Friday, July 27, 2012

ဝပ်ဆိုင်းမွန်းဘုန်းကြီးကျောင်းတွင် မြန်မာကျောင်းထိုင်ဘုန်းတော်ကြီး ဆက်လက်ထားရှိမည်

အောင်ညိမ်းဝေ(ချင်းမိုင်)
26 Jul, 2012

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ၀ပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော်အဖြစ်မြန်မာ ဘုန်းတော် ကြီးအား ဆက်လက်ထားရှိမည်ဟု သတင်းရရှိသည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စစ်ယင်းလပ်ရှီနာဝပ်ထရာ နှင့် ဆွေးနွေးခဲ့ရာ ထိုင်းဝန်ကြီးချုပ်က နုတ်အားဖြင့် ကတိပေးခဲ့ကြောင်း ထိုင်းနိုင်ငံ မြန်မာသံရုံး တာဝန်ရှိသူ တစ်ဦးမှ ဇူလိုင်လ(၂၅)ရက်နေ့က တယ်လီဖုန်းဖြင့်အကြောင်းကြားလာသည်ဟု ၀ပ်ဆိုင်းမွန်း မြန်မာ ဗုဒ္ဒဘာသာ အသင်းက သိရှိရသည်။

“သမ္မတဦးသိန်းစိန်ကနေပြီးတော့ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းကို မြန်မာကျာင်းထိုင်အဖြစ် ဆက်လက်ထား ခွင့်ပေး ပါဆိုပြီး တောင်းဆိုတယ်တဲ့။ အဲဒီအခါကျတော့ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကနေပြီးတော့ ခွင့်ပြုပါ့မယ်လို့ ကတိပေးထားတယ်လို့ ပြောတယ်” ဟု ၀ပ်ဆိုင်းမွန်း မြန်မာဗုဒ္ဒဘာသာအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်မီးမီးက ပြောသည်။

သို့သော် ယင်းကိစ္စ ချင်းမိုင်မြို့ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ဘုန်းကြီးကျောင်းဂေါပကအဖွဲ့များသို့ တရားဝင် အကြောင်းကြား လာခြင်း မရှိသေးကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ အတည်ပြုချက်ရယူရန် ထိုင်းနိုင်ငံ မြန်မာသံရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ဝပ်ဆိုင်းမွန်း မြန်မာ ဗုဒ္ဒဘာသာအသင်း ဥက္ကဌ ဦးစိုးဝင်းကလည်း ကျောင်းထိုင်ပုဂ္ဂိုလ် အဖြစ် မြန်မာဘုန်းတော် ကြီးအား ဆက် လက်ထားခွင့်ရသည့်အတွက် ၀မ်းသာကြောင်းနှင့် နောက်ဆက်တွဲဆောင်ရွက်စရာလုပ်ငန်းများ ကျန်နေသေးကြောင်း ယခုကဲ့သို့ ဆိုသည်။

“အရေးကြီးတာ အဆင်ပြေတယ်လို့ အသံကြားရတာပဲ ကိုယ့်အတွက် အားရလောက် ပြီပေါ့။ ပြီးတော့မှ ကျွန်တော်တို့ ဆက်ပြီးကြိုး စားရဦးမှာပေါ့။ အခုလောလောဆယ်က သံရုံးက ဒီလိုပဲ ပြောသွားပြီးတော့ တကယ်လို့ ချင်းမိုင်က ဘုန်းကြီးကိစ္စတွေဘာတွေ ပြန် တက်လာရင်တော့ သံရုံးနဲ့ပဲဆက်ပြီး လုပ်စေချင် တော့တယ်။ ကျွန်တော်တို့ကျတော့ ဒီကျောင်းကိုထိန်းသိမ်းပေးတဲ့ အဆင့်လောက်ပဲ ရှိတာကိုး။” ဟု ဦးစိုးဝင်းက ပြောသည်။

ဝပ်ဆိုင်းမွန်းကျောင်းတွင် လွန်ခဲ့သည့် နှစ်ပေါင်း (၄၅၀) ခန့်က စတင်၍ မြန်မာ ဘုန်းတော်ကြီး ဦးဝရဓမ္မ က ကျောင်းထိုင်ပုဂ္ဂိုလ် အဖြစ်တာဝန်ယူခဲ့ပြီး မြန်မာဆရာတော်(၁၀) ပါးမှ ကျောင်းထိုင်ပုဂ္ဂိုလ်များအဖြစ် ဆက်တိုက်တာဝန်ယူခဲ့ကြောင်း ကျောင်းမှတ် တမ်းများအရ သိရသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းကလည်း ၎င်း၏လေ့လာချက်အရ လွန်ခဲ့သည့် နှစ်ပေါင်း (၄၅၀) ခန့်ကတည်းက ထိုင်းနိုင်ငံတွင်မြန်မာဘုန်းတော်ကြီးကျောင်းများ တည်ရှိခဲ့သည်ဟု ယခင်က ပြောဆို ခဲ့ဘူးသည်။

နောက်ဆုံးကျောင်းထိုင် ဆရာတော် ဦးအာသဘ (သက်တော် ၉၁ နှစ်၊ ၀ါတော် ၇၀) သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၁၉)ရက် နေ့က ပျံလွန်တော် မူခဲ့ပြီး မပျံလွန်မီက အဆိုပါကျောင်းတွင် (၆၅) နှစ်ကျော် ကျောင်းထိုင် ပုဂ္ဂိုလ်အဖြစ် တာဝန်ယူခဲ့သည်။

ဆရာတော်ဦးအာသဘ ပျံလွန်ပြီးနောက် ယခုနှစ် ဇူလိုင်လ (၉) ရက်နေ့တွင် ချင်းမိုင်ခရိုင် သာသနာရေး ဦးစီးဌာနမှ ထိုင်း ဆရာ တော် တစ်ပါးအား ကျောင်းထိုင်အဖြစ် ခန့်အပ်ရန် စီစဉ်ခဲ့ရာ မြန်မာနိုင်ငံသား (၁၅၀) ခန့်က လက်မခံဘဲ ငြိမ်းချမ်းစွာဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ် ဇူလိုင်လ (၁၇) ရက်နေ့က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ဝင်းနှင့် အဖွဲ့ ၀ပ်ဆိုင်းမွန်းကျောင်းသို့ လာရောက်စုံစမ်းခဲ့ပြီး သမ္မတ ဦးသိန်းစိန်ထံ တင်ပြခဲ့သည်။

ထိုင်းနိုင်ငံအတွင်း သီတင်းသုံးနေထိုင်သော မြန်မာကျောင်းထိုင်ဆရာတော်များ ပျံလွန်သွားပါက ထိုင်းနိုင်ငံသား သံဃာတော်များ ကသာ ကျောင်းထိုင်ပုဂ္ဂိုလ်ဖြစ်ခွင့်ရှိ သည်ဟု ထိုင်းနိုင်ငံ ဥပဒေက ပြဌာန်းထားသည်။

အကယ်၍ ၀ပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်းထိုင်အဖြစ် ထိုင်းသံဃာတပါးအား တာဝန်ပေးအပ်ပါက ချင်းမိုင်မြို့ရှိ သိန်းနှင့် ချီသော မြန်မာနိုင်ငံသားများအတွက် သာရေး၊ နာရေး ကိစ္စများအပါအ၀င် သာသနာရေး ကိစ္စရပ်များတွင်လည်း အခက်အခဲများ ကြုံတွေ့လာနိုင်သဖြင့် မြန်မာနိုင်ငံသားများက စိုးရိမ်နေကြသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့