးသေးဆည် တည်ဆောက်မည် ဆိုလျှင် ကိစ္စမရှိပါကြောင်း´ သူက ပြောဆိုခဲ့သည်။ မြစ်ဆုံဆည် စီမံကိန်း၏ အရွယ် အစားနှင့် အကျိုးသက်ရောက်မှုများသည် မြစ်အကြေပိုင်းတွင် နေထိုင်ကြသည့် လူပေါင်းများစွာ၏ ဘ၀ကို အကျိုးယုတ်စေမည် ဖြစ်သည့်အတွက် လက်မခံနိုင်ပါ ဟု သူက ဆိုသည်။

မြစ်ဆုံဒေသသည် မြန်မာနိုင်ငံ၏ အရှည်ဆုံးနှင့် အရေးအပါဆုံး မြစ်ဖြစ်သော ဧရာဝတီမြစ်၏ မြစ်ညာပိုင်းတွင် အဓိကကျသော နေရာတွင် တည်ရှိနေသည့်အတွက် `ဒီကိစ္စဟာ ကချင်တွေအတွက်ချည်း မဟုတ်ဘူး၊ မြစ်ဝှန်းတလျှောက် နေထိုင်ကြတဲ့ သူတွေအတွက်လည်း အရေးကြီးတယ်´ ဟု ဂျိမ်းလန်ဒေါက ဆက်ပြောသည်။ မြစ်ဆုံစီမံကိန်းသည် မြန်မာနိုင်ငံရှိ`သန်းပေါင်းများစွာသော ပြည်သူများ´ ကို အကျိုးယုတ်စေမည် ဖြစ်သဖြင့် ဆက်မလုပ်သင့်ကြောင်း သူနှင့် အခြား KIO ကိုယ်စားလှယ်တို့က တရုတ်အစိုးရကို ပြောကြားခဲ့ကြောင်းလည်း ဂျိမ်းလန်ဒေါက ပြောသည်။

မြစ်ဆုံဆည်၏ ရေလှောင်ဧရိယာသည် စင်္ကာပူနိုင်ငံထက်ကြီးသော အကျယ်အ၀န်းကို ရေလွှမ်းမိုးသွားစေမည်ဖြစ်ပြီး၊ ခန့်မှန်းခြေ လူဦးရေ ၁၅၀၀၀ ခန့်ရှိသည့် ကျေးရွာများလည်း ပြောင်းရွှေ့ရမည်ဖြစ်ကာ ဂေဟစနစ်အတွက် အလွန်အရေးပါသည့် ဒေသများကိုလည်း ပျက်စီးစေလိမ့်မည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း တက်ကြွလှုပ်ရှားသူများ၊ မြန်မာနိုင်ငံ မြစ်ချောင်းများ ကွန်ရက်တို့က ပြောဆိုသည်။ ဤကွန်ရက်သည် မြန်မာနိုင်ငံရှိ ဆည်မြောင်းများ ဖောက်လုပ်ခြင်းကြောင့် ထိခိုက်နစ်နာရမည့် လူ့အသိုင်းအ၀ိုင်းများကို ကိုယ်စားပြုသည့် အဖွဲ့အစည်းပေါင်းစုံ ပါဝင်သည့် ညွန့်ပေါင်းအဖွဲ့ ဖြစ်သည်။ ဤအဖွဲ့တွင် ကချင်ဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့ KDNG လည်း ပါဝင်သည်။

ရွှေရှာသူများကလည်း မလိခမြစ်အတွင်း ဖောင်များပေါ်တွင် စက်ကြီးများတင်ကာ ရွှေရှာနေကြပုံ။ ယင်းကြောင့် မြစ်ကြောင်း ပျက်စီးမှုများ ဖြစ်ပေါ်စေကာ မြစ်ရေကိုလည်း ညစ်ညမ်းစေသည်။ (ဓာတ်ပုံ - မဇ္ဈိမ)

ဧရာဝတီမြစ်ညာတွင် ဆည်များ ဆောက်လုပ်မည့် သတင်းထွက်ပေါ်လာကတည်းက ဤစီမံကိန်းနှင့်ပတ်သက်၍ တင်းတင်းမာမာ သဘောထားပါရန် ဆည်တည်ဆောက် မှုကြောင့် ထိခိုက်မည့် ဒေသခံများနှင့် တက်ကြွလှုပ်ရှားသူများက KIO ကို တိုက်တွန်း ခဲ့ကြသည်။ ဆည်အပေါ် KIO ၏ အမြင်သဘောထားသည် လူထုဖိအားကြောင့် ဖြစ်ပေါ်ခဲ့ကြောင်း KIO ဥက္ကဋ္ဌ၏ တရုတ်သမ္မတသို့ ပေးစာက ထင်ရှားစွာ ဖော်ပြနေ သည်။ စီမံကိန်းကို ပြန်လည်စဉ်းစားပါရန် တိုက်တွန်းထားပြီး `ဒေသခံလူထု၏ စားဝတ် နေရေးကို ရေတိုမဟုတ်ဘဲ ရေရှည်ထည့်သွင်းစဉ်းစားသင့် သည်ဟု ကျနော်တို့အနေဖြင့် ခံယူပါသည်´ ဟု အဆိုပါ စာတွင် ရေးသားထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကလည်း ဆည်စီမံကိန်းကို ကန့်ကွက်

KIO အပြင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ကလည်း ဆည်တည်ဆောက်မှုကို ကန့်ကွက်လိုက်သည်။ မဇ္ဈိမက ဇန်န၀ါရီလတွင် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် NLD ကို တည်ထောင်ခဲ့ရာတွင် ပါဝင်သူတဦးဖြစ်သည့် ဦးဝင်းတင်က သူ့အနေဖြင့်လည်း စီမံကိန်းကြောင့် ပေါ်ထွက်လာမည့် အကျိုးဆက်များကို စိုးရိမ်ပူပန်ကြောင်းနှင့် ဆယ်စု နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည့် လူမျိုးရေးပဋိပက္ခနှင့် ပြည်တွင်းစစ်ကြောင့် ဖွတ်ဖွတ်ကြေနေသည့် မြန်မာနိုင်ငံတွင် လူမျိုးရေး တင်းမာမှုများ တိုးများလာမည်ကိုလည်း စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

`ယခုစီမံကိန်းသည် မြန်မာပြည်သူ အများစု၏ ဆန္ဒကို ကိုယ်စားမပြုဘဲ နအဖက ပြုလုပ်ခဲ့ခြင်းသာဖြစ်ကြောင်း ကချင်လူထု မရိပ်စားမိမည်ကို ကျနော် စိုးရိမ်သည်´ ဟု သူက ပြောသည်။

CPI နှင့် လက်တွဲလုပ်ဆောင်မည့် အေးရှားဝေါလ် ကုမ္ပဏီမှာ စတီဖင်လောက ချုပ်ကိုင်ထားခြင်းဖြစ်ပြီး၊ ပေါ်ထွက်နေသော သတင်းများအရ ယခုစီမံကိန်းမှ အကျိုး အမြတ်များစွာ ရရှိလိမ့်မည်ဟု ဆိုသည်။ ကုမ္ပဏီ ဥက္ကဋ္ဌနှင့် စတီဖင်လော၏ ဖခင် ဖြစ်သူ လော်စစ်ဟန်မှာ ဘိန်းဘုရင်ဟု သတ်မှတ်ခံရပြီး၊ အမေရိကန်က ငွေကြေးခ၀ါ ချမှု လုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသူ ဖြစ်သည်။

သူတို့အနေဖြင့် ဧရာဝတီမြစ်ညာတွင် နောက်ထပ်တည်ဆောက်မည့် ဆည် ၆ ခုကိုလည်း ဆန့်ကျင်ခြင်း မဟုတ်ကြောင်းနှင့် ယင်းဆည်များနှင့်စပ်လျဉ်း၍ `ဆည်တည်ဆောက် မှုကြောင့် ပေါ်ပေါက်လာမည့် အကျိုးဆက်များကို သေချာစွာ လေ့လာသုံးသပ်ပြီးမှ သာ ဆုံးဖြတ်ချက်ချပါရန် အေးရှားဝေါလ် ကုမ္ပဏီသို့ အကြောင်းကြားပြီး ဖြစ်ပါ သည်´ ဟု KIO မှ ပေးပို့သော စာတွင် ရေးသားထားသည်။ ဆည်စီမံကိန်းများကို ဆက်လက်ဆောင်ရွက်ခြင်း မပြုမီ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက် ရောက်မှုများကို လေ့လာထားသည့် ရလဒ်များကို ကြည့်ရှုလိုကြောင်းလည်း ရေးသားထားသည်။

ထုတ်လုပ်ရရှိသည့် လျှပ်စစ်ဓာတ်အား အများစု တရုတ်ကို ရောင်းမည်

ဧရာဝတီမြစ်ညာတွင် တည်ဆောက်မည့် ဆည်အကြီးစား ၇ ခုမှ စုစုပေါင်း လျှပ်စစ် ဓာတ်အား ၁၆၅၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း စက်မှုလုပ်ငန်းဂျာနယ် ဖြစ်သည့် Power in Asia ၏ စက်တင်ဘာလထုတ် ဆောင်းပါးတပုဒ်တွင် ရေးသား ထားသည်။ ယင်းသည် တရုတ်ပြည်၏ ကြီးမားလှသော မြစ်ကျဉ်း ၃ ခု ဆည်ကြီးမှ ထုတ်လုပ်လျက်ရှိသည့် ဓာတ်အားပမာဏ ၁၈၂၀၀ ထက် အနည်းငယ်သာ လျော့နည်း သည်။ ဤမြစ်ကျဉ်း ၃ ခု ဆည်ကြီးသည် ကမ္ဘာ့အကြီးဆုံး ဆည်ကြီးလည်း ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံ ဆည်များမှ အကျိုးအမြတ်သည် မြန်မာအစိုးရအတွက် ရာခိုင်နှုန်း ဖြင့်သာ ရရှိမည်ဖြစ်သည်။ တရုတ်ပြည်အစိုးရထုတ် `ခွင်းမင် နေ့စဉ်´ ၂၀၀၈ အောက်တို ဘာထုတ် ဆောင်းပါးတပုဒ်တွင် ရေးသားထားချက်အရ စီမံကိန်း ပြီးဆုံးသွားပါက ထုတ်လုပ်ရရှိသော `လျှပ်စစ်ဓာတ်အားအများစု´ ကို တရုတ်နိုင်ငံသို့ တင်ပို့သွားမည် ဖြစ်ကြောင်း ရေးသားထားသည်။

ဆည်စီမံကိန်းနေရာတွင် ဗုံးပေါက်ကွဲ၍ တင်းမာမှု တိုးပွား

မြစ်ဆုံဆည် စီမံကိန်းနေရာ၌ ၂၀၁၀ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် အနည်းဆုံး ဗုံး ၁၀ လုံး သီးခြားစီ ပေါက်ကွဲခဲ့သည်။ ဗုံးပေါက်ကွဲမှုများကြောင့် အနည်းဆုံး တရုတ်အလုပ် သမားတဦး သေဆုံးခဲ့ပြီး၊ ယာယီအဆောက်အအုံ အတော်များများပါ ပျက်စီးသွားသည်။ အေးရှားဝေါလ် ကုမ္ပဏီပိုင် မော်တော်ယဉ်များလည်း ပျက်စီးသွားခဲ့သည်။

ထိုသို့ ဗုံးပေါက်ကွဲခဲ့ပြီးနောက် စစ်အစိုးရက ဒေသခံလူ ၇၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ အများစုမှာ KIO လူငယ်အဖွဲ့နှင့် ဆက်စပ်လုပ်ကိုင်နေသည့် ပညာရေး၊ စီးပွားရေး လူငယ်ဖွံ့ဖြိုးရေးအဖွဲ့မှ ဖြစ်ကြသည်။ KIO က ဗုံးပေါက်ကွဲမှုများနှင့် သူတို့ မသက် ဆိုင်ကြောင်း ငြင်းဆိုခဲ့ကာ ထိန်းသိမ်းစစ်ဆေး မေးမြန်းခံနေရသူ အများစုမှာလည်း တဖြည်းဖြည်း ပြန်လွတ်လာခဲ့သည်။

KIO ၏ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ ဆည်စီမံကိန်းများ မပြီးနိုင်

CIP နှင့် အေးရှားဝေါလ်က မြစ်ဆုံစီမံကိန်းတွင် ယခင်လုပ်ကိုင်ခဲ့ပြီးသော အလုပ်များ၌ KIO ထိန်းချုပ်ဒေသများသို့ အင်ဂျင်နီယာများနှင့် အခြားဝန်ထမ်းများ စေလွှတ်ခွင့်ရရန် KIO ထံ ခွင့်တောင်းပေးရန် မြန်အာဏာပိုင်များထံ အတိအလင်း ပြောကြားခဲ့ကြောင်းဖြင့် KIO က တရုတ်အစိုးရထံ ပေးပို့သော စာတွင် ထောက်ပြထားသည်။ ဤကိစ္စများကို စစ်အစိုးရပိုင်နက် နယ်မြေတွင် ဖွင့်လှစ်ထားသော KIO ဆက်ဆံရေး ရုံးများမှတဆင့် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ သို့သော် ယခုအခါ KIO နှင့် စစ်အစိုးရအကြား ပူးပေါင်း ဆောင်ရွက်မှုများမှာ ရပ်ဆိုင်းသွားခဲ့ပြီဖြစ်သည်။

စစ်အစိုးရ ထိန်းချုပ်ထားသော နယ်မြေများ သို့မဟုတ် KIO က တစိတ်တပိုင်း ထိန်းချုပ်ထားသော ဒေသများ၊ ကချင်ပြည်နယ်၊ အိမ်နီးချင်း ရှမ်းပြည်နယ် နေရာအချို့တွင် ဖွင့်လှစ်ထားသော KIO ဆက်ဆံရေး ရုံးအများစုကို ပိတ်ပစ်ရန် စစ်အစိုးရက ၂၀၁၀ ခုနှစ်နှောင်းပိုင်းတွင် အမိန့်ပေးခဲ့သည်။ ဤဆက်ဆံရေးရုံးများကို အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တစိတ်တပိုင်းအဖြစ် ဖွင့်လှစ်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ ဆက်သွယ် ရေးလမ်းကြောင်း ချောမွေ့စေရန်နှင့် အပစ်အခတ်ရပ်စဲရေး တည်မြဲစေရန် ခွင့်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

`မလိခ-အင်မိုင်ခ ဆည်စီမံကိန်း အထက်ပိုင်းသည် KIO ၏ စစ်ဗဟိုဌာနချုပ်များ တည်ရှိရာဖြစ်သည်´ ဟု အဆိုပါစာတွင် သတိပေးထားသည်။ ဒေသတွင်း အချက်အချာ ကျသည့် နေရာများဖြစ်ပြီး၊ ကချင်ပြည်သူများအတွက် အရေးကြီးသော နေရာများလည်း ဖြစ်သဖြင့် KIO အနေဖြင့် စစ်မတိုက်ဘဲ အဆိုပါနေရာများကို အလွယ်တကူ စွန့် လွှတ်မည့် အလားအလာ မရှိပါ။

Ref;Mizzima

Read More...

အင်းစိန်ထောင်ရှိ နိုင်ငံရေး အကျဉ်းသား ၂၂ ဦး ဆန္ဒပြ

မနန္ဒာချမ်း
21 မေ 2011

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရန်ကုန် အင်းစိန်အကျဉ်းထောင် အတွင်းမှာ နိုင်ငံရေး အကျဉ်းသား ၂၂ ယောက် ထောင်တွင်း အကျဉ်းသားရပိုင်ခွင့် အခွင့်အရေးကို တောင်းဆိုတဲ့ အနေနဲ့ ဒီကနေ့ စတင် ဆန္ဒပြနေကြပါတယ်။ သူတို့ တောင်းဆိုထားတဲ့ အကျဉ်းသားရပိုင်ခွင့် အခွင့်အရေးတွေကို အာဏာပိုင်တွေဆီ ဒီမနက် ပေးပို့ခဲ့ပြီး သတ်မှတ်ထားတဲ့ အချိန်အတွင်း တစုံတရာ တုံ့ပြန်တာ မရှိရင်တော့ အစာငတ်ခံ ဆန္ဒပြမှုတွေကို ဆက်ပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ AAPP-B နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံက သတင်းထုတ်ပြန် ခဲ့ ပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထား ပါတယ်။

နိုင်ငံရေးအကျဉ်းသား ၂၂ ယောက်ဟာ ထောင်တွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ အပါအ၀င် ကျွေးတဲ့ အစားအသောက်တွေဟာ ကျန်းမာရေးနဲ့အညီ သန့်ရှင်းလတ်ဆတ်မှု မရှိတာ၊ အကျဉ်းထောင် အတွင်းမှာ ကူးစက်ရောဂါ ဖြစ်ပွားမှုနဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့် အလုံအလောက် မရရှိမှု၊ ပြီးတော့ စာအုပ်စာပေ လွတ်လပ်စွာ ဖတ်ရှုခွင့် စတဲ့အချက်တွေကို တောင်းဆိုတဲ့ အနေနဲ့ ဒီကနေ့ကစလို့ အခန်းပြင်မထွက်ဘဲ ဆန္ဒပြနေကြတယ်လို့ အင်းစိန်ထောင် အနီးမှာနေတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုနဲ့ နီးစပ်သူတဦးက အတည်ပြု ပြောဆိုပါတယ်။

အခု ဆန္ဒပြသူ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ နှစ်ရှည် နိုင်ငံရေး အကျဉ်းသားတွေလည်း ပါဝင်ပါတယ်။ သူတို့အနေနဲ့ ဒီတောင်းဆိုချက်တွေကို အာဏာပိုင်တွေထံ ဒီမနက်မှာ တင်ပြခဲ့ကြပြီး ညနေမှာ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိရင် မနက်ဖြန်ကစလို့ အစာငတ်ခံ ဆန္ဒပြသွားမှာ ဖြစ်တယ်လို့လည်း AAPP က သတင်းထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အနေနဲ့ အခုလို တောင်းဆိုရတာဟာ သူတို့ရဲ့ အခြေခံ ရပိုင်ခွင့်တွေကိုတောင် မရရှိဘဲ ဆုံးရှုံးနေရလို့ ဖြစ်တယ်လို့ AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။

“အခု သူတို့ တောင်းဆိုတယ်ဆိုတဲ့ ကိစ္စတွေက တကယ်တမ်းကျတော့ အမြင့်ကြီး တောင်းဆိုတာ မဟုတ်ပါဘူး။ ဒါ အကျဉ်းဦးစီးဌာနရဲ့ လုပ်ပိုင်ခွင့် ဘောင်ထဲက တောင်းဆိုတာ ဖြစ်တယ်။ အဲဒီ လုပ်ပိုင်ခွင့်ဘောင် ဆိုတာကလည်း အကျဉ်းထောင်လက်စွဲ ဥပဒေအရ အကျဉ်းသားတွေရဲ့ ရသင့် ရထိုက်တဲ့ အခွင့်အရေးကို တောင်းဆိုတာ ဖြစ် ပါတယ်။

“ဆိုတော့ အဲဒီအတွက် သူတို့က အကျဉ်းသားတယောက်ရဲ့ ရပိုင်ခွင့်၊ လူတယောက်ရဲ့ရပိုင်ခွင့်ကို တောင်းဆိုတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ တောင်းဆိုချက်တွေက တကယ်ကို မလွန်ကျူးဘူးလို့ ပြောလို့ရပါတယ်။ တကယ့် အခြေခံ အချက်အလက်တွေကိုပဲ သူတို့အနေနဲ့ တောင်းဆိုသွားတာ ဖြစ်ပါတယ်။ ဒီအခြေခံ အချက်အလက်တွေကိုတောင် မရတဲ့အတွက် သူတို့က အခုလို တောင်းဆိုရတဲ့ အခြေအနေ ဖြစ်လာတာပါ။”

ဒါ့အပြင် အင်းစိန်ထောင်မှာပဲ နိုင်ငံရေး အကျဉ်းသူတွေကလည်း သမ္မတ ဦးသိန်းစိန်ရဲ့ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ကို မကျေနပ်တဲ့အတွက် မေလ ၁၇ ရက်နေ့စပြီး အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ပြောင်းလာပြီးတဲ့နောက် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးလိမ့်မယ်လို့ ကုလသမဂ္ဂ၊ နိုင်ငံတကာနဲ့ မြန်မာ့အရေး လှုပ်ရှားသူ အားလုံးက မျှော်လင့်နေခဲ့ကြတာပါ။ မျှော်လင့်သလို ဖြစ်မလာဘဲ အကျဉ်းသား ၁၅,၀၀၀ နီးပါး ပြန်လွှတ်ပေးခဲ့တဲ့ အထဲမှာ လွတ်ရက်စေ့ခါနီး နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ ပါဝင်နေတဲ့အတွက် ဒီအပေါ် ကျေနပ် အားရစရာ မရှိဘူးလို့ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လာဖို့ အတွက်ကိုလည်း ဒီ နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုအပ်တယ်ဆိုပြီး အားလုံးက မြန်မာအစိုးရကို တိုက်တွန်းနေကြတာပါ။ ဒါပေမဲ့လည်း စစ်အစိုးရ တက်လာပြီးချိန်ကစလို့ အခု အရပ်သားအစိုးရ ပြောင်းတဲ့အထိ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ပြောဆိုနေတာ ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP-B ရဲ့ ဒီလဆန်းပိုင်းက ထုတ်ပြန်ခဲ့တဲ့ စာရင်းအရ အင်းစိန်ထောင်တွင်းမှာ နိုင်ငံရေး အကျဉ်းသား ၄၂၀ ရှိပြီး အမျိုးသမီးက ၃၀ ကျော် ရှိပါတယ်။ မြန်မာတနိုင်ငံလုံး အနေနဲ့ကတော့ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂,၀၆၁ ဦး အကျဉ်းကျခံနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Ref;VOA<

Read More...

အင်းစိန်ထောင်ရှိ နိုင်ငံရေး အကျဉ်းသား ၂၂ ဦး ဆန္ဒပြ

မနန္ဒာချမ်း
21 မေ 2011


နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရန်ကုန် အင်းစိန်အကျဉ်းထောင် အတွင်းမှာ နိုင်ငံရေး အကျဉ်းသား ၂၂ ယောက် ထောင်တွင်း အကျဉ်းသားရပိုင်ခွင့် အခွင့်အရေးကို တောင်းဆိုတဲ့ အနေနဲ့ ဒီကနေ့ စတင် ဆန္ဒပြနေကြပါတယ်။ သူတို့ တောင်းဆိုထားတဲ့ အကျဉ်းသားရပိုင်ခွင့် အခွင့်အရေးတွေကို အာဏာပိုင်တွေဆီ ဒီမနက် ပေးပို့ခဲ့ပြီး သတ်မှတ်ထားတဲ့ အချိန်အတွင်း တစုံတရာ တုံ့ပြန်တာ မရှိရင်တော့ အစာငတ်ခံ ဆန္ဒပြမှုတွေကို ဆက်ပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ AAPP-B နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

နိုင်ငံရေးအကျဉ်းသား ၂၂ ယောက်ဟာ ထောင်တွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ အပါအ၀င် ကျွေးတဲ့ အစားအသောက်တွေဟာ ကျန်းမာရေးနဲ့အညီ သန့်ရှင်းလတ်ဆတ်မှု မရှိတာ၊ အကျဉ်းထောင် အတွင်းမှာ ကူးစက်ရောဂါ ဖြစ်ပွားမှုနဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့် အလုံအလောက် မရရှိမှု၊ ပြီးတော့ စာအုပ်စာပေ လွတ်လပ်စွာ ဖတ်ရှုခွင့် စတဲ့အချက်တွေကို တောင်းဆိုတဲ့ အနေနဲ့ ဒီကနေ့ကစလို့ အခန်းပြင်မထွက်ဘဲ ဆန္ဒပြနေကြတယ်လို့ အင်းစိန်ထောင် အနီးမှာနေတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုနဲ့ နီးစပ်သူတဦးက အတည်ပြု ပြောဆိုပါတယ်။

အခု ဆန္ဒပြသူ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ နှစ်ရှည် နိုင်ငံရေး အကျဉ်းသားတွေလည်း ပါဝင်ပါတယ်။ သူတို့အနေနဲ့ ဒီတောင်းဆိုချက်တွေကို အာဏာပိုင်တွေထံ ဒီမနက်မှာ တင်ပြခဲ့ကြပြီး ညနေမှာ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိရင် မနက်ဖြန်ကစလို့ အစာငတ်ခံ ဆန္ဒပြသွားမှာ ဖြစ်တယ်လို့လည်း AAPP က သတင်းထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အနေနဲ့ အခုလို တောင်းဆိုရတာဟာ သူတို့ရဲ့ အခြေခံ ရပိုင်ခွင့်တွေကိုတောင် မရရှိဘဲ ဆုံးရှုံးနေရလို့ ဖြစ်တယ်လို့ AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။

“အခု သူတို့ တောင်းဆိုတယ်ဆိုတဲ့ ကိစ္စတွေက တကယ်တမ်းကျတော့ အမြင့်ကြီး တောင်းဆိုတာ မဟုတ်ပါဘူး။ ဒါ အကျဉ်းဦးစီးဌာနရဲ့ လုပ်ပိုင်ခွင့် ဘောင်ထဲက တောင်းဆိုတာ ဖြစ်တယ်။ အဲဒီ လုပ်ပိုင်ခွင့်ဘောင် ဆိုတာကလည်း အကျဉ်းထောင်လက်စွဲ ဥပဒေအရ အကျဉ်းသားတွေရဲ့ ရသင့် ရထိုက်တဲ့ အခွင့်အရေးကို တောင်းဆိုတာ ဖြစ်ပါတယ်။

“ဆိုတော့ အဲဒီအတွက် သူတို့က အကျဉ်းသားတယောက်ရဲ့ ရပိုင်ခွင့်၊ လူတယောက်ရဲ့ ရပိုင်ခွင့်ကို တောင်းဆိုတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ တောင်းဆိုချက်တွေက တကယ်ကို မလွန်ကျူးဘူးလို့ ပြောလို့ရပါတယ်။ တကယ့် အခြေခံ အချက်အလက်တွေကိုပဲ သူတို့အနေနဲ့ တောင်းဆိုသွားတာ ဖြစ်ပါတယ်။ ဒီအခြေခံ အချက်အလက်တွေကိုတောင် မရတဲ့အတွက် သူတို့က အခုလို တောင်းဆိုရတဲ့ အခြေအနေ ဖြစ်လာတာပါ။”

ဒါ့အပြင် အင်းစိန်ထောင်မှာပဲ နိုင်ငံရေး အကျဉ်းသူတွေကလည်း သမ္မတ ဦးသိန်းစိန်ရဲ့ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ကို မကျေနပ်တဲ့အတွက် မေလ ၁၇ ရက်နေ့စပြီး အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ပြောင်းလာပြီးတဲ့နောက် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးလိမ့်မယ်လို့ ကုလသမဂ္ဂ၊ နိုင်ငံတကာနဲ့ မြန်မာ့အရေး လှုပ်ရှားသူ အားလုံးက မျှော်လင့်နေခဲ့ကြတာပါ။ မျှော်လင့်သလို ဖြစ်မလာဘဲ အကျဉ်းသား ၁၅,၀၀၀ နီးပါး ပြန်လွှတ်ပေးခဲ့တဲ့ အထဲမှာ လွတ်ရက်စေ့ခါနီး နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ ပါဝင်နေတဲ့အတွက် ဒီအပေါ် ကျေနပ် အားရစရာ မရှိဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လာဖို့ အတွက်ကိုလည်း ဒီ နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုအပ်တယ်ဆိုပြီး အားလုံးက မြန်မာအစိုးရကို တိုက်တွန်းနေကြတာပါ။ ဒါပေမဲ့လည်း စစ်အစိုးရ တက်လာပြီးချိန်ကစလို့ အခု အရပ်သားအစိုးရ ပြောင်းတဲ့အထိ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ပြောဆိုနေတာ ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP-B ရဲ့ ဒီလဆန်းပိုင်းက ထုတ်ပြန်ခဲ့တဲ့ စာရင်းအရ အင်းစိန်ထောင်တွင်းမှာ နိုင်ငံရေး အကျဉ်းသား ၄၂၀ ရှိပြီး အမျိုးသမီးက ၃၀ ကျော် ရှိပါတယ်။ မြန်မာတနိုင်ငံလုံး အနေနဲ့ကတော့ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂,၀၆၁ ဦး အကျဉ်းကျခံနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Ref; VOA

Read More...

လွတ်ငြိမ်းချမ်းသာခွင့်ကို ကုလသမဂ္ဂ ဘ၀င်မကျ

ဦးဇော်ဝင်းလှိုင်
20 မေ 2011


မြန်မာနိုင်ငံမှာ မကြာသေးခင်က ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာ လျှော့ရက်ကြောင့် နိုင်ငံရေး အကျဉ်းသား အနည်းငယ် လွတ်မြောက်လာတာဟာ ကျေနပ်အားရစရာ မရှိ သေးဘူးလို့ ကုလသမဂ္ဂက ပြောကြား လိုက်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ အမေးကို ဖြေကြားရာမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မာတင် နီစားကီး (Martin Nesirky) က အခုလို တုံ့ပြန် ပြောဆိုသွားတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မစ္စတာ နမ်ဘီးယားဟာ မြန်မာနိုင်ငံက ပြန်လာပြီး ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မေလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တံခါးပိတ် အစည်းအဝေးအတွင်း သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အတွေ့အကြုံတွေကို တင်ပြခဲ့တာပါ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ မနေ့က သတင်းထောက်တွေရဲ့ အမေးကို ပြန်လည် ဖြေကြားရင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ နီစားကီးက အခုလို ပြောကြားသွားတာပါ။

အဓိကအားဖြင့်တော့ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ နီစားကီးက မြန်မာအစိုးရက အကျဉ်း သားတချို့ လွှတ်ပေးခဲ့တာဟာ ကျေနပ်အားရစရာ မရှိဘူးလို့ ပြောကြားလိုက်တာပါ။

“လွတ်ငြိမ်းချမ်းသာခွင့်အရ ပြစ်ဒဏ် ကျခံရက် နည်းနည်းလျှော့ပေးလိုက်လို့ နိုင်ငံရေး အကျဉ်းသားတချို့ လွတ်လာတာဟာ မှန်ကန်တဲ့ လမ်းကြောင်းကို ဦးတည်တဲ့ ပထမခြေလှမ်းတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ မျှော်လင့်ထားတာထက် အများကြီး လျော့နည်းနေပြီး လုံလောက်မှု မရှိသေးပါဘူး။ မစ္စတာ ဗီဂျေး နမ်ဘီးယားရဲ့ ခရီးစဉ် အတွင်းမှာ နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုတဲ့အကြောင်း ထပ်မံ ပြောကြားခဲ့ပါတယ်။

“အခု မြန်မာနိုင်ငံရဲ့ အခင်းအကျင်းသစ်ဟာ အနှစ်သာရရှိတဲ့ ပြောင်းလဲမှုအဖြစ် ရောက်ရှိလာပါ့မလား၊ ဘယ်လောက် လျှင်မြန်စွာ ပြောင်းလဲလာနိုင်မလဲ ဆိုတာတွေဟာ အရေးတကြီး မှတ်သားထားရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ ဒီအချက်နဲ့ပဲ မြန်မာ့နိုင်ငံရေး အခြေအနေကို မှတ်ကျောက်တင်သွားရမှာ ဖြစ်ပါတယ်။ တခါ ကုလသမဂ္ဂရဲ့ အထွေထွေ အကြံပြုချက်တွေကိုရော မြန်မာအာဏာပိုင်တွေ အနေနဲ့ လာမယ့် လပိုင်းတွေ အတွင်းမှာ ခိုင်ခိုင်မာမာ လိုက်နာ ဆောင်ရွက်ပါ့မလား ဆိုတဲ့ အချက်ကိုလည်း စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း အထူးသံတမန်တဦး ထားရှိသွားဖို့ ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ နမ်ဘီးယားနဲ့ တွေ့ဆုံစဉ် အဆိုပြုခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးတာမှာတော့ ဒီအဆိုပြုချက်ကို အတွင်းရေးမှူးချုပ် အနေနဲ့ မှတ်သားထားတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် မာတင် နီစားကီးက ပြန်လည် ဖြေကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားဟာ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က မြန်မာနိုင်ငံကို ၃ ရက်ကြာ သွားရောက်ခဲ့ပြီး အစိုးရပိုင်း တာဝန်ရှိသူတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ အင်အားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့အနေနဲ့ မြန်မာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံစဉ် အစိုးရသစ် အနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ပေးထားတဲ့ ကတိအတိုင်း အချိန်မဆိုင်းဘဲ အကောင်အထည် ဖော်ဆောင်သွားဖို့ တိုက်တွန်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ မြန်မာနိုင်ငံ တ၀န်းရှိ အကျဉ်း ထောင်တွေထဲက အကျဉ်းသား ၁၄,၆၀၀ ကို ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့မှာ လွှတ်ပေးခဲ့ပေမဲ့ အဲဒီအထဲမှာ နိုင်ငံရေး အကျဉ်းသား ၃၀ လောက်ပဲ ပါခဲ့တာပါ။

မြန်မာအစိုးရ အနေနဲ့ ပြည်တွင်း ပြည်ပက တောင်းဆိုနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်မပေးဘဲ လွတ်ရက်စေ့သူတွေကိုသာ ဟန်ပြ လွှတ်ပေးလိုက်တဲ့ လုပ်ရပ်က လက်ရှိအစိုးရဟာလည်း အရင် စစ်အစိုးရလိုပဲ ဒီမိုကရေစီ ပေါ်ထွန်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အမှန်တကယ် ဖော်ဆောင်လိုစိတ် မရှိဘူးဆိုတာ ပြသလိုက် တာပဲလို့ လေ့လာသူတွေက ဝေဖန် ပြောဆိုလိုက်ကြပါတယ်။

မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ လောက် ရှိနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ လေ့လာ စောင့်ကြည့်သူ တွေက ယုံကြည်နေကြတာပါ။

Ref;VOA

Read More...

ကချင်ပြည်သူများ တိုက်ပွဲဖြစ်မည်ကို စိုးရိမ်နေ

သန်းထိုက်ဦး
20 May 2011

ကချင်ပြည်နယ် မိုးမောက်မြို့နယ်နှင့် ဗန်းမော်မြို့နယ်ရှိ ကျေးရွာ ဒေသခံများက တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြ သည်။

တချို့သော ရွာများတွင် အစိုးရစစ်တပ် များက တောင်ယာ လုပ်ကိုင် နေသော ရွာသူ ရွာသားများကို စစ်ဆေးမေးမြန်း မှုများ ပြုလုပ် လာပြီး ရွာအပြင် တောင် ယာခင်းတွင် နေထိုင်လျက်ရှိသော ရွာသား များကို လည်း ရုန့်ရင်း ကြမ်းတမ်းစွာ ပြောဆို ကြိမ်းမောင်းမှု များ ပြုလုပ်လာ ကြောင်း သိရသည်။

“အခုဆိုလို့ ရှိရင် စစ်တပ်ကနေပြီးတော့ တောင်ယာလုပ်နေတဲ့ လူတွေကို စစ်ဆေး မေးမြန်းတာတွေ၊ ကြိမ်းမောင်းတာ တွေ လုပ်နေပြီ”ဟု ဗန်းမော် ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။

ကချင်သတင်းစဉ်မှ အယ်ဒီတာ ကိုနော်ဒင်းကလည်း စစ်အစိုးရတပ်က ရွာသားများကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေအတွင်းမှ နယ်စပ် အနီးသို့ နှင်ထုတ်ပါက KIA ကို အနိုင်တိုက်နိုင် လိမ့်မည်ဟု ယူဆ၍ ယခုနည်းဗျူဟာကို အသုံး ပြုခြင်း ဖြစ်ကြောင်း ပြောသည်။

“ဒီဟာတွေက KIA ကို ရွာသားတွေနဲ့ ခွဲထုတ်လိုက်မယ့် အရိပ် လက္ခဏာတွေပါ၊ သူတို့တွေက ရွာသားတွေနဲ့ KIA ကို ခွဲထုတ် ပြီး ဖြတ်လေးဖြတ် လုပ်နိုင်ပါတယ်၊ စီမံကိန်းတွေကို အကြောင်းပြပြီး ရွာတွေကို ရွှေ့လိုက်တာလည်း ဒီဗျူဟာကို အသုံးပြုချင် လို့ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

စစ်အစိုးရတပ်သည် ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း) SSA – N နှင့် တိုက်ခိုက် ခဲ့စဉ်ကလည်း ဖြတ်လေးဖြတ် နည်းဗျူဟာ ကို အသုံးပြုခဲ့သည်။ ရှမ်းပြည်အတွင်း စစ်အင်အားတိုးချဲ့မှုကြောင့် ရွာသူရွာသားများအနေဖြင့် နယ်စပ်ဒေသများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ဖြတ်လေးဖြတ်သည် အစားအစာ၊ ငွေကြေး၊ သတင်းနှင့် စစ်သည်အင်အားတို့ကို ဖြတ် တောက်ခြင်း ဖြစ်သည်။

“လူတွေက အခုမှ နာလန်ပြန်ထူစဆိုတော့ သူတို့တွေက ညှိနှိုင်းသင့်တယ်လို့ ပြော ကြတယ်၊ ဒါပေမယ့် ပြင်းထန်တဲ့ တင်းမာမှု ဒဏ်ကို ဒေသခံတွေ ခံစားရတယ်၊ ဘာကြောင့်မို့ ဒီအခြေအနေ ပြောင်းလဲ သွား တယ် ဆိုတာ မသိတော့ဘူး”ဟု ကချင် ပြည် နယ် တိုးတက်ရေး ပါတီ(KSPP) အဖွဲ့ဝင် ဒေါ်ဂွမ်ဆိုင်းက ပြောသည်။

ပြီးခဲ့သော ဗုဒ္ဓဟူးနေ့၌ အစိုးရတပ်များက ကချင် လွတ်မြောက်ရေးအဖွဲ့(KIO) ထိန်း ချုပ်နယ်မြေတခုဖြစ်သည့် မိုးညှင်းမြို့နယ် တွင်းရှိ KIAစခန်းများကို လောင်ချာဖြင့် ပစ်ခတ်ခဲ့ပြီးနောက် တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေခြင်းဖြစ် သည်။

စစ်ရေးအရ နှစ်ဘက်တင်းမာမှုများ ရှိနေသော်လည်း တိုက်ပွဲများ ထပ်မံဖြစ်ပွားသည့် အသံများ မကြားမိ သေးပေ။ သို့သော် KIA တပ်ဘက်က ယခုလတ်တလော တပ်လှန့်ထားကြောင်း သိရသည်။

“အခြေအနေက ဘယ်လိုလဲ ဆိုတော့ ကိုယ်က မတိုက်ပေမယ့် တိုက်လာရင်တော့ ချဖို့ အနေအထား ရှိနေ တယ်”ဟု KIO နှင့် နီးစပ်သူတဦးက ပြောသည်။

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒု ဥက္ကဋ္ဌ General Xu Caihouက ပြီးခဲ့သည့် ရက်သတ္တပတ်၌ မြန်မာနိုင်ငံသို့ လာရောက်ပြီး နောက်ပိုင်းတွင် တရုတ်နယ်စပ် အခြေစိုက် KIA တပ်များနှင့် အစိုးရတပ်များကြား ပထမဆုံး အကြိမ် စစ်ရေး ပြန်လည်တင်းမာ မှုဖြစ်သည်ဟု စစ်ရေးသုံးသပ်သူများက ဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းကလည်း အစိုးရတပ်များက KIA ထိန်းချုပ်နယ်မြေသို့ ကျူးကျော်ဝင်ရောက် ခဲ့သဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်မှ ဒု ဗိုလ်မှူးကြီး အဆင့်ရှိ တပ်ရင်းမှူးတဦးနှင့် တခြားတပ်ဖွဲ့ဝင်များ ကျဆုံးခဲ့သည်။

KIOသည် ယခင် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင် ကူးပြောင်းရေးကို လက်မခံဟု ၂၀၁၀ စက်တင် ဘာလ ၁ ရက်နေ့က ငြင်းဆို ခဲ့ပြီးနောက် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေအတွင်း နအဖတပ်များ မကျူးကျော်ရန် လည်း သတိပေး ထားသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် KIO ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးသို့ စစ်အစိုးရ၏ ရဟတ်ယာဉ်တစင်း ပျံသန်းဝင်ရောက်ခဲ့သဖြင့် သတိပေး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးသည်။

KIO အဖွဲ့သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူခဲ့သည်။ နယ်ခြားစောင့်တပ် ဖွဲ့စည်း ရေးငြင်းဆန်ပြီး နောက်ပိုင်း အစိုးရပိုင်သတင်းစာများမှတဆင့် KIO အဖွဲ့ကို သောင်းကျန်းသူဟု ပြန်လည် သုံးနှုန်းခဲ့သည်။

Ref;Irrawaddy

Read More...

ဝန်ကြီးများနှင့် စစ်အရာရှိများကြား အကျိုးစီးပွား အားပြိုင်နေ

ရန်ပိုင်
20 May 2011

အစိုးရသစ်၏ တိုင်းဒေသကြီး ၀န်ကြီးချုပ် တချို့နှင့် စစ်ဘက်ဆိုင်ရာ တိုင်းမှူးများအကြား စီးပွားရေး လုပ်ငန်း များနှင့် ပတ်သက်၍ သဘောထား တင်းမာမှုများ ဖြစ်ပေါ်နေသည်ဟု ဧရာဝတီမှ စုံစမ်း သိရှိရသည်။

ပြီးခဲ့သည့် လကုန်ပိုင်းက အနောက် မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ ခွင့်ပြုချက်ဖြင့် စစ်ကိုင်တိုင်း အတွင်း ရွှေတူးဖော်နေသည့် လုပ်ငန်းရှင်များကို စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေးက ခေါ်ယူပြီး ဥပဒေနှင့် မညီညွတ်ဟု အကြောင်းပြကာ သတိပေးပြော ဆိုခဲ့ သည့် အတွက် တိုင်းမှူး ဗိုလ်မှူးချုပ် စိုး လွင်နှင့် ၀န်ကြီးချုပ် အကြား မပြေမ လည်ဖြစ်ခဲ့ရသည်ဟု မုံရွာမြို့ရှိ ရွှေ တူးဖော်ရေး လုပ်ငန်းရှင် တဦးက ပြောသည်။

“အစည်းအဝေးမှာ သတ္တုတွင်းဝန်ကြီးဌာနက လုပ်ကိုင်ခွင့်ချပေးတဲ့ သူတွေကို အပြစ် မပြောဘူး၊ တိုင်းမှူးအမိန့်နဲ့ တူးတဲ့သူတွေကို ဦးသာအေး က အပြစ်ရှာကြံပြောပြီး နှိပ်ကွပ် တာကို တိုင်းမှူးက မကြိုက်တာ”ဟု ၎င်းက ဆိုသည်။

တိုင်းဝန်ကြီးချုပ် ဦးသာအေး အနေဖြင့် စစ်ကိုင်းတိုင်းအတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး စစ်ဘက်ဆိုင်ရာမှ ၀င်ရောက် စွက်ဖက်လာမည်ကို လိုလား ပုံမရကြောင်း အဆိုပါ စီးပွားရေး လုပ်ငန်းရှင်က ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းဗန်းမောက်၊ကောလင်း၊၀န်းသို၊ခန္တီးစသည့်မြို့နယ်များနှင့်ချင်းတွင်းမြစ် ရိုး တလျှောက်တွင် တိုင်းမှူး ခွင့်ပြု ချက်ဖြင့် လည်းကောင်း၊ သတ္တုတွင်း ၀န်ကြီး ဌာနခွင့်ပြုချက်ဖြင့်လည်းကောင်း ရွှေ တူးဖော် နေကြခြင်း ဖြစ်ပြီး ဦးတေဇပိုင် ထူး ကုမ္ပဏီ၊ ရုပ်ရှင်သရုပ်ဆောင် လွင်မိုး စသည့် လုပ်ငန်းရှင်များလည်း ၀င်ရောက် လုပ်ကိုင် လျက်ရှိသည်။

ယခုအခါ မုံရွာမြို့ စက်မှုဇုန်နှင့်ကုန်စည်ဒိုင်ရှိ စီးပွားရေးလုပ်ငန်းရှင်ကြီးများသည် တိုင်းမှူး အပါအ၀င် စစ်ဘက် ဆိုင်ရာအရာရှိကြီးများကို ငွေကြေး အကုန်အကျခံကာ ဂေါက်သီး ကစားခြင်း၊ ပေါင်းသင်း ဆက်ဆံခြင်း များ မပြုလုပ်တော့ဘဲ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်သာ ပေါင်းသင်းဆက်ဆံမှုများ ပြုလုပ်တော့သည်ကို တွေ့ရကြောင်း မုံရွာမြို့ရှိ ရွှေ တူးဖော်ရေး လုပ်ငန်းရှင်က ဆက်ပြောပြသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၏ အမိန့်ဖြင့် လိုင်စင်မဲ့ကားများကို ဖမ်းဆီးခဲ့ရာ အလယ် ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ရဲအောင်နှင့် ဆက်နွယ်နေသည့် စီးပွားရေး လုပ်ငန်းရှင်များ၏ ကားများလည်း ပါဝင်နေ သည့်အတွက် ဗိုလ်မှူးချုပ် ရဲအောင်က ကန့်ကွက်ပြောဆိုမှု ပြုလုပ် ခဲ့သည်ဟု မန္တလေးမြို့မှ စီးပွားရေး လုပ်ငန်းရှင်တဦး ကပြော သည်။

“တိုင်းမှူးက နောင် ကားဖမ်းမယ်ဆိုရင် သူ့ကိုလည်းကြိုပြောသင့်တယ်ပြောတော့ ၀န်ကြီး ချုပ် ဦးရဲမြင့်က ဘာကိစ္စ မင်းကို ပြောဖို့ လိုသလဲ ဆိုပြီး မာန်မဲတယ်”ဟု ၎င်း က ဆိုသည်။

မန္တလေးတိုင်း တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေး၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေတို့ သည် ယခင်က တပ်မတော်တွင် ဒုတိယ ဗိုလ်ချုပ်ကြီးများ အဆင့်ဖြင့် စစ်ဆင်ရေး အထူးအဖွဲ့ မှူး(ကစထ) တာဝန်များကို ယူခဲ့ဖူး သူများဖြစ်သည်။

စစ်အစိုးရ လက်ထက်က ဒေသဆိုင်ရာ စစ်ဘက်အရာရှိကြီးများ အနေဖြင့် ဒေသတွင်းရှိ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး စသည့် လုပ်ငန်းများကို ၎င်းတို့ စိတ်ကြိုက် စီမံ ခန့်ခွဲနိုင်သော်လည်း ယခုအခါ ၎င်းတို့၏ အခန်း ကဏ္ဍများ လျော့ကျလာကြောင်း၊ နောင်တွင် တိုင်းဒေသကြီး၊ ပြည်နယ် ၀န်ကြီးချုပ်များနှင့် စစ်ဘက် ဆိုင်ရာ အရာ ရှိကြီးများအကြား အကျိုးစီးပွားနှင့် ပတ်သက်ပြီး ပြိုင်ဆိုင်မှု ပို မို ပြင်းထန်လာ လိမ့်မည်ဟု ထင်မြင်ကြောင်း အဆိုပါ မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင်က ပြောဆိုသည်။

Ref;Irrawaddy

Read More...

Thursday, May 19, 2011

ရန်ကုန်-မန္တလေး ရထားပေါ်မှာ နေပြည်တော်အနီး ဗုံးပေါက်ကွဲ

2011-05-19

ရန်ကုန်မန္တလေးအဆန် စာပို့ရထား တစီးပေါ်မှာ မေလ ၁၈ ရက် မနေ့ညနေပိုင်းက ဗုံးပေါက်ကွဲတဲ့အတွက် အနည်းဆုံး ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရပါတယ်။ ရန်ကုန်က မန္တလေးကိုအသွား မြန်မာအစိုးရ ရုံးစိုက်ရာ နေပြည်တော်အနီး ရွှေမြို့နဲ့ တပ်ကုန်းမြို့နယ်ကြား ဆင်သေဘူတာအနီး ရိုးရိုးတန်း ခရီးသည်တွဲမှာ ပေါက်ကွဲခဲ့ တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် ရထားအမိုး ပွင့်ထွက်သွားခဲ့ကြောင်းနဲ့ ဒဏ်ရာရသူတွေကို တပ်ကုန်း မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

အခုတကြိမ်ပေါက်ကွဲမှုဟာ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပေါက်ကွဲမှုဖြစ်ပါတယ်။ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံဖို့ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Yun နေပြည်တော်ကို ရောက်ရှိနေခိုက် အခုလို ပေါက်ကွဲခဲ့ တာ ဖြစ်ပါတယ်။

အခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းက အင်းစိန်မြို့နယ် ကမ်းနားလမ်း အောင်ဇေယျ အိမ်ရာ ရှေ့က ကွမ်းယာဆိုင်တဆိုင်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကြောင့် လူ ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလကလည်း ရန်ကုန်သင်္ကြန် X2O ရေကစားမဏ္ဍပ်မှာ ဗုံးပေါက်ကွဲခဲ့လို့ ၁၀ ဦး သေဆုံးပြီး ၁၇၀ ခန့် ဒဏ်ရာရခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာပြည်မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုတိုင်း ကိုလည်း အစိုးရက လက်နက်ကိုင် သူပုန် တွေရဲ့ လက်ချက်လို့ စွပ်စွဲခဲ့ပါတယ်။

Ref;RFA

Read More...

ဒေါ်အောင်ဆန်းစုကြည် မကြာမီ ခရီးထွက်မည်

ရန်ပိုင်
19 May 2011

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မကြာမီ လများအတွင်း ခရီးထွက်၍ ပြည်သူများနှင့် တွေ့ဆုံမည်ဟု အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင် ယွန်း နှင့် တွေ့ဆုံ အပြီးတွင် သတင်းထောက်များကို ပြောဆိုသည်။

ထိုသို့ ပြောဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့် ပတ်သက်၍ စီစဉ် ထားခြင်း မရှိသေးကြောင်းသိရသည်။၂၀၀၃ ခုနှစ် မေလ ၃၀ ရက်က အထက်မြန်မာ ပြည် ခရီးစဉ်၌ ဒီပဲယင်းမြို့အနီးတွင် ဒေါ်အောင်ဆန်း စုကြည်နှင့် ထောက်ခံသူများကို စစ်အစိုးရ ကျောထောက်နောက်ခံပြုထားသူများက ၀ိုင်းဝန်းရိုက်နှက်ခဲ့သည့်အပြင် ဒေါ်အောင် ဆန်းစုကြည်ကိုလည်း နေအိမ် အကျယ် ချုပ် ချခဲ့သည်။

မစ္စတာ ဂျိုးဇက် ဝိုင် ယွန်း နှင့်တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့မှု သက်တမ်း တနှစ်ထပ်မံတိုးမြှင့် လိုက် ခြင်းသည် မြန်မာအစိုးရသစ်အနေဖြင့် လုံလောက်သော အပြောင်းအလဲများ မပြုလုပ် နိုင် သေး သည့် အတွက် ထပ်မံတိုးမြှင့်ခြင်းဖြစ်နိုင်သည်ဟု သတင်းထောက်များကို ပြော ကြား ကြောင်း ပြည်တွင်း အခြေစိုက် ဧရာဝတီ သတင်း ထောက်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက သမ္မတ ဦးသိန်းစိန်ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်နှင့် ပတ်သက်၍ လွတ်ငြိမ်းချမ်း သာခွင့်မဟုတ်ဘဲ လျော့ပေါ့ခွင့် သာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်ဟုလည်း သိရသည်။

ယခု လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)အဖွဲ့ဝင် ၂၇ ဦး ပါဝင်သည်။

မစ္စတာ ဂျိုးဇက် ဝိုင် ယွန်း အား ယခုခရီးစဉ်နှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာတွင် ၎င်း အနေဖြင့် အစိုးရနှင့် ဒီမိုကရေစီ အရေးလှုပ်ရှားသူများ၏ ပြောဆို မှုများကို လာရောက်နားထောင်ခြင်း ဖြစ်ကြောင်း ပြန်လည်ပြောဆိုသည်ဟု သိရသည်။

အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိ မစ္စတာ ဂျိုးဇက် ၀ိုင် ယွန်းသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက် ခြင်း ဖြစ်ပြီး မြန်မာ အစိုးရ ၏ ပြည်ထောင်စု နိုင်ငံခြား ရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် ပြည်သူ့ လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးနန္ဒ ကျော်စွာ တို့ နှင့် လည်း ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

ရန်ကုန်အခြေစိုက် ဧရာဝတီ သတင်းထောက်များ ပူးပေါင်းရေးသားသည်။

Ref;Irrawaddy

Read More...

သင်းခွေချပ် ကုန်သည် ထိုင်းတွင် အဖမ်းခံရ

19 May 2011

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့မှ တဆင့် တောရိုင်းတိရစ္ဆာန် သင်းခွေချပ် ၅၃ ကောင် တရားမ၀င် သယ် ယူလာသည့် ထိုင်း နိုင်ငံသား တဦးကို ထိုင်းအာဏာ ပိုင်များက မေလ ၁၇ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

ယင်း သင်းခွေချပ်များကို တရုတ်နိုင်ငံသို့တင်ပို့ရန်အတွက် သယ်ဆောင်လာခြင်းဖြစ်ပြီး နယ်စပ် သောင်ရင်းမြစ်အနီး ထိုင်း နိုင်ငံဘက်ရှိ ထာ့အာရွာတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထိုင်း အမှတ် ၃၅ နယ်ခြားစောင့် တပ်က ပြောသည်။

အဖမ်းခံရသည့် ထိုင်းနိုင်ငံသား နိုင်ကျစ်လစာ ထောက်အင်ထာ က“ဒီ သင်းခွေချပ်တွေကို မြ၀တီဘက်က လူတွေ လာပို့တာပါ၊ အရင်ကလည်း ကျနော်လာယူနေကြပါ၊ ဒီကနေ တရုတ်နိုင်ငံဘက်ကို တဆင့်ပြန်ပို့ တာပါ”ဟု ထွက်ဆိုခဲ့သည်။

၎င်းအဆိုအရ သင်းခွေချပ် အပါအ၀င် ရှားပါးသတ္တ၀ါ တောရိုင်း တိရစ္ဆာန်များကိုတင်ပို့ရာတွင် မြ၀တီ-မဲဆောက်မှ တဆင့် လာအိုနိုင်ငံ နယ်စပ် နောင်ခိုင်မြို့အထိ သယ်ယူပြီး တရုတ်နိုင်ငံသို့ ဆက်လက် ပို့ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။

နယ်စပ် ထိုင်း နိုင်ငံဘက် လှေဆိပ်ရှိ ကုန်တင်ကုန်ချစာရေးတဦးက“မဲဆောက် ဘက်သွားနေတာကတော့ သင်းခွေချပ်၊ တောကြောင်နဲ့ အခြားအကောင်တွေအစုံပဲ၊ အခုနောက်ပိုင်း တောက်တဲ့ တွေလည်းပါတယ်၊ အရင်ကဆိုရင် ၀က်ဝံအမည်း တွေပါ ညဘက် မဲဆောက်ဘက်ကိုပို့တယ်၊ နောက်ပိုင်း အန္တရာယ်ရှိလို့ဆိုပြီး ၀က်ဝံကိုမယူကြတော့ဘူး၊ ၀က်ဝံ သည်းခြေ ကိုပဲ ၀ယ်တော့တယ်၊ ဒီကိစ္စပြောရတာ အန္တရာယ်များတယ်၊ ဒါမျိုးက နှစ်ဘက်အာဏာပိုင်အချို့နဲ့ပေးကမ်းပြီးလုပ်နေကြ တာ၊ ဒီနယ်စပ်မှာ အရောင်းအ၀ယ်ဈေးကွက် ဖြစ်နေတာ ၁၀ နှစ်ကျော်ပြီ”ဟု ပြောပြသည်။

မြန်မာနိုင်ငံ မြ၀တီမြို့မှတဆင့် ထိုင်းဘက်ပို့နေသည့် သင်းခွေချပ်နှင့် အခြားတော ကောင်အသေးများမှာ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်အတွင်းမှဖြစ်ပြီး ၀က်ဝံသည်းခြေ များမှာ မြန်မာနိုင်ငံအရပ်ရပ်မှ ရောက်ရှိ လာခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ တရုတ် တိုင်းရင်းဆေး ရောင်းချသည့်ဆိုင်မှ မြန်မာ အရောင်းဝန်ထမ်း တဦးက"မြ ၀တီ ဘက်က လာတဲ့၊ ၀က်ဝံသည်းခြေနဲ့ စပါးကြီးမြွေ သည်းခြေတွေကို လာသမျှဝယ်တဲ့နေရာတွေ အများကြီးရှိတယ်၊ တောက်တဲ့ အကောင်ကြီးဆိုရင် ဆိုင်းဘုတ်ထောင်ပြီးတောင် ၀ယ်တယ်"ဟုပြောသည်။

ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့သည့် သင်းခွေချပ် ၅၃ ကောင်ကို ဘေးမဲ့တောသို့သွားရောက် လွှတ်ပေးမည်ဖြစ်ပြီး တရားမ၀င် သယ်ဆောင်သူကို သစ်တောဌာနသို့ လွှဲပြောင်း၍ ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း မဲဆောက် အခြေ စိုက် အမှတ် ၃၅ ထိုင်း နယ်ခြားစောင့်တပ်မှ ဒု ဗိုလ်မှူးကြီး Suton က ဒေသခံ သတင်းထောက်များကို ပြောကြားသည်။

မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှနိုင်ငံများသည် ၀က်ဝံသည်းခြေကဲ့သို့သော သစ်တောထွက် ပစ္စည်းများ၊ တော ရိုင်းတိရစ္ဆာန်များအား တရားမ၀င်နယ်စပ်ဖြတ်ကျော် ရောင်းဝယ်နေမှုကို လျစ်လျူရှု နေကြောင်း တောရိုင်းတိရစ္ဆာန် စောင့် ကြည့်လေ့လာရေးအဖွဲ့TRAFFIC က ပြီးခဲ့သည့် အပတ်အတွင်း ထုတ်ပြန်ထားသည်။ ဆေးဖက်ဝင်သည်ဟူသော ယုံကြည်မှုကြောင့် မြန်မာ၊ တရုတ် ဟောင်ကောင်၊ မလေးရှားနှင့် ဗီယက်နမ် နိုင်ငံများရှိ ပရဆေးဆိုင် ထက်ဝက်ကျော်သည် ၀က်ဝံ သည်းခြေကို ရောင်းဝယ် နေကြကြောင်းလည်း ယင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

TRAFFIC အဖွဲ့သည် ကမ္ဘာတ၀န်း နိုင်ငံပေါင်း ၃၀ ၌ အဖွဲ့ဝင် ၁၀၀ ခန့်ဖြင့် တောရိုင်းတိရစ္ဆာန် လေ့လာ စောင့်ကြည့်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး ဗြိတိန် နိုင်ငံတွင် ရုံးချုပ် ထားရှိကြောင်း သိရသည်။

Ref;Irrawaddy

Read More...

ရခိုင်၊ ကရင် သူပုန် ၃၁ ဦး ထောင်မှ ပြန်လွတ်ပြီ

မေလ ၁၉ ရက် ၂၀၁၁ ခုနှစ်

ကပ္ပလီပင်လယ် အန္ဒမန်ကျွန်းစုရှိ လန်းဖောကျွန်းတွင် ၁၉၉၈ ကတည်းက အိန္ဒိယစစ်တပ် ဖမ်းဆီးခံခဲ့ရသော ရခိုင်နှင့် ကရင် မျိုးချစ်သူပုန် ၃၄ ဦးအနက် ၃၁ ဦး ကိုလ်ကာတာ အကျဉ်းထောင်မှ ကြာသပတေးနေ့တွင် ပြန်လွတ်လာပြီ ဖြစ်သည်။

ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR က ဒုက္ခသည်အဖြစ် ယခုနှစ် ဧပြီလတွင် အသိအမှတ် ပြုခဲ့ပြီးနောက် ၃၁ ဦးကို ကိုလ်ကာတာမြို့ရှိ အလီပူ ပရက်စီဒင်စီ ပြုပြင်ရေးစခန်း ခေါ် အကျဉ်းထောင်မှ ပြန်လွှတ်ပေးရန် အိန္ဒိယအစိုးရက ဆုံးဖြတ်ခဲ့သည်။

ကျန် ၃ ဦးကို အန္ဒမန်ကျွန်းစု ပို့ဘလဲသို့ပြန်ပို့ပြီး မပြီးပြတ်သေးသော အမှုများကို ရင်ဆိုင်ရဦးမည်ဖြစ်ကာ ထိုအမှုများ ပြီးပြတ်မှ ပြန်လည်လွတ်မြောက်လာမည်ဖြစ်သည်။

၃၄ ဦးထဲတွင် ၁၁ ဦးမှာ ကရင်အမျိုးသားအစည်းအရုံး KNU မှဖြစ်ပြီး ၂၃ ဦးမှာ ယခုမရှိတော့ပြီဖြစ်သော ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ NUPA မှ ဖြစ်သည်။

၎င်းတို့လွတ်မြောက်ရေးအတွက် အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း ထံ စာရေးသားပေးပို့ခဲ့ပြီး ဒုက္ခသည်များ အဖြစ် အသိအမှတ်ပြုရန်လည်း ကုလသမဂ္ဂ သို့ စာရေးသားပေးပို့ခဲ့သူ အမျိုးသား ညွန့်ပေါင်း အစိုးရဝန်ကြီး ဒေါက်တာတင့်ဆွေက ယခု ဖြစ်ရပ်သည် လွတ်မြောက်ရေးတိုက်ပွဲဝင်တပ်သားများအတွက် အောင်ပွဲတခုဖြစ်ကာ ယင်းအဖြစ်အပျက် က တကယ့်ဒီမိုကရေစီနှင့် မြန်မာနိုင်ငံရှိ အခြေအနေများအကြား ခြားနားချက်ကို ဖော်ပြနေ သည် ဟု မဇ္ဈိမကို ပြောကြားသည်။

‘‘ဒါ တကယ့်သတင်းကောင်းပါ။ ဒီအတွက် အိန္ဒိယအစိုးရကိုလည်း တကယ်ကျေးဇူး တင်ပါတယ်။ မြန်မာနိုင်ငံက ပြောနေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာနဲ့ အခု အိန္ဒိယနိုင်ငံက ထိန်းသိမ်းခံရသူတွေအကြား အဖြစ်အပျက်က သာမန်တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ဒါကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဒီမိုကရေစီရှိတာနဲ့ ဒီမိုကရေစီ ကင်းမဲ့တာရဲ့ ခြားနားချက်ကို အသေအချာ ဖော်ပြနေတာပါ။ အိန္ဒိယနိုင်ငံရဲ့ ဒီမိုကရေစီစနစ်နဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ကို ကျနော်တို့ တကယ့်ကို ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံသားတွေအဖို့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ရရှိဖို့အတွက် အရင်ထက်ပိုပြီး ကြိုးပမ်းရအုံးမယ်ဆိုတာ ဒီအဖြစ်အပျက်က ပြသနေပါတယ်’’ ဟု သူက ဆိုသည်။

ကျန် ၃ ဦးနှင့် ပတ်သက်၍ ဒေါက်တာတင့်ဆွေက ‘‘၎င်းတို့ကို နောက်ဆုံးတွင် လွှတ်ပေးလိမ့်မည်ဟု ယုံကြည်သော်လည်း ဆက်လက်ထိန်းသိမ်းခံရကာ အမှုရင်ဆိုင် ရဦးမည့် အရေးအတွက် စိတ်မကောင်း ဖြစ်မိကြောင်း’’ ပြောသည်။

အဆိုပါ NUPA နှင့် KNU တပ်ဖွဲ့ ဝင်များသည် အိန္ဒိယနိုင်ငံ ပိုက်နက် နယ်မြေပေါ်တွင် ၁၃ နှစ်ကြာ အကျဉ်း ကျခံခဲ့ရပြီး သူတို့သည် `ပင်လယ်မျှော့ စစ်ဆင်ရေး´ စစ်ဆင်ရေးအတွင်း ၁၉၉၈ ဖေဖော်ဝါရီ ၁၁ ရက်ကတည်း က ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ လျှို့ဝှက်စစ်ဆင်ရေးကို ဒုဗိုလ် မှူးကြီးဂရေးဝေါ ဆိုသည့် အိန္ဒိယ စစ်ထောက်လှမ်းရေး အရာရှိတဦးက စီစဉ်လုပ် ဆောင်ခဲ့ကာ မျိုးချစ်သူပုန်များကို အစုအပြုံလိုက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ သူတို့ ထဲမှ ခေါင်းဆောင် ၆ ဦးကို အန္ဒမန်ကျွန်းစု လန်းဖောကျွန်းတွင် အိန္ဒိယစစ်တပ်က သတ်ဖြတ်ခဲ့သည်။

မူလက မျိုးချစ်သူပုန် ၃၆ ဦးကို ထိန်းသိမ်းထားရှိခဲ့ပြီး ၂ ဦးမှာ ချုပ်နှောင်ထားရာမှ လွတ်မြောက်သွားခဲ့ကာ ယခုထိ ပျောက်ဆုံးနေသည်။ လွတ်မြောက်ရေး ကြိုးပမ်းမှု အောင်မြင်သွားသလား၊ ရေနစ်သေဆုံး သို့မဟုတ် အိန္ဒိယစစ်တပ် ဖမ်းဆီးကွပ်မျက် မှုခံလိုက်ရသလား ဆိုသည်ကိုမူ မသိရသေးပါ။

မြန်မာစစ်အစိုးရကို တိုက်ခိုက်ရန်အတွက် လုံခြုံသည့် အခြေစိုက်စခန်း ပေးမည်ဟု ဒုဗိုလ်မှူးကြီးဂရေးဝေါက ဖျားယောင်းသွေးဆောင်ကာ လန်းဖောကျွန်းသို့ လိမ်လည်ခေါ်ယူ ရန် အစီအစဉ်တကျ စီမံခဲ့သည်ဟု ဆိုသည်။

အဖမ်းခံရပြီးနောက် ၎င်းတို့ကို အန္ဒမန်ကျွန်းစု မြို့တော်ပို့ဘလဲ ထိန်းသိမ်းရေးစခန်းတွင် ၈ နှစ်ကြာ ထားရှိခဲ့သည်။ လူ့အခွင့်အရေး ရှေ့နေများနှင့် နိုင်ငံရေးသမားများက သူတို့ကိုယ်စား ဆောင်ရွက်ပေးပြီးနောက်မှ သူတို့ကို ၂ဝဝ၆ အောက်တိုဘာတွင် ကိုလ်ကာ တာထောင်သို့ ပြောင်းရွှေ့ပေးခဲ့သည်။ ပို့ဘလဲတွင် ၈ နှစ်ကြာပြီးမှ သူတို့ကို ရုံးတင်စစ်ဆေးမှု စတင်ခဲ့သည်။

အိန္ဒိယ ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့ CBI က ၁၉၉၈ ဖေဖော်ဝါရီ ၁၈ နေ့စွဲပါ ပထမသတင်းပေး တိုင်တန်းချက် FIR အပေါ် အခြေခံကာ သူတို့ကို အိန္ဒိယသို့ တရားမဝင် ခိုးဝင်မှု၊ လက်နက်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ လက် ဝယ်ထားရှိမှုဖြင့် တရားစွဲခဲ့သည်။ ၎င်း လက်နက်ခဲယမ်းများသည် အိန္ဒိယ အရှေ့မြောက်ဒေသရှိသောင်းကျန်းသူများကို ပေးပို့ရန် ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

အထိန်းသိမ်းခံကာလ ၁၂ နှစ်နှင့် ရုံးတင်ကာလ ၄ နှစ်နီးပါးကြာမှ ၎င်းတို့ ၃၄ ဦး အိန္ဒိယနိုင်ငံ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၆၅ (ခ) အရ လျှောက်ထားနိုင်ခဲ့သည်။ အဆိုပါ လျှောက်ထားမှုကို သဘောတူခဲ့ကာ ထိန်းသိမ်းခံထားရသူ ၃၄ ဦးကို တဦးလျှင် ဒဏ်ငွေ ရူပီး ၆ဝဝဝ ပေးဆောင်စေကာ ထောင်ဒဏ် ၃ နှစ်လည်း ချမှတ်ခဲ့သည်။ သို့သော် သူတို့အနေဖြင့် အဆိုပါပြစ်ဒဏ်ကို ကျခံပြီးဖြစ်သည့်အတွက် ပယ်ဖျက်ပေးခဲ့သည်။

အမှန်တကယ် ချုပ်နှောင်ခံခဲ့ရသော ၁၃ နှစ်မှာ သူတို့ကို စွဲဆိုထားသည့် ပုဒ်မများအရ အမြင့်ဆုံး ကျခံရမည့်ထောင်ဒဏ် ၇ နှစ်၏ နှစ်ဆနီးပါး ရှိနေပြီဖြစ်သည်။

CBI က မျိုးချစ်သူပုန်များကို စွဲဆိုခဲ့သော အမှုတွင် အဓိကသက်သေဖြစ်ပြီး ယခု စစ်ဆင်ရေးကို အဓိက ကြိုးကိုင်စီစဉ်သူ လည်းဖြစ် သူတို့အုပ်စုကို မူလပထမ ဆက်သွယ် ဆောင်ရွက်ခဲ့သည့် ဒုဗိုလ်မှူးကြီး ဂရေးဝေါ ကို တရားရုံးတွင် တင်ပြနိုင်ခြင်း မရှိခဲ့သည့် အတွက် မခိုင်မလုံ ဖြစ်နေခဲ့သည်။

ယခုအခါ ရန်ကုန်တွင် နေထိုင်သည်ဟု ယူဆရပြီး အစုအပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ပေးနိုင်ခဲ့သဖြင့် စစ်အစိုးရ
ပေးသည့် ငွေကြေးဖြင့် ရပ်တည်နေသည်ဟု ယူဆရသည်။

လွတ်မြောက်ရေး တိုက်ပွဲဝင်တပ်သား ၃၄ ဦး၏ အမည်များ

၁။ ကိုစိုးနိုင်
၂။ ကိုသိမ်းအောင်ကျော်
၃။ ကိုအောင်နိုင်ဝင်း
၎။ ကိုခင်မောင်ကြည်
၅။ ခိုင်စိုးလင်း
၆။ ကိုမင်းသာထွန်း
၇။ ကိုရဲထက်
၈။ ကိုဟေလီ
၉။ ကိုဖိုးချို
၁ဝ။ ကိုခေးတိ
၁၁။ ကိုချာတိုးတိုး
၁၂။ ကိုချာမူချေး
၁၃။ ကိုသိန်းကျော်အောင်
၁၄။ ကိုချန်ဒူး
၁၅။ ခိုင်ရွှေလင်း
၁၆။ ကိုစိုးစိုး
၁၇။ ခိုင်စံသိန်း
၁၈။ ကိုမောင်ညိုစိန်
၁၉။ ကိုမျိုးမြတ်
၂ဝ။ ကိုလူလူ
၂၁။ စောဘို
၂၂။ ကိုဆန်းလွင်
၂၃။ ယွာဟေသား
၂၄။ ကိုဓညလင်း
၂၅။ ကိုဇော်လင်း
၂၆။ ကိုမိုးမင်းထွန်း
၂၇။ ကိုထွန်းရီ
၂၈။ ခိုင်လ
၂၉။ ခိုင်သာမြ
၃ဝ။ ကိုအောင်ဇော်မင်း
၃၁။ ကိုမောင်ခင်အေး
၃၂။ ကိုဒါအေး
၃၃။ ကိုရွေလာ
၃၄။ ကိုမောင်နိုင်

Ref;Mizzima

Read More...

မြဝတီ ဆက်သွယ်ရေး ဗုံးပေါက်

ကျော်ခ
မေလ ၁၉ ရက် ၂၀၁၁ ခုနှစ်


ကရင်ပြည်နယ် မြဝတီမြို့ရှိ ဆက်သွယ်ရေးရုံးအတွင်း ကြာသပတေးနေ့ မနက် ၈ နာရီ ခန့်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

မြန်မာနှင့် ထိုင်းနယ်စပ်မြို့၏ အမှတ် ၄ ရက်ကွက်ရှိ မြို့နယ် ရဲစခန်းနှင့် ပေ ၁ဝဝ ခန့် အကွာရှိ ဆက်သွယ်ရေးရုံး အဝင်၌ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အုံးကနဲ ပေါက်ကွဲသံကြားတော့။ အဲဒီဝင်းထဲမှာ နေတဲ့လူတွေဟိုပြေးဒီပြေး ပြေးကြတယ်။ လူကိုတော့ မထိဘူး” ဟု ဆက်သွယ် ရေးရုံးအနီး နေထိုင်သူတဦးက မဇ္ဈိမကိုပြောသည်။

ပေါက်ကွဲသံကြောင့် ၅ မိနစ်အတွင်း ရဲများ ရောက်ရှိလာကြပြီး ရုံးကိုလည်း ယာယီပိတ်ထားလိုက်သည်။

ဗုံးပေါက်ကွဲမှုကြောင့် လူအသေ အပျောက် မရှိသလို၊ ဆက်သွယ်ရေး လိုင်းများ ပြတ်တောက်မှု မရှိ သော် လည်း မြို့ခံများက နောက်ထပ် ဗုံး များ ပေါက်ကွဲမှာကို ကြောက်ရွံ့စိုးရိမ် နေခဲ့သည်။

“သားကို ကျောင်းသွားအပ်တာ စောင့်နေတုန်းမှာပဲ၊ ဟိုဘက်က ပေါက်ကွဲသံကြားတော့ ကျနော်တို့လည်း လန့်ပြီး အိမ်ကို ချက်ချင်းပြန်ကြတာ။ တခြားလူတွေလည်း ပြန်ပြေးကြ တာပဲ” ဟု ကျောင်းသား မိဘတဦးက မဇ္ဈိမကို ပြောသည်။

ဗုဒ္ဓဟူးနေ့တွင် နေပြည်တော်အနီး ရန်ကုန်-မန္တလေး လူစီးရထားပေါ်၌ ချိန်ကိုက်ဗုံးတလုံး ပေါက်ကွဲရာ လူ ၂ ဦး သေဆုံးပြီး၊ ၉ ဦး ဒဏ်ရာရသွားကြောင်း ကြာသပတေးနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။

စက်ခေါင်း၏ နောက်သုံးတွဲမြောက် ရိုးရိုး တန်း လူစီးတွဲ၌ ညနေ ၃ နာရီ ၅၅ မိနစ် တွင် ပေါက်ကွဲကာ ရထားတွဲအမိုး ပွင့်သွား ခဲ့သည်ဟု ပါရှိသည်။

ဗုံးကွဲမှု မကြာခဏ ဖြစ်လေ့ရှိသော မြဝတီတွင်တော့ ယခုဗုံးမှာ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း ပထမဆုံး ပေါက်ကွဲမှု ဖြစ်သည်။

ရဲစခန်းအနီး ခရစ်ယာန်ဘုရားကျောင်းအနီးတွင် မတ်လအတွင်း ဗုံးတလုံး ပေါက်ခဲ့ သေးသည်။ သို့သော် ထိခိုက် သေဆုံးမှု မရှိပေ။ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် လက်ဖက်ရည်ဆိုင်တခု၌ ပေါက်ကွဲသည့် ဗုံးကြောင့် လူ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။

၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအပြီး နောက်တရက်တွင် ငြိမ်းချမ်းရေး သဘောတူညီချက် ပျက်ပြားသွားသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA နှင့် အစိုးရတပ်များအကြား မြို့တွင်းတိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။


Ref;Mizzima

Read More...

ရွာသားများ အိမ်ယာလက်လွတ်မည့်ဘေးကြုံ

ဖနိဒါ
မေလ ၁၉ ရက် ၂၀၁၁ ခုနှစ်

မြစ်ကြီးနား တပ်ကုန်း ရပ်ကွက်တွင် ပါဝင်သော ငေါ့ချမ်းကျေးရွာ လယ်ကွက်အတွင်း
ဆောက်လုပ်ထားသော အိမ် ၁ဝ လုံးကို လာမည့် ၂၉ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ပေးရန် ရပ်ကွက် အာဏာပိုင်များက ပြောဆိုကြောင်း ဒေသခံများက ပြောသည်။

လယ်ကွက်များပေါ် ဆောက်ထားသဖြင့် ရပ်ကွက် ဥက္ကဋ္ဌ နှင့် မြေတိုင်းစာရင်း ဦးစီးဌာန အရာရှိတဦးက မြစ်ကြီးနားမြို့၏ မြောက်ဘက် ၁ဝ မိုင်ခန့်အကွာရှိ ပလန ကျေးရွာ ပြန်လည် နေရာချထားရေး သို့ပြောင်းရွှေ့ ခိုင်းခြင်း ဖြစ်သည်။

“ မြေတိုင်းစာရင်းက လက်မှတ်ထိုးဆိုပြီး စာရွက်မှာလက်မှတ်ထိုးခိုင်းတာ ကျနော်က ကျနော့် မိန်းမ နာမည် ပါတယ်ဆိုပြီး လက်မှတ် ထိုးလိုက်တာ အိမ်ဖျက်သိမ်းကြောင်း သဘောတူစာရွက်ဖြစ်နေတာ ကျနော်တို့
ရွာသား တွေက စာမတတ်ကြလို့ပါ”ဟု ရွာသားတဦးက ပြောသည်။

လက်ရှိ ကျေးရွာ ဥက္ကဋ္ဌ မိဘများက လွန်ခဲ့သည့် နှစ် ၂ဝ ခန့်က လယ်ကွက် အကျယ် ၅ဝ ပေနှင့် အနံ ၄ဝ တို့ကို အိမ်မြေကွက်များအဖြစ် ရောင်းသဖြင့် ဝယ်ယူ နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။

ပလန ပြန်လည် နေရာချထားရေးမှာ စစ်အစိုးရက အိမ်ခြေမရှိသူများကို ချပေးသည့် နေရာဖြစ်ပြီး မိုးတွင်း ရေ ဒူးထိတက်လာသောနေရာဖြစ်သဖြင့် ရွာသားများ မပြောင်းရွှေ့ ကြလိုကြောင်း ဒေသခံ တဦးက ပြောသည်။

လယ်ယာမြေကို အိမ်ယာမြေအဖြစ် ပြောင်းလဲရန် ပြည်နယ်ရုံးတွင် လန ၃၉ လျှောက် လဲရသော်လည်း ရွာသားများက လန ၃၉ လျှောက်ရမည်ကို မသိဘဲ စည်ပင်ခွန် များသာ ပေးဆောင်နေကြောင်း သိရသည်။

“ကျမတို့ ကိုယ်တိုင် လန ၃၉ လျှောက်ယူရမယ်ဆိုတာ မသိခဲ့ဘူး။ ခုမှ ရပ်ကွက် ဥက္ကဋ္ဌနဲ့ စည်ပင်မြေစာရင်းရုံးကလူက သူတို့ လျှောက်ပေးမယ်ဆိုပြီး ငွေ၂ သိန်းစီ ထုတ်ခိုင်း နေတယ်”ဟု ရွာသားတစ်ဦးက ပြောသည်။

ယမန်နေ့ ညနေပိုင်းက ရွာသားများကို အစည်းအဝေး ခေါ်ယူ၍ ရပ်ကွက် ဥက္ကဋ္ဌက ရွာသားများကို မပြောင်းရွှေ့လိုပါက တအိမ်လျှင် ကျပ် ၂ သိန်းပေးရန် ပြောလာသည်ဟု အဆိုပါ ရွာသားက ပြောသည်။

ယင်းရွာသားများသည် အဓိကအားဖြင့် တောင်ယာနှင့် လယ်လုပ်ကိုင်စားကြကြောင်း သိရ သည်။

Ref;Mizzima

Read More...

ဗုံးဆန်ထိ လူနာများ နေပြည်တော်ဆေးရုံကြီးသို့ပို့

ကျော်ခ
မေလ ၁၉ ရက် ၂၀၁၁ ခုနှစ်

မန္တလေး-နေပြည်တော် အမြန်လူစီးရထားဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားသည့် ခရီး သည် ၉ ဦးကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးသို့ ပြောင်းရွှေ့လိုက်ကြောင်း တပ်ကုန်းဆေးရုံဝန်ထမ်းများကပြောသည်။

ဗုဒ္ဒဟူးနေ့ညနေကရန်ကုန်မန္တလေးအမှတ်၃အဆန်ရထားပေါ်တွင်ပေါက်ကွဲသည့်ဗုံးကြောင့်ဒဏ်ရာရသူများကိုနီးစပ်ရာတပ်ကုန်းဆေးရုံပို့၍ကုသခဲ့သော်လည်းနေပြည်တော်မှအကြီးအကဲများ၏ညွှန်ကြားချက် ဖြင့်ဆေးရုံပြောင်းပေးလိုက်သည်ဟုဆိုသည်။

“ဒဏ်ရာရတဲ့လူတွေက မနေ့ညကထဲက စိုးရိမ်စရာ မရှိပါဘူး။ ကုတင် ၁၀၀၀ က ပိုပြီး ကောင်းလို့ လူကြီးတွေ စီစဉ်တဲ့ကားနဲ့ တခါထဲ တင်ပေးလိုက်တာပါ” ဟု ဆေးရုံ တာဝန်ခံတဦးက မဇ္ဈိမကိုပြောသည်။

သို့သော် မည်သူ့ညွှန်ကြားချက်ဟု သူက ဖြေမသွားပေ။

ဒဏ်ရာရရှိသူ ၉ ဦးမှာ မိတ္ထီလာ၊ ဖြူး၊ သာစည်၊ ကသာ၊ ကျောက်ကြီးတို့မှ ဒေသခံ လယ်သမားများဖြစ်ပြီး ဗုံးပေါက်ကွဲစဉ် ဗုံးစများ ထိမှန်ခံရကာ ကြာသပတေးနေ့က ခွဲစိပ်ကုသပြီးဖြစ်သည်ဟု နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကြီးမှ ဆရာဝန် တဦးက ပြောသည်။

“မနေ့က တယောက် ဒဏ်ရာနဲနဲများတော့ နဲနဲစိုးရိမ်ရတဲ့အနေအထားဖြစ်တယ်လေ။ အခုခွဲစိပ်ပြီးတော့ ကောင်းသွားပြီ။ ကျန်တဲ့လူတွေကတော့ ခြေထောက်လေးတွေထိတယ်။ လက်ကလေး တွေထိတယ်။ ... သိပ်ပြီးတော့ ဆိုးဆိုးဝါးဝါးကြီး မပါပါဘူးရှင့်” ဟု ဆရာဝန်က ပြောသည်။။

၉ ဦးလုံး ယခုပတ်အတွင်း ဆေးရုံကဆင်းနိုင်မည်ဟုလည်း ဆိုသည်။ ဗုံးပေါက်စဉ် သေဆုံးသွားခဲ့သည့် အမျိုးသမီးနှင့် အမျိုးသားမှာ သာစည်မြို့နယ်မှဖြစ်သည်ဟု တပ်ကုန်း ဘူတာဝန်ထမ်းတဦးက ပြောသည်။

ဗုဒ္စဟူးနေ့ညနေက အဆိုပါ လူစီးရထား တပ်ကုန်းမြို့နယ်၊ ရွှေမြို့ဘူတာရုံမှ ဆင်သေ ဘူတာဘက်သို့ ဦးတည်ခုတ်မောင်းစဉ် စက်ခေါင်း နောက်သုံးတွဲမြောက် ရိုးရိုးတန်း လူစီးတွဲပေါ်၌ ချိန်ကိုက်ဗုံး တလုံး ပေါက်ကွဲပြီး အမျိုးသမီးတဦး အမျိုးသား တဦး ပွဲချင်းပြီး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

“ဗုံးပေါက်တုန်းက ရထားက အမိုးပဲပွင့်သွားတာ၊ မှောက်မသွားပါဘူး။ ဒီအတွဲကို ဒီတပ်ကုန်းဘူတာမှာ လာဖြုတ်ပြီး အခု ပျဉ်းမနားကိုပို့လိုက်ပါပြီ” ဟု တပ်ကုန်း ရထားဘူတာရုံ ဝန်ထမ်းတဦးက မဇ္ဈိမကိုပြောသည်။

ဗုံးပေါက်ကွဲချိန်တွင် နေပြည်တော်၌ အမေရိကန်နိုင်ငံ၏ ဒု-လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်း Joseph Yun နှင့် မြန်မာအစိုးရသစ် ထိပ်တန်းခေါင်းဆောင် များ တွေ့ဆုံရန် အလည်အပတ် ရောက်နေချိန်လည်း ဖြစ်သည်။

နေပြည်တော်အနီး ဗုံးပေါက်ကွဲပြီး နောက်တနေ့ ကြာသပတေးနေ့တွင် ကရင်ပြည် နယ်အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့၊ အမှတ် ၄ ရက်ကွက် ရဲစခန်းအနီး ဆက်သွယ်ရေးရုံး၌ ဗုံးပေါက်ကွဲခဲ့သေးသည်။ သို့သော်လည်း ထိခိုက်ဒဏ်ရာ နှင့် အသေအပျောက်မရှိပေ။

Ref;Mizzima

Read More...

အမေရိကန်အဆင့်မြင့် အရာရှိနှင့် အစိုးရအဖွဲ့ဝင်များ တွေ့ဆုံ

ရန်ပိုင်
19 May 2011

အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင်ယွန်းသည် မြန်မာ အစိုးရ၏ ပြည်ထောင်စု နိုင်ငံခြားရေးရာ ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထောင်စု လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ တို့နှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။

ယင်းသို့ မစ္စတာ ဂျိုးဇက် ဝိုင်ယွန်းနှင့် အစိုးရအဖွဲ့ဝင်များတွေ့ဆုံမှုအား “မြန်မာ- အမေရိ ကန် နှစ်နိုင်ငံ ဆက်ဆံရေးမြှင့်တင်ရေးနှင့် အကျိုးတူ ကိစ္စရပ်များကို ဆွေးနွေးသည်” ဟု ယနေ့ထုတ် အစိုးရသတင်းစာများ၌ ရေးသားထားပြီး မည်သည့် အကြောင်းအရာ များ ဆွေးနွေးသည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

ရန်ကုန် သံတမန် အသိုင်းအ၀ိုင်း ၏ အဆိုအရ မြန်မာအစိုးရ ၀န်ကြီးများနှင့် မစ္စတာ ဂျိုးဇက် ဝိုင် ယွန်းသည် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကိစ္စများနှင့် ၂၀၁၄ ခုနှစ်၌ မြန်မာနိုင်ငံ က အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူမည့် ကိစ္စများကိုလည်း ဆွေးနွေး လိမ့်မည်ဟု သိရသည်။

မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ အစည်းအဝေး၌ လာမည် ၂၀၁၄ ခုနှစ် အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်နှင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် မြန်မာအစိုးရသစ်၏ လျှောက်ထားမှုကို အာဆီယံ ၏ မိတ်ဖက်နိုင်ငံဖြစ်သည့် အမေရိကန်အစိုးရ က ကန့်ကွက်ခဲ့သည်။

ထိုကြောင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အား လာမည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံကို လွှဲပြောင်းပေရေးအတွက် ဆုံးဖြတ် ချက်ကို ယခုနှစ်နှောင်းပိုင်းအထိ ရွှေ့ဆိုင်း ထားမည်ဟု ဆုံးဖြတ်ချခဲ့သည်။

ယခု အမေရိကန်အစိုးရ၏ အဆင်မြင့်အရာရှိတဦးနှင့် မြန်မာဝန်ကြီးများတွေ့ဆုံခြင်းသည် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် တွင် ပထမဆုံး အကြိမ် ဖြစ်သည်။

မစ္စတာ ဂျိုးဇက် ၀ိုင်ယွန်းသည် ယနေ့တွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှူဆောင် များနှင့်ဆွေးနွေးမည်ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်ကပြောသည်။

“လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေကို ဆွေးနွေးမယ်၊ အမေရိကန်အစိုးရက မြန်မာဒီမိုကရေစီအတွက် ထိတွေ့ဆက်ဆံ တာရော အရေးယူပိတ်ဆို့ မှုကိုပါ နှစ်လမ်း သွားကျင့်သုံးနေတယ်”ဟု ၎င်းကပြောပြသည်။

ထို့အပြင် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)အဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးမည်ဟုလည်း သိရသည်။

Ref;Irrawaddy

Read More...

ခွဲခြားဆက်ဆံမှု မြန်မာ လိင်တူချစ်သူများ ရှုတ်ချ

ခင်ဦးသာ
19 May 2011

လိင်တူချစ်သူများအား ဥပဒေအရ စနစ်တကျ နိုင်ထက်စီးနင်းပြုမူခြင်း၊ ဥပဒေမဲ့ အနိုင်ကျင့် ခြင်းများကို မြန်မာနိုင်ငံ၌ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားနေသော လိင်တူချစ်သူများက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအား မုန်းတီးမှု ဆန့်ကျင်သောနေ့ အခမ်းအနားကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ မေလ ၁၇ ရက်နေ့တွင်ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ လိင်တူချစ်သူ ၄၀ ၀န်းကျင်တက်ရောက်ပြီး မြန်မာနိုင်ငံအတွင်း လိင်တူချစ်သူများ ခွဲခြား ဆက်ဆံခံနေရသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“အာဏာပိုင်တွေက ဥပဒေနဲ့ခြိမ်းခြောက်ပြီး ငွေညှစ်တာတွေ၊ အစိုးရဌာနတွေမှာ အလုပ် လုပ်ခွင့်မရတာတို့ ဆေးရုံ ဆေးခန်း တွေ သွားပြရင်လည်း နှစ်ပြားမတန် အပြောခံ ရတာတွေရှိနေဆဲပါ”ဟု အခမ်းအနားသို့ တက်ရောက်လာသူ ရန်ကုန်မြို့မှ အလှဖန်တီးရှင် အန်တီစိန်က ဧရာဝတီ ကို ရှင်းပြသည်။

သူက ဆက်လက်ပြီး“လိင်တူချစ်သူတွေကို မုန်းတီးတာကို ဆန့်ကျင်တဲ့နေ့အခမ်းအနားကို ကမ္ဘာ့နိုင်ငံ ၁၄၀ ကျော်မှာပြုလုပ်ခွင့် ရပေမယ့် ကျမတို့ မြန်မာနိုင်ငံမှာ လုပ်ခွင့်မရဘူး၊ ဒါကြောင့် ချင်းမိုင်မြို့က အခမ်းအနားကို လာတာပါ”ဟု ပြောသည်။

လိင်တူချစ်သူများအား စိတ်မနှံ့သူ၊ မူမှန်စိတ်မရှိသူများအဖြစ် ကမ္ဘာ့ကျန်းမားရေး အဖွဲ့ကြီး(WHO)က သတ်မှတ်ထားခဲ့ပြီး ၁၉၉၇ ခုနှစ် မေလ ၁၇ ရက်နေ့တွင် လိင်တူ ချစ်သူများသည် သာမန်လူသားများသာဖြစ်၍ စိတ်မနှံ့သူများမဟုတ်ဟု ဆိုကာမူမှန်စိတ် မရှိသူ စာရင်းမှ ပယ်ဖျက်ခဲ့သည့်နေ့ကို အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအား မုန်းတီးမှုကို ဆန့်ကျင်သောနေ့ အဖြစ် သတ်မှတ်၍ အခမ်းအနားများ ကျင်းပခဲ့ကြ သည်။

လိင်တူချစ်သူများနှင့်ပတ်သက်၍ ရုပ်ရှင်ဇာတ်လမ်းများ၊ ဗီဒီယိုဇာတ်ကားများ ရိုက်ကူး ရာ၌လည်း နှိမ့်ချသည့် သဘော၊ ဟာသဘဘောထားကာ တန်ဖိုးထားမှုမရှိသော ရိုက်ကူး နေခြင်းများရှိနေ၍ ထိုကိစ္စများ ပပျောက်ရေးအတွက် အနုပညာရှင်များနှင့်ပူး ပေါင်း လုပ်ဆောင်မှု ပြုလုပ်သွားမည်ဟု လူ့အခွင့်အရေးပညာပေးဌာန(HREIB)၏ ညွန်ကြားရေးမှူးနှင့် လိင်တူချစ်သူတဦး ဖြစ် သူ ဦးအောင်မျိုးမင်း က ပြောသည်။

“ဇာတ်လမ်းမှာ လိင်တူချစ်သူပါရင် ဟာသနေရာကပဲ သရုပ်ဆောင်ရတယ်၊ နောက်ဆုံးမှာ နည်းလမ်းစုံအသုံးပြုပြီး သူ့ရဲ့မူလ ဘ၀ကို ကူးပြောင်းသွားအောင် အတင်းအကျပ် လုပ်ခိုင်း တာမျိုးတွေ၊ တန်ဖိုးထားမှု မရှိတာတွေရှိတယ်၊ ဒါတွေကို ပပျောက်သွားတဲ့အထိ လုပ် ဆောင်မှာပါ”ဟု ဦးအောင်မျိုးမင်း က ဆိုသည်။

လိင်တူချစ်သူ အများဆုံးစုဝေးရောက်ရှိရာ မြန်မာနိုင်ငံ မန္တလေးတိုင်း မတ္တရာမြို့နယ်အနီးရှိ တောင်ပြုံးပွဲတော်နှင့် အမရပူရ ရတနာ့ဂူနတ်ပွဲ များ၌ အာဏာပိုင်များ၏ နိုင်ထက်စီးနင်းပြုမှု အရှက်ခွဲစော်ကားမှုများကို ပြီးခဲ့သည့်နှစ်အတွင်းက ကြုံခဲ့ရကြောင်းလည်း ၎င်းက ပြောပြ သည်။

“တောင်ပြုံးပွဲတော်လာတဲ့ လိင်တူချစ်သူ တချို့ကို လူ့အများရှေ့မှာ ကိုယ်တုံးလုံးချွတ်ပြီး အရှက်ခွဲတယ်၊ ရိုင်းစိုင်းတဲ့ စကား လုံးတွေ သုံးပြီးဆဲဆိုတာတွေ လုပ်တာရှိတယ်”ဟု ဦးအောင်မျိုးမင်း က ဆိုသည်။

မြန်မာနိုင်ငံ၌ ရှိသော လိင်တူချစ်သူများသည် ပတ်ဝန်းကျင်၏ ခွဲခြားဆက်ဆံမှုကို သာမက မိသားစုဝင်တချို့၏ ခွဲခြား ဆက် ဆံမှု၊ နိုင့်ထက်စီးနင်း ပြုမူဆက်ဆံမှုများခံနေကြရ၍ တချို့သော သူများမှာ မိမိတို့၏ ဘ၀ကို တန်ဖိုးထားမှု မရှိတော့ဘဲ ရေစုံမျှောကာ စိတ်ဓာတ်ခွန်အား ကျဆင်းသွားသူများရှိ၍ ထိုသို့မဖြစ်စေရန် ပညာပေးမှုများ၊ သင်တန်းပေးမှုများ လုပ်ဆောင်နေကြောင်း လူ့အခွင့်အရေး ပညာပေးအဖွဲ့၏ တာဝန်ခံ ကိုနောနော် က ပြောဆိုသည်။

“မိန်းမ အင်္ကျီဝတ်ပြီး အပြင်ထွက်တာနဲ့ အခြောက်၊ မိန်းမလျာ၊ ဂန်ဒူး၊ ရှောက်သီးဆေးပြား ဆိုပြီး ၀ိုင်းဆဲကြ၊ လှောင်ကြ တာ တွေ ခံနေကြရတယ်”ဟု ကိုနောနော်က ဆိုသည်။

လိင်တူချစ်သူများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၌ မှောင်ရိပ်ခိုမှု နှင့် ပုဒ်မ ၃၇၇ စသည့် ဥပဒေနှစ်မျိုး ကျင့်သုံးကာ အာဏာပိုင်များက အနိုင်ကျင့်စော်ကားမှု ပြုလုပ်နေကြောင်း၊ လိင်တူချစ်သူ တဦးဦးအား ညဘက်တွင်တွေ့ပါက မှောင်ရိပ်ခိုမှုနှင့် ကနဦး ဖမ်း ဆီးပြီး မှောင်ရိပ်ခိုမှု မမြောက်ပါက ပုဒ်မ ၃၇၇ ဖြင့် စွဲဆိုကာ ငွေညှစ်ခြင်း၊ အနိုင်ကျင့် စော်ကားခြင်းတို့ လုပ်ဆောင်သည်ဟု သူက ဆက်လက်ရှင်းပြသည်။

“လိင်တူချစ်သူတွေနဲ့ပတ်သက်ပြီး တလွဲကျင့်သုံးနေတဲ့ ပုဒ်မ ၃၇၇ ကို ပယ်ဖျက်ပေးဖို့ လှုပ်ရှားဆောင်ရွက်နေပါတယ်”ဟု လည်း ကိုနောနော်က ဆက်ပြောသည်။

ပုဒ်မ ၃၇၇ သည် လိင်တူအချင်းချင်း ဆက်ဆံသည်ကို လက်တွေ့ဖမ်းမိပါက အရေးယူသော ဥပဒေပုဒ်မ တခုဖြစ်သည်။

ရန်ကုန်မြို့ဆူးလေဘုရားအနီး၌ ကွမ်းယာရောင်းနေသော လိင်တူချစ်သူ တဦးသည် အိမ်အပြန်လမ်း၌ ရဲများက ခြိမ်းခြောက် ၍ ဖမ်းဆီးသွားကာ ရဲစခန်း၌ ချုပ်နှောင်၍ ငွေညှစ်ရာ မပေးနိုင်၍မုဒိမ်းကျင့်သည့်အမှုတခု ၂၀၁၀ တွင်ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

“ပြီးခဲ့တဲ့နှစ်ထဲမှာ ဆူးလေနားက ရဲစခန်းတခုက ရဲဝန်ထမ်း ၉ ယောက်က ၁၈ နှစ်အရွယ် လိင်တူချစ်သူ တယောက်ကို စခန်း ထဲမှာ ကြိုးတုပ်ပြီး ညလုံးပေါက် မုဒိမ်းကျင့်တာ ခံခဲ့ရပေမယ့် ဥပဒေအရ အကာအကွယ်မရခဲ့ဘဲ အမှုက ပပျောက်သွားခဲ့ရပါ တယ်”ဟု ကိုနောနော်က ဆိုသည်။

ချင်းမိုင်မြို့၌ ကျင်းပသည့် လိင်တူချစ်သူများအား မုန်းတီးမှု ဆန့်ကျင်သောနေ့ အခမ်း အနားကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မိတ္ထီလာ စသောဒေသများမှ လိင်တူ ချစ်သူများတက်ရောက်ခဲ့ကြပြီး နိုင်ငံတကာ လိင်တူချစ်သူများ၏ ကြုံတွေ့ခဲ့ရသော အခြေ အနေများကို မြန်မာနိုင်ငံတွင်း၌ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု တက်ရောက်သူ တချို့က ဆိုသည်။

ထိုအခမ်းအနားသို့ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်၊ အမေရိကန်၊ နော်ဝေး၊ မြန်မာနိုင်ငံနှင့် ဥရောပ နိုင်ငံတချို့မှ လိင်တူချစ်သူများတက် ရောက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

မြန်မာနိုင်ငံ၌ “လိင်တူချစ်သူများ”ဟု သုံးနှုန်းခေါ်ဝေါ်ခြင်းမရှိသေးဘဲ မိန်းမလျာ၊ အခြောက်၊ ရှောက်သီးဆေးပြား၊ ဂန်ဒူး၊ အပုန်း၊ အပွင့် စသည်ဖြင့် ခေါ်ဝေါ်နေကြဆဲ အခြေအနေ ဖြစ်သော်လည်း လိင်တူအချင်းချင်း ချစ်သူစုံတွဲများကို တွေ့မြင်လာရ သည်ဟု ရန်ကုန်မြို့ခံ လူငယ်တချို့က ပြောဆိုသည်။

Ref;Irrawaddy

Read More...

အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး မြန်မာပြည် ရောက်ရှိ

ရန်ပိုင်
18 May 2011

အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင် ယွန်းသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ယနေ့ ရောက်ရှိနေပြီ ဖြစ် ကြောင်း သိရသည်။

အဆိုပါ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးသည် မြန်မာနိုင်ငံတွင် လာမည့် စနေနေ့အထိ ၄ ရက်ကြာ နေထိုင် မည်ဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း အစိုးရ အဆင့်မြင့်အရာရှိများ၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နှင့် နိုင်ငံရေး ပါတီများမှ ပုဂ္ဂိုလ် များ၊ စီးပွားရေး အသိုင်းအ၀န်းမှ လုပ်ငန်း ရှင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ အစိုးရမဟုတ်သည့် NGO အဖွဲ့များ နှင့် လည်း တွေ့ဆုံမည်ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာ့ခ် တိုနာ က ဆိုသည်။

“အမေရိကန်အစိုးရ အနေနဲ့ မြန်မာအစိုးရနဲ့ ဆက်လက်ပြီး တိုက်ရိုက် ထိတွေ့ဆက်ဆံဖို့ စိတ်အားထက်သန်နေတယ် ဆိုတာကို အခု ခရီးစဉ်က ပြသနေပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

အမေရိကန်အစိုးရ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွှတ်မြောက်လာခြင်းကို တိုးတက်မှုတခု အဖြစ် ရှုမြင်ကြောင်း၊ နိုင်ငံရေး အကျဉ်း သားများကို ချက်ချင်းလွှတ်ပေးရန် လိုအပ်ကြောင်းလည်း မစ္စတာ မာ့ခ် တိုနာ ကတိုက်တွန်း ပြောကြားသည်။

မစ္စတာ ဂျိုးဇက် ဝိုင် ယွန်း ၏ ယခုအကြိမ် ခရီးစဉ် သည် သမ္မတ ဦးသိန်းစိန် အစိုးရ သစ်လက်ထက် ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်သည်။

မစ္စတာ ဂျိုးဇက် ဝိုင် ယွန်းသည် ခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက် ရေးကိစ္စများ အပြင်ကို ၂၀၁၄ ခုနှစ်၌ မြန်မာနိုင်ငံ က အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူ မည့် ကိစ္စများကိုလည်း ဆွေးနွေးလိမ့်မည်ဖြစ်ကြောင်း သံတမန် အသိုင်းအ၀ိုင်း ၏ အဆိုအရ သိရ သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက “လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ရဲ့ ခရီးစဉ်ကို ကျနော် တို့ကြိုဆိုပါ တယ်၊ အမေရိကန် အစိုးရအနေနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံရေး မူဝါဒကို စိတ်ရှည် ရှည် ကျင့်သုံးနေခြင်းဟာ ဒီမိုကရေစီ အရေးကို လိုလားတဲ့အတွက်လို့ မြင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် တနင်္လာနေ့က မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုမှ ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားမှုများ အားလုံးကို တနှစ် သက်တမ်း ထပ်မံတိုးမြှင့်ကြောင်း သမ္မတ အိုဘားမား က ကြေညာခဲ့သည်။

အရေးယူပိတ်ဆို့မှုများကို ၁၉၉၇ ခုနှစ်မှ စတင်ပြီး အမေရိကန်နိုင်ငံ၏ အမျိုးသား လုံခြုံရေး အရေးပေါ် အက်ဥပဒေ အရ စတင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပြစ်ဒဏ်ခတ် အရေးယူပိတ်ဆို့မှုများကို အမေရိကန်အစိုးရက မရုပ်သိမ်းခြင်းမှာ မြန်မာနိုင်ငံတွင် ဒီမိုကရေနှင့် လူ့အခွင့် အရေး တိုးတက်မှု မရှိသေးသည့် အတွက်ဖြစ် ကြောင်း ဦးဥာဏ်ဝင်းက ပြောဆိုသည်။

မစ္စတာ ဂျိုးဇက် ၀ိုင် ယွန်းသည် ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလအတွင်းကလည်း မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်လာရောက် လည် ပတ် ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် စစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း၊ ရဲချုပ် ခင်ရီ အပါအ၀င် သိပ္ပံနှင့် နည်း ပညာ ၀န်ကြီးဌာနမှ အရာရှိများနှင့်လည်း တွေ့ဆုံခဲ့သေးသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာ သည်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို တို့နှင့်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံခဲ့ သေးသည်။

မစ္စတာ ဗီဂျေ နမ်ဘီယာကလည်း မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန် တောင်း ဆိုခဲ့သည်။ ထိုတောင်းဆိုချက်ကြောင့် သမ္မတသစ် ဦးသိန်းစိန်က သေဒဏ်ကျခံနေရသည့် အကျဉ်းသားများကို ထောင်ဒဏ် တသက် သို့ လည်းကောင်း၊ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများကို ပြစ်ဒဏ် တနှစ် သို့ လျှော့ပေးခဲ့သည်။

အဆိုပါ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်သည် မစ္စတာ ဗီဂျေ နမ်ဘီယာ၏ နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးရေး တောင်းဆိုမှုကို ပြက်ရယ်ပြုနေသကဲသို့ဖြစ်ကြောင်း နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဝေဖန်ပြောဆိုသည်။

Ref;Irrawaddy

Read More...

Wednesday, May 18, 2011

ရန်ကုန်-မန္တလေးရထား ဗုံးကွဲ ၂ ဦးသေ

မေလ ၁၈ ရက် ၂၀၁၁ ခုနှစ်

ရန်ကုန်မှ မန္တလေးသို့ သွားသော စာပို့ရထားတစီးပေါ်၌ ဗုဒ္ဓဟူးနေ့ ညနေတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ခရီးသည်နှစ်ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရသွားသည်ဟု မျက်မြင်သက်သေ များကပြောသည်။

အမှတ် ၃ အဆန် ရထားသည် မန္တလေးတိုင်း ပျဉ်းမနားခရိုင် တပ်ကုန်းမြို့နယ်အတွင်းရှိ ရွှေမြို့နှင့် ဆင်သေဘူတာအနီးတွင် ရိုးရိုးတန်းခရီးသည်တွဲ၌ ညနေ ၄ နာရီခန့်က ပေါက်ကွဲ ခဲ့ခြင်း ဖြစ်သည်။ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးသွားပြီး ဒဏ်ရာရသူ ၇ ဦးကို တပ်ကုန်းမြို့ဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု ဆိုသည်။

“ဝုန်းဆိုတဲ့ အသံကျယ်ကြီး၊ မီးရထားသံ ဆူညံနေတာတောင် ဖုံးသွားတယ်။ ဒဏ်ရာရ တဲ့သူတွေလည်း အခြေအနေ တော်တော်ဆိုးတယ်" ဟု ရထားပေါ်တွင် လိုက်ပါသွား ခဲ့သူ ခရီးသည် ကိုဇာနည်က မဇ္ဈိမကို ပြောသည်။

ချိန်ကိုက်ဗုံး အမျိုအစားဖြစ်ပြီး နေပြည်တော်ဘူတာတွင် ပေါက်ကွဲရန် စီစဉ်ထားခြင်း ဖြစ်နိုင်ကြောင်းနှင့် အချိန်လွဲချော်မှုကြောင့် နေပြည်တော်ကျော်လွန်ပြီးမှ ပေါက်ကွဲခြင်းဖြစ် နိုင်ကြောင်း ရထားလုံခြုံရေးများက ခန့်မှန်းပြောဆိုကြသည်ဟု မဇ္ဈိမက ဆက်သွယ် ရရှိ သော ခရီးသည်များက ပြောသည်။

နေပြည်တော် ဘူတာရုံ တာဝန်ရှိသူများကလည်း ဗုံးပေါက်ကွဲမှုအကြောင်း အတည်ပြု ပြောကြားသော်လည်း အသေးစိတ် ဖြေဆိုရန် ငြင်းဆန်သည်။

Ref;Mizzima

Read More...

ရခိုင်နှင့် ကရင် ၃၄ ဦးမှ ၃၁ ဦး မနက်ဖြန်တွင် ကာလကတ္တား အကျဉ်းထောင်မှ လွှတ်မည်

/18/2011


အိန္ဒိယ နိုင်ငံ ကာလကတ္တားရှိ Presidential အကျဉ်းထောင်တွင် နှစ်ရှည် လများ ထိန်းသိမ်းခံနေရသူ ရခိုင်နှင့် ကရင် တော်လှန်ရေး သမား ၃၁ ဦး မနက်ဖြန် (မေလ ၁၉ ရက်နေ့) တွင် လွှတ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

သူတို့၃၄ ဦးထဲမှ ရဲဘော် သုံးဦးမှာ အန်ဒမန်ကျွန်းရှိ ပို့ဘလေယား အကျဉ်း ထောင်တွင် အကျယ်ချုပ်ဖြင့် ရှိစဉ်က ပြဿနာ ဖြစ်ပွားခဲ့သဖြင့် ဆက်လက် စစ်ဆေးရန် ရှိနေ၍ ယခု လွှတ် မြောက်မူတွင် ပါဝင်လာမည် မဟုတ် ကြောင်း သိရသည်။

သူတို့သုံးဦးကို ပို့ဘလေယားတွင် စစ်ဆေးပြီးနောက် အမူပြီးစီးမှ လွှတ်ပေးမည် ဖြစ် ကြောင်း သိရသည်။

သူတို့လွှတ်မြောက်လာမည့် အကြောင်းကို "kyi phyo" kyiwayphy0@yahoo.com အီးမေးလ် အကောင့်မှ တခြား ၈၈ Yahoo Group သို့ပေးပို့သော စာတွင်လည်း ရေးသား ဖေါ်ပြထားသည်။

ရခိုင်နှင့် ကရင် ၃၄ ဦးမှာ ရခိုင်ပြည်တပ်မတော်မှ ဗိုလ်ရာဇာနှင့် အတူ အိန္ဒိယ ထောက် လှမ်းရေး တပ်ဖွဲ့နှင့် သဘောတူချက်အရ လန်းဖေါ့ကျွန်းတွင် စစ်စခန်း တည်ဆောက် ရန် လာစဉ် ၁၉၉၈ ခုနှစ်က ဖမ်းဆီးခံခဲ့ရသူများ ဖြစ်သည်။ ယခု ၁၃ နှစ်ကြာပြီးမှ အိန္ဒိယ ထောင်ထဲမှ လွတ်မြောက်ကြမည် ဖြစ်သည်။

Ref;Narinjara

Read More...

ကဆုန်လပြည့် ဗုဒ္ဓနေ့အခမ်းအနား ဖလောင်းချိတ်မြို့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ

5/18/2011
မောင်အေး

ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် ညောင်ရည်သွန်းပွဲတော်ကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဖလောင်းချိတ် မြို့တွင် ယမန်နေ့(ကဆုန်လပြည့်နေ့က) စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။

နံနက်ပိုင်းမှ စတင်ပြီး အခမ်းအနား အတွင်း အစီအစဉ်များကို တစ်ခုပြီး တစ်ခု ပြုလုပ် ခဲ့ရာတွင် ဆရာတော် များအား ဆွမ်းခဲ ဖွယ်များ ကျွေးမွေး လှူဒါန်းခြင်း၊ တရား ဘ၀နာများ ပွားများခြင်း၊ ကဆုန်လပြည့် ဂုဏ်ပြု အဘိဓမ္မာ အခါတော်နေ့ ကဗျာ များနှင့် တေးများကို အမျိုးသမီးများက အဖွဲ့လိုက် ရွှတ်ဖတ် ပူဇော်ခြင်း၊ မဟာ ဂရုဏာတော် ဘုရားရှင် ပွင့်တော်မူရာ ဗောဓိ ညောင်ပင်အား အမွှေးနံ့သာများ သွန်းလောင်ခြင်း၊ ဆီးမီး ပူဇော်ခြင်းနှင့် မဟာကျိန် ဘုရားကို ကရ၀ိတ် ဖေါင်တော်ဖြင့် မြို့ကို လှည့်လည်ပြီး အပူဇော်ခံခြင်းများကို ပြုလုပ်ခဲ့ကြသည်။

ပွဲတော်အတွင်း မဟာကျိန် ဘုရားကို ကရ၀ိတ် ဖေါင်တော်ဖြင့် ဖလောင်းချိတ် မြို့ကို လှည့်လည်ပြီး အပူဇော်ခံပွဲမှာ ခြိမ့်ခြိမ့်သည်းမျှ စည်ကားခဲ့သည်။

၎င်းပြင် ကဆုန် ညောင်ရေသွန်းပွဲတော်ကိုလည်း နံနက်ပိုင်းမှ စတင်ပြီး ညနေပိုင်းအထိ မဟာ သိမ်တော်ကြီးဝင်း အတွင်း ကျင်းပ ပြုလုပ်ခဲ့ရာ ရာချီသော ရခိုင်အမျိုးသား အမျိုး သမီးများသာမက တခြား ဗုဒ္ဓဘာသာဝင်များကလည်း ပါဝင်ဆင်နွဲခဲ့ကြသည်။

ကဆုန်ညောင်ရေသွန်းပွဲတော်ကို ဦးဆောင်ကျင်းပသည့် သီလရှင် ဓမ္မရတီးက ပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်ကို နိရဉ္စရာသို့ ယခုကဲ့သို့ပြောသည်။

" ဒီနေရာမှာ ဗုဒ္ဓဘာသာ စတင် ဖြစ်ပေါ်လာပုံနဲ့ပတ်သတ်ပြီး လူငယ်တွေ အသိ အားနည်း နေကြတယ်။ ကဆုန်လပြည့်နေ့ဆိုတာ ဘာလဲ ဆိုတာကိုတောင် တချို့ကလေးတွေ မသိဖြစ်နေကြတယ်။ ဒါကြောင့် စာစောင်လေးတခုမှာ ဒီနေ့ကဆုန်လပြည့်ဆိုတာ ဘုရားမွေးတဲ့နေ့၊ ဘုရားဖြစ်တဲ့နေ့၊ ဘုရား ပရိနိဗ္ဗာန်စံတဲ့နေ့ဆို တာတွေကိုသိ ရအောင် မြန်မာ နဲ့ရော ဘင်္ဂလီစာနဲ့ပါ ရေးသားပြီး ပွဲတော်ကို တက်ရောက်လာတဲ့ သူတွေကို ဖြန့်ဝေ ခဲ့ပါတယ်။ ကိုယ်တို့ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာ အကြောင်း ပိုမို သိရှိအောင်နဲ့ ဒီလို ထူးခြား တဲ့ ဗုဒ္ဓနေ့ကို လူကြီး လူငယ်တွေ ပိုမို သိရှိအောင် ရည်ရွယ်ပြီး အခုလိုကျင်းပရတာ ဖြစ်ပါ တယ်" ဟု ပြောသည်။

ယခင်နှစ်များက ကဆုန် လပြည့် ဗုဒ္ဓနေ့နှင့် ညောင်ရေသွန်းပွဲတော်ကို ဖလောင်း ချိတ်မြို့တွင် ကျင်းပခဲ့သော်လည်း ခန်းနားကြီးကျယ်စွာ ကျင်းပ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ယခုနှစ်တွင် ကဆုန်လပြည့်နေ့အခမ်းအနားကို စည်ကားစွာကျင်းပ နိုင်ခဲ့သဖြင့် နောင်လာမည့် နှစ်များတွင်လည်း ဗုဒ္ဓဘာသာဝင်များ အနေဖြင့် ပိုမို ကျင်းပလာ ရန် မျှော်လင့်ကြောင်း ရခိုင်အမျိုးသမီး အဖွဲ့ဥက္ကဌ ဒေါက်တာ မယဉ်နုက ပြောသည်။

"ကျမတို့အခုလိုကျင်းပတဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေ နေထိုင်တဲ့ ဘင်္ဂလာ ဒေခ်ျ့မှာ ဗုဒ္ဓဘာသာဝင်တွေ ဘာသာရေးနဲ့ ပတ်သက်တဲ့ အသိဥာဏ်တွေ တိုးပွား လာရေး၊ ဘာသာတရားကို လူတွေ ပိုကိုင်းရှိုင်း လာရေးနဲ့ဗုဒ္ဓဘာသာ နေရာတိုင်း မှာ တိုးတက်လာရေးတို့ကို ရည်ရွယ်ပါ တယ်။ ပြီးတော့ ဒီလို ဘာသာရေးနဲ့ဆိုင်တဲ့ နေ့ထူး နေ့မြတ်တွေကို တခြားနေရာ တွေမှာလည်း နောင်နှစ်တွေမှာ ခုလို စည်စည်ကားကား ကျင်းပ ဖြစ်လာလိမ့်မယ်လို့ကျမတို့က မျှော်လင့်ပါတယ်" ဟု ဒေါက်တာ မယဉ်နုက ပြောသည်။

ယခုနှစ် ပွဲတော်ကို ဖလောင်းချိတ်မြို့ရှိ မဟာသိမ်တော်ကြီး (ယာယီ) ကော်မီတီ၊ ရခိုင်အမျိုးသမီးအဖွဲ့နှင့် ယုဝတီ အမျိုးသမီး အဖွဲ့တို့မှ ဦးဆောင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ညနေ ၆ နာရီတွင် မြို့လုံးကျွတ် ပါဝင်ပြီး ဆီးမီး ပူဇော်ကြကာ ဆရာတော်ကြီး များထံမှ ငါးပါး သီလ ခံယူ ဆောက်တည်ကြသည်။ ပွဲတော်အား ညနေ ၇ နာရီတွင် အောင်မြင်စွာ အဆုံးသတ်ခဲ့ပြီး လှူဒါန်းပူဇော်ခဲ့သော လှူဖွယ် ၀တ္ထု အစုစုတို့အတွက် စေတီရင်း ဆရာတော် ကြီးက ရေစက်ချ အမျှပေးဝေခဲ့သည်။

ကဆုန်လပြည့် ဗုဒ္ဓနေ့ကို မူဆလင် အများစုနေထိုင်သော ဘင်္ဂလာဒေ့ခ်ျတွင် ရုံးပိတ်ရက် နေ့အဖြစ် သတ်မှတ်ထားပြီး မြို့တော် ဒက္ကားနှင့် စစ်တကောင်းတို့တွင်လည်း ဗုဒ္ဓ ဘာသာ ၀င်များက ခန်းနား ကြီးကျယ်စွာ ကျင်းပ ကြသည်။

ကဆုန်လပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ် ထားခြင်းမှာ ဘုရား အလောင်း တော် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင် ထံတွင် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့် မည်ဟု နိယတဗျာဒိတ်တော် ခံယူရရှိသည့်နေ့ဖြစ်ခြင်း၊ မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေ့တွင် မြတ်စွာ ဘုရား အလောင်တော်အား မွေဖွားခြင်း၊ ၁၀၃ ခုနှစ် ကဆုန်လ ပြည့်နေ့ဘုရား ဖြစ်တော်မူခြင်း၊ မဟာသက္ကရာဇ် ၁၄၈ ခုနှစ်ကဆုန်လပြည့်နေ့ တွင် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတော်မူခြင်း တို့ကြောင့် ဖြစ်သည်ဟု သိရသည်။

Ref;Narinjara

Read More...

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်အပေါ် ရှုတ်ချဝေဖန်မှုများ ရှိနေ

17 May 2011

အကျဉ်းကျခံရသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့် ပတ်သက် ၍ ယမန်နေ့က ထုတ်ပြန်ခဲ့သည့် နိုင်ငံတော် သမ္မတ၏ အမိန့် ကြေညာချက်အပေါ် အဖွဲ့အစည်း အသီးသီးမှ ရှုတ်ချဝေဖန် မှုများ ထွက်ပေါ်လျှက်ရှိသည်။

မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ဦးမျိုးက “လွတ်ငြိမ်းချမ်းသာ ခွင့်ဆိုတာ ထောင်ခါရတယ်။ အခုဟာက ထောင်ဒဏ် လျော့ပေါ့ တာပဲ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဘာမှမကိုက်ညီဘူး။ ထောင် ဒဏ်တနှစ် လျော့ပေါ့တယ်ဆိုတာက နှစ် ၅၀ကျတဲ့သူအတွက်ဆို ၄၉နှစ်တောင် ကျန်နေအုံးမှာမို့ မိသားစုအတွက်ဖြစ်စေ၊ ထောင်ကျသူအတွက်ဖြစ်စေ ဘာမှပျော်ရွှင်မှာ မဟုတ်ပါဘူး။ သေဒဏ် သမားတွေ တစ်သက်တစ်ကျွန်း အလျော့ခံရတာက ကောင်းပေမဲ့လည်း ဒါ လုပ်ရမဲ့ထုံးစံပဲလေ။ အရင် အစိုးရလက်ထက်က အကျဉ်းသားဟာ နိုင်ငံရေးအရ အစိုးရသစ်နဲ့ မဆိုင်တော့ဘူး။ ဒီတော့ အပြီးအပိုင်ကို လွှတ်ပေးရမယ်လေ။”ဟု ပြောဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့-မြန်မာနိုင်ငံ(AAPP)က သမ္မတအနေဖြင့် လုပ်ဆောင်သင့်သည်မှာ အ ကျဉ်းသားအားလုံး အပြီးအပြတ် လွှတ်ပေးရန်အပြင် လက်နက်ကိုင် အဖွဲ့များနှင့်လည်း ညှိနှိုင်းဖြေရှင်းသွားရန်လည်း လိုအပ် ကြောင်း AAPP ၏ အတွင်းရေးမှူး ကိုတိတ်နိုင်က ယခုလို ပြောသည်။

“စစ်အာဏာရှင် အစိုးရကနေ အရပ်သားအစိုးရကို ပြောင်းလဲလာတယ်ဆိုတာ တကယ့်ကို ကြီးမားတဲ့ နိုင်ငံရေး အပြောင်းအ လဲတစ်ခုပဲ။ ဒီအနေအထားအပေါ်မှာ နိုင်ငံရေးအကျဉ်းသားရော၊ လက်နက်ကိုင်အဖွဲ့ဝင် အကျဉ်းသားတွေပါ အားလုံး လွှတ် ပေးရမယ်။ အရပ်သားအစိုးရဆိုတာ အကျဉ်းသားတွေ လွှတ်ပေးရုံတင်မဟုတ်ဘူး။ လက်နက်ကိုင်အဖွဲ့တွေ၊ အပစ်ရပ်ငြိမ်းချမ်း ရေးအဖွဲ့တွေနဲ့ပါ ညှိနှိုင်းဖြေရှင်းမှုတွေ လုပ်ရမယ်။ ဒါ အဖြစ်သင့်ဆုံးအလုပ်ပဲ။”ဟု ပြောသည်။

စစ်အစိုးရကို တော်လှန်ကာ လက်ရှိ အစိုးရသစ်ကို လက်ခံခြင်းမရှိသည့် ကေအဲန်ယူကလည်း သမ္မတဦးသိန်းစိန်သည် အရပ် သား အစိုးရမဟုတ်ဘဲ စစ်တပ်နောက်ခံသည့် ရုပ်သေးအစိုးရ သာဖြစ်၍ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ချက်မှာ လှည့်ကွက် တစ်ခုသာဖြစ်ကြောင်း ကေအဲန်ယူ ဒုဥက္ကဌ ပဒိုစောဒေးဗစ်သကဘောက ထောက်ပြပြောဆိုလိုက်သည်။

စောဒေးဗစ်သကဘော “ဒါ လှည့်ကွက်တစ်ခုပဲ။ လူထုလိုအပ်တာက နိုင်ငံရေးသမားတွေ အားလုံးကို လွှတ်ပေးဖို့။ အခုဟာ နိုင် ငံတကာကို မျက်လှည့်ပြနေတာပဲ။ လူထုတောင်းဆိုချက်ကို လိုက် လျောတာ မဟုတ်ဘူး။ ဒီလို ပြည်သူ့ဆန္ဒကို မလိုက်နိုင်တဲ့ သဘောက သိန်းစိန်အစိုးရဟာ စစ်တပ် ရဲ့ ကြိုးကိုင်မှုအောက်က ရုပ်သေးအစိုးရလို့ပဲ မြင်ပါတယ်။”ဟု ဆိုသည်။

အဆိုပါထုတ်ပြန်ချက်အပေါ် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(HRW)နှင့် အင်္ဂလန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသည့်အဖွဲ့ (Burma Campaign UK)တို့ကလည်း ကြေညာချက်ထုတ်ကာ ဝေဖန်ရှုတ်ချလိုက်သည်။

Burma Campaign UK ၏ ဒါရိုက်တာ Mark Farmaner က “ဒါ အတော် စိတ်ပျက် ဖို့ကောင်းပါတယ်။ ဒါပေမဲ့ သိန်းစိန်ဟာ ဒီမို ကရေစီ လှုပ်ရှားသူတွေကို ထောင်ချထား ဆဲမို့ အံ့သြစရာတော့ မရှိပါဘူး။ ဒါဟာ ဗမာပြည်ရဲ့ တကယ့်အပြောင်းအလဲကြီး မဟုတ်သေး ပါဘူး။”ဟု ကြေညာချက်တွင် ပြောဆိုထားသည်။

အမိန့်အမှတ် ၂၈/၂၀၁၁ဖြင့် ထုတ်ပြန်သည့် သမ္မတ၏ အမိန့်ကြေညာချက်သည် န၀တ စစ်အစိုးရ တက်လာစအချိန်က ၄/၈၉ အမိန့်ကြေညာချက်ဖြင့် ထုတ်ပြန်ခဲ့သော အကျဉ်းသားများနှင့်ဆိုင်သည့် အမိန့်ကြေညာချက်များအတိုင်း နိုင်ငံတကာ ဖိအား လျော့ကျရေးနှင့် နိုင်ငံရေး အကျဉ်းသားများ အမှန်တကယ် မလွတ် မြောက်ရေး ရည်ရွယ်ချက်ဖြင့် ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်း ချမ်းသာခွင့်အတု ကြေညာချက်သာဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၊ ၈၈မျိုးဆက် ကျောင်းသား များနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ယနေ့ ကြေညာချက်ထုတ်ပြန် ဝေဖန်လိုက်သည်။

နိုင်ငံတော်သမ္မတ၏ အမိန့်ထုတ်ပြန်ချက်တွင် (က)သေဒဏ်ချမှတ်ခံရသူများအတွက် ထောင်ဒဏ် တစ်သက်သို့လည်းကောင်း (ခ)ထောင်ဒဏ်ကျခံနေရသူများသည် ယင်းတို့အပေါ် သတ်မှတ် ထားသော ထောင်ဒဏ်ကို ထောင်ဒဏ်ရရှိပြီးသော လျော့ပေါ့ ရက်များအပြင် တနှစ် ထပ်မံ လျော့ ပေါ့ရရှိစေရန်လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သော်လည်း အကျဉ်းထောင် အ သီးသီး ရှိ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ကျော်ကို လွှတ်မပေးခြင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်း လိုခြင်းမရှိကြောင်း ထင်ရှားသည့်အတွက် အကျဉ်းသား များ လွတ်မြောက်ရေး ဆက်လက်လှုပ်ရှားကြရန် အဆိုပါအဖွဲ့ ၃ဖွဲ့က တိုက်တွန်းထား သည်။

Ref;KIC

Read More...

မုဒုံ ဗုံးကွဲအပြီး လုံခြုံရေးကျပ်

ကွန်းချမ်း
မေလ ၁၇ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၅ မိနစ်

မွန်ပြည်နယ် မုဒုံမြို့ တယ်လီဖုန်း အိပ်ချိန်းရုံး ဗုံးကွဲပြီးနောက် မုဒုံ-သံဖြူဇရပ် ကားလမ်းတလျှောက် လုံခြုံရေး တင်းကျပ်ကာ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိသည်။

မုဒုံ-သံဖြူဇရပ် လမ်းပိုင်းသည် ၂၂ မိုင်ကျော် ရှည်လျားပြီး မုဒုံမြို့အထွက်နှင့် သံဖြူဇရပ်မြို့အဝင်တွင် စစ်ဆေးရေးဂိတ် ၂ ခု ရှိသည်။

ဂိတ်များတွင်လည်း စစ်တပ်၊ ရဲ၊ လဝကနှင့် အကောက်ခွန် စသည့် ပူပေါင်းအဖွဲ့များက ခရီးသွား များကို ယခင်ကထက် တင်းကျပ်စွာ စစ်ဆေးမေးမြန်းနေသည်။

“တနေရာ စစ်သား ၃-၄ ယောက်လောက် ချထားတာ။ မုဒုံကနေ သံဖြူဇရပ် ရောက်တဲ့အထိ တလမ်းလုံးပဲ” ဟု မော်လမြိုင်မှ ပြန်လာသည့် သံဖြူဇရပ် မြို့သားတဦးက မဇ္ဈိမကို ပြောသည်။ တမိုင်ခန့်အကွာတွင် တနေရာ ချထားခြင်း ဖြစ်သည်ဟု ဆိုသည်။

မေလ ၁၄ ရက် စနေနေ့ မနက် ၅ နာရီခွဲခန့်တွင် မွန်ပြည်နယ် မုဒုံမြို့အနီး တယ်လီဖုန်း အိပ်ချိန်းရုံးတွင် ပစ်ခတ်၊ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရဲတဦး သေဆုံးကာ အိပ်ချိန်းရုံး ဝန်ထမ်း ဦးဟန်သိန်းလည်း ဒဏ်ရာ ရရှိခဲ့သည်။

မွန်ပြည်နယ် အစိုးရအဖွဲ့ ပေါ်ပေါက်ပြီးနောက် ပထမဆုံး ဗုံးပေါက်ကွဲမှု ဖြစ်သည်။ မည်သည့်အဖွဲ့၏ လက်ချက် ဖြစ်သည်ကို အတည်မပြုနိုင်သေးဘဲ၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဖောက်ခွဲရေးအဖွဲ့တွင် အမျိုးသမီးတဦး အပါအဝင် အဖွဲ့ဝင် ၅ ဦး ပါဝင်သည်ဟု ဦးဟန်သိန်းနှင့် ရင်းနှီးသူတဦးကပြောသည်။

လွန်ခဲ့သည့် ၂ဝဝ၈ ခုနှစ် ဇူလိုင်လတွင်လည်း ၎င်းအိပ်ချိန်ရုံး၌ပင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး၊ အနီးအနားရှိ ကျုံဖိုက်၊ ဝက်တဲနှင့် ညောင်ကုန်း ရွာသားအချို့ကို ဖမ်းဆီးစစ်မေးခဲ့သေးသည်။ သို့သော် ရဲက လက်သည်ကို မတွေ့နိုင်ဘဲ ဖြစ်နေသည်။

Ref;Mizzima

Read More...

ရန်ကုန်အစိုးရ သတင်းစာရှင်းလင်းပွဲ ရုပ်သံရိုက်ခွင့်ပိတ်

မေလ ၁၇ ရက် ၂၀၁၁ ခုနှစ်

ပြည်ပသတင်းဌာနတခုတွင် သတင်းထုတ်လွှင့်ချက်တွင် ပါသွားပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဒုတိယအပတ်စဉ် သတင်းစာရှင်းလင်းပွဲ၌ ရုပ်မြင်သံကြားရိုက်ကူးခွင့် ပိတ်ပင် လိုက်သည်။

ပြည်လမ်းမပေါ်ရှိ တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် အင်္ဂါနေ့ညနေ ၅ နာရီက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံပိုင် ရုပ်မြင်သံကြား MRTV4 က ရိုက်ကူးရန်ဟန်ပြင်စဉ် တိုင်းဒေသကြီးအစိုးရ အတွင်းရေးမှူး ဦးခင်မောင်ထွန်းက တားမြစ်လိုက်သည်။

“ကျေးဇူးပြုပြီး ကျနော်တို့ဗီဒီယိုရိုက်ကူးခြင်းကိုတော မေတ္တာ ရပ်ခံထားပါတယ် ။ ဓာတ်ပုံ သတင်းအနေနဲ့ပဲ ရိုက်လို့ ရပါတယ်” ဟု ဦးခင်မောင်ထွန်းက ဟန့်တားလိုက်သည်။

မေလ ၁ဝ ရက်နေ့က ပထမဆုံးပြုလုပ်သော သတင်းစာ ရှင်းလင်း ပွဲအကြောင်း ပြည်ပရုပ်သံလိုင်း တခုတွင်ပါသွားသည့် သတင်း ကြောင့် တားမြစ်ကြောင်း ရန်ကုန်တိုင်းအုပ်ချုပ် ရေးမှူးရုံး တာဝန် ရှိသူ တဦးက ပြောသည်။

နော်ဝေးအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗီဘီ) တွင် ထုတ်လွှင့်သွားခဲ့ခြင်းကို ရည်ညွှန်း ခြင်း ဖြစ်သည်ဟု သူက ထပ်ပြောသည်။

ဝန်ကြီးဌာန ၆ ခုကိုကိုင်သော ဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးဉာဏ်ထွန်းဦးနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ထွန်းတို့ ၂ ဦး မီဒီယာများနှင့် အပတ်စဉ်တွေ့ဆုံ သွားမည်ဟု ပြီးခဲ့သည့် မေလ ၁ဝ ရက်နေ့က ပြောခဲ့သော်လည်း လာမည့်အပတ်တွင် နားမည် ဖြစ်ကြောင်း၊ ပြုလုပ်မည့်ရက်ကို ထပ်မံ အကြောင်းကြားမည်ဖြစ်ကြောင်း ဦးခင်မောင်ထွန်း က ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထို့ပြင် သတင်းစာရှင်းလင်းပွဲသို့ တက် ရောက် ရာတွင် အဝတ်အစားဝတ်ဆင်မှု အပေါ် အစိုးရ အဖွဲ့က စည်းကမ်း ချမှတ်လိုက်သည်။

“ ဝတ်စားဆင်ယင်မှုကို မေတ္တာရပ်ခံ ပါတယ်၊ ကျနော်တို့က အခမ်းအနားကြီး တခု မဟုတ် သော်လည်း ကျနော်တို့ဒီမှာ ဆောင်ရွက်နေ ကြ တဲ့နေရာအနေ အထား အရ သင့်တင့် လျောက် ပတ်တဲ့ ဝတ်စားဆင်ယင်မှုကို ဝတ်ဆင် ပေးကြ ဖို့ သတင်းစာ ဂျာနယ်များကို မေတ္တာရပ်ခံ ပါတယ်” ဟု ဦးခင်မောင်ထွန်းက ပြောသည်။

သို့သော် မည်သို့ဝတ်ဆင်ရမည်ကို အသေးစိတ်မှာကြားမသွားပါ။ ပါလီမန်ခေတ် လွှတ်တော်အစည်း အဝေးများတွင် သတင်းထောက်များ အပေါ်အင်္ကျီတိုက်ပုံဝတ်ရပြီး ၁၉၃၈ က နန်းရင်းဝန်ဒေါက်တာ ဘမော်၏ သတင်းစာရှင်းလင်းပွဲကို သူရိယသတင်းထောက် ဘောင်းဘီတို အင်္ကျီလက်ပြတ် နှင့်တက် ၍ ပြည်ထဲရေးဝန်ကြီးချုပ် ဆာပေါ်ထွန်းက လွှတ်တော်တွင် ကန့်ကွက်ခဲ့ဘူးသည်။

Ref;Mizzima

Read More...

နိုင်ငံရေးအကျဉ်းသား ၃၆ ဦး လွတ်

ထွန်းထွန်း
မေလ ၁၇ ရက် ၂၀၁၁ ခုနှစ်

သမ္မတဦးသိန်းစိန်က ပြစ်ဒဏ်တနှစ် လျှော့ပေးသဖြင့် နိုင်ငံတဝှန်း အကျဉ်းထောင်ပေါင်းစုံမှ ပြန်လွတ်လာသည့် နိုင်ငံရေး အကျဉ်းသားပေါင်း ၃၆ ဦးအထိ ရှိကြောင်း မဇ္ဈိမက လတ်တလော စုဆောင်းရရှိထားသည့် သတင်းအချက်အလက်များအရ သိရသည်။

ယင်းတို့ထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ၁၉ ဦးပါဝင်ကာ အင်းစိန်၊ တောင်ငူ၊ ပေါင်းတည်၊ ကော့သောင်း၊ ဘားအံနှင့် မြစ်ကြီးနား ထောင်များမှဖြစ်ကြောင်း ပါတီပြန်ကြား ရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောသည်။ ဤသည်မှာ အင်္ဂါနေ့ မြန်မာ စံတော်ချိန် ည ၇ နာရီ အထိ ရန်ကုန် ပါတီရုံးချုပ်သို့ အနယ်နယ်အရပ်ရပ်ရှိ ပါတီဝင်များ ပေးပို့ခဲ့သည့် စာရင်းများအရ သိရခြင်း ဖြစ်သည်။

ကျန် ၁၇ ဦးမှာ ကိုကျော်ဝင်းထွန်း (ဗဟန်း)၊ ကိုအောင်အောင်ဦး (ဗဟန်း)၊ ကိုမြင့်ထွန်း (ရွှေပြည်သာ)၊ ကိုထွေးသိန်း (ရွှေပြည်သာ)၊ ကိုညီညီစံ (ခ) ရှင်ဆန္ဒာဓိက (ခရမ်း)၊ ကိုမြင့်စိုး (တွံတေး)၊ ကိုရဲထွဋ်ခေါင် (တွံတေး)၊ ကိုဝင်းမြင့် (ကျောက်မြောင်း)၊ မြဆန်းထူး (တောင်ဒဂုံ)၊ ကိုသန်းဌေး (ဒေါပုံ)၊ ကိုခင်ထွန်း (သာကေတ)၊ မောင်သိန်းဆွေ (ကမာရွတ်)နှင့် အဆိုတော် ဇေယျာသော်တို့အပြင် အခြားပုဂ္ဂိုလ်များမှာ ထွန်းထွန်းနိုင်၊ ကျော်ဆန်းလင်း၊ စိုးမြင့်ထိန်နှင့် ကိုသိန်းဆွေတို့ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ရှေ့နေဦးအောင်သိန်း ပြုစုထားသည့် စာရင်းက ဆိုသည်။ ဦးအောင်သိန်းသည် နိုင်ငံရေးအမှုအခင်းများအတွက် လိုက်ပါအကျိုးဆောင်နေသူ ဖြစ်သည်။

သူ၏ စာရင်းပါ ၁၇ ဦးမှာ အင်းစိန်၊ ဗန်းမော်၊ မော်လမြိုင်၊ တောင်ကြီး၊ စစ်တွေနှင့် ကော့သောင်း ထောင်များမှ လွတ်မြောက်လာခြင်း ဖြစ်သည်။

အကျဉ်းထောင်ပေါင်း ၄၂ ခုမှ အကျဉ်းသား ၁၄၆၀၀ လွှတ်ပေးကြောင်း အင်းစိန် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက အင်္ဂါမနက်တွင် သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်။ အင်းစိန်ထောင်မှ ၂၅ဝဝ ကျော် ပြန်လွှတ်မည်ဟု ဆိုသည်။

ပြစ်ဒဏ်လျှော့ပေါ့မှုမှာ သတင်းကောင်းတခုဖြစ်သော်လည်း လုံလောက်မှု မရှိသေးကြောင်းနှင့် အလုံးစုံ လွှတ်ပေးရန် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnestry International က အင်္ဂါနေ့တွင် ကြေညာချက်ထုတ် ဦးသိန်းစိန် အစိုးရကို တောင်းဆိုခဲ့သည်။

“ပြစ်ဒဏ်လျှော့ပေါ့ခြင်းတွေက နို်င်ငံရေးအကျဉ်းသားတွေအတွက် ကြိုဆိုရမယ့် သတင်းစကား ဖြစ်ပေမယ့် ဘယ်နည်းနဲ့မှ မလုံလောက်ဘူး။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ အားလုံး လွတ်မြောက်ရေးအတွက်တော့ ဒီလုပ်ဆောင်ချက်က ဖြစ်ဖြစ်မြောက်မြောက် မရှိလှပါဘူး” ဟု AI ၏ မြန်မာ့ရေးရာသုတေသီ ဘင်ဂျမင် ဇာဝါကီ Benjamin Zawacki က ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

သေဒဏ်ကို တသက်တကျွန်းပြစ်ဒဏ် လျှော့ပေးခြင်းနှင့်ပတ်သက်ပြီး အားရဖွယ် ဖြစ်သော်လည်း သေဒဏ်ကို ဖျက်သိမ်းရန် အတွက် ဥပဒေကြောင်းအရ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်ပါ AI က တိုက်တွန်းသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B ကလည်း ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာအနေဖြင့် နိုင်ငံရေး အကျဉ်းသားများ အလုံးစုံ လွှတ်ပေးရန်အတွက် မြန်မာအစိုးရကို ဖိအား ပေးကြရန် တိုက်တွန်း သည်။

မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူပေါင်း ၂၀၆၁ ဦး ရှိကြောင်း AAPP-B စာရင်း အရ သိရသည်။

Ref;Mizzima

Read More...

အမေရိကန် ဒု-လက်ထောက်ဝန်ကြီး မြန်မာပြည်သွားမည်

17 မေ 2011

အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာန ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) ဟာ မြန်မာနိုင်ငံက အစိုးရသစ်နဲ့ တွေ့ဆုံဖို့ ဒီကနေ့ မေလ ၁၈ ရက်က စတင်ပြီး မြန်မာနိုင်ငံကို ၃ ရက်ခရီး သွားရောက်မှာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရ အနေနဲ့ မြန်မာအစိုးရသစ်နဲ့ ဆက်ပြီး ထိတွေ့ ဆက်ဆံသွားချင်တဲ့ ဆန္ဒကို ပြသတဲ့ အနေနဲ့ မစ္စတာယွန်း သွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနမှာ အင်္ဂါနေ့ကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လက်ထောက် ပြောခွင့်ရသူ မာ့ခ် တုန်နာ (Mark Toner) က ပြောကြား သွားတာ ဖြစ်ပါတယ်။

“အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒု-လက်ထောက်ဝန်ကြီး ဂျိုးဇက် ယွန်းဟာ မေလ ၁၈ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိပါတယ်။ ဒီခရီးစဉ်ဟာ ကျနော်တို့ရဲ့ မြန်မာ အစိုးရနဲ့ ဆက်လက်ပြီး ထိတွေ့လိုတဲ့ ဆန္ဒကို ထင်ဟပ်ခြင်းပဲ ဖြစ်ပါ တယ်။ ပြီးတော့ မြန်မာ ပြည်သူတွေ၊ အရပ်သား အဖွဲ့အစည်းတွေနဲ့ ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားမယ်ဆိုတဲ့ သဘော လည်း ဖြစ်ပါတယ်။

“ဒု-လက်ထောက်ဝန်ကြီး ယွန်းဟာ မြန်မာအစိုးရ အရာရှိကြီးတွေနဲ့ မိတ်ဆက် တွေ့ဆုံမှု ပြုလုပ်ပြီး နိုင်ငံရေးပါတီ ကိုယ်စား လှယ်တွေ၊ NGO တွေ၊ တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်တွေ၊ စီးပွားရေး လောကသားတွေ အပါအ၀င် မြန်မာ့အရေးမှာ အကျုံးဝင် ပတ်သက်နေသူ အများ အပြားနဲ့လည်း တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဌာန လက်ထောက် ပြောခွင့်ရသူ မာ့ခ် တုန်နာ ပြောကြားသွားတာ ဖြစ် ပါတယ်။

မစ္စတာယွန်းဟာ ၂၀၁၀ ဒီဇင်ဘာမှာ မြန်မာနိုင်ငံကို ပထမတကြိမ် သွားရောက်ခဲ့ဖူးပါတယ်။ အခုကတော့ သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက်မှာ ပထမဆုံးအကြိမ် သွားရောက်တာ ဖြစ်ပါ တယ်။ သူဟာ မြန်မာအစိုးရသစ်မှာ ပါဝင်လာသူတွေနဲ့ တွေ့ဆုံမယ့် အဆင့်အမြင့်ဆုံး အမေရိကန် အစိုးရ အရာရှိလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို အမေရိကန် အစိုးရက ကြိုဆိုတယ်လို့ ပြောခဲ့ပြီး မကြာခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးလို့ ပြောကြားသွားပါတယ်။ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ကိုလည်း အမေရိကန် အစိုးရက တစိုက်မတ်မတ် တောင်းဆိုနေပါတယ်လို့ အင်္ဂါနေ့ကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြား ရေးဌာန လက်ထောက် ပြောခွင့်ရသူက ပြောကြားသွားပါတယ်။

Ref;VOA

Read More...

ပါကစ္စတန်နဲ့ နေတိုး ရဟတ်ယာဉ်တွေ အပြန်အလှန် ပစ်ခတ်

17 မေ 2011

ပါကစ္စတန် ခြေလျင်တပ်ဖွဲ့တွေနဲ့ နေတိုး ရဟတ်ယာဉ်တို့အကြား အာဖဂန်နယ်စပ်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့အပေါ် ပါကစ္စတန်စစ်တပ်က အပြင်းအထန် ကန့်ကွက်ကြောင်း ပြော ကြားလိုက်ပါတယ်။

အင်္ဂါနေ့ အစောပိုင်းတုန်းက နေတိုးတပ်ဖွဲ့ရဲ့ ရဟတ်ယာဉ်တွေ ပါကစ္စတန် နယ်မြေထဲ ကျူးကျော် ၀င်ရောက်ပြီး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေကြောင့် ပါကစ္စတန် စစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ဆိုပါတယ်။

ပါကစ္စတန်နယ်စပ် အနီးကို သူတို့ ရဟတ်ယာဉ်တွေ ပျံသန်းခဲ့တယ် ဆိုတာကို နေတိုးဘက်က အတည်ပြု ပြောကြားလိုက်ပြီး ဒီကိစ္စကို စုံစမ်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ပါကစ္စတန်နိုင်ငံ အဘော့တာဘတ် (Abbottabad) မြို့မှာ ပုန်းအောင်းနေတဲ့ အိုစမာ ဘင်လာဒင် (Osama Bin Laden) ကို အမေရိကန် အထူးတပ်ဖွဲ့တွေ ၀င်ရောက် သုတ်သင်ပြီးနောက် နှစ်နိုင်ငံကြား ဆက်ဆံရေးတွေ တင်းမာနေတဲ့အချိန် မြောက် ၀ါရီရစ်စ်တန် (Wariristan) က ဒတ္တာခဲလ် (Datta Khel) ဒေသကို အင်္ဂါနေ့မှာ ၀င်ရောက် တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။

နေတိုး ရဟတ်ယာဉ်တွေဟာ အာဖဂန်နိုင်ငံဘက် အခြမ်းမှာပဲ ရှိနေပြီး ပါကစ္စတန် တပ်ဖွဲ့တွေက စတင် ပစ်ခတ်ခဲ့တာလို့ ကဘူးလ်မြို့ (Kabul) အခြေစိုက် အနောက်တိုင်း သံတမန်တဦးက ပြောပါတယ်။ သူတို့ ၂ ကြိမ် ပစ်ခတ်ခံရပြီးမှ နေတိုး ရဟတ်ယာဉ် တစင်းက ပြန်ပစ်ခဲ့တာလို့ ဆိုပါတယ်။

ဒီအတောအတွင်း ယီမင်နိုင်ငံသား အယ်လ်ခိုင်းဒါး (al Quida) အဆင့်မြင့် ခေါင်းဆောင် တယောက်ကို ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့မှာ ဖမ်းဆီး ရမိလိုက်တယ်လို့ ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့တွေက ပြောပါတယ်။ အခု ဖမ်းဆီးရမိလိုက်သူဟာ မူဟမ်မက် အလီ ကာဆင်မ် ယာကွတ်ဘ် (Muhammad Ali Qasim Yaqub) ခေါ် အဘူ ဆိုဟစ်ဘ် အယ်လ် မာကီ (Abu Sohaib Al Makki) ဆိုသူ ဖြစ်တယ်လို့ ပါက္စတန် စစ်တပ်က အင်္ဂါနေ့မှာ ထုတ်ပြန် တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အစောပိုင်း စုံစမ်း စစ်ဆေးမှုတွေအရ အဲဒီ အယ်လ် မာကီ ဆိုသူဟာ အယ်လ်ခိုင်းဒါး ခေါင်းဆောင် တွေရဲ့ တိုက်ရိုက် ညွှန်ကြားမှုနဲ့ ပါကစ္စတန်နဲ့ အာဖဂန် နယ်စပ်တလျှောက် လှုပ်ရှားနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသတွင်းမှာ လှုပ်ရှားနေတဲ့ အယ်လ်ခိုင်းဒါးအဖွဲ့ကို တဖြည်းဖြည်း ဖော်ထုတ်လာနိုင်ပြီဆိုတာ ပြသလိုက်တာပဲလို့ ပါကစ္စတန် နိုင်ငံက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အယ်လ် မာကီနဲ့ ပတ်သက်တဲ့ တခြား သတင်းအချက်အလက် တွေ တော့ ချက်ချင်း စုံစမ်းလို့ မရနိုင် သေးပါဘူး။

Ref;VOA

Read More...

ဗြိတိန်ဘုရင်မ အိုင်ယာလန် သမ္မတနိုင်ငံ ရောက်ရှိ

17 မေ 2011
ဗြိတိသျှဘုရင်မကြီး အဲလစ်ဇဘက်သ် (Elizabeth) ဟာ အိုင်ယာလန် သမ္မတနိုင်ငံကို ရောက် သွားပါပြီ။ ဒါဟာ ဗြိတိသျှ ဘုရင်တပါး အနေနဲ့ အိုင်ယာလန်ကို ပထမဆုံးအကြိမ် သွားရောက် လည်ပတ်ခြင်း ဖြစ်ပါတယ်။

၎ ရက်ကြာ တရားဝင် ခရီးစဉ်အတွက် အင်္ဂါနေ့က ရောက်လာကြတဲ့ ဘုရင်မကြီး အဲလစ် ဇဘက်သ်နဲ့ ကြင်ယာတော် မင်းသားကြီး ဖိလစ် (Philip) တို့ကို အိုင်ယာလန်က နိုင်ငံတော် အခမ်း အနားနဲ့ ကြိုဆိုခဲ့ပါတယ်။ ဘုရင်မကြီး ခရီးစဉ်နဲ့ ပတ်သက်ပြီး နှစ်နိုင်ငံလုံးမှာ ဗုံးဖောက်ခွဲ လုပ်ကြံ ဖို့ စီစဉ်မှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်လာပြီး နာရီအတော်အကြာမှာ ရောက်သွား ခဲ့တာပါ။

ဘုရင်မကြီးနဲ့အတူ လိုက်ပါလာတဲ့ တော်ဝင် မိသားစုတွေကို လုပ်ကြံမှုတွေ ဖြစ်လာနိုင်တဲ့ရန်က ကာကွယ်နိုင်ဖို့ ဒပ်ဘ်လင် (Dublin) မြို့မှာ လုံခြုံရေး တပ်ဖွဲ့ဝင် ၈,၀၀၀ လောက် ချထားခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ပိုင်းအိုင်ယာလန် ဒေသကို ဗြိတိသျှ အစိုးရက ဆက်လက် အုပ်ချုပ်နေတဲ့အပေါ် ဆန့်ကျင်ပြီး IRA အဖွဲ့က ခွဲထွက်သွားခဲ့တဲ့ အစွန်းရောက် အကြမ်းဖက် အဖွဲ့တခုက ဗုံးခွဲ လုပ်ကြံမယ်လို့ ပြောဆိုတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အိုင်ယာလန်နိုင်ငံက ရိုမန်ကက်သလစ်တွေရဲ့ အဓိက အရောင်ဖြစ်တဲ့ အစိမ်းရောင်ကို ၀တ်ဆင် ထားတဲ့ ဘုရင်မကြီးဟာ အင်္ဂါနေ့မှာပဲ အိုင်ယာလန် သမ္မတ မေရီ မက်အလိစ် (Mary McAleese) နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အိုင်ယာလန် စစ်ပွဲအတွင်း သေဆုံးခဲ့ ကြသူတွေရဲ့ အမှတ်တရ သင်္ချိုင်းကို သွားရောက်ခဲ့ပါတယ်။

Read More...

နိုင်ငံရေးအကျဉ်းသား ၃၀ ကျော် လွတ်မြောက်

17 မေ 2011

သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ မြန်မာနိုင်ငံ တ၀န်းရှိ အကျဉ်းထောင် တွေထဲက အကျဉ်းသား ၁၄,၆၀၀ ကို ဒီကနေ့ကစပြီး လွှတ်ပေးလိုက်ပြီလို့ အကျဉ်းဦးစီးဌာန က ပြောဆိုလိုက်ပါတယ်။ အခု လွှတ်ပေးမယ့် စာရင်းထဲမှာ အမျိုးသမီး ၂,၁၆၆ ယောက် ပါဝင်တယ် ဆိုတဲ့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းရဲ့ အပြောကို ကိုးကားပြီး ရန်ကုန်လာတဲ့ AP သတင်းမှာ ဖော်ပြလိုက်တာပါ။

အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းကျနေသူ ၈,၀၀၀ ကျော်အနက် ၂,၆၀၀ ကို လွှတ်ပေးလိုက်ပြီး သေဒဏ်ကျခံရမယ့်သူ ၃၄၈ ယောက်ကို တသက်တကျွန်း ပြစ်ဒဏ်ကို လျှော့ပေါ့ပေးလိုက်တယ်လို့ ဆိုပါတယ်။ ဒီနေ့လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ လောလောဆယ် နိုင်ငံရေး အကျဉ်းသား ၃၀ ကျော် ပါဝင်တယ်လို့ ဗွီအိုအေက သတင်းရရှိထားပါတယ်။

နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား အများစုအတွက် တနှစ်လျှော့ပေါ့ပေးတယ် ဆိုတာဟာ စော်ကားလိုက်တာပဲလို့ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ အနည်းအကျဉ်းပဲ ပြန်လွတ်လာတာနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရသစ်ဟာ အရင်အစိုးရတွေ အတိုင်းပဲ ဒီမိုကရေစီ ပေါ်ထွန်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်လိုစိတ် မရှိဘူးဆိုတာကို ပြသလိုက်တာပဲလို့ ထိုင်းနိုင်ငံ အခြေ စိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) ကလည်း တုံ့ပြန် ပါတယ်။

၂၀၀၄ ခုနှစ်က စစ်အစိုးရအတွင်း အုပ်ချုပ်ရေးပိုင်းနဲ့ စစ်ထောက်လှမ်းရေးအကြား အာဏာလွန်ဆွဲ ပွဲမှာ အဖမ်းခံ၊ အရေးယူခံခဲ့ရတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း တချို့လည်း ဒီနေ့လွှတ် မယ့် စာရင်းမှာ ပါတယ်လို့ ရန်ကုန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ စစ်အစိုးရ ၀န်ကြီးချုပ်ဟောင်းလည်းဖြစ်၊ စစ်ထောက်လှမ်းရေး အကြီးအကဲလည်း ဖြစ်သူ ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွန့်တော့ စာရင်းထဲမှာ မပါဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံတ၀န်းမှာ အကျဉ်းထောင်ပေါင်း ၄၂ ခု၊ အလုပ်ကြမ်း ရဲဘက်စခန်းပေါင်း ၁၀၉ ခုရှိပြီး အကျဉ်းသားဦးရေ ၆၀,၀၀၀ ကျော် ရှိပါတယ်။

Ref;VOA

Read More...

အပေါ်သို့