Tuesday, October 2, 2012

လေ၌ပင် အဆိပ်သင့်မှုများရှိလာနိုင်၍ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်တောင်းဆို

ထွန်းနေအောင်(မြစ်မခ)
2 Oct, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သဘာဝလေ၌ပင် အဆိပ်သင့်မှုများရှိလာနိုင်သည်ဟု ပတ်ဝန်းကျင်ထိန်း သိမ်းရေး ပညာရှင် များကသုံးသပ်သည့်အပေါ်တွင် ကြိုတင်ကာကွယ်နိုင်ရန်အတွက် စီမံကိန်းရပ်တန့်သင့် သည်ဟု ဒေသခံများက တောင်း ဆိုနေကြသည်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းကလည်း အဆိုပါစီမံကိန်းကြောင့် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှု ရှိနိုင်ပါက ပြန် လည်ရုပ်သိမ်းနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့တွင် ပြုလုပ်ခဲ့သော မြန်မာ မိသားစုများနှင့် တွေ့ဆုံပွဲတွင် ပြော ကြားခဲ့သည်။

“ကိုယ့်ရွာရဲ့ အခြေနေတွေ ကိုယ်ရှူရှိုက်နေတဲ့လေတွေ ဖျက်ဆီးခံရမယ့် အနေထားမျိုးဖြစ်နေတယ်။ စီမံကိန်း လုံးဝရပ်ဆိုင်းပေးဖို့ တောင်းဆိုတယ်။ အလှတန်ဖိုး ပျက်စီးဆုံးရှုံးမယ်ဆိုရင် အလွန်ဆိုးရွား ပါတယ်။”မုံရွာဒေသခံ ကဗျာဆရာကြီး ဦးအံ့မောင် က ပြောလိုက်ခြင်းဖြစ်သည်။

စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် အန္တရာယ်များကို လက်ပံတောင်းတောင်နှင့် ချင်းတွင်းသဘာဝအလှ ပျက်စီး သွားနိုင်သဖြင့် ရပ်ဆိုင်း ပေးရန် နယ်ပယ်အသီးသီးမှ ပညာရှင်များ ဒေသခံများမှဝိုင်းဝန်းတောင်း ဆိုလျက်ရှိ သည်။

အဆိုပါစီမံကိန်းအား မြန်မာ့စီးပွားရေး ဦးပိုင်နှင့် တရုတ်လက်နက်ထုတ်လုပ်ရေးကုမ္မဏီဟုဆိုသော ၀မ်ပေါင်တို့မှ ပူးပေါင်းလုပ် ဆောင်နေခြင်းဖြစ်သည်။ လက်ရှိတွင် စီမံကိန်းအား စပယ်တောင်တစ်လုံး အား ဖြိုပြီးနေပြီဖြစ်သည်။

ဆက်လက်၍ စီမံကိန်းကြောင့် လက်ပံတောင်းတောင်အနီးအ၀ိုက်ရှိ တောင်အလုံး (၃၀)ကို လည်း ထပ်မံဖြိုချ ရမည်ဖြစ်သဖြင့် ရပ်တန့်ပေးရန် တောင်းဆိုနေခြင်းဖြစ်သည်။

“လယ်ယာမြေတွေကို လက်လွတ်စပယ်မလုပ်ဖို့လိုတယ်။ အဆိပ့်ငွေ့တွေကပြန့်နေတယ်။ သူတို့ ဘယ်လို အသက် ရူကြမလဲ။ ကျန်း မာရေးဆိုင်ရာ အခွင့်အရေးတွေရှိဖို့လည်း လိုအပ်နေတယ်။”ဟု The Innovative မှ အမှုဆောင် ဒါရိုက်တာ ဦးဇော်မျိုး အောင်က စက်တင်ဘာလအတွင်းက ပြောကြားခဲ့သည်။

မြန်မာ့အစိမ်းရောင် ကွန်ယက်မှ ဒေါ်ဒေ၀ီသန့်စင်က စီမံကိန်းပြုရန်အတွက် ERA SRA အစရှိသည့် အဖွဲ့များဖြင့် ညိုနှိုင်း ပြုလုပ် သင့် သည်ဟု အကြံပေး ပြောဆိုသည်။

“တစ်ချို့ဒေသတွေက ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ ကိုယ်စီကိုယ်စီရဲ့ အမှတ်သရုပ်တွေ ဘ၀ တွေပျက်စီးသွားမှာ အင်မတန် စိုးရိမ်ပါတယ်။ ပြဿနာက လက်ပံတောင်းတောင် စီမံကိန်းတစ်ခုတည်း မကပါဘူး။ ဒါတွေ လိုက်ရှင်းနေရတာနဲ့ တကယ် အရေးကြီးတဲ့ အပြောင်းအလဲကို အာရုံလစ်ဟင်းသွားမှာ စိုးရိမ်ပါတယ်။”ဟု(၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောကြားခဲ့ပါသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့