Friday, 13 March 2009
မြန်မာနိုင်ငံသည် ကျနော်တို့အားလုံး ထိုးထွင်းကြံဆ ဆန်းစစ် လေ့လာပြီး သတိကြီးစွာဖြင့် ဖြတ်သန်းရမည့် ကျင့်ဝတ်ဆိုင်ရာ မိုင်းကွင်းများနှင့် ပြည့်နှက်နေသော နိုင်ငံ ဖြစ်ပါသည်။ ထိုသို့ လျှောက်လှမ်းရာတွင်လည်း နှလုံးသွင်းရမည့် အချက်များ ရှိနေပါသည်။
မကြာသေးခင်က အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည် သူ၏နိုင်ငံခြားရေးမူဝါဒ ကို `ဒီ´ သုံးလုံး ဖြစ်သော ကာကွယ်ရေး၊ သံတမန်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု (Defense, Diplomacy and Development) အပေါ် အခြေခံပြီး ရေးဆွဲမည်ဟု ပြောဆိုလိုက်သောအခါ လေ့လာသူအချို့ မျက်ခုံးပင့်သွားခဲ့ကြသည်။
၎င်းတို့က နံပါတ်လေးခုမြောက် `ဒီ´ ဖြစ်သော ဒီမိုကရေစီ (Democracy) အပေါ် အာရုံဝင်စားကာ သမ္မတ အိုဘားမား အစိုးရ၏ နိုင်ငံခြားရေးမူဝါဒတွင် ဒီမိုကရေစီကို မည်ကဲ့သို့ တန်ဆာဆင်မည်နည်းဟု မေးခွန်း ထုတ်လာကြသည်။ လွန်ခဲ့သည့် လက ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ကျင်းပခဲ့သော ညီလာခံတခုတွင် အမေရိကန် ဒုတိယ သမ္မတ ဂျိုး ဘိုင်ဒင်က ဤလေးခုမြောက် `ဒီ´ ကို ထည့်သွင်း ပြောဆိုခဲ့ပါသည်။
မကြာသေးခင်က ဧရာဝတီမဂ္ဂဇင်းနှင့် ဆက်သွယ် မေးမြန်းခန်းတခုတွင် “နိုင်ငံခြားရေးဝန်ကြီး ကလင်တန် ချမှတ်ခဲ့တဲ့ `ဒီ´ သုံးလုံးဖြစ်တဲ့ ကာကွယ်ရေး၊ သံတမန်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု ဆိုတာ တွေဟာ သမ္မတ အိုဘားမား အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အဓိက ဒေါက်တိုင်တွေ ဖြစ်လိမ့်မယ် ဆိုတာကတော့ အမှန်ပါပဲ” ဟု ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး အဲရစ္စဂျွန် က ပြောဆိုခဲ့ပါသည်။
“ဒါပေမယ့် အဲ့ဒီနယ်ပယ်အားလုံးမှာ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးဟာ မရှိမဖြစ် ချိတ်ဆက် ပါဝင်နေပြီး အစိုးရသစ်ရဲ့ နိုင်ငံခြားရေး မူဝါဒမှာ အဓိကနေရာက ဆက်လက် တည်ရှိနေပါလိမ့်မယ်။ တနည်းအားဖြင့် ပြောရရင် ဒီမိုကရေစီဟာ မဏ္ဍိုင်ကြီး သုံးခုလုံးနဲ့ ခွဲမရအောင် ဆက်နွယ်နေတာပါပဲ” ဟု သူက ဆက်ပြီး ပြောဆိုသည်။ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးသည် အမေရိကန် နိုင်ငံခြားရေးမူဝါဒတွင် အဓိကပါဝင်ရမည့် အချက် ဖြစ်ပြီး သမ္မတ အိုဘားမား အစိုးရလက်ထက်တွင်လည်း အထင်အရှား ဆက်လက် ကျင့်သုံးသွားပါလိမ့်မည်။ တချိန်တည်းတွင်ပင် ဝါရှင်တန်၏ မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့ရေးမူဝါဒများ နှင့် ဒေသတွင်း နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများသည် မြန်မာ့ဒီမိုကရေစီ ပြောင်းလဲရေး၌ ထိရောက်မှု မရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြီးခဲ့သည့်လ အာရှခရီးစဉ်အတွင်း ပြောဆိုခဲ့ပြီး မူဝါဒများကို ပြန်လည် လေ့လာ သုံးသပ်မည် ဟုလည်း ဆိုသည်။ ကလင်တန်၏ ပြောကြားချက်ကြောင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ၏ မူဝါဒနှင့် ပတ်သက်ပြီး မှန်းဆချက်များ ထပ်မံ ပေါ်ပေါက်လာသည်။ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာမှ အစိုးရအရာရှိ တချို့က အမေရိကန်၏ မူဝါဒ အပြောင်းအလဲကို သိချင်နေကြသည်။ ဧရာဝတီနှင့် ဆက်သွယ် မေးမြန်းခန်းတွင် သံအမတ်ကြီး အဲရစ္စဂျွန် က အိုဘားမား အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသည် လိုအပ်ချက်အရ သမ္မတဟောင်း မစ္စတာဘုရှ်၏ မူဝါဒများ အတိုင်း ဆက်လက် ရှိနေပါလိမ့်မည်ဟု ဆိုသည်။ “မူဝါဒရဲ့ ရည်မှန်းချက်က မပြောင်းလဲပါဘူး၊ မြန်မာနိုင်ငံမှာ စစ်မှန်ပြီး အားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်ဖို့၊ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ဖို့ ရည်ရွယ်ပါတယ်” ဟု သံအမတ်ကြီးက ပြောသည်။ သူ၏အဖြေကြောင့် ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံဒီမိုကရေစီရေးအတွက် ဆောင်ရွက်နေကြသော အဖွဲ့အစည်းများက ကျေနပ်မှု ရပါလိမ့်မည်။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ နိုင်ငံရေးလမ်းပြမြေပုံရေးဆွဲရာတွင် အဖွဲ့အစည်း အားလုံး ပါဝင်ရေး စသည့် စစ်မှန်သည့် နိုင်ငံရေးခြေလှမ်းများကို စစ်အစိုးရက မလှမ်းသရွေ့ အမေရိကန်က ၎င်း၏ တင်းမာသော မူဝါဒများ ဆက်လက် ကျင့်သုံးခြင်းကို ထိုအဖွဲ့များက မြင်တွေ့လိုကြသည်။ စစ်မှန်သည့် တိုးတက်မှုတချို့ကို မမြင်ရသရွေ့ စစ်အစိုးရနှင့် အပေါင်းအပါနောက်လိုက်များအား ပစ်မှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို ကလင်တန်က ဆက်လက် ပြုလုပ်သွားပြီး မြန်မာပြည်နှင့် ပတ်သက်၍ `ဒီ´ လေးလုံး မူဝါဒကိုလည်း စွဲကိုင်သွားပါလိမ့်မည်။ သို့သော် ထိုမူဝါဒသည် နှစ်ဘက်သွား မူဝါဒဖြစ်သင့်ပြီး အရေးယူ ပိတ်ဆို့ခြင်း တခုတည်း ဖြစ်မနေသင့်ပါ။ အမေရိကန်သည် မြန်မာ့အိမ်နီးချင်းများဖြစ်သည့် အိန္ဒိယ၊ တရုတ် ကဲ့သို့ အင်အားကြီး မဟာမိတ်များနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါသည်။ တရုတ်နိုင်ငံ၏ ကြီးထွားလာသော သြဇာအာဏာကို ချိန်ခွင်လျှာ ညှိနိုင်မည့် နည်းလမ်းတရပ်ကို ရှာဖွေကြံဆရန် ပို၍ အရေးကြီးပါသည်။ သံအမတ်ကြီး ဂျွန်ကလည်း “ကျနော်တို့ရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒကို ပြန်သုံးသပ်တဲ့အခါ အကျိုးစီးပွားတူ နိုင်ငံတွေနဲ့ ဆွေးနွေးပြီး အကြံဉာဏ်တွေ ရယူသွားမယ်လို့ ရည်ရွယ်ထားပါတယ်။ ဒေသတွင်း အဓိကကျတဲ့ နိုင်ငံတွေ၊ မိတ်ဆွေနိုင်ငံတွေ နဲ့ သတင်းအချက်အလက် ထဲထဲဝင်ဝင် ဖလှယ်မှုအပေါ် အခြေခံပြီး ပူပေါင်း ဆောင်ရွက်တဲ့ အစီအစဉ်တရပ် ဖြစ်လာစေဖို့ပါ” ဟု ပြောခဲ့သည်။ မြန်မာနိုင်ငံသည် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြား မဟာဗျူဟာကျကျ တည်ရှိနေသည့် အချက်ကို သတိပြုရန် အရေးကြီးပါသည်။ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး နိုင်ငံကြီး နှစ်ခုက မြန်မာနိုင်ငံမှ စွမ်းအင်နှင့် သဘာဝ အရင်းအမြစ်များ အတွက် ပြိုင်ဆိုင်နေကြသည်ကို ဝါရှင်တန်က ထည့်သွင်း စဉ်းစားရပါမည်။ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်ကို ပင်လယ်ထွက်ပေါက်ရှာဖွေနေသော ဘေဂျင်း၏ ရည်မှန်းချက်၊ တရုတ်နိုင်ငံ၏ ဘင်္ဂလားပင်လယ်နှင့် အိန္ဒိယ သမုဒ္ဒရာ ဒေသ ပထဝီနိုင်ငံရေး အရ စိတ်ဝင်စားမှုများကိုလည်း သတိပြုရပါလိမ့်မည်။ အထက်ပါ အကြောင်းရင်းများကြောင့် တရုတ်နိုင်ငံကို ချိန်ခွင်လျှာ ညှိရန်အတွက် မြန်မာနိုင်ငံသည် အနာဂတ်တွင် အနောက်နိုင်ငံများ၏ သြဇာသက်ရောက်မှု၊ အထောက်အပံ့နှင့် ရင်းနှီမြုပ်နှံမှုများ လိုအပ်ပါလိမ့်မည်။ ဒေသတွင်းရှိ မြန်မာနိုင်ငံ၏မိတ်ဆွေများ၊ အလားအလာ ရှိသော ပြိုင်ဘက်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်နေစဉ် အမေရိကန်အစိုးရသည် စစ်အစိုးရခေါင်းဆောင်များနှင့် အတိုက်အခံ အုပ်စုများ နှစ်ဘက်စလုံးနှင့် လမ်းဖွင့်နိုင်သော အခွင့် အလမ်းများကို လက်လွတ်ဆုံးရှုံးမခံသင့်ပါ။ ၄င်းတို့၏ ရည်ရွယ်ချက်များကို အလျှော့ပေး စေ့စပ်ခြင်း မရှိဘဲ အမေရိကန်ပြည်ထောင်စုသည် မြန်မာ စစ်ခေါင်းဆောင်များနှင့် သံတမန်ရေး ဆက်ဆံမှုများ ပြုလုပ်နိုင်ပါသည်။ ဤသို့အားဖြင့် သာမန်မြန်မာပြည်သူများ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းများ၊ ပြည်တွင်းနှင့် စစ်တပ်အတွင်းရှိ အပြောင်းအလဲကို ဖော်ဆောင်နိုင်သူများကို ထောက်ပံ့ရန် ရည်ရွယ်လျှင် အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒများသည် ပိုမိုလေးနက်ပြီး လက်တွေ့ကျသော မူဝါဒများဖြစ်သင့်ပါသည်။ သို့ဆိုလျှင် ထိုမူဝါဒများသည် ဗိုလ်ချုပ်သန်းရွှေခေတ် အလွန် မြန်မာနိုင်ငံအတွက် ပြင်ဆင်မှုများ ဖြစ်လာပါလိမ့်မည်။ မြန်မာနိုင်ငံအတွင်းတွင် ၁၉၉ဝပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အနိုင်ရ အတိုက်အခံ နိုင်ငံရေး ပါတီ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဒီမိုကရေစီနှင့် တွေ့ဆုံဆွေးနွေးမှု ဆိုသည့် `ဒီ´ နှစ်လုံး (Democracy and Dialogue) ကိုသာ စွဲကိုင်ထားနေခြင်းကိုလည်း ထည့်သွင်း ပြောဆိုရန် ရှိနေပါသေးသည်။ နှစ်ပေါင်း နှစ်ဆယ်ကြာတောင်းဆိုခဲ့သော တွေ့ဆုံဆွေးနွေးရေးကို အဓိကထားသည့် `အထူးကြေညာချက်´တစောင်ကို လွန်ခဲ့သောလက ထုတ်ပြန်ခဲ့ရာ အဖွဲ့ချုပ်သည် အမှားကြီးတခုကို ကျူးလွန်ခဲ့ပါသည်။ ထိုကြေညာချက်တွင် “စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရေး လုပ်ရသည့် အကြောင်းရင်းနှင့် မည်သို့မည်ပုံ လုပ်မှာလဲ ဆိုသည့် အချက်အလက်များကို မသိရသေး၍ မဆွေးနွေးနိုင်သေး” ဟု ဖော်ပြထားပါသည်။ ဤကဲ့သို ပေါ့လျော့သည့် ကြေညာချက်နှင့် ကလင်တန်၏ မှတ်ချက်စကားများကြောင့် တချို့သော အခွင့်အခါကောင်း စောင့်နေသူများ၊ အခွင့်အရေး သမား များကို အဖွဲ့ချုပ်နှင့် အမေရိကန်၏ အရေးယူပိတ်ဆို့ရေး မူဝါဒအား တိုက်ခိုက်ရန် ခွင့်ပြုလိုက်သကဲ့သို့ ဖြစ်သွားသည်ဟု မြန်မာမိတ်ဆွေတချို့က ပြောကြပါသည်။ စစ်အစိုးရ၏ ရက်ရက်စက်စက် တိုက်ခိုက် သတ်ဖြတ်မှုများကို ရင်ဆိုင်နေကြရသော အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ခေါင်းဆောင် များသည် `ဒီ´ နှစ်လုံးကို ကျော်ပြီး ကြည့်သင့်နေပါပြီ။ ၄င်းတို့သည် နိုင်ငံရေး ရှေ့မတိုးနိုင်ဖြစ်ပြီး ပိတ်ဆို့နေမှုကို ဖောက်ထွက်နိုင်မည့် နည်းလမ်းအား ထိုးထွင်း ကြံဆမှုရှိရှိဖြင့် ရှာဖွေသင့်ပါပြီ။ ဖိနှိပ်ချုပ်ချယ်မှု ကြီးစိုးနေသော အခြေအနေအောက်တွင် အဖွဲ့ချုပ်၏ ခေါင်းဆောင်များနှင့် ဝါရင့်အဖွဲ့ဝင်များကို ချုပ်နှောင် ဖမ်းဆီးထားသရွေ့၊ အကြောက်တရား အောက်တွင် နေနေရသရွေ့ အဖွဲ့ချုပ်သည် ၄င်း၏ လုပ်ငန်းများကို ပုံမှန် အတိုက်အခံ နိုင်ငံရေးပါတီ တခုကဲ့သို့ ဆောင်ရွက်နိုင်ခြင်း မရှိသည်မှာ ထင်ရှားပါသည်။ လူမှုရေးဆိုင်ရာ အကြပ်အတည်း၊ လူထုကျန်းမာရေး၊ ပညာရေး၊ သဘာဝ ပတ်ဝန်းကျင်၊ ဆင်းရဲ မွဲတေမှု စသည့် ပြဿနာများကို ဇောင်းပေးကာ တိုင်းပြည်ကို လတ်တလော မည်ကဲ့သို့ ပြန်လည်တည်ဆောက်မည် စသည်တို့ကို အဖွဲ့ချုပ်က ပြောဆိုသင့်ပါပြီ။ ဖြေရှင်းရန် လိုအပ်နေသည့် ရှေ့မတိုးနောက်မဆုတ် အခြေအနေကို ဖောက်ထွက်ရေး၊ လှုပ်ရှားနိုင်မည့် နေရာသစ်ကို ရှာဖွေရေးတို့အတွက် ပို၍ ထိုးထွင်း ကြံဆရန် အမြန်ဆုံး လိုအပ်ပါသည်။ ဤသို့ဆိုလျှင် အဖွဲ့ချုပ်သည် `ဒီ´ နှစ်လုံးထက် ကျော်လွန်ပြီး ရှေ့သို့သွားနေသည်ဟု မြင်လာကြပါလိမ့်မည်။ အခြေခံ အကျဆုံး အချက်မှာ နိုင်ငံရေး ဖြေရှင်းမှု တခု အောင်အောင်မြင်မြင် ရရှိရန် အရေးတကြီး လိုအပ်နေခြင်းပင် ဖြစ်သည်ဟု အရိုးသားဆုံး ယုံကြည်မိပါသည်။ အော်ဇော် ရေးသားသည့် The D’s that could Determine a Viable Burma Policy ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။
အောင်ဇော်
REF: ဧရာဝတီ
0 comments:
Post a Comment