Wednesday, August 8, 2012

ဗောဓိရေကာတာမှာ အခြားအန္တရာယ်မကြုံရပါက စိုးရိမ်ဖွယ်မရှိဟုအင်ဂျင်နီယာရုံးမှ တုံ့ပြန်

ဆလိုင်းစိုးသန့် (မြစ်မခ)
7 Aug, 2012

င၀န်မြစ်ရေသည် ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့တွင်စိုးရိမ်ရေမှတ်အထက် (၂)ပေကျော်လွန် နေသဖြင့် မြို့အနီးရှိ ဗောဓိရေ ကာတာကျိုးပေါက်မည်ကို ငါးသိုင်းချောင်းမြို့ခံများ စိုးရိမ်ထိတ်လန့်နေ ကြသည်။

ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့အနီးရှိ အရှည် ၇၄ မိုင်ရှိသောင၀န်မြစ်ထိန်း ဗောဓိရေကာ တာတွင် ရေများပြည့်နေပြီး တာအား ၂၄ နာရီစောင့်ကြပ်ကြည့်ရှုနေရသည့် အနေအထားသို့ ရောက်ရှိနေသည်။

“ကျွန်တော်တို့တော့ အထုပ်အပိုးတွေ အသင့်ပြင်ထားတယ်။ တကယ်လို့ မပြောကောင်းမဆိုကောင်း တာကျိုးခဲ့ရင် ပြေးလို့လွှားလို့ လွယ်အောင်ပေါ့ဗျာ။ခိုင်မာအောင် လုပ်ထားပါတယ်ဆိုပေမယ့် တာထဲမှာ ရေတွေက ပြည့်လျှံနေတော့ညညဆို စိတ်ချလက်ချကို မအိပ်ရဲဘူးဗျ”ဟု ငါးသိုင်း ချောင်းမြို့ခံတဦးက
ပြောသည်။

တာကျိုးပေါက်ခဲ့ပါက ငါးသိုင်းချောင်းမြိုအပါအ၀င် ကျုံပျော်၊ ရေကြည်၊ကျောင်းကုန်း၊ ကန်ကြီးထောင့် နှင့် အိမ်မဲမြို့များ ရေဘေး အန္တရာယ်ကြုံတွေ့ရဖွယ်ရှိသည်။

ဗောဓိရေကာတာအား ရေတိုးအားဒဏ်ခံနိုင်အောင် ဆောင်ရွက်ထားပြီး အချိန်ပြည့်စောင့်ကြပ် ကြည့်ရှုနေကြောင်းနှင့် အရေးပေါ် အခြေအနေ ဖြစ်ပေါ်ပါက အချိန်မီဆောင်ရွက်နိုင်ရန် ပြင်ဆင်ထား ကြောင်း ငါးသိုင်းချောင်းမြို့ မြို့နယ်အင်ဂျင်နီယာ ရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

“စိုးရိမ်ရေမှတ် ကျော်နေပေမယ့် တာကျိုးပေါက်ခြင်း မရှိအောင်ကျွန်တော်တို့ စနစ်တကျ မွမ်းမံ ထိန်းသိမ်းထားပါတယ်။ ဒါကြောင့် သဘာဝဘေးအန္တရာယ် တစ်ခုခုမဖြစ်ခဲ့ဘူးဆိုရင် တာကျိုးတာ မဖြစ်နိုင်ပါဘူး”ဟု မြို့နယ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူက ပြော သည်။

င၀န်မြစ်ရေသည် သြဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီတွင် တိုင်းထွာချက်အရငါးသိုင်း ချောင်းမြို့တွင် ၁၁၉၃ စင်တီမီတာသို့ ရောက်ရှိနေပြီးစိုးရိမ်ရေမှတ်အထက် ၆၃ စင်တီမီတာ (၂ ဒဿမ ၁ ပေ) ခန့် ကျော်လွန်နေသည်ဟု ယမန်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

မြစ်ရေသည် နောက် ၃ ရက်အတွင်း ငါးသိုင်းချောင်း၏ စိုးရိမ်ရေမှတ် ၁၁၁၀စင်တီမီတာ အထက်တွင် ဆက်လက်တည်ရှိ နေမည် ဟု အစိုးရ မိုးလေ၀သနှင့် ဇလဗေဒဌာနကထုတ်ပြန်ထားသည်။

“ဘုရားရှိခိုးရင် တာမကျိုးဖို့ ထည့်ဆုတောင်းနေရတယ်။ မနှစ်ကမြစ်ရေတိုက်စားလို့ တာကျိုး ထားတဲ့ဟာကို ပြန်ပြင်ထားတဲ့ နေရာ က မြို့နဲ့နီးနီးလေးဆိုတော့ အဒေါ်တို့က တအားစိုးရိမ်တယ်။ လုံးဝကို စိတ်မချဘူး”ဟု မြို့ခံ ထမင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ဗောဓိရေကာတာသည် ဟင်္သာတမြို့မှ သာပေါင်းအထိ ၇၄ မိုင် ရှည်လျှားပြီး၊တာတစ်လျှောက်တွင် ဟင်္သာတ၊ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်းစသည့်မြို့နယ်များကို ဖြတ်သန်း ဖောက်လုပ် ထားသည်။

ထို့ပြင် င၀န်မြစ်ရေတက်သဖြင့် ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့၏ရပ်ကွက်တချို့တွင် ရေများ ၀င်ရောက်နေပြီး ဒေသခံ ၁၀၀၀ ကျော်မှာရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံ နေကြရသည်။

“ရေက အိမ်တွေထဲအထိ ၀င်နေတာပေါ့လေ။ ၂ ထပ်ရှိတဲ့ အိမ်တွေကတော့ အပေါ်ထပ်မှာတက် နေလို့ရတာပေါ့။ တထပ်တည်းရှိ တဲ့အိမ်တွေကတော့ ကယ်ဆယ်ရေးစခန်းတွေမှာသွားနေ နေတယ်”ဟု ပုသိမ်မြို့ခံ သတင်းထောက်တစ်ဦးက ဆိုသည်။

ရေ၀င်နေသည့် ရပ်ကွက်များမှာ မြေနိမ့်ပိုင်းတွင် တည်ရှိသည့် အမှတ် - ၁၊၂၊ ၃၊ ၉၊ ၁၀၊ ၁၂၊ ၁၄ ရပ်ကွက်များ ဖြစ်သည်။

လက်ရှိတွင် အမှတ် - ၃ အခြေခံပညာ အလယ်တန်းကျောင်း၊ပုဂံဘုန်းကြီးကျောင်းဝင်းနှင့် တာဝတိံသာဘုရားဝင်းတို့ အပါအ၀င် နေရာ ၁၂ခု ၌ ရေဘေးကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားသည်။

ရေဘေးဒုက္ခသည်များအား ဧရာဝတီတိုင်း အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့်ပုသိမ်မြို့ခံ လူမှုရေး အသင်းများက ထမင်းထုပ်များ လှူဒါန်းလျက်ရှိသည်။

ပုသိမ်နည်းတူ ဧရာဝတီတိုင်းမှ မော်ကျွန်း၊ ပဲခူးတိုင်းမှ ပဲခူးမြို့၊ကရင်ပြည်နယ် ဘားအံမြို့နှင့် မကွေးတိုင်း ပခုက္ကူမြို့နယ်တို့တွင် မြစ်ရေကြီးမှုများ ကြုံတွေ့နေသည်။


မြန်မာနိုင်ငံတွင် မြစ်ရေကြီးမှုအန္တရယ် သတိပြုရသည့် ကာလ ၃ ခုရှိရာပထမကာလမှာ မိုးဦးကျ ဇွန်လ၊ ဒုတိယကာလမှာ မိုးလယ် ဇူလိုင်နှင့်သြဂုတ်ဖြစ်၍ တတိယကာလမှာ မိုးနှောင်း စက်တင်ဘာနှင့် အောက်တိုဘာလများ ဖြစ်သည်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ရေကြီးမှုအန္တရယ် သတိပြုရသည့်ဒုတိယကာလအတွင်း ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ချင်းတွင်း၊ ပဲခူးနှင့်င၀န်မြစ်များမှာ မြစ်ရေများ မြင့်တက်နေပြီး မြို့နယ်အချို့တွင်စိုးရိမ်ရေမှတ် ကျော်လွန်နေသည့်အတွက် မြစ်ရေ ကြီးမှု သတိပေးချက်များကိုအစိုးရက နိုင်ငံပိုင် မီဒီယာများမှတဆင့် ထုတ်ပြန်ပေးနေသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့