ဆောင်းပါးရှင် - ကျော်ဇေလတ် (တပ်မတော် အရာရှိ တစ်ဦး)
ကျွန်တော် ဗိုလ်လောင်း ကျောင်းဆင်းပြီးတော့ ခြေမြန်တပ်ရင်း တခုမှာ တာဝန် ထမ်းဆောင်ဖို့ အမိန့်ရလို့ သွားရောက် သတင်းပို့ ခဲ့ပါတယ်။ တပ်ခွဲမှူးက ကျွန်တော့်ကို တပ်ခွဲရုံးမှာ တွဲဘက်ထားပေးပြီး စစ်ပညာကို သင်ပေးအုံးမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ တပ် စစ်ကြောင်းဟာ ရှေ့ တန်းထွက်ရပြီး ကျွန်တော့် တပ်ခွဲဟာ ရှမ်းပြည်နယ် မိုင်းကိုင်မြို့ ဆင်တောင် ဧရိယာမှာ စစ်ဆင်ရေး လှုပ်ရှား ရပါတယ်။ ကျွန်တော့် တပ်ခွဲမှူးဟာ စီနီယာဖြစ်ပြီး တပ်ခွဲ (၅) ကို ကိုင်ရပါတယ်။ သူဟာ အရက်ကို ရေသောက်သလို ရေဗူးမှာ ရေမထည့်ဘဲ အရက်ကို ထည့်ကာ သောက်သုံးနေပြီး စကား ပြောဆိုရာမှာလည်း ကြမ်းတမ်းလှ ပါတယ်။
စစ်ကြောင်းဟာ မိုင်းကိုင်မြို့ က ရွာတစ်ရွာကို ညနေပိုင်းလောက်မှာ ၀င်ရောက် ရှင်းလင်းပြီး တပ်ခွဲမှူးက ဒီရွာမှာ အခြေပြုမယ်လို့ ပြောကာ တပ်တွေကို နေရာ ချထားလိုက်ပါတယ်။ အဲဒီနောက် ရွာလူကြီးကို ခေါ်ပြီး ရန်သူ သတင်း မေးရာမှာ မနေ့က နေ့လည်ပိုင်း အချိန် ရွာအစွန်ကို SSA တပ်ဖွဲ့ ရောက်ရှိလာပြီး ဆင်တောင်ဘက် ပြန်ထွက်သွားကြောင်း သတင်းပို့ခဲ့ပါတယ်။ တပ်ခွဲမှူးက “ကျွန်တော်တို့ အခုတလော တောင်တက်တာ များလို့ ခြေသလုံး ကြွက်တက်ပြီး ကိုက်ခဲနေတယ်။ နင်းနှိပ်ခိုင်းချင်တယ်။ ဒီအိမ်က ကလေးမ ဘယ်သွားလဲ သူကြီးလို့” မေးလိုက်ပါတယ်။ ရွာလူကြီးက “ဗိုလ်လုံ၊ မနက်က ဒီကလေးမနဲ့ သူ့အဒေါ် မြို့ ကို ဈေးဝယ် သွားတယ်၊ ညမိုးချုပ်ရင် ပြန်ရောက်မယ်။ ဟိုတခေါက် ဗိုလ်လုံလာတုန်းက မိတ်ဆက်ပေးထားတဲ့ ကလေးမကို ပြောတာ မဟုတ်လား” လို့ မျက်နှာ မကောင်းစွာနဲ့ ပြောပါတယ်။ တပ်ခွဲမှူး ကလည်း “ဟုတ်တယ်။ အဲဒီတုန်းက တပ်ရင်းမှူး အရေးပေါ် ဆွဲခေါ်တာနဲ့ ဒီရွာက ချက်ချင်း ပြန်ထွက်သွားရတယ်။ ကိစ္စမရှိပါဘူး။ သူတို့ ပြန်လာရင် နှိပ်ခိုင်းလိုက်မယ်” လို့ ပြောပါတယ်။
ရွာလူကြီး ပြန်ထွက်သွားတဲ့အခါ SSA ၀င်သွားတဲ့ သတင်းရထားလို့ စစ်သည်တွေ အိမ်ပေါ်မှာ မအိပ်ဘဲ လုံခြုံရေးအရ အိမ်အောက်မှာ အကုန် ဆင်းအိပ်ကြရလို့ ကျွန်တော်နဲ့ တပ်ခွဲမှူး နှစ်ဦးဘဲ အိမ်ပေါ်မှာ အိပ်ကြပါတယ်။ ကျွန်တော်ဟာ တပ်ခွဲမှူး ထမင်းစားတဲ့ အထိ စောင့်နေပေမဲ့ သူက အရက်သမား “ဇိုးကြီး” လုံးလုံးလျားလျား ဖြစ်နေလို့ တော်တော်နဲ့ ထမင်းမစားဘဲ အရက်ကိုသာ လိမ့်ပြီး သောက်နေတာကြောင့် ကျွန်တော်လည်း ဆာဆာနဲ့ အမြည်းကိုသာ စားနေရပါတယ်။ တပ်ခွဲမှူးဟာ အရက်ရေချိန် ကိုက်လာပြီး ခဏလှဲရင်း အိပ်ပျော်သွားစဉ်မှာ တံခါးခေါက်သံ ကြားလို့ ကျွန်တော်လည်း “ထ” ပြီး ဖွင့်ကြည့်လိုက်ပါတယ်။ အိမ်ရှင် ဖြစ်ဟန်တူပြီး မြို့  တက် ဈေးဝယ်သွားရာက ပြန်လာတာ ဖြစ်နိုင်ပါတယ်။ အသက် (၆၀) ခန့် အမျိုးသမီးကြီး တစ်ဦးနဲ့ အသက် (၁၅) နှစ်သာသာ အမျိုးသမီးငယ်လေးကို တွေ့လိုက်ရ ပါတယ်။ သူတို့ နှစ်ဦးဟာ ဈေးဝယ်ရာက ပါလာတဲ့ ပစ္စည်းတွေကို နေရာချလိုက်စဉ် အသံဗလံ ကြားလိုက်ရလို့ တပ်ခွဲမှူး နှိုးလာပြီး သူတို့နဲ့ ရှမ်းလို ပြောနေကြပါတယ်။ အဲဒီနောက် အသက်ကြီးကြီး ရှမ်းမကြီးက အတွင်း အိပ်ခန်းကို ခပ်ရို့ ရို့  ၀င်သွားပြီး ရှမ်းကလေးမလေးဟာ ခြေထောက်ရေဆေးကာ ကိုယ်လက်သန့်စင် နေချိန်မှာ တပ်ခွဲမှူးက နှိပ်ခိုင်းဖို့ ခေါ်လိုက်ပါတယ်။ အဲဒီနောက် တပ်ခွဲမှူးက သူ့ရဲ့ ခြေထောက်၊ ပေါင်တွေကို နင်းခိုင်းရာ ရှမ်းကလေးမလေးဟာ စိတ်မပါတပါ၊ ကြောက်ကြောက် ရွံ့ ရွံ့ နဲ့ နှင်းနှိပ် ပေးနေပါတယ်။
အဲဒီအချိန်မှာဘဲ “မိုး” သဲကြီးမဲကြီး ရွာပြီးတပ်ခွဲမှူး တို့ စကားပြောသံနဲ့ လှုပ်ရှားသံတွေ မသဲမကွဲ ဖြစ်နေရာ “၀ုန်း” ကနဲ ပြုတ်ကျသံကို ကြားလိုက်ရ ပြန်တာကြောင့် ကျွန်တော် “ထ” ကြည့် မိလိုက်ပါတယ်။ ဖယောင်းတိုင်မီး၊ မီးဇာကုန်ပြီး ငြိမ်းသွားတဲ့ အပြင် အနည်းငယ် ဝေးနေလို့ မြင်ကွင်း မသဲမကွဲ ဖြစ်နေပါတယ်။ တပ်ခွဲမှူးနဲ့ နင်းနေတဲ့ ရှမ်းမလေး လုံးထွေး ရစ်ပတ်နေတဲ့ အသံဗလံ ကြားရလို့ ကျွန်တော်လည်း ပစ္စတို သေနတ်ဆွဲပြီး ချီတုံချတုံ ဖြစ်နေချိန်မှာ အသံများ တိတ်ဆိတ် ငြိမ်သက်သွားပါတယ်။ ကျွန်တော်ဟာ ကျောင်းတုန်းက သင်ခန်းစာတွေ သင်ချိန်ကို အတွေးနဲ့ ပြန်ရောက် သွားပါတယ်။ စစ်မြေပြင် အတွေ့အကြုံ တွေကို နည်းပြ ဆရာတွေက ရှင်းလင်းရာမှာ ရွာထဲက တချို့ မိန်းကလေးတွေဟာ ရန်သူအမာခံ ဖြစ်နေတတ်ပြီး မိန်းမဆိုတဲ့ အားနွဲ့မှုကို အကာအကွယ် ယူပြီးတော့ ရန်သူ ဖြစ်နေတတ်တာကို ပြောဆိုခဲ့တာ ပြန်လည် ကြားယောင်မိပါတယ်။ ဒါကြောင့် တပ်ခွဲမှူးကို စိတ်ပူပြီး သူ့ထံကို သွားဖို့ အိပ်ယာမှ ထလိုက်ပါတယ်။ ဒါပေမဲ့ ရှမ်းမလေးဟာ ခြေဆောင့်ပြီးတော့ တပ်ခွဲမှူး အိပ်ယာက “ထ” သွားကြောင်း အသံ ကြားလိုက်ရလို့ စိတ်အေး သွားပြန်ပါတယ်။
နောက်နေ့ နံနက်စာ စားချိန်မှာ ကျွန်တော်က တပ်ခွဲမှူး ရဲ့  မျက်နှာကို မသိမသာ အကဲခတ်ရင်း ညက ဖြစ်စဉ်ကို မေးဖို့သင့်၊ မသင့် ချိန်ဆနေပါတယ်။ ထိုစဉ် တပ်ခွဲမှူး လည်ပင်းမှာ ကုတ်ခြစ်ရာ “အစင်း” တခုကို တွေ့လိုက်ရပြီး အံ့သြမိ သွားပါတယ်။ တပ်ခွဲမှူးက မလုံမလဲ မျက်နှာနဲ့ “ငါ ညက နင်းခိုင်းတဲ့ ရှမ်းမလေး ဖယောင်းတိုင်မီး၊ ရုတ်တရက် ငြိမ်းသွားလို့ လန့်ပြီး င့ါ အပေါ် ပြုတ်ကျလာတယ်။ ပြီးတော့ ကောင်မလေးလက်က ငါ့ရဲ့  အင်္ကျီအိတ်ကပ်ထဲက စစ်တပ် လျှို့ ဝှက် ဆက်သွယ်ရေး သင်္ကေတ စာအုပ်ကလေးကို သိလို့ နှိုက်တာလား၊ မသိလို့ နှိုက်တာလား၊ ငါလဲ ဇဝေဇ၀ါ ဖြစ်နေတုန်း ကမန်းကတန်း ပိုက်ဆံ ထိုးထည့် ပေးကြည့်တော့ သူ ကျေနပ်သွားလို့ တော်သေးတယ်။ ဒါတောင် ပိုက်ဆံက အရွက်ကြီး ဖြစ်နေလို့ အရွက်သေးနဲ့ မနည်းပြန်လဲ နေရသေးတယ်” လို့ စီကာပတ်ကုံး၊ မြိန်ရေရှက်ရေ ရှင်းပြနေပါတယ်။ ကျွန်တော့် စိတ်ထဲမှာတော့ ဒီတပ်ခွဲမှူးတော့ လုပ်ချလိုက်ပြန်ပြီ၊ သူနင်း နှိပ်လိုက်တာလား၊ နင်းနှိပ် ခံတာလား.. .သူတို့ နှစ်ဦးဘဲ အသိဆုံး ဖြစ်မှာဘဲလို့ တွေးလိုက်မိပါတယ်။
ကျွန်တော်ဟာ တပ်ခွဲမှူးရဲ့  တိုင်းရင်းသူတွေ အရိုးခံဖေါ်ရွေမှု၊ ပွင့်လင်းမှု အပေါ် အခွင့်အရေးယူပြီး လက်နက်ကိုင် ဗိုလ်ကျ အနိုင်ကျင့် တာကို မုန်းတီး နေမိပါတယ်။ ကြောက်ရွံ့ ပြီး နင်းနှိပ်ပေးရတဲ့ အတွက် “ပန်းကောင်း အညွှန့်ကျိုး” ရတဲ့ ငယ်ရွယ်လွန်းသူ တိုင်းရင်း သူလေးကိုလည်း ဂရုဏာ သနားခဲ့ရပါတယ်။ ပိုဆိုးတာက ပိုက်ဆံပေးရင်တောင်မှ များသွားမှာ စိုးလို့ အနည်းဆုံး အရွက်ကို ရွေးပြီး ပြန်လဲပေးခဲ့တဲ့ တပ်ခွဲမှူးရဲ့  စိတ်ဓာတ်ကိုလည်း ရွံ့ရှာ မိပါတယ်။ ဒီလို စပယ်ဖြူကလေးတွေ ဘယ်လောက်တောင်များ စစ်အာဏာရှင် စနစ်ဆိုးအောက်မှာ နစ်မွန်းခဲ့ပြီလဲလို့ တွေးရင်း သက်ပြင်း အခါခါ ချခဲ့မိပါတယ်ခင်ဗျား။
Ref: ဖိုးတရုတ်
0 comments:
Post a Comment