■ ချုံခိုတိုက်ခိုက်မှုကြောင့် ဒီကေဘီအေ တပ်ရင်းမှူး သေဆုံး သတင်း
■ ကုလကိုယ်စားလှယ် မြန်မာနိုင်ငံရောက်ပြီ သတင်း
■ မြောက်ကိုရီးယားသင်္ဘောကပ်လျှင် မြန်မာအာဏာပိုင်တွေသာ စစ်ဆေးမည် သတင်း
■ မြန်မာစစ်အစိုးရကို အရေးယူသောနည်းလမ်း ထိုင်းဝန်ကြီးချုပ် မယုံကြည် သတင်း
■ မြန်မာအပေါ် တရုတ်သဘောထား ပြောင်းလဲလာပြီလား (မျက်မှောက်ရေးရာ)
■ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားသည့်အမှုနှင့် သတင်းစာရှင်းလင်းပွဲ ကွားခြားနေ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှု ဇူလိုင် (၃) ရက်သို့ ရွှေ့ သတင်း
■ တရားရုံးလျှောက်လှဲချက်များကို စစ်အစိုးရက သတင်းအပြည့်အစုံ မဖော်ပြ သတင်း
■ ကချင်ဒီမိုကရေစီသစ်တပ်မတော် နယ်ခြားစောင့်တပ်ဖွဲ့ရန် သဘောတူ၊ ကေဒီအေ ပြည်သူ့စစ်တပ်ဖွဲ့အသွင် ပြောင်းမည် သတင်း
■ တပ်သားသစ်စုဆောင်းနေပုံမှာ ဆိုးရွားပြီး ပြန်ပေးဆွဲသလိုဖြစ်နေ သတင်း
■ စစ်အစိုးရ ဘိန်းစိုက်ပျိုးမှုပပျောက်ရေးစီမံကိန်း မအောင်မြင်ဟု ရှမ်းမူးယစ်စောင့်ကြည့်ရေးအဖွဲ့ ပြော သတင်း
■ ၀ါဆိုသံဃာတော်များကို ကိုယ်ရေးအတ္ထုပ္ပတ္တိ တောင်းယူ သတင်း
■ အာဏာပိုင်များက အင်းစိန်ထောင်တွင်း ပဋိပက္ခဖန်တီးနေ သတင်း
■ ရပ်ကွက်အာဏာပိုင်များ ရိုက်နှက်မှုကြောင့် အပြစ်မဲ့လူငယ်တဦး သေဆုံး သတင်း
■ တနသာင်္ရီတိုင်းမှတ်ပုံတင်မဟုတ်ရင် ထိုင်းဘက်ကမ်းသို့ သွားခွင့်မပြု သတင်း
■ မြန်မာအလုပ်သမား ထိုင်းနိုင်ငံတွင် အသတ်ခံရ သတင်း
■ ဦးဂမ္ဘီရ ထောင်ဒဏ် (၅) နှစ် လျော့ သတင်း
■ ရဲချုပ်ရှင်းလင်းချက် ဥပဒေနှင့်မညီဟု သုံးသပ်နေကြ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရန် အဖွဲ့ချုပ်မိတ္ထီလာ ထပ်မံတောင်းဆို သတင်း
■ သီရိလင်္ကာကိုအားကျ မြန်မာစစ်အစိုးရ ပြည်သူ့စစ် ထပ်မံစုဆောင်း စစ်ရေးလေ့ကျင့်ပေးနေ သတင်း
■ ဆလိုင်းတင်မောင်ဦး ဂုဏ်ပြုဆန္ဒပြပွဲ ကျင်းပ သတင်း
■ မိုက်ကယ်ဂျက်ဆင်သီချင်းများ MRTV 4 ထုတ်လွှင့်မည် သတင်း
■ ကလေးတွေဆန္ဒအရ စစ်တပ်ထဲသွင်းပေးခဲ့ရတာဟု စစ်တပ်ကဆို သတင်း
■ တနင်္သာရီ ရေအားလျှပ်စစ်စီမံကိန်းအတွက် ကွင်းဆင်းလေ့လာနေ သတင်း
■ ကြံ့ဖွတ်မှ တာဝန်ယူဆောက်လုပ်ပေးသော စာသင်ကျောင်း ရွာသားများ လက်မခံ သတင်း
■ ပေါ့ပ်အဆိုကျော် မိုက်ကယ်လ်ဂျက်ဆင် ကွယ်လွန် သတင်း
Saturday, June 27, 2009
နေ့စဉ်သတင်းများ (၂၆- ၆ - ၀၉)
နအဖရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် သဘောထားဟာ အဓိကစံ ဖြစ်တယ်
ရဲဘော်ဖိုးသံချောင်း
၂၄ ဇွန် ၂၀၀၉
ဒီနေ့ဗမာပြည်နိုင်ငံရေးမှာ နအဖစစ်အစိုးရရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ် ဘယ်လို သဘောထားတယ် ဆိုတာဟာ နိုင်ငံရေး ပါတီတွေ၊ အင်အားစုတွေနဲ့ လူတဦးချင်းရဲ့ ရပ်တည်ချက်ကို တိုင်းတာတဲ့ စံတခု ဖြစ်နေ ပါပြီ။ လွယ်လွယ် အရပ်သားစကားနဲ့ ပြောရရင် စစ်အုပ်စုရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထောက်ခံသူဟာ စစ်အာဏာရှင် စနစ်ရဲ့ဘက်သား၊ ကန့်ကွက်သူ ဟာ ပြည်သူ့ ဘက်သား ဖြစ်ပါတယ်။ တကယ်တော့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ဆိုတာဟာ အဲဒီနိုင်ငံရဲ့လက္ခဏာကို ပြဋ္ဌာန်းတာ၊ ဖော်ပြတာ ဖြစ်တဲ့ အတွက် ဒါဟာ တိုင်းပြည်တခုရဲ့ သေရေးရှင်ရေး ပြဿနာဆိုရင် မမှားပါဘူး။ တိုင်းပြည်ရဲ့ ပစ္စုပ္ပန်၊ အနာဂတ်တို့ကို အဆုံးအဖြတ် ပေးနိုင်တဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗမာနိုင်ငံက နိုင်ငံရေး ပါတီတွေ၊ အင်အားစုတွေနဲ့ လူတဦးချင်း အနေနဲ့ ဒီသမိုင်း အကွေ့မှာ နအဖ စစ်အစိုးရက မတရား အတည်ပြု ခဲ့တဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ် ဘယ်လို သဘောထား ရှိခဲ့တယ် ဆိုတာဟာ နောင် သူ့သမိုင်းမှာ အမြဲ ကပ်ပါသွားမယ့် မှတ်တိုင်တခုလည်း ဖြစ်ပါတယ်။
ဒီ “ဖွဲ့စည်းပုံအခြေခံဥပဒေ” အခြေခံဥပဒေနဲ့ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ သူတို့ရဲ့ သဘောထားကို ရွှေဂုံတိုင် ကြေညာချက်မှာ တိတိလင်းလင်း ဖော်ပြခဲ့ပြီးပါပြီ။ သူတို့ ဘာကြောင့် လက်မခံတယ်၊ ဘာတွေ လက်မခံတယ် ဆိုတာကို အသေးစိတ် မဖော်ပြခဲ့ပေမယ့် သူတို့ရဲ့ ဖော်ပြခဲ့တဲ့ သဘောထား၊ လုပ်ရပ်ဟာ မှန်ကန်တယ်လို့ပဲ ပြည်သူ အများစုကြီးက မြင်ကြပါတယ်။ နအဖရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ပြုပြင်ဖို့ လိုတယ်လို့ ထောက်ပြ လိုက်တာဟာ ဒီနေ့ နအဖရဲ့ ဒီမိုကရေစီ အောက်မှာ လုံလောက်တယ်လို့ အများက နားလည်ကြပါတယ်။
လတ်တလောဗမာပြည်ရဲ့ နိုင်ငံရေးမှာ ရှေ့ဆုံးကို တက်လာနေတဲ့ ပြဿနာ တခုကတော့ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေရဲ့ ကိစ္စဖြစ်ပါတယ်။ ဒီအင်အားစုတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ သူတို့ရဲ့ သဘောထားကို ညောင်နှစ်ပင် ညီလာခံမှာ စနစ်တကျ တင်ပြခဲ့ပါတယ်။ ဒါပေမယ့် သူတို့ တင်ပြချက်ကို နအဖ အစိုးရဟာ အဲဒီကတည်းက အများပြည်သူ အကြားမှာ အကျယ်အပြန့် ဖြန့်ဖြူးခွင့်၊ ဆွေးနွေးခွင့် မပေးရုံမက ညောင်နှစ်ပင်က ကုလားထိုင်တွေ အကြားမှာပဲ ချောင်ထိုးထား လိုက်ပါတယ်။ ဒီနေ့ နအဖနဲ့ ဒီအပစ်ရပ် အဖွဲ့အစည်း တွေအကြား ဖြစ်ပေါ်နေတဲ့ တင်းမာမှုဟာ အဲဒီလို နအဖက လူကြီး လူကောင်း မဆံခဲ့တာတွေနဲ့ တိုက်ရိုက် ဆက်နေပါ တယ်။ သူတို့ကို နအဖက နိုင်ငံရေးကိစ္စ၊ နိုင်ငံရေး ပြဿနာ တင်ပြခွင့်၊ ပြောကြားခွင့် မပြုဘူးလို့ သူတို့ မှန်ကန်စွာ ခံစား နေရပါတယ်။
၁၉၈၉ ခုနှစ်တုန်းက ဗကပ လက်အောက်ကနေ ခွဲထွက်ကြတုန်းက နဝတ စစ်အစိုးရဟာ တနပ်စားဉာဏ်နဲ့ “ကျုပ်တို့ကတော့ စစ်အစိုးရပဲ၊ ရွေးကောက်ပွဲပြီးလို့ တက်လာတဲ့ အစိုးရနဲ့ကျမှ ခင်ဗျားတို့ နိုင်ငံရေး ကိစ္စဆွေးနွေး ကြပါ။ ၁၉၉ဝ ပြည့်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပပေးမှာပဲ” လို့ ချွေးသိပ်ပြီး ပိုနေမြဲ ကျားနေမြဲ နေခဲ့ကြပြီး တလျှောက်လုံး စစ်ရပ်စဲရေး ဆိုတာနဲ့ပဲ တည်ရှိခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ စစ်အစိုးရဟာ သူတို့ရဲ့ ညောင်နှစ်ပင်မှာ ဝါဒဖြန့် ကောင်းအောင်လို့ အတွက် ဒီအပစ်ရပ် အဖွဲ့အစည်းတွေကို တက်ခိုင်းပြီး ဒီလူတွေဟာ “တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ”၊ “တိုင်းရင်းသား ကိုယ်စားလှယ်ကြီးတွေ” လို့ ဝိသေသနတွေ တပ်ပေး ခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာကျတော့ သူတို့ရဲ့ အဖြစ်ဟာ ရုပ်ပြသက်သက်သာ ဖြစ်နေတယ် ဆိုတာကို သူတို့ရဲ့ စာတမ်း ချောင်ထိုးခံရတဲ့ အဖြစ် အပျက်က ရှင်းလင်းစွာ ဖော်ပြနေပါတယ်။ အခုနောက်ဆုံး ဒီအဖွဲ့တွေကို နယ်ခြားစောင့် ပုလိပ် လုပ်ခိုင်းရာမှာ သူ့ကိုယ်သူ ဗိုလ်သန်းရွှေရဲ့ကိုယ်စားလှယ် ပါလို့ ပြောတဲ့ ဗိုလ်ရဲမြင့်က ဝ ပြည် သွေးစည်းညီညွတ်ရေး ပါတီကို “ခင်ဗျားတို့ရဲ့ တိုက်တွေ တာတွေ မနှမြောဘူးလား” ခနဲ့တဲ့တဲ့နဲ့ ခြိမ်းခြောက်တာဟာ သူတို့ရဲ့ ဒီအဖွဲ့အစည်းတွေ အပေါ် သဘောထား မမှန်မှု၊ အထင်သေး၊ ပြက်ရယ် ပြုလိုမှုတွေကို ဖော်ပြနေတာ ဖြစ်ပါတယ်။
ဒီက တဆင့်တက်ပြီး နအဖစစ်အစိုးရဟာ သူတို့ စိတ်ကြိုက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲပြီး ဖြစ်ကတတ်ဆန်း အတည်ပြု လိုက်ကြပါတယ်။ ဒီနောက် ဘာမှ မကြာဘူး ဒီအပစ်ရပ် အင်အားစုတွေကို “မင်းတို့တတွေ နယ်စပ် ကာကွယ်ရေးတပ်တွေ လုပ်ကြ၊ ဒေသ ပြည်သူ့စစ်တွေ လုပ်ကြ” ဆိုပြီး ခန့်ခွဲ အမိန့် ပေးလာပါတယ်။ ဒီအခါမှာ နိုင်ငံရေး သူငယ်နှပ်စားတွေ မဟုတ်တဲ့၊ ဆယ်စုနှစ်နဲ့ချီ လက်နက်ကိုင် တိုက်ခဲ့ဖူးကြတဲ့၊ တော်လှန်ရေးသမား ဟောင်းတွေဟာ အနည်းဆုံး ကိုယ့်ဂုဏ်သိက္ခာ အတွက် နအဖကို အာခံ ရပ်တည် လာကြပါတယ်။ သူတို့ပါးစပ်က ထုတ်မပြောပေမယ့် သူတို့ ဖော်ပြနေတာက နိုင်ငံရေးအရ ဆွေးနွေးတာ မလုပ်ဘဲနဲ့တော့ လက်နက်ကို မစွန့်နိုင်ဘူး၊ နအဖ အမိန့်ပေးတိုင်း မလိုက်နာနိုင်ဘူးရယ် လို့ပဲဖြစ်တယ်။ နအဖရဲ့လုပ်ပုံက သူ့လက်အောက်ခံတွေလို နာခံခိုင်းတာ သက်သက် ဖြစ်နေပါတယ်။ “ဒါလုပ်ရင်လုပ်၊ မလုပ်ရင် - - -” ဆိုတာမျိုး ဖြစ်နေပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် လေးစား တန်ဖိုးထားသူတွေ အနေနဲ့ အခုလို ရပ်တည် ရင်ဆိုင်တာ တရားပါတယ်။ ကျိုးကြောင်း ဆီလျော်ပါတယ်။
အပစ်အခတ်ရပ်စဲထားတဲ့ အင်အားစုတွေအနေနဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိတာနဲ့ စာရင် ရှိတာက တော်သေးတယ်” လို့ ပြောနေသူတွေလို မစဉ်းစား နိုင်ပါဘူး။ တချို့လူတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာလေး ပြစရာရှိတော့ နအဖနဲ့ ပေါင်းဖို့အတွက် အကြောင်းပြစရာ ရတာပေါ့လို့ သဘောထားတာပါ။ တချို့ကတော့လည်း နအဖရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ထဲမှာ ဘာတွေပဲ ပါနေနေ၊ ငါတို့ အမတ်ဖြစ်ရင် ပြီးရောလို့ အောက်မေ့ နေကြပါတယ်။ ဒါမျိုးကို အပစ်ရပ်အဖွဲ့တွေ မလုပ်နိုင်ပါဘူး။ သူတို့မှာ ယုံကြည်ချက် ရှိပါတယ်။ မူရှိပါတယ်။ တော်လှန်တဲ့ နိုင်ငံရေးအခြေခံ နောက်ကြောင်းတွေလည်း ရှိပါတယ်။ ထောက်ထားရမယ့် တိုက်ဖော် တိုက်ဖက် အာဇာနည်တွေ အပြင် အသက်ပေး ကာကွယ်ရမယ့် အမျိုးသား အကျိုးစီးပွားတွေလည်း ရှိပါတယ်။
သူတို့ဟာ မနေ့တနေ့ကမှ နအဖအလိုကျ နိုင်ငံရေး ထလုပ်တဲ့ လူတွေလို စစ်အစိုးရ ကြိုးဆွဲရာ မကနိုင်ပါဘူး။ နအဖ ဗိုလ်ချုပ်တွေက ထားရာနေ စေရာ သွားခိုင်းတဲ့ အတိုင်း မလုပ်နိုင်ပါဘူး။ ဒီ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုသာ မဆန့်ကျင်လိုက်ရင် သူတို့သမိုင်း ဘာဖြစ်သွားမယ် ဆိုတာ သူတို့ သဘောပေါက်ပါတယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုသာ ထောက်ခံမိရင် နောင်မှာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပျက်သွားဦးတောင်မှ သူတို့ အပေါ်မှာ တင်နေမယ့် အမည်းစက်ကြီးဟာ ဘယ်လိုမှ မပျက်နိုင်တော့ဘူးဆိုတာ သူတို့ ကောင်းကောင်း သိပါတယ်။
ဒီနေ့ဗမာပြည်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံကိစ္စဟာ စေ့စပ်လို့ မရတဲ့ ကိစ္စဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ မလဲနိုင်ပါဘူး။ ဆိုလိုတာ ကိုယ်က သူ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသိ အမှတ် ပြုပေးမယ်၊ သူက ကိုယ့်ကို အဲဒီရွေးကောက်ပွဲ ကျင်းပပေး ဆိုတာမျိုး လုပ်လို့ မဖြစ်ပါဘူး။ ဒီနှစ်ခုဟာ ခေါင်းနဲ့ ပန်းလိုပဲ ခွဲခြားလို့ မရတဲ့ အရာနှစ်ခု ဖြစ်ပါတယ်။ နှစ်ခုစလုံးဟာ နအဖစစ်အုပ်စု အာဏာ တည်မြဲရေး အတွက် လုပ်တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအထဲမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ပိုပြီး အခရာကျပြီး ကျောရိုးလည်း ဖြစ်ပါတယ်။ ဒီနအဖ စစ်အုပ်စုရဲ့ ကျောရိုးဖြစ်လာမယ့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို တိုက်ဖျက်ရေးဟာ ဒီနေ့ခေတ် ဗမာပြည်သားတိုင်းရဲ့ သမိုင်းပေး တာဝန်ဆိုရင် မမှားပါဘူး။
Ref: ခေတ်ပြိုင်
Friday, June 26, 2009
နေ့စဉ်သတင်းများ (၂၅- ၆ - ၀၉)
■ ရန်ကုန်တွင် A(H1N1) တုပ်ကွေးဖြစ်ပွားနေဟု သတင်းများပျံ့နှံ့ သတင်း
■ နအဖစစ်အစိုးရကို နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုတော့မှာလား သတင်း
■ လှိုဏ်ခေါင်းသတင်းကြောင့် ထောက်လှမ်းရေးများ၊ သတင်းသမားများကို စစ်ဆေးနေ သတင်း
■ နအဖစစ်အစိုးရ မြေအောက်ဥမင် (၈၀၀) နီးပါး လျှို့ဝှက်ဖောက်လုပ်နေ သတင်း
■ မြောက်ကိုရီးယားသင်္ဘောအကြောင်း စစ်အစိုးရငြင်းဆို သတင်း
■ Kang Nam သင်္ဘောသတင်း မရရှိသေးဟု မြန်မာစစ်အစိုးရက မီဒီယာများမှ ကြေညာ သတင်း
■ မြောက်ကိုရီးယားသင်္ဘောကိစ္စ စစ်အစိုးရရှင်း သတင်း
■ မြောက်ကိုရီးယားသင်္ဘောကို ကြားဖြတ်စစ်ဆေးဖို့ အမေရိကန် မဆုံးဖြတ်သေး သတင်း
■ စစ်လက်နက်ပစ္စည်းများ တင်သွင်းရန် အသုံးပြုသည့် သီလဝါဆိပ်ကမ်း သတင်း
■ မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံသို့ ထွက်ခွာ သတင်း
■ ယက်တောအမှု ဒေါ်အောင်ဆန်းစုကြည်တွင် တာဝန်ရှိဟု ရဲချုပ်က အပြစ်တင် သတင်း
■ ယက်ထောကို ကြိုးကိုင်သူရှိဟု ရဲချုပ်ပြော သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှု တရားရုံးမှာ နှစ်ဘက်လျှောက်လဲချက်ပေး သတင်း
■ ဦးဝင်းတင် သက်သေမဖြစ်သင့်ဟု အစိုးရရှေ့နေပြော သတင်း
■ NLD ဗဟိုအလုပ်မှုဆောင်များနှင့် ထင်ရှားသော ခေါင်းဆောင်များ (ဆောင်းပါး)
■ မြန်မာနိုင်ငံ စိတ်ကြွဆေးထုတ်လုပ်မှု အရှိန်အ၀ါကြီးသူတွေ ပါဝင် သတင်း
■ KNU တပ်စခန်းများ ထပ်မံထိုးစစ်ဆင်ခံရဖွယ်ရှိ သတင်း
■ အမည်မသိ သေနတ်သမားများက ထိုင်းနိုင်ငံရောက် ကရင် (၂) ဦးကို ပစ်သတ် သတင်း
■ ကရင်ရွာသား (၂) ဦးကို ဒီကေဘီအေက ပစ်သတ် သတင်း
■ မြန်မာနိုင်ငံသား (၅) ဦးကို ဘင်္ဂလားအာဏာပိုင်များက ဖမ်းဆီး သတင်း
■ တပ်မတော်နေ့ စစ်ရေးပြသွားသူ တပ်သား (၁၀၀) ခန့် တပ်ရင်များသို့ ပြန်မရောက် သတင်း
■ စစ်ကိုင်းတောင်မှ သီလရှင်ဆရာလေးများ ဆွမ်းဆန်အခက်အခဲဖြစ် သတင်း
■ ရေနံချောင်းနှင့် ပဲခူးမြို့နယ်များရှိ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ ဖြန့်ဝေရေးလှုပ်ရှားမှုများ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် မလေးရှား၌ အဖမ်းခံရသည့် ကျန်မြန်မာ (၈) ဦးအတွက် စိုးရိမ် သတင်း
■ မလေးရှားတွင် ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ၌ ဖမ်းဆီးခံရသူများ မလွတ်သေး သတင်း
■ မိုးရာသီရောက်သော်လည်း လျှပ်စစ်မီးမမှန်သေး သတင်း
■ သပိတ်ကျင်းမြို့နယ်တွင် စစ်တပ်က အတင်းအဓမ္မ ပေါ်တာဆွဲ သတင်း
■ တောင်တွင်းကြီး၌ ကာလ၀မ်းရောဂါဖြစ်ပွားမှု သိသိသာသာ မကျဆင်းသေး သတင်း
■ ဘေးကြားမျိုးစပါးများ တစေ့မှအပင်မပေါက်ဟု ဘိုကလေးဒေသခံ လယ်သမားများပြော သတင်း
Thursday, June 25, 2009
မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေးလျှို့ဝှက်ချက်များ
အောင်ဇော်
Wednesday, 24 June 2009 17:08
ခေတ်သစ် ဒုံးပျံ ဆိုင်ရာ နည်းပညာများ ရရှိရန် နှင့် သမားရိုးကျ လက်နက်များကို အဆင့်မြှင့်ရန် အသည်း အသန် ကြိုးပမ်း နေသည့် မြန်မာအစိုးရ၏ ရည်ရွယ် လုပ်ဆောင်ချက်များမှာ လျှို့ဝှက် ကိစ္စ တခု မဟုတ်တော့ပါ။ သို့သော်လည်း သည်အတိုင်း လွှတ်ထားပါက ဒေသဆိုင်ရာ တည်ငြိမ်မှုကို ခြိမ်းခြောက်လာဖွယ် ရှိနေသည်ဟု သုံးသပ်ရ ပေလိမ့်မည်။
သမိုင်းကြောင်းအရ အဓိက ရန်သူ ဖြစ်ခဲ့ရသည့် ထိုင်းနိုင်ငံမှ တပ်မတော် ခေါင်းဆောင်များကလည်း မြန်မာနိုင်ငံတွင် တာတို နှင့် တာလတ်ပစ် ဒုံးပျံများ ပိုင်ဆိုင်လာသည်ကို မြင်လိုဖွယ် မရှိကြပေ။ သို့ဆိုလျှင်တော့ သူတင်း၊ ကိုယ်တင်း ဒေသတွင်း လက်နက် အင်အား ဖြည့်တင်း ပြိုင်ဆိုင်ပွဲများလည်း ဖြစ်လာနိုင်ဖွယ် ရှိနေသည်။ ထို့အပြင် မြန်မာ စစ်ဗိုလ်ချုပ်များက အနောက် နိုင်ငံများကို စိုးရိမ် ကြောက်ရွံ့ နေစိတ်ကလည်း နာတာရှည် ရောဂါသဖွယ် ရှိနေရာ၊ ပြီးခဲ့သည့်နှစ်က ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ဒေသတွင် လေဘေးသင့် ဒုက္ခသည်များကို အကူ အညီများ ပေးပို့ နိုင်ရေး အတွက် မြန်မာ့ ရေပိုင်နက် အနီးတွင် နိုင်ငံခြား ရေတပ် စစ်သင်္ဘောများ ဆိုက်ရောက်လာသည်မှ စ၍ ပို၍ အဖြစ်သည်း လာခဲ့သည်။
ထိုအချိန်မှ စ၍ မြန်မာ စစ်ခေါင်းဆောင်များက ပြင်ပ ခြိမ်းခြောက်မှု ရန်ကို ကာကွယ် နိုင်ရေးအတွက် တာလတ်ပစ် ဒုံးပျံများ၊ အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေး လက်နက်များ၊ ရေဒါစနစ်များ ရရှိရန် ကြိုးပမ်းလာခဲ့ကြသည်။
စစ်အစိုးရ၏ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည်ပင် မြောက်ကိုရီးယား နိုင်ငံသို့ ၂ဝဝ၈ ခုနှစ်၊ နိုဝင်ဘာလတွင် လျှို့ဝှက် ခရီး သွားရောက်ခဲ့သည်။ အထက်ဖော်ပြပါ ခေတ်ပေါ် လက်နက်များသည် သူ၏ ဝယ်ယူရမည့် ပစ္စည်း စာရင်းတွင် ပါဝင်နေမည်ကတော့ အသေအချာပင်။
တပ်မတော် ကြည်းရေလေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ရွှေမန်းက တရုတ်နိုင်ငံမှ တဆင့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မြောက်ကိုရီးယား နိုင်ငံ၊ ပြုံယမ်း မြို့တော်သို့ ၇ ရက်ကြာခရီး သွားရောက်ခဲ့သည်။
အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ကို ပြုံယမ်းမြို့တော်နှင့် မြိုယမ်းမြို့ရှိ အရေးပါသည့် နေရာများကို လှည့်လည် ပြသခဲ့ပြီး၊ တောင်ကြောများ အတွင်းရှိ ဥမင်များတွင် သိမ်းဆည်းထားသည့် ဂျက်တိုက်လေယာဉ်များ၊ ဒုံးပျံများ၊ တင့်ကားများ၊ အဏုမြူနှင့် ဓာတု လက်နက်များကို ပြသခဲ့ကြသည်။
ဗိုလ်ချုပ်ရွှေမန်းနှင့်အတူ လေကြောင်းရန် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင်၊ ဗိုလ်ချုပ်လှဋ္ဌေးဝင်း၊ ဗိုလ်ချုပ် ခင်အောင်မြင့်၊ ဗိုလ်ချုပ်သိန်းဋ္ဌေး၊ ဗိုလ်ချုပ်မြဝင်း နှင့် အကြီးစား စက်မှုလုပ်ငန်းမှ အခြား အဆင့်မြင့် အရာရှိများ ပါဝင်ကြသည်။ သေချာသည်မှာ ဤကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ်သည် မြောက်ကိုရီးယားနှင့် စစ်ရေးအရ ပို၍ ခိုင်မာစွာ ဆက်ဆံပြီး မဟာမိတ် ဖွဲ့ရန်ပင် ဖြစ်သည်။
နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်ရွှေမန်းနှင့် မြောက်ကိုရီးယားမှ စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးကြပြီး၊ မြန်မာနှင့် မြောက်ကိုရီးယား အကြား စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ရန် သဘောတူခဲ့ကြသည်။
မြန်မာနိုင်ငံရှိ အရေးပါသော စစ်ရေး အဆောက်အဦး တချို့ ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း သို့တည်းမဟုတ် ကြီးကြပ်ပေးခြင်း ပြုမည်ဟူသော သဘောတူညီချက် အရ ဤသို့သော အဆောက် အဦး များတွင် ဒုံးပျံများ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက် ထားနိုင်ရန် ဥမင်များ၊ လိုဏ်ဂူများလည်း ပါဝင်မည် ဖြစ်သည်။ ထိုမျှမက မြန်မာ့ တပ်မတော် အထူး တပ်ဖွဲ့များ အတွက် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကိုလည်း မြောက်ကိုရီးယားက ကူညီပေးမည် ဖြစ်သည်။ ဤ သင်တန်းများတွင် လေကြောင်းရန် ကာကွယ်ရေး သင်တန်းများနှင့် နှစ်နိုင်ငံ တပ်မတော် အရာရှိများ အကြား ဘာသာ စကား ဖလှယ်မှု သင်တန်းများလည်း ပါဝင်မည် ဖြစ်သည်။
အနာဂတ်တွင် မြန်မာ့တပ်မတော်ကို ဆက်လက် ဦးဆောင်မည့်သူဟု သတင်း ထွက်နေသည့် ဗိုလ်ချုပ် ရွှေမန်းက ၇ ရက်ကြာ ခရီးစဉ်အတွင်း မြိုယမ်းရှိ ရေဒါနှင့် ကြားဖြတ် ပိတ်ဆို့မှုဌာန (radar and jamming units) များ၊ ပြုံယမ်းရှိ လေကြောင်းရန် ကာကွယ်ရေး တပ်များ၊ လေကြောင်း တပ်ဖွဲ့များ၊ ကွန်ပျူတာဖြင့် ထိန်းချုပ် အမိန့်ပေး ဌာနများသို့လည်း သွားရောက် ကြည့်ရှုခဲ့သည်။
ဤကိုယ်စားလှယ်အဖွဲ့က ပြုံးယမ်းမြို့ပြင်ရှိ ဥမင်လိုဏ်ခေါင်း အတွင်းရှိ အဆောက်အဦး များတွင် ထုတ်လုပ်နေသည့် မြေပြင်မှ မြေပြင်ပစ် စကဒ် (SCUD) ဒုံးကျည် စက်ရုံများသို့ သွားရောက်၍ ဒုံးကျည် ထုတ်လုပ်နေမှု များကိုလည်း လေ့လာ ကြသေးသည်။ ၁၉၈ဝ ပြည့်နှစ်များ နှောင်းပိုင်းမှစ၍ မြောက်ကိုရီးယားက အီရန်၊ ဆီးရီးယားနှင့် အီဂျစ် နိုင်ငံများသို့ စကဒ် ဒုံးကျည်များ၊ ဒုံးကျည် ထုတ်လုပ်သည့် နည်းပညာများကို ပေးပို့ ရောင်းချခဲ့သည်ဟု ယူဆရပေသည်။
D အမျိုးအစား စကဒ်ဒုံးကျည် (SCUD-D) က ကီလိုမီတာ ၇ဝဝ အကွာအဝေးသို့ ပစ်ခတ်နိုင်ပြီး၊ E အမျိုးအစား စကဒ်ဒုံး (SCUD-E) က ကီလိုမီတာ ၁၅ဝဝ အထိ ပစ်ခတ်နိုင်သည်။ သို့ဆိုလျှင် ထိုင်းနိုင်ငံ အပါအဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများကို မြန်မာ စစ်အစိုးရက ကောင်းစွာ ခြိမ်းခြောက် ထားနိုင်လိမ့်မည် ဖြစ်သည်။ မြန်မာ-ထိုင်း နယ်စပ် တလျှောက်တွင် ယခုအခါ လေကြောင်းရန် ကာကွယ်ရေး ရေဒါစခန်း အနည်းဆုံး ၆ ခု တပ်ဆင် နေရာ ချထားပြီး ဖြစ်သည် ဟုလည်း ယုံကြည်ရသည်။
ခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ်များက တာတိုပစ် ၁ဝ၇ မမ နှင့် ၂၄ဝ မမ ဒုံး အများ အပြားကို တပြိုင်နက် ပစ်လွှတ်နိုင်သည့် ပစ်စင်များ၊ နိုင်ငံရပ်ခြားမှ ကျူးကျော်လာပါက ခုခံနိုင်မည့် အထွေထွေသုံး ဒုံးကာကွယ်ရေး စနစ်များကိုလည်း စိတ်ဝင်တစား လေ့လာမှု ပြုခဲ့ကြသည်ဟု လေ့လာ သုံးသပ်သူများက ဆိုကြသည်။
ထို့အပြင် ၎င်းတို့ အထူး စိတ်ဝင်စားခဲ့ကြသည်မှာ ခြေလျင်တပ်ရင်း များတွင် တွဲဖက် သုံးနိုင်သော တင့်ကားဖျက် လေဆာ ပဲ့ထိန်း နည်းပညာသုံး နောက်ဆုံးပေါ် ဒုံးကျည်များ ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံက မြောက်ကိုရီးယား ထံမှ တာတိုနှင့် တာလတ်ပစ် ဒုံးကျည်များကို ကုန်ဖလှယ်သည့် စနစ်ဖြင့် ဝယ်ယူခဲ့ကြပြီး ဖြစ်သည်ဟုလည်း မြန်မာ့ တပ်မတော် ကာကွယ်ရေး ဆိုင်ရာ လေ့လာ သုံးသပ်သူများက ဆိုနေကြသည်။
စစ်အစိုးရခေါင်းဆောင်များက D အမျိုးအစား စကဒ် ဒုံးကျည်များ၊ သို့မဟုတ် ၎င်းထက် ပြင်းအား များပြီး ကီလိုမီတာ ၃ဝဝဝ မျှ ပြေးနိုင်သည့် F အမျိုးအစား စကဒ် ဒုံးကျည်(SCUD-F) များ မှာယူထားခြင်း ရှိမရှိကိုမူ အတိအကျ မသိနိုင်ပါ။ အကယ်၍ တိုင်းရင်းသား လက်နက်ကိုင် သူပုန်များကို နှိမ်နင်းရန် ဆိုပါက ဤမျှ အဆင့်မြင့်သည့် လက်နက်များ မလိုအပ်ပါ။ သို့သော်လည်း မြန်မာနိုင်ငံက ဒုံးကျည်များ၊ ရေဒါများ၊ လေကြောင်း ကာကွယ်ရေး အေဝက် AWAC စနစ်များ၊ ဂြိုဟ်တု ဆက်သွယ်ရေး ဟန့်တား နှောင့်ယှက်သည့် စက်များ (GPS communication jammers)၊ ရှာဖွေ ရေး ရေဒါများ ရလိုသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် နေပြည်တော်ရှိ စစ်ခေါင်းဆောင်များက ခံစစ် အတွက်ရော၊ ထိုးစစ် အတွက်ပါ ပြင်ဆင်နေသည်မှာ သိသာပါသည်။
သမိုင်းကြောင်းအရ ပြန်ကြည့်လျှင် မြန်မာနိုင်ငံက အနောက်နိုင်ငံများမှ အထူးသဖြင့် အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ဆွစ်ဇာလန်၊ ဟော်လန် အပါအဝင် ဥရောပနိုင်ငံ တချို့ ထံမှ လက်နက်ငယ်များ၊ ဂျက် တိုက်လေယာဉ်များ၊ စစ်သင်္ဘောများ ဝယ်ယူ ဖြည့်တင်းခဲ့သည်။ သို့သော်လည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အုံကြွ တောင်းဆိုမှု အပေါ် အကြမ်းဖက် ဖြိုခွဲ နှိမ်နင်းပြီးသည့် အချိန်မှစ၍ မြန်မာနိုင်ငံသည် အနောက်နိုင်ငံများ၏ ဒဏ်ခတ် ပိတ်ဆို့မှု ခံခဲ့ရပြီး၊ စစ်တပ်ကို ခေတ်မီစေရန် ပြုပြင်ရေး အတွက် လက်နက်၊ ခဲယမ်းများကို တခြား ရနိုင်သည့် နေရာများမှ အငမ်းမရ ရှာဖွေ စုဆောင်းခဲ့သည်။ တရုတ်နိုင်ငံမှ ဂျက် တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများ ဝယ်ယူခဲ့သော်လည်း၊ အရည် အသွေး နိမ့်ခြင်း နှင့် ဝယ်ယူပြီး နောက်ပိုင်း ဝန်ဆောင်မှု ညံ့ဖျင်းခြင်း တို့ကြောင့် အခြား လက်နက်များ ဝယ်ရန် ဈေးကွက်ကိုလည်း ရှာဖွေနေခဲ့သည်။
ယခင်က ရုရှားနိုင်ငံလုပ် "ပီချိုရာ" (Pechora) လေကြောင်းရန် ကာကွယ်ရေး စနစ်မျိုး ဝယ်ယူခဲ့ဖူးပြီး၊ မြေပြင်မှ ဝေဟင်ပစ် လေကြောင်းရန် ကာကွယ်ရေး စနစ်များလည်း ဝယ်ယူခဲ့သည်။ လေ့လာသူများ အဆိုအရ ရုရှားနိုင်ငံက မြန်မာစက်မှု ပညာရှင်များကို နည်းပညာဆိုင်ရာ လေ့ကျင့်ပေးမှုများ၊ ဘာသာစကား သင်တန်းများ ပို့ချခဲ့သည်။
စစ်အစိုးရက ၎င်း၏ စစ်ရေးစွမ်းရည် ပိုမို တိုးတက်လာစေရန် ဆက်လက် ဖြည့်တင်းနေပြီး၊ နိုင်ငံ၏ အဖိုးတန်သည့် နိုင်ငံခြား အရံငွေများကို သုံးပြီး တပ်မတော်ကို ခေတ်မီ တိုးတက်စေရန် ကြံဆောင် နေသည်ဟု ဆိုရမည် ဖြစ်ပေသည်။ ခေတ်ပေါ်လက်နက် အသစ် အဆန်းများကို ပို၍ ဝယ်ယူ ဖြည့်တင်းနေသည်။
ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးက ၂ဝဝ၆ ခုနှစ်၊ ဧပြီလအတွင်း မော်စကိုသို့ သွားခဲ့ရာတွင် သူက ရုရှားနိုင်ငံ၏ ဝန်ကြီးချုပ် မစ်ခေးလ် ဖရက်ကော့ဖ် (Mikhail Fradkov) ကို ရုရှားလုပ် မစ်၂၉ (MiG-29) ဂျက် တိုက်လေယာဉ်များ ပိုမို ဝယ်ယူရန် ဆန္ဒရှိနေကြောင်း ပြောခဲ့သေးသည်။ (ယခင်ဝယ်ယူပြီး မစ် ၂၉ လေယာဉ် ၁၂ စီးအပြင် ထပ်၍ ဝယ်ရန် စိုင်းပြင်း နေခြင်း ဖြစ်သည်။) ထို့အပြင် တပတ်ရစ် အမ်အိုင် ၁၇ (MI-17) ရဟတ်ယာဉ် များလည်း ဝယ်ယူလိုသည်ဟု ပြောခဲ့သေးသည်။
မော်စကို ခရီးစဉ်အတွင်း ဗိုလ်ချုပ်ကြီး မောင်အေးက မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တာတိုပစ် ပဲ့ထိန်းဒုံးစနစ်ကို ရုရှားနိုင်ငံ၏ အကူအညီနှင့် တည်ဆောက် လိုသည်ဟု ဆိုခဲ့သည်။
စိတ်ဝင်စားဖွယ်အချက်မှာ တချို့သော လေ့လာသူများ အဆို အရ ဗိုလ်ချုပ်ရွှေမန်း၏ ခရီးစဉ်တွင် မြောက်ကိုရီးယား နိုင်ငံ၊ ပြုံယမ်းမြို့တော်ရှိ မြေအောက်ရထား စနစ်ကိုလည်း လေ့လာခဲ့သည်။ သဘောတရားအရ ပြောမည်ဆိုလျှင် မြေအောက်ရထား စနစ်က မြို့ပြဒေသများတွင် ပဋိပက္ခ စစ်ပွဲ ကာလအတွင်း တပ်များကို ထိထိရောက်ရောက် ရွှေ့ပြောင်း နေရာချနိုင်သော စနစ်လည်း ဖြစ်သည်။
၂ဝဝ၂-၂ဝဝ၃ ခုနှစ်ကတည်းကပင် မြန်မာနိုင်ငံက မြေအောက် ဥမင်များ နှင့် ဂူများ စတင် ဖောက်လုပ်ခဲ့ပြီး၊ လေယာဉ်များနှင့် လက်နက်များကို ဖုန်းကွယ် သိမ်းဆည်း ထားခဲ့သည်။ ထိုမျှမက ဗဟိုစစ်ရုံး အမိန့်ပေးနှင့် ထိန်းချုပ်ရေး စနစ်များကို ဖုံးကွယ် ထားရန် ရည်ရွယ်ခဲ့ခြင်းလည်း ဖြစ်သည်။
နိုင်ငံရပ်ခြား လေ့လာသူများ၏ အဆိုအရမူ ၂ဝဝ၁-၂ဝဝ၂ ခုနှစ် ကာလများ အတွင်းက ထိုင်းနိုင်ငံနှင့် ဖြစ်ပွားခဲ့သည့် နယ်စပ် ပဋိပက္ခများတွင် ရှက်ဖွယ်လိလိ အရေးနိမ့် ခဲ့ရသည့်အပေါ် စစ်အစိုးရက အခဲမကျေ ဖြစ်နေသည်ဟုလည်း ဆိုသည်။ ထိုင်းနိုင်ငံက ဤ တိုက်ပွဲများတွင် အက်ဖ် ၁၆ ဂျက် တိုက်လေယာဉ်များကို နယ်စပ် တလျှောက် အသုံးပြုခဲ့ပြီး၊ မြန်မာ စစ်တပ်များ၏ ရှေ့တန်း တပ်ဖွဲ့များနှင့် ဗဟို ထိန်းချုပ်မှုစနစ် အကြား ဆက်သွယ်ရေးကို ကောင်းစွာ ဟန့်တား နှောင့်ယှက် နိုင်ခဲ့သည်ဟုလည်း ဆိုသည်။
နောက်တကြိမ် ကြုံရလျှင် ပို၍ သာလွန်သောတပ် မဟုတ်လျှင်သော်မှ အင်အားတူ ဆင်နွှဲနိုင်ရန် မြန်မာ စစ်ဗိုလ်ချုပ်များက ကြံစည်ထားကြဟန် ရှိနေသည်။
အောင်ဇော် ရေးသားသည့် Asia’s ‘Axis of Evil’ Flexes Its Muscles ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
Ref: ဧရာဝတီ
နေ့စဉ်သတင်းများ (၂၄- ၆ - ၀၉)
■ ဂမ်ဘာရီ မြန်မာနိုင်ငံခရီးစဉ် စတင် သတင်း
■ မြောက်ကိုရီးယားသင်္ဘောသတင်း စစ်အစိုးရ ငြင်းပယ် သတင်း
■ ပြည်ပသတင်းဋ္ဌာနတွေ ဆက်သွယ်တဲ့ ဦးဝင်းတင် သက်သေမဖြစ်သင့်၊ စစ်အစိုးရရှေ့နေ တင်ပြ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်တရားခွင် ရွှေ့ဆိုင်းရဦးမည် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများလျှောက်လဲချက်ကို ဗဟိုတရားရုံး ကြားနာ သတင်း
■ ရန်ကုန်မှာ လုံခြုံရေးကားများ လှည့်ပတ် သတင်း
■ ကျန်းမာရေးစရိတ်မြင့်မားမှု စီးပွားရေးကို ထိခိုက်နိုင် သမ္မတအိုဘားမား သတိပေး သတင်း
■ နယ်ခြားစောင့်တပ်ကိစ္စ ကေအိုင်အိုက ငြင်းဆိုဟု လေ့လာသူများ ပြောဆို သတင်း
■ ထိုင်း-မြန်မာနယ်စပ်ငွေလဲနှုန်း ဘတ်ငွေ မြင့်တက် သတင်း
■ စစ်ပြေးဒုက္ခသည်နှစ်ဦးကို အမည်မသိ သေနတ်သမားများက သတ်ဖြတ်ခဲ့ သတင်း
■ နအဖတပ်နှင့် တပ်ပေါင်းစုအဖွဲ့ တိုက်ပွဲဖြစ် သတင်း
■ တရုတ်-မြန်မာနယ်စပ် မှောင်ခိုလမ်းတွင် အရွယ်ကောင်း လူငယ်များအား စစ်တပ်မှ ဖမ်းဆီး သတင်း
■ စစ်တပ်မှ ထက်ဝက်ဈေးနှုန်းဖြင့်သာ ဝယ်ယူမှုကြောင့် အုတ်လုပ်ငန်းရှင်များ အမြတ်အစွန်း ဆုံးရှုံး သတင်း
■ ရာမညတပ်ဖွဲ့မှ ခြံပိုင်ရှင်တဦးကို ခြိမ်းခြောက်စာ ပေးပို့ သတင်း
■ နိုင်ငံတကာဖိအားပေးမှု လက်မခံကြောင်း အီရန်ဘာသာရေးခေါင်းဆောင် ပြောဆို သတင်း
■ သံသယနှင့် ဖမ်းဆီးခံခဲ့ရသူတွေ နှိပ်စက်ညှဉ်းပန်းခံခဲ့ရ သတင်း
■ ၀က်တုပ်ကွေး (H1N1) ဘင်္ဂလာဒေ့ခ်ျနိုင်ငံကို စတင်ကူးစက် သတင်း
■ ဒီမိုကရေစီလှုပ်ရှားသူတိုင်းဟာ အနောက်တိုင်းလိုလားသူလား (တိုက်ရိုက်လေလှိုင်း)
■ မြောက်ကိုးရီးယားသင်္ဘောနှင့် အပစ်ရပ်များအပေါ် စစ်အစိုးရဖိအားပေးမှု ဆက်စပ်ဖွယ်ရှိ သတင်း
Wednesday, June 24, 2009
ဟိုတစ်စ ဒီတစ်စ တပ်တွင်း အက်ကွဲစများ - အပိုင်း (၁)
ဆောင်းပါးရှင် - ဝေဟင် (ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိ တစ်ဦး)
တပ်မတော်ထဲက အဆင် မပြေမှုများစွာကို ဒီနေရာကနေ ပြည်သူတွေဆီ ပြောပြချင်ပါတယ်။ ဒါမှလည်း “မြွေတိုင်း အဆိပ်မရှိဘူး” လို့ လက်ခံ အားပေးကြမှာပါ။ အရင်က ကျွန်တော်ဟာ စာစီ စာကုံးကိုတောင် အမှတ်ရအောင် ဘယ်လို ရေးရမှန်း မသိခဲ့သူပါ။ သူငယ်ချင်းတချို့ စာစီစာကုံး ပြိုင်ပွဲတွေဝင်ပြီး ဆုရတယ် ဆိုတဲ့ အခါ ဘယ်လို ရေးရတာပါလိမ့်လို့ မေးမိလို့ အဟား ခံခဲ့ရဘူးပါတယ်။
အခုတော့လည်း ရင်ထဲက ဆန္ဒနဲ့ အဖြစ်မှန်ကို ချရေးမိတဲ့အခါ ဆောင်းပါး တစ်ပုဒ်တော့ ဖြစ်လာခဲ့ပါပြီ။ စစ်တပ်ထဲက စစ်ဗိုလ်တိုင်း ရာထူး၊ အာဏာ၊ စည်းစိမ်တွေနဲ့ ပြည့်စုံနေတာ မဟုတ်သလို အခြားအဆင့် (အရာခံဗိုလ် မှ ရဲဘော်သစ်) တိုင်းလည်း ငတ်မနေ ကြပါဘူး။ ဘာကြောင့်ပါလဲ။ စစ်အာဏာရှင် စနစ်ကြောင့်ပါ။ ဒီစနစ်ဟာ တန်းတူရည်တူ အခွင့်အရေး မရရှိပါဘူး။
ဗိုလ်ချုပ်တွေ လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ နီးစပ်ရာ စစ်ဗိုလ်တွေ၊ အခြားအဆင့်တွေ အတွက်တော့ စစ်တပ်ဆိုတာ သုခဘုံကြီးပါ။ GE လို့ခေါ်တဲ့ ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်က တပ်ကြပ်ကြီး တစ်ယောက်ရဲ့ ပိုင်ဆိုင်မှုဟာ သာမန်ဗိုလ်မှူးကြီး တစ်ယောက်ရဲ့ ပိုင်ဆိုင်မှုနဲ့ ညီတယ်ဆိုတာ တပ်ထဲက လူတိုင်း သိနေတဲ့ ကိစ္စပါ။
ဒါပေမယ့်လည်း အရိုးစွဲ နေပြီဖြစ်တဲ့ ဗမာ့တပ်မတော်ရဲ့ ထုံးစံအတိုင်း ငါလည်း ဒီလို နေရာရောက်ရင် ခံစားရမှာပဲ ဆိုတဲ့ အတွေးနဲ့ပဲ မလုပ်၊ မရှုပ်၊ မပြုတ် နေကြရပါတယ်။ နေရာနဲ့ လုပ်ပိုင်ခွင့် ကိစ္စဟာ ဗိုလ်လောင်း ဘ၀မှာ ကတည်းက စခဲ့တာပါ။ လေ့ကျင့် ပေးခဲ့တာလား လေ့ကျင့်ခံခဲ့ ရတာလား၊ အကျင့်ဆိုးကို လက်ဆင့်ကမ်း ပေးခဲ့တာလားတော့ မတွေးလိုတော့ပါဘူး။
ကျွန်တော်တို့ ဗိုလ်လောင်းဘ၀မှာ လစာတွေ မတိုးသေးပါဘူး။ ဒါပေမယ့် လစာ ဘယ်လောက် ရသလဲ ဆိုတာတော့ မမှတ်မိတော့ပါဘူး။ ဘာလို့လဲ ဆိုတော့ လက်မှတ်ပဲ ထိုးပြီး လစာက လက်ထဲ မရောက်တာ များလို့ပါ။ First year အတွက်က ပိုဆိုးပါတယ်။ တပ်ခွဲ အဆောင်စစ်၊ အလှူငွေ၊ တပ်ရင်းစာစောင်၊ တပ်ခွဲ အားကစား၊ တပ်ရင်း ဂျွမ်းဘား စတဲ့ ကိစ္စတွေ အတွက် များစွာ ဖြတ်လိုက်တာမှာ တခါတရံ ကိုယ်က ပြန်တောင် အမ်းရပါသေးတယ်။ တကယ်ပါ၊ မယုံ မရှိပါနဲ့။
Second year နဲ့ Senior One ခေါ် တတိယ နှစ်မှာတော့ အကျိုးအကြောင်း ပြန် မေးရဲလာပြီ ဖြစ်လို့ Final Year Appointment (တပ်ခွဲမှူး/ တပ်စုမှူး အဖြစ် တာဝန်ပေးပြီး ဗိုလ်လောင်း အချင်းချင်း အရာရှိ အစား အုပ်ချုပ်သူ) တွေက ကျွန်တော်တို့ လစာငွေကို မဖြတ်ရဲ တော့ပါဘူး။
လက်ရှိ တပ်မတော်ရဲ့ မကောင်းတဲ့ အစဉ်အလာဖြစ်တဲ့ နေရာရရင် လုပ်ချင်တာ လုပ်ပြီး မဟုတ် မခံ တတ်သူများ၊ အမှန်တရားကို ချစ်မြတ်နိုး သူများအား ရာထူး ကြီးသူများက ကြည့်မရခြင်းဟာ အဲဒီမှာ ကတည်းက စခဲ့တာပါဘဲ။
အဲဒီဖြတ်ငွေတွေ ဘာလုပ်လဲလို့ မေးစရာရှိပါတယ်။ ကျွန်တော်လည်း Final year ရောက်မှပဲ သိပါတယ်။ အငယ် ဘ၀မှာတုန်းက Final Year Appointment တွေဟာ အချင်းချင်း သိပ်ချစ် ကြတာပဲ၊ Outpass ထွက်ရင်လည်း အတူတူ၊ စားတော့လည်း အတူတူပဲ ၊ ယူနီဖောင်း ဆိုလည်း မတ်နေတာပဲ၊ လစာလည်း ပိုတဲ့ အပြင် အိမ်တောင် ပို့နိုင်သေးတယ် ဆိုတာ သိနေတာဘဲ။
တကယ်ကတော့ အဲတာတွေဟာ ဗိုလ်လောင်း အချင်းချင်း ဖြတ်ခုတ်ထားတဲ့ ငွေတွေပါ။ ရာခိုင်နှုန်း တချို့ ကိုတော့ Appointment ဖြစ်ရေး အတွက် မစတဲ့ CI (နည်းပြချုပ်) နဲ့ အဲဒီအချိန်က DSA မှာ နာမည် အလွန်ကြီးတဲ့ SI (Senior Instructor) ဗိုလ်မှူး မြင့်လွင်ဆီကို ပသ ရပါတယ်။ 870 (အိပ် ဆဲဗင်း ဇီးရိုး) လို့ တပ်ထဲမှာ ပြောပြောနေတဲ့ ဂါရ၀ တရား ထားတတ်မှုကိုလည်း အဲဒီအချိန် ကတည်းက လေ့ကျင့် ပေးတာ ခံခဲ့ရတာပါ။
ဆရာကောင်းကို ဆည်းကပ်တတ်ခြင်း ကိုလည်း တတ်မြောက် ခဲ့ရပါတယ်။ အခုတော့လည်း ဒါတွေဟာ DSA ရဲ့ အိပ်ယာဝင် ပုံပြင်တွေ ဖြစ်သွားပါပြီ။ ဗိုလ်လောင်း အချင်းချင်း အုပ်ချုပ်မှုရဲ့ ဆိုးရွားတဲ့ အိပ်မရသော ညများစွာကို အကြောင်းပြုလို့ ဗိုလ်လောင်း အချင်းချင်း အပြစ်ပေးမှုကို ကန့်သတ်ဖို့ အရာရှိများက အုပ်ချုပ်မှု ၀င်ယူရာမှ Final year Appointment များ နေရာကို အရာရှိများက အမှား မရှိရအောင် ကိုင်တွယ် ပေးနေပါပြီ။
လစာကလည်း တိုးနေပြီ ဖြစ်ရာ ကျွန်တော်တို့ ခေတ်ကလို ယူနီဖောင်းစ ဖိုးလောက် မကတော့ပဲ ဆိုင်ကယ်ဖိုး/ GSM ဖိုးလောက် ဖြတ်နိုင်နေပါပြီ။ DSA နှင့် DSTA မှ နည်းပြ အရာရှိများတွင် စာပေနှင့် လေ့ကျင့်ရေးဌာန (၂) ခုမှ အရာရှိ အချင်းချင်းကို နှိုင်းယှဉ် ကြည့်လိုက်ပါ။ ပြင်ဦးလွင် မြို့ထဲက သာမန် အရပ်သားပင် ခွဲပြနိုင်ပါလိမ့်မယ်။
တပြိုင်တည်းပဲ စစ်သည်တွေရဲ့ ဘ၀တချို့ကိုလည်း သိခဲ့သလောက် ပြောပြ ပါမယ်။ ကျွန်တော်တို့ ပထမနှစ် စစ်ပညာ သင်နေချိန်မှာ ဆရာကြီး တစ်ယောက်က မုန့်ရောင်းပါတယ်။ ပထမနှစ် ဗိုလ်လောင်း ဘ၀မှာ အချိန်တိုင်း မအားရသလို အချိန်တိုင်းလဲ ဆာနေတတ်တာကို မရှက်တမ်း ၀န်ခံပါရစေ။ အဲဒီတုန်းကတော့ ဘာမှ မစဉ်းစား နိုင်ပါဘူး။ ၀ယ်စားခွင့် ရနေခြင်းသည်ပင် ကြီးမားသော ဆုလာဘ်ကြီး တစ်ခုကိုး။ ဘယ်သူ ရောင်းရောင်း ၀ယ်စားလို့ ရနေတာက ရှယ်ဘဲပေါ့။
Final year အရောက် မှာတော့ အဲဒီ ဆရာကြီးကို ကျွန်တော် မေးကြည့်မိပါတယ်။ သင်တန်းချိန်၊ သင်တန်းနေရာမှာ မုန့်ရောင်းခွင့်ကို ဘယ်လို ရပါသလဲ ဆိုတော့ လက်နက်ငယ် ဌာနမှူးဆီက ပါမစ် ရလို့ ပေါ့တဲ့၊ အဲဒီအတွက် ဘာပေးရသလဲ ဆိုတော့ ရာနှုန်းနဲ့ ပေးရတာပေါ့တဲ့၊ ကျွန်တော်က ကိုယ့် ဆရာကြီးတွေ အဆင်ပြေအောင် အလကား ပေးရောင်းတယ် မှတ်နေတာလို့ ပြောတော့ ဗိုလ်လောင်းရယ် စစ်တပ်မှာ Issue ထုတ်ပေးတဲ့ ယူနီဖောင်းတောင် တပ်ထောက်မှာ ၀န်ဆောင်စရိတ် ပေးပြီးမှ ထုတ်လို့ ရတာတဲ့လေ။
မကြာခင် ကျောင်းဆင်းပြီးရင်တော့ စစ်တပ်အကြောင်း မောင်ရင် ဒီထက် ပိုသိလာ ပါလိမ့်မယ်တဲ့။ အခု အချိန်မှာတော့ စစ်ကျောင်းကြီးများမှာ ဆရာကြီးများသာ မဟုတ်ပဲ အရာရှိတွေတောင် စားဝတ်နေရေး အတွက် ဗိုလ်လောင်းများကို မုန့်ရောင်း နေကြရပါပြီ။ ထောင်နှင့်ချီတဲ့ ဗိုလ်လောင်း ဈေးကွက်ကြီး၊ ထိုမှတဖန် အရာရှိ သင်တန်းသား ဈေးကွက်ကြီးနဲ့ ပြင်ဦးလွင်မြို့ဟာ လက်ညိုးထိုး မလွဲသော စစ်ဗိုလ်တို့ ကျက်စားရာ မြေယာ ဖြစ်နေပေပြီ။
အလျဉ်းသင့်လို့ ပြောပြပါအုံးမယ်။ ကျွန်တော်တို့ အပတ်စဉ်မှာ လေတပ်က တပ်ကြပ်ကြီး တစ်ယောက်ရဲ့သား ပါလာပါတယ်။ ကျွန်တော်ကလည်း လေတပ်ကို စိတ်ဝင်စားသူမို့ မကြာခဏ လေတပ် အကြောင်းတွေ သူ့ကို မေးဖြစ်ပါတယ်။ သူကလည်း လေသူရဲတွေ မှောင်ခိုခေတ်မှာ ရဟတ်ယာဉ်နဲ့ ပစ္စည်း သယ်ပုံတွေ လေယာဉ်ဆီ ဘယ်လိုချန်ပြီး ဘယ်လို ထုတ်ရောင်းပုံတွေက အစ ကျွန်တော့်ကို ပြောပြပါတယ်။
လေယာဉ်ဆီ အပြင်ကို မထုတ်မီ လေယာဉ်ရုံ နံဘေးက ရေမြောင်းထဲမှာ အိတ်တွေ ထားပြီး သွန်ချ ထားရကြောင်း၊ ပြီးမှ ဆာလာအိတ်လို အိတ်တွေနဲ့ စက်ဘီးပေါ် တင်ပြီး ဒိုင်ကို ပို့ရကြောင်း၊ ဒိုင်ဆိုတာ ကလည်း ထောက်လှမ်းရေးနဲ့ မကင်းရာ မကင်းကြောင်းတွေပဲ ဖြစ်ကြောင်း၊ ဒီလိုသယ်ပို့ပေးတဲ့ အခါ စစ်သည်တွေက အလှည့်ကျ လုပ်ရတာဖြစ်ပြီး ရဲဘော်တိုင်းဟာ Carry လုပ်ချင်သူ များနေလို့ ဖြစ်ကြောင်း၊ ဆီရောင်းရငွေကို အုပ်မှူးနှင့် အုပ် စက်မှုလက်မှု အရာရှိ (EO) က ခွဲယူကြောင်း၊ ပျံသန်းရေးက ၆၀ % နဲ့ စစ်သည်များ ဘက်က ၄၀% ရကြောင်း၊ သက်ဆိုင်ရာ စခန်းမှူး၊ အုပ်ချုပ်ရေး၊ တပ်ရဲ၊ လေကြောင်းထိန်း မျှော်စင် စတာတွေကိုလည်း နာရီအပြည့် မပျံတာတွေ ဆီခိုးထုတ်ရာ လမ်းကြောင်း လုံခြုံမှု စတာတွေအတွက် ခွဲဝေပေးရကြောင်း သူပြောပြ ခဲ့ရာမှာ ကျွန်တော်လည်း ထူးဆန်းအံ့ဖွယ် ဖြစ်နေခဲ့ ပါတယ်။
သူ့အမေကလည်း သူ့ဆီ ဖုန်းဆက်တိုင်း အဖေက Duty အဌားစောင့်ပြီး မင်းကို ကျောင်းထား ပေးခဲ့တာ ကြိုးစား၊ အရာရှိဖြစ်ရင် ကျေးဇူးပြန်ဆပ်လို့ ပြောတယ်ဆိုရာ ကျွန်တော်မှ Duty အဌားစောင့်တယ် ဆိုတာ ဘာလဲဟု မေးကြည့်ပါတယ်။ လေတပ်ထဲမှာ အပြင်ထွက် အလုပ်လုပ်သူများ ရှိကြောင်း၊ စပယ်ယာ၊ ဆောက်လုပ်ရေး စတဲ့ ပြင်ပအလုပ်များ လုပ်ပါက လစာထက်ပိုတဲ့ ၀င်ငွေ ရကြကြောင်း၊ အဲဒီလို အလုပ်တွေ သွားလုပ်သူတွေ ကိုယ်စား ဂျုတီ အငှား စောင့်ကြရာမှာ ကျွန်တော်က လုံခြုံရေး အမြင်နဲ့ သေနတ်ကို လူစားထိုးပြီး ထုတ်လို့ ရလို့လားလို့ မေးရာ သူက ရီပါတော့တယ်။
ငါ့အဖေ လေတပ်မှာက ကင်းစောင့်ရင် သေနတ်မထုတ်ရ ပါဘူးတဲ့၊ ကျွန်တော်လည်း ထူးဆန်း အံ့ဖွယ် နောက်တစ်ခုကို ကြားရပြန်ပါတယ်။ တန်ဖိုး များစွာသော လေယာဉ်များ ရှိရာ လေတပ်မှာ ကင်းတာဝန် စောင့်တာ သေနတ် မထုတ်ရဘူးတဲ့၊ အပြင်ထွက် အလုပ်လုပ်ပြီး ကင်းအဌား စောင့်ခိုင်းတယ် ဆိုပဲ၊ ဆီတွေရောင်းပြီး နိုင်ငံတော် ပစ္စည်းတွေကို ကိုယ်ကျိုးရှာ စားနေကြတယ်။ ငါလေတပ်ထဲ ရောက်ရင်တော့ တွေ့ကြ သေးတာပေါ့လို့ တေးထား လိုက်မိပါတယ်။
မယုံတ၀က် ယုံတ၀က်နဲ့ လေတပ်ကို ကျွန်တော် တကယ် ရောက်လာ ချိန်မှာတော့ “ဟုတ်ပါ့မလား မောင်ကာလုရေ” လို့ တွေးထင် ထားခဲ့သမျှ ဟုတ်ရုံမက ပိုတောင် ပိုနေကြောင်း တွေ့ရ ပါတော့တယ်။ မှောင်ရီပျိုးတာနဲ့ ရိပ်သာဘေးမှ လမ်းလေးဟာ တမာရနံ့ အစား ဆီနံ့လေးများ သင်းနေသလို စက်ဘီး ကိုယ်စီဖြင့် လူးလားခေါက်ပြန် စည်ကားနေပါ တော့တယ်။ သူ့အရပ်နှင့် သူ့ဇာတ်မို့ မထူးဆန်း ကြပေမဲ့ အခုမှ ရောက်လာတဲ့ ကျွန်တော်တို့ ကတော့ ထူးဆန်း နေတာပေါ့။ သခင်မျိုးဟေ့ ဒို့ဗမာဘဲ ကြားဖူးခဲ့ပေမဲ့ သူခိုး မျိုးဟေ့ ဒို့ဗမာလို့ ထပြီး ကြွေးကြော် ချင်စိတ်တောင် ပေါက်မိပါရဲ့ ။
မေးကြည့်မိတော့ ဒီလိုပဲ အသက်ဆက်ပြီး ရှာကျွေး နေရတာပဲ၊ မထူးဆန်း ပါဘူးတဲ့။ လေတပ်မှာ ရစရာလမ်းဟာ ဒါပဲရှိတာကိုး၊ ဂိတ်လည်းမရှိ၊ သစ်ကွက်လည်း မရှိ၊ လည်ပင်း ညှစ်စရာ နယ်မြေလည်း မရှိ၊ သူများ မျက်ရည်နဲ့ ကိုယ့်အတွက် ရှာတာ မဟုတ်ပဲ လေသူရဲက အသက်နှင့်ရင်းပြီး ဆီအများကြီး ချန်လို့ မြေပြင် အရောက် ဆင်းလာပေးသလို စက်မှုအရာရှိ စစ်သည်တွေကလည်း အပြင်အရောက် ဆီထုတ်ပေး၊ ကျန်အုပ်ချုပ်ရေး အရာရှိ စစ်သည် တွေကလည်း ဘေးရန် မရှိရအောင် ကူညီပေးနဲ့ လေတပ်ရဲ့ သုံးနားညီ တြိဂံပုံ အတိုင်း ပျံသန်းရေး/ စက်မှုလက်မှု/ အုပ်ချုပ်ရေး သုံးခုဟာ ဘက်ညီညီ လှုပ်ရှားပြီး သမာ အာဇီဝနဲ့ ရှင်သန် နေကြရတာ ဆိုပဲ။ အင်း…. ဒီလိုဆိုတော့လည်း ဟုတ်သလိုလိုတော့ ရှိသား။ နောင်လာ နောက်သား တွေလည်း အစဉ်အဆက် ဒီလိုဘဲ လုပ်ကြ ရပေတော့ မပေါ့။ အင်း….ခေတ်မှီဖွံ့ဖြိုး တိုးတက်ပါတဲ့ ဒို့ တပ်မတော်ကွ။
ကဲ ဒါကတော့ထားပါလေ။ ကင်းစောင့်တာ တချို့တပ်တွေက သေနတ်လည်း မပါဘူး။ တချို့တပ် ကျတော့ သေနတ်ပါပြီး ကျည်ဆံ ထုတ်မပေးထားဘူး။ တခုခုဖြစ်ရင် ဘာလုပ် မှာလဲ၊ ခဲနဲ့ထုမှာလား ဆိုတော့ ၂ ချက် ရှိတယ်တဲ့၊ လက်နက် အစုံအလင် မထုတ်ပေးထား တော့ Duty အဌားစောင့်တဲ့ သူတွေအတွက် ပို အဆင်ပြေတယ်တဲ့။ ငမူးတွေ သေနတ်နဲ့ ပြဿနာ ရှာတဲ့အမှု၊ လက်နက်နဲ့ စစ်ပြေးမှုလို အမှုတွေကို ရှင်းစရာ မလိုတော့ဘူး ပေါ့တဲ့။ ဒါလဲ ဟုတ်ပြန်ရော။
ပြီးတော့ ပြောသေးတယ်၊ ဘယ်သူကမှလည်း လေတပ်ကို ဒုက္ခ မပေးပါဘူးကွာ၊ “၈၈” မှာကတည်းက အစောဆုံး ထွက် ဆန္ဒပြလို့ ပြည်သူတွေက ချစ်ပြီး သားပါတဲ့။ ဆရာတက္ကသိုလ် ဘုန်းနိုင် လေသံနဲ့ ပြောရရင်တော့ “ကျွန်တော် မောင်ဝေဟင် ဘာများတတ်နိုင် ပါဦးမည်လဲ” ပေါ့။ ဒါနဲ့ Duty အဌားစောင့်တဲ့ ကိစ္စဘက် လှည့်ပြီး စပ်စု ရပါတော့တယ်။
အရင်ကတော့ အငှားစောင့်ခ တစ်ရက်ကို ကျပ် ၂၀၀/၃၀၀ ပါ၊ လစာတွေတိုးတော့ ကျပ် ၁၀၀၀ ကနေ ၂၀၀၀ အထိ ဖြစ်သွားတယ်တဲ့။ တပ်ခွဲ ၃ ခွဲရှိရင် ၃ ရက်တစ်ကြိမ် Duty ကျတော့ အဌားလိုက်တဲ့ သူတွေ ပို တွက်ခြေကိုက်တယ်။ ဒါပေမယ့် တာဝန်ကျ တာဝန်မှူး အရာရှိနဲ့လည်း အငှားစောင့်ခက တိုက်ရိုက် အချိုး ကျသေးတယ် ဆိုပါတယ်။ ဘယ်လို့လဲဆိုတော့ ကင်းအမြဲစစ်တဲ့ တာဝန်မှူး အရာရှိ ကိုတိကျများရဲ့ တာဝန် ကျတဲ့ ရက်မှာ ဆိုရင်တော့ ပုံမှန်ဈေးထက် ပိုပေးရတယ်တဲ့။ မှတ်သား စရာလေးပါနော်။
နောက်ဆောင်းပါးများမှာ ပျံသန်းရေး အုပ်တွေရဲ့ ၄၀/၆၀% ကိစ္စတွေကို ထပ်ပြောပြ ပါဦးမယ်။ ဒီလောက်ဆိုရင်ဘဲ စစ်တပ်ထဲက တကယ့် ဘ၀တွေကို စာဖတ် သူတွေ သိခွင့်ရပြီး ထူးဆန်းသော စကားတွေ ကြားရသလို ဖြစ်နေလောက်ပါပြီ။ သိပြီးသား ညီနောင်များကရော ကျွန်တော့် တင်ပြချက်မှာ လိုနေသေးရင် ထပ်ဖြည့်ပေးကြ စေလိုပါတယ်။ နောက်ရက်မှာတော့ ဟိုတစ်စ ဒီတစ်စ တပ်တွင်း အက်ကွဲစများ အပိုင်း (၂) ကို ဆက်လက် တင်ဆက်သွားပါမယ် ခင်ဗျား။
Ref: ဖိုးတရုတ်
ဟိုတစ်စ ဒီတစ်စ တပ်တွင်းအက်ကွဲစများ - အပိုင်း (၂)
ဆောင်းပါးရှင် - ဝေဟင် (ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိတစ်ဦး)
တပ်မတော်ထဲက အဆင်မပြေမှု များစွာကို ဒီနေရာ ကနေ ပြည်သူတွေဆီ ဆက်လက် ပြောပြ ချင်ပါတယ်။ ဒါမှလည်း “မြွေတိုင်း အဆိပ်မရှိဘူး” လို့ လက်ခံ ပေးကြမှာပါလို့ အစချီပြီး ကျွန်တော့်ဝန်းကျင်က အပိုင်းအစ များစွာကို စုစည်းနိုင်သမျှ ဖော်ပြ ပေးနေခဲ့တာပါ။ ကိုယ့်ပေါင်ကို လှန်ထောင်း တယ်ပဲ ဆိုဆို ဒီလို အဖြစ်မျိုးတွေကို သိသင့်သူတွေဟာ ပြည်သူတွေသာ ဖြစ်ပါတယ်။ ဒါမှ အနာဂါတ် နိုင်ငံတော်မှာ တပ်မတော် ရဲ့ Image ကို ပြင်ဆင်နိုင်မှာပါ။
စစ်တပ်ထဲက ဆရာမွေး၊ တပည့်မွေး အခန်းဆက် ဇာတ်လမ်းတွေထဲမှာ လေတပ်လို “ဆရာ” လို့ တရားဝင် ခေါ်နေတဲ့ အဖွဲ့အစည်း အတွက်ကတော့ မထူးဆန်းပါဘူး။ ကာကွယ်ရေး ဦးစီးချုပ်(လေ) အဆက်ဆက်ဟာ Fighter Pilot တွေဖြစ်ပြီး Role ခွဲရာမှာလည်း Fighter Pilot ဟာ ထိပ်ကပဲ ဖြစ်ပါတယ်။
လေတပ်မှာ အရာရှိချင်းတူရင် လေသူရဲက ဦးစားပေးဖြစ်ပြီး စက်လက် အရာရှိ (EO) က နောက်ကပါ။ စက်လက် အရာရှိမှာလည်း B.E ဘွဲ့ရ စက်လက် အရာရှိပြီးမှ လျှပ်စစ်/ ချိန်ခွက် အရာရှိ၊ ရေဒီယို/ ရေဒါ အရာရှိ၊ လက်နက် အရာရှိတွေက နောက်မှာပါ။
ဒီအစဉ်အလာဟာ ဦးကျိုးနေပြီ ဖြစ်ပြီး ယခု DSTA ဆင်း B.E ဘွဲ့ရချင်းမှာတောင် Propulsion & Flight Vehicle ရလာတဲ့ Aeronautical Engineer များက ဦးစားပေးဖြစ်ပြီး Mechanical, EP, EC များက နောက်မှာပါ။ ဆက်ပြောရရင် လေသူရဲမှာလည်း ထိပ်ဆုံးမှာ ရှိတာချင်းအတူတူ Fighter ပြီးမှ သယ်သူ ပို့ဆောင်ရေး လေယာဉ်မောင်းသူနဲ့ ရဟတ်ယာဉ် မောင်းသူများလို့ အဆင့် ခွဲထားတာပါ။
ရာထူးနေရာပေးရင်လည်း ဒီ Role အတိုင်းပဲ စဉ်းစားပါတယ်။ ထူးထူးဆန်းဆန်း ဒုဗိုလ်ချုပ်ကြီး ကျော်သန်းနဲ့ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ တို့ဟာ Transport Pilot ကနေ ဦးစီးချုပ် တက်ဖြစ်ခဲ့ကြပြီး အဲဒီ ကာလတွေမှာ သာတူညီမျှ ဆက်ဆံ ခံခဲ့ရပေမယ့် အေးနေ၀င်းတို့ ကိစ္စနဲ့ ဆရာမြင့်ဆွေ ပြုတ်ကာ လက်ရှိ ဦးစီးချုပ် F-7 လေသူရဲ ဗိုလ်ချုပ်မြတ်ဟိန်း တက်လာချိန်မှာတော့ Fighter မှ Fighter ပြန်ဖြစ်လာ ပါတော့တယ်။
ပိုဆိုးတာက ကိုမြတ်ဟိန်းဟာ ကိစ္စ တော်တော်များများကို သိအောင် လုပ်ထားသလို တင်ပြ သမျှကိုလည်း တော်ရုံနဲ့ လက်မခံသူပါ။ အနားမှာရှိတဲ့ ဦးစီး အရာရှိများဟာ အတော် သတိထားပြီး လုပ်ကိုင်ရသလို ရာထူး တိုးမြှင့်ရေး၊ နိုင်ငံခြားသင်တန်း စေလွှတ်ရေး၊ နေရာချထားရေး စတဲ့ ကိစ္စ အတော်များများကို သူကိုယ်တိုင် စီစဉ်သူ ဖြစ်ပါတယ်။ သို့သော်လည်း ဗိုလ်ချုပ်မှူးကြီး ခိုင်းတိုင်း မလုပ်ဘဲ လေယာဉ် ထုတ်ရန် မလွယ်ကြောင်း ခေါင်းမာစွာ နေတဲ့ အချက်နှင့်ပင် လေသူရဲများက သူ့ကို ကြိတ်ပြီး ကျေးဇူး တင်နေကြပါတယ်။
ဆက်ပြီး ပျံသန်းရေးအုပ်တွေရဲ့ ၄၀/၆၀% ကိစ္စတွေ ပြောပြပါမယ်။ လေတပ် ဆိုတာ ဆီရောင်းပြီး အသက်ဆက်နေတာလို့ အခြားတပ်ဖွဲ့များက ဆိုရင် လေတပ်က ပြန်ပြောမဲ့ စကားတော့ရှိပါတယ်။ “ဘယ်သူ့ အိတ်ထဲကမှ နှိုက်ယူတာ မဟုတ်ဘူး” လို့ ဖြစ်ပါတယ်။ ဒီလိုမှ မရပ်တည်ရင် လေတပ်ထဲက စစ်ဗိုလ်ရော စစ်သည်ရော မိသားစုဝင်တွေပါ ငတ်သေဖို့ပဲ ရှိပါတော့တယ်။
ဆီရောင်းငွေမှ ပေးသင့်တာပေးပြီး ကျန်သည်ကို အုပ်မှူးနှင့် အုပ် E.O ဝေစု ခွဲရပါတယ်။ အုပ်မှူးယူတဲ့ ၆၀% ဟာ လေသူရဲများ အတွက် ဖြစ်ပါတယ်။ ယခင် လေသူရဲ နည်းပါး စဉ်ကတော့ အုပ်မှူး၊ ဒုအုပ်မှူး၊ ၀ါရင့် လေသူရဲ၊ လေသူရဲအငယ်များ အစဉ်လိုက် ဝေပုံကျ ရကြပါသေးတယ်။ အခုတော့ ဆီဈေးကျ နေသလို “၆၃” လေယာဉ်မောင်း သင်တန်း (DSA 41 ဆင်းများ) စသော လေသူရဲ အင်အားကလည်း များလာ၊ အုပ်မှူးများ ကလည်း မရေရာသော သူတို့ အနာဂတ်အတွက် အသားကုန် စုဆောင်းနေကြရာ ဗိုလ်မှူး အဆင့်များတောင် ပုံမှန် အာရကေ မရကြတော့ပါ။
ကျန် ၄၀% ကို ရရှိတဲ့ အုပ် E.O ကတော့ စက်မှုလက်မှု အရာရှိနဲ့ စစ်သည်များ အတွက် ထပ်မံ ခွဲဝေ ပေးရပါတယ်။ နိုင်ငံတော်က ထုတ်မပေးနိုင်တဲ့ ကွန်ပျူတာ၊ မိတ္တူစက် စတဲ့ ရုံးသုံး ပစ္စည်းတွေ၊ အပန်းဖြေဖို့ တီဗွီ၊ စလောင်း စတာတွေကို ဆီထုတ်နိုင်စွမ်း ရှိသလောက် ၀ယ်ယူနိုင်ပေရာ ဆီစားများသော လေယာဉ်အုပ်ဟာ ပိုချမ်းသာတယ်လို့ လေတပ်မှာ ဆိုစမှတ် ပြုကြရပါတယ်။
ယခင်က ကိုမြတ်ဟိန်း အုပ်မှူးလုပ်ခဲ့တဲ့ ရှမ်းတဲမှ အမှတ်(၅)အုပ်ဟာ တချိန်က အချမ်းသာဆုံး ဖြစ်ခဲ့ပြီး ယခုဆိုရင်တော့ အထူးလေယာဉ် အုပ်လို့ ခေါ်ဆိုသော အမှတ်(၁၈) အုပ် (MiG-29) အုပ်က အချမ်းသာဆုံး ဖြစ်လာပြီး လေသူရဲတိုင်း အတွက် Laptop တစ်လုံးစီ ထုတ်ပေးထားကာ လေတပ်မှာ တစ်ခုတည်းသော Internet ကို ၀ယ်ယူ တပ်ဆင် အသုံးပြု နိုင်တဲ့ အုပ်လည်း ဖြစ်ပါတယ်။
လေတပ်ထဲမှာရှိတဲ့ Hour ကုန်လုလု လေယာဉ်များရဲ့ ရှေ့ရေးကို ပြောပြပါအုံးမယ်။ A-5 များဟာ တရုတ် တပ်မတော် PLA-Air Force တွင် မသုံးတော့ပဲ Nan Chang ရှိ စက်ရုံရှေ့ လေယာဉ်ကွင်း တလျှောက်မှာ ဒီအတိုင်း ပစ်ထားတဲ့ Write out လေယာဉ်တွေကို မြန်မာ လေသူရဲများက သတ္တိ ပြောင်မြောက်စွာ မောင်းနေကြခြင်း ဖြစ်ပါတယ်။
F-7 များကိုတော့ ကိုမြတ်ဟိန်းက သူ့ကျေးဇူးရှင်များဖြစ်လို့ တကြောင်း ဒီလေယာဉ်နဲ့မှ အသက် မဆက်ရင် လေတပ်ပျက်ဖို့သာ ရှိတော့တာက တကြောင်းကြောင့် UpGrade လုပ်ရန် ပြင်နေပါတယ်။ သို့သော်လည်း F-7 Over Haul Plant အခြေတည်ရာ လေယာဉ် တွန်းထုတ်ရန်သာ တတ်နိုင်တဲ့ မင်္ဂလာဒုံရှိ ယခင် ပြုပြင် ထိန်းသိမ်းရေး လေတပ် ယခု လေယာဉ်ထုတ်လုပ် ပြင်ဆင်ရေး ဌာနချုပ်ကို ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိ ချုပ်ရုံးရဲ့ လေယာဉ် စက်ရုံဘေး နေရာဖြစ်သော ရှမ်းတဲ လေယာဉ်ကွင်း ဘေးသို့ ရွှေ့ဖို့ ဗိုလ်ချုပ်မှူးကြီးက အမိန့်ပေးနေပါပြီ။
DI က လေယာဉ်ထုတ်မယ်ဆိုရင် လေတပ်က ဘာဆက် လုပ်မှာလဲ၊ ဒီ လေယာဉ်ကိုရော ဘယ်သူက စမ်းမောင်းမှာလဲ၊ ယခင်ရှိပြီးသား F-7 , MiG-29 လေယာဉ်တွေက ၂၀၀၉ အကုန်မှာ သက်တမ်းကုန် နေပြီဖြစ်ရာ ဘာဆက်လုပ်မှာလဲ၊ ရဟတ်ယာဉ်တွေကလည်း ပျံနိုင်တာက Mi-17 ပဲရှိပြီး သူ့ကိုလည်း နာဂစ်မှာ တအားသုံးခဲ့လို့ လည်ပင်းအစ်ပြီး ဆန့်ငင်ငင် ဖြစ်နေပါပြီ။ ဒီလိုလေယာဉ် သက်တမ်းတွေ ကုန်နေသလို လေယာဉ် ခဲယမ်းတွေထဲက မသုံးရက်လို့ အလှကြည့်ထားတဲ့ Missile တွေ၊ ဒုံးကျည်တွေ ကရော လုံခြုံမှုရှိရဲ့လား၊ ဒီလက်နက်တွေကို သေသေချာချာ သိသူတွေရော လေတပ်ထဲမှာ ရှိပါသေး ရဲ့လား၊ ဒါတွေက မေးသင့်တဲ့ မေးခွန်း များစွာထဲက တချို့လောက်ဘဲ ရှိပါသေးတယ်။
ကဲ……. ပစ္စည်းတွေ ပြီးတော့ လူတွေဘက် လှည့်ရအောင်။ လေသူရဲငယ် ဘ၀မှာ အရူး ထခဲ့တဲ့ ဆောင်ပုဒ်လေး ရှိပါတယ်။ “BIRDS & FOOL ARE FLY, BECAUSE I FLYIENVYNO MEN ONE EARTH” တဲ့။ သူများထက်ထူးလို့ ပျံနေတာပါပေါ့။ ဒါပေမဲ့ အခုခေတ်မှာ ဒီလိုပျံသန်းမှုမှာ ရူးသွပ်သူတွေ ရှိပါသေးရဲ့လား၊ စားဝတ်နေရေး အတွက် ပူပင် နေရတဲ့ အတွက် လေယာဉ် အပေါ်မှာရော ယုံကြည်မှု ရှိပါသေးရဲ့လား၊ စားဝတ်နေရေးအတွက် ပူပင် နေရတဲ့အတွက် လေယာဉ်မောင်းရရင် ပြီးရော ဆိုတဲ့ ဘ၀မှာ ပျော်ပိုက် နေသူများကို လက်ချိုးရေ လို့တောင် ရနေပါပြီ။
မိမိမောင်းရမဲ့ လေယာဉ်အပေါ်မှာရော ယုံကြည်မှု ရှိပါသေးရဲ့လား၊ Hour Extension နဲ့ တက်နေ ရတာလား၊ မပျံတာ ကြာပြီဖြစ်တဲ့ ပုံမှန် မဟုတ်တဲ့ စစ်ဆေး မတွေ့ရှိနိုင်သော ချို့ယွင်းချက်များ ရှိနေသော လေယာဉ်မျိုးကို မောင်းရင်း ပျက်ကျသွားတဲ့ F-7 က ဗိုလ်မှူး သန့်ဇော်လင်းလို အဖြစ်မျိုး ကြုံနိုင်တဲ့ လေယာဉ်မျိုးလား၊ တခုခုဖြစ်ရင် ခုန်ထွက်လည်း ခေါင်းပြတ်/ လေထီး မပွင့်ပဲ သေနိုင်တဲ့ လေယာဉ်မျိုးလား ဒါတွေကို ဆန်းစစ်ဖို့ လိုနေပါပြီ။
မြေပြင်က အင်ဂျင်နီယာ အရာရှိတွေမှာလည်း လေယာဉ် ဘီးခေါက် မ၀င်နိုင်အောင် တပ်ရမယ့် Pin တပ် မတပ် မစစ်ထားသူတွေ၊ ပွဲစားလုပ်/ ချဲဒိုင်ကိုင်/ ဘောပွဲလောင်း/ စင်တင်သွားဖို့ လောက်ဘဲ စိတ်ဝင်စားသူတွေ လေတပ်အလုပ်က လွဲရင် ကျန်တာအကုန် လုပ်တယ် ဆိုတဲ့ သူတွေ များလာသလို သက်ဆိုင်ရာ လျှပ်စစ်/ချိန်ခွက်၊ ရေဒီယို/ရေဒါ၊ လက်နက် စသောလုပ်ငန်းမှ အရာရှိများကလည်း ဖြစ်လာမှ ဖြစ်သလို ပြင်တာပေါ့ ဟု ပေါ့ပေါ့တွေးကာ နေသာသလို နေနေကြသည်မှာ ကြာခဲ့ပါပြီ။
သူတို့ကိုလည်း အပြစ်မဆိုသာပါ။ လေတပ်ထဲ စရောက် ကတည်းက တွေ့မြင် နေရတဲ့ စက်မှု လက်မှု ကျောင်းမှာ ချောင်ထိုး ခံထားရတဲ့ နည်းပြများရဲ့ ပျောက်ဆုံး ခဲ့သော အိပ်မက် များအကြောင်း၊ သင်ရိုး ညွှန်းတမ်းသာရှိပြီး တကယ် မသင်ဖြစ်ပဲ ကုန်ဆုံးသွားတဲ့ အချိန်များ၊ မိမိသွားလိုရာ တပ်ကို ဆိုင်ရာပိုင်ရာနဲ့ ကြိုးစားရင် နောက်ဆုံးမှ ဆင်းပေမဲ့ နေရာကောင်း ရောက်နိုင်တာကို သိနေရတာတွေကြောင့် လေတပ်ရဲ့ သဘောကို နောကျေနေပေပြီ။
စစ်သည်များကရော… လေတပ်ထဲကို ရဲဘော်သစ်ဘ၀မှ စ၀င်ခဲ့ပြီး အဆင့်ဆင့် ကြိုးစား လာသူများအဖို့ ဟိုပုန်း စက်မှုကျောင်းဆင်း ဒီပလိုမာ တပ်ကြပ်ကြီးများက နေ့ချင်းညချင်း ပခုံးချင်း ယှဉ်လာခဲ့ပါပြီ။ အဆင့် တိုးမြှင့်ရေးမှာ ဒီပလိုမာ တပ်ကြပ်ကြီးများသည် အဆင့်တူလျှင် ဦးစားပေးဖြစ်သည်ဟု ဆိုလာပြန်ရာ … အတွေ့အကြုံရှိသော ယခင် ရှိပြီး စစ်သည်များက ဘာလုပ်နိုင်ပါမလဲ။
စစ်တပ်ထုံးစံ အဆင့်ကြီးသူက တာဝန်ယူစတမ်းမို့ မသိ/မတတ်လည်း တာဝန်ယူ ပေရော့ပေါ့။ နပိုလီယန်ဟာ မြင်းခွာသံ တစ်ချောင်း ကျွတ်လို့ စစ်ရှုံးသည်ဟု ကြားဖူး ခဲ့ပါတယ်။ လေယာဉ်မှာ မူလီ တစ်ချောင်း ကျွတ်ခဲ့ပါမူ… မတော်တဆများ အဲဒီ လေယာဉ်ဟာ တပ်ချုပ်ကြီးစီးတဲ့ Mi-17 ဆင်ဖြူတော်ကြီး ဖြစ်ခဲ့သော်…. အတွေးဆိုတာ စိတ်ရဲ့ စေရာ ရောက်လိုရာ ရောက်နိုင်ပါသော်ကော။
ဒီလောက်ဆိုရင် စစ်တပ်ထဲက တကယ့် ဘ၀တွေကို ပြည်သူတွေ သိခွင့်ရပြီး ထူးဆန်းတဲ့ စကားတွေ ကြားရသလို ဖြစ်နေလောက်ပါပြီ။ သိပြီးသား ညီနောင်များကရော ကျွန်တော့် တင်ပြချက်မှာ လိုနေသေးရင် ထပ်ဖြည့် ပေးကြပါကုန်။
Ref: ဖိုးတရုတ်
ပန်းကောင်း အညွှန့်ကျိုး
ဆောင်းပါးရှင် - ကျော်ဇေလတ် (တပ်မတော် အရာရှိ တစ်ဦး)
ကျွန်တော် ဗိုလ်လောင်း ကျောင်းဆင်းပြီးတော့ ခြေမြန်တပ်ရင်း တခုမှာ တာဝန် ထမ်းဆောင်ဖို့ အမိန့်ရလို့ သွားရောက် သတင်းပို့ ခဲ့ပါတယ်။ တပ်ခွဲမှူးက ကျွန်တော့်ကို တပ်ခွဲရုံးမှာ တွဲဘက်ထားပေးပြီး စစ်ပညာကို သင်ပေးအုံးမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ တပ် စစ်ကြောင်းဟာ ရှေ့ တန်းထွက်ရပြီး ကျွန်တော့် တပ်ခွဲဟာ ရှမ်းပြည်နယ် မိုင်းကိုင်မြို့ ဆင်တောင် ဧရိယာမှာ စစ်ဆင်ရေး လှုပ်ရှား ရပါတယ်။ ကျွန်တော့် တပ်ခွဲမှူးဟာ စီနီယာဖြစ်ပြီး တပ်ခွဲ (၅) ကို ကိုင်ရပါတယ်။ သူဟာ အရက်ကို ရေသောက်သလို ရေဗူးမှာ ရေမထည့်ဘဲ အရက်ကို ထည့်ကာ သောက်သုံးနေပြီး စကား ပြောဆိုရာမှာလည်း ကြမ်းတမ်းလှ ပါတယ်။
စစ်ကြောင်းဟာ မိုင်းကိုင်မြို့ က ရွာတစ်ရွာကို ညနေပိုင်းလောက်မှာ ၀င်ရောက် ရှင်းလင်းပြီး တပ်ခွဲမှူးက ဒီရွာမှာ အခြေပြုမယ်လို့ ပြောကာ တပ်တွေကို နေရာ ချထားလိုက်ပါတယ်။ အဲဒီနောက် ရွာလူကြီးကို ခေါ်ပြီး ရန်သူ သတင်း မေးရာမှာ မနေ့က နေ့လည်ပိုင်း အချိန် ရွာအစွန်ကို SSA တပ်ဖွဲ့ ရောက်ရှိလာပြီး ဆင်တောင်ဘက် ပြန်ထွက်သွားကြောင်း သတင်းပို့ခဲ့ပါတယ်။ တပ်ခွဲမှူးက “ကျွန်တော်တို့ အခုတလော တောင်တက်တာ များလို့ ခြေသလုံး ကြွက်တက်ပြီး ကိုက်ခဲနေတယ်။ နင်းနှိပ်ခိုင်းချင်တယ်။ ဒီအိမ်က ကလေးမ ဘယ်သွားလဲ သူကြီးလို့” မေးလိုက်ပါတယ်။ ရွာလူကြီးက “ဗိုလ်လုံ၊ မနက်က ဒီကလေးမနဲ့ သူ့အဒေါ် မြို့ ကို ဈေးဝယ် သွားတယ်၊ ညမိုးချုပ်ရင် ပြန်ရောက်မယ်။ ဟိုတခေါက် ဗိုလ်လုံလာတုန်းက မိတ်ဆက်ပေးထားတဲ့ ကလေးမကို ပြောတာ မဟုတ်လား” လို့ မျက်နှာ မကောင်းစွာနဲ့ ပြောပါတယ်။ တပ်ခွဲမှူး ကလည်း “ဟုတ်တယ်။ အဲဒီတုန်းက တပ်ရင်းမှူး အရေးပေါ် ဆွဲခေါ်တာနဲ့ ဒီရွာက ချက်ချင်း ပြန်ထွက်သွားရတယ်။ ကိစ္စမရှိပါဘူး။ သူတို့ ပြန်လာရင် နှိပ်ခိုင်းလိုက်မယ်” လို့ ပြောပါတယ်။
ရွာလူကြီး ပြန်ထွက်သွားတဲ့အခါ SSA ၀င်သွားတဲ့ သတင်းရထားလို့ စစ်သည်တွေ အိမ်ပေါ်မှာ မအိပ်ဘဲ လုံခြုံရေးအရ အိမ်အောက်မှာ အကုန် ဆင်းအိပ်ကြရလို့ ကျွန်တော်နဲ့ တပ်ခွဲမှူး နှစ်ဦးဘဲ အိမ်ပေါ်မှာ အိပ်ကြပါတယ်။ ကျွန်တော်ဟာ တပ်ခွဲမှူး ထမင်းစားတဲ့ အထိ စောင့်နေပေမဲ့ သူက အရက်သမား “ဇိုးကြီး” လုံးလုံးလျားလျား ဖြစ်နေလို့ တော်တော်နဲ့ ထမင်းမစားဘဲ အရက်ကိုသာ လိမ့်ပြီး သောက်နေတာကြောင့် ကျွန်တော်လည်း ဆာဆာနဲ့ အမြည်းကိုသာ စားနေရပါတယ်။ တပ်ခွဲမှူးဟာ အရက်ရေချိန် ကိုက်လာပြီး ခဏလှဲရင်း အိပ်ပျော်သွားစဉ်မှာ တံခါးခေါက်သံ ကြားလို့ ကျွန်တော်လည်း “ထ” ပြီး ဖွင့်ကြည့်လိုက်ပါတယ်။ အိမ်ရှင် ဖြစ်ဟန်တူပြီး မြို့  တက် ဈေးဝယ်သွားရာက ပြန်လာတာ ဖြစ်နိုင်ပါတယ်။ အသက် (၆၀) ခန့် အမျိုးသမီးကြီး တစ်ဦးနဲ့ အသက် (၁၅) နှစ်သာသာ အမျိုးသမီးငယ်လေးကို တွေ့လိုက်ရ ပါတယ်။ သူတို့ နှစ်ဦးဟာ ဈေးဝယ်ရာက ပါလာတဲ့ ပစ္စည်းတွေကို နေရာချလိုက်စဉ် အသံဗလံ ကြားလိုက်ရလို့ တပ်ခွဲမှူး နှိုးလာပြီး သူတို့နဲ့ ရှမ်းလို ပြောနေကြပါတယ်။ အဲဒီနောက် အသက်ကြီးကြီး ရှမ်းမကြီးက အတွင်း အိပ်ခန်းကို ခပ်ရို့ ရို့  ၀င်သွားပြီး ရှမ်းကလေးမလေးဟာ ခြေထောက်ရေဆေးကာ ကိုယ်လက်သန့်စင် နေချိန်မှာ တပ်ခွဲမှူးက နှိပ်ခိုင်းဖို့ ခေါ်လိုက်ပါတယ်။ အဲဒီနောက် တပ်ခွဲမှူးက သူ့ရဲ့ ခြေထောက်၊ ပေါင်တွေကို နင်းခိုင်းရာ ရှမ်းကလေးမလေးဟာ စိတ်မပါတပါ၊ ကြောက်ကြောက် ရွံ့ ရွံ့ နဲ့ နှင်းနှိပ် ပေးနေပါတယ်။
အဲဒီအချိန်မှာဘဲ “မိုး” သဲကြီးမဲကြီး ရွာပြီးတပ်ခွဲမှူး တို့ စကားပြောသံနဲ့ လှုပ်ရှားသံတွေ မသဲမကွဲ ဖြစ်နေရာ “၀ုန်း” ကနဲ ပြုတ်ကျသံကို ကြားလိုက်ရ ပြန်တာကြောင့် ကျွန်တော် “ထ” ကြည့် မိလိုက်ပါတယ်။ ဖယောင်းတိုင်မီး၊ မီးဇာကုန်ပြီး ငြိမ်းသွားတဲ့ အပြင် အနည်းငယ် ဝေးနေလို့ မြင်ကွင်း မသဲမကွဲ ဖြစ်နေပါတယ်။ တပ်ခွဲမှူးနဲ့ နင်းနေတဲ့ ရှမ်းမလေး လုံးထွေး ရစ်ပတ်နေတဲ့ အသံဗလံ ကြားရလို့ ကျွန်တော်လည်း ပစ္စတို သေနတ်ဆွဲပြီး ချီတုံချတုံ ဖြစ်နေချိန်မှာ အသံများ တိတ်ဆိတ် ငြိမ်သက်သွားပါတယ်။ ကျွန်တော်ဟာ ကျောင်းတုန်းက သင်ခန်းစာတွေ သင်ချိန်ကို အတွေးနဲ့ ပြန်ရောက် သွားပါတယ်။ စစ်မြေပြင် အတွေ့အကြုံ တွေကို နည်းပြ ဆရာတွေက ရှင်းလင်းရာမှာ ရွာထဲက တချို့ မိန်းကလေးတွေဟာ ရန်သူအမာခံ ဖြစ်နေတတ်ပြီး မိန်းမဆိုတဲ့ အားနွဲ့မှုကို အကာအကွယ် ယူပြီးတော့ ရန်သူ ဖြစ်နေတတ်တာကို ပြောဆိုခဲ့တာ ပြန်လည် ကြားယောင်မိပါတယ်။ ဒါကြောင့် တပ်ခွဲမှူးကို စိတ်ပူပြီး သူ့ထံကို သွားဖို့ အိပ်ယာမှ ထလိုက်ပါတယ်။ ဒါပေမဲ့ ရှမ်းမလေးဟာ ခြေဆောင့်ပြီးတော့ တပ်ခွဲမှူး အိပ်ယာက “ထ” သွားကြောင်း အသံ ကြားလိုက်ရလို့ စိတ်အေး သွားပြန်ပါတယ်။
နောက်နေ့ နံနက်စာ စားချိန်မှာ ကျွန်တော်က တပ်ခွဲမှူး ရဲ့  မျက်နှာကို မသိမသာ အကဲခတ်ရင်း ညက ဖြစ်စဉ်ကို မေးဖို့သင့်၊ မသင့် ချိန်ဆနေပါတယ်။ ထိုစဉ် တပ်ခွဲမှူး လည်ပင်းမှာ ကုတ်ခြစ်ရာ “အစင်း” တခုကို တွေ့လိုက်ရပြီး အံ့သြမိ သွားပါတယ်။ တပ်ခွဲမှူးက မလုံမလဲ မျက်နှာနဲ့ “ငါ ညက နင်းခိုင်းတဲ့ ရှမ်းမလေး ဖယောင်းတိုင်မီး၊ ရုတ်တရက် ငြိမ်းသွားလို့ လန့်ပြီး င့ါ အပေါ် ပြုတ်ကျလာတယ်။ ပြီးတော့ ကောင်မလေးလက်က ငါ့ရဲ့  အင်္ကျီအိတ်ကပ်ထဲက စစ်တပ် လျှို့ ဝှက် ဆက်သွယ်ရေး သင်္ကေတ စာအုပ်ကလေးကို သိလို့ နှိုက်တာလား၊ မသိလို့ နှိုက်တာလား၊ ငါလဲ ဇဝေဇ၀ါ ဖြစ်နေတုန်း ကမန်းကတန်း ပိုက်ဆံ ထိုးထည့် ပေးကြည့်တော့ သူ ကျေနပ်သွားလို့ တော်သေးတယ်။ ဒါတောင် ပိုက်ဆံက အရွက်ကြီး ဖြစ်နေလို့ အရွက်သေးနဲ့ မနည်းပြန်လဲ နေရသေးတယ်” လို့ စီကာပတ်ကုံး၊ မြိန်ရေရှက်ရေ ရှင်းပြနေပါတယ်။ ကျွန်တော့် စိတ်ထဲမှာတော့ ဒီတပ်ခွဲမှူးတော့ လုပ်ချလိုက်ပြန်ပြီ၊ သူနင်း နှိပ်လိုက်တာလား၊ နင်းနှိပ် ခံတာလား.. .သူတို့ နှစ်ဦးဘဲ အသိဆုံး ဖြစ်မှာဘဲလို့ တွေးလိုက်မိပါတယ်။
ကျွန်တော်ဟာ တပ်ခွဲမှူးရဲ့  တိုင်းရင်းသူတွေ အရိုးခံဖေါ်ရွေမှု၊ ပွင့်လင်းမှု အပေါ် အခွင့်အရေးယူပြီး လက်နက်ကိုင် ဗိုလ်ကျ အနိုင်ကျင့် တာကို မုန်းတီး နေမိပါတယ်။ ကြောက်ရွံ့ ပြီး နင်းနှိပ်ပေးရတဲ့ အတွက် “ပန်းကောင်း အညွှန့်ကျိုး” ရတဲ့ ငယ်ရွယ်လွန်းသူ တိုင်းရင်း သူလေးကိုလည်း ဂရုဏာ သနားခဲ့ရပါတယ်။ ပိုဆိုးတာက ပိုက်ဆံပေးရင်တောင်မှ များသွားမှာ စိုးလို့ အနည်းဆုံး အရွက်ကို ရွေးပြီး ပြန်လဲပေးခဲ့တဲ့ တပ်ခွဲမှူးရဲ့  စိတ်ဓာတ်ကိုလည်း ရွံ့ရှာ မိပါတယ်။ ဒီလို စပယ်ဖြူကလေးတွေ ဘယ်လောက်တောင်များ စစ်အာဏာရှင် စနစ်ဆိုးအောက်မှာ နစ်မွန်းခဲ့ပြီလဲလို့ တွေးရင်း သက်ပြင်း အခါခါ ချခဲ့မိပါတယ်ခင်ဗျား။
Ref: ဖိုးတရုတ်
နေ့စဉ်သတင်းများ (၂၃ - ၆ - ၀၉)
■ သံသယဖြစ်ဖွယ် မြောက်ကိုရီးယားသင်္ဘော ရှန်ဟိုင်းမြို့ကိုဖြတ်ပြီး ဆက်လက်ထွက်ခွာ သတင်း
■ မြောက်ကိုရီးယားသင်္ဘောတွင် လက်နက်များ သယ်ဆောင်လာသည်ဟုဆို သတင်း
■ မသင်္ကာဖွယ် မြောက်ကိုရီးယားသင်္ဘော တရုတ်ကမ်းလွန်ကိုရောက် သတင်း
■ စစ်အစိုးရတပ်များနှင့် ၀ တပ်ဖွဲ့များကြား သဘောထားတင်းမာနေ သတင်း
■ ဝ နယ်မြေတွင် စစ်အစိုးရတပ်များ အင်အားချဲ့ သတင်း
■ မိုင်းလား နှစ် (၂၀) ပြည့် အခမ်းအနား ကျင်းပရက်နီး နှစ်ဘက် လုံခြုံရေး တင်းကျပ် သတင်း
■ နေပြည်တော်မှ မြောက်ကိုရီးယား ဥမင် လှိုဏ်ခေါင်းများ အကြောင်း အင်တာဗျူး
■ မဲဆောက်မြို့ လေထီးခုန် လေ့ကျင့်ကွင်း ဖွင့်ပွဲ သတင်း
■ စစ်အစိုးရကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ ဥရောပအမတ်များ တောင်းဆို သတင်း
■ မြန်မာစစ်တပ် ကလေးစစ်သားတွေ စုဆောင်းနေဆဲ သတင်း
■ (၁၄) နှစ်အရွယ် ကလေးစစ်သားကို မိဘများထံ ပြန်မအပ်သေး သတင်း
■ စစ်အစိုးရအပေါ် ဖိအားပေးခြင်းကို ရုရှား လက်မခံ သတင်း
■ နာဂစ်ရန်ပုံငွေ အလွဲသုံးစားမှုဖြင့် ညွှန်ချုပ်ကို အလုပ်ဖြုတ် သတင်း
■ ဆံပင်လှူဒါန်းပြီး ရရှိသည့်ငွေဖြင့် လမ်း-တံတားများ ပြုပြင်နေ သတင်း
■ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတချို့ ကျန်းမာရေးချို့ယွင်း သတင်း
■ စီးပွားရေးကျပ်တည်းမှုဂယက် ရဟန်းတော်များ ရပ်တည်ရေးကို ရိုက်ခတ် သတင်း
■ မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် လှေ (၃) စီး ရနောင်မြို့တွင် အဖမ်းခံရ သတင်း
■ အီရန်နိုင်ငံရေးခေါင်းဆောင်ပိုင်းအတွင်းက အကွဲအပြဲ သတင်း
■ ဘလော့ဂါ မင်းဒင်နှင့် မိုးမခအင်တာဗျူး သတင်း
Tuesday, June 23, 2009
ရွေးကောက်ပွဲ အာဏာရှင်စနစ်
ဦးအောင်ခင်
၂၃ ဇွန် ၂၀၀၉
လွန်ခဲ့တဲ့ ဇွန်လ (၈) ရက်နေ့က ကြပ်ပြေးနေပြည်တော်ကို စင်ကာပူ ၀န်ကြီးချုပ်ဟောင်း ဂိုချောက်ထောင် လာသွားတုန်းက လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ မြန်မာပြည်မှာ ကျင်းပနိုင်ဖို့ အရေးကြီးတယ်လို့ သတိပေးစကား ပြောသွားတယ်။ အဲဒီတော့ ကြပ်ပြေး သန်းရွှေနဲ့ တပည့်ကျော် သိန်းစိန်တို့ကလည်း ရှေ့နှစ် ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်မယ့် အကြောင်း အာဆီယံ၊ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်း နဲ့ မြန်မာပြည်သားတွေရဲ့ စိုးရိမ်ပူပန်မှုကို အရေးတယူ စဉ်းစားရမှာ ဖြစ်ကြောင်း ဂိုချောက်ထောင်ကို ပြောပြတယ်လို့ စင်ကာပူအခြေစိုက် Channel News Asia သတင်းမှာ ဖော်ပြတယ်။
နိုင်ငံခြားခေါင်းဆောင်နဲ့တွေ့တော့လည်း အလိုက်အထိုက် နားခံသာအောင် ကြပ်ပြေး သန်းရွှေက ပြောရတာပေါ့။ “ငါ့ကို လာမပြောနဲ့ ငါထင်သလို လုပ်နေတာ အနှစ် (၂၀) ရှိပြီ” လို့တော့ ဘယ်ပြောမလဲ။ စင်ကာပူ အစိုးရဟာ ရွေးကောက်ပွဲ ပုံမှန်ကျင်းပပြီး အာဏာရှင်လို အုပ်ချုပ်နေလို့ အတိုက်အခံတွေ စင်ကာပူမှာ ဒုက္ခရောက်နေတာကို ကြပ်ပြေးက သိပုံရတယ်။ စင်ကာပူအစိုးရ ကောင်းတာတွေကို အတု မခိုးဘဲ မကောင်းတာတွေကို အတုခိုးဖို့ ကြပ်ပြေးတို့ အဖွဲ့ ကြံစည်နေတာကို ဂိုချောက်တောင် မသိဘူး။
ပြည်သူတွေ ၀င်ထွက်သွားလာလို့မရတဲ့ ကြပ်ပြေး နေပြည်တော်က ပြည်သူ့ အနာဂတ်ကို ဆုံးဖြတ်တာဟာ ရွေးကောက်ပွဲ ပါပဲ။ ကြပ်ပြေးသန်းရွှေ အမိန့်ပေးတဲ့ အတိုင်း ကြံ့ဖွံ့က လိုက်လုပ်လို့ ပေါ်ထွက်လာတဲ့ နိုင်ငံရေး စနစ်ပဲ။ ပါတီစုံ ရွေးကောက်ပွဲလုပ်ပြီး အာဏာရှင် စနစ်သစ် တည်ဆောက်တာဖြစ်တယ်။ ဒီစနစ်သစ်ဟာ တပါတီ အာဏာရှင်နဲ့ မတူ စစ်အာဏာရှင်လည်း မဟုတ်ဘဲ ကြပ်ပြေးကြံ့ဖွံ့ စနစ်ဖြစ်တယ်။
ရွေးကောက်ပွဲကျင်းပတိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်တာ မဟုတ်ဘူး။ ပါတီမျိုးစုံကို ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့် ပြုထားပေမယ့် တဖက်ကလည်း ဒီမိုကရေစီ အခြေခံ သဘောတရားကို အကြီးအကျယ် ချိုးဖောက်ထားရင် “ရွေးကောက်ပွဲ အာဏာရှင်စနစ်” ဖြစ်တယ်လို့ မက်ဆီကိုမြို့တော်က နိုင်ငံရေး သိပ္ပံပါမောက္ခ Andreas Schedler က အမည်ပေးထားတယ်။
ရွေးကောက်ပွဲအာဏာရှင်စနစ်မှာ ဒီမိုကရေစီသဘောတရားကို မကျင့်သုံးသလို အမြဲတမ်းဖိနှိပ်တဲ့နည်းကိုလည်း မသုံးဘူး။ ဒီမိုကရေစီ လိုလားသူတွေ ကျေနပ်သွားအောင် ရွေးကောက်ပွဲ ကျင်းပပေးပြီး တချိန်တည်းမှာပဲ အမြဲတမ်း အနိုင်ရအောင် ရွေးကောက်ပွဲကို ချုပ်ကိုင် ထားတယ်။ ရွေးကောက်ပွဲမှာ အစိုးရပါတီ အနိုင်ရအောင် လုပ်ထားတဲ့အ တွက် အာဏာ စွန့်လွှတ်စရာ မလိုဘူး။ ရွေးကောက်ပွဲကို ခုတုံးလုပ်ပြီး အာဏာရှင်စနစ်သစ် တည်ထောင်တာကို လေ့လာမယ်ဆိုရင် ဒီမိုကရေစီ ရွေးကောက်ပွဲရဲ့ စံသတ်မှတ်ချက်တွေကို ပြန်လည် ဆန်းစစ် ရလိမ့်မယ်လို့ ပါမောက္ခ Schedler က ဆိုတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ (Liberal democracy)၊ ရွေးကောက်ပွဲ ဒီမိုကရေစီ (Electoral democracy)၊ ရွေးကောက်ပွဲ အာဏာရှင်စနစ် (Electoral authoritarianism) စသဖြင့် ပုံစံအမျိုးမျိုး ရှိပါတယ်တဲ့။
ပါတီစုံ ရွေးကောက်ပွဲ ကျင်းပရုံနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကို မကျင့်သုံးနိုင်ပါဘူး။ ဒီမိုကရေစီ အခြေခံ အုတ်မြစ်တွေဖြစ်တဲ့ တရားတဲ့ ဥပဒေစိုးမိုးမှု၊ တာဝန်သိမှု၊ အုပ်ချုပ်ရေး ယန္တရား သိက္ခာရှိမှု၊ ပြည်သူလူထု ပါဝင်ဆွေးနွေးမှု စတာတွေ ခိုင်မာဖို့ လိုပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ ကျင့်သုံးရေး အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ လိုပါတယ်။ ရွေးကောက်ပွဲ ဒီမိုကရေစီ စနစ်မှာ အနိမ့်ဆုံး စံသတ်မှတ်ချက်ကို လိုက်နာပေမယ့် ရွေးကောက်ပွဲ အာဏာရှင် စနစ်မှာ စံသတ်မှတ်ချက် လုံးဝမရှိပါ။ ဒါကြောင့် ရွေးကောက်ပွဲဟာ စံသတ်မှတ်မှု (၇) ခုနဲ့ ကိုက်ညီဖို့ လိုတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲ ကျင်းပချိန်ဟာ ပြည်သူ့လက်ထဲ အာဏာရောက်လာတဲ့ အချိန်အခါ ပါပဲ။ လက်ထဲက ဆန္ဒမဲဟာ ပြည်သူ့ အာဏာ ဖြစ်တာမို့ မဲမပေးမီ အလေးအနက် လေ့လာခွင့် ရဖို့ ကိစ္စဟာ ပထမ လိုအပ်ချက်ဖြစ်တယ်။ ဒုတိယ အချက်က ဆန္ဒမဲမပေးမီ သတင်း အချက်အလက်ကို လွတ်လပ်စွာ ရရှိဖို့ဖြစ်တယ်။ အစိုးရပေးတဲ့ သတင်းကိုသာ ရနေတာဟာ ဒီမိုကရေစီ မဟုတ်ဘူး။
ဘက်ပေါင်းစုံက သိရအောင် သတင်းမျိုးစုံကို ရနိုင်ဖို့လိုတယ်။ ရွေးကောက်ပွဲ ယှဉ်ပြိုင် အရွေးခံသူ အားလုံး မဲဆန္ဒရှင် တွေနဲ့ လွတ်လပ်စွာ ဆက်သွယ်နိုင်ဖို့က တတိယအချက်ပါ။ ဒီလိုမလုပ်နိုင်ရင် အစိုးရ ဆင်ထားတဲ့ အတိုင်း မဲပေးရ မလို ဖြစ်နေတယ်။ စတုတ္ထ အချက်က စိတ်ရောဂါရှင်နဲ့ အကျဉ်းသားကလွဲပြီး အရွယ်ရောက်တဲ့ နိုင်ငံသူ နိုင်ငံသားတိုင်း ဆန္ဒမဲပေးခွင့် ရှိရေးပဲဖြစ်တယ်။
ပဉ္စမလိုအပ်ချက်ကတော့ မဲဆန္ဒရှင်ကို အကာအကွယ်ပေးနိုင်ဖို့ပါပဲ။ မိမိထောက်ခံတဲ့ အမတ်လောင်းကို မကြောက်မရွံ့ဆန္ဒမဲပေးပြီး ခြိမ်းခြောက်မှု၊ ဖိအားပေးမှုနဲ့ လာဘ်ထိုးမှုရန်ကို ကာကွယ်နိုင်အောင် လျှို့ဝှက်မဲပေး စနစ်ကို သုံးရတာဖြစ်တယ်။ မှတ်ကန်ပြီး သိက္ခာရှိတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့အတွက် ကျွမ်းကျင်ပြီး ဘက်မလိုက်တဲ့ အဖွဲ့က ဆန္ဒမဲကို ရေတွက်ရပါတယ်။ ဒါဟာ ဆဋ္ဌမ စံသတ်မှတ်ချက် ဖြစ်ပါတယ်။ သတ္တမနဲ့ နောက်ဆုံး အချက်ကတော့ ရွေးကောက်ပွဲမှာ အနိုင်ရသူကို အာဏာ အပြည့်အ၀ အပ်နှင်းပြီး အစိုးရ ဖွဲ့ခွင့် ပေးတာပါပဲ။ ဒီ (၇) ချက်နဲ့ ကိုက်ညီမှသာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပါလိမ့်မယ်။
အစိုးရအပြောင်းအလဲမဖြစ်ဘဲ ဆက်တိုက်အာဏာရနေဖို့အတွက် ရွေးကောက်ပွဲကို အမျိုးမျိုး ကြိုးကိုင်ပြီး ခြယ်လှယ် နိုင်တယ်။ ရွေးကောက်ပွဲ နိုင်သူကို အရေးမကြီးတဲ့ နေရာပေးပြီး အမြင့်ဆုံး နေရာကို အာဏာရှင် အသိုင်းအ၀ိုင်းက လက်ဝါးကြီး အုပ်ထားတဲ့ နည်းလည်း ရှိတယ်။ အင်္ဂလိပ် ကိုလိုနီအစိုးရ သုံးသွားတဲ့ နည်းဟောင်းပါပဲ။ အစိုးရအာဏာ ကိုသုံးပြီး ယှဉ်ပြိုင်မယ့် ပါတီနဲ့ပုဂ္ဂိုလ်ကို ချုပ်ချယ် ကန့်သတ်တာမျိုးလည်း လုပ်တတ်တယ်။ အတိုက်အခံပါတီ အနိုင်မရအောင် တမင် အကွက်ဆင်တာပါပဲ။ ရွေးကောက်ပွဲ စည်းမျဉ်းရေးတဲ့ အခါမှာ အစိုးရ မကြိုက်တဲ့ ပါတီနဲ့ ပုဂ္ဂိုလ် တွေ ယှဉ်ပြိုင်ခွင့် မရှိအောင် တမင် ရေးဆွဲတာမျိုးလည်း ရှိတယ်။ ဥပမာ နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မ၀င်နိုင်အောင် စည်းမျဉ်း ရေးထားတာမျိုးပါပဲ။
ရွေးကောက်ပွဲ ယှဉ်ပြိုင်သူတွေအကြောင်း မဲဆန္ဒရှင် အပြည့်အစုံ မသိနိုင်အောင် ချုပ်ချယ်တာမျိုးလည်း ရှိတယ်။ အတိုက်အခံ ပါတီကို လွတ်လပ်စွာ စည်းရုံးရေး ဆင်းခွင့် မပြုတာဟာ ခြယ်လှယ်နည်းတမျိုးပါပဲ။ အတိုက်အခံကို မဲပေးမယ်လို့ ယူဆရတဲ့ မဲဆန္ဒရှင်တွေ မဲမပေးနိုင်အောင် လုပ်တဲ့နည်းကို မကြာခဏ သုံးတတ်တယ်။ အသုံးအများဆုံးက မှတ်ပုံတင်ကို ခြယ်လှယ်တဲ့ နည်းပါပဲ။ မဲဆန္ဒရှင် မှတ်ပုံတင် စာရင်းမှာ နာမည်ထပ်တိုးတာနဲ့ ဖျက်ပစ်တာမျိုး တွေ လုပ်တတ်တယ်။ တမင်တကာ မှတ်ပုံမတင်ဘဲ ထားတာမျိုးနဲ့ အတင်းအဓမ္မ နေရာရွှေ့ပြောင်း ပစ်တာမျိုးလည်း ရှိတယ်။
မဲဆန္ဒရှင်တွေ စိတ်ကြိုက်မဲမပေးနိုင်ဘဲ အစိုးရပါတီကိုသာ မဲပေးလာအောင် အမျိုးမျိုး အကြမ်းဖက် ခြောက်လှန့်တဲ့ နည်းရှိပါတယ်။ ဆင်းရဲသားတွေရဲ့ ဆန္ဒမဲကို ၀ယ်ယူတဲ့နည်းကို သုံးကြတာလည်းရှိတယ်။ ယှဉ်ပြိုင်သူ အမတ်လောင်းကို အကြမ်းဖက် တိုက်ခိုက်တဲ့ နေရာမှာ ဇင်ဘာဘွေဟာ နာမည်ကြီးတယ်။ နိုင်မယ်ထင်လို့ ရွေးကောက်ပွဲ ကျင်းပပေးလိုက်ပြီး မသေချာ မရေရာ ဖြစ်လာတော့မှ မဲပုံးမီးရှို့ပစ်တာမျိုး၊ မှတ်ပုံတင် အတုလုပ်တာမျိုး စတဲ့ ကလိမ်ကကျစ် နည်းတွေလည်း ရှိတယ်။ မလေးရှား နိုင်ငံမှာတော့ အစိုးရပါတီ အနိုင်ရဖို့အတွက် မဲဆန္ဒနယ်မြေ ပိုင်းခြားမှုကို ကလိမ်ကျပြီး အကွက်ဆင်လေ့ ရှိတယ်။
ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်ဟာ လုပ်ပိုင်ခွင့် မရှိဘဲ အာဏာရှင် အသိုင်းအ၀ိုင်းရဲ့ အခိုင်းခံဘ၀ ရောက်နေတာတွေလည်း ရှိတယ်။ ရွေးကောက်ပွဲနိုင်တဲ့ လွှတ်တော် ကိုယ်စားလှယ်ဟာ စနစ်ဟောင်းရဲ့ အာဏာစက် ယန္တရားကို မကျော်လွန်နိုင်တဲ့ သဘောပဲ။ အာဏာရှင်ကြီးစိုးတဲ့ တိုင်းပြည်မှာ ရွေးကောက်ပွဲ ကျင်းပတိုင်း အတိုက်အခံက ရှုံးတယ်။ ပီရူးနိုင်ငံက ဖူဂျီမိုရီ၊ ဆားဗီးယားနိုင်ငံက မီလိုဆိုဗစ်တို့ဟာ ရွေးကောက်ပွဲ ကျင်းပပြီး အာဏာရှင်စနစ် ထူထောင်သူတွေပါ။ ကင်းယား၊ တူရကီ၊ မလေးရှားနဲ့ စင်ကာပူမှာလည်း ရွေးကောက်ပွဲ ကျင်းပပြီး အာဏာရှင်စနစ် ကျင့်သုံးနေတာ နှစ်ပေါင်း အတော်ကြာပါပြီ။ သူတို့လို ဖြစ်အောင် ကြပ်ပြေးသန်းရွှေနဲ့ ကြံ့ဖွံ့အဖွဲ့က ကြိုးစားနေတယ်။
Ref: ခေတ်ပြိုင်
နေ့စဉ်သတင်းများ (၂၂ - ၆ - ၀၉)
■ မြောက်ကိုရီးယားသင်္ဘော မြန်မာပြည်တွင် ဆိုက်ကပ်မည်ဟု ယူဆရ သတင်း
■ မြန်မာသို့ ဦးတည်ခုတ်မောင်းနေသည့် မြောက်ကိုးရီးယားသင်္ဘောအား ယူအက်စ်ဖျက်သင်္ဘောက နောက်မှ ကပ်လိုက် သတင်း
■ (၆၄) နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ကမ္ဘာတလွှား အမျိုးသမီးတွေရဲ့ ဆုတောင်းသံများ သတင်း
■ ဒေါ်အောင်ဆန်စုကြည်မွေးနေ့မှာ ပြုလုပ်တဲ့ ကိုရီးယားလွှတ်တော်က သတင်းစာရှင်းလင်းပွဲနဲ့ ကိုရီးယားသ တင်း သတင်း
■ ချင်းမိုင်က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲတွင် ယက်တော ရေကူးခြင်း (ဗွီဒီယို)
■ ဒေါ်အောင်ဆန်းစုကြည်သာ ယုံကြည်မျှော်လင့်ချက် (ဆောင်းပါး)
■ ဆန္ဒပြပွဲများ ဆက်လုပ်ဖို့ မူဆာဘီ တိုက်တွန်း သတင်း
■ အီရန်ဆန္ဒပြပွဲမှာ အနည်းဆုံး လူ (၁၉) ဦး သေဆုံး သတင်း
■ သံဃာတော်များ ခရီးသွားလာရေး တင်းကျပ်ခံရ သတင်း
■ KNU တပ်မဟာ (၇) ဌာနချုပ် သိမ်းပိုက်ခံရ သတင်း
■ ကရင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ခိုင်းမည်ကို စိုးရိမ်နေကြ သတင်း
■ ကေအန်ယူကို အမြစ်ပြုတ်ချေမှုန်းရန် မလွယ်သေး သတင်း
■ နယ်မြေအေးချမ်းမှ ဒုက္ခသည်များကို ပြန်ပို့ရန် ကရင်အမျိုးသမီးအစည်းအရုံး တောင်းဆို သတင်း
■ ပူးပေါင်းတပ် ထိုးစစ်ကြောင့် ကေအဲန်ယူ တပ်မဟာ(၇)ကို လက်လွှတ်ရ သတင်း
■ လက်နက်ကိုင်ပဋိပက္ခကြောင့် ဒုက္ခသည်ပြဿနာ ပိုမိုကြီးမားလာ သတင်း
■ တောင်ပိုင်း ၀ ထိန်းချုပ်နယ်မြေဘက် စစ်အစိုးရတပ် နည်းဗျူဟာတပ် (၂) ခု တိုးချဲ့ဖို့ရှိ သတင်း
■ သေနတ်သမားရန်က ရွာဥက္ကဋ္ဌ လွတ်မြောက်ပြီး ဇနီးနှင့်သား ဓားစာခံဖြစ်ခဲ့ရ သတင်း
■ NLD (၂) ဦးနှင့် သတင်းသမား (၁) ဦး ထောင်ချခံရ သတင်း
■ မြန်မာနိုင်ငံအပေါ် ဖိအားပေးနေမှုများ ရုရှား ကန့်ကွက် သတင်း
■ တရားမဝင် ရွှေ့ပြောင်းလုပ်သားများ ဇူလိုင်တွင် စာရင်းပေးရမည် သတင်း
■ ထိုင်းကို ပုတ်ခတ်သည့်ဆောင်းပါး ဖော်ပြရန် ဂျာနယ်များကို ဖိအားပေး သတင်း
■ မီးမလာသည့်အတွက် အင်တာနက်ဆိုင်များ တွက်ခြေမကိုက် သတင်း
■ အောင်ဆန်းကွင်းမှာ ဘောလုံးကစားခွင့် ပိတ်ပင် သတင်း
■ နျူကလီယားစွမ်းအင် ဘေးကင်းစွာ သုံးနိုင်ရေး သတင်း
■ ကလေးစစ်သား မောင်ကျော်မျိုးနိုင် အိမ်ပြန်ရောက်ပြီ သတင်း
■ ဧရာဝတီမှသည် ရိုးမတောင်တန်းကြီးများဆီသို့ (ဆောင်းပါး)
■ ရခိုင်ကရင် (၃၄) ဦးလွတ်မြောက်ရေး အတွက် ဆန္ဒပြသူ (၂၀) ကျော် ဒက္ကားတွင် ဖမ်းဆီးခံရ သတင်း
လွတ်လပ်သည့် တရားစီရင်ရေးကို တိုင်းတာသည့် စံနှုန်းများ
မင်းလွင်ဦး
တနင်္လာနေ့၊ ဇွန်လ 22 2009 14:53 - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည်အား ကန့်သတ်တားဆီးမိန့်ကို ဖောက်ဖျက်သည့် အတွက် စွဲဆိုထားသည့် ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂/ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁ဝ၉ တို့အရ စွဲဆိုသည့် ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံး၏ ပြစ်မှုဆိုင်ရာ အမှုကြီး ၄၇/၂ဝဝ၉ အမှုအား (၁၈-ဝ၅-၂ဝဝ၉) နေ့မှ စတင် စစ်ဆေးလာခဲ့ရာ ယနေ့ဆိုလျှင် တလ ကျော်လာပြီဖြစ်သည်။
တရားလိုဘက်မှ တင်ပြသည့် သက်သေများကို စစ်ဆေးပြီး (၂၂-ဝ၅-၂ဝဝ၉) ရက်နေ့တွင် တရားလိုပြ သက်သေ ၂၃ ဦးအနက် ၁၅ ဦးကို စစ်ဆေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမနှင့် John William Yettaw အား စွဲချက် တင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဘက်မှ အကျိုးဆောင်များက တရားလိုပြ သက်သေ ၁၅ ဦးအနက် ၅ ဦးကို ပြန်ခေါ် သက်သေများ အဖြစ် ပြန်လည်ခေါ်ယူပြီး စစ်မေးခဲ့သည်။
တရားခံပြ သက်သေများအဖြစ် ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးကြည်ဝင်းနှင့် ဒေါ်ခင်မို့မို့အား တရားခံပြ သက်သေများ အဖြစ် စာရင်း တင်သွင်းခဲ့ရာ မူလရုံးမှ ဦးကြည်ဝင်း တဦးတည်းကိုသာ ခွင့်ပြုခဲ့သည့် အတွက် အထက် တရားရုံး အဆင့်ဆင့်သို့ ပြင်ဆင်မှု တင်သွင်းခဲ့ရာ တိုင်းတရားရုံးမှ ဒေါ်ခင်မို့မို့ကို ထပ်မံခွင့်ပြုပြီး ဦးတင်ဦးနှင့် ဦးဝင်းတင်အား တရားခံပြ သက်သေအဖြစ် အစစ်ခံရန် ခွင့်မပြုသည့် အောက်ရုံး အမိန့်ကို အတည်ပြုခဲ့သည်။
ထို့ကြောင့်လည်း တိုင်းတရားရုံး၏ အမိန့်ကို ပြင်ဆင်ပေးရန် အမြင့်ဆုံး တရားရုံးဖြစ်သည့် တရားရုံးချုပ်သို့ ပြင်ဆင်မှု တင်သွင်းခဲ့ရာ လက်ခံခဲ့ပြီး ၂ ဖက် လျှောက်လဲချက် ပေးရန် ၂၄ ရက်နေ့သို့ ချိန်းဆိုခဲ့သည်။ အမြင့်ဆုံးဖြစ်သည့် တရားရုံးချုပ်သည် နိုင်ငံတကာက လက်ခံထားသည့် လွတ်လပ်သည့် တရားစီရင်ရေး စနစ်ကို အကောင်အထည် ဖော်နိုင်ပါမည်လား။ တရားရုံးချုပ်မှ ပြဋ္ဌာန်းထားသည့် တရားစီရင်ရေး ဆိုင်ရာ မူကို တရားရုံးချုပ်က လိုက်နာ ဆုံးဖြတ်မည်လား ဆိုတာကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။
လွတ်လပ်သည့် တရားစီရင်ရေးနှင့် ပတ်သက်၍ နိုင်ငံတကာရှိ အစိုးရများ လက်ခံ ကျင့်သုံးနိုင်ရန် ကုလသမဂ္ဂမှ ပြဋ္ဌာန်းထားပါသည်။
မြန်မာနိုင်ငံသည် အဆိုပါ အချက်များကို လိုက်နာကျင့်သုံး အကောင်အထည် ဖော်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီလား ဆိုသည်ကို စာဖတ်သူများ လေ့လာသုံးသပ် ဆုံးဖြတ်နိုင်ရန် တင်ပြ လိုက်ပါသည်။
လွတ်လပ်သည့် တရားစီရင်ရေးကို ကျင့်သုံးဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် အစိုးရ အဖွဲ့အစည်းများ ကလည်း တရားရုံး၏ အဆုံးအဖြတ်ကို လေးစား လိုက်နာရမည်။ နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေက ထိုအချက်ကို အာမခံချက် ပေးရမည်။
မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိသေးပါ။ ၂ဝဝ၈ ခုနှစ်တွင် အသစ်ရေးဆွဲ အတည်ပြုထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကလည်း လွတ်လပ်သည့် တရားစီရင်ရေးနှင့် ပတ်သက်၍ တိတိကျကျ အာမခံမထားပါ။
တရားရုံးအနေဖြင့် အာဏာပိုင်အဖွဲ့အစည်းများက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လွှမ်းမိုးမှု၊ ခြိမ်းခြောက်မှု၊ ဖိအားပေးမှု၊ ဝင်ရောက် စွက်ဖက်မှုများမှ ကင်းဝေး စေရမည်ဖြစ်ပြီး ပြဋ္ဌာန်းထားသည့် ဥပဒေများ အတိုင်း လိုက်နာ ဆောင်ရွက်၍ ဆုံးဖြတ်နိုင်ရမည်။
တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လက်ခံဆောင်ရွက်သည့် ကိစ္စရပ်များတွင် တရားရုံး တရားသူကြီး၏ အဆုံးအဖြတ်ဖြင့်သာ စီမံ ဆောင်ရွက်ရမည်။ အာဏာပိုင်များ၏ အမိန့်ပေးခြင်းကြောင့် လက်ခံ ဆောင်ရွက်ခြင်း၊ ငြင်းပယ်ခြင်း မရှိစေရ။
တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြစ်ဒဏ်ချမှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ အယူခံမှုကို လက်ခံခြင်း ပြန်လည်သုံးသပ်ခြင်း၊ စသည်တို့ကို ဥပဒေပြဋ္ဌာန်းချက်များ အတိုင်းသာ တရားရုံးအဆင့်ဆင့်က ဆောင်ရွက်ရမည်ဖြစ်ပြီး အာဏာပိုင်များ၏ ဝင်ရောက်စွက်ဖက်မှု ကင်းစေရမည်။
ပြစ်မှုများကို သာမန်တရားရုံး၊ ခုံရုံးများတွင်သာ စစ်ဆေးကြားနာမည့် လွတ်လပ်သည့် တရားရုံးများကို ဖွဲ့စည်း တည်ထောင်ပေးရမည်။
မျှတစွာ စစ်ဆေးစီရင်သည်ကို ၂ ဖက်အမှုသည်များက လေးစားအသိအမှတ်ပြုရန် လွတ်လပ်သည့် တရား စီရင်ရေးနှင့် ပြဋ္ဌာန်းဥပဒေများ၊ ကျင့်ထုံးများ၊ နည်းဥပဒေများနှင့်အညီ စစ်ဆေးစီရင်ရမည်။
နိုင်ငံတော်အနေဖြင့် တရားရုံးအဆင့်ဆင့်တွင် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်သည့် အရင်း အမြစ်များကို ထောက်ပံ့ကူညီပေးရမည်။
တရားစီရင်ရေးဆိုင်ရာ တရားရုံးချုပ်အနေဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး အာဏာပိုင် စသည်တို့နှင့် လုံးဝ လွတ်ကင်းပြီး လွတ်လပ်စွာ သီးခြားတည်ရှိနေရမည် ဖြစ်သည်။ သို့မှသာ တရားစီရင်ရေးကို ဥပဒေ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်နိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ မဆောင်ရွက်နိုင်သေးပါ။ နိုင်ငံရေးမှုခင်းများနှင့် ပတ်သက်၍ အာဏာပိုင်များ အလိုကျ တရားရုံးချုပ်က စီရင် ဆုံးဖြတ် ပေးနေရသည်ကို ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များ၊ ၈၈ ကျောင်းသား ခေါင်းဆောင်များ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ၊ ရွှေဝါရောင်သံဃလှုပ်ရှားမှုဖြင့် ဖမ်းဆီးခံခဲ့ရသူများ၏ အမှုများ၊ နာဂစ်မုန်တိုင်းသင့်များအရေး ပါဝင်ကူညီမှုဖြင့် ဖမ်းဆီးခံရသူများ၏ အမှုများတွင် အကျဉ်းနည်းဖြင့် အင်းစိန်ထောင်အတွင်း သီးသန့် အထူးခုံရုံးများ၌ စစ်ဆေးပြီး အမြင့်ဆုံး ပြစ်ဒဏ်များကို ချမှတ်ခဲ့သည့် သာဓကများက သက်သေခံလျက် ရှိသည်။
ပြစ်မှုဆိုင်ရာ အမှုများကို သာမန်အားဖြင့် မှုခင်းဖြစ်ပွားသည့်နေရာများတွင် စစ်ဆေးစီရင် ရမည်ဟု ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေက အတိအလင်း ပြဋ္ဌာန်းထားသည်။ ဥပမာအားဖြင့် ယနေ့ လူအများ စိတ်ဝင်စားနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သည် ဗဟန်းမြို့နယ်အတွင်း၌ တည်ရှိနေသဖြင့် အမှုကို စစ်ဆေးစီရင်မည်ဆိုပါက ဗဟန်းမြို့နယ် တရားရုံး၌ စစ်ဆေးစီရင်ရမည် ဖြစ်သည်။ အမှုကို စစ်ဆေးစီရင်သည့်အခါ၌လည်း အများပြည်သူများ တက်ရောက်နားထောင်နိုင်စေရန် အများပြည်သူ၏ ရှေ့မှောက်၌ စစ်ဆေးစီရင်ရမည် ဖြစ်သည်။ သို့သော် အာဏာပိုင်များက ထိုသို့မဆောင်ရွက်ပေ။ တရားသူကြီးချုပ်ကလည်း ၂ဝဝဝ ပြည့်နှစ် တရားစီရင်ရေး ဥပဒေအရ အပ်နှင်းထားသည့် အာဏာဖြင့် အင်းစိန်ထောင်အတွင်း အထူးသီးသန့် ခုံရုံးဖြင့် စစ်ဆေးစီရင်နိုင်ရန် စီမံဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံတော်ရှေ့နေချုပ်ကလည်း စွဲဆိုထားသည့်အမှုသည် ဥပဒေပြဋ္ဌာန်းချက်များနှင့် မညီသည့် တရားစွဲဆိုမှု ဖြစ်သည်ကို သိလျက်နှင့် တရားစွဲဆိုနိုင်ရန် စီမံဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့်လည်း နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အမှုသည် ဥပဒေ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိဘဲ အာဏာပိုင်များ၏ စိတ်တိုင်းကျ ရှေ့နေချုပ်နှင့် တရားသူကြီးချုပ်တို့က ပူးပေါင်းဆောင်ရွက်ပြီး အမှုကို စစ်ဆေးစီရင်နေကြောင်း ထောက်ပြပြောဆိုနေကြခြင်း ဖြစ်သည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အသင်းအဖွဲ့ ထူထောင်ခွင့်သည် လွတ်လပ်သည့် တရားစီရင်ရေးကို ထိန်းကျောင်း တည့်မတ်ရာ၌ အရေးပါသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းပါ နိုင်ငံသားများ၏ မွေးရာပါ အခြေခံအခွင့် အရေးများအနက် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ အသင်းအဖွဲ့များ ထူထောင်နိုင်ခွင့်နှင့် လွတ်လပ်စွာ စီတန်း လှည့်လည်နိုင်ခွင့်တို့နှင့် ပတ်သက်၍ ကျင့်သုံးဆောင်ရွက်နိုင်ရန် အစိုးရက စီမံဆောင်ရွက်ပေးရမည် ဖြစ်သည်။ အလားတူပင် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ၌ ပါဝင်ဆောင်ရွက်နေသည့် အကျိုးဆောင်ရှေ့နေများအတွက် လွတ်လပ်သည့် အသင်းအဖွဲ့များ ဖွဲ့စည်းထူထောင်ခွင့်ကို ခွင့်ပြုဆောင်ရွက်ပေးရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရှစ်လေးလုံး မတိုင်မီက အထိုက်အလျောက် လွတ်လပ်သည့် ရှေ့နေအသင်းအဖွဲ့များ တိုင်းနှင့် ပြည်နယ်တို့တွင် ဖွဲ့စည်းတည်ထောင်ခွင့် ရှိခဲ့သည်။ တရားရုံးချုပ် ရှေ့နေများနှင့် အထက်တန်း ရှေ့နေများအတွက် ဘားကောင်စီ ခေါ် ဗဟိုတရားရုံး ရှေ့နေများ ကောင်စီကို လွတ်လပ်စွာ ဖွဲ့စည်းထားနိုင်ခဲ့သည်။ ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်ပွားပြီးသည့် နောက်ပိုင်းတွင် အာဏာပိုင်များက ယခင်က လွတ်လပ်စွာ တည်ရှိခဲ့သည့် ဘားကောင်စီဥပဒေကို ပြင်ဆင်ပြီး နိုင်ငံတော် ရှေ့နေချုပ်ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်၍ ထိန်းချုပ်ခဲ့သည်။ ထို့ကြောင့် လက်ရှိ တရားရုံးချုပ် ရှေ့နေများ ကောင်စီသည် တရားမျှတသည့် တရားစီရင်ရေးကို ဖော်ဆောင်နိုင်ရန် အကူအညီပေးသည့် တရားရုံးချုပ် ရှေ့နေများကို အကာအကွယ် မပေးနိုင်တော့ဘဲ၊ အာဏာပိုင်များ အလိုကျသာ စီမံဆောင်ရွက်နေရသည့် အဆင့်သို့ ရောက်ရှိခဲ့သည်။
တရားရုံးချုပ် ရှေ့နေကြီးများဖြစ်သော ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်နှင့် အထက်တန်း ရှေ့နေများဖြစ်သည့် ညီညီထွေး၊ ရန်နိုင်အောင် ခေါ် ဖိုးဖြူတို့အား ဖမ်းဆီးအကျဉ်းချနိုင်အောင် ဆောင်ရွက်ခဲ့သည့် သာဓကများ အထင်အရှား တွေ့ရှိရသည်။ တရားရုံးချုပ် ရှေ့နေများ ကောင်စီအနေဖြင့် လိုင်စင်ရုပ်သိမ်းခြင်း ခံရသည့် တရားရုံးချုပ် ရှေ့နေများနှင့် အထက်တန်း ရှေ့နေများကို အကာအကွယ် မပေးနိုင်ခဲ့ပေ။ လာဘ်ပေးလာဘ်ယူမှုများ၊ ကိုယ်ကျင့်တရား ပျက်ပြားသည့်အတွက် ထောင်ဒဏ်ကျခံရသည့် ဥပဒေဝန်ထမ်းများ၊ တရားသူကြီးများအနေဖြင့် ထောင်မှ လွတ်လာသည့်အခါ ရှေ့နေများအဖြစ် လိုက်ပါဆောင်ရွက်နိုင်ခွင့် ရှိသော်လည်း နိုင်ငံရေးအမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများအတွက် လိုက်ပါဆောင်ရွက်သည့် ရှေ့နေများအနေဖြင့် ပြစ်ဒဏ်ကျခံရပြီးနောက် အဆိုပါ အခွင့်အရေးကို ရရှိခဲ့ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။
တရားသူကြီးများ အနေဖြင့် ၎င်းတို့၏ သက်မွေးပညာရပ်များနှင့် ပတ်သက်၍သော်လည်းကောင်း လွတ်လပ်သည့် တရားစီရင်ရေးကို ဖော်ဆောင်နိုင်ရန်အတွက် လွတ်လပ်သည့် အသင်းအဖွဲ့များနှင့် ဆက်သွယ် ဆောင်ရွက်ခွင့်ကို အာဏာပိုင်များက ခွင့်ပြုပေးရမည်။
မြန်မာနိုင်ငံမှ တရားသူကြီးချုပ် အပါအဝင် တရားစီရင်ရေးဌာနမှ တရားသူကြီးများအနေဖြင့် အာရှ ဒေသဆိုင်ရာ တရားသူကြီးများ အသင်း၊ ရှေ့နေများအသင်းနှင့် နိုင်ငံတကာ တရားရုံးချုပ်ရှေ့နေ အဖွဲ့အစည်းများသို့ လွတ်လပ်စွာ အဖွဲ့ဝင်များအဖြစ် လျှောက်ထားနိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။
တရားသူကြီးများ၏ အရည်အချင်း၊ ရွေးချယ်မှုနှင့် သင်တန်းများကလည်း လွတ်လပ်သည့် တရားစီရင်ရေးကို ဖော်ဆောင်ရာတွင် အရေးပါသည်။
တရားရုံးချုပ် တရားသူကြီးများနှင့် တရားသူကြီးများအား ရွေးချယ်ခန့်အပ်ရာ၌ ဥပဒေဘွဲ့ရရုံနှင့် မလုံလောက်ပါ။ တရားရုံးချုပ် တရားသူကြီးများအဖြစ် တာဝန်ထမ်းဆောင်မည့် သူများအား ရွေးချယ်ရာ၌ လူမျိုး၊ အသားအရောင်၊ ကျား-မ၊ ဘာသာရေး ယုံကြည်မှုနှင့် နိုင်ငံရေးယုံကြည်မှုကို အခြေခံ၍ ခွဲခြားခြင်း မရှိဘဲ တရားသူကြီးများ၏ အရည်အချင်းနှင့် လုပ်ငန်းဆောင်ရွက်မှုတို့အပေါ် မူတည်၍ ရွေးချယ်ခန့်ထားရမည် ဖြစ်သည်။ တရားရုံးချုပ် တရားသူကြီးများ၏ အရည်အချင်းနှင့် ပတ်သက်၍ လိုအပ်သည့် အချက်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ထည့်သွင်းပြဋ္ဌာန်းထားရမည်။
တရားသူကြီးများ၏ လုပ်ငန်းခွင်လုံခြုံမှု အခြေအနေ မရှိပါက လွတ်လပ်သည့် တရားစီရင်ရေး မပေါ်ထွန်းနိုင်။
တရားသူကြီးများ လွတ်လပ်စွာ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် အစိုးရ အနေဖြင့် လုပ်ငန်းခွင် လုံခြုံမှုရှိစေရန် ဆောင်ရွက်ပေးရမည်။ လုံလောက်သော လစာငွေ၊ ရာထူးတိုးမြှင့်သည့်ကိစ္စ၊ ပင်စင်လစာငွေနှင့် အငြိမ်းစားယူရမည့် သက်တမ်းကို ဥပဒေနှင့်အညီ လုံခြုံမှုရှိစေရန် ပြဋ္ဌာန်းဆောင်ရွက်ရမည်။
တရားသူကြီးများ၏ လစာငွေ လုံလောက်မှုမရှိပါက လာဘ်စားမှုများ ပေါ်ပေါက်မည် ဖြစ်သည်။ အငြိမ်းစား ယူပြီးသည့်အခါ ရရှိသည့် ပင်စင်လစာငွေသည် စား၊ ဝတ်၊ နေရေးအတွက် လုံလောက်မှုရှိရန် အာမခံချက် ပေးရမည် ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် အဆိုပါ အာမခံချက်မျိုးကို အစိုးရအနေဖြင့် ပေးထားနိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။
တရားသူကြီးများ ခန့်အပ်ခြင်း၊ ရွေးချယ်ခြင်းနှင့် လုပ်ငန်းခွင် လုံခြုံမှုကို အာမခံရမည့်အပြင် အငြိမ်းစားယူုသည့် အသက်နှင့် လုပ်ငန်းခွင်မှ ထွက်ခွာပြီးနောက်ပိုင်း လုံခြုံမှုရှိစေရန် ဆောင်ရွက်ပေးရမည်။ ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တရားသူကြီး၏ အရည်အချင်းနှင့် လုပ်ဆောင်မှုအပေါ် အဓိက အခြေခံရမည် ဖြစ်သည်။ အာဏာပိုင်များ အလိုကျ စစ်ဆေး စီရင်ပေးသည့် အတွက် ရာထူးတိုးမြှင့်ပေးခြင်းမျိုး မဖြစ်စေရပါ။
တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း စစ်ဆေးစီရင်ဆုံးဖြတ်ခဲ့သည့် အမှုများနှင့် ပတ်သက်၍ ချမှတ်ခဲ့သည့် စီရင်ချက်နှင့် အမိန့်များ လုပ်ဆောင်မှုများအပေါ်တွင် နောင်တချိန်တွင် တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့် ပေးရမည်။ တရားသူကြီးအဖြစ် စစ်ဆေးဆောင်ရွက်စဉ် ကာလအတွင်း မှုခင်းများနှင့် ပတ်သက်၍ လျှို့ဝှက်၊ ကန့်သတ် သတင်းအချက်အလက်များကို တရားရုံး၌ သက်သေအဖြစ် ထွက်ဆိုခြင်းမှ ကင်းလွတ်ခွင့် ပေးရမည်။
တရားသူကြီးချုပ်အဖြစ်မှ အနားယူပြီးနောက် ပြင်ပ၌ ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်း ပြုမည် ဆိုပါကလည်း လိုအပ်သည့် နှစ်ကို ကန့်သတ်ပေးထားရမည်။ တရားသူကြီးချုပ်အဖြစ်မှ အနားယူပြီးနောက် ပြင်ပ၌ ရှေ့နေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုမည်ဆိုပါက လက်ရှိ တာဝန်ထမ်းဆောင်နေသည့် တရားသူကြီးများအပေါ် ၎င်း၏ သြဇာလွမ်းမိုးမှု ဆက်လက်ရှိနေနိုင်သေးသဖြင့် မျှတသည့် တရားစီရင်ရေး မပေါ်ပေါက်နိုင်ကြောင်း တဖက်မှ အကြောင်းပြ ကန့်ကွက်နိုင်သည့်အတွက် လိုအပ်သည့် နှစ်ကို ကန့်သတ်ထားရန် ဖြစ်သည်။ ဥပမာအားဖြင့် အငြိမ်းစားယူပြီးနောက် ၅ နှစ်ကြာမှ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နိုင်သည် စသဖြင့် နှစ် ကန့်သတ်ထားရန် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဦးမွန်စံလှိုင်သည် တရားရုံးချုပ် တရားသူကြီးအဖြစ်မှ အငြိမ်းစားယူပြီးနောက် ရှေ့နေအဖြစ် အသက် မွေးဝမ်းကျောင်း ပြုရာ၌ ထိုသို့ နှစ် ကန့်သတ်ထားခြင်း မရှိသည့်အတွက် တရားခွင်သို့ ဦးမွန်စံလှိုင် ရောက်ရှိလာပါက မြို့နယ်တရားသူကြီးများ၊ တိုင်းတရားသူကြီးများအနေဖြင့် တချိန်က ၎င်းတို့၏ အထက်မှ ဆောင်ရွက်ခဲ့သည့် တရားသူကြီးချုပ် ဖြစ်ခဲ့သည်ကို အလွယ်တကူ မေ့ပျောက်၍ မရသဖြင့် ၎င်း လိုက်ပါဆောင်ရွက်သည့် အမှုတိုင်းလိုလို အနိုင်ရခဲ့သည်ကို တွေ့ရသည်။
ရာထူးမှ ထုတ်ပယ်ခြင်း၊ ရာထူးချထားခြင်း စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ တရားစွဲဆိုခြင်း ခံရသည့် တရားသူကြီးများ ကိုလည်း ဥပဒေနှင့်အညီ ခုခံချေပခွင့် ပြုရမည် ဖြစ်သည်။ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရာ၌လည်း စွဲဆိုခြင်းခံရသည့် ကိစ္စရပ်နှင့် ပတ်သက်၍ ခုခံချေပခွင့် ပြုရမည်ဖြစ်ပြီး လိုအပ်လျှင် ရှေ့နေဖြင့် ငှားရမ်းထုချေခြင်း စသည်တို့ကို ခွင့်ပြုပေးရမည် ဖြစ်သည်။ အကြောင်းမဲ့ ရာထူးမှ ထုတ်ပယ်ခြင်း၊ ရပ်စဲခြင်း၊ ရာထူးချထားခြင်းကို ဆောင်ရွက်နိုင်ခြင်း မရှိအောင် အစိုးရက လိုအပ်သည့် ဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် နည်းဥပဒေများ ပြဋ္ဌာန်းပေးရမည် ဖြစ်သည်။ ရာထူးမှထုတ်ပယ်ခြင်း၊ ရပ်ဆိုင်းခြင်း စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များကို ပြန်လည်သုံးသပ်၍ ပြင်ဆင်ခြင်းကို ဆောင်ရွက်နိုင်ခွင့်ရှိအောင် ဥပဒေဖြင့် ပြဋ္ဌာန်း အကာအကွယ် ပေးရမည် ဖြစ်သည်။ သို့မှသာ လွတ်လပ်သော တရားစီရင်ရေးနှင့် မျှတသော တရားခွင်ကို ဖော်ဆောင်နိုင်မည် ဖြစ်သည်။
တရားရုံးချုပ် တရားသူကြီးများ၏ သက်တမ်းနှင့် ပတ်သက်၍ ပြောရမည်ဆိုပါက ၁၉၈၈ ခုနှစ်နောက်ပိုင်း တရားရုံးချုပ် တရားသူကြီးများအဖြစ် တာဝန်ယူခဲ့သည့် တရားသူကြီးများအနက် ကျန်းမာရေးချို့ယွင်း၍ တာဝန်မှ အနားယူသွားသူများမှအပ ယနေ့တိုင် နှစ်ပေါင်း ၂ဝ နီးပါး မပြောင်းလဲသည့် တရားသူကြီးများ၏ သက်တမ်းကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်သည့် တရားစီရင်ရေးကို အကောင်အထည်ဖော် ကျင့်သုံးနိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ယနေ့ စစ်ဆေးစီရင်နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုသည်လည်း အမှန်တရားအတိုင်း မပေါ်ပေါက်နိုင်၊ တရားရုံးများ လိုက်နာဆောင်ရွက်ရမည့် တရားစီရင်ရေးဆိုင်ရာ မူများကို တရားရုံးချုပ်နှင့် တရားသူကြီးချုပ်က ပြဋ္ဌာန်းထားသည်ဖြစ်ရာ မိမိကိုယ်တိုင် ပြဋ္ဌာန်းထားသည့် ဥပဒေကို လိုက်နာဆောင်ရွက် ကျင့်သုံးမှု ရှိပါမည်လား ဆိုသည်မှာ လွန်စွာ သံသယဖြစ်ဖွယ်ပင် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တောင်းဆိုထားသည် သက်သေ ဦးတင်ဦးနှင့် ဦးဝင်းတင်အား ခွင့်ပြုခဲ့သည် ဆိုပါကလည်း အပြည့်အဝ ဝမ်းမသာနိုင်သေးပါ။ သက်သေထွက်ချက်များသည် အမှုနှင့် ဆက်စပ်ခြင်း မရှိသည့်အတွက် အမှုကို ဆုံးဖြတ်ရာ၌ ထည့်သွင်း စဉ်းစားခြင်း မပြုဘဲ အာဏာပိုင်တို့ အလိုကျ စီရင်ချက်နှင့် အမိန့်ကို ချမှတ်ပေးနိုင်သေးသည်ကို သတိပြုကြရန် လိုသည်။
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်အမိန့် ရုပ်သိမ်းသည့် မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား အာမခံဖြင့် အမှုအား ခုခံချေပခွင့် ပေးသင့်သည်။ ယခုကဲ့သို့ အင်းစိန်ထောင်အတွင်း ဖမ်းဆီး ချုပ်နှောင် ထားခြင်းသည် ဒေါ်အောင်ဆန်းစုကြည်အား ကြိုတင် အပြစ်ပေးထားသကဲ့သို့ ဖြစ်နေပါသည်။ ထို့ကြောင့် အာဏာပိုင်များအနေဖြင့် အမှုကို ဆက်လက်စစ်ဆေးစီရင်မည်ဆိုပါက အချုပ်လွတ် အာမခံနှင့် ခုခံချေပခွင့် ပြုသင့်သည်။ အာမခံ ပေးသင့်ကြောင်း လျှောက်ထားမည် ဆိုပါကလည်း မူလ မြောက်ပိုင်းခရိုင် တရားရုံးက လျှောက်လွှာကို ပယ်ချဦးမည် ဖြစ်သည်ကိုမူ သံသယဖြစ်စရာ မလိုကြောင်း တင်ပြ လိုက်ရပေသည်။
Ref: မဇ္ဈိမ
Monday, June 22, 2009
စုအာဇာနည် သက်တော်ရှည်
Ref: မိုးချိုသင်း
နေ့စဉ်သတင်းများ (၂၁- ၆- ၀၉)
■ မြောက်ကိုရီးယား လက်နက်တင်သင်္ဘော မြန်မာနိုင်ငံဆီ ဦးတည်ခုတ်မောင်းနေ သတင်း
■ မြန်မာကိုသွားမည့် မြောက်ကိုရီးယားသင်္ဘောကို အမေရိကန်ဖျက်သင်္ဘော နောက်ယောင်ခံ သတင်း
■ အီရန်မှာ အကြမ်းမဖက်ဖို့နဲ့ မတရားတဲ့ လုပ်ရပ်တွေ ရပ်ဆိုင်းဖို့ သမ္မတ အိုဘားမား တောင်းဆို သတင်း
■ အီရန်ဆန္ဒပြသူတွေနဲ့ ရဲအဓိကရုဏ်း လူ (၁၀) ဦးထက်မနည်း သေ သတင်း
■ ဂမ်ဘာရီ ဇွန်လ (၂၅) ရက် မြန်မာနိုင်ငံသွားဖို့ ခန့်မှန်း သတင်း
■ မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံခရီးစဉ် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းတဲ့ အန်အယ်ဒီပါတီဝင် (၂) ဦး ထောင်ဒဏ် အပြစ်ပေးခံရ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့သတင်း တရုတ်အစိုးရ ရုပ်မြင်သံကြားမှ ထုတ်လွှင့် သတင်း
■ ဒေါ်အောင်ဆန်းစုကြည် (၆၄) အတွက် မာမာအေးက မြင့်မိုရ်ထက်မြင့်သော သီချင်းဖြင့် ဂုဏ်ပြုသီဆို သတင်း
■ ဦးဝင်းတင်ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် (၆၄) မွေးနေ့စကား သတင်း
■ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သားမက်ကို မြန်မာကောင်စစ်ဝန်ချုပ်အဖြစ် ခန့်အပ် သတင်း
■ တမြီး ငါးဆယ်၊ တပိဿာ နှစ်ထောင်နှင့် ကြွက်မြို့တော် ရန်ကုန် (သတင်းဆောင်းပါး)
■ မယက ရန်ပုံငွေအတွက် ဆိုင်ကယ်ဦးထုပ်မဆောင်းသူ တဦးစီမှ ကျပ်ငွေတသောင်းစီ ကောက် သတင်း
■ ရယက စာရေးမတချို့ မယက ဥက္ကဋ္ဌများထံတွင် မယားငယ်နေမှုကြောင့် မောင်တောမြို့ ဂုဏ်သိက္ခာကို ထိ ခိုက်နေသည်ဟု မြို့လူကြီးတဦးက ပြော သတင်း
■ ကော့ဘဇား ယူအန်ရှေ့တွင် ရခိုင်ဒုက္ခသည်များ အသံတိတ် ဆန္ဒပြ သတင်း
■ ထူးထူးဆန်းဆန်း တပ်တွင်းသင်တန်း နအဖစစ်တပ်က ဖွင့်လှစ် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှု ဥပဒေနဲ့မညီပုံ AHRC ကုလသို့ တိုင်ကြား သတင်း
■ ဂျပန်လွှတ်တော်အမတ်များက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုဆုချီးမြှင့် သတင်း
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88