Tuesday, August 7, 2012

ကွမ်းခြံများအတွင်း မြစ်ရေတိုး၍ကွမ်းဈေး(၄)ဆမြင့်တက်

ထက်အောင်ခန့် (မြစ်မခ)
6 Aug, 2012

ကွမ်းခြံစိုက်ပျိုးသည့်နေရာများတွင် မြစ်ရေနစ်မြှုပ်မှုကြောင့် ရန်ကုန်ရှိ ကွမ်းဈေးကွက်အတွင်း ကွမ်းဈေးနှုန်းမှာ (၂)လအတွင်း လေးဆခန့်အထိ မြင့်တက်လာကြောင်း သိရှိရသည်။

“ကွမ်းခြံတွေ ရေတက်ပြီး ကွမ်းအထွက်နည်းလို့ ကွမ်းဈေးတွေတက်တာပါ၊ ဒီနှစ်က မိုးလဲနဲနဲပိုတယ် လို့ထင်တယ်၊ ကွမ်းကမိုး လေးနဲနဲလေးရက်ဆက်ရွာတာနဲ့ ကွမ်းအကွက်တွေတုန်းပြီး ပျက်စီးတာ များတယ်၊ ဝါဆိုလဆိုတော့ ကွမ်းလည်း အထွက်နည်း သွားတယ်၊ ကွမ်းအထွက်နည်းတော့ ကွမ်း ဈေးကြီး သွားတာပါ’’ ဟုမော်လမြိုင်ကျွန်းမြို့ နယ်မှ ကွမ်းခြံစိုက်တောင်သူတစ်ဦးက ပြောသည်။

ယခုနှစ်မိုးရာသီသည် ယခင်နှစ်များထက် မိုးရွာချိန်များပြီး ကွမ်းခြံများအတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်ခဲ့မှုကြောင့် ကွမ်းပင်များ ပျက်စီးဆုံးရှုံးရခြင်း ဖြစ်ကြောင်း ကွမ်းစိုက်ပျိုးသည့်တောင်သူ များကဆိုသည်။

“ကွမ်းစိုက်တဲ့လမှာ ရေကြီးတော့ ကွမ်းဈေးတက်တာပေါ့၊ ကွမ်းတွေက ရေတက်တော့ကွမ်းရွက်ကကွက်ပြီး ပျက်စီးတာများတယ်၊ အဲ့လိုတွေဖြစ်လို့ ၂လအတွင်း ဈေးတက်လာတာပါ ’’ဟု သီရိမင်္ဂလာဈေးရှိ ဦးဥာဏ်မင်းကွမ်းဒိုင်မှ ဆိုင်တာဝန်ခံတစ်ဦးက ပြော သည်။

ဇွန်လပိုင်းအတွင်းက ပန်းတနော်(ရှယ်) တစ်ပိဿာလျှင် ကျပ် (၁၂ဝဝ) ဝန်းကျင်ရှိခဲ့ပြီး ယခု ပန်းတနော်(ရှယ်) တစ်ပိဿာ လျှင် (၅ဝဝဝ) ကျပ် ဝန်းကျင်၊ ၂ ရွက်တစ်ယာကွမ်းမှာမူ ယခင်က တစ်ပိဿာလျှင် (၁ဝဝဝ)ကျပ်မှ ယခုတစ်ပိဿာလျှင် (၁၅ဝဝ) ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ် ဖြစ်နေသည်ဟု သီရိမင်္ဂလာဈေး ကွမ်းဈေးကွက်က သိရှိရသည်။

လက်ရှိသီရိမင်္ဂလာဈေး ကွမ်းဈေးကွက်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီးမှ ပန်းတနော်၊ ဝါးခယ်မ၊ကျိုက်လတ်တို့မှ ကွမ်းအများ ဆုံးဝင်ရောက်ပြီး ဇလွန်ဘက်က ကွမ်းတွေအဝင်များနေကြောင်းနှင့် အမျိုးအစားကောင်းပြီး လူကြိုက်များသည့် ပန်းတနော်ကွမ်းမှာ အဝင်နည်းသွားသည့်အတွက် ဈေးနှုန်းမြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟု ကွမ်းဒိုင်များကဆိုသည်။

“အရင်က ၂ဝဝဖိုးဆိုရင် ၆ယာ ရတယ်၊ အခုက ၂ဝဝဖိုးဆိုရင် ၄-၅ ယာပဲ ရတော့တယ်၊ကွမ်းအရေအတွက်တော့ လျော့တာ ပေါ့’’ ဟုကွမ်းစားသူ တစ်ဦးကပြောသည်။

ထိုသို့ ကွမ်းဈေးမြင့်တက်လာခြင်းကြောင့် ကွမ်းယာဆိုင်များတွင်လည်း ကွမ်းအရေအတွက်လျော့ကာရောင်းချလျက်ရှိ ကြောင်းကို လည်း သိရှိရသည်။

“ကျွန်မတို့ကလဲ ကွမ်းဈေးတက်လာတော့ ရောင်းရတာခက်တယ်၊ အရင်ကဆို ဝယ်စားတဲ့သူတွေက ဘာလို့အယာတွေ လျော့တာ လဲလို့မေးတယ်၊ အမြဲပဲ ရှင်းပြရတယ်၊ ကျွန်မတို့ကလဲ လျော့ပြီးမရောင်းချင်ပါဘူး၊ ကွမ်းဈေးတွေတက်လာလို့ လျော့ရောင်းရ တာ ပါ’’ ဟု ကွမ်းယာရောင်းချသူ မချိုက ပြောသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့