Friday, August 10, 2012

ကော့သောင်း ကျောက်မီးသွေးသုံး စက်ရုံ စမ်းသပ်လည်ပတ်ပြီး ရပ်နားထား

ကွန်းချမ်း
သြဂုတ်လ ၀၉ ရက် ၂၀၁၂ ခုနှစ်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ပေါ်ရှိ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံကို သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များက စတင်စမ်းသပ် လည်ပတ်ခဲ့ပြီးနောက် ပြန်လည် ရပ်နားထားလိုက်ရ ကြောင်း ဒေသခံများက ပြောသည်။

လျှပ်စစ်ဓါတ်အား ၈ မဂ္ဂါဝပ်ထုတ်လုပ်မည့် အဆိုပါစက်ရုံ စတင်လည်ပတ်ရာမှ ထွက်ပေါ်လာသည့် ကျယ်လောင်သံများ ကြောင့် အနီးဝန်းကျင်ရှိ နေအိမ်များ တုန်ခါခြင်းနှင့် စာသင်ကျောင်းမှ ကလေးငယ်များ ကြောက်လန့် ထွက်ပြေးခြင်းများ အပြင် အနံ့အ သက်ဆိုးများကိုလည်း ရှူရှိုက်ရသည်ဟု သန်းဖြိုးသူ ကုမ္ပဏီ လိမိတက် ပိုင်ဆိုင်သည့် စက်ရုံရှိရာ ရွှေပြည်သာ ရပ်ကွက်နေသူ တို့က ပြောသည်။

Read More...

သတင်းဂျာနယ် သုံးပုံတပုံ စည်းကမ်း ဖောက်ဖျက်နေဟု စိစစ်ရေးဆို

မျိုးသန့်
သြဂုတ်လ ၀၉ ရက် ၂၀၁၂ ခုနှစ်

ပြည်တွင်းတွင် လက်ရှိ ထုတ်ဝေနေသည့် အပတ်စဉ်ထုတ် သတင်းဂျာနယ်များ၏ သုံးပုံတပုံမှာ စည်းမျဉ်း စည်းကမ်းများ ချိုး ဖောက်နေကြသည်ဟု စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ဆိုသည်။

သတင်းဂျာနယ် ၄၉ စောင်အနက် ၁၆ စောင်မှာ စာပေစိစစ်ရေး၏ မူဝါဒ စည်းမျဉ်း စည်းကမ်း တခုမဟုတ် တခုကို အပါတ်စဉ် ဖောက်ဖျက်နေကြသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဗုဒ္ဓဟူးနေ့က ရေးသား ထားသည်။

Read More...

The Voice နှင့် သတ္တုတွင်း အမှု သြဂုတ် ၂၃ ရက်နေ့ လျှောက်လဲမည်

ဖနိဒါ
သြဂုတ်လ ၀၉ ရက် ၂၀၁၂ ခုနှစ်

သတ္တုတွင်း ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန အချို့တွင် ငွေကြေး အလွဲသုံးစားပြုမှုများ ရှိနေသည်ဟု ရေးသားဖော်ပြသည့် အပတ်စဉ်ထုတ် The Voice Weekly ဂျာနယ်အား တရားစွဲဆိုထားသော အမှု စွဲချက်တင်သင့် မတင်သင့် လာမည့် ၂၃ ရက်နေ့တွင် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက်ပေးမည် ဖြစ်ကြောင်း သိရသည်။

သတ္တုတွင်းဝန်ကြီးဌာနက စွဲဆိုထားသည့် ပုဒ်မနှင့် The voice ဂျာနယ်တွင် ဖော်ပြထားသည့် အချက်များနှင့် ကိုက်ညီမှု မရှိ သဖြင့် စွဲချက်မတင်သင့်ကြောင်း The Voice ဘက်မှ လျှောက်လဲချက်ပေးမည်ဟု ရှေ့နေကြီး ဦးဝင်းရွှေ က ပြောသည်။

Read More...

တူရကီ နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့ ရခိုင်ပြည်နယ် သွားမည်

တင်ဇာအောင်
သြဂုတ်လ ၀၉ ရက် ၂၀၁၂ ခုနှစ်

အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ ကိုယ်စားလှယ်အဖြစ် တူရကီ နိုင်ငံခြားရေး ဝန်ကြီး အာမတ် ဒါဗူတိုဂလူ Ahmet Davutoglu ဦးဆောင်သည့် အဖွဲ့သည် ကြာသပတေးနေ့တွင် နေပြည်တော်သို့ရောက်ရှိလာပြီး သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီးနောက် သောကြာနေ့တွင် ရခိုင်ပြည်နယ် အခြေအနေအား သွားရောက် လေ့လာကြမည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

၎င်းတို့နှင့် နိုင်ငံတကာမှ ကြားသိရသော ရခိုင်ပြည်နယ်တွင်း အရေးအခင်းများနှင့် ပတ်သက်သည့် သတင်းအချက် အလက်များမှာ အငြင်းပွားဖွယ်ရာများ ဖြစ်နေသည်ဟု တူရကီဝန်ကြီးက သတင်းထောက်များအား ဗုဒ္ဓဟူးနေ့က ပြောဆို ခဲ့သည်။ ယခု ခရီးစဉ်မှ လေ့လာတွေ့ရှိရသော အခြေအနေများကို OIC သို့ ပြန်လည် တင်ပြသွားမည် ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်မှု ကိစ္စများ၊ ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ တွင် ကျဆုံးခဲ့သော တူရကီ စစ်သည်တော်များ၊ သချိုင်းများ ကိစ္စ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတို့အပြင် ရခိုင်ပြည်နယ် အတွင်း အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် ပါရှိသည်။

တူရကီနိုင်ငံ လခြမ်းနီ (ကြက်ခြေနီ) အဖွဲ့သည် ရခိုင်ပြည်နယ်အတွက် ကယ်ဆယ်ရေး ပစ္စည်းများအနေဖြင့် မီးဖိုချောင်သုံး ပစ္စည်းများဖြစ်သည့် ဇွန်း၊ ခရင်း၊ ယောက်ချိုဇွန်း၊ ဇလုံနှင့် ဒယ်အိုးများပါဝင်သည့် အထုပ်ပေါင်း ၇၂ဝ၊ ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် သကြားတို့ ပါဝင်သည့် အထုပ်ပေါင်း ၅၇၆ ထုပ် ယူဆောင်လာကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင် က ပြောသည်။

ယင်းအဖွဲ့မှ အကူညီပေးသည့် ပစ္စည်များသည် စုစုပေါင်းတန်ချိန် ၁၆.၅ တန်ရှိပြီး တူရကီနိုင်ငံအနေဖြင့် ဒုက္ခသည်များ အတွက် ပထမဆုံးအကြိမ် ပံ့ပိုးခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ကူညီထောက်ပံရေး ပစ္စည်းများကို ပြည်နယ် အစိုးရအဖွဲ့ထံသို့ ယနေ့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။

တူရကီနိုင်ငံ သဘာဝ ဘေးအန္တရာယ်နှင့် အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှု ဦးစီးဌာန (AFAD)ကလည်း မြန်မာနိုင်ငံရှိ မူဆလင်ဒုက္ခသည်များအတွက် ကူညီထောက်ပံ့နိုင်ရန် ရန်ပုံငွေကောက်ခံခဲ့ရာ တူရကီ လီရာငွေ ၂.၁ သန်း (အမေရိကန်
ဒေါ်လာ ၁.၃ သန်းကျော်) ရရှိထားသည်ဟု ယနေ့ထုတ်ပြန် ကြေညာထားသည်။

နိုင်ငံခြားရေးဝန်ကြီး၏ ယခုခရီးစဉ်မှာ တူရကီနိုင်ငံ၏ ပထမဆုံးသော အဆင့်မြင့် ကိုယ်စားလှယ်တဦး လာရောက်ခြင်း ဖြစ်ပြီး ယခုအခြေအနေတွင် မြန်မာအစိုးရက လက်ခံခြင်းမှာ နိုင်ငံတကာနယ်ပယ်တွင် တူရကီ၏ သြဇာကို ပြသရာ ရောက်သည် ဟု ဝန်ကြီး အာမတ် ဒါဗူတိုဂလူ က ထုတ်ဖော်ပြောဆိုသည်။

Ref: မဇ္ဈိမ

Read More...

ဒေါ်လာသန်း ၁၁၀ ကျော် ကုန်ကျမည့် တံတားများ အလုံဆိပ်ကမ်းတွင် ဆောက်မည်

သိင်္ဂီထွန်း
သြဂုတ်လ ၀၉ ရက် ၂၀၁၂ ခုနှစ်

အလုံသင်္ဘောကျင်း ဆိပ်ကမ်းတွင် အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကျော် ကုန်ကျမည့် ဆိပ်ခံတံတား သုံးခုကို တည်ဆောက် နိုင်ရန် ပို့ဆောင်ရေး ဝန်ကြီးဌာနက မြန်မာ့အဏ္ဏဝါ စွမ်းအားရှင်အုပ်စု ကုမ္ပဏီအား သြဂုတ်လ ၄ ရက်နေ့တွင် လုပ်ကိုင်ခွင့် ပြုလိုက်သည်။

ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်တွင်ပြုလုပ်သည့် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုကြောင်း လက်မှတ်ရေးထိုးခြင်း အခမ်းအနားတွင် “ပို့ဆောင် ရေးဝန်ကြီးဌာနအနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်တဲ့အနေနဲ့ အစိုးရသစ် သက်တမ်း ဒုတိယနှစ်မှာ မြန်မာ့ဆိပ်ကမ်း အာ ဏာပိုင်နဲ့ ပုဂ္ဂလိကနဲ့ ပူးပေါင်းပြီး ပထမဆုံး အကြိမ် လက်မှတ်ရေးထိုးခြင်း ဖြစ်တယ်” ဟု ပို့ဆောင်ရေးဝန်ကြီး ဦးဉာဏ်ထွန်း အောင် က ပြောကြားသွားသည်။

Read More...

နိုင်ငံသား ပြန်လည်စိစစ်ရေး အဆို လွှတ်တော်ပယ်ချ

လင်းသန့်
August 9, 2012

နိုင်ငံသား စိစစ်ရေး ကတ်များကို မသမာသော နည်းလမ်းသုံးကာ ကိုင်ဆောင်ထားသည့် အိမ်နီးချင်းနိုင်ငံများမှ စိမ့်ဝင် လာသူ များအား ဖော်ထုတ် အရေးယူသွားရန် တိုက်တွန်းသည့် အဆိုကို ယမန်နေ့က အမျိုးသား လွှတ်တော်က ဆက်လက် မဆွေးနွေး သင့်ကြောင်း ကြေညာလိုက်သည်။

သြဂုတ်လ ၈ ရက်နေ့က အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်မြေ အမှတ် ၄ မှ ဒေါက်တာ မြတ်ဉာဏစိုးက “အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ မြန်မာနိုင်ငံတွင် စိမ့်ဝင် ရောက်ရှိနေခြင်း၊ မသမာ သော နည်းလမ်းများဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းများကို ဥပဒေစိုးမိုးရေး အတွက် အမျိုးသားရေး တာဝန် အဖြစ် အထူး စီမံချက်တရပ် ချမှတ် ဖော်ထုတ် အရေးယူ ဆောင်ရွက်သွားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်း” သည့် အဆိုတင်သွင်းရာ လွှတ်တော် ကိုယ်စားလှယ် တဦးက ထောက်ခံခဲ့သည်။

သို့သော် ၎င်းအဆိုကို သဘောမတူသည့် လွှတ်တော်ကိုယ်စားလှယ် ရှိသည့်အတွက် သဘောတူသူများက မတ်တတ်ရပ်၍ ဆန္ဒပြုသည့် နည်းလမ်းဖြင့် လွှတ်တော်၏ ဆန္ဒကို ရယူရာ မတ်တတ်ရပ်သည့် လွှတ်တော် ကိုယ်စားလှယ် ၄ဝ ဦး မပြည့် သည့်အတွက် ယင်းအဆိုကို လက်ခံဆွေးနွေးရန် မရှိကြောင်း ကြေညာခဲ့သည်ကို နိုင်ငံပိုင် သတင်း မီဒီယာများတွင် ဖော်ပြသည်။

သဘောမတူသည့် မကွေးတိုင်း ဒေသကြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ၎င်းအဆိုကို လတ်တလော မဆွေးနွေးသင့်ကြောင်း၊ ပုဒ်မ ၁၄၄ ရုပ်သိမ်း ပြီးမှသာ ဆွေးနွေးသင့်ကြောင်း၊ ရခိုင်ပြည်နယ် အရေးကို ထောက်ပြ၍ မီးလောင်ရာ လေပင့်သကဲ့သို့ ဖြစ်မည်ကို စိုးရိမ်၍ ဖြစ်ကြောင်း၊ ယခုကိစ္စသည် အမြဲတမ်း ပုံမှန် လုပ်ဆောင်သင့်သည့် ကိစ္စ ဖြစ်ကြောင်း၊ ဆွေးနွေးရန် အချိန်စောနေသေးကြောင်း ပြောဆိုကာ ကန့်ကွက်ခဲ့သည်။

ဒေါက်တာ မြတ်ဉာဏစိုး၏ အဆိုကို မတ်တတ်ရပ်ကာ ထောက်ခံသူ ဦးရေသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ကိုယ်စားလှယ်များနှင့် ရခိုင် ပါတီ များက ကိုယ်စားလှယ် ၂၈ ဦးသာ ရှိပြီး ၄၀ ဦးမပြည့်၍ ယခုကဲ့သို့ အဆိုတင်သွင်းမှု ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ အဆိုတင်သွင်းမှု ဆက်လက်ဆွေးနွေးခွင့် မရခြင်းသည် ကြီးမားသည့် အန္တရာယ်တခုကို ဖိတ်ခေါ်လိုက်ခြင်း ဖြစ်ကြောင်း လေ့လာသူများက ဆိုကြသည်။

“အဲဒီအဆို လွှတ်တော်မှာ ဆွေးနွေးဖို့ ရှုံးနိမ့်တယ်ဆိုတာ အင်မတန် ကြီးမားတဲ့ အန္တရာယ်တခုကို ဖိတ်ခေါ်လိုက်သလို ဖြစ်တယ် လို့ ကျနော်မြင်တယ်” ဟု မန္တလေးမြို့က စာရေးဆရာ ကျော်ရင်မြင့်က ဧရာဝတီကို ပြောသည်။

မြန်မာ့ တပ်မတော်သားများသည် ရှေ့တန်းတွင် အသက်စွန့် တိုက်ပွဲဝင်နေသည့် အချိန်တွင် နောက်တန်းမလုံသည့် အတွက် မြန်မာ့မြေယာ များစွာ ဆုံးရှုံးခဲ့ရပြီး လူမျိုးခြားများ၏ လက်ထဲကို ကျရောက်သွားခဲ့ ရသည့်အကြောင်းကို ၎င်းအနေဖြင့် ရေးပြခဲ့ ဖူးကြောင်း၊ လူမျိုခြင်းသည် အန္တရာယ်ကြီး တရပ်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“လ၀က ရုံးတွေမှာ အမြဲတမ်း ကပ်ထားတဲ့ ဆောင်ပုဒ် တခုရှိပါတယ်။ မြေမျိုလို့ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုး ပျောက်တယ် ဆိုတာပါ။ အဲဒီခြိမ်းခြောက်မှုကြီးကတော့ အကြီးကြီးပဲလေ။ ကျနော်တို့ရဲ့ အရှေ့မြောက်ဘက်က အိမ်နီးချင်း တရုတ်နိုင်ငံ ဆိုတာ လူဦးရေ အလွန်များတယ်၊ ကျနော်တို့ မန္တလေးဘက်မှာလည်း အဲဒီဘက်က စိမ့်ဝင်လာတဲ့ လူတွေ အများကြီး တွေ့နေရတာပဲ” ဟု သူကဆိုသည်။

မကြာသေးမီက သတင်းများ၏ အဆိုအရ ကချင်ပြည်နယ်ဘက်တွင် တရုတ်နိုင်ငံဘက်မှ တရားမ၀င် ၀င်ရောက်လာသူ ၁ ထောင်ခန့် ရှိကြောင်း ဒေသခံများက ပြောကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် လတ်တလော ပဋိပက္ခများဖြစ်ရခြင်း အကြောင်းများစွာ ရှိသည့်အနက် အိမ်နီးချင်း နိုင်ငံက တရားမ၀င် ၀င်ရောက်လာမှုသည်လည်း တခု ပါဝင်သည်။

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ဗဟို ကော်မတီဝင် ဦးအောင်မြတ်ကျော်က တဘက်နိုင်ငံမှ ၀င်ရောက် လာသူများသည် လာဘ်ပေး လာဘ်ယူမှုများ ပြုလုပ်၍ မှတ်ပုံတင် ကိုင်ဆောင်ခွင့် ရထားသည့် အတွက် ယခုပဋိပက္ခ ဖြစ်ရ ခြင်း ဟု ပြောနိုင်ကြောင်း၊ ထို့ကြောင့် ဒေသခံ တိုင်းရင်းသားများထက် အဆများစွာ တိုးပွားလာမှု၏ နောက်ဆက်တွဲ ပြဿနာကို အဓိက အဆိုးဆုံး ခံစားရသောပြည်နယ်သည် ရခိုင်ပြည်နယ်ဟုပင် သုံးသပ်မိကြောင်း ပြောသည်။

“ကျနော်တို့ နိုင်ငံတော် လုံခြုံရေးအပိုင်းမှာ အရမ်းကို အန္တရာယ်များတဲ့ အပိုင်းပါ။ အခု လွှတ်တော်ထဲမှာကို တရားမ၀င် မှတ်ပုံ တင် ကိုင်ဆောင်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် အမတ်က ကျနော်တို့ ရခိုင်ပြည်နယ်က တက်သွားတဲ့သူ ၄ ယောက်ရှိပါ တယ်။ သူဟာ ဘယ်ကလာတယ်။ မှတ်ပုံတင်ကို ဘယ်လိုနည်းနဲ့ ယူထားတယ် ဆိုတာကို ကျနော်တို့ အခိုင်အမာ အကုန်လုံး သမ္မတဆီကို တင်ထားတာ ၁ နှစ်နီးပါးလောက် ရှိနေပါပြီ” ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ အထောက်အထားဖြင့် အခိုင်အမာ တင်ပြထားသော်လည်း လွှတ်တော်တွင်းအထိပါ နိုင်ငံခြားမှ တရားမ၀င် နည်းဖြင့် ၀င်ရောက်လာမှုသည် မြန်မာနိုင်ငံ လုံခြုံရေးအတွက် အလွန် အန္တရာယ်များကြောင်း သူကဆက်ပြောသည်။

မြန်မာအစိုးရ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န်ကြီး ဦးခင်ရီ ဦးဆောင်ကျင်းပသော မကြာသေးမီက သတင်းစာရှင်းလင်းပွဲ တခုတွင် အဆိုပါ ၀န်ကြီးဌာနသည် လာဘ်ပေးလာဘ်ယူ လုပ်၍ ရသည့် ၀န်ကြီးဌာနမဟုတ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

Ref: ဧရာဝတီ

Read More...

ရခိုင်တွင် ညမထွက်ရအမိန့် ထပ်မံ ထုတ်ပြန်

ခင်ဦးသာ
August 9, 2012

ရခိုင်ပြည်နယ် ကျောက်တော်၊ မင်းပြား၊ မြောက်ဦး မြို့များတွင် ယမန်နေ့ညက စတင်၍ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန် လိုက်ကြောင်း သိရသည်။

ကျောက်တော်မြို့၌ ည ၇ နာရီမှ နံက် ၅ နာရီ အထိ ညမထွက်ရ ထုတ်ပြန်ထားပြီး မင်းပြားနှင့်မြောက်ဦး မြို့များတွင် ည ၁၀ နာရီမှ နံက် ၄ နာရီအထိ အသီးသီး ထုတ်ပြန်ထားကြောင်း၊ ထိုအမိန့်အား ဗဟိုမှ လမ်းညွန်ချက်အရ ဒေသဆိုင်ရာ အာဏာ ပိုင်များက မြို့အနှံ့ လိုက်လံကြေညာခဲ့ကြောင်း ဒေသခံများ က ဧရာဝတီကို ပြောသည်။

“စစ်တပ်ဗျူဟာမှူး က ညွန်ကြားတယ် ဆိုပြီး မြို့နယ်မှူးနဲ့အဖွဲ့ဝင်တွေက စပီကာ နဲ့ကြေညာတယ်၊ အိမ်မှာရှိတဲ့ တုတ်တွေ၊ ဓား တွေ၊ ဂျင်ကလိ၊ လေးခွ က အစပေါ့ ရှိရင် သက်ဆိုင်ရာကို လာအပ်ပေးဖို့၊ စစ်ဆေးတွေ့ရှိရင် အရေးယူမယ်လို့ ကြေညာတယ်” ဟု မင်းပြား မြို့ခံနှင့်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသာကျော် က ပြောသည်။

ကျောက်တော်မြို့၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် မီးရှို့မှု၊ အုပ်စုဖွဲ့ တိုက်ခိုက်မှု စသည့်ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် အတွက် ထပ်မံ မဖြစ်စေရန် ယင်းအမိန့်ထုတ် ပြန်ရခြင်းကြောင်း ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ ဖွဲ့စည်းထားသော ပြန်ကြားရေး အဖွဲ့ဝင် ဦးမျိုးသန့် က ပြောပြသည်။

ကျောက်တော်မြို့၌ သြဂုတ်လ ၅ ရက်နေ့က စတင်ခဲ့သော ပဋိပက္ခများတွင် ဒေသခံရခိုင်တိုင်းရင်းသားများနှင့်ဘင်္ဂါလီလူမျိုးများ အကြား အပြန်အလှန် မီးရှို့မှုများကြောင့် ကျေးရွာတချို့မီးလောင်ကျွမ်းခဲ့ရာ အိမ်ခြေ ၃၀၀ ကျော် မီးလောင်သွားကြောင်း၊ သေ ဆုံးသူ တချို့နှင့်ထိခိုက် ဒဏ်ရာရသူ အနည်းငယ် ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ဦးမျိုးသန့်က“သေဆုံးသူ တချို့ရှိပေမယ့် အလွန်နည်းပါတယ်၊ ဘယ်သူ ဘယ်ဝါ ဆိုတာ စာရင်းအတိအကျ မရသေးပါဘူး၊ အတိအကျ စိစစ်ပြီးတော့ ထုတ်ပြန်ပေးသွားမှာပါ၊ ဒီနေ့တော့ တည်ငြိမ် အေးချမ်းနေပါပြီ”ဟုလည်း ဆိုသည်။

ကျောက်တော် ပဋိပက္ခ ပြဿနာသည် မောင်တောမြို့ အကြမ်းဖက်မှု အပြီး အကြီးမားဆုံး ပြဿနာဖြစ်ကြောင်း၊ ယခင်က တဘက်နှင့်တဘက် ပဋိပက္ခတချို့ရှိခဲ့သော်လည်း ထိခိုက် ဒဏ်ရာရခြင်းမရှိကြောင်း ကျောက်တော် ဒေသခံများ က ပြော သည်။

ရခိုင်လူမျိုးများနှင့်ဘင်္ဂါလီလူမျိုးများအကြား အပြန်အလှန် မီးရှို့မှုများကြောင့် တောင်ပေါက်၊ အပေါက်ဝ၊ ရွှေလှိုင်၊ ဂုပ္ပီးထောင့်၊ ရွာညှာ စသည့်ကျေးရွာများ မီးလောင်ကျွမ်းသွားကြောင်း၊ ထိုကျေးရွာများ၌ ဘင်္ဂါလီလူမျိုးများ အပြင် ရခိုင်လူမျိုးများလည်း နေ ထိုင်ကြောင်း၊ မီးလောင်ကျွမ်းသွားသည့် နေအိမ်အများစုမှာ ဘင်္ဂါလီလူမျိုး နေအိမ်များ ဖြစ်ကြောင်းလည်း ဒေသခံများ က ပြော ဆို သည်။

“ဒီဒေသမှာ ရခိုင်တွေနဲ့ဘင်္ဂါလီတွေ နေလာတာ ကြာပေမယ့် ပြဿနာဖြစ်တာ တခါမှမရှိခဲ့ပါဘူး၊ ၀ါဆို လပြည့်နေ့မှာ ရခိုင်တွေ ပိုင်တဲ့ ကားဂိတ်ကို ဘင်္ဂါလီတစုက ဖျက်ဆီးတဲ့အပြင် ရခိုင်ပိုင်တဲ့ ဆန်စက်ကို မီးရှို့လိုက်တယ်၊ ဒီဆန်စက်က ဆန်တွေ ကို ရခိုင် တွေ စားနေကြတာပါ၊ အဲဒီနောက်ပိုင်းမှာ တဘက်နဲ့တဘက် ပြဿနာတွေ ကြီးထွားသွားတယ်”ဟု ကျောက်တော် ဒေသ ခံ ဦးမောင်မောင် က ဧရာဝတီကို ပြောသည်။

ကျောက်တော်မြို့၌ ယနေ့တွင် လုံခြုံရေး အင်အား တိုးချထားပြီး အခြေအနေ တည်ငြိမ်နေကြောင်း၊ စာသင်ကျောင်းများ၊ ဈေးဆိုင် များ ပုံမှန်ဖွင့်လှစ်ထားကြောင်း၊ ဘင်္ဂါလီကျေးရွာနှင့်နီးစပ်သည့် စာသင်ကျောင်းများ၊ ကျေးရွာများတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင် များ ကို ၅ ဦး၊ ၆ ဦး စသည်ဖြင့် လုံခြုံရေး ယူပေးထားကြောင်း သိရသည်။

မြောက်ဦးမြို့နယ်တွင်လည်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီး အခြေအနေ တည်ငြိမ်နေကြောင်း၊ မြောက်ဦးမြို့မှ လေးမိုင် ခန့် အကွာရှိ ကျေးရွာတခု၌ ယမန်နေ့ ညနေက ဒေသခံတိုင်းရင်းသားများနှင့် ဘင်္ဂါလီများ အကြား ပြဿနာတချို့ရှိ ခဲ့ ကြောင်း၊ သို့သော် အာဏာပိုင်များ၊ မြို့မိ မြို့ဘများက အခြေအနေ ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ဘင်္ဂါလီ များပြားသည့် ကျေးရွာများ တွင် လုံခြုံရေး ပိုမို တိုးချထားကြောင်း သိရသည်။

“ဒေသတွင်းမှာ အခြေအနေ တည်ငြိမ်မှုမရှိတဲ့အတွက် မြို့သူ၊ မြို့သားတွေ တည်ငြိမ်အေးချမ်းစွာ နေထိုင်ရအောင် ည မထွက် ရ အမိန့် ထုတ်တာပါလို့ မြို့နယ် အာဏာပိုင်တွေက ည ၉ နာရီ ကျော်မှာ ကြေညာတယ်”ဟု မြောက်ဦး ဒေသခံ ဦးမောင်သန်း က ပြောသည်။

မြောက်ဦးမြို့ပေါ်တွင်လည်း လုံခြုံရေး တိုးမြှင့်ချထားပြီး စာကျောင်းများလည်း ပုံမှန်အတိုင်း ဖွင့်လှစ် သင်ကြားနေကြောင်း သိရ သည်။

မောင်တော အကြမ်းဖက်မှု အပြီး မောင်တော၊ ဘူးသီးတောင် ဒေသရှိ စာသင်ကျောင်း အားလုံးကို ယနေ့အထိ ပိတ်ထားဆဲ ဖြစ်ကြောင်း၊ မြို့ပေါ်ရှိ ဈေးများ၊ ဈေးဆိုင်များကိုလည်း နံနက် ၁၂ နာရီခန့်အထိသာ ဖွင့်လှစ်ရောင်းချနေကြောင်း၊ ပြည်ပ အကြမ်း ဖက် အဖွဲ့ တချို့က မောင်တောကို ဗုံးခွဲ တိုက်မည်ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် ယမန်နေ့ က စတင်ပြီး လုံခြုံရေး အင်အား နေရာအနှံ့တိုးချထားကြောင်း ဒေသခံတချို့က ပြောပြသည်။

ရခိုင်ဒေသတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စသည့် မြို့နယ်များကို ဇွန်လ ၈ ရက်နေ့မှစတင်၍ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။ ထို့နောက် ဇွန် လ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ်တခုလုံးကို သမ္မတ ဦးသိန်းစိန်က အရေးပေါ် အခြေအနေ ကြေညာထားခဲ့သည်။

Ref: ဧရာဝတီ

Read More...

ဖမ်းထားသော ရှမ်းတပ်ဖွဲ့ ပြန်လွှတ်မည်ဟု ဝတပ်ဖွဲ့ပြော

ကျော်ခ
August 9, 2012

နယ်မြေကျူးကျော်မှုဖြင့် ဖမ်းဆီးထားသော ရှမ်းပြည်တပ်မတော်ေ တာင်ပိုင်း SSA-S တပ်ဖွဲ့ဝင် များကို အသက်အန္တရယ် မထိ
ခိုက်စေဘဲ ပြန်လွှတ်ပေးမည်ဟု ဝပြည် သွေးစည်းညီညွှတ်ရေး တပ်မတော်က ပြောဆိုလိုက်သည်။

“သူတို့က နယ်မြေကျူးကျော်လာလို့လေ၊ ခဏတဖြုတ် ထိန်းထားတာပါ၊ အေးအေးချမ်းချမ်း ပြန်လွှတ်ပေးမှာပါ၊ ပြန်လွှတ်ဖို့တော့ စီစဉ်နေတယ်၊ ဘယ်အချိန်ပြန်လွှတ်မယ်ဆိုတာတော့ မသိသေးဘူး” ဟု UWSA ၀ိန်းကောင်ခရိုင် အတွင်းရေးမှူး ဦးစောလွင် က ဧရာဝတီိသို့ ပြောသည်။

ဇူလိုင်လ ၃၁ ရက်နေ့က မိုင်းတုံမြို့နယ် UWSA ထိန်းချုပ်ရာ နယ်မြေ ရာဘာခြံထဲတွင် စိုက်ပျိုးရေး လုပ်ရန် အကြောင်းပြချက်ဖြင့် ရောက်ရှိနေသူ SSA-S တပ်ဖွဲ့ဝင်များနှင့် ဒေသခံ အချို့ကို နယ်မြေကျူးကျော်မှုဖြင့် နယ်မြေခံ UWSA တပ်ဖွဲ့များက ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

ထိုအဖွဲ့များကို လွှတ်ပေးရေးအတွက် ယခုလဆန်းပိုင်းပိုင်းအတွင်း၌ပင် နှစ်ဘက် တာဝန်ရှိသူများ နှစ်ကြိမ်တိုင် တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း လွတ်မြောက်ရေး အဖြေမထွက်ခဲ့ဘဲ ထိစပ်နယ်မြေများတွင် တပ်အင်အားများတိုးချဲ့ထားပြီး တင်းမာနေလျှက်ရှိသည်။

“ကျနော်တို့ ခွင်ထဲမှာ သူတို့တပ်လာထိုင်တယ်လေ၊ ခင်ဗျားတို့ ဘာလာလုပ်လဲလို့မေးတော့ စိုက်ပျိုးရေးလာလုပ်တယ် ဘာညာ အဲဒီလိုပြောတယ်၊ စိုက်ပျိုးရေးလာလုပ်တာတော့ မဖြစ်နိုင်ဘူး” ဟု ဦးစောလွင် က ပြောသည်။

ဖမ်းဆီးထားသူများကို ရှမ်းပြည်တောင်ပိုင်းရှိ UWSA ထိန်းချုပ်ရာ တပ်စခန်းတွင် ထားရှိပြီး စိုးရိမ်စရာ မရှိကြောင်း သူက ဆက်ပြောသည်။ ယင်းသို့ ဖမ်းဆီးထိန်းသိမ်း ထားမှုကြောင့် နှစ်ဖက်တပ်များ တင်းမာသည့် အနေအထားတွင်ရှိသော်လည်း စစ်ရေးအရ ဖြေရှင်း သွားမည်မဟုတ်ဟု ဆိုသည်။

ဖမ်းဆီးခံထားရသူများထဲတွင် ရှမ်းပြည်တပ်မတော် တောင်ပိုင်းမှ အရာရှိ ၂ ဦးနှင့် တပ်သား ၅ ဦးအပါအဝင် အမာခံဒေသခံ အချို့ပါဝင်ကြောင်း၊ ၎င်းတို့ လွတ်မြောက်ရေးအတွက် SSA-S တာဝန်ရှိသူများနှင့် UWSA တာဝန်ရှိသူများ ယခုလဆန်းပိုင်း အတွင် ၂ ကြိမ်တွေ့ဆုံခဲ့ပြီဖြစ်သော်လည်း အဆင်မပြေခဲ့ကြောင်း SSA-S ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်း က ပြောသည်။

ယခုဖြစ်ရပ်ကြောင့် နှစ်ဖက် ထိစပ်နယ်မြေများတွင် တပ်များထားရှိကြသော်လည်း တိုက်ခိုက်မှုများဖြင့် ဖြေရှင်းသွားမည် မဟုတ် ကြောင်း၊ ငြိမ်းချမ်းစွာဖြေရှင်းသွားမည်ဖြစ်ကြောင်း SSA-S ကလည်း ပြောသည်။

“စစ်ရေးနည်းလမ်းနဲ့ ပြန်ဖြေရှင်းဖို့ ဆန္ဒမရှိဘူး၊ ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း ဆွေးနွေးခြင်းနဲ့ အဖြေရှာခြင်းကိုပဲ ကျနော်တို့ သွား မှာပါ” ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်း က ဧရာဝတီသို့ ပြောသည်။

SSA-S နှင့် UWSA တို့အကြား ယခင်က ဆက်ဆံရေးကောင်းမွန်ခဲ့သော်လည်း ယခုဖြစ်ရပ်တွင် ပြေလည်နိုင်ရေး ကြန့်ကြာနေ သည်။ နှစ်ဘက်ပြေလည်ရေး ဆွေးနွေးရန် တွေ့ဆုံရာတွင် SSA-S အနေဖြင့် အဆင့်မြင့်အရာရှိများ လွှတ်ပြီး ဆွေးနွေးခြင်း မရှိသည့်အတွက် အဆင်မပြေဖြစ်နေကြောင်း UWSA ဖက်မှသတင်းများကို ကိုးကား၍ ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ချုပ် ဦးခွန်ဆိုင်း က ပြောသည်။

သို့သော်လည်း SSA-S အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကဏ္ဍများလှုပ်ရှားနေမှု၊ အစိုးရနှင့် ထိတွေ့ဆက်ဆံနေမှု အပေါ် အစိုးရ တပ်များနှင့် SSA-S တို့ ပူးပေါင်း၍ ပူးပေါင်းတိုက်ခိုက်နိုင်သည်ဟု UWSA ထိပ်ပိုင်း အရာရှိအချို့က သံသယဝင်နေ ကြောင်း ဦးခွန်ဆိုင်းက သုံးသပ်ပြောဆိုသည်။

သို့သော် SSA-S နှင့် အစိုးရတပ်များအကြား ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွား နေလျက်ရှိပြီး ပဏာမ အပစ်ခတ်ရပ်စဲရေး ရရှိပြီးနောက်ပိုင်းတွင် တိုက်ပွဲပေါင်း ၂၈ ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောင် ဆိုင်း ကပြောသည်။

အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားသော်လည်း ယင်းသို့ တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့်ပတ်သက်၍ အစိုးရအနေဖြင့် ကိုင်တွယ်ဖြေရင်းပေးရန်အတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့များထံမှတဆင့် သမ္မတ ဦးသိန်းစိန်ထံ သြဂုတ်လ ၁ ရက် နေ့က စာရေးသား ပေးပို့ထားကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

ပိုင်ဆိုင်မှုကြေညာရေး အဆို ဘာကြောင့်ရှုံး

ရန်ပိုင်
August 9, 2012

ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များပိုင် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင် သော ပစ္စည်းနှင့် အကျိုးစီးပွားများ ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ရန် အဆိုပြုချက်ကို ယမန်နေ့ ပြည်သူ့လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ်သွားသည်။

ကောင်းမွန်သော အုပ်ချုပ်ရေး (Good governance)၊ သန့်ရှင်းသောအစိုးရ (Clean government) ဖြစ်ပေါ်စေရေး ရည်ရွယ်ပြီး ယင်းအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ပုသိမ်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် က ပြီးခဲ့သည့် ဇူလိုင် လ ၂၅ရက်နေ့ ဆွေးနွေးရန် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ဤအဆိုကို ဆွေးနွေးရန် NLDပါတီမှ လက်ပံတန်း မဲဆန္ဒနယ်အမတ် ဦးကျော်မင်း၊ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်မှ ဒေါ်ဖြူဖြူ သင်း၊ကျောက်ပန်း တောင်း မဲဆန္ဒ နယ်မှ ဒေါက်တာဇော်မြင့်မောင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှ ဒေါက်တာမျိုးအောင်၊ ၀ါးခယ် မ မဲ ဆန္ဒနယ်မှ ဒေါ်မြင့်မြင့်စန်း အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၇ ဦးကို မူလသတ်မှတ်ထားသော် နောက်ပိုင်းတွင် တပ်မတော်သားအစုအဖွဲ့မှ ဗိုလ်မှူးကြီး ခင်မောင်ထွန်း၊ ဗိုလ်မှူးကြီး အောင်မြင့်နှင့် တခြားသောပါတီများမှ ကိုယ်စားလှယ်များ ကိုလည်း ဆွေးနွေးခွင့်ပြုခဲ့သည်။

ယင်းအဆိုကို NLD လွှတ်တော်အမတ်များအပါအ၀င် ၇ဦးက ထောက်ခံဆွေးနွေးသော်လည်း တပ်မတော်သားကိုယ်စားလှယ် နှစ်ဦးက အခြေခံဥပဒေ ပုဒ်မ ၆၈ တွင် ပြဌာန်းပြီးဖြစ်၍ အခြေခံဥပဒေကို ကျော်လွန် ဆွေးနွေးနေကြောင်း ထောက်ပြကာ ကန့်ကွက်ခဲ့သည်။

အခြေခံဥပဒေ ပုဒ်မ ၆၈တွင် သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ ဦးစီးသည့် တစီးပွားထဲဖြစ်သော မိသားစုပိုင်၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွား ရေး လုပ်ငန်း၊ ဆုငွေနှင့် အခြား အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စု လွှတ်တော် အကြီးအမှူးထံ ပေးပို့ရ မည်ဟုဖော်ပြထားသည်။

အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကလည်း အခြေခံဥပဒေကိုကျော်လွန်နေသည် ဟု ကန့်ကွက်သည့်အပြင် ပြည်ထောင်စုအဆင့်ဖြစ်သည်အတွက် လွှတ်တော်များ၌ ဖွဲ့စည်းထားသော ရေးရာကော်မတီ ၀င်များ၏ ပြည်တွင်းပြည်ပ ပိုင်ဆိုင်မှုကိုပါ စစ်ဆေးသင့်ကြောင်း ထပ်ဆင့်အဆိုသစ်ကို တင်သွင်းခဲ့သေးသည်။

ယနေ့ထုတ် သတင်းစာများတွင် ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းရှင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၈၌လည်း ပြဋ္ဌာန်း ထားပြီး ဖြစ်သကဲ့သို့ ဆင့်ပွားပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၀၀တွင်လည်း ပြည်ထောင်စုလွှတ်တော်နာယက ထံပေးပို့ရ မည်ဟု ပါရှိကြောင်း၊ ထိုအပြင် ပုဒ်မ ၁၀၁တွင်လည်း လွှတ်တော်အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်ထားသည့် ပုဂ္ဂိုလ်များသည် တစီးပွားထဲဖြစ်သည့် စီးပွားရေး လုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများကို စာရင်းပြုစု ပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရ မည်ဟု ပါရှိပြီးဖြစ်သည်ဟု ထောက်ပြပြော ဆိုကြောင်း ရေးသားထားသည်။

အဆိုရှင် ပုသိမ်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကမူ အခြေခံဥပဒေနှင့် ဆင့်ပွားဥပဒေများတွင် ပြဋ္ဌာန်းထား သည်မှာ မှန်ကန်သော်လည်း ပြည်သူလူထု ပွင့်လင်းမြင်သာစွာ သိရှိရန် ယခုအဆိုကို တင်ခြင်းဖြစ်ကြောင်း၊ လိုအပ်ပါက မဲခွဲ ဆုံးဖြတ်စေလိုကြောင်း ပြောဆိုခဲ့သည်။

လက်ပံတန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းကလည်း ယခုအဆို ရှုံးနိမ့်သည်မှာ မှန်သော်လည်း လွှတ်တော် တင်ပြဆွေးနွေးခွင့်ရပြီး ပြည်သူများသိရှိသည့်အတွက် အတိုင်းအတာတခုအထိအကျိုးရှိသည်ဟု ထင်မြင်ကြောင်းဆိုသည်။

သမ္မတ ဦးသိန်းစိန်ကလည်း လွှတ်တော်အတည်ပြုချက်ဖြင့် ခန့်အပ်ထားသည် အစိုးရအဖွဲ့ဝင်များ၏ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင် မှုများကို ပြီးခဲ့သည့် သြဂုတ်လ ၁ရက်နေ့က တင်ပြရန် အမိန့်ထုတ်ပြန်ခဲ့သည်။

ထိုသို့ အမိန့်ထုတ်ပြန်ထားသည့်အတွက် တင်ပြခြင်းရှိမရှိကို ဧရာဝတီက သမ္မတရုံးအဖွဲ့သို့ မေးမြန်းစုံစမ်းရာ ဆက်သွယ်၍ မရပေ။

Ref: ဧရာဝတီ

Read More...

ရခိုင်ဒေသ တည်ငြိမ်ရေး ဦးသိန်းစိန်နှင့် ရခိုင်ပါတီများ ဆွေးနွေး

လင်းသန့်
August 9, 2012

သမ္မတ ဦးသိန်းစိန်နှင့် ရခိုင်နိုင်ငံရေးပါတီ နှစ်ခုမှ ခေါင်းဆောင်များသည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိရေး နှင့် ပတ်သက်ပြီး ယနေ့ ညနေပိုင်းက နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးကြကြောင်း သတင်း ရရှိသည်။

“ညနေ ၄ နာရီကျော်လောက်က သမ္မတနဲ့ ကျနော်တို့ တွေ့ရတယ်။ သမ္မတကလည်း ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အကြမ်း ဖက်မှုတွေကို လတ်တလော အမြန်ဆုံး ရပ်တန့်အောင် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးဖို့ အတွက် မေတ္တာရပ်ခံတယ် ဆိုတဲ့ စကားကို သုံးပါတယ်”ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီ ခေါင်းဆောင် ဦးအေးသာအောင်က ဧရာဝတီကို ပြော သည်။

ALD နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)တို့မှ ခေါင်းဆောင် ၁၀ ဦးနှင့် ဦးသိန်းစိန်က သီးခြားတွေ့ဆုံ ဆွေးနွေး ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

၎င်းတို့ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖိတ်ကြား၍ သွားရောက်ခဲ့ရာ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော ပဋိ ပက္ခများ ထိန်းသိမ်းနိုင်ရေး၊ အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးများအတွက် နိုင်ငံရေး ပါတီများက ၀ိုင်းဝန်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့သည်ဟုလည်း ဦးအေးသာအောင်က ဆက်ပြောသည်။

“အဓိကကတော့ ကျနော်တို့က ပြောတာက သမ္မတ ပြောသွားတဲ့ တရားမ၀င် ခိုးဝင်လာတဲ့ ဘင်ဂါလီတွေကို စစ်ဆေးမယ်၊ အရေးယူမယ်။ နောက် Camp (စခန်း) တခုထဲမှာ ထည့်ထားမယ်။ ပြီးရင် တတိယ နိုင်ငံကို ပို့မယ်ဆိုတဲ့ဟာကို အကောင် အထည်ဖော်ဖို့ ကျနော်တို့က တင်ပြတယ်”ဟုလည်း ဦးအေးသာအောင်က ဆိုသည်။

ဦးသိန်းစိန်နှင့် ရခိုင်ပါတီများ မတွေ့ခင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ၊ ကာကွယ်ရေး ၀န်ကြီး၊ နယ်စပ်ရေး ရာ ၀န်ကြီးတို့ နှင့်လည်း ပဏာမ တွေ့ဆုံခဲ့ကြောင်း သိရသည်။

“ဒီတခါပဲ ရခိုင်ပြည်နယ်တွင်းမှာ ဖြစ်နေတဲ့ကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ဖို့၊ အကြမ်းဖက်မှုတွေ ဆက်မဖြစ်အောင် ၀ိုင်း ၀န်း ပူးပေါင်း ဆောင်ရွက်ဖို့ ပြောတာတော့ ကောင်းတဲ့ လက္ခဏာပါပဲ။ ဒါပေမယ့် နိုင်ငံရေးပါတီတွေအရရော၊ ပြည်နယ်တွင်းမှာ ဘာမှ လုပ်ပိုင်ခွင့် မရှိတာတွေကြောင့် လုပ်ပိုင်ခွင့်တွေပေးဖို့ တင်ပြခဲ့တာတွေ ရှိပါတယ်”ဟု ဦးအေးသာအောင် က ဆက်ပြော သည်။

ယခုကဲ့သို့ တွေ့ဆုံကြရာတွင် သမ္မတကလည်း ကျေနပ်အားရသည့် လက္ခဏာတွေ့ရကြောင်း၊ လက်ရှိ ရခိုင်ပြည်နယ် အပါအ၀င် ပြည်ထောင်စု အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြောင်းလည်း သူက ပြောပြသည်။

သြဂုတ်လ ၄ ရက်နေ့က တိုင်းရင်းသားပါတီများ အပါအ၀င် နိုင်ငံရေးပါတီ ၁၄ ပါတီနှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံရာတွင် လည်း ဦးအေးသာအောင် ပါဝင်တွေ့ဆုံ ခဲ့သေးသည်။ တွေ့ဆုံရာတွင် မြန်မာပြည်ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အခက်အခဲများ၊ တိုင်းရင်းသားဒေသများ တည်ငြိမ်အေးချမ်းရေး နှင့် မီဒီယာ လွတ်လပ်ခွင့် ဆိုင်ရာများကို ဆွေးနွေးကြကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

Thursday, August 9, 2012

ကုလ ကိုယ်စားလှယ်ခရီးစဉ်အား အစိုးရက ပိတ်ပင်မှုအချို့ ပြုလုပ်ခဲ့

ဟင်္သာနီ (မွန်မြေ)
သြဂုတ်လ ၀၈ ရက် ၂၀၁၂ ခုနှစ်

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဂျေး ကွင်တားနား ၏ ခြောက် ရက် ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း လူ့အခွင့်အရေး အခြေအနေများ သွားရောက် လေ့လာရန် ခွင့်တောင်းထားသည့် နေရာ အချို့အား မြန်မာအစိုးရမှ ခွင့်မပြုခဲ့ဟု ကွင်တားနားက ပြောသည်။

သြဂုတ်လ ၇ ရက်နေ့က မဲဆောက်မြို့၌ မြန်မာအဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် မစ္စတာကွင်တားနားက ထိုသို့ ပြောကြားသွားခဲ့ ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်ခဲ့သူ တဦးက မဇ္ဈိမကို ပြောသည်။

Read More...

ဒေါ်စု ရုပ်တု ဖွင့်ပွဲနှင့် ၈၈၈၈ အခမ်းအနား မိုးရေးမြို့တွင် ကျင်းပ

နေမျိုး
သြဂုတ်လ ၀၈ ရက် ၂၀၁၂ ခုနှစ်

မြန်မာ-အိန္ဒိယ နယ်စပ် မိုးရေးမြို့တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တပိုင်းပုံ ရုပ်တုဖွင့်ပွဲနှင့် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို ဗုဒ္ဓဟူးနေ့ နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။

ရုပ်တုအား Social Science Study Center (လူမှုသိပ္ပံ လေ့လာရေးစင်တာ) တွင် မြို့မိမြို့ဖတဦးက ဖွင့်လှစ်ပေးခဲ့
ကြောင်း ဦးဆောင်ကျင်းပသည့် Solidarity Committee for Burma’s Democracy (SCBD)မှ ရှေ့နေကြီး မစ္စတာရာတန် Mr. Ratan က ပြောသည်။

Read More...

စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ နှစ်သောင်းနီးပါး ဒဏ်ရိုက်ခံရ

ရတနာဦး
သြဂုတ်လ ၀၈ ရက် ၂၀၁၂ ခုနှစ်

စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများအား ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ဇန်နဝါရီလမှ စတင် အရေးယူခဲ့ရာ ဇူလိုင်လ ကုန်အထိ ၁၉,၄၉၂ ဦးကို ဒဏ်ကြေးတပ် အရေးယူခဲ့သည်။

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် ဖြစ်သည့် ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ အလုံ တို့တွင် စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ အများဆုံး ဖမ်းဆီးရမိခဲ့ကာ ဒဏ်ကြေးငွေပေါင်းကျပ် ၄၂၉ သိန်းခန့် ရန်ကုန်တိုင်း အစိုးရက ရရှိခဲ့ သည်။

Read More...

FEC ကို လာမည့်နှစ် မတ်လအတွင်း ဖျက်သိမ်းဖွယ်ရှိ

သိင်္ဂီထွန်း
သြဂုတ်လ ၀၈ ရက် ၂၀၁၂ ခုနှစ်

နှစ်ပေါင်း ၂ဝ ကြာ အသုံးပြုလာခဲ့သည့် နိုင်ငံခြားငွေ လဲလှယ်ခွင့် လက်မှတ် ဖြစ်သည့် Foreign Exchange Certificate - FEC ကို ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် ကုန်မည့် ၂ဝ၁၃ ခုနှစ်၊ မတ်လအတွင်း ဖျက်သိမ်း သွားရန်ရှိ သည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း က မဇ္ဈိမကို ပြောသည်။

“မြန်နိုင်သမျှ မြန်မြန်လုပ်မယ်။ ဒီဘဏ္ဍာရေးနှစ် မတ်လလောက်လည်း ဖြစ်ချင် ဖြစ်မှာပေါ့လေ။ အရင်တုန်းက ပြည်တွင်း မှာ ဒေါ်လာနဲ့ သုံးဖို့ အခက်ခဲ ရှိတဲ့အတွက် ဒေါ်လာနဲ့ တန်းတူ ဆိုပြီး ပြည်တွင်းသုံး ငွေကြေးအမျိုးစားတခု အဖြစ်နဲ့ တီထွင်သုံးစွဲခွင့် ပြုထားတာပါ” ဟု ဦးမောင်မောင်ဝင်း က ပြောသည်။

Read More...

အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု ထုတ်ဖေါ်ကြေညာရေးအဆို ရှုံးနိမ့်

မျိုးသန့်
သြဂုတ်လ ၀၈ ရက် ၂၀၁၂ ခုနှစ်

အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို ထုတ်ဖေါ်ကြေညာပြီး လွှတ်တော်မှ မှတ်တမ်းတင်ထားရန် အဆိုကို ဗုဒ္ဓဟူးနေ့ ပြည်သူ့ လွှတ်တော် အတွင်း မဲခွဲဆုံးဖြတ်ရာ မဲအရေအတွက် ၂၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ခဲ့သည်ဟု အဆိုရှင် ပုသိမ် လွှတ်တော်အမတ် ဦးဝင်းမြင့် က မဇ္ဈိမကို ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ လွှတ်တော်အမတ်ဖြစ်သူ ဦးဝင်းမြင့်၏ အဆိုကို ထောက်ခံမဲ ၆၈ မဲနှင့် ကြားနေမဲ ၁၅ မဲ ရရှိပြီး ကန့်ကွက်မဲ ၂၇၁ မဲဖြင့် ရှုံးနိမ့်သွားခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်၏ အစောပိုင်း အစီအစဉ်အရ ၎င်းအဆိုကို ဆွေးနွေးမည့်သူ ဦးစိန်ဝင်း (မအူပင်)၊ ဦးကျော်မင်း (လက်ပံ တန်း )၊ ဒေါ်ဖြူဖြူသင်း (မင်္ဂလာတောင်ညွန့်)၊ ဦးကျော်မြင့် (မြန်အောင်)၊ ဦးရဲထွန်း (သီပေါ)၊ ဒေါ်မြင့်မြင့်စန်း (ဝါးခယ်မ)၊ ဒေါက်တာ ဇော်မြင့်မောင် (ကျောက်ပန်းတောင်း)၊ ဒေါက်တာမျိုးအောင် (ဒဂုံ ဆိပ်ကမ်း)တို့ ရှစ်ဦးက ဆွေးနွေးရန် ရှိခဲ့သည်။

သို့သော် လွှတ်တော်စတင်ပြီးနောက် ဦးဝင်းမြင့်၏ အဆိုကို ဆွေးနွေးလိုသူ ငါးဦး ထပ်မံ ပေါ်ပေါက်လာပြီး တပ်မတော်သား လွှတ်တော်အမတ် နှစ်ဦးလည်း ပါဝင် ဆွေးနွေးခဲ့သည်ဟု ဦးဝင်းမြင့် က ပြောသည်။

တပ်မတော် ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် အခြေခံဥပဒေ ပုဒ်မ ၆၈ နှင့် မညီကြောင်း အဆိုကို ကန့်ကွက် ဆွေးနွေး သွားကြသည်ဟု ဦးဝင်းမြင့် က ပြန်ပြောပြသည်။

အဆိုပါ ပုဒ်မ ၆၈ တွင် “နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ ဦးစီးသည့် တစီးပွားတည်းသောဖြစ်သော မိသား စုပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေး လုပ်ငန်း၊ စုငွေနှင့် အခြား အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ပေးပို့ရမည်” ဟု ပြဋ္ဌာန်းပါရှိသည်။

“ဟိုက (ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၆၈) သမ္မတနဲ့ ဒုသမ္မတ ကိစ္စ နှစ်ခုပဲပြောတာကိုး ကျနော်တင်တာက ပြည်ထောင်စု အစိုးရအဖွဲ့ကော ပြည်နယ်တိုင်း အစိုးရ အဖွဲ့ကိုကော ပြောတာ။ ကျနော့်အမြင်ကတော့ ညီပါတယ်။ ဘာမှ ဆန့်ကျင်တာ မရှိ ဘူး။” ဟု ဦးဝင်းမြင့် က ဆိုသည်။

ဦးဝင်းမြင့်၏ အဆိုတွင် “Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များအား၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ် ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုး စီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်” ဟု ပါရှိသည်။

အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများကို စာရင်းပြုစု၍ ယခုလ ၁ ရက်နေ့တွင် သမ္မတထံ တင်ပြရန်လည်း ဇူလိုင်လ ၂၆ ရက်နေ့က သမ္မတရုံးမှ ညွှန်ကြားထားသည်။ အစိုးရ အဖွဲ့ဝင်အချို့၏ ပိုင်ဆိုင်မှုစာရင်းများ သမ္မတရုံးသို့ လာရောက် စာရင်းပေးပို့နေကြပြီ ဟုလည်း သမ္မတရုံး အကြီးတန်းအရာရှိတဦးက မဇ္ဈိမကိုပြောသည်။ မည်သူများ စာရင်းပေးအပ် သည်ကိုမူ ၎င်းအရာရှိက ဖြေကြားခြင်းမရှိပါ။

သမ္မတရုံး၏ အဆိုပါ ညွှန်ကြားစာတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု လွှတ်တော်ချုပ် တရားသူကြီး များ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ် ဥပဒေချုပ်များ တရားသူကြီးချုပ်များ တရားသူကြီးများ စသည့် ပုဂ္ဂိုလ် ၇ မျိုး တို့၏ ပိုင်ဆိုင်မှုစာရင်းများ ပြုစု တင်ပြရန် ညွှန်ကြားထားသည်။

Ref: မဇ္ဈိမ

Read More...

ကချင်ပြည်နယ်၊ ပူတာအို ဆန်ပြတ်နေဆဲ

ဖနိဒါ
သြဂုတ်လ ၀၈ ရက် ၂၀၁၂ ခုနှစ်

ဆန်ရှားပါးမှု ကြုံတွေ့နေရသော ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအို ခရိုင်အတွင်းရှိ ကျေးရွာ များအား ကြံ့ခိုင်ရေးပါတီမှ ဆန်များ ရောင်းချပေးခြင်း ရပ်တန့်သွား၍ ဒေသခံများ ပိုမိုကြပ်တည်းလျက်ရှိသည်ဟု ပူတာအိုမြို့ခံများက ပြောသည်။

“မနေ့က ကြံ့ခိုင်ရေးကနေ ကြားတာက ရောင်းစရာ မရှိတော့ဘူး။ ကုန်နေပြီ။ နောက်ထပ် မြစ်ကြီးနားကနေ ရောက်လာ မှ ပြန် ရောင်းပေးမယ်။ မြစ်ကြီးနားက ရောက်လာမှ ရောင်းပေးဖို့ အစီအစဉ်တော့ ရှိတယ်လို့ ပြောတယ်။ ဘယ်နေ့ ရောက်မယ်ဆိုတာ တော့ မပြောဘူး” ဟု ပူတာအိုမြို့ခံ ကိုအဂျုံက ပြောသည်။

ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ဒေသခံများသည် ထမင်းအစား ဆန်ပြုတ် သောက်နေရကြောင်းလည်း ၎င်းက “ရွာတွေ မှာ က တအားပြတ်လတ်နေပြီ။ ဒီကို ဆန်လာဝယ်တဲ့လူတွေရဲ့ ရုပ်တွေကို ကြည့်လိုက်ရင် တအားပိန်ပြီး မျက်စိတောင် အထဲ ရောက် နေတာ။ တချို့ဆိုရင် ကိုယ်ဝန်ဆောင်တွေ၊ ကလေးတွေဆို တအား ဒုက္ခရောက်တယ်။ တကယ် သနားစရာကောင်းတယ် ” ဟု ပြော သည်။

ပူတာအိုမြို့ရှိ ကြံ့ခိုင်ရေးပါတီက ဇူလိုင်လ ကုန်ပိုင်းမှစ၍ သြဂုတ်လ ၂ ရက်နေ့အထိ တရက်လျှင် လူတဦး ဆန် လေးဗူးစီကို ၅ဝဝ ကျပ်ဖြင့် ရောင်းချပေးခဲ့သေးသည်။

ဆန်ဈေးများသည် ယခင်က ဆန်တပြည်လျှင် နှစ်ထောင်ကျပ် ပေးဝယ်ရာမှ လက်ရှိ တပြည်လျှင် လေးထောင်နှုန်း မြင့်တက်နေ ၍ ကြံ့ခိုင်ရေးပါတီမှ ရောင်းပေးမည့် ဆန်ကို စောင့်ဆိုင်းနေရသည်ဟု အခြားဒေသခံတဦးက ပြောသည်။

အလားတူ မချမ်းဘော မြို့နယ်တွင်လည်း ယခင်နှစ်က ဆန်စပါး အထွက်နည်းခဲ့ သောကြောင့် ဆန်ပြတ်လပ်မှု ကြုံရပြီး အစိုးရမှ ထောက်ပံ့သည့် ဆန်များအားလုံး မရောက်လာသေးသဖြင့် ဆန်ပြတ်လပ်မှု ရှိနေသေးကြောင်း မချမ်းဘောမြို့ခံ ကုန်သည်တဦးက ပြောသည်။

“ဆန်လှောင်ထားတဲ့လူတွေလည်း အများကြီးမရောင်းဘဲ ထိန်းပြီး ရောင်းလို့ပါ။ ဒီနှစ်က ပူတာအိုဒေသမှာ အားလုံးနီးပါး အထွက် နည်းသွားတယ်။ ယာဉ်တန်းကလည်း လမ်းပိတ်သွားတော့ မြစ်ကြီးနားက ပို့တဲ့ဆန် မရှိတော့ဘူး။ ဒါကြောင့် ဒီနှစ် ဆန်အခက်အခဲ ရှိသွားတာ။ မြစ်ကြီးနားကနေ နိုင်ငံတော်က ပို့ပေးတဲ့ဆန်တွေတော့ ရှိတယ်။ ခု ၃ဝဝ ကျော် လောက် ကျန်ဦးမယ်ထင်တယ်။ အကုန်မရောက်လာသေးဘူး” ဟု သူက မဇ္စျိမကို ပြောသည်။

အစိုးရက ပူတာအို တိုင်းရင်းသား ဒေသခံများနှင့် ဝန်ထမ်းများအတွက် ဆန်အိတ်ပေါင်း ၇၃ဝ ကျော် ထောက်ပံ့ ခဲ့သော်လည်း ဆန်အိတ် ၃ဝဝ ကျော်သာ ပူတာအိုမြို့သို့ ရောက်ရှိလာသေးသည်ဟု ကုန်သည်တဦးက ပြောသည်။

မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တနှစ်ကျော်ကြာ တိုက်ပွဲ ဖြစ်ပွားနေသဖြင့် ပူတာအိုမြို့ ခရိုင် အတွင်းရှိ ဒေသခံများသည် လမ်းပန်းဆက်သွယ်ရေး ပိုမို အခက်အခဲခဲ့ခြင်း ဖြစ်သည်။

ဆန်များ ပြတ်လတ်သဖြင့် ဆန်ဈေးများ မြင့်တက်သည့်အပြင် ဆား ၅ဝ ကျပ်သားလျှင် ယခင် ၄ဝဝ ကျပ်မှ ယခု ၆ဝဝ ကျပ်သို့ မြင့်တက်ခဲ့သလို၊ စားသုံးဆီ ၄ဝ ကျပ်သားရှိ တပုလင်းလျှင် ယခင်က ၁,၅ဝဝမှ ယခု ၂,ဝဝဝ ကျပ်သို့ မြင့်တက် နေသည် ဟု ဆိုသည်။

ပူတာအိုမြို့သို့ ၂၁၈ မိုင်ကွာဝေးသော မြစ်ကြီးနားမြို့မှ လေကြောင်းခရီးဖြင့်သာ အဓိက ဆန်သယ်ယူ ပို့ဆောင်ရသဖြင့် အားကိုး ရာမဲ့ ဖြစ်နေသည်ဟု ပူတာအိုဒေသခံ ကိုအဂျုံက ပြောသည်။

Ref: မဇ္ဈိမ

Read More...

အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ကျောင်းသားတပ်မတော် မယုံကြည်

ဖနိဒါ
သြဂုတ်လ ၀၈ ရက် ၂၀၁၂ ခုနှစ်

သမ္မတ ဦးသိန်းစိန်အနေဖြင့် ဒီမိုကရေစီလမ်းကြောင်း တည်ဆောက်နေသည်ဟု ဆိုသော်လည်း ကချင်ပြည်နယ်အတွင်းမှာမူ အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား ယနေ့ထိ တိုက်ပွဲများ ဖြစ်ပွားနေ သဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်ဟု ကျောင်းသားတပ်မတော် က ပြောဆိုလိုက်သည်။

ယနေ့ ကျရောက်သော ရှစ်လေးလုံး ၂၄ နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် ကချင်ပြည်နယ် မြောက်ပိုင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (မြန်မာပြည်မြောက်ပိုင်း)မှ အလုပ်အဖွဲ့ ခေါင်းဆောင် ဦးလဆိုင်းက ပြောဆို လိုက်သည်။

Read More...

ငွေရတု တိုင်တော့မယ့် ရှစ်လေးလုံး

နှင်းပန်းအိမ်
သြဂုတ်လ ၀၉ ရက် ၂၀၁၂ ခုနှစ်

“အမိမြေ

တမ်းတစိတ်တွေကို

မီးပူထိုး ခေါက်သိမ်းထားရင်း

အညတရတွေ ပေါင်းစုကာ

Read More...

ကြာအင်းဆိပ်ကြီးတွင် အိမ်ခြေ ၁၀၀ကျော် ရေနှစ်မြုပ်

9 August 2012
ဖိုးခွါးလေး

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့တွင် မိုးရွာသွန်းမှုများသဖြင့် ရေကြီးမှုဖြစ်ကာ အိမ်ခြေ ၁၀၄လုံးရှိသော အမှတ် (၆) ရပ်ကွက် တစ်ခု လုံး ရေနစ်မြှုပ်သွားသည်ဟု သိရသည်။

ရပ်ကွက်ပေါင်း ၆ခုရှိသည့် ကြာအင်းဆိပ်ကြီးမြို့တွင် အမှတ် (၆) ရပ်ကွက်မှာ မြေနိမ့်ပိုင်း ဖြစ်နေသောကြောင့် ရေကြီးမှုဖြစ်လျှင် ၎င်းရပ် ကွက်သည်သာ ဦးစွာ ရေနစ်မြှုပ်ခံရခြင်းဖြစ်သည်။

Read More...

ဖားအံမြို့၊ တောင်ကလေး ဆရာတော်သြစတြေးလျားရောက်ရှိနေ

8 August 2012
နန်းသူးလေ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်မှ တောင်ကလေး ဆရာတော် ဦးပညာသာမိက သြစတြေးလျားနိုင်ငံရောက် ကရင်ဗုဒ္ဓဘာသာဝင်များအနေ ဖြင့် မိမိဘာသာ သာသနာကို မမေ့ပျောက်ဘဲ ကာကွယ်ထိန်းသိမ်းစေ နိုင်ရေးအတွက် ဇူလိုင်လ ၃၀ရက်နေ့မှ ယနေ့အထိ သြစတြေးလျား နိုင်ငံသို့ ကြွချီရောက်ရှိနေကြောင်း သိရသည်။

(Melbourne Karen Buddhist Association- MKBA)အဖွဲ့က ဖိတ်ကြားချက်ဖြင့် ယခုလို နိုင်ငံခြားခရီးစဉ်ကို ဆရာတော် ကြွရောက်လာ သည့်အတွက် ကျေနပ်ဝမ်းသာကြောင်းကို MKBA က ကော်မတီဝင် စောညွှန့်ဝင်းက ပြောသည်။

Read More...

ငြိမ်းချမ်းရေးဆွေးနွေးမှု စီးပွားရေးဖွံ့ဖြိုးမှုကိုသာ အစိုးရမှ စောင်းပေးဆွေးနွေးဟု KNU ဥက္ကဌ သုံးသပ်

8 August 2012
စောခါးစူးညား

မြန်မာအစိုးရသည် ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ငြိမ်းချမ်းရေးထက် စီးပွားရေးဖွံ့ဖြိုး မှု များကိုသာ စောင်းပေးဆွေးနွေးသည်ဟု သုံးသပ်မိကြောင်း ၂၀၁၂ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့၌ ကျရောက်မည့် (၆၂)နှစ်ပြည့် ကရင့်အာဇာနည် နေ့အတွက် ပြောကြားသော KNU ဥက္ကဌ၏ မိန့်ခွန်းတွင် သုံးသပ်ပြောဆိုထားသည်။

ယနေ့ထုတ်ပြန်သည့် ဥက္ကဌ စောတာမလာဘော၏ မိန့်ခွန်းတွင် “(မြန်မာအစိုးရသည်) တိုင်းရင်းသားလက်နက်ကိုင် အင်အားစု များနှင့် ငြိမ်းချမ်းရေး တည်ဆောက်နေပါသည်ဆိုသော်လည်း လက်တွေ့တွင် နိုင်ငံအနှစ်သာရ ပြည့်ဝသော ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးမှုမျိုး ထက် စီးပွားရေးဖွံ့ဖြိုးရေးကိစ္စများကိုသာ စောင်းပေးသည့် တွေ့ဆုံဆွေးနွေးမှုမျိုး ဖြစ်သည်ဟု သုံးသပ်ရသည်”ဟု ဖော်ပြထားခြင်း ဖြစ် သည်။

Read More...

ရခိုင်ပြည်နယ်တွင် ရဲစခန်းပေါင်း ၃၀ တိုးမြှင့်ဖွင့်လှစ်မည်

သဇင်ဥ
08 August 2012

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် စပ်လျဉ်း၍ လုံခြုံရေးအတွက် ရဲစခန်း ၃၀ အား ထပ်မံဖွင့်လှစ်သွားရန် ပြည်ထဲရေးဝန်ကြီးဌာနက စီမံဆောင်ရွက်လျှက်ရှိကြောင်း ဇူလိုင်လတွင် ကျင်းပသော လွှတ်တော်တွင် ပြောခဲ့ကြောင်း သတင်း
ရရှိသည်။

စစ်တွေမြို့မှ ရဲအရာရှိ အငြိမ်းစားတစ်ဦးက " ရဲတပ်ရင်းတွေကို ကာကွယ်ရေးက တိုက်ရိုက်ကိုင်တွယ်တာပါ၊ ပြည်ထဲရေးကတော့ တိုက်ရိုက်ညွှန်ကြားဖို့ တာဝန်မရှိပါဘူး၊ ဒါပေမယ့် လုပ်ထုံးလုပ်နည်းအရ တဆင့်ခံဖြစ်နိုင်တယ်၊ ဒီမှာ ရဲစခန်းတွေ တိုးမြှင့်ဖွင့်ဖို့ ဆိုတာက တော်တော့ကိုကြာပါပြီ၊ ကျွန်တော်တို့က မဖွင့်ဖြစ်တာဘဲ သိပါတယ်၊ အစတော့ မျှော်လင့်ခဲ့ပါတယ်၊ ကြာလာတော့ ဘယ်လောက်ဘဲပြောပြော ဖြစ်လာမလာဘူးပေါ့၊ ဖွင့်နိုင်တာက တောင်ကုတ်၊ အလယ်သံကျော်၊ ကျောက်တော်နဲ့ ဝေးလံပြီး လုံခြုံရေးမရှိတဲ့ နေရာတွေမှာ ချနိုင်ပါတယ်။ " ဟု ရှင်းပြသည်။

ဇူလိုင်လ စတုတ္ထပုံမှန်လွှတ်တော် အစည်းအဝေးတွင် ပြည်ထဲရေးဒုဝန်ကြီးအဆင့်ရှိသူတစ်ဦးမှ ရခိုင်ပြည်နယ်တွင် ရဲစခန်းပေါင်း ၃၀ တိုးမြှင့်ဖွင့်လှစ်ရန်နှင့် အဆင့်မြင့် ရဲစခန်း (၈) ခုတည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းလွှတ်တော်တွင် ရခိုင်ပြည်နယ်မှ တာဝန်ရှိသူများက ပဋိပက္ခနှင့် စပ်လျဉ်း၍ လုံခြုံရေးများလိုအပ်ကြောင်းကို တင်ပြရာတွင် ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်လာမည့် စုစုပေါင်း ရဲစခန်း (၁၀၅) ခုအနက် ရဲစခန်းကြီး (၈) ခုကို ခေတ်နှင့်အညီ အဆင့်မြင့်ပုံစံ များဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဒုဝန်ကြီးတစ်ဦးက ပြောသည်။

ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့် မောင်တောမြို့နယ်ကို လုံခြုံရေးအင်အား တိုးချဲ့ပြီးအပြည့်ခန့်အပ်သွားမည်ဖြစ်ကြောင်းနှင့် အုပ်ချုပ်ရေး ယန္တရားအား ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်ကို သိရှိရသည်။

ထို့ပြင် ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် လုံခြုံရေးကို အကြောင်းပြကာ နစကနယ်မြေ အမှတ်များတိုးချဲ့ပြီး တပ်စခန်းများအား ထပ်မံတိုးမြှင့် ချသွားမည်ဖြစ်ကြောင်း လွန်ခဲ့သောလက နစက သတင်းများကဆိုသည်။

မောင်တောမြို့နယ်တွင် နယ်စပ်လုံခြုံရေးအတွက် နစကနယ်မြေအမှတ် ၁ မှ ၁၀ အထိ သတ်မှတ်ထားကြောင်း၊ နစက စခန်း ပေါင်း ၂၅ ခုအထိ အခြေစိုက်နေကြောင်း၊ စုစုပေါင်းအင်အား ၂၀၀၀ ကျော်ရှိကြောင်း၊ အရာရှိ ၄၀ ခန့်ရှိကြောင်းနှင့် နစက ကင်းစခန်းပေါင်း ၆၀ ခန့်အထိ ချထားကြောင်း သိရှိရသည်။

မောင်တောမြို့နယ်တွင် ပဋိပက္ခမဖြစ်ခင် လုံထိန်းအင်အားမှာ ၂၀၀ ကျော်ခန့်သာရှိသော်လည်း ယခုအခါ စုစုပေါင်း ၅၀၀ ကျော် ခန့် ရှိနေကြောင်း သိရှိရသည်။

ဘူးသီးတောင်မြို့နယ်တွင် စစ်ဆင်ကွပ်ကဲရေးမှူးဌာနချုပ် (စကခ) အမှတ် (၁၅) ဗိုလ်မှူးချုပ် ကျော်သက် ဦးဆောင်သော တပ်မ လက်အောက်တွင် တပ်ရင်း (၁၀) ရင်းရှိသော်လည်း ခြစားမှုများဖြင့် နယ်စပ်လုံခြုံရေး၊ နယ်မြေစိုးမိုးရေးနှင့် စည်းရုံးရေး များအား မည်သို့မှ လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိဟု နယ်စပ်စစ်ဆင်ရေး လေ့လာနေသူ နိုင်ငံရေးဝါရင့်တစ်ဦးက ပြောသည်။

Ref: အာရ်ကန်တိုင်းမ်

Read More...

မောင်တောမြို့တွင် လုံခြုံရေးများ ပိုမိုတင်းကြပ်ထား

မင်းသွီး
08 August 2012

သြဂုတ်လ (၈) ရက် နေ့ ရခိုင်ပြည်နယ်မောင်တောမြို့တွင် ဈေးများကို ပိတ်ထားပြီး လုံခြုံရေးများကို ပိုမိုတင်းကြပ်စွာ ချထား ကြောင်း သတင်းရရှိသည်။

ယနေ့ သြဂုတ်လ (၈) ရက်နေ့သည် ရှစ်လေးလုံး နေ့တစ်နေ့ဖြစ်သည့်အပြင် ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဘင်္ဂလီမူ ဆ လင် များ ဒေသခံများနှင့် နေအိမ်များကို စတင်အကြမ်းဖက်ခဲ့သည့် (၂) လပြည့်နေ့လည်းဖြစ်သောကြောင့် မောင်တောမြို့တွင် ဈေးများကို ပိတ်ထားရပြီး လုံခြုံရေးများ ပိုမိုတင်းကြပ်စွာ ချထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

Read More...

ရှစ်လေးလုံး၏အသီးအပွင့် ယနေ့မြန်မာနိုင်ငံ ဒီမိုကရေစီမှာ မစစ်မှန်သေးဟု RSU သဘောထားထုတ်ပြန်

မင်းသွီး
08 August 2012

ရှစ်လေးလုံး၏ အသီးအပွင့်ဖြစ်သော ယနေ့မြန်မာနိုင်ငံ ဒီမိုကရေစီမှာ စစ်မှန်သော ဒီမိုကရေစီ လမ်းစဉ်ဖြစ်မလာသေးကြောင်း ရှစ်လေးလုံးတွင် ကိုယ်တိုင်ပါဝင်လှုပ်ရှားခဲ့သူ ရခိုင်သံဃာ့သမဂ္ဂ(RSU) ဥက္ကဌ ဆရာတော် ဦးသီဟမှ ကြေငြာချက်နဲ့အတူ ထုတ်ပြန်ပြောဆိုလိုက်သည်။


ရှစ်လေးလုံးအရေးအခင်းမှ မွေးထုတ်ပေးလိုက်သော ယနေ့မြန်မာနိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲဆောင်ရွက်ကြရာတွင် ပြည်သူလူထုတစ်ရပ်လုံးနှင့် အထူးသဖြင့် အခြေခံလူတန်းစားများအတွက် အခွင့်ရေးဆိုင်ရာ ဥပဒေပြဒါန်းချက်များ လုံးဝမတွေ့ရှိရကြောင်း၊ ဒီမိုကရေစီဆိုသော ဝေါဟာရထက် ဒီမိုကရေစီနည်းကျကျဖြင့် တိုင်းပြည်ကိုအုပ်ချူပ်ရန် လိုအပ်ကြောင်း ဆရာတော်က ဆိုသည်။

" ပြည်နယ်တွေကထွက်ရှိတဲ့ သဘာဝသယံဇာတတွေရဲ့ အကျိုးအမြတ်တွေကို ပြည်နယ်တွေအတွက် လုံးဝသုံးစွဲခွင့် မရှိဘဲ ရသမျှအကျိုးအမြတ်တွေကို အစိုးရကသိမ်းယူထားတာတွေဟာ ဒီမိုကရေစီနည်းမကျတဲ့အချက်တွေ၊ တန်းတူရေးမရှိတဲ့အချက်တွေပါ။ အခုရခိုင်ပြည်အတွင်းက ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့ကနေ ရခိုင်ပြည်သူလူထုတွေအတွက် လူမှုဖူလုံရေးသော်လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးသော်လည်းကောင်း၊ ဘာမှခံစားခွင့်မရရှိနိုင်တာကိုကြည့်ရင် ဒါဟာတန်းတူရေးနဲ့ တရားမျှတမှုမရှိဘူးဆိုတာ ပေါ်လွင်နေပါတယ်။ ဗိုလ်ချူပ်အောင်ဆန်းပြောခဲ့တဲ့ စကားလို အင်္ဂလိပ်က ဗမာကိုကျွန်ပြုတယ်၊ ဗမာက တိုင်းရင်းသားတွေကို ကျွန်ပြုမလားဆိုသလိုပေါ့၊ အခုလိုလုပ်နေခြင်းတွေဟာ ကျွန်ပြုနေတဲ့ အသွင်သဏ္ဍာန်ကို ဖော်ဆောင်နေတာနဲ့ တူနေပါတယ်။ " ဟု ဆရာတော်က မိန့်သည်။

ဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းနှင့် ပက်သက်၍ ဆရာတော်က " ဒီနေ့ကမ္ဘာ့အလယ်မှာပါ၊ ကိုယ့်တိုင်းပြည်ထဲ မှာပါ စကားလုံးအလှတွေသုံးပြီးတော့သာ ငြိမ်းချမ်းရေးလုပ်နေတဲ့အတွက်ကြောင့် ပြည်တွင်းစစ်မီးတွေဟာ ယနေ့အချိန်ထိ မငြိမ်း နိုင်သေးတာပါ။ အထူးသဖြင့် ကချင်ပြည်နယ်တို့မှာ စစ်မီးတွေ မငြိမ်းနိုင်သေးတာကြည့်ရင် သိနိုင်ပါတယ်။ တကယ့်ငြိမ်း ချမ်းရေးနဲ့ စစ်မှန်တဲ့ဒီမိုကရေစီကိုသာ ဖော်ဆောင်မယ်ဆိုရင် ပြည်တွင်း၊ ပြည်ပ တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုတွေ၊ အဖွဲ့အစည်းတွေ အကုန်လုံးနဲ့ လက်တွဲပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ ဦးဇင်းမြင်ပါတယ်။ " ဟု မိန့်သည်။

ရှစ်လေးလုံးအရေးအခင်းအတွင်း မှန်ကန်သော ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းနိုင်ရန်နှင့် စစ်အာဏာရှင်စနစ်ဆိုးနှင့် စစ်အစိုးရ၏လက်ကိုင်ဒုတ်များကို တွန်းလှန်နိုင်ရန် ရခိုင်သံဃာ့သမဂ္ဂအနေဖြင့် ဆရာတော်သည် ပါဝင်လှုပ်ရှားခဲ့ကြောင်း သိရှိ ရသည်။
၈၈၈၈ - လုံး (၂၄) နှစ်ပြည့် ရခိုင်သံဃာ့သမဂ္ဂ (RSU) ၏ သဘောထားထုတ်ပြန်ချက်

ထုတ်ပြန်- ၃/ ၂၀၁၂

နေ့စွဲ- ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၈) ရက်။


၂၀၁၂၊ သြဂုတ်လ (၈) ရက်နေ့သည် ရှစ်လေးလုံးအရေးတော်ပုံကြီး (၂၄) နှစ်ပြည့်သောနေ့ဖြစ်သည် ရှစ်လေးလုံး၏ အသီး အပွင့်ဖြစ်သော မြန်မာနိုင်ငံ ဒီမိုကရေစီသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေပြီဖြစ်သော်လည်း အခြေခံအလုပ် သမား၊ လယ်သမားလူတန်းစားများအတွက် အကာအကွယ်ပေးနိုင်သော အခြေခံဥပဒေများ ပြဌာန်းထား ခြင်းမရှိသည့်အတွက် ကြောင့် နိုင်ငံတစ်ဝှမ်း အလုပ်သမား၊လယ်သမား၊ လယ်ယာမြေပြဿနာများ ဆက်တိုက်ပေါ်ပေါက် လျှက်ရှိနေသည်။

ပြည်တွင်းစစ်မီးသည် ဆက်လက်တောက်လောင်နေဆဲဖြစ်၍ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အခွင့်အရေးမျိုးစုံ ဆုံးရှုံး နေကြရ သည်။ နိုင်ငံရေးအကျဉ်းသားအချို့ကိုလည်း ဆက်လက်ထိမ်းသိမ်းထားဆဲဖြစ်သည် ဤကဲ့သို့ဖြစ်ပေါ်နေရခြင်းမှာ အုပ်ချုပ်သူ အစိုးရ သည် အပြောတစ်မျိုး အလုပ်တစ်မျိုးနှင့် စားကားလုံးလှလှများကိုသုံး၍ ပြည်သူများကိုလှည့်ပတ် ပြောဆို နေခြင်းသာဖြစ်ပေသည်။ စစ်အုပ်ချုပ်ရေးစနစ်ကို ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်အဖြစ် ထင်မြင်လာအောင် ပါတီစုံနိုင်ငံရေး စနစ်ဖြင့် ဝိုင်းရန်ပြသထားခြင်း သာ ဖြစ် သည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးကတည်းက ခေတ်တစ်ခေတ်ပြောင်းတိုင်း ပြည်သူများအကျိုးခံစားခွင့် ရရှိခဲ့သည် မရှိပေ။ တစ်ခေတ်ထက်တစ်ခေတ် ပို၍ဆိုးသည်ထက်ဆိုးလာခဲ့သည်မှာ ရာစုနှစ်ထက်ဝက် ကျော်လွန်နေပြီးဖြစ်သည်။ ပြည်နယ်အသီးသီးမှ ထွက်ရှိသော သဘာဝသယံဇာတ အရင်းအမြစ်ကို အကုန်ရောင်း အကုန်ယူစနစ်ဖြင့် သိမ်းယူနေ ခြင်းဖြစ်သည့်အတွက် ၄င်းပြည် နယ် အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးကို လျှစ်လျှူရှုနေခြင်းမှာ တန်းတူရေးအရ မညီမျှခြင်းကို ပြသနေခြင်းဖြစ်သည်။

တိုင်းရင်းသားများအပေါ် လက်ရှိအစိုးရ၏ လုပ်ဆောင်ချက်လမ်းစဉ်များသည် ဗိုလ်ချုပ်အောင်ဆန်း၏ စကားအရ ဗမာက တိုင်းရင်း သားများကို ကျွန်မပြုရဆိုသည့်စကားနှင့် ဆန့်ကျင့်ဘက်ဖြစ်နေသည့်အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုပါ ထိခိုက်နစ် နာစေသည်။ လက်ရှိရခိုင်ပြည်တွင်း ဖြစ်ပျက်နေသော အခြေအနေများမှာ တိုင်းပြည်အတွင်း တရားဥပဒေစိုးမိုးရေး အားနည်းခြင်း၊ အစိုးရအနေဖြင့် လုံခြုံရေးကို စနစ်တကျ စီမံဆောင်ရွက်ချက်မရှိခြင်း၊ နယ်စပ်ရေးရာများကို စနစ်တကျကိုင်တွယ် ဖြေရှင်းမှုမ ရှိ ခြင်း၊ ဝန်ထမ်းများ ခြစားလာဘ်စားမှုများကြောင်း ယနေ့အချိန်ထိ အကြမ်းဖက်မှုများ ပေါ်ပေါက်လျှက်ရှိနေသည်။

အထက်ဖေါ်ပြခဲ့သည့် အကြောင်းအရာများနှင့်၊ ရခိုင်ပြည်သူများအပါအဝင် ပြည်သူတစ်ရပ်လုံး၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို အစိုးရအနေဖြင့် အလေးအနက်ထား၍ ကာကွယ်စောင့်ရှောက်ပေးရန် ရခိုင်သံဃာ့သမဂ္ဂမှ တိုက်တွန်း တောင်းဆိုလိုက်သည်။

စည်းရုံးရေးနှင့် ပြန်ကြားရေးကော်မတီ

ရခိုင်သံဃာ့သမဂ္ဂ (RSU)

Mobile (+66) 0875577069/ 0836574304, Email: rsu.union219@gmail.com

Ref: အာရ်ကန်တိုင်းမ်

Read More...

ALD ရန်ကုန်တိုင်း ကော်မတီသစ် ရွေးချယ်ခန့်အပ်စည်းဝေးပွဲ ကျင်းပပြုလုပ်သွားမည်

သဇင်ဥ
08 August 2012

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ရန်ကုန်တိုင်း ပါတီကော်မတီသစ် ရွေးချယ်ခန့်အပ်မည့် အစည်းအဝေးတစ်ခုကို လာမည့် သြဂုတ်လ ၁၁ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ALD ရန်ကုန်တိုင်း ပါတီကော်မတီသစ် ရွေးချယ်ခန့်အပ်ပွဲကို ရွှေဂုံတိုင် ဒို့ရိုးရာစားသောက်ဆိုင်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် လက်ရှိ ALD ရန်ကုန်တိုင်း အထွေထွေအတွင်းရေးမှူး ဆရာကြီး ဦးလှမြင့် (ရခိုင်သားကြီးစာပေ)က အောက်ပါအတိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းပြသည်။

Read More...

ရခိုင်ပြည်အရေးနှင့် ပတ်သတ်၍ NLD တင်သွင်းသော အဆိုကို ကြံ့ဖွံ့ပယ်ချ

မင်းသွီး
09 August 2012

နေပြည်တော်၌ ကျင်းပသော စတုတ္ထအကြိမ် ပြည်သူ့လွှတ်ပုံမှန်အစည်းတွင် ယမန်နေ့က ရခိုင်ပြည်အရေးနှင့်ပတ်သတ်၍ NLD မှ တင်သွင်းလိုက်အဆိုကို ကြံ့ခိုင်ရေးပါတီက ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။

NLD ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်မှ ဒေါက်တာ မြတ်ဥာဏစိုး တင်သွားသော အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ မသမာ သောနည်းလမ်းဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ရှိခြင်း၊ မသမာသောနည်းလမ်းများဖြင့် မြန်မာနိုင်ငံသား စိစစ်ရေးကဒ်ပြားများ ကိုင်ဆိုင်ဆောင်ထားခြင်းများကို ဥပဒေစိုးမိုးရေးနှင့် အမျိုးသားရေးတာဝန်အဖြစ် အထူးစီမံချက် ချမှတ်ပြီး ဖေါ်ထုတ်အရေးယူ ပေး သွားပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ကြံ့ခိုင်ရေးပါတီမှ ရခိုင်ပြည်နယ်အတွင်း ပုဒ်မ ၁၄၄ အမိန့် ရုတ်သိမ်းပြီးချိန်မှသာ ယခုအဆိုကို ဆွေးနွေးလိုကြောင်း၊ လတ်တလောဆွေးနွေးလိုက်ပါက မီးလောင်ရာ လေပွင့်ပေးသကဲ့သို့ ဖြစ်သွားနိုင်သည်ဟု အကြောင်းပြကာ ပယ်ချလိုက်ခြင်းဖြစ်ကြေင်း သိရှိရသည်။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ယင်းအဆိုနဲ့ပတ်သတ်၍ ထောက်ခံသူများရှိပါသလားဟု မေးရာတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ ခင်မောင်မှ ထောက်ခံခဲ့ပြီး ပယ်ချသူများ ရှိပါသလားဟု မေးရာတွင် ကြံ့ဖွံ့ပါတီ အမတ်တစ်ဦးမှ ၄င်းအ ဆိုကို ပယ်ချပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့က မောင်တောမြို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ညနေ ၆ နာရီမှ နံနက် ၆ နာရီကို ညနေ ၅ နာရီမှ နံနက် ၇ နာရီအထိ တိုးချဲ့လိုက်ကြောင်းလည်း သိရှိရသည်။

နယ်မြေဒေသ လုံခြုံမှုမရှိသည့် အခြေအနေနှင့် တစ်ဖက်နိုင်ငံတွင် အခြေစိုက်သော ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမူဆလင် လက်နက် ကိုင်တပ်များ ဝင်ရောက်လာနိုင်သည့် သတင်းများ ထွက်ပေါ်နေသောကြောင့် ယခုကဲ့သို့ ညမထွက်ရအမိန့်အချိန်ကို တိုးမြှင့်လိုက် ခြင်းဖြစ်ကြောင်း နယ်စပ်လေ့လာသူများက ပြောသည်။

Ref: အာရ်ကန်တိုင်းမ်

Read More...

ရခိုင်ပြည်နယ်တင်းမာမှု အမေရိကန် စိုးရိမ်

ကိုသားညွန့်ဦး
08.08.2012

ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အကူအညီပေးနေတာတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပိတ်ပင်လိုက် တဲ့အပေါ် စိုးရိမ်ပူပင်ကြောင်းနဲ့ အကူအညီတွေ ပြန်ပေးခွင့်ပြုဖို့ အမေရိကန်ပြည်ထောင်စုက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိုက်တွန်းပါ တယ်။ မြန်မာနိုင်ငံ တွင်းမှာလည်း ရခိုင်ပြည်နယ်တွင်း အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ကြပြီး အကြမ်းဖက်မှု တွေမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက ဆက် ပြီး တင်ပြပေးထားပါတယ်။

Read More...

အာဆီယံ ၄၅ နှစ်ပြည့်

08.08.2012

အရှေ့တောင်အာရှအသင်း ASEAN အသင်းကြီး တည်ထောင်မှု ၄၅ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ဗုဒ္ဓဟူးနေ့တုန်းက ASEAN ရုံးချုပ်ရှိရာ Indonesia နိုင်ငံ Jakarta မြို့တော်မှာ ပြုလုပ်ခဲ့ပါတယ်။

အာဆီယံအလံ လွှင့်တင်တဲ့ အခမ်းအနားကို အာဆီယံအတွင်းရေးမှူးချုပ် Surin Pitsuwan၊ လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ Marty Natalegawa နဲ့ အာဆီယံဆိုင်ရာ သံအမတ်ကြီးတွေ တက်ရောက် ကြပါတယ်။ စိန်ခေါ်မှုတွေ၊ အခွင့်အလမ်း တွေနဲ့ ၄၅ နှစ်ကြာဖြတ်သန်းခဲ့တဲ့ အာဆီယံအဖွဲ့ကြီးဟာ နောင် ကိုလည်း အခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်ပြီး အခက်အခဲ တွေကို ကျော်လွှားသွားမှာဖြစ်တယ်လို့ လက်ရှိအာဆီယံဥက္ကဋ္ဌ မာတီ နာတာလေဂါဝါက ပြောကြားခဲ့ပါတယ်။

Read More...

ရှစ်လေးလုံး ၂၄ နှစ်ပြည့် အခမ်းအနား

ကိုဇော်ဝင်းလှိုင်
08.08.2012

ရှစ်လေးလုံး ၂၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းနားတွေကို ဒီကနေ့ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေ အပြင် မြန်မာနိုင်ငံ အတွင်းက မြို့ အတော် များများမှာ ကျင်းပခဲ့ကြပါတယ်။ အရင်နှစ်တွေက မြန်မာနိုင်ငံအတွင်းမှာ ကျင်းပတဲ့ နှစ်ပတ်လည်ပွဲ တွေမှာ တားဆီးကန့်သတ်မှုတွေ ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ အားလုံး အဆင်ပြေ ချောမွေ့စွာနဲ့ ပြီးစီးသွားတယ်လို့ အခမ်းအနားကို ဦးဆောင် ကျင်းပသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

(ကမ္ဘာမကျေဘူး-ငါတို့သွေးနဲ့ ရေးခဲ့ရတဲ့ မော်ကွန်းတွေ…..)

တင်းကျပ်ပိတ်ဆို့မှုတွေနဲ့ တပါတီ အာဏာရှင်စံနစ်အောက်မှာ ၂၆ နှစ်လုံးလုံး ပြားပြားဝပ် ဖိနှိပ် အုပ်ချုပ်ခံရပြီးတဲ့နောက် ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့၊ ၈ ရက်၊ ၈ လ၊ ၈၈ ရက်နေ့ မှာ ကျောင်းသား လူငယ်တွေက ဦးဆောင်ပြီး လမ်းမတွေပေါ်ထွက် ဒီမိုကရေစီ အရေး၊ နိုင်ငံရေး စံနစ် ပြောင်းလဲ ပေးရေးတို့အတွက် ငြိမ်းချမ်းစွာ စတင် ချီတက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ နှစ်ပတ်လည်ပွဲတွေကို ရန်ကုန်နဲ့ မန္တလေးလို့ မြို့ကြီးတွေမှာ စည်စည်ကားကား ကျင်းပခဲ့ကြသလိုပဲ တခြား မြန်မာပြည်အတွင်း က မြို့နယ်တွေ၊ ပြည်ပရောက်နေကြတဲ့ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေလည်း ရှစ်လေးလုံး ၂၄ နှစ်ပြည့် နှစ်ပတ်လည် ပွဲတွေကို ကျင်းခဲ့ကြတာပါ။

ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပတဲ့ နှစ်ပတ်လည်ပွဲကိုတော့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး တက်ရောက်ပြီး လွှတ်လပ်ရေး အကြို ကာလက စလို့ ခေတ်ပြောင်းတော်လှန်ရေးတိုင်းမှာ ကျောင်း သား လူငယ်တွေ ဦးဆောင်ပါဝင်တဲ့ အခန်းကဏ္ဍတွေအပါအ၀င် ၈၈ လေးလုံး အရေးတော်ပုံရဲ့ အရးပါပုံတွေကို ပြောကြားခဲ့တာပါ။

“ဒါက သမိုင်းဝင်ပေါ့နော်။ အင်မတန်မှ ကြီးကျယ်တဲ့ ပြည်သူလူထုရဲ့ ဆန္ဒပြမှုကနေ ပေါက်ဖွားလာတဲ့ အတွက် အင်မတန် ဂုဏ် သိက္ခာရှိတဲ့ အကြောင်းဖြစ်ပါတယ်။ တပါတီ အာဏာရှင်စံနစ်ကို ရဲရဲ ဝံ့ဝံ့ပေါ့နော်- ကိုယ်ကျိုးမဖက်၊ အသက်စွန့် အနစ်နာခံပြီး လုပ်ခဲ့တဲ့ ကျနော်တို့နိုင်ငံအတွက် ကြီးမားတဲ့ ဆောင်ရွက်မှုတွေ ဖြစ်ခဲ့တယ်ပေါ့။ ၈၈ မျိုးဆက်များ လုပ်ကိုင်ခဲ့တဲ့ အရှိန်အဝါဟာ မကုန်ဆုံးသေးဘူး၊ မပြီးဆုံးသေးဘူး၊ ရှေ့ဆက်ပြီးတော့ ဆောင်ရွက်ရမယ့် ကိစ္စရပ်အဝဝအထိ ပါရှိတယ်၊ အလေးအနက်ပြုတယ်--”

မန္တလေးမြို့မှာကျင်းပတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ နှစ်ပတ်လည်ပွဲ အခမ်းအနားဖြစ်မြောက်ရေးကို ဦးဆောင်စီစဉ်သူ ၈၈ မျိုးဆက် ကျောင်သားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုပြုံးချိုကတော့ ရှစ်လေးလုံးရဲ့ ရည်မှန်းချက်၊ ဦးတည်ချက်တွေဟာ ဒီကနေ့အထိ ရှင်သန်နေတုန်းပဲလို့ ပြောပါတယ်။

“ဒီအရေးတော်ပုံကြီးကနေပြီးတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိအတွက်၊ တိုင်းပြည် ပြုပြင်ပြောင်း လဲမှုအတွက် ပြည်သူတရပ်လုံး ပါဝင်ဆင်နွဲခဲ့တဲ့ အရေးတော်ပုံကြီးဖြစ်တယ်။ ဒါကြောင့် ဒီ အရေးတော်ပုံကြီး ၂၄ နှစ်တာ ကြာမြင့်ခဲ့ပေမဲ့ ကျနော်တို့ရဲ့ အဲဒီခေတ်၊ အဲဒီကာလကနေ ရည်မှန်းခဲ့ တဲ့ ရည်မှန်းချက်တွေကို ဆက်လက်ပြီး အကောင်အထည် ဖော်ကြမယ်၊ အဲဒီ အကောင် အထည် ဖော်တဲ့အခါမှာလည်း ညီညီညွတ်ညွတ်နဲ့ ဒေသအသီးသီးကနေပြီး အခုလို ပါဝင် ပူးပေါင်း ဖြတ်သန်းခြင်းမျိုးနဲ့ ရလဒ်ကောင်းတွေ ပေါ်ထွက်နိုင်အောင် ကျနော်တို့ ဆွေးနွေးခဲ့ကြ ပါတယ်။ ဒါကြောင့်မို့လို့ ဒီ အရေးတော်ပုံကြီးဟာ နှစ်တွေ ကြာမြင့်ခဲ့ပေမဲ့လို့ ခု အချိန်၊ အခု ကာလ အထိ ရည်မှန်းချက်တွေ၊ ကျနော်တို့ရဲ့ ဦးတည်ချက်တွေဟာ အရင်အတိုင်း ၂၄ နှစ်ကြာ ဖြတ်သန်း ခဲ့တဲ့ အရင်တုန်းက မူဝါဒတွေအတိုင်း ဆက်လက် သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

တကယ်တော့ ဒီနှစ်ကျင်းပတဲ့ ၂၄ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်ပွဲဟာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ အကျဉ်းထောင် အသီးသီးမှာ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထားရက ပြန်လွတ်မြောက်လာကြပြီးနောက်မှာ ပထမဆုံး ကျင်းပ ခွင့်ရတဲ့ နှစ်ပတ်လည်ပွဲ တခုဖြစ်သလို အရင်နှစ်တွေနဲ့မတူဘဲ လွတ်လပ်မှု အတိုင်းအတာ တခုအထိရှိခဲ့တဲ့ ပွဲတပွဲလည်းဖြစ်တယ် လို့ ကိုပြုံးချိုက ပြောပါတယ်။

“မနှစ်ကတော့ ကျနော်တို့က အကျဉ်းထောင်တွေအသီးသီးမှာပဲ ရောက်ရှိနေသေးတဲ့အတွက် အခုလို စုံစုံညီညီ မလုပ်နိုင်ခဲ့ဘူး။ အကန့်အသတ်တွေ၊ စောင့်ကြည့်မှုတွေ၊ နောက်ပြီးတော့ သံသယတွေ၊ စိုးရိမ်မှုတွေများတယ်။ အခုလို စုစုစည်းစည်း လုပ်နိုင်ခဲ့တာ ဒီပွဲက ပထမစတဲ့ ပွဲဖြစ်တယ်။ အဲဒီတော့ ဒီပွဲကစပြီးတော့ ရှေ့လျှောက်မှာ အားလုံး ညီညီညွတ်ညွတ် လုပ်နိုင်ဖို့အတွက်၊ ကျနော် တို့ အချင်းချင်း နွေးထွေးတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရတဲ့အတွက် အရင်ကထက် ပိုပြီးတော့ အရှိန်ပါပါ၊ ရည်ရွယ်ချက်ရှိရှိ အောင်မြင်အောင် ဆောင်ရွက်နိုင်တယ်လို့ ယူဆပါတယ်။”

ရန်ကုန်နဲ့ မန္တလေးမှာ ကျင်းပခဲ့တဲ့ နှစ်ပတ်လည်ပွဲ ၂ ခုစလုံးမှာ ဒီမိုကရေစီအရေးတော်ပုံအတွင်း အသက်ပေး စတေးသွားခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်တွေအားလုံးကို ရည်စူးပြီးတော့ သံဃာတော်တွေကို ဆွမ်းကပ်လှု၊ အမျှပေးဝေခဲ့ကြပါတယ်။

ရန်ကုန်မှာ ကျင်းပတဲ့ အခမ်းအနားကို NLD ပါတီက နာယကကြီး ဦးတင်ဦးအပြင်၊ NLD သဘာပတိ အဖွဲ့ဝင်လည်းဖြစ်၊ ၀ါရင့် သတင်းစာ ဆရာကြီးလည်းဖြစ်တဲ့ ဦးဝင်းတင်၊ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ နိုင်ငံရေးပါတီဝင်တွေ၊ Generation Wave မျိုးဆက်သစ်လူငယ်များနဲ့ ဧည့်ပရိတ်သတ် တထောင်ကျော် တက်ရောက်ခဲ့သလို၊ မန္တလေးမှာ ကျင်းပတဲ့ အခမ်းအနားကိုလည်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ အပြင် နယ်အသီးသီးက ကိုယ်စားလှယ်တွေ၊ ဗကသများ အဖွဲ့ချုပ်က မျိုးဆက်သစ် ကျောင်းသားလူငယ်တွေနဲ့ ဧည့်ပရိတ်သတ် တထောင်ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်ခင်ဗျား။

Ref: ဗွီအိုအေ

Read More...

အပေါ်သို့