Wednesday, August 8, 2012

မိုးခေါင်၍ရွှေဘိုခရိုင်တွင် မိုးကြိုစပါးထွက်နှုန်း သိသိသာသာကျဆင်း

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
7 Aug, 2012

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် မိုးခေါင်၍ ဆည်ရေအားကိုး စိုက်ပျိုးသည့် တောင်သူ အနည်းငယ် သာရှိ သည့်အတွက် ယခင်နှစ်များထက် မိုးကြိုစပါး ထွက်နှုန်း သိသိသာသာလျော့နည်းလာကြောင်း သိရှိရသည်။

အဆိုပါဒေသတွင် မိုးခေါင်သောကြောင့် လယ်သမားများ မိုးကြိုစပါးစိုက်ပျိုးချိန် နောက်ကျခဲ့ရပြီး ပျိုးကြဲချိန်တွင်လည်း မျိုးစပါးများ ကြွက်စားခံရသောကြောင့် ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ယခုကဲ့သို့စပါးထွက်နှုန်းလျော့နည်းလာခြင်းဖြစ်သည်။

“အရင်ကစပါးတင်း (၁ဝဝ)ကြိတ်ရင် ဆန်တင်း(၄ဝ)လောက်ရတယ်၊ အခု တင်း(၂ဝ-၂၅)ပဲရ တော့တယ်၊ မိုးခေါင်တော့ မြေဆီဘယ်လောက်ပက်ပက် စပါးက အားမရှိဘူး ဒီနှစ်ဆည်ရေကိုပဲ အားကိုးပြီးစိုက်ရတယ်’’ဟု ဝက်လက်မြို့နယ် မန်ကျီး တုန်ကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။

ဝက်လက်နယ်တွင် စပါးပေါ်ချိန်တွင်လည်း ဈေးမကောင်းသောကြောင့် တောင်သူများ အကြပ်ရိုက်နေကြောင်း လှတောရွာမှ တောင်သူတစ်ဦးက ယခုကဲ့သို့ဆိုသည်။

“ရောင်းစားရင်လည်း တောင်သူစရိတ်နဲ့ဆို တွက်ခြေမကိုက်ဘူး၊ရှုံးမှာ၊ မိုးမရွာလို့ စပါး အထွက်နည်းတယ်၊ ကြွက်ကျလို့ ကူလီ စရိတ် ပိုကုန်တယ်၊ နောက်စပါးဈေးက ဆင်ပါးစပ်နှမ်းပတ်သလောက်ရှိတာဆိုတော့ တောင်သူတွေကြာရင် ဆည်ရေထဲငါးမျှား ရတော့မယ့် ကိန်းဆိုက်နေပြီ’’ ဟု လယ်သမားဦးဘမှုံက လှတောလေသံဖြင့်ပြောသည်။

လွန်ခဲ့သောနှစ်တွင် ဧရာမင်းစပါးတင်း(၁ဝဝ)အား ၅သိန်းခွဲ၆သိန်းထိရှိသော်လည်း ယခုနှစ်တွင် ကျပ်၅သိန်းဝန်းကျင်သာ ဈေးရ ကြောင်းတောင်သူများထံက သိရှိရသည်။

စပါးဈေးနည်းသောကြောင့် ဈေးတက်လာမည့်အချိန်ကိုသာ တောင်သူများက စောင့်ဆိုင်းနေရသည့်အတွက် စပါးပေါ်ပေး ပေးထား သော အကြွေးရှင်များအနေဖြင့်နစ်နာမှုရှိကြောင်း ဒေသခံများက ဆိုသည်။

လက်ရှိအချိန်တွင် ဝက်လက်မြို့နယ်မှ တောင်သူလယ်သမားများအနေဖြင့် မိုးခေါင်သော်လည်း မိုးကြိုစပါးရိတ်သိမ်းပြီး၍ ဆည်ရေ အားကိုးကာ ကောက်ကြီးစပါးထပ်မံစိုက်ပျိုးနေကြသည်။

“ပွဲစားက ၅သိန်းတောင် မပေးချင်ဘူး၊စပါးဈေးမကောင်းမှတော့ ဘယ်သူမှရောင်းမယ့် လူမရှိဘူး၊ ရောင်းလဲရှုံးမှာလေ ဈေးတက် လာပဲစောင့်ရတယ်၊ ဒီနှစ်ထဲတောင်သူတွေ ရာသီဥတုဖောက်ပြန်လို့ တော်တော်ဒုက္ခ ရောက်တယ်၊ ကျုပ်တို့မွေးကတည်းက တောင်သူလုပ်လာတာဆိုတော့ ရှုံးရှုံးမြတ်မြတ် တောင်သူပဲလုပ်ရမှာပဲ” ဟု ပင်းဇင်းကျေးရွာမှ တောင်သူဒေါ်ခင်ဆန်းက ဆိုသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့