Thursday, October 4, 2012

ထုတ်လုပ်မှုပိုလျှံ၍ ပဲဈေးကွက်အကျဘက်သို့ရောက်ရှိ

ယမင်း(မြစ်မခ)
3 Oct, 2012

ပြည်တွင်းဈေးကွက်အတွင်း စိုက်ပျိုးသီးနှံများဈေးကောင်းရရှိစေရန်နှင့် စိုက်ပျိုးတောင်သူများ ထိခိုက်မူမရှိစေရန် ပြည်ပဈေးကွက် များအား တိုးချဲ့ရှာဖွေသင့်သည့်အချိန်သို့ရောက်ရှိနေပြီဖြစ်ကြောင်း ကုန်စည်ဒိုင်လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ မတ်ပဲတန်ချိန် ပမာဏ (၇)သိန်းနီးပါးထွက်ရှိပြီး ပြည်ပတင်ပို့မှု ဈေးကွက်သို့ တန်ချိန် (၄) သိန်းမှ(၅)သိန်းကြားသာ တင်ပို့ရကြောင်းနှင့် အိန္ဒိယဈေးကွက်သို့သာ အဓိကထား တင်ပို့နေရခြင်းဖြစ်ကြောင်း ပဲလုပ်ငန်းရှင် များထံက သိရှိရသည်။

“ပြည်ပကို သီးနှံတွေတင်ပို့နေတဲ့နေရာမှာ ဈေးကွက်တွေ နေရာသစ်တွေ ရှာဖို့အများကြီး လိုအပ်နေတယ်။ လက်ရှိပြည်တွင်း မှာ ဖြစ်ပေါ်နေတဲ့အခြေအနေကို တည်ငြိမ်အောင် ထိန်းညှိနိုင်ဖို့လိုတယ်။ အခုက တင်ပို့ရောင်းချနိုင်တဲ့ ဈေးကွက်ထက်ကို သီးနှံ အထွက်နူန်းတွေက ပိုများလာတယ် ” ဟု ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဌက ပြောသည်။

ပြည်တွင်း၌ ပိုလျှံပဲများ များပြားနေခြင်းကြောင့် ပဲဈေးနူန်းကျဆင်းခြင်းဖြစ်ကြောင်းနှင့် လာမည့် စိုက်ပျိုးရာသီတွင် ပဲစိုက်ပျိုးသူ နည်းပါးလာနိုင်ကြောင်းကိုလည်း ပဲစိုက်တောင်သူများက ခန့်မှန်းကြသည်။

"Export ဈေးကွက်မှာဆိုရင် အိန္ဒိကိုပဲ အဓိကထားနေရတာ သူတို့ဆီမှာကလည်း ပဲပေါ်ချိန်ဖြစ် သွားတော့ ကျွန်တော့်ဆီမှာ ၀ယ်လိုအားကျသွားတာပါ။ ဈေးကွက်ထဲမှာ ပိုလျှံနေကြတော့ ဈေးကွက်က အကျဘက် မှာဖြစ်နေတာပါ။ ဒီနှစ်မှာ ပြန်တက် လာ နိုင်ဖို့တော့ သိပ်မမြင်ပါဘူး"ဟု ဘုရင့်နောင် Export လုပ်ငန်းရှင်တစ်ဦး က ပြောသည်။

ယခုရက်ပိုင်းတွင်း အိန္ဒိယမှ NAFFD အဖွဲ့သည် လာတာရ်(Latur) မြို့တွင် မတ်ပဲအား အစိုးရ အနိမ့်ဆုံး သတ် မှတ်ဈေးနှုန်း ဖြစ်သော တစ်တန်လျှင် (၄၃၀၀၀)ရူပီ ဈေးဖြင့် ၀ယ်ယူနေကြောင်းကို အင်တာနက်သတင်းများအရ သိရှိ ရသည်။

လက်ရှိ ပြည်တွင်းဈေးကွက်၌ မတ်ပဲ (FAQ) တစ်တန်လျှင် ၄သိန်း ၈သောင်း၊ မတ်ပဲ (SQ) တစ်တန် လျှင် ၅သိန်း ၅ထောင် ဈေးရှိပြီး Export ဈေးကွက်တွင် မတ်ပဲ (FAQ)တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၉၀ ၀န်းကျင်နှင့် မတ်ပဲ (SQ) တစ် တန် လျှင် အမေရိကန်ဒေါ်လာ ၆၁၅ ၀န်းကျင် ပေါက်ဈေး ရှိကြောင်း သိရသည်။

ပြည်ပတင်ပို့နေရသော ပဲများ၏ ၇၅ ရာခိုင်နူန်းသည် အိန္ဒိယနိုင်ငံသို့ တင်ပို့နေရပြီး ကျန် (၂၅)ရာခိုင် နူန်းမှာ တရုတ်၊ ပါက စ္စတန်၊ ဒူဘိုင်းနှင့် အာရတ်နိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်သည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့