Thursday, August 9, 2012

FEC ကို လာမည့်နှစ် မတ်လအတွင်း ဖျက်သိမ်းဖွယ်ရှိ

သိင်္ဂီထွန်း
သြဂုတ်လ ၀၈ ရက် ၂၀၁၂ ခုနှစ်

နှစ်ပေါင်း ၂ဝ ကြာ အသုံးပြုလာခဲ့သည့် နိုင်ငံခြားငွေ လဲလှယ်ခွင့် လက်မှတ် ဖြစ်သည့် Foreign Exchange Certificate - FEC ကို ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် ကုန်မည့် ၂ဝ၁၃ ခုနှစ်၊ မတ်လအတွင်း ဖျက်သိမ်း သွားရန်ရှိ သည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း က မဇ္ဈိမကို ပြောသည်။

“မြန်နိုင်သမျှ မြန်မြန်လုပ်မယ်။ ဒီဘဏ္ဍာရေးနှစ် မတ်လလောက်လည်း ဖြစ်ချင် ဖြစ်မှာပေါ့လေ။ အရင်တုန်းက ပြည်တွင်း မှာ ဒေါ်လာနဲ့ သုံးဖို့ အခက်ခဲ ရှိတဲ့အတွက် ဒေါ်လာနဲ့ တန်းတူ ဆိုပြီး ပြည်တွင်းသုံး ငွေကြေးအမျိုးစားတခု အဖြစ်နဲ့ တီထွင်သုံးစွဲခွင့် ပြုထားတာပါ” ဟု ဦးမောင်မောင်ဝင်း က ပြောသည်။

နိုင်ငံခြားငွေ လဲလှယ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ဒေါ်လာ၊ FEC တို့ သုံးစွဲနေခြင်းကြောင့် ငွေလဲလှယ်ရာတွင် လဲလှယ်မှု နှုန်း အမျိုးမျိုးဖြစ်နေပြီး ယခု FEC ကို ဖျက်သိမ်းကာ ငွေလဲလှယ်မှုနှုန်းကို ပြန်လည်ထိန်းချုပ် လုပ်ဆောင်ခြင်း သည် ကောင်းမွန် သည့် လုပ်ဆောင်မှုဟု ဘဏ်လုပ်ငန်းပညာရှင်တဦးဖြစ်သူ ဦးစံသိန်း က သုံးသပ်သည်။

“အရင်က Multiple Exchange Rate ငွေလဲလှယ်နှုန်းက အမျိုးမျိုးဖြစ်နေတယ်။ တရားဝင် ငွေလဲလှယ်နှုန်းက တမျိုး၊
ဒေါ်လာက တမျိုး၊ FEC က တမျိုး ဖြစ်နေတယ်။ အဲဒါကို တမျိုးတည်း ဖြစ်အောင် လုပ်ရမှာ။ FEC ကို ရုပ်သိမ်းမယ် ဆိုရင် ဖြည်းဖြည်းချင်း ရုပ်သိမ်းသွားမယ်ဆိုရင် ပြင်ပဈေးကွက် ပျောက်သွားမယ်” ဟု မဇ္ဈိမကို ပြောသည်။

အစိုးရအနေဖြင့်လည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအသစ် မူကြမ်းကို ရေးဆွဲနေပြီး ချေးငွေ လုပ်ငန်းများအပြင်နိုင်ငံငွေ များ ကို လွတ်လပ်စွာ ရောင်းဝယ်နိုင်တော့မည်ဟု ရန်ကုန် စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ်၊ အစိုးရ၏ ဘဏ္ဍာရေး ဆိုင်ရာ အကြံပေး ဦးမော်သန်းက ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့သည့် ‘၁၉၉၄၊ ၁၉၉၅ စီးပွားရေး တက္ကသိုလ် ကျောင်းသား ဟောင်းများနှင့် တွေ့ဆုံပွဲ’ တွင် ပြောကြားခဲ့သည်။

ဖျက်သိမ်းရန် ပြင်ဆင်နေသည့် FEC ကို ၁၉၉၃ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအတွင်း စတင် သုံးစွဲခဲ့သည်။

ဗုဒ္ဓဟူးနေ့ FEC ဝယ်ဈေးမှာ ၈၆၆ ကျပ်ဖြစ်ပြီး ရောင်းဈေးမှာ ၈၇၆ ကျပ် ရှိနေသည်။

မြန်မာနိုင်ငံဗဟိုဘဏ်မှ နှစ်ပေါင်း ၂၀ ကျော် သတ်မှတ်ထားသည့် တဒေါ်လာ ၆ ကျပ်နှုန်း ကိုလည်း ယခုနှစ် ဧပြီလမှ စတင်၍ တဒေါ်လာ ၈၀၀ ကျပ်ကျော်ဖြင့် ပြင်ဆင်သတ်မှတ်ခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့