Thursday, August 9, 2012

ဖားအံမြို့၊ တောင်ကလေး ဆရာတော်သြစတြေးလျားရောက်ရှိနေ

8 August 2012
နန်းသူးလေ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်မှ တောင်ကလေး ဆရာတော် ဦးပညာသာမိက သြစတြေးလျားနိုင်ငံရောက် ကရင်ဗုဒ္ဓဘာသာဝင်များအနေ ဖြင့် မိမိဘာသာ သာသနာကို မမေ့ပျောက်ဘဲ ကာကွယ်ထိန်းသိမ်းစေ နိုင်ရေးအတွက် ဇူလိုင်လ ၃၀ရက်နေ့မှ ယနေ့အထိ သြစတြေးလျား နိုင်ငံသို့ ကြွချီရောက်ရှိနေကြောင်း သိရသည်။

(Melbourne Karen Buddhist Association- MKBA)အဖွဲ့က ဖိတ်ကြားချက်ဖြင့် ယခုလို နိုင်ငံခြားခရီးစဉ်ကို ဆရာတော် ကြွရောက်လာ သည့်အတွက် ကျေနပ်ဝမ်းသာကြောင်းကို MKBA က ကော်မတီဝင် စောညွှန့်ဝင်းက ပြောသည်။

၎င်းက “ဆရာတော် အခုလို ကြွလာပေးတဲ့အတွက် ကျနော်တို့ အရမ်းဝမ်းသာတယ်။ ဆရာတော်က ဗုဒ္ဓဘာသာကို နည်းလမ်း တကျ သွန် သင်ဆုံးမ ဆောင်ရွက်ပေးတော့ ကျနော်တို့အတွက်လည်း အကျိုးအများကြီးရှိတယ်။ နောက်ပြီး သာသနာလည်း မပျောက်ပျက်တော့ဘူး” ဟု ပြောသည်။

ထို့အပြင် သြဂုတ်လ ၅ရက်နေ့(တနင်္ဂနွေ)တွင် သြစတြေးလျားရှိ အလှူဒါယိကာ၊ ဒါယိကာမများမှ စုပေါင်း၍ Melbourne မြို့၌ ၀ါဆို သင်္ဃန်းကပ်လှူပူဇော်ပွဲ ကျင်းပခဲ့ကာ ယင်းအလှူပွဲတွင် ကရင်လူမျိုး အပါအ၀င် မြန်မာနိုင်ငံသားများ၊ နိုင်ငံခြားသားများနှင့် ခရစ်ယာန်ဘာ သာဝင်များ စုစုပေါင်း လူဦးရေ ၂၀၀ကျော် တက်ရောက်ခဲ့သည်ဟု စောညွှန့်ဝင်းက ဆက်ပြောသည်။

တဆက်တည်းမှာပင် ဆစ်ဒနီမြို့ရှိ မြန်မာနိုင်ငံသားများကလည်း ၎င်းတို့နေထိုင်သည့်မြို့သို့ ဆရာတော်ကြွလာရန် မျှော်လင့်ကြသော် လည်း ဆရာတော်က အချိန်မရသဖြင့် မကြွနိုင်သည်ကို စိတ်မကောင်းဖြစ်နေကြကြောင်းလည်း ထိုမြို့မှ ကရင်အမျိုးသားတဦး ဖြစ်သူ စောကျော်ခွီးက ကေအိုင်စီသို့ ပြောသည်။

လက်ရှိအချိန်တွင် တောင်ကလေးဆရာတော်သည် သြစတေးလျားနိုင်ငံရှိ ကော့စပါးမြို့တွင် သီတင်းသုံးနေထိုင်နေပြီး ယခုလ (သြဂုတ်) ၂၉ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ကြွချီမည်ဖြစ်သည်ဟု သိရသည်။

တောင်ကလေးဆရာတော် ဦးပညာသာမိသည် နိုင်ငံခြားခရီးစဉ်အဖြစ် သြစတေးလျားနိုင်ငံသို့ ကြွချီသည်မှာ ယခုတကြိမ်ပါဆိုလျှင် ဒုတိ ယအကြိမ်မြောက်ဖြစ်ပြီး ၎င်းသည် ကရင်ပြည်နယ် ဘားအံမြို့၊ တောင်ကလေး ပရိယတ္တိစာသင်တိုက် နာယကချုပ် ဆရာ တော်ဖြစ်သကဲ့ သို့ ထိုတောင်ကလေးတောင်တော်၌ သာသနာပြုနေခဲ့သည်မှာလည်း နှစ်ပေါင်း ၃၀ကျော်ရှိပြီးဖြစ်သည်။

ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး-KNUမှ ဗိုလ်ချုပ်ကြီးစောဘိုမြ(ကွယ်လွန်)၊ ဗိုလ်ချုပ်ကြီးတာမလာဘော၊ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး တို့အပြင် ဒီကေဘီအေ စသည့်လက်နက်ကိုင်အဖွဲ့များ၊ ငြိမ်းချမ်းရေးအဖွဲ့များနှင့်လည်း တွေ့ဆုံ၍ မြန်မာနိုင်ငံရေး တည်ငြိမ်အေးချမ်း အောင်သြ၀ါဒပေးဆွေးနွေးခြင်းများ ရှိခဲ့သည်။

၎င်းအပြင် ကရင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် မြိုင်ကြီးငူဆရာတော်နှင့်တွေ့ဆုံခဲ့ဖူးသကဲ့သို့ လက်ရှိ အစိုးရ၏ ငြိမ်းချမ်းရေး လုပ် ငန်း များ၌ လည်း ပါဝင်ခဲ့ခြင်းတို့ကြောင့် အဂ္ဂမဟာသဒ္ဓမ္မဇောတိ ကဓဇဘွဲ့တော် ဆက်ကပ်ခံရပြီး မြန်မာနိုင်ငံ၏ ဗဟိုသံဃာ့ ၀န်ဆောင် သာသနာ့ တာဝန်များကိုလည်း ထမ်းဆောင်လျှက်ရှိသည်။

Ref: ကေအိုင်စီ

0 comments:

အပေါ်သို့