Friday, August 10, 2012

ကော့သောင်း ကျောက်မီးသွေးသုံး စက်ရုံ စမ်းသပ်လည်ပတ်ပြီး ရပ်နားထား

ကွန်းချမ်း
သြဂုတ်လ ၀၉ ရက် ၂၀၁၂ ခုနှစ်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ပေါ်ရှိ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံကို သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များက စတင်စမ်းသပ် လည်ပတ်ခဲ့ပြီးနောက် ပြန်လည် ရပ်နားထားလိုက်ရ ကြောင်း ဒေသခံများက ပြောသည်။

လျှပ်စစ်ဓါတ်အား ၈ မဂ္ဂါဝပ်ထုတ်လုပ်မည့် အဆိုပါစက်ရုံ စတင်လည်ပတ်ရာမှ ထွက်ပေါ်လာသည့် ကျယ်လောင်သံများ ကြောင့် အနီးဝန်းကျင်ရှိ နေအိမ်များ တုန်ခါခြင်းနှင့် စာသင်ကျောင်းမှ ကလေးငယ်များ ကြောက်လန့် ထွက်ပြေးခြင်းများ အပြင် အနံ့အ သက်ဆိုးများကိုလည်း ရှူရှိုက်ရသည်ဟု သန်းဖြိုးသူ ကုမ္ပဏီ လိမိတက် ပိုင်ဆိုင်သည့် စက်ရုံရှိရာ ရွှေပြည်သာ ရပ်ကွက်နေသူ တို့က ပြောသည်။

“၆ ရက်နေ့ ၁၂ နာရီလောက်မှာ သူတို့ မီးစက် တအားနှိုးလိုက်တဲ့အခါတော့လေ လေယာဉ်တွေ ပျက်ကျလာသလိုသလို၊ တခါ တည်း လေယာဉ် ငါးစီးလို ဒီစက်က၊ ကလေးတွေကလည်း ထွက်ပြေးကြတယ်ရှင့်” ဟု စက်ရုံနှင့် ပေ ၃ဝ အကွာ တွင် နေထိုင် သည့် အမျိုးသမီးကြီးတဦးက ပြောသည်။

ရွှေပြည်သာရပ်ကွက်မှ ကျောင်းသားမိဘတဦးကလည်း “တခါမှ မကြားဖူးတော့ ကျောင်းက ကလေးတွေ စာသင်ရင်းနဲ့ ဟိုက ထွက်ပြေး၊ ဒီက ထွက်ပြေးနဲ့ မိဘတွေဆီ ထွက်ပြေးကြ။ ဆရာ ဆရာမတွေကလည်း ထိန်းသိမ်းလို့ မနိုင်တော့ ဘူးလေ” ဟု ပြောသည်။

စက်ရုံနှင့် ၁၅ ပေအကွာတွင် နေထိုင်သည့် ဈေးသည် တဦးကလည်း “စက်ရုံက မီးခိုးတွေနဲ့ ပြာမှုန့်တွေ ဖြစ်လာတဲ့ ဟာက မိုးသေးသေးလေး ကျလာသလိုပဲ။ မျက်စိထဲ ဝင်တယ်။ ညှော်တဲ့ အညှော်က ပိုဆိုးသေးတယ်ရှင့်” ဟု ပြောသည်။

သို့သော် စက်ရုံမှ တာဝန်ရှိသူ တဦးကမူ ၎င်းတို့စက်ရုံကြောင့် ပတ်ဝန်းကျင်အား အနှောက်အယှက် မဖြစ်နိုင်ကြောင်း စက်ရုံ မလည်ပတ်မီက ပြောဆိုခဲ့သည်။ “ဆိုးကျိုး သိပ်မရှိနိုင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ လူတွေနဲ့ မနီးဘူးလေ။ ပင်လယ် ကမ်းစပ်မှာ သွားလုပ်ထားတယ်။ တရုတ်က နည်းပညာက တော်တော်ကောင်းတယ်” ဟု မဇ္ဈိမအား
ပြောခဲ့ဖူးသည်။

“အဲဒီက ထွက်လာတဲ့ အညစ်အကြေးတွေကို စွန့်ပစ်လို့ ရတယ်။ စက်ရုံက အငွေ့ နည်းနည်းပါးပါး ထွက်မယ်။ ထွက်တဲ့ အငွေ့ တွေကိုလည်း စုပ်ယူဖို့ သစ်ပင်တွေ စိုက်ထားတယ်။ စစ်တဲ့ ကတော့ကြီး သုံးခု ရှိတယ်။ အဲဒီတော့ ပြင်ပကို အနှောက် အယှက် မရှိနိုင်တော့ဘူး” ဟု သူက ဆိုသည်။

ဒေသခံများကမူ စက်ရုံအနီးတွင် ထင်းရှူးပင် ၃၀ ခန့်သာ စိုက်ပျိုးထားရှိပြီး မီးခိုးခေါင်းတိုင် အမြင့်မှာလည်း ပေ ၄၀ ခန့်သာရှိ သည်ဟု ပြောဆိုကြသည်။

ထိုစက်ရုံ စတင် လည်ပတ်ခြင်းကို ကန့်ကွက်ဆန္ဒပြရန် သက်ဆိုင်ရာသို့ တင်ပြခဲ့သော်လည်း ပယ်ချခဲ့ရကြောင်း ဆန္ဒပြရန် ဦးဆောင်သူ တဦးက ပြောသည်။

“ငြင်းပယ်လိုက်တဲ့ အကြောင်းကို မြို့နယ်ရဲကနေ မနေ့က ကျနော့်ဆီ စာလာပေးတယ်။ အင်အား အရမ်းများသွားတယ်။ လုံခြုံရေး ၁ဝ ယောက်လောက်ပဲ ပေးနိုင်တယ်ဆိုတော့” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ တနင်္သာရီတိုင်း စည်းရုံးရေးမှူး ဦးသန်းထွန်း က ပြောသည်။

သြဂုတ်လ ၆ ရက်နေ့က ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ပြုရန် ဒေသ အာဏာပိုင်ထံသို့ တင်ပြရာတွင် ခန့်မှန်း လူဦးရေ သောင်းဂဏန်းထိ တင်ပြခဲ့ကြောင်း ဦးသန်းထွန်း က ပြောသည်။

စက်ရုံ လည်ပတ်ခြင်းကြောင့် ရွှေပြည်သာနှင့် အေးရိပ်ငြိမ်ရပ်ကွက်တွင် နေထိုင်သူများက အဆိုးဆုံး ခံစားရမည် ဖြစ်ပြီး စက်ရုံကို ရွှေ့ပြောင်းပေးရန်အတွက် စုပေါင်း လက်မှတ်ရေးထိုးကာ သမ္မတထံ ထပ်မံတင်ပြသွားမည်ဟု ပြောသည်။

နှစ်ရက်တာ စမ်းသပ်လည်ပတ်ပြီးနောက် ပြန်လည်ရပ်ဆိုင်းလိုက်ရခြင်းနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရန်အတွက် စက်ရုံတာဝန်ရှိ သူထံ မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့