ဦးအောင်ခင်
၂၃ ဇွန် ၂၀၀၉
လွန်ခဲ့တဲ့ ဇွန်လ (၈) ရက်နေ့က ကြပ်ပြေးနေပြည်တော်ကို စင်ကာပူ ၀န်ကြီးချုပ်ဟောင်း ဂိုချောက်ထောင် လာသွားတုန်းက လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ မြန်မာပြည်မှာ ကျင်းပနိုင်ဖို့ အရေးကြီးတယ်လို့ သတိပေးစကား ပြောသွားတယ်။ အဲဒီတော့ ကြပ်ပြေး သန်းရွှေနဲ့ တပည့်ကျော် သိန်းစိန်တို့ကလည်း ရှေ့နှစ် ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်မယ့် အကြောင်း အာဆီယံ၊ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်း နဲ့ မြန်မာပြည်သားတွေရဲ့ စိုးရိမ်ပူပန်မှုကို အရေးတယူ စဉ်းစားရမှာ ဖြစ်ကြောင်း ဂိုချောက်ထောင်ကို ပြောပြတယ်လို့ စင်ကာပူအခြေစိုက် Channel News Asia သတင်းမှာ ဖော်ပြတယ်။
နိုင်ငံခြားခေါင်းဆောင်နဲ့တွေ့တော့လည်း အလိုက်အထိုက် နားခံသာအောင် ကြပ်ပြေး သန်းရွှေက ပြောရတာပေါ့။ “ငါ့ကို လာမပြောနဲ့ ငါထင်သလို လုပ်နေတာ အနှစ် (၂၀) ရှိပြီ” လို့တော့ ဘယ်ပြောမလဲ။ စင်ကာပူ အစိုးရဟာ ရွေးကောက်ပွဲ ပုံမှန်ကျင်းပပြီး အာဏာရှင်လို အုပ်ချုပ်နေလို့ အတိုက်အခံတွေ စင်ကာပူမှာ ဒုက္ခရောက်နေတာကို ကြပ်ပြေးက သိပုံရတယ်။ စင်ကာပူအစိုးရ ကောင်းတာတွေကို အတု မခိုးဘဲ မကောင်းတာတွေကို အတုခိုးဖို့ ကြပ်ပြေးတို့ အဖွဲ့ ကြံစည်နေတာကို ဂိုချောက်တောင် မသိဘူး။
ပြည်သူတွေ ၀င်ထွက်သွားလာလို့မရတဲ့ ကြပ်ပြေး နေပြည်တော်က ပြည်သူ့ အနာဂတ်ကို ဆုံးဖြတ်တာဟာ ရွေးကောက်ပွဲ ပါပဲ။ ကြပ်ပြေးသန်းရွှေ အမိန့်ပေးတဲ့ အတိုင်း ကြံ့ဖွံ့က လိုက်လုပ်လို့ ပေါ်ထွက်လာတဲ့ နိုင်ငံရေး စနစ်ပဲ။ ပါတီစုံ ရွေးကောက်ပွဲလုပ်ပြီး အာဏာရှင် စနစ်သစ် တည်ဆောက်တာဖြစ်တယ်။ ဒီစနစ်သစ်ဟာ တပါတီ အာဏာရှင်နဲ့ မတူ စစ်အာဏာရှင်လည်း မဟုတ်ဘဲ ကြပ်ပြေးကြံ့ဖွံ့ စနစ်ဖြစ်တယ်။
ရွေးကောက်ပွဲကျင်းပတိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်တာ မဟုတ်ဘူး။ ပါတီမျိုးစုံကို ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့် ပြုထားပေမယ့် တဖက်ကလည်း ဒီမိုကရေစီ အခြေခံ သဘောတရားကို အကြီးအကျယ် ချိုးဖောက်ထားရင် “ရွေးကောက်ပွဲ အာဏာရှင်စနစ်” ဖြစ်တယ်လို့ မက်ဆီကိုမြို့တော်က နိုင်ငံရေး သိပ္ပံပါမောက္ခ Andreas Schedler က အမည်ပေးထားတယ်။
ရွေးကောက်ပွဲအာဏာရှင်စနစ်မှာ ဒီမိုကရေစီသဘောတရားကို မကျင့်သုံးသလို အမြဲတမ်းဖိနှိပ်တဲ့နည်းကိုလည်း မသုံးဘူး။ ဒီမိုကရေစီ လိုလားသူတွေ ကျေနပ်သွားအောင် ရွေးကောက်ပွဲ ကျင်းပပေးပြီး တချိန်တည်းမှာပဲ အမြဲတမ်း အနိုင်ရအောင် ရွေးကောက်ပွဲကို ချုပ်ကိုင် ထားတယ်။ ရွေးကောက်ပွဲမှာ အစိုးရပါတီ အနိုင်ရအောင် လုပ်ထားတဲ့အ တွက် အာဏာ စွန့်လွှတ်စရာ မလိုဘူး။ ရွေးကောက်ပွဲကို ခုတုံးလုပ်ပြီး အာဏာရှင်စနစ်သစ် တည်ထောင်တာကို လေ့လာမယ်ဆိုရင် ဒီမိုကရေစီ ရွေးကောက်ပွဲရဲ့ စံသတ်မှတ်ချက်တွေကို ပြန်လည် ဆန်းစစ် ရလိမ့်မယ်လို့ ပါမောက္ခ Schedler က ဆိုတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ (Liberal democracy)၊ ရွေးကောက်ပွဲ ဒီမိုကရေစီ (Electoral democracy)၊ ရွေးကောက်ပွဲ အာဏာရှင်စနစ် (Electoral authoritarianism) စသဖြင့် ပုံစံအမျိုးမျိုး ရှိပါတယ်တဲ့။
ပါတီစုံ ရွေးကောက်ပွဲ ကျင်းပရုံနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကို မကျင့်သုံးနိုင်ပါဘူး။ ဒီမိုကရေစီ အခြေခံ အုတ်မြစ်တွေဖြစ်တဲ့ တရားတဲ့ ဥပဒေစိုးမိုးမှု၊ တာဝန်သိမှု၊ အုပ်ချုပ်ရေး ယန္တရား သိက္ခာရှိမှု၊ ပြည်သူလူထု ပါဝင်ဆွေးနွေးမှု စတာတွေ ခိုင်မာဖို့ လိုပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ ကျင့်သုံးရေး အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ လိုပါတယ်။ ရွေးကောက်ပွဲ ဒီမိုကရေစီ စနစ်မှာ အနိမ့်ဆုံး စံသတ်မှတ်ချက်ကို လိုက်နာပေမယ့် ရွေးကောက်ပွဲ အာဏာရှင် စနစ်မှာ စံသတ်မှတ်ချက် လုံးဝမရှိပါ။ ဒါကြောင့် ရွေးကောက်ပွဲဟာ စံသတ်မှတ်မှု (၇) ခုနဲ့ ကိုက်ညီဖို့ လိုတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲ ကျင်းပချိန်ဟာ ပြည်သူ့လက်ထဲ အာဏာရောက်လာတဲ့ အချိန်အခါ ပါပဲ။ လက်ထဲက ဆန္ဒမဲဟာ ပြည်သူ့ အာဏာ ဖြစ်တာမို့ မဲမပေးမီ အလေးအနက် လေ့လာခွင့် ရဖို့ ကိစ္စဟာ ပထမ လိုအပ်ချက်ဖြစ်တယ်။ ဒုတိယ အချက်က ဆန္ဒမဲမပေးမီ သတင်း အချက်အလက်ကို လွတ်လပ်စွာ ရရှိဖို့ဖြစ်တယ်။ အစိုးရပေးတဲ့ သတင်းကိုသာ ရနေတာဟာ ဒီမိုကရေစီ မဟုတ်ဘူး။
ဘက်ပေါင်းစုံက သိရအောင် သတင်းမျိုးစုံကို ရနိုင်ဖို့လိုတယ်။ ရွေးကောက်ပွဲ ယှဉ်ပြိုင် အရွေးခံသူ အားလုံး မဲဆန္ဒရှင် တွေနဲ့ လွတ်လပ်စွာ ဆက်သွယ်နိုင်ဖို့က တတိယအချက်ပါ။ ဒီလိုမလုပ်နိုင်ရင် အစိုးရ ဆင်ထားတဲ့ အတိုင်း မဲပေးရ မလို ဖြစ်နေတယ်။ စတုတ္ထ အချက်က စိတ်ရောဂါရှင်နဲ့ အကျဉ်းသားကလွဲပြီး အရွယ်ရောက်တဲ့ နိုင်ငံသူ နိုင်ငံသားတိုင်း ဆန္ဒမဲပေးခွင့် ရှိရေးပဲဖြစ်တယ်။
ပဉ္စမလိုအပ်ချက်ကတော့ မဲဆန္ဒရှင်ကို အကာအကွယ်ပေးနိုင်ဖို့ပါပဲ။ မိမိထောက်ခံတဲ့ အမတ်လောင်းကို မကြောက်မရွံ့ဆန္ဒမဲပေးပြီး ခြိမ်းခြောက်မှု၊ ဖိအားပေးမှုနဲ့ လာဘ်ထိုးမှုရန်ကို ကာကွယ်နိုင်အောင် လျှို့ဝှက်မဲပေး စနစ်ကို သုံးရတာဖြစ်တယ်။ မှတ်ကန်ပြီး သိက္ခာရှိတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့အတွက် ကျွမ်းကျင်ပြီး ဘက်မလိုက်တဲ့ အဖွဲ့က ဆန္ဒမဲကို ရေတွက်ရပါတယ်။ ဒါဟာ ဆဋ္ဌမ စံသတ်မှတ်ချက် ဖြစ်ပါတယ်။ သတ္တမနဲ့ နောက်ဆုံး အချက်ကတော့ ရွေးကောက်ပွဲမှာ အနိုင်ရသူကို အာဏာ အပြည့်အ၀ အပ်နှင်းပြီး အစိုးရ ဖွဲ့ခွင့် ပေးတာပါပဲ။ ဒီ (၇) ချက်နဲ့ ကိုက်ညီမှသာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပါလိမ့်မယ်။
အစိုးရအပြောင်းအလဲမဖြစ်ဘဲ ဆက်တိုက်အာဏာရနေဖို့အတွက် ရွေးကောက်ပွဲကို အမျိုးမျိုး ကြိုးကိုင်ပြီး ခြယ်လှယ် နိုင်တယ်။ ရွေးကောက်ပွဲ နိုင်သူကို အရေးမကြီးတဲ့ နေရာပေးပြီး အမြင့်ဆုံး နေရာကို အာဏာရှင် အသိုင်းအ၀ိုင်းက လက်ဝါးကြီး အုပ်ထားတဲ့ နည်းလည်း ရှိတယ်။ အင်္ဂလိပ် ကိုလိုနီအစိုးရ သုံးသွားတဲ့ နည်းဟောင်းပါပဲ။ အစိုးရအာဏာ ကိုသုံးပြီး ယှဉ်ပြိုင်မယ့် ပါတီနဲ့ပုဂ္ဂိုလ်ကို ချုပ်ချယ် ကန့်သတ်တာမျိုးလည်း လုပ်တတ်တယ်။ အတိုက်အခံပါတီ အနိုင်မရအောင် တမင် အကွက်ဆင်တာပါပဲ။ ရွေးကောက်ပွဲ စည်းမျဉ်းရေးတဲ့ အခါမှာ အစိုးရ မကြိုက်တဲ့ ပါတီနဲ့ ပုဂ္ဂိုလ် တွေ ယှဉ်ပြိုင်ခွင့် မရှိအောင် တမင် ရေးဆွဲတာမျိုးလည်း ရှိတယ်။ ဥပမာ နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မ၀င်နိုင်အောင် စည်းမျဉ်း ရေးထားတာမျိုးပါပဲ။
ရွေးကောက်ပွဲ ယှဉ်ပြိုင်သူတွေအကြောင်း မဲဆန္ဒရှင် အပြည့်အစုံ မသိနိုင်အောင် ချုပ်ချယ်တာမျိုးလည်း ရှိတယ်။ အတိုက်အခံ ပါတီကို လွတ်လပ်စွာ စည်းရုံးရေး ဆင်းခွင့် မပြုတာဟာ ခြယ်လှယ်နည်းတမျိုးပါပဲ။ အတိုက်အခံကို မဲပေးမယ်လို့ ယူဆရတဲ့ မဲဆန္ဒရှင်တွေ မဲမပေးနိုင်အောင် လုပ်တဲ့နည်းကို မကြာခဏ သုံးတတ်တယ်။ အသုံးအများဆုံးက မှတ်ပုံတင်ကို ခြယ်လှယ်တဲ့ နည်းပါပဲ။ မဲဆန္ဒရှင် မှတ်ပုံတင် စာရင်းမှာ နာမည်ထပ်တိုးတာနဲ့ ဖျက်ပစ်တာမျိုး တွေ လုပ်တတ်တယ်။ တမင်တကာ မှတ်ပုံမတင်ဘဲ ထားတာမျိုးနဲ့ အတင်းအဓမ္မ နေရာရွှေ့ပြောင်း ပစ်တာမျိုးလည်း ရှိတယ်။
မဲဆန္ဒရှင်တွေ စိတ်ကြိုက်မဲမပေးနိုင်ဘဲ အစိုးရပါတီကိုသာ မဲပေးလာအောင် အမျိုးမျိုး အကြမ်းဖက် ခြောက်လှန့်တဲ့ နည်းရှိပါတယ်။ ဆင်းရဲသားတွေရဲ့ ဆန္ဒမဲကို ၀ယ်ယူတဲ့နည်းကို သုံးကြတာလည်းရှိတယ်။ ယှဉ်ပြိုင်သူ အမတ်လောင်းကို အကြမ်းဖက် တိုက်ခိုက်တဲ့ နေရာမှာ ဇင်ဘာဘွေဟာ နာမည်ကြီးတယ်။ နိုင်မယ်ထင်လို့ ရွေးကောက်ပွဲ ကျင်းပပေးလိုက်ပြီး မသေချာ မရေရာ ဖြစ်လာတော့မှ မဲပုံးမီးရှို့ပစ်တာမျိုး၊ မှတ်ပုံတင် အတုလုပ်တာမျိုး စတဲ့ ကလိမ်ကကျစ် နည်းတွေလည်း ရှိတယ်။ မလေးရှား နိုင်ငံမှာတော့ အစိုးရပါတီ အနိုင်ရဖို့အတွက် မဲဆန္ဒနယ်မြေ ပိုင်းခြားမှုကို ကလိမ်ကျပြီး အကွက်ဆင်လေ့ ရှိတယ်။
ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်ဟာ လုပ်ပိုင်ခွင့် မရှိဘဲ အာဏာရှင် အသိုင်းအ၀ိုင်းရဲ့ အခိုင်းခံဘ၀ ရောက်နေတာတွေလည်း ရှိတယ်။ ရွေးကောက်ပွဲနိုင်တဲ့ လွှတ်တော် ကိုယ်စားလှယ်ဟာ စနစ်ဟောင်းရဲ့ အာဏာစက် ယန္တရားကို မကျော်လွန်နိုင်တဲ့ သဘောပဲ။ အာဏာရှင်ကြီးစိုးတဲ့ တိုင်းပြည်မှာ ရွေးကောက်ပွဲ ကျင်းပတိုင်း အတိုက်အခံက ရှုံးတယ်။ ပီရူးနိုင်ငံက ဖူဂျီမိုရီ၊ ဆားဗီးယားနိုင်ငံက မီလိုဆိုဗစ်တို့ဟာ ရွေးကောက်ပွဲ ကျင်းပပြီး အာဏာရှင်စနစ် ထူထောင်သူတွေပါ။ ကင်းယား၊ တူရကီ၊ မလေးရှားနဲ့ စင်ကာပူမှာလည်း ရွေးကောက်ပွဲ ကျင်းပပြီး အာဏာရှင်စနစ် ကျင့်သုံးနေတာ နှစ်ပေါင်း အတော်ကြာပါပြီ။ သူတို့လို ဖြစ်အောင် ကြပ်ပြေးသန်းရွှေနဲ့ ကြံ့ဖွံ့အဖွဲ့က ကြိုးစားနေတယ်။
Ref: ခေတ်ပြိုင်
Tuesday, June 23, 2009
ရွေးကောက်ပွဲ အာဏာရှင်စနစ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment