Wednesday, June 24, 2009

ဟိုတစ်စ ဒီတစ်စ တပ်တွင်းအက်ကွဲစများ - အပိုင်း (၂)

ဆောင်းပါးရှင် - ဝေဟင် (ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိတစ်ဦး)

တပ်မတော်ထဲက အဆင်မပြေမှု များစွာကို ဒီနေရာ ကနေ ပြည်သူတွေဆီ ဆက်လက် ပြောပြ ချင်ပါတယ်။ ဒါမှလည်း “မြွေတိုင်း အဆိပ်မရှိဘူး” လို့ လက်ခံ ပေးကြမှာပါလို့ အစချီပြီး ကျွန်တော့်ဝန်းကျင်က အပိုင်းအစ များစွာကို စုစည်းနိုင်သမျှ ဖော်ပြ ပေးနေခဲ့တာပါ။ ကိုယ့်ပေါင်ကို လှန်ထောင်း တယ်ပဲ ဆိုဆို ဒီလို အဖြစ်မျိုးတွေကို သိသင့်သူတွေဟာ ပြည်သူတွေသာ ဖြစ်ပါတယ်။ ဒါမှ အနာဂါတ် နိုင်ငံတော်မှာ တပ်မတော် ရဲ့ Image ကို ပြင်ဆင်နိုင်မှာပါ။

စစ်တပ်ထဲက ဆရာမွေး၊ တပည့်မွေး အခန်းဆက် ဇာတ်လမ်းတွေထဲမှာ လေတပ်လို “ဆရာ” လို့ တရားဝင် ခေါ်နေတဲ့ အဖွဲ့အစည်း အတွက်ကတော့ မထူးဆန်းပါဘူး။ ကာကွယ်ရေး ဦးစီးချုပ်(လေ) အဆက်ဆက်ဟာ Fighter Pilot တွေဖြစ်ပြီး Role ခွဲရာမှာလည်း Fighter Pilot ဟာ ထိပ်ကပဲ ဖြစ်ပါတယ်။

လေတပ်မှာ အရာရှိချင်းတူရင် လေသူရဲက ဦးစားပေးဖြစ်ပြီး စက်လက် အရာရှိ (EO) က နောက်ကပါ။ စက်လက် အရာရှိမှာလည်း B.E ဘွဲ့ရ စက်လက် အရာရှိပြီးမှ လျှပ်စစ်/ ချိန်ခွက် အရာရှိ၊ ရေဒီယို/ ရေဒါ အရာရှိ၊ လက်နက် အရာရှိတွေက နောက်မှာပါ။

ဒီအစဉ်အလာဟာ ဦးကျိုးနေပြီ ဖြစ်ပြီး ယခု DSTA ဆင်း B.E ဘွဲ့ရချင်းမှာတောင် Propulsion & Flight Vehicle ရလာတဲ့ Aeronautical Engineer များက ဦးစားပေးဖြစ်ပြီး Mechanical, EP, EC များက နောက်မှာပါ။ ဆက်ပြောရရင် လေသူရဲမှာလည်း ထိပ်ဆုံးမှာ ရှိတာချင်းအတူတူ Fighter ပြီးမှ သယ်သူ ပို့ဆောင်ရေး လေယာဉ်မောင်းသူနဲ့ ရဟတ်ယာဉ် မောင်းသူများလို့ အဆင့် ခွဲထားတာပါ။

ရာထူးနေရာပေးရင်လည်း ဒီ Role အတိုင်းပဲ စဉ်းစားပါတယ်။ ထူးထူးဆန်းဆန်း ဒုဗိုလ်ချုပ်ကြီး ကျော်သန်းနဲ့ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ တို့ဟာ Transport Pilot ကနေ ဦးစီးချုပ် တက်ဖြစ်ခဲ့ကြပြီး အဲဒီ ကာလတွေမှာ သာတူညီမျှ ဆက်ဆံ ခံခဲ့ရပေမယ့် အေးနေ၀င်းတို့ ကိစ္စနဲ့ ဆရာမြင့်ဆွေ ပြုတ်ကာ လက်ရှိ ဦးစီးချုပ် F-7 လေသူရဲ ဗိုလ်ချုပ်မြတ်ဟိန်း တက်လာချိန်မှာတော့ Fighter မှ Fighter ပြန်ဖြစ်လာ ပါတော့တယ်။

ပိုဆိုးတာက ကိုမြတ်ဟိန်းဟာ ကိစ္စ တော်တော်များများကို သိအောင် လုပ်ထားသလို တင်ပြ သမျှကိုလည်း တော်ရုံနဲ့ လက်မခံသူပါ။ အနားမှာရှိတဲ့ ဦးစီး အရာရှိများဟာ အတော် သတိထားပြီး လုပ်ကိုင်ရသလို ရာထူး တိုးမြှင့်ရေး၊ နိုင်ငံခြားသင်တန်း စေလွှတ်ရေး၊ နေရာချထားရေး စတဲ့ ကိစ္စ အတော်များများကို သူကိုယ်တိုင် စီစဉ်သူ ဖြစ်ပါတယ်။ သို့သော်လည်း ဗိုလ်ချုပ်မှူးကြီး ခိုင်းတိုင်း မလုပ်ဘဲ လေယာဉ် ထုတ်ရန် မလွယ်ကြောင်း ခေါင်းမာစွာ နေတဲ့ အချက်နှင့်ပင် လေသူရဲများက သူ့ကို ကြိတ်ပြီး ကျေးဇူး တင်နေကြပါတယ်။
ဆက်ပြီး ပျံသန်းရေးအုပ်တွေရဲ့ ၄၀/၆၀% ကိစ္စတွေ ပြောပြပါမယ်။ လေတပ် ဆိုတာ ဆီရောင်းပြီး အသက်ဆက်နေတာလို့ အခြားတပ်ဖွဲ့များက ဆိုရင် လေတပ်က ပြန်ပြောမဲ့ စကားတော့ရှိပါတယ်။ “ဘယ်သူ့ အိတ်ထဲကမှ နှိုက်ယူတာ မဟုတ်ဘူး” လို့ ဖြစ်ပါတယ်။ ဒီလိုမှ မရပ်တည်ရင် လေတပ်ထဲက စစ်ဗိုလ်ရော စစ်သည်ရော မိသားစုဝင်တွေပါ ငတ်သေဖို့ပဲ ရှိပါတော့တယ်။

ဆီရောင်းငွေမှ ပေးသင့်တာပေးပြီး ကျန်သည်ကို အုပ်မှူးနှင့် အုပ် E.O ဝေစု ခွဲရပါတယ်။ အုပ်မှူးယူတဲ့ ၆၀% ဟာ လေသူရဲများ အတွက် ဖြစ်ပါတယ်။ ယခင် လေသူရဲ နည်းပါး စဉ်ကတော့ အုပ်မှူး၊ ဒုအုပ်မှူး၊ ၀ါရင့် လေသူရဲ၊ လေသူရဲအငယ်များ အစဉ်လိုက် ဝေပုံကျ ရကြပါသေးတယ်။ အခုတော့ ဆီဈေးကျ နေသလို “၆၃” လေယာဉ်မောင်း သင်တန်း (DSA 41 ဆင်းများ) စသော လေသူရဲ အင်အားကလည်း များလာ၊ အုပ်မှူးများ ကလည်း မရေရာသော သူတို့ အနာဂတ်အတွက် အသားကုန် စုဆောင်းနေကြရာ ဗိုလ်မှူး အဆင့်များတောင် ပုံမှန် အာရကေ မရကြတော့ပါ။

ကျန် ၄၀% ကို ရရှိတဲ့ အုပ် E.O ကတော့ စက်မှုလက်မှု အရာရှိနဲ့ စစ်သည်များ အတွက် ထပ်မံ ခွဲဝေ ပေးရပါတယ်။ နိုင်ငံတော်က ထုတ်မပေးနိုင်တဲ့ ကွန်ပျူတာ၊ မိတ္တူစက် စတဲ့ ရုံးသုံး ပစ္စည်းတွေ၊ အပန်းဖြေဖို့ တီဗွီ၊ စလောင်း စတာတွေကို ဆီထုတ်နိုင်စွမ်း ရှိသလောက် ၀ယ်ယူနိုင်ပေရာ ဆီစားများသော လေယာဉ်အုပ်ဟာ ပိုချမ်းသာတယ်လို့ လေတပ်မှာ ဆိုစမှတ် ပြုကြရပါတယ်။

ယခင်က ကိုမြတ်ဟိန်း အုပ်မှူးလုပ်ခဲ့တဲ့ ရှမ်းတဲမှ အမှတ်(၅)အုပ်ဟာ တချိန်က အချမ်းသာဆုံး ဖြစ်ခဲ့ပြီး ယခုဆိုရင်တော့ အထူးလေယာဉ် အုပ်လို့ ခေါ်ဆိုသော အမှတ်(၁၈) အုပ် (MiG-29) အုပ်က အချမ်းသာဆုံး ဖြစ်လာပြီး လေသူရဲတိုင်း အတွက် Laptop တစ်လုံးစီ ထုတ်ပေးထားကာ လေတပ်မှာ တစ်ခုတည်းသော Internet ကို ၀ယ်ယူ တပ်ဆင် အသုံးပြု နိုင်တဲ့ အုပ်လည်း ဖြစ်ပါတယ်။
လေတပ်ထဲမှာရှိတဲ့ Hour ကုန်လုလု လေယာဉ်များရဲ့ ရှေ့ရေးကို ပြောပြပါအုံးမယ်။ A-5 များဟာ တရုတ် တပ်မတော် PLA-Air Force တွင် မသုံးတော့ပဲ Nan Chang ရှိ စက်ရုံရှေ့ လေယာဉ်ကွင်း တလျှောက်မှာ ဒီအတိုင်း ပစ်ထားတဲ့ Write out လေယာဉ်တွေကို မြန်မာ လေသူရဲများက သတ္တိ ပြောင်မြောက်စွာ မောင်းနေကြခြင်း ဖြစ်ပါတယ်။

F-7 များကိုတော့ ကိုမြတ်ဟိန်းက သူ့ကျေးဇူးရှင်များဖြစ်လို့ တကြောင်း ဒီလေယာဉ်နဲ့မှ အသက် မဆက်ရင် လေတပ်ပျက်ဖို့သာ ရှိတော့တာက တကြောင်းကြောင့် UpGrade လုပ်ရန် ပြင်နေပါတယ်။ သို့သော်လည်း F-7 Over Haul Plant အခြေတည်ရာ လေယာဉ် တွန်းထုတ်ရန်သာ တတ်နိုင်တဲ့ မင်္ဂလာဒုံရှိ ယခင် ပြုပြင် ထိန်းသိမ်းရေး လေတပ် ယခု လေယာဉ်ထုတ်လုပ် ပြင်ဆင်ရေး ဌာနချုပ်ကို ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိ ချုပ်ရုံးရဲ့ လေယာဉ် စက်ရုံဘေး နေရာဖြစ်သော ရှမ်းတဲ လေယာဉ်ကွင်း ဘေးသို့ ရွှေ့ဖို့ ဗိုလ်ချုပ်မှူးကြီးက အမိန့်ပေးနေပါပြီ။

DI က လေယာဉ်ထုတ်မယ်ဆိုရင် လေတပ်က ဘာဆက် လုပ်မှာလဲ၊ ဒီ လေယာဉ်ကိုရော ဘယ်သူက စမ်းမောင်းမှာလဲ၊ ယခင်ရှိပြီးသား F-7 , MiG-29 လေယာဉ်တွေက ၂၀၀၉ အကုန်မှာ သက်တမ်းကုန် နေပြီဖြစ်ရာ ဘာဆက်လုပ်မှာလဲ၊ ရဟတ်ယာဉ်တွေကလည်း ပျံနိုင်တာက Mi-17 ပဲရှိပြီး သူ့ကိုလည်း နာဂစ်မှာ တအားသုံးခဲ့လို့ လည်ပင်းအစ်ပြီး ဆန့်ငင်ငင် ဖြစ်နေပါပြီ။ ဒီလိုလေယာဉ် သက်တမ်းတွေ ကုန်နေသလို လေယာဉ် ခဲယမ်းတွေထဲက မသုံးရက်လို့ အလှကြည့်ထားတဲ့ Missile တွေ၊ ဒုံးကျည်တွေ ကရော လုံခြုံမှုရှိရဲ့လား၊ ဒီလက်နက်တွေကို သေသေချာချာ သိသူတွေရော လေတပ်ထဲမှာ ရှိပါသေး ရဲ့လား၊ ဒါတွေက မေးသင့်တဲ့ မေးခွန်း များစွာထဲက တချို့လောက်ဘဲ ရှိပါသေးတယ်။

ကဲ……. ပစ္စည်းတွေ ပြီးတော့ လူတွေဘက် လှည့်ရအောင်။ လေသူရဲငယ် ဘ၀မှာ အရူး ထခဲ့တဲ့ ဆောင်ပုဒ်လေး ရှိပါတယ်။ “BIRDS & FOOL ARE FLY, BECAUSE I FLYIENVYNO MEN ONE EARTH” တဲ့။ သူများထက်ထူးလို့ ပျံနေတာပါပေါ့။ ဒါပေမဲ့ အခုခေတ်မှာ ဒီလိုပျံသန်းမှုမှာ ရူးသွပ်သူတွေ ရှိပါသေးရဲ့လား၊ စားဝတ်နေရေး အတွက် ပူပင် နေရတဲ့ အတွက် လေယာဉ် အပေါ်မှာရော ယုံကြည်မှု ရှိပါသေးရဲ့လား၊ စားဝတ်နေရေးအတွက် ပူပင် နေရတဲ့အတွက် လေယာဉ်မောင်းရရင် ပြီးရော ဆိုတဲ့ ဘ၀မှာ ပျော်ပိုက် နေသူများကို လက်ချိုးရေ လို့တောင် ရနေပါပြီ။

မိမိမောင်းရမဲ့ လေယာဉ်အပေါ်မှာရော ယုံကြည်မှု ရှိပါသေးရဲ့လား၊ Hour Extension နဲ့ တက်နေ ရတာလား၊ မပျံတာ ကြာပြီဖြစ်တဲ့ ပုံမှန် မဟုတ်တဲ့ စစ်ဆေး မတွေ့ရှိနိုင်သော ချို့ယွင်းချက်များ ရှိနေသော လေယာဉ်မျိုးကို မောင်းရင်း ပျက်ကျသွားတဲ့ F-7 က ဗိုလ်မှူး သန့်ဇော်လင်းလို အဖြစ်မျိုး ကြုံနိုင်တဲ့ လေယာဉ်မျိုးလား၊ တခုခုဖြစ်ရင် ခုန်ထွက်လည်း ခေါင်းပြတ်/ လေထီး မပွင့်ပဲ သေနိုင်တဲ့ လေယာဉ်မျိုးလား ဒါတွေကို ဆန်းစစ်ဖို့ လိုနေပါပြီ။

မြေပြင်က အင်ဂျင်နီယာ အရာရှိတွေမှာလည်း လေယာဉ် ဘီးခေါက် မ၀င်နိုင်အောင် တပ်ရမယ့် Pin တပ် မတပ် မစစ်ထားသူတွေ၊ ပွဲစားလုပ်/ ချဲဒိုင်ကိုင်/ ဘောပွဲလောင်း/ စင်တင်သွားဖို့ လောက်ဘဲ စိတ်ဝင်စားသူတွေ လေတပ်အလုပ်က လွဲရင် ကျန်တာအကုန် လုပ်တယ် ဆိုတဲ့ သူတွေ များလာသလို သက်ဆိုင်ရာ လျှပ်စစ်/ချိန်ခွက်၊ ရေဒီယို/ရေဒါ၊ လက်နက် စသောလုပ်ငန်းမှ အရာရှိများကလည်း ဖြစ်လာမှ ဖြစ်သလို ပြင်တာပေါ့ ဟု ပေါ့ပေါ့တွေးကာ နေသာသလို နေနေကြသည်မှာ ကြာခဲ့ပါပြီ။

သူတို့ကိုလည်း အပြစ်မဆိုသာပါ။ လေတပ်ထဲ စရောက် ကတည်းက တွေ့မြင် နေရတဲ့ စက်မှု လက်မှု ကျောင်းမှာ ချောင်ထိုး ခံထားရတဲ့ နည်းပြများရဲ့ ပျောက်ဆုံး ခဲ့သော အိပ်မက် များအကြောင်း၊ သင်ရိုး ညွှန်းတမ်းသာရှိပြီး တကယ် မသင်ဖြစ်ပဲ ကုန်ဆုံးသွားတဲ့ အချိန်များ၊ မိမိသွားလိုရာ တပ်ကို ဆိုင်ရာပိုင်ရာနဲ့ ကြိုးစားရင် နောက်ဆုံးမှ ဆင်းပေမဲ့ နေရာကောင်း ရောက်နိုင်တာကို သိနေရတာတွေကြောင့် လေတပ်ရဲ့ သဘောကို နောကျေနေပေပြီ။

စစ်သည်များကရော… လေတပ်ထဲကို ရဲဘော်သစ်ဘ၀မှ စ၀င်ခဲ့ပြီး အဆင့်ဆင့် ကြိုးစား လာသူများအဖို့ ဟိုပုန်း စက်မှုကျောင်းဆင်း ဒီပလိုမာ တပ်ကြပ်ကြီးများက နေ့ချင်းညချင်း ပခုံးချင်း ယှဉ်လာခဲ့ပါပြီ။ အဆင့် တိုးမြှင့်ရေးမှာ ဒီပလိုမာ တပ်ကြပ်ကြီးများသည် အဆင့်တူလျှင် ဦးစားပေးဖြစ်သည်ဟု ဆိုလာပြန်ရာ … အတွေ့အကြုံရှိသော ယခင် ရှိပြီး စစ်သည်များက ဘာလုပ်နိုင်ပါမလဲ။
စစ်တပ်ထုံးစံ အဆင့်ကြီးသူက တာဝန်ယူစတမ်းမို့ မသိ/မတတ်လည်း တာဝန်ယူ ပေရော့ပေါ့။ နပိုလီယန်ဟာ မြင်းခွာသံ တစ်ချောင်း ကျွတ်လို့ စစ်ရှုံးသည်ဟု ကြားဖူး ခဲ့ပါတယ်။ လေယာဉ်မှာ မူလီ တစ်ချောင်း ကျွတ်ခဲ့ပါမူ… မတော်တဆများ အဲဒီ လေယာဉ်ဟာ တပ်ချုပ်ကြီးစီးတဲ့ Mi-17 ဆင်ဖြူတော်ကြီး ဖြစ်ခဲ့သော်…. အတွေးဆိုတာ စိတ်ရဲ့ စေရာ ရောက်လိုရာ ရောက်နိုင်ပါသော်ကော။
ဒီလောက်ဆိုရင် စစ်တပ်ထဲက တကယ့် ဘ၀တွေကို ပြည်သူတွေ သိခွင့်ရပြီး ထူးဆန်းတဲ့ စကားတွေ ကြားရသလို ဖြစ်နေလောက်ပါပြီ။ သိပြီးသား ညီနောင်များကရော ကျွန်တော့် တင်ပြချက်မှာ လိုနေသေးရင် ထပ်ဖြည့် ပေးကြပါကုန်။

Ref: ဖိုးတရုတ်

0 comments:

အပေါ်သို့