Wednesday, August 8, 2012

ထုတ်ဝေခွင့်ပိတ်ခံရသည့် ဂျာနယ်နှစ်စောင် ပြန်လည် ထုတ်ဝေခွင့်ရပြီ

7 August 2012
နန်းသူးလေ

မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနနှင့် စာပေစစ်ဆေးရေးအဖွဲ့က အကန့်အသတ်မရှိ ထုတ်ဝေခွင့် အပိတ်ခံထားရသော ပြည် တွင်းထုတ် သတင်းဂျာနယ်နှစ်စောင်ကို ယခု သြဂုတ်လ တတိယအပတ်တွင် ပြန်လည်ထုတ်ဝေခွင့်ရရှိသွားပြီ ဖြစ်သည်။

နေ့စဉ်ထုတ် အွန်လိုင်းစာစောင်၊ အပတ်စဉ်ထုတ် ဂျာနယ်၊ လစဉ်ထုတ် living colour မဂ္ဂဇင်း ထုတ်ဝေနေသော The Voice သတင်းဂျာ နယ်နှင့် Envoy ဂျာနယ်ကို လာမည့် သြဂုတ်လ ၁၈ရက်နေ့တွင် စာပေစစ်ဆေးရေးက ပြန်လည် ထုတ် ဝေခွင့်ပြုလိုက်ပြီဖြစ်ကြောင်း The Voice ဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ကိုကျော်နိုင်က ကေအိုင်စီသို့ ပြောသည်။

ကိုကျော်နိုင်က “အဖက်ဖက်က ဖိအားတွေကြောင့်လည်း ပါမယ်လို့ ယူဆပါတယ်။ ကျနော်တို့အနေနဲ့ကတော့ ပြန်ထုတ်ဝေခွင့်ရ တဲ့အ ပေါ် ၀မ်းသာပါတယ်။ နောက်ပြီး ကျနော်တို့မှာ သတင်းထောက်တွေ၊ ၀န်ထမ်းတွေ၊ ကြော်ငြာရှင်တွေကို ရက်အကန့် အသတ်မရှိ ပိတ် တော့ အလုပ်ဆက်လုပ်ဖို့ ဘယ်လိုပြောရမှန်းကို မသိဘူး။ အခု အဲ့ဒါတွေအတွက် ပြန်ပြီး အဆင်ပြေသွားတာ ပေါ့။”ဟု ပြောသည်။

ယင်းသတင်းဂျာနယ်နှစ်စောင် ရက်အကန့်အသတ်မရှိ အပိတ်ခံရက်ပိုင်းအတွင်း ပြည်တွင်းမီဒီယာသမား ၁၀၀ကျော်က ‘မီဒီယာဖိ နှိပ်မှု ရပ် (Stop Killing Press)’ စာတမ်းပါသည့် အင်္ကျီအနက်ရောင်ဝတ်ဆင်ကာ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဆန္ဒပြ ခဲ့ကြခြင်းကြပြီးနောက် ယခုလို ပြန်လည် ထုတ်ဝေခွင့်ရခြင်းဖြစ်သည်။

၎င်းဂျာနယ်နှစ်စောင် ထုတ်ဝေခွင့်ပိတ်ခံရသည့်အပေါ် သတင်းမီဒီယာသမား ၉၂ဦးက သတင်းဂျာနယ်များ ပိတ်ပင်မှုနှင့် မတရား သော မီဒီ ယာဥပဒေ ဆန့်ကျင်ရေးကော်မတီကို ရန်ကုန်မြို့တွင် သြဂုတ်လ ၁ရက်နေ့က ဖွဲ့စည်းခဲ့ပြီး တောင်းဆိုချက် ၇ချက်ပါ သည့် ကြေညာချက် တစ်စောင်ကို သမ္မတဦးသိန်းစိန်ထံ ပေးပို့ခဲ့ကြောင်းလည်း သိရသည်။

ဂျာနယ်များကို ကန့်သတ်မှု၊ ခြိမ်းခြောက်မှု တစုံတရာမပါဘဲ ပြန်လည်ထုတ်ဝေခွင့်ပြုလုပ်သော်လည်း တရားဝင်မီဒီယာ လွတ်လပ် ခွင့်မရရှိ သေးသရွေ့ နောင်ယခုလိုမျိုး ထုတ်ဝေခွင့် ရပ်ဆိုင်းခံရခြင်းများကို ရင်ဆိုင်ရဦးမည်ဖြစ်ကြောင်း ကိုကျော်နိုင်က ဆက်ပြော သည်။

သတင်းဂျာနယ်များကို ထုတ်ဝေခွင့်ပိတ်လိုက်၊ ပြန်ဖွင့်ပေးလိုက်လုပ်နေခြင်းသည် မီဒီယာသမား တစ်ဦးတစ်ယောက်မှ မပါဝင်ဘဲ ရေးဆွဲ ထားသည့် မီဒီယာဥပဒေ အတည်ပြုနိုင်ရေးနှင့် စာနယ်ဇင်းကောင်စီ ပေါ်ထွက်လာရန် ပြန်ကြားရေး ၀န်ကြီးဌာန၏ ကစားကွက်တစ်ခုသာ ဖြစ်ကြောင်း အမည်မဖော်လိုသူ ပြည်တွင်းသတင်းထောက်တဦးကလည်း ၎င်း၏အမြင်ကို ပြောသည်။

ယခင်က သတင်းဂျာနယ်များတွင် ဖော်ပြခွင့်မရသည့် အကြောင်းအရာအချို့နှင့် သတင်းဓါတ်ပုံအချို့ကို စာပေစစ်ဆေးရေးဘက်မှ အလျော့ပေးကာ ထုတ်ဝေခွင့်ပြုရှိနေခဲ့သည့်အချိန်တွင် ဂျာနယ်နှစ်စောင် တပြိုင်နက်တည်း အပိတ်ခံခဲ့ရခြင်းကို အံ့သြမိကြောင်း လည်း ပြည်တွင်းသတင်းမီဒီယာသမားများက ပြောဆိုနေကြသည်။

မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနနှင့် စာပေစစ်ဆေးရေးအဖွဲ့က ပြည်တွင်းထုတ်သတင်းဂျာနယ် ဖြစ်သည့် The Voice နှင့် Envoy တို့ကို သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းချက်များ မလိုက်နာဟူ၍ စွပ်စွဲကာ သြဂုတ်လ ၃၁ရက်နေ့က စာပေ ထုတ်ဝေခွင့်ကို အကန့်အသတ်မရှိ ပိတ်ခဲ့သည်။

Ref: ကေအိုင်စီ

0 comments:

အပေါ်သို့