Wednesday, August 8, 2012

ထုတ်ဝေခွင့်ရပ်ဆိုင်းခဲ့သည့် သတင်းဂျာနယ်(၂)စောင်အား စီစစ်ရေးက ပြန်လည်ခွင့်ပြု

စောဇင်ညီ(မြစ်မခ)
7 Aug, 2012

အကန့်အသတ်မရှိ ထုတ်ဝေခွင့်အပိတ်ပင်ခံထားရသော သတင်းဂျာနယ်နှစ်စောင်အား သြဂုတ်လ(၆) ရက်နေ့တွင် စာပေစီစစ် နှင့်မှတ်ပုံတင်ဌာနက ပြန်လည်ထုတ်ဝေခွင့်ပြုလိုက်ပြီဖြစ်သည်။

အဆိုပါဂျာနယ်များအတွက် သတင်းထောက်များက အမဲရောင်တူညီဝတ်စုံဖြင့် လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ပြီး (၂)ရက် အကြာ တွင် ယခုလို ပြန်လည်ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ပိတ်ပင်ခံရသော The VOICE ဂျာနယ်နှင့် ENVOY ဂျာနယ်တို့ကို ယခုလဒုတိယအပတ်မှ စ၍ပြန်လည်ထုတ်ဝေ ခွင့်ပြုလိုက် ခြင်းဖြစ်သည်။

“အခုလို ပြန်ပြီးထုတ်ဝေခွင့်ရတာ မီဒီယာသမားတွေ စည်းလုံးမှုလည်း ပါဝင်ပါတယ်၊ သတင်း လွပ်လပ်ခွင်ကော်မတီရဲ့ တောင်း ဆို ချက်တွေ အကုန်လုံးရရှိဖို့ ဒီထက်ပိုပြီး စည်းလုံးဖို့လိုပါတယ်’’ပာု ENVOY NEWS မှ အယ်ဒီတာချုပ် ဦးဇော်ထွဋ်မောင်က ပြောသည်။

အဆိုပါဂျာနယ်နှစ်စောင်အား စာပေစီစစ်နှင့်မှတ်ပုံတင်ဌာနမှ ရုံးတင်စည်းကမ်းမလိုက်နာမှု ကြောင့် ဇူလိုင်(၃ဝ)ရက်နေ့တွင် ထုတ်ဝေခွင့်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ပြီး သြဂုတ်လ ၁၅ ရက်နေ့မှစ၍စာပေစီစစ်ရေးသို့ ပြန်လည်တင်ခွင့်ရရှိခြင်းဖြစ်သည်။

“ကြာမယ်လို့ ထင်ထားတာ အခုလိုပြန်ထွက်တော့လည်း ကောင်းပါတယ်၊ဘာကြောင့်ပြန်ထွက်လဲ ဆိုတာတော့ သူတို့မပြောဘူး” ပာု THE VOICE ဂျာနယ်မှ အယ်ဒီတာ ဆရာဦးကျော်နိုင်က ပြောသည်။

THE VOICE WEEKLY ဂျာနယ်သည်လည်း သြဂုတ်လ ၁၈ ရက်နေ့ တွင် ပြန်လည်ထုတ်ဝေမည်ဖြစ်ကြောင်း သိရသည်။

စာပေစီစစ်ရေးအနေဖြင့် အဆိုပါဂျာနယ်နှစ်စောင်အား သတိပေးပြီးမှ ထပ်မံစည်းကမ်းဖောက်ဖျက်သည့်အတွက် အခြားနည်းလမ်း မရှိပဲ နှစ်ပါတ်ရပ်ဆိုင်းကာ ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြပါရှိသည်။

ဂျာနယ်(၂)စောင်အား ထုတ်ဝေခွင့်ယာယီရပ်ဆိုင်းအရေးယူမှုနှင့်ပတ်သက်၍စာပေစီစစ်နှင့် မှတ်ပုံတင်ဌာနက သက်ဆိုင်ရာ ဂျာ နယ်များအား သြဂုတ်လ(၆)ရက်နေ့က တွေ၌ဆုံပြီးနောက် ယခုကဲ့သို့ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့