Tuesday, August 7, 2012

အရစ်ကျ ငွေပေးစနစ်ဖြင့် ရောင်းချသော မိုဘိုင်းဖုန်း ၀ယ်ယူသူနည်းပါးသောကြောင့် ငွေပေးသွင်းရမည့်နှုန်းများပြင်ဆင်

ဥာဏ်ဥာဏ် (မြစ်မခ)
7 Aug, 2012

အစိုးရဝန်ထမ်းများအား အရစ်ကျငွေပေးချေစနစ်ဖြင့် ချထားပေးလျှက်ရှိသော မိုဘိုင်းဖုန်းများအား ၀ယ်ယူသူနည်းပါးသောကြောင့် စက်တင်ဘာလဆန်းပိုင်းမှစ၍ ငွေပေးသွင်းရမည့် နှုန်းထားများအား လစာအလိုက် လျှော့ချသတ်မှတ်လိုက်ကြောင်း မြန်မာ့ ဆက် သွယ်ရေးလုပ်ငန်းက သိရှိရသည်။

မူရင်း လစာကျပ်တစ်သိန်းအောက် ဝန်ထမ်းများအား တစ်လလျှင် တစ်သောင်းနှုန်းဖြင့်လည်းကောင်း လစာကျပ်တစ်သိန်းနှင့် အထက်ရရှိသော ဝန်ထမ်းများအား တစ်လလျှင်တစ်သောင်းငါးထောင်နှုန်းဖြင့်လည်းကောင်း လစဉ်မကျေမချင်းပေးချေသွားရန် ပြောင်းလဲ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

“ခုလို ငွေပေးသွင်းရတဲ့ နှုန်းထားတွေ လျှော့ချပေးတာဟာ ဝန်ထမ်းများအနေနဲ့လည်းကောင်းမယ်လို့ထင်ပါတယ်၊ ဘာလို့လည်း ဆိုတော့၊တစ်ချို့ဆို တစ်သိန်း မရတာတွေရှိတယ်၊ ရတာတွေလည်းရှိတော့ အခုလို ငွေပေးချေမှုကို လျှော့ချ လိုက်တာဖြစ်တယ်၊ သြဂုတ်လ(၃၁)ရက်နေ့ကစပြီး မကျေမချင်း လစဉ်ပေးသွင်းသွားရတာပါ ’’ ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ မိုဘိုင်း GSM / WCDMA ဖုန်းများအား ဝန်ကြီးဌာနအသီးသီးရှိ အစိုးရဝန်ထမ်းများသို့ အရစ်ကျ ငွေပေးချေမှု စနစ်ဖြင့် ဇွန်လနှင့်ဇူလိုင်လမှ စတင်ကာ ကျပ်နှစ်သိန်းတန် GSM မိုဘိုင်းဖုန်းများအား တစ်လလျှင် လေးသောင်းနှုန်း၊ ကျပ်နှစ်သိန်းခွဲတန် WCDMA မိုဘိုင်း ဖုန်းများအား ငါးသောင်းနှုန်းဖြင့် (၅)ရစ်ပေးသွင်းခိုင်းရာမှ လာမည့် စက်တင်ဘာလဆန်းပိုင်းမှစ၍ ယခုကဲ့သို့ လစာအလိုက် လျှော့ချလိုက်ခြင်း ဖြစ်သည်။

မိုဘိုင်းတယ်လီဖုန်းများကို အရစ်ကျပေးငွေချေ စနစ်ဖြင့် သုံးစွဲနေသည့် နိုင်ငံဝန်ထမ်းများမှ အချို့ဝန်ထမ်းများမှာ ပထမ အရစ် ကိုလည်းကောင်း၊ အချို့ဝန်ထမ်းများမှာ ပထမအရစ်နှင့် ဒုတိယအရစ်အထိ ပေးသွင်းပြီးဖြစ်ကြောင်းကိုလည်း သိရှိရသည်။

မိုဘိုင်းဖုန်းများအနေဖြင့် ကျပ်နှစ်သိန်းအောက် ဆက်လက်ကျဆင်းပြီး သောင်းဂဏန်းအထိ ဈေးကျဆင်းနိုင်သောကြောင့် ကျပ် နှစ်သိန်းနှင့် နှစ်သိန်းခွဲတန် ဖုန်းများအား သက်ဆိုင်ရာကအတင်းအကြပ်ရောင်းချပေးနေခြင်းဖြစ်သည် ဟူသော သတင်းစကား များထွက်ပေါ်နေသောကြောင့် အစိုးရ၀န်ထမ်းများနှင့်ပြည်သူအများစုမှာ ကျပ်သောင်းဂဏန်းတန် မိုဘိုင်း ဖုန်းများအားစောင့်စား နေကြခြင်းဖြစ်ကြောင်းသိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့