Wednesday, August 8, 2012

ရှစ်လေးလုံး အထိမ်းအမှတ် မိဘမဲ့ကလေးဂေဟာတွင် လှူဒါန်းမည်

2012-08-07

မြန်မာ့နိုင်ငံရေး သမိုင်းမှာ အရေးပါပြီး လူတန်းစား အလွှာအသီးသီး ပါဝင်ခဲ့တဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်တဲ့ ဒီကနေ့ ကျရောက်မဲ့ ၂၄ နှစ်ပြည့် ရှစ်လေးလုံး အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် NLD ပါတီဝင်တွေက ဦးစီးပြီး မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာရှိတဲ့ မေတ္တာစိမ့်စမ်း မိဘမဲ့ကလေးဂေဟာအတွက် ငွေကြေး၊ ဆန်၊ အဝတ်အထည်၊ စာရေးကိရိ ယာနဲ့ အခြား လူသုံးကုန်ပစ္စည်းများ လှူဒါန်းမယ်လို့သိရပါတယ်။

မြစ်ကြီးနားမြို့မှာ ပြုလုပ်မယ့် ရှစ်လေးလုံး အခမ်းအနား ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး NLD ပါတီဝင် ဦးခင်မောင်မြင့်က RFA ကို အခုလို ပြောပါတယ်။

"၈ ရက်၊ ၈ လ၊ ၈၈ မှာ ကျဆုံးသွားတဲ့ ကျောင်းသားတွေ ရဟန်းရှင်လူ ပြည်သူတွေအတွက် သူတို့ကျဆုံးသွားပေမဲ့ သူတို့က တာဝန်ကျေသွားပြီ။ အသက်ရှင် ကျန်ခဲ့တဲ့ ကျွန်တော်တို့မှာ တာဝန်ကြီးတစ်ခု ရှိတယ်လို့လည်း ခံစားနေရတယ်။ အဲဒီ ကျဆုံး သွားတဲ့ ရဲဘော်တွေအတွက် အမှတ်တရ ဖြစ်စေချင်တယ်။ သူတို့အတွက်လည်း ကုသိုလ်လေးတွေ ပြုလုပ်စေချင်တဲ့ စေတနာနဲ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့မှာ အဲဒီလူငယ် မိဘမဲ့ ဂေဟာသွားပြီးတော့ လှူဒါန်းဖို့အတွက် ပြုလုပ်တဲ့ ပွဲလေးတစ်ခု လုပ်တာပါ"

မနက် ၈နာရီ ၈ မိနစ်အချိန်မှာ နိုင်ငံတော်အလံကို အလေးပြုပြီးနောက် ရှစ်ဆယ့်ရှစ် ဒီမိုကရေစီ အရေးတော်ပုံမှာ ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို သတိရ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ၈ စက္ကန့် ငြိမ်သက် အလေးပြုမယ်လို့ သိရပါတယ်။

၂၄ နှစ်ပြည့် ရှစ်လေးလုံး နှစ်ပတ်လည် ငွေရတုအကြို အခမ်းအနားကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် မန္တလေးမြို့၊ ဘုရားကြီးအလယ်တိုက်၊ ဒက္ခိဏာရာမ ကျောင်းတိုက်မှာ ကျင်းပမှာဖြစ်ပြီး ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ ခေါင်းဆောင်တွေ ရဟန်းရှင်လူ ပြည်သူတွေ တက် ရောက်ကြမှာ ဖြစ်ပါတယ်။


Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့