Thursday, August 9, 2012

စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ နှစ်သောင်းနီးပါး ဒဏ်ရိုက်ခံရ

ရတနာဦး
သြဂုတ်လ ၀၈ ရက် ၂၀၁၂ ခုနှစ်

စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများအား ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ဇန်နဝါရီလမှ စတင် အရေးယူခဲ့ရာ ဇူလိုင်လ ကုန်အထိ ၁၉,၄၉၂ ဦးကို ဒဏ်ကြေးတပ် အရေးယူခဲ့သည်။

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် ဖြစ်သည့် ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ အလုံ တို့တွင် စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ အများဆုံး ဖမ်းဆီးရမိခဲ့ကာ ဒဏ်ကြေးငွေပေါင်းကျပ် ၄၂၉ သိန်းခန့် ရန်ကုန်တိုင်း အစိုးရက ရရှိခဲ့ သည်။

“အခုလို စည်းကမ်းမဲ့ လမ်းဖြတ်ကူးတဲ့သူတွေကို ဖမ်းဆီးအရေးယူမှုက စီမံချက် ကာလအနေနဲ့ လုပ်တာ မဟုတ်ဘဲ ဆက်တိုက် အရေးယူ ဆောင်ရွက်သွားမှာပါ” ဟု ယာဉ်စည်းကမ်း ကြီးကြပ်မှု ကော်မတီ၏ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ တာဝန်ရှိ သူ တဦးက ပြောသည်။

ယာဉ်အသွားအလာများသော လမ်းဆုံများ၏ လူကူးရန် သတ်မှတ်ထားသော နေရာများမှ ဖြတ်မကူး၍ ဖမ်းဆီးခံရသော သူများ ကို နီးစပ်ရာ ယာဉ်ထိန်းနယ်မြေ ရဲစခန်းသို့ ခေါ်ဆောင်ကာ တဦးလျှင် ကျပ် ၂,၂၀၀ နှုန်းဖြင့် ဒဏ်တပ်သည်။ ဖမ်းဆီးခေါ် ဆောင်သော ကားများ လူပြည့်မှ ထွက်လေ့ရှိသဖြင့် ဒဏ်ငွေဆောင်ရန် နာရီအတန်ကြာ စောင့်ဆိုင်းရလေ့ ရှိသည်။

ရန်ကုန်တိုင်း အစိုးရက စည်ပင်သာယာရေးကော်မတီသို့ တာဝန်ပေးချက်အရ စည်းကမ်းမဲ့ လမ်းကူသူများ ဖမ်းဆီးခြင်း ကို ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များအပြင် ပင်စင်စား စစ်မှုထမ်းဟောင်း၊ ရဲဝန်ထမ်းဟောင်း ၆ဝ ကလည်း ဖမ်းဆီး အရေးယူမှု များ ပြုလုပ်ပေးလျက် ရှိသည်။ စည်ပင်သာယာရေးကော်မတီအနေဖြင့် အဆိုပါ ပင်စင်စားများကိုလည်း နေ့စား လုပ်အားခ ကျပ် ၂,၁ဝဝ ပေးသည်။

“စည်ပင်ဝန်ကြီးက အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေရေးကဏ္ဍမှာ ဥက္ကဋ္ဌဖြစ်တာကြောင့် အငြိမ်းစား ဝန်ထမ်းတွေရဲ့ လုပ်အားကို ပြန်အသုံးချချင်တဲ့အတွက် စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို လိုက်လံဖမ်းဆီးမှုမှာ အငြိမ်းစားဝန်ထမ်းတွေကို အခုလို ခန့်အပ်ခဲ့ ခြင်း ဖြစ်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့