Wednesday, August 8, 2012

အစိုးရက အပစ်အခတ် ရပ်စဲရေး မလိုလားသေးဟု KIA စွပ်စွဲ

08 August 2012

ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) က အဆိုပြုထားသော တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ရွှေလီမြို့၌ တွေ့ဆုံ ဆွေးနွေး ရန် အဆိုပြုချက် အပေါ် အစိုးရမှ လက်မခံ ပယ်ချခဲ့သည်ကို KIO အား တရားဝင် အကြောင်းကြားခြင်း မရှိသေးဟု KIA စစ်ရုံး ချုပ်မှ တပ်မှူးတဦးက ရွှေဟင်္သာ သတင်းဌာနကို ပြောပါသည်။

“မီဒီယာနည်းနဲ့ အစိုးရက ကစားနေတာဗျ။ ကျနော်တို့နဲ့ တရားဝင် လမ်းကြောင်းရှိနေရက်နဲ့ ဘာကြောင့် အကြောင်းမကြား လဲ၊ စဉ်းစားစရာဖြစ်နေတယ်။ ပြီးတော့ အစိုးရဖက်က လူကြီးတွေပါနေလို့ ပြည်ပမှာ မဆွေးနွေးချင်ဘူး ဆိုတာလဲ မမှန်ဘူး လို့ထင် ပါတယ်။ အစတုန်းက (၃) ကြိမ်မြောက်တဲ့အထိ အစိုးရ လူကြီးတွေနဲ့ ရွှေလီမှာ ဆွေးနွေး ခဲ့တာဘဲလေ။ တခါ အလွတ် သဘော အနေနဲ့ ဦးအောင်မင်းတို့နဲ့ နှစ်ကြိမ်တိုင်ပြည်တွင်းမှာ ဆွေးနွေးခဲ့တာပါဘဲ။ အဲဒီတော့ ပြည်တွင်းပြည်ပ အကြောင်း ပြချက်တွေဟာ လက်တွေ့ မကျဘူးလို့ ပြောချင်ပါတယ်”ဟု ဆိုပါသည်။

KIO သည် ၂၀၁၁ နိုဝင်ဘာလ၊ ၂၀၁၂ ဇန္နာဝါရီလနှင့် မတ်လတွင် ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့ ခေါင်းဆောင် သော ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့နှင့် (၃) ကြိမ်မြောက်သည်အထိ တရုတ်နိုင်ငံ ရွှေလီမြို့၌ ဆွေးနွေးခဲ့ပါသည်။ အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ် ရေးထိုးတော့မည့် သဘောတူညီချက်များလည်း ရရှိခဲ့ကြောင်း KIA တပ်မှူးက ဆိုပါသည်။

ဤကဲ့သို့ လက်မှတ်ရေးထိုးတော့မည့် ဆဲဆဲအခြေအနေကို ရောက်ပြီးမှ ဦးအောင်သောင်းကို ဖြုတ်ချပြီး နောက်ဆုတ်သွား ဟန်ရှိခဲ့သည်ဟု ဆိုပါသည်။

ဦးအောင်သောင်းတို့အဖွဲ့နှင့် ရရှိထားသော သဘောတူညီချက်များမှာ-

(၁) ထာဝရ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်သွားရန်။

(၂) ဆွေးနွေးပွဲ အခြေအနေများနှင့် ပတ်သက်ပြီး မီဒီယာ များသို့ သတင်းမှန်များ ထုတ်ပြန်သွားရန်။

(၃) စစ်ရေး အရှိန်များကို ထိန်းသိမ်း သွားရန်အတွက် ယုံကြည်မှု တည်ဆောက်ရေးကို ရည်ရွယ်သည့်အနေနှင့် ပြဿနာဖြစ် နိုင်သောနေရာများကို နှစ်ဘက်တပ်ဖွဲ့များ ညှိုနှိုင်းဆောင်ရွက်ရန်။ တို့ဖြစ်ပါသည်။

ဤ(၃)ချက်ကို သဘော တူညီချက်ရရှိပြီးသည့်အချိန် ဆိုင်ရာသို့ နှစ်ဖက်စလုံးမှ တင်ပြပြီးပါက နောက်ဆွေးနွေးပွဲ တခုတွင် အသေးစိပ် အချက်အလက်များ ညှိနှိုင်းဆွေးနွေးပြီး လက်မှတ်ရေးထိုးရန်သာ ရှိတော့သည့် အခြေအနေ၌ ဦးအောင်သောင်းကို ဖြုတ်ချပြီး ဦးအောင်မင်းနှင့် အစားထိုး သွားခြင်းဖြစ်ပါသည်။

ဦးအောင်မင်း အဖွဲ့နှင့်လည်း မူဆယ်တွင် တကြိမ်နှင့် ဇွန်လ (၁၉/၂၀) ရက်နေ့တွင် ဗန်မော်ခရိုင်ရှိ လွယ်ဂျာယန်၌တကြိမ် နှစ် ကြိမ်တိုင် တွေ့ဆုံပြီး အကြောင်းအရာအသစ်ကို အလွတ်သဘော အနေအထားဖြင့်သာ ဆွေးနွေးခဲ့ရပါသည်။ ဤသည်ကို ထောက် ရှုခြင်း အားဖြင့် အစိုးရသည် ဘာကြောင့် ဤကဲ့သို့ ပြောင်းလဲပြီး ပြုမူလိုက်သနည်း၊ သဘောတူညီချက် ရလုဆဲဆဲ အခြေအနေမှ အလွတ်သဘောအ ခြေအနေကို ဘာကြောင့် ပြန်ရောက် သွားသနည်း ဆိုသည့်အချက်ကို KIA ဖက်မှစဉ်း စားစရာ ဖြစ်သွားပါ သည်။ ဤအခြေအနေကြောင့် အစိုးရသည် KIO နှင့် အပစ်အခတ် ရပ်စဲရန် အစီစဉ်မရှိသေးဟု KIO က ထောက်ပြနေခြင်း ဖြစ်ပါသည်။

ယခုလည်း ဦးအောင်မင်းတို့ အဖွဲ့နှင့် ဆွေးနွေးပွဲ ကျင်းပမည့်နေရာကိုပင် သဘော မတူနိုင်သေးသည့် အခြေအနေ၌ ရှိနေပါ သည်။ ဤအခြေအနေ၌ သမ္မတ ဦးသိန်းစိန်သည် နေပြည်တော်တွင် တိုင်းရင်းသား (၁၄) ပါတီကို ပြီးခဲ့သည့် သြဂုတ်လ (၄) ရက်နေ့၌ ခေါ်တွေ့ပြီး၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ၀ိုင်းဝန်းဆောင်ရွက် ကြရန်တိုက်တွန်းနှိုးဆော် သွားပါသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဦးသိန်းစိန် အစိုးရသစ်သည် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ တိုင်းရင်းသား ပါတီ များကို ဆွဲသွင်းပြီး အသုံးချရေး နည်းဗျူဟာ သစ်ကြောင့် KIO ကို အပစ်မရပ် သေးဟန်ရှိဟု အကဲခတ်များ က ယူဆနေ ပါသည်။

အစိုးရသည် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ကိုခေါ်ပြီး ကချင်ပြည်နယ် အခြေအနေကို လေ့လာရန် စီစဉ်ခဲ့ သော်လည်း လက်တွေ့၌ အစိုးရဖက်မှ ဖျက်သိမ်းလိုက်ပါသည်။ အကြောင်းမှာ ကင်တားနား၏ လုံခြုံရေးကို အကြောင်းပြခဲ့ ပါသည်။ ကချင်ခရီးစဉ်ကိစ္စနှင့်ပါတ်သက်ပြီး ကင်တားနားက-

“အထူးသဖြင့် ကချင်ပြည်နယ်မှာ ဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သတ်ပြီး အရပ်သားတွေကို တိုက်ခိုက်မှုတွေ၊ တရား မဲ့စွာ သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ နေအိမ်စွန့်ခွာ ထွက်ပြေး ရမှုတွေ၊ နှိပ်စက်ခံရမှုတွေ စတဲ့ လူ့အ ခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေပါတယ်လို့ တိုင်ကြားချက်တွေကို ရရှိနေဆဲ” ဟု မြန်မာပြည် ခရီးစဉ် အပြီး၌ သူက ပြောကြား သွားပါ သည်။

အစိုးရသည် ကင်တားနား ရောက်ချိန်၌ KIO အား စစ်ဆင်နေမှုကို ရပ်တန့်ထားပြီး ၄င်းပြန်ချိန်ပြီးသည့်နောက်၌ စစ်ရေး လှုပ်ရှား မှုများ ပြန်လည် စတင်လာခဲ့သည်ဟု KIA ဖက်မှ ဆိုပါသည်။

ဤအခြေအနေများကို ထောက်ရှုခြင်းအားဖြင့် အစိုးရသည် KIO နှင့် ဆွေးနွေးရန် နေရာ သတ်မှတ်ချက် သဘောတူညီမှု မရ သေးဟု အကြောင်းပြနေသည်မှာ အချိန်ဆွဲရန် သက်သက် ဖြစ်သည့်အပြင် အစိုးရသည် ရည်မှန်းချက်တခုအတွက် KIO အား အသုံးချခြင်း ဖြစ်သည်ဟု စစ်ရေး သုံးသပ် သူများက ယူဆနေပါသည်။

Ref: ရွှေဟင်္သာ

0 comments:

အပေါ်သို့